Sunday, April 4, 2010

ရဟန်းတော်များ၏ အမွေအနှစ်

အခန်း (၂) အဆက်

မြတ်စွာဘုရားရှင်သည် ရဟန်းသံဃာတော်များကို စုဝေးစေပြီး မူလဥပဒေသကို ``ရဟန်းတို့ အခု ဥပဒေအသစ်တွေကို အ၀န္တိတိုင်းမှာသာမက အခြားတိုင်းပြည်ဒေသအားလုံးတို့မှာလည်း အကျုံးဝင်စေ၊ ဤအလယ်ပိုင်းဒေသမှာတော့ အရင်အတိုင်းသာ တည်စေ´´ဟု ပြောင်းလဲပြင်ဆင်ပေးခဲ့ပါ၏။ ထို့ကြောင့် ယနေ့အခါတွင် ရဟန်းခံသောအခါ သံဃာငါးပါးရှိလျှင် ရဟန်းခံနိုင်၏။ ထိုငါးပါးအနက် အနည်းဆုံး တစ်ပါးက ၀ိနည်းကျွမ်းကျင်လျှင် ပြီးမြောက်နိုင်၏။ အထပ်များစွာပါသော ဖိနပ်စီးခွင့်၊ မကြာခဏရေချိုးခွင့်နှင့် သားရေနယ်အခင်းအသုံးပြုနိုင်ခွင့်များ ရရှိနေပြီ ဖြစ်ပါသည်။ (မှတ်ချက်…..အ၀န္တိတိုင်းမှာ ရဟန်းသံဃာရှားပါးသောကြောင့် မြတ်စွာဘုရားက ငါးပါးဆို ရပြီဟု ခွင့်ပြုလိုက်၏။ ရဟန်းသံဃာများ များပြားလှသော မြန်မာနိုင်ငံဆိုလျှင် ငါးပါးနှင့်ရဟန်းခံခွင့် မြတ်စွာဘုရား မပေးခဲ့လောက်သည်မှာ ထင်ရှား၏။ သေသေချာချာလေ့လာလေ `ဥပဒေဟာ ဥပဒေထက် မပို´ဆိုသော စကားမှာ ထင်ရှားလာ၏)။

အစားအသောက်နှင့်စပ်လျဉ်းသော ဥပဒေသများကို ငတ်မွတ်ခေါင်းပါးသောကာလများတွင် ရဟန်းတော်များ အဆင်ပြေစေရေးအတွက် လျှော့ပေါ့ပြင်ဆင်၊ ပြောင်းလဲပေးခဲ့သည်များကို မဟာဝဂ္ဂ၊ ဘေသဇ္ဇခန္ဓကတွင် ထင်ရှားစွာ တွေ့ရ၏။ ကနဦးပိုင်းတွင် မြတ်စွာဘုရားသည် ကျောင်းအတွင်း အစားအသောက်များ သိမ်းဆည်းခွင့်နှင့် ကျောင်းဝင်းအတွင်း ချက်ပြုတ်ခွင့်ကို ဥပဒေပညတ်ထားပြီး ပိတ်ပင်ခဲ့သည်။

ရာဇဂြိုဟ်တွင် အငတ်ဘေးဆိုက်ရောက်သောအခါ ဘုရားရှင်ကိုယ်တိုင် ပြန်လည်ပြင်ဆင်ပေးခဲ့သည်။ ငတ်မွတ်ခေါင်းပါးဘေးကျရောက်စဉ်အတွင်း ဒါယိကာ၊ ဒါယိကာမများသည် ဆန်၊ ဆီ၊ ဆားကဲ့သို့သော အစားအသောက်များ ကျောင်းသို့ ယူဆောင်းပေးကြသည်။ ထိုအခါ ရဟန်းတော်များသည် `ကျောင်းအတွင်း မသိမ်းရ၊ မချက်ရ´ဟု ဥပဒေရှိသောကြောင့် ကျောင်းအပြင်တွင် သိမ်းဆည်းပြီး ချက်ပြုတ်စားသောက်ကြသည်။ ကြွက်များ၊ ကြောင်များနှင့် အခြားသောတိရစ္ဆာန်များက လာရောက်စားသောက်ပစ်ကြခြင်း၊ ငတ်မွတ်သောလူများနှင့် သူခိုးများက ခိုးယူသွားကြခြင်းများနှင့် ကြုံခဲ့ကြရသည်။ မြတ်စွာဘုရားသည် ဤအခြေအနေကို သိရှိသောအခါ ကျောင်းဝင်းအတွင်း သိမ်းဆည်းခွင့် ပေးခဲ့သည်။ ရဟန်းတော်များလည်း ခွင့်ပြုချက်အတိုင်း လုပ်ဆောင်ကြသည်။ သို့သော်လည်း ကျောင်းအပြင်ပတွင် ချက်ပြုတ်ကြသဖြင့် ဆာလောင်နေသောလူများ လာရောက်ကြည့်ရှုနေကြသောကြောင့် အမြင်မတော်၍ ရဟန်းတော်များမှာ စိတ်ချမ်းချမ်းသာသာဖြင့် မစားမသောက်နိုင် ဖြစ်နေကြရပြန်ပါ၏။

နောက်ပိုင်းတွင် မြတ်စွာဘုရားသည် ကျောင်းဝင်းအတွင်းမှာပင် ချက်ပြုတ်ဖို့ ပြင်ဆင်ခွင့်ပြုပေးခဲ့သည်။
တစ်ဖန် ငတ်မွတ်ခေါင်းပါးဘေးကျရောက်စဉ်အတွင်း အလှူခံရရှိလာသော အစားအသောက်များကို စီမံစောင့်ရှောက်သူများက အလွဲသုံးစား ပြုလုပ်ကြပြန်သဖြင့် ရဟန်းတော်များမှာ စားသောက်စရာ အနည်းငယ်မျှသာ ရရှိနေကြပါသည်။ (မှတ်ချက်…..မြတ်စွာဘုရားရှင်ကိုယ်တိုင် ကျောင်းပေါ်မှာ သက်တော်ထင်ရှားရှိနေပါလျှက် အလွဲသုံးစားပြုရဲသူရှိလျှင် ဘုရားနှင့်ဝေးပြီဖြစ်သော နှစ်ပေါင်း ၂၅၀၀-ကျော်က လူတွေ နာဂစ်မှာ ဖြတ်ရိတ်တာ အပြစ်မဆိုသင့်ပါချေ၊ ဒီခေတ်ဂေါပကများနှင့် ဘုရားတည်ပြီး ဘိုးတော်ယောင် ဘာယောင်ယောင် ဘုန်းကြီးများကိုလဲ ခွင့်လွှတ်သင့်ပါ၏)

ထိုအကြောင်းစုံကို သိရှိလာသောအခါ မြတ်စွာဘုရားသည် `ကိုယ့်အစားအသောက် ကိုယ့်ဟာကို ကျောင်းထဲမှာ ချက်ကြ´ဟု ခွင့်ပြုတော်မူခဲ့ရပြန်ပါသည်။ ထိုနည်းတူစွာ အစားအသောက်နှင့်ပတ်သက်သော အခြားဥပဒေသအနည်းငယ်ကိုလည်း အဆိုပါကာလအတွင်းမှာ လျှော့ပေါ့ပေးခဲ့ပါသည်။ ၀ိနည်းပိဋကကို စေ့ငုသေချာစွာ ဖတ်ရှုကြည့်လျှင် စည်းမျဉ်းဥပဒေများကို အချိန်အခါနှင့်နေရာဒေသအားလျော်စွာ စီးပွားရေးနှင့် လူမှုရေးအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြဓာန်းပေးခဲ့၊ ပြင်ဆင်ပြောင်းလဲပေးခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။

မြတ်စွာဘုရား ရဟန်းတော်များကို ထိန်းချုပ်ဖို့အသုံးပြုခဲ့သော နည်းစနစ်သည် လုံးဝ ဒီမိုကရေစီနည်းကျပါ၏။ မြတ်စွာဘုရားသည် ရဟန်းတော်များအတွက် လုံးဝအငြင်းပွားစရာမရှိသော ဆရာအရှင်တစ်ဆူဖြစ်သော်လည်း ရဟန်းတော်များအပေါ်တွင် ပြင်းထန်သောအာဏာဖြင့် ချုပ်ကိုင်ထားဖို့ ဘယ်သောအခါမှ ဆန္ဒမရှိခဲ့ပါချေ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံခင် လအနည်းငယ်အလိုလောက်တွင် အရှင်အာနန္ဒာကို မိန့်တော်မူခဲ့ဖူးသည်။ `အာနန္ဒာ..ငါဘုရားဟာ သံဃာ့အဖွဲ့အစည်းကြီးကို ဦးဆောင်ဖို့ ဆန္ဒမရှိဘူး၊ သံဃာ့အဖွဲ့အစည်းကြီးကလည်း ငါဘုရားကို မှီခိုနေရတာကိုလည်း မလိုလားဘူး´ဟု မိန့်တော်မူခဲ့သည်။

ထို့အပြင် တရားကိုသာ ကိုးကွယ်ရာအဖြစ်ထားရှိဖို့၊ ကိုယ့်အားကိုယ် ကိုးကြဖို့၊ အခြားတွင် ကိုးကွယ်ရာ မရှာဖို့ သြ၀ါဒပေးတော်မူခဲ့သည်။

ထိုကဲ့သို့ ဆုံးမသြ၀ါဒပေးတော်မူခဲ့ခြင်းမှာ ဒီမိုကရေစီနည်းအရ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံကို သဘောကျနှစ်ခြိုက်သော မျိုးနွယ်စုဝင် တစ်ဦးဖြစ်သည့်အတိုင်း မြတ်စွာဘုရားရှင်သည် ဒီမိုကရေစီနည်းကျသော အတွေးအခေါ်အယူအဆများကို စိတ်ဝင်တစား ရှိခဲ့ပုံရလေသည်။ မြတ်စွာဘုရားရှင်သည် သူ၏ သံဃာ့အဖွဲ့အစည်းကို လွတ်လပ်ပြီးတရားမျှတစွာ ထွန်းကားနေသည်ကို တွေ့မြင်လိုခဲ့သည်။ အခြေအနေနှင့် အချိန်အခါအားလျှော်စွာ စည်းမျဉ်းဥပဒေများ အံဝင်ခွင်ကျဖြစ်နေသည်ကို တွေ့မြင်လိုခဲ့သည်။

ဝိနည်းကို အမှန်တရားဟု မည်သူ ပြောနိုင်သနည်း။ အမှန်မှာ ၀ိနည်းဟူသည် အမှန်တရားမဟုတ်၊ လောကလူ့အဖွဲ့အစည်း၊ ရဟန်းအဖွဲ့အစည်းတွင် အစီအစဉ်တကျ၊ အဆင်ပြေချောမွေ့စေရန်အတွက် သဘောတူသက်မှတ်ထားသော (ချမှတ်ထားသော) ပညတ်ချက်တစ်ရပ်မျှသာ ဖြစ်ပါသည်။ အမှန်တရားမဟုတ်၍သာ မြတ်စွာဘုရားရှင်သည် အခြေအနေနှင့် နေရာဒေသအားလျော်စွာ လူမှုရေး၊ စီးပွားရေးအပြောင်းအလဲများအရ ဆောင်ရွက်သင့်သည့်အခါများတွင် သင့်လျော်သော ၀ိနည်းဥပဒေများကို ပညတ်ခဲ့သည်၊ ပြောင်းလဲမှုများလည်း ပြုခဲ့သည်၊ ဖြည့်စွက်သင့်သည်များကိုလည်း ဖြည့်စွက်ခဲ့သည်။

သို့ဖြစ်၍ မြတ်စွာဘုရားရှင်သည် အနီးကပ်ပြုစုစောင့်ရှောက်သူ အရှင်အာနန္ဒာကို “သံဃာတော်များကသာ ဆန္ဒရှိလျှင် အသေးအမွှား ဥပဒေများကို ပယ်နိုင်၊ ဖြုတ်နိုင်ကြောင်း” ဘ၀ခရီးအဆုံးသတ်ခါနီးတွင် မိန့်တော်မူသွားခဲ့သည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails