Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Friday, May 27, 2011

ဝေဖန်မှုများနှင့် လူ



(၁)
ကျိုတိုမြိုတော်က အိုဘကုကျောင်းတော်ကို ရောက်သွားရင် “FIRST PRINCIPLE”လို့ ရေးထိုးထားတဲ့ ဂိတ်ဝက စာတန်းကြီးကို တွေ့ရလိမ့်မယ်။ စာလုံးတွေက အလွန်ကြီးနေပါတယ်။ လက်ရေးလှပပုံကို ချီးမွမ်းထောပနာပြုကြသူတိုင်းက ဒီစာလုံး ထွင်းထုပုံကို တကယ့်အထူးလက်ရာတစ်ခုအနေနဲ့ အသိအမှတ်ပြု လေးစားကြပါတယ်။ ဒီစာလုံးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀-ခန့်က ကိုစန်ဆိုသူက ရေးခဲ့တာပါ။ ကိုစန် ထိုစကားလုံးတွေကို ရေးစဉ်က ဆေးမင်ဗူးပေါင်းများစွာ ဖြည့်ဖြည့်ပေးနေတဲ့ ရဲရင့်တဲ့ တပည့်တစ်ယောက်နဲ့အတူ ရေးဆွဲခဲ့တာပါ။ သူ့ဆရာရဲ့ လက်ရေးကို အမြဲမပြတ် ဝေဖန်လေ့ရှိသူပါ။

ပထမ စရေးလိုက်ကတည်းက “ဆရာရေးတာ မဟုတ်သေးဘူး”လို့ ပြောလိုက်တယ်။ “ဒါလေးကော ဘယ်လိုလဲ” “ဆိုးလိုက်တာ၊ မကောင်းသေးဘူး၊ အရင်ဟာထက်တောင် ပိုဆိုးသေးတယ်”။ ကိုစန်ဟာ စိတ်ရှည်လက်ရှည်နဲ့ တစ်ခုပြီးတစ်ခု ဆက်ဆွဲတယ်။ FIRST PRINCIPLE ဆိုတဲ့ စကားလုံးကို အကြိမ်ပေါင်း ၈၄-ကြိမ်အထိ ဆွဲလိုက်ရတယ်။ ဒါတောင်မှ သူ့တပည့်က မကောင်းသေးဘူးလို့ ပြောနေဆဲပဲ။ သူ့တပည့်လေးဟာ အပြင်ခဏထွက်သွားခဲ့တယ်။ အဲဒီအချိန်မှာ ဆရာဖြစ်သူ ကိုစန်ဟာ “ကဲ အခု သူ့ရဲ့ ထက်မြတ်တဲ့ မျက်လုံးကနေ ခဏ လွတ်သွားပြီ”လို့ တွေးပြီး တပည့်မရှိတုန်း အလျင်အမြန်ပဲ FIRST PRINCIPLE ဆိုတဲ့ စကားလုံးကို ရေးချလိုက်ပါတယ်။ လွတ်လပ်တဲ့စိတ်၊ အနှောက်အယှက်ကင်းတဲ့ စိတ်နဲ့ ရေးဖြစ်သွားတာပါ။ တပည့်လေး ပြန်လာတော့ “အိုး …. တကယ့်လက်ရာပဲ”လို့ အော်လိုက်ပါတယ်။

(၂)

ဒီဇင်ပုံပြင်လေးကို ဖတ်မိလိုက်တော့ အတော်သဘောကျသွားတယ်။ ပုံပြင်တိုတိုလေးကနေ ဖြာထွက်လာတဲ့ အတွေးစတွေက အများကြီးပဲ။ စာဖတ်သူကော ရှုထောင့်ဘယ်လောက်များများ စဉ်းစားမိလိုက်သလဲ ….

(၃)

ပုံပြင်လေး ဖတ်ပြီးသွားတော့ ပထမဆုံး ခေါင်းထဲပေါ်လာတာက ငယ်စဉ်ဘ၀က ဆရာတစ်ဦးပါ။ တပည့်တွေကို တွေ့တာနဲ့ မျက်နှာက တင်းနေပါတယ်။ တစ်ခုခု လုပ်ခိုင်းတိုင်း ငေါက်ငမ်းပြီးမှ လုပ်ခိုင်းတတ်ပါတယ်။ သူ့ရှေ့မှာဆို ဘုရားမီး၊ ဖယောင်းတိုင်လေး ထွန်းတာကအစ ပုံမကျတော့ပါဘူး။ ဘာပဲလုပ်လုပ် သူက ဘေးကနေ ငေါက်ငမ်းနေတော့ တပည့်တွေဟာ လုပ်လိုက်တိုင်း အမှားအယွင်းတွေနဲ့ ဖြစ်နေပါတယ်။ အမှားအယွင်းတွေဖြစ်လာတိုင်း မင်းတို့ တော်တော်ကို အသုံးမကျတာလို့ ပြောလေ့ရှိတယ်။ တဖြည်းဖြည်းနဲ့ တပည့်တွေဟာ အသုံးမကျသူတွေလို ဘာလုပ်လုပ် ကြောက်တတ်တဲ့စိတ်တွေ ၀င်လာခဲ့တယ်။ တပည့်တွေဟာ သူ့အသံကြားတာနဲ့တင် လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်တော့တာ။ ငယ်ငယ်က တွေ့ခဲ့တဲ့ ဆရာတွေထဲမှာ အဲဒီလို စတိုင်တွေက ပိုများတယ်။

ကဲ ဒီလို ဆရာတွေများတဲ့ အသိုင်းအ၀ိုင်း ဘယ်ကလာပြီး အသုံးကျတဲ့ လူ့အဖွဲ့အစည်း ဖြစ်လာနိုင်မလဲ။ အခုတော့ အဲဒီလို မျက်နှာရှစ်ခေါက်ချိုး၊ သူလုပ်မှ အမှန်ဆိုသူတွေက စာရေးသူတို့ လူ့အဖွဲ့အစည်းရဲ့ ထိပ်ဆုံးမှာ။

(၄)

နောက်ထပ် စဉ်းစားမိတာက ဝေဖန်ခြင်းနဲ့ ကဲ့ရဲ့ခြင်းဆိုတဲ့ စကားလုံးနှစ်လုံးနဲ့ လောကရဲ့ ဖြစ်ပျက်ခြင်းရာများ ဆက်စပ်မှုများ ဖြစ်ပါတယ်။ စာရေးဆရာတစ်ဦး ပြောတာ အမှတ်ရသေးတယ်။ သူက “ဝေဖန်ရေးဆရာ အားနည်းသေးတဲ့ စာပေဟာ တိုးတက်မှု အားနည်းသေးတယ်လို့ ပြောတာနဲ့ အတူတူပဲ”ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ဝေဖန်မှုအားကောင်းလေလေ တိုးတက်မှု အားကောင်းလေလေလို့ ဆိုရမှာပေါ့။ တစ်ချို့က ဝေဖန်တာကို ကဲ့ရဲ့တာနဲ့ ရောထွေးပြီး မြင်တတ်ကြတယ်။ ဝေဖန်တယ်ဆိုတဲ့ စကားမှာ အပြုသဘောဆောင်တဲ့ စေတနာပါတယ်။ ကဲ့ရဲ့တာမှာတော့ အဖျက်သဘောဆောင်တယ်။ ဒါက ဝေဖန်သူ၊ ကဲ့ရဲ့သူများဘက်က အနေအထားပါ။

နောက်ပြီး အဝေဖန်ခံရသူ၊ ကဲ့ရဲ့ခံရသူများဘက်ကလည်း ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။ ဝေဖန်တာကို အပြုသဘောဆောင်တဲ့သဘောကို ဂရုမထားဘဲ ကဲ့ရဲ့တာလို့ ထင်နေတတ်ကြတာပါပဲ။ ဝေဖန်တာဟာ ကောင်းစေချင်တဲ့ စေတနာကို ကိုယ်စားပြုတဲ့သဘောဖြစ်တယ်၊ ကဲ့ရဲ့တာကတော့ အပုတ်ချတဲ့ သဘောထားကို ကိုယ်စားပြုတယ်ဆိုတာ နားလည်ထားဖို့ လိုပါတယ်။

ဒီပုံပြင်ထဲမှာ တပည့်လုပ်သူက “မဟုတ်သေးဘူး ဆရာ၊ မကောင်းသေးဘူးဆရာ ….. ”အဲဒီလို ပြောပြောနေတာဟာ ဆရာရေးတဲ့ လက်ရေးကို ပိုပိုပြီး လှစေချင်တဲ့ သဘောထားနဲ့ ပြောတာပါ။ စာရေးသူတို့ အဖွဲ့အစည်းထဲက ဆရာများလို မဟုတ်ပါဘူး။ အလုပ်တစ်ခု စမယ်လုပ်ကာ ရှိသေး “ဒီကောင် … သောက်သုံးကို မကျဘူး၊ လုပ်တာ အချိုးကို မပြေဘူး …. ”နဲ့ အော် အော်နေတတ်တဲ့ ဆရာတွေက များပါတယ်။ အတွေ့အကြုံနုနယ်တဲ့ တပည့်လေးတွေကို အတင်းငေါက်ငမ်းလိုက်တော့ မျိုးဆက်လေးတွေက အ ကုန်တယ်။

(၅)

ငယ်ငယ်က ဆရာများ လက်အောက်မှာ ဟိုဟာ မလုပ်ရဲ၊ ဒီဟာ မလုပ်ရဲ … ကြောက်ကြောက်လန့်လန့် ကြီးပြင်းလာရပေမယ့် နည်းနည်း အသက်လေး ရလာတော့ အနောက်တိုင်းက အတွေးအခေါ်ပါတဲ့ စာအုပ်တွေ ဖတ်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ရဲရင့်သူများရဲ့ အတွေးအခေါ်တွေ၊ အရှင်ဇနကာဘိဝံသလို တည်ကြည်ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ စတဲ့ စာကောင်းပေမွန်တွေကနေ သတ္တိနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးတက်အောင် ကြိုးစားခဲ့ရတယ်။ ဒီလို မွေးမြူလာရင်းနဲ့ ကြောက်တယ်ဆိုတဲ့စကားက ဘ၀မှာ မရှိသလောက် ဖြစ်လာတယ်။ အဲဒီအခါမှာ ဖြစ်လာတဲ့ စိတ်အခြေအနေက ဘာပဲလုပ်လုပ် “လွတ်လပ်မှု”ဆိုတာကို ခံစားရတယ်။ လွတ်လပ်မှုဆိုတာ လွင်ပြင်တစ်ခုလိုပဲ။

(၆)

ပုံပြင်လေးကို နိဂုံးချုပ်ကြည့်တော့ ဝေဖန်မှုများ၊ ကဲ့ရဲ့ရှုတ်ချမှုများအောက်မှာ စိတ်က မလွတ်မလပ်(အနေကျုံ့)ဖြစ်နေရင် လုပ်သမျှအရာတွေဟာ အားရစရာ ဖြစ်မလာနိုင်ဘူး။ စိတ်ကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် လွတ်လွတ်လပ်လပ်နဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်သတ္တိရှိအောင် ကြိုးစားရမယ်။

ရှင်းလင်း တည်ကြည်တဲ့ စိတ်ကသာ ပီပြင်တဲ့အနာဂတ်ကို ဖန်တီးနိုင်လိမ့်မယ်။

3 comments:

makhaing said...

အရှင်ဘုရား..

မရောက်တာအတော်ကြာပါပြီ..။

မှန်ပါတယ်ဘုရား ကြောက်စိတ်ဟာ အရာရာကို ဖုံးလွမ်းစေသလို လူတယောက် လူ့အဖွဲ့အစည်း တခုလုံး အောင်မြင်မှုတွေအတွက်လည်း အတားအဆီး တခု အဖြစ်ရူ မြင်ပါတယ်..။

အပြုသဘော ဝေဖန်မှုဟာ မရှိမဖြစ်လိုအပ်ပါတယ်..ဘုရား.. ။ အပြစ် တင်ခြင်းနဲ့ ဝဖန်မှုဟာ မတူဘူးလို့ မြင်ပါတယ်..ဘုရား..။

မဗေဒါ (၈၈)

Anonymous said...

စာကောင်းတစ်ပုဒ်ပါပဲဘုရား။

ကျော်သုည said...

နိန္နံ ပသံသာ ၊ သုခံ ဒုက္ခံ၊ နိတ္တိလောကေ အနိန္ဒိတော..စိတ်နှလုံးမူကာ Walk on.... Walk on...ပါ ဆရာတော်ဘုရား