Tuesday, March 30, 2010

လင်္ကာ၊ မြန်မာ၊ စာသင်ပုံဘယ်လိုကွာ (၂)


နေတ္တိပဒေသ၊ ပေဋကောပဒေသနှင့် မိလိန္ဒပဥှာကျမ်းတို့မှာ မြန်မာနိုင်ငံတွင် ဘုရားဟောပါဠိတော်အဖြစ် နောက်ပိုင်းမှ ၀င်ရောက်လာကျမ်းသုံးကျမ်းဖြစ်သည်။ ယင်းတို့အနက် မိလိန္ဒပဥှာကျမ်းမှာ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ ဂန္ဓာရတိုင်း သို့မဟုတ် ကသ္မီရဒေသ၊ ဘီစီ ၁-ရာစုတွင် ပေါ်ထွက်ခဲ့သောကျမ်းစာဖြစ်သည်။

မိလိန္ဒပဥှာကျမ်းပေါ်ပေါက်သည့်ခုနှစ်သည် သီဟိုဠ်တွင် အရှင်ဗုဒ္ဓဃောသောသ အဋ္ဌကထာကျမ်းစာအုပ်များ ရေးသားနေသည့်အချိန်ဖြစ်သည်။ ရိုက်စ်ဒေးဗစ် (Rhys Davids)နှင့် အောနား (Horner)တို့က ဘာသာပြန်ထားကြသည်။ အောနား၏ ဘာသာပြန်မူတွင် မိလိန္ဒပဥှာတွင် ကိုးကားထားသောကျမ်းများကို စာရင်းပြုစုပေးထားသည်။ ယင်းကျမ်းကိုးများကို ထောက်ရှုပြီး ပညာရှင်တို့က “မိလိန္ဒပဥှာကျမ်းသည် ထေရ၀ါဒမဟုတ်သော ဂိုဏ်းတစ်ဂိုဏ်းက ဆရာအစဉ်အဆက်ရေးသားပြုစုခဲ့သော ကျမ်းဖြစ်သည်၊ ထေရ၀ါဒပိုင် ကျမ်းမဟုတ်၊ ထေရ၀ါဒက နောက်ပိုင်းခေတ်များရောက်မှ ကိုယ်ပိုင်အသွင်သို့ ပြောင်းလဲခဲ့ပုံရသည်”ဟူ၍ ကောက်ချက်ချကြသည်။

ထူးခြားနေသည်မှာ ယင်းခေတ်ကာလ (ဘီစီ ၁-ရာစု)က ယင်းဒေသ (ကသ္မီရ သို့မဟုတ် ဂန္ဓာရတိုင်း)တွင် ထေရ၀ါဒဂိုဏ်းဟူ၍ မရှိပေ။ သဗ္ဗတ္ထိဝါဒဂိုဏ်းသာ ထွန်းကားနေခဲ့သည်။ အမှန်အားဖြင့် ထေရ၀ါဒဂိုဏ်းနှင့် သဗ္ဗတ္ထိဝါဒဂိုဏ်းတို့၏ သုတ္တန်နှင့်ဝိနည်းမှာ ထူးခြားမှုမရှိဟု ဆိုပါသည်။ ထို့အပြင် မိလိန္ဒပဥှာ၏ မူလဘာသာစကားမှာ သက္ကတဘာသာဖြစ်၏ဟု ဆုံးဖြတ်ကြသည်။ သက္ကတဘာသာမှာလည်း သဗ္ဗတ္ထိဝါဒဂိုဏ်း၏ အဓိကအသုံးပြုသော ဘာသာစကားဖြစ်သည်။

တစ်ဖန် သက္ကတကျမ်းဂန်များစာရင်းတွင် မိလိန္ဒပဋိပုစ္ဆာ-ဟူသော အိန္ဒိယအနောက်မြောက်ပိုင်းဖြစ် ကျမ်းစာတစ်စောင်ပါဝင်သည်ဟု ဆိုသည်။ မိလိန္ဒပဥှာတွင် တွေ့ရသော ပါဠိအရေးအသားမှာ သဗ္ဗတ္ထိဝါဒကျမ်းစာတစ်ခုဖြစ်သော `ဒသကုမာရစရိတ´ကျမ်းစာရေးသားဟန်နှင့် တူနေသည်ဟု ဆိုသည်။ ထို့ကြောင့် မူရင်းမိလိန္ဒပဥှာမှာ ထေရ၀ါဒကျမ်းစာ မဟုတ်ဘဲ၊ သဗ္ဗတ္ထိဝါဒကျမ်းစာဖြစ်ပုံရသည်ဟု သုံးသပ်ပြသည်။

တစ်ဖန် တရုတ်ဘာသာဖြင့်ရှိသော မိလိန္ဒပဥှာမှာ လက်ရှိကျမ်း၏ ပထမအပိုင်း ၃-ခုသာ ပါဝင်သည်။ သို့ဖြစ်၍ မူရင်းမိလိန္ဒပဥှာသည် အခန်းသုံးခန်းသာ ရှိဟန်တူသည်။ နောက်ပိုင်းခေတ်ရောက်မှ ထေရ၀ါဒက ဖြည့်စွက်ရေးသားခဲ့ပုံရသည်။ ထူးခြားချက်တစ်ခုမှာ လက်ရှိမိလိန္ဒပဥှာကျမ်း၏ အပိုင်း ၂-အဆုံးတွင် “မိလိန္ဒပဥှော နိဋ္ဌိတော - မိလိန္ဒပဥှာကျမ်း ဤတွင် ပြီး၏”ဟူသော ၀ါကျတစ်ခုပါရှိသည်။ ဤစာပုဒ်သည် မိလိန္ဒပဥှာတစ်ကျမ်းလုံးကို ဆိုလိုသလော၊ သို့မဟုတ် ဒုတိယအခန်းတစ်ခုကိုသာ ရည်ညွှန်းသလောဆိုသည်မှာ စဉ်းစားဖွယ် ဖြစ်သည်။

သို့ရာတွင် မဟာယာနကျမ်းစာဟု ဆိုရလောက်အောင်လည်း မဟာယာနအကြောင်းအရာ၊ အယူအဆ အငွေ့အသက်မျှကို ယင်းကျမ်းတွင် မတွေ့ရချေ။ ဤသို့ စသဖြင့် မိလိန္ဒပဥှာကို ချဉ်းကပ်ထားပုံမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။

နောက်ပြီး စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် အရေးအကြီးဆုံး အချက်တစ်ခု ရှိပါသည်။ ယင်းမှာ “မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေနတို့မှာ သမိုင်းမှာ အမှန်တကယ် ရှိခဲ့သလော၊ လံကြုပ်ဇာတ်ကောင်များလော”ဟူသည့် ထိတ်လန့်ဖွယ် မေးခွန်းဖြစ်ပါသည်။ အိန္ဒိယသမိုင်းတွင် ဂရိဘုရင် အလက်ဇန္ဒားကျူးကျော်သိမ်းပိုက်ခံရစဉ်က အကြွေစေ့များ ထုတ်လုပ်ခဲ့ရာ အကြွေစေ့တစ်ခုပေါ်တွင် “မိနန္ဒ”ဟူသော စာလုံးကို တွေ့ရသည်ဟု ဆိုသည်။ အရှင်နာဂသေန အထောက်အထားကိုကား မည်သည့်နေရာတွင်မှ မတွေ့ရဟု ဆိုသည်။ ဤသည်မှာ သုတေသီများ ဆက်လက်လေ့လာရမည့် အချက်ဖြစ်သည်။

စကားဆက်စပ်၍ ဆိုရလျှင် မြန်မာနိုင်ငံတွင် အမတ်ကြီးဦးပေါ်ဦး လျှောက်ထုံးဆိုလျှင် လူတိုင်းလိုလို သိကြသည်။ အများစုက အမတ်ကြီးဦးပေါ်ဦးမှာ တကယ့် သမိုင်းထဲက အမတ်ကြီးတစ်ဦးဟု သိနေကြသည်။ အမှန်အားဖြင့် မြန်မာ့သမိုင်းတွင် အမတ်ကြီး ဦးပေါ်ဦး မရှိခဲ့ဟု ဆိုသည်။ အမတ်ကြီးနှင့် တွဲဖက် ဘိုးတော်ဘုရားသည်ကား သမိုင်းမှာ အမှန်တကယ် ရှိခဲ့လေသည်။ မိလိန္ဒပဥှာသည်လည်း အထက်ပါ သမိုင်းကဲ့သို့ပင် ဖြစ်နေခဲ့သလော။ အရှင်နာဂသေနဆိုသူမှာ ဇာတ်ကောင်တစ်ဦးမျှသာ ဖြစ်သလော။ ဆက်လက်လေ့ကြဖို့ ဖြစ်ပါသည်။

တစ်ဖန် ထေရ၀ါဒ၏ အမြတ်တနိုးကျမ်းစာဖြစ်သော ၀ိသုဒ္ဓိမဂ္ဂကျမ်းစာမှာ မြန်မာနိုင်ငံတွင် အရှင်မဟာဗုဒ္ဓဃောသရေးသားသောကျမ်းစာဟု သံသယမရှိ လက်ခံယုံကြည်ကြသည်။ သို့ရာတွင် ယင်းကျမ်းမှာ မဟာယာနတို့၏ ၀ိမုတ္တိမဂ္ဂဟူသောကျမ်းစာကို ကူးယူထားခြင်းဖြစ်သည်ဟု ယူဆသော ပညာရှင်များလည်း ရှိနေပါသည်။ မူရင်းဘုရားဟောကျမ်းစာတွင် ရှိသောအကြောင်းအရာများနှင့် ကွဲလွဲနေသည်များလည်း ပါဝင်နေပါသည်။ အငြင်းပွားဖွယ်ရာအချက်အလက်များစွာရှိနေသည်။ (၀ိသုဒ္ဓိမဂ်အကြောင်းကို သီးသန့်ရေးဖို့ စိတ်ကူးထားပါသည်။)

ထေရ၀ါဒတွင် ၂၈-ဆူသော ဘုရားများကို အစဉ်အလာအတိုင်း လက်ခံယုံကြည်ကြသည်။ အမှန်အားဖြင့် အစပထမတွင် ၂၄-ဆူသာ ရှိပါသည်။ အဘယ်ကြောင့် ၂၈-ဆူ ဖြစ်သွားရသနည်း။

ဗုဒ္ဓဘာသာမပေါ်ခင်ကတည်းက ရှိနေသော ဂျိန်းဘာသာတွင် ၂၄ တိဋ္ဌင်္ကရဟုဆိုသော အတိတ်ဆရာ ၂၄-ဆူ ရှိပါသည်။ ယင်း ၂၄-ဆူနှင့် တူညီနေသောကြောင့် မတူအောင် လုပ်ဖို့ရန် တာဝန်ရှိလာသည့် သဘောဖြစ်သည်။
သို့ဖြစ်၍ ဗုဒ္ဓ၀ံသအဋ္ဌကထာ၏ နိဂုံးပိုင်းတွင် ဗုဒ္ဓပကိဏ္ဏကကဏ္ဍဟု ထပ်မံဖြည့်စွက်ပြီး ၂၄-ဆူကို လက်ရှိဂေါတမဗုဒ္ဓ၊ သရဏင်္ကရ၊ မေဓင်္ကရ၊ ဒီပင်္ကရဟု လေးဆူထပ်ပေါင်းပြီး ၂၈-ဆူ လုပ်လိုက်ရသည့်သဘောရှိပေသည်။ တစ်ဖန်နောက်ပိုင်းတွင် `ဓမ္မရာဇာ အသင်္ချေယျာ´`ဘုရားပေါင်း မရေမတွက်နိုင်အောင် ရှိသည်´ဟူသော အယူအဆထိ ဆင့်ပွားယူဆလာကြခြင်း ဖြစ်ပေသည်။ ဤသို့ စသည်ဖြင့် အငြင်းပွားဖွယ်ရာ၊ စဉ်းစားဖွယ်ရာများကို ချဉ်းကပ်ပြပါသည်။

အထက်ပါ တင်ပြချက်တို့မှာ ချဉ်းကပ်ပုံမတူခြင်းကို အမြွတ်မျှ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။ အချို့ မြန်မာသံဃာတော်များ လွယ်လွယ် ယူဆလိုက်သကဲ့သို့ `အင်္ဂလိပ်လို သင်တာပဲ ကွာပါတယ်´ဆိုသော စကားမှာ အလွန်ကို အခြေအမြစ်မရှိသော စကားဖြစ်ကြောင်း ပြောပြလိုရင်း ဖြစ်ပါသည်။

ဤသို့ ဆိုခြင်းဖြင့် မည်သည့်ပညာရေးက သာသည်၊ ညံ့သည်ကို ပြောလိုရင်း မဟုတ်၊ မတူပုံ၊ ထူးခြားပုံကို ပြောပြလိုရင်း ဖြစ်ပါ၏။ ကောင်းခြင်း၊ ညံ့ခြင်းကိုကား မိမိအတွေ့အကြုံ၊ အသိအမြင်အားလျှော်စွာ မိမိကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပေမည်။ မည်သည့်ပညာရေးမှ ပြီးပြည့်စုံသည်ဟူ၍ မရှိပါ။ သို့ရာတွင် အခြေအနေနှင့် အချိန်အခါအားလျှော်စွာ ပြုပြင်ပြောင်းလဲပေးနေသော ပညာရေးမှာ လက်ရှိလောကကို အကျိုးရလာဒ်ကြီးကြီးမားမား ဖြစ်စေသည်။

ယနေ့ကမ္ဘာတွင် ပညာရှင်များသည် မိမိနိုင်ငံရှိ ပညာရေးကို လေ့လာကြည့်ရှုအကဲဖြတ်နေကြရသည်။ ကြည့်ရှုသုံးသပ်ပြီး ပြင်သင့်သည်အရာကို ပြင်ကြရသည်၊ ဖြည့်စွက်သင့်သည့်အရာကို ဖြည့်စွက်ရသည်၊ ပယ်နှုတ်သင့်သည့်အရာများကို ပယ်နှုတ်ရသည်။

သို့မှသာ အဆိုပါ ပညာရေးသည် အသက်ဝင်သည်။ အသက်ဝင်သည်ဟူသည်မှာ လက်ရှိကမ္ဘာ့ဖြစ်စဉ်တွင် ကျွဲကူးရေပါဖြစ်နေခြင်းကို ဆိုလိုပါသည်။ လောကကြီးက အစဉ်တစိုက် ပြောင်းလဲဖြစ်ထွန်းနေပြီး မိမိတို့ပညာရေးက အဆိုပါ ဖြစ်စဉ်ကို ထင်ဟပ်မပြနိုင်လျှင် နောက်မှာ နေခဲ့ဖို့သာ ရှိပါသည်။

ဘုန်းတော်ကြီးပညာရေးသာမက လူပုဂ္ဂိုလ်များပညာရေးမှာလည်း ဤသဘောပင် ဖြစ်ပါသည်။ ၁၀-တန်းအောက်လို့မှ အက်ဆေးတစ်ပုဒ်မရေးတတ်သော ကျောင်းသားအတွက် ၁၀-နှစ်တာ သင်ကြားခဲ့ရသမျှ နှမြောဖို့ ကောင်းပါသည်။ ကျောင်းသား ပညာမတတ်လျှင် နိုင်ငံ အ-ပါသည်။ နိုင်ငံ အ-သည်ဆိုသည်မှာ လူမျိုး အ-ခြင်းဖြစ်သည်။ လူမျိုး အ-လျှင် လူဆင်းရဲများပေမည်။ လူအ-များနှင့်လူဆင်းရဲများကို ကမ္ဘာက မည်သို့ ဆက်ဆံမည်နည်း။ အဖြေက ရှင်းပါသည်။

ဘုန်းကြီးပညာရေးကို ပြန်ဆက်တာပဲ ကောင်းပါလိမ့်မည်။ မြန်မာ့ပညာရေး(ဘုန်းတော်ကြီးပညာရေး)သည် ကောင်းသည့်အချက်များ အချို့အ၀က် ပိုင်ဆိုင်နေသည်မှာ မငြင်းသာသော်လည်း အချို့အရာများမှာ တွေးကြည့်ရုံဖြင့် အတော်စိတ်ဓာတ်ကျစရာ ကောင်းလှသည်။

စာရေးသူ စာချတန်းသင်ယူစဉ်က ဆန်းလွင်၏ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း စာအုပ်ကို ဖတ်ဖြစ်ခဲ့၏။ ယင်းစာအုပ်တွင် ဗြဟ္မဇာလသုတ်ကို သူ အလွန်သဘောကျသည်ဟု ဆိုထားသည်။ ထိုအချိန်က စာရေးသူမှာ `ဒီ ဒိဋ္ဌိ ၆၂-ပါးကို အကျယ်ပြနေတာကို ဘာစိတ်ဝင်စားတာပါလိမ့်´ဟု တွေးခဲ့သော်လည်း အဖြေမရခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာစာသင်နည်းအရ စာချတန်းဟူသည် ဘုရားဟောစာပေ၏ အနှစ်သာရကို ရှာဖွေခြင်းထက် တင်ပြပုံ၏ အနှစ်သာရ၊ တင်ပြပုံ သို့မဟုတ် ၀ါကျအရေးအသား၏ သက်ရောက်မှု၊ စကားလုံးများ၏ အရင်းအမြစ်ကို သိအောင် သင်ကြရခြင်းဖြစ်၏။ သို့ဖြစ်၍ စာချတန်းကို ၁၀-နှစ်သင်၊ ဘုရားဘာပြောသနည်းဆိုသည်ကို မသိကြရခြင်း ဖြစ်သည်။ (၀ါကျလေးတစ်ကြောင်းတော့ အပိုထည့်လိုက်ပါအုံးမည်။ “အချို့ သိသည့် သံဃာတော်များလည်း ရှိကြသည်။ ဤကား စကားချပ်)။

မြန်မာ့စာချတန်းအတွေ့အကြုံသည် သဒ္ဒါရေးရာတွင် လင်္ကာကပညာရေးထက် သာလွန်မှုရှိပါသည်။ အနှစ်သာရထုတ်၍ Comparative Study အပိုင်းတွင်ကား လုံးဝအားနည်းနေသည်။ မြန်မာတွင် လေးငါးနှစ်မျှလေ့လာခဲ့ရသော ပါဠိတော်အတွေ့အကြုံမှာ သီရိလင်္ကာတွင် တစ်နှစ်လောက်လေ့လာရုံဖြင့် အတော်ခရီးရောက်လှပေသည်။ မြန်မာနိုင်ငံက စာချတန်းကို ကြိုးစားသင်ယူနေသူသည် ဗြဟ္မဇာလသုတ်၊ ပါဠိတော်၊ အဋ္ဌကထာတို့၌ရှိသော သော-ဟူသော ပုဒ်ကလေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ တစ်ပုဒ်ချင်း၏ အနက်အဓိပ္ပာယ်တို့ကို နောကျေအောင် သိကောင်းသိနေပါလိမ့်မည်။ (နမော တဿ-ကိုပင် တစ်ဝါတွင်းလုံး သင်ကြားပို့ချပေးသည်ဟု ကြားဖူးသည်။ အချိန်များ နှမြောစရာ ကောင်းလေစွ)။

သို့ရာတွင် ဗြဟ္မဇာလသုတ်၏ အနှစ်သာရကို ပြောပြပါဆိုလျှင် ဘာမှ သိမည်မဟုတ်။ (ယေဘုယျဆိုရခြင်း ဖြစ်ပါသည်။ မြန်မာစာချတန်းအများစုမှာ ဤသို့ ဖြစ်နေပါသည်။) အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ပါဠိတော်များကို ကြည့်သောအခါ နည်းစနစ်ရှုထောင့် သို့မဟုတ် သဒ္ဒါရှုထောင့်မှချည်း ချဉ်းကပ်ကြည့်ရှုနေသောကြောင့်ပင် ဖြစ်ပါသည်။ ပါဠိတော်၊ အဋ္ဌကထာများနှင့် ၁၀-စုနှစ်ကျော်ခန့် တွေ့ထိခဲ့ရသော်လည်း ဘုရားနှင့်မတွေ့ ဖြစ်နေကြခြင်းမှာ ပညာရေးစနစ်ကြောင့်ပင် ဖြစ်သည်ဟု တထစ်ချ ယုံကြည်မိပါသည်။

ပညာရေးဘက်တွင် ဖြုတ်သင့်သည်ကို ဖြုတ်၊ ထုတ်ပယ်သင့်သည်ကို ထုတ်ပယ်၊ ဖြည့်သင့်သည်ကို ဖြည့်၊ ပြင်သင့်သည်ကို ပြင်မှသာ အောင်မြင်မှုကို ဦးတည်မိသော ပိုမိုတိုးတက်ကောင်းမွန်သော အခြေအနေများ ဖြစ်ပေါ်လာနိုင်ကောင်းသည်ဟု သဘောပိုက်ရင်း အခြားပညာရေးနှင့်မဆိုင်သော ဖြုတ်သင့်၊ ထုတ်သင့်၊ ပယ်သင့်၊ ပြင်သင့်သော အရေးများကိုလည်း ဆန္ဒများဖြင့် တွေးတောနေမိခဲ့လေသည်။

Friday, March 26, 2010

လင်္ကာ၊ မြန်မာ၊ စာသင်ပုံဘယ်လိုကွာ

Image and video hosting by TinyPic

ခဏခဏမေးကြသည်။ `ဒို့နိုင်ငံနဲ့ စာသင်ပုံ ဘာကွာသလဲ´ဟူ၍။ သီရိလင်္ကာ၌ စာသင်နေသော အချို့ရဟန်းတော်များကလည်း `ဒို့ မြန်မာမှာကတည်းက သိပြီးသားတွေ ပြန်သင်ပေးနေကြတာပါ၊ အင်္ဂလိပ်လို သင်တာကလွဲပြီး ဘာမှ မထူးပါဘူး´ဟူ၍ ဆိုတတ်ကြပြန်သည်။

တစ်ဦးအမြင်နှင့်တစ်ဦး ကွာဟနေတတ်သည်မှာ သဘာဝကျပါသည်။ ကွာဟနေသော အကွာအဟလေးများမှာလည်း အမှန်တရားနှင့် နီးစပ်မှု၊ အချက်အလက်မှန်ကန်မှုလေးများ ရှိနေမည်မှာ သေချာပါသည်။ မိမိထင်မြင်ချင်သလို ထင်မြင်နိုင်သည်၊ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ရှိသည်ဆိုပြီး ထင်ရာစွတ်ပြီး ယူဆပြောနေ၍ မဖြစ်ပေ။

သဘောထားသည်သာ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိသည်၊ အမှန်တရားမှာမူ နှစ်ဘက်ချွန်အမှန်တရားဟူ၍ မရှိတတ်ပါပေ။

စာရေးသူ၏ ထင်မြင်မှုအရ သီရိလင်္ကာစာသင်နည်းနှင့် မြန်မာစာသင်နည်းမှာ အလွန်ကို ကွာခြားပါသည်။ အင်္ဂလိပ်လို သင်ခြင်းတစ်ခုသာ ကွဲလွဲသည်မဟုတ်။ စာပေအပေါ်မှာ ချဉ်းကပ်ပုံချင်းလည်း လုံးဝနီးပါး ကွဲလွဲပါသည်။ စာရေးသူတို့ မြန်မာ့ပညာရေးမှာ စာပေကို ချဉ်းကပ်ပုံမှာ Critical မဆန်။ ပါဠိတော်ဖြစ်စေ၊ အဋ္ဌကထာ၊ ဋီကာဖြစ်စေ စာအုပ်တစ်အုပ်ကို ဖတ်လျှင် ယင်းစာအုပ်ပါ တင်ပြချက်သည် လုံးဝအမှန်။ စာအုပ်ပါအကြောင်းအရာများမှာ ဝေဖန်ခံစာရင်းထဲတွင် မပါဝင်။

ဤနိုင်ငံက လေ့လာနည်းမှာမူ ဤသို့မဟုတ်။ စာအုပ်တစ်အုပ်ကို မလေ့လာခင် စာအုပ်တစ်အုပ်၏ ပေါ်ပေါက်ရာ ခေတ်၊ ကျမ်းပြုဆရာအကြောင်း၊ စသောအကြောင်းအရာများကို ပထမဦးဆုံး လက်လှမ်းမီသမျှ လေ့လာဝေဖန်အကဲဖြတ်ရသည်။

မြန်မာ့ပညာရေးတွင် Comparative Study မှာ မရှိသလောက်နည်းပါးပြီး စာအုပ်ကပေးသောအသိသာ အမှန်ကန်ဆုံးဖြစ်သည်ဟု ယူဆကြသည်သာ များပါသည်။

လင်္ကာက လေ့လာနည်းသည် ဥပမာအားဖြင့် အဋ္ဌကထာဆရာတို့တွင် အကြီးကျယ်ဆုံး ဆရာတစ်ဆူဖြစ်သော အရှင်မဟာဗုဒ္ဓဃောသကို ချဉ်းကပ်လေ့လာရာတွင် အရှင်မဟာဗုဒ္ဓဃောသကို အကြီးကျယ်ဆုံးအဋ္ဌကထာဆရာကြီးအဖြစ် လက်ခံသော်လည်း အငြင်းပွားဖွယ်ရာအချက် (Controversial facts) များကိုလည်း မခြွင်းမချန် အကဲဖြတ်ပြသည်။

ဥပမာအနည်းငယ်ကို ဆွေးနွေးတင်ပြလိုပါသည်။
၁၅-ရာစုက ပေါ်ထွက်ခဲ့သော မြန်မာနိုင်ငံဖြစ် ဗုဒ္ဓဃောသုပ္ပတ္တိကျမ်း၊ သီရိလင်္ကာနိုင်ငံ၏ ဂန္ထ၀င်ကျမ်းများဖြစ်သော မဟာဝံသ၊ စူဠ၀ံသကျမ်းနှင့် သာသန၀ံသတို့တွင် အရှင်မဟာဗုဒ္ဓဃောသအကြောင်းတို့ကို အမျိုးမျိုး ဖော်ပြထားသည်။ သို့ရာတွင် တစ်ခုနှင့်တစ်ခု မတူ၊ ကွဲပြားနေသည်။ ဗုဒ္ဓဃောသုပ္ပတ္တိကျမ်းတွင် အရှင်ဗုဒ္ဓဃောသနှင့်ပတ်သတ်သော ဒဏ္ဍာရီဆန်ဆန်အကြောင်းအရာများစွာ ပါရှိနေသည်။

မဟာဝံသအလိုအရ အရှင်ဗုဒ္ဓဃောသကို ဘုရားလောင်းဟုပင် ဆိုထားသည်။ အချို့ကျမ်းများတွင်ကား အရှင်ဗုဒ္ဓဃောသသည် နောင်ပွင့်မည့်ဘုရားရှင်၏ အဂ္ဂသာဝကဖြစ်မည်ဟုလည်း ဆိုကြသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင် သိရှိလက်ခံထားသော အရှင်မဟာဗုဒ္ဓဃောသသည် လေ့လာကြည့်လေလေ အငြင်းပွားဖွယ်ရာ အချက်အလက်များကို တွေ့ရလေလေ ဖြစ်သည်။

စူဠ၀ံသတွင် အရှင်ဗုဒ္ဓဃောသသည် အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဗုဒ္ဓဂယာတွင် ဖွားမြင်သည်ဟု ဆိုသည်။ ထို့ပြင် ပါရာဇိကဏ်နိဒါန်းတွင် ဆိုသည့်အတိုင်း ဆရာ့ထံမှ ပညာသင်ယူပြီး ၀ါဒပြိုင်ဝံ့သူမရှိလောက်အောင် ပညာတတ်ကျွမ်းသူပုဏ္ဏားငယ်တစ်ဦးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အရှင်ရေ၀တနှင့်တွေ့ပြီး စကားနိုင်လုရာတွင် ဗုဒ္ဓ၀ါဒကို စိတ်ဝင်စားရာမှ ရဟန်းဖြစ်ခဲ့သည်။ အများအားဖြင့် မြောက်ပိုင်းတွင် ဖွားမြင်သည်ဟု ဆိုကြသည်။

အရှင်ဗုဒ္ဓဃောသရေးသည်ဟု ယူဆရသော ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာနိဒါန်းတွင် `မောရန္ဒခေတအရပ်တွင် မွေးဖွားသော အရှင်ဗုဒ္ဓဃောသသည် ဤကျမ်းကို ရေးသည်´ဟု တွေ့ရသည်။ အဆိုပါအရပ်မှာ အိန္ဒိယ တောင်ပိုင်းတွင် ရှိသည်။ သို့ဖြစ်၍ အရှင်ဗုဒ္ဓဃောသမွေးဖွားရာအရပ်သည်ပင် စိတ်ဝင်စားဖွယ်ရာ ဖြစ်နေပါသည်။

တစ်ဖန် အရှင်မဟာဗုဒ္ဓဃောသသည် သီရိလင်္ကာသို့ မကြွခင် ဉာဏောဒယကျမ်း၊ အဋ္ဌသာလိနီကျမ်း၊ ပရိတ္တအဋ္ဌကထာကျမ်းတို့ကို ရေးသားခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် အဋ္ဌသာလိနီကျမ်းတွင် အေဒီ ၅-ရာစုနောက်ပိုင်း သီရိလင်္ကာကို ရောက်ပြီးမှ ရေးသားသည်ဟုဆိုသော ၀ိသုဒ္ဓိမဂ်ကို ညွှန်းနေသော စကားရပ်များ ပါရှိနေပြန်သည်။

တစ်ဖန် အရှင်ဗုဒ္ဓဃောသ သီရိလင်္ကာကို ကြွသောအချိန်တွင် သီရိလင်္ကာနိုင်ငံ၌ အဘယဂိရိ၊ မဟာဝိဟာရနှင့် ဇေတ၀န၀ါသီဂိုဏ်းဟူ၍ ဂိုဏ်းသုံးဂိုဏ်းရှိသည်။ အဘယဂိရိတွင် သံဃာ ၅၀၀၀-ခန့်၊ မဟာဝိဟာရ ၃၀၀၀-ခန့်၊ ဇေတ၀န၀ါသီ ၂၀၀၀-ခန့်ရှိကြောင်း သိရသည်။ သူသည် အကြီးဆုံးဂိုဏ်းဖြစ်သော အဘယဂိရိသို့ မကြွရောက်ဘဲ မဟာဝိဟာရဂိုဏ်းသို့ ကြွရောက်ခဲ့သည်။ ယင်းအကြောင်းအရာနှင့်စပ်လျဉ်း၍လည်း လေ့လာစရာများ ရှိပါသည်။

မြန်မာမှာတော့ ထေရ၀ါဒမှလွဲလျှင် ကျန်ဂိုဏ်းများမှာ အသုံးမကျ ဖွဲသလဲအဖြစ် ယူဆထားကြပေသည်။ မြန်မာမှာ ဆရာအစဉ်အဆက် အဘယဂိရိဂိုဏ်းနှင့်ဇေတ၀န၀ါသီဂိုဏ်းတို့မှာ မိစ္ဆာဒိဋ္ဌိဂိုဏ်းများသဖွယ် ပြောဆိုပို့ချနေကြသည်ကိုလည်း စိတ်မကောင်းစွာ တွေ့ခဲ့ရ၊ ကြားသိခဲ့ရသည်။

သေချာလေ့လာကြည့်လျှင် အဘယဂိရိဂိုဏ်းတွင်လည်း လေးစားဂုဏ်ယူဖွယ်ရာ အချက်များရှိနေပါသည်။
တစ်ဖန် မိလိန္ဒပဥှာနှင့်ပတ်သတ်၍ ချဉ်းကပ်ပုံမှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ မြန်မာချဉ်းကပ်နည်းအရ မိလိန္ဒပဥှာသည် မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေနတို့ မေးဖြေပြုထားသော ထေရ၀ါဒကျမ်းတစ်ဆူဖြစ်သည်ဟု ချွင်းချက်မရှိ ယုံကြည်ထားကြသည်။ ဘုရားဟောနီးပါး အလေးထားနေကြပေသည်။

သေချာလေ့လာကြည့်သောအခါ အငြင်းပွားဖွယ်ရာများစွာ ရှိနေပါသည်။ ထေရ၀ါဒဂိုဏ်းက ပေါ်ထွက်ခဲ့သောကျမ်းစာလော၊ အခြားထေရ၀ါဒမဟုတ်သည့်ဂိုဏ်းက ပေါ်ထွက်ခဲ့သောကျမ်းစာလောဟုပင် သံသယဖြစ်စရာ ရှိနေပါသည်။

ဆက်လက်တင်ပြပါအုံးမည်...

အပ္ပနာဈာန်များ

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ရုပ်အကြည်ဥပစာများ ရရှိပြီးနောက် ထိုပဋိဘာဂအကြည်နိမိတ်လုံးကိုပင် ဥပစာရသမာဓိဖြင့် သို့မဟုတ် ၀ိက္ခမ္ဘနသတ္တိရှိသော သမာဓိကာမကုသိုလ်ဇောဖြင့် မြှော့သွေးစုပ်သည့်အလား တွယ်ထားကပ်ထား စွဲမြဲစွာ ပွားများအားထုတ်နိုင်စွမ်းရှိခဲ့လျှင် ထိုယောဂီပုဂ္ဂိုလ်အား အင်္ဂါငါးပါးနှင့်ပြည့်စုံသော ပထမဈာန်သည် မြေကြီးလက်ခတ်မလွဲ ရစမြဲဖြစ်ပါသည်။

ယခုအခါ ထိုငြိမ်းစေဘိဘာဝနာကို ပွားများအားထုတ်နေကြသော ယောဂီတိုင်း ၀ိစေတဗ္ဗသဘောသို့ ဆိုက်ရောက်ခါ ထိုင်သောနေရာ၊ အိပ်သောနေရာတို့နှင့် တစ်ထွာ၊ တစ်တောင်၊ တစ်လံ စသည် အထက်သို့ တက်နေတတ်ကြသည်။ ကိုယ်တိုင်အားထုတ်ကြည့်လျှင် သိနိုင်ပါသည်။

နံပါတ် ၅၁-ရုပ်ပုံသည် ထိုပဋိဘာဂနိမိတ်သည်ပင် ငါကောင်၊ ငါကောင်သည်ပင် ပဋိဘာဂနိမိတ်ဟု ကိုယ်ကောင်နှင့်နိမိတ် ရွှေ ၂-ချပ် ဂဟေဆက်သကဲ့သို့ မကွဲမပြား တစ်သားတည်း တစ်ခုတည်းနေအောင် ပွားများအားထုတ်နိုင်စွမ်းသော ဈာနလာဘီယောဂီသူမြတ်၏ ကောင်းကင်ခရီးကြွမြန်းနေပုံဖြစ်ပါသည်။

Image and video hosting by TinyPic

ဤတွင် အာနာပါန လေးဆင့်အားထုတ်နည်း ပြီးပါပြီ။ အာနာပါနအားထုတ်နည်းကား ပထမစတုက္က၌ လေးနည်း၊ ဒုတိယစတုက္က၊ တတိယစတုက္က၊ စတုတ္ထစတုက္ကတို့၌ အသီးအသီး လေးနည်းအားဖြင့် ၁၆-နည်းရှိသည်။ ဤအာနာပါနသရုပ်ပြဋီကာတွင် ပထမစတုက္ကလေးနည်းအရ တင်ပြထားခြင်း ဖြစ်ပါသည်။ ကျန်နည်းများကို ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ အာနာပါနဒီပနီကျမ်းတွင် အပြည့်အစုံပါရှိသည်။

ဝိပဿနာအခန်း

“သမုဒယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ၊ ၀ယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ၊ သမုဒယ၀ယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ”ဟု မြတ်စွာဘုရား ဟောတော်မူသည်။ အဓိပ္ပာယ်မှာ “ထွက်လေ၀င်လေတို့၏ မှီရာတည်ရာ မိမိ၏ ကိုယ်ကာယ၌ မိမိ၏ ဥပစာရသမာဓိအာရုံဖြစ်သော အကြည်သဘောဟူသော အာလောကသညာဖြင့် တသဲသဲဖြစ်လာကြသော ၀တ္ထုရုပ်တို့ကိုလည်းကောင်း၊ တစီစီတဖြုတ်ဖြုတ် ချုပ်ပျက်ကြကုန်သော ၀တ္ထုရုပ်တို့ကိုလည်းကောင်း၊ ထိုဥဒယဗ္ဗယအစွန်းနှစ်ပါးကို ကောင်းစွာထိမိ သိရှိနိုင်သော ဥဒယဗ္ဗယဉာဏ်အခြေခံဖြစ်သော ၀ိပဿနာတရားကို ကိုယ်တွေ့ဒိဋ္ဌ မဂ်ဖိုလ်ရအောင် အားထုတ်ကြကုန်ရာသည်”ဟု အဓိပ္ပာယ်ရပါသည်။

အထင်နှစ်မျိုး

အဿာသပဿာသ (ထွက်လေ၀င်လေ)တို့အပေါင်းအစုဟူသော အလင်းပဋိဘာဂအကြည့်ဓာတ်ကို အာရုံပြု၍ ပွားရသော ဘာဝနာသည် ဥပစာရဘာဝနာမည်၏။ ထိုပဋိဘာဂ၌တည်သော သမာဓိသည်လည်း ဥပစာရသမာဓိမည်ပေ၏။ ပထမဈာန်၊ ဒုတိယဈာန်၊ အပ္ပနာဈာန်တို့၏ ၀ိက္ခမ္ဘနနယ်၌ ပါဝင်လာပြီဖြစ်သောကြောင့် ဥပစာရဈာန်ဟု ခေါ်ဆိုရလေသည်။

Image and video hosting by TinyPic

ထိုဥပစာသည် ရုပ်၏ကြည်လင်ခြင်း ရုပ်ဥပစာ၊ နာမ်၏ကြည်လင်ခြင်း နာမ်ဥပစာဟူ၍ နှစ်မျိုးရှိသည်။ အာနာပါနကမ္မဋ္ဌာန်းသည် ရုပ်ကမ္မဋ္ဌာန်းဖြစ်သောကြောင့် ရှေးဦးစွာ ရုပ်ဥပစာဆိုက်လေသည်။ ရုပ်ဥပစာဆိုက်ခါနီးသောအခါ နံပါတ် ၄၈-၄၉ ပုံများအတိုင်း လမ်းချော်၍ နေတတ်ကြပါသည်။ ၄၈-ပုံအတိုင်းလမ်းလွဲနေပါလျှင် ကမ္မဋ္ဌာန်းပွားတိုင်းပွားတိုင်း ရုပ်ကြည်လင်ခြင်း၊ နာမ်ကြည်လင်ခြင်းများ မဖြစ်ပေါ်လာဘဲ နီမြန်းသော စိန်က္တီပါစောင်ကြီးနှင့် ဖုံးအုပ်ခံထားရသကဲ့သို့လည်းကောင်း၊ မီးဖိုကြီးအလယ်တွင် ထိုင်နေရသကဲ့သို့လည်းကောင်း၊ ဖန်အုပ်ဆောင်း၊ မှန်အုပ်ဆောင်းကြီး ဖုံးခံထားရသကဲ့သို့လည်းကောင်း ထင်မြင်နေတတ်ကြပါသည်။ ယင်းအခြေအနေကို ၀ဏ္ဏ(အဆင်း)ထင်သည်ဟု ဆိုသည်။


Image and video hosting by TinyPic
၄၉-ပုံတွင်ကဲ့သို့ မသာလောင်း၊ လူသေပုတ်၊ ပိုးလောက်အစု၊ အသားစု၊ အရိုးစု၊ အသုဘတို့ ထင်မြင်၍ နေတတ်ကြသည်။ ထိုယောဂီများကား အသု ထင်သည်ဟု ဆိုရသည်။

လေးမှာ ငြိမ်းစေဘိဟူသည့်အတိုင်း ထွက်သက်ဝင်သက်တို့ အမှန်တကယ် ငြိမ်းအောင် အားထုတ်ရပေမည်။ အဘယ့်ကြောင့် ၀ဏ္ဏထင်နှင့် အသုဘထင်တို့ မကောင်းသနည်းဆိုလျှင် မိမိတို့ ရှုမှတ်ရင်း ရည်ရွယ်ချက်ကို ကြည့်ရပေမည်။ ရှုမှတ်ရင်းသဘောက ရင်လယ်တွင် ရပ်တည်နေသော အလင်းပဋိဘာဂနိမိတ်ကို သမာဓိခိုင်မြဲအောင် အားထုတ်ရုံသာ ဖြစ်ပါသည်။ သို့ပါလျှက် ၀ဏ္ဏ၊ အသုဘတို့ ထင်မြင်နေသောကြောင့် ဖြစ်ပါသည်။

လမ်းမှန်အောင် ရှုမှတ်ဖို့ရန် ရှိရင်းစွဲ ပဋိဘာဂနိမိတ်ကို လင်းရာမှ တဖြည်းဖြည်း ကြည်လာအောင် အားထုတ်ရမည်။ ပဋိဘာဂနိမိတ်သည်လည်း အလင်းလုံးမှ တဖြည်းဖြည်း ရောင်ခြည်များ သိမ်းသွားပြီး နောက်ပြီးမှ တဖြည်းဖြည်း ပြန်ကြည်လာသော ရေကဲ့သို့ ရှုမှတ်ရင်း ရှုမှတ်ရင်းဖြင့် နိမိတ်အကြည်လုံးသည် ဖန်ကြည်မှန်ကြည်တို့ထက်မက ကြည်၍ကြည်၍ လာပေလိမ့်မည်။ ဤသို့ဆိုလျှင် ဘာဝနာလမ်းမှန် ဖြစ်တော့သည်။

ဥပမာအားဖြင့် ငမောက်ကျောက်ပတ္တမြားလုံးကို ၀ါဂွမ်းအချိန်တစ်ဆယ်အုပ်လိုက်ရာ ငမောက်ကျောက်၏အနီရောင်များ ၀ါဂွမ်းပုံတစ်ခုလုံးကို ရဲရဲတောက်သွားစေသကဲ့သို့လည်းကောင်း၊ သီဒါမြကောင်းတို့ကို ဂွမ်းနှင့်အုပ်ထားပါက ၀ါဂွမ်းစိုင်ကြီးပါ ကမ္ဗလာအစိမ်းပုံကြီး ဖြစ်သွားသကဲ့သို့လည်းကောင်း၊ အလွန်ကြည်လင်အေးမြသာယာလှသော ပဋိဘာဂအကြည်လုံးသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ အကြည်ဓာတ်များပေးသကဲ့သို့ တစ်ကိုယ်လုံး အကြည်တုံးကြီး ဖြစ်သွားရပေမည်။ ဤသည်ကို ရုပ်ဥပစာဆိုက်သည်ဟု ဆိုရသည်။

တစ်ဖန်ဆက်လက်၍ ရှုမှတ်ပွားများနိုင်လျှင် ခန္ဓာကိုယ်အပြင်ပသို့ အကြည်ဓာတ်များ ဖြာထွက်လျှက် ပတ်ဝန်းကျင် တစ်လံနှစ်လံမျှလောက်ပင် အကြည်စိုင် အကြည်ခဲဖြစ်ကာ စိတ်ဓာတ်များပါ ကြည်လင်လာတော့သည်ကို နာမ်ဥပစာဆိုက်သည်ဟု ဆိုရသည်။

အထူးမှာထားချက်ကား ဤကဲ့သို့သောအဆင့်ရောက်နေလျှင် အချို့ယောဂီများမှာ သမာဓိအလွန်အားကြီးပြီး “ငါ့ခန္ဓာကိုယ်ကြီး ပျောက်သွားပြီလား”ဟု ထင်တတ်ကြပါသည်။ တစ်ချို့မှာ မိမိကိုယ်ကို ကျောက်ရုပ်ကြီး ဖြစ်သွားသကဲ့သို့ ဖြစ်နေတတ်ကြသည်။ တစ်ချို့ယောဂီများမှာ သံခဲကြီးရေထဲမြုပ်သွားသကဲ့သို့ မိမိ၏အကြည်တုံးဟူသော အာရုံ၌ နစ်မြုပ်သွားကာ “မျောသွားတာလား၊ သေများသေသွားပြီလား”စသည်ဖြင့် ကြောက်လန့်ကာ အမျိုးမျိုး ဖြစ်နေတတ်ကြပါသည်။

ထိုအခါမျိုးတွင် ကြောက်လန့်ခြင်း မဖြစ်စေဘဲ ရဲဝံ့စွာ ဆက်လက်အားထုတ်ဖို့ လိုအပ်ပါသည်။ သုခ-ဧကဂ္ဂတာ ဈာန်အင်္ဂါနှစ်ပါး ပြဋ္ဌာန်းရသောအဆင့်ဖြစ်၍ စိတ်အချမ်းသာဆုံး အတည်ငြိမ်ဆုံးဖြစ်လာပါလိမ့်မည်။ တစ်ချို့မှာ မိမိနှင့်ကြမ်းပြင်မထိတော့ဘဲ တစ်တောင်နှစ်တောင်စသည် မြင့်တတ်နေသလို ခံစားလာရတတ်သည်။

ဆက်လက်ဖော်ပြပါမည်....

Wednesday, March 17, 2010

၂၁-ရာစုမှာ.......

Eye for an eye တဲ့။ Bible ရဲ့ လမ်းညွှန်ချက်။ ယေရှုခရစ်တော် ဘယ်လောက်ပြင်ပေးပြင်ပေး။ မမြင်ကြလေတကား။ မပြောင်းကြလေတကား။ န ဟိ ဝေရေန ဝေရာနိ - အမုန်းတရာကို အမုန်းတရားဖြင့် မငြိမ်းစေနိုင်။ မြတ်ဗုဒ္ဓစကား။ လူဖြစ်လို့ အမုန်းတရားများဖြင့် ရှင်သန်နေကြတာကို ဘာမှ ပြောစရာမရှိ။ ဒီလိုတွေ တိရစ္ဆာန်သာသာ (တိရစ္ဆာန်တွေလိုလဲ ဖြစ်ချင်ဖြစ်မယ်) သတ်ဖြတ်နေကြတာကို တွေ့ရတော့ အံ့သြစရာဖြစ်ရ။ “ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့နိုင်ငံ”။ ရပ်တည်ချက်များဖြင့် အသက်ရှင်ကြသည်။ ရပ်တည်ချက်များဖြင့် လုပ်ဆောင်ကြသည်။ တရားသောရပ်တည်ချက်ဖြစ်ဖို့တော့ လိုအပ်သည်။ လမ်းညွှန်ချက်အမှား၊ ခံယူချက်အမှား၊ အတ္တကို အလွဲသုံးစားပြုမှုများဖြင့် သူ့သတ်၊ ကိုယ့်သတ်၊ ရက်စက်စွာ သတ်ဖြတ်မှုများ ထွန်းကားနေဆဲ ဖြစ်သည်။ ဆုံးရှုံးခြင်းများကို သင်ပုန်းမချေသေးသရွေ့ ကမ္ဘာကြီးမှာ သွေးများ စွန်းပေနေအုံးမည်။

လေးမှာ ငြိမ်းစေဘိ


သတိမြဲအောင် အားထုတ်ခဲ့ရသော ပထမအဆင့်၊ ထွက်လေ၀င်လေတို့ကို အတိုအရှည်အားဖြင့် ရှုမှတ်ရခြင်း သို့မဟုတ် ရရှိပြီးသောအလင်းနိမိတ်ကို အနီးအဝေးပြေးစေပြန်စေရခြင်းဟူသော ဒုတိယအဆင့်၊ လောင်ကျွမ်းထားသော အလင်းတုံး၊ ဖန်တုံးကြီးများပမာ ခန္ဓာကိုယ်တစ်ခုလုံးကို အလင်းကလာပ်ချည်းသာ ဖြစ်စေအောင် နိမိတ်စားရခြင်း သို့မဟုတ် သုံးချက်သိအားထုတ်ရခြင်းဟူသော တတိယအဆင့်တို့ကား ပြီးပြည့်စုံခဲ့လေပြီ။ ယခုအခါတွင် ရုန့်ရင်းကြမ်းတမ်းသော ငါ၏ ထွက်လေ၀င်လေတို့ကို ငြိမ်းပျောက်သွားစေရန် သို့မဟုတ် နူးညံ့သိမ်မွေ့အောင် အားထုတ်ရခြင်း စတုတ္ထအဆင့်ကို ပြဆိုပါအုံးမည်။


ငြိမ်းစေဘိ အဆင့်ကို အားထုတ်သောအားဖြင့် ရောက်ရှိလာပါက မိမိတို့၏ ထွက်လေ၀င်လေတို့သည် အလွန့်အလွန်နူးညံ့သိမ်မွေ့သောကြောင့် ထွက်လေ၊ ၀င်လေတို့ မရှိတော့ဟူ၍ပင် ထင်လာရပေလိမ့်မည်။ ရှေ့အခန်းများတွင် ရှုမှတ်ခဲ့ရာတွင် ရရှိခဲ့သော အလင်းပဋိဘာဂကို ရင်ချိုင့်အလယ်တည့်တည့်တွင် ထားရမည်။ ထိုသို့ထားပြီး လင်းသည်ထက်လင်းအောင် အားထုတ်ရမည်။ ထိုလင်းထိန်နေသော အလင်းနိမိတ်ကို အဇ္ဈတ္တအတွင်းသက်သက်ဖြစ်စေရန် စိတ်ကို နောက်ကျောဘက်ကထားပြီး ရှုမှတ်ရလေသည်။ နံပါတ် ၄၆-ပုံအတိုင်းပင် ဖြစ်ပါသည်။

ရုပ်ဥပစာ၊ နာမ်ဥပစာ

ထွက်လေ၀င်လေတို့နှင့်အတူတကွ မိမိ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ငြိမ်းအေးခြင်းသဘောကို ရုပ်တို့၏ ငြိမ်းခြင်း၊ ငြိမ်သက်ခြင်းသဘော (ရူပပဿမ္ဘယ)ဟု ဆိုသည်။ ယင်းသဘောကို ရုပ်ဥပစာဟုလည်း ခေါ်သည်။ မိမိ၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး ဖန်သားမှန်သားအသွင် ကြည်လင်ပြီး ယင်းကိုမှီနေသော စိတ်တို့၏ ငြိမ်သက်အေးမြသော သဘောကို စိတ်၏ ငြိမ်းအေးခြင်း (စိတ္တပဿမ္ဘယ)ဟု ဆိုသည်။ ယင်းသဘောကို နာမ်ဥပစာဟုလည်း ခေါ်သည်။

ဤလေးဆင့်မြောက် ဘာဝနာကို ပွားများအာထုတ်ရာတွင် ဥပစာသမာပတ်ကို ၀င်စားစေနိုင်ရန်အတွက် ဘာဝနာပျက်ကြောင်းတရားရှစ်ပါး (ဘာဝနုပက္ကိလေသ)နှင့် ပဘာဝနာတရားလေးပါးကို သိသင့်ပါသည်။ အာနမန၊ ၀ိနမန၊ သန္နမန၊ ပနမန ဟူသော ယိမ်းယိုင်ခြင်းလေးမျိုး၊ ဣဉ္စန၊ ဖန္ဒန၊ စလန၊ ကမ္ပန ဟူသော လှုပ်ခြင်းလေးမျိုးအားဖြင့် ဘာဝနာပျက်ကြောင်းရှစ်ပါးမဖြစ်အောင် သတိပြုကြရမည်။ ထိုသို့မဖြစ်စေဘဲ ပြတ်သားစွာသိသောစိတ်၊ ပြတ်သားစွာထွက်သောလေ၊ ပြတ်သားစွာမှတ်သိနိုင်သော သတိ၊ ခိုင်မြဲသော သမာဓိဟူသော ပဘာဝနာတရားလေးပါးနှင့် ပြည့်စုံအောင် အားထုတ်ရမည်။

ထိုသို့ ငြိမ်းစေရာတွင်လည်း ပဘာဝနာတရားလေးပါး အားကောင်းသလောက် လျင်မြန်စွာ ငြိမ်သက်သွားဖြင်း သန္တ၊ အလွန်ငြိမ်သက်၍သွားခြင်း ၀ူပသန္တ၊ နူးညံ့ခြင်း သုခုမ၊ အလွန်နူးညံ့ခြင်း သုခုမတရ၊ အလွန့်အလွန် နူးညံ့သိမ်မွေ့ခြင်း သုခုမတမ စသည်အားဖြင့် အဆင့်ဆင့် နူးညံ့ပြီး ချုပ်ငြိမ်းသွားရလေသည်။ ဥပမာအားဖြင့် ကြေးဖလား၊ ကြေးစည်၊ ခေါင်းလောင်းတို့ကို တီးခတ်လိုက်လျှင် အစပိုင်းတွင် ခပ်ကြမ်းကြမ်း၊ နောက်ပိုင်းတွင် တဖြည်းဖြည်းနူးညံ့သွားခါ ချုပ်ပျောက်သွားရလေသည်။ ထိုဥပမာကဲ့သို့ပင် ဖြစ်စေရမည်။

စတုတ္ထအဆင့်ကို အားထုတ်ရာတွင် သိမ်မွေ့သောလေတို့၏ အရှုအရှိုက်၊ သိမ်မွေ့သည်ထက် ပို၍နူးညံ့သိမ်မွေ့သောလေတို့၏ အရှုအရှိုက်၊ အလွန့်အလွန် လှုပ်ခါမတ္တမျှသာထင်သော အရှုအရှိုက်၊ ငြင်သာပေါ့ပါးသောလေတို့၏ အရှုအရှိုက်၊ “ငါ့အား ထွက်လေ၀င်လေ အရှုအရှိုက် မရှိတော့ပြီလော”ဟု ထင်မှတ်ရလောက်အောင် ချုပ်ငြိမ်းသွားသည်အထိ အားထုတ်ရပါမည်။

စတုတ္ထအဆင့်ကို အားထုတ်ရာတွင် သိမ်မွေ့သောလေတို့၏ အရှုအရှိုက်၊ သိမ်မွေ့သည်ထက် ပို၍နူးညံ့သိမ်မွေ့သောလေတို့၏ အရှုအရှိုက်၊ အလွန့်အလွန် လှုပ်ခါမတ္တမျှသာထင်သော အရှုအရှိုက်၊ ငြင်သာပေါ့ပါးသောလေတို့၏ အရှုအရှိုက်၊ “ငါ့အား ထွက်လေ၀င်လေ အရှုအရှိုက် မရှိတော့ပြီလော”ဟု ထင်မှတ်ရလောက်အောင် ချုပ်ငြိမ်းသွားသည်အထိ အားထုတ်ရပါမည်။

နံပါတ် ၄၇-ရုပ်ပုံသည် ထွက်လေ၀င်လေတို့ ငြိမ်းခါနီးသဖြင့် ထင်မြင်လာတတ်ပုံကို တစိတ်တဒေသအားဖြင့် ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထွက်လေ၀င်လေတို့ ချုပ်ငြိမ်းခါနီးလျှင် မိမိ၏ ခန္ဓာကိုယ်ကြီး ၀ါးနှစ်ပြန်သုံးပြန်ခန့် ရှည်သွားလိုက်၊ လက်တသစ်ခန့်လောက် ပုသွားလိုက်ဖြစ်နေတတ်ကြသည်။ အချို့ယောဂီများမှာ ပုံပါတိုင်း ခန္ဓာကိုယ်ကြီး ပွ-ရွ-ကြွနေပြီး ရာဝင်အိုးခန့်စသည်ဖြင့် ကြီးလာလိုက် လက်သန်းလက်ညှိုးခန့် သေးငယ်သွားလိုက် ဖြစ်နေတတ်ကြကုန်သည်။ အချို့မှာ ခန္ဓာကိုယ်ကြီး လုံးဝိုင်းသွားလိုက် ပြားကပ်သွားလိုက်ဖြင့် အမျိုးမျိုး ဖြစ်နေတတ်ကြပါသည်။ အထက်ပါအတိုင်း ထင်မြင်လာပြီး မကြာခင် ထွက်လေ၀င်လေတို့ ချုပ်ငြိမ်းခြင်းများ ဖြစ်ပေါ်လာတတ်ပါသည်။

ဆက်လက်ဖော်ပြပါမည်....

Friday, March 12, 2010

ဟိုးရှေးရှေးတုန်းကနှင့် ယနေ့


ဟိုးရှေးရှေးတုန်းက အလောင်းမင်းတရားကြီးဟု ကျော်ဇောသော မင်းတစ်ပါးရှိခဲ့ဖူး၏။ ထိုမင်းလက်ထက်တွင် အမိန့်တော်ပြန်တမ်းတစ်ခုကို ထုတ်သတဲ့။ ထိုအမိန့်တော်ပြန်တမ်းကား ဤသို့ဖြစ်၏။ “ဤနိုင်ငံတော်အတွင်း၌ နေထိုင်သီတင်းသုံးကြသော ရဟန်းသံဃာတော်တို့သည် မင်းဆရာ၏အလိုသို့သာ လိုက်၍ ကျင့်ကြံနေထိုင်ကြရမည်”ဟူ၍။ (ထိုခေတ်က အတင်ဂိုဏ်း၊ အရုံဂိုဏ်းဟု ကွဲပြားနေ၏။ မင်းဆရာတော်မှာ အတင်ဂိုဏ်းဝင်ဖြစ်၏။ ဤကား စကားချပ်)

သို့သော်လည်း အချို့သော သံဃာတော်များက ထိုအမိန့်ကို ဖီဆန်ကြ၏။ “ဒို့ကတော့ မင်းဆရာမကလို့ ဘာဆရာပဲဖြစ်ဖြစ်၊ သူတို့အလိုမလိုက်နိုင်၊ ငါတို့ဆရာအစဉ်အဆက်လမ်းစဉ်အတိုင်း မြို့ရွာတွင်းဝင်လျှင် သင်္ကန်းရုံပြီး ၀င်ကြရမယ်”ဟု တပည့်များကို ဆုံးမကြသတဲ့။

မင်းဆရာတော် အတုလယသကလည်း သူ့မှာ အာဏာရှိသည်မဟုတ်လား။ ထိုကဲ့သို့ ဆန့်ကျင်သော ဆရာတော်နှစ်ပါးကို အာဏာပါဝါပြလို၏။ သို့ဖြစ်၍ ရှေ့တော်မှောက်သို့ ဆင့်ခေါ်လိုက်၏။ “သင်တို့သည် ငါတို့၏ ဘုရင်မင်းမြတ်အမိန့်တော်ကို ဖီဆန်သည်။ ဒါကြောင့် သဲဒဏ်ထမ်းကြစေ”ဟု ဒဏ်ခတ်လိုက်သတဲ့။

ထိုအခါ မထေရ်ကြီးနှစ်ပါးမှာ အာဏာရှိသူတို့ ပေးလိုက်သော အပြစ်ဒဏ်ဖြစ်၍ မလွန်ဆန်နိုင်။ သို့ရာတွင် ငြီးငြူခွင့်လေးရှိသေးသဖြင့် အောက်ပါအတိုင်း ငြီးငြူကြသည် ဟူ၏။
“ဘုရားဟောတရားနှင့်အညီ ကျင့်ကြံနေထိုင်သော ငါတို့ကို ဒီလို ပြစ်ဒဏ်ပေးတယ်ဆိုတာ လုံးဝမသင့်တော်ဘူး။ လောကကြီးက ဘာတွေ ဖြစ်ကုန်တာလဲ။ အံ့သြစရာကောင်းလိုက်တာကွာ”ဟု ငြီးတွားကြသတဲ့။

တစ်နေ့သောအခါ ဘုရားအလောင်းတော်ကြီးဟု ကျော်ဇောသော အလောင်းမင်းတရားကြီးသည် အမတ်ကြီးများဘက်သို့လှည်ပြီး “မောင်မင်းတို့ ငါထုတ်ထားတဲ့အမိန့်အတိုင်း ဘုန်းကြီးတွေ နေကြရဲ့လားကွ။ မင်းဆရာလို့ ငါခန့်ထားတဲ့ အတုလယသကြီးစကားကိုရော ဘုန်းကြီးတွေ နားထောင်ကြသလားကွ”ဟု မေးမြန်းတော်မူလေ၏ဟူ၏။

ထိုအခါ အမတ်တို့က “အချို့တော့ လိုက်နာကြပါတယ်။ အချို့ကတော့ မြို့ရွာတွင်းဝင်ရင် သင်္ကန်းတွေရုံပြီး ၀င်နေကြောင်းပါဘုရာ့။ အဲဒီထဲမှာ ဟို ဦးမုနိန္ဒဃောသကတော့ အဆိုးဆုံးပါပဲ့ဘုရာ့။ သူဟာ တပ်ချုပ်ကြီးနဲ့ ဂိုဏ်းချုပ်ကြီးရဲ့အာဏာကို ပေါ်ပေါ်တင်တင် ဆန့်ကျင်နေကြောင်းပါဘုရာ့”ဟု လျှောက်တင်ကြသည် ဟူသတတ်။

အလောင်းမင်းတရားကြီးသည် ဦးမုနိန္ဒကို သုဓမ္မာဇရပ်သို့ ဆွမ်းစားပင့်လိုက်၏။ သူ့ဆရာ ဂိုဏ်းချုပ်ကြီးတို့နှင့် တွေ့ပေး၏။ မင်းဆရာဂိုဏ်းချုပ်ကြီးတို့မှာ အလောင်းမင်းတရားကြီး စိတ်တော်ကျေနပ်တော်မူအောင် ဦးမုနိန္ဒကို ကျမ်းဂန်လွတ် ဆုံးမကြလေ၏။ မင်းဆရာ ဂိုဏ်းချုပ်ကြီးတို့ ဆုံးမစကားမှာ အောက်ပါအတိုင်း ဖြစ်၏။
“ကိုယ်တော် မြန်မာတစ်နိုင်ငံလုံး မင်း(ကြီး၏)ဆရာ ငါ့စကားအတိုင်း ကျင့်ကြံနေထိုင်ကြတယ်။ ကိုယ်တော်တစ်ပါးပဲ မြို့ရွာတွင်းဝင်ရင် သင်္ကန်းရုံတော့တယ်။ ဘာဖြစ်လို့ ဒီလောက်ထိ မာနတွေ ခတ်ထန်နေရတာလဲ။ ဒီသင်္ကန်းရုံတဲ့ ၀ါဒကြီးကို စွန့်လိုက်ပါတော့လား”ဟု ဆုံးမ၏။

ထိုအခါ ဦးမုနိန္ဒဃောသသည် မင်းဆရာ၏ မျက်နှာကို စေ့စေ့ကြည့်ပြီး “ဟိုးရှေးရှေးတုန်းက သင့်ဟာ သိက္ခာရှိရှိ ကိုယ်တော်ကြီးတစ်ပါး၊ ဘုရားမျက်နှာ၊ သာသနာ့မျက်နှာကိုပဲ ကြည့်တဲ့ကိုယ်တော်ကြီးတစ်ပါး ဖြစ်တယ်လို့ ငါကြားဖူးတယ်။ အခုတော့ တစ်ခြားစီပဲ။ အရှင်ဘုရားက တပည့်တော်ကို ကိုးကွယ်မဲ့နေတဲ့ ဆရာမရှိသူလို့ ထင်လို့ ဒီလို ဆုံးမလိုက်တာထင်တယ်။ တပည့်တော် ပြောချင်ပြောပါ။ ရပါတယ်။ တပည့်တော်ရဲ့ဆရာ့မျက်နှာကိုတော့ ထောက်ထားသင့်ပါတယ်”ဟု ဆိုလိုက်၏။

ထိုအခါ မင်းဆရာ ဦးယသက “အောင်မာ ကိုယ်တော့်မှာ ဆရာရှိတယ်ဆိုပါလား၊ ဘယ်သူလဲ”ဟု မေးလိုက်၏။ ဦးမုနိန္ဒဃောသလည်း ချက်ချင်းပင် လက်ကတော့ထိုး၊ ဆောင့်ကြောင့်ထိုင်ပြီး သံဃာ့အလယ်တွင် ဆင်းတုတော်ကို ရှိခိုးပြီး
“အရှင်ဘုရား တပည့်တော်သည် အသက်ပင်သေသေ၊ တပည့်တော်၏ အသက်ကိုသာ စွန့်ပါမည်၊ အရှင်ဘုရားပညတ်ထားသော သိက္ခာပုဒ်တော်ကိုတော့ မစွန့်ပါဘုရား”ဟု လျှောက်ထားလိုက်လေသတဲ့။

မင်းဆရာဦးယသမျက်နှာ ဘယ်သို့ရှိမည်ကို သမိုင်းစာအုပ်တွင် ပြမထား၍ မသိရသော်လည်း အလောင်မင်းတရားကြီးကား ဒေါသအမျက်တော် ချောင်းချောင်းကြီး ထတော်မူလေသည်ဟူ၏။
“ဒီလောက် ပြောရဆိုရကျပ်တဲ့ မာနခတ်ထန်တဲ့ကိုယ်တော် ငါ့တိုင်းပြည်မှာ မရှိသင့်ဘူး၊ တိုင်းပြည်က နှစ်ထုတ်ကြစမ်းကွာ”ဟု အမျက်တော်ရှပြီး အမိန့်တော်ချမှတ်တော်မူလိုက်၏။

ဦးမုနိန္ဒဃောသကား အာဂအာဇာနည်တည်း။ တိုင်းပြည်က နှင်ထုတ်လိုက်သော်လည်း ရောက်ရာအရပ်တွင် မြို့ရွာတွင်းသို့ ၀င်လျှင် သင်္ကန်းရုံ၍ ၀င်၏။ မိမိ၏ တပည့်များကိုလည်း သင်္ကန်းရုံဖို့ ဆုံးမမြဲ ဆုံးမ၏။

ထိုသတင်းကို ကြားရသော ဘုရားအလောင်းတော်ဟု ကျော်ကြားတော်မူသော အလောင်းမင်းတရားကြီးသည် စိတ်ဆိုးတော်မူ၏။ စိတ်ဆိုးဆိုးဖြင့် “မောင်မင်းတို့ အဲဒီကိုယ်တော်ကို ဆွမ်းစားပင့်ကြစမ်းကွာ”ဟု အမိန့်တော် ပေးလိုက်၏ဟူ၏။

မင်းချင်းတို့ လာပင့်သောအခါ ဦးမုနိန္ဒလည်း ဘုရားအလောင်းကြီး၏ အထာကို နပ်ပြီးသားဖြစ်၍ သဘောပေါက်လိုက်၏။ ထိုသို့ သဘောပေါက်သဖြင့် မိမိကိုယ်ကို လူဝတ်လဲလိုက်၏။ လူဝတ်ဖြင့် ရှေ့တော်မှောက် ရောက်လာ၏။ ဘုရားအလောင်းကြီးမှာ အံ့အားသင့်သွား၏ (အတင်းအဓမ္မလူချွတ်ဖို့ အကြံပျက်သွားသောကြောင့် ထင်၏။ ဤကား စကားချပ်)။

ထိုအခါ ဦးမုနိန္ဒဃောသကို “ကိုယ်တော် ဘာဖြင့်လို့ ဒီကို လူထွက်ပြီး လာရတာလဲ”ဟု မေး၏။ “အေး ငါ့လို ပုဂ္ဂိုလ်မျိုးကို ပြစ်မှားလျှင် သင်ငရဲကြီးမှာစိုးလို့ သင်ငရဲမကြီးရအောင် လူဝတ်လဲပြီး သင်ပေးတဲ့အပြစ်ကို ခံယူဖို့ လာခဲ့တာပါ“ဟု ပြန်ဖြေလိုက်သည်ဟူ၏။ (လေးစားစရာ နှလုံးသားပါတကား။ ဤကား စကားချပ်)။

“မောင်မင်းတို့ ဒီလူထွက်ကို အကျဉ်းချလိုက်ကြစမ်း”

အထက်ပါအတိုင်း အမိန့်ပေးပြီး ယိုးဒယားသို့ စစ်ချီသွားရာ ပြန်ရောက်မလာခဲ့တော့ပေ။

(ပုံပြင်လေးကား ဤမျှသာ။ သို့သော်လည်း ၂၁-ရာစုတွင် ဤသို့သော ပုံပြင်တွေများစွာ ဖြစ်နေခဲ့သည်။ ရှိနေခဲ့သည်။ ၂၁-ရာစုပုံပြင်တွင် အလောင်းမင်းတရားကား တပ်ချုပ်ကြီးတို့အဖွဲ့၊ ဦးယသတို့အဖွဲ့ကား မဟနအဖွဲ့၊ ဦးမုနိန္ဒဃောသတို့အဖွဲ့ကား သိန်းချီသော စက်တင်ဘာကိုယ်တော်များနှင့် နအဖအထောက်အပံ့အားလုံးကို ငြင်းပယ်သော သံဃာတော်များတည်း။ ဤသို့ ဇာတ်ကောင်များ ပြောင်းယူလျှင်ပင် ၂၁-ရာစုက ပုံပြင်သည် ပြီးပြည့်စုံပြီ ဖြစ်တော့သည်။ ဤကား စကားချပ်)။

သုံးချက်သိမှာ တတိယာ (၇)

ဤအဆင့်တွင် မဏ္ဍလ(သက်ရောက်ပုံ ရပ်ဝန်း)သုံးမျိုးနှင့် သြဓိသုံးမျိုးကိုလည်း သိသင့်ပါသည်။ ၎င်းတို့မှာ

၁။ မဏ္ဍလ

၂။ အဎ္ဋမဏ္ဍလနှင့်

၃။ မဟာမဏ္ဍလ တို့ဖြစ်ပါသည်။

သြဓိသုံးမျိုးမှာ

၁။ သြဓိ

၂။ အန္တောဓိနှင့်

၃။ အနန္တောဓိ တို့ဖြစ်ပါသည်။

အထက်တွင် ဖော်ပြခဲ့သော ဥပဋ္ဌာနသုံးမျိုးလုံးသို့ရောက်အောင် အားထုတ်နိုင်သော ယောဂီသည် မဏ္ဍလ၊ သြဓိ ဘာဝနာရှင်မည်ပါသည်။ ကျန်မဏ္ဍလနှစ်မျိုးနှင့် သြဓိနှစ်မျိုးကို နောက်ပိုင်းတွင် ပုံနှင့်တကွ ဖော်ပြသွားပါမည်။

အဎ္ဋမဏ္ဍလ၊ အန္တောဓိရှုနည်းနှင့် မဟာမဏ္ဍလ၊ အနန္တောဓိရှုနည်းတို့ကို ပုံစံတကျ ရှုမှတ်ပွားများအားထုတ်သော ယောဂီပုဂ္ဂိုလ်တို့သည် ဈာန်ရပုဂ္ဂိုလ်တို့ ဈာန်ဝင်စားလျှက် အာကာသဝေဟင်ယံမှ လေယာဉ်ပျံစီးနေရသူတို့နှင့်မခြား တရိပ်ရိပ် ပျံသွားနေရသကဲ့သို့လည်းကောင်း၊ အလွန်မြင့်မားလှသော သစ်ပင်ကြီး၏ ခေါင်ဖျားမှ တွဲလဲကျနေသော ဒါန်းအမြင့်ကြီးကို စီးနေရသကဲ့သို့လည်းကောင်း တငြိမ့်ငြိမ့် တသိမ့်သိမ့် ရှုမှတ်၍ အလွန်အဆင်ပြေနေပါလိမ့်မည်။

ဤရှုနည်းများတွင်လည်း အလျားလိုက် ကန့်လန့်ရှုနည်း၊ ဒေါင်လိုက် အထက်အောက်ရှုနည်းအားဖြင့် နှစ်မျိုးရှိပါသည်။ ထိုနှစ်မျိုးတို့တွင် နံပါတ် ၄၄-ရုပ်ပုံသည် နိမိတ်ကို အလျားလိုက် ကြိုးတန်းကြီးကဲ့သို့ထား၍ ရှုရပုံကို ပြသထားလေသည်။

ရှုရပုံကား ထုတ်လေနှင့်နိမိတ်အလင်းတန်း ၀ါးလုံးခန့်တုတ်စေလျှက် ပုခုံးတစ်ဖက်မှ အတောင်တစ်ရာ၊ တစ်ထောင်၊ နှစ်ထောင် အရှည်လွှတ်လိုက်ပါ။ နောက်ရှိုက်လေနှင့်ကျန်ပုခုံးတစ်ဖက်၏ ဟိုဖက်သို့ အတောင်တစ်ရာ၊ တစ်ထောင်၊ နှစ်ထောင် အရှည်ရှိုက်၍ လွှတ်ပါ။ ထုတ်လေ၊ ရှိုက်လေတို့နှင့် ရှူးရှူးရှဲရှဲမြန်မြန်လုပ်၍ ပေးလိုက်၊ ဟိုဖက်သည်ဖက် နိမိတ်ကြောင်းခြင်းဆက်လျှက် ဟိုဖက်အလင်းတန်းတစ်ရာ၊ ဒီဖက်တစ်ရာ၊ မိမိကိုယ်ကို အလယ်က နေရပေမည်။ ရှိုက်လေနှင့် ရှိုက်၊ နိမိတ်တန်းက အသေ၊ လူအအရှင်ထား၍ ရှုမှတ်အားထုတ်လျှင် ခန္ဓာကိုယ်က ထိုင်လျှက်၊ ရှိုက်လေနှင့် ဟိုဘက်နိမိတ်တန်းအဆုံးရောက်လိုက်၊ ထုတ်လေနှင့် ဒီဘက်နိမိတ်တန်းအဆုံးရောက်လိုက်ဖြင့် ဆက်လက်အားထုတ်ရမည်။ ဥပမာအားဖြင့် အရုပ်လေးတစ်ရုပ်ကိုဖောက်ပြီး ကြိုးရှည်ရှည်တပ်ပြီး ခပ်တင်းတင်းထားပါ။ ပြီးလျှင် အရုပ်ကလေးကို ဟိုဘက်ကြိုးဆုံးရောက်အောင် တအားရိုက်လိုက်၊ ဟိုဘက်ကနေ ဒီဘက်ကို ပြန်ရိုက်လိုက်ဖြင့် ဟိုဘက်ကြိုးအဆုံး၊ ဒီဘက်ကြိုးအဆုံး အပြန်ပြန်အလှန်လှန် ရွေ့လျားနေပါလိမ့်မည်။

ဒေါင်လိုက်ရှုနည်း

ဒေါင်လိုက်ရှုနည်းမှာလည်း အလျားလိုက်ရှုနည်းဖြင့် ကွာဟမှု များစွာ မရှိချေ။ ယခင်ဖော်ပြခဲ့သော နိမိတ်မျိုးကို ငယ်ထိပ်မှ အထက် အတောင်တစ်ရာ၊ တစ်ထောင်၊ နှစ်ထောင် စသည်ရှည်အောင် မှုတ်ထုတ်လိုက်ရမည်။ တစ်ဖန် ရှိုက်လေဖြင့် အောက် အတောင်တစ်ရာ၊ တစ်ထောင်၊ နှစ်ထောင် စသည်ရှည်အောင် ရှိုက်၍ ချလိုက်ရမည်။ ရှေ့နည်းအတိုင်း နိမိတ်အသေ၊ လူအရှင်ထားပြီး ရှုမှတ်ရမည်။ ယင်းကဲ့သို့ ကျကျနန အားပါးတရ ရှုမှတ်နိုင်လျှင် ဈာန်ပျံနေရသကဲ့သို့ ဖြစ်နေတတ်ပါသည်။

ဥပမာအားဖြင့် သစ်သားရုပ်တစ်ရုပ်ကို အောက်ပိုင်းမှ အထက်ပိုင်းသို့ တိုးလျှိုပေါက် အပေါက်တစ်ခုကို ဖောက်ပြီး ကြိုးတပ်လိုက်ပါ။ ပြီးလျှင် အဆိုပါ အရုပ်ကို အထက်ရိုက်တင်လိုက်၊ အောက်ပြန်ကျလိုက်ဖြင့် တက်လိုက်ဆင်းလိုက် ဖြစ်နေပေလိမ့်မည်။ ဒေါင်လိုက်နှင့်အလျားလိုက်သာ ကွာခြားပါသည်။

မဟာမဏ္ဍလ၊ အနန္တောဓိရှုနည်းတို့မှာလည်း ရှုမှတ်ရပုံချင်း တူကြပါသည်။ ထူးခြားသည်မှာ နံပါတ် ၄၄၊ ၄၅ ပုံများတွင်ကဲ့သို့ အပိုင်းအခြားမရှိ ဟိုဘက်သည်ဘက် စကြာဝဠာအဆုံးရောက်အောင် လွှတ်၍ ရှုမှတ်ရပုံသာ ကွာခြားပါသည်။ ဒေါင်လိုက်မှာလည်း ဤနည်းအတိုင်း အထက်ကောင်းကင်အစ၊ မိမိကိုယ်အလယ်၊ အောက်ကောင်းကင်အဆုံး သုံးချက်စီ ရှုမှတ်ရပါသည်။ ဤတွင် သုံးချက်သိမှာ တတိယာဟူသော သုံးချက်သိ ရှုနည်းများ ပြီးပါပြီ။

ဆက်လက်ဖော်ပြပါမည်....

Monday, March 1, 2010

သုံးချက်သိမှာ တတိယာ (၆)

Image and video hosting by TinyPic

Image and video hosting by TinyPic
အထက်ပါ အားထုတ်နည်းတို့ကို သဘောပိုင်အောင် ဥပမာဖြင့် ပြဆိုပါဦးမည်။ သံပြားတစ်ချပ်တွင် လူရုပ်ပုံရေးထားပြီး ချက်နေရာတွင် (၃)လက်မခန့်အပေါက်ဝိုင်းတစ်ခု၊ ရင်ဘတ်အလယ်ကလည်း တစ်ခု၊ နှာခေါင်းပေါက်တည့်တည့်တွင် တစ်ခု သုံးပေါက် ဖောက်ထားပါ။ ပြီးလျှင် ကျောဘက်မှ မီးသီးတစ်လုံးကို အပေါက်များနှင့်တည့်တည့်ချိန်ပြီး ဖြည်းဖြည်းချင်း လျှောချပါ။ နှာခေါင်းပေါက်တည့်တည့်ရောက်လျှင် မိမိကြည့်နေသောဘက်က မြင်ရပေလိမ့်မည်။ မည်သည့်အပေါက်တွင် ရောက်နေသနည်းဟု မေးလျှင် နှာသီးတည့်တည့်ရောက်နေသည်ဟု ဖြေပေလိမ့်မည်။

ဆက်ပြီးလျှောချလျှင် ရင်ဘက်အပေါက်တည့်တည့်ရောက်လျှင် လင်းခနဲ မြင်ရပေလိမ့်မည်။ ဆက်ပြီးလျှောချလာသောအခါ ချက်ပေါက်တည့်တည့်သို့ရောက်သောအခါ လင်းခနဲ တစ်ခါမြင်ရပေလိမ့်မည်။ ထို့အတူပင် အလင်းနိမိတ် အစနှာသီးဖျား၊ အလယ်ရင်ဘက်နှင့် အဆုံးချက်သုံးဌာနလုံး ထင်ရှားလာအောင် အားထုတ်ရပါလိမ့်မည်။ အားထုတ်ခါစတွင် အခက်အခဲရှိနိုင်သော်လည်း အရှုကျင်လည်သွားသောအခါ လွယ်ကူစွာ ရှုမှတ်နိုင်ပါလိမ့်မည်။

အဇ္ဈတ္တသုံးချက်ရှုနည်းတွင် ဘုံကျဉ်းရှုနည်း၊ ဘုံလတ်ရှုနည်းနှင့် ဘုံကျယ်ရှုနည်းဟု သုံးမျိုးကွဲပြားသည်။ နှာသီးဝ၊ ရင်လယ်၊ ချက် သို့မဟုတ် ချက်၊ ရင်လယ်၊ နှာသီးဝဟု သုံးချက်ရှုရခြင်းသည် အကျဉ်းအားဖြင့်သာ ရှုရခြင်းဖြစ်၍ ဘုံကျဉ်းရှုနည်းမည်ပါသည်။

Image and video hosting by TinyPic

အထက်ဖော်ပြပါ နံပါတ် (၄၁) ရုပ်ပုံသည် ဘုံလတ်ရှုနည်းကို ပြဆိုထားပေသည်။ ဦးထိပ်၊ ရင်လယ်၊ ဒွါရ သို့မဟုတ် ဒွါရ၊ ရင်လယ်၊ ဦးထိပ်ဟူသော သုံးဌာနကို ရှုမှတ်ရသည်။

Image and video hosting by TinyPic

နံပါတ် (၄၂) ပုံမှာ ဘုံကျယ်ရှုနည်းကို ပြသထားသည်။ ဘုံကျယ်ရှုနည်းအရ သုံးဌာနမှာ ဦးထိပ်၊ ရင်လယ်၊ ခြေဖျားတို့ ဖြစ်သည်။ ဘုံကျယ်ရှုနည်းကို မတ်တပ်ရပ်၍လည်းကောင်း၊ ပက်လက်လှန်လျှက်လည်းကောင်း အားထုတ်ရသည်။

ဤနေရာတွင် ဥပဋ္ဌာနသုံးမျိုးကို သိသင့်ပါသည်။ ၎င်းတို့မှာ ….
၁။ မဏ္ဍလုပဋ္ဌာန
၂။ ဥပဎ္ဋုပဋ္ဌာန
၃။ သကလုပဋ္ဌာန တို့ဖြစ်ပါသည်။ ထို့တွင် ဘာဝနာအာရုံသန်လှသဖြင့် အားထုတ်ရှုမှတ်လေတိုင်း မိမိ၏ ၀မ်းခေါင်းအတွင်း၌ မှန်တိုင်ကြီးစိုက်ထူ၍ထားသကဲ့သို့ ထင်လာမူကား မဏ္ဍလုပဋ္ဌာနမည်၏။ ကိုယ်တစ်ပိုင်းတစ်ခြမ်းသာ ထင်လာလျှင် ဥပဎ္ဋုပဋ္ဌာနမည်၏။ တစ်ကိုယ်လုံးထင်လာမူကား ဥပဎ္ဋုပဋ္ဌာနမည်ပါသည်။

Image and video hosting by TinyPic

ဘုံကျယ်ရှုနည်းဆိုသည့်အတိုင်း မိမိတစ်ကိုယ်လုံး အင်္ဂါအစိတ်အပိုင်းတိုင်း၌ သုံးချက်သုံးချက် ရှုရပုံကို နံပါတ် (၄၃)ပုံကို ကြည့်သောအားဖြင့် ဉာဏ်ရှင်းစရာ ရှိလောက်ပေပြီ။ ထို့ကြောင့် ဤအဆင့်၌ “သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမိ၊ ပဿသိဿာမီတိ သိက္ခတိ = အလုံးစုံသော ခန္ဓာကိုယ်အတွင်း၌ အလိုလို လင်းစေလျှက် ထွက်လေကို ထုတ်အံ့၊ ၀င်လေကို သွင်းအံ့ဟူ၍ ကျင့်၏”ဟု ဟောတော်မူခြင်း ဖြစ်ပါသည်။

ပုံ (က)အတိုင်း ရှုမှတ်လိုလျှင် လက်ဖျား၊ လက်လယ်၊ လက်ရင်းဟု ၀င်လေသုံးချက် သို့မဟုတ် လက်ရင်း၊ လက်လယ်၊ လက်ဖျားဟု ထွက်လေသုံးချက် အပြန်ပြန်အလှန်လှန် ထုတ်ချည်သွင်းချည် ရှုမှတ်ရပါမည်။ ပုံ (ခ)အတိုင်း ရှုမှတ်လိုလျှင်လည်း ပြထားသည့်အတိုင်း ရှုမှတ်ပါ။ ပုံ (ဂ)အတိုင်း ရှုမှတ်လိုလျှင် ခြေဖျား၊ ခြေလယ်၊ ခြေရင်းဟု ၀င်လေသုံးချက်၊ ခြေရင်း၊ ခြေလယ်၊ ခြေဖျားဟု ထွက်လေသုံးချက်အားဖြင့် အပြန်ပြန်အလှန်လှန် ရှုမှတ်နိုင်ပါသည်။

Friday, February 12, 2010

အယုဒ္ဓယမှာ ဦးအောင်ဇေယျကို ပွေ့ဖက်ဖို့ တွန့်ဆုတ်နေခဲ့သည်

ဘန်ကောက်အပူချိန်က ရွှေဘိုလိုပဲ ပူလောင်သည်။ အခုချိန်မှာတော့ ရွှေဘိုက ဆောင်းတွင်းဖြစ်၍ အေးကောင်းအေးနေလိမ့်မည်။ ဘန်ကောက်ကတော့ ဆောင်းတွင်းကို လက်မခံ။ ပူနေဆဲ၊ လောင်နေဆဲ။

ပြေလွင်နေသော လမ်းမကြီးပေါ်တွင် ကားလေးက လှစ်ခနဲ လှစ်ခနဲ ပြေးနေခဲ့သည်။ သူကတော့ ကားကလေးပြေးနေသည်ဟု မသိ၊ သူ့စိတ်တွေ ပြေးနေသည်ဟုသာ ခံစားနေမိသည်။ စကားတွေလည်း မပြောဖြစ်ခဲ့၊ တိတ်ဆိတ်စွာ လိုက်ပါနေခဲ့သည်။ ညက အိပ်ရေးပျက်ထားတော့ ကားပေါ်ရောက်လျှင် အိပ်လိုက်မည်ဟု အားခဲထားသော်လည်း အိပ်မပျော်ခဲ့၊ အတိတ်က တုတ်တစ်ဖက်၊ ဓားတစ်ဖက်အရိပ်တွေနှင့် လွှမ်းလို့လာနေခဲ့သည်။ ဖုံးလွှမ်းထားသော သူ့ပေါင်မှာ ထိုးကွင်းနေတောင် ထလာသလို ခံစားလိုက်ရခဲ့သည်။

“ထိုင်းတွေက မြန်မာတွေကို စိတ်နာလို့ ဒီမြို့ကို ဒီအတိုင်း မပြင်ဘဲ ထားလိုက်ကြတာလေ”တဲ့။ ရှေ့ခန်းက ရောက်ဖူးတဲ့သူငယ်ချင်းက ပြောနေသည်။ ဘန်ကောက်ကနေ ၂-နာရီကျော် ၃-နာရီလောက်အကြာတွင် ရှေးဟောင်းဘုရားစေတီပုထိုးကိုများကို တွေ့ရခြင်းအားဖြင့် ရှေးဟောင်းသမိုင်းဝင် အယုဒ္ဓယမြို့သို့ ချင်းနင်းလာခဲ့ပြီကို သိလိုက်ရသည်။ “ဒို့မြန်မာတွေက ဒီမြို့ထိလာပြီး တိုက်ခိုက်ကြတာလေ၊ ထိုင်းတွေကို ၀ါးရင်းတုတ်နဲ့ထု၊ ကလေးတွေကို ဆုံထဲထည့်ပြီး ထောင်းခဲ့ကြတာ”၊ သူငယ်ချင်းက သူ့ဘေးက ကလေးကို ရှင်းပြနေသည်။

သူသည် သမိုင်းကို မသိပါ။ သို့ရာတွင် ကြားရသည့်သမိုင်းတွေကတော့ မကောင်းပါ။ အမှန်တကယ်ပဲ အယုဒ္ဓယသမိုင်းကို သိချင်နေပါသည်။ တကယ်ပဲ ရက်စက်ခဲ့ကြလေသလား။ ဦးအောင်ဇေယျဆိုလျှင် ထိုင်းပြည်သူများက အလွန်မုန်းတီးစက်ဆုပ်ခဲ့ကြသည်။ ယနေ့အချိန်အထိလည်း ဦးအောင်ဇေယျနှင့်ဆက်စပ်ပြီး မြန်မာတွေကို အလွန်မုန်းနေသည်။

“ပုဂံအကြောင်းပြောရင် တုတ်ထမ်း၊ ဓားထမ်းပြီး ပြောရတယ်”ဟု ကြားဖူးခဲ့သည်။ ယခု စဉ်းစားနေမိသည်မှာ မည်သည့်သမိုင်းကြောင်းကိုပဲ ပြောပြော အမျိုးသားရေးကိုရှေ့တန်းတင်ထားသော သမိုင်းမှန်သမျှတွင် တုတ်တွေ၊ ဓားတွေများရှိနေမလားဟု တွေးနေမိသည်။ မျိုးချစ်စိတ်ကို အခြေခံသော သမိုင်းနောက်ခံများတွင် နဖူးကြောအတွန့်လေးများ ထင်ရှားနေသည်။ အံကြိတ်သံလေးများရှိနေသည်။ လူမျိုးရေးနှင့်ပတ်သက်သောသမိုင်းတွင် တောက်ခေါက်သံ ကျယ်လောင်သည်။

သမိုင်းများသည် တစ်ခါတစ်ရံတွင် လူကို လက်မထောင်စေသကဲ့သို့ တစ်ခါတစ်ရံတွင် တံတွေးခွက်ထဲတွင် ပက်လက်မျောစေလေသည်။ “သမိုင်းထဲက ဇာတ်ကောင်များသည် လက်နှစ်ဖက်ကို ရတတ်သည်”ဟု စကားတစ်ခွန်းကို ကြားဖူးသည်။ လက်တစ်ဖက်က ကောင်းချီးပေးမှုဖြစ်ပြီး တစ်ဖက်က ကျိန်ဆဲသံများဖြစ်သည်။ ဦးအောင်ဇေယျသည် မြန်မာတို့၏ ကောင်းချီးပေးမှုကို ရသည်နှင့်တစ်ပြိုင်နက် ထိုင်းတို့၏ ကျိန်ဆဲသံများကိုလည်း တစ်ချိန်တည်း ရနေခဲ့လေသည်။

သမိုင်းကို ခေတ်နှင့်ပိုင်းခြား၍ နားလည်ရမည်ဟု နားလည်ထားသည်။ ရှေးပဝေသဏီက အဖြစ်အပျက်များကို သင်္ခန်းစားအဖြစ်သာ ရှုမြင်သင့်ပြီး အငြင်းပွားဖွယ်ရာ၊ ခိုက်ရန်ပွားဖွယ်ရာများအဖြစ် မမြင်သင့်တော့ဟု နားလည်ထားသည်။ မြန်မာတို့၏ ကိုလိုနီဘ၀များသည် သမိုင်းစာမျက်နှာများအရ ခက်ခဲကြမ်းတမ်းလွန်းလှသည်။ ဂျပန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ….အားလုံး၏ နှိပ်စက်အနိုင်ကျင့်မှုကို ခံခဲ့ရသည်။ အတိတ်တွေက အတိတ်တွေမှာ သူတို့သဘာဝအတိုင်း အိပ်စက်အနားယူခဲ့ကြပြီ ဖြစ်ပါသည်။ ဒါကိုသဘောမပေါက်လျှင် ခံစားရဖို့သာ၊ ခံပြင်းမှုများနှင့် နာကျည်းနေရဖို့သာ များလေသည်။

သူ မြန်မာမှာ ရှိစဉ်က မွန်လူငယ်တစ်ယောက်ထံမှ စကားတစ်ခွန်း ကြားခဲ့ဖူးသည်။ “အောင်ဇေယျအကြောင်း ငါကြားကို မကြားချင်ဘူး၊ ဒီကောင့်ကြောင့် ငါတို့ မွန်ထီးနန်းကျဆုံးရတာ၊ အပြစ်မဲ့ ဟံသာဝတီဟာ သူ့လက်ထက်မှာ ပြာပုံဘ၀ရောက်ခဲ့ရတယ်”။ သမိုင်းကြောင်းအချက်အလက်များအရ ဦးအောင်ဇေယျ၏ အုပ်ချုပ်ပုံသည် ကြမ်းတမ်းတင်းကျပ်ခဲ့သည်ဟု ယူဆစရာရှိပါသည်။ မွန်လူမျိုးများစွာကို သတ်ဖြတ်ခဲ့သော ဦးအောင်ဇေယျကို ဖူးဖူးမှုတ်နေကြခြင်းသည် မွန်လူမျိုးများကို ရန်စနေသလို ဖြစ်နေသည်ဟု ပြောကြသည်။

ထိုင်းဘုရင် ဆူရိယာမာရင်က မြန်မာစစ်သည်များကို ဆက်မတိုက်တော့ဖို့ပြောကြားပြီး အညံ့ခံပါ့မည်ဟု သ၀ဏ်လွှာပါးလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်ကို မြန်မာစစ်ဗိုလ်များက ပယ်ချပြီး တွေ့ရာကြုံရာမီးရှို့ဖျက်ဆီးပြီး အယုဒ္ဓယကို သိမ်းယူခဲ့ကြလေသည်။ ဤအချက်သည် ထိုင်းလူမျိုးများကို ယနေ့အချိန်အထိ ရင်နာစေခဲ့သည်။ အမှန်ဆိုလျှင် အယုဒ္ဓယကို ဦးအောင်ဇေယျတိုက်နိုင်ခဲ့သည်မဟုတ်၊ သူ့သားနှင့် စစ်ဗိုလ်များသာ ဖြစ်ပါသည်။ အယုဒ္ဓယတိုက်ဖို့အသွား လမ်းခုလတ်မှာ ရာသီဥတုကြမ်းလွန်းပြီး ကျဆုံးခဲ့ပြီး ဖြစ်လေသည်။ ထိုအချိန်ကာလမှစပြီး ထိုင်းနိုင်ငံ၏ထီးနန်းစိုက်ရာအယုဒ္ဓယကို ဘန်ကောက်သို့ ပြောင်းရွှေ့ခဲ့ရသည်။

သမိုင်းမှာ မွန်လူမျိုးများကိုသာ မဟုတ်ပါ၊ ရခိုင်လူမျိုးဘုရင်များဟာလည်း အင်းဝဘုရင်များ၏လက်အောက် ရောက်ခဲ့ရပါသည်။ မဟာမြတ်မုနိဘုရားကြီးသည်ပင် ရခိုင်ပြည်နယ်က ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ရခိုင်ဘုရင်ကို နိုင်အောင်တိုက်ခဲ့သည့် ဘိုးတော်ဘုရား၏သားတော်ကို နောက်ပိုင်းရာဇ၀င်ဆရာများက “ရခိုင်နိုင်မင်း”ဟု နာမည်ပေးကြသည်။ သူ့စိတ်ထဲ ဘ၀င်မကျလှပါ။

သမိုင်းဆရာတစ်ယောက်သည် သမိုင်းကြောင်းတစ်ခုကို ရေးချင်လျှင် ကိုယ့်ရင်ဘက်တစ်ခုတည်းကို ကိုယ်စားမပြုဘဲ ရင်ဘက်များစွာကို ကိုယ်စားပြုဖို့ လိုအပ်လေသည်။

တစ်ဖန် သမိုင်းကို ရှုမြင်ရာတွင် ကိုယ်ပိုင်အသိစိတ်ဓာတ်လေးသာ အဓိကကျသည်ဟု ယူဆသည်။ အားကောင်းသူက အားနည်းသူကို အနိုင်လိုက်တိုက်နေခဲ့သည်မှာ ရှေးဧကရာဇ်ဘုရင်များ၏ သဘာဝသာဖြစ်သည်ဟု ခံယူနေပါသည်။ “အားကောင်းသူသည် သူရဲကောင်းဖြစ်ပြီး အားနည်းသူသည် ရှုံးနိမ့်သူဖြစ်သည်”ဟူသော ဒဿနမှာ အဆိုပါခေတ်၏ ပြယုဂ်တစ်ခုဟု နားလည်လျှင် အတိတ်သည် တိတ်ဆိတ်အေးချမ်းသောအသွင်ကို ဆောင်နိုင်စရာရှိပါသည်။

မည်သို့ဆိုစေ အယုဒ္ဓယသို့ တစ်ခေါက်ရောက်ခဲ့သည်။ ရှေးခေတ်စေတီပုထိုးများကို စိတ်ဝင်တစား ကြည့်ရှုခဲ့သည်။ ဘုရားဈေးက စာအုပ်ဆိုင်များတွင် အယုဒ္ဓယသမိုင်းစာအုပ်များကို လိုက်လံကြည့်ရှုမွှေနှောက်သည်။ သေသေချာချာမဖတ်မိ၍လား မသိ၊ မြန်မာနှင့်ဆက်စပ်သော သမိုင်းကြောင်းတစ်စက်ကလေးမှ မတွေ့ခဲ့၊ အားလုံးကို ထိမ်ချန်ထားကြလေသည်။ အယုဒ္ဓယခေတ်နိုင်ငံခြားဘုရင်များနှင့်ဆက်ဆံရေးအကြောင်း စာအုပ်တွင်သော်မှ မြန်မာ့အကြောင်း မပါ။ အမည်ကင်းမဲ့သော ခံစားချက်များနှင့် ရင်ဘတ်တစ်ခုလုံး မွန်းကြပ်နေခဲ့ပါသည်။

အယုဒ္ဓယကို လည်ပတ်ရသည်မှာ ဆွေးဆွေးမြေ့မြေ့ ဖြစ်လွန်းသည်။ စိတ်က ပစ္စုပ္ပန်ကို နည်းနည်းမှ ရှုမရ၊ အတိတ်သို့သာ ပြေးဝင်နေသည်။ ရန်ကုန်မြို့က ဗိုလ်ချုပ်အောင်ဆန်းအိမ်ရှေ့နားသွားလျှင် စိတ်ထဲမှ ဗိုလ်ချုပ်အောင်ဆန်းကို ၀မ်းပမ်းတသာ ပွေ့ဖက်မိစမြဲ၊ အခု အယုဒ္ဓယမှာ ဦးအောင်ဇေယျကို ပွေ့ဖက်ဖို့ တွန့်ဆုတ်နေခဲ့သည်။

အယုဒ္ဓယအမှတ်တရဓာတ်ပုံများ

နန်းတော်ဝင်းထဲမှာ

ရှင်သီဝလိလည်း ခါးစည်းကြီးနဲ့
ဆင်းတုကို ရွှေစများဖြင့် ညစ်ပတ်အောင် လုပ်နေကြတယ်
မြန်မာတွေလို ညစ်တီးညစ်ပတ် ရွှေချတတ်ကြသည်
ပုဂံကို လွမ်းမိသေးသည်
ရှည်လျားလှသောကျောင်းတော်ရာကြီး
အုတ်ကျိုးအုတ်ပဲ့များသာ ကျန်ခဲ့တယ်
ဝက်မဟာထက်ကျောင်းတော်ရာဝင်းထဲမှာ
စေတီပုထိုးများကြားက ရှေးဟောင်းမှန်ကူ

Wednesday, February 10, 2010

မြန်မာတို့ မှီခိုရာဒေသတစ်ခုသို့

မြန်မာတို့ မှီခိုကျက်စားရာဒေသတစ်ခုသို့ ရောက်သွားခဲ့တယ်။ အဲဒီလို ခေါင်းစဉ်တပ်လိုက်လို့ လူချမ်းသာဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းကြီးတွေကတော့ “ငါတို့ကို နှိမ်တယ်”လို့ ဆိုနေကြပါလိမ့်မယ်။ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ ပုံစံက အမျိုးမျိုးရှိတယ်လေ။ ဒီမိုကရေစီဆိုတာကို တဖွဖွရေရွတ်နေကြတဲ့ ဒီမိုကရေစီတိုက်ပွဲဝင်၊ လွတ်မြောက်နယ်မြေက ရဲဘော်ကြီးတွေကတော့ အမှန်တရားအတွက်တိုက်ပွဲဝင်ဖို့ထောက်ပံ့ထားတဲ့ ဒေါ်လာတွေနဲ့ ပျော်ကြမော်ကြပေါ့။ ဒါပေမယ့် လွတ်မြောက်နယ်မြေက ဖော်ပြစရာစကားလုံးမရှိလောက်အောင် ဆင်းရဲစွာ အသက်မွေးနေရတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ ဒီအမှိုက်ပုံကြီးထဲမှာ မြန်မာတွေ အယောက် ၁၀၀-လောက်ဟာ ဒုက္ခတွေ လှလှကြီးခံစားနေကြရတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်ဆိုသူကြီးတွေကတော့ ပရောဂျက်တွေအမျိုးမျိုးရေး၊ ပိုက်ဆံကို ပုံစံမျိုးစုံနဲ့တောင်း၊ အကြောင်းပြတာက ပရဟိတအတွက်၊ သုံးလိုက်တဲ့ငွေကြေးတွေကတော့ သူတို့ ဗိုက်ထဲသာ။ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ ဝေလာဝေး။ ခေါင်းပုံဖြတ်နေကြတယ်။ ခေါင်းတွေကို အပုံလိုက်ဖြတ်နေကြတယ်။ ဒီလို ရမ်းပစ်လိုက်လို့ စိတ်ဆိုးချင်လည်း ဆိုးကြ။ အများစုက ဒီအတိုင်းပဲဆိုတာ လက်ခံရင် ဖင်ပိတ်မငြင်းကြနဲ့။ ဆက်လက်ပြီး စားကြ၊ သောက်ကြ၊ ပျော်ပါးကြစေသတည်း။




























ဒီဓာတ်ပုံလေးတွေကို ကြည့်မိကြသူတွေထဲက စေတနာရှင်လေးတွေရှိရင် မဲဆောက်က အမှိုက်ပုံကြီးက နိမ့်ကျနေတဲ့ မြန်မာတွေအပါအ၀င် အမျိုးမျိုး ခေါင်းပုံဖြတ်ခံရလို့ ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးကြဖို့ပါ။

Sunday, February 7, 2010

ထွေရာလေးပါးအတွေးများ

ရင်ဘက်ထဲက ဆလိုက်မီးများ


စာမရေးဖြစ်တာလည်း ကြာလှပေါ့။ စိတ်ကူးထဲမှာ ရေးဖို့တေးထားတာလေးတွေကလည်း မရေးတာကြာတဲ့အခါ အစရှာလို့ မရတတ်တော့ဘူး။ ရေးချင်တဲ့အဟောင်းလေးတွေ ပျောက်သွားတဲ့အခါ ရေးချင်တဲ့အသစ်တွေလည်း ရှိလာပေါ့။ ဒါပေမယ့် မရေးဖြစ်ပြန်တော့ အဟောင်းဖြစ်ပြီး မေ့သွား။ ဒီလိုနဲ့ပဲ အကောင်အထည်မဖော်ဖြစ်တဲ့ စိတ်ကူးလေးတွေက အရာမထင်ဘဲ ပျောက်ပျက်ကုန်ကြတယ်။

ဖြစ်တည်မှုပဓာန၀ါဒကို အစပြုပေးခဲ့သူလို့ ဆိုကြတဲ့ ဖရက်ဒရစ်နစ်ရှေးဆိုတဲ့ ဂျာမန်အတွေးအခေါ်ပညာရှင်ကြီးကတော့ ခေါင်းထဲမှာ ရေးစရာပေါ်လာရင် သန်းခေါင်ကျော်နေလျှင် ဂရုမစိုက်၊ အချိန်မရွေးထရေးတတ်သည်ဟု ကြားဖူးတယ်။ ကျွန်ုပ်တို့အားလုံး လေးစားကြရတဲ့ လယ်တီဆရာတော်ဘုရားကြီးဆိုရင်လည်း ဒီလိုပဲတဲ့။ တစ်ခါတစ်လေ ရေချိုးနေတုန်းတန်းလန်းကြီး အတွေးပေါ်လာလို့ စာရေးတာ ရေလဲသင်းပိုင်ချောက်သွားတဲ့အထိ ရေးတာတဲ့။ ကျွန်ုပ်ကတော့ အဲဒီလောက်ထိ ဇွဲမရှိခဲ့လေဘူး။ ဒီကြားထဲ ကန္နီဖောင်ဒေးရှင်းမှာ ရေးတင်နေတဲ့ စာအုပ်ကလည်း ရှာမတွေ့ဆိုတော့ ဘာမှမတတ်နိုင်ဘူး။ ဒီအတိုင်းထားလိုက်ရတယ်။

ခရီးသွားရင်းဆိုတော့ တစ်ခါတစ်လေ စိတ်က အရမ်းတက်ကြွနေသလောက် တစ်ခါတစ်လေတော့လည်း ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ။ ကြည်နူးစရာမြင်ကွင်းတွေနဲ့ ကြည်နူးခဲ့ရသလို အမြင်မသင့်တာတွေနဲ့လည်း ညစ်ညူးရပါတယ်။ လောကဓမ္မတာဆိုပေမယ့် အကောင်း၊ အဆိုးလောကဓံတွေကြားမှာ ဘယ်တိမ်းညာရှောင်နဲ့ အလုပ်တော့ ရှုပ်ခဲ့ရတာပဲလေ။ စာရေးပြီဆိုကတည်းက စာဖတ်သူကို တစ်ခုခု ပေးဖို့ရေးကြတာချည်းပဲ။ “ငါဖန်တီးထားတဲ့ဘလော့၊ ငါရေးချင်ရာရေးမယ်၊ ဖတ်ချင်တဲ့သူဖတ်၊ မဖတ်ချင်တဲ့သူနေ”ဆိုပြီး ရေးချင်တာ ရေးတင်လို့လည်း ဖြစ်တာပဲ။ ဒါပေမယ့် အဲ့ဒီလိုကြီး မလုပ်ချင်ဘူး။ တစ်ခုခုလေးတော့ ရသွားစေချင်တယ်။ ဘာတစ်ခုမှ မပေးတဲ့စာဆိုရင် ဘာတစ်လုံးမှ မရေးချင်ဘူး။ သုတတစ်ခုမှ မရခဲ့ဘူးဆိုရင်တောင် အနည်းဆုံး ရသလေးတော့ ရသွားစေရမယ်ပေါ့။

ဇန်န၀ါရီလ၊ ၂၅-ရက်နေ့က ဘန်ကောက်ကို ခရီးထွက်ခဲ့တယ်။ ဒုတိယအကြိမ်မြောက်ပေါ့။ သုဝဏ္ဏဘူမိလေဆိပ်ကြီးကို ဆင်းတာနဲ့ ရွှေမြန်မာတွေ ရေရွတ်နေကြစကားတွေကို ကြားရတော့တာပဲ။ ကိုယ့်နိုင်ငံအစိုးရကို ဆဲလိုက်၊ သူများတွေ ကြီးပွားနေတာတွေကို တမ်းတလိုက်၊ လူ့အခွင့်အရေးနဲ့ အာဏာရှင်စနစ်တွေကို ဝေဖန်လိုက်။ ဒါတွေက ဆယ်စုနှစ်ပေါင်းများစွာ အာခေါင်တွေ ခြောက်ကပ်နေအောင် ပြောနေကြရလွန်းလို့ ကျွန်ုပ်အတွက်တော့ ရိုးအီလို့ နေခဲ့ပါပြီ။ အာဏာရှင်တွေ ပြုမူနေတာတွေကလည်း ပုံပြင်ဟောင်းတွေဖြစ်သလို အတိုက်အခံတွေ ပြောနေလုပ်နေကြတာကလည်း ပုံပြင်ဟောင်းတွေပဲ ဖြစ်နေခဲ့တယ်။ ပုံပြင်အဟောင်းတွေနဲ့ နားငြီးလွန်းလို့ အချို့တံခါးတွေ ပိတ်ထားခဲ့ပါတယ်။

စင်္ကာပူရောက်တော့ စင်္ကာပူကို အားကျရသလို ဘန်ကောက်ရောက်တော့လည်း ဘန်ကောက်ကို အားကျရတာပဲ။ ဒီအကြောင်းကို သူငယ်ချင်းကို ပြောပြတော့ မယုံမရှိနဲ့ လာအိုသွားရင်တောင် မင်းအားကျနေလိမ့်မယ်တဲ့။ မြန်မာ့အလင်းဆောင်းပါးရှင်ကတော့ အမေကျော် ဒွေးတော်လွမ်းလို့ ဆိုပါတယ်။ အစိုးရမတည်ငြိမ်လို့ မြို့လည်ခေါင်မှာ ညစ်ညစ်ပတ်ပတ်တွေ ပေါလာတာကလွဲရင် လမ်းတွေ လုပ်ထားပုံက အံ့သြစရာကောင်းလှတယ်။ စင်္ကာပူထက်ကို တံတားတွေက စည်ကားလွန်းတယ်။

ကမ္ဘာ့ဒုတိယအရှည်ဆုံးတံတားကြီးကဆို ရင်သပ်ရှုမောစရာ ကောင်းပါတယ်။ ဘန်ကောက်ကနေ ဘန်းပခေါင်ထိ ၅၄ ကီလိုမီတာရှည်လျားပါတယ်။ ပတ္တရား(ဖတ်တရား)ကို သွားတဲ့ခရီးမှာ မြေပြင်ပေါ်ကသွားရခရီးက တိုတိုလေးပါ။ တံတားကြီးပေါ်ကပဲ အများဆုံး ဖြတ်သွားရပါတယ်။
ဖတ်တရားမြို့က အတော်သာယာပါတယ်။ ဘုန်းကြီးတွေနဲ့ သိပ်အပ်စပ်တဲ့မြို့တော့ မဟုတ်ရှာပါဘူး။ ပြည့်တန်ဆာလုပ်ငန်းကို အကြီးအကျယ် ပေါ်ပေါ်ထင်ထင် လုပ်ကြတဲ့မြို့ဖြစ်လို့ပါပဲ။ စိတ်ထဲရှိတဲ့အတိုင်း ကြဲလို့ ရတဲ့မြို့လို့ဆိုပါတယ်။ ညပိုင်းမှာ ကားလေးနဲ့ မြို့ထဲလည်တော့ မျက်လုံးပြူးကျယ်ပြီး ပါးစပ်တွေအဟောင်းသားဖြစ်ခဲ့တယ်။ တစ်စုတစ်စုကို အယောက်သုံးဆယ်၊ လေးဆယ်စသည်ဖြင့် စုရုံးနေကြတယ်။

ဖတ်တရားကမ်းခြေလမ်းကလေးအတိုင်း မောင်းထွက်ခဲ့တော့ ကားထဲက မီးကို ပိတ်ပြီး တိတ်တိတ်လေးနေပြီး လိုက်ခဲ့ကြဖို့ သူငယ်ချင်းက ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးမြင်ရင် “လန့်ပြေးကြတတ်”လို့ပါတဲ့။ လမ်းဘေးမှာတွေ့ရတဲ့ အများစုကတော့ အနောက်သားတွေ များပါတယ်။ အနောက်သားတွေ ပျော်တဲ့မြို့လို့ ဆိုပါတယ်။ ထိုင်းကားသမားက ထိုင်းလိုပြောနေပါတယ်။ ထိုင်းစကားနားလည်တဲ့သူငယ်ချင်းကို မေးကြည့်တော့ ကားလမ်းညာဘက်ခြမ်းက ဈေးပေါတဲ့သူတွေ၊ ဘယ်ဘက်ခြမ်းက ဈေးကြီးတယ်တဲ့။ “အော်၊ အော်”လို့ အာမေဋိတ်ပြုခဲ့ပါတယ်။

မနက်မနက်စောစော ဆွမ်းခံကြွရင် ဒီအလုပ်လုပ်စားသူ မိန်းကလေးတွေက အမြဲတမ်းလိုလို ဆွမ်း၊ ငွေကြေးစသည်ကို လောင်းလှူလေ့ရှိတယ်တဲ့။ အတော်များများက ထောင်ချောက်ထဲက ကျားသစ်မလေးတွေလိုပဲလို့ သူငယ်ချင်းက ပြောပါတယ်။ ဘယ်မိန်းကလေးမှ ဒီလိုအလုပ်မျိုးမှာ ပျော်ပိုက်ကြပါ့မလဲ။

တောင်ပေါ်ကနေ မြို့အလှမီးရောင်တွေ ကြည့်ရှုပြီးလို့ ပြန်ကြမယ်ဆိုတော့ “………မရှိတဲ့ လမ်းကနေ ပြန်ကြစို့ရယ်”ဆိုပြီး ဟိုက်ဝေးလမ်းကနေ ပတ်ပြန်ခဲ့ကြတယ်။ ကိုယ့်စိတ်ကို ပြန်စစ်ကြည့်တော့ တရုတ်က ရဟန်းနှစ်ပါးဇာတ်လမ်းလေးကို သတိတွေ ရနေမိပါတယ်။

တစ်နေ့ ရဟန်းနှစ်ပါး ခရီးထွက်ကြတယ်တဲ့။ ချောင်းတစ်ခုကို ဖြတ်ရမယ်ဆိုတော့ မိုးတွေရွာလို့ ချောင်းရေတွေ ကြီးနေတယ်တဲ့။ ဒါပေမယ့် ချောင်းရေက ရဟန်းနှစ်ပါးအတွက်တော့ တစ်ဖက်ကမ်းကို ကူးမြောက်လို့ ရနိုင်တဲ့အနေအထားဖြစ်ပါတယ်။ သူတို့ ကူးကြမယ်ဆိုတော့ ကမ်းစပ်မှာ မိန်းကလေးတစ်ယောက်က ချောင်းကူးဖို့ လုပ်နေတယ်။ ဒါပေမယ့် ရေကြီးနေတော့ မကူးရဲဘူး။ ဒါနဲ့ ရဟန်းနှစ်ပါးကို အကူအညီတောင်းတယ်တဲ့။ တစ်ပါးက ၀ိနည်းကို တသဝေမတိမ်း လိုက်နာသူဆိုတော့ “ရဟန်းဆိုတာ မိန်းကလေးကို မထိကောင်းဘူး၊ ဒါကြောင့် မင်းကို ငါမကယ်နိုင်ဘူး”ဆိုပြီး ဥပေက္ခာပြုလိုက်တယ်။ နောက်တစ်ပါးကတော့ အဲဒီလို မဟုတ်ဘူး။ ပြောပြောဆိုဆို မိမိမှာပါလာတဲ့ သပိတ်နဲ့အသုံးအဆောင်နည်းနည်းပါတဲ့ အိတ်လေးကို နောက်ကျောမှာ အသေအချာ ချည်ထားလိုက်တယ်။ ပြီး မိန်းကလေးကို ကောက်ပွေ့လိုက်တယ်။ တစ်ဖက်ကမ်းကို ပို့ပေးလိုက်ပြီး ရဟန်းနှစ်ပါး ခရီးအတူဆက်ခဲ့ကြတယ်။

မိန်းကလေးကို ကယ်လိုက်တဲ့ ရဟန်းက ပုံမှန်ပါပဲ။ မိန်းကလေးနဲ့ မတွေ့ခင်ကလည်း ဒီစိတ်ပဲ၊ တွေ့ပြီး မိန်းကလေးကို ကောက်ပွေ့ပြီး တစ်ဖက်ကမ်းကို ပို့ပေးပြီးတော့လည်း ဒီစိတ်ပဲ။ သူ့စိတ်က ပကတိအတိုင်းသာ။ ဒီလို ခရီးဆက်ပြီး ကျောင်းကို ရောက်လာခဲ့ကြတယ်။

ကျောင်းကိုရောက်တော့ ၀ိနည်းလေးစားတယ်ဆိုတဲ့ကိုယ်တော်က မနေနိုင်တော့ဘူး။ စကားစလိုက်တယ်။ “အရှင်ဘုရား ၀ိနည်းမလေးစားဘူး၊ မလုပ်သင့်တာကို လုပ်ခဲ့တယ်”
“ဘာ…အရှင်ဘုရား၊ ဘာဖြစ်လို့လဲ”
“အခုမှ မသိချင်ယောင်ဆောင်မနေနဲ့၊ အရှင်ဘုရား မိန်းကလေးကို ပွေ့ခဲ့တယ်မလား”
ဒီတော့မှ အလွန်မှတ်သားစရာကောင်းတဲ့ စကားလေးထွက်လာခဲ့တယ်။
“အော်…အရှင်ဘုရားနှယ်၊ ဖြစ်မှဖြစ်ရလေ၊ တပည့်တော်က မိန်းကလေးကို ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းအထိပဲ ပွေ့ပြီး အကူအညီပေးခဲ့တာ။ အရှင်ဘုရားက အခုထိ ပွေ့ထားဆဲပါလား”

ကျွန်ုပ်လည်း အာရုံတွေကို ဘယ်ကနေ ဘယ်အထိ ပွေ့ဖက်ထားမိလဲ ဆန်းစစ်နေမိပါတယ်။ ဖတ်တရားမြို့ရဲ့ အမှောင်ကတော့ အလင်းရောင်တွေ များလွန်းလို့ မသိသာလှပါ။ ရင်ထဲမှာတော့ ဘယ်လောက်များများ လင်းပြီး ဘယ်လောက်များများ မှောင်နေကြပါလိမ့်။

ကျောင်းပြန်ရောက်တော့ ကြောင်တွေရဲ့ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ခဲ့ရတယ်။ အမှောင်တွေ လင်းသွားရအောင် ပိတ်ထားမိတဲ့ ခလုတ်လေးတွေကို ဖွင့်လိုက်အုံးမှ….။