![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrzqO1jOK7Hm0oGIpfBRgtE-gg9cckRK43TyPlKec0k9trr-TRCBlDMiZzbGlejj738YvqYkUYKIC24MAfmKKp_kjqYA6V2EjDfy3VMIxtIUIZozLRiDOL8tIPb4xFqoyx1n_aVOzKGKg/s320/26089_1150364938634_1812943484_295532_3259837_n.jpg)
နေတ္တိပဒေသ၊ ပေဋကောပဒေသနှင့် မိလိန္ဒပဥှာကျမ်းတို့မှာ မြန်မာနိုင်ငံတွင် ဘုရားဟောပါဠိတော်အဖြစ် နောက်ပိုင်းမှ ၀င်ရောက်လာကျမ်းသုံးကျမ်းဖြစ်သည်။ ယင်းတို့အနက် မိလိန္ဒပဥှာကျမ်းမှာ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း၊ ဂန္ဓာရတိုင်း သို့မဟုတ် ကသ္မီရဒေသ၊ ဘီစီ ၁-ရာစုတွင် ပေါ်ထွက်ခဲ့သောကျမ်းစာဖြစ်သည်။
မိလိန္ဒပဥှာကျမ်းပေါ်ပေါက်သည့်ခုနှစ်သည် သီဟိုဠ်တွင် အရှင်ဗုဒ္ဓဃောသောသ အဋ္ဌကထာကျမ်းစာအုပ်များ ရေးသားနေသည့်အချိန်ဖြစ်သည်။ ရိုက်စ်ဒေးဗစ် (Rhys Davids)နှင့် အောနား (Horner)တို့က ဘာသာပြန်ထားကြသည်။ အောနား၏ ဘာသာပြန်မူတွင် မိလိန္ဒပဥှာတွင် ကိုးကားထားသောကျမ်းများကို စာရင်းပြုစုပေးထားသည်။ ယင်းကျမ်းကိုးများကို ထောက်ရှုပြီး ပညာရှင်တို့က “မိလိန္ဒပဥှာကျမ်းသည် ထေရ၀ါဒမဟုတ်သော ဂိုဏ်းတစ်ဂိုဏ်းက ဆရာအစဉ်အဆက်ရေးသားပြုစုခဲ့သော ကျမ်းဖြစ်သည်၊ ထေရ၀ါဒပိုင် ကျမ်းမဟုတ်၊ ထေရ၀ါဒက နောက်ပိုင်းခေတ်များရောက်မှ ကိုယ်ပိုင်အသွင်သို့ ပြောင်းလဲခဲ့ပုံရသည်”ဟူ၍ ကောက်ချက်ချကြသည်။
မိလိန္ဒပဥှာကျမ်းပေါ်ပေါက်သည့်ခုနှစ်သည် သီဟိုဠ်တွင် အရှင်ဗုဒ္ဓဃောသောသ အဋ္ဌကထာကျမ်းစာအုပ်များ ရေးသားနေသည့်အချိန်ဖြစ်သည်။ ရိုက်စ်ဒေးဗစ် (Rhys Davids)နှင့် အောနား (Horner)တို့က ဘာသာပြန်ထားကြသည်။ အောနား၏ ဘာသာပြန်မူတွင် မိလိန္ဒပဥှာတွင် ကိုးကားထားသောကျမ်းများကို စာရင်းပြုစုပေးထားသည်။ ယင်းကျမ်းကိုးများကို ထောက်ရှုပြီး ပညာရှင်တို့က “မိလိန္ဒပဥှာကျမ်းသည် ထေရ၀ါဒမဟုတ်သော ဂိုဏ်းတစ်ဂိုဏ်းက ဆရာအစဉ်အဆက်ရေးသားပြုစုခဲ့သော ကျမ်းဖြစ်သည်၊ ထေရ၀ါဒပိုင် ကျမ်းမဟုတ်၊ ထေရ၀ါဒက နောက်ပိုင်းခေတ်များရောက်မှ ကိုယ်ပိုင်အသွင်သို့ ပြောင်းလဲခဲ့ပုံရသည်”ဟူ၍ ကောက်ချက်ချကြသည်။
ထူးခြားနေသည်မှာ ယင်းခေတ်ကာလ (ဘီစီ ၁-ရာစု)က ယင်းဒေသ (ကသ္မီရ သို့မဟုတ် ဂန္ဓာရတိုင်း)တွင် ထေရ၀ါဒဂိုဏ်းဟူ၍ မရှိပေ။ သဗ္ဗတ္ထိဝါဒဂိုဏ်းသာ ထွန်းကားနေခဲ့သည်။ အမှန်အားဖြင့် ထေရ၀ါဒဂိုဏ်းနှင့် သဗ္ဗတ္ထိဝါဒဂိုဏ်းတို့၏ သုတ္တန်နှင့်ဝိနည်းမှာ ထူးခြားမှုမရှိဟု ဆိုပါသည်။ ထို့အပြင် မိလိန္ဒပဥှာ၏ မူလဘာသာစကားမှာ သက္ကတဘာသာဖြစ်၏ဟု ဆုံးဖြတ်ကြသည်။ သက္ကတဘာသာမှာလည်း သဗ္ဗတ္ထိဝါဒဂိုဏ်း၏ အဓိကအသုံးပြုသော ဘာသာစကားဖြစ်သည်။
တစ်ဖန် သက္ကတကျမ်းဂန်များစာရင်းတွင် မိလိန္ဒပဋိပုစ္ဆာ-ဟူသော အိန္ဒိယအနောက်မြောက်ပိုင်းဖြစ် ကျမ်းစာတစ်စောင်ပါဝင်သည်ဟု ဆိုသည်။ မိလိန္ဒပဥှာတွင် တွေ့ရသော ပါဠိအရေးအသားမှာ သဗ္ဗတ္ထိဝါဒကျမ်းစာတစ်ခုဖြစ်သော `ဒသကုမာရစရိတ´ကျမ်းစာရေးသားဟန်နှင့် တူနေသည်ဟု ဆိုသည်။ ထို့ကြောင့် မူရင်းမိလိန္ဒပဥှာမှာ ထေရ၀ါဒကျမ်းစာ မဟုတ်ဘဲ၊ သဗ္ဗတ္ထိဝါဒကျမ်းစာဖြစ်ပုံရသည်ဟု သုံးသပ်ပြသည်။
တစ်ဖန် တရုတ်ဘာသာဖြင့်ရှိသော မိလိန္ဒပဥှာမှာ လက်ရှိကျမ်း၏ ပထမအပိုင်း ၃-ခုသာ ပါဝင်သည်။ သို့ဖြစ်၍ မူရင်းမိလိန္ဒပဥှာသည် အခန်းသုံးခန်းသာ ရှိဟန်တူသည်။ နောက်ပိုင်းခေတ်ရောက်မှ ထေရ၀ါဒက ဖြည့်စွက်ရေးသားခဲ့ပုံရသည်။ ထူးခြားချက်တစ်ခုမှာ လက်ရှိမိလိန္ဒပဥှာကျမ်း၏ အပိုင်း ၂-အဆုံးတွင် “မိလိန္ဒပဥှော နိဋ္ဌိတော - မိလိန္ဒပဥှာကျမ်း ဤတွင် ပြီး၏”ဟူသော ၀ါကျတစ်ခုပါရှိသည်။ ဤစာပုဒ်သည် မိလိန္ဒပဥှာတစ်ကျမ်းလုံးကို ဆိုလိုသလော၊ သို့မဟုတ် ဒုတိယအခန်းတစ်ခုကိုသာ ရည်ညွှန်းသလောဆိုသည်မှာ စဉ်းစားဖွယ် ဖြစ်သည်။
သို့ရာတွင် မဟာယာနကျမ်းစာဟု ဆိုရလောက်အောင်လည်း မဟာယာနအကြောင်းအရာ၊ အယူအဆ အငွေ့အသက်မျှကို ယင်းကျမ်းတွင် မတွေ့ရချေ။ ဤသို့ စသဖြင့် မိလိန္ဒပဥှာကို ချဉ်းကပ်ထားပုံမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်ပါသည်။
နောက်ပြီး စိတ်ဝင်စားဖွယ်အကောင်းဆုံးနှင့် အရေးအကြီးဆုံး အချက်တစ်ခု ရှိပါသည်။ ယင်းမှာ “မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသေနတို့မှာ သမိုင်းမှာ အမှန်တကယ် ရှိခဲ့သလော၊ လံကြုပ်ဇာတ်ကောင်များလော”ဟူသည့် ထိတ်လန့်ဖွယ် မေးခွန်းဖြစ်ပါသည်။ အိန္ဒိယသမိုင်းတွင် ဂရိဘုရင် အလက်ဇန္ဒားကျူးကျော်သိမ်းပိုက်ခံရစဉ်က အကြွေစေ့များ ထုတ်လုပ်ခဲ့ရာ အကြွေစေ့တစ်ခုပေါ်တွင် “မိနန္ဒ”ဟူသော စာလုံးကို တွေ့ရသည်ဟု ဆိုသည်။ အရှင်နာဂသေန အထောက်အထားကိုကား မည်သည့်နေရာတွင်မှ မတွေ့ရဟု ဆိုသည်။ ဤသည်မှာ သုတေသီများ ဆက်လက်လေ့လာရမည့် အချက်ဖြစ်သည်။
စကားဆက်စပ်၍ ဆိုရလျှင် မြန်မာနိုင်ငံတွင် အမတ်ကြီးဦးပေါ်ဦး လျှောက်ထုံးဆိုလျှင် လူတိုင်းလိုလို သိကြသည်။ အများစုက အမတ်ကြီးဦးပေါ်ဦးမှာ တကယ့် သမိုင်းထဲက အမတ်ကြီးတစ်ဦးဟု သိနေကြသည်။ အမှန်အားဖြင့် မြန်မာ့သမိုင်းတွင် အမတ်ကြီး ဦးပေါ်ဦး မရှိခဲ့ဟု ဆိုသည်။ အမတ်ကြီးနှင့် တွဲဖက် ဘိုးတော်ဘုရားသည်ကား သမိုင်းမှာ အမှန်တကယ် ရှိခဲ့လေသည်။ မိလိန္ဒပဥှာသည်လည်း အထက်ပါ သမိုင်းကဲ့သို့ပင် ဖြစ်နေခဲ့သလော။ အရှင်နာဂသေနဆိုသူမှာ ဇာတ်ကောင်တစ်ဦးမျှသာ ဖြစ်သလော။ ဆက်လက်လေ့ကြဖို့ ဖြစ်ပါသည်။
တစ်ဖန် ထေရ၀ါဒ၏ အမြတ်တနိုးကျမ်းစာဖြစ်သော ၀ိသုဒ္ဓိမဂ္ဂကျမ်းစာမှာ မြန်မာနိုင်ငံတွင် အရှင်မဟာဗုဒ္ဓဃောသရေးသားသောကျမ်းစာဟု သံသယမရှိ လက်ခံယုံကြည်ကြသည်။ သို့ရာတွင် ယင်းကျမ်းမှာ မဟာယာနတို့၏ ၀ိမုတ္တိမဂ္ဂဟူသောကျမ်းစာကို ကူးယူထားခြင်းဖြစ်သည်ဟု ယူဆသော ပညာရှင်များလည်း ရှိနေပါသည်။ မူရင်းဘုရားဟောကျမ်းစာတွင် ရှိသောအကြောင်းအရာများနှင့် ကွဲလွဲနေသည်များလည်း ပါဝင်နေပါသည်။ အငြင်းပွားဖွယ်ရာအချက်အလက်များစွာရှိနေသည်။ (၀ိသုဒ္ဓိမဂ်အကြောင်းကို သီးသန့်ရေးဖို့ စိတ်ကူးထားပါသည်။)
ထေရ၀ါဒတွင် ၂၈-ဆူသော ဘုရားများကို အစဉ်အလာအတိုင်း လက်ခံယုံကြည်ကြသည်။ အမှန်အားဖြင့် အစပထမတွင် ၂၄-ဆူသာ ရှိပါသည်။ အဘယ်ကြောင့် ၂၈-ဆူ ဖြစ်သွားရသနည်း။
ဗုဒ္ဓဘာသာမပေါ်ခင်ကတည်းက ရှိနေသော ဂျိန်းဘာသာတွင် ၂၄ တိဋ္ဌင်္ကရဟုဆိုသော အတိတ်ဆရာ ၂၄-ဆူ ရှိပါသည်။ ယင်း ၂၄-ဆူနှင့် တူညီနေသောကြောင့် မတူအောင် လုပ်ဖို့ရန် တာဝန်ရှိလာသည့် သဘောဖြစ်သည်။
သို့ဖြစ်၍ ဗုဒ္ဓ၀ံသအဋ္ဌကထာ၏ နိဂုံးပိုင်းတွင် ဗုဒ္ဓပကိဏ္ဏကကဏ္ဍဟု ထပ်မံဖြည့်စွက်ပြီး ၂၄-ဆူကို လက်ရှိဂေါတမဗုဒ္ဓ၊ သရဏင်္ကရ၊ မေဓင်္ကရ၊ ဒီပင်္ကရဟု လေးဆူထပ်ပေါင်းပြီး ၂၈-ဆူ လုပ်လိုက်ရသည့်သဘောရှိပေသည်။ တစ်ဖန်နောက်ပိုင်းတွင် `ဓမ္မရာဇာ အသင်္ချေယျာ´`ဘုရားပေါင်း မရေမတွက်နိုင်အောင် ရှိသည်´ဟူသော အယူအဆထိ ဆင့်ပွားယူဆလာကြခြင်း ဖြစ်ပေသည်။ ဤသို့ စသည်ဖြင့် အငြင်းပွားဖွယ်ရာ၊ စဉ်းစားဖွယ်ရာများကို ချဉ်းကပ်ပြပါသည်။
အထက်ပါ တင်ပြချက်တို့မှာ ချဉ်းကပ်ပုံမတူခြင်းကို အမြွတ်မျှ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။ အချို့ မြန်မာသံဃာတော်များ လွယ်လွယ် ယူဆလိုက်သကဲ့သို့ `အင်္ဂလိပ်လို သင်တာပဲ ကွာပါတယ်´ဆိုသော စကားမှာ အလွန်ကို အခြေအမြစ်မရှိသော စကားဖြစ်ကြောင်း ပြောပြလိုရင်း ဖြစ်ပါသည်။
ဤသို့ ဆိုခြင်းဖြင့် မည်သည့်ပညာရေးက သာသည်၊ ညံ့သည်ကို ပြောလိုရင်း မဟုတ်၊ မတူပုံ၊ ထူးခြားပုံကို ပြောပြလိုရင်း ဖြစ်ပါ၏။ ကောင်းခြင်း၊ ညံ့ခြင်းကိုကား မိမိအတွေ့အကြုံ၊ အသိအမြင်အားလျှော်စွာ မိမိကိုယ်တိုင် လွတ်လပ်စွာ ဆုံးဖြတ်နိုင်ပေမည်။ မည်သည့်ပညာရေးမှ ပြီးပြည့်စုံသည်ဟူ၍ မရှိပါ။ သို့ရာတွင် အခြေအနေနှင့် အချိန်အခါအားလျှော်စွာ ပြုပြင်ပြောင်းလဲပေးနေသော ပညာရေးမှာ လက်ရှိလောကကို အကျိုးရလာဒ်ကြီးကြီးမားမား ဖြစ်စေသည်။
ယနေ့ကမ္ဘာတွင် ပညာရှင်များသည် မိမိနိုင်ငံရှိ ပညာရေးကို လေ့လာကြည့်ရှုအကဲဖြတ်နေကြရသည်။ ကြည့်ရှုသုံးသပ်ပြီး ပြင်သင့်သည်အရာကို ပြင်ကြရသည်၊ ဖြည့်စွက်သင့်သည့်အရာကို ဖြည့်စွက်ရသည်၊ ပယ်နှုတ်သင့်သည့်အရာများကို ပယ်နှုတ်ရသည်။
သို့မှသာ အဆိုပါ ပညာရေးသည် အသက်ဝင်သည်။ အသက်ဝင်သည်ဟူသည်မှာ လက်ရှိကမ္ဘာ့ဖြစ်စဉ်တွင် ကျွဲကူးရေပါဖြစ်နေခြင်းကို ဆိုလိုပါသည်။ လောကကြီးက အစဉ်တစိုက် ပြောင်းလဲဖြစ်ထွန်းနေပြီး မိမိတို့ပညာရေးက အဆိုပါ ဖြစ်စဉ်ကို ထင်ဟပ်မပြနိုင်လျှင် နောက်မှာ နေခဲ့ဖို့သာ ရှိပါသည်။
ဘုန်းတော်ကြီးပညာရေးသာမက လူပုဂ္ဂိုလ်များပညာရေးမှာလည်း ဤသဘောပင် ဖြစ်ပါသည်။ ၁၀-တန်းအောက်လို့မှ အက်ဆေးတစ်ပုဒ်မရေးတတ်သော ကျောင်းသားအတွက် ၁၀-နှစ်တာ သင်ကြားခဲ့ရသမျှ နှမြောဖို့ ကောင်းပါသည်။ ကျောင်းသား ပညာမတတ်လျှင် နိုင်ငံ အ-ပါသည်။ နိုင်ငံ အ-သည်ဆိုသည်မှာ လူမျိုး အ-ခြင်းဖြစ်သည်။ လူမျိုး အ-လျှင် လူဆင်းရဲများပေမည်။ လူအ-များနှင့်လူဆင်းရဲများကို ကမ္ဘာက မည်သို့ ဆက်ဆံမည်နည်း။ အဖြေက ရှင်းပါသည်။
ဘုန်းကြီးပညာရေးကို ပြန်ဆက်တာပဲ ကောင်းပါလိမ့်မည်။ မြန်မာ့ပညာရေး(ဘုန်းတော်ကြီးပညာရေး)သည် ကောင်းသည့်အချက်များ အချို့အ၀က် ပိုင်ဆိုင်နေသည်မှာ မငြင်းသာသော်လည်း အချို့အရာများမှာ တွေးကြည့်ရုံဖြင့် အတော်စိတ်ဓာတ်ကျစရာ ကောင်းလှသည်။
စာရေးသူ စာချတန်းသင်ယူစဉ်က ဆန်းလွင်၏ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်အကြောင်း စာအုပ်ကို ဖတ်ဖြစ်ခဲ့၏။ ယင်းစာအုပ်တွင် ဗြဟ္မဇာလသုတ်ကို သူ အလွန်သဘောကျသည်ဟု ဆိုထားသည်။ ထိုအချိန်က စာရေးသူမှာ `ဒီ ဒိဋ္ဌိ ၆၂-ပါးကို အကျယ်ပြနေတာကို ဘာစိတ်ဝင်စားတာပါလိမ့်´ဟု တွေးခဲ့သော်လည်း အဖြေမရခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် မြန်မာစာသင်နည်းအရ စာချတန်းဟူသည် ဘုရားဟောစာပေ၏ အနှစ်သာရကို ရှာဖွေခြင်းထက် တင်ပြပုံ၏ အနှစ်သာရ၊ တင်ပြပုံ သို့မဟုတ် ၀ါကျအရေးအသား၏ သက်ရောက်မှု၊ စကားလုံးများ၏ အရင်းအမြစ်ကို သိအောင် သင်ကြရခြင်းဖြစ်၏။ သို့ဖြစ်၍ စာချတန်းကို ၁၀-နှစ်သင်၊ ဘုရားဘာပြောသနည်းဆိုသည်ကို မသိကြရခြင်း ဖြစ်သည်။ (၀ါကျလေးတစ်ကြောင်းတော့ အပိုထည့်လိုက်ပါအုံးမည်။ “အချို့ သိသည့် သံဃာတော်များလည်း ရှိကြသည်။ ဤကား စကားချပ်)။
မြန်မာ့စာချတန်းအတွေ့အကြုံသည် သဒ္ဒါရေးရာတွင် လင်္ကာကပညာရေးထက် သာလွန်မှုရှိပါသည်။ အနှစ်သာရထုတ်၍ Comparative Study အပိုင်းတွင်ကား လုံးဝအားနည်းနေသည်။ မြန်မာတွင် လေးငါးနှစ်မျှလေ့လာခဲ့ရသော ပါဠိတော်အတွေ့အကြုံမှာ သီရိလင်္ကာတွင် တစ်နှစ်လောက်လေ့လာရုံဖြင့် အတော်ခရီးရောက်လှပေသည်။ မြန်မာနိုင်ငံက စာချတန်းကို ကြိုးစားသင်ယူနေသူသည် ဗြဟ္မဇာလသုတ်၊ ပါဠိတော်၊ အဋ္ဌကထာတို့၌ရှိသော သော-ဟူသော ပုဒ်ကလေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ တစ်ပုဒ်ချင်း၏ အနက်အဓိပ္ပာယ်တို့ကို နောကျေအောင် သိကောင်းသိနေပါလိမ့်မည်။ (နမော တဿ-ကိုပင် တစ်ဝါတွင်းလုံး သင်ကြားပို့ချပေးသည်ဟု ကြားဖူးသည်။ အချိန်များ နှမြောစရာ ကောင်းလေစွ)။
သို့ရာတွင် ဗြဟ္မဇာလသုတ်၏ အနှစ်သာရကို ပြောပြပါဆိုလျှင် ဘာမှ သိမည်မဟုတ်။ (ယေဘုယျဆိုရခြင်း ဖြစ်ပါသည်။ မြန်မာစာချတန်းအများစုမှာ ဤသို့ ဖြစ်နေပါသည်။) အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ပါဠိတော်များကို ကြည့်သောအခါ နည်းစနစ်ရှုထောင့် သို့မဟုတ် သဒ္ဒါရှုထောင့်မှချည်း ချဉ်းကပ်ကြည့်ရှုနေသောကြောင့်ပင် ဖြစ်ပါသည်။ ပါဠိတော်၊ အဋ္ဌကထာများနှင့် ၁၀-စုနှစ်ကျော်ခန့် တွေ့ထိခဲ့ရသော်လည်း ဘုရားနှင့်မတွေ့ ဖြစ်နေကြခြင်းမှာ ပညာရေးစနစ်ကြောင့်ပင် ဖြစ်သည်ဟု တထစ်ချ ယုံကြည်မိပါသည်။
ပညာရေးဘက်တွင် ဖြုတ်သင့်သည်ကို ဖြုတ်၊ ထုတ်ပယ်သင့်သည်ကို ထုတ်ပယ်၊ ဖြည့်သင့်သည်ကို ဖြည့်၊ ပြင်သင့်သည်ကို ပြင်မှသာ အောင်မြင်မှုကို ဦးတည်မိသော ပိုမိုတိုးတက်ကောင်းမွန်သော အခြေအနေများ ဖြစ်ပေါ်လာနိုင်ကောင်းသည်ဟု သဘောပိုက်ရင်း အခြားပညာရေးနှင့်မဆိုင်သော ဖြုတ်သင့်၊ ထုတ်သင့်၊ ပယ်သင့်၊ ပြင်သင့်သော အရေးများကိုလည်း ဆန္ဒများဖြင့် တွေးတောနေမိခဲ့လေသည်။
No comments:
Post a Comment