Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Wednesday, March 13, 2024

ခြေဖော့ ၀င်လာတဲ့ မုန်တိုင်း

..... ခြေဖော့ ၀င်လာတဲ့ မုန်တိုင်း ....


မရည်ရွယ်ဘဲ ပစ်လိုက်တဲ့ မြားချက်တွေကမှ

ရင်ဘက်ကို တည့်တည့်ထိမှန်သတဲ့လား

ဖြူရော်နေတဲ့ ခြင်ထောင်စများ

ရှုပ်ထွေးတင်းကျပ်နေတဲ့ အသက်ရှူသံများ

ခြေသံများက နားမခံသာအောင်

တဖျပ်ဖျပ် ကြားနေရတယ် သေမင်း၊


မနက်ဖြန် သေတော့မယ်ဆိုရင်

လာငိုမယ်ပြောသူစာရင်းက

ဗလာဖြစ်နေတယ်၊


ဆက်လျှောက်ရမလား ...

နောက်ပြန်လှည့်လိုက်ရမလား ...

အဖော်မဲ့လမ်းကိုမှ ရွေးမိသူ၊


မွေးသူတွေ နေ့တိုင်းမွေးနေမှတော့

သေသူများလည်း နေ့တိုင်း ရှိနေရမှာပေါ့

ငါဟာ မွေးဖွားလာသူ တစ်ယောက်ပါ၊


သွားတော့မယ်ပြောနေတဲ့ လက်ဖဝါးကိုမှ

ဖွဖွလေး လှမ်းဆုပ်ချင်နေခဲ့တာ

ပါးနေတဲ့ ဖိနပ်ပေါ်က

အချိန်တွေရဲ့အသံက သွေးညှီနံ့ရတယ်၊


မရည်ရွယ်ဘဲ ပစ်မိတဲ့ မြားချက်အတွက်

ဆေးတစ်ခွက် ဖော်စပ်ခဲ့ပါတယ် ကမ္ဘာကြီး၊


ကြားလိုက်ရဲ့မလား

“ဂွတ်ဘိုင်”လို့ ငါပြောလိုက်တယ်

မင်းအတွက် ဟဒယရွှင်ဆေး ငါ တိုက်ကျွေးခဲ့ပါတယ်၊

ခရေတွေပဲ ဖူးဖူး၊ နှင်းဆီတွေပဲ ပွင့်ပွင့်၊ ပိတောက်တွေပဲ ကြွေကြွေ

ပြာလဲ့နေတဲ့ ကောင်းကင်အောက်

မင်းတောင်ပံတွေ လွင့်ဝဲလိုက်ပါတော့၊


နာနေတဲ့ အနာက 

ဆာနေတဲ့စိတ်လောက်တော့ အခံရမခက်ပါဘူး။


၀၉၊ ၀၃၊ ၂၀၁၂

Wednesday, April 23, 2014

မျက်နှာဖုံး

အမြဲတမ်း မျက်နှာဖုံးနဲ့ပါ
ဖြူဖွေးသွယ်လျတဲ့လက်ကလေးနဲ့
ကိုင်ထားတယ်။
သူမမျက်နှာဟာ မျက်နှာဖုံးနဲ့
အမြဲကာထားတယ်။

နှစ်ပေါင်းများစွာ ကျွန်တော် တွေးနေခဲ့မိတယ်။
ဒါပေမဲ့ မမေးရဲခဲ့ဘူး။
ကျွန်တော် မလိမ့်တစ်ပတ်နဲ့
မျက်နှာဖုံးနောက်ကို ကြည့်ခဲ့မိတယ်။
သိချင်လို့ပေါ့
ဘာဆို ဘာမှ မရှိဘူး
သူမမှာ မျက်နှာမရှိဘူး။

(အမည်မသိ စာဆို)

လူတွေဟာ တစ်စုံတစ်ရာနောက်မှာ တစ်ခုခု ရှိလိမ့်နိုးနဲ့ အထင်ကြီးလေးစားကြ။
တကယ်လည်း ကြည့်လိုက်ရော နောက်ကွယ်မှာ ဘာမှ မရှိတာ တွေ့ရတယ်။ ကဗျာဆရာက ဒါကို ဆိုချင်ပုံရတယ်။

Saturday, January 1, 2011

သင် ကံကောင်းပါတယ်


If you woke up this morning
Fairly healthy, Congratulations, because
Million people will not live to past a week.

ကျန်းမာရေးကောင်းကောင်းမွန်မွန်နဲ့ 
နေ့သစ်တစ်ခုကို သင် နိုးထနိုင်ခဲ့ပြီလား…
ဒါဆို
သင် ၀မ်းမြောက်လိုက်ပါတော့…
ဘာဖြစ်လို့လဲဆိုတော့
လူသန်းပေါင်းများစွာဟာ
ရက်သတ္တပတ်လေးကျော်အောင် 
အသက်မရှင်နိုင်ကြတော့ဘူးလေ။

If you have never experienced the danger of war,
The loneliness of imprisonment,
The agony of torture,
Or cold and hunger,
Congratulations, you better fate than 5 million people. 

စစ်ပွဲရဲ့ ကြောက်မတ်ဖွယ်တွေ၊
အထီးကျန် အကျဉ်းချခံထားရမှုတွေ၊
နာကျင်ငြီးတွားမှုတွေ၊
ချမ်းအေးမှုတွေနဲ့ မွတ်သိပ်မှုတွေ…
ဒါတွေကို သင် မတွေ့ကြုံ မခံစားဖူးဘူး မဟုတ်လား၊
ဒါဆို
သင် ၀မ်းမြောက်လိုက်ပါတော့ …
ဘာဖြစ်လို့လဲဆိုတော့
ကမ္ဘာ့လူဦးရေ ၅-သန်းကျော်ဟာ 
အဲဒီကြမ္မာဆိုးတွေနဲ့ ကြုံတွေ့နေရတယ်လေ။

If you can participate in religious activities
Without fear of harassment,
Arrest, torture, or death,
Congratulations, you have more freedom than 1.5 billion people .

ခြိမ်းခြောက်ဟန့်တားမှုတွေ မရှိဘဲ
မတရားဖမ်းဆီးမှုတွေ မရှိဘဲ
နှိပ်စက်ညှင်းပန်းမှုတွေ မရှိဘဲ
သတ်ဖြတ်ညှင်းဆဲမှုတွေ မရှိဘဲ
ဘာသာရေးလုပ်ငန်းတွေ လုပ်ဆောင်ခွင့် ရနေသလား၊
ဒါဆို
သင် ၀မ်းမြောက်လိုက်ပါတော့
ဘာဖြစ်လို့လဲဆိုတော့
လူဦးရေ ၁-သန်းခွဲကျော်ထက်
သင် လွတ်လပ်ရေး ရနေပြီလေ။

If you have food,
Have clothes to wear,
There is a place to live, congratulations,
You are richer  than 70% of the world.

သင့်မှာ စားစရာတွေ ရှိနေတယ်မလား
ဝတ်စရာအ၀တ်တွေလည်း ရှိမဟုတ်လား
နေစရာအိမ်လေးကော ရှိနေတယ်မလား
ဒါဆို
သင် ၀မ်းမြောက်လိုက်ပါတော့
ဘာဖြစ်လို့လဲဆိုတော့
ကမ္ဘာ့လူဦးရေ ၇၀%နှုန်းထက် သင်က ချမ်းသာနေပြီလေ။

 If you have saving in the bank,
Wallet with money,
There are some coin left, congratulations,
You are among the world's top 10% of the rich.

ဘဏ်ထဲမှာ 
ငွေလေးဘာလေး စုထားတယ်မလား
ဒါမှမဟုတ် 
သင့်ပိုက်ဆံအိတ်ထဲမှာ 
ငွေအနည်းငယ် ရှိနေတယ်မလား
ဒါမှမဟုတ် 
သုံးစရာ ငွေစလေးတွေ ကျန်နေသေးတယ်မလား
ဒါဆို
သင် ၀မ်းမြောက်လိုက်ပါတော့
ဘာဖြစ်လို့လဲဆိုတော့
ကမ္ဘာ့ချမ်းသာသူများ ၁၀%နှုန်းထဲမှာ
သင် ပါဝင်နေခဲ့ပြီလေ။

If you often looked up with a smile,
And the heart to thank God,
You are happy,
Because most people can but will
not do so.
  
လောကကြီးကို အပြုံးပန်းတွေနဲ့
သင် မကြာခဏ ကြည့်နေနိုင်တယ်
ဘုရားသခင် (သဘာဝလောကကြီး)ကို ကျေးဇူးတင်ဖို့
နှလုံးသားလည်း ရှိနေတယ်
ဒါဆို
သင် ၀မ်းမြောက်ပျော်ရွှင်လိုက်ပါတော့
ဘာဖြစ်လို့လဲဆိုတော့
လူအများစုဟာ အဲဒီလို လုပ်နိုင်စွမ်းရှိပေမယ့်
လက်တွေ့မလုပ်ကြတော့မှာ သေချာနေလို့ပါပဲ။

If you are able to hold someone's hand,
Or give them a hug,
Or pat them on the shoulder,
Congratulations , because you are with the ability to heal people's hearts. 

တစ်ယောက်ယောက်ရဲ့လက်ကို ဆုပ်ကိုင်ထားနိုင်တယ်
ဒါမှမဟုတ် 
ကြင်နာစွာ ထွေးပွေ့နိုင်တယ်
ဒါမှမဟုတ် ပုခုံးနှစ်ဘက်ကို ကြင်ကြင်နာနာ ယုယနိုင်တယ်
ဒီလိုဆို
သင် ၀မ်းမြောက်လိုက်ပါတော့
ဘာဖြစ်လို့လဲဆိုတော့
သင်ဟာ 
လူတွေရဲ့ နှလုံးသားဒဏ်ရာကို 
ကုစားပေးနိုင်စွမ်း ရှိနေလို့ပါပဲ။

If you can read this article
That is double fortunate:
Some people think of you as a friend,
And there are 1.5 billion people illiterate. 

ဒီစာလေးကို သင် ဖတ်တတ်တယ်မလား
ဒါဆိုရင် သင်ဟာ နှစ်ထပ်ကွမ်း ကံထူးရှင်ပေါ့
အချို့သူတွေက သင့်ကို (ဘ၀တူ)သူငယ်ချင်းလို့ ယူဆလိုက်ကြမယ်
ပြီးတော့ …
ကမ္ဘာ့လူဦးရေ ၁-သန်းခွဲကျော်က စာမဖတ်တတ်ကြဘူးလေ။

You probably never think of
How lucky you are now! ?

ကဲ… ပြော
သင်ဟာ
လောကမှာ ဒီလောက်တောင် ကံကောင်းနေတယ်ဆိုတာ
တစ်ခါမှ
မစဉ်းစားမိဘူးမလား….။

Wellness And Happiness is always with You
ကောင်းမြတ်ခြင်း၊ ပျော်ရွှင်ခြင်းများ သင်နဲ့အတူ ထာဝရ တည်ရှိပါစေ…..

(ဒါလေးက ကိုယ်ပိုင်ရေးထားတာ မဟုတ်ပါဘူး။ ကောင်းမွန်ထူးခြားသော အီးမေလ်များကို ကျွန်ုပ်တို့ထံ အမြဲတမ်း ပို့ပေးနေသော မလေးရှားနိုင်ငံက Miss Shirlin Tan ပို့ပေးလိုက်တဲ့ အီးမေးလ်လေးကို သဘောကျတာနဲ့ တတ်သလိုလေး ဘာသာပြန်လိုက်တာပါ။ အချို့နေရာမှာ မူရင်းအာဘော်နဲ့ လွဲသွားမလား စိုးရိမ်နေပါသေးတယ်။ ဒါပေမယ့် စာဖတ်သူတွေ တစ်စုံတစ်ရာ နှလုံးသားအာဟာရဖြစ်မယ်ထင်လို့ တင်လိုက်ပါတယ်။
ဒီစာလေး ဆုံးသွားတာနဲ့ သင့်ကိုယ်သင် ကံကောင်းသူတစ်ယောက်လို့ ယူဆသွားနိုင်ရင် ဒါလေးရေးတင်ရတာ
အထမြောက်ပါတယ်။)



Saturday, June 19, 2010

သဘာဝကျသော ချစ်ခြင်းများ



ကြည့်စမ်း လှလိုက်တဲ့ မြင်ကွင်း

သဘာဝကောင်းကင်

သဘာဝမြက်ခင်းပြင်

သဘာဝတောင်တန်း

ဘယ်လောက်ရင်သပ်ရှုမောဖွယ်ကောင်းလဲ

ဒီသဘာဝတွေထဲမှာ ငါတို့လည်း သဘာဝကျစွာ

အသက်ရှင်နေကြတယ်

ဘယ်လောက်သဘာဝကျလဲ

သဘာဝအရ ကျွန်တော်တို့ မွေးဖွားလာတယ်

သဘာဝကျစွာ အသက်ရှုတယ်

ပြီးတော့ သဘာဝကျစွာ

ကျွန်တော်တို့ ပြည်ကို ချစ်မြတ်နိုးကြတယ်

အမေက ရိုးရိုးလေး မွေးပေးလိုက်တယ်

ရိုးရိုးလေးပဲ

ကျွန်တော်တို့ လူဖြစ်လာတယ်

ပြီးတော့ ရိုးရိုးလေးပဲ

အမိမြေကို ချစ်ပစ်လိုက်ကြတယ်

ဘယ်လောက်သဘာဝကျလဲ

အမေ့ကို ရိုးရိုးလေး ချစ်လို့

အမေ့ရင်ခွင်မှာ ရိုးရိုးလေး ငိုက်မြည်းလို့

အမေ့ရင်ခွင်ဟာ ရိုးရိုးလေး နွေးထွေးနေခဲ့တယ်

အမေနဲ့ကျွန်တော်ဟာ အညမညဖြစ်သလို

အမေဟာ ဧရာဝတီလဲ ဖြစ်တယ်

အမေဟာ သဘာဝကိုက ပေးဆပ်သူ ဖြစ်တယ်

ကျေးဇူးတရားတဲ့

ကျွန်တော်တို့ သဘာဝကျစွာ လက်ခံလိုက်ကြတဲ့ စကားလုံး။

ကျွန်တော်ဟာ

ကျွန်တော့်ရင်ဘက်ထဲမှာ အမေ့ကျေးဇူးတွေ စိုက်ပျိုးကြည့်တော့

ခဏချင်းပဲ

တစ်သက်စားလို့ မကုန်တာ တွေ့ရတယ်။ ။

အမေချုပ်နေတဲ့ ၀တ်စုံလေး



စိတ်တိုင်းမကျနဲ့

စိတ်တိုင်းမကျတကျ အရောင်တွေ ရောစပ်ပြီး

ဘ၀ကို ချုပ်စပ်ထားတယ်၊

မွေးကတည်းက ဘ၀ကို တစ်ခါမှ ရွှင်ရွှင်ပျပျ မဖြစ်ခဲ့ရ၊

ဖြေသိမ့်ခြင်းတရားတွေနဲ့ အကောင်းမြင် ဓမ္မ

ဖြစ်ချင်တာ ဖြစ်ခွင့်ဝေးလို့ ဖြစ်နေတဲ့ဝေဒနာ

အာဟာရပြတ်တာကြာလို့ ဒီမြေက သစ်ပင်တွေ ပိုလီယိုများလာတာလား

နေ့စဉ်နဲ့အမျှ အသက်နဲ့အမျှ

အမေချုပ်နေတဲ့ ၀တ်စုံလေး မြင်ယောင်

အမေချုပ်နေတဲ့ ၀တ်စုံလေး သားဝတ်ချင်

လူမှန်းသိစ အရွယ်ကတည်းက ဆာလောင်မှု

အသက်ကြီးလာတဲ့ အမေ

ပင်ပန်းနေပြီဖြစ်တဲ့ မေမေ

ဘယ်တော့မှ မနွမ်းလျတဲ့ မေမေ

မေမေချုပ်နေတဲ့ ၀တ်စုံလေး

သားမ၀တ်နိုင်ခဲ့ရင်လည်း

မေမေ့မြေးတွေ ၀တ်ခွင့်ရအောင် ကြိုးစားမယ်၊

အမေ့ကို တိုက်စားနေတဲ့

စက္ကန့်တွေကို မုန်းတယ်

နာရီတွေကို မုန်းတယ်

အမေ့ကို ဖုံးအုပ်ထားတဲ့ ကောင်းကင်ကြီးဆို မုန်းတယ်

တစ်ဘ၀စာ အမုန်းတရားတွေနဲ့ ရှင်သန်ခဲ့ရတော့

ချစ်ခြင်းမေတ္တာကို ပြောကြရင်

မေမေ့ကိုသာ မြင်တယ်

မေမေချုပ်နေတဲ့ဝတ်စုံလေး

မေမေဘ၀မကူးခင် ၀တ်ချင်တယ်။ ။

Sunday, November 22, 2009

ပီနန်ဆရာတော်ကြီးက သီဟိုဠ်သံဃာတွေကို အားကိုးပါတယ်လို့ ကြားဖူးတယ်

Custom Message မှာ “သီဟိုဠ်မှာ ငတ်ကြီးကျတွေက ပိုများတာပဲ……”ဟူ၍ ရေးလိုက်ပါတယ်။ စိတ်ထဲမှာ မကောင်းလွန်း၍ ရေးလိုက်ရခြင်းဖြစ်တယ်။ ကိုယ်လေးစားရသူတွေက အဲသလိုကြီးတော့ မရေးသင့်ဟု ဆုံးမကြတယ်။ ထို့ကြောင့် ဤနေရာမှာ ရေးရခြင်းဖြစ်တယ်။

ကိုယ့်မှာလဲ ကိုယ့်အကြောင်းနှင့်ကိုယ်။
ဒီကိုရောက်လာတဲ့ ဒီအုပ်စုဟာ

အမျိုးကို ဖျက်ဆီးသူများ ဖြစ်တယ်။
သာသနာကို ဖျက်ဆီးသူများ ဖြစ်တယ်။
ဘာသာကို ဖျက်ဆီးသူများ ဖြစ်တယ်။
အာဏာတည်မြဲရေးအတွက် ဘုရားကိုလဲ သေနတ်နဲ့ ပစ်ရဲသူများဖြစ်တယ်။
အပြစ်မဲ့ ပြည်သူတွေကို သတ်တယ်။

ကိုယ်ကျိုးအတွက် နိုင်ငံကို ဖျက်ဆီးသူများလဲ ဖြစ်တယ်။
အခုအချိန်အထိ အပြစ်မဲ့ပြည်သူတွေ ထောင်ထဲမှာ အကျဉ်းကျနေဆဲလဲ ဖြစ်တယ်။

တိုင်းပြည်မှာ ကျွန်ုပ်တို့ရဲ့ အနာဂတ်မျိုးဆက်သစ်ဆိုသူလေးတွေကို ကြည့်ပါ။
ငဲ့ညှာစောင်းကြည့်ပါ။

သူတို့လေးတွေဘ၀ ဘယ်လို ရုန်းကန်နေရသလဲ။
ပညာတွေ တတ်မြောက်ကြသလား။
လူလိုသူလို နေခွင့်ရသလား။
စဉ်းစား။

ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်တယ်။
သူတို့ဟာ လောလောလတ်လတ် သံဃာတွေကို သတ်ဖြတ်ထားသူများ ဖြစ်တယ်။
ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာပဲ ငါတို့ဟာ ပြည်သူများလဲ ဖြစ်ကြတယ်။
တစ်ပြိုင်တည်းမှာ ငါတို့ဟာ အဖိနှိပ်ခံ လူတန်းစားများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာ ပြည်သူတွေဟာ အောက်ကျနောက်ကျ ဖြစ်နေကြရတယ်။
တစ်ပြိုင်တည်းမှာ သူတို့ဟာ ဂုတ်သွေးစုတ်နေကြဆဲလဲ ဖြစ်တယ်။
ငါတို့ဟာ သာသနာ့ဝန်ထမ်းရဟန်းများ ဖြစ်ကြတယ်။

တစ်ပြိုင်တည်းမှာ အာဏာရှင်တွေ စုတ်ယူဝါးမြိုလာတဲ့
ပြည်သူ့သွေးများကို သီဟိုဠ်သံဃာများက
အားရပါးရ စားသောက်လိုက်ကြတယ်။


တစ်ပြိုင်တည်းမှာ……………………………