Wednesday, September 3, 2014

ဘာလင်မှ ဘယ်သို့ ဘယ်ဆီလဲ (နိဂုံး)




(၂၆)
ဘာလင်တံတိုင်းကြီးဆီသို့ သွားကြသည်။ ရင်က ခုန်ပြီ။ ကားဆရာက လမ်းမကြီးတစ်ခုဘေးတွင် ကားကို ရပ်လိုက်သည်။ “ဒါက ဘာလဲ၊ ဘယ်လုပ်ဖို့လဲ”ဟု မေးမိသည်။ “ရောက်ပြီလေ ဘာလင်တံတိုင်း”။ “အော် … ဒါက ဘာလင်တံတိုင်းကြီးပေါ့”။ “ဟုတ်တယ်လေ”။ “အော်”။ ဒေသစွဲဖြင့် ပြောခြင်း မဟုတ်ပါ။ ဘာလင်တံတိုင်းသည် မန္တလေးနန်းမြို့ရိုးလောက် မလှပါ။ နန်းမြို့ရိုးလောက်လည်း မမြင့်ပါ။ နန်းမြို့ရိုးလောက်လည်း ထုထည်မကြီးမားပါ။ သို့သော် …
သို့သော် ဘာလင်တံတိုင်းက ကမ္ဘာ့သမိုင်းအဖြစ်အပျက်ကြီးနှင့် သက်ဆိုင်နေသည်။ ကမ္ဘာ့နိုင်ငံကြီးများ၏ စစ်မြေပြင်တစ်ခုလည်း ဖြစ်သည်။ ဒုတိယကမ္ဘာစစ်တွင် စစ်နိုင်သောနိုင်ငံကြီးများ၏ ခြေရာလက်ရာများနှင့်လည်း ဆက်စပ်နေသည်။
လက်နက်များဖြင့် တိုက်ခိုက်သောစစ်ပွဲမျှသာ မဟုတ်၊ နိုင်ငံရေးသီအိုရီများ စီးချင်းထိုးရာနေရာတစ်ခုလည်း ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာအားပြိုင်မှုတစ်ခုဖြစ်သည့် အရင်းရှင်ဒီမိုကရေစီစနစ်နှင့်ကွန်မြူနစ်စနစ်ဟူသော စနစ်နှစ်ခုတို့၏ ပါးလျသော နယ်ခြားစည်းတစ်ခုလည်း ဖြစ်သည်။
(၂၇)
၁၉၄၅ ခုနှစ်၊ မေလတွင် ဂျာမနီစစ်ရှုံးသည်။ အမေရိကန်၊ ဆိုဗီယက်၊ ဗြိတိန်နှင့်ပြင်သစ်တို့ မဟာမိတ်များက ဘာလင်မြို့ကို သူ့ဇုန်ကိုယ့်ဇုန် ခွဲခြမ်းပစ်လိုက်သည်။ ဇုန်တစ်ခုချင်းစီတွင် စစ်ဆေးရေးဂိတ် Check Point များ ထားရှိသည်။ ယခုအချိန်အထိ Check Point ကို မဖျက်ဆီးဘဲ ထားရှိသည်။ ဘာလင်ရောက်သူတိုင်း Check Point Charlie သို့ သွားရောက်လေ့လာကြသည်။
သို့ကလို ဇုန်များ ခွဲခြားလိုက်သော်လည်း ဆိုဗီယက်က ကွန်မြူနစ်စနစ်ကို အသက်သွင်းချင်သည်။ အမေရိကန်၊ ဗြိတိန်နှင့်ပြင်သစ်တို့က အရင်းရှင်စနစ်ဖြစ်စေချင်သည်။ အမျိုးမျိုး ကြိုးစားညှိနှိုင်းကြသော်လည်း မရသည့်အဆုံး အရှေ့ဂျာမနီ၊ အနောက်ဂျာမနီဟု နိုင်ငံနှစ်ခု ကွဲပြားသွားရလေတော့သည်။ အရှေ့နှင့်အနောက်ကြားတွင် သံဆူးကြိုးများ ကာရံလိုက်သည်။
(၂၈)
အရှေ့ဂျာမနီသည် ဆိုဗီယက်တို့၏ ကွန်မြူနစ်စနစ်အောက်တွင် ဆင်းရဲသောနိုင်ငံတစ်ခု ဖြစ်ခဲ့ရသည်။ အနောက်ဂျာမနီသည်ကား အရင်းရှင်ဒီမိုကရေစီစနစ်ကြောင့် ချမ်းသာသည်။ အရှေ့ဂျာမနီမှ ပြည်သူများသည် ဆင်းရဲသဖြင့် အနောက်ဂျာမနီသို့ ထွက်ပြေးရွှေ့ကြပြောင်းကြသည်။ အတားအဆီး၊ အပိတ်အပင်မရှိ ရွှေ့ပြောင်းနိုင်ကြသည်။
ဂျာမနီနိုင်ငံသမိုင်းအရ လူဦးရေ ၃ သန်းခွဲခန့် အနောက်ဂျာမနီသို့ ရွှေ့ပြောင်းကြသည်ဟု ဆိုသည်။ ထိုခေတ်လူဦးရေအရ ၂ဝ % နှုန်းခန့် ရွှေ့ပြောင်းကြခြင်းဟု ဆိုသည်။ ဆိုဗီယက်တို့ သိက္ခာကျလာသည်။ ထို့ကြောင့် တရစပ်ပြောင်းရွှေ့နေကြမှုကို တားဆီးရန် ၁၉၆၁ ခုနှစ်တွင် ဘာလင်တံတိုင်းကြီးကို စတင်တည်ဆောက်ခဲ့ကြသည်။ ကွန်ကရစ်ဘာလင်တံတိုင်းကြီးသည် မိုင်ပေါင်း ၁ဝဝ ခန့်ရှည်လျားသည်။
ထိုအချိန်မှစတင်၍ ဘာလင်တံတိုင်းကြီးသည် စစ်အေးခေတ်ကာလ အရင်းရှင်စနစ်နှင့်ကွန်မြူနစ်စနစ်တို့ အားပြိုင်မှု၏ အမှတ်သင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။
ဘာလင်တံတိုင်းကြီး တည်ဆောက်ပြီးသည့်နောက်ပိုင်းတွင် အရှေ့ဂျာမနီနှင့်အနောက်ဂျာမနီ ကွဲပြားမှုက သိသာထင်ရှားသွားသည်။ ကွန်မြူနစ်တို့ ထုံးစံအတိုင်း ပညာတတ်များ၊ သစ္စာဖောက်ဟုယူဆထားသူများကို ရက်စက်စွာ စတင်သတ်ဖြတ်လာသည်။ ဘာလင်တစ်မြို့တည်းတွင် နေရသော်လည်း မိသားစုဆွေမျိုးများ၊ အဘိုးအဘွားများ၊ သူငယ်ချင်းများ၊ ချစ်သူခင်သူများကို ဘာလင်တံတိုင်းကြီးက ဝေးကွာစေခဲ့သည်။ လုံးဝတွေ့ခွင့်မရှိ၊ ဆုံခွင့်မရှိ၊ ဆက်သွယ်ခွင့်မရှိ။ အရုပ်ဆိုး၊ အကျည်းတန်မှုများ စတင်ဖြစ်ပေါ်လာခဲ့ရသည်။
အရှေ့ဂျာမနီအစိုးရ၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခြင်းကြောင့်လည်းကောင်း၊ ကွန်မြူနစ်စနစ်ဖြင့် ဖရိုဖရဲအုပ်ချုပ်ခြင်းကြောင့်လည်းကောင်း အရှေ့ဂျာမနီပြည်သူများမှာ အလွန်ဆင်းရဲသောဘဝများမှာ နေထိုင်ကြရသည်။ ပြည်သူများ ဆင်းရဲရသည့်အထဲ အရှေ့ဂျာမနီအစိုးရ၏ ရက်စက်မှု၊ ညှဉ်းပမ်းနှိပ်စက်မှုများကြောင့် အရှေ့ဂျာမနီမှ ပညာတတ်များစွာတို့ အနောက်ဂျာမနီသို့ ထွက်ပြေးကြသည်။
အချို့ဆိုလျှင် ဥမင်လိုဏ်ခေါင်းများ တူးပြီး သက်စွန့်ဆံဖျားပင် ထွက်ပြေးကြသည်။ ဥမင်လိုဏ်ခေါင်းတူးပြီး ထွက်ပြေးသောသူများကိုလည်း ရက်စက်စွာ သတ်ဖြတ်ခံကြရသည်။ အရှေ့ဂျာမနီစစ်တပ်က ထွက်ပြေးသူများကို နယ်ခြားစည်းတွင် ရက်ရက်စက်စက် ပစ်သတ်ပြန်သည်။ ပြေးသူများကလည်း အသက်စွန့်ပြီး ပြေးကြသည်။ စစ်တပ်ကလည်း Death Strip (သတ်မျဉ်း)များ သတ်မှတ်ထားပြီး ထိုမျဉ်းကို ကျော်သည်နှင့် ပစ်သတ်လေ့ရှိသည်။ ထိုခေတ်စစ်တမ်းကောက်မှုအရ ၁၂၅ ဦးခန့် သေဆုံးသည်ဟု ဆိုသော်လည်း လေ့လာသူသုတေသီများအလိုအရ ထို့ထက်မက များနိုင်သည်ဟု ဆိုကြသည်။
(၂၉)
၁၉၈၉ ခုနှစ်မှာတော့ ကမ္ဘာ့သမိုင်းတွင် အထင်ကရနေရာယူထားမည့်အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ယင်းမှာ အရှေ့ဂျာမနီသားတွေ ဘာလင်တံတိုင်းကြီးကို ဖြိုချပစ်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ ၁၉၉ဝ ခုနှစ်တွင် အရှေ့ဂျာမနီနှင့်အနောက်ဂျာမနီ ပြည်လည်ပေါင်းစည်းနိုင်ခဲ့ကြသည်။ ဂျာမနီပြည်သူများ တစ်နိုင်ငံလုံး အောင်ပွဲခံကြသည်။ နိုင်ငံအနှံ့အပြားမှ ဂျာမနီပြည်သူများ တံတိုင်းကြီးပေါ်တက်ပြီး ပျော်ရွှင်စွာ သီချင်းဆိုကြ၊ ကခုန်ကြ၊ စကြ၊ နောက်ကြဖြင့် အောင်ပွဲခံခဲ့ကြသည်။
တံတိုင်းခြားနေခဲ့သော ချစ်ခြင်းမေတ္တာများ ပြည်လည်ပေါင်းစည်းနိုင်ခဲ့ကြသည်။ ကမ္ဘာမြေကို သွေးထွက်စေခဲ့သော၊ မိဘဆွေမျိုးများ၊ ချစ်သူခင်သူများအကြား အမုန်းတရားများ ဖြစ်ထွန်းစေခဲ့သော ကွန်မြူနစ်စနစ်ကို အရင်းရှင်စနစ်က အလဲထိုးအနိုင်ယူခဲ့သော အမှတ်သညာအဖြစ်လည်း တင်စားကြသည်။
ဘာလင်တံတိုင်းကြီးကို အာဏာရှင်တံတိုင်းကြီးအဖြစ်လည်း တင်စားကြသည်။ ဘာလင်တံတိုင်းကြီး ပြိုကျမှုကို အာဏာရှင်များ ကျဆုံးမှုအဖြစ်လည်း ရေးသားဖော်ပြကြသည်။
(၃ဝ)
ယခု ဘာလင်တံတိုင်းကြီးက နံရံဆေးရေးပန်းချီများ၊ ရှေးခေတ်၊ ယနေ့ခေတ် အနုပညာလက်ရာများ၊ Street Art ခေါ် လမ်းဘေးအနုပညာပန်းချီကားများဖြင့် ပြည့်နှက်နေသည်။ တံတိုင်းကြီးကို ကြည့်လိုက်လျှင် အပေါ်ယံမှာတော့ အဆိုပါ အနုပညာလက်ရာများကိုသာ မြင်ရမည်။
အနုပညာလက်ရာများကို ကျော်လွန်ပြီး အတိတ်ကာလများကို ပြန်ပြောင်းစဉ်းစားမိလျှင်တော့ အကွဲအပြဲများ၊ မညီမညွတ်မှုများ၊ ခိုက်ရန်အငြင်းပွားမှုများ၊ သွေးအိုင်ထဲလဲနေသောပြည်သူများ၊ သေနတ်သံများကြားမှာ သွေးပျက်ဖွယ်အော်ဟစ်ညည်းညူနေသော စိတ္တဇအသံများ၊ တစ်မြို့တည်းနေ,တစ်ရေတည်းသောက်ပြီး တံတိုင်းကြီး ခြား, ဝေးကွာနေရသဖြင့် လွမ်းဆွတ်တမ်းတနေရသော ချစ်သူများ, မိဘဆွေမျိုးများ၊ စစ်အာဏာရှင်များ၏ အာဏာလက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျနေခဲ့သောပုံရိပ်များ … စသည့် နဂ္ဂတစ်ဆန်ဆန် ကြေကွဲစရာ၊ စက်ဆုပ်စရာ၊ ရင်နာစရာ၊ နာကြည်းစရာပုံရိပ်များက တစ်လွှာချင်း တစ်လွှာချင်း စိတ်အာရုံထဲ လွင့်မျောလာကြသည်။
ထိုမှတစ်ဆင့် တံတိုင်းကြီး ပြိုကျသွားခဲ့ပြီ။ ချစ်သူတွေ ပြန်လည်ပွေ့ဖက်နိုင်ကြပြီ။ ဆွေမျိုးတွေ ပြန်တွေ့ရပြီ။ သေနတ်သံတွေအစား ရယ်မောသံတွေ, သီချင်းဆိုသံတွေ ကြားလာရပြီ။ တစ်မြေတည်းနေ,တစ်လှေတည်းစီး သွေးချင်းများအကြား ကွဲပြားမှုများ၊ မညီညွတ်မှုများ၊ ငြင်းခုံမှုများ၊ ရန်ပွဲများ … ဆိတ်သုဉ်းသွားပြီ။
လက်နက်ကြီးဖြင့် ရန်စောင်နေခြင်းများလည်း မရှိတော့ပြီ။ သေနတ်ကြီးတွေတကားကားဖြင့် ပြည်သူကို ခြိမ်းခြောက်၊ နှိပ်စက်နေကြသူများလည်း မရှိတော့ပြီ။ သွေးစည်းညီညွတ်စွာဖြင့် အမိဂျာမနီကို ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးအဖြစ် ရောက်ရှိအောင် ဂျာမန်ပြည်သူများ ကြိုးစားတည်ဆောက်နိုင်ခဲ့ကြပြီ။
ကမ္ဘာတွင် ဂျာမနီသည် အထင်ကြီးလေးစားဖွယ်၊ အားကျဖွယ်၊ အတုယူဖွယ်ကောင်းသော စံပြနိုင်ငံကြီးတစ်ခု ဖြစ်ပြီ။ နဂ္ဂတစ်မြင်ကွင်းများနောက်တွင် ပို့စစ်တစ်မြင်ကွင်းများက တစ်ဆက်တည်း လိုက်လာခဲ့ကြသည်ကို တွေ့ရသည်။
(၃၁)
ဘာလင်တံတိုင်းကြီးကနေ ပြသနေသော အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဆေးရောင်စုံပိတ်ကားကြီးကို တဝကြီး ငေးမောပြီးသောအခါ အမိနိုင်ငံ၏ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကို အတွေးအာရုံထဲ ပြန်လည်ငေးမောမိပြန်သည်။
ဘာလင်တံတိုင်းကြီး၏ အတိတ်ကာလများလို ကြေကွဲစရာ၊ ဝမ်းနည်းဖွယ်ရာ၊ နာကျည်းစရာ၊ စက်ဆုပ်ဖွယ်ရာ နဂ္ဂတစ်ပြကွက်များ ရှိနေခဲ့တာလည်း သေချာနေသည်။ ရှိနေဆဲဖြစ်နေတာလည်း သေချာနေသည်။ ဘာလင်တံတိုင်းကြီးနားကနေ မေးခွန်းတစ်ခု ရလိုက်သည်။ “ရွှေပြည်တော်ကြီး ဘယ်သို့ ဘယ်ဆီများ လှမ်းလျှောက်နေပါသလဲ”
(၃၂)
မကောင်းသည့် နာကျည်းစရာ အတိတ်ကာလများမှ ဝင့်ဝင့်ကြွားကြွား ရုန်းထနိုင်ခဲ့ပါသော ဘာလင်တံတိုင်းကြီးက ကမ္ဘာ့သမိုင်းတွင် အထင်ကရ တည်ရှိနေခဲ့တာကတော့ သေချာသည်။ မသေချာသေးသည်က မ် ယရစ် န်သတ် မ် ရေးချာ ပင် ဖြစ်ပါသည်။
(၃၃)
အပြန်လမ်းက ကျည်ဆန်ရထားကြီးပေါ်တွင် “ဂျာမန်တွေက ဘာလင်တံတိုင်းကြီးကို ဖြိုချပြီး ဂျာမနီနိုင်ငံကြီးကို တိုးတက်အောင်၊ ကမ္ဘာ့အလည် ဂုဏ်ထည်ဝါအောင် တည်ဆောက်ခဲ့ကြတယ်။ တို့ကရော ဘာကို ဖြိုချပြီး ဘယ်လို တည်ဆောက်သင့်ကြပါသလဲ”ဟု မိမိကိုယ်ကို မကြာခဏ မေးနေမိခဲ့သည်။
အဖြေမရနိုင်သေးသော မေးခွန်းက လူကို အလွန်အမင်း နှိပ်စက်ကလူသည်။ ရထားပေါ်က ဆင်းတော့ မိုးက အနည်းငယ် ရွာနေသည်။ ထီး မပါခဲ့ပါ။
ပြီးပါပြီ။   

အရှင်ကုသလသာမိ (အတည်မဲ့)
၁၄၊ ဝ၈၊ ၂ဝ၁၄

ခရီးစဉ်အစအဆုံး လိုလေသေးမရှိ ပြုစုခဲ့ကြသော သံအမတ်ကြီးမိသားစုနှင့် ဘာလင်မြို့ရှိ ရွှေမြန်မာများအားလုံးတို့အား ကျေးဇူးအထူးတင်ပါသည်။

Saturday, August 16, 2014

ဘာလင်မှ ဘယ်သို့ ဘယ်ဆီလဲ (အပိုင်း ၄)




အခု တို့မြန်မာနိုင်ငံ၏ခြေလှမ်းများ ဘယ်သို့ ဘယ်ဆီ လှမ်းနေသလဲ။ မျက်ခြေမပြတ်ကြစေလိုပါ။ သမိုင်းသင်္ခန်းစာများကို အမှတ်သည်းခြေရှိရှိ သတိမူမိကြစေဖို့ ဖြစ်ပါသည်။

(၂ဝ)

နေ့လယ်တွင် ဘာလင်တံတိုင်းကြီးကို သွားဖို့ စီစဉ်ကြသည်။ ဘာလင်တံတိုင်းမသွားမီ အခြားရှေးဟောင်းအဆောက်အအုံများကို သွားရောက်လည်ပတ်ကြသည်။ သင်္ဘောဖြင့် Sight Seeing Tour လည်း သွားကြသည်။ သန့်ရှင်းသပ်ရပ်သော ဘာလင်မြို့ သင်္ဘောဆိပ်သည် ကမ္ဘာလှည့်ခရီးသွားများ၊ အပန်းဖြေနေကြသောဒေသခံလူမျိုးများဖြင့် ပြည့်နှက်နေသည်။

ဘာလင်မြစ်ကြောင်းတစ်လျှောက်တွင်လည်း အပျော်စီးသင်္ဘောများက ဥဒဟို ခုတ်မောင်းနေကြသည်။ ဘာလင်မြစ်ဘေးဝဲယာတွင် ရှိသော ရှေးဟောင်းအဆောက်အအုံကြီးများ၊ ခေတ်မီအဆောက်အအုံများကလည်း ဆွဲဆောင်မှုအပြည့်ရှိသည်။ ခေတ်မီဗိသုကာလက်ရာများ၊ ရှေးဟောင်းဗိသုကာလက်ရာများဖြင့် ပုံစံအမျိုးမျိုး တည်ဆောက်ထားသော တံတားများကလည်း ငေးမောဖွယ်ရာ ဖြစ်သည်။

ထုထည်ကြီးမားပြီး ခန့်ထည်သော ဘုရားရှိခိုးကျောင်းကြီးများ၊ ရှေးဟောင်းအဆောက်အအုံများကို မြစ်ကမ်းနှင့်ကပ်လျက်တည်ဆောက်ပုံမှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။

ဘာလင်မြစ်ကမ်းတစ်လျှောက်လုံး ကမ်းမပြိုအောင် ပြုလုပ်ထားပုံကိုလည်း တခုတ်တရ ကြည့်မိသည်။ ဘာလင်မြစ်ကိုကြည့်ပြီး မြန်မာနိုင်ငံက ငမိုးရိပ်ချောင်းကြီးကို အမှတ်ရသည်။ ဘာလင်မြစ်ကမ်းကို ခိုင်မာအောင်ပြုလုပ်ထားပုံနှင့် ကမ်းနှင့်ကပ်လျက်ရှိသည့်အဆောက်အအုံများကို ကြည့်ပြီး ငမိုးရိပ်ချောင်းဘေးက နောင်တော်ကြီးတစ်ပါး၏ ဝေဠုမာရကျောင်းလေးကို သတိတရ မြင်ယောင်မိသည်။

(၂၁)

ငမိုးချောင်းဘေးတွင် ရွှံ့နွံများ ထူထပ်သည်။ ချောင်းထဲတွင်လည်း အမှိုက်သရိုက်များဖြင့် ပြည့်နေတတ်သည်။ ရန်ကုန်လိုမြို့ကြီးထဲတွင်ရှိသော်လည်း အနံ့အသတ်ကလည်း မကောင်း၊ သန့်ရှင်းမှုကလည်း မရှိဖြစ်နေသည်မှာ စိတ်ဆိုးချင်စရာပင် ကောင်းလှသည်။

(၂၂)

ပို၍ဆိုးသည်မှာ မကြာခဏ ပြိုကျနေသော ငမိုးရိပ်ချောင်းကမ်းပါးများ ဖြစ်သည်။ ချောင်းဘေးတွင်နေသော နောင်တော်ကြီး၏ကျောင်းဘေး ချောင်းကမ်းပါးသည် ပြိုကျလိုက်၊ ပြုပြင်လိုက်၊ ပြိုကျလိုက်ဖြင့် ငွေကုန်ကြေးကျ သိပ်များလှသည်။ ကျောင်းအတွင်းရှိ စေတီတော်ပင် ပြိုကျလုမတတ်ဖြစ်နေသည်။

ငမိုးရိပ်ချောင်းကမ်းပါးများကို ဘာလင်မြို့မြစ်ကမ်းများလို ခိုင်မာအောင်ပြုပြီးသည့်နေ့ကို မျှော်လင့်ဆုတောင်းမိသည်။ (အမှန်အားဖြင့် ဘာလင်မြစ်သာမဟုတ်၊ ဂျာမနီနိုင်ငံရှိ အခြားမြစ်ကမ်းများကိုလည်း ခိုင်မာအောင်ပြုလုပ်ထားသည်ဟု သိရသည်)။

မြန်မာနိုင်ငံက ငမိုးရိပ်လို ချောင်းများ၊ မြစ်များကို သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ထားလျှင် မြန်မာနိုင်ငံသူ/သားများအတွက်ပါသာမက ကမ္ဘာလှည့်ခရီးသည်များကိုပင် ဆွဲဆောင်နိုင်ပါလိမ့်မည်။ တိုင်းပြည်အတွက်လည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုပါလိမ့်မည်။ ပညာဗဟုသုတနည်းပါးခြင်း၊ အမြော်အမြင်မရှိခြင်း၊ အကျင့်ပျက်ခြစားမှုများ ပေါများခြင်း စသည်တို့ကြောင့် ရွှေပြည်တော်ကတော့ မျှော်လင့်တိုင်း ဝေးနေဆဲပင် ဖြစ်သည်။

(၂၃)

ဂျာမနီနိုင်ငံရှိ လမ်းဘေးရုပ်တုများကလည်း ထူးခြားသည်။ လူရုပ်ပြုလုပ်လျှင် လူနှင့်တူအောင် မပြုလုပ်ကြ၊ အမျိုးသားရုပ်ကိုလည်း အမျိုးသားရုပ်ပီပြင်အောင်၊ အမျိုးသမီးဆိုလည်း အမျိုးသမီးရုပ်ပီပြင်အောင် မပြုလုပ်တတ်ကြပေ။ အခြား ကျား၊ ခွေး စသော တိရစ္ဆာန်ရုပ်များကိုလည်း ကျားနှင့်မတူအောင်၊ ခွေးစသည်တို့နှင့် မတူအောင် ထုလုပ်တတ်ကြသည်။ လူရုပ်များ ထုလုပ်ရာတွင် အဝတ်အစားမပါသောအရုပ်များကိုလည်း ထုလုပ်တတ်ကြသည်။

အဘယ့်ကြောင့် ထိုကဲ့သို့ (အူကြောင်ကြောင်) ရုပ်တုများကို ထုလုပ်ကြသနည်း။ သူတို့မူလအကြောင်းတရားကိုတော့ မသိပါ။ သို့ရာတွင် ထိုကဲ့သို့ ကို့ရို့ကားယားရုပ်တုများကြောင့် လေ့လာသူလူအများက စိတ်ဝင်စားကြခြင်း ဖြစ်သည်။ လူကို လူနှင့်တူအောင်၊ အမျိုးသမီးကို အမျိုးသမီးနှင့်တူအောင် ထုလုပ်ကြလျှင် မည်သူမျှ စိတ်ဝင်စားကြမည် မဟုတ်ပေ။

ကို့ရို့ကားယား၊ ထူးထူးဆန်းဆန်း အသွင်အပြင်၊ ဟန်များကြောင့် အသေအချာလာရောက်ကြည့်ရှုသူများ၊ ဓာတ်ပုံရိုက်ကြသူများဖြင့် ပြည့်နေတတ်ခြင်း ဖြစ်သည်ဟု ထင်ပါသည်။ အတုယူသင့်သောအချက်တစ်ခုဟု ထင်သည်။

“ဟဟဟ … ဓာတ်ပုံတွေ တော်တော်ရိုက်ကြတယ်ကွ၊ ရိုက်မှာပေါ့ .. ငါ လုပ်ထားတာကိုက ထူးဆန်းတာကိုးးးး၊ ကမ္ဘာလုံးကြီးရယ်၊ ကမ္ဘာလုံးပေါ်မှာ ကမ္ဘာ့မြေပုံရယ်၊ ခြင်္သေ့၊ ငါး၊ သမင်၊ ကျားတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေရယ် ပေါင်းစပ်ပြီး ထူးထူးဆန်းဆန်းအရုပ်ဖြစ်နေတာကိုးကွ … လုပ်မယ့်လုပ် အဲဒီလို ထူးထူးဆန်းဆန်း သူများနဲ့မတူအောင်လုပ်မှ လူစိတ်ဝင်စားတာကွ”ဟု မလေးရှား၊ ပီနန်ကျောင်းမှ ပဉ္စရူပရုပ်အကြောင်းကို ပီနန်ဆရာတော်ကြီးပြောပြဖူးသည်ကို အမှတ်ရသည်။

(၂၄)

သင်္ဘောဖြင့် Sight Seeing Tour ပြီးသောအခါ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်မာကယ်လ်၏ ရုံးခန်းနှင့် ပါလီမန်အဆောက်အအုံသို့ သွားရောက်လေ့လာကြသည်။ မာကယ်လ်၏ရုံးခန်းကို မြစ်ကမ်းဘေးတွင် တည်ဆောက်ထားသည်။ တကယ့်ကို ခမ်းနားကြီးကျယ်သောအဆောက်အအုံကြီး ဖြစ်သည်။

မြစ်ကမ်းနှင့်အဆောက်အအုံကြီးကို မြင်လိုက်သည့်အခါ ဆိုင်ဆိုင်မဆိုင်ဆိုင် မစ္စတာယက်တောကို သွားအမှတ်ရလိုက်သေးသည်။ မစ္စတာယက်တောလိုတော့ အလွယ်တကူ ဝင်လို့ ရမည်မထင်ပါ။ စီစီတီဗွီများက နေရာအနှံ့ တပ်ဆင်ထားခြင်းကြောင့် ဖြစ်သည်။ ထူးဆန်းသည်က လက်နက်ကိုင်ပြီး စောင့်ကြပ်နေသောလုံခြုံရေးစစ်သားများ မတွေ့မိခြင်း ဖြစ်သည်။

ထို့နောက် ပါလီမန်ခန်းမကြီးသို့ သွားသည်။ ပါလီမန်ခန်းမကြီးရှေ့တွင်လည်း မည်သည့်လုံခြုံရေးမှ မရှိ။ လွတ်လပ်စွာ ဓာတ်ပုံရိုက်နေကြသော ကမ္ဘာလှည့်ခရီးသည်များ၊ မြက်ခင်းပြင်များပေါ်တွင် စိတ်အေးလက်အေး အပန်းဖြေနေကြသူများဖြင့် ပြည့်နေသည်။ စိတ်အေးလက်အေးရှိသော၊ လွတ်လပ်ပေါ့ပါးဟန်ရှိသောလူများကို မြင်တိုင်း အမိနိုင်ငံကို သတိရသည်။

သန့်ရှင်းအောင်၊ သာယာအောင်ပြုလုပ်ထားသောနေရာများကိုရောက်တိုင်း အမိနိုင်ငံကို အမှတ်ရသည်။ ပြင်းထန်သည့်မျှော်လင့်ချက်များကိုတော့ လျှော့ချထားလိုက်သည်။ ဆန္ဒတော့ ပြုမိသည်။

(၂၅)

ထို့နောက် ဂျူးသင်္ချိုင်းသို့ သွားရောက်လေ့လာကြသည်။ ကျောက်တုံးများကို အနိမ့်အမြင့် မညီမညာဖြင့် စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြုလုပ်ထားသည်ကို တွေ့ရသည်။

ဂျူးများအကြောင်း သိရသည်မှာလည်း ရသမျိုးစုံရှိလှသည်။ ခေါင်းဆောင်ကြီးဟစ်တလာ၊ သူ၏ ဗိုလ်ချုပ်ကြီးများ၊ အကျဉ်းစခန်းများ၊ ဓာတ်ငွေ့များဖြင့် သတ်ဖြတ်ခြင်း၊ အစာရေစာဖြတ်တောက်ပြီး သေစေခြင်းစသော ကြောက်မတ်ဖွယ်ဖြစ်ရပ်ဆိုးကြီးများက ကျောချမ်းစရာပင် ကောင်းလှသည်။

အခုတော့ ဂျာမနီအစိုးရက သင်ပုန်းခြေသည့်အနေဖြင့် ဂျူးများကို အထူးအခွင့်အရေး ပေးထားသည်ဟု ဆိုသည်။ အခွန်ကို တင်းကျပ်စွာ ကောက်လေ့ရှိသော ဂျာမနီနိုင်ငံတွင် ဂျူးများက အခွန်ကင်းလွတ်ခွင့်ရသည်။

ခရစ်ယာန်ဘုန်းတော်ကြီးများကလည်း အတိတ်က သူတို့ကိုယ်တိုင် ဂျူးများအပေါ် ရက်စက်ကြမ်းကြုတ်သောအမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်မှာတော့ ယင်းအမှားများကို ဝန်ခံပြီး သင်ပုန်းခြေလိုက်ကြပြီဖြစ်သည်။

ဂျူးများအကြောင်းနှင့်ဆက်စပ်ပြီး ခေါင်းထဲ ပေါ်လာခဲ့သည်မှာ …. “ခရစ်ယာန်တွေက ယနေ့အချိန်အထိ ဂျူးတွေအပေါ် အမြင်မကြည်လင်ခဲ့လျှင် …”ဆိုသော ဝါကျပြတ်တစ်ခု ဖြစ်ပါသည်။ ခရစ်ယာန်များနှင့်နာဇီများက ဂျူးများအပေါ် လူမဆန်စွာဖြင့် ရက်စက်ခဲ့ကြသည်။ သတ်ဖြတ်ခဲ့ကြသည်။ အဆိုးမြင်ခဲ့ကြသည်။

ယနေ့အချိန်တွင် ဂျူးများအပေါ် ပြန်လည်နှစ်သိမ့်ခြင်း၊ ပေးဆပ်ခြင်းများ မပြုလုပ်ဘဲ ဆက်လက်ရက်စက်နေဦးမည်ဆိုလျှင် အစ္စရေးနှင့်ပါလက်စတိုင်းလို တစ်ကမ္ဘာလုံးတွင် ခရစ်ယာန်နှင့်ဂျူး သတ်ဖြတ်ပွဲများ နေ့စဉ်ဖြစ်ပျက်နေလိမ့်မည်ဟု တွေးမိသည်။

ယနေ့အခါမှာတော့ ပညာတတ်ခရစ်ယာန်များက သူတို့အမှားကို ဝန်ခံပြီး ဂျူးများအပေါ် မေတ္တာတရား၊ ကိုယ်ချင်းစာတရားများ လက်ကိုင်ပြုကာ ကြင်နာဖေးမကြသည်။ ထိုမေတ္တာတရားကို အရင်းခံထားသော ဆက်ဆံရေးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ခိုင်ခံ့စေသည်ဟု နားလည်မိသည်။

ယနေ့ အစ္စရေး၊ ပါလက်စတိုင်းတို့အကြားတွင်ရှိသော အပြန်အလှန် ရက်ရက်စက်စက် သတ်ဖြတ်မှုများကိုလည်း သို့ကလို မေတ္တာတရား၊ ကိုယ်ချင်းစာတရားများဖြင့် မရပ်တန့်နိုင်ကြပြီလော …။ ရပ်တန့်လိုက်စေဖို့ ဆန္ဒပြုမိသည်။

အခြားနေရာများစွာက ဘာသာတရားများအကြား၊ လူမျိုးအချင်းချင်းကြားမှာရော ခရစ်ယာန်နှင့်ဂျူးတို့ နားလည်မှုယူလိုက်ကြသလို မေတ္တာတရား၊ ကိုယ်ချင်းစာတရားများ ထွန်းကားအောင် မဆောင်ရွက်နိုင်ကြတော့ပြီလော။ ဂျူးသင်္ချိုင်းအုတ်ဂူပေါ်တွင်ထိုင်ရင်း တွေးနေမိခဲ့သည်။

ကမ္ဘာမြေငြိမ်းချမ်းပါစေဟုလည်း ဆုတောင်းမိခဲ့သည်။

(၂၆)

ဘာလင်တံတိုင်းကြီးဆီသို့ သွားကြသည်။ ရင်က ခုန်ပြီ။ ကားဆရာက လမ်းမကြီးတစ်ခုဘေးတွင် ကားကို ရပ်လိုက်သည်။
.............................
.................... ဆက်ပါဦးမည် .....
........................

အရှင်ကုသလသာမိ (အတည်မဲ့)
၁၂၊ ဝ၈၊ ၂ဝ၁၄

မှတ်ချက်။ ။ အချို့ပုံများက မြစ်ကမ်းများ တည်ဆောက်ထားပုံကို ဖော်ပြလိုသဖြင့် များများ ထည့်ပေးလိုက်ခြင်းဖြစ်ပါသည်။ တစ်ပုံကတော့ ဂျူးသင်္ချိုင်းအုတ်ဂူများအလယ်တွင် ရိုက်ထားသောပုံဖြစ်သည်။

Tuesday, August 12, 2014

ဘာလင်မှ ဘယ်သို့ ဘယ်ဆီလဲ (အပိုင်း ၃)


(၁၄)

Postdam က ပြန်လာတော့ တစ်နေရာရာကို ဆက်သွားလိုသေးလားဟု ရဝေနွယ်ဆရာတော်ကို သံအမတ်ကြီးက လျှောက်သည်။ ဆရာတော်ပင်ပန်းနေပြီဖြစ်သဖြင့် တစ်နေ့တာ နားလိုက်သည်။

သံအမတ်ကြီးအိမ်တွင် ရဝေနွယ်ဆရာတော်နှင့်စကားပြောရင်း ဆရာတော်ထံမှ စိတ်ထားနည်းပညာများ ရလိုက်သည်။ ဆရာတော်၏ စိတ်ထားနည်းပညာမှာ အထူးအဆန်း မဟုတ်၊ ကုသိုလ်ဖြစ်အောင်၊ စိတ်ချမ်းသာအောင် နေထိုင်နည်းပင် ဖြစ်တော့သည်။ ဆရာတော်ပြောလေ့ပြောထရှိသောစကားမှာ ဘာပဲလုပ်လုပ် ပါရမီဖြစ်အောင်လုပ်ဆိုသော စကားပင်ဖြစ်သည်။ တစ်စုံတစ်ရာကို ပါရမီမြောက်အောင် လုပ်လိုက်လျှင် ကုသိုလ်တရားနှင့်စိတ်ချမ်းသာမှုက အလိုလို ပါဝင်လာသည်ကို တွေ့ရမည် ဖြစ်သည်။

ကုသိုလ်မဖြစ်စေသော အပြောအဆိုများ၊ အပြုအမူများ၊ မိမိအတွက်၊ သူတစ်ပါးအတွက် ဘယ်သူ့အတွက်မှ စိတ်ချမ်းသာစရာမဖြစ်စေသော အပြောအဆိုများ၊ အပြုအမူများကို ရှောင်ရှားနိုင်လျှင် ထိုပုဂ္ဂိုလ်၏ အပြောအဆို၊ အပြုအမူများမှာ စိတ်ချမ်းသာဖွယ် ပတ်ဝန်းကျင်ကို အလိုအလျောက် ဖန်တီးနေပြီးသား ဖြစ်သည်။

ဆရာတော်နှင့်ပတ်သက်၍ ထူးခြားချက်တစ်ခုကို သတိထားမိသည်။ စာရေးဆရာစိတ် ဖြစ်သည်။ ဆရာတော်နှင့်စကားပြောသူတိုင်းကို သူ့စာတွေ ဖတ်ဖူးသလားဟု မေးတတ်ခြင်းဖြစ်သည်။ ဖတ်ဖူးသည်ဟု ဆိုလျှင်လည်း ဘယ်စာအုပ်ကို ဖတ်ဖူးတာလဲ စသည်ဖြင့် မေးတတ်သည်။ ဆရာတော်က သူ့စာတွေ ဖတ်ဖူးတယ်ဟု သိရလျှင် အလွန်ပျော်ကြောင်း၊ ဝမ်းသာကြောင်း ပြောတတ်သည်။ စာရေးသူလည်း ထိုကဲ့သို့သောစိတ်ခံစားချက်မျိုး ရှိသည်။ ကိုယ်ရေးသည့်စာများကို ဖတ်သည်ဟု ဆိုလာလျှင် စိတ်ချမ်းသာမှုတစ်မျိုးကို ခံစားရသည်။

လွန်ခဲ့သည့် ၂ နှစ်ခန့်က ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတိုက်၊ လှရတနာဆရာတော်ထံသို့ လူမသိ သူမသိသေးသော Dhamma School Foundation ကို ပရိုမိုးရှင်းပြုလုပ်ရန် သွားခဲ့ဖူးသည်။

ဆရာတော်ထံအသွား မြေညီထပ်တွင် ဦးဇင်းလေးတစ်ပါးနှင့် တွေ့သည်။ သူက အားရပါးရ၊ အားတက်သရောဖြင့် “အရှင်ဘုရား … ဦးကုသလသာမိ မဟုတ်လား၊ တပည့်တော်က အရှင်ဘုရားရဲ့ စာဖတ်ပရိသတ်ပါဘုရား၊ အရှင်ဘုရားရေးတဲ့စာတွေဖတ်ရတာ အရမ်းအရသာရှိတယ်”ဟု ဆိုသည်။ ဖော်မပြတတ်သော ပီတိတစ်မျိုးကြောင့် အဆိုပါ ဦးဇင်းလေးကို ယနေ့အထိ သတိတရ ဖြစ်နေဆဲရှိသည်။ အော် … စာရေးဆရာများ၏ တူညီသော ခံစားချက်ပါလား …

(၁၅)

ညရောက်တော့ ရဝေနွယ်ဆရာတော် တရားပွဲကျင်းပသည်။ ဘာလင်မြို့တွင် မြန်မာလူမျိုး ဗုဒ္ဓဘာသာက အနည်းငယ်သာရှိသည်။ သံအမတ်ကြီးက တရားနာလိုသောသူများကို ကားဖြင့် အကြိုအပို့လုပ်သည်။ သံအမတ်ကြီးမိသားစုအပါအဝင် တရားနာပရိသတ် ၁၇ ယောက်ခန့်သာရှိသည်။ ဆရာတော်က ဖရန့်ဖွတ်မြို့တွင် ဒါနပါရမီ တရားကို ဟောပြီး ဘာလင်မြို့တွင် သီလပါရမီတရားကို ဟောကြားသည်။ ဒါနကို ပါရမီမြောက်အောင် ပြုလုပ်ဖို့၊ သီလကို ပါရမီမြောက်အောင် စောင့်ထိန်းဖို့ကို အဓိက ဟောကြားသွားသည်။

လူတိုင်း ဒါနပြုလုပ်ကြသည်။ ပေးကမ်းကြသည်။ သို့ရာတွင် ပါရမီမြောက်အောင် မလုပ်ဖြစ်ကြကြောင်း ဆရာတော်က ထောက်ပြသည်။ ထို့နောက် ပါရမီမြောက်ဖို့အတွက် ဘုရားကျောင်းကန်၊ သံဃာများကို လှူဒါန်းလျှင်ပဲဖြစ်ဖြစ်၊ အိမ်ရှင်မက မိမိ၏ ခင်ပွန်း၊ သားသမီးများကို နေ့စဉ်ကျွေးတာပဲဖြစ်ဖြစ် နိဗ္ဗာန်ကို ရည်မှန်းပြီး လှူဒါန်းရန် တိုက်တွန်းသည်။

နေ့စဉ် ငှက်ကလေး၊ ခွေးကလေး၊ ချဥ့်ကလေးများကို အစာကျွေးပြီး ဒါနပြုလုပ်ဖို့လည်း လမ်းညွှန်ပေးသည်။ ဆရာတော့်ညွှန်ကြားချက်များသည် အေးချမ်းတည်ငြိမ်ရေး၊ ကိုယ်ကျန်းမာစိတ်ချမ်းသာရေးကို အလေးပေးထားသဖြင့် စိတ်ချမ်းသာစရာ အလွန်ကောင်းပါသည်။

(၁၆)

နောက်ရက်မနက်တွင် ပြတိုက်တစ်ခုကို လိုက်ပို့သည်။ ပြတိုက်မဖွင့်မီ ပြတိုက်ရှေ့ရောက်နှင့်နေသဖြင့် ခဏတာ စောင့်နေရသည်။ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုများ၊ လူမှုရေးစနစ်များ၊ ဘာသာရေး၊ ဘာသာစကား၊ နည်းပညာ … စသဖြင့် အဆင့်ဆင့် ဖြစ်ထွန်းတိုးတက်မှုကို ပြသထားသော Ethnological Museum သို့ သွားရောက်လည်ပတ်ကြခြင်း ဖြစ်သည်။

ပြတိုက်မဖွင့်သေးသဖြင့် ပြတိုက်ရှေ့တွင် ကလေးငယ်များနှင့်ဆရာမများ အုပ်စုလိုက်၊ အုပ်စုလိုက် စောင့်ဆိုင်းနေကြသည်။ ပြတိုက်ဖွင့်သောအခါ အားလုံးတန်းစီလက်မှတ်ဝယ်ပြီး ဝင်ကြရသည်။

ပြတိုက်ထဲရောက်သည့်အခါ အလွန်တရာ အံ့သြဖွယ်မြင်ကွင်းများကို မြင်ရသည်။ အာရှယဉ်ကျေးမှုအကြောင်းကို ပြသသည့်အခန်းတစ်ခုလုံး ဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုပုံရိပ်များကိုသာ အများဆုံး တွေ့ရသည်။

ဗုဒ္ဓရုပ်ပွားတော်များကိုလည်း သူ့ခေတ်အခါအလိုက် အစဉ်အတိုင်း စနစ်တကျ စီစဉ်ထားရှိသည်ကို တွေ့ရသည်။ ဘုရားအလောင်းတော် လူ့ပြည်သို့ ဆင်းသက်တော်မူခြင်း၊ မယ်တော်မာယာအိပ်မက်မြင်မက်ခြင်း၊ ဘုရားအလောင်းတော် တောထွက်တော်မူခြင်း၊ တရားကျင့်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်း စသော ဗုဒ္ဓဝင်အဖြစ်အပျက်များကိုလည်း နေရာတကျ စီစဉ်ပြသထားသည်ကို တွေ့ရသည်။

ဗုဒ္ဓဝင်ဆိုင်ရာ၊ ဗုဒ္ဓဘာသာဆိုင်ရာ ဗွီဒီယိုဖိုင်များကိုလည်း ကွန်ပြူတာအတွင်း စနစ်တကျ ထည့်ပေးထားသည်။ ပြတိုက်အတွင်းက ကွန်ပြူတာတွင်လည်း ဗုဒ္ဓဘာသာအကြောင်းကို လေ့လာနိုင်အောင် ပြုလုပ်ပေးထားသည်ကို တွေ့ရသည်။

အခြားတစ်ဖက်တွင် ရှေးခေတ်ဥရောပ၊ အာဖရိကယဉ်ကျေးမှုဆိုင်ရာ ရုပ်တုများကို ပြသထားသည်။ ဥရောပ၊ အာဖရိက၊ အီဂျစ်ရှေးဟောင်းအရုပ်များမှာ အာရှမှ ဗုဒ္ဓရုပ်ပွားတော်များလို တည်ငြိမ်မှု၊ အေးချမ်းမှု တစ်စုံတစ်ရာကိုမျှ မတွေ့ရပါ။ ခွေးလိုလို၊ နွားလိုလို၊ လူလိုလို၊ ကျားလိုလို၊ ကြောင်လိုလို ဟိုမရောက် ဒီမရောက် ကိုးရိုးကားယား ပုပုကွကွ ရုပ်ပုံများကသာ များလေသည်။

လူပုံများကလည်း မျက်လုံးပြူးပြူး၊ အစွယ်ငေါငေါ၊ ပါးစပ်ပြဲပြဲ၊ ခေါင်းကြီးကြီး၊ ခန္ဓာကိုယ်က ပုံမကျ … အရုပ်ဆိုးဆိုးရုပ်တုများသာ အများဆုံး တွေ့ရသည်။ (အစွဲဖြင့် ပြောသည်မဟုတ်။ ပုံအချို့ကို ကြည့်နိုင်ပါသည်။) ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တည်ငြိမ်သော မျက်နှာတော်နှင့် ကိုယ်ဟန်အနေအထားများကြောင့် အာရှပြတိုက် တည်ငြိမ်အေးချမ်းမှုရှိနေသဖြင့် ဂုဏ်ယူစရာ ဖြစ်ခဲ့ရသည်။

(၁၇)

ဂျာမနီနိုင်ငံသည် ခရစ်ယာန်ဘာသာ ကြီးစိုးရာ နိုင်ငံဖြစ်သည်။ သို့ရာတွင် ဗုဒ္ဓဘာသာဆိုင်ရာ သမိုင်းအဖြစ်အပျက်များကို လူငယ်များအား လေ့လာစေသည်။ ဆရာဆရာမများကိုယ်တိုင် ကလေးများကို ပြတိုက်ကို ခေါ်လာပြီး လေ့လာစေသည်။

ကလေးများကလည်း မှတ်စုစာအုပ်များ၊ ဘောပင်လေးများဖြင့် အားကြိုးမာန်တက် ရေးမှတ်နေကြသည်ကို တွေ့ရသည်။ ဤကလေးများမှာ အလွန်ဆုံးရှိလှ၊ ၁၃ နှစ်ခန့်သာ ရှိလိမ့်မည်။ သို့ရာတွင် အရာရာကို စနစ်တကျ လေ့လာတတ်အောင်၊ မှတ်သားတတ်အောင် လေ့ကျင့်ပေးထားပုံမှာ အားကျဖွယ်ရာ ကောင်းလှသည်။

(၁၈)

နောက်တစ်ခု သတိပြုသင့်သည်မှာ အခြားဘာသာတရားအပေါ် လေးစားမှု၊ သဘောထားကြီးမှု ဖြစ်သည်။ ခရစ်ယာန်ဘာသာကြီးစိုးသည့်တိုင်းပြည်ဖြစ်လို့ အခြားဘာသာဆိုင်ရာများကို မပြသသင့်ဟူသော အမြင်မရှိခြင်း ဖြစ်သည်။

ကလေးများကို “တို့က ဒီလို ယုံကြည်တယ်၊ ဒါက ဒီလို ရှိတယ်”စသဖြင့် အခြေအနေအရပ်ရပ်ကို နားလည်အောင် ကြိုးစားသည်။ အခွင့်အလမ်းများကို ဖန်တီးပေးသည်။ ယုံကြည်ခြင်းဆိုင်ရာသည် လူတစ်ဦးချင်းစီ၏ နှလုံးသားရေးရာနှင့်ဦးနှောက်ဆိုင်ရာကိစ္စတစ်ခု ဖြစ်သည်။

စာရေးသူက ဤသို့ ဆိုလိုက်သဖြင့် အနောက်နိုင်ငံများက ဘာသာအားလုံးကို တပြေးညီ ဆက်ဆံသည်။ ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိသည်။ မြန်မာနိုင်ငံက ဒီမိုကရေစီသမားယောင်ယောင် ဘာယောင်ယောင်သမားများ ပြောဆိုနေသလို အခွင့်အရေး တန်းတူပေးသည်ဟုတော့ မထင်လိုက်ပါနှင့်။ သူတို့ ဘာသာတရား တိုးတက်ရေး၊ စည်ပင်ရေး၊ ရှင်သန်ရေးအတွက် ဥပဒေနှင့် အသေအချာ စီမံထားသည်။

သူတို့နိုင်ငံ၏အသက်၊ ဘာသာတရား၏အသက်၊ နိုင်ငံသားတို့၏ အသက်အိုးအိမ်စည်းစိမ်၏အသက်ကို ဥပဒေဖြင့် စနစ်တကျ စီမံထားသည်။ ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောနေသော “တရားဥပဒေ စိုးမိုးရေး”ဟူသည်မှာ ဤအချက်ကို ပြောလိုရင်း ဖြစ်သည်။

နိုင်ငံတစ်ခုတွင် တရားဥပဒေသည် အသက်အသည်းနှလုံးဖြစ်သလို ဖြစ်သင့်မဖြစ်သင့်ပိုင်းဖြတ်ပေးသောဦးနှောက်တစ်ခုလည်း ဖြစ်ပါသည်။

(၁၉)
“ကျွန်တော်တို့ မွတ်စလင်များ ဒီမှာ အများကြီး ရှိပါတယ်၊ ဗလီဆောက်ခွင့်ပေးပါ”ဟု မွတ်စလင်လူထုက တောင်းဆိုလိုက်သည်။

လူ့အခွင့်အရေးအရ တောင်းဆိုခွင့်ရှိသည်။ အစိုးရကလည်း ပြောသည်။ “အိုကေ … တို့နိုင်ငံက ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရှိတယ်။ ဒါကြောင့် တို့အစိုးရက ဆောက်ခွင့်ပေးတယ်။ ဒါပေမဲ့ ဒေသခံ၊ မြို့ခံတွေရဲ့ ဆန္ဒကလည်း ရှိသေးတယ်။ သူတို့ကို မေးရဦးမယ်”ဟု အဖြေပေးသည်။ မြို့ခံများက ခရစ်ယာန်အများစုဖြစ်သည့်အတွက် ကန့်ကွက်ကြသည်။ ဗလီဆောက်ခွင့်မရှိတော့။ ဤနိုင်ငံများ၏ ပါးနပ်မှုကို ဥပမာပေးခြင်း ဖြစ်သည်။

ဤစနစ်ကြောင့် ဂျာမနီမှာ မွတ်စလင်များ သန်းချီရှိသော်လည်း ဗလီအရေအတွက်က အနည်းငယ်သာ ရှိသည်။ ဗလီပေါင်း ၁၅ဝ ခန့်ရှိသည်ဟု ဆိုသော်လည်း ပီပီပြင်ပြင်ရှိသည့်ဗလီအရေအတွက်က ၁ဝဝ ခန့်သာရှိသည်ဟု ဆိုသည်။

ယခုအခါတွင် အနောက်နိုင်ငံများတွင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတံခါးများ တဖြည်းဖြည်း ပိတ်နေကြချိန်တွင် မွတ်စလင်တို့က ငွေအလုံးအရင်းဖြင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို ဝယ်ယူနေကြသည်။ မွတ်စလင်တိုးပွားနှုန်းက အနောက်နိုင်ငံများတွင် တဖြည်းဖြည်း သိသာထင်ရှားလာသည်။

ခရစ်ယာန်ဘာသာဝင်တို့က ဘာသာရေးဘက်အားလျော့လာချိန်၊ ဗုဒ္ဓဘာသာဝင်နှင့်အခြားဘာသာဝင်များက ငွေကြေးချို့တဲ့ချိန်တွင် မွတ်စလင်တို့က ဘာသာရေးကို ဘဝနှင့်ခိုင်ခိုင်မာမာ တွဲစပ်ကာ ငွေပင်ငွေရင်း အမြောက်အမြားဖြင့် ကမ္ဘာ့အနှံ့ခြေဆန့်နေကြပြီ ဖြစ်သည်။ သို့သော်လည်း အနည်းအကျဉ်းကသာ သတိပြုရကောင်းမှန်း သိနေကြသည်။ အမေရိကန်လို နိုင်ငံမျိုးကသာ တားဆီးရကောင်းမှန်း နားလည်ထားသည့်ပုံရသည်။ သို့သော် အမေရိကန်က “ကျွန်တော်တို့က မွတ်စလင်ကို ဘယ်တော့မှ မတိုက်၊ အကြမ်းဖက်သမားကိုသာ တိုက်သည်”ဟုသာ စကားစထွက်ထားသည်ကို အတုယူသင့်ပါသည်။

စာရေးသူ၏ ဆိုလိုရင်းမှာ “တရားဥပဒေစိုးမိုးရေး”ကို ရှေးရှုနိုင်ကြဖို့ ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးလျှင် အရာရာကို တရားနည်းလမ်းတကျ စီမံလို့ ရသည်။ ဣနြေ္ဒရှိရှိဖြင့် စောင့်ရှောက်စရာရှိတာ စောင့်ရှောက်နိုင်သည်။ ပယ်ရှားစရာရှိတာ ပယ်ရှားနိုင်သည်။ မိမိတို့ သဘောမကျသည်ကို ဥပဒေဖြင့် တားဆီးလို့ ရသည်။ ကန့်ကွက်လို့ ရသည်။ ဂျာမနီနိုင်ငံတွင် မွတ်စလင် ၃ သန်းကျော်ရှိသည်။ ဗလီက အထက်တွင်ဆိုခဲ့သလို ၁ဝဝ ကျော်သာ ရှိသည်။

မြန်မာနိုင်ငံတွင် မွတ်စလင်လူဦးရေ ၄ သန်းခန့်သာရှိသော်လည်း ဗလီများက ထောင်ချီနေသည်။ ဘယ်သူတွေက ခွင့်ပြုခဲ့သနည်း။ ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုကို ဘယ်သူတွေက နားမထောင်ခဲ့သနည်း။ သတိပြုမိကြဖို့ ဖြစ်ပါသည်။

အခု တို့မြန်မာနိုင်ငံ၏ခြေလှမ်းများ ဘယ်သို့ ဘယ်ဆီ လှမ်းနေသလဲ။ မျက်ခြေမပြတ်ကြစေလိုပါ။ သမိုင်းသင်္ခန်းစာများကို အမှတ်သည်းခြေရှိရှိ သတိမူမိကြစေဖို့ ဖြစ်ပါသည်။

(၂ဝ)

နေ့လယ်တွင် ဘာလင်တံတိုင်းကြီးကို သွားဖို့ စီစဉ်ကြသည်။ ဘာလင်တံတိုင်းမသွားမီ အခြားရှေးဟောင်းအဆောက်အအုံများကို သွားရောက်လည်ပတ်ကြသည်။ သင်္ဘောဖြင့် Sight Seeing Tour လည်း သွားကြသည်။ သန့်ရှင်းသပ်ရပ်သော ဘာလင်မြို့ သင်္ဘောဆိပ်သည် ကမ္ဘာလှည့်ခရီးသွားများ၊ အပန်းဖြေနေကြသောဒေသခံလူမျိုးများဖြင့် ပြည့်နှက်နေသည်။

................................
.................... ဆက်ပါဦးမည် ...
....................

အရှင်ကုသလသာမိ (အတည်မဲ့)
ဝ၈၊ ဝ၉၊ ၂ဝ၁၄

Friday, August 8, 2014

ဘာလင်မှ ဘယ်သို့ ဘယ်ဆီလဲ (အပိုင်း ၂)


(၉)

အမြန်ရထားပေါ်က ဆင်းလိုက်သည်နှင့် ဂျာမနီနိုင်ငံက မြန်မာသံအမတ်ကြီးနှင့်သားငယ်တို့ လာကြိုနေသည်ကို တွေ့ရသည်။ ရင်းနှီးဖော်ရွေစွာ၊ ရိုသေစွာဖြင့် ခရီးဦးကြိုပြုကြသည်။ ဘူတာကြီးတွင် မှတ်တမ်းဓာတ်ပုံရိုက်ပြီး သံအမတ်ကြီးနေအိမ်သို့ သွားခဲ့ကြသည်။ သံအမတ်ကတော်၊ သမီးနှင့်အခြားဧည့်သည်အချို့ကိုလည်း တွေ့ရသည်။

ဆရာတော်ကို စုပေါင်းကန်တော့ကာ နှုတ်ဆက်စကားပြောကြသည်။ ကျောင်းအမှတ်ဖြင့် သီတင်းသုံးဖို့၊ စိတ်အေးချမ်းသာစွာ နေဖို့ ပြောကြသည်။ နေရာထိုင်ခင်းအပြင်အဆင်စသည်ကအစ အစစအရာရာ လိုလေသေးမရှိ၊ ပြုစုကြပါပေသည်။ စကားအပြောအဆို၊ အနေအထိုင်အရ ယဉ်ကျေးသိမ်မွေ့ပြီး ဘာသာတရားကိုင်းရှိုင်းသောမိသားစုတစ်ခုဟု ကောက်ချက်ချမိသည်။

သံအမတ်ကြီးက ဒကာမကြီးအပေါ်မှာ ချစ်သည့်အချစ်ကြောင့် ဒကာမကြီးကို မခွဲနိုင်တာတစ်ခုနှင့်ပင် သူ့အနေနှင့်ရဟန်းပြုဖို့ မလွယ်ကူကြောင်း၊ သံယောဇဉ်များ ဖြတ်ဖို့ မရနိုင်သေးကြောင်း၊ လူအဖြစ်နှင့်သာ ကုသိုလ်ကောင်းမှုများ တတ်နိုင်သလောက် လုပ်မည်ဖြစ်ကြောင်း ရဝေနွယ်ဆရာတော်ကို လျှောက်သည်။

ဒကာကြီးက ထိုသို့ပွင့်ပွင့်လင်းလင်း လျှောက်သည့်အခါ ဒကာမကြီးက “လူငယ်တစ်ဦးလို ဆရာတော်ရှေ့မှာ ရှင်ဘာတွေ ပြောနေတာလဲ”ဟု ရှက်ရှက်အမူအရာနှင့် ဆိုလေသည်။ ဆရာတော်ကလည်း အတော်သဘောကျနေပုံရပြီး ပြုံးကာသာ နေတော့သည်။ ဒကာကြီးပြောတာ မလွန်သလို ဒကာမကြီးပြောတာလည်း မမှားပါ။ မိသားစုတစ်ခုတွင် ရေရှည်တည်တံ့ခိုင်မြဲစေသော မေတ္တာကြိုးလေးများက အလွန်ကို အရေးကြီးပါသည်။

ပဋ္ဌာန်းတရားတော်တွင် ဟောကြားထားသည့်အတိုင်း တဏှာရာဂ(ချစ်ခြင်းမေတ္တာ)ကိုအကြောင်းပြ၍ ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ်နိုင်ကြပါသည်၊ တရားရနိုင်သည့်အဆင့်အထိပင် ရောက်နိုင်ပါသည်ဟု ဟောထားသည် မဟုတ်ပါလော။

(၁ဝ)

သံအမတ်ကတော် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာပုံမှာ စိတ်ဝင်စားဖွယ် ကောင်းသဖြင့် အနည်းငယ် ပြောပြလိုပါသည်။ သူသည် ကနဦးက ဗုဒ္ဓဘာသာဝင်တစ်ဦး မဟုတ်ပါ။ လက်ထပ်သည်အထိ ဗုဒ္ဓဘာသာဝင်မဟုတ်သေးပါ။ ပါရမီအလျောက်ဟု ဆိုလျှင် ဆိုနိုင်သလို ဒကာကြီးအပေါ်ထားသောမေတ္တာတရားကြောင့်ဟုဆိုလျှင်လည်း မမှားနိုင်ပေ။

ဒကာကြီး ရှေ့တန်းထွက်၊ အန္တရာယ်များ ကြုံသည့်အခါ ဒကာမကြီးလည်း အခြားစစ်သားမိန်းမများနည်းတူ စိတ်ပူသည်။ အခြားစစ်သားမိန်းမများက ဗုဒ္ဓဘာသာများဖြစ်သည့်အတွက် မိမိတို့ခင်ပွန်းအသက်အန္တရာယ်ကင်းဝေးအောင်၊ ဘေးဒုက္ခများ မကြုံတွေ့ရအောင် လောကီလောကုတ္တရာနည်းစုံသုံးကာ နောက်တန်းမှနေ၍ ပြုလုပ်ပေးကြလေ့ရှိသည်။

ဒကာမကြီးသည် ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်း မိမိအမျိုးသား ဘေးအန္တရာယ်ကင်းအောင် ပရိတ်ရွတ်ဖတ်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ခြင်းစသော အန္တရာယ်ကင်းနည်းအမျိုးမျိုး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထိုကဲ့သို့ပြုလုပ်ရင်း ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးလုပ်ငန်းများ လုပ်ဖြစ်လာခဲ့သည်ဟု ဆိုသည်။ သူ့သဒ္ဓါဆန္ဒအလျောက် ဘုရားဟောင်းပြုပြင်ခြင်းလုပ်ငန်းကိုပါ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့လုပ်ဆောင်လာရင်း တဖြည်းဖြည်းနှင့် ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်လာခဲ့သည်။ ယခုအခါ ဆရာတော်ဒေါက်တာနန္ဒမာလာ၏ အဘိဓမ္မာ၊ ပဋ္ဌာန်းတရားတော်များကို နာကြားရင်း အဆင့်မြင့်ဗုဒ္ဓဘာသာဝင်တစ်ဦးအနေအထားအထိ ဖြစ်လာခဲ့ပါပြီ။

“အခြားစိတ်ဝင်စားစရာတွေ အများကြီး ရှိသေးတယ်”ဟု ဒကာမကြီးက ပြောသော်လည်း အခြေအနေအချိန်အခါအရ ထပ်မံမမေးမြန်းဖြစ်ခဲ့ပါ။ နောက်များ ကြုံကြိုက်သည့်အခါ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာခဲ့ပုံအကြောင်း အသေးစိတ်ကို မေးမြန်းရပေဦးမည်။

(၁၁)

နေ့ခင်းတွင် သံအမတ်ကြီးမိသားစုနှင့်အတူ Postdam သို့ သွားကြသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကမ္ဘာ့သမိုင်းဆိုင်ရာ အရေးကြီးသောနေရာတစ်ခု ဖြစ်သည်။ ဘာလင်မြို့မှ ၂၄ ကီလိုမီတာ ကွာဝေးသည်။ ပရပ်ရှားဘုရင်များနှင့် ဂျာမန်ဘုရင် ကိုင်ဇာတို့၏ နန်းတော်များတည်ရှိသည်။ နန်းတော်ဟောင်းကြီးများမှာ ခမ်းနားကြီးကျယ်လှသည်။

ဒုတိယကမ္ဘာစစ်တွင် စစ်အောင်နိုင်သော မဟာမိတ်များကွန်ဖရင့်ကို အောင်မြင်စွာ ကျင်းပခဲ့သည့်ဒေသလည်း ဖြစ်သည်။

ဂျာမနီနိုင်ငံတွင် ထူးခြားသည့်အချက်တစ်ခုမှာ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ တည်ရှိရာအရပ်တွင် ကောလိပ်များ၊ တက္ကသိုလ်များဖွင့်လှစ်ထားခြင်း ဖြစ်သည်။ Postdam မြို့တွင် University of Postdam နှင့် သုတေသနဌာန (Research Institutes)ပေါင်း ၃ဝ ကျော် ရှိသည်။

မိမိတို့နိုင်ငံ၏ ရှေးဟောင်းသမိုင်းဝင်နေရာများ၊ သမိုင်းဝင်အဖြစ်အပျက်များနှင့် အနာဂတ်လူငယ်များကို တစ်သီးတစ်သန့် မိတ်ဆက်စရာမလိုအောင် စီမံပုံတစ်မျိုးဖြစ်သည်ဟု ဂျာမန်တစ်ဦးပြောစကားအရ သိရသည်။ အတုယူစရာပင် ဖြစ်ပါသည်။

(၁၂)

နာဇီစစ်အာဏာရှင်များ ကျဆုံးပြီးနောက် ၁၉၄၅ ခုနှစ်တွင် Postdam ရှိ ဘုရင့်နန်းတော်တွင် အမေရိကန်သမ္မတ ထရူးမင်း၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ နှင့် သူ့ကို ဆက်ခံသူ ကလီးမန့်အက်တလီ၊ ဆိုဗီယက်ပြည်ထောင်စုမှ စတာလင် တို့သည် ဂျာမနီနိုင်ငံကို မည်သို့မည်ပုံ ဆက်လက်စီမံကြမည်ဖြစ်ကြောင်း စည်းဝေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် ဂျာမနီနိုင်ငံကို အသီးအသီး ခွဲဝေစီမံအုပ်ချုပ်ကြဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုသမိုင်းအဖြစ်အပျက်ကို လေ့လာမိတိုင်း ထူးဆန်းသလိုလို၊ အံ့သြသလိုလို၊ ပြုံးချင်သလိုလို ခံစားမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ထူးဆန်းအံ့သြသည့်ခံစားမှုက မထူးဆန်းသော်လည်း ပြုံးချင်သလိုလိုဖြစ်တာကတော့ မျိုးစိတ်မျိုးမာန်ပြင်းထန်သော ဂျာမန်များ တိုင်းတစ်ပါးသားတို့ ပြုသမျှနုခဲ့ရပုံကို တွေးမိခြင်းကြောင့် ဖြစ်သည်။

လက်ရှိအချိန်တွင် ဂျာမနီအစိုးရက အဆိုပါ ရှေးဟောင်းဘုရင့်နန်းတော်များနှင့် ကွန်ဖရင့်ကျင်းပရာ Postdam ကို ဥယျာဉ်ပန်းခြံကြီးများအသွင် ပြောင်းလဲပြီး ကမ္ဘာလှည့်ခရီးသွားများနှင့် မိမိတို့နိုင်ငံ အနာဂတ်လူငယ်များ လေ့လာနိုင်ရန်၊ သမိုင်းသင်္ခန်းစာများ ရယူနိုင်ကြစေရန် စီမံပြုလုပ်ထားသည်ကို တွေ့ရသည်။

(၁၃)

Postdam တွင် နေရာအနှံ့ လျှောက်လည်၊ အမှတ်တရဓာတ်ပုံများ ရိုက်ပြီး ပြန်ခဲ့သည်။ အပြန်လမ်းတွင် ခမ်းနားကြီးကျယ်လှသောဘုရင့်နန်းတော်ကြီးများက မျက်စိထဲ စွဲနေသည်။ အထူးသဖြင့် နန်းတော်ကြီးများအဝင်ဝတွင်ရှိသော ခန့်ငြားသည့် တိုင်လုံးကြီးများကို မြင်ယောင်သည်။

တိုင်လုံးကြီးများကို ဘက်စုံမှ ဓာတ်ပုံရိုက်ပြီး “ဦးဇင်းတက္ကသိုလ်တည်ထောင်ရင် ဒါမျိုး တိုင်လုံးကြီးတွေ လုပ်မှာ”ဟု သံအမတ်ကြီးကို စနောက်စကားဆိုခဲ့သည်။ “ဦးဇင်းက လုပ်မယ်ဆိုရင် အကြီးကြီး လုပ်ချင်တယ်။ မလုပ်ဘူးဆိုရင်တော့ တဲကုပ်လေးနဲ့ပဲနေတော့မယ်”ဟုလည်း ရင်ထဲရှိတာ ပြောမိသည်။

နန်းတော်ကြီးများ၏ ခမ်းနားမှုနှင့် နက်ရှိုင်းသော သမိုင်းဆိုင်ရာအဖြစ်အပျက်များကလည်း အတွေးထဲတွင် မေးခွန်းများစွာ၊ သိလိုစိတ်များစွာဖြင့် တဝဲလည်လည် ရစ်ရစ်သီသီ တွဲခိုလာခဲ့ကြသည်။
နာဇီစစ်ဘီလူးကြီးကို ဦးချိုးပြီး ဇာတိသွေး၊ ဇာတိမာန်ထက်သန်လှပါသည်ဆိုသော ဂျာမန်တို့၏ မြေပေါ်တွင် ခပ်တည်တည်ဖြင့် စီးစီးနင်းနင်း ခွဲဝေယူကြသော အမေရိကန်၊ ဗြိတိန်နှင့် ဆိုဗီယက်ခေါင်းဆောင်ကြီးများ၏ ဝင့်ကြွားမှုပုံရိပ်များကလည်း မနေ့တစ်နေ့ကလို ရုပ်လုံးကြွလာနေခဲ့သည်။

ထိုနေ့ ရာသီဥတုက ပထမ အတော်လေး အေးသည်။ နောက် နေက ပူလာခဲ့သည်။ ထို့နောက် မိုးက တဖြိုက်နှစ်ဖြိုက် ရွာချလိုက်သေးသည်။ ခြုံကြည့်လိုက်ရင်တော့ ရာသီဥတုက သာယာပါသည်။ အတွေးတွေက ရာသီဥတုလို အပြောင်းအလဲ မြန်နေသည်။ ပျော်လိုက်၊ အံ့သြလိုက်၊ ချီးကျူးလိုက်၊ ကျေနပ်လိုက်၊ မကျေနပ်လိုက်၊ တစ်ခါတစ်ခါ သံဝေဂတွေ ဖြစ်လိုက် … ခြုံကြည့်လိုက်ရင်တော့ အတွေးများ သာယာပါသည်။

(၁၄)

Postdam က ပြန်လာတော့ တစ်နေရာရာကို ဆက်သွားလိုသေးလားဟု ရဝေနွယ်ဆရာတော်ကို သံအမတ်ကြီးက လျှောက်သည်။ ဆရာတော်ပင်ပန်းနေပြီဖြစ်သဖြင့် တစ်နေ့တာ နားလိုက်သည်။ သံအမတ်ကြီးအိမ်တွင် ရဝေနွယ်ဆရာတော်နှင့်စကားပြောရင်း ဆရာတော်ထံမှ စိတ်ထားနည်းပညာများ ရလိုက်သည်။

ဆရာတော်၏ စိတ်ထားနည်းပညာမှာ အထူးအဆန်း မဟုတ်၊ ကုသိုလ်ဖြစ်အောင်၊ စိတ်ချမ်းသာအောင် နေထိုင်နည်းပင် ဖြစ်တော့သည်။ ဆရာတော်ပြောလေ့ပြောထရှိသောစကားမှာ ဘာပဲလုပ်လုပ် ပါရမီဖြစ်အောင်လုပ်ဆိုသော စကားပင်ဖြစ်သည်။ တစ်စုံတစ်ရာကို ပါရမီမြောက်အောင် လုပ်လိုက်လျှင် ကုသိုလ်တရားနှင့်စိတ်ချမ်းသာမှုက အလိုလို ပါဝင်လာသည်ကို တွေ့ရမည် ဖြစ်သည်။
.............................................................
..........................
ဆက်ပါဦးမည် ......................
.........................................

အရှင်ကုသလသာမိ (အတည်မဲ့)
ဝ၆၊ ဝ၈၊ ၂ဝ၁၄

Wednesday, August 6, 2014

ဘာလင်မှ ဘယ်သို့ ဘယ်ဆီလဲ


(၁)

အစွဲကင်းကင်းဖြင့် ပြောချင်သည်။ ဘာလင်တံတိုင်းသည် မန္တလေးကျုံးအလှကို မမီပါ။ ဆောင်းပါးခေါင်းစဉ် မေးခွန်းက ဘယ်သူ့ကို မေးသနည်း။ ဆောင်းပါးအဆုံးတွင် အဖြေပေါ်မည်ဟု ခန့်မှန်းရသည်။ ဆောင်းပါးရှည်ကနေ တစ်စုံတစ်ရာ မရရှိခဲ့ဘူးဆိုလျှင်လည်း တောသားမြို့ရောက် ထင်ရာမြင်ရာရေးထားခြင်းဟုသာ မှတ်တော်မူကြရာသည်။

(၂)

ဘာလင်မြို့သို့ ရဝေနွယ်ဆရာတော်၊ ဦးသုမနတို့နှင့်အတူ သွားခဲ့သည်။ မြန်မာသံအမတ်ကြီးမိသားစုက ဘာလင်မြို့အနှံ့ လိုက်ပို့သည်။ သမိုင်းဆိုင်ရာအရေးကြီးသော Postdam, Berlin Wall အပြင် Sight Seeing Tour များကိုပါမကျန် စုံသင့်သလောက်စုံအောင် ပျော်ပျော်ပါးပါး၊ တလေးတစား လိုက်ပို့သည်။ သံအမတ်ကြီးမိသားစုအိမ်တွင် တည်းခိုပြီး ဆွမ်းကွမ်းဝေယျာဝစ္စ လိုလေသေးမရှိအောင် စီမံပေးကြသည်။

ရွှေနားကပ်ရောင်ကြောင့် ပါးပြောင် ဆိုသလို၊ ဆင်ဖြူတော်မှီပြီး ကြံစုပ် ဆိုသလို ရဝေနွယ်ဆရာတော်ကြောင့် ခရီးစဉ်တစ်ခုလုံး မပူမပန်ရသည့်အပြင် စိတ်လက်ချမ်းသာစွာ လေ့လာခွင့်ရခဲ့သည်။ ဇွန်လ ၃ဝ ရက်နေ့ သွားပြီး ဇူလိုင်လ ၂ ရက်နေ့ ဖရန့်ဖွတ်မြို့သို့ ပြန်ရောက်သည်။ ခရီးစဉ်ပြီးပါပြီ။

(၃)

ဟုတ်ပါသည်။ ဘာလင်ခရီးစဉ် ပြီးပါပြီ။ ခရီးစဉ်က ပြီးသော်လည်း ရင်ထဲမှာ ပြောစရာများက မြောက်မြားစွာ ကျန်ရှိနေပါသည်။ ရင်ထဲကစကားများကို ပြောတတ်သလောက် ပြောပြချင်ပါသည်။ ကဗျာမမှီ၊ စာမပီတော့ ဖြစ်နေလိမ့်မည်။

သိစေချင်မိသောစေတနာနှင့် မြင်ကွင်းများမှတစ်ဆင့်ပေးသော ခံစားမှုများသာ ဖြစ်ကြောင်း ကြိုတင်အသိပေးပါသည်။

(၄)

ဘာလင် … ။ ဘာလင်ဟု အသံကြားသည်နှင့် ဘာလင်တံတိုင်းကြီးဆိုတာက ဦးစွာ ပေါ်လာတတ်သည်။ ဘာလင်တံတိုင်းကြီးက ကမ္ဘာ့တစ်နေရာစာက ပြယုဂ်တစ်ခုမျှသာဖြစ်သော်လည်း ကမ္ဘာ့စာမျက်နှာများတွင်တော့ ကြီးကြီးမားမား ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေသည်။ ကမ္ဘာ့နိုင်ငံရေးတွေ လေ့လာလျှင်လည်း ဘာလင်တံတိုင်းကြီးအကြောင်း ပါမည်။

ကမ္ဘာ့ယဉ်ကျေးမှုတွေအကြောင်း ပြောလျှင်လည်း ဘာလင်တံတိုင်းကြီး ပါမည်။
ကမ္ဘာ့စစ်ပွဲကြီးများအကြောင်း ပြောလျှင်လည်း ဘာလင်တံတိုင်းကြီး ပါမည်။ ငြိမ်းချမ်းရေးအကြောင်း၊ ချစ်ကြည်ရေးအကြောင်း ပြောလျှင်လည်း ဘာလင်တံတိုင်းကြီး ပါမည်။ ကဗျာတွေမှာလည်း ပါ၊ စာတွေမှာလည်း ပါ၊ သီချင်းတွေမှာလည်း ပါ။ ပြဇာတ်တွေမှာလည်း ပါ၊ ရုပ်ရှင်တွေမှာလည်း ပါ။ နေရာတကာပါ။ ဟုတ်သည်။

ကမ္ဘာမှာ ကြီးကျယ်တဲ့အကြောင်းအရာများကို ဆွေးနွေးမယ်ကြံတိုင်း ဘာလင်တံတိုင်းကြီးက ပါပါလာနေရသည်။

“ဘာလင်တံတိုင်းက လှလို့လား”။ “မဟုတ်ဘူး”။ “တရုတ်ပြည်က မဟာတံတိုင်းကြီးလို ခန့်ငြားလို့လား”။ “ဟုတ်မယ် မထင်ဘူး”။ “ဒါဆို ဘာဖြစ်လို့ ကမ္ဘာကျော်နေရသလဲ”။ အဖြေကတော့ မြောက်မြားစွာ ရှိနေပါလိမ့်မည်။
ဤဘာလင်တံတိုင်းကြီးဘေးတွင် သွေးနီးချင်းတို့ သွေးဝေးခဲ့ဖူးသည်။ မျက်ရည်ကြီးငယ်တို့ဖြင့် ငိုကြွေးသံများ ဆူပွက်ခဲ့ဖူးသည်။ ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပေါ်ခဲ့ဖူးသည်။

ငယ်သံပါအောင် အော်ဟစ်မြည်တမ်းရင်း သွေးရူးသွေးတမ်း သေဆုံးသွားသူများ၏ ရင်နင့်ဖွယ်ဇာတ်လမ်းများ မြောက်မြားစွာ ဖြစ်ပေါ်ခဲ့ဖူးသည်။

အာဏာ၊ ငွေကြေးနှင့် အတ္တမာနများ တံခွန်ထူခဲ့ကြဖူးသည်။ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ မားမားစွင့်ကာ လူအချင်းချင်း လူလိုမမြင်နိုင်ခဲ့သောအဖြစ်အပျက်များစွာ ဖြစ်ပေါ်ခဲ့ဖူးသည်။ မှန်သည်။ ဘာလင်ကို လက်တွေ့ဆန်သော ဒဏ္ဍာရီပုံပြင်ကြီးတစ်ပုဒ်လို စိတ်ဝင်စားနေမိခြင်း ဖြစ်ပါသည်။

(၅)

ဂျာမနီနိုင်ငံ၏မြို့တော် ဘာလင်သို့ အမြန်ရထားဖြင့် သွားခဲ့သည်။ ဖရန့်ဖွတ်မြို့ကနေ သွားခြင်းဖြစ်သည်။ ဖရန့်ဖွတ်နှင့်ဘာလင်သည် ၅၅၈ ကီလိုမီတာ ကွာဝေးသည်။ အမြန်ရထားဖြင့် ၄ နာရီကျော်ကျော်သာ ကြာသည်။ ဂျာမနီနိုင်ငံနှင့်ဥရောပနိုင်ငံများ ခရီးသွားလာရေးစနစ် ဖြန့်ကျက်ထားပုံမှာ အံ့သြစရာပင်ကောင်းသည်။ မြို့တိုင်းမြို့တိုင်းသို့ လျှပ်စစ်ရထားများ ပြေးဆွဲသည်။

ဥရောပဘတ်စ်ကားစနစ်က အနည်းငယ်သာရှိတော့သည်။ ဘတ်စ်ကားတွေက မညံ့သော်လည်း ဈေးချိုသည်။ သို့ရာတွင် အမြန်ရထားက ပိုမိုပြီး ခရီးတွင်သည့်အပြင် သက်တောင့်သက်သာရှိသည်။ ကျယ်ဝန်းသည်။ သန့်ပြန့်သည်။ ရထားပေါ်ရှိ ထိုင်ခုံတိုင်းတွင် ပလပ်ပေါက်များ တပ်ပေးထားသဖြင့် ဘတ္တရီအားသွင်းပြီး ကွန်ပြူတာဖြင့် အလုပ်လုပ်နိုင်သည်။
ဖုန်းအားသွင်းနိုင်သည်။ လေကောင်းလေသန့်လည်း ပိုရသည်။ သို့ဖြင့် ကားများထက် ဈေးပိုကြီးသော်လည်း ရထားသာ အစီးများသည်။

ယခင်က စင်္ကာပူမြေအောက်ရထားများ မြင်တွေ့စဉ်က စင်္ကာပူအလွန်တိုးတက်သည်ဟု ထင်ခဲ့သည်။ စင်္ကာပူလိုမြေအောက်ရထားများ ကမ္ဘာမှာ သိပ်မရှိဟု ထင်ခဲ့သည်။ ဂျာမနီရောက်သည့်အခါ ထိုအမြင်က ပြောင်းသွားပြန်သည်။ မြေအောက်စနစ်ကို အံ့သြဖွယ် ပြုလုပ်ထားသည်ကို တွေ့ရသည်။

တစ်နိုင်ငံလုံးကို မြေပေါ်မြေအောက်ရထားစနစ်ဖြင့် အဆင်ပြေအောင်၊ သွားရေးလာရေး လွယ်ကူအောင် ပြုလုပ်ပေးထားသည်ကို တွေ့ရသည်။

(၆)

ICE ဟူသော InterCityExperimental ဟူသော လျှပ်စစ်အမြန်ရထားများကို ၁၉၈၅ ခုနှစ်က စတင်စမ်းသပ်ပြေးဆွဲခဲ့သည်။ ၁၉၈၈ ခုနှစ်ရောက်သည့်အခါ တစ်နာရီကို ကီလိုမီတာ ၄ဝ၆.၉ အထိ မြန်နှုန်းရှိအောင် တီထွင်နိုင်ခဲ့ကြသဖြင့် ကမ္ဘာ့အမြန်ဆုံးရထားစာရင်းဝင်ခဲ့သည်ဟု ဆိုသည်။ လက်ရှိအမြန်ရထားများသည် တစ်နာရီကို ၃၆ဝ ကီလိုမီတာအထိ ပြေးဆွဲလေ့ရှိသည်ဟုဆိုသည်။

ရထား၏မြန်နှုန်းက သို့ကလောက်ရှိသော်လည်း လက်တွေ့အားဖြင့်မူ တစ်နာရီကို ၁၅ဝ ခန့်သာ မောင်းနှင်လေ့ရှိသည်ဟု ဆိုသည်။

(၇)

ရထားက ဘာလင်မြို့မရောက်ခင် တစ်ဘူတာသာ ရပ်သည်။ မနက် ၁ဝး၄၅ ခန့်တွင် ဘာလင်ဘူတာကြီးသို့ ရောက်သည်။ ဘူတာကြီးမှာလည်း အလွန်ငေးမောစရာကောင်းသည်။ Terminal or Platform များစွာ ရှိသည်။ မြေအောက်မှာ ၃/၄ ထပ်အထိ ရထားများ ပြေးဆွဲနေသလို မြေပေါ်မှာလည်း အထပ်ထပ် ရှိနေသည်။

ရထားများက လေဆိပ်များလို ဟိုမြို့ဒီမြို့၊ ဟိုနိုင်ငံဒီနိုင်ငံ ဥဒဟို ပြေးဆွဲနေကြလေသည်။ ဘာလင်မြို့တော်မှာသာမဟုတ် မြူးနစ်၊ ဒူဆယ်လ်ဒေါ့၊ ဒေါ့မွန်၊ ဟွမ်းဘတ်၊ ကိုလုံး၊ ဖရန့်ဖွတ် စသော မြို့များတွင်လည်း ဥရောပအနှံ့ပြေးဆွဲနေသော အမြန်ရထားများ၊ မြေအောက်မြေပြင်ရထားများ ရှိလေသည်။

၂ဝ ရာစုအစောပိုင်းကတည်းက ဂျာမနီတွင် မြေအောက်ဥမင်လိုဏ်ခေါင်းများအတွင်း ပြေးဆွဲသော U Bahn ခေါ် Underground Train ရထားစနစ်ကို စတင်ခဲ့ကြသည်ဟုဆိုသည်။ ယနေ့အသုံးပြုနေသော မြေအောက် အထပ် ၃ ထပ်မှ ၄ ထပ်အထိရှိသော မြေအောက်ရထားစနစ်ကိုမူ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကာလများရောက်မှ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ကြသည်ဟု ဆိုသည်။ လက်ရှိအချိန်တွင်မူ ဂျာမနီနိုင်ငံမြို့များ၌ မြေအောက် ၃ ထပ်၊ ၄ ထပ်ခန့်ရှိသည့် မယုံကြည်နိုင်စရာ ရထားဘူတာများဖြင့် သွားလာနေနိုင်ကြပြီ ဖြစ်ပါသည်။

(၈)

အချို့ရထားများက Schengen Agreement ကို သဘောတူလက်မှတ်ထိုးထားသော ဥရောပနိုင်ငံ ၂၆ နိုင်ငံသို့ တံခါးမရှိ၊ ဓားမရှိ၊ အစစ်အဆေးမရှိ နိုင်ငံတွင်းသွားသလို သွားနေကြခြင်း ဖြစ်သည်။ Immigration ဖြတ်စရာမလိုသောခရီးများသည် မြန်မာတစ်ယောက်အဖို့ အလွန်စိတ်ချမ်းသာဖို့ ကောင်းပါသည်။

သိတော်မူကြသည့်အတိုင်း မြန်မာတစ်ယောက်အဖို့ Immigration ဟူသည် နှလုံးတုန်ရင်ခုန်စရာနေရာတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။ မြန်မာတစ်ယောက်အဖို့ Immigration သည် မျက်နှာငယ်စရာအလွန်ကောင်းသောနေရာတစ်ခုပင် ဖြစ်ပါသည်။ Schengen Agreement ကြောင့် Immigration ရောက်တိုင်း မျက်နှာငယ်ရသည့်အဖြစ်မျိုး ကြုံစရာမလိုတော့ပါ။

၃/၄ မိနစ်တစ်စီး ရထားများ ပြေးဆွဲနေကြသော ရထားဘူတာများမြင်ကွင်းမှာ လေဆိပ်ကြီးများအလား ခမ်းနားထည်ဝါသဖြင့် အံ့သြဖွယ်ပင် ကောင်းတော့သည်။ ရွှေနိုင်ငံကြီးသား ကိုယ်တော်တစ်ပါးအတွက် အရာအားလုံးက ငေးမောစရာ၊ အားကျစရာများချည်း ဖြစ်နေသည်။ တစ်စုံတစ်ရာကို တွေ့မိတိုင်း ကိုယ့်နိုင်ငံကို သတိရမိသဖြင့် ငေးပြီး မောစရာတွေသာ ဖြစ်လို့နေသည်။

(၉)

အမြန်ရထားပေါ်က ဆင်းလိုက်သည်နှင့် ဂျာမနီနိုင်ငံက မြန်မာသံအမတ်ကြီးနှင့်သားငယ်တို့ လာကြိုနေသည်ကို တွေ့ရသည်။ ရင်းနှီးဖော်ရွေစွာ၊ ရိုသေစွာဖြင့် ခရီးဦးကြိုပြုကြသည်။ .............................................

ဆက်ပါဦးမည် ......

အရှင်ကုသလသာမိ (အတည်မဲ့)
ဝ၄၊ ဝ၈၊ ၂ဝ၁၄

Saturday, July 26, 2014

ပန်းရောင်စုံများကြားက ငြိမ်းချမ်းရေးတောင်ပံခတ်သံများ (နိဂုံး)



(၁ဝ)

ဘိက္ခုဉာဏဗောဓိ၏ အပြောအဟော ကောင်းမှုကြောင့် ပရိသတ်များက တဝါးဝါး တဟားဟားဖြင့် ပွဲကျနေသည်။ ဘိက္ခုဉာဏဗောဓိ ပြောပြီးသည့်အခါ အမေရိကန်တွင် သီတင်းသုံးသော ဂျာမန်ရဟန်းတော်က ဆက်ပြောသည်။ ထို့နောက် အိန္ဒိယရဟန်းတော်ဘိက္ခုသံဃသေန ပြောသည်။

ဘိက္ခုသံဃသေန ပြောနေစဉ် တွေးမိသည်။ “အော် အခမ်းအနားမှာရှိတဲ့သူတွေ အားလုံး ပြောကြရတာလား မသိဘူး။ ငါ့အလှည့်ကျရင် ဘာပြောရင် ကောင်းမလဲ”ဟု တွေးနေမိသည်။ ပြောချင်စိတ်လည်း အလွန်ပြင်းပြနေသည်။

လူကြားထဲတွင် ပြောဟောရသည့်အတွေ့အကြုံ အတိုင်းအတာတစ်ခုအထိ ရှိလာတော့ နည်းနည်းမျှ မကြောက်မိ။ စာရေးသူအလှည့်မရောက်မီ ကြားထဲတွင် ၂ ပါး ကျန်သေးသည်။ ကံကောင်းသည်လား ကံဆိုးသည်လားတော့ မသိ။ ဘိက္ခုသံဃသေနက မိုက်ကရိုဖုန်းကို မချတမ်း ပြောနေသည်။

ဘိက္ခုဉာဏဗောဓိတို့လည်း ကြည့်ပြုံးနေပြီ။ စာရေးသူ၏နောက်မှ ကိုယ်တော်ကတစ်ဆင့် လက်ထဲကို နာရီတစ်လုံး ရောက်လာသည်။ ရှေ့က ဘိက္ခုသံဃသေနကို ထိုးပေးလိုက်သည်။ နာရီထိုးပေးတာတောင် အရှင်က ဆက်ပြောလိုက်သေးသည်။

ဘိက္ခုသံဃသေန ပြောပြီးသည့်အခါ ၁၂ နာရီ ခွဲတော့မည်။ ဘိက္ခုဉာဏဗောဓိက မိုက်ကရိုဖုန်းကို အောက်မှာ ထိုင်နေသော ခရစ်ယာန်ဘုန်းကြီးကို ကမ်းပေးလိုက်သည်။ ပြောမည်ဟု အားခဲထားသမျှ သွားပြီပေါ့လေ။ ခရစ်ယာန်ဘုန်းကြီးကလည်း ဂျာမန်လို ပြောသည်။ ၁၂ နာရီခွဲသွားပြီ။ ဆွမ်းချိန်နောက်ကျတော့မည်ဟု ပြောပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

(၁၁)

ဤနေရာတွင် ဆွမ်းချိန်ကိစ္စ ပြောရလိမ့်ဦးမည်။ ဂျာမနီရာသီဥတုသည် ဆောင်းဦး၊ ဆောင်း၊ နွေဦး၊ နွေအားဖြင့် ဥတုလေးမျိုး ရှိသည်။ ရာသီအလိုက် မွန်းလွဲချိန်ကွဲပြားသည်။ စာရေးသူတို့ သွားသည့်အချိန်မှာ ဧပြီလဖြစ်ပြီး မွန်းလွဲချိန်မှာ နေ့လယ် ၁ နာရီဟု ဆိုသည်။ သို့ဖြစ်၍ ၁၂ နာရီခွဲဟုဆိုသော်လည်း နေ့လွဲညစာမဖြစ်သေး၊ မွန်းမလွဲသေးဟု ဆိုရမည်ဖြစ်သည်။ သူ့အရပ်နှင့်သူ့ဇာတ်၊ မြန်မာဆရာတော်များတော့ မည်သို့ဆိုကြမည် မသိပါ။

(၁၂)

ဘိက္ခုဉာဏဗောဓိက အာရှမှာကဲ့သို့ တန်းဆွမ်းလောင်းကြမည်၊ သံဃာများက သပိတ်ကိုယ်စီပိုက်ပြီး အလှူခံရမည်၊ အလှူခံပြီးပါက ဆွမ်းကျောင်းမှာ စောင့်နေကြရမည်ဟု အသိပေးသည်။ ရှေ့တွင် မည်သို့ပြင်ဆင်ထားသလဲမသိသဖြင့် သင်္ကန်းမရုံဖြစ်ခဲ့ပါ။ နောက်မှ မြန်မာဟန် သင်္ကန်းရုံပြီး ဆွမ်းခံလိုက်ရင် ဘယ်လောက်ကောင်းလိမ့်မလဲဟု သင်္ကန်းမရုံဖြစ်တာကို နောင်တရခဲ့သည်။

ခရစ်ယာန်ဘုန်းကြီးက ဘာလုပ်ရမှန်း မသိ။ ကြောင်ရပ်နေသည်။ ထိုအခါ ဘိက္ခုဉာဏဗောဓိက “အရှင်ဘုရား ဘာလုပ်နေတာလဲ”ဟု ခရစ်ယာန်ဘုန်းကြီးကို လှမ်းမေးသည်။ “ငါ ဘာလုပ်ရမလဲ စဉ်းစားနေတာ၊ ဗုဒ္ဓဘာသာရဟန်းတော်တွေက သပိတ်ပိုက်ပြီး ဆွမ်းခံကြွတော့မယ်၊ ငါက ဘယ်လို ပူးပေါင်းပါဝင်ရမလဲ၊ ဘယ်လို ပါဝင်သင့်သလဲဆိုတာကို စဉ်းစားနေတာ”ဟု ပြောသည်။

ထိုအခါ ဘိက္ခုဉာဏဗောဓိက “အဲ … အရှင်ဘုရားလည်း ဘုန်းကြီးပဲ၊ သပိတ်ပိုက်ပြီး တို့နဲ့အတူ ဆွမ်းခံစားပေါ့”ဟု ပြောသည်။ ပထမတော့ နောက်ပြောင်ပြောသည်ဟု ထင်သည်။ သို့ရာတွင် ကိုရင်လောင်းက သပိတ်တစ်လုံး ယူလာပေးလိုက်သည်။ သပိတ်ပိုက်ထားသော ခရစ်ယာန်ဘုန်းတော်ကြီးကို ကြည့်ပြီး အားလုံး သဘောကျနေခဲ့ကြသည်။

အခမ်းအနားကျင်းပရာ ခန်းမထဲက ထွက်လိုက်တော့ ဆွမ်းလောင်းမည့်သူတွေက အဆင်သင့်ဖြစ်နေကြပြီ။ နေက ပူနေသဖြင့် ဂျာမန်တွေအကြိုက်ဖြစ်သည်။ သူတို့သည် နေပူပူတွင် နေရသည်ကို သဘောကျကြသည်။

ဆွမ်းလောင်းနေသည့် အနောက်နိုင်ငံသား ဖြူဖြူဖွေးဖွေးများကို ကြည့်ပြီး ရင်ထဲတွင် ပြောမပြတတ်လောက်အောင် ကြည်နူးမိသည်။ သူတို့အထဲတွင် အချို့က အတော်အတန် အလေ့အကျင့်ရှိသည်ဟု ထင်သည်။ အချို့ကတော့ ကြောင်ကြောင်အန်းအန်း အမူအရာများ တွေ့ရသည်။

(၁၃)

ဆွမ်းခံပြီးသောအခါ ဆွမ်းစားဆောင်တွင် နေရာယူကြသည်။ ဆွမ်းမစားမီ မိမိထက် ဝါကြီးသောသံဃာများကို အရိုအသေပေး၊ ဦးချကြရသည်။ စာရေးသူတို့လည်း မိမိတို့ထက်ကြီးသော သံဃာများကို ဝတ်ပြုလိုက်သည်။ ထိုအချိန်တွင် ခရစ်ယာန်ဘုန်းတော်ကြီးလည်း ရောက်လာသည်။ ဗုဒ္ဓဘာသာသံဃာများကြားတွင် အနည်းငယ် အန်းတန်းတန်း ဖြစ်နေပုံရသည်။ ခဏအကြာတွင် ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

သူလည်း သူ့ထက်ဝါကြီးသော သံဃာများကို စာရေးသူတို့ ဦးချသည့်အတိုင်း ဦးချလေတော့သည်။

ဆွမ်းစားသည့်အခါ နေရာချရာတွင်လည်း ဗုဒ္ဓဘာသာရဟန်းတော်များနှင့် တန်းတူနေရာချထားသည်။ စာရေးသူတို့လို သပိတ်နှင့် ဆွမ်းစားကြသည်။ ဆွမ်းစားပြီးသောအခါ ဝါကြီးသောသံဃာများကို တစ်ကြိမ်ကန်တော့ကြပြန်သည်။

သူလည်း စာရေးသူတို့နှင့်အတူ လိုက်ကန်တော့သည်။ ဆွမ်းစား၊ သပိတ်ဆေး၊ ကိစ္စဝိစ္စများ ပြီးဆုံးသောအခါ ဧည့်ခန်းတွင် ထိုင်ကြသည်။ ဘိက္ခုဉာဏဗောဓိနှင့်သူက ကပ်လျက်ထိုင်ကာ စကားပြောနေကြသည်။

(၁၄)

ဘိက္ခုဉာဏဗောဓိက အခုလို ဗုဒ္ဓဘာသာအခမ်းအနားတွင် လိုက်လျောညီထွေစွာ ပါဝင်ဆင်နွှဲပေးသည့်အတွက် ကျေးဇူးတင်ကြောင်း၊ လေးလည်း လေးစားပါကြောင်း၊ ပရိသတ်များရှေ့တွင် ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ညီညွတ်မှု၊ လိုက်လျောညီထွေဖြစ်မှု၊ အချင်းချင်း မဆန့်ကျင်မှု၊ ချစ်ခင်ရင်းနှီးမှုတို့ကို ပြသလိုက်ရာရောက်သဖြင့် ပျော်ရွှင်ကြည်နူးရပါကြောင်း … စသဖြင့် ပြောကြားနေသည်ကို ကြည်ကြည်နူးနူး ကြည့်နေဖြစ်ခဲ့သည်။

သူတို့စကားပြောရပ်သည့်အခါ စာရေးသူက မိတ်ဆက်သည်။ “အရှင်ဘုရားရဲ့ကျောင်းကိုလည်း အလည်လာချင်ပါတယ်”ဟုဆိုသောအခါ “လာခဲ့ပါ။ ဒါပေမဲ့ ခရစ်ယာန်ဘုန်းကြီးလို နေရမှာနော်”ဟု ရယ်ကာပြုံးကာ ဆိုသည်။ စာရေးသူကလည်း အားကျမခံ “ရတယ်။ အရှင်ဘုရားတောင် ဗုဒ္ဓဘာသာဘုန်းကြီးလို ပြုမူနိုင်သေးတာ တပည့်တော်လည်း နေပြရမှာပေါ့”ဟု ပြောလိုက်သည်။

ကြည်နူးမှုများပြည့်ရွှမ်းနေသော ရယ်သံလွင်လွင်လေးများက ခန်းမအတွင်း နေရာမလပ် ပြန့်နှံ့နေခဲ့သည်ဟု ခံစားမိခဲ့သည်။ အင်း … တကယ်တော့ ခန်းမလေးထဲမှာတင် မဟုတ်ပါဘူး။ မေတ္တာဝိဟာရတောကျောင်းလေးတစ်ခုလုံး၊ အဲဒီကနေတစ်ဆင့် ထင်းရှူးတောတန်းများ၊ မြက်ခင်းစိမ်းစိမ်းများ၊ ဖြူနီပြာဝါရောင်စုံပန်းခင်းများကို အဆင့်ဆင့် ကျော်ဖြတ်ကာ ငြိမ်းချမ်းရေးတေးသံများအဖြစ် ရွက်လွှင့်ကုန်ကြသည်ဟု ခံစားလိုက်ရသည်။

ကမ္ဘာကြီးမှာ ဘာသာတရားတွေဟာ ငြိမ်းချမ်းရေးအတွက် ပွင့်ထွန်းလာကြသည်ဟု ဆိုကြသည်။ လက်တွေ့မှာတော့ ဘာသာတရားအတွက် တိုက်ပွဲတွေ ဆင်နေကြရသည်။ အငြင်းပွားနေကြရ၊ ပဋိပက္ခတွေ ဖြစ်နေကြရသည်။ ဘာသာတရားများကြောင့် မျက်ရည်တွေကျ၊ အိုးမဲ့အိမ်မဲ့တွေ ဖြစ်နေကြရသည်။
ငြိမ်းချမ်းရေးကို ဘာသာတရားများက အသီးအသီး ဟောကြပြောကြသည်။ သို့ရာတွင် ငြိမ်းချမ်းရေးဆိုသောစကားလုံးကို အကြိမ်ပေါင်း ထောင်သောင်းချီ သုံးနှုန်းပြောဆိုနေစေကာမူ အပြန်အလှန် လေးစားမှု၊ တန်ဖိုးထားမှုတို့ ကင်းမဲ့သော စကားလုံးများသည် ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေမည် မဟုတ်ပါ။

(၁၅)

ညနေ ၄ နာရီ ထိုးပြီ။ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ နှုတ်ဆက်ကြသည်။ အားလုံးအပြုံးကိုယ်စီနှင့်ဖြစ်သည်။ အယျခေမာ၏ ပုံရိပ်များကလည်း အပြန်လမ်းတစ်လျှောက်လုံး ရစ်သီရစ်သီ လိုက်ပါလာနေသည်။ ဒုတိယအယျခေမာ ပေါ်ပေါက်ဖို့ လိုသည်။ အယျခေမာသာရှိလျှင် ဂျာမနီသာသနာဟာ ဒိထက် ပိုမို ထွန်းတောက်နိုင်တယ်ဟု ပြောလေ့ရှိသောစကားကို သတိရသည်။ မလာခင်ကလည်း အယျခေမာအကြောင်း တွေးခဲ့သည်။ အပြန်မှာတော့ လွန်သွားပြီဖြစ်တဲ့ အယျခေမာအကြောင်းက ခပ်နည်းနည်းရယ်။ အဓိကတွေးနေဖြစ်တာက ဒုတိယအယျခေမာ ဘယ်တော့ ရောက်လာမလဲ။ ဒုတိယအယျခေမာကို မျှော်ပါသည်။

(၁၆)

“မေတ္တာဝိဟာရ”တဲ့။ “ချစ်ခြင်းမေတ္တာများ ပြန့်နှံ့တည်ရှိရာကျောင်း”။ တောင်တန်းကြီးတစ်ခုအပေါ်တွင် တည်ရှိသည်။

ထင်းရှူးတောတန်းကြီးက ရင်သပ်ရှုမောစရာကောင်းသည်။ မြက်ခင်းပြင်အကျယ်ကြီးများလည်း ရှိသည်။ မြက်ခင်းပြင်များအပေါ်တွင် ရောင်စုံပန်းများက အလေ့ကျပေါက်နေသည်။ တောင်ပေါ်က မျက်စိတစ်ဆုံး ရှုမျှော်ကြည့်သောအခါ စိမ်းလန်းမှုကိုသာ တွေ့ရသည်။

ချစ်ခြင်းမေတ္တာများ ပြန့်နှံ့တည်ရှိရာအရပ်တွင် တောင်ပံခတ်သံများ ငြိမ့်ညောင်းနေသည်။ မှန်ပါသည်။ ပန်းရောင်စုံများကြားက ငြိမ်းချမ်းရေးတောင်ပံခတ်သံများ ဖြစ်ပါသည်။

ပြီးပါပြီ။

ချမ်းမြေ့ကြပါစေ
အရှင်ကုသလသာမိ (အတည်မဲ့)

၂၆၊ ဝ၇၊ ၂ဝ၁၄

Thursday, July 24, 2014

ပန်းရောင်စုံများကြားက ငြိမ်းချမ်းရေးတောင်ပံခတ်သံများ (အပိုင်း ၂)





(၅)

လမ်းလျှောက်လာရင်း မြက်ခင်းပြင်အစွန်တွင် “မေတ္တာဝိဟာရကျောင်းတိုက်သို့ ၁.၂ ကီလိုမီတာ”ဟူသော ဆိုင်းဘုတ်လေးကို တွေ့လိုက်ရသည်။ ၇ ဒီဂရီခန့်ရှိနေသော ရာသီဥတုဖြစ်တာရယ်၊ တောင်ပေါ်ဒေသ လေနုအေးလေးတွေ တိုက်ခတ်နေတာရယ်ကြောင့် အအေးဓာတ်က တစ်ကိုယ်လုံးကို လွှမ်းခြုံရစ်သိုင်းလာနေသည်။ 

လမ်းဘေးဝဲယာ စိမ်းလန်းနေသော မြက်ခင်းပြင်များ၊ မြက်ခင်းပြင်ပေါ်တွင် အလေ့ကျပေါက်နေသော လှမျိုးစုံကြွယ်နေသည့် ပန်းပွင့်လေးများ၊ ခြူ(ခလောက်)သံ တခြူခြူ တခွက်ခွက်ဖြင့် လှည့်လည်စားသောက်နေသော ဖြည့်ဖြိုးနေသည့် နွားများနှင့်မြင်းများက စိတ်ဝင်စားမှုအာရုံကို အပြည့်ဖမ်းစားထားသဖြင့် အေးရကောင်းမှန်း မောရကောင်းမှန်း မသိ ဖြစ်နေခဲ့ပါသည်။
ဂျာမနီက နွားကို မြင်ဖူးသွားပြီကွဟု စိတ်ထဲက ပြောမိသည်။ 

ဂျာမန်နွားမကြီးက မြန်မာနိုင်ငံက နွားထီးကြီးနှင့်တူနေသဖြင့် ပြုံးမိသေးသည်။ ဤသို့ဖြင့် မေတ္တာဝိဟာရကျောင်းတိုက်အဝင်ကို ရောက်လာခဲ့သည်။ အကုန်အကျနည်း၊ ပကာသနကင်းသည့် ကျောင်းအဝင်ဝအလှဆင်ထားပုံကို သဘောကျခဲ့သည်။ ကျောင်းဝင်းအတွင်း ကားရပ်နားရာနေရာတွင်လည်း ကားအစီးပေါင်းများစွာ စီတန်းရပ်ထားသည်ကို တွေ့ရသည်။

ကျောင်းတိုက်ပတ်ဝန်းကျင်တစ်ခုလုံး မည်သည့်အိမ်ခြေမျှမရှိ။ ပကတိတိတ်ဆိတ်နေသည့် တောကျောင်းတစ်ခု ဖြစ်သည်။ ကားများနှင့်လူများရှိနေသည့်နေ့မှာပင် ဤမျှ ဆိတ်ငြိမ်လျှင် အခမ်းအနားမရှိသည့်နေ့များတွင် မည်မျှ တိတ်ဆိတ်ငြိမ်သက်နေမည်နည်း။

(၆)

ကျောင်းထဲရောက်သည်နှင့် ဂျာမန်ရဟန်းတော် ဘိက္ခုဉာဏဗောဓိ၊ အခြားရဟန်းတော် ၂ ပါး၊ အညိုရောင်ဝတ် သီလရှင်(ဘိက္ခုနီ) ၃ ပါး နှင့် အဖြူရောင်ဝတ် အနာဂါရိက(သိက္ခမာန်) အမျိုးသမီး ၄ ယောက်တို့ စကားပြောနေသည်ကို တွေ့ရသည်။ စာရေးသူတို့ကို မြင်သည်နှင့် ဘိက္ခုဉာဏဗောဓိက စတင်မိတ်ဆက်သည်။ အလွန်ဖော်ရွေကြသည်။ သက်တော်ဝါတော်များ အပြန်အလှန် မေးမြန်းပြီး အရိုအသေပေးကြသည်။ 

အခန်းနံရံများတွင် ဆရာကြီးအယျခေမာ၏ ဓာတ်ပုံများ ပန်းချီများကို တွေ့ရသည်။ စာအုပ်စင်ကြီးများလည်း ရှိသည်။ စာအုပ်စင်ကြီးများပေါ်တွင်လည်း ဆရာကြီးအယျခေမာရေးသားသောစာအုပ်များကို အမျိုးမျိုးအဖုံဖုံ ခင်းကျင်းထားသည်ကို တွေ့ရသည်။ စာရေးဆရာ/ဆရာမများကို လေးစားကြည်ညိုသည့်စိတ်က လျှံကျလာသည်။ အယျခေမာကို တွေ့ချင်နေပြီ။ 

(၇)

အားရပါးရ ရယ်မောပြုံးရွှင်ပြီး စကားပြောနေသော ဘိက္ခုဉာဏဗောဓိကို ကြည့်ပြီး သဘောကျနေခဲ့သည်။ အခမ်းအနားကျင်းပမည့် ခန်းမထဲသို့ စာရေးသူတို့ကို ခေါ်သွားကြသည်။ “အိုး … လူတွေ ဒီရောက်နေကြတာပါလား”ဟု အာမေဋိတ်ပြုမိသည်။ အားလုံးနီးပါးက အနောက်တိုင်းသားတွေချည်း ဖြစ်သည်။ ပရိသတ်ဦးရေ ၄ဝဝ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ဤမျှများပြားသောလူများကို အခုလို ဗုဒ္ဓဘာသာတောကျောင်းတစ်ခုမှာ တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမျှ အိပ်မက်ပင် မမက်ခဲ့ဖူးပါ။

ခန်းမထဲတွင် အိန္ဒိယနိုင်ငံတောင်ပိုင်း၊ လာဒက်ဒေသမှ အိန္ဒိယရဟန်းတော်ဘိက္ခုသံဃသေနလည်း ရောက်နေသည်ကို တွေ့ရသည်။ ထို့အပြင် သီရိလင်္ကာရဟန်းတော်များ၊ ကမ္ဘောဒီးယားရဟန်းတော်များနှင့် အမေရိကန်၊ သြစတေးလျ စသောနိုင်ငံများမှ ရဟန်းတော်များလည်း တက်ရောက်သည်ကို တွေ့ရသည်။ အခြားဂျာမန်ရဟန်းတော် ၄ ပါးနှင့် ဂျာမန်ကိုရင် ၃ ပါးကိုလည်း တွေ့ရသည်။ 

ထူးထူးခြားခြားအနေဖြင့် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးလည်း အခမ်းအနားတက်ရောက်သည်ကို တွေ့ရသည်။ အားလုံးနှင့် ဝမ်းသာအားရ နှုတ်ဆက်ကြသည်။ ပျော်စရာ၊ ကြည်နူးစရာအလွန်ကောင်းပါသည်။ စာရေးသူလည်း အတူပါလာသော ဂျာမန်ဒကာကြီးကို ဓာတ်ပုံအမိအရ ရိုက်ထားဖို့ ပြောလိုက်သည်။ သူက တာဝန်မကျေပါ။ အဝေးကသာ လှမ်းရိုက်နေသည်ကို တွေ့ရသည်။

()

စာရေးသူ တွေးလိုက်တိုင်း ပြုံးရသောအဖြစ်အပျက်တစ်ခု ရှိခဲ့သည်။ ဤအဖြစ်အပျက်ကို မပြောချင်သော်လည်း ပြောမှသာ ဤဆောင်းပါးက ပြည့်စုံလိမ့်မည်။ မသွားမီကရော၊ သွားနေဆဲလမ်းမှာရော၊ ကျောင်းကို ရောက်ပြီးသည့်နောက်မှာရော စိတ်ထဲက တွေးနေခဲ့သည်။ “အယျခေမာ ဘယ်ရောက်နေပါလိမ့်၊ ခရီးများ သွားပြီလား”ဟူသောအတွေးပါ။
အချိန်တန်တော့ တွေ့မှာပါလေဆိုသောအတွေးကြောင့် မည်သူ့ကိုမျှ မမေးမိခဲ့။ 

အယျခေမာကို တွေ့ချင်နေသည်ဆိုသဖြင့် အထင်မလွဲစေလိုပါ။ အယျခေမာသည် ရှေ့မှာဆိုခဲ့သလို စာအုပ်ပေါင်းများစွာ ရေးခဲ့သည့် သီလရှင်(ဘိက္ခုနီ)အဘွားတစ်ဦးသာ ဖြစ်ပါသည်။ သူ့ကို တွေ့လိုခြင်းမှာ လေးစားသောကြောင့် တစ်နည်းအားဖြင့် စာရေးဆရာဆိုလျှင် ချစ်ခင်တတ်သော ဉာဉ်ကြောင့် တွေ့လိုခြင်း ဖြစ်ပါသည်။ 

အခမ်းအနားက စတော့မည်။ အယျခေမာက ရောက်မလာသေး။ ဘိက္ခုဉာဏဗောဓိကသာ အခမ်းအနားကို ဦးဆောင်နေသည်။ အားလုံး နေရာယူပြီးကြပြီ။ အခမ်းအနား အစီအစဉ်ကို ကြေညာနေပြီ။ စာရေးသူလည်း အယျအဂ္ဂဉာဏီတို့ ဆရာလေးများ၊ ဘိက္ခုနီများနှင့် ကိုရင်မများရှိရာသို့ လှမ်းလှမ်းကြည့်မိသည်။ “ဟိုဆရာလေးက အယျခေမာများလား၊ ဟုတ်သေးပါဘူး၊ အယျခေမာက အသက် ၅ဝ ကျော် ၆ဝ လောက်ရှိပါပြီ၊ မဟုတ်လောက်ပါဘူး”စသဖြင့် တွေးနေမိခဲ့သည်။ 

နောက်ဆုံး မနေနိုင်တော့ ဘေးနားက ဂျာမန်ရဟန်းတော် ဘိက္ခုစိတ္တဝီရောကို “အရှင်ဘုရား … အရှင်ဘုရား … အယျခေမာ ဘယ်ကြွနေတာလဲ၊ တပည့်တော် သူ့ကို တွေ့ချင်နေတာ၊ အခုထိလည်း ရောက်မလာသေးဘူး”လို့ မေးမိသည်။ စာရေးသူ၏မေးခွန်းဆုံးသည်နှင့် ပါးစပ်ကို လက်ဝါးနှင့်ဖိပြီး အသံကိုအုပ်ကာ ရယ်လေတော့သည်။ “အရှင်ဘုရားနှယ် ဖြစ်ရလေ၊ အယျခေမာက ၉၇ ခုနှစ်ကတည်းက ဆုံးပြီလေ၊ အရှင်ဘုရား မသိဘူးလား”ဟု ခပ်အုပ်အုပ်ရယ်ရင်း ပြောလေသည်။ 

“အော် ငါ့နှယ် … ညံ့ပါ့ … ညံ့ပါ့ …”ဟု ရှက်ပြုံးပြုံးကာ နေမိလေသတည်း။ “အော် အယျခေမာ … အယျခေမာ ငါ့နှယ် … သူ့ကို တွေ့ဆုံ စကားပြောခွင့် ရတော့မယ်၊ ဆရာကြီး အရမ်းတော်တယ်၊ စာအုပ်တွေ အများကြီး ရေးတယ်၊ ဆရာကြီးသတင်းတွေ ကြားပါတယ်၊ ဂုဏ်ယူပါတယ်၊ လေးစားပါတယ် စသဖြင့် ချီးကျူးစကားတွေ တစ်လှေကြီး ပြောလိုက်မယ်လို့ အားခဲလာခဲ့တာ သွားပါပြီ”ဟု စိတ်ထဲမှာ ရေရွတ်နေမိလေတော့သည်။

()

အခမ်းအနား စပြီ။ ဘိက္ခုဉာဏဗောဓိက ဂျာမန်လို ပြောနေသည်။ ဘာမှတော့ နားမလည်။ လူတွေကတော့ အတော်သဘောကျနေပုံရသည်။ ရယ်ကြပြုံးကြ၊ လက်ခုပ်တီးကြသည်။ စာရေးသူလည်း နားမလည်မည့်အတူဆိုပြီး ဖုန်းလေးကို ကောက်ကိုင်ပြီး Google မှာ Ayya Khema ဟု ရိုက်ကြည့်လိုက်သည်။ “အော် … ငါတွေ့ချင်နေတဲ့ ဆရာကြီးအယျခေမာ တွေ့ပြီ”ဆိုပြီး ပြုံးမိသည်။ 

ဝိကိပေဒိယတွင် ဆရာကြီးအယျခေမာ၏အကြောင်း များစွာရှိသည်ကို တွေ့ရသည်။
၁၉၂၃ ခုနှစ်တွင် မွေးသည်။ ဂျူးမိသားစုဝင်ဖြစ်သဖြင့် ဒုတိယကမ္ဘာစစ်ကို သွေးပျက်ဖွယ် ကြုံတွေ့ခဲ့ရသည်။ နာဇီအကျဉ်းစခန်းကနေ လွတ်မြောက်လာသူတစ်ယောက်လည်း ဖြစ်သည်။ ၁၉၇၉ ခုနှစ်မှာ အာရှဘက်ကို ခရီးသွားရင်း ဗုဒ္ဓဘာသာကို စိတ်ဝင်စားပြီး သီရိလင်္ကာနိုင်ငံတွင် ဗုဒ္ဓဘာသာသီလရှင်အဖြစ် ခံယူခဲ့သည်။ 

အယျခေမာသည် အမျိုးသမီးများ သာသနာ့ဘောင်ဝင်ရောက်နိုင်ရေးနှင့် ဗုဒ္ဓဘာသာဆိုင်ရာလုပ်ငန်းများ ပါဝင်လုပ်ဆောင်နိုင်ရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့သည်။ ကမ္ဘာအနှံ့အပြားတွင် ဗုဒ္ဓသာသနာပြုစင်တာများကိုလည်း အမြောက်အမြား တည်ဆောက်ပေးနိုင်သည်အထိ စွမ်းဆောင်နိုင်သူတစ်ဦး ဖြစ်သည်။ အင်္ဂလိပ်ဘာသာ၊ ဂျာမန်ဘာသာတို့ဖြင့် စာအုပ်များစွာကိုလည်း ရေးသားပြုစုခဲ့သည်။ ဂျာမနီနိုင်ငံတွင် ဗုဒ္ဓဘာသာစိတ်ဝင်စားသူများအနေဖြင့် သူ့စာအုပ်များကို ဖတ်ရှုလေ့လာကြသည်။

၁၉၈၇ ခုနှစ်တွင် အပြည်ပြည်ဆိုင် ဗုဒ္ဓဘာသာသီလရှင်များ ကွန်ဖရင့်ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပပေးနိုင်အောင် ကြိုးစားခဲ့သည်။ “သကျဓီတာ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာအမျိုးသမီးများအဖွဲ့ - Sakyadhita (International Association of Buddhist Women”ကို ဖွဲ့စည်းပေးနိုင်ခဲ့သည်။ အာဂအမျိုးသမီးပေတကား။ 

ရေခံမြေခံကလည်း ဗုဒ္ဓဘာသာနှင့်ဝေးသည်။ အလွန့်အလွန်ကို ဝေးသည်။ ပတ်ဝန်းကျင်ကလည်း ဗုဒ္ဓဘာသာနှင့် မည်သို့မျှ အဆက်အစပ်မရှိ။ ဆွေမျိုးအသိုင်းအဝိုင်းကလည်း ဂျူး၊ ခရစ်ယာန်။ သူရှင်သန်ရာ ခေတ်အခါကလည်း မကောင်း။ တုန်လှုပ်ချောက်ခြားဖွယ်ရာ နာဇီအကျဉ်းစခန်းများ။ အရာခပ်သိမ်း ဗုဒ္ဓဘာသာအငွေ့အသက် နည်းနည်းမျှမရှိသော ဒေသမှ အမျိုးသမီးတစ်ယောက်သည် ဗုဒ္ဓဘာသာနှင့်ပတ်သက်၍ လက်ဖျားခါရလောက်အောင် စွမ်းဆောင်ပြနိုင်ခဲ့သည်။ ထာဝစဉ်အလေးပြုနေသင့်သည် အာဇာနည်တစ်ပါးဟုပင် ဆိုချင်တော့သည်။

(၁ဝ)

ဘိက္ခုဉာဏဗောဓိ၏ အပြောအဟော ကောင်းမှုကြောင့် ပရိသတ်များက တဝါးဝါး တဟားဟားဖြင့် ပွဲကျနေသည်။ 
......................... 
ဆက်ပါဦးမည် ......

အရှင်ကုသလသာမိ(အတည်မဲ့)
၂၄၊ ဝ၇၊ ၂ဝ၁၄