Wednesday, July 14, 2010

စာအုပ်များနှင့် ခရီးသွားခြင်း (အဆက်)


ယခင်အဆက်

(၃)

အချို့ဆိုလျှင် ကိုယ့်ကို လုံးဝ စိတ်ဝင်စားမှု မရှိသော်လည်း မိန်းမပိုးပန်းသလို လိုက်လံဝင်ရောတတ်လို့ ခင်မင်ရသော မိတ်ဆွေများလည်း ရှိခဲ့ဖူးသည်။ ထိုသို့သောသူများထဲမှ အမှတ်အရဆုံးသူတစ်ဦး ရှိခဲ့ဖူးသည်။ ညောင်တုန်းကျောင်းတိုက်မှာ နေစဉ်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ သူသည် ဉာဏ်ကောင်းသည်။ အတွေးရှင်းသည်။ လောကွက်တွေ မလုပ်တတ်။ အလွန်အကျွံ လောကွက်လုပ်ရခြင်းကို စက်ဆုပ်တတ်သော အလေ့အကျင့် တူနေ၍လား မသိ၊ မကြာခင် ရင်နှီးသွားခဲ့သည်။ လူတော်တော်များများကို ခပ်ပေါ့ပေါ့ စကားများကို အလျဉ်းသင့်သလို ပြောတတ်သော်လည်း ကိုယ်နှင့်တွေ့သောအခါ လေးလေးနက်နက်တွေချည်း ပြောသည်။

တွေ့စက သူသည် ကိုယ့်ကို လုံးဝ စိတ်မ၀င်စားပါ။ အမှန်တော့ သူသည် ထိုအချိန်က ကိုယ့်ကိုသာ မဟုတ်။ ဘာကိုမှ စွဲစွဲလန်းလန်း ဖြစ်တတ်သူ မဟုတ်။ စိတ်ကို အရိုးရှင်းဆုံး ထားတတ်သူတစ်ဦးသာ ဖြစ်သည်ဟု ထင်သည်။ တွေ့တဲ့ဒကာ၊ ဒကာမတိုင်းက သူ့ကို တရားအလွန်အားထုတ်သူဟု ထင်ကြသည်။ သူ့မျက်နှာတွင် ပူပင်ကြောင့်ကြမှုပုံစံမရှိ၊ ပကတိ တည်တည်ငြိမ်ငြိမ် ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။ အမှန်အားဖြင့် သူသည် တရားအားထုတ်သူလည်း မဟုတ်၊ စိတ်ကို ရိုးရိုးရှင်းရှင်း ထားတတ်သူတစ်ဦးသာ ဖြစ်သည်။ သို့ရာတွင် အချို့က သူ့ကို မိစ္ဆာဒိဋ္ဌိဟု ဆိုကြလေသည်။

မှတ်မှတ်ရရ ကိုတာကို သူက မိတ်ဆက်ပေးခဲ့သည်။ သူက “၂၁-ရာစုမှာ ကိုတာကို မသိရင် လူဖြစ်ကျိုးမနပ်ဘူး” ဟူ၍ပင် ဆိုပါသည်။ ကိုတာကို သဘောမကျသူများကမူ “ပိုလွန်းလိုက်တာ”ဟု ဆိုကောင်းဆိုပါလိမ့်မည်။ ကိုတာကို သိမြင်သဘောပေါက်သူများအနေဖြင့်မူ မလွန်ဘူးဟု ယူဆလိုက်ကြမည့်ပုံ ရှိသည်။ ကိုတာသည် ရဲရဲတွေးသည်။ ရဲရဲဆုံးဖြတ်သည်။ ရဲရဲပြောသည်။ ပြတ်ပြတ်ပြောသည်။ (အများအမြင် ဘုကျကျ တွေးခေါ်ပြောဆိုသည်)။ အမှန်အားဖြင့် ကိုတာသည် “၁ နဲ့ ၁ ပေါင်းရင် ၂-ဖြစ်တယ်”ဟု အဖြေသိခဲ့လျှင် တောင်မှ ရပ်မနေသေးဘဲ “ဘာကြောင့် ၂-ဖြစ်ရတာလဲ”ဟု ထပ်စဉ်းစားချင်နေသူတစ်ဦးဟု ထင်သည်။

အိုင်းစတိုင်း၏ အတ္ထုပ္ပတ္တိစာအုပ်တစ်အုပ် (အမည်မမှတ်မိ)တွင် “ကျုပ်က ကောက်ရိုးပုံထဲ ကျသွားတဲ့အပ်ကို ရှာရတာပျော်မွေ့သူဗျ၊ ကျုပ်က အပ်ကို တွေ့ခဲ့ရင်တောင် ထပ်ပြီး ရှာနေအုံးမှာ”ဟု ပြောသောစကားလေးကို အမှတ်ရနေမိပါသည်။ မလိုချင်သော အဖြေတစ်ခုအတွက် အလွယ်တကူ လက်မှိုင်ချပစ်လိုက်ခြင်းနှင့် လိုချင်သောအဖြေတစ်ခုအတွက်လည်း အလွယ်တကူ ကြည်နူးပစ်လိုက်ခြင်းဟူသော အစွန်းနှစ်ဘက်ကို ရှောင်ရှားဖို့ လိုသည်။ လိုချင်သောအဖြေဖြစ်စေ၊ မလိုချင်သောအဖြေဖြစ်စေ အဖြေ၏ နောက်ကွယ်တွင် လျှို့ဝှက်ချက်များကို ရှာဖွေစူးစမ်းဖို့ လိုအပ်ပါသည်။ သို့မှသာ မလိုချင်သောအဖြေမှ လိုချင်သောအဖြေဖြစ် လာခြင်းနှင့် လိုချင်သောအဖြေ၏ တာရှည်ခံနိုင်ခြင်းဟူသော အကျိုးတရားကို ရရှိနိုင်လိမ့်မည်ဟု ယုံကြည်မိပါ သည်။

သူငယ်ချင်း စာရေးဆရာ နေသစ်မှူး ပြောတတ်သည်။ “လူအများစုက ဒီလိုလုပ်လို့ ဒီလို ဖြစ်လာတယ်ဆိုတာကို အသေမှတ်ထားပြီး ဟိုလိုလုပ်ရင်လည်း ဖြစ်နိုင်ပါသေးတယ်ဆိုတာကို မေ့ထားတတ်ကြတယ်”ဟူ၍။ ကိုတာ့ စကားအရ ပြောရလျှင် ဖြန့်ထွက်တွေးတတ်ကြဖို့ လိုပါလိမ့်မည်။ မိမိတို့ မြန်မာ့လူ့အဖွဲ့အစည်းသည် ပုံသေ ကားကျ မှတ်တတ်သောအလေ့အထက စွဲနေသည်ဟု ထင်ပါသည်။ နေ့စဉ်လူမှုပြဿနာများတွင် ဖြန့်ထွက်တွေး တတ်သော အတွေးအခေါ်များ ထွန်းကားမှ တစ်ဦးအပေါ်တစ်ဦး နားလည်မှုများ တိုးတက်နိုင်ပေလိမ့်မည်။ “ငါပြောတာမှ အမှန်”ဟု အယူအစွဲ အားကြီးလျှင် အမှန်နှင့် ဝေးတတ်ပါသည်။ မြန်မာ့လူ့အဖွဲ့အစည်းက အများတွေးသည့်အတိုင်း မတွေးလျှင်၊ အများပြောသည့်အတိုင်း မပြောလျှင်၊ အများလုပ်သည့်အတိုင်း မလုပ်လျှင် “ဘုကျသူ”“လူ့ဂလန့်”“လူ့ဂွစာ”ဟု သမုတ်တတ်ကြလေသည်။ အများမြင်သည့်အတိုင်း မမြင်ခြင်း နှင့် ကလန့်တိုက်ခြင်း နှစ်ခုကို ကွဲကွဲပြားပြား သိထားဖို့ လိုအပ်ပါလိမ့်မည်။

ကိုရင်ဘ၀က ဦးဇင်းတစ်ပါးက “မင်း… စာတွေ ဖတ်ချင်ရင် ဦးရွှေအောင်စာအုပ်တွေ ဖတ်ပါလား”ဟု ပြောဖူး သည်။ ဦးရွှေအောင်စာအုပ်များထဲက “အမြင်များ ပြောင်းလဲခြင်းနှင့် အတွေးအမြင်စာစုများ”စာအုပ်ကို ၀ယ်ဖတ် ပါသည်။ ထိုစဉ်က ဘာမှ နားမလည်ခဲ့ပါ၊ သို့မဟုတ် အများစုကို ခံစားနားလည်လို့ မရခဲ့ပါ။ ထို့ကြောင့် အရွယ်အတော်ရလာသည်အထိ ဦးရွှေအောင်နှင့် အဆက်အသွယ် ပြတ်ခဲ့ပါသည်။ သူ၏ အတွေးအမြင်များ လွှမ်းမိုးမှု မရှိခဲ့ပါ။ သို့ရာတွင် ၀န်ခံစရာရှိသည်မှာ သူ၏ ၀ါကျများတွင် အဆုံးသတ်လေ့ရှိသော “၏”အက္ခရာ ဆုံးသော တိကျပြတ်သားသောဝါကျများ၏ လွှမ်းမိုးမှုကို ခံခဲ့ရပါသည်။

ငယ်ငယ်က ဖတ်ခဲ့သော စာအုပ်များတွင် သိန်းဖေမြင့်၏ “အရှေ့က နေ၀န်းထွက်သည့်ပမာ”စာအုပ်အထူကြီးကို နှစ်ခြိုက်မိဆုံး ဖြစ်ပါသည်။ ဆရာသိန်းဖေမြင့်၏ စာအရေးအသားအရသာကိုတော့ မခံစားတတ်ခဲ့ပါ သို့မဟုတ် မခံစားခဲ့ဟု ထင်သည်။ အဖြစ်အပျက်အကြောင်းအရာများနှင့် သူ၏ အမိနိုင်ငံအတွက် ကြိုးပမ်းပုံများကို နှစ်သက် သဘောကျခဲ့မိဟန် တူပါသည်။ ငယ်စဉ်ဘ၀က တန်ဖိုးအကြီးဆုံး ဖတ်ခဲ့ရသော စာအုပ်ကြီး ဖြစ်ပါလိမ့်မည်။ ထိုစာအုပ်ကြီးကို တောင်ငူရောက်ပြီး ၂-နှစ်အကြာ ၁၅-နှစ်သားအရွယ် အဖေနှင့်အမေ စာသင်တိုက်ကို အလည်ရောက်စဉ်က ၀ယ်ခဲ့ခြင်း ဖြစ်ကြောင်း မှတ်မှတ်ရရ ရှိနေပါသည်။

ငယ်ဘ၀က စာအုပ်ဝယ်ဖို့ရန် ငွေကြေးအခက်အခဲ မဖြစ်ခဲ့ဖူးသည်မှာလည်း ကျေနပ်စရာတစ်ခု ဖြစ်ပါသည်။ ကျောင်းထိုင်ဆရာတော်က စာတော်လို့ဆိုပြီး ကိုယ့်ကို အပတ်တိုင်းလိုလို ပိုက်ဆံပေးသည်။ ပိုက်ဆံကို သမရိုးကျပေးသည်တော့ မဟုတ်။ ဆေးဝယ်ခိုင်းခြင်း ဖြစ်သည်။ ၅၀-လောက်ကုန်ကျသော ဆေးဘူးအတွက် ၁၀၀-ပေးလိုက်သည်။ ပြန်မအမ်းခိုင်း။ သူပေးသည်မှာ စာအုပ်ဝယ်ပါစေဟူသော စိတ်ဖြင့် ပေးသည်တော့ မဟုတ်ပါ။ ဥပုသ်နေ့အပြင်ထွက်လျှင် ဗီဒီယိုကြည့်ဖို့နှင့် မုန့်ဝယ်စားဖို့သာ ဖြစ်ပုံရသည်။ ထို့ကြောင့်လည်း ၀ယ်ချင်တာ ၀ယ်လို့ ရခဲ့သည်။

သိန်းဖေမြင့်စာအုပ်အပြီးတွင် စာဖတ်လမ်းကြောင်းက အနည်းငယ်တစ်ဖက်သတ် ဆန်သွားသည်ဟု ထင်သည်။ စာဖတ်သူတိုင်း ထိုကဲ့သို့ ဖြစ်ဖူးလိမ့်မည်ဟု ထင်သည်။ ကိုယ်ဖတ်လိုက်ရသော စာအုပ်များနှင့် အကျွမ်းတ၀င် ဖြစ်သွားသောအခါ ထိုစာအုပ်များ၏ ရိုက်ခတ်မှုအတိုင်း စာဖတ်သူ၏ အတွေးအခေါ် အယူအဆများ၊ ဘ၀နေပုံထိုင်ပုံများမှာ ပြောင်းလဲသွားတတ်သည်ဟု ထင်သည်။ အရင်က စာအုပ်များကို ကောင်းနိုးရာရာ ၀ယ်ယူလေ့ရှိသော်လည်း ဆရာသိန်းဖေမြင့်စာအုပ်က သူ၏ နောက်ထပ်စာအုပ်များကို ဖတ်ဖို့ တွန်းအားဖြစ်သွား ခဲ့သည်။

“အရှေ့က နေ၀န်းထွက်သည့်ပမာ”စာအုပ်မှ တစ်ဆင့် “တက်ခေတ်နတ်ဆိုး”၊ “တက်ဘုန်းကြီး”စာအုပ်များဆီ ရောက်သွားသည်။ ထိုခေတ်က ကြောက်မက်ဖွယ်ရာ ရောဂါဆိုးကြီးဖြစ်သော AIDS ရောဂါအကြောင်းကို ရေးဖွဲ့ထားပြီး နာမည်အရမ်းကြီးသောစာအုပ်ဖြစ်သော်လည်း (ဆိုလိုချက်ကို လိုက်မီနိုင်သော ဉာဏ်အားနည်း သေး၍) ခံတွင်းမတွေ့ခဲ့ပါ။ “တက်ဘုန်းကြီး”စာအုပ်ဖတ်သောအခါမှာတော့ ခံစားမှုမျိုးစုံကို ကြုံတွေ့ရသည်။ ဘုန်းကြီးတွေ မကောင်းကြောင်း ရေးသော်လည်း နည်းနည်းကလေးမှ မနာမိပါ။ “မကောင်းတဲ့သူကို မကောင်း ဘူးလို့ ပြောမယ်၊ ကောင်းတဲ့သူကို ကောင်းတယ်လို့ ပြောမယ်”ဆိုသောစိတ်ဓာတ်က ထိုစဉ်ကတည်းက ရင်ထဲ တွင် သိသိသာသာ ကိန်းဝပ်နေခဲ့ပါသည်။

“ပသံသိတဗ္ဗံ ပသံသန္တိ၊ ဂရဟိတဗ္ဗံ ဂရဟန္တိ = ချီးမွမ်းထိုက်သူကို ချီးမွမ်းကြတယ်၊ ကဲ့ရဲ့ထိုက်သူကို ကဲ့ရဲ့ကြ တယ်”ဟူသော မြတ်စွာဘုရားရှင်၏ စကားတော်ကို အရိုးထဲကနေ ကြိုက်ပါသည်။ ထိုစကားကို အစွန်းရောက်စွာ လက်ခံမိ၍လား မပြောတတ်၊ ကိုယ်မနှစ်မြို့သူကို ယောင်လို့တောင် ပြုံးမပြချင်တတ်ခဲ့ပါ။ “အေးကွာ… မင်းတို့ မှားရင်လည်း ငါက အားမနာဘူး၊ ပြောမှာပဲ။ ငါမှားရင်လည်း အားမနာနဲ့ကွာ၊ ငါ့ကို ကြိုက်သလို ဝေဖန်၊ ခွင့်မလွှတ်နဲ့”ဟု သူငယ်ချင်းများကို မကြာခဏ ပြောတတ်သည်မှာလည်း ထိုစာပေများ၏ ရိုက်ခတ်မှုတစ်ခုပင် ဖြစ်သည်ဟု ယုံကြည်နေမိသည်။ (ခြွင်းချက်အချို့ရှိနေသော်လည်း) ဂျပန်လူမျိုးတို့ ကိုယ့်အမှားကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းတတ်သော ဟာရာကိရိ (ကိုယ့်ကိုယ်ကိုသတ်ခြင်း)လုပ်ခြင်းများကို ကြားရတိုင်း အားကျနေမိ တတ်ခဲ့ပါသည်။ လေးစားနေမိတတ်ခဲ့ပါသည်။

သိန်းဖေမြင့်စာအုပ်များက တစ်ဆင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ ဗိုလ်အောင်ကျော်၊ ရဲဘော် သုံးကျိပ်…စသော လွတ်လပ်ရေးပုံရိပ်များကို စိတ်ဝင်စားလာခဲ့သည်။ ကလေးဘ၀က တီဗီတွင် ဆရာတော် ဦးဉာဏိဿရ၏ ဗုဒ္ဓဂယာအကြောင်း အစီအစဉ်လာလျှင် မြတ်စွာဘုရားကို လွမ်းပြီး မျက်ရည်ဝဲတတ်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းအကြောင်း တွေးမိတိုင်း မျက်ရည်တွေ ၀ဲနေတတ်လာခဲ့သည်။ ထို့နောက်တွင် မြန်မာ့ လွတ်လပ်ရေးနှင့် ပတ်သက်သော စာအုပ်များ၊ ဗိုလ်ချုပ်နှင့် ဆက်နွယ်သောစာအုပ်များကို တွေ့တိုင်းလိုလို ၀ယ်ယူတတ်ခဲ့ပါသည်။ ဘ၀တွင် တန်ဖိုးရှိပြီး အသိဉာဏ်ရှိသော တာဝန်သိ လူသားတစ်ယောက်မှသည် တာဝန်သိ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ စာအုပ်များ၏ တန်ဖိုးကို နည်းနည်းမျှ လျှော့တွက်၍ မရဟု ထင်ပါသည်။

(အမှာစကား = ဤမျှအထိ ရှည်လျားလှသော ဆောင်းပါးကို အားပေးဖတ်ရှုကြသော စာဖတ်သူများကို ကျေးဇူးတင်ပါသည်။ အမှန်အားဖြင့် ယခု ရေးခဲ့သမျှသည် ဦးဇင်း၏ ကိုရင်ဘ၀က ဖတ်ခဲ့သော စာအုပ်များနှင့် ခရီးသွားခြင်းသာ ရှိပါသေးသည်။ တစ်နည်းအားဖြင့် ကိုရင်ဘ၀က ဖတ်ခဲ့သော စာအုပ်များမှ ရရှိခဲ့သောသင်္ခန်းစာနှင့် ယနေ့ပြန်သုံးသပ်မိသောအတွေးများသာဟုဆိုလျှင် ပိုမှန်ပါလိမ့်မည်။ ရေးချင်သည့်အကြောင်းအရာများမှာ များစွာများစွာ ရှိနေပါသေးသည်။ ပို့စ်အဟောင်းကို ဖတ်ကြည့်မိလျှင်သော်မှ ဒီနေရာမှာ ဒီစာအုပ်လေးအကြောင်း ပြောဖို့ ကျန်သွားတယ်စသည်ဖြင့် အားမလိုအားမရလေးများလည်း ခံစားရသည်။ နောင်ရေးသည့်အခါတွင် ထည့်ရေးလိုက်မည်ဟု အားခဲထားမိပါသည်။
စာဖတ်သူများ ရိုးအီသွားမည်စိုးပါ၍ ဤနေရာတွင် တစ်ခန်းရပ်ထားပြီး အခြားအကြောင်းအရာများကို ဆက်လိုပါသည်။ နောင်အလျဉ်းသင့်လျှင် ဆက်လက်ရေးသားပါအုံးမည်။)

Saturday, July 10, 2010

စာအုပ်များနှင့် ခရီးသွားခြင်း (အဆက်)


ယခင် အဆက်....

(၂)

တစ်ခါက ကြောက်မက်ဖွယ်ကောင်းလှသော အဖြစ်အပျက်တစ်ခုမှာ မျက်စိထဲက ထုတ်ပစ်လို့ မရခဲ့ပါ။ ဘာမှမထူးဆန်းသော သာမန် စာမရတာတစ်ခုတည်းနှင့် စာချဘုန်းကြီးမှာ ဒေါသအမျက် ချောင်းချောင်းထွက်ပြီး အနီးက ဓားနှင့် ကိုရင်ဆီကို လှမ်းပေါက်လိုက်သည်။ ပေါက်လိုက်သော ဓားငယ်မှာ အဆိုပါကိုရင်၏ တင်ပါးကို စိုက်ဝင်နေခဲ့သည်။ ထိုစဉ်က ကြောက်လွန်း၍ ဘာမှ အထူးမစဉ်းစားခဲ့ဖူးသော်လည် ယခုအခါတွင် ထိုအဖြစ်အပျက်မှာ နှလုံးသားတွင် ဒဏ်ရာတစ်ခုလို ဖြစ်နေခဲ့လေသည်။

ထိုအဖြစ်အပျက်နည်းတူ တစ်ခါက စာဝါလိုက်စဉ် (သင်တန်းတက်စဉ်) စာတွေကို စာချဘုန်းကြီးက တစ်ပါးချင်း လှမ်းမေးနေသည်။ ကိုရင်တစ်ပါးက ထစ်နေသောအခါ “အာ”ဆိုပြီး အနီးက သုံးမြှောင့်သစ်သားတုံး (၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာဟု သုံးခု ရေးထားသော သုံးမြှောင့်သစ်သားတုံး၊ ပိဋကတ်သုံးပုံကိုယ်စားပြု သစ်သားတုံး)ဖြင့် အားကုန်လှမ်းပစ်လိုက်ရာ ခေါင်းကွဲပြီး သွေးများ ဖြာထွက်လာခဲ့သည်။

ထိုကဲ့သို့ အကြမ်းပတမ်း လုပ်တတ်သော ဓလေ့မှာ ဘုန်းကြီးများမှ တစ်ဆင့် အိမ်ထောင်ဦးစီး ဒကာကြီးများသို့ ဆင်းသက်သွားဟန်ရှိသည်။ အချို့မိဘများမှာ စည်းကမ်းကြီးခြင်းဟူသော ၀တ်ရုံကို ၀တ်ပြီး သားသမီးများကို အနိုင်ကျင့်တတ်ကြသည်။ သူတို့ဖြစ်စေချင်သလို သူတို့မျှော်လင့်သလို ဖြစ်လာအောင် သားသမီးကို အတင်းအကျပ် တိုက်တွန်းသည်၊ လုပ်စေသည်။ သားသမီးက အဆိုပါ မိဘတို့ ရွေးချယ်မှုကို သဘောကျလျှင်တော့ ကိစ္စမရှိ။ သဘောမကျဘဲ၊ ၀ါသနာမပါဘဲ အတင်းလုပ်ခိုင်းခြင်းမှာ အနိုင်ကျင့်ခြင်းတစ်မျိုးပင် ဖြစ်သည်ဟု ယုံကြည်ပါသည်။

ယနေ့ကမ္ဘာဗုဒ္ဓဘာသာနိုင်ငံများတွင် အုပ်ချုပ်သူတို့သည်လည်း ဗုဒ္ဓဘာသာ၏ အဆိုပါ စိတ်ဓာတ်မျိုး ကိန်းဝပ်လာကြဟန်ရှိပါသည်။ အထူးသဖြင့် မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို...နိုင်ငံများက အစိုးရများသည် သားသမီး သို့မဟုတ် တပည့်များကို အတင်းအကြပ် သူတို့ဖြစ်စေချင်သလို ဖြစ်အောင် လုပ်နေကြပေသည်။ ဗုဒ္ဓဘာသာတွင် မြတ်စွာဘုရားက ဒေါင်လိုက်အုပ်ချုပ်ရေး (linear) ကို သဘောမကျ။ အလျားလိုက် အုပ်ချုပ်ရေး (Non linear)ကို ဟောကြားခဲ့သည်။ ဒေါင်လိုက်အုပ်ချုပ်ရေးတွင် ကြီးသူ၊ အာဏာရသူတို့မှ တစ်ဆင့်ချင်း အာဏာအားဖြင့် အုပ်ချုပ်သည်။ ကြီးသူ၊ အားရှိသူတို့က မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ အောက်ကလူတွေ အားလုံး လိုက်လုပ်ရသည်။ စောဒကတက်ခွင့်မရှိ။ ခေတ်စကားဖြင့် ပြောရလျှင် လူ့အခွင့်အရေး အပြည့်အ၀ မရှိ။ ကြီးသူ အာဏာရသူက တရားမျှတစွာ စီမံအုပ်ချုပ်နိုင်လျှင် ထိုလူ့အဖွဲ့အစည်း ကောင်းကျိုးရမည်။ အထက်လူကြီးများ ဗရမ်းဗတာ အုပ်ချုပ်လျှင် ဘာမှ ပြန်မပြောဘဲ ခေါင်းငုံခံ။ ဒေါင်လိုက်အုပ်ချုပ်ရေးမှာ ဤသဘောဖြစ်သည်။ ထို့ကြောင့် ဤနည်းကို မြတ်စွာဘုရား သဘောမကျ၊ အားမပေး။

အလျားလိုက် အုပ်ချုပ်ရေးတွင် အရေးအကြီးဆုံးလူဟူ၍ မရှိ။ ပါဝင်ပတ်သက်သူအားလုံး အရေးကြီးသည်။ တာဝန်ရှိသည်။ အားလုံးတွင် လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိသည်။ လူ့အခွင့်အရေး အပြည့်အ၀ ရှိသည်။ အရာအားလုံးကို ကိုယ့်ဆန္ဒအတိုင်း လွတ်လပ်စွာ လုပ်ကိုင်နိုင်သည်။ တစ်နည်းအားဖြင့် အများဆန္ဒသည် အမှန်တရားဖြစ်သည်။ ကိုတာ မိတ်ဆက်ဖော်ပြသော ဦးထုပ်ခြောက်လုံးစဉ်းစားနည်းမှာ ဤသဘောပင် ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ၏ ဟောကြားချက်များတွင် ဤအဆိုပြုချက်ကို ထောက်ခံပေးနေသော သာဓက၀တ္ထုများစွာ ရှိသည်။ အချင်းချင်း စည်းဝေးတိုင်ပင်ခြင်း၊ တစ်ဦးကိုတစ်ဦး (အာဏာရှိရှိ မရှိရှိ) လေးစားမြတ်နိုးခြင်း၊ အကြီးဆုံးလူ၏ စကားပင်ဖြစ်စေကာမူ တရားသဖြင့် ပြောသလား၊ မတရားသဖြင့် ပြောသလား စဉ်းစားပြီးမှ လက်ခံစေခြင်း၊ ……..စသော သဘောတရားများမှာ မြတ်ဗုဒ္ဓက နေရာများစွာတွင် ဟောကြားပေးထားသည်။ သို့သော်……..

တစ်ဖက်က ကြီးသူကို လေးစားခိုင်းသည်။ ကြီးသူတို့၏ စကားကို ရှေ့တန်းတင်ထားသည်။ ဤသဘောတရားမှာ လူ့လောကအတွက် ရှိသင့်ရှိထိုက်သော ကျင့်ဝတ်တရားဖြစ်သည်။ သို့သော်…။ ဒါပေမယ့်…။ သို့ရာတွင်…. ဗုဒ္ဓဘာသာလူကြီးများက အဆိုပါ လူ့ကျင့်ဝတ်ကို အလွဲသုံးစားလုပ်ပစ်လိုက်ကြဟန် တူသည်။ လူ့ကျင့်ဝတ်ကို အတ္တနှင့် ပေါင်းဖက်လိုက်သောအခါ လူ့ကျင့်ဝတ်က ပုံပျက်သွားခဲ့ပုံရသည်။ လူ့ကျင့်ဝတ်ပုံပျက်သွားသော်လည်း သူတို့မှာ ဗုဒ္ဓဘာသာဟူသော အမည်နှင့်လူ့ကျင့်ဝတ်ဟူသော အမည်တို့မှာ တင်ကျန်ရစ်နေသည်။ ဤဖြစ်အင်က ဗုဒ္ဓဘာသာကို ပြန်လည်အိုးမည်းသုတ်လိုက်ပြန်သည်။ လူကြီးစကားကို လေးစားတန်ဖိုးထားခြင်းနှင့် လူကြီးစကားကိုသာ အမှန်ဟု ယူလိုက်ခြင်း ဝေါဟာရနှစ်ရပ်ကို ဂဃနဏ ကွဲပြားသိမှသာ ဗုဒ္ဓဘာသာ မျက်နှာပွင့်လိမ့်မည်ဟု ယုံကြည်သည်။

ယခုအခါတွင်ကား ကမ္ဘာအနှံ့မှ ပြန့်နှံ့လာသော ယဉ်ကျေးမှုများကြောင့် ဘုန်းကြီးများ အသိပညာပွင့်လာပြီး ရိုက်နှက်ဆုံးမသော ဓလေ့ အတော်နည်းပါးလာသည်ကို ၀မ်းမြောက်ဖွယ်ရာ တွေ့လာရသည်။ ဆရာသမားတွင် ဆရာသမားစည်း၊ တပည့်တွင် တပည့်စည်း၊ မိဘတွင် မိဘစည်း၊ သားသမီးတွင် သားသမီးစည်း…အသီးအသီး စည်းရှိဖို့ လိုအပ်သည်ဟု ထင်သည်။ မိသားစုများတွင် ပြဿနာများ ရှိနေတတ်သည်မှာ အဆိုပါ စည်းကို ဘောင်ကျော်မိကြ၍ဖြစ်သည်ဟု ထင်သည်။ ဤနေရာတွင် ပြောလိုသည်မှာ ဤအကြောင်းများ မဟုတ်ပါ။ စာအုပ်များအကြောင်းသာ ဖြစ်ပါသည်။

ငယ်ဘ၀က တောင်ငူမြို့က နာမည်ကြီး “ဆဲဗင်း စတိုး စာအုပ်ဆိုင်”မှာ စာအုပ်တွေ ဟိုလှန်သည်လှန် လုပ်နေတိုင်း ပြုံးပြုံးကြီး ကြည့်နေတတ်သော ဆိုင်ဝန်ထမ်းများကိုလည်း မြင်ယောင်မိပါသည်။ သူတို့ ဘာကြောင့်ပြုံးနေကြသည်ကို အခုမှ သဘောပေါက်သလိုလို ဖြစ်လာသည်။ ကိုရင်ပေါက်စက စာအုပ်ကြီးများ လှန်လှောနေသောမြင်ကွင်းမှာ သူတို့အတွက် ထူးဆန်းကောင်းထူးဆန်းနေပါလိမ့်မည်။ “ကိုရင်လေး စာအုပ်ဝါသနာပါလား”လို့ ပြောပြောဆိုဆို ၀န်ထမ်းတစ်ယောက်က ဒေါက်တာမတင်ဝင်း၏ “ရာဇ၀င်တွင်သော မိန်းမသား”ဆိုသော စာအုပ်ကို လာပေးသည်ကို မှတ်မှတ်ရရ ရှိနေခဲ့သည်။ ထိုစာအုပ်ထဲမှ မွန်ဘုရင် ရာဇာဓိရာဇ်၏ ဘ၀ပုံရိပ်မှာ တစ်သက်လုံး (အခုအချိန်အထိ) လွှမ်းမိုးလာနေခဲ့သည်။ ရာဇာဓိရာဇ်၏ စိတ်ဓာတ်ကို အစွဲကြီး စွဲခဲ့ပါသည်။ အထူးသဖြင့် “တော်တဲ့သူဆိုရင် ချစ်မြတ်နိုးတတ်သော သူ၏ စိတ်ဓာတ်”ကို အားကျခဲ့ပါသည်။

ဘ၀တစ်လျှောက်လုံးတွင် တော်သူတွေ၊ ထက်မြတ်သူတွေကို တွေ့တိုင်း အားကျစိတ်၊ လေးစားစိတ် ကြည်ညိုစိတ်ဖြစ်သည်။ တော်သူတွေ၊ ထက်မြတ်သူတွေ အထက်တန်းနေရာများ ရလျှင် ၀မ်းသာသည်။ ရာဇာဓိရာဇ်သည် နဖူးပြောင်သည်၊ နှုတ်ခမ်းထော်သည်၊ ပြောရလျှင် ရုပ်ဆိုးသည်။ သို့ရာတွင် မဟုတ်မခံ၊ ထက်မြတ်သော နှလုံးသားရှိသည်။ ဖြတ်ထိုးဉာဏ်ရှိသည်။ သို့ရာတွင် သူ့ဖခင် (ဗညားဦး ထင်သည်)က သူ၏ ကောင်းမွန်သောအရည်အချင်းများကို မျက်ကွယ်ပြုပြီး ရုပ်ဆိုးလို့ဆိုပြီး သူ့ကို ဦးစားမပေးခဲ့။ ၁၆-နှစ်သားအရွယ်တွင် တောထွက်ခဲ့သည်။ ဒဂုံဘက်က တောထဲသို့ ဖြစ်သည်။ တရားအားထုတ်ဖို့တော့ မဟုတ်၊ ထီးနန်းကို သိမ်းပိုက်ဖို့ အင်အားသွားစုခြင်းဖြစ်သည်။ ဖခင်က သူ့အရည်အချင်းကို အသိအမှတ် မပြုခဲ့၍လော မသိ၊ သူ ဘုရင်ဖြစ်လာသောအခါ ပညာရှင်များကို နေရာပေးသည်။ ဦးစားပေးသည်။ သူ့လက်ထက်တွင် ဟံသာဝတီသည် ထွန်းတောက်ခဲ့သည်။

ထိုကဲ့သို့ ရာဇာဓိရာဇ် လွှမ်းမိုးမှုကြောင့် အရွယ်လေး ရလာသောအခါ စာတော်သူများ သို့မဟုတ် အရည်အချင်းရှိသူများကို အလိုလိုနေရင်း ချစ်နေတတ်ပါသည်။ ဉာဏ်ကောင်းလျှင်၊ စာဖတ်ဝါသနာပါလျှင်၊ သတ္တိရှိလျှင် အလိုလိုနေရင်း လိုက်လံပြီး မိတ်ဖွဲ့တတ်နေသည်။ ထိုသဘောထားက ကောင်းကျိုးပေးသည်က များသော်လည်း မလိုအပ်သော ဆိုးကျိုးလေးများလည်း ဖြစ်ခဲ့ဖူးသည်။ ကိုယ်က သူ့ကို တော်လို့ အရည်အချင်းရှိလို့ လေးလေးစားစား ဆက်ဆံသည်ကို အခွင့်ကောင်းအယူခံရခြင်းမျိုး ဖြစ်သည်။ သင်တန်းတွင် အထူးသဖြင့် ကျောင်းသူများဖြစ်နေလျှင် သူတို့ကို ဘာလိုလိုညာလိုလိုဖြစ်လို့ ထိုသို့ ဆက်ဆံနေသည်ဟု အထင်ခံရသည်။ ဘာပဲဖြစ်ဖြစ် လူတော်၊ လူကောင်းများကို ချစ်သောစိတ်သည် အခါခပ်သိမ်းကောင်းမွန်နေသော စိတ်ဓာတ်ဖြစ်သည်ဟု ယူဆနေဆဲပင် ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်.....

Wednesday, July 7, 2010

စာအုပ်များနှင့် ခရီးသွားခြင်း



စာတွေ ဖတ်ရင်း တစ်ခါတစ်ရံ အတွေးလေးများ ဖြာထွက်လာတတ်သည်။ စာရေးဆရာကြီးတစ်ဦးက ပြောဖူးသည်။ “စာရေးချင်လျှင် စာဖတ်”ဟူ၍။ စာမဖတ်ရတာ ကြာသောအခါ လေးလံလာတတ်သည်။ ခေါင်း မကြည်သလိုလို၊ စိတ်မကြည်သလိုလို၊ တစ်ခုခု လိုနေသလိုလို ခံစားရတတ်သည်။ တစ်ခါတစ်ရံ (မဖတ်ဖြစ် သော်လည်း) စာအုပ်လေးကိုဖြစ်ဖြစ် ကောက်ကိုင်လိုက်ရမှ နေသာထိုင်သာ ရှိသည်။ ထိုအကျင့်ကြောင့်လား မသိ၊ ကဗျာဆရာကြီးများ ကဗျာမရေးတာကြာလျှင် ကဗျာဆာတတ်သလို ထမင်းဆာခြင်း၊ ရေဆာခြင်းကဲ့သို့ စာကို ခဏခဏ ဆာလောင်သည်။

တစ်ခါတစ်ရံ စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရသော်လည်း (ထိုစာအုပ်က ကောင်းနေစေကာမူ) အရသာမတွေ့ ဖြစ်နေတတ်ပြန်သည်။ အာသာမပြေ ဖြစ်နေတတ်သည်။ ဘာကြောင့်လဲ….၊ ကိုယ့်ကိုကိုယ် ပြန်လည် ဆန်းစစ် ကြည့်သည်။ ကော်ဖီသောက်ချင်လို့ သောက်လိုက်ကာမှ ကော်ဖီကြောင့် မကျေမနပ် ဖြစ်နေတတ်သည်။ ဘာကြောင့်လဲ…၊ ကိုယ်သောက်ချင်သည်က စူပါကော်ဖီမစ်၊ သောက်လိုက်ရသည်က ဘတ်တီကော်ဖီမစ်ဖြစ် နေသောကြောင့် ဖြစ်လေသည်။ ထိုကဲ့သို့ပင် ကိုယ်ဆာလောင်နေသော စာအမျိုးအစားနှင့် ကိုယ်ဖတ်လိုက် ရသော စာအမျိုးအစား မကိုက်ညီလျှင် အလိုမကျ၊ အာသာမပြေ ဖြစ်နေတတ်ပြန်သည်။

စာတွေ ဘယ်လောက်ဖတ်ဖတ် တစ်ခါတစ်ရံမှာတော့ မြသန်းတင့်တို့၏ ဘာသာပြန်လေးတွေ ဖတ်ရမှ အားရှိပြန် သည်။ တစ်ခါတစ်ရံမှာတော့ ဖေမြင့်တို့လို စိတ်ခွန်အားဖြစ်စေသော မြှောက်လုံးလေးများ ဖတ်ရမှ အဆာပြေ သည်။ တစ်ခါတစ်ရံကျတော့လည်း ဘုရားဟောလေး ဖတ်ရမှ စိတ်ကြည်နူးရပြန်သည်။ တစ်ခါတစ်ရံတော့ ကျမ်းမြတ်ကိုအန်၊ တစ်ခါတစ်ရံတော့ သမ္မာကျမ်းစာ…..။ စိတ်၏ တိမ်းညွတ်မှုမှာ အကဲဖြတ်ဖို့ ခက်ခဲလှ၏။

ငယ်ဘ၀ကို ပြန်လည်ငဲ့စောင်းကြည့်လျှင် စာအုပ်များက နေရာအတော်ယူထားခဲ့သည်ကို တွေ့ရသည်။ စာအုပ် များနှင့် ပတ်သက်ခဲ့ပုံများကို အတွေးရသလို ရေးပြသွားချင်ပါသည်။ ဘယ်ဘ၀အခြေအနေက တွန်းပို့လိုက်သည် မသိ၊ ငယ်ငယ်က တောင်ငူမြို့၊ ၀ိသုဒ္ဓါရုံမြို့ထောင့်မှာ စာပေများ သင်ခွင့်ရသည်။ မြို့ကို ရောက်ပြီဆိုကတည်းက ဥပုသ်နေ့ ကျောင်းပိတ်ရက်များတွင် မြို့ထဲရောက်သည့်အခါတိုင်း စာအုပ်ဆိုင်များကို အထူးသဖြင့် ရောက်ခဲ့ သည်။ ယခုအခါ စာအုပ်ဆိုင်ထဲတွင် စာအုပ်များကို လှန်လှောနေတတ်သော ကိုရင်ပေါက်စအရွယ် ကိုယ့်ကို ကိုယ် ပြန်လည်မြင်ယောင်သောအခါ ဂုဏ်ယူနေမိတတ်သည်။ အမှန်အားဖြင့် စာသင်တိုက်များသည် ကျောင်း စာမှလွဲ၍ အခြားစာအုပ်များ ဖတ်ရှုခြင်းကို အားမပေးကြ။ အချို့ကျောင်းတိုက်များတွင် တင်းတင်းကြပ်ကြပ်ပင် ထားမြစ်ထားကြသေးသည်။

ထိုစဉ်အခါက ကိုရင်ဘ၀ဆိုသော်လည်း စာဖတ်ရသည်ကို အတော်ခုံမင်ခဲ့သည်။ သို့ရာတွင် စာကို စနစ်တကျ ဖတ်တတ်အောင် လမ်းညွှန်ပေးတတ်သူ မရှိခဲ့ခြင်းအတွက် စိတ်မကောင်းတော့ ဖြစ်မိသည်။ “ဒီအရွယ်မှာ ဘယ်စာအုပ်မျိုးကို ဖတ်ရတယ်၊ ဒီစာအုပ်လေးတွေက မင်းတို့အရွယ်နဲ့ သင့်တော်တယ်၊ ဘယ်စာအုပ်မျိုးကို စပြီးဖတ်၊ ဒါတွေကတော့ ကောင်းတယ်၊ ဒါပေမယ့် အခု မဖတ်နဲ့အုံး၊ ဒီစာအုပ်ကို ဖတ်ပြီးမှ အဲဒီစာအုပ်ကို ဖတ်….”စသည်ဖြင့် နည်းပေးလမ်းပြ ရှိခဲ့လျှင် ပိုမိုထိရောက်နိုင်ခဲ့ပေမည်။ စာသင်တိုက်ဟူသည်မှာ စာဖတ်ဖို့ အားပေးသောနေရာများ မဟုတ်ဘဲ ကြက်တူရွေးစာသင်သလို စာကျက်ဖို့သာ တိုက်တွန်းသောနေရာများဟုဆို လျှင် အများစုဖြစ်၍ မှန်သည်ဟု ဆိုနိုင်ပေလိမ့်မည်။

ကိုရင်ငယ်ငယ်ဘ၀က စာအုပ်ဆိုင်ရောက်တိုင်း ၀ယ်ယူဖတ်ဖြစ်ခဲ့သော စာများမှာ အများအားဖြင့် အားကစားဂျာ နယ်များက အဓိက ဖြစ်သည်။ ထိုစဉ်အခါက အခုခေတ်လို အားကစားဂျာနယ်များ များများစားစား မရှိ။ အင်အား ဂျာနယ်နှင့် တံခွန်တို့သာ ရှိသည်။ (မနှံ့စပ်တာလည်း ဖြစ်ကောင်းဖြစ်မည်)။ ပိုပြီး ထူးခြားသည်မှာ အားကစား အကြောင်းများမှာလည်း ပြည်တွင်းအားကစားအကြောင်းသာ အများဆုံး ပါသည်ဟု ထင်သည်။ ဒီနေ့ခေတ် ဂျာနယ်များမှာ မြန်မာ့အားကစားအကြောင်းက သိပ်ပြီး နေရာ မယူကြတော့။ ပြည်ပအားကစားအကြောင်းသာ ပါရှိလေသည်။ မှတ်မှတ်ရရ တံခွန်ဂျာနယ်တွင် အမြဲလိုလို ပါတတ်သော ကာယဗလစာမျက်နှာကို တော်တော် သဘောကျခဲ့ဖူးသည်။

ထိုစဉ်က အရာရာကို စူးစမ်းချင်သည့်အလေ့လေးကလည်း ဖွံ့ဖြိုးစဖြစ်ရာ ပီမိုးနင်း၏ အချစ်အကြောင်းနှင့် ကြီးပွားရေးစာအုပ်လေးများကလည်း အတော်ဆွဲဆောင်ခဲ့သည်။ ဒုတိယအဖတ်ဖြစ်ဆုံး စာအုပ်များမှာ ချစ်စံဝင်း ၏ စာအုပ်များ ဖြစ်သည်။ အခုအခါတွင်တော့ ဆရာချစ်စံဝင်း၏ စာအုပ်များမှာ ခံတွင်းမတွေ့နိုင် ဖြစ်နေရပြန် လေသည်။ နောက် သဘောကျခဲ့သော စာရေးဆရာမှာ ချစ်နိုင် (စိတ်ပညာ)ဖြစ်သည်။ သူ၏ “ချစ်လို့ ပြောတာ မှတ်ပါ”ဆိုသော စာအုပ်လေးမှာ ယခုအချိန်ထိ ပြန်လည်တမ်းတမိနေဆဲပင် ဖြစ်သည်။ သို့ရာတွင် စာအုပ်များ တော်တော်တန်တန် ဖတ်ရှုမိလာသောအခါ သူနဲ့လည်း လမ်းခွဲမှန်းမသိ လမ်းခွဲခဲ့ပြန်လေသည်။

နောက်ပြီး ဖေမြင့်စာအုပ်များသည်လည်း အတော်ခံတွင်း တွေ့ခဲ့သည်။ စိတ်ညစ်လာသောအခါ သူ့စာအုပ်များ ဖတ်လျှင် လူက ပြန်လည်လန်းဆန်းလာသည်။ အားတက်လာသည်။ ပတ်ဝန်းကျင်ကို အကောင်းမြင်လာတတ် သည်။ ဘ၀ကို ရဲရဲတင်းတင်း ဖြတ်သန်းနိုင်ဖို့ အားအင်တွေ ပေးတတ်သည်။ “မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား” ဆိုသောစာအုပ်မှာ လူငယ်တွေ အများဆုံး ဖတ်သင့်သောစာအုပ်ဖြစ်လို့ အတော်များများ ၀ယ်ပြီး လက်ဆောင် ပေးခဲ့ဖူးသည်။

ကိုယ်ကြိုက်သောစာအုပ်ကို လက်ဆောင်ဝယ်ပေးတတ်သည်မှာလည်း ကိုယ့်ဝါသနာတစ်ခုပင် ဖြစ်သည်။ ထိုစဉ်ကတော့ ကိုယ်ကြိုက်ပေမယ့်၊ သူက ကြိုက်မလား၊ မကြိုက်လားဆိုတာ သေချာမစဉ်းစားမိခဲ့ပါ။ ကိုယ်က ပေးချင်တာပဲ၊ ကိုယ်ခံစားသလို သူခံစားစေချင်တာပဲ၊ ကိုယ်သိသလို သူ့ကို သိစေချင်တာပဲ ရှိသည်။ ဘုန်းကြီး တွေမှာ အများဆုံး ဖြစ်တတ်သော စေတနာဟန်ဆောင်ထားသော အတ္တကလေးက ကိုရင်ဘ၀ကတည်းက ကိန်းဝပ်နေခဲ့ဖူးသည်။ ဘုန်းကြီးအများစုမှာ ကိုယ့်ဒကာ၊ ဒကာမများနှင့် တပည့်များကို ကိုယ်သိသလို ကိုယ်နား လည်သလို သိစေချင်နေကြသည်၊ ခံစားစေချင်နေကြသည်။ ထိုစိတ်ဆန္ဒအတိုင်း အတင်းအကျပ် လုပ်ခိုင်းတတ် သည်။

ငယ်ရွယ်သောကိုရင်ကလေးတစ်ပါးအတွက် အသက် ၅၀-အရွယ်ဘုန်းကြီးတစ်ပါး သိသလို၊ နားလည်သလို မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။ လူ့ဘ၀လူ့လောကတွင် နေထိုင်ရသော ဒကာ သို့မဟုတ် ဒကာမတစ်ဦးအတွက် ပိဋကတ်တွေ ကျွမ်းကျင်လှသော သူ့လိုဘုန်းကြီးတစ်ပါး နားလည်ခံစားသလို မည်ကဲ့သို့ ခံစားနားလည်နိုင် ပါမည်နည်း။ ထိုအချက်ကို ဘုန်းကြီးအများစုက မစဉ်းစားကြပါ။ ထိုသို့ မစဉ်းစားသည့်အတွက် ကိုယ်ထင်တိုင်း တပည့်လေးက ဖြစ်မလာသောအခါ အကြမ်းပတမ်း ရိုက်နှက်လေတော့သည်။ ဆူပူကြိမ်းမောင်းလေတော့သည်။

ဆက်လက်ဖော်ပြပါမည်......

Sunday, July 4, 2010

ပါကစ္စတန်က ဘာသာရေးပုတ်ခတ်မှုဥပဒေ



(ပါကစ္စတန်ဆိုတာ မွတ်စလင်ဘာသာကြီးစိုးတဲ့ နိုင်ငံတစ်ခုဆိုတာ လူတိုင်း သိပါတယ်။ မွတ်စလင် နိုင်ငံဖြစ်လို့ အစ္စလာဟ်ဘာသာကို ကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်းထားတာ ဘာမှ ပြောစရာ မရှိပါဘူး။ တရားမျှတမှုရှိတယ်၊ မရှိဘူးဆိုတာက တော့ တစ်ပိုင်းတစ်ကဏ္ဍပေါ့။ အမှတ်မထင် ဒီစာလေးကို သွားတွေ့တော့ ပထမဆုံး “အော်…ဒီ ဥပဒေကြီးက ပြင်းထန်လွန်းလိုက်တာ” လို့ မှတ်ချက်ချမိတယ်။ နောက်ပြီး အမိမြေက ဗုဒ္ဓဘာသာနိုင်ငံ တစ်ခု ဖြစ်တယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်လို့ ဗုဒ္ဓဘာသာကို ကာကွယ်ပေးတဲ့ ဥပဒေလေးများ ရှိမလားလို့ စဉ်းစားကြည့်မိ တယ်။ တကယ်ဖြစ်နေတာက ဘာသာခြားတစ်ဦးရဲ့ တွန်းအားပေးမှုကြောင့် မြန်မာဘုန်းကြီး တွေ ထောင် တစ်သက်ကျနိုင်တာ၊ ကျနေတာကို သွားမြင်တယ်။ ဘာသာခြားက တွန်းအားပေးရင် ဗုဒ္ဓဘာသာတို့ အထွတ် အမြတ်ထား ရာ စေတီတော်တွေနဲ့အပြိုင် ဘုရားကျောင်းတွေ၊ ဗလီတွေ ဆောက်လို့ ရနိုင်တယ်။ ဒါက ဒို့မြန်မာက အခြေအနေများပဲ ဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် သူတို့ဆီက အဖြစ်အပျက်လေးကို နားလည်သလို (နားလည်သလိုလေး) ဘာသာပြန်ပြီး တင်ပြ လိုက်ပါတယ်။ )

မြေကွက်လေးတစ်ခုကို ရယူလိုတဲ့ မွတ်စလင်တစ်ယောက်က သူ၏ ပြိုင်ဘက် ခရစ်ယာန်တစ်ယောက်ကို “မိုဟာမက်ကို ဝေဖန်မှု”ဖြင့် စွပ်စွဲပြီး ပါကစ္စတန်၊ ဖိုင်စလာဘတ်မှာ တရားစွဲခဲ့ပါတယ်။ ဒီစွဲချက်က “သေဒဏ် သို့မဟုတ် တစ်သက်တစ်ကျွန်းအပြစ်” အပေးခံရနိုင်တဲ့ပြစ်မှုကြီး ဖြစ်ပါတယ်။ ဤအကြောင်းကို ခရစ်ယာန် တရားသူကြီးများဖောင်ဒေးရှင်းက ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

ဇွန်လ ၁၉-ရက်နေ့မှာ “ဂျူမရေး”ရဲစခန်းက ဖိုင်စလာဘတ်နယ်သား ခရစ်ယာန်ဘာသာဝင် ရာမက်မက်ရှီးကို “ဘာသာရေးပုတ်ခတ်စော်ကားမှု”ဥပဒေ (Section 295-C )နဲ့ ဖမ်းဆီးခဲ့ပါတယ်။ ယင်းဥပဒေဟာ ပါကစ္စတန် နိုင်ငံမှာ အငြင်းပွားဖွယ်ရာ ဥပဒေတစ်ရပ်ဖြစ်ပါတယ်။ မာရှီးဟာ အခုဆိုရင် တရားစီရင်ဖို့ရန်အတွက် ဖိုင်စလာ ဘတ်အကျဉ်းထောင်မှာ ရောက်ရှိနေပါတယ်။

ပါကစ္စတန်ဥပဒေ Section 295-C မှာ “မြင့်မြတ်သော ပရောဖက် မိုဟာမက်၏ အမည်နာမတော်ကို ညစ်နွမ်း (ထိခိုက်)စေသော တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ နှုတ်အားဖြင့်၊ စာအားဖြင့် သို့မဟုတ် ထင်ရှားသော အမူအရာဖြင့် စွပ်စွဲခြင်း၊ စောင်းမြောင်းပြောဆိုစော်ကားခြင်း ပြုလုပ်သူ မည်သူမဆို သေဒဏ်ပေးရမည်။ သို့မဟုတ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးရမည်။ ဒဏ်ငွေကိုလည်း ပေးဆောင် စေရမည်”လို့ ပြဋ္ဌာန်းထားပါ တယ်။

အဆစ်အမြစ်ရောင်ရောဂါသည် မာရှီးဟာ အသက် ၈၅-(ယခင်ဖော်ပြချက်အရ ၇၃-နှစ်)ရှိပြီလို့ ခရစ်ယာန် ဘက်မှ ဆိုပါတယ်။ ပန်ဂျပ်ပြည်နယ်မှာ မာရှီးအတွက် မလုံခြုံမှု (ခရစ်ယာန်ဖြစ်လို့)ကို အသေအချာလေ့လာပြီးမှ မွတ်စလင်အသည်းစွဲ မိုဟာမက် ဆဂ်ဂျစ်က ခရစ်ယာန်ဘာသာဝင်မာရှီးကို တရားစွဲခဲ့ခြင်းဖြစ်တယ်လို့ ခရစ်ယာန် တရားသူကြီးများအဖွဲ့မှ နာဗစ် ဇာဖာ ဘက်တီးက ပြောပါတယ်။

“နောက်ဆုံးလက်နက်ဖြစ်တဲ့ အငြင်းပွားဖွယ်ရာ ဘာသာရေးပုတ်ခတ်မှုဥပဒေ (Section 295-C)ကို အသုံးပြုတာဟာ အလွန့်ကို တရားမမျှတပါဘူး”လို့ ဘတ်တီးက ပြောပါတယ်။ ခရစ်ယာန်တရားသူကြီးများအဖွဲ့ ဥက္ကဋ္ဌ ခါလစ် ဂျီးလ်အဆိုအရ မာရှီးခေါင်းဆောင်တဲ့ ဒေသခံ ခရစ်ယာန်ပြည်သူ များက ခရစ်ယာန်တို့အတွက် လုံခြုံမှုရစေရန် အဆောက်အအုံတွေဆောက်ဖို့ ပန်ဂျပ်အစိုးရဆီမှာ လျှောက်ထား ခဲ့ကြတယ်။

ဟာမစ်ကလည်းပဲ စီးပွားရေးပရောဂျက်တစ်ခုအတွက် အဲဒီမြေနေရာကို ရယူလိုကြောင်း လျှောက်ထားခဲ့တယ်။
ဟာမစ်က “မာရှီးဟာ မြင့်မြတ်သော ပရောဖက် မိုဟာမက်နဲ့ သူ၏ ပထမဇနီး ခါဒီဂျာတို့နဲ့ပတ်သက်တဲ့ အသရေ မဲ့စကားများကို ပြောကြားကြောင်း ရုံးတော်မှာ ထွက်ဆိုခဲ့တယ်။ မာရှီးကလည်း အဲဒီလို အသရေဖျက်တဲ့စကားမျိုး မပြောခဲ့ပါလို့ ထွက်ဆိုပါတယ်။

“ကျွန်တော်ဟာ ဘာသာရေးပုတ်ခတ်သူတစ်ယောက် မဟုတ်ပါဘူး။ အဲဒီလို ယုတ်ညံ့တဲ့အရာမျိုးကို တွေးတောင် မတွေးပါဘူး။ ဒီလို ပြောတာဟာ ခရစ်တော်ရဲ့ ဟောကြားချက်များနဲ့လည်း ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ပါ တယ်”
လို့ ရုံးတော်မှာ ထွက်ဆိုခဲ့ပါတယ်။

အမှုကို စုံစမ်းနေတဲ့ ခရစ်ယာန်တရားသူကြီးအဖွဲ့ရဲ့ တွေ့ရှိချက်တွေအရ ဧပြီလတုန်းက အင်အားနည်းတဲ့ မာရှီးဟာ ဟာမစ် အပါအ၀င် ရှားဘတ် ခါလစ်၊ အဖာဇာလ် ဘီရှီးရ်၊ မိုဟာမက် အမ်မာ၊ အက်ခဘာ အာလီနဲ့ အက်ဂါ အာလီဆိုတဲ့ မွတ်စလင်အသည်းစွဲသမားများနဲ့ အပျိုစင်မာရီအကြောင်း အငြင်းပွားခဲ့ကြတယ်။

အခုဆိုရင် အပြစ်မဲ့တဲ့ သက်ကြီးရွယ်အို မာရှီးဟာ ဖိုင်စလာဘတ် ပြည်နယ် အကျဉ်းထောင်မှာ ထောင်သား၊ ထောင်ဝန်ထမ်းတို့ရဲ့ ဘာသာရေးခွဲခြားတဲ့ အပြုအမူများ၊ မသိကျိုးကျွံပြုမှုများနဲ့ ရင်ဆိုင်နေရပါတယ်။ ထောင်ထဲက မွတ်စလင်များနဲ့ ဒီအခြေအနေတွေက သူ့ကို ထောင်ဒဏ်အပြစ်တွေ ထပ်ပြီး ဖြစ်သွား စေနိုင်ပါတယ်။ မာရှီးနဲ့ ဟာမစ်တို့ရဲ့ အငြင်းပွားမှုမှာ ပါဝင်ခဲ့ကြတဲ့ အမ်မာ (အသက် ၂၅-နှစ်)၊ အက်ကဘာ အာလီ (အသက် ၄၅-နှစ်)နဲ့ အက်ဂါ အာလီ (အသက် ၄၀-နှစ်)တို့ဟာ ဟာမစ်ရဲ့သက်သေများ ဖြစ်ပါတယ်။

နိုင်ငံရေးအရ ပါတီမတူတဲ့အတွက်ကြောင့်လည်း မာရှီးကို တရားစွဲခဲ့တာဖြစ်တယ်လို့ ခရစ်ယာန်ဘက်မှ စုံစမ်း သူများက ဆိုပါတယ်။ မာရှီးဟာ Pakistan Muslim League-Quaid-e-Azam ပါတီ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး ဟာမစ်ကတော့ PML-Nawaz Sharif ပါတီအဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ နိုင်ငံတော် ငြိမ်းချမ်းရေး နှင့်တရားမျှတရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း နိုင်ငံရေးအမြင်ကွဲပြားမှုဟာ မာရှီးကို တရားစွဲတဲ့နေရာမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်နေတယ်လို့ ဆိုပါတယ်။

သူ့ပါတီဟာ ပန်ဂျပ်ပြည်နယ်မှာ သြဇာအရှိဆုံး ပါတီတစ်ခုလည်း ဖြစ်ပါတယ်။ ပါတီရဲ့ ပါဝါကို အသုံးချပြီး မာရှီးကို ပြင်းထန်လွန်းတဲ့ ဘာသာရေးပုတ်ခတ်မှု ဥပဒေနဲ့ တရားစွဲခဲ့ခြင်း ဖြစ်ပါတယ်။ ခရစ်ယာန်တရားသူကြီးအဖွဲ့မှ ဂျီးလ်နှင့် ခါလီးလ်တို့က မာရှီးကို ထောင်သွင်းအကျဉ်းချထားမှုအတွက် အပြင်းအထန် ဝေဖန်ကြပါတယ်။ ဒီ ပြင်းထန်လွန်းတဲ့ ဘာသာရေးပုတ်ခတ်မှုဥပဒေကို ချက်ချင်း ရုတ်သိမ်းပစ်ဖို့လည်း တောင်းဆိုခဲ့ကြတယ်။ သူတို့အကြောင်းပြချက်ကတော့ မွတ်စလင်တွေဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဂလဲ့စားချေလိုမှုအတွက်နဲ့ ဒီဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချသွားနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

Section 295-A ဖြစ်တဲ့ ဘာသာရေးပုတ်ခတ်စော်ကားမှုဥပဒေက ၀တ်ပြုရာနေရာတွေကို ထိခိုက်စေခြင်း၊ ညစ်နွမ်းစေခြင်းတို့နဲ့ နိုင်ငံသားတိုင်းရဲ့ ဘာသာရေးခံစားချက်ကို ထိပါးပုတ်ခတ်ရန် ရည်ရွယ်တဲ့ အပြုအမူတွေကို တားမြစ်ပေးထားပါတယ်။

Section 295-B ဥပဒေကတော့ “ကျမ်းမြတ်ကိုရာမ်ကို သို့မဟုတ် ကျမ်းမြတ်ကိုရာမ်လာ စကားရပ် တစ်ခုခုကို ယုတ်ညံ့သော အပြုအမူဖြင့် ရည်ရွယ်ချက်ရှိရှိ ပုတ်ခတ်စော်ကားသူတို့အား သေဒဏ်အပြစ် ပေးရမယ်”လို့ ပြဋ္ဌာန်းထားပါတယ်။

ဒါကတော့ “သက်ကြီးရွယ်အိုခရစ်ယာန်ကို ထောင်ချဖို့ အသုံးချထားတဲ့ ဘာသာရေးပုတ်ခတ်မှုဥပဒေ- ‘Blasphemy Laws’ Used to Jail Elderly Christian”ဆိုတဲ့ သောမက်စ် ကီလီ(Thomas Kelly )ရဲ့ စာဖြစ်ပါတယ်။ မူရင်းကတော့ ဒီမှာပါ။

Friday, July 2, 2010

ထိပ်တိုက်


ကမ္ဘာ့ဖလားပြိုင်ပွဲကြီးလည်း ပြီးဆုံးဖို့ နီးကပ်လာသည်။ “ဟိုအသင်းက ကောင်းတယ်။ ဗိုလ်စွဲနိုင်တယ်။ ဒီအသင်းကတော့ ညံ့တယ်။ ဘယ်လိုမှ ဗိုလ်မစွဲနိုင်ဘူး”စသဖြင့် ဝေဖန်နေမှုတွေကလည်း တဖြည်းဖြည်း ပိုမို ကျယ်လောင်လာနေဆဲဖြစ်သည်။ “ဒီနှစ်လည်း ဘရာဇီးပဲ ဗိုလ်စွဲမှာပါကွာ”ဟု တစ်ယောက်က ပြောသည်။ တစ်ယောက်က “ကိုယ်တော့ မထင်ဘူး၊ ဟော်လန်ပဲ ဗိုလ်လုပွဲတက်မှာပါ။ ဟော်လန်နဲ့ ထိပ်တိုက်တွေ့ရင် အဖြေပေါ်သွားမှာပါကွာ”ဟု ပြောနေသည်။ “ထိပ်တိုက်”ဆိုသော စကားလုံးက ရင်ဘတ်ကို လာငြိသည်။ စကားဝိုင်းမှာ ဆက်နေလို့ မရတော့။ “ထိပ်တိုက်”ဆိုသော စကားလုံးလေးက စကားတွေ အများကြီး ပြောလာ နေခဲ့သည်။ “ထိပ်တိုက်” ဆွဲခေါ်ရာ လိုက်ပါသွားခဲ့သည်။ “ထိပ်တိုက်တွေ့လိုက်ရင် အဖြေပေါ်သွားမှာပါကွာ”

ဝိသုဒ္ဓိမဂ်တွင် မြတ်စွာဘုရားရှင်က လောကကြီးကို သပွတ်အူနှင့် နှိုင်းသည်။ လောကကြီးသည် အရှုပ်အထွေး ကြီးဖြစ်သည်ဟု ဆိုသည်။ တကယ်တော့ လောကကြီးက ရှုပ်နေသည်မဟုတ်ပါ။ လူတွေနှင့်သက်ရှိများကသာ ရှုပ်နေကြခြင်းဖြစ်သည်။ ထိုအရာကို လောကကြီးဟု တင်စားလိုက်ခြင်းဖြစ်သည်။ ပြောရင်လည်း ပြော လောက်သည်။ လောကပြဿနာများသည် ရှုပ်ပြီးရှုပ်၊ ထွေးပြီးရင်း ထွေးနေခဲ့သည်။ အဖြေက ဝေးနေသည်။

ညစ်ပတ်ပေရေနေလျှင် ဆေးကြောရမည်ကို လူတိုင်းသိပါသည်။ ရေကလည်း အဆင်သင့်ရှိနေသည်ကိုလည်း သိနေသည်။ သို့ရာတွင် ရေဖြင့် မဆေးကြောပါက အညစ်အကြေးက မပျောက်။ ရောဂါဝေဒနာတစ်ခုခု ခံစားနေရသည်။ ဆရာဝန်ဆိုတာလည်း ရှိနေသည်။ သို့ရာတွင် ဆရာဝန်နှင့် ထိပ်တိုက်တွေ့ဆုံပြီး ကုသမှု မခံယူပါက မပျောက်နိုင်။ ဆရာဝန်နှင့် ထိပ်တိုက်တိုင်ပင် ဆွေးနွေးလိုက်လျှင် အဖြေတစ်ခုခုတော့ ထွက်လာ မည်။ ရှေ့ဆက် ဘာလုပ်ရမလဲ၊ ခွဲစိတ်ရမလား၊ ဆေးထိုးရုံနှင့် ပျောက်ကင်းနိုင်မလား၊ ဆေးစားရုံနှင့် ပျောက် နိုင်မလား။ အဖြေတစ်ခုခုတော့ ထွက်လာပေလိမ့်မည်။

လောကပြဿနာ သို့မဟုတ် ဘ၀တိုက်ပွဲသည်လည်း ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးနှင့် အလားတူနေသည် ဟု ခံစားရသည်။ ကမ္ဘာ့ဖလားကြီး စသည်နှင့်တစ်ပြိုင်နက် ထိပ်တိုက်တွေ၊ ထိပ်တိုက်တွေ ဆက်ကာဆက်ကာ တွေ့ရသည်။ ရှုံးသူက ထွက်ရသည်။ နိုင်သူက အောင်ပွဲခံ၊ ရှေ့ဆက်။ ဓမ္မတာပင် ဖြစ်သည်။ ဘ၀တိုက်ပွဲမှာ လည်း ထို့အတူပင် ဖြစ်သည်။ ထိပ်တိုက်ပွဲတွေ အများကြီး နွှဲရသည်။ တစ်ချို့ထိပ်တိုက်တွေ့ဆုံ နွှဲရသော ပွဲများက သေးငယ်သည်။ နည်းနည်းလေး အားထုတ်ရုံနှင့် အောင်မြင်နိုင်သည်။

တစ်ချို့ပွဲများက အလတ်စားဖြစ်သည်။ အသင့်အတင့် အားထုတ်နိုင်လျှင် အောင်မြင်နိုင်သည်။ တစ်ချို့ပွဲ များက ကြီးမားသည်။ ပြင်းထန်သည်။ ရှိသမျှအား အစွမ်းကုန် သုံးနိုင်ပါမှ အောင်မြင်နိုင်သည်။ သေးသေး၊ လတ်လတ်၊ ကြီးကြီး မည်သို့သော ပွဲပင်ဖြစ်စေ မစွမ်းနိုင်လျှင် မကြိုးစားလျှင် ရှုံး၊ စွမ်းနိုင်လျှင် ကြိုးစားလျှင် နိုင်မည်။

“ကျွန်တော်တို့အသင်းကတော့ ရှေ့ဆက်တက်လည်း နိုင်မှာ မဟုတ်ပါဘူး၊ အခုကတည်းက အိမ်ပြန်တာ ကောင်းပါတယ်”ဟု ဆုံးဖြတ်လျှင်လည်း ရနိုင်သည်။ ထိုအသင်းမျိုးသည် “ဒီရောဂါကတော့ သေမှာပဲ၊ ဆရာဝန်နဲ့ မပြတော့ပါဘူး”ဟု ဆိုသူနှင့် တူပေလိမ့်မည်။ ထို့အတူပင် “ဒီပြဿနာတော့ ငါ မရှင်းနိုင်တော့ဘူး၊ အရှုံးပေးရင် နှလုံးအေးပါတယ်ကွာ”ဟု လက်လျှော့တတ်သူနှင့် တူနေပြန်ပေလိမ့်မည်။

လူသည် “ထိပ်တိုက်”ကို ကြောက်သည်။ “ထိပ်တိုက်”ကို ကြောက်၍ ပြေးလျှင် သူပြေးသောလမ်းရှေ့က “ထိပ်တိုက်”များကလည်း အရှုံးသမားကို ပညာပိုပြသည်။ အခက်အခဲ၊ ပြဿနာများ၏ သဘောသဘာဝမှာ သူ့ကို ရင်ဆိုင်ဖြေရှင်းလျှင် သူ့ကို ထိပ်တိုက်တွေ့လိုက်လျှင် အဖြေတစ်ခုခု ပေးတတ်သည်။ အရှုံးဖြစ်ခဲ့လျှင် သော်မှ ကျေနပ်ဖွယ်တစ်ခုခု ပေးတတ်သည်။ အနည်းဆုံးတော့ ရှောင်လွှဲမရသော ရှေ့လာမည့် ထိပ်တိုက် တွေ့ရမည့် ပြဿနာများအတွက် သင်္ခန်းစာကောင်းကောင်း ရနိုင်ခဲ့ပေမည်။

ရှောင်ပြေးသူများကို ပြဿနာက အငြိုးတကြီး ထားတတ်သည်။ သူ့ကို ရှောင်ပြေးလျှင် သူက နောက်မှ ထက်ကြပ်မကွာ လိုက်နေတတ်သည်။ ပြဿနာများကို ရှောင်ပြေးလေလေ သူ့နောက်မှာ ပြဿနာများ ပိုမို လိုက်လာလေလေ ဖြစ်နေတတ်သည်။

တစ်ဘက်အသင်း၏ အားသာချက်၊ အားနည်းချက်များကို ခရေစေ့တွင်းကျ လေ့လာသုံးသပ်ပြီး ရှိသမျှအား အစွမ်းကုန် ကြိုးစားလိုက်သော အသင်းသည် အောင်ပွဲကို ဆက်လှမ်းနိုင်သည်သာ များပါသည်။ အောင်ပွဲ မရခဲ့ဟု ဆိုလျှင်လည်း ထိုအားနည်းချက်၊ အားသာချက် (တစ်ဘက်အသင်း၊ မိမိအသင်း)တို့ကို ပိုင်ပိုင်နိုင်နိုင် သဘောမပေါက်ခဲ့၍ဟု ဆိုနိုင်ပေလိမ့်မည်။ ပြဿနာတစ်ခုသည် သူ၏ သဘောသဘာဝ သို့မဟုတ် အရင်း အမြစ်ကို သိမြင်သဘောပေါက်ခဲ့လျှင် လွယ်ကူနေတတ်သည်က များလေသည်။

လူသည် ပြဿနာတစ်ခုခု ကြုံလာလျှင် ပထမဦးဆုံး လုပ်ရမည့်အရာမှာ ပြဿနာတို့၏ အရင်းအမြစ်ကို လေ့လာပြီး ဖြေရှင်းရမည်နည်းလမ်းကို ရှာဖွေဖို့ ဖြစ်သည်။ များသောအားဖြင့် ပြဿနာကြုံလာပြီဆိုလျှင် အားငယ်မှု၊ ၀မ်းနည်းမှု၊ စိတ်ဆိုးမှု၊ ကြောက်အားလန့်အားဖြစ်မှုစသော အဖျက်အမှောင့်များသာ ပထမဆုံး ၀င်လာတတ်ကြလေသည်။ တစ်ဘက်အသင်းက ဖိကစားလာလျှင် ပျာယာခတ်သွားပြီး အမှားလုပ်တတ် သည်မှာလည်း ထိုသဘောပင် ဖြစ်သည်ဟု ထင်သည်။ ပျာယာမခတ်ဘဲ အေးဆေးတည်ငြိမ်စွာ ခုခံ ကာကွယ်ပြီး အကောင်းဆုံးကြိုးစားလိုက်၍ အောင်ပွဲရသောအသင်းများ များစွာရှိနေသကဲ့သို့ပင် ဖြစ်သည်။

ကြောက်အားလန့်အားဖြစ်မှု၊ စိုးရိမ်ထိတ်လန့်မှုတို့သည် စဉ်းစားနိုင်စွမ်းအား၊ တိုက်ခိုက်နိုင်စွမ်းအားနှင့် မိမိ တို့၏ အစွမ်းအစများကို ပျက်သုဉ်းစေသည်။ ထိုအဖျက်စိတ်များနှင့် ရှောင်ပြေးလိုက်လျှင် ပြဿနာက သေးမသွားဘဲ ပိုမိုကြီးထွားလာတတ်ပါသည်။ မုဆိုး၏ ပိုက်ကွန်တွင် မိနေသော ခြင်္သေ့သည် လွတ်မြောက်ဖို့ ကြိုးစားလေလေ ပိုက်ကွန်နှင့် ပိုမို ငြိတွယ်ရစ်ပတ်မိလေလေ ဖြစ်တတ်သည်မှာလည်း ထိုသဘောပင် ဖြစ်ပါ သည်။ သို့ဖြစ်လေရာ “ထိပ်တိုက်တွေ့ဆုံခြင်း”တွင်လည်း နည်းလမ်းမှန်ကန်ဖို့ လွန်စွာအရေးကြီးပါသည်။ ပြဿနာတစ်ခုကို ကြုံလာပြီဆိုလျှင် မိမိနဂိုက စွဲမြဲထင်မြင်ခဲ့သော ကြိုတင်မှန်းဆချက်များ၊ ရိုးရာအစဉ်အလာ အတိုင်း ယုံကြည်လက်ခံမှုများကို ခဏတာဖြစ်ဖြစ် ပယ်ဖျောက်ထားခဲ့ဖို့ လိုပါသည်။

ဖတ်ခဲ့ဖူးသော ဇာတ်ကြောင်းလေးတစ်ခုရှိသည်။ သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြသည်။ ရင်းနှီးခင်မင်ကြသည်။ သူတို့သည် ကျောင်းဆရာများ ဖြစ်ကြပြီး ကျောင်းတစ်ကျောင်း တည်းတွင် အတူကျသည်။ အခန်းချင်းကပ်လျှက် နေရသည်။ လပေါင်းအတော်ကြာသည်အထိ ရင်းရင်းနှီးနှီး ခင်ခင်မင်မင် နေထိုင်ခဲ့ကြသည်။ တစ်နေ့သောအခါ တစ်ယောက်နှင့်တစ်ယောက် မခေါ်မပြော ဖြစ်လာခဲ့ သည်။ တစ်ယောက်ကိုတစ်ယောက်တွေ့လျှင် မကြည်မလင်ကြည့်သည်။ နောက်ပိုင်းတွင် စောင်းမြောင်းပြော သည်အထိ ဖြစ်လာသည်။ သူတို့၏ ဆက်ဆံရေးမှာ တဖြည်းဖြည်း တင်းမာလာသည်။ “ဘာကြောင့် အခုလို ဖြစ်ရတာလဲ၊ ငါ ဘာများ အမှားလုပ်မိလို့လဲ”ဟု တစ်ယောက်က လက်ရှိအခြေအနေကို မကျေမနပ် စဉ်းစား နေမိသည်။

တစ်နေ့သောအခါ “မဖြစ်တော့ဘူး၊ သူနဲ့ ဒီလို ဖြစ်နေတာကို ရှင်းမှဖြစ်မယ်”ဟု စိတ်ပိုင်းဖြတ်ပြီး သူငယ်ချင်း၏ အခန်းထဲသို့ ၀င်သွားသည်။ သူငယ်ချင်းက မကြည်မသာနှင့် ကြည့်နေသည်။ “သူငယ်ချင်းရာ… ငါတို့တွေ ချစ်ချစ်ခင်ခင် နေလာကြတာလည်း ကြာလှပြီ၊ အခု ဖြစ်နေတဲ့ မင်းနဲ့ငါ့အခြေအနေအတွက် ငါ တစ်နေ့မှ ပျော်စရာ ဖြစ်မနေဘူး”ဟု ပြောလိုက်သည်။ သူ့သူငယ်ချင်းက “မကျေမနပ် ဖြစ်ရမှာက ငါပါကွ၊ မင်းကတော့ လုပ်တဲ့သူ၊ ငါက ခံနေရတဲ့သူပဲ”ဟု ပြန်ပြောသည်။

ထိုအခါ “ဟာ သူငယ်ချင်းရ… မင်း စိတ်ဒုက္ခရောက်အောင်၊ မင်းဘ၀ပျက်စီးအောင် ငါဘာများ လုပ်မိလို့လဲ ကွာ”ဟု မေးလိုက်စဉ် သူငယ်ချင်းက ရုတ်တရက် ရေချိုးခန်းထဲ ပြေးဝင်သွားပြီး ရေအိမ်ဆွဲသော ကြိုးကို တ၀ုန်းဝုန်း ဆွဲပြသည်။ ပြီးမှ ပြန်ထွက်လာပြီး “မင်း ညတိုင်းညတိုင်း အဲဒီလို တ၀ုန်းဝုန်း ဆွဲနေတဲ့အသံကြောင့် ငါအိပ်ရေးပျက်တယ်၊ တစ်နေ့မှ ကောင်းကောင်း အိပ်မရဘူး”ဟု ပြောလိုက်သည်။ ထိုအခါကျမှ “သူငယ်ချင်း ရယ်…. ငါ တမင်တကာ လုပ်တာ မဟုတ်ပါဘူး၊ အဲဒီလို မင်းအနှောက်အယှက်ဖြစ်မယ်မှန်း မသိလို့ လုပ်နေမိ တာပါ” စသည်ဖြင့် တောင်းပန်လိုက်သောအခါ သူငယ်ချင်းနှစ်ဦး ယခင်ကလို ပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်ခဲ့ကြ သည်။

“ဖြစ်နေတဲ့ ပြဿနာတွေရဲ့ ၁၀-ခုမှာ ၉-ခုက ထိပ်တိုက်ရင်ဆိုင်လိုက်ရင် ပြေလည်သွားတာချည်းပဲ”ဟု စာရေးဆရာက ကောက်ချက်ဆွဲသည်။ မိမိတို့နေ့စဉ်ဘ၀များတွင်လည်း ထိုကဲ့သို့ အသေးအမွှားလေးများ များစွာတွေ့ရတတ်သည်။ ပြဿနာက ဖြစ်စတွင် အသေးအမွှားလေးဟု ဆိုသော်လည်း မှားယွင်းစွာ သုံးသပ်ပြီး မိမိတို့၏ အတ္တများနှင့် ပေါင်းစပ်ဖြေရှင်းမိကြလျှင် ရှင်းမနိုင် ဖြေမရ ဖြစ်သွားတတ်ကြလေသည်။

“အသေးအဖွဲလေးတွေက ပြီးပြည့်စုံအောင် လုပ်ပေးတယ်၊ ပြီးပြည့်စုံခြင်းကတော့ အသေးအဖွဲလေး မဟုတ် တော့ဘူး”ဆိုသော မိုက်ကယ်အိန်ဂျလို၏ စကားမှာလည်း မှတ်သားစရာ ဖြစ်သည်။ ပြဿနာသေးအဖွဲလေး များသည် ပြဿနာအကြီးမားဆုံးဖြစ်အောင် လုပ်ပေးတတ်ပြီး ပြဿနာကြီး ဖြစ်လာသောအခါ ဖြေရှင်းရ ခက်လာတတ်ပါသည်။ လာမည့်ဘေးကို ရှောင်မပြေးဘဲ ရဲရဲဝံ့ဝံ့ ထိပ်တိုက်တွေ့လိုက်လျှင် သင်္ခန်းစာနှင့် အောင်ပွဲက အသေအချာ ရှိနေပါသည်။

Monday, June 28, 2010

ဘ၀နှင့် အရိပ်များ



အရိပ်တွေ..။ အရိပ်တွေ ပြေးနေကြသည်။ အရိပ်တွေ တိမ်လိပ်တွေလို ပြေးနေကြသည်။ အရိပ်တွေက ခဏ ခဏ တက်လာလိုက်၊ ပြေးသွားလိုက်၊ ပျောက်ကွယ်သွားလိုက်၊ ပြေးနေကြသည်။ လောကထဲမှာ ပြေးလွှားနေ ကြသော လူတွေကလည်း အချိန်၏ဖြစ်စဉ်ထဲတွင် တိမ်တွေလို ပြေးလွှားနေကြလေသည်။

ပြေးလွှားနေသော တိမ်တိုက်များထဲတွင် ချစ်လှစွာသော မေမေလည်း ပါသည်။ လေးစားရသော ဖေဖေလည်း ပါသည်။ နွေးထွေးသော မိသားစုလေးလည်း ပါသည်။ တိမ်တိုက်တွေထဲမှ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော လှောင်ပြုံးပြုံးလေးတွေလည်း ပါနိုင်သည်။ လက်ခုပ်သံသံအချို့လည်း ပါသည်။ ဖြစ်နိုင်လျှင် အတိတ်မေ့လိုက် ချင်သည်။ ဖြစ်နိုင်လျှင် မေ့နေသော အတိတ်များကို ပြန်လည် ခလုတ်တိုက်ချင်သည်။

သောကများဖြင့် ပြည့်နှက်နေသောအခါ တိမ်တိုက်များသည် မည်းမှောင်နေတတ်ပြီး မေတ္တာတရားဖြင့် ပြည့်နှက်ပြီး ကြည်နူးဖွယ်ရာများ ပိုင်ဆိုင်နေသောအခါ တိမ်တိုက်များသည် ဖြူစင်တက်ကြွနေတတ် လေသည်။ ဘ၀မှာ သင်ဟာ ခဏတာ ပျော်ရွှင်ခဲ့ဖူးတယ်ဆိုရင် ထိုအရသာမျိုးကို ဘယ်နှစ်ကြိမ်လောက် အားရပါးရ ပိုင်ဆိုင်ခဲ့ဖူးပါသနည်း။

“စိတ်ဓာတ်တွေ ကျတယ်၊ စိတ်ညစ်တယ်”လို့ ငြီးညူခဲ့ဖူးမယ်ဆိုရင် ခဏတာလေးကို အကြာကြီး သင်ထင်နေ ခဲ့ဖူးလိမ့်မည်။ ထိုကဲ့သို့သော ခံစားချက်မျိုးကို ဘ၀လို့ သင် အဓိပ္ပာယ်ဖွင့်ဆိုချင်ပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ပျော်ရွှင်နေရင် သင်ဟာ ဘ၀ဆိုတာ လန်းလန်းဆန်းဆန်း ဖြစ်နေတယ်လို့ သင် ထင်မည်။ ၀မ်းနည်းဖွယ်များဖြင့် ပြည့်နှက်နေသောအခါ သင်ဟာ ဘ၀ဖြစ်တည်မှုကို ပြဿနာရှာကောင်း ရှာမည်။ ဤခံစားချက် သည်ပင် ဘ၀ဖြစ်သည်ဟု ထင်ပြီး ထိုဘ၀သည်ပင် သင်၏ ထင်မြင်ချက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။

“ဘ၀ဟူသည် နှုတ်ယူလို့လည်း မရ၊ ပေါင်းထည့်လို့လည်း မရသောအရာ ဖြစ်သည်”ဟု စာရေးဆရာတစ်ဦးက ပြောဖူးသည်။ သူ့စကားအရဆိုလျှင် ဘ၀ဟူသည်မှာ ပြဓာန်းခံအရာတစ်ခုသာ ဖြစ်နေသည်။ Passive Type သဘောသာ ဖြစ်နေသည်။ အချို့ကတော့ “ဘ၀ဆိုတာ တိုက်ပွဲ - Life is struggle”လို့ ဆိုတတ်ကြပြန်သည်။ ဤသဘောအတိုင်းဆိုလျှင် ဘ၀ဟူသည် ပြဓာန်းခံအရာ မဟုတ်တော့။ အရာရာကို ကိုယ်ကိုယ်တိုင် ဖန်တီးနိုင်သော အရာဖြစ်လာသည်။ Active Type သဘောရှိသည်။ ပြဓာန်းခံအယူအဆသမားများက ဘ၀ကို တစ်စုံတစ်ရာထံ ၀ကွက်အပ်ထားသည်။ လုပ်နိုင်သမျှ လုပ်မည်၊ မရလျှင်လည်း ထိုတစ်စုံတစ်ရာ၏ သဘော သာဖြစ်သည်ဟု လက်ခံသည်။

“ဘ၀ဆိုတာ ကိုယ့်လက်ထဲက ကိုယ်တိုင်ဖန်တီးနိုင်သော အရာတစ်ခု ဖြစ်တယ်”ဟု ယူဆသူများက ဘ၀ကို ကိုယ်လိုချင်သလို ဆွဲခေါ်သည်။ ဖြစ်စေချင်သလို ဖန်တီးသည်။ “ဘ၀ဆိုတာ ကိုယ့်လက်ထဲက ကိုယ်ဖန်တီး သလို ရတဲ့အရာ ဖြစ်တယ်”ဟု ခံယူထားသူသည် လွတ်လပ်သည်။ အမှီအခို ကင်းသည်။ သို့ရာတွင် တာဝန်ပိုကြီးသည်။ လုပ်လိုက်သမျှအရာများ အဆင်ပြေနေလျှင် ကိစ္စမရှိ။ အဆင်မပြေခဲ့လျှင် အပြစ်တင်စရာ ဘုရားသခင်က သူ့အနားမှာ မရှိ။ မပိုင်နိုင်လျှင် ပို၍ ခံစားရဖို့သာ ရှိလေသည်။ မည်သို့သော အတွေးအမြင် များကို ကိုင်စွဲပြီး ဘ၀အပေါ် သဘောထားထား အားလုံးသည် သူတို့ဘ၀များ၏ အရိပ်များပင် ဖြစ်နေပါသည်။

တစ်နေ့က အွန်လိုင်းမှာ ကိုယ့်ကို တစ်ခါမှ စပြီး နှုတ်မဆက်ဖူးသော ကောင်မလေးတစ်ယောက်က “ဦးဇင်းနဲ့ စကားပြောချင်လို့”ဟု ဆိုလာသည်။ သူသည် ခရစ်ယာန်မလေးတစ်ယောက်ဖြစ်သည်။ သူသည် အသိုင်း အ၀ိုင်းလည်း ကောင်းသည်။ ရုပ်လည်း ချောသည်။ ငယ်လည်း ငယ်သည်။ သို့ပေငြား သူမသည် လောကမှာ ကြာကြာမနေနိုင်သောရောဂါသည် ဗုဒ္ဓဘာသာအမျိုးသားတစ်ယောက် (ဦးဇင်းနှင့် ညီအစ်ကိုလို ချစ်ရသူ)နှင့် ချစ်သူဖြစ်ခဲ့သည်။

သူတို့တွေ တွဲသွားတွဲလာ ဖြစ်နေစဉ်က “ဦးကု… တပည့်တော်တို့ လက်ထပ်တော့မယ်”ဟု ဆိုလာသောအခါ အံ့သြခဲ့ရသည်။ “အစ်ကို ဟိုအကြောင်း သူ့ကို ပြောလိုက်ပြီးပြီလား”ဟု မေးသောအခါ “ပြောပြီးတာ ကြာပြီ၊ သူမက နောက်မဆုတ်ဘူး”ဟု ပြောသည်။ ကာယကံရှင်များကိုယ်တိုင် မည်သို့ ခံစားရမည်မသိ၊ အံ့သြစိတ် ရော၊ ၀မ်းသာစိတ်ရော ရောရောပြွမ်းပြွမ်း ဖြစ်နေခဲ့ရသည်။

ထိုအခါက အချစ်ဆိုတာကို တွေးနေခဲ့ဖူးသည်။ ချမ်းမြေ့ဆရာတော်ကြီး အထက်ပိုင်း ကလေးမြို့နယ်တွင် ခရစ်ယာန်ဆရာတော်များက ကြီးမှူးကျင်းပသော တရားပွဲတွင် ဆရာတော့်ကို “အချစ်ဆိုတာ ဘာလဲ”ဆိုသော မေးခွန်း အမေးခံခဲ့ရ၍ တဝေါဝေါ ရယ်ခဲ့ကြရသည်ဟု ဆိုသည်။ တကယ်တော့ အချစ်ဟူသည် မည်သူဖြစ်ဖြစ် ချစ်ဖူးသည်ဖြစ်စေ၊ မချစ်ဖူးသည်ဖြစ်စေ အဓိပ္ပာယ်တော့ နားလည်နေသင့်သောအရာ ဖြစ်သည်ဟု ထင်သည်။ အမှန်ဆိုရလျှင် အချစ်ကို နားမလည်သူသည် ဘ၀ကို နားမလည်သူသာ ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် ဘ၀ဟူသည် အချစ်တို့နှင့် ပေါင်းစပ်တည်ရှိနေသောကြောင့်ပင် ဖြစ်ပါသည်။

ကိုရီးယားဇာတ်လမ်းတွဲတွေ ကြည့်စဉ်က သူတို့အချစ်ကို တင်စားနေကြသည်မှာ ပိုသည်ဟု ထင်သည်။ ထိုအထင်ကို ထိုခရစ်ယာန်မလေးက ဖျက်ဆီးပစ်လိုက်သည်။ အချစ်ဟူသည် သိက္ခာရှိသော၊ ကျက်သရေ ရှိသော၊ ချစ်စရာကောင်းသော အရာတစ်ခုဖြစ်သည်ဟု မြင်လာသည်။ သေရမည့်ရောဂါရှိသူအနေဖြင့် ချစ်သူ တစ်ယောက် ဒါမှမဟုတ် အိမ်ထောင်ဘက်တစ်ယောက်ကို မည်သို့ မျှော်လင့်နိုင်ပါမည်နည်း။ မည်သည့် ဆင်ခြင်တုံတရားကမှ မျက်နှာသာပေးဖွယ်မရှိသောအရာကို အချစ်က ဖန်တီးပြသည်။ သိက္ခာရှိ သော၊ ချစ်စရာကောင်းသော အချစ်ကို ပြသခဲ့သော ချစ်သူများသည်လည်း ဘ၀ပုံရိပ်များကို တစ်နည်းတစ်ဖုံ တန်ဖိုးရှိ နေစေခဲ့သည်။

သူမသည် အစ်ကို့ကို ချစ်လို့ လက်ထပ်ခဲ့သော်လည်း ဘုရားစင်ကို ကြည့်မရ။ ဘုရာစင်ရှေ့ကို ဘယ်တော့မှ မသွား။ အိမ်ကို သွားလည်တိုင်း အတွေ့မခံ။ အစ်ကို့ကို လက်ထပ်နိုင်လို့ သူ့အချစ်ကို အံ့သြကြောင်း လေးစား ကြောင်းတွေ ပြောချင်သည်။ “မင်းတို့ သမ္မာကျမ်းစာက လောကလူသားတွေအတွက် ကောင်းရာမွန်ရာ ကျမ်းတစ်ဆူအဖြစ် ရှိနေကြောင်းကိုလည်း သူမကို ပြောပြချင်သည်”။ အိမ်ရှေ့ခန်းတွင် ဘုရားအကြောင်း၊ တရားအကြောင်းပြောနေစဉ် သူမသည် တစ်ဖက်အခန်းထဲတွင် နားကို ပိတ်ပြီး နေလေ့ရှိသည်ဟု ဆိုသည်။ “ဘုရားသခင် အမျက်ထွက်မှာ စိုးလို့”ဟု အစ်ကိုက တစ်ဆင့် ပြောပြသည်။ သူမသည် ထာဝရဘုရားသခင်၏ မေတ္တာနှင့် အမျက်တော်ကြားတွင် ဗျာများနေသူတစ်ယောက် ဖြစ်နေသည်ဟု ထင်သည်။ ကြုံကြိုက်လို့ ဗုဒ္ဓဘာသာအကြောင်း ပြောလျှင် “တော်ပါတော့၊ တော်ပါတော့”ဟု နားပိတ်ပြီး အော်သည်။

နောက်ပိုင်းတွင် “နင့်ကို ဗုဒ္ဓဘာသာအကြောင်း မဟောပါဘူးကွ၊ သမ္မာတရားပဲ ဟောပါ့မယ်၊ ငါနဲ့ လာစကား ပြောပါအုံး”လို့ အတင်းခေါ်ရာကနေ စကားတွေ ပြောဖြစ်လာခဲ့သည်။ သမ္မာကျမ်းစာ၏ ကောင်းရာမွန်ရာ အချက်များကိုသာ သူမကို ပြောပြသည်။ သို့ရာတွင် မခေါ်ဘဲနဲ့ မလာတတ်။ နောက်ပိုင်း ခေါ်ရဖန်များသောအခါ သူမနှင့် စကားအဆက်အသွယ် ပြတ်ခဲ့သည်။ မပြောဖြစ်ခဲ့တော့။ နောက်ပိုင်း သိရတာက သူ့ကို အုပ်ထိန်းသော ခရစ်ယာန်ဘုန်းကြီးက ဗုဒ္ဓဘာသာဘုန်းကြီးတွေနှင့် မလိုအပ်ဘဲ စကားမပြောရဟု ပြောထား ကြောင်း သိရသည်။

“ဦးဇင်းနဲ့ စကားပြောချင်လို့”ဆိုပြီး ဂျီတော့ခ်ကနေ ခေါ်တော့ “နင် ဘုရား(ချာခ်ျ)ကျောင်းကော တက်ဖြစ်လား၊ ကျမ်းစာတွေကော ရွတ်ဖြစ်လား၊ ချာခ်ျကျောင်းမှာ သီချင်းတွေကော သွားဆိုဖြစ်သေးလား”လို့ မေးတော့ သူမက ရယ်နေခဲ့သည်။ “ဘာလို့ ရယ်နေတာလဲ”ဆိုတော့ “အဲဒါတွေ မလုပ်တော့ဘူး၊ ချာပ်တော့ တက်ဖြစ်ပါ တယ်”လို့ ဆိုသည်။ “ခရစ်ယာန်တစ်ယောက်ဟာ ချာခ်ျကျောင်းတက်ရမယ်၊ သမ္မာတရားကို နာရမယ်၊ ဒါတွေက ခရစ်ယာန်တစ်ယောက်အတွက် လုပ်သင့်လုပ်ထိုက်တဲ့အရာတွေပဲ”လို့ ပြောလိုက်ခဲ့သည်။ “ဒါဆိုရင် ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ တရားထိုင်တာတွေကရော ဗုဒ္ဓဘာသာအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အရာတွေလား”လို့ သူမက ပြန်မေးတော့ “ဟုတ်တာပေါ့”လို့ ဖြေခဲ့သည်။ “ဒါဆိုရင် ဗုဒ္ဓဘာသာတစ်ယောက် လုပ်သင့်လုပ်ထိုက်တာတွေကို ကျွန်တော် လုပ်နေပြီ”လို့ သူမက ပြောလိုက်တော့ အံ့သြသွားခဲ့ရသည်။ “ဒါဆိုရင် နင် နားနှစ်ဖက်ကို လက်နဲ့ အုပ်ထားသေးလား”ဆိုတော့ “No, Never”လို့ ဖြေသည်။

ပြဓာန်းခံဝါဒမှ ကိုယ့်အားကိုယ်ကိုးဝါဒ ပြောင်းလာသူ သူမအတွက် ၀မ်းသာရပါသည်။ ထိုနေ့က သူမအရိပ်အောက်တွင် အေးမြနေခဲ့သည်ကို အမှတ်ရသည်။ ဘ၀ကို ကိုယ်တိုင်ဖန်တီးပြီး ကိုယ့်အရိပ် အောက် ကိုယ်ဖာသာ လျှောက်လှမ်းရသည် ဆိုသော်လည်း ဆက်နွယ်နေသော ပြင်ပအရိပ်များ အောက်တွင်လည်း အေးမြဖို့ အခွင့်အရေး ရှိနေသည်မှာ ဘ၀၏ ဆုလာဒ်တစ်ခုပင် ဖြစ်သည်ဟု ထင်ပါသည်။

တစ်နေ့က ရန်ကုန်က ညီငယ်တစ်ယောက်က ဂျီတော်ခ်ကနေ “ဦးဇင်း သူဇာ လက်ထပ်သွားပြီ”လို့ ဆိုသည်။ “မင်းနဲ့ မဟုတ်ဘူးလား”ဆိုတော့ “အခြားတစ်ယောက်နဲ့”လို့ ပြောသည်။ နယ်က ပြောင်းလာပြီးကတည်းက သူတို့ ချစ်သူတွေ ဖြစ်နေကြသည်။ တစ်နှစ်လောက်ကြာသောအခါ “တပည့်တော်တို့က နောက်နှစ်ကျရင် လက်ထပ်မှာ၊ ဒါကြောင့် အတူတူ နေနေကြတာ”လို့ ပြောသည်။ လစ်ဗင်းတူဂဲသား၊ ဘာတတ်နိုင်မည်နည်း။ ထိုအရာအားလုံးကို သိထားတော့ “သူဇာ လက်ထပ်သွားပြီ”လို့ ဆိုသောအခါ အံ့သြသည်။ ညီငယ်က သူ့ထက်သာတဲ့ သူတစ်ယောက် (ရုပ်လည်း သာတယ်၊ အထူးသဖြင့် ပိုက်ဆံ ချမ်းသာတယ်)ကို လက်ထပ် သွားပြီ ဆိုသောအခါ မင်သက်ခဲ့ရပြန်သည်။ သူဇာ၏ သူငယ်ချင်းကို မေးကြည့်သောအခါ “ဦးဇင်းရယ်… သူဇာက မောင်ဇော်ကို ဘယ်ရွေးမလဲ၊ အခု လက်ထပ်တဲ့သူက အစစအရာရာ သာတယ်လေ”လို့ ပြောလိုက် တော့ ပိုလို့ အံ့သြရပြန်သည်။

ဆရာနန္ဒာသိန်းဇံ၏ “ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ” စာအုပ်ထဲက ကြက်ဖပုံပြင်ကို သွားသတိရသည်။ ကြက်ဖနှစ်ကောင်သည် သူ့အုပ်စုနှင့်သူ မင်းမူနေကြသည်။ နှစ်ကောင်လုံးတွင် ကြက်မများစွာ ရှိသည်။ တစ်နေ့ ထိုကြက်ဖနှစ်ကောင် တိုက်ခိုက်ကြသည်။ ကြက်မများက ဘေးကနေ ၀ိုင်းကြည့်နေကြသည်။ တစ်ကောင်က သွေးသံရဲရဲဖြင့် ထွက်ပြေးသွားသောအခါ နှစ်ဖက်အုပ်စုမှ ကြက်မများသည် အနိုင်ရသူ ကြက်ဖ နောက်သို့သာ လိုက်သွားကြသည်။

အနောက်တိုင်းစာပေတွင် Consequentialism and Non Consequentialism လို့ ၀ါဒ နှစ်ခု ရှိသည်။ စီးပွားရေးတွင် အထူးသဖြင့် သုံးသည်ဟု ထင်သည်။ ကိုယ်ကျိုးမျှော်ဝါဒနှင့် သူ့အကျိုးကြည့်ဝါဒဟု ဆရာတစ်ဦးက ဘာသာပြန်သည်။ အချစ်ဆိုသည်မှာ ကိုယ်ကျိုးမျှော်ဝါဒလား၊ သူ့အကျိုးကြည့်ဝါဒလား။ အမှန်အားဖြင့် အချစ်ဆိုသည်မှာ လိုချင်မှု၊ တပ်မက်မှုများ၏ အမည်သာ ဖြစ်သည်။ သို့ရာတွင် ထိုအချစ်ကို ကိုင်စွဲထားသောသူများမှာ အခြားမဟုတ်၊ လူသားများ ဖြစ်သည်။ လူသားများသည် သူတို့ကိုယ်သူတို့ သက်ရှိ များတွင် အသိဉာဏ်အရှိဆုံး၊ အမြင့်မြတ်ဆုံးဟု သဘောထားသည်။ ထိုသဘောထားနှင့် ကိုက်ညီအောင် လူသားတွင် သိက္ခာတရားရှိသည်။ တန်ဖိုးတွေ ရှိသည်။ အချစ်ကို ထိုတန်ဖိုးများ၊ ထိုသိက္ခာတရားများနှင့် သဟဇာတဖြစ်အောင် ပေါင်းစပ်ပစ်ဖို့ လိုသည်။

တန်ဖိုးသိက္ခာမရှိသော ချစ်ခြင်းတရားသည် တိရစ္ဆာန်တို့၏ အချစ်နှင့် ဘာများ ထူးခြားနေမည်နည်း။

တိရစ္ဆာန်များက အချစ်ကို ရယူလိုမှု၊ ပိုင်ဆိုင်မှု၊ တပ်မက်မှုတစ်ခုတည်းအဖြစ်သာ သဘောထားကြသည်။

လူသားက ထို့ထက် နည်းနည်းတော့ ပိုသင့်သည်။

သို့မှသာ လူသား၏ ပုံရိပ်က ကျက်သရေ ရှိနေမည်။ အဓိပ္ပာယ်ရှိနေမည်။ တန်ဖိုးရှိနေမည်။

ဘ၀မှာ မည်သို့သော ပုံရိပ်တွေ လွှမ်းမိုးနေပါသလဲ။ ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်မှု၊ ရယူမှုတစ်ခုအဖြစ်သာ သဘောထားခဲ့ပါသလား။ သို့မဟုတ် လူသားတစ်ယောက်၏ တန်ဖိုး၊ ဂုဏ်သိက္ခာများနှင့် ပေါင်းစပ်ဖန်တီးခဲ့ပါသလား။ ထိုပုံရိပ်များသည် ဘ၀၏ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်းကို အဆုံးအဖြတ်ပေးမည်။ ကိုယ်တိုင် ဖန်တီး လိုက်သော ထိုအရိပ်အောက်တွင် တစ်သက်လုံးနေရမည်ဖြစ်ပါ၍ ကိုယ့်ရင်ဘတ်ကို ကိုယ်တိုင် အနုစိတ်လိုက် ဖို့ လိုသည်။ ဆန်းစစ်နေမိဖို့ လိုသည်။ ဆန်းစစ်ပြီးပြီလား။

ဘာပဲဖြစ်ဖြစ် လာရောက်ခိုလှုံသူများကို အေးမြစေသော အရိပ်ဖြစ်အောင် ကြိုးစားချင်ပါသည်။ မိဘ၊ ဆရာ၊ သူငယ်ချင်းတို့၏ အေးမြသောအရိပ်အောက်တွင်လည်း ခိုလှုံချင်ပါသည်။ သူ့အရိပ်၊ ကိုယ့်အရိပ် အပြန်အလှန် ဆက်စပ်နေသော လောကတွင် မိမိကိုယ်တိုင်၏ အရိပ်တွေ ပိုမိုအေးမြအောင် ကြိုးစားဖို့တော့ အရင်ဆုံး ကြိုးစားရပေအုံးမည်။

……………………………………………….
ထို ………ကဲ့ ………... သို့
အရိပ်များ ပြေးလွှားနေခဲ့ကြလေသည်။
……………………………………………………..။

(မှတ်ချက် ….. ခေါင်းစဉ်၏ ကျယ်ဝန်းမှုကို အမီမလိုက်နိုင်ခဲ့ပါ။ အထိုက်အလျောက်တော့ ဘ၀နှင့်အရိပ်များကို မီးမောင်းထိုးပြနိုင်ခဲ့လိမ့်မည်ဟု ထင်သည်)

Saturday, June 26, 2010

ဗုဒ္ဓ၀င်

မလေးရှားက Miss Sharlinton ပို့လိုက်တဲ့ အီးမေးလ်ထဲကပါ။ ဘယ်သူတွေ ဖန်တီးထားသလဲတော့ မသိပါ။ အလွန်စိတ်ဝင်စားစရာကောင်းသလို လက်ရာလည်း အတော်မြောက်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် မျှဝေလိုက်ပါတယ်။ နောက်ခံသမိုင်းကြောင်းတွေကိုတော့ အားလုံး သိပြီးသား ဖြစ်မှာပါ။ ပိုပြီး ပေါ်လွင်သွားအောင် ဓာတ်ပုံအောက်မှာ စာသားလေးတွေ ထည့်ပေးလိုက်ပါတယ်။ ကြည်ညိုနိုင်ကြပါစေ.........


ဒါကတော့ လူ့ပြည်ကို သွားပြီး ဘုရားဖြစ်ဖို့ မသွားခင်တွေ့ရတဲ့ ဘုရားအလောင်းတော်


မယ်တော်မာယာဝမ်းမှာ ပဋိသန္ဓေယူပါပြီ


ဘုရားအလောင်းတော် ဖွားမြင်ပြီ


မွေးခါစကတည်းမှာပဲ အနာဂတ်ကို ကြိုသိတဲ့ ကပိလရသေ့က ဂါရ၀ပြု


အာနာပါနကမ္မဋ္ဌာန်းစီးဖြန်း


လေးတော်တင်ပွဲ


ယသော်ဓရာနဲ့ လက်ထပ်


အကြင်လင်မယား တင့်တင့်တယ်တယ်


ဒါတွေ မြင်တော့ လောကကြီး စိတ်ကုန်လာတယ်


မောင်းမခြွေရံတွေ ဟိုပေါ်ဒီပေါ် သွားရေတွေတွဲကျ၊ ဒါတွေမြင်တော့ ပိုစိတ်ကုန်သွားတယ်


“နေရစ်ခဲ့တော့ ယသော်ရေ”


ကဏ္ဍက.. လာ... သွားမယ်.... ဒုက္ခရဲ့အဆုံးကို


တရားကျင့်ဖို့ဆိုရင် ဒီဆံပင်တွေ ဖြတ်ပစ်မှပဲ


ပဉ္စသီခနတ်သားက မလျော့မတင်း စောင်းကြိုးညှင်းသလို ကျင့်ဖို့ သတိပေးတယ်


ကောင်းကောင်း မစားရတာ ကြာတဲ့ ဘုရားလောင်းကို သုဇာတာက အချိန်ကိုက် နို့ဆွမ်းကပ်တယ်


ဘုရားလောင်း ရွှေခွက်မျှောတော့ ကာလနဂါးတောင် တစ်ရေးနိုးပြီ
“အော်... ဘုရားတစ်ဆူတောင် ပွင့်တော့မှာပါလား”......


အနှောက်အယှက်တွေ အမျိုးမျိုး................


အတားအဆီးတွေက အသွယ်သွယ်..............


ကိလေသာတွေကလည်း ဆွဲဆောင်တယ်..........


အတားအဆီး၊ အခက်အခဲ၊ ဆင်းရဲဒုက္ခ အသွယ်သွယ်မှ လွတ်ပြီ.. ကျွတ်ပြီ၊ ဘုရားဖြစ်ပြီ...


ကြာက ညစ်ပတ်တဲ့ ရွှံ့ညွန်ထဲကနေ ကြည်လင်သန့်ရှင်းစွာ ပွင့်လာတယ်။ ငါက ကိလေသာ ဗွက်အိုင်ထဲနေ ဘုရားဖြစ်လာတယ်.....


ငြိမ်းချမ်းခြင်း ချမ်းသာအစစ်နဲ့ နေနေတယ်


ငါသိတာတွေကို လောကကို သိစေမယ်


လောကမှ ထွက်မြောက်ကြောင်းတွေကို ဟောနေတယ်


အလယ်အလတ်လမ်းနဲ့ သွားကြဖို့ ပဉ္စ၀ဂ္ဂီငါးဦးကို တရား စဟောတယ်


အိန္ဒိယမှာ အကြီးကျယ်ဆုံး အဖွဲ့အစည်းကြီး ဖြစ်လာတယ်...


“လူနာတွေကို ပြုစုတာဟာ ငါ့ကို ပြုစုတာထက် မွန်မြတ်တယ်”
(ဗုဒ္ဓ)


အရှင်နန္ဒက သူ့မိန်းမကို စွဲနေတော့ “မင်းမိန်းမက ဟို နတ်သမီးတွေလောက် လှလို့လား”ဆိုပြီး သာသနာ့ဘောင်မြဲအောင် စည်းရုံးလိုက်တယ် ...


ဖခမည်းတော်၊ မွေးစားမေမေ၊ ပါရမီဖြည့်ဘက်၊ သားတော်လေးနဲ့ အမျိုးတွေ ရှိရာကို ရောက်လာခဲ့တယ်


သားတော်လေးက အမွေတောင်းတော့ ရှင်ပြုပေးလိုက်တယ် ....


အော်... သံယောဇဉ် .... သံယောဇဉ် ..........
“ယသော်ရေ... ငါဟောတဲ့အတိုင်းသာ ကျင့်တော့၊ မင်း ငါ့ကို လွမ်းမှာ မဟုတ်တော့ဘူး”


မွေးစားမေမေလည်း ဘိက္ခုနီ (ရဟန်းမ) ဖြစ်လာခဲ့တယ်


“ချစ်သားတို့ရေ... ငါ ထာဝရ ငြိမ်းအေးရာကို သွားရတော့မယ်၊ တရားကိုသာ ဆရာအဖြစ် ကိုးကွယ်ကြ”


မည်သို့ဆိုဆို မျက်ရည်ထိန်းနိုင်စွမ်း မရှိသူများ ငိုကြွေးကြလေတယ်....

Thursday, June 24, 2010

တွယ်ရာမဲ့ အတွေးများ


အပြင်မှာ မိုးတွေ သည်းနေခဲ့သည်။ နေ့တိုင်း မိုးတွေ သည်းနေခဲ့သည်။ ချမ်းစိမ့်စိမ့်ရှိလှသည်။ မိုးစက်များသည် အခန်းပြင်က သစ်ရွက်များ၏ ကျောခုံးပေါ်ကို မညှာမတာ ပစ်ပေါက်နေသည်။ ခံနိုင်ရည်မရှိသော အရွက်အိုများ ဇောက်ထိုးမိုးမျှော် ပြုတ်ကျလို့ နေသည်။ ပြင်းထန်တဲ့လေကလည်း ဘယ်အချိန်က မိုးနှင့် မဟာမိတ်ဖွဲ့ထားသည် မသိ။ မိုးစက်များ တရစပ်ပစ်ခတ်နေစဉ်မှာပဲ သူက တ၀ုန်းဝုန်း တိုက်လှုပ်ပေးနေသည်။

အတွဲညီလှသော မိုးနှင့်လေတို့၏ တိုက်ကွက်များကြားတွင် ဘာလက်နက်မှမပါသော သစ်ပင်လေးများ ခိုရာမဲ့နေခဲ့သည်။ တ၀ုန်းဝုန်းတဝေါဝေါအသံများကြားထဲမှ ဇီးမားရဲ့ ဆွေးမြေ့မြေ့ သီချင်းသံလေးက လွင့်ပျံလာနေခဲ့သည်။

သီချင်းနားသံကို နားစိုက်နေရင်း မိုးကို အမြင်ကပ်လာသည်။ လေကို အမြင်ကပ်လာသည်။ အခန်းထဲ တစ်ယောက်တည်း ခပ်သွက်သွက် လမ်းတွေ လျှောက်နေခဲ့သည်။ တဖြောဖြော တဖျောက်ဖျောက် တဝေါဝေါအသံများနှင့် ဘယ်လောက်သက်ဆိုင်နေသလဲဆိုတာတော့ မသိ။ စိတ်တွေက ယောက်ယက်ခတ် လာသည်။ ဇီးမားရဲ့ သီချင်းတွေက ပိုသွက်လာသလို ခံစားရသည်။ ခြေလှမ်းတွေက မြန်လာသည်။ သွက်လာ သည်။

လမ်းလျှောက်နေရင်း ဘာမဆိုင်ညာမဆိုင် ပုလိပ်ဝတ္တုထဲက လူသေကောင်တွေကို မြင်လာသည်။ “လူတွေ အခုလို ညီညွတ်ပြီး စိတ်ကောင်းလေး ၀င်လာအောင် တစ်ခါတစ်လေ ပုလိပ်ရောဂါလေးဘာလေး ဖြစ်ပေးအုံးမှဗျ”လို့ သုံးသပ်လိုက်သော ယန်းပေါဆတ်၏ ခပ်ပြင်းပြင်းအတွေးက လေသံတွေနဲ့အတူ ကျယ်လောင်နေခဲ့သည်။ လမ်းလျှောက်ရသည်မှာ မသက်မသာ ဖြစ်လာခဲ့သည်။

ခပ်သွက်သွက် လည်ချောင်းကို ဟန့်နေလိုက်သည်။ စိတ်မရှည်တော့သည်နှင့် မှန်သေးသေးလေးကို ကောက်ယူပြီး ကိုယ့်မျက်လုံးကို ကိုယ်ကြည့်သည်။ မျက်လုံးထဲတွင် တိမ်မဲမဲများနှင့် ပြိုလုလုတိမ်များကို တွေ့နေရသည်။

ညဆိုလျှင် ပိုးဟပ်များ တစ်လျှပ်လျှပ်ပြေးလွှားနေတတ်သော သေတ္တာငယ်လေးကို ဆွဲရွှေ့လိုက်သည်။ သေတ္တာ လေးဘေးတွင် ကပ်မြှောင်နေသော အိမ်မြောင်က မျက်လုံးပြူးပြီး ကြည့်နေခဲ့သည်။ တုတ်သေးလေးနှင့် ထိုးလိုက်မှ ခပ်လှမ်းလှမ်းကို ပြေးသွားခဲ့သည်။ သူကပ်နေခဲ့သောနေရာကို ကြည့်လိုက်မှ ဘာကြောင့် မပြေးမှန်းသိလိုက်သည်။ ဥလေးတွေ ရှိနေခဲ့သည်။ အသက်ကို ပဓာနမထားဘဲ သူ့မျိုးဆက်လေးတွေကို စောင့်ရှောက်နေခဲ့သည်။ အမေ့ကို ပြေးသတိရသည်။ အခုဆို မငြိမ်းချမ်းသောအရပ်တွင် လေပူကြမ်းတွေ တိုက်နေပါလိမ့်မည်။

ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းဆိုသည်မှာ လူ့သဘာဝ၏ ပြယုဂ်တစ်ခုပင် ဖြစ်သည်ဟု ကျွန်တော်တို့ တွေးဆ ထားခဲ့လျှင် တိုက်ခတ်လာသော မည်သည့်လေမျိုးကိုမဆို ကျွန်တော်တို့ သေချာပေါက် လက်ကမ်းနေမိကြမည်။ ပျော်စရာကောင်းတာလေးတွေ ဘ၀ထဲ ရောက်လာသောအခါ ကျွန်တော်တို့ ပျော်ကြမည်။ ၀မ်းနည်းစရာ လေးတွေ ပစ်ဝင်လာသောအခါ ကျွန်တော်တို့ ၀မ်းနည်းကြမည်။ ထိုကဲ့သို့ ပျော်ရွှင်ပစ်လိုက်ခြင်းနှင့် ၀မ်းနည်း ပစ်လိုက်ခြင်းသည် လူသားသရုပ်လော။ သို့မဟုတ် ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတို့အတွက် မတုန်လှုပ်ခြင်းသည်ပင် လူသားပီသခြင်းလော။ ဝေခွဲရခက်သောအနေအထားအဖြစ် တည်ရှိနေဆဲပင် ဖြစ်လေသည်။

စာကြည့်ရမှာ ပျင်းလာတာနဲ့ စားပွဲအောက်က အမှိုက်များကို ငေးကြည့်နေသည်။ မျက်လုံးက ငေးနေသည်။ မျက်လုံးက ဝေနေသည်။ စိတ်က အတိတ်ကို ငေးနေသည်။ ငေးနေသော စိတ်ထဲက သွေးညှီနံ့ ပုတ်သိုးသိုးကို ရသည်။ စိုထိုင်းထိုင်း အိပ်ယာအနံ့များကို ရသည်။ မသတီစရာ ရေမွှေးနံ့အချို့ကို ရသည်။ အဝေးမှာ မိုးတွေ ညိုနေတာ တွေ့ရသည်။ မိုးတွေ ညို့နေရုံ ဘယ်ဟုတ်မလဲ၊ ရွာလွန်းလို့ ဗွက်ပေါက်နေပြီဟု တစ်ယောက်က ပြောနေသည်။ လေတိုက်လိုက်တော့ စားပွဲအောက်က အမှိုက်တွေ မျက်နှာကို လာဝှေ့သည်။ အမှိုက်တွေ ကြောင့်လား၊ အမှားတွေကြောင့်လား မသိ။ မျက်ရည်တွေ ၀ဲလာနေခဲ့သည်။ “ရှူးကနဲ”ဆိုပြီး အပြင်ထွက်လာခဲ့ လိုက်သည်။

အခန်းထဲ စိတ်ရှုပ်လို့ အပြင်ထွက်ကာမှ လေက ကြမ်းလာသည်။ ဒီအခန်းတော့ ပြန်မ၀င်နိုင်တော့ဘူးဆိုပြီး နောက်တစ်ခန်းကို ၀င်လာခဲ့မိလေသည်။ အခန်းထဲတွင် မြွေတစ်ကောင်က ခွေနေသည်။ မြွေက ခွေနေရင်းနဲ့ ကမ္ဘာ့တစ်နေရာမှ တစ်စုံတစ်ယောက်နှင့် စကားပြောနေပုံရသည်။ အဲယားဖုန်းကို ပါးစပ်နှင့်တေ့ကာ ခွေခွေလေး စကားပြောနေသည်။ တစ်ယောက်ထဲ ပြာဝေနေပုံကြည့်ပြီး မြွေက အူကြောင်ကြောင် လှမ်းကြည့်သည်။ ကျွန်တော်က သူ့ကို ကရုဏာသက်မိနေသလိုမျိုးပဲ သူက ပြန်ပြီးကရုဏာတွေ သက်နေပုံရသည်။ ရှိစေတော့။ လူတိုင်းက တစ်ခါတစ်လေ ကိုယ်နားမလည်နိုင်တာများနှင့် တွေဝေနေသူများကို ကရုဏာသက်မိတတ်ကြတယ် မဟုတ်လား။

ခွေခွေလေး ဇိမ်ကျနေသော မြွေတစ်ကောင်ကို အနှောက်အယှက်ဖြစ်မှာစိုးတာနဲ့ နောက်တစ်ခန်းကို ၀င်သည်။ အပုပ်အသိုးများကို အားရပါးရ ပျော်ပျော်ရွှင်ရွှင် စားသုံးနေကြသော ကြွက်သုံးကောင်နှင့် သွားတွေ့သည်။ တွင်းတူပြီး နားနေကြတာဖြစ်လို့ သူတို့ တစ်ကိုယ်လုံး ချွေးများ စိုရွှဲနေသည်။ “မင်း စိတ်ဝင်စားရင် ငါတို့နဲ့ ပေါင်းပါ့လား၊ မင်းက ဉာဏ်ကောင်းတယ်၊ မင်းသာ စိတ်ဝင်တစား တူးလိုက်ရင် ခဏချင်း ထောမှာ”လို့ ပြောနေခဲ့သည်။ အခန်းထဲက လှည့်ထွက်လိုက်သည်။ “တွင်းတူးရတာ ငါ ၀ါသနာမပါဘူး”လို့ကား မပြောမိ လိုက်ခဲ့ပါ။

ပြိုလုလုဖြစ်နေတဲ့ တိမ်လိပ်တိမ်စိုင်များထဲမှာ စိတ်ကို ပစ်တင်ကြည့်လိုက်တော့ စိတ်ထဲမှာ ပေါ့သွားခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပဲ စိတ်ထဲမှာ လေးလံလာနေခဲ့သည်။ အနာဂတ်လား။ ဒီ ပစ္စုပ္ပန်ကနေ ဟိုး အနာဂတ်ကို ဆက်ရပေအုံးမည်။

အနာဂတ်ဆိုတာ ဟိုးအဝေးက မိုးတိမ်တွေ ကြားထဲမှာ ရှိနေမလား။

ဝိုးတိုးဝါးတားပစ္စုပ္ပန်ထဲက တစ်စုံတစ်ယောက်ဆီမှာ သို့မဟုတ် တစ်စုံတစ်ရာဆီမှာများ ပုန်းကွယ်နေသလား။ မသေချာ။ သေချာမှုတစ်ခုတော့ ရှိချင်သည်။ ကျွန်တော့်ကိုကျွန်တော် သေချာချင်သည်။ ထိုသေချာချင်စိတ် ကိုလည်း အမြင်မကြည်လင် ဖြစ်နေခဲ့လေသည်။

ပစ္စုပ္ပန်ဆိုတာက အခု ပြောနေတဲ့ အချိန်မှာ ကုန်လေပြီ။ အနာဂတ်တို့သာ တစ်လှမ်းချင်း လှမ်းနေခဲ့လေသည်။ တမ်းနေခဲ့လေသည်။ လမ်းတွေက ကွေ့ကောက်နေခဲ့သည်။ လူ့ဘ၀ဆိုတာ အစဉ်လည်ပတ်နေသော ရွှေလျား နေသော ပရောဆတ်ကြီး တစ်ခု။ တစ်ခါတစ်လေမှာ အတိတ်လား၊ ပစ္စုပ္ပန်လား၊ အနာဂတ်များလား ဆိုတာ တောင် ခွဲခြားလို့ မရလောက်အောင် ဖြစ်စဉ်တွေက တရစပ်နိုင်လွန်းသည်။

ကာလသုံးပါးနဲ့ ရုန်းကန်ပြေးလွှားရင်း အဓိပ္ပာယ်မဖွင့်ဆိုနိုင်ခဲ့တဲ့ အရာတွေကလဲ အများသား။ ဘယ်အရာကို အထူးပြုလို့ ဘယ်အရာကို လျစ်လျူရှုသင့်တယ်ဆိုတာကို သုံးသပ်ရင်း ပုပ်သိုးလို့ စွန့်ပစ်လိုက်ရတဲ့ ပန်းသီးတွေ ကလဲ အများကြီး။ တစ်ခါတစ်လေ တန်ဖိုးကြီးကြီး ပစ်လိုက်ရတာ ပြန်ကြည့်ရင် အများကြီး။ တစ်ခါတစ်လေ ဈေးပေါပေါ တန်ဖိုးနည်းအရာများနှင့် အချိန်ကုန် လူပန်းဖြစ်ခဲ့တာတွေလဲ တွေ့နေခဲ့ရသည်။ ဒါကိုက လူတို့၏ ဖြစ်လေ့ဖြစ်ထရှိသော ကြုံတွေ့ရလေ့ရှိသော ဘ၀ဖြစ်စဉ်တစ်ခုပဲဟု ထင်ပါသည်။

ခေတ်ကာလအခြေအနေနှင့် ခေတ်ကာလစိတ်အခြေအနေတွေအရ လူတို့၏ နေ့စဉ်ဘ၀များသည် ပိုမို ရှုပ်ထွေး လာနေခဲ့သည်။ ဆန်းသစ်မှုတွေက တစ်နေ့တစ်ခြား များပြားလာသလို လူများနှင့် အာသာဆန္ဒများ ကလည်း နက်နဲရှုပ်ထွေးလာနေခဲ့သည်။

ရှုပ်ထွေးလှသောအနေအထားများထဲက ငါ့ကိုယ်ငါ ဆွဲထုတ်ကြည့်သောအခါ ငါတစ်ယောက်က ငါ့ကို လှောင်ပြုံး ပြုံးနေတာကို ငါ တွေ့ခဲ့ရသည်။

Sunday, June 20, 2010

ထွက်ပေါက်





ငယ်ငယ်က သီတင်းကျွတ်အခါတိုင်း ၀င်္ကဘာထဲတွင် ပြေးလွှားရင်း ပျော်ရွှင်ခဲ့ဖူးသည်။ ကျောင်းဝင်းအကျယ်ကြီးထဲတွင် ၀င်္ကဘာကို အကြီးကြီး ဆောက်ထားသည်။ ၀င်္ကဘာတိုင်ထိပ်များတွင် ဆီမီးများ ထွန်းညှိကြသည်။ ၀င်္ကဘာသည် ၀င်ပေါက်တစ်ခုသာ ရှိပြီး ထွက်ပေါက်မှာလည်း ထိုဝင်ပေါက်ပင် ဖြစ်သည်။ တောသူတောင်သားလူကြီးများ ၀င်္ကဘာတည်ဆောက်ထားသည်မှာ အံ့သြစရာကောင်းလှသည်။ ၀င်္ကဘာ၏ အလည်ဗဟိုရ်တွင် ဘုရားစင်တည်ဆောက်ပြီး ဘုရားဆင်းတုတော်တစ်ဆူကို ထားရှိပူဇော်ကြသည်။ ၀င်္ကဘာပြုလုပ်ခြင်း၏ ရည်ရွယ်ချက်အတိအကျကို မသိရသော်လည်း ၀င်္ကဘာထဲသို့ လမ်းအသွယ်သွယ်ဖြင့် အလည်က ဘုရားဆင်းတုတော်ဆီ ရောက်အောင်သွားပြီး ပူဇော်ကန်တော့ရသည်မှာ စိတ်လှုပ်ရှားဖွယ်ကောင်းသလို ပျော်စရာလည်း အလွန်ကောင်းပါသည်။

လူ့လောကဖြစ်ရပ်များစွာကိုလည်း ၀င်္ကဘာဖြင့် ခိုင်းနှိုင်းပြောဆိုကြလေသည်။ သံသရာကို ၀င်္ကဘာဖြင့် နှိုင်းကြသည်။ ရှင်းရခက်သော ပြေလည်ဖို့ မလွယ်ကူသော ပြဿနာများကိုလည်း ၀င်္ကဘာဖြင့် နှိုင်းကြသည်။ “မင်းတို့ငါတို့အဖြစ်ကလည်း ၀င်္ကဘာထဲ လမ်းလျှောက်နေရသလိုပါပဲကွာ”စသည်ဖြင့် ပြောကြသည်။ “ဒါလေးကို ဒီလို တွက်လိုက်ရင် လွယ်နေတာပဲ၊ ၀င်္ကဘာမလုပ်ချင်စမ်းပါနဲ့ကွာ”ဟု ပြောလေ့ရှိသော ငယ်ငယ်က ကျောင်းအုပ်ဆရာကြီး ပြောသောစကားကိုလည်း အမှတ်ရသည်။ မည်သို့မျှ ဖြေရှင်း၍ မပြေလည်နိုင်ကြသော ချစ်ရေးချစ်ရာကိစ္စများကိုလည်း “အချစ်ဝင်္ကဘာ”ဟု သုံးနှုန်းကြပြန်သေးသည်။ ချုပ်လိုက်လျှင် ရှင်းရန်ခက်သော ဝေ့လည်ကြောင်ပတ်ဖြစ်နေသော ဆုံးခန်းတိုင်ဖို့ခက်နေသော ပြဿနာအရပ်ရပ် ဖြစ်ရပ်အထွေထွေကို ၀င်္ကဘာဟု တင်စားနိုင်လေသည်။

ဝင်္ကဘာထဲလမ်းလျှောက်လျှင် ဘယ်သို့ ညာသို့ ဝေခွဲမရအောင်ဖြစ်နေသော လမ်းများကို တွေ့ရမည်။ တစ်ခါတစ်ရံ ဘယ်ဘက်ကွေ့ရမည် ထင်ပြီး ကွေ့သွားလိုက်လျှင် မူရင်းလမ်းသို့ နောက်ပြန်ရောက်သွားတတ်သည်။ သံသရာနှင့်ချီပြီးပြောရလျှင် ကျွန်ုပ်တို့ ပုထုဇဉ်အဖြစ်နှင့် သံသရာလည်နေမိပြီဆိုကတည်းက ၀င်္ကဘာလမ်းစထဲသို့ ချဉ်းနင်းခဲ့ပြီ ဖြစ်ပါသည်။ ဤဘ၀အဖြစ်ကိုသာ ရည်ညွှန်းလိုလျှင်လည်း အမိဝမ်းတွင်းမှ လူ့အဖြစ်ကို ရယူပြီးချိန်မှစတင်ပြီး ၀င်္ကဘာထဲသို့ ရောက်ရှိလာခဲ့ကြပြီး ဖြစ်သည်။ သို့ဖြစ်၍ လူ့ဘ၀အဖြစ်သည်ပင် ၀င်္ကဘာဖြစ်လို့ နေရပြန်သည်။ ထို့ထက်ပိုပြီး မိမိတို့ ရင်ဆိုင်နေရသော ဖြစ်ရပ်များ၊ လုပ်ငန်းဆောင်တာများ၊ တိုင်းရေးပြည်ရေး၊ မိသားစုအရေး၊ လူမှုဆက်ဆံရေး၊ နှလုံးသားရေးစသော ဘ၀၏အစိတ်အပိုင်း ဖြစ်ရပ်လေးများအားလုံးကိုလည်း ၀င်္ကဘာနှင့် တင်စားနိုင်မည်ဟု ထင်သည်။ သံသရာဝင်္ကဘာထဲမှ လက်ရှိဘ၀ ၀င်္ကဘာ၊ လက်ရှိဘ၀ ၀င်္ကဘာထဲမှ ကြုံတွေ့နေရသော ဖြစ်ရပ်ဝင်္ကဘာဟု အဆင့်ဆင့် ကြုံတွေ့နေရပေမည်။

ဤသို့ဆိုလျှင် ကျွန်ုပ်တို့အားလုံးသည် ၀င်္ကဘာထဲသို့ ၀င်လာခဲ့ပြီးဖြစ်၍ ရှောင်လွှဲ၍ မရတော့ပါ။ ဆက်လက်လျှောက်လှမ်းကြရတော့မည် ဖြစ်သည်။ ကျွန်ုပ်တို့သည် ၀င်္ကဘာထဲတွင် တ၀ဲလည်လည်လုပ်ရင်း အားလုံးကို လက်မြှောက်အရှုံးပေးလိုက်နိုင်သည်။ သို့ရာတွင် ကျွန်ုပ်တို့အနေဖြင့် ထွက်ပေါက်ကို မျှော်လင့်လို့ ရနိုင်တော့မည် မဟုတ်ပါ။ ၀င်္ကဘာအတွင်းရောက်နေပြီးဖြစ်၍ “ငါကတော့ မရတော့ဘူး။ နောက်ပဲ ပြန်ဆုတ်တော့မယ်”ဟု ဆိုပြီး နောက်ဆုတ်လျှင်လည်း ထွက်ပေါက်ကို ရောက်ဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။

ဝင်္ကဘာအတွင်းမှ ရသင့်ယူသင့်သော တန်ဖိုး သို့မဟုတ် ကျေနပ်ဖွယ် အနေအထားကို ရရှိပြီးမှ ထွက်လမ်းကို ဆက်ရှာလျှင် ၀င်္ကဘာထဲ ရောက်လာရခြင်း၏ အကျိုးတရားကို ရယူနိုင်ဖွယ်ရှိသည်။

ရှေးလူကြီးများ တီထွင်ခဲ့သော ၀င်္ကဘာသည် လမ်းပေါင်းများစွာဖြင့် ရှုပ်ထွေးပွေလီနေသော်လည်း ထွက်ပေါက်ကား အသေအချာ ရှိနေပါသည်။ ထို့အတူပင် သံသရာကြီးက မည်မျှရှည်လျားရှုပ်ထွေးနေသော်လည်း ထွက်ပေါက်က ရှိနေပါသည်။ လူ့ဘ၀ကြီးက မည်မျှနက်နဲရှုပ်ထွေးသော်လည်း ထွက်ပေါက်က ရှိနေပါသည်။ ကျွန်ုပ်တို့အနေဖြင့် လက်ရှိကြုံတွေ့နေရသော အခက်အခဲပြဿနာအားလုံးသည်လည်း ရှုပ်ထွေးပြီး လမ်းစပျောက်နေတတ်သည်။ သို့ရာတွင် အားလုံးတွင် ထွက်ပေါက်က ရှိနေပါသည်။

အမှန်အားဖြင့် မည်သည့်နေရာ၊ မည်သည့်အခက်အခဲတွင်မဆို ထွက်ပေါက်ရှိနေသည်ကို လူတိုင်း သိကြပါသည်။ သိသဖြင့်လည်း အဆိုပါ ထွက်ပေါက်သို့ အားထုတ်ပြေးဝင်နေကြသည်။ သို့ရာတွင် ထွက်ပေါက်ကို ပုံသေသတ်မှတ်ထား၍ မရ၊ ထွက်ပေါက်ကို အလွယ်တကူ ရောက်ရှိမည်ဟု အထင်သေးအမြင်သေး မဖြစ်စေရ။ ထွက်ပေါက်ကို အထင်သေးမိသည်နှင့်တစ်ပြိုင်နက် လမ်းစပျောက်ဖို့ အခြေအနေများသည်။ ထွက်ပေါက်မှနေပြီး လွတ်မြောက်ရာ မရောက်မချင်း အချိန်မရွေး အခက်အခဲတွေ့နိုင်သည်ဟု သိရှိထားရမည်။

ထွက်ပေါက်သို့ အမြန်ရောက်ဖို့အတွက် ဆောင်ထားရမည့် လက်နက်မှာ အခြားမဟုတ်၊ မလျှော့သော ဇွဲစိတ်ဓာတ်ပင် ဖြစ်သည်။
မည်သူမဆို တစ်နေရာရာ၌ မွန်းကြပ်ပိတ်လှောင်နေသည်ဟု ခံစားရသောအခါ ထွက်ပေါက်ကို ရှာချင်သည်။ တွေ့ချင်သည်။ နယ်တွင် လူငယ်လေးတစ်ယောက်ရှိသည်။ သူသည် မိဘနှင့်ဖြစ်စေ၊ သူငယ်ချင်းများနှင့်ဖြစ်စေ၊ သူ့ချစ်သူနှင့်ဖြစ်စေ အဆင်မပြေမှုများ ကြုံတွေ့တိုင်း ကိုယ့်ကိုကိုယ် ဆွဲကြိုးချသေဖို့ ကြံစည်တတ်လေသည်။ အကြိမ်များစွာ ကြိုးစားသည်။ သို့ရာတွင် အခုချိန်ထိ အထမမြောက်ခဲ့။ သူ့ကိုယ်သူတော့ ကိုယ့်ကိုကိုယ် သတ်သေခြင်းမှာ သူ့ထွက်ပေါက်ဟု ယူဆထားပုံရသည်။

ထိုလူငယ်လေးလိုပင် လူအများစုသည် ကိုယ့်ကိုကိုယ် သတ်သေသည့်ကိစ္စ မဟုတ်သည့်တိုင် ထွက်ပေါက်ကို အမျိုးမျိုး ဖန်တီးပြီး ရှာကြသည်။ အိမ်က မိန်းမနှင့် အဆင်မပြေလို့ ပြည့်တန်ဆာနှင့် ပျော်သည်။ စိတ်ညစ်လို့ အရက်ကို သောက်သည်။ ဖြစ်ချင်ရာ မဖြစ်လို့ အရက်သမားကြီး ဖြစ်လာခဲ့သည်။ လောကကြီးကို ငြီးငွေ့လို့ ရိပ်သာဝင်သည်။ ဘုန်းကြီးဝတ်သွားသည်။ သီလရှင်ဝတ်သွားသည်။ လောကထဲတွင် မွန်းကြပ်လို့၊ မိသားစုအတွင်း တည်ငြိမ်မှု မရလို့၊ ချစ်သူနှင့် သဘောထား မတိုက်ဆိုင်လို့၊ အကြောင်းပြချက်များစွာဖြင့် ကျွန်ုပ်တို့ ထွက်ပေါက်ကို ရှာနေကြလေသည်။

ဤနေရာတွင် “ထွက်ပေါက်”ဆိုသည်ကို သတိထားကြမိဖို့ ဖြစ်ပါသည်။ ၀င်္ကဘာထဲတွင် ကိုယ်က ထွက်ပေါက်ဟု ထင်ထားခဲ့သော လမ်းများသည် “ပို၍ရှုပ်ထွေးသောလမ်းများ၏ အစ” ဖြစ်နေတတ်သည်။ ဆိုလိုသည်မှာ “ဤမွန်းကြပ်မှု၏ ထွက်ပေါက်သည် ထိုမွန်းကြပ်မှု၏ ၀င်ပေါက်”ဖြစ်နေတတ်သည်။ ချစ်သူရည်းစားနှင့်အဆင်မပြေသဖြင့် အရက်ကို သောက်မိသူသည် အရက်ကျေးကျွန်ဘ၀၏ ၀င်ပေါက်ဖြစ်နေသကဲ့သို့ပင် ဖြစ်ပါသည်။ ထွက်ပေါက်မှားမိပြီဆိုလျှင် “နောက်ဆုတ်ဖို့ ကြိုးစားရင်း ရှေ့တိုးမိ….”ဆိုသကဲ့သို့ ဆက်လက်နစ်မျောသွားတတ်ကြလေသည်။

အမှန်အားဖြင့် ထွက်ပေါက်၏ အဆုံးသည် လွတ်လပ်မှု ဖြစ်နေသင့်သည်ဟု တစ်ထစ်ချ မှတ်ယူထားသင့်သည်။ ထွက်ပေါက်၏ အဆုံးသည် “လွတ်လပ်မှု၊ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ဖူလုံမှု”တို့ ဖြစ်နေစေရမည်။ လူ့ဘ၀တည်းဟူသော ပင်မ၀င်ပေါက်ကြီးသို့ ၀င်လာခဲ့ကြပြီးဖြစ်၍ ကျွန်ုပ်တို့အနေဖြင့် ဘ၀၀င်္ကဘာထဲတွင် ၀င်ပေါက်အသေးများ၊ ထွက်ပေါက်အသေးများ များစွာကို ဖြတ်သန်းကြရမည် ဖြစ်သည်။ ထွက်ပေါက်မမှားကြဖို့တော့ လူ၏ ဆင်ခြင်တုံတရား၊ ကိုယ်ကျင့်သိက္ခာ၊ တန်ဖိုးများကို ထိန်းသိမ်းခြင်းနှင့် များစွာ ဆက်စပ်တည်မှီနေပါလိမ့်မည်။

မှန်ကန်တည့်မတ်သော ထွက်ပေါက်ကို အောင်အောင်မြင်မြင် ရောက်ရှိဖို့ဆိုလျှင် မိမိရောက်ရှိနေသော ဘ၀ဖြစ်တည်မှုနှင့် မိမိလျှောက်လှမ်းမိနေသော လမ်းကို သေချာသုံးသပ်ဖို့ လိုပါလိမ့်မည်။ ထွက်ပေါက်များအကြောင်း စဉ်းစားရင်း “ညီငယ်၊ ညီမငယ်များရဲ့….စိတ်ထွက်ပေါက် မမှားကြစေနဲ့”ဟူသော ဆရာတစ်ဦး၏ စကားလေးက ခေါင်းထဲ ရစ်ဝဲလာနေတော့သည်။

Saturday, June 19, 2010

သဘာဝကျသော ချစ်ခြင်းများ



ကြည့်စမ်း လှလိုက်တဲ့ မြင်ကွင်း

သဘာဝကောင်းကင်

သဘာဝမြက်ခင်းပြင်

သဘာဝတောင်တန်း

ဘယ်လောက်ရင်သပ်ရှုမောဖွယ်ကောင်းလဲ

ဒီသဘာဝတွေထဲမှာ ငါတို့လည်း သဘာဝကျစွာ

အသက်ရှင်နေကြတယ်

ဘယ်လောက်သဘာဝကျလဲ

သဘာဝအရ ကျွန်တော်တို့ မွေးဖွားလာတယ်

သဘာဝကျစွာ အသက်ရှုတယ်

ပြီးတော့ သဘာဝကျစွာ

ကျွန်တော်တို့ ပြည်ကို ချစ်မြတ်နိုးကြတယ်

အမေက ရိုးရိုးလေး မွေးပေးလိုက်တယ်

ရိုးရိုးလေးပဲ

ကျွန်တော်တို့ လူဖြစ်လာတယ်

ပြီးတော့ ရိုးရိုးလေးပဲ

အမိမြေကို ချစ်ပစ်လိုက်ကြတယ်

ဘယ်လောက်သဘာဝကျလဲ

အမေ့ကို ရိုးရိုးလေး ချစ်လို့

အမေ့ရင်ခွင်မှာ ရိုးရိုးလေး ငိုက်မြည်းလို့

အမေ့ရင်ခွင်ဟာ ရိုးရိုးလေး နွေးထွေးနေခဲ့တယ်

အမေနဲ့ကျွန်တော်ဟာ အညမညဖြစ်သလို

အမေဟာ ဧရာဝတီလဲ ဖြစ်တယ်

အမေဟာ သဘာဝကိုက ပေးဆပ်သူ ဖြစ်တယ်

ကျေးဇူးတရားတဲ့

ကျွန်တော်တို့ သဘာဝကျစွာ လက်ခံလိုက်ကြတဲ့ စကားလုံး။

ကျွန်တော်ဟာ

ကျွန်တော့်ရင်ဘက်ထဲမှာ အမေ့ကျေးဇူးတွေ စိုက်ပျိုးကြည့်တော့

ခဏချင်းပဲ

တစ်သက်စားလို့ မကုန်တာ တွေ့ရတယ်။ ။

အမေချုပ်နေတဲ့ ၀တ်စုံလေး



စိတ်တိုင်းမကျနဲ့

စိတ်တိုင်းမကျတကျ အရောင်တွေ ရောစပ်ပြီး

ဘ၀ကို ချုပ်စပ်ထားတယ်၊

မွေးကတည်းက ဘ၀ကို တစ်ခါမှ ရွှင်ရွှင်ပျပျ မဖြစ်ခဲ့ရ၊

ဖြေသိမ့်ခြင်းတရားတွေနဲ့ အကောင်းမြင် ဓမ္မ

ဖြစ်ချင်တာ ဖြစ်ခွင့်ဝေးလို့ ဖြစ်နေတဲ့ဝေဒနာ

အာဟာရပြတ်တာကြာလို့ ဒီမြေက သစ်ပင်တွေ ပိုလီယိုများလာတာလား

နေ့စဉ်နဲ့အမျှ အသက်နဲ့အမျှ

အမေချုပ်နေတဲ့ ၀တ်စုံလေး မြင်ယောင်

အမေချုပ်နေတဲ့ ၀တ်စုံလေး သားဝတ်ချင်

လူမှန်းသိစ အရွယ်ကတည်းက ဆာလောင်မှု

အသက်ကြီးလာတဲ့ အမေ

ပင်ပန်းနေပြီဖြစ်တဲ့ မေမေ

ဘယ်တော့မှ မနွမ်းလျတဲ့ မေမေ

မေမေချုပ်နေတဲ့ ၀တ်စုံလေး

သားမ၀တ်နိုင်ခဲ့ရင်လည်း

မေမေ့မြေးတွေ ၀တ်ခွင့်ရအောင် ကြိုးစားမယ်၊

အမေ့ကို တိုက်စားနေတဲ့

စက္ကန့်တွေကို မုန်းတယ်

နာရီတွေကို မုန်းတယ်

အမေ့ကို ဖုံးအုပ်ထားတဲ့ ကောင်းကင်ကြီးဆို မုန်းတယ်

တစ်ဘ၀စာ အမုန်းတရားတွေနဲ့ ရှင်သန်ခဲ့ရတော့

ချစ်ခြင်းမေတ္တာကို ပြောကြရင်

မေမေ့ကိုသာ မြင်တယ်

မေမေချုပ်နေတဲ့ဝတ်စုံလေး

မေမေဘ၀မကူးခင် ၀တ်ချင်တယ်။ ။

Wednesday, June 16, 2010

ချီးမွမ်းခြင်းအလှ (အဆက်)



မိမိတို့ဝန်းကျင်မှ မိသားစုလေးများတွင်လည်း ထိုသို့သော အဖြစ်အပျက်လေးများ မကြာခဏ တွေ့နေရတတ်သည်။ မိသားစုများတွင် ကလန့်လေးများ၊ လူဆိုးလေးများ တွေ့ရတတ်သည်။ ထိုလူဆိုးလေးများမှာ တစ်စုံတစ်ခုသော အမှားကြောင့် မိဘနှင့် ညီအစ်ကိုမောင်နှမတို့၏ မေတ္တာမဖက် အေးစက်စက် ဆက်ဆံရေးကြောင့် ဖြစ်နေတတ်သည်က များလေသည်။ တစ်နှစ်က အလွန်ရင်းနှီးသော အိမ်တစ်အိမ်သို့ အလည်ရောက်ခဲ့သည်။ အမေဖြစ်သူက မျက်နှာခပ်ညှိုးညှိုးဖြင့် ဘေးတွင် ထိုင်နေသော သူ၏ သားလတ်ကို ကြည့်ရင်း “ဦးကုရေ … ဟိုအလတ်ကောင်ကို ဆုံးမသွားပါအုံး၊ ပြောမရဆိုမရ၊ တော်တော်ကို ဆိုးနေတယ်၊ အိမ်မှာ သူ့ကြောင့် စိတ်ဆင်းရဲနေကြရတယ်၊ ဟို သူ့ညီနဲ့ဆို တစ်ခြားစီပဲ၊ တပည့်တော် မွေးတဲ့အထဲမှာ သူကတော့ ဂြိုဟ်ပါပဲ ဦးဇင်းရယ်”ဟု တိုင်တန်းနေခဲ့သည်။

ထိုကလေးနှင့်ပတ်သက်ပြီး အသိတရားများ များစွာ ရခဲ့ဖူးသည်။ သူသည် မိသားစုတွင် လူထူးကလေးဖြစ်သည်။ သူ့ဗီဇအရ သူတို့ထင်သလို လူဆိုးလေးမဟုတ်။ သူတို့ဖြစ်စေချင်သလို မဖြစ်သော လူငယ်လေးတစ်ယောက်မျှသာ ဖြစ်နေလေသည်။ သူသည် သူများသဘောကျအောင်လည်း မလုပ်တတ်။ သူ့ဗီဇအတိုင်း အေးအေးဆေးဆေး နေသည်။ အခြားညီအစ်ကိုမောင်နှမများနှင့် ပုံစံချင်း မတူ။ ထိုကဲ့သို့ အေးဆေးစွာ နေထိုင်တတ်သောအလေ့အကျင့်ကို မိဘများနှင့်အခြားမိသားစုဝင်များက အကောင်းမမြင်။ အလေးမထားခဲ့ကြ။ သူ့အပြုအမူများကို မကြာခဏ လှောင်ပြောင်သည်။ တစ်ခါတစ်ရံ ကဲ့ရဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် မိသားစုတွင် တစ်မျိုးတစ်ဘာသာ ဖြစ်လာခဲ့လေသည်။

လူငယ်သဘာဝသည် ပတ်ဝန်းကျင် အထူးသဖြင့် မိဘများ၏ နွေးထွေးသော နားလည်မှုတို့ဖြင့် ၀န်းရံမှသာ ဘ၀ခရီးကို ပုံမှန်ရှေ့ဆက် ချီတက်နိုင်သည်။ ထိုအရာကို နားလည်ထားမှ မိဘတို့က သူ၏ ပုဂ္ဂလိကဗီဇ သို့မဟုတ် သူတန်ဖိုးထားသောအရာတို့ကို အရောင်တင်ပေးရင်း ပြုစုပျိုးထောင်နိုင်စွမ်း ရှိလာမည် ဖြစ်သည်။

အခါခပ်သိမ်း ချီးမွမ်းနေရမည်လား။ ထိုသို့လည်း မဟုတ်ပါ။ ချီးမွမ်းမှုတွင် သဘာဝစည်း သို့မဟုတ် ဘောင်ကလေးများတော့ ရှိရသည်။ ဒီဂရီ ရှိရသည်။ နည်းနည်းတော်သော ကလေးကို နည်းနည်းသာ ချီးမွမ်းစကား ပြောရသည်။ များများတော်သောကလေးကို များများ ချီးမွမ်းပေးရသည်။ အချိန်အခါနှင့်နေရာဒေသကိုကြည့်ပြီး ချီးမွမ်းခြင်းအားဆေးကို ပေးရလေသည်။ ဆေးများတွင် တန်ဆေးလွန်ဘေးရှိသကဲ့သို့ သားသမီး၊ သို့မဟုတ် တပည့် သို့မဟုတ် ချီးမွမ်းခံပုဂ္ဂိုလ်အတွက် ချီးမွမ်းစကားတွင်လည်း တန်ဆေးလွန်ဘေး ရှိနေတတ်ပြန်သည်။

သူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။ သူ့ကို အမြဲချီးမွမ်းပြီး အားပေးစကားပြောတတ်သော သူငယ်ချင်းကို အရမ်းသတိရကြောင်း ပြောသည်။ တစ်နေ့ သူတို့ ပြန်ဆုံတွေ့ပြီး သွားအတူ လာအတူ ပြန်နေခွင့်ရသောအခါ ထိုသူငယ်ချင်းက သူ့ကို ချီးမွမ်းစကား မပြောတော့သဖြင့် သူ့မှာ နေမထိ ထိုင်မသာ ဖြစ်ခဲ့ကြောင်း ပြောပြနေခဲ့သည်။ နောက်ပိုင်း လုပ်နေကျအလုပ်များကို ဆက်မလုပ်ချင်တော့သည်အထိ ဖြစ်လာခဲ့သည်ဟု ဆိုသည်။

အခြားသူငယ်တစ်ယောက်က ပြောပုံက တစ်မျိုးဖြစ်သည်။ သူသည် သူ့သူငယ်ချင်းကို သိပ်ချစ်ကြောင်း၊ သူငယ်ချင်း၏ လုပ်ရပ်များကို အမြဲတစေ အားပေးချီးမွမ်းခဲ့ကြောင်း ပြောပြသည်။ သို့ရာတွင် အခုအခါတွင် အဆိုပါ အချစ်ဆုံးသူငယ်ချင်းနှင့် အဆက်အသွယ်ဖြတ်လိုက်ပြီဖြစ်ကြောင်း ရင်ဖွင့်သည်။ အကြောင်းကတော့ အဆိုပါ သူငယ်ချင်းသည် သူ့ချီးမွမ်းစကားများဖြင့် ဘ၀င်မြင့်ပြီး သူ့ကိုပင် မထေမဲ့မြင်ပြုနေခဲ့သည်ဟု ဆိုသည်။

လူတော်တစ်ယောက်ကို တွေ့ဖူးသည်။ သူသည် အလုပ်တော်တော်များတွင် ကျွမ်းကျင်မှုရှိသည်။ လုပ်နိုင်ကိုင်နိုင်စွမ်း ရှိသည်။ ၀မ်းနည်းဖွယ်ကောင်းသည်မှာ သူသည် လူတစ်ဦး၏ ခိုင်းဖက် ဖြစ်နေသည်။ သူ့ကို အမြဲချီးမွမ်းပြီး လိုချင်သလို အခိုင်းခံနေရသည်။ သူကတော့ ထိုသူ၏ ချီးမွမ်းစကားများထဲတွင် နစ်မျောပြီး ခိုင်းသမျှကို လုပ်ပေးနေမိသည်။ ရလာနိုင်သောအကျိုးဟူသမျှကို အမြဲချီးမွမ်းသူက အမြဲရယူပြီး သူသည် အခိုင်းအစေတစ်ယောက်သာသာ ဖြစ်နေခဲ့သည်။

သို့ဖြစ်၍ ချီးမွမ်းခြင်းတွင် “ဒါပေမယ့်”ဆိုသောဝေါဟာရ မရှိသော်လည်း နေရာမကျလျှင်ကား ဆိုက်အက်ဖက်(ဆိုးကျိုး)များစွာ ရှိနေလေသည်။ ချီးမွမ်းခြင်းတွင် သူ့အကျိုးအကြောင်းနှင့်သူ ရှိနေသင့်သည်။ အချို့က ချီးမွမ်းတတ်သည်။ သို့ရာတွင် သေသေချာချာ မသိဘဲ ချီးမွမ်းခြင်း ဖြစ်နေတတ်သည်။ သူ့စိတ်ထဲတွင် သူချီးမွမ်းသူကို တကယ်တမ်း အထင်ကြီးပုံ မရှိသော်လည်း လူကြားထဲတွင် အတင်းကာရော (ဟုတ်တာရော မဟုတ်တာရော) ချီးမွမ်းနေတတ်သည်။ ထိုသို့ချီးမွမ်းခြင်းမှာ ကောင်းသည်ဟု ထင်ရသော်လည်း မဟုတ်သောဂုဏ်ဒြဗ်များ ဖြစ်နေ၍ သိသူများအတွက် ဟာသဖြစ်နေတတ်ပြန်သည်။

ရုရှားဝတ္ထုတိုတစ်ပုဒ် ဖတ်ဖူးသည်။ ထိုဝတ္ထုထဲတွင် လင်ယောက်ျားဖြစ်သူက သူ့အမျိုးသမီးကို ညအိပ်ယာဝင်ခါနီးတိုင်း “မင်းက အရမ်းချစ်စရာကောင်းတယ်၊ မင်းကို ငါ ချစ်တယ်”ဟု ပြောပြီး အိပ်ယာဝင်လေ့ရှိသည်။ အခြေအနေအရ နောက်ပိုင်း စီးပွားတိုးတက်ပြီး အလုပ်များလာသောအခါ အိပ်ယာဝင်နောက်ကျခြင်း၊ ပင်ပန်းခြင်းတို့ကြောင့် ပုံမှန်ပြောနေကျစကားလေးကို မပြောဖြစ်ခဲ့ကြတော့ဟု ဆိုသည်။ ထို့အပြင် လုပ်ငန်းက ကြီးကျယ်လာသဖြင့် လူအမျိုးမျိုးနှင့် ပုံစံအမျိုးမျိုး ဆက်ဆံလာရသည်။ ထိုဆက်ဆံမှုများထဲမှ မိန်းမလှလေးများနှင့် ဆက်ဆံမှုကို အမျိုးသမီးသဘာဝ မနာလို ဖြစ်လာခဲ့သည်။

ညစဉ်ပြောနေကျစကားများ မကြားရခြင်းနှင့် ထိုမနာလိုစိတ်တို့ ပေါင်းဖက်မိသောအခါ မပြေလည်မှုများက အေးချမ်းသောမိသားစုလေးထဲသို့ တရကြမ်း ၀င်လာခဲ့တော့သည်။ တစ်ဖက်က ဂုဏ်သိက္ခာ၊ တစ်ဖက်က မနာလိုမှု ဘက်နှစ်ဘက် အားပြိုင်ရင်း အဆိုပါ မိသားစုလေး ပြိုကွဲခဲ့ရသည်။

တစ်ခါတစ်ရံ ချီးမွမ်းစကားသည် ဘိန်းနှင့်များ တူလေရော့သလားဟု စဉ်းစားမိသည်။ လူတိုင်း ကြုံတွေ့ဖူးပါလိမ့်မည်။ အမြဲတမ်း ချီးမွမ်းစကားပြောလေ့ရှိသော မိဘထံမှ ချီးမွမ်းစကားများ မကြားရတော့သောအခါ၊ ဆရာသမားထံမှ ချီးမွမ်းစကားများ ဆိတ်သုဉ်းနေသောအခါ၊ လင်ယောက်ျား သို့မဟုတ် ဇနီးမယားထံမှ ပုံမှန်ပြောနေကျ ချီးမွမ်းစကားလေးများ မကြားရကြာသောအခါ၊ ကိုယ်ချစ်ရသူထံမှ ချီးမွမ်းစကားလေးများ မရတော့သောအခါ……… လူတိုင်း တစ်နည်းတစ်ဖုံ ခံစားတတ်ကြရသည်။ ခံစားကြရဖူးလိမ့်မည် ထင်သည်။

ချီးမွမ်းခြင်းကို ကောက်ချက်ချမိသောအခါ ချီးမွမ်းခံသူဘက်မှ ချီးမွမ်းမှုကို လိုချင်လို့လုပ်တာဟူသော စိတ်မျိုး မထားရှိမှ အရေးရှိက ဖြေဆေးရှိမည်။ ချီးမွမ်းသူဘက်မှ အကျိုးသင့်အကြောင်းသင့် ချီးမွမ်းဖို့နှင့် ဖြူစင်သောနှလုံးသားမှ ချီးမွမ်းစကားများဖြစ်ဖို့ လိုသည်။ တစ်နည်းအားဖြင့် မသိမမြင်ဘဲ ရမ်းသမ်းချီးမွမ်းခြင်းနှင့် စိတ်မပါသော်လည်း အကျိုးလို၍ ချီးမွမ်းခြင်းဟူသော အစွန်းနှစ်ပါးကို မငြိဖို့ လိုသည်။

ချီးမွမ်းခြင်းနှင့်ပတ်သက်၍ သမ္ပသာဒနီယသုတ်တွင် အရှင်သာရိပုတ္တရာနှင့် မြတ်စွာဘုရားရှင်တို့ ပြောဆိုကြပုံမှာ အတုယူစရာ ကောင်းလှသည်။ အရှင်သာရိပုတ္တရာသည်

“အရှင်ဘုရားဟာ ကြီးကျယ်မြင့်မြတ်ဆုံးပါပဲ။ အရှင်ဘုရားထက် ပိုပြီး ကြီးကျယ်မြင့်မြတ်သူ လောကမှာ တစ်ဦးမှ မရှိပါ”
ဟု မြတ်စွာဘုရားကို ချီးကျူးသည်။ ထိုအခါ မြတ်စွာဘုရားက

“သာရိပုတ္တရာ… သင်က အတိအကျကြီး ပြောနေပါလား။ ဘုရားရှင်ရဲ့ စိတ်တော်ကို သင်က အတိအကျ သိလို့လား။ ဘုရားရှင်ရဲ့ စိတ်ကို အကဲဖြတ်ဖို့ သင့်မှာ အစွမ်းအစ ဘယ်လောက်ရှိလို့လဲ”

“မြတ်စွာဘုရား…. တပည့်တော်မှာ အဲဒီလို အစွမ်းအစ မရှိပါဘူး”

“ဒါဆို အဲဒီလို အတိအကျ မသိဘဲ ဘာဖြစ်လို့ ဒီလို အတိအကျကြီး ချီးမွမ်းရတာလဲ။ ချီးမွမ်းတယ်ဆိုတာ အကျိုးအကြောင်းသင့်လျော်မှ ဖြစ်မယ်။ ရမ်းသမ်းပြီး ကိုယ်ကြိုက်သလို မချီးမွမ်းသင့်ဘူး။ ဘုရားဆိုတာ တစ်ဆူတည်းရှိတာ မဟုတ်ဘူး။ ရှေးကလည်း ပွင့်ပြီးတဲ့ ဘုရားရှင်တွေ ရှိခဲ့ဖူးတယ်။ နောက်နောင်အခါမှာလည်း ဘုရားတွေ ပွင့်ကြအုံးမယ်”

“မှန်ပါ့ဘုရား…. တပည့်တော်ဟာ ဘုရားရှင်တွေရဲ့ စိတ်ကို အကဲဖြတ်နိုင်တဲ့ စွမ်းရည်မရှိပါဘူး။ ဒါပေမယ့် အရှင်ဘုရားဟောတဲ့ တရားတွေ၊ အရှင်ဘုရားရဲ့ ပြုမှုပြောဆိုပုံတွေ၊ တွေးခေါ်ကြံဆပုံတွေ၊ အရှင့်ကြောင့် သတ္တ၀ါတွေ အေးချမ်းသွားကြတာတွေ….ဒါတွေကို ကြည့်ပြီးတော့ - အရှင်ဘုရားကို လောကမှာ အမြင့်မြတ်ဆုံး၊ အကြီးကျယ်ဆုံးလို့ ချီးမွမ်းမိတာပါဘုရား”
ဟု ပြန်လည်လျှောက်ထားခဲ့သည်။

ဤသုတ်တော်တွင် အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်အား ကြည်ညိုရခြင်းအကြောင်းရင်းနှင့် ချီးမွမ်းရခြင်းအကြောင်းများစွာကို အကျယ်တ၀င့် ရှင်းလင်းသွားခဲ့သည်။ (ဤနေရာတွင် အကျယ်ချဲ့ မရေးတော့ပါ။ ချီးမွမ်းခြင်းနှင့် သက်ဆိုင်သမျှကိုသာ ထုတ်ယူထားသည်။) ချီးမွမ်းမှုများတွင် မြတ်စွာဘုရားရှင်လို အဘက်ဘက်က ချီးမွမ်းဖွယ်အကောင်းဆုံးသူတောင်မှ ချီးမွမ်းစကားကို အကျိုးအကြောင်း မသိဘဲ လက်မခံလိုသည်ကို တွေ့ရသည်မှာ အံ့သြဖွယ်ကောင်းသလို ကြည်ညိုဖွယ်လည်း အတိဖြစ်နေခဲ့သည်။

“ဆောင်းပါးကို အဆုံးသတ်မယ်”ဟု ကြံလိုက်သောအခါ မိမိအား ချီးမွမ်းကြသူ၊ ကဲ့ရဲ့ကြသူများနှင့် ချီးမွမ်းစကား၊ ကဲ့ရဲ့စကားလေးများကို မှတ်မိသမျှ ပြေးမြင်နေမိခဲ့သည်။ ဘာမှန်းညာမှန်း မသိဘဲ ချီးမွမ်းကြသူများလည်း ရှိနေခဲ့သလို ဘာမှန်းညာမှန်း မသိဘဲ ကဲ့ရဲ့နေတတ်ကြသူများလည်း ခေါင်းထဲတွင် ပေါ်လာနေခဲ့သည်။

ဘ၀ခရီးလျှောက်လှမ်းနေကြသူအားလုံးအလယ်တွင် အားပေးမှုဆန်သော၊ လေးစားမှုဆန်သော၊ ချစ်ခင်မှုဆန်သော ချီးမွမ်းမှုလေးများက အလှပဆုံး အရှိတရားလေးအဖြစ် နက်နက်နဲနဲ လက်ခံယုံကြည်နေမိခဲ့လေသည်။

Saturday, June 12, 2010

ချီးမွမ်းခြင်းအလှ



တစ်ဦးကိုတစ်ဦး ချီးမွမ်းနေကြသည်ကို ကြည့်ရသည်မှာ အတော် ၀မ်းသာဖို့ ကောင်းသည်။ ချီးမွမ်းနေခြင်းဆိုသည်မှာ တစ်ဦး ရင်တွင်းမှ ချစ်ခြင်းမေတ္တာကို အခြားတစ်ဦးက ချစ်ခြင်းမေတ္တာဖြင့် ခံယူနေခြင်းလည်း ဖြစ်သည်။ တစ်ဦးကိုတစ်ဦး ချီးမွမ်းခြင်းသည် လေးစားခြင်းနှင့် အလေးဂရုပြုခြင်းတို့ကိုလည်း ကိုယ်စားပြုနေသည်။ အမှန်အားဖြင့် ချီးမွမ်းခြင်းတွင် ကောင်းမြတ်သော၊ မြင့်မြတ်သော အခြင်းအရာများအားလုံး ပါဝင်ရောယှက်နေသည်ဟု ခံစားနေမိသည်။

မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား၊ သူငယ်ချင်းအချင်းချင်း၊ ချစ်သူများအကြား…..လောက၏ ဆက်သွယ်မှုအားလုံးတွင် ချီးမွမ်းခြင်းဝေါဟာရလေး ရှင်သန်ဖို့လိုသည်။ မိဘက သားသမီးကို ချီးမွမ်းခြင်းသည် “မေမေ…သားကို ချစ်တယ်၊ သားကို လေးစားတယ်”ဆိုသည်ကို ဖော်ပြရာလည်း ရောက်သည်။ “သား..အခု လုပ်နေတာ အရမ်းကောင်းတယ်၊ အမေတို့ အားပေးတယ်၊ ဆက်လုပ်”ဆိုသော အားပေးစကားများကိုလည်း ကိုယ်စားပြုသည်။

ဆရာနှင့်တပည့်အကြား၊ လင်နှင့်မယားကြား ချီးမွမ်းစကားလေးတွေမှာလည်း ထိုသဘောတရားများ ပါဝင်နေသည်ဟု ယုံကြည်သည်။ သူငယ်ချင်းများအကြား ချီးမွမ်းခြင်းသည်ကား တစ်ဦးလက်ကိုတစ်ဦး ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ခြင်းပင် ဖြစ်ပါသည်။ ချစ်သူနှစ်ဦး အချင်းချင်း ချီးမွမ်းစကားဆိုလိုက်ခြင်းမှာ တစ်ဦးနှလုံးသားကိုတစ်ဦး ခိုစီးလိုက်ခြင်းလည်း ဖြစ်သည်။ ဆက်ဆံရေးတွေအားလုံး အဆင်ပြေနေသော လောကကြီးတစ်ခုဖြစ်ဖို့ ချီးမွမ်းစကားများ ဝေလျှံနေဖို့ လိုအပ်သည်။ တစ်ဦးကိုတစ်ဦး ချီးမွမ်းခြင်းတို့ ဆိတ်သုဉ်းနေသောနေရာသည် အကျည်းတန်ဆုံးသောနေရာ ဖြစ်နေမည်မှာ သေချာသည်။

လူတိုင်း သူတစ်ပါးကို ချီးမွမ်းဖူးကြလိမ့်မည်။ လူတိုင်းလူတိုင်း သူတစ်ပါး၏ ချီးမွမ်းမှုကို လက်ခံဖူးလိမ့်မည်။ ချီးမွမ်းခြင်းသည် အထက်တွင်ဆိုခဲ့သကဲ့သို့ မြင့်မြတ်မှု၊ ကောင်းမြတ်မှုတို့နှင့် ဒွေးရောယှက်တင် ရှိနေသည်။ သို့ဆိုလျှင် ချီးမွမ်းစကားအားလုံးသည် မြင့်မြတ်သည်၊ ကောင်းမြတ်သည်ဟု ဆိုလိုပါသလော။ ဆိုနိုင်သည်ဟု အပြည့်အ၀ ယုံကြည်သည်။

ချီးမွမ်းစကားကို အဓိပ္ပာယ်သက်ရောက်မှု ရယူမိတိုင်း “ဒါပေမယ့်”ဆိုသော ဝေါဟာရကို မတွေ့ရ။ ချီးမွမ်းစကားပြောလိုက်သူများတွင်ကား “ဒါပေမယ့်”က သေချာပေါက် ရှိနေပြန်ပါသည်။

သို့ဖြစ်၍ ချီးမွမ်းခြင်း၏ အလှတွင် “ဒါပေမယ့်”မရှိစေလိုလျှင် ချီးမွမ်းစကားဟူသော နှုတ်ထွက်ဝါကျများနှင့် ချီးမွမ်းသူ၏ နှလုံးသားခံစားချက်တို့ တစ်ထပ်တည်း ကျနေဖို့ လိုအပ်လှသည်။

နေရာအတော်များများတွင် လူအတော်များများကို အမြဲချီးမွမ်းတတ်သောသူတို့ကို တွေ့ဖူးပါလိမ့်မည်။ လူတိုင်းကို ချီးမွမ်းစကားပြောကြားနေသဖြင့် သူတို့ကို လူအများက ချစ်ခင်ကြသည်။ ရန်သူဟူ၍ မရှိ။ သူတစ်ပါးကို အမြဲမပြတ်ချီးမွမ်းတတ်သဖြင့် နေရာတိုင်းတွင် အဆင်ပြေသည်။ အောင်မြင်သည်။ ချီးမွမ်းခြင်းသည် မျက်နှာပွင့်ဆေးတစ်ဖုံပင် ဖြစ်နေပြန်ပါသည်။ ဘ၀အောင်မြင်ရေး လှေကားထစ်များလည်း ဖြစ်နေတတ်ပါသည်။ သူတို့အတွက်ကား ချီးမွမ်းစကားတွင် “ဒါပေမယ့်” မရှိ။ ချီးမွမ်းစကားနှင့် နှလုံးသား တစ်ထပ်တည်း ကျနေသည်ဟု ဆိုနိုင်သည်။

အချို့ကား ချီးမွမ်းတတ်သောအလေ့အကျင့် ရှိသည်။ သို့ရာတွင် အသားလိုလို့ အရိုးတောင်းဆိုသကဲ့သို့ တစ်စုံတစ်ရာ အလိုရှိ၍ သို့မဟုတ် ခိုင်းစေစရာတစ်ခုခုရှိ၍ မြှောက်ပင့်ပြောဆိုခြင်းသာ ဖြစ်သည်။ သို့ဖြစ်၍ ချီးမွမ်းခြင်းသည် မရိုးသားသောနှလုံးသားနှင့် ပေါင်းစပ်မိပါက “မြှောက်ပင့်ခြင်း”သက်သက်သာ ဖြစ်နေတတ်ပြန်သည်။ တစ်နည်းအားဖြင့် ဆိုးညစ်သောနှလုံးသားကို ဖုံးထားသောအရာတစ်ခုမျှသာ ဖြစ်နေလိမ့်မည်။ သူ၏ ချီးမွမ်းမှုအရေခြုံထားသော မြှောက်ပင့်လုံးများကို သူတစ်ပါး မသိသေးလျှင် သူ့ရည်ရွယ်ချက် အထမြောက်နေအုံးမည်။ သိသည်နှင့်တစ်ပြိုင်နက် သူသည် အများ၏ ကြဉ်ဖယ်ခြင်းကို ခံရပေတော့မည်။

ထိုကဲ့သို့ မိမိအပေါ်တွင် တစ်စုံတစ်ရာလိုလား၍ မြှောက်ပင့်ပြောဆိုတတ်သူများကို နေ့စဉ်ဝန်းကျင်တွင် တွေ့ရတတ်ပါသည်။ လူတိုင်းလိုလို ထိုကဲ့သို့ ချီးမွမ်းခြင်းစကားလုံးအတုများဖြင့် အပြောဆို ခံကြရဖူးပေလိမ့်မည်။ မည်သို့ပင် ချီးမွမ်းနေပါစေ သူ၏ ဆိုးညစ်သောနှလုံးသားကို တွေ့မြင်နေရပြီဖြစ်၍ အဆိုပါ ချီးမွမ်းခြင်းတွင် အလှတရားများ ကင်းဆိတ်နေလိမ့်မည်။

ဤသို့အားဖြင့် အစစ်အမှန် ချီးမွမ်းခြင်းနှင့် အတုအယောင် ချီးမွမ်းခြင်းဟု နှစ်မျိုးဖြစ်လာရပြန်သည်။ လောက၏ ကွက်လပ်များတွင် အစစ်အမှန် ချီးမွမ်းခြင်းကို ကြိုဆိုသင့်သကဲ့သို့ အတုအယောင်ချီးမွမ်းခြင်းများကို သတိထားဖို့လည်း အထူးလိုအပ်လှပြန်သည်။ လူရွှင်တော်များ ပြတ်လုံးထုတ်လေ့ရှိသော “အမြှောက်အပင့်ကောင်းသူနှင့် ယမမင်းကြီး”အကြောင်းမှာ ဖြစ်နိုင်သည်မဖြစ်နိုင်သည် အပထား၊ လောက၏ သရုပ်သကန်ကို အမှန်အကန် လှစ်ဟပြနေသည်ဟု ထင်သည်။

လောကတွင် လူတိုင်းလူတိုင်း အောင်မြင်လိုကြသည်။ ကိုယ်အောင်မြင်ချင်သလို သူများတွေလည်း ကိုယ့်လို စိတ်ဓာတ်မျိုး ရှိသည်ကို သတိပြုဖို့လိုသည်။ လူတစ်ဦးတစ်ယောက် အောင်မြင်ပြီဆိုလျှင် သူ ရုန်းကန်ခဲ့ရသောအနေအထားကို ပြန်ကြည့်ပါက သူနှင့်အနီးကပ် သို့မဟုတ် စိတ်တူကိုယ်တူသမားများ၏ အားပေးချီးမွမ်းမှုများက အလွန်အရေးပါခဲ့သည်ကို တွေ့ရမည် ဖြစ်လေသည်။

“ကိုယ့်ဒူးကိုယ်ချွန် ဘ၀ကို တည်ဆောက်သည်ဆိုသော စကားမှာ အဓိပ္ပာယ်မရှိ၊ လောကတွင် တစ်ဦးအကူအညီကို တစ်ဦးက ကူညီဖြည့်ဆီးပေးရင်းဖြင့်သာ ဘ၀အောင်ပန်းကို တက်လှမ်းနိုင်ကြသည်”ဆိုသော အဆိုအမိန့်တစ်ခုကို ဖတ်ရဖူးသည်။ “ကိုယ့်ဒူးကိုယ်ချွန်”ဆိုသော စကားမှာ အောင်မြင်သူတစ်ဦး၏ ပုဂ္ဂလိက အထူးကြိုးစားမှုကို ရှေ့တန်းတင်ပြောလို၍ သုံးနှုန်းဟန်တူသည်။

အမှန်အားဖြင့် ကိုယ်တစ်ယောက်တည်းဖြင့် ဘ၀အောင်ပန်းကို ဆွတ်ခူးနိုင်လိမ့်မည်မဟုတ်သည်မှာ သေချာသည်။ တစ်ဦးကိုတစ်ဦး ကူညီဖြည့်ဆီးပေးခြင်းရှိမှသာ လိုရာပြည့်နိုင်ပေမည်။ ကူညီခြင်းဆိုသည်မှာ ရုပ်ဝတ္ထုအားဖြင့် ကူညီခြင်း၊ စိတ်ပိုင်းဆိုင်ရာအရ ကူညီခြင်းဟု နှစ်မျိုးရှိရာ စိတ်ပိုင်းဆိုင်ရာ ကူညီခြင်းက ပိုမို အကျိုးသက်ရောက်စေမည်ဟု ထင်သည်။

မိမိဘ၀တက်လမ်းတစ်လျှောက် မိမိနေထိုင်ရာဝန်းကျင်မှ မိဘ၊ အစ်ကို၊ အစ်မ၊ မောင်…စသော မိသားစုဝင်များ၊ ဆွေမျိုးများ၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၏ စိတ်ပိုင်းဆိုင်ရာ ကူညီစောင်မမှုမှာ အထူးလိုအပ်သည်။ အားလုံး၏ ကဲ့ရဲ့မှု၊ အထင်သေးမှုများ ၀န်းရံထားသူသည် အထက်သို့ တက်ဖို့ ခက်ခဲနေမည်။ ဆက်စပ်ပတ်သက်ရာဝန်းကျင်မှ ချီးမွမ်းသံများသည် ဘ၀အောင်မြင်ရေးလမ်းတစ်လျှောက် အားဆေးများသဖွယ် ဖြစ်နေပါလိမ့်မည်။

ကဲ့ရဲ့ခြင်းသည် စိတ်ဓာတ်ကြံ့ခိုင်ပြီးသော အောင်မြင်သူတို့အတွက် သူတို့ဘ၀ကို ယိုင်နဲ့မသွားစေနိုင်သော်လည်း အရာရာကို ခက်ခက်ခဲခဲ ကြိုးစားတည်ဆောက်နေရသူအတွက်ဆိုလျှင် “ရေနစ်သူကို ၀ါကူးထိုးပေး”ဆိုသလို ဖြစ်တတ်ပါသည်။ မိဘလုပ်သူ၊ ဆရာလုပ်သူတို့အနေဖြင့် မိမိတို့၏သားသမီး၊ တပည့်များကို ကိုင်တွယ်ဆုံးမရာတွင် ယင်းအချက်ကို အထူးသတိထားဖို့ လိုပါသည်။

ပြင်သစ်စာရေးဆရာမကြီး ဒီဗူးဗွား၏ ၀တ္ထုတစ်ပုဒ်ထဲက အမျိုးသမီးတစ်ဦးသည် သူ့သားကို သူများတွေထက် တော်စေချင်သည်။ တတ်စေချင်သည်။ သူ့သားကို ဘယ်သောအခါမှ အားမရ။ ထိုအားမရစိတ်ဖြင့် “အသုံးမကျသူ၊ ညံ့ဖျင်းသူ၊ ဘယ်တော့မှ ကြီးပွားမယ့်သူ မဟုတ်ဘူး”စသော ကဲ့ရဲစကားလုံးများဖြင့် ငယ်စဉ်ကတည်းက အမြဲတမ်း ဆူပူပြောဆိုခဲ့သည်။ ထို့ကြောင့် သူ့သားသည် သူ့စကားလုံးများအတိုင်း တဖြည်းဖြည်း အသုံးမကျသူ၊ ညံ့ဖျင်းသူ၊ ကျရှုံးသူ ဖြစ်လာခဲ့သည်။

ဆက်လက်ဖော်ပြပါမည်.......