Showing posts with label translation. Show all posts
Showing posts with label translation. Show all posts

Thursday, October 20, 2011

မစ္စတာကြွက်နဲ့ ထောင်ချောက်



ကြွက်လေးတစ်ကောင်ဟာ လယ်သမားဇနီးမောင်နှံ အထုပ်လေးတစ်ထုပ် ဖြည်နေကြတာကို နံရံအက်ကြောင်းလေးထဲကနေ ကြည့်နေတယ်။ ဘယ်လို စားစရာလေးများ ပါလိမ့်မလဲပေါ့။
သေချာကြည့်လိုက်တော့ ကြွက်ထောင်ချောက်တစ်ခုဖြစ်နေတာကို တွေ့လိုက်တယ်။ သူကိုယ်တိုင်တွေ့လိုက်ရတော့ အံ့သြတုန်လှုပ်သွားတယ်။ 

ဒီလိုနဲ့ ကြွက်လေးဟာ လယ်တောတစ်ခွင် လှည့်လည်ပြီးတော့ “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်ဟေ့” “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်ဟေ့”လို့ လိုက်အော်ပြီး သတိပေးပါတယ်။

ကြွက်လေးရဲ့ သတိပေးသံကို ကြားတော့ ကြက်မကြီးက “ကတော့ ကတော့”နဲ့ အော်ပြီး သူ့အမွေးတွေကို ပွတ်သပ်ရင်း ခေါင်းထောင်ကာ “မစ္စတာ ကြွက်ရေ … ဒါက ရှင့်အတွက်တော့ တကယ့် စိုးရိမ်စရာကြီး တစ်ခုပေါ့။ ကျွန်မတို့အတွက်တော့ ဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူးရှင်၊ ကျွန်မတို့ကို ဘာအနှောက်အယှက်မှ မပေးနိုင်ပါဘူးရှင်”လို့ ပြောလိုက်ပါတယ်။

ဒါနဲ့ ကြွက်လေးဟာ မစ္စတာဝက်ဆီကို သွားခဲ့ပြီး “အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်။ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်”လို့ ဆိုပြန်တယ်။ ထိုအခါ မစ္စတာဝက်က “ဟေ … အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်၊ ဟုတ်လား။ ၀မ်းနည်းပါတယ် မစ္စတာကြွက်။ ဒါတော့ ကျုပ်လည်း ဘာမှ မတတ်နိုင်ပေါင်”လို့ သူနဲ့မဆိုင်သလို ပြောလိုက်တယ်။

ဒါနဲ့ ကြွက်လေးဟာ မစ္စတာနွားဆီကို သွားပြန်တယ်။ “မစ္စတာနွား … မစ္စတာနွား … အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတယ်ဗျ”လို့ ပြောလိုက်တဲ့အခါ မစ္စတာနွားက “အိုး … မစ္စတာ ကြွက် … ၀မ်းနည်းပါတယ်ဗျာ၊ ကျုပ်နှာခေါင်းကိုတော့ ကြွက်ထောင်ချောက်က ဘာမှ မဖြစ်စေပါဘူး”လို့ မထီမဲ့မြင်ပုံစံနဲ့ ပြောလိုက်တယ်။

ဒါနဲ့ ကြွက်လေးဟာ သူ့စကားကို ဘယ်သူမှ အရေးတယူ မလုပ်ကြတဲ့အတွက် တိုက်နံရံကြားက သူ့နေရာလေးမှာ ခေါင်းငိုက်စိုက်နဲ့ စိတ်ပျက်နေရှာတယ်။

အဲဒီည တိတ်ဆိတ်နေတဲ့အချိန်မှာ ကြွက်ထောင်ချောက်လေးဆီမှ ဖျောက်ခနဲ ကျယ်လောင်တဲ့အသံကို ကြားလိုက်ကြရတယ်။ အိမ်ရှင်မဟာ ကြွက်တစ်ကောင်တော့ မိပြီဆိုတဲ့အတွေးနဲ့ ထောင်ချောက်ရှိရာကို လာခဲ့တယ်။ ညကလည်း မှောင်မဲနေတော့ ဘာကိုမှ မမြင်ရဘူးလေ။ တကယ်တော့ ကြွက်ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ဘဲ မြွေတစ်ကောင်ရဲ့ အမြီးပိုင်းဖြစ်နေခဲ့တယ်။ ဒါနဲ့ စိတ်ဆိုးနေတဲ့ မြွေဟာ အိမ်ရှင်မကို ကိုက်လိုက်ပါတော့တယ်။

လယ်သမားဟာ အိမ်ရှင်မဖြစ်သူကို ဆေးရုံကို အမြန်ပို့တယ်။ ချက်ချင်းတော့ သေမသွားခဲ့ဘူး။ အပြင်းအထန် ဖျားနာလျက် အိမ်ကို ပြန်ခဲ့တယ်။ အပြင်းအထန် အဖျားတက်နေပြီဆိုရင် ဖျားနာသူကို လတ်ဆတ်တဲ့ ကြက်စွပ်ပြုတ်လေး တိုက်တတ်ကြတယ် မဟုတ်လား။ ဒါနဲ့ လယ်သမားဟာ ပေါက်ဆိန်ကို ယူပြီး လယ်တဲထဲက ကြက်ကို သတ်ပြီး စွပ်ပြုတ်လုပ်ကာ အိမ်ရှင်မကို တိုက်ကျွေးလိုက်ပါတယ်။

ဒါပေမယ့် အိမ်ရှင်မဟာ ပိုပိုပြီး ဆိုးလာခဲ့တယ်။ အိမ်နီးနားချင်းတွေကလည်း စိုးရိမ်စိတ်နဲ့ အိမ်ရှင်မနားက မခွါဘူး။ ၂၄-နာရီလုံး အမြဲတမ်း လာစောင့်ပေးကြတယ်။ ဒါနဲ့ သူတို့ကို ဧည့်ခံဖို့ အိမ်မှာမွေးထားတဲ့ ၀က်ကို သတ်ပြီး ချက်ကျွေးလိုက်ရတယ်။

အိမ်ရှင်မဟာ ဘယ်လိုပဲ ကုသကုသ၊ မသက်သာလာခဲ့ဘဲ နောက်ဆုံးမှာ သေဆုံးသွားခဲ့တယ်။ သူမရဲ့ အသုဘကို လူတွေ အများကြီး လာကြတယ်။ အကျွေးအမွေးအတွက် မလုံလောက်တဲ့အတွက် လယ်သမားဟာ အိမ်မှာရှိတဲ့ နွားကို သတ်ပြီး ကျွေးမွေးခဲ့ရတယ်။ ထိုအချိန်မှာ ကြွက်လေးဟာ တိုက်နံရံအက်ကွဲကြားကနေ ၀မ်းနည်းပူဆွေးစွာနဲ့ ကြည့်နေခဲ့တယ်။

ကဲ … ဘယ်လိုလဲ ….
သင့်ရဲ့ ပတ်ဝန်းကျင်၊ သင့်အပေါင်းအသင်းတွေထဲက တစ်ယောက်ယောက်ဟာ ပြဿနာ အခက်အခဲတစ်ခုခုကို ရင်ဆိုင်နေရပြီဆိုရင် သင့်အနေနဲ့ ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆအုံးမလား။ အဲဒီလို ယူဆနေမိတယ်ဆိုရင် ပြင်လိုက်ပါ။ ဒီပုံပြင်ထဲက ကြက်လို၊ ၀က်လို၊ နွားလို ဒုက္ခရောက်ရပါလိမ့်မယ်။

သင် မှတ်ထားဖို့က သင့်ပတ်ဝန်းကျင်က တစ်ဦးတစ်ယောက် ဒုက္ခတွေ၊ ပြဿနာတွေ ရင်ဆိုင်နေရပြီဆိုရင် သင်တို့အားလုံးဟာ ပြဿနာကို ရင်ဆိုင်နေရကြတာ ဖြစ်ပါတယ်။ ကိုယ်နဲ့မဆိုင်ဘူးလို့ ပစ်ထားရင်တော့ သင်လည်းပဲ ဒုက္ခရောက်ရပါလိမ့်မယ်။

ဘ၀ဆိုတဲ့ ခရီးရှည်ကြီးမှာ ကျွန်ုပ်တို့အားလုံးဟာ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ တစ်ဦးကိုတစ်ဦး ဖေးမကူညီမှုမရှိရင် ဘ၀လမ်းခရီးတွေဟာ ဖြောင့်တန်းဖို့ မလွယ်ပါဘူး။ 

Ref: Social Plan ဆိုတဲ့ စာတိုလေးကို ဆီလျော်အောင် ဘာသာပြန်တယ်။

Saturday, October 8, 2011

ရဟန်းတော်များ၏ အမွေအနှစ် (၅)



ဘာသာရေးအခြေခံသော အမျိုးသားရေးဝါဒနှင့် နိုင်ငံ့ယဉ်ကျေးမှု

ရဟန်းသံဃာများနှင့် လူပုဂ္ဂိုလ်အားလုံး (ပြည်သူတစ်ရပ်လုံး) ဘာသာရေး၊ အမျိုးသားရေးတက်ကြွမှုများသည် ဒုတုဂါမုနိ (ဒုဋ္ဌဂါမဏိ)မင်းလက်ထက်တွင် အကြီးအကျယ် မြင့်တက်ခဲ့သည်။ ဘီစီ -ရာစုအလယ်ပိုင်းတွင် အေဠာရခေါ်သော ချိုလဘုရင်သည် အနုရာဓပုရမြို့ကို သိမ်းပိုက်ခဲ့သည်။ သီရိလင်္ကာလူမျိုးများ လွတ်လပ်ခွင့် ဆုံးရှုံးခဲ့ကြရသည်။ ဗုဒ္ဓဘာသာတိုးတက်မှု တုန့်ဆိုင်းခဲ့ရပြီး တိုင်းပြည်မှာလည်း ဒုက္ခမျိုးစုံ ခံခဲ့ရသည်။

ဘာသာနှင့်နိုင်ငံကို နိုင်ငံခြားဖိနှိပ်ချုပ်ချယ်မှုမှ လွတ်မြောက်ရန်အတွက် ကြီးကျယ်မြင့်မြတ်သော ဒုတုဂါမုနိ (ဒုဋ္ဌဂါမဏိ)ကဲ့သို့သော နိုင်ငံ့သူရဲကောင်းများ၏ခေါင်းဆောင်မှုဖြင့် သီရိလင်္ကာတောင်ပိုင်းမှစတင်ပြီး တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ ဒုဋ္ဌဂါမဏိမင်းသားလေးဟာ သူ့တိုင်းပြည်နောက်လိုက်များကိုသူဟာ ဘုရင်စည်းစိမ်ခံစားလို၍ တိုက်ပွဲဝင်ခြင်းမဟုတ်၊ ဗုဒ္ဓဘာသာကို ပြန်လည်အသက်သွင်းလိုသဖြင့်သာ တိုက်ပွဲဝင်ခြင်းဖြစ်ကြောင်းအတိအလင်း ကြေညာခဲ့သည်။ ရှေ့တန်းစစ်မြေပြင်သို့ ချီတက်သော တပ်ဖွဲ့ရှေ့ဆုံးတွင် သူက မြတ်စွာဘုရား၏ မြင့်မြတ်သော ဓာတ်တော်များ ထည့်သွင်းထားသည့် လှံကို ကိုင်ပြီး ချီတက်သည်။ သီရိလင်္ကာလူမျိုးများသည် ဗုဒ္ဓဘာသာလွတ်မြောက်ရေးတိုက်ပွဲသည် သီရိလင်္ကာနိုင်ငံ့လွတ်မြောက်ရေးပင် ဖြစ်ကြောင်း သဘောပေါက်ထားကြသည်။ ထို့ကြောင့် ဆင်းရဲသူများရော၊ ချမ်းသာသူများပါ ထိုတိုက်ပွဲသို့ ၀င်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဗုဒ္ဓဘာသာနှင့် သီရိလင်္ကာနိုင်ငံလွတ်မြောက်ရေးအတွက် ဤကဲ့သို့ တိကျပြတ်သားသော စစ်ပွဲတွင် သီရိလင်္ကာနိုင်ငံ ဦးဆောင်မထေရ်ကြီးများအပါအ၀င် သံဃာတော်များသည် မိမိတို့၏ ကျောင်းတော်အခန်းကျဉ်းလေးများတွင် ကုတ်ကပ်ပြီး မနေခဲ့ပေ။ သံဃာတော်များသည် ပြည်သူတို့နှင့်အတူ ပူးပေါင်းပြီး ကြီးကျယ်သော နိုင်ငံတော်စီမံကိန်းကြီးတွင် အားတက်သရော ပါဝင်ကူညီပေးခဲ့ကြသည်။ ဤကဲ့သို့ နိုင်ငံအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသောကာလတွင် မင်းသားဒုဋ္ဌဂါမဏိနှင့် ညီငယ်သဒ္ဓါတိဿတို့အကြားတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။  

ထိုအခါ ဤအငြင်းပွားမှုသည် အကျပ်အတည်းကျရောက်နေသော နိုင်ငံတော်အတွက် အန္တရာယ်ကြီးသည်ကို သိမြင်သဘောပေါက်သော အစ်ကိုကြီးဖြစ်သူ ဂေါဓဂတ္တတိဿမင်းသားသည် ညီတော်နှစ်ယောက်ကို ပြန်လည်သင့်မြတ်အောင် လုပ်ဆောင်ပေးခဲ့သည်။ ထိုအချိန်အခါက ရဟန္တာဖြစ်ခါနီးအဆင့်ရောက်နေသော ထေရပုတ္တဘယအမည်ရသော ရဟန်းတော်သည် နိုင်ငံ့အရေးနှင့် ဘာသာအရေးကြောင့် သင်္ကန်းချွတ်ပြီး စစ်တပ်ထဲဝင်ရောက်ခဲ့သည်။ ထိုရဟန်းကဲ့သို့ အခြားရဟန်းတော်များလည်း နိုင်ငံနှင့်ဗုဒ္ဓဘာသာအရေးကြောင့် လူထွက်ပြီး လွတ်မြောက်ရေးတိုက်ပွဲဝင်ခဲ့ကြမည်မှာ သံသယဖြစ်စရာ မလိုချေ။

မင်းသားဒုဋ္ဌဂါမဏိ၏ တိုက်တွန်းတောင်းပန်မှုအရ သံဃာ့အဖွဲ့အစည်းတစ်ခုလုံးကို ကိုယ်စားပြုသော ရဟန်းတော်ပေါင်းများစွာသည် စစ်တပ်နှင့်အတူ လိုက်ပါခဲ့ကြသည်။ မင်းသားဒုဋ္ဌဂါမဏိကရဟန်းတော်များကို ဖူးမြင်ရခြင်းဟာ ငါတို့အတွက် မင်္ဂလာလည်းရှိတယ်၊ ဘေးအန္တရာယ်များအတွက် အကာအကွယ်လည်း ဖြစ်တယ်ဟု ဆိုသည်။ သီရိလင်္ကာပြည်သူများသည် စစ်တပ်နှင့်အတူ ရဟန်းတော်များပါ ပူးပေါင်းပါဝင်လာသည့်အတွက် စစ်တပ်နှင့် ပိုပိုပြီး ပူးပေါင်းလာကြသည်။ ပိုပိုပြီးလည်း ထောက်ပံ့ခဲ့ကြသည်။ ရဟန်းတော်များပါ တိုက်ပွဲရင်ပြင်သို့ ပါဝင်ပေးသည့်အတွက် စစ်သားများသည် ပိုမိုအားတက်လာပြီး ခိုင်မာသော သန္နိဋ္ဌာန်များလည်း ချမှတ်ပြီး တိုက်ပွဲဝင်နိုင်ခဲ့သည်။

ထိုအချိန်အခါမှ စတင်ပြီး သီရိလင်္ကာနိုင်ငံတွင် မျိုးချစ်စိတ်ဓာတ်နှင့် ဘာသာရေးနိုးကြားမှုသည် ခွဲခြား၍ မရနိုင်လောက်အောင် တစ်သွေးတစ်သားတည်း ဆက်စပ်လာခဲ့ပါတော့သည်။ သို့ဖြစ်၍ ထိုစဉ်အခါက ဘာသာရေးမျိုးချစ်ဝါဒ (Religio-patriotism)သည် အတိုင်းအတာတစ်ခုထက်ကို ပိုမိုသွားခဲ့သည်။ (ဘောင်ကျော်သွားခဲ့သည်) အဘယ့်ကြောင့်ဆိုသော် ဘာသာနှင့်တိုင်းပြည် လွတ်မြောက်ဖို့ရန်အတွက် လူများအားသတ်ခြင်းသည်ပင် ဆိုးရွားယုတ်မာသော ရာဇ၀တ်မှုမဟုတ်ဟု ယူဆကြသည်အထိပင် ဖြစ်သည်။
စစ်ပွဲကြီး ပြီးဆုံးသွားသောအခါ မင်းသားဒုဋ္ဌဂါမဏိလည်း ဘုရင်ဒုဋ္ဌဂါမဏိ ဖြစ်လာခဲ့သည်။ တစ်နေ့သောအခါ စစ်ပွဲတွင် လူ့အသက်ပေါင်းများစွာ သတ်ဖြတ်ခဲ့သည်ကို ပြန်လည်စဉ်းစားမိပြီး နောင်တပူပန်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ချက်ချင်းပင် ပိယဂူ (Piyahgu)ကျွန်းတွင် သီတင်းသုံးနေသော ရဟန္တာတို့၏ ကိုယ်စားလှယ်အနေဖြင့် ရဟန္တာရှစ်ပါးတို့သည် ဘုရင်ဒုဋ္ဌဂါမဏိထံသို့ ကြွရောက်ပြီး အောက်ပါအတိုင်း မိန့်ကြားခဲ့ရသည်။

ဘုရင်ဒုဋ္ဌဂါမဏိ ….. သင် ဒီလို လုပ်ခဲ့တဲ့အတွက် လူ့ပြည်နတ်ရွာ ကောင်းရာသုဂတိအတွက် အဟန့်အတား မဖြစ်ပါဘူး။ လူမဟုတ်သူများကိုသာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ဟာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်တယ်။ ငါးပါးသီလကိုလည်း ဆောက်တည်ကျင့်သုံးတယ်။ မယုံကြည်သူများနှင့် မိစ္ဆာဝါဒသမားများဟာ တောရိုင်းတိရိစ္ဆာန်ထက် ပိုမိုလေးစားစရာ မရှိပါဘူး။ သင့်အနေနဲ့ကတော့ နည်းအမျိုးမျိုးနဲ့ ဗုဒ္ဓဘာသာကို ဂုဏ်ကျက်သရေရှိအောင် လုပ်ပေးသူဖြစ်တယ်။ ဒါကြောင့် သင့်စိတ်နှလုံးထဲမှာ ဘာမှ နောင်တရမနေပါနဲ့ … အရှင်မင်းမြတ်”

အထက်ပါပြောကြားချက်များသည် ရဟန္တာရှစ်ပါး၏ ပြောကြားချက်ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ၏ ကြီးကျယ်သော ဂန္ထ၀င်ကျမ်းတစ်ဆူဖြစ်သော မဟာဝံသကျမ်းက ဆိုထားသည်။ သို့ပင်ဆိုငြားသော်လည်း အဆိုပါ ပြောကြားချက်များသည် ဗုဒ္ဓဘုရားရှင်၏ ဟောကြားချက်တရားတော်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ 

ဘီစီ ၂-ရာစုတွင် အသက်ရှင်နေထိုင်ခဲ့သော ရဟန္တာများသည် ထိုကဲ့သို့ ပြောကြားသလား၊ မပြောကြားခဲ့သလားဆိုသည်ကို ငြင်းဆိုဖို့ သို့မဟုတ် အတည်ပြုဖို့အတွက် ယနေ့ခေတ်တွင် အခက်အခဲ ဖြစ်လျှက်ရှိသည်။ သို့ရာတွင် အေစီ ၅-ရာစုတွင် မဟာဝံသကျမ်းကို ရေးသားခဲ့သော စာရေးဆရာ မဟာနာမ်ထေရ်က ထိုကဲ့သို့ မှတ်တမ်းတင်ထားသည်ကိုကား သံသယဖြစ်စရာ မလိုပါချေ။ ထိုခေတ် အေစီ ၅-ရာစုက သာမန်ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များအပါအ၀င် အဓိကတာဝန်ရှိသော မထေရ်ကြီးများသည် ထိုပြောကြားချက်ကို လက်ခံခဲ့ကြသည်ဟု ကောက်ချက်ချနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ မှတ်တမ်းတင်ထားခြင်းကို အသိအမှတ်ပြုထားသောကြောင့် ဖြစ်ပါသည်။ (ပညာရှင်များအတွက် စဉ်းစားဖွယ် ရှုထောင့်များစွာ ရနိုင်သည်။ ဘာသာပြန်သူ)။

နိုင်ငံနှင့် ဘာသာအတွက် လွတ်မြောက်ရေးတိုက်ပွဲဝင်ခြင်း၊ မြှင့်တင်ပေးခြင်းစသော ဆောင်ရွက်ချက်များသည် ထိုခေတ် (အေစီ ၅-ရာစု)က ရဟန်းတော်များအပါအ၀င် သီရိလင်္ကာလူမျိုးများအတွက် အလွန်အရေးပါသော၊ မြင့်မြတ်သော ဆောင်ရွက်ချက်များအဖြစ် အသိအမှတ်ပြုထားပုံရသည်။ ရဟန္တာမထေရ်များသည်ပင် ထိုရည်ရွယ်ချက် (နိုင်ငံနှင့်ဘာသာအတွက် လွတ်မြောက်ရေးတိုက်ပွဲဝင်ခြင်း၊ မြှင့်တင်ပေးလိုခြင်း)ဖြင့် လူ့အသတ်များကို သတ်ဖြတ်ခြင်းသည် ကြီးမားသောအပြစ်မဖြစ်ဟူသော အတွေးအမြင်ကို လက်ခံခဲ့ကြသည်ဟု ယုံကြည်ရသည်။ ထိုခေတ်က ရဟန်းတော်များသည် ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းထက် တိုင်းပြည်အရေး ဆောင်ရွက်ခြင်းက ပိုမိုမြင့်မြတ်သည်ဟု သဘောထားခဲ့ကြသည်။

ဒုဋ္ဌဂါမဏိမင်း စိုးစံစဉ်အခါက ရဟန်းတော်များ နိုင်ငံတော်အရေးနှင့် ယဉ်ကျေးမှုရေးရာဌာနများတွင် ဦးဆောင်ကဏ္ဍမှ တာဝန်ယူဆောင်ရွက်ခဲ့သည်များကို အသေးစိတ်ဖော်ပြထားသော သမိုင်းအထောက်အထားများ များစွာရှိသည်။ လက်မှုပညာတွင် ထူးချွန်ထက်မြတ်သော ရဟန်းတော်များပင် ရှိခဲ့သည်။ အထပ် ၉-ထပ်ပါဝင်သော လောဟပါသာဒ ကျောင်းတော်ကြီးကို ဘုရင်ဒုဋ္ဌဂါမဏိ၏ တိုက်တွန်းတောင်းပန်မှုအရ ရဟန္တာများက ဒီဇိုင်းရေးဆွဲပေးခဲ့သည်ဟု မဟာဝံသကျမ်းတွင် ပြဆိုထားသည်။ ဓာတ်တော်မွေတော်များ ကိန်းဝပ်ရာ ရုဟန်ဗာလီပုထိုးတော်ကို ရဟန္တာ အရှင်ဣန္ဒဂုတ္တက စီမံဆောက်လုပ်ခဲ့သည်။ အဆောက်အအုံတစ်ခုလုံး ဆောက်လုပ်ရေးတွင် သူကိုယ်တိုင် ကြီးကြပ်ဆောက်လုပ်ခဲ့သည်။ ထို့အပြင် ရဟန်းတော်များသည် အုတ်များ၊ ဆုံများ၊ အုတ်ခွက်များဖြင့် ပန်းရံလုပ်ငန်းများတွင် လုပ်ဆောင်ပေးရသော အလုပ်ကြမ်းများကိုပင် လုပ်ဆောင်ခဲ့ကြကြောင်း တွေ့ရသည်။

ဒုဋ္ဌဂါမဏိမင်း လက်ထက်မှ စတင်ပြီး သီရိလင်္ကာရဟန်းတော်များသည် ဘာသာရေးနှင့် နိုင်ငံ့အရေးဆောင်ရွက်ချက်များအပေါ် စိတ်ဝင်စားမှုမှာ ပိုမိုတိုးပွားလာခဲ့ကြသည်။ ရဟန်းတော်များသည် ဘုရင်အဖြစ် ရွေးချယ်ခြင်း၊ ခန့်အပ်ခြင်းစသော အလွန်တရာ အရေးကြီးသော နိုင်ငံရေးဆောင်ရွက်ချက်များကိုပင် အဓိကအခန်းကဏ္ဍမှနေ၍ ဆောင်ရွက်ခဲ့ကြသည်။ သဒ္ဓါတိဿမင်း နတ်ရွာစံသောအခါ မင်းသားလဇ္ဇိတိဿသည် ဘုရင်ဖြစ်သင့်ဖြစ်ထိုက်သူတစ်ယောက် ဖြစ်သည်။ သို့ရာတွင် ရဟန်းတော်များသည် ထူပါရာမကျောင်းတော်တွင် စည်းဝေးပြီး အကြောင်းအချက်အလက်အချို့ကြောင့် လဇ္ဇိတိဿမင်းသားကို ဘုရင်အဖြစ် မရွေးချယ်ဘဲ အားလုံး၏သဘောတူညီချက်နှင့်အညီ ထုလ္လသနမင်းသားကို ဘုရင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ 

ဝိဇယဗာဟုမင်း နတ်ရွာစံသောအခါ ရဟန်းတော်များသည် ၀ိဇယဗာဟုမင်း၏ ညီမတော်၊ သူမ၏ သားသုံးယောက်နှင့် ၀န်ကြီးများကို ခေါ်ပြီး ယုဝဗာဟုမင်းသားကို ဘုရင်အဖြစ် ရွေးချယ်ပေးခဲ့သည်။ ရာဇာဓိရာဇသီဟမင်း နတ်ရွာစံသောအခါ ၀န်ကြီးများနှင့် ရဟန်းတော်များက သီရိဝိကရမသီဟကို ထီးနန်းပေးအပ်ခဲ့ကြသည်။ ………

ဤသို့အားဖြင့် သီရိလင်္ကာနိုင်ငံသမိုင်းတွင် ရှေးအခါမှစပြီး လွန်ခဲ့သောနှစ်များအထိ ရဟန်းတော်များသည် များစွာသော မိမိတို့တာဝန်များကို ထမ်းဆောင်ကြသည့်အပြင် အခြားအရေးကြီးသော ဘုရင်ရွေးချယ်ရေး (နိုင်ငံ့ခေါင်းဆောင်ရွေးချယ်ရေး)စသော တာဝန်ကြီးများကို အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်မှာ ထင်ရှားပါသည်။

Sunday, October 2, 2011

ရဟန်းတော်များ၏ အမွေအနှစ် (၄)



သီရိလင်္ကာလူမျိုးတို့၏ အမျိုးသားဗုဒ္ဓဘာသာ 
သို့မဟုတ် 
သီရိလင်္ကာဗုဒ္ဓဘာသာ မိတ်ဆက်

သီရိလင်္ကာနိုင်ငံမှာ ဒေ၀ါနံ ပိယတိဿမင်း နန်းစံချိန် ဘီစီ ၃-ရာစုမှာ အိန္ဒိယနိုင်ငံ အင်ပါယာအသောကမင်းကြီး၏ သားတော် အရှင်မဟိန္ဒမထေရ်က သီရိလင်္ကာနိုင်ငံသို့ ကြွရောက်ပြီး ဗုဒ္ဓဘာသာကို သယ်ဆောင်ပေးခဲ့ပါသည်။ အရှင်မြတ်ဟာ ဗုဒ္ဓဘာသာတစ်ခုတည်းသာမက ဗုဒ္ဓကျမ်းစာများ၊ ထိုခေတ်အခါက အမြင့်ဆုံးအခြေအနေတွင် ရှိသည့် ဗုဒ္ဓဘာသာယဉ်ကျေးမှုများကိုပါ သယ်ဆောင်မိတ်ဆက်ပေးခဲ့သည်။ ထိုအခါက သီရိလင်္ကာနိုင်ငံမှာ အိန္ဒိယနှင့်နှိုင်းစာလျှင် အဖက်ဖက်က နိမ့်ကျသောနိုင်ငံတစ်ခု ဖြစ်သည်။ 

သီရိလင်္ကာလူမျိုးများသည် ဗုဒ္ဓဘာသာကို လက်ခံကျင့်သုံးပြီးနောက်မှသာ နိုင်ငံခြားတိုင်းပြည်များအတွင်း ထင်ရှားပြီး တိုင်းပြည်တစ်ခုအနေဖြင့် တိုးတက်ထွန်းကားလာနိုင်ခဲ့သည်။ သီရိလင်္ကာစာပေ၊ အနုပညာ၊ လက်မှုပညာ၊ ဗိသုကာပညာ၊ မြို့တည်ဆောက်မှုစနစ်၊ ပညာရေး၊ ကျန်းမာရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေး၊ ကောင်းမွန်သော အကျင့်စာရိတ္တ၊ စီးပွားရေး၊ နိုင်ငံရေး စသည်တို့သည် အရှင်မဟိန္ဒမထေရ်နှင့်ရဟန်းသံဃာတော်များ၏ လမ်းညွှန်မှုအောက်တွင် တဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။

အရှင်မဟိန္ဒ၏ စိတ်ကူးမှာ ဗုဒ္ဓဘာသာကို သီရိလင်္ကာနိုင်ငံ၏ နိုင်ငံတော်ဘာသာဖြစ်ဖို့၊ သီရိလင်္ကာနိုင်ငံသားတို့၏ အမွေအနှစ်တစ်ခု ဖြစ်လာစေဖို့၊ သီရိလင်္ကာမြေပေါ်မှာ ခိုင်ခိုင်မာမာနှင့် ထာဝရတည်ရှိစေဖို့ ဖြစ်သည်။ လွန်ခဲ့သော အတိတ်ကာလများက အနောက်နိုင်ငံများမှ ရောက်ရှိလာသော ခရစ်ယာန်သာသနာပြုက ဘာသာရေးကို အကြောင်းပြုပြီး ပိုင်ဆိုင်မှုနှင့် အာဏာများ ရရှိဖို့ အားထုတ်လာကြပါ၏။ သို့ရာတွင် အရှင်မဟိန္ဒကား ထိုကဲ့သို့ စိတ်ကူးမျိုး အနည်းငယ်မျှ မထားရှိခဲ့ပါ။ ထိုကဲ့သို့ သာသနာပြုများ ၀င်ရောက်လာခြင်းကိုလည်း စိုးရိမ်သောအတွေးမျိုးလည်း မထားရှိခဲ့ပါ။ 

ဒေ၀ါနံ ပိယတိဿမင်းကြီးကို ပြောပြခဲ့ဖူးပါသည်။ “ဒီမြေဒီရေမှာ မွေးဖွားလာတဲ့သူတွေက မြတ်စွာဘုရားရှင်၏ တရားတော်များကို ကျင့်သုံးလိုက်နာပြီး မိမိတို့၏ သားသမီးမြေးမြစ်များကိုလည်း သင်ပြ၊ သာသနာ့ဘောင်သွတ်သွင်း၊ တရားတော်များကို ကျင့်သုံးလိုက်နာစေလျှင် ဒီမြေဒီရေမှာ သာသနာအမြစ်တွယ်ပြီ။ သာသနာအမြစ်တွယ်လျှင် ဒီမြေဒီရေမှာ သာသနာဟာ လုံးဝမှေးမှိန်သွားစရာ အကြောင်းမရှိပါဘူး”။

အထက်ပါ ပုံစံမျိုးဖြင့် တိုင်းပြည်တစ်ခုမှာ ဗုဒ္ဓဘာသာကို တည်ထောင်သောကိစ္စမှာ ပါဠိစာပေမှာကား မတွေ့ရပေ။ (စာရေးသူ သိသလောက်တော့ ပါဠိစာပေမှာ ရှိပါသည်။ ၀ိနည်းအဋ္ဌကထာမှာ ဖြစ်သည်။ ၀ိနည်းအဋ္ဌကထာကို ဘုရားဟောပါဠိတော်အဖြစ် အသိအမှတ် မပြုသောကြောင့် ထိုကဲ့သို့ ရေးသလားဟု တွေးမိသည်။ ဘာသာပြန်သူ။) အရှင်မဟိန္ဒ၏ ဆန္ဒကား ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာဖြစ်ဖို့၊ သူရည်မှန်းတိုင်းလည်း ဖြစ်ခဲ့ပါသည်။ ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံနှင့် ဗုဒ္ဓဘာသာသည် အချင်းချင်း ခွဲခြားလို့ မရနိုင်လောက်အောင် တစ်သားတည်း တစ်သွေးတည်း ဖြစ်လာခဲ့သည်။ 

ဗုဒ္ဓဘာသာကို စတင်မိတ်ဆက်ခဲ့သော ဘီစီ ၃-ရာစုမှ သီရိလင်္ကာလူမျိုးဘုရင်များ ကျဆုံးချိန် ၁၉-ရာစုအထိ နှစ်ပေါင်း ၂၂၀၀-အတွင်း သီရိလင်္ကာလူမျိုးတို့သည် ဗုဒ္ဓဘာသာကိုသာ ယုံကြည်ခဲ့ကြသည်။ တိုင်းပြည်ပလ္လင်ပေါ်တွင်လည်း ဗုဒ္ဓဘာသာမင်းများသာ နေရာရခဲ့သည်။ အခြားဘာသာအယူအဆရှိသူများ မည်သူမျှ မပါဝင်ခဲ့ပေ။ ဗုဒ္ဓဘာသာယုံကြည်မှုမှာ ၁၀-ရာစုတွင် အလွန့်အလွန် မြင့်တက်ခဲ့သည်။ ထိုအကြောင်းကို မဟိန္ဒမင်းလက်ထက် ကျောက်စာတွင် ဖော်ပြထားသည်။ ထိုကျောက်စာတွင် မင်းအဖြစ်ကို သာမာန်ဗုဒ္ဓဘာသာများပင် ရယူခွင့်မရှိ၊ ဘုရားလောင်းများသာ မင်းဖြစ်ခွင့်ရှိသည်။ မင်းအဖြစ်ကို မြတ်စွာဘုရားရှင်ထံမှ ဗျာဒိတ်ရယူခဲ့သည်ဟုပင် ဆိုထားသည်။

ထို့အပြင် အလားတူ ကျောက်စာတစ်ခုတွင် သီရိလင်္ကာဘုရင်များသည် ဗုဒ္ဓဘာသာကို ကာကွယ်ရန်အတွက် သံဃအဖွဲ့အစည်းထံမှ သူတို့ ရုံးစိုက်ရာ နန်းတော်ကို လက်ခံရယူရကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံတွင် ဘုရင်တစ်ပါးဖြစ်ဖို့ရန်အတွက် သံဃာတော်များ၏ သဘောတူညီမှုကို ရယူရသည်မှာ ထင်ရှားသည်။ ၉-ရာစု နန်းတက်ပွဲတစ်ခုကို ဘုန်းကြီးကျောင်းတွင် သံဃာတော်များ၏ ရှေ့မှောက်၌ ဘာသာရေးအခမ်းအနားများနှင့်မခြား ကျင်းပသွားခဲ့ကြောင်း မဟာဝံသ၌ ဖော်ပြထားသည်။ 

နိဿကမလ္လဘုရင် ကျောက်စာများတွင် 
“သီရိလင်္ကာနိုင်ငံကို ဗုဒ္ဓဘာသာက ပိုင်ဆိုင်သည်၊ ထို့ကြောင့် ချိုလ (စောဠ)နှင့် ကေဠာရတိုင်းပြည်များ၏ ဗုဒ္ဓဘာသာမဟုတ်သူဘုရင်များအတွက် သီရိလင်္ကာနိုင်ငံ ထီးနန်းကို ပိုင်ဆိုင်ခွင့် မရှိ” 
ဟု ပြဆိုထားသည်။

ထိုဖော်ပြချက်ကို ၁၃-ရာစုတွင် ရေးသားခဲ့သော စာအုပ်တစ်အုပ်ဖြစ်သည့် ပူဇာဝလိယတွင် အောက်ပါအတိုင်း ထပ်မံရှင်းပြ ဖွင့်ဆိုထားသည်။
“သီရိလင်္ကာနိုင်ငံကို ဗုဒ္ဓဘုရားရှင်က ပိုင်ဆိုင်သည်။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးနှင့် ဖြည့်ဆီးထားသော ရတနာသိုက်ကြီးတစ်ခုနှင့်ပင် တူသည်။ ထို့ကြောင့် မှားယွင်းသောအယူရှိသူများ ဤကျွန်းတွင် နေထိုင်လျှင် ကြာရှည်စွာ တည်ရှိလိမ့်မည်မဟုတ်။ ရှေးအခါက ဤကျွန်းနိုင်ငံတွင် နေခဲ့သော ယက္ခလူမျိုးများ ကြာရှည်စွာ မတည်ရှိနိုင်ခဲ့။ အင်အားမမျှတသဖြင့် ဗုဒ္ဓဘာသာဝင်မဟုတ်သူများ တစ်ချိန်တစ်ခါက အုပ်ချုပ်ဖူးကောင်း အုပ်ချုပ်ဖူးလိမ့်မည်။ သို့ရာတွင် ထိုအုပ်ချုပ်သူများသည် သူတို့အဆက်အနွယ်ကို တည်ထောင်နိုင်ကြလိမ့်မည် မဟုတ်။ ဤသည်မှာ မြတ်စွာဘုရားရှင်၏ ထူးခြားသော စွမ်းရည်တစ်ရပ်ပင် ဖြစ်သည်။ သို့အတွက်ကြောင့် သီရိလင်္ကာကျွန်းသည် မှန်ကန်သောသမ္မာဒိဋ္ဌိအယူရှိသူ ရှင်ဘုရင်များအတွက်သာလျှင် အကျိုးစီးပွားဖြစ်ထွန်းသည်။ ထိုမှန်ကန်သောသမ္မာဒိဋ္ဌိအယူရှိသူ ဘုရင်မင်းဆက်များသည်သာ အစဉ်အဆက် တည်ရှိပြီး တိုးတက်ထွန်းကားပေလိမ့်မည်။”

ကန္ဒီမြို့ရှိ မာလ်ဝတ္တဆိုင်ရာ သံဃာတော်များမှ သီရိလင်္ကာနိုင်ငံဆိုင်ရာ ဒပ်ခ်ျအုပ်ချုပ်ရေးတာဝန်ခံထံသို့ ပေးပို့သော သီရိလင်္ကာနိုင်ငံ ဥပဒေကို ရှင်းပြထားသော စာတွင် 
“သီရိလင်္ကာနိုင်ငံဘုရင်တစ်ပါး (အုပ်ချုပ်သူ)အနေဖြင့် ပထမဆုံး လိုက်နာစောင့်ထိန်းရမည့် ဥပဒေတစ်ရပ်မှာ ဗုဒ္ဓဘာသာမှတစ်ပါး အခြားအယူဝါဒ ဘာသာတစ်ခုခုကို ယုံကြည်ကိုးကွယ်ခြင်း မပြုရ”
ဟု ဖော်ပြထားသည်။

သမိုင်းဆိုင်ရာ အထောက်အထားများက ဗုဒ္ဓဘာသာသည် သီရိလင်္ကာနိုင်ငံ ဘုရင်စနစ်၏ ဖွဲ့စည်းပုံဥပဒေတစ်ခုအနေဖြင့် တည်ရှိကြောင်း ထင်ရှားစွာ ဖော်ပြထားသည်။ ဗုဒ္ဓဘာသာကို ဆန့်ကျင်တိုက်ခိုက်ခြင်းသည် နိုင်ငံတော်ကို သစ္စာဖောက်မှုတစ်ခုအဖြစ် သဘောထားသည်။ ဓာတုသေနမင်းလက်ထက်မတိုင်ခင် သီရိလင်္ကာဘုရင်များကို ဆန့်ကျင်ပြီး တမီးလ်အုပ်ချုပ်ရေးကို ထောက်ပံ့ကူညီသော သီရိလင်္ကာခေါင်းဆောင်များရှိခဲ့သည်။ ထိုခေါင်းဆောင်များကို ဓာတုသေနမင်းက နိုင်ငံတော်နှင့်ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်မှုမပြုသူများဟု စွပ်စွဲခဲ့သည်။

မလ်ဝတ္တနယ်မြေရှိ သံဃာတော်များက ဒပ်ခ်ျအစိုးရထံ ပေးပို့သော စာတွင်
“သီရိလင်္ကာရှေးဟောင်း ဥပဒေအရ စေတီပုထိုး သို့မဟုတ် မြင့်မြတ်သော မဟာဗောဓိပင်ကို ထိခိုက်အောင် လုပ်လျှင်၊ ဖျက်ဆီးလျှင် မည်သူမဆို သေဒဏ်အပြစ်ပေးခံရမည်” 
ဟု ပါရှိသည်။

ထိုဥပဒေများကြောင့် တစ်ခါတစ်ခါ လက်နက်အားဖြင့် ကျူးကျော်ပြီး သီရိလင်္ကာနိုင်ငံ၏ ဘုရင်ဖြစ်လာတတ်သော တမီးလ်လူမျိုးဘုရင်များသည်ပင် ဗုဒ္ဓဘာသာဘုရင်များကဲ့သို့ အုပ်စိုးခဲ့ကြသည်ကို တွေ့ရသည်။ ထိုအချက်ကို ပြောနိုင်သော အခိုင်အမာ အထောက်အထား များစွာရှိပါသည်။ ထိုသို့ ဗုဒ္ဓဘာသာဘုရင်များလို အုပ်ချုပ်သော်လည်း ထိုဘုရင်များမှာ ဗုဒ္ဓဘာသာများ မဟုတ်ခဲ့ကြပါ။ သူတို့သည် နိုင်ငံရေးအခြေအနေအရ အဆင်ပြေချောမွေ့စေဖို့ ဗုဒ္ဓဘာသာလို ဟန်ဆောင်ထားသောဘုရင်များသာ ဖြစ်ကြသည်။ (ယနေ့ခေတ်တွင်လည်း များစွာသော အုပ်ချုပ်သူတို့သည် ထိုကဲ့သို့ တိုင်းပြည်ကို လှည့်ဖြားရန် ဗုဒ္ဓဘာသာအရေခြုံထားကြသည်ကို တွေ့ရသည်။ ဘာသာပြန်သူ) အေစီ ၅-ရာစုတွင် တမီးလ်ဘုရင် ခုဒ္ဒပရိန္ဒသည် သီရိလင်္ကာနိုင်ငံ ထီးနန်းကို စိုးစံခဲ့သည်။ ထိုဘုရင်သည် သူ့နာမည်ရှေ့တွင် “ဗုဒ္ဓဒါသ - ဘုရားကျွန်”ဟူသော ရှေ့ဆက်စကားလုံးကို ထည့်သွင်းအသုံးပြုခဲ့သည်။ ပြည်သူများက သူ့ကို ဗုဒ္ဓဘာသာဟု ထင်မြင်စေရန်ဖြစ်သည်။ ကန္ဒီခေတ်က တမီးလ်ဘုရင်များသည်လည်း ဗုဒ္ဓဘာသာကို လက်ခံပြီး ဗုဒ္ဓဘာသာလို နေထိုင်သွားခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့နိုင်သည်။

သီရိလင်္ကာအစိုးရသည် အိန္ဒိယနိုင်ငံမှ ဆင့်ပွားရယူခဲ့သော မြင့်မြတ်သော မဟာဗောဓိပင်၊ သပိတ်တော်၊ အံတော်၊ ဆံတော် စသော ဓာတ်တော်မွေတော်များကဲ့သို့သော မြင့်မြတ်သောအရာများကို အစောင့်အရှောက်များထားရှိပြီး ကာကွယ်ထိန်းသိမ်းထားခဲ့ကြသည်။ ထို့အပြင် ရုဝဏ်ဝေလိ ပုထိုးတော် စသော သာသနာ့အဆောက်အအုံများကိုလည်း သီရိလင်္ကာနိုင်ငံတော်၏ ရတနာများသဖွယ် ထိန်းသိမ်းထားသည်။ မောဂ္ဂလာန်ဘုရင်လက်ထက် အိန္ဒိယနိုင်ငံမှ မြတ်စွာဘုရားရှင်၏ ဆံတော်ရောက်ရှိလာပြီးနောက်ပိုင်းတွင် အသိဂ္ဂါဟက ဟူသော နန်းတွင်းဂုဏ်ပြု အထူးတံဆိပ်တော်ကို ပြုလုပ်ပေးအပ်လေ့ရှိသည်။ သီရိလင်္ကာနိုင်ငံ၏ ထင်ရှားသော ပွဲတော်မှန်သမျှသည် ဘာသာရေးနှင့် ဆက်စပ်သည်ကသာ များလေသည်။

ဤသို့ဖြင့် သီရိလင်္ကာနိုင်ငံတွင် ဘာသာရေး၊ နိုင်ငံတော်အရေး စသည်တို့မှာ တစ်သွေးတည်းတစ်သားတည်း ညီညွတ်နေခဲ့သည့်အတွက် ရဟန်းတော်များသည် နိုင်ငံတော် ကာကွယ်ရေး၊ ပြည်သူများ လွတ်လပ်ရေးနှင့် လူမှုရေးကိစ္စများစွာတို့တွင် ဘက်ပေါင်းစုံမှ စတင်ပါဝင်လာခဲ့ကြသည်။

အခန်း (၁)
အခန်း (၂)
အခန်း (၂) အဆက်
အခန်း (၃)

ဆက်လက်ဖော်ပြပါမည် .... 

Saturday, October 1, 2011

ရဟန်းတော်များ၏ အမွေအနှစ် (၃)


(ရဟန်းတော်များ၏ အမွေအနှစ် ဆိုပြီး အခန်းဆက် ဘာသာပြန်လာတာ လွန်ခဲ့တဲ့ နှစ်ကတည်းကပါ။ အကြောင်းအမျိုးမျိုးကြောင့် ဆက်လက် မပြန်ဆိုဖြစ်ခဲ့ဘူး။ တကယ်တော့ စာအုပ်က အစပဲ ရှိသေးတာပါ။ နောက်ပိုင်းတွေမှာ စာရေးဆရာရဲ့ ဗုဒ္ဓဘာသာအပေါ်အမြင်တွေ၊ ရဟန်းတော်များရဲ့ အခန်းကဏ္ဍတွေ၊ ၀ိနည်းစည်းကမ်းတွေအပေါ်မှာ ယခုခေတ် (မြန်မာ)ရဟန်းတော်များမြင်ပုံနှင့် ကွဲပြားပုံတွေ၊ လူမှုရေး၊ နိုင်ငံရေး စတာတွေနဲ့ ရဟန်းတော်များကဏ္ဍ စသဖြင့် စုံစုံလင်လင် တွေ့ရပါလိမ့်မယ်။ စာဖတ်သူများအနေနဲ့ လက်မခံနိုင်ဘူးဆိုရင် ပယ်လိုက်ပေါ့။ လက်ခံတယ်ဆိုရင်လည်း နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြပေါ့။ စာရေးသူကတော့ အလွန်ကြိုက်၏)

စာဖတ်သူတွေလည်း အရင် အခန်းတွေ မေ့သွားလောက်ပြီ။ စိတ်ဝင်စားရင် အရင်အခန်းတွေက စ ဖတ်ပေါ့။

အခန်း (၁)
အခန်း (၂)
အခန်း (၂) အဆက်





သင်္ဂါယနာများ

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီး လအနည်းငယ် (၃-လ)အကြာမှာ ကျင်းပခဲ့တဲ့ ပထမသင်္ဂါယနာမှာ သိက္ခာပုဒ်အသေးအမွှားလေးများကိစ္စကို သင်္ဂါယနာတင် ရဟန္တာမထေရ်ကြီးများ ဆွေးနွေးငြင်းခုံခဲ့ကြသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး မထေရ်များအကြား အယူအဆ ကွဲပြားသွားခဲ့ကြသည်။ မြတ်စွာဘုရားသက်တော် ထင်ရှားရှိစဉ်က သိက္ခာပုဒ်အသေးအမွှားလေးများနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မေးမြန်းလျှောက်ထားခြင်း မရှိသည့်အတွက် အရှင်အာနန္ဒာအား အပြစ်တင်ခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀-ခန့်ကတည်းက အခြေအနေအရပ်ရပ်များသည် တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့ကြ၏။ အဏုမြူခေတ်ဟုခေါ်သော ယနေ့ခေတ်တွင်ပင် တိုင်းပြည်တစ်ခု၏ စီးပွားရေး၊ လူမှုရေးပုံသဏ္ဍာန်များသည် ၂-လ သို့မဟုတ် ၃-လအတွင်း များများစားစား ပြောင်းလဲမသွားကြပေ။ သို့အတွက်ကြောင့် မြတ်စွာဘုရားပရိနိဗ္ဗာန်စံချိန်နှင့် ပထမအကြိမ် သင်္ဂါယနာတင်ချိန်ကာလအကြား လအနည်းငယ်အချိန်လေးအတွင်း အိန္ဒိယပြည်တွင် စီးပွားရေးနှင့်လူမှုရေးပုံစံများ များစွာပြောင်းလဲသွားသည်ဟု ဆိုရန်မှာ မဖြစ်နိုင်ချေ။ ထိုသို့အပြောင်းအလဲ အချိုးအကွေ့များ မရှိသေးသည့်အတွက် သိက္ခာပုဒ်ငယ်များ ထည့်သွင်းခြင်း၊ ပယ်နုတ်ခြင်းပြုဖို့ လိုအပ်လိမ့်အုံးမည် မဟုတ်ပေ။ 

ထိုအခါ ပုရာဏဟုအမည်ရသော မထေရ်ကြီးတစ်ပါး ရှိခဲ့သည်။ သူက (သိက္ခာပုဒ်ငယ်များ ထည့်သွင်းခြင်း၊ ပယ်နုတ်ခြင်း မပြုလုပ်ဖို့ ဆုံးဖြတ်ချက်ကို) သဘောတူသည်။ သို့ရာတွင် “ငါကတော့ မြတ်စွာဘုရားခြေတော်ရင်းကနေ ငါကြားခဲ့၊ လေ့လာခဲ့တဲ့အတိုင်း မြတ်စွာဘုရားတရားတော်များကို စိတ်ထဲမှာ သိမ်းထားပါတယ်”ဟု ဆိုခဲ့သည်။

မြတ်စွာဘုရားရှင်ခေတ် နောက်ပိုင်း နှစ်ပေါင်း ရာချီလာသောအခါ စီးပွားရေးနှင့် လူမှုရေးပုံစံများ၊ လူသားတို့၏ အတွေးအခေါ်များမှာ ပြောင်းလဲမှုများစွာကို ကျော်ဖြတ်လာခဲ့ရပါလိမ့်မည်။ မြတ်စွာဘုရားပညတ်ထားခဲ့သော သိက္ခာပုဒ်များနှင့် ပတ်သက်သော ကွဲပြားသော အထင်အမြင် ယူဆချက်များလည်း ရဟန်းတော်များအကြား ပေါ်ပေါက်လာခဲ့သည်။ ဝေသာလီပြည်က ၀ဇ္ဇီတိုင်းသား ရဟန်းတော်များက သံဃာများအကြား အငြင်းပွားဖွယ်ရာ အချက် (၁၀)ချက်ကို တင်ပြလာခဲ့ကြသည်။

ဝိနည်းပိဋကကို တည်းဖြတ်ခဲ့သော ဟာမန်း အိုးလ်ဒင်းဘာဂ့်က အဆိုပါ အချက် (၁၀)ချက်ကို ရည်ညွှန်းလျှက် “ဒီမေးခွန်းထုတ်စရာ အချက် (၁၀)ချက်ဟာ အဲဒီခေတ် သံဃအဖွဲ့အစည်းရဲ့ နေထိုင်မှုအခြေအနေ တကယ့် သွင်ပြင်လက္ခဏာပါပဲ။ နေ့လွဲညစာ စားသောက်ခြင်းကိစ္စမှာ နေမလွဲခင်သာ စားရမလား၊ နေရိပ်လက်နှစ်သစ်စာလောက် လွဲတဲ့အချိန်မှာကော စားလို့ မရဘူးလား … စသည်ဖြင့် အငြင်းပွားခဲ့ကြပါတယ်”ဟု ဆိုထားသည်။ ၀ဇ္ဇီတိုင်းသား ရဟန်းတော်များ အဆိုပြုခဲ့သော အချက် (၁၀)ချက်သည် မြတ်စွာဘုရားပညတ်ထားခဲ့သော ၀ိနည်းတော်နှင့် ဆန့်ကျင်ကြောင်းကို ဖြေရှင်းသည့်အနေဖြင့် အရှင်ယသ၊ အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ ဦးဆောင်သော ရဟန်းတော်များက ကာလာသောကမင်း၏ ပစ္စည်းလေးပါး အထောက်အပံ့ဖြင့် ဒုတိယသင်္ဂါယနာကို တင်ခဲ့ကြသည်။ ထိုမထေရ်များ တင်ခဲ့သော သင်္ဂါယနာကို သဘောမတူသော အခြားသံဃာတော်များက သီးခြားသင်္ဂါယနာတင်ခဲ့သည်။ သူတို့ဂိုဏ်းကိုလည်း မဟာသံဃိကဂိုဏ်း (ကြီးကျယ်မြင့်မြတ်သော သံဃာတော်များဖြင့် ဖွဲ့စည်းထားသော ဂိုဏ်း)ဟု အမည်ပေးခဲ့ကြသည်။ ဤသို့ဖြင့် နောင်နှစ်ပေါင်း တစ်ရာ၊ နှစ်ရာခန့်ရောက်သောအခါမှာလည်း တရားတော်များနှင့် ၀ိနည်းသိက္ခာပုဒ်များဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်ပြီး ဂိုဏ်းပေါင်း (၁၈)ဂိုဏ်း ကွဲပြားလာခဲ့သည်။ မထေရ်ကြီးများလမ်းစဉ်အတိုင်း လိုက်သူတို့ဘက်တွင် ဂိုဏ်းကွဲများ ပိုမို များပြားခဲ့သည်။

ကာလ်ကတ္တားတက္ကသိုလ်မှ ပါမောက္ခ ဘီအမ် ဘာရူးက “ဒေါက်တာ အန် ဒက်ဒ်ပြောတာကို ကျွန်တော် လုံးဝထောက်ခံပါတယ်။ ကျွန်တော်တွေးမိတယ်။ အခုလို ဂိုဏ်း (၁၈)ဂိုဏ်း ကွဲပြားတယ်ဆိုတာ ရောဂါဖြစ်တာ မဟုတ်ဘူး၊ ကျန်းမာရေးကောင်းမွန်တဲ့ လက္ခဏာပဲ (ဂိုဏ်းကွဲတယ်ဆိုတာ အနုတ်လက္ခဏာပြတာ၊ မကောင်းတာ မဟုတ်ဘူး၊ ကောင်းမွန်တဲ့ လက္ခဏာပဲ။ ဒါဟာ ဗုဒ္ဓဘာသာ တန့်သွားခြင်း၊ ကျဆုံးခြင်းကို ပြတာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာဟာ အခြေအနေအရပ်ရပ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိတယ်၊ သွက်လက်ချက်ခြာတယ်ဆိုတာကို ထင်ထင်ရှားရှား သက်သေပြတာပဲ ဖြစ်တယ်”ဟု ဆိုခဲ့သည်။

ထိုဂိုဏ်းကွဲများစွာ ကွဲထွက်သွားခဲ့ခြင်းကြောင့် ဘီစီ ၃-ရာစုမှာ အင်ပါယာရှင် အသောကမင်းလက်ထက်တွင် အရှင်မဟာမောဂ္ဂလိပုတ္တ ဦးဆောင်လျှက် တတိယသံဂါယနာကို တင်ခဲ့ကြသည်။ တတိယသံဂါယနာအပြီးတွင် သာသနာပြုလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် ပြုလုပ်လာခဲ့ကြသည်။ အသောကမင်း အထောက်အပံ့ဖြင့် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုပုဂ္ဂိုလ်များကို စေလွှတ်ခဲ့သည်။

Monday, September 5, 2011

ငရဲပြည်သို့ အလည်ခရီး




ထူးထူးဆန်းဆန်းတွေ စိတ်ဝင်စားတဲ့ လူတစ်စုဟာ ပီနန်ကျွန်းမှာ ကျင်းပတဲ့ “ငရဲပြည်သို့ အလည်သွားခြင်း” ခရီးစဉ်မှာ ပါဝင်ခဲ့ကြပါတယ်။ ငရဲပြည်အနှံ့ လျှောက်လည်ကြရမယ့် ဒီခရီးစဉ်ကို ဦးဆောင်သူကတော့ ဇီဘိုင် ဂွမ်ရင် ဓမ္မစင်တာ (Tze Bei Guan Yin Dhamma Centre) က ဆရာတော် ကက် အန်း စိန် (Kek Eng Seng) ဖြစ်ပါတယ်။ ဒီဆရာတော်က ငရဲပြည်အထပ်ထပ်နဲ့ နတ်ပြည်ဗြဟ္မာပြည်အနှံ့ လျှောက်လည်နိုင်စွမ်းရှိတယ်လို့ အတိအလင်း ကြေငြာထားတဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ ဆရာတော် မလေးရှားကို ရောက်လာတာနဲ့ လူတွေကို ဘ၀တစ်ပါးကို သွားလည်နိုင်အောင် လုပ်ပေးမယ်လို့ ပြောပါတယ်။

အံ့သြစရာပါပဲ။ မလေးရှားနိုင်ငံ အနှံ့အပြားက လူပေါင်း ၂၀၀-ကျော်လောက်ဟာ ဒီထူးခြားတဲ့ သာမန်မဟုတ်တဲ့ ငရဲပြည်ခရီးစဉ်မှာ လိုက်ပါလိုကြောင်း စာရင်းပေးသွင်းကြပါတယ်။ အမြင်အာရုံမကောင်းသူများနဲ့ အချို့ မွေးနေ့ရှင်များကိုတော့ ဆရာတော်က စာရင်းကနေ ပယ်ဖျက်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများကိုလည်း ငရဲပြည်ခရီးစဉ်မှာ လိုက်ပါခွင့်မပြုပါဘူး။ နောက်ဆုံးမှာ ငရဲပြည်ကို လိုက်ပါခွင့်ပြုသူ ဦးရေ အမျိုးသားအမျိုးသမီး ၅၀-သာ ကျန်ပါတယ်။ ငရဲပြည် ခရီးသွားတွေထဲမှာ တရုတ်လူမျိုးများ နေ့စဉ်သတင်းစာနဲ့ နေ့စဉ်ချီလီသတင်းစာတို့မှ သတင်းထောက် ၁၂-ယောက်ခန့်ပါဝင်ခဲ့ပါတယ်။

ကြာသပတေးနေ့နဲ့ သောကြာနေ့ (သြဂုတ် ၃၁-ရက်နေ့နဲ့ စက်တင်ဘာ ၁-ရက်နေ့)တွေမှာ မိုးက တစ်နေကုန် သည်းကြီးမဲကြီး ရွာပါတယ်။ ဒါပေမယ့် စနေနေ့ကျတော့ မိုးက လုံးဝ မရွာတော့ပါဘူး။ စနေနေ့က ငရဲပြည် အလည်သွားမယ့်နေ့ပေါ့။ ဆရာတော် ကက်က “ကျုပ် ကွမ်ရင်နတ်ကို ကျုပ်တို့ ငရဲပြည်ခရီးစဉ်ရှိလို့ မိုးရပ်ပေးပါလို့ တောင်းဆိုတဲ့အတွက် မိုးရပ်သွားတာ”လို့ ပြောပါတယ်။ ညကျတော့ ငရဲသွားမယ့်ခရီးသည်အားလုံးဟာ အဖြူရောင်ရှပ်အကျီ င်္ကိုယ်စီဝတ်ကြရပါတယ်။ အဖြူရောင်ဝတ်ရတာကတော့ ဖြူစင်မှုနဲ့ ရိုးသားမှုကို ကိုယ်စားပြုတဲ့သဘောပါပဲ။ ပီနန်ကျွန်း၊ ပဒန်းဘရောင်းနယ်မြေမှာ စတင်စုရုံးကြပါတယ်။ ဘုရားရှိခိုးခြင်းနဲ့ အခြားလုပ်သင့်လုပ်ထိုက်သော ဘာသာရေးအစဉ်အလာတွေ အားလုံးပြီးတဲ့အခါ ည ၁၀း၁၅ မိနစ်မှာ ငရဲပြည်ခရီးစဉ်ကို စတင်ထွက်ခွါခဲ့ကြပါတယ်။ 
ကျွန်တော်တို့ မျက်လုံးတွေကို ဆရာတော်က ကံကြမ္မာစာရွက် သို့မဟုတ် အစွမ်းရှိတဲ့ စာရွက်နဲ့ ဖုံးအုပ်လိုက်ပါတယ်။ ပြီးတော့ အပေါ်ကနေ အ၀ါရောင်အ၀တ်စနဲ့ ချည်နှောင်လိုက်ပါတယ်။ နောက်ဆုံး မီးတွေအားလုံးကို ပိတ်ပြီး အမှောင်ချလိုက်ပါတယ်။ ထိုအချိန်မှာ ဆရာတော် ကက်က ဘုရားစာတွေ စတင်ရွတ်ဖတ်ပါတယ်။ ဆရာတော် စ ရွတ်လိုက်တာနဲ့ ကျွန်တော့်ခေါင်းက အင်မတန် ပူလောင်လာတာကို သတိပြုမိပါတယ်။ ဘယ်လိုလဲဆိုတော့ ပူပြင်းတဲ့ စမ်းချောင်းလေးက ကျွန်တော့်ခန္ဓာကိုယ်ထဲကနေ အထက်ကို ဖောက်ထွက်တော့မယ့်အတိုင်းပါပဲ။ (နောက်ပိုင်းမှာ ဆရာတော်က ဒီလို ဖြစ်တာဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ကြောင်း၊ အမှန်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ၀ိညာဏ်က အပြင်ကို ကြိုးစားထွက်နေလို့ ဒီလို ခံစားနေရတာဖြစ်ကြောင်း ရှင်းပြပါတယ်။) ဒီလိုဖြစ်တာဟာ ၃-ကြိမ်၊ ၄-ကြိမ်လောက် ဖြစ်ပါတယ်။ ဒါပေမယ့် ခဏချင်းအတွင်းမှာ ပျောက်သွားတာချည်းပါပဲ။

ကျွန်တော် ကြိုးစားပြီး စိတ်ကို ထိန်းပါတယ်။ ဒါပေမယ့် ခပ်လှမ်းလှမ်းမှာရှိတဲ့ တရုတ်ရိုးရာပြဇာတ်ပွဲက အသံတွေရယ်၊ ပွဲကြည့်ပရိသတ်အသံတွေရယ်ကြောင့် ကျွန်တော့်စိတ်တွေ ပျံ့လွင့်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ငရဲပြည်ခရီးစဉ်ကို အရှုံးမပေးခဲ့ပါဘူး။

ငရဲခရီးစဉ် စတင်ပြီးနောက် ၄၅-မိနစ်လောက်မှာ ကျွန်တော် အလင်းရောင်တွေ စမြင်ရပါတယ်။ ကျွန်တော် အဲဒီအလင်းရောင်တွေနောက်ကို ဆက်လိုက်သွားပါတယ်။ မကြာခင်မှာပဲ အမှောင်ထုကြီးထဲ ပြန်ရောက်သွားပြန်ပါတယ်။ နောက်ပြီး အ၀ိုင်းအ၀ိုင်းတွေက ကျွန်တော့်ဆီကို တည့်တည့်မတ်မတ် ပြေးလာနေကြပါတယ်။ ဘယ်လိုပုံစံလဲဆိုတော့ သိပ္ပံဇာတ်ကားတွေထဲက အာကာသယဉ်ကြီးတွေ ကမ္ဘာပတ်လမ်းကြောင်းထဲ ပြေးလွှားနေကြသလိုပါပဲ။ (ဆရာတော်က ရှင်းပြတယ်။ ဒါဟာ ငရဲပြည်ခရီး လမ်းခုလတ်မှာ တွေ့ရတတ်တဲ့ ရေအိုင်တွေကို ဖြတ်ကျော်နေရတာလို့ ဆိုပါတယ်)။ ဒါပေမယ့် ပြင်ပက ဆူဆူညံညံအသံတွေကြောင့် ငရဲပြည်သွားတဲ့ ခရီးစဉ်ကို အရှုံးပေးလိုက်ပါတယ်။ မကြာခင်မှာ ဆရာတော် ကက်က ခရီးသည်အားလုံးကို ငရဲပြည်ကနေ ပြန်လှည့်ဖို့ ခေါ်လိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ ငရဲပြည်ခရီးစဉ်ဟာ စုစုပေါင်း ၁-နာရီနဲ့ ၁၅-မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ 

ကံမကောင်းတာကတော့ ကျွန်တော်တို့ ငရဲပြည်သွား ခရီးသည် ၅၀-ထဲက ၁၂-လောက်ပဲ ငရဲတံခါးကြီးကို ဖောက်ခွဲပြီး ငရဲပြည်တွင်းကို ၀င်ခွင့်ရခဲ့တာပါပဲ။ ကျွန်တော်တို့ သတင်းသမားတွေထဲက မစ္စတာ ချိန်ကီချွမ်းတစ်ယောက်ပဲ ငရဲပြည်တွင်း ၀င်ခွင့်ရခဲ့ပါတယ်။ သူက “အရမ်းလှပတဲ့ ကောင်းကင်မှာ သက်တန့်ကြီးက တွဲလောင်းကြီးကျနေတာကို ကျွန်တော် မြင်ခဲ့ရတယ်။ နောက်ပြီးတော့ နတ်သားတစ်ယောက်က ကျွန်တော့်ကို သတ်သက်လွတ်စားဖို့ မှားကြားလိုက်တယ်”လို့ ဆိုပါတယ်။ နောက်ပြီး အမည်မဖော်လိုသူ အမျိုးသမီးတစ်ယောက်ကလည်း “ကျွန်မက ဈေးကြီးတစ်ခုကို တွေ့ပြီး အဲဒီမှာ လူတွေ အများကြီးကိုလည်း တွေ့ခဲ့တယ်”လို့ ဆိုပါတယ်။ သူပြောလို့ မပြီးခင်မှာ ဆရာတော်က “အဲဒီဈေးနာမည်က ဘာ ဂျီယာအို ဂျီ (Ba Jiao Jie) မဟုတ်လား”လို့ မေးတော့ သူမက “ဟုတ်ပါတယ်ဘုရား”လို့ ဖြေတာကို တွေ့ခဲ့ရပါတယ်။ “ဟုတ်ရမယ်လေ။ အဲဒီကို ဆရာတော်လည်း ရောက်ဖူးတယ်”လို့ ဆိုပါတယ်။ 

အခြားအမျိုးသမီးတစ်ယောက်ကလည်း ဆိုပါသေးတယ်။ သူလည်းပဲ ငရဲပြည်မှာ သူ့အမေကို တွေ့ခဲ့ကြောင်း၊ ဒါပေမယ့် အနီးကပ် တွေ့ခွင့်မရခဲ့ကြောင်း ပြောပါတယ်။ ကျွန်တော်တို့ရဲ့ ငရဲပြည်ခရီးစဉ်ကို ဘုရားရှိခိုးစာများ ရွတ်ဖတ်ခြင်း၊ ကံဆိုးမှုများကို ရှင်းလင်းခြင်းများ ပြုလုပ်ပြီး ဆရာတော် ကက်က အဆုံးသတ်ပေးခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ (အားမရတဲ့) ကျွန်တော်တို့ သတင်းသမားမျက်နှာကို တွေ့မြင်လိုက်တဲ့ ဆရာတော် ကက်က စိတ်ပျက်မနေဖို့၊ နောက်နေ့ တနင်္လာနေ့မှာ တစ်ခေါက်ထပ်သွားနိုင်အောင် စီစဉ်ပေးမယ်လို့ ကတိပေးပါတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်လည်း စိတ်ပျက်လက်ပျက်နဲ့ပဲ ပြီးဆုံးသွားကြတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ခရီးသည်တွေဟာ အဘက်ဘက်က အရည်အချင်း မပြည့်မီကြလို့ ဖြစ်ပါတယ်။

မှတ်ချက် = ဟုတ်တာ မဟုတ်တာ၊ ယုံတာ မယုံတာ အပထား။ မလေးရှားက တရုတ်တွေရဲ့ ကြံကြံဖန်ဖန် ယုံကြည်မှုများကို ဗဟုသုတအဖြစ် မလေးရှားနိုင်ငံမှာ အထင်ကရ သတင်းစာကြီးဖြစ်တဲ့ THE STAR သတင်းစာကြီးမှာ ပါတဲ့ ဆောင်းပါးကို ဘာသာပြန်တင်ပေးလိုက်တာပါ။