Labels

Wednesday, March 27, 2019


Type your summary here.Type the rest of your post here.

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (နိဂုံး)

အရှင်ကုမာရကဿပ၏ ဥပမာ (၁၄)

အရှင်ကုမာရကဿပက နောက်ထပ် ဥပမာတစ်ခုဖြင့် ထပ်မံပြောကြားခဲ့ပါသည်။ ထိုဥပမာသည် ယနေ့ခေတ်ကာလ အများသိဥပမာတစ်ခု ဖြစ်ပါသည်။

“တစ်ခါက သူငယ်ချင်းနှစ်ယောက် စီးပွားရှာထွက်ကြတယ်။ လမ်းမှာ ပိုက်ဆံလျှော်ထုပ်တွေကို တွေ့လို့ တစ်ထုပ်စီ ထမ်းခဲ့ကြတယ်။ နောက်တစ်နေရာမှာ ပိုက်ဆံလျှော်ချည်ထုပ်တွေ့တယ်။ အဲဒီအခါ တစ်ဦးက “သူငယ်ချင်း ဒီမှာ ပိုက်ဆံလျှော်ချည်ထုပ်ကို တွေ့နေပြီဆိုတော့ ပိုက်ဆံလျှော်ထုပ်ကြီးကို ပစ်ထားခဲ့ပြီး ပိုက်ဆံလျှော်ချည်ထုပ်ကို သယ်သွားကြရအောင်”လို့ ပြောတယ်။ အခြားသူငယ်ချင်းက “ဒီပိုက်ဆံလျှော်ထုပ်ကြီးကို အဝေးကြီးကတည်းက သယ်လာရတာ၊ လွှင့်ပစ်ရမှာ နှမြောစရာကြီး”လို့ဆိုကာ ပိုက်ဆံလျှော်ထုပ်ကိုသာ ထမ်းခဲ့လေတယ်။ တစ်နေရာမှာ ဂုံလျှော်ထုပ်ကို တွေ့ပြန်တယ်။ တစ်ဦးက ပိုက်ဆံလျှော်ချည်ကို ထားခဲ့ပြီး ဂုံလျှော်ထုပ်ကို ယူတယ်။ တစ်ဦးက မူလပိုက်ဆံလျှော်ထုပ်ကိုသာ ဆက်လက်သယ်ခဲ့တယ်။ အစဉ်အတိုင်း ဂုံလျှော်ချည်ထုပ်၊ ဂုံလျှော်ချည်အ၀တ်ထုပ်၊ ၀ါဂွမ်း၊ ၀ါချည်၊ ၀ါချည်အ၀တ်၊ သံ၊ ခဲပုပ်၊ ဘင်၊ ငွေ၊ ရွှေ…တို့ကို တွေ့ခဲ့ရာ တစ်ဦးက တန်ဖိုးနည်းရာကို စွန့်ပစ်ပြီး တန်းဖိုးကြီးရာကို ယူခဲ့တယ်။ အခြားတစ်ဦးက မူလတန်ဖိုးနည်း ပိုက်ဆံလျှော်ထုပ်ကြီးသာ သိမ်းပိုက်လာခဲ့တယ်။ ဉာဏ်ပညာရှိတဲ့၊ ဆင်ခြင်ဉာဏ်ရှိတဲ့ သူကတော့ အဟောင်းကြီးကို အမြတ်တနိုး မထားတော့ဘူး။ ပိုကောင်းတဲ့အရာကို တွေ့ရင် စွန့်ပစ်နိုင်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့သူကတော့ ကောင်းမွန်မြင့်မြတ်တဲ့အသစ်ကို တွေ့နေတာတောင် အဟောင်းကြီးကို မစွန့်ပစ်နိုင်ကြဘူး။

မြို့စားကြီး သင်ဟာလည်း ဆင်ခြင်ဉာဏ်ကင်းမဲ့တဲ့ သူလိုပဲ။ အခု ကောင်းမွန်မြင့်မြတ်တဲ့အရာတွေဖြစ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မအယူအဆတွေကို တွေ့လာရပြီ။ ဒါပေမယ့် သင်က သင့်ရဲ့ အယူဝါဒအဟောင်းကြီးကို မစွန့်ပစ်နိုင်သေးဘူး။ အသိတရားရှိလာပါတော့ မြို့စားကြီး၊ သင့်အယူအဆတွေကို ပြောင်းလိုက်ပါ”

မြို့စားကြီး ၀န်ခံပြီ
ထိုအခါ မြို့စားကြီးထံမှ ရယ်ရခက်ခက်၊ ငိုရခက်ခက် စကားကို ကြားလိုက်ရလေသည်။ သူတို့ အပြန်အလှန် ပြောလိုက်ပုံကြပုံက
“အရှင်ကုမာရကဿပ… ရှေ့မှာ သင်ပြောခဲ့တဲ့ စကားတွေ၊ ဥပမာတွေကို ကြားရကတည်းက အရှင်ပြောတာတွေကို သဘောကျနေတာ”ဟူ၍။

ထိုအခါ အရှင်ကုမာရကဿပက
“အော်… ဒါနဲ့များ စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေရသလား၊ စောစောကတည်းက အယူဝါဒဟောင်းကို စွန့်လိုက်ပါပြီ၊ အရှင်အယူအဆတွေကို လက်ခံလိုက်ပါပြီလို့ ပြောလိုက်ပါလား (အခုတော့ စာဖတ်သူတွေ မျက်စိညောင်းကုန်ကြပြီ…း)း)း)”ဟု အားမလိုအားမရ ဆိုလိုက်သည်။ ထိုအခါ မြို့စားကြီးက
“ကျွန်ုပ်က စောစောစီးစီး အရှင်ပြောတာကို လက်ခံလိုက်ရင် အရှင့်ဆီက အခုလို ထူးထူးဆန်းဆန်း တရားစကားတွေ ဘယ်လိုလုပ် ကြားရတော့မလဲ၊ အရှင့်အနေနဲ့ တပည့်တော် ကန့်လန့်တိုက်နေတာတွေကို ဘယ်လိုများ တုန့်ပြန်မလဲလို့ သိချင်တာကြောင့် ပေတေပြီး ငြင်းနေရတာပါ (သူပြောလိုက်တော့လည်း အဟုတ်သား၊ မြို့စားကြီးသာ ပေတေပြီး ငြင်းမနေခဲ့ဘူးဆိုရင် စာရေးသူတို့ ဒီလောက်ဗဟုသုတတွေ ဘယ်တိုးမလဲ)”ဟု ပြောလိုက်သည်။

မြို့စားကြီးထံမှ အဆိုပါစကားကို ကြားရသောအခါ အရှင်ကုမာရကဿပက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီး တရားဓမ္မများ ဆက်လက်ဟောကြားခဲ့လေသည်။ ဤမျှလောက် ကပ်သီးကပ်သပ် ဆိုတတ်သော မြို့စားကြီးကို မည်သို့သောတရားများ ဟောလေသနည်း။ မြတ်ဗုဒ္ဓ၏ တရားဓမ္မက ထူးခြားမှုတော့ မရှိပါ။ အကျဉ်းချုပ်လိုက်လျှင် ဒါန၊ သီလနှင့် ဘာဝနာသာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတရားတော်သည် မည်၍မည်မျှ ကျယ်ကျယ်ဝန်းဝန်း ဟောနေသည်ဖြစ်စေ လိုရင်းက ဤသုံးမျိုးသာ ဖြစ်ပါသည်။ သို့ရာတွင် ထိုသုံးမျိုးသို့ သတ္တ၀ါများ၏ ဓလေ့စရိုက်များအရ ချဉ်းကပ်ပုံ အမျိုးမျိုး ကွဲပြားသဖြင့် သူ့နည်း၊ ကိုယ်နည်းများအဖြစ် တွေ့မြင်နေရခြင်း ဖြစ်ပါသည်။ အရှင်ကုမာရကဿပ ဟောကြားခဲ့သောတရားများက ဤသုတ်တော်တွင် ရှည်လျားစွာ ပါဝင်နေပါသည်။ ထိုတရားများကို မဖော်ပြတော့ပါ။ အကျယ်ဖတ်ရှုလိုပါက ဒီဃနိကာယ်၊ မဟာဝဂ်၊ ပါယာသိသုတ်ကို ကြည့်ရှုနိုင်ပါသည်။

စာဖတ်သူများ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဗဟုသုတ၊ မြတ်စွာဘုရားခေတ် အိန္ဒိယတွင် ဗုဒ္ဓဘာသာ လှုပ်ရှားခဲ့ပုံများ၊ သာသနာပြုခဲ့ကြပုံများ…စသော သုတများကို ရရှိကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

မြို့စားကြီး ပါယာသိနှင့် တမလွန်ဘ၀ပြဿနာ….ဤနေရာတွင် ပြီးပါပြီ…

မွတ်စလင်တစ်ဦး၏ ရင်တွင်းစကား

(အီးမေလ်ကနေ ရလာတဲ့ Tawfik Hamid ရဲ့ From the heart of a Muslim ဆိုတဲ့ ဆောင်းပါးကို ဘာသာပြန်ပါတယ်။)

ကျွန်တော်ဟာ ကျွန်တော့် ယုံကြည်ချက်နဲ့ မွတ်စလင်တစ်ယောက် ဖြစ်ပါတယ်။ စိတ်ဆန္ဒအရဆိုရင်တော့ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်ပေါ့။ နှလုံးသားအရတော့ ဂျူးတစ်ယောက် ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင်တော့ ကျွန်တော်ဟာ လူသားတစ်ယောက်ပါ။ ဒေါက်တာ ဟာမစ်ဆိုတာ တယူသန် မွတ်စလင်တွေကို ဆန့်ကျင်တဲ့ စာရေးဆရာ၊ အီဂျစ်ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်အနေနဲ့ မွေးလာတယ်။ ကျွန်တော့်ဘ၀တစ်လျှောက်လုံး အစ္စလာဟ်ဘာသာဝင်တစ်ဦးလိုပဲ နေခဲ့တယ်။ ရက်စက်ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုတွေကို ကျွန်တော်နဲ့ဘ၀တူ မွတ်စလင်တွေက ကမ္ဘာ့အနေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာကို တွေ့ပြီးနောက်မှာ၊ ပြီးတော့ ကမ္ဘာအနှံ့အပြားက အစ္စလာဟ်ဘာသာဝင်တွေရဲ့ အကြမ်းဖက်မှုများကို တွေ့မြင်ရဖန်များလာပြီးတဲ့နောက်မှာ ကျွန်တော့်မှာ ခံစားချက်လေးတစ်ခု ပေါက်ဖွားလာခဲ့တယ်။ ဒါကတော့ ကျွန်တော်ဟာ မွတ်စလင်တစ်ယောက်ဖြစ်သလို လူသားတစ်ဦးလည်းဖြစ်တဲ့အတွက် အမှန်တရားကို ထုတ်ဖော်ပြောကြားဖို့ တာဝန်ရှိတယ်ဆိုတဲ့ ခံစားချက်ပါ။ ဒီခံစားချက်က အစ္စလာဟ်ဘာသာနဲ့ ကမ္ဘာကြီးကို ကပ်ဘေးတွေနဲ့ ယဉ်ကျေးမှုတိုက်ပွဲတွေကနေ ကာကွယ်ပေးနိုင်မယ်လို့ ထင်ပါတယ်။
ကျွန်တော် ၀န်ခံပါတယ်။ လက်ရှိ အစ္စလာဟ်တရားတွေဟာ မွတ်စလင်မဟုတ်သူတွေအပေါ် အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးနေတယ်ဆိုတာကိုပေါ့။ ကျွန်တော်တို့ မွတ်စလင်တွေဟာ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ဒီနေ့အချိန်အထိ မိန်းမအများကြီးယူတဲ့စနစ်ကို လက်ခံကျင့်သုံးနေကြဆဲဖြစ်တယ်။ နောက်ပြီး မွတ်စလင်ကနေ အခြားဘာသာပြောင်းသွားသူတွေကို သတ်ဖြတ်တဲ့အကျင့်တွေက ရှိနေဆဲဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်စနစ်နဲ့စစ်ပွဲတွေကို ဆန့်ကျင်တဲ့နေရာမှာ ပြတ်သားတဲ့ ရပ်တည်ချက် မရှိသေးတာပဲဖြစ်တယ်။ ဆန့်ကျင့်ကန့်ကွက်တာတွေ မလုပ်တဲ့အပြင် အဲဒီကျွန်စနစ်နဲ့စစ်ပွဲတွေကို ဖန်တီးပြီး အစ္စလာဟ်သာသနာပြန့်ပွားအောင်၊ အခြားဘာသာဝင်တွေကို မွတ်စလင်ဖြစ်လာအောင် လုပ်နေကြပါတယ်။ နောက်ပြီးတော့ ဂျိဇီယာ (Jizia)လို့ခေါ်တဲ့ မတရားအခွန်ငွေတွေ ကောက်ခံနေကြပါတယ်။ (မလေးရှားမှာ တရုတ်လူမျိုးများကို နှိမ်ထားသလိုမျိုး ဖြစ်မည်ဟု ထင်ပါတယ်…စာရေးသူ)
ကျွန်တော်တို့ မွတ်စလင်တွေဟာ “အစ္စလာဟ်ဘာသာကို လေးစားကြပါ”လို့ ကမ္ဘာ့လူသားတွေကို တောင်းဆိုနေကြတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ဟာ ဗလီတွေမှာ ကြာသပတေးနေ့တိုင်း အခြားအစ္စလာဟ်ဘာသာဝင် မဟုတ်သူတွေကို (အာရဗီဘာသာစကားနဲ့) ဆဲရေးတိုင်းထွာနေကြပါတယ်။ ကျွန်တော်တို့ အစ္စလာဟ်ဘာသာဝင်တွေဟာ ဂျူးတွေကို ၀က်နဲ့မျောက်ကနေဆင်းသက်သူများလို့ ဆဲရေးတိုင်းထွာကြတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ မွတ်စလင်ဘာသာဝင်ကလေးငယ်တွေကို ဘယ်လို မက်ဆေ့တွေ (သင်ကြားချက်တွေ) ပေးချင်တာပါလဲ။ ဒါဟာ မေတ္တာတရားနဲ့ငြိမ်းချမ်းရေး လက်ဆောင်တွေလား။ အမုန်းတရားလက်ဆောင်တွေလား။ ကျွန်တော် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးတယ်။ သူတို့က ကျွန်တော်တို့ မွတ်စလင်တွေအတွက် ဆုတောင်းပေးနေကြတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်ခေါင်းဆောင်တွေက သူတို့ကို ဆဲရေးတိုင်းထွာနေကြတယ်။ ကျွန်တော်တို့ရဲ့ မွတ်စလင်မျိုးဆက်တွေကိုလည်း သူတို့ (အခြားဘာသာဝင်တွေ)ကို မုန်းတီးရွံရှာဖို့နဲ့ မိစ္ဆာဒိဋ္ဌိများအဖြစ် ခေါ်ကြဖို့ သင်ကြားပေးနေကြပါတယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ တစ်စုံတစ်ယောက်က “မိုဟာမက်ဆိုတာ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေအပေါ်မှာ ကာမစပ်ယှက်သူ”လို့ စွပ်စွဲတဲ့အခါ မိုဟာမက်ကို ကာကွယ်ဖို့ ချက်ချင်းဆိုသလို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းကန့်ကွက်ကြပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မွတ်စလင်တွေဟာ အစ္စလာဟ်ကျမ်းစာမှာလာတဲ့ “တမန်တော် မိုဟာမက် အသက် ၅၀ ကျော်သောအခါ အသက် ၇-နှစ်မျှသာရှိသေးသော အမျိုးသမီးငယ်လေးကို လက်ထပ်တော်မူတယ်”ဆိုတဲ့အကြောင်းကိုတော့ ဂုဏ်ယူပြောဆိုနေကြပြန်ပါတယ်။
ပြောရမှာတော့ ၀မ်းနည်းပါတယ်။ မွတ်စလင်များစွာဟာ (အားလုံးတော့ မဟုတ်ပါဘူး) အမေရိကန်က ဝေါထရိစင်တာကို ၀င်တိုက်တဲ့ စက်တင်ဘာ ၁၁-ရက်အဖြစ်အပျက်နဲ့ ကမ္ဘာအနှံ့အပြားက အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြားရတိုင်း ၀မ်းမြောက်ဝမ်းသာ ဖြစ်နေကြပါတယ်။ ကမ္ဘာ့မီဒီယာရှေ့မှာတော့ ကျွန်တော်တို့ မွတ်စလင်တွေဟာ ဒီလို အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေညာကြပါတယ်။ ဒါပေမယ့် မွတ်စလင်အကြမ်းဖက်သမားတွေကို မွတ်စလင်တွေဟာ သဘောခွေ့နေကြပါတယ်။ လျစ်လျူရှုထားကြပါတယ်။ သူတို့ အကြမ်းဖက်ရခြင်းအကြောင်းကိုတောင် ရှာကြံပြီး အကြမ်းဖက်သမားတွေကို သနားနေကြပါတယ်။ ဥပမာအနေနဲ့ ဘယ်အစ္စလာဟ်အဖွဲ့အစည်းက အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို “ဘာသာရေးသွေဖီသူ၊ အစ္စလာဟ်တရားတော်ကို ချိုးဖောက်သူ”လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ပါသလဲ။ ရှေ့နောက်မညီတာတစ်ခုက စာရေးဆရာ ရပ်ခ်ျဒိုင်း (Rushdie)ကိုတော့ အစ္စလာဟ်ကို ဆန့်ကျင်တဲ့စာအုပ် ရေးသားမှုနဲ့ သေဒဏ်ပေးသင့်ကြောင်း ကြေညာပေးခဲ့တယ်။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပိုရဖို့ ကမ္ဘာအနှံ့အပြားမှာ တောင်းဆိုနေကြတယ်။ ဥပမာ ပြင်သစ်မှာ ခေါင်းမြီးခြုံခွင့် ပိတ်ပင်ခြင်းကိစ္စကို ပယ်ဖျက်ဖို့ တောင်းဆိုနေကြတယ်။ ကျွန်တော်တို့ တကယ်လုပ်သင့်တာက ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပျက်နေတဲ့ အစ္စလာဟ်အစွန်းရောက် လူသတ်သမားတွေကို ဆန့်ကျင်ကြဖို့ အားပေးအားမြှောက်မပြုကြဖို့နဲ့ အစွဲအလန်းတွေ သိပ်မကြီးကြဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မွတ်စလင်တွေဟာ အခုထိ ဒါတွေကို ဆန့်ကျင်ကြောင်း၊ အားပေးအားမြှောက်မပြုပါကြောင်းဆိုတဲ့ ဆန္ဒတွေ မဖော်ထုတ်ပေးနိုင်ကြပါဘူး။ ကျွန်တော်တို့ရဲ့သဘောထားကို မဖော်ပြဘဲ တိတ်တိတ်ကလေး နေနေကြတာဟာ အစ္စလာဟ်အကြမ်းဖက်သမားတွေကို သတ်ဖြတ်ခြင်းလုပ်ငန်းတွေ ဆက်လုပ်ဖို့၊ အကြမ်းဖက်မှုတွေ ဆက်လုပ်ဖို့ အားပေးနေတာ၊ တိုက်တွန်းနေတာ၊ စွမ်းအင်တွေ ဖြည့်ပေးနေတာနဲ့ အတူတူပါပဲ။
ကျွန်တော်တို့ မွတ်စလင်တွေဟာ ကျွန်တော်တို့ ကံမကောင်းအကြောင်းမလှတာတွေအတွက် အစ္စရေးလူမျိုးတွေနဲ့အခြားသူများအပေါ်ကို အပြစ်တင်၊ လက်ညှိုးထိုးနေကြတာကို ရပ်တန့်ပစ်ဖို့ လိုအပ်နေပါတယ်။ ကျွန်တော် မွတ်စလင်တစ်ယောက်အနေနဲ့ ရိုးရိုးသားသား ပြောရရင် အစ္စရေးနိုင်ငံဆိုတာ အရှေ့အလယ်ပိုင်းဒေသမှာ ဒီမိုကရေစီရဲ့ မီးရှူးတန်ဆောင်တစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှုရဲ့အလင်းရောင် ဖြစ်ပါတယ်။ လူ့အခွင့်အရေးများရဲ့ စံထားရာနိုင်ငံတစ်ခု ဖြစ်ပါတယ်။
မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ အာရပ်နိုင်ငံတွေဟာ ကရုဏာတရားမဲ့စွာနဲ့ ဘာနစ်နာကြေးမှမပေးဘဲ ဂျူးလူမျိုးတွေကို ပထုတ်နေကြတယ်။ “လွတ်လပ်သောဂျူးနိုင်ငံတော်”ကို ခွင့်မပြုကြဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ အစ္စရေးလူမျိုးတွေကတော့ အာရပ်လူမျိုးသန်းပေါင်းများစွာကို သူတို့နိုင်ငံသားအဖြစ် သူတို့မြေပေါ်မှာ လက်ခံပေးထားပါတယ်။ ဂျူးလူမျိုးတွေနဲ့ အခွင့်အရေးတန်းတူ ခံစားခွင့်ပေးထားပါတယ်။ အစ္စရေးမှာ အမျိုးသားက အမျိုးသမီးတွေကို တရားဝင် ရိုက်နှက်ခွင့်မပြုပါဘူး။ လူတိုင်းလူတိုင်း ဘာသာတစ်ခုကနေ ဘာသာတစ်ခုကို လွတ်လွတ်လပ်လပ် ပြောင်းနိုင်ခွင့် ရှိပါတယ်။ အစ္စလာဟ်မှာလို ဘာသာပြောင်းလဲခြင်းဥပဒေအရ သတ်ဖြတ်ခံရမှာကိုလည်း ကြောက်စရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ အစ္စလာဟ်နိုင်ငံတွေမှာ ဒီလို အခွင့်အရေးမျိုးကို ရနိုင်လို့လား။ ဒီအခွင့်အရေးမျိုးကို ခံစားကြရလို့လား။ (ဒါဆိုရင် ခင်ဗျားက အစ္စရေးဘက်တော်သား မွတ်စလင်လားလို့ ကျွန်တော့်ကို မေးလိမ့်မယ်)။ ကျွန်တော်အနေနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေ ဒုက္ခခံစားနေရတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီလို ဒုက္ခခံစားနေရတာတွေဟာ အစ္စရေးတွေ(ဂျူးတွေ)ကြောင့် မဟုတ်ပါဘူး။ ပါလက်စတိုင်းက အကျင့်ပျက်ခြစားနေတဲ့ (ပျက်စီးနေတဲ့)ခေါင်းဆောင်တွေကြောင့် ဖြစ်ပါတယ်။
အစ္စရေးနိုင်ငံမှာနေတဲ့ အာရပ်လူမျိုးတွေ အာရပ်တိုင်းပြည်တွေမှာ နေချင်လို့ဆိုပြီး ထွက်ပြေးတာကို တွေ့မြင်ရဖို့ ခဲယဉ်းပါတယ်။ အခြားတစ်ဖက်မှာတော့ ထောင်သောင်းများစွာသော ပါလက်စတိုင်းလူမျိုး မွတ်စလင်တွေဟာ သူတို့ရဲ့ ရန်သူတော်ကြီးဖြစ်တဲ့ အစ္စရေးမှာ ပျော်ရွှင်စွာ အလုပ်လုပ်ဖို့ အစ္စရေးနယ်မြေထဲကို ၀င်နေကြပါတယ်။ အချို့ပုဂ္ဂိုလ်တွေ ပြောနေကြသလို အစ္စရေးတွေက ဆိုးဆိုးဝါးဝါး လူမဆန်စွာ ဆက်ဆံကြတယ်ဆိုရင် ဆန့်ကျင်ဘက်အခြေအနေ (ပါလက်စတိုင်းတွေက အစ္စရေးနယ်မြေထဲ မ၀င်ဘဲ၊ အစ္စရေးထဲက အာရပ်တွေကသာ ပါလက်စတိုင်းနယ်မြေထဲ ၀င်နေကြမယ်ဆိုတဲ့ ဆန့်ကျင်ဘက်အခြေအနေ… စာရေးသူ) တွေပဲ ကျွန်တော်တို့ တွေ့ရမှာ အသေအချာပါပဲ။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ ကိုယ့်ပြဿနာကိုယ်လက်ခံပြီး ကိုယ်ကိုယ်တိုင်ပဲ ဖြေရှင်းကြရပါလိမ့်မယ်။ ဒါမှသာ လူသားထုတစ်ရပ်လုံးနဲ့ ညီညွတ်မျှတစွာနေနိုင်မယ့် ခေတ်သစ်တစ်ခုကို စတင်နိုင်ကြပါလိမ့်မယ်။
ကျွန်တော်တို့ မွတ်စလင်ဘာသာရေးခေါင်းဆောင်များအနေနဲ့
-မယားများစွာယူခြင်း၊
-အရွယ်မရောက်သူများကို လက်ထပ်ခြင်း၊
-ကျွန်စနစ်၊
-အစ္စလာဟ်ဘာသာကို သွေဖီသူများကို သတ်ဖြတ်ခြင်း၊
-အမျိုးသမီးများကို ရိုက်နှက်ခြင်းနဲ့
-အစ္စလာဟ်ဘာသာပြန့်ပွားရေးအတွက် မွတ်စလင်မဟုတ်တဲ့နိုင်ငံများကို စစ်ကြေငြာခြင်းဆိုတဲ့ အချက်တွေကို ထင်ထင်ရှားရှား၊ ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ လိုအပ်နေပါပြီ။ ဒီလို လုပ်ဆောင်ပြမှသာလျှင် “ကျွန်တော်တို့ဘာသာကို လေးစားကြပါ”လို့ အခြားသူတွေကို တောင်းဆိုနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့ “ကျွန်တော်တို့ရဲ့ သူတော်ကောင်းယောင်ဆောင်တတ်တဲ့အကျင့်”တွေကို ရပ်တန့်ဖို့ အချိန်ကျရောက်ပါပြီ။ ပြီးတော့ ဒီအချိန်ဟာ “ကျွန်တော်တို့ မွတ်စလင်တွေ ပြောင်းလဲရမယ်”လို့ ပွင့်ပွင့်လင်းလင်း ပြောရမယ့်အချိန်ပါပဲ။

တော်ဖစ် ဟာမစ်