Friday, February 12, 2010

အယုဒ္ဓယမှာ ဦးအောင်ဇေယျကို ပွေ့ဖက်ဖို့ တွန့်ဆုတ်နေခဲ့သည်

ဘန်ကောက်အပူချိန်က ရွှေဘိုလိုပဲ ပူလောင်သည်။ အခုချိန်မှာတော့ ရွှေဘိုက ဆောင်းတွင်းဖြစ်၍ အေးကောင်းအေးနေလိမ့်မည်။ ဘန်ကောက်ကတော့ ဆောင်းတွင်းကို လက်မခံ။ ပူနေဆဲ၊ လောင်နေဆဲ။

ပြေလွင်နေသော လမ်းမကြီးပေါ်တွင် ကားလေးက လှစ်ခနဲ လှစ်ခနဲ ပြေးနေခဲ့သည်။ သူကတော့ ကားကလေးပြေးနေသည်ဟု မသိ၊ သူ့စိတ်တွေ ပြေးနေသည်ဟုသာ ခံစားနေမိသည်။ စကားတွေလည်း မပြောဖြစ်ခဲ့၊ တိတ်ဆိတ်စွာ လိုက်ပါနေခဲ့သည်။ ညက အိပ်ရေးပျက်ထားတော့ ကားပေါ်ရောက်လျှင် အိပ်လိုက်မည်ဟု အားခဲထားသော်လည်း အိပ်မပျော်ခဲ့၊ အတိတ်က တုတ်တစ်ဖက်၊ ဓားတစ်ဖက်အရိပ်တွေနှင့် လွှမ်းလို့လာနေခဲ့သည်။ ဖုံးလွှမ်းထားသော သူ့ပေါင်မှာ ထိုးကွင်းနေတောင် ထလာသလို ခံစားလိုက်ရခဲ့သည်။

“ထိုင်းတွေက မြန်မာတွေကို စိတ်နာလို့ ဒီမြို့ကို ဒီအတိုင်း မပြင်ဘဲ ထားလိုက်ကြတာလေ”တဲ့။ ရှေ့ခန်းက ရောက်ဖူးတဲ့သူငယ်ချင်းက ပြောနေသည်။ ဘန်ကောက်ကနေ ၂-နာရီကျော် ၃-နာရီလောက်အကြာတွင် ရှေးဟောင်းဘုရားစေတီပုထိုးကိုများကို တွေ့ရခြင်းအားဖြင့် ရှေးဟောင်းသမိုင်းဝင် အယုဒ္ဓယမြို့သို့ ချင်းနင်းလာခဲ့ပြီကို သိလိုက်ရသည်။ “ဒို့မြန်မာတွေက ဒီမြို့ထိလာပြီး တိုက်ခိုက်ကြတာလေ၊ ထိုင်းတွေကို ၀ါးရင်းတုတ်နဲ့ထု၊ ကလေးတွေကို ဆုံထဲထည့်ပြီး ထောင်းခဲ့ကြတာ”၊ သူငယ်ချင်းက သူ့ဘေးက ကလေးကို ရှင်းပြနေသည်။

သူသည် သမိုင်းကို မသိပါ။ သို့ရာတွင် ကြားရသည့်သမိုင်းတွေကတော့ မကောင်းပါ။ အမှန်တကယ်ပဲ အယုဒ္ဓယသမိုင်းကို သိချင်နေပါသည်။ တကယ်ပဲ ရက်စက်ခဲ့ကြလေသလား။ ဦးအောင်ဇေယျဆိုလျှင် ထိုင်းပြည်သူများက အလွန်မုန်းတီးစက်ဆုပ်ခဲ့ကြသည်။ ယနေ့အချိန်အထိလည်း ဦးအောင်ဇေယျနှင့်ဆက်စပ်ပြီး မြန်မာတွေကို အလွန်မုန်းနေသည်။

“ပုဂံအကြောင်းပြောရင် တုတ်ထမ်း၊ ဓားထမ်းပြီး ပြောရတယ်”ဟု ကြားဖူးခဲ့သည်။ ယခု စဉ်းစားနေမိသည်မှာ မည်သည့်သမိုင်းကြောင်းကိုပဲ ပြောပြော အမျိုးသားရေးကိုရှေ့တန်းတင်ထားသော သမိုင်းမှန်သမျှတွင် တုတ်တွေ၊ ဓားတွေများရှိနေမလားဟု တွေးနေမိသည်။ မျိုးချစ်စိတ်ကို အခြေခံသော သမိုင်းနောက်ခံများတွင် နဖူးကြောအတွန့်လေးများ ထင်ရှားနေသည်။ အံကြိတ်သံလေးများရှိနေသည်။ လူမျိုးရေးနှင့်ပတ်သက်သောသမိုင်းတွင် တောက်ခေါက်သံ ကျယ်လောင်သည်။

သမိုင်းများသည် တစ်ခါတစ်ရံတွင် လူကို လက်မထောင်စေသကဲ့သို့ တစ်ခါတစ်ရံတွင် တံတွေးခွက်ထဲတွင် ပက်လက်မျောစေလေသည်။ “သမိုင်းထဲက ဇာတ်ကောင်များသည် လက်နှစ်ဖက်ကို ရတတ်သည်”ဟု စကားတစ်ခွန်းကို ကြားဖူးသည်။ လက်တစ်ဖက်က ကောင်းချီးပေးမှုဖြစ်ပြီး တစ်ဖက်က ကျိန်ဆဲသံများဖြစ်သည်။ ဦးအောင်ဇေယျသည် မြန်မာတို့၏ ကောင်းချီးပေးမှုကို ရသည်နှင့်တစ်ပြိုင်နက် ထိုင်းတို့၏ ကျိန်ဆဲသံများကိုလည်း တစ်ချိန်တည်း ရနေခဲ့လေသည်။

သမိုင်းကို ခေတ်နှင့်ပိုင်းခြား၍ နားလည်ရမည်ဟု နားလည်ထားသည်။ ရှေးပဝေသဏီက အဖြစ်အပျက်များကို သင်္ခန်းစားအဖြစ်သာ ရှုမြင်သင့်ပြီး အငြင်းပွားဖွယ်ရာ၊ ခိုက်ရန်ပွားဖွယ်ရာများအဖြစ် မမြင်သင့်တော့ဟု နားလည်ထားသည်။ မြန်မာတို့၏ ကိုလိုနီဘ၀များသည် သမိုင်းစာမျက်နှာများအရ ခက်ခဲကြမ်းတမ်းလွန်းလှသည်။ ဂျပန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ပေါ်တူဂီ….အားလုံး၏ နှိပ်စက်အနိုင်ကျင့်မှုကို ခံခဲ့ရသည်။ အတိတ်တွေက အတိတ်တွေမှာ သူတို့သဘာဝအတိုင်း အိပ်စက်အနားယူခဲ့ကြပြီ ဖြစ်ပါသည်။ ဒါကိုသဘောမပေါက်လျှင် ခံစားရဖို့သာ၊ ခံပြင်းမှုများနှင့် နာကျည်းနေရဖို့သာ များလေသည်။

သူ မြန်မာမှာ ရှိစဉ်က မွန်လူငယ်တစ်ယောက်ထံမှ စကားတစ်ခွန်း ကြားခဲ့ဖူးသည်။ “အောင်ဇေယျအကြောင်း ငါကြားကို မကြားချင်ဘူး၊ ဒီကောင့်ကြောင့် ငါတို့ မွန်ထီးနန်းကျဆုံးရတာ၊ အပြစ်မဲ့ ဟံသာဝတီဟာ သူ့လက်ထက်မှာ ပြာပုံဘ၀ရောက်ခဲ့ရတယ်”။ သမိုင်းကြောင်းအချက်အလက်များအရ ဦးအောင်ဇေယျ၏ အုပ်ချုပ်ပုံသည် ကြမ်းတမ်းတင်းကျပ်ခဲ့သည်ဟု ယူဆစရာရှိပါသည်။ မွန်လူမျိုးများစွာကို သတ်ဖြတ်ခဲ့သော ဦးအောင်ဇေယျကို ဖူးဖူးမှုတ်နေကြခြင်းသည် မွန်လူမျိုးများကို ရန်စနေသလို ဖြစ်နေသည်ဟု ပြောကြသည်။

ထိုင်းဘုရင် ဆူရိယာမာရင်က မြန်မာစစ်သည်များကို ဆက်မတိုက်တော့ဖို့ပြောကြားပြီး အညံ့ခံပါ့မည်ဟု သ၀ဏ်လွှာပါးလိုက်သည်။ အဆိုပါ ကမ်းလှမ်းချက်ကို မြန်မာစစ်ဗိုလ်များက ပယ်ချပြီး တွေ့ရာကြုံရာမီးရှို့ဖျက်ဆီးပြီး အယုဒ္ဓယကို သိမ်းယူခဲ့ကြလေသည်။ ဤအချက်သည် ထိုင်းလူမျိုးများကို ယနေ့အချိန်အထိ ရင်နာစေခဲ့သည်။ အမှန်ဆိုလျှင် အယုဒ္ဓယကို ဦးအောင်ဇေယျတိုက်နိုင်ခဲ့သည်မဟုတ်၊ သူ့သားနှင့် စစ်ဗိုလ်များသာ ဖြစ်ပါသည်။ အယုဒ္ဓယတိုက်ဖို့အသွား လမ်းခုလတ်မှာ ရာသီဥတုကြမ်းလွန်းပြီး ကျဆုံးခဲ့ပြီး ဖြစ်လေသည်။ ထိုအချိန်ကာလမှစပြီး ထိုင်းနိုင်ငံ၏ထီးနန်းစိုက်ရာအယုဒ္ဓယကို ဘန်ကောက်သို့ ပြောင်းရွှေ့ခဲ့ရသည်။

သမိုင်းမှာ မွန်လူမျိုးများကိုသာ မဟုတ်ပါ၊ ရခိုင်လူမျိုးဘုရင်များဟာလည်း အင်းဝဘုရင်များ၏လက်အောက် ရောက်ခဲ့ရပါသည်။ မဟာမြတ်မုနိဘုရားကြီးသည်ပင် ရခိုင်ပြည်နယ်က ပင့်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ ရခိုင်ဘုရင်ကို နိုင်အောင်တိုက်ခဲ့သည့် ဘိုးတော်ဘုရား၏သားတော်ကို နောက်ပိုင်းရာဇ၀င်ဆရာများက “ရခိုင်နိုင်မင်း”ဟု နာမည်ပေးကြသည်။ သူ့စိတ်ထဲ ဘ၀င်မကျလှပါ။

သမိုင်းဆရာတစ်ယောက်သည် သမိုင်းကြောင်းတစ်ခုကို ရေးချင်လျှင် ကိုယ့်ရင်ဘက်တစ်ခုတည်းကို ကိုယ်စားမပြုဘဲ ရင်ဘက်များစွာကို ကိုယ်စားပြုဖို့ လိုအပ်လေသည်။

တစ်ဖန် သမိုင်းကို ရှုမြင်ရာတွင် ကိုယ်ပိုင်အသိစိတ်ဓာတ်လေးသာ အဓိကကျသည်ဟု ယူဆသည်။ အားကောင်းသူက အားနည်းသူကို အနိုင်လိုက်တိုက်နေခဲ့သည်မှာ ရှေးဧကရာဇ်ဘုရင်များ၏ သဘာဝသာဖြစ်သည်ဟု ခံယူနေပါသည်။ “အားကောင်းသူသည် သူရဲကောင်းဖြစ်ပြီး အားနည်းသူသည် ရှုံးနိမ့်သူဖြစ်သည်”ဟူသော ဒဿနမှာ အဆိုပါခေတ်၏ ပြယုဂ်တစ်ခုဟု နားလည်လျှင် အတိတ်သည် တိတ်ဆိတ်အေးချမ်းသောအသွင်ကို ဆောင်နိုင်စရာရှိပါသည်။

မည်သို့ဆိုစေ အယုဒ္ဓယသို့ တစ်ခေါက်ရောက်ခဲ့သည်။ ရှေးခေတ်စေတီပုထိုးများကို စိတ်ဝင်တစား ကြည့်ရှုခဲ့သည်။ ဘုရားဈေးက စာအုပ်ဆိုင်များတွင် အယုဒ္ဓယသမိုင်းစာအုပ်များကို လိုက်လံကြည့်ရှုမွှေနှောက်သည်။ သေသေချာချာမဖတ်မိ၍လား မသိ၊ မြန်မာနှင့်ဆက်စပ်သော သမိုင်းကြောင်းတစ်စက်ကလေးမှ မတွေ့ခဲ့၊ အားလုံးကို ထိမ်ချန်ထားကြလေသည်။ အယုဒ္ဓယခေတ်နိုင်ငံခြားဘုရင်များနှင့်ဆက်ဆံရေးအကြောင်း စာအုပ်တွင်သော်မှ မြန်မာ့အကြောင်း မပါ။ အမည်ကင်းမဲ့သော ခံစားချက်များနှင့် ရင်ဘတ်တစ်ခုလုံး မွန်းကြပ်နေခဲ့ပါသည်။

အယုဒ္ဓယကို လည်ပတ်ရသည်မှာ ဆွေးဆွေးမြေ့မြေ့ ဖြစ်လွန်းသည်။ စိတ်က ပစ္စုပ္ပန်ကို နည်းနည်းမှ ရှုမရ၊ အတိတ်သို့သာ ပြေးဝင်နေသည်။ ရန်ကုန်မြို့က ဗိုလ်ချုပ်အောင်ဆန်းအိမ်ရှေ့နားသွားလျှင် စိတ်ထဲမှ ဗိုလ်ချုပ်အောင်ဆန်းကို ၀မ်းပမ်းတသာ ပွေ့ဖက်မိစမြဲ၊ အခု အယုဒ္ဓယမှာ ဦးအောင်ဇေယျကို ပွေ့ဖက်ဖို့ တွန့်ဆုတ်နေခဲ့သည်။

အယုဒ္ဓယအမှတ်တရဓာတ်ပုံများ

နန်းတော်ဝင်းထဲမှာ

ရှင်သီဝလိလည်း ခါးစည်းကြီးနဲ့
ဆင်းတုကို ရွှေစများဖြင့် ညစ်ပတ်အောင် လုပ်နေကြတယ်
မြန်မာတွေလို ညစ်တီးညစ်ပတ် ရွှေချတတ်ကြသည်
ပုဂံကို လွမ်းမိသေးသည်
ရှည်လျားလှသောကျောင်းတော်ရာကြီး
အုတ်ကျိုးအုတ်ပဲ့များသာ ကျန်ခဲ့တယ်
ဝက်မဟာထက်ကျောင်းတော်ရာဝင်းထဲမှာ
စေတီပုထိုးများကြားက ရှေးဟောင်းမှန်ကူ

Wednesday, February 10, 2010

မြန်မာတို့ မှီခိုရာဒေသတစ်ခုသို့

မြန်မာတို့ မှီခိုကျက်စားရာဒေသတစ်ခုသို့ ရောက်သွားခဲ့တယ်။ အဲဒီလို ခေါင်းစဉ်တပ်လိုက်လို့ လူချမ်းသာဒီမိုကရေစီတိုက်ပွဲဝင်သူရဲကောင်းကြီးတွေကတော့ “ငါတို့ကို နှိမ်တယ်”လို့ ဆိုနေကြပါလိမ့်မယ်။ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်သူတွေထဲမှာ ပုံစံက အမျိုးမျိုးရှိတယ်လေ။ ဒီမိုကရေစီဆိုတာကို တဖွဖွရေရွတ်နေကြတဲ့ ဒီမိုကရေစီတိုက်ပွဲဝင်၊ လွတ်မြောက်နယ်မြေက ရဲဘော်ကြီးတွေကတော့ အမှန်တရားအတွက်တိုက်ပွဲဝင်ဖို့ထောက်ပံ့ထားတဲ့ ဒေါ်လာတွေနဲ့ ပျော်ကြမော်ကြပေါ့။ ဒါပေမယ့် လွတ်မြောက်နယ်မြေက ဖော်ပြစရာစကားလုံးမရှိလောက်အောင် ဆင်းရဲစွာ အသက်မွေးနေရတဲ့သူတွေကလည်း ဒုနဲ့ဒေးပါပဲ။ ဒီအမှိုက်ပုံကြီးထဲမှာ မြန်မာတွေ အယောက် ၁၀၀-လောက်ဟာ ဒုက္ခတွေ လှလှကြီးခံစားနေကြရတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်ဆိုသူကြီးတွေကတော့ ပရောဂျက်တွေအမျိုးမျိုးရေး၊ ပိုက်ဆံကို ပုံစံမျိုးစုံနဲ့တောင်း၊ အကြောင်းပြတာက ပရဟိတအတွက်၊ သုံးလိုက်တဲ့ငွေကြေးတွေကတော့ သူတို့ ဗိုက်ထဲသာ။ ဒုက္ခရောက်နေသူတွေကို ကူညီဖို့ ဝေလာဝေး။ ခေါင်းပုံဖြတ်နေကြတယ်။ ခေါင်းတွေကို အပုံလိုက်ဖြတ်နေကြတယ်။ ဒီလို ရမ်းပစ်လိုက်လို့ စိတ်ဆိုးချင်လည်း ဆိုးကြ။ အများစုက ဒီအတိုင်းပဲဆိုတာ လက်ခံရင် ဖင်ပိတ်မငြင်းကြနဲ့။ ဆက်လက်ပြီး စားကြ၊ သောက်ကြ၊ ပျော်ပါးကြစေသတည်း။




























ဒီဓာတ်ပုံလေးတွေကို ကြည့်မိကြသူတွေထဲက စေတနာရှင်လေးတွေရှိရင် မဲဆောက်က အမှိုက်ပုံကြီးက နိမ့်ကျနေတဲ့ မြန်မာတွေအပါအ၀င် အမျိုးမျိုး ခေါင်းပုံဖြတ်ခံရလို့ ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးကြဖို့ပါ။

Sunday, February 7, 2010

ထွေရာလေးပါးအတွေးများ

ရင်ဘက်ထဲက ဆလိုက်မီးများ


စာမရေးဖြစ်တာလည်း ကြာလှပေါ့။ စိတ်ကူးထဲမှာ ရေးဖို့တေးထားတာလေးတွေကလည်း မရေးတာကြာတဲ့အခါ အစရှာလို့ မရတတ်တော့ဘူး။ ရေးချင်တဲ့အဟောင်းလေးတွေ ပျောက်သွားတဲ့အခါ ရေးချင်တဲ့အသစ်တွေလည်း ရှိလာပေါ့။ ဒါပေမယ့် မရေးဖြစ်ပြန်တော့ အဟောင်းဖြစ်ပြီး မေ့သွား။ ဒီလိုနဲ့ပဲ အကောင်အထည်မဖော်ဖြစ်တဲ့ စိတ်ကူးလေးတွေက အရာမထင်ဘဲ ပျောက်ပျက်ကုန်ကြတယ်။

ဖြစ်တည်မှုပဓာန၀ါဒကို အစပြုပေးခဲ့သူလို့ ဆိုကြတဲ့ ဖရက်ဒရစ်နစ်ရှေးဆိုတဲ့ ဂျာမန်အတွေးအခေါ်ပညာရှင်ကြီးကတော့ ခေါင်းထဲမှာ ရေးစရာပေါ်လာရင် သန်းခေါင်ကျော်နေလျှင် ဂရုမစိုက်၊ အချိန်မရွေးထရေးတတ်သည်ဟု ကြားဖူးတယ်။ ကျွန်ုပ်တို့အားလုံး လေးစားကြရတဲ့ လယ်တီဆရာတော်ဘုရားကြီးဆိုရင်လည်း ဒီလိုပဲတဲ့။ တစ်ခါတစ်လေ ရေချိုးနေတုန်းတန်းလန်းကြီး အတွေးပေါ်လာလို့ စာရေးတာ ရေလဲသင်းပိုင်ချောက်သွားတဲ့အထိ ရေးတာတဲ့။ ကျွန်ုပ်ကတော့ အဲဒီလောက်ထိ ဇွဲမရှိခဲ့လေဘူး။ ဒီကြားထဲ ကန္နီဖောင်ဒေးရှင်းမှာ ရေးတင်နေတဲ့ စာအုပ်ကလည်း ရှာမတွေ့ဆိုတော့ ဘာမှမတတ်နိုင်ဘူး။ ဒီအတိုင်းထားလိုက်ရတယ်။

ခရီးသွားရင်းဆိုတော့ တစ်ခါတစ်လေ စိတ်က အရမ်းတက်ကြွနေသလောက် တစ်ခါတစ်လေတော့လည်း ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ။ ကြည်နူးစရာမြင်ကွင်းတွေနဲ့ ကြည်နူးခဲ့ရသလို အမြင်မသင့်တာတွေနဲ့လည်း ညစ်ညူးရပါတယ်။ လောကဓမ္မတာဆိုပေမယ့် အကောင်း၊ အဆိုးလောကဓံတွေကြားမှာ ဘယ်တိမ်းညာရှောင်နဲ့ အလုပ်တော့ ရှုပ်ခဲ့ရတာပဲလေ။ စာရေးပြီဆိုကတည်းက စာဖတ်သူကို တစ်ခုခု ပေးဖို့ရေးကြတာချည်းပဲ။ “ငါဖန်တီးထားတဲ့ဘလော့၊ ငါရေးချင်ရာရေးမယ်၊ ဖတ်ချင်တဲ့သူဖတ်၊ မဖတ်ချင်တဲ့သူနေ”ဆိုပြီး ရေးချင်တာ ရေးတင်လို့လည်း ဖြစ်တာပဲ။ ဒါပေမယ့် အဲ့ဒီလိုကြီး မလုပ်ချင်ဘူး။ တစ်ခုခုလေးတော့ ရသွားစေချင်တယ်။ ဘာတစ်ခုမှ မပေးတဲ့စာဆိုရင် ဘာတစ်လုံးမှ မရေးချင်ဘူး။ သုတတစ်ခုမှ မရခဲ့ဘူးဆိုရင်တောင် အနည်းဆုံး ရသလေးတော့ ရသွားစေရမယ်ပေါ့။

ဇန်န၀ါရီလ၊ ၂၅-ရက်နေ့က ဘန်ကောက်ကို ခရီးထွက်ခဲ့တယ်။ ဒုတိယအကြိမ်မြောက်ပေါ့။ သုဝဏ္ဏဘူမိလေဆိပ်ကြီးကို ဆင်းတာနဲ့ ရွှေမြန်မာတွေ ရေရွတ်နေကြစကားတွေကို ကြားရတော့တာပဲ။ ကိုယ့်နိုင်ငံအစိုးရကို ဆဲလိုက်၊ သူများတွေ ကြီးပွားနေတာတွေကို တမ်းတလိုက်၊ လူ့အခွင့်အရေးနဲ့ အာဏာရှင်စနစ်တွေကို ဝေဖန်လိုက်။ ဒါတွေက ဆယ်စုနှစ်ပေါင်းများစွာ အာခေါင်တွေ ခြောက်ကပ်နေအောင် ပြောနေကြရလွန်းလို့ ကျွန်ုပ်အတွက်တော့ ရိုးအီလို့ နေခဲ့ပါပြီ။ အာဏာရှင်တွေ ပြုမူနေတာတွေကလည်း ပုံပြင်ဟောင်းတွေဖြစ်သလို အတိုက်အခံတွေ ပြောနေလုပ်နေကြတာကလည်း ပုံပြင်ဟောင်းတွေပဲ ဖြစ်နေခဲ့တယ်။ ပုံပြင်အဟောင်းတွေနဲ့ နားငြီးလွန်းလို့ အချို့တံခါးတွေ ပိတ်ထားခဲ့ပါတယ်။

စင်္ကာပူရောက်တော့ စင်္ကာပူကို အားကျရသလို ဘန်ကောက်ရောက်တော့လည်း ဘန်ကောက်ကို အားကျရတာပဲ။ ဒီအကြောင်းကို သူငယ်ချင်းကို ပြောပြတော့ မယုံမရှိနဲ့ လာအိုသွားရင်တောင် မင်းအားကျနေလိမ့်မယ်တဲ့။ မြန်မာ့အလင်းဆောင်းပါးရှင်ကတော့ အမေကျော် ဒွေးတော်လွမ်းလို့ ဆိုပါတယ်။ အစိုးရမတည်ငြိမ်လို့ မြို့လည်ခေါင်မှာ ညစ်ညစ်ပတ်ပတ်တွေ ပေါလာတာကလွဲရင် လမ်းတွေ လုပ်ထားပုံက အံ့သြစရာကောင်းလှတယ်။ စင်္ကာပူထက်ကို တံတားတွေက စည်ကားလွန်းတယ်။

ကမ္ဘာ့ဒုတိယအရှည်ဆုံးတံတားကြီးကဆို ရင်သပ်ရှုမောစရာ ကောင်းပါတယ်။ ဘန်ကောက်ကနေ ဘန်းပခေါင်ထိ ၅၄ ကီလိုမီတာရှည်လျားပါတယ်။ ပတ္တရား(ဖတ်တရား)ကို သွားတဲ့ခရီးမှာ မြေပြင်ပေါ်ကသွားရခရီးက တိုတိုလေးပါ။ တံတားကြီးပေါ်ကပဲ အများဆုံး ဖြတ်သွားရပါတယ်။
ဖတ်တရားမြို့က အတော်သာယာပါတယ်။ ဘုန်းကြီးတွေနဲ့ သိပ်အပ်စပ်တဲ့မြို့တော့ မဟုတ်ရှာပါဘူး။ ပြည့်တန်ဆာလုပ်ငန်းကို အကြီးအကျယ် ပေါ်ပေါ်ထင်ထင် လုပ်ကြတဲ့မြို့ဖြစ်လို့ပါပဲ။ စိတ်ထဲရှိတဲ့အတိုင်း ကြဲလို့ ရတဲ့မြို့လို့ဆိုပါတယ်။ ညပိုင်းမှာ ကားလေးနဲ့ မြို့ထဲလည်တော့ မျက်လုံးပြူးကျယ်ပြီး ပါးစပ်တွေအဟောင်းသားဖြစ်ခဲ့တယ်။ တစ်စုတစ်စုကို အယောက်သုံးဆယ်၊ လေးဆယ်စသည်ဖြင့် စုရုံးနေကြတယ်။

ဖတ်တရားကမ်းခြေလမ်းကလေးအတိုင်း မောင်းထွက်ခဲ့တော့ ကားထဲက မီးကို ပိတ်ပြီး တိတ်တိတ်လေးနေပြီး လိုက်ခဲ့ကြဖို့ သူငယ်ချင်းက ပြောတယ်။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးမြင်ရင် “လန့်ပြေးကြတတ်”လို့ပါတဲ့။ လမ်းဘေးမှာတွေ့ရတဲ့ အများစုကတော့ အနောက်သားတွေ များပါတယ်။ အနောက်သားတွေ ပျော်တဲ့မြို့လို့ ဆိုပါတယ်။ ထိုင်းကားသမားက ထိုင်းလိုပြောနေပါတယ်။ ထိုင်းစကားနားလည်တဲ့သူငယ်ချင်းကို မေးကြည့်တော့ ကားလမ်းညာဘက်ခြမ်းက ဈေးပေါတဲ့သူတွေ၊ ဘယ်ဘက်ခြမ်းက ဈေးကြီးတယ်တဲ့။ “အော်၊ အော်”လို့ အာမေဋိတ်ပြုခဲ့ပါတယ်။

မနက်မနက်စောစော ဆွမ်းခံကြွရင် ဒီအလုပ်လုပ်စားသူ မိန်းကလေးတွေက အမြဲတမ်းလိုလို ဆွမ်း၊ ငွေကြေးစသည်ကို လောင်းလှူလေ့ရှိတယ်တဲ့။ အတော်များများက ထောင်ချောက်ထဲက ကျားသစ်မလေးတွေလိုပဲလို့ သူငယ်ချင်းက ပြောပါတယ်။ ဘယ်မိန်းကလေးမှ ဒီလိုအလုပ်မျိုးမှာ ပျော်ပိုက်ကြပါ့မလဲ။

တောင်ပေါ်ကနေ မြို့အလှမီးရောင်တွေ ကြည့်ရှုပြီးလို့ ပြန်ကြမယ်ဆိုတော့ “………မရှိတဲ့ လမ်းကနေ ပြန်ကြစို့ရယ်”ဆိုပြီး ဟိုက်ဝေးလမ်းကနေ ပတ်ပြန်ခဲ့ကြတယ်။ ကိုယ့်စိတ်ကို ပြန်စစ်ကြည့်တော့ တရုတ်က ရဟန်းနှစ်ပါးဇာတ်လမ်းလေးကို သတိတွေ ရနေမိပါတယ်။

တစ်နေ့ ရဟန်းနှစ်ပါး ခရီးထွက်ကြတယ်တဲ့။ ချောင်းတစ်ခုကို ဖြတ်ရမယ်ဆိုတော့ မိုးတွေရွာလို့ ချောင်းရေတွေ ကြီးနေတယ်တဲ့။ ဒါပေမယ့် ချောင်းရေက ရဟန်းနှစ်ပါးအတွက်တော့ တစ်ဖက်ကမ်းကို ကူးမြောက်လို့ ရနိုင်တဲ့အနေအထားဖြစ်ပါတယ်။ သူတို့ ကူးကြမယ်ဆိုတော့ ကမ်းစပ်မှာ မိန်းကလေးတစ်ယောက်က ချောင်းကူးဖို့ လုပ်နေတယ်။ ဒါပေမယ့် ရေကြီးနေတော့ မကူးရဲဘူး။ ဒါနဲ့ ရဟန်းနှစ်ပါးကို အကူအညီတောင်းတယ်တဲ့။ တစ်ပါးက ၀ိနည်းကို တသဝေမတိမ်း လိုက်နာသူဆိုတော့ “ရဟန်းဆိုတာ မိန်းကလေးကို မထိကောင်းဘူး၊ ဒါကြောင့် မင်းကို ငါမကယ်နိုင်ဘူး”ဆိုပြီး ဥပေက္ခာပြုလိုက်တယ်။ နောက်တစ်ပါးကတော့ အဲဒီလို မဟုတ်ဘူး။ ပြောပြောဆိုဆို မိမိမှာပါလာတဲ့ သပိတ်နဲ့အသုံးအဆောင်နည်းနည်းပါတဲ့ အိတ်လေးကို နောက်ကျောမှာ အသေအချာ ချည်ထားလိုက်တယ်။ ပြီး မိန်းကလေးကို ကောက်ပွေ့လိုက်တယ်။ တစ်ဖက်ကမ်းကို ပို့ပေးလိုက်ပြီး ရဟန်းနှစ်ပါး ခရီးအတူဆက်ခဲ့ကြတယ်။

မိန်းကလေးကို ကယ်လိုက်တဲ့ ရဟန်းက ပုံမှန်ပါပဲ။ မိန်းကလေးနဲ့ မတွေ့ခင်ကလည်း ဒီစိတ်ပဲ၊ တွေ့ပြီး မိန်းကလေးကို ကောက်ပွေ့ပြီး တစ်ဖက်ကမ်းကို ပို့ပေးပြီးတော့လည်း ဒီစိတ်ပဲ။ သူ့စိတ်က ပကတိအတိုင်းသာ။ ဒီလို ခရီးဆက်ပြီး ကျောင်းကို ရောက်လာခဲ့ကြတယ်။

ကျောင်းကိုရောက်တော့ ၀ိနည်းလေးစားတယ်ဆိုတဲ့ကိုယ်တော်က မနေနိုင်တော့ဘူး။ စကားစလိုက်တယ်။ “အရှင်ဘုရား ၀ိနည်းမလေးစားဘူး၊ မလုပ်သင့်တာကို လုပ်ခဲ့တယ်”
“ဘာ…အရှင်ဘုရား၊ ဘာဖြစ်လို့လဲ”
“အခုမှ မသိချင်ယောင်ဆောင်မနေနဲ့၊ အရှင်ဘုရား မိန်းကလေးကို ပွေ့ခဲ့တယ်မလား”
ဒီတော့မှ အလွန်မှတ်သားစရာကောင်းတဲ့ စကားလေးထွက်လာခဲ့တယ်။
“အော်…အရှင်ဘုရားနှယ်၊ ဖြစ်မှဖြစ်ရလေ၊ တပည့်တော်က မိန်းကလေးကို ဟိုဘက်ကမ်းကနေ ဒီဘက်ကမ်းအထိပဲ ပွေ့ပြီး အကူအညီပေးခဲ့တာ။ အရှင်ဘုရားက အခုထိ ပွေ့ထားဆဲပါလား”

ကျွန်ုပ်လည်း အာရုံတွေကို ဘယ်ကနေ ဘယ်အထိ ပွေ့ဖက်ထားမိလဲ ဆန်းစစ်နေမိပါတယ်။ ဖတ်တရားမြို့ရဲ့ အမှောင်ကတော့ အလင်းရောင်တွေ များလွန်းလို့ မသိသာလှပါ။ ရင်ထဲမှာတော့ ဘယ်လောက်များများ လင်းပြီး ဘယ်လောက်များများ မှောင်နေကြပါလိမ့်။

ကျောင်းပြန်ရောက်တော့ ကြောင်တွေရဲ့ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ခဲ့ရတယ်။ အမှောင်တွေ လင်းသွားရအောင် ပိတ်ထားမိတဲ့ ခလုတ်လေးတွေကို ဖွင့်လိုက်အုံးမှ….။

Sunday, January 31, 2010

ဘာသာပြောင်းတော့မလို့ပါ


နှင်းတွေ ခဲနေတတ်သော မြို့လေးတစ်မြို့။ တိတ်ဆိတ်သော ဆင်ခြေဖုံးမှာ လူငယ်တစ်ယောက်။ ဖွားလျားကျနေသောဆံပင်များက ကုတ်ပိုးအထိ ၀ဲကျနေသည်။ ဤနေ့ဤရက်သည် သူ့အတွက် ရှုပ်ထွေးပွေလီနေသည်ဟု ခံစားခဲ့ရသော နေ့ရက်တို့ကို လွတ်မြောက်ခဲ့လေသည်။ ဆင်ဖြေဖုံးလေးမှတစ်ဆင့် ဘာရယ်မဟုတ် တောတန်းလေးဘက်သို့ လမ်းလျှောက်နေမိခဲ့သည်။ ရည်ရွယ်ချက်က ထူးခြားမှုမရှိ၊ အပျင်းပြေလမ်းလျှောက်ခြင်းမျှသာ။ “သေသောသူ ကြာရင်မေ့”ဆိုသလို စွန့်ခွာမိသောဘာသာတရားကိုရော မေ့လိုက်တတ်ကြသလား။ မဝေခွဲတတ်ပါ။ ဘာပဲဖြစ်ဖြစ် သူကတော့ ဘာသာပြောင်းတော့မည်ဟု ယတိပြတ်ဆုံးဖြတ်ပြီး ဖြစ်လေသည်။

တောစပ်လေးရောက်တော့ တဲလေးတစ်လုံးဟု ယူဆရသည့်နေရာကို မြင်လိုက်ရသည်။ တဲလေးက ၀ါးထရံတွေနှင့်၊ တိုင်ကလည်း ၀ါးလုံးတိုင်လေးလုံးမျှသာ။ အမိုးက ထန်းရွက်တွေနှင့်။ တဲလေး၏ရှေ့မှာ စဉ်းအုံးလေးတစ်လုံး၊ ရေအိုးလေးဖြစ်ပုံရသည်။ တဲလေး၏ပတ်ပတ်လည် သုံးပေခန့်သာ မြတ်ပေါင်းပင်များကို ရှင်းလင်းထားသည်။ လယ်ယာလုပ်မည့်သူများနေဖို့ ဆောက်ထားသည်ဟု မထင်ရ၊ အမြဲနေသည့်တဲလေးတစ်လုံးဟု လူရွယ်ယူဆမိလိုက်ခဲ့သည်။ အနားသို့ ချဉ်းကပ်ကြည့်သောအခါ အထဲတွင် တစ်ယောက်ယောက်ရှိသည်ကို သိခဲ့ရသည်။

လူငယ် တဲလေးရှေ့ ရောက်သည်နှင့် အထဲမှ ချောင်းဟန့်သံတစ်ချက်ကြားရသည်။ ခဏကြာတော့ ထွက်လာသည်။ “အော်….ဘုန်းကြီးတစ်ပါးပါလား” လူရွယ်အံ့အားသင့်သွားသည်။ “အတော်ပဲ ငါမေးချင်တာ မေးပစ်လိုက်မယ်”ဟု စိတ်ထဲမှာ ကြုံးဝါးလိုက်မိသည်။ လူငယ်က ကျောင်းထဲသို့ ၀င်ခွင့်ပြုဖို့၊ စကားအနည်းငယ်ပြောခွင့်ပြုဖို့ ပြောသောအခါ ဘုန်းကြီးက ကျောင်းနဘေး သစ်ပင်ကြီးအောက်သို့ ညွှန်သဖြင့် သစ်ပင်ကြီးအောက် ရောက်သွားခဲ့သည်။

လူငယ်က ပြိုင်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ မြင်းကောင်းမြင်းလှကြီးတစ်ကောင်လို တက်ကြွလန်းဆန်းနေသည်။ ဘုန်းကြီးက အနေကထိုင်လေးကို အသာအယာခင်းလိုက်သည်။ ပြီး အေးဆေးစွာဖြင့် ၀င်ထိုင်လိုက်သည်။ ကျောင်းထဲက ထွက်သောအခါမှစပြီး နေရာပြင်နေသည်အထိ လူငယ်ကို တစ်ချက်ကလေးမှ စောင်းငဲ့မကြည့်။ နေရာခင်းပြီးသောအခါမှသာ လူရွယ်ကို မျက်နှာချင်းဆိုင်လိုက်သည်။ ထိုအကြည့်ထဲတွင် “ကဲ ဘာပြောချင်သလဲ”ဟု ဆိုသည့်သဘောပါ ပါနေသည်ဟု ခံစားမိလိုက်သည်။
“ဘာသာပြောင်းတော့မလို့ပါ”ဟု တုံးတုံးတိတိပဲ ပြောလိုက်သည်။

“အေး…အဲဒါ ဘာဖြစ်လဲ၊ ငါက ဘာပြောရမလဲ” အေးအေးဆေးဆေးပဲ ပြောသည်။ လူရွယ်အံ့အားသင့်သလို ဖြစ်သွားသည်။ ဘာသာတစ်ခုက ဘာသာတစ်ခုကို ပြောင်းတော့မည်ဆိုလျှင် ဘုန်းကြီးတွေက တုန်လှုပ်တတ်ကြသည်ကို တွေ့ဖူးသည်။ “ဒီဘုန်းကြီးက ဘယ်လိုပါလိမ့်”ဟု တွေးနေသည်။

“အဲဒါ ဘုန်းကြီးကို မထင်မှတ်ဘဲ တွေ့လို့ ဘာသာအကြောင်း၊ တရားအကြောင်းအနည်းငယ်ဖြစ်ဖြစ် ဆွေးနွေးမလားလို့ ဒီကို ရောက်လာတာပါ”

“တပည့်တော် တည့်တည့်ပဲ မေးချင်ပါတယ်။ ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓဘာသာ ဘယ်ဘာသာက ကောင်းသလဲ”။
“အဲဒါ ငါ့ကို လာမမေးနဲ့ကွ”

“ဘာဖြစ်လို့လဲ”

“ပထမ ခရစ်ယာန်တစ်ယောက်ကို သွားမေး၊ ပြီးရင် ဗုဒ္ဓဘာသာတစ်ယောက်ကို သွားမေး၊ ဒါဆို အဖြေကို မင်းသိလိမ့်မယ်ကွ၊ ဒီထက်ပိုသိချင်ရင် ဟိန္ဒူတစ်ယောက်၊ မွတ်စလင်တစ်ယောက်၊ ဆစ်ခ်ဘာသာဝင်တစ်ယောက်၊ ကွန်ဖြူးရှပ်ဘာသာဝင်တစ်ယောက်၊ အဲဒါတွေပါ ဆက်မေးလိုက်၊ ဘယ်ဘာသာကောင်းလဲ သိလိမ့်မယ်”။

“အဲဒါတော့ တပည့်တော်လဲ သိတာပေါ့။ သူတို့ကတော့ သူတို့ဘာသာကောင်းကြောင်းပဲ ပြောမှာပေါ့။ အခု သိချင်တာက ဘယ်လိုပြောရမလဲ ဘယ်ဘက်မှ မလိုက်ဘဲ အဲဒီဘာသာတွေရဲ့ ကျင့်ဝတ်သိက္ခာပိုင်း၊ အကျိုးဖြစ်ထွန်းမှုပိုင်း၊ ခိုင်မာတဲ့ဘ၀ရပ်တည်ရေးအပိုင်း..စတဲ့ ရှုထောင့်တွေအရ ဘယ်သာသာက ကောင်းတယ်ဆိုတာကို ဘေးလူတစ်ယောက်အနေနဲ့ ဖြေပေးဖို့ပါ”

“အေး…မင်းပြောတာ လွယ်တယ်။ မင်းဟာ ဗုဒ္ဓဘာသာဖြစ်တယ်လို့ ခံယူလိုက်ရင် မင်းက ဗုဒ္ဓဘာသာဘက်ကို လိုက်လိုက်တာပဲကွ၊ ကျွန်တော်က ဗုဒ္ဓဘာသာပါ၊ ဒါပေမယ့် ဘာသာစွဲမရှိပါဘူးလို့ ပြောတာ အရူးကွ၊ မသိစိတ်က အဲဒီဘာသာဘက်မှာပဲရှိတယ်” သက်ပြင်းချရင်း ဆက်ပြောသည်။

“အေးးး…အဲဒါ ခက်တာပဲကွ၊ ငါက ဘေးလူမှ မဟုတ်ဘဲ၊ ဘေးလူအနေနဲ့လို့ စကားခံပြီး ငါပြောလိုက်ရင်လဲ သူက ဗုဒ္ဓဘာသာဖြစ်လို့ ပြောတယ်လို့ ပြောမှာပေါ့ကွ၊ ဒီမှာ ဒီမှာ ငါပြောလိုက်မယ် ငါ ငယ်ငယ်က မှတ်ခဲ့ဖူးတဲ့ စကားလေးရှိတယ်ကွ “Beauty is on the eyes of beholder” တဲ့ကွ၊ တစ်စုံတစ်ယောက်ဟာ တစ်စုံတစ်ရာကို စွဲလန်းပြီဆိုပါစို့။ အဲဒီစွဲလန်းစိတ် မကုန်ဆုံးသေးသရွေ့ အဲဒီတစ်စုံတစ်ရာဟာ သူ့အတွက် တန်ဖိုးပဲ၊ မင်းသွားမထိနဲ့၊ ပြဿနာတက်သွားမယ်။ သဘောပေါက်လားကွ၊ ဒါကြောင့်ပေါ့..…ဗုဒ္ဓဘာသာတစ်ယောက်က ခရစ်ယာန်ရဲ့ အားနည်းချက်ကို ပြောတော့မယ်ဆိုရင် “ကျုပ်က ဗုဒ္ဓဘာသာမို့လို့ ပြောတာ မဟုတ်ပါဘူး၊ သူတို့ကျမ်းစာက ဘာမှ လေးစားစရာ မရှိပါဘူးကွာ။ သူတို့ဘုရားကလည်း စစ်ဘီလူးကြီးပါ။ စစ်ဘီလူးဆိုတာမှ ကမ္ဘာမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ စစ်ဘီလူးကြီး။ သူတို့ကျမ်းဟောင်းကို သေချာဖတ်လေ၊ ရက်စက်ကြမ်းကြုတ်တဲ့စစ်ဘီလူးဆိုတာ ပေါ်လွင်လေပဲ။ မယုံရင် တကယ်ဖတ်ကြည့် မြို့ပေါင်းများစွာ၊ ရွာပေါင်းများစွာ၊ လူပေါင်းများစွာ၊ တိရစ္ဆာန်ပေါင်းများစွာကို သတ်ဖြတ်တာ။ ဒို့ဗုဒ္ဓဘာသာအရတော့ သတ်ဖြတ်ခြင်းမှာ ဘက်နှစ်ဘက်ဆိုတာ မရှိဘူး၊ သတ်ဖြတ်ခြင်းမှာ တစ်ခြားအမှတ်တံဆိပ်ဆိုတာ မရှိဘူး။ ဥပမာကွာ ထာဝရက သူ့စကားနားမထောင်သူ လူမျိုးတွေ အခြားဘုရားကိုးကွယ်သူတွေကို သတ်တယ်၊ လုယက်ခိုင်းတယ်၊ သုံ့ပန်းတွေအဖြစ် ဖမ်းခိုင်းတယ်၊ ကောင်းကင်က မီးကျီးမိုးတွေ၊ ပြာပူမိုးတွေ ရွာချစေတယ်၊ ဒါတွေဟာ ဒို့ဗုဒ္ဓဘာသာအလိုအရတော့ ဘယ်လိုမှ နားမလည်နိုင်စရာတွေပဲလေ…….”စသည် စသည် ပြောကြမှာပဲကွ”

ကဲ…ဟုတ်ပြီ…မင်းခရစ်ယာန်တစ်ယောက်ကို သွားမေးရင်လည်း “ကျွန်မက ခရစ်ယာန်မို့လို့ ပြောတာမဟုတ်ပါဘူး။ ဒီရုပ်တုကြီးတွေကို ရှိခိုးနေတာကို နားကိုမလည်ပါဘူး။ ပြီးတော့ သူတို့ဘုရားကလည်း ကယ်တင်ရှင်မဟုတ်ဘူးတဲ့၊ ကျွန်မတို့ဘုရားက အားလုံးကို ကယ်တယ်လေ”စသည် စသည် ပြောပါလိမ့်မယ်။ ဒါ အသေအချာပဲကွ၊ ကျန်တာတွေ ဆက်တွေးပေါ့ကွာ၊ တကယ်တော့ လူဆိုတာ ကိုယ့်ကိုယ်ကို ညာနေတဲ့သူတွေပါကွ”

“ဒါဆို ကိုယ်တော်ကရော ကိုယ့်ကိုယ်ကို ညာနေတာလား”

“ဒါလည်း မင်းအမြင်က မင်းအတွက် အမှန်တရားပေါ့၊ ဒီဘုန်းကြီး ကိုယ့်ကိုယ်ကို ညာနေတာပါလို့ ယူဆရင်ပဲဖြစ်ဖြစ်၊ သူက အမှန်တိုင်း မြင်နေတာပါလို့ ယူဆရင်ပဲဖြစ်ဖြစ် ဘာမှ ကိစ္စမရှိပါဘူး။ မင်းယူဆချက်က ယူဆချက်မျှသာဖြစ်ပြီး ငါ့အမြင်က ငါ့အမြင်ပဲ ဖြစ်နေမှာပဲလေ”

“ဒါနဲ့ ဗုဒ္ဓဘာသာဖြစ်ရတဲ့အတွက် ကျေနပ်လား”

“သိပ်ကျေနပ်တာပေါ့”

“ဘာဖြစ်လို့….”

“ဒါကတော့ ငါ့အမြင်၊ ငါ့ခံစားချက်နဲ့ ငါ့ကျေနပ်မှုပဲလေ။ ငါ့ခံစားချက်က ဘာသာခြားတွေအတွက်တော့ ရှုးမိုက်မှုတစ်ခု ဖြစ်နေမှာပဲလေ”

“ဘာဖြစ်လို့…..”

“ဘာဖြစ်လို့လဲဆိုတော့ အရာရာကို ထာဝရဘုရားက ဖန်ဆင်းပြုမူတယ်၊ ကောင်းတာလုပ်လုပ်၊ ဆိုးတာလုပ်လုပ် သေခါနီးမှာ ဗတ္တိဇံခံလိုက်ရင် ထာဝရကောင်းကင်ဘုံကို ရောက်တယ်၊ ကောင်းတာတွေ ဘယ်လောက်လုပ်လုပ် ထာဝရဘုရားကို လက်မခံရင် ထာဝရငရဲမှာ ခံစားရမယ်၊ ဒီလောက် လူပေါင်းများစွာ သတ်ဖြတ်နေတဲ့ဘုရားကို ၀တ်ပြုကိုးကွယ်တယ်၊ …..ဒါတွေက ငါ့အမြင်အရတော့ ရူးသွပ်မိုက်မဲမှုတွေပဲလေ”

“ခရစ်ယာန်ကျမ်းစာတွေကို သေချာဖတ်ဖူးလား”

“အင်း”

“ဗုဒ္ဓဘာသာကျမ်းစာတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးကြည့်ဖူးလား”

“စာဖတ်တယ်ဆိုတာ ချိန်ထိုးနှိုင်းယှဉ်ကြည့်တတ်အောင်လို့ မဟုတ်ဘူးလား”

“ကိုယ်တော်က ဖြေလိုက်ရင် တစ်မျိုးကြီးတွေချည်းပဲ။ တိုက်ရိုက်ဘာဖြစ်လို့ မဖြေရတာလဲ”

“တိုက်ရိုက်ဖြေရင် ငါ့အဖြေဖြစ်သွားမယ်၊ မင်းကိုယ်တိုင်စဉ်းစားပြီး မင်းဖြေရင် မင်းအဖြေပဲဖြစ်မယ်လေ။ လူတစ်ယောက်ဟာ သူများအဖြေတွေထက် ကိုယ့်အဖြေတွေကသာ ဘ၀ကို ပြောင်းလဲစေတတ်တာမဟုတ်လား။ ဗုဒ္ဓဘာသာဆိုတာကိုက ကိုယ့်နှလုံးသား၊ ကိုယ့်ခံစားချက်၊ ကိုယ့်ရွေးချယ်မှု၊ ကိုယ့်အကျိုးရလဒ်တွေကို တာဝန်ယူခိုင်းတာပဲလေ”

ညနေစောင်းတော့ ပုစဉ်းရင်ကွဲအသံတွေက ဆူညံစွာ ပေါ်ထွက်လာခဲ့လေသည်။ လူငယ်တစ်ယောက် အလာတုန်းက တည်ငြိမ်မှုမျိုးထက် များစွာသာလွန်သော တည်ငြိမ်မှုမျိုးဖြင့် ဖြည်းညှင်းစွာ လမ်းလျှောက်လာနေခဲ့သည်။ အမေမွေးတုန်းကတည်းက ဗုဒ္ဓဘာသာ၊ အရွယ်ရောက်တော့ ဖာသိဖာသာ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဘာသာကို အားမရလို့ ခရစ်ယာန်တစ်ယောက်လို နေလာခဲ့။ အတည်တကျ ခရစ်ယာန်ဖြစ်ဖို့ လွန်ခဲ့တဲ့ လေးငါးရက်က ဆုံးဖြတ်ခဲ့လေသည်။ ဒီစကားဝိုင်းလေးမဖြစ်ခင်အချိန်အထိ

“ဘာသာပြောင်းတော့မယ်”လို့ ဆုံးဖြတ်ပြီးဖြစ်နေခဲ့သည်။ တောကျောင်းကိုယ်တော်က ဘယ်ဘာသာက ကောင်းတယ်လို့ မပြော၊ သူ့ဘာသာကို ၀င်ပါလို့လည်း မဆွယ်၊ မင်း ဘယ်ဘာသာကနေ ဘယ်ဘာသာကို ပြောင်းမှာလဲလို့တောင် မမေးခဲ့။

လမ်းလျှောက်ရင်း၊ လမ်းလျှောက်ရင်းဖြင့် ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်နေတာကို နက်နက်နဲနဲ ခံစားမိလိုက်သည်။ နှလုံးသားတွင် အတ္တာဟိ အတ္တနော နာထော ၀ါဒက နေရာအပြည့်ယူလိုက်သည်ကို ကြည်ဖြူစွာ လက်ခံမိလိုက်ကြောင်း ကြည့်နူးသိဖြင့် ပီတိတွေ ဖြာနေမိခဲ့သည်။

သုံးချက်သိမှာ တတိယာ (၅)





ခန္ဓာကိုယ်ပြင်ပအားဖြင့် နိမိတ်စားရခြင်း၊ အာရုံနိမိတ်အဆုံးအပိုင်းအခြားမရှိ လွှတ်ရခြင်းဟူသော ဗဟိဒ္ဓသုံးချက်ရှုနည်းများကို သိရှိခဲ့ရပြီးဖြစ်သည်။ ယခုအခါ အဇ္ဈတ္တအတွင်းသက်သက်အားဖြင့် သုံးချက်ရပုံ၊ ပဋိဘာဂနိမိတ်သွင်းထုတ်ရပုံကို ပြဆိုပါဦးမည်။

အထက်တွင်ဖော်ပြထားသော နံပါတ် ၃၅-ပုံသည် ယောဂီ၏နိမိတ်ကို အဇ္ဈတ္တဖြစ်သော မိမိ၏၀မ်းခေါင်းအတွင်းသို့ သွင်းရန်ပြသထားခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် အစအလယ်အဆုံးသတ်မှတ်ထားသောလေတို့၏ သက်ချည်တက်ချည်ဖြစ်နေပုံကို ပြသထားခြင်း ဖြစ်ပါသည်။ နံပါတ် ၁၇-တွင်ပြသထားသကဲ့သို့ပင် ဖြစ်သည်။ ဤ၌ ထူးသည်မှာ မှုတ်သောလေနှင့် မိမိ၏ငယ်ထိပ်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့်မှတ်ပြီး ထုတ်ရမည်။ ပြီးလျှင် အလွန်လင်းအောင် ပြုလုပ်ရမည်။ အကျယ်ချဲ့ပြောရန် လိုတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ရှိုက်သောလေနှင့် ၀မ်းဗိုက်အတွင်းသို့ ရှုသွင်းရန်ဖြစ်သောကြောင့် ဖြစ်ပါသည်။

နံပါတ် ၃၆-ပုံကို အသေအချာ စဉ်းစဉ်းစားစား သဘောပေါက်အောင် တရားကွက်ပိုင်အောင် အထပ်ထပ် ဖတ်၊ အထပ်ထပ် ကြံစည်စဉ်းစားဖို့ လိုပါသည်။ သို့မှသာ အခက်အခဲမရှိ ဖြစ်ပါလိမ့်မည်။ အဇ္ဈတ္တသုံးချက်ရှုမှတ်ကြရာတွင် အချို့ယောဂီများမှာ မျက်စိကို အသုံးပြုသဖြင့် အဇ္ဈတ္တမဖြစ်ဘဲ ဗဟိဒ္ဓဖြစ်နေတတ်ကြပါသည်။ အာရုံမှန်မှန်နှင့်အတွင်းဘက်ဖြစ်ရန်ကား နောက်ကျောဘက်မှ ရှုမှတ်က လွယ်လွယ်ကူကူဖြင့် အတွင်းသဘောမှန်ကန်အောင် ရှုမှတ်နိုင်ပေလိမ့်မည်။ သို့အတွက်ကြောင့် ကျောဘက်မှ ရှုမှတ်ပုံကို ပြသထားခြင်း ဖြစ်ပါသည်။ အားထုတ်တိုင်း အားထုတ်တိုင်း မိမိတို့၏ စိတ်ကလေးကို နောက်ကျောဘက်မှသာ စိတ်ကို ထား၍ ရှုမှတ်ကြပါလေ။
အားထုတ်ရှုမှတ်ရပုံမှာ ၃၅-ပုံတွင် ထုတ်လေနှင့်ထုတ်ထားခဲ့ပြီးသော အလင်းနိမိတ်ကို ၃၆-ပုံတွင် ငယ်ထိပ်မှမြားလမ်းအတိုင်း ရှိုက်သောလေနှင့် ရှိုက်လိုက်ရမည်။ ၀င်လေဆုံးသောအခါ ချက်နှင့်တဲ့တဲ့ဖြစ်သော ၀မ်းခေါင်းကြီးထဲတွင် အရောင်များ တလဲ့လဲ့ဖြာထွက်လျှက် သံပရာသီးလုံးခန့်၊ လိမ္မော်သီးလုံးခန့် ပဋိဘာဂနိမိတ်အလုံးကြီး ကွန့်မြူးစမ္ပာယ်နေသည်ကို ထင်ရှားစွာ တွေ့မြင်ရပေလိမ့်မည်။

ထိုကဲ့သို့ အဇ္ဈတ္တသို့ ရှိုက်၍ဆွဲချလိုက်ရာတွင် ၃၅-ပုံအတိုင်း ထုတ်၍ထားသောအလင်းချောင်းသည် ပုတိုလျှက်ဝင်သွားသည်ကို ပုလင်းဖြူဖြူကြီးထဲ ပြဒါးရေများ လောင်းချလိုက်သောအခါ မြင်တွေ့ရသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ချက်အရပ်တည့်တည့်တွင် အဘယ့်ကြောင့် တည်ရသနည်းဟုဆိုလျှင် ၀င်လေသည် နှာသီးဝမှစပြီး ရင်လယ်ကို ဗဟိုပြုကာ ချက်အရပ်တွင် လေအဆုံးသတ်သောကြောင့် ဖြစ်လေသည်။ အလုံးမှိန်မှိန်နှင့်ရှုလျှင် စိတ်ကြည်လင်မှု မဖြစ်နိုင်သောကြောင့် အလွန်လင်းအောင် အားထုတ်ရပါမည်။

ထှို့နောက် နံပါတ် ၃၆-တွင် ပြခဲ့သည်အတိုင်း ရှုမှတ်ပြီး လေဆုံးရာအရပ် ချက်တည့်တည့်တွင် အလင်းနိမိတ် ထွန်းပနေပုံကို သိခဲ့ရပြီ။ ယခုအခါတွင် အဆိုပါ ချက်အရပ်မှာ တည်နေသောအလင်းနိမိတ်ကို ပြန်ထုတ်ရပုံကို ပြလို၍ နံပါတ် ၃၇၊ ၃၈-ပုံများကို ပြရပြန်လေသည်။ အထူးမှတ်ရန်မှာ ၀င်လေသည် နှာသီးဝအစ၊ ရင်အလယ်၊ ချက်အဆုံး။ တစ်ဖန် ထွက်လေသည် ချက်အစ၊ ရင်အလယ်၊ နှာသီးဝအဆုံးဟု သိထားရမည်။ အတွင်းရှုနည်းဖြင့် ရှုရာတွင် အလင်းနိမိတ်ကို အပြင်ပသို့ မရောက်ရအောင် အထူးဂရုစိုက်ရမည်။ ၃၇-ပုံသည် ထွက်လေ၊ ၀င်လေတို့၏အလယ်ဖြစ်သော ရင်လယ်တွင် ထွန်းပနေပုံကို ပြသထားခြင်းဖြစ်သည်။ ၃၈-ပုံသည် ထွက်လေ၏အဆုံးဖြစ်သော နှာသီးဝတည့်တည့် လည်ချောင်းအခေါင်းတည့်တည့်တွင် ထွန်းပတည်နေပုံကို တွေ့မြင်ရပုံ ဖြစ်ပေသည်။

အချို့က ထိုကဲ့သို့ ရှုမှတ်ရာတွင် ပကတိလေကိုသာ ရှုမှတ်ရမည်ဟု ဆိုတတ်ကြသည်။ အမှန်အားဖြင့် ပကတိလေကို ရှုမှတ်၍ မရ။ လေနှင့်အတူတကွ ဖြစ်ပေါ်လာသော အလင်းပဋိဘာဂနိမိတ်ကိုသာ သုံးချက်ရှု၍ ဖြစ်နိုင်သည်။ ထိုကဲ့သို့ ရှုမှတ်ရာတွင် ….

၁။ အစတစ်ချက်ကိုသာ မြင်သော အာဒိလဒ္ဓပုဂ္ဂိုလ်

၂။ အလယ်တစ်ချက်ကိုသာ မြင်သော မဇ္စျေလဒ္ဓပုဂ္ဂိုလ်

၃။ အဆုံးတစ်ချက်ကိုသာ မြင်သော အန္တောလဒ္ဓပုဂ္ဂိုလ်

၎။ အစ၊ အလယ်၊ အဆုံး သုံးမျိုးလုံးကို မြင်သော တယောလဒ္ဓပုဂ္ဂိုလ်ဟု ပုဂ္ဂိုလ်လေးမျိုး ရှိပါသည်။ ထိုတွင် အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို မြင်သော တယောလဒ္ဓပုဂ္ဂိုလ်ဖြစ်အောင် ပွားများကြရပါမည်။

သုံးချက်သိမှာ တတိယာ (၄)


အထက်တွင် ဖော်ပြထားသော ရုပ်ပုံနံပါတ် ၂၉၊ ၃၀၊ ၃၁-ပုံတို့သည် ရုပ်ပုံနံပါတ် ၂၇၊ ၂၈-ပုံတို့တွင် ထွက်လေနှင့်မှုတ်ထား၊ ချဲ့ကားထားသော တစ်ဘက်နားအပြင်ဘက်ရှိ အလင်းနိမိတ်တုံးကြီးကို ရှုလေ၊ ရှိုက်လေတို့နှင့်ဆွဲယူလိုက်ပြီး ကျန်နားတစ်ဘက်တွင် တည်လာပုံကို ပြဆိုထားခြင်း ဖြစ်ပါသည်။ တစ်ဖန် ထုတ်သောလေနှင့် တစ်ဘက်နား၊ ရှိုက်သောလေနှင့်တစ်ဘက်နားအားဖြင့် ထုတ်ချည်မှုတ်ချည် အပြန်အပြန်အလှန်လှန် တရစပ်ကြိုးစားအားထုတ်ရမည်။ အလင်းနိမိတ်တုံးကြီးသည် လှေများလွန်းထိုးပြေးသွားနေသကဲ့သို့ ပြေးချည်ပြန်ချည် အရောက်တလက်လက်၊ တဖျပ်ဖျပ် တရိပ်ရိပ်၊ ဟိုဘက်ဒီဘက် ကူးသန်းနေပါလိမ့်မည်။

ဥပမာအားဖြင့် ပုခုံးအထက်တွင် ကန့်လန့်ဖြတ် မီးရဲနေသောသံတုံးကြီးနှင့် ဆောင့်နေ တိုက်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ တစ်နည်းအားဖြင့် အရောင်လင်းသော တိမ်တိုက်ကြီး တိမ်လုံးကြီး အုပ်ဖုံး၍ အုပ်ဖုံး၍သွားသော လ၀န်းနေ၀န်းကြီးများပမာ မိမိ၏ဦးခေါင်းပေါ်သို့ အလင်းတုံးကြီး အုပ်ဖုံးပြီး ပျောက်၍ပျောက်၍ နေရှာပေလိမ့်မည်။ မီးစကို ကန့်လန့်အနေအထားဖြင့် မြန်မြန်ရမ်းလျှင် မီးတန်းကြီးတစ်ဆက်တည်း မြင်ရထင်ရသကဲ့သို့ နိမိတ်ကြီး ဆက်လာပေလိမ့်မည်။

အကယ်၍ နိမိတ်တုံးကြီး လိုသလောက် အလင်းကို မရလျှင် နေပူပူတွင် မှန်ထောင်ပြီး ကြည့်ပါ။ မကြည့်ရဲလောက်အောင်သောအလင်းကို တွေ့ရပေလိမ့်မည်။ နောက် မျက်စိကိုမှတ်၍ အဆိုပါ အလင်းမျိုး ငါ၏နိမိတ်လင်းစေရမည်ဟု စိတ်ကမှန်း၍ အားထုတ်ပေးရမည်။ အချို့ယောဂီများသည် အားထုတ်ရင်းအားထုတ်ရင်း မှိတ်ထားသောမျက်စိမှ မျက်ရည်များ စီးကျလာတတ်သည်။ အဘယ်ကြောင့်ဟု မေးသောအခါ မိမိအားထုတ်လိုက်သောနိမိတ်က မျက်စိစူးလို့ပါဟု ဖြေတတ်ကြသည်။ အဆိုပါနိမိတ်မျိုးကား အတိုင်းထက်အလွန် လင်းလှပေသည်။
အထက်ပါနည်းအတိုင်း အားထုတ်သောအခါ ရုပ်ပုံနံပါတ် ၂၉၊ ၃၀၊ ၃၁-ပုံများအတိုင်း အလင်းနိမိတ်တန်းကြီး တစ်ဆက်တည်းကဲ့သို့ ဖြစ်လာပေလိမ့်မည်။ အစပထမတွင် ဦးခေါင်းအလယ်၌ ရေးရေးသာမြင်ရသော်လည်း နောက်ပိုင်းတွင် ရုပ်ပုံနံပါတ် ၃၂-အတိုင်း ဦးခေါင်းပြတ်လျှက် ပခုံးနှစ်ဘက်ပေါ်တွင် ဖန်ကြည်မှန်ကြည်တုံးကြီး တင်ထားသကဲ့သို့ ထင်မြင်လာပေလိမ့်မည်။

နောက်တစ်ဖန် အလင်းတုံးကြီးကို ခါးက အထက်ပိုင်း တဲ့တဲ့ချိန်လျှက် တစ်ဖန်ထုတ်လေ၊ ရှူလေတို့နှင့် ဆွဲပြန်တွန်းပြန်သဖြင့် အထက်တွင် ပြထားသည့်အတိုင်း နိမိတ်ဆက်မိသောအခါ တင်ပလ္လင်ခွေအပြတ်ကြီးသာ ကန်တော့လျှက် ထိုတင်ပလ္လင်ခွေ၏အထက်တွင် ဖန်တုံးကြီးတင်ထားသကဲ့သို့ ရုပ်ပုံနံပါတ် ၃၃-အတိုင်း မြင်လာပေလိမ့်မည်။

ထို့နောက် ကျန်အပြတ်ကြီးကို ဆက်လက်တိုက်ဖျက်ပါက နံပါတ် ၃၄-တွင်ပြထားသည့်အတိုင်း တစ်ကိုယ်လုံးပျောက်လျှက် အလင်းတုံးကြီးသာ ကျန်နေပေတော့မည်။ ဤကား ၀ိပဿနာသို့ ဆက်လက်ရှုမှတ်ပွားများလိုသော ယောဂီများအတွက် အလွန်အကျိုးများသော နိမိတ်စားနည်းတို့ ဖြစ်ပါသည်။ ဤနည်းကို အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ၀ါ ကာယေ ကာယာနုပဿီ ဟူသောပါဠိတော်အရ ဗဟိဒ္ဓသုံးချက်ရှုနည်းပင် ဖြစ်ပါသည်။ အဇ္ဈတ္တသုံးချက်ရှုနည်းမှာ နောက်တွင် ထင်ရှားပါလိမ့်မည်။

Monday, January 18, 2010

ဘက်များ



(၁)
အမြင်ကျယ်လေလေ ဘက်တွေက များလေလေဖြစ်သည်။ သမုတိသစ္စာဖြစ်တဲ့ လောကမှာ ဘယ်အရာဖြစ်ဖြစ် ဘက်က တစ်ခုတည်းရှိမနေ။ အသိပညာနှင့်စဉ်းစားဆင်ခြင်နိုင်စွမ်းများလာသောအခါ အရာရာတွင် ဘက်ပေါင်းစုံရှိနေကြောင်း သိလာတတ်ကြသည်။ ကျွန်ုပ်တို့ ငြင်းကြသည်၊ ခုန်ကြသည်၊ ရန်စောင်ကြသည်၊ ရန်ဖြစ်ကြသည်။ မခေါ်နိုင်မပြောနိုင်တွေ ဖြစ်ကြသည်။ ထိုသို့ဖြစ်သမျှအားလုံးသည် ဘက်အပေါ်တွင် ရှုမြင်နိုင်စွမ်းနည်းပါးမှုကြောင့် ဖြစ်သည်။ “ဒီလူက အတ္တသိပ်အားကြီးတယ်၊ သူ့ဘက် ကိုယ့်ဘက်ကလေးတော့ ကြည့်မှပေါ့”လို့လည်း ပြောတတ်ကြသည်။ “ဟေ့…ကိုယ့်ရှိမှ ကိုယ်စားရတာ၊ ကိုယ့်မရှိရင် ဘယ်သူမှ လာကျွေးနေမှာ မဟုတ်ဘူး”လို့ပြောကာ ဇွတ်လုပ်ကြသူများလည်း ရှိလေသည်။
(၂)
စိတ်ဓာတ်ပိုင်းဆိုင်ရာ အရင့်ကျက်ဆုံး အခြေအနေ သို့မဟုတ် လုံးဝဘက်ပေါင်းစုံမှန်ကန်သောနယ် (ပရမတ်နယ်)သို့ မရောက်သေးသူများသည် လိုသလို ကောက်ချက်ဆွဲ၍မှန်ကန်သည်ဟု ဆိုနိုင်သော သမုတိအမှန်တရားများကို အတ္တများနှင့် ပေါင်းစပ်၍ တိုက်ပွဲဝင်တတ်ကြလေသည်။ “လူသည် လွတ်လပ်သည်၊ သို့ဖြစ်၍ ကိုယ့်ကံကြမ္မာကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်သည်၊ ကိုယ့်ဖန်တီးမှု၏ အသီးအပွင့်ကိုလည်း ကျေနပ်စွာ လက်ခံနိုင်ရမည်”ဟု ဖြစ်တည်မှုပဓာန၀ါဒက ဆိုသည်။ ယေဘုယျအားဖြင့် ယန်းပေါဆက်ကြီးတို့၏ ဖြစ်တည်မှုပဓာန၀ါဒမှာ ဗုဒ္ဓအမြင်နှင့်ဤနေရာမျှအထိ တူလေသည်။ သို့ရာတွင် ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်းဖန်တီးရမည်ဟူသောအပိုင်းတွင်ကား ဗုဒ္ဓ၀ါဒနှင့် နှိုင်းမရ။ ဗုဒ္ဓ၀ါဒက ကံကို ဖန်တီးရာတွင် ကျင့်ဝတ်၊ စံနှုန်းများစွာဖြင့် ၀န်းရံထားသည်။ လွတ်လပ်တာမှန်သော်လည်း လုပ်ချင်တိုင်း မလုပ်ရ။ လူ့ကျင့်ဝတ်စည်းမျဉ်းများအရ သူ့ဘက်ကိုယ့်ဘက် ငဲ့စောင်း၊ ငဲ့ညှာ ကြည့်ရသည်။ လုပ်သင့်မသင့်၊ ပြောသင့်မသင့်၊ တွေးသင့်မသင့် ကြံဆရသည်။ ပြီးမှ အကောင်အထည်ဖော်ရသည်။ စာအားဖြင့် အတ္တနှင့်ပရဟု သုံးနှုန်းသည်။ ကိုယ့်ဘက်ကိုကား အတ္တဟု သုံးနှုန်းပြီး သူများတွေ၏ဘက်ကိုကား ပရဟု သုံးနှုန်းသည်။

(၃)
“ဓမ္မစေတီဆိုတဲ့ပုဂ္ဂိုလ်က သာသနာဖျက်ပဲ၊ မိစ္ဆာဝါဒကို အသက်သွင်းနေတဲ့ မိစ္ဆာကောင်”။ လူငယ်တစ်ဦးက ပေါက်ကွဲစွာ ဆိုလိုက်သည်။ ဘေးက ကောင်မလေးတစ်ယောက် ရှူးရှူးရှဲရှဲဖြစ်သွားသည်။ “နင်က သူများတွေပြောတိုင်း လိုက်ပြောနေတယ်။ ဆရာတော်ဟောလို့ ဒို့ ဗုဒ္ဓဘာသာစစ်စစ်၊ ဗုဒ္ဓဘာသာမှ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်ကိုဖြစ်ခဲ့တာ။ ဆရာတော့်တရားတွေသာ မနာခဲ့ရင် ဗုဒ္ဓဘာသာဆိုတာ ဘာမှန်းတောင် သိအုံးမှာ မဟုတ်ဘူး………..ဆရာတော်ဟောတဲ့ ထေရ၀ါဒနဲ့ပတ်သတ်တဲ့တရားတွေကို နင်နာကြည့်စမ်းပါ…….နင် ငရဲကြီးမှာစိုးလို့ပြောတာပါ”။

“အေး…ဟုတ်တယ်ကွ၊ ငါလည်း သူများရေးတာကိုဖတ်ရင်းနဲ့ အဲဒီလိုပဲ ယူဆမိတာ။ ဆရာတော်ရဲ့ အဓိကအယူအဆက ထေရ၀ါဒစစ်သလား၊ မစစ်သလား ငါက ပိဋကတ်တွေ မသိတော့ မပြောနိုင်ဘူး။ ဒါပေမယ့် ဝေဖန်ရေးရေးတဲ့စာတွေကလည်း ဝေဖန်ရေးအဆင့်မရှိဘူးလို့ ငါထင်တယ်။ ဘာလို့လဲဆိုတော့ ပုဂ္ဂိုလ်ရေးတွေ ဆဲသလို ဖြစ်နေတယ်။ ဝေဖန်ရေးစာတွေ ရေးပေးနေတဲ့ ဆရာတော်တွေကိုလည်း ငါ မပြစ်မှားပါဘူး။ ငါ့အမြင်ပြောပြတာ၊ ဥပမာကွာ…ဘယ်တရားတော်မှာ ဘယ်အချက်အလက်တွေက ဘယ်လိုမှားနေတယ်။ ဘယ်တရားတော်ကတော့ လူငယ်တွေ သို့မဟုတ် ပရိသတ်ကို သာသနာစိတ်ဓာတ်တွေ၊ ဘာသာရေးအသိအမြင်တွေ ပေးတယ်၊ ဓမ္မစေတီအနေနဲ့ ဘယ်လိုအယူအဆမျိုးတွေကို မဟောသင့်ဘဲ ဘယ်လိုလေးတွေပဲဟောရင် အရမ်းအကျိုးရှိနိုင်ပါတယ်…စသဖြင့်ပေါ့ကွာ။ အဲဒီလိုလေး ဝေဖန်လိုက်ရင် ဗုဒ္ဓဘာသာလည်း လူကြားလို့ မကောင်းတဲ့အရာတွေ မဖြစ်တော့ဘူးပေါ့။ အခုဟာက ဘုန်းကြီးတွေကလည်း ရန်တွေဖြစ်နေသလိုကြီးပဲကွာ။ အခု ငါပြောတာ သိလို့တတ်လို့ မဟုတ်ပါဘူး၊ ကြားရတာ စိတ်မကောင်းလွန်းလို့ပါ၊ ဘာသာခြားတွေ ဟားတိုက်နေကြတာကို ကြည့်ပြီး စိတ်ကိုမကောင်းဘူး” တတိယလူရွယ်က ပြောသည်။

(၄)
လူဆိုသည်မှာ ထောက်တည်ရာဘက်တစ်ခုခုကိုတော့ စွဲမြဲနေတတ်ကြသည်ဖြစ်ရာ မည်သည့်ဘက်တွင်ဖြစ်နေနေ လူသားတို့၏ လွတ်လပ်မှုစံနှုန်းအရ လေးစားမှုလေးတော့ ပေးရမည်ဖြစ်လေသည်။ ဘက်တစ်ခုခုကို စွဲမြဲနေခြင်းမှာလည်း ကိုယ်ပိုင်လွတ်လပ်ခွင့်သာဖြစ်၍ အပြစ်မဆိုသာ။ အရာရာတွင် “ငါ”ဟု ယဉ်ပါးနေသောသတ္တ၀ါများအတွက် “အတ္တ”နှင့်ပေါင်းဖက်ရပ်တည်နေသည်ကိုလည်း ရန်စောင်နေ၍ ရမည်မဟုတ်။ ကိုယ့်အတ္တနှင့်ကိုယ့်စွဲလမ်းမှုအရ ဘက်တစ်ဘက်ဘက်တွင် ရပ်တည်နိုင်သည်။ အတ္တတွေအားကြီးပြီး “ငါ့ဘက်ကသာ အမှန်တရား၊ ငါ့ဘက်တော်သားသာ အသိဉာဏ်အပြည့်ဝဆုံး၊ တော်တော်တုံးတဲ့ ဟိုဘက်သားတွေဟာ လောကမှာ မရှိသင့်ဘူး”စသောအတွေးများဖြင့် အခြားဘက်တစ်ခုခုကို တိုက်ပွဲဝင်နေလျှင်ကား ရပ်တည်မိသောဘက်က မှန်ကောင်းမှန်နေနိုင်သော်လည်း ဘက်အပေါ်တွင် ရှုမြင်မှုက လူသားဆန်မှုကို အလွဲသုံးစားပြုမူလိုက်ခြင်းဖြစ်သည်ဟု ဆိုရနိုင်လေသည်။

(၅)
“နင်တို့ ဗုဒ္ဓဘာသာတွေ သိပ်သနားစရာ ကောင်းတာပဲနော်”။ “ဟဲ့ ဘာဖြစ်နေလို့တုန်း…၊ နင်က နေရင်းထိုင်ရင်း သနားနေရအောင်”။ “အင်း….ရှင်းရှင်းပြောရရင် ထာဝရကောင်းကင်ဘုံဆိုတာ ရှိသလို ထာဝရငရဲဘုံဆိုတာ ရှိတယ်။ နင်တို့က ထာဝရငရဲမှာ ရောက်ရမှာလေ၊ ဘယ်တော့မှ အဲဒီငရဲက တက်နိုင်တော့မှာ မဟုတ်ဘူး”။
“မင်းတို့ ခရစ်ယာန်တွေ တော်တော်သနားစရာ ကောင်းတာပဲနော်”။ “ဟဲ ဘာဖြစ်နေလို့တုန်း….၊ မင်းက နေရင်းထိုင်ရင်း သနားနေရအောင်”။ “အင်း….ရှင်းရှင်းပြောရရင် ဒီလောကကြီးက ဘယ်သူမှ ဖန်ဆင်းထားတာ မဟုတ်ဘူး၊ သူ့သဘာဝအတိုင်း တည်နေတာ၊ လူဆိုတာလည်း သူ့ကံနဲ့သူ ဖြစ်လာကြတာ၊ အခုတော့ မင်းတို့က လုပ်သမျှဘုရားချည်းပဲဆိုတော့ ရယ်စရာကြီးကွာ၊ ပြီးတော့ မင်းတို့ထာဝရဘုရားက ကျမ်းဟောင်းထဲမှာ ဣသရေလတွေကို ဦးဆောင်ပြီး စစ်ပွဲတွေ အများကြီးတိုက်တယ်ကွာ၊ မင်းသေသေချာချာဖတ်ကြည့်ရင် စစ်ပွဲတောင်မှ ဒီနေ့လို စစ်ပွဲမျိုးမဟုတ်ဘူး၊ တော်တော်ကို ရက်စက်ကြမ်းကြုတ်တဲ့စစ်ပွဲတွေ၊ သူကိုယ်တိုင် ရှေ့ကဦးဆောင်ပြီးကို အပြတ်ချဲတာ၊ သတ်တာမှ လူတင်မဟုတ်ဘူး၊ သိုးတို့၊ နွားပေါက်တို့၊ ဆိတ်တို့စတဲ့ တိရစ္ဆာန်ပေါင်း ငါ့အထင် အနည်းဆုံးတော့ တစ်သိန်းနီးပါးလောက်ရှိမယ်၊ အဲဒါတွေကိုလည်း အမြဲတမ်း စားတယ်တဲ့ကွာ၊ သူများပြောတာ မဟုတ်ဘူးနော်၊ ငါကိုယ်တိုင်ဖတ်တာ၊ အဲဒီလို ဘုရားကို အဟုတ်လုပ်ပြီး ကိုးကွယ်သတဲ့ကွာ။ အဲဒီလို အယူအဆအယုံအကြည်ရှိနေတာကိုက သနားစရာပဲကွာ”။ စသည်ဖြင့်…စသည်ဖြင့် ဘက်များစွာ ရှိနေခဲ့လေသည်။

လူများက ဘာသာရေးကို ငြိမ်းချမ်းရေး၏ လက်နက်အဖြစ် ဆွဲငင်ယူလိုက်သည်။ သူတို့လက်ထဲရောက်သောအခါ အတ္တတန်ဆာ၊ လူသတ်လက်နက်၊ ခိုက်ရန်လက်နက်၊ အငြင်းပွားလက်နက်အဖြစ်သို့ ရောက်မှန်းမသိ ရောက်ခဲ့ရလေသည်။

(၆)
“ဟိုလူကြီးက ပေးတာကမ်းတာ တော်တော်ရက်ရောတာပဲ၊ အမြဲတမ်းပဲ သူများကို ကူညီနေတဲ့သူ”ဟု အနားကဖြတ်လျှောက်သွားသော အသက် ၅၀-ကျော်ခန့် လူကြီးကို ရည်ညွှန်းပြီး လူငယ်တစ်ယောက်က ပြောလိုက်သည်။ “မင်းက ချီးကျူးနေ၊ အဲဒီလူကြီး အကူအညီကောင်းလို့ ဘ၀ပျက်သွားတဲ့ကောင်မလေးတွေ ဘယ်နှယောက်မှန်း မသိဘူး၊ ထွီ..တော်တော်ရွံစရာကောင်းတဲ့လူကြီးပါကွာ”ဟု ပြောလိုက်သံကို တစ်ဆက်တည်း ကြားလိုက်ရပြန်လေသည်။ တစ်ယောက်က လူကြီးဘက်မှ ရပ်တည်လိုက်ပြီး တစ်ယောက်က လူကြီးဘက်ကို ပယ်စွန့်လိုက်သည်ဟု ဆိုနိုင်သည်။ သူတို့မြင်လိုက်သောအရာသည် တစ်ခုတည်းပင်ဖြစ်သော်လည်း ရပ်တည်လိုက်ကြသောဘက်မှာ ကွဲပြားနေတော့သည်။

(၇)
စာစောင်တစ်ခုတွင် ဖတ်ဖူးသည်။ မိသားစုတစ်ခုတွင် သမီးဖြစ်သူက မီးဖိုချောင်အတွင်း စားပွဲပေါ်က ပန်းကန်တစ်ချပ်ကို တိုက်မိပြီး ပြုတ်ကျကွဲသွားစေခဲ့သည်။ ထိုအခါ သူ့အစ်မကို “နင်က ပန်းကန်ကို စာပွဲအစွန်မှာထားတာကိုး၊ ပြုတ်ကျမှာပေါ့၊ ငါ့အပြစ်မဟုတ်ဘူး၊ နင့်အပြစ်”ဟု အပြစ်ဆိုသည်။ တစ်ဖန် အစ်မဖြစ်သူက “အစ်ကိုက စားပွဲပေါ်မှာ သူ့ပစ္စည်းတွေ လာထားလို့ ထားစရာမရှိလို့ အစွန်းမှာ ထားရတာ၊ ဒါကြောင့် ငါ့အပြစ်မဟုတ်ဘူး၊ အစ်ကိုအပြစ်”ဟု လွဲချသည်။ ထိုအခါ အစ်ကိုဖြစ်သူက “ဒါက အမေက ထားခိုင်းလို့ ထားလိုက်တာ၊ ငါထားချင်လို့ ထားတာမဟုတ်ဘူး၊ ဒါကြောင့် အမေ့အပြစ်”ဟု အမေဖြစ်သူကို လက်ညှိုးထိုးသည်။ ထိုအခါ အမေဖြစ်သူက “ဒါ နင့်အဖေ၀ယ်ထားတာချည်းပဲ၊ နင်တို့အဖေကလည်း ကွဲတတ်တဲ့ပစ္စည်းတွေပဲ အများကြီး ၀ယ်နေတာ”ဟု အဖေကို ပုံချသည်။

သူတို့သည် အပြစ်ကို ရှောင်လွှဲလိုသူများ သို့မဟုတ် တာဝန်ယူမှုကို ဘောလီဘောပုတ်တမ်း ကစားနေကြသူများသာ ဖြစ်လေသည်။

ဒုတိယမိသားစုကား ထိုသို့မဟုတ်။ ပန်းကန်ကျကွဲသည်နှင့် သူ့အပြစ်သာဖြစ်ကြောင်း ၀န်ခံသည်။ ထိုအခါ အစ်မဖြစ်သူက “ငါကိုက မလွတ်မလပ်ထားလို့ ပြုတ်ကျရတာ၊ အစ်မအပြစ်ပါကွယ်”ဟု ၀န်ခံသည်။ အစ်ကိုသိသွားသောအခါ အစ်ကိုဖြစ်သူက “ကျွန်တော့်ပစ္စည်းတွေကို စားပွဲပေါ်တင်ထားလို့ ဖြစ်ရတာ၊ ကျွန်တော့်အပြစ်”ဟု ဆိုသည်။ အမေဖြစ်သူကလည်း “ဒီပစ္စည်းတွေကို ငါက ထားခိုင်းတာ၊ ငါ့အပြစ်ပါကွယ်”ဟု ပြောသည်။ အဖေလုပ်သူကလည်း “မင်းတို့အပြစ် တစ်ခုမှ မဟုတ်ပါဘူးကွာ၊ ငါကိုက ကွဲတတ်တဲ့ပစ္စည်းတွေပဲအများကြီး ၀ယ်ထားလို့ပါ”ဟုဆိုပြီး တာဝန်ခံသည်။

မိသားစုနှစ်ခုစလုံးသည် မဇ္ဈိမပဋိပဒါမကျ၊ အစွန်းထွက်နေကြသည်ဟု ထင်သည်။ နေရာတကာတွင် သူမျာကိုချည်း အပြစ်တင်နေ၍ မဖြစ်သလို အမှုကိစ္စတိုင်းတွင် တာဝန်ခံနေ၍လည်း အဓိပ္ပာယ်ရှိနေလိမ့်မည် မဟုတ်ပေ။ အရာရာကို မျက်စိမှိတ်ပြီး တာဝန်ယူနေခြင်းက သင့်တော်မည်မဟုတ်သလို အရာရာကို ခေါင်းရှောင်နေခြင်းကလည်း မိမိကိုယ်ကို တန်ဖိုးမဲ့အောင်လုပ်ရာကျသည်။

(၈)
ဘက်များကိုပြောကြရာတွင် တစ်ခါတစ်ရံ ကိုယ့်ဘက်၊ သူ့ဘက်ဟု သုံးရသကဲ့သို့ ဘက်နှစ်ခုလုံး၏ အပြင်ဘက်တွင် နေရသောအခါလည်း ရှိသည်။ တစ်ခါတစ်ရံ ဖန်တီးမည့်သူက တတိယလူ (Third Person)ဖြစ်နေတတ်ပြန်သည်။ လူဆိုသည်က ခက်သည်။ တတိယလူဆိုသော်လည်း တတိယနေရာတွင် အေးအေးဆေးဆေးမနေတတ်။ အဖြစ်အပျက်နှစ်ခု သို့မဟုတ် မိမိတွေ့မြင်ခံစားရမှုနှစ်ခုတို့တွင် တစ်ခုခုဘက်မှ သွားရောက်နေပေးတတ်သည်။ အမှန်တကယ်က တတိယလူအဖြစ်နှင့် အေးဆေးစွာ နေနိုင်သော်လည်း လူ့သဘာဝအရ မှန်သည်ထင်သည့်ဘက်သို့ ပြေးဝင်နေမိတတ်ကြသည်။ သူခိုဝင်မိသောအရပ်သည် သူ့အတွက် အဓိပ္ပာယ်အရှိဆုံးနှင့် အမှန်ကန်ဆုံး နေရာဖြစ်ပေသည်။ သို့ရာတွင် သူမရွေးချယ်မိသော (ပယ်ထားမိသော)ဘက်သည် သူ့ခံစားမှုအရ သနားစဖွယ်အရပ်တစ်ခု ဖြစ်နေရပေသည်။ ဘက်နှစ်ဘက်စလုံးသည် တစ်ဘက်နှင့်တစ်ဘက် ထိုကဲ့သို့သာ(သာ) မြင်နေတတ်ကြလေသည်။

(၉)
စင်္ကာပူ၏ကောင်းကင်က လူတွေနှင့် ပိုနီးစပ်သည်ဟု ထင်သည်။ ၀ရံတာတွင် ဖျာလေးတစ်ချပ်ခင်းပြီး ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။ တိမ်လိပ်ဖြူဖြူကြီးတွေ အလိပ်လိုက် အလိပ်လိုက် ပြေးလွှားနေကြသည်။ အစပထမ စိတ်ထဲတွင် တိမ်ဖြူလိပ်ကြီးများ၏ အထက်ကောင်းကင်ယံက ကြယ်ကလေးများ ပြေးလွှားနေကြသည်ဟု ထင်မြင်မိခဲ့လေသည်။ သေချာကြည့်မှ ကြယ်တွေက မပြေး၊ တိမ်တွေသာ ယောက်ယက်ခတ်ပြေးနေကြသည်ကို တွေ့ခဲ့ရသည်။ ဘ၀တွင် အမှတ်မထင် တွေ့မြင်၊ ကြားသိရသောအရာများတွင်လည်း ထိုကဲ့သို့ အထင်အမြင်လွဲမှုလေးများ ရှိနေနိုင်သည်ဟု တွေးမိသောအခါ စိတ်လေးက အလွန်ကြည်လင်ခဲ့လေသည်။

(၁၀)
ဘက်များအကြောင်းကို တွေးရင်းတွေးရင်းဖြင့် တင်းကျပ်စွာဆုပ်ကိုင်ခဲ့မိသော၊ စွဲလန်းရူးသွပ်ခဲ့သောအရာလေးများသည် ခေါင်းထဲတွင် မပီဝိုးတ၀ါး ပေါ်ထွက်လာခဲ့ကြပြီး ရင်ဘက်ထဲမှ ကျကွဲသံအချို့ကိုလည်း ကျယ်လောင်စွာ ကြားလိုက်မိခဲ့လေသည်။

သုံးချက်သိမှာ တတိယာ (၃)


နိမိတ်စားရပုံ နည်းတစ်နည်းကို ဆက်လက် ပြဆိုပါအုံးမည်။ အလျားကန့်လန့်စားနည်းဟု ခေါ်ပါသည်။ ပြဆိုခဲ့ပြီးသောနည်းမှာ အထက်နှင့်အောက် မုန့်ထောင်းသလို တိုက်ဖျက်ရသောကြောင့် ဒေါင်လိုက်စားနည်းဟု ခေါ်သည်။ အခုစားနည်းမှာ ကန့်လန့်လွှဆွဲသကဲ့သို့သော စားနည်းဖြစ်လေသည်။ ဤမျှသာထူးပါသည်။ အကျိုးသဘောကား အတူတူပင် ဖြစ်ပါသည်။

ဖော်ပြပါ နံပါတ် ၂၇-ပုံသည် ကန့်လန့်နိမိတ်စားရန် နားတစ်ဖက်မှ မှုတ်သောထွက်လေနှင့် နိမိတ်ထုတ်ထားရပုံကို ပြသထားခြင်းဖြစ်ပါသည်။ ထုတ်ပုံမှာ မှုတ်သောလေနှင့် ငါ၏နားတစ်ဖက်မှ အတုတ်လက်ညှိုးခန့်၊ အရှည် ၆-တောင်ခန့် လင်းလင်းနှင့် အဖျားညီညီထုတ်၍ ထားအံ့။ ထိုကဲ့သို့ ထုတ်လိုက်လျှင် ဖန်မီးချောင်းကြီး ခလုတ်ကို ဖွင့်ထားလိုက်သကဲ့သို့ လင်းခနဲ ပေါ်ထွက်လာပေလိမ့်မည်။ ပေါ်သည်ဆိုသော်လည်း ဦးစွာ စိတ်က ညွှတ်၍ ပေါ်ပေးရသည်။ စိတ်မညွှတ်ဘဲ နိမိတ်သက်သက်ကိုသာ အပြေးအပြန်စသည်ဖြင့် နိမိတ်ကစားလျှင် မရနိုင်ဟု အချို့ယောဂီများ ထင်မြင်နေတတ်ကြသည်။

အဓိစိတ္တ၊ စိတ္တ၀ိသုဒ္ဓိတို့၏သဘောကား ပြိုင်ဘက်မရှိသော တန်ခိုးသတ္တိရှိလေသည်။ ဤကဲ့သို့ ဥပစာရနိမိတ်သဘောကို မဆိုထားဘိ။ သာမန်စိတ်သည်ပင် စကြာဝဠာအနန္တကို မျက်တောင်တစ်ခတ်မျှနှင့် လှည့်ပတ်ကြည့်ရှုနိုင်လေသည်။ ဤကဲ့သို့ အဓိစိတ္တအလုပ်မျိုးကို အစိုးရသော ယောဂီအနေဖြင့် အဘယ်မှာ ရှုမှတ်၍ မရဘဲ ရှိနိုင်ပါမည်နည်း။ နေရာတကျ ရှုတတ်ဖို့သာ အရေးကြီးသော အချက်ဖြစ်ပါသည်။

ပုဏ္ဏကဘီလူးမင်း စီးနင်းသော အဿဓိုရ်နတ်မြင်းသည် အလွန်လျင်မြန်စွာ ပြေးသွားနိုင်ပေသည်။ ကောရပ္ပနတ်မင်းအား မြင်း၏အစွမ်းကို ပြ၏။ အဿဓိုရ်နတ်မြင်းတို့၏သဘောသည် အရှိန်ဖြင့်ပြေးသွားရာ၌ မီးစကို ကြိုးချည်၍ အားစိုက်ရမ်းသောအခါ မီးကလာပ်ချင်းဆက်စပ်လျှက် မီးဝိုင်းကြီးဖြစ်နေသည်ဟု ထင်မြင်ရသကဲ့သို့ မြင်းများအတန်းလိုက်ပြေးနေသည်ဟု ထင်မြင်လာရတတ်သည်။ အလွန်လျင်မြန်သော်လည်း အာရုံတစ်ခုနှင့်တစ်ခုပေါ်သို့ ကျော်၍ပြေးလွှားနေသော စိတ်၏လျင်မြန်ခြင်းကိုကား မမှီနိုင်။ လျင်မြန်သောအရာတို့တွင် စိတ်သည် တန်ခိုးအကြီးဆုံးနှင့် အလျင်မြန်ဆုံးဖြစ်ပေသည်။ စိတ်နှင့်တူသောလျင်မြန်ခြင်းဟူ၍ မရှိနိုင်ပေ။

တစ်နည်းအားဖြင့် သင်ဓုန်းဓားသွားတစ်ထောင်တပ်ဆင်ထားသော လျှပ်စစ်စက်ဝိုင်းအတွင်း၌ အရှိန်မပြတ်ဒရစပ်လည်နေစဉ် ဂုမ္ဘာန်နတ်ယောက်သည် ကျွမ်းဘားအကကို ကလျှက် ထိုသင်ဓုန်းဓားသွားတစ်ထောင်ကို လွတ်အောင် ကပြနိုင်၏။ အလွန်လျင်မြန်လှပေသည်။ ထို့ထက် စိတ်၏လျင်မြန်ခြင်းသည် ပို၍ လျင်မြန်သည်။ စိတ်သည်လည်း ထိုစက်ဝိုင်းအတွင်း၌ အလှည့်ခိုင်းလျှင် ဂုမ္ဘာန်နတ်၏ကျွမ်းဘားအကနှင့်သော်လည်းကောင်း၊ သင်ဓုန်းဓားသွားတစ်ထောင်နှင့်လည်းကောင်း ဘာနှင့်မျှ မထိရအောင် ပြေးနိုင်ရှောင်တိမ်းနိုင်သော အစွမ်းသတ္တိရှိပါသည်။


ဤမျှတန်ခိုးကြီးလှသော ယောဂီ၏စိတ်ဖြင့် နံပါတ် ၂၈-ပုံတွင် ပြသထားသော လက်ညှိုးခန့်အကျယ်ချဲ့ရန်၊ နိမိတ်စားရန် ခက်ခဲတော့မည် မဟုတ်ပေ။ ထိုမျှလောက်တန်ခိုးသတ္တိရှိသော သမ္မာသမာဓိစိတ်ရှိပါလျှက် အားထုတ်၍မရဟုဆိုလျှင် ခြောက်လုံးပြူးသေနတ်ကိုင်ထားသူကို သားရေလေးဂွနှင့်လူက ပစ်သတ်၍သေရသောသူဥပမာကဲ့သို့ ထိုယောဂီထက်ညံ့သောသူ ဘယ်မှာရှာ၍ တွေ့ပါတော့အံ့နည်း။

Thursday, January 14, 2010

သုံးချက်သိမှာ တတိယာ (၂)

အထက်တွင် ဖော်ပြခဲ့ပြီးသော နံပါတ် ၁၈-ပုံအတိုင်း အကျယ်ချဲ့ထားပြီးသော နိမိတ်အလင်းကြီးကို ရှိုက်လေနှင့်ဆွဲ၍ချရပုံကို ပြဆိုခဲ့ပေပြီ။ ယခုတစ်ဖန် ထုတ်လေနှင့် သူ့နေရာအထက်သို့ ပြန်ရောက်အောင် ဆွဲယူရပေဦးမည်။ အောက်ဖော်ပြပါ နံပါတ် ၂၂၊ ၂၃၊ ၂၄-ပုံများသည် မိမိအောက်သို့ရောက်နေသော အလင်းတုံးကြီးကို ထုတ်လေဖြင့် အထက်ပြန်ရောက်အောင် တင်ပို့ရပုံကို ပြထားခြင်းဖြစ်သည်။ ယောဂီ၏စိတ်က အလင်းတုံးကြီး ထုတ်လေနှင့်တစ်ကိုက်တည်း ရိပ်ရိပ်ရိပ်ရိပ်နှင့်တက်လာသည်ကို သိရပေလိမ့်မည်။ ထုတ်လေဆုံးလျှင် ၂၄-ပုံအတိုင်း နိမိတ်အလင်းကြီး မိမိ၏ဦးခေါင်းထိပ်သို့ ပြန်ရောက်လာတော့သည်။

ဤကဲ့သို့ ထုတ်လေနှင့်အထက်တက်၊ ရှုလေနှင့်အောက်ပြန်ဆင်းအောင် အားထုတ်ခြင်းအားဖြင့် မြန်မြန်အာရုံပြု၊ မြန်မြန်ရှုရှိုက်ကာ အားထုတ်ရမည်။ နိမိတ်အလင်းကြီးသည် မိမိ၏ကိုယ်ပေါ်၌ဖြတ်လျှက် တက်တုံသက်တုံ (တက်လိုက်ဆင်းလိုက်)ဖြစ်နေသည်ကို တွေ့လာပေလိမ့်မည်။ ကြာသောအခါ အထက် ၆-တောင်၊ အောက် ၆-တောင်အားဖြင့် နိမိတ်ဆက်မိကာ တစ်ဆက်တည်းဆက်နေသည်ဟု ထင်မြင်လာပေလိမ့်မည်။

ထိုအခါ မိမိ၏ခန္ဓာကိုယ်သည် အလင်းနိမိတ်ကြီး၏ အလယ်တွင် တဖြည်းဖြည်း မှေးမှိန်လာရလေသည်။ မှန်တိုင်ကြီး၏ အလယ်တွင်သွင်းထားသော ရွှေဆင်းတုလေးကဲ့သို့ မိမိကိုယ်ကို တွေ့မြင်လာပေလိမ့်မည်။ မီးစတစ်စကို ကိုင်၍ အထက်အောက်မြန်မြန် ရမ်းကြည့်သောအခါ မီးတန်းကြီးတစ်ဆက်တည်းဖြစ်နေသကဲ့သို့ မှုတ်လေထွက်သက်နှင့် အထက်ရောက်၊ ရှုလေ၀င်သက်နှင့်အောက်ရောက်အားဖြင့် ဖော်ပြလတံသော နံပါတ် ၂၅-ပုံအတိုင်း နိမိတ်ချင်းဆက်သွားသည်ကို သတိပြုနိုင်သည်။

အထူးအားဖြင့် နံပါတ် ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၃၊ ၂၄-ပုံများမှာ ၆-မျိုးခွဲခြားပြီးပြသထားသော်လည်း အခိုက်အတန့်ကလေးအရသာ ဖြစ်ပါသည်။ ရှုလေတစ်ချက်တည်းနှင့် ၁၉၊ ၂၀၊ ၂၁ ပုံများ၊ ထုတ်လေတစ်ချက်တည်းနှင့် ၂၂၊ ၂၃၊ ၂၄-ပုံများ ဖြစ်သွားပေလိမ့်မည်။ အကြိမ်ကြိမ်သဘောပေါက်အောင် စဉ်းစားပြီးမှ ရှုမှတ်လျှင် ပို၍လွယ်ကူပေလိမ့်မည်။ အကျယ်ကို ရှုမှတ်လိုပါက အာနာပါနပါရဂူကျမ်းတွင် ကြည့်ရှုနိုင်ပါသည်။


ပြဆိုပြီးသည့်အတိုင်း အထက်အောင် အလင်းနိမိတ်ချင်း သန္တတိစပ်၍တစ်ချောင်းတည်း၊ တစ်ခုတည်းကဲ့သို့နေသောအခါ ခန္ဓာကိုယ်ပျောက်ကွယ်သွားရသည်ဟု ဆိုရာတွင် နံပါတ် ၂၅-ပုံကဲ့သို့ အလင်းတိုင်ကြီး၏အလယ်တွင် မိမိကိုယ်ကလေးတဖြည်းဖြည်း သေးငယ်သွားပြီး နောက်ဆုံး၌ ရိပ်ခနဲ ပျောက်ကွယ်သွားတတ်ပေသည်။ ထိုသို့ပျောက်ကွယ်ပြီးနောက် နံပါတ် ၂၆-ပုံအတိုင်း တဖျက်ဖျက်ဖြင့် သက်တုံတက်တုံဖြစ်နေသည်ကို တွေ့ရပေလိမ့်မည်။ ထိုသို့တဖြည်းဖြည်း သေးငယ်သွားပြီး ပျောက်ကွယ်သွားသည်ကို အာနာပါနပါရဂူကျမ်းတွင် အကျဉ်းပျောက်ဟူ၍ ပြဆိုထားပေသည်။

အကျဉ်းပျောက်ဟုဆိုသဖြင့် အကျယ်ပျောက်လည်း ရှိရပေမည်။ အကျယ်ပျောက်ဟူသည်မှာ - ပူဖောင်းကို မှုတ်လိုက်သောအခါ ပူဖောင်းသည် တဖြည်းဖြည်းကြီး၍ကြီး၍ နောက်ဆုံးတွင် ပေါက်ကွဲပျောက်ပျက်သွားပေသည်။ ထိုဥပမာကဲ့သို့ပင် တဖြည်းဖြည်း ကြီးလာပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားရပေသည်။ ထိုကဲ့သို့ ကြီးလာပြီးပျောက်ပျက်သွားခြင်းကို အကျယ်ပျောက်ဟု ဆိုရပေသည်။

အထက်တွင် ဖော်ပြခဲ့သောနည်းများအတိုင်း အားထုတ်ရခြင်းမှာ ရည်ရွယ်ချက်များစွာ ရှိပါသည်။ မိမိအားထုတ်မှုအားကြီးသည်ထက် အားကြီးလာစေနိုင်သည်။ မိမိ၏စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိမရှိကိုလည်း အကဲခတ်နိုင်ပါသည်။ ဤအဆင့်၌ပင် နိမိတ်ကို အဇ္ဈတ္တကာယသို့ သွတ်သွင်းရှုမှတ်သောအခါ တည်ငြိမ်သောသမာဓိရှိမရှိကိုလည်း စမ်းသပ်နိုင်ပါသည်။ ထို့အပြင် ရုပ်နာမ်တို့ကို ၀ိပဿနာဉာဏ်စိုက်၍ ရှုမှတ်လိုက်သောအခါ နာမရူပပရိစ္ဆေဒဉာဏ်မှစ၍ အနုလောမဉာဏ်တိုင်အောင် ရှုနိုင်စွမ်းရှိမရှိတို့ကိုလည်း ခန့်မှန်းသိနိုင်ပါသည်။ ထိုအကျိုးများကို ရည်ရွယ်၍ နိမိတ်စားခြင်းဖြင့် အားထုတ်စေရခြင်း ဖြစ်ပါသည်။

အထူးမှတ်ထားသင့်သည်မှာ အာနာပါနအလုပ်ကို ကျကျနနပြသသူ ဆရာမရှိဘဲ၊ အားထုတ်နည်းပြ ဤကဲ့သို့သောကျမ်းစာများကို မဖတ်ဖူးဘဲ စာတွေ့စိတ်ထင်နှင့် အားထုတ်လျှင် အချိုးကျကျ အဇ္ဈတ္တ၊ ဗဟိဒ္ဓရှုမှတ်နည်းများကို ပွားများအားထုတ်နိုင်လိမ့်မည် မဟုတ်ပေ။ အားမထုတ်ဖူးပါကလည်း ဤကျမ်းတွင် ဖော်ပြထားသောရုပ်ပုံများ၏ သဘောသဘာဝကို သိမြင်နားလည်လိမ့်မည် မဟုတ်သည်မှာ သေချာပါသည်။ ထိုသို့ နားမလည်သည့်အပြင် အကန်းကို အရုပ်ရေးပြသကဲ့သို့သာ ဖြစ်နေပေလိမ့်မည်။ “အလကားဟာတွေပါ”ဟု မပြောကြလျှင် တော်သေး၏ဟု ဆိုရပေမည်။ ကိုယ်တွေ့ဒိဋ္ဌသိရှိကြရအောင် ဆရာနှင့် အမြန်ဆုံး သွားရောက်အားထုတ်ကြည့်စေလိုပါသည်။

Monday, January 11, 2010

သုံးချက်သိမှာ တတိယာ


ယောဂီပုဂ္ဂိုလ်သည် မိမိရရှိခဲ့သော အလင်းနိမိတ်ကို ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့စေလျှက် ထွက်လေ၊ ၀င်လေကို ဖြစ်စေ၍ အားထုတ်ရခြင်းသည် တတိယအဆင့် အာနာပါနအားထုတ်နည်းပင် ဖြစ်ပါသည်။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးကလည်း ဤအဆင့်ကို “လုံးစုံလင်းရာ တ-၌သာ”ဟု မိန့်ဆိုတော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဖော်ပြပါ ရုပ်ပုံနံပါတ် ၁၇-ပုံတွင် ပြဆိုထားသည့်အတိုင်း ဗဟိဒ္ဓနည်းဖြင့် နိမိတ်စားရပုံကို ပြဆိုပါမည်။ ဤနည်းဖြင့် ခန္ဓာကိုယ်ကို မိမိရရှိခဲ့ပြီးသော အဿာသပဿာသပဋိဘာဂအလင်းနိမိတ်ဖြင့် ကျေသုံးပျောက်ပျက်ခြင်းဖြစ်အောင် စားရခြင်းသည် ငါးဆင့်မြောက်ဝိပဿနာအားထုတ်ရာတွင် အကျိုးကျေးဇူးအလွန်များသည်။ နိမိတ်စားခြင်းသည် ၀ိပဿနာသို့ဆိုက်အောင် အားထုတ်မည့်ယောဂီအတွက် အလွန်ကို အရေးကြီးပါသည်။ မိမိ၏ခန္ဓာကိုယ်တစ်ခုလုံး သုညတသဘောဆိုက်ကာ ကွယ်ပျောက်သွားသည့်တိုင်အောင် နိမိတ်နှင့်တိုက်ဖျက်ပစ်ခြင်းကို နိမိတ်စားသည်ဟု ဆိုရပါသည်။ ထိုနိမိတ်စားခြင်းမှာလည်း ဒေါင်လိုက်စားနည်း၊ အလျားလိုက်ကန့်လန့်စားနည်းဟု နှစ်မျိုးရှိသည်။

နံပါတ် ၁၇-ရုပ်ပုံသည် ဒေါင်လိုက်စားနည်းအစကို ပြသထားခြင်းဖြစ်သည်။ အားထုတ်ရမည့်အစီအစဉ်မှာ နိမိတ်ကို လက်ညှိုးခန့်အတုတ်ကိုဖြစ်စေပြီး မိမိ၏ ငယ်ထိပ်တည့်တည့်မှ အရှည် ၆-တောင်ခန့် မှုတ်လေနှင့်မှုတ်၍ ထုတ်လိုက်ရမည်။ ထွက်လေမဆုံးမီ မိမိ၏ငယ်ထိပ်တည့်တည့်မှ ဖန်မီးချောင်းကြီး ဒေါင်လိုက်စိုက်ထားသကဲ့သို့ တလက်လက်တထိန်ထိန် ထွန်းလင်းတောက်ပနေပေလိမ့်မည်။ အစွမ်းကုန် လင်းပြီး အရောင်များတောက်ပနေပါစေ။ စေ ၈-ချက်ပိုင်လျှင် အလွန်လွယ်ကူပါသည်။


နံပါတ် ၁၈-ရုပ်ပုံသည် နံပါတ် ၁၇-တွင်ပြခဲ့သော လက်ညှိုးခန့်နိမိတ်ကို ရာဝင်အိုးကြီးခန့် (ကြီးစေ အားထုတ်နည်းအတိုင်း) အကြီးချဲ့ရပုံကို ပြသထားခြင်း ဖြစ်ပါသည်။ အကြီးချဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်ကြီးကို အလင်းနိမိတ်ဖြင့် တိုက်ဖျက်ရာတွင် တစ်ကိုယ်လုံးကို လွယ်လွယ်နှင့် ငုံမိစေရန် ဖြစ်ပါသည်။ အရှည် ၆-တောင်ခန့်သာ ထားရခြင်းမှာလည်း အထက်အောက် ဆွဲချ၊ ဆွဲတင်ပြုလုပ်အားထုတ်သောအခါ ထုတ်လေ၊ မှုတ်လေတို့နှင့် မြန်မြန်ကိုက်မိစေရန် မပင်ပန်းစေရန်သာ ဖြစ်ပါသည်။

နံပါတ် ၁၈-ပုံအတိုင်း ချဲ့ပြီးသောအလင်းနိမိတ်ကြီးသည် မိမိ၏ဦးခေါင်းပေါ်တွင် အလွန်လင်းသောပြာသာဒ်ကြီးကို ရွက်ထားသကဲ့သို့လည်းကောင်း၊ မီးကြည်တိုင်ကြီးကို ရွက်နေရသကဲ့သို့လည်းကောင်း၊ ဦးခေါင်းပေါ်တွင် မီးတိုင်မီးတောင်ကြီး ရှိနေသကဲ့သို့လည်းကောင်း ထင်မြင်ပေလိမ့်မည်။

နံပါတ် ၁၇၊ ၁၈-ပုံများအတိုင်း နိမိတ်ထုတ်ရခြင်း၊ အကျယ်ချဲ့ပေးရခြင်းတို့မှာ ထုတ်လေတစ်မျိုးတည်းနှင့်သာ ထုတ်ရချဲ့ရပေသည်။ ထိုသို့ထုတ်၍ထားသောနိမိတ်ကို အကျယ်ချဲ့ရာ၌လည်း ရာဝင်အိုးခန့်ထုတ်သော နိမိတ်ကြီးတစ်ခုလုံးကို အရောင်အလင်းညီမျှအောင် သတိပြုအားထုတ်ရမည်။ မလင်းသေးလျှင်လည်း လင်းလာအောင် စိတ်ကပြုပြင်ဖန်တီး၍ အားထုတ်နိုင်သည်။ မှိန်မှိန်မှေးမှေးသာဖြစ်နေသေးသော အာရုံနိမိတ်များနှင့် မရှုမှတ်ရ။ လင်းအောင်အားထုတ်ပြီးမှသာ ညွှန်ကြားချက်အတိုင်း အားထုတ်ရမည်။ လိုအပ်သောအတိုင်းအတာရှိမှသာ အောက်ဖော်ပြပါ နံပါတ် ၁၉၊ ၂၀၊ ၂၁-ပုံများအတိုင်း အားထုတ်ရမည်။


အချို့ပရိယတ္တိသမား(စာပေသမား)များက ဤကဲ့သို့ နိမိတ်စားခြင်းသည် ဘုရားမဟော၊ ကျမ်းဂန်တွင် မပြ၊ အပိုအလုပ်များဟု ဆိုကြသည်။ သို့သော်လည်း ဘာဝေတဗ္ဗ၊ သမ္ဗန္ဓာဟာရ၊ ၀ိတက္ကာဟတဟု ကျယ်ဝန်းစွာ ဟောထားသောကြောင့် အပိုအလုပ်မဟုတ်၊ ၀ိပဿနာဉာဏ်အမြင် ကြည်လင်သန့်ရှင်းစေရန်နှင့် အထက်အထက်တက်နိုင်စေရန် ညွန်ပြအားထုတ်စေရခြင်း ဖြစ်ပါသည်။

ဤနိမိတ်စားရခြင်းနှင့် သုံးချက်ရှုရခြင်းတို့သည် သတောဒုက္ကရကာရီအဆင့်ဖြစ်သောကြောင့် သတိကို မြဲမြဲမြံမြံ ခိုင်ခိုင်မတ်မတ်ထားပြီး ငြိုငြင်စွာ အားထုတ်ရပါသည်။ အနီးကပ်ညွှန်ပြသူ ဆရာရှိမှသာ အဓိပ္ပာယ်ရှင်းလင်းလွယ်ကူပြီး အားထုတ်မှ ပို၍အဆင်ပြေနိုင်ပါသည်။ ဤကျမ်းတွင် ပြဆိုပြီး၊ ပြဆိုဆဲ၊ ပြဆိုလတံ့ဖြစ်သော ရုပ်ပုံများအရ လိုက်နာအားထုတ်နေခြင်းသည် ဘာဝနာပွားနေခြင်းပင် ဖြစ်ပါသည်။ အကြိမ်ကြိမ်အထပ်ထပ် အားထုတ်နိုင်လေလေ ဘာဝနာကုသိုလ်ရလေလေ ဖြစ်သည်။ တစ်နည်းအားဖြင့် အဓိစိတ္တမဂ္ဂင်၊ အဓိစိတ္တသိက္ခာအလုပ်ကို ကျင့်ဆောင်နေခြင်းလည်း ဖြစ်ပါသည်။ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိဟူသော မဂ္ဂင် ၆-ပါးကို ထူထောင်နေခြင်းဟုဆိုလည်း မမှားနိုင်ချေ။ ထိုအကျင့်ဖြင့် ယောဂီပုဂ္ဂိုလ်တို့၏သန္တာန်၌ ကုသိုလ်စိတ်တို့သည် လွန်ကြူးကုန်၏။ ထိုကဲ့သို့ လွန်ကဲသော ဘာဝနာကုသိုလ်ရှင်၊ သမာဓိရှင်ဖြစ်နေသော ယောဂီပုဂ္ဂိုလ်သည် စိတ်တန်ခိုးကြီးမားလှရကား မည်ကဲ့သို့ပွားများပွားများ ခဲခဲယဉ်းယဉ်း မရှိနိုင်တော့။ လွယ်လွယ်နှင့်သာ ပြီးမြောက်နိုင်ပေတော့သည်။

သို့ဖြစ်၍ ဖော်ပြပါ ၁၉၊ ၂၀၊ ၂၁-ရုပ်ပုံများအတိုင်း ရှိုက်လေနှင့်နိမိတ်ပါလာပုံ၊ အာရုံညွှတ်၍ရလာပုံများမှာ ၁၇၊ ၁၈-ပုံတို့တွင်ပြထားသည့်အတိုင်း အကြီးချဲ့ပြီးနောက်တစ်ဆက်တည်း ရှိုက်လေနှင့် မိမိအောက်သို့အရောက် ဆွဲပြီး သိမ်းလိုက်ရပုံများ ဖြစ်ပါသည်။ ဆွဲစ၊ ဆွဲလယ်၊ ဆွဲဆုံး၏နောက်တွင် နံပါတ် ၂၁-ပါပုံအတိုင်း အလင်းနိမိတ်က အောက်ကဖြစ်၍ နေပါလိမ့်မည်။

ထိုပုံများအတိုင်း ဆွဲချလိုက်ပြီးသောအခါ မီးလုံးကြီး မိမိ၏ကိုယ်ပေါ်သို့ ကျလာသကဲ့သို့လည်းကောင်း၊ သက်တံ့ကြီးကျလာသကဲ့သို့လည်းကောင်း။ ရေတံခွန်ကြီး ခန္ဓာကိုယ်ပေါ်သို့ ကျလာသကဲ့သို့လည်းကောင်း ထင်မြင်လာတတ်ပါသည်။ နံပါတ် ၂၁-ပုံပါအတိုင်း ဖန်ကြည်မှန်ကြည်တိုင်ကြီး၏အပေါ်တွင် ထိုင်နေရသကဲ့သို့ နိမိတ်၏အပေါ်တွင် ထိုင်နေရပုံကို ထင်မြင်လာပေလိမ့်မည်။

နံပါတ် ၁၈-ပုံအတိုင်း ချဲ့ပြီးသောနိမိတ်ကို ရှိုက်လေနှင့်တစ်ချက်တည်း နံပါတ် ၂၁-ပုံအတိုင်းပြီးသွားအောင် ဆွဲချလိုက်ရပါမည်။ အစတွင် ယောင်ဝါးဝါးဖြစ်နေတတ်ပါသည်။ သို့သော်လည်း သဘောပိုင်သောအခါ မုဆိုးစိုင်သင်ဆိုသကဲ့သို့ အကြိမ်များစွာအားထုတ်ဖန်များပြီး ကမ္မဋ္ဌာန်းပါးဝလာလျှင် အစဉ်ချောကာ အားထုတ်၍ အဆင်ပြေလာပါလိမ့်မည်။