Labels

Friday, March 12, 2010

ဟိုးရှေးရှေးတုန်းကနှင့် ယနေ့


ဟိုးရှေးရှေးတုန်းက အလောင်းမင်းတရားကြီးဟု ကျော်ဇောသော မင်းတစ်ပါးရှိခဲ့ဖူး၏။ ထိုမင်းလက်ထက်တွင် အမိန့်တော်ပြန်တမ်းတစ်ခုကို ထုတ်သတဲ့။ ထိုအမိန့်တော်ပြန်တမ်းကား ဤသို့ဖြစ်၏။ “ဤနိုင်ငံတော်အတွင်း၌ နေထိုင်သီတင်းသုံးကြသော ရဟန်းသံဃာတော်တို့သည် မင်းဆရာ၏အလိုသို့သာ လိုက်၍ ကျင့်ကြံနေထိုင်ကြရမည်”ဟူ၍။ (ထိုခေတ်က အတင်ဂိုဏ်း၊ အရုံဂိုဏ်းဟု ကွဲပြားနေ၏။ မင်းဆရာတော်မှာ အတင်ဂိုဏ်းဝင်ဖြစ်၏။ ဤကား စကားချပ်)

သို့သော်လည်း အချို့သော သံဃာတော်များက ထိုအမိန့်ကို ဖီဆန်ကြ၏။ “ဒို့ကတော့ မင်းဆရာမကလို့ ဘာဆရာပဲဖြစ်ဖြစ်၊ သူတို့အလိုမလိုက်နိုင်၊ ငါတို့ဆရာအစဉ်အဆက်လမ်းစဉ်အတိုင်း မြို့ရွာတွင်းဝင်လျှင် သင်္ကန်းရုံပြီး ၀င်ကြရမယ်”ဟု တပည့်များကို ဆုံးမကြသတဲ့။

မင်းဆရာတော် အတုလယသကလည်း သူ့မှာ အာဏာရှိသည်မဟုတ်လား။ ထိုကဲ့သို့ ဆန့်ကျင်သော ဆရာတော်နှစ်ပါးကို အာဏာပါဝါပြလို၏။ သို့ဖြစ်၍ ရှေ့တော်မှောက်သို့ ဆင့်ခေါ်လိုက်၏။ “သင်တို့သည် ငါတို့၏ ဘုရင်မင်းမြတ်အမိန့်တော်ကို ဖီဆန်သည်။ ဒါကြောင့် သဲဒဏ်ထမ်းကြစေ”ဟု ဒဏ်ခတ်လိုက်သတဲ့။

ထိုအခါ မထေရ်ကြီးနှစ်ပါးမှာ အာဏာရှိသူတို့ ပေးလိုက်သော အပြစ်ဒဏ်ဖြစ်၍ မလွန်ဆန်နိုင်။ သို့ရာတွင် ငြီးငြူခွင့်လေးရှိသေးသဖြင့် အောက်ပါအတိုင်း ငြီးငြူကြသည် ဟူ၏။
“ဘုရားဟောတရားနှင့်အညီ ကျင့်ကြံနေထိုင်သော ငါတို့ကို ဒီလို ပြစ်ဒဏ်ပေးတယ်ဆိုတာ လုံးဝမသင့်တော်ဘူး။ လောကကြီးက ဘာတွေ ဖြစ်ကုန်တာလဲ။ အံ့သြစရာကောင်းလိုက်တာကွာ”ဟု ငြီးတွားကြသတဲ့။

တစ်နေ့သောအခါ ဘုရားအလောင်းတော်ကြီးဟု ကျော်ဇောသော အလောင်းမင်းတရားကြီးသည် အမတ်ကြီးများဘက်သို့လှည်ပြီး “မောင်မင်းတို့ ငါထုတ်ထားတဲ့အမိန့်အတိုင်း ဘုန်းကြီးတွေ နေကြရဲ့လားကွ။ မင်းဆရာလို့ ငါခန့်ထားတဲ့ အတုလယသကြီးစကားကိုရော ဘုန်းကြီးတွေ နားထောင်ကြသလားကွ”ဟု မေးမြန်းတော်မူလေ၏ဟူ၏။

ထိုအခါ အမတ်တို့က “အချို့တော့ လိုက်နာကြပါတယ်။ အချို့ကတော့ မြို့ရွာတွင်းဝင်ရင် သင်္ကန်းတွေရုံပြီး ၀င်နေကြောင်းပါဘုရာ့။ အဲဒီထဲမှာ ဟို ဦးမုနိန္ဒဃောသကတော့ အဆိုးဆုံးပါပဲ့ဘုရာ့။ သူဟာ တပ်ချုပ်ကြီးနဲ့ ဂိုဏ်းချုပ်ကြီးရဲ့အာဏာကို ပေါ်ပေါ်တင်တင် ဆန့်ကျင်နေကြောင်းပါဘုရာ့”ဟု လျှောက်တင်ကြသည် ဟူသတတ်။

အလောင်းမင်းတရားကြီးသည် ဦးမုနိန္ဒကို သုဓမ္မာဇရပ်သို့ ဆွမ်းစားပင့်လိုက်၏။ သူ့ဆရာ ဂိုဏ်းချုပ်ကြီးတို့နှင့် တွေ့ပေး၏။ မင်းဆရာဂိုဏ်းချုပ်ကြီးတို့မှာ အလောင်းမင်းတရားကြီး စိတ်တော်ကျေနပ်တော်မူအောင် ဦးမုနိန္ဒကို ကျမ်းဂန်လွတ် ဆုံးမကြလေ၏။ မင်းဆရာ ဂိုဏ်းချုပ်ကြီးတို့ ဆုံးမစကားမှာ အောက်ပါအတိုင်း ဖြစ်၏။
“ကိုယ်တော် မြန်မာတစ်နိုင်ငံလုံး မင်း(ကြီး၏)ဆရာ ငါ့စကားအတိုင်း ကျင့်ကြံနေထိုင်ကြတယ်။ ကိုယ်တော်တစ်ပါးပဲ မြို့ရွာတွင်းဝင်ရင် သင်္ကန်းရုံတော့တယ်။ ဘာဖြစ်လို့ ဒီလောက်ထိ မာနတွေ ခတ်ထန်နေရတာလဲ။ ဒီသင်္ကန်းရုံတဲ့ ၀ါဒကြီးကို စွန့်လိုက်ပါတော့လား”ဟု ဆုံးမ၏။

ထိုအခါ ဦးမုနိန္ဒဃောသသည် မင်းဆရာ၏ မျက်နှာကို စေ့စေ့ကြည့်ပြီး “ဟိုးရှေးရှေးတုန်းက သင့်ဟာ သိက္ခာရှိရှိ ကိုယ်တော်ကြီးတစ်ပါး၊ ဘုရားမျက်နှာ၊ သာသနာ့မျက်နှာကိုပဲ ကြည့်တဲ့ကိုယ်တော်ကြီးတစ်ပါး ဖြစ်တယ်လို့ ငါကြားဖူးတယ်။ အခုတော့ တစ်ခြားစီပဲ။ အရှင်ဘုရားက တပည့်တော်ကို ကိုးကွယ်မဲ့နေတဲ့ ဆရာမရှိသူလို့ ထင်လို့ ဒီလို ဆုံးမလိုက်တာထင်တယ်။ တပည့်တော် ပြောချင်ပြောပါ။ ရပါတယ်။ တပည့်တော်ရဲ့ဆရာ့မျက်နှာကိုတော့ ထောက်ထားသင့်ပါတယ်”ဟု ဆိုလိုက်၏။

ထိုအခါ မင်းဆရာ ဦးယသက “အောင်မာ ကိုယ်တော့်မှာ ဆရာရှိတယ်ဆိုပါလား၊ ဘယ်သူလဲ”ဟု မေးလိုက်၏။ ဦးမုနိန္ဒဃောသလည်း ချက်ချင်းပင် လက်ကတော့ထိုး၊ ဆောင့်ကြောင့်ထိုင်ပြီး သံဃာ့အလယ်တွင် ဆင်းတုတော်ကို ရှိခိုးပြီး
“အရှင်ဘုရား တပည့်တော်သည် အသက်ပင်သေသေ၊ တပည့်တော်၏ အသက်ကိုသာ စွန့်ပါမည်၊ အရှင်ဘုရားပညတ်ထားသော သိက္ခာပုဒ်တော်ကိုတော့ မစွန့်ပါဘုရား”ဟု လျှောက်ထားလိုက်လေသတဲ့။

မင်းဆရာဦးယသမျက်နှာ ဘယ်သို့ရှိမည်ကို သမိုင်းစာအုပ်တွင် ပြမထား၍ မသိရသော်လည်း အလောင်မင်းတရားကြီးကား ဒေါသအမျက်တော် ချောင်းချောင်းကြီး ထတော်မူလေသည်ဟူ၏။
“ဒီလောက် ပြောရဆိုရကျပ်တဲ့ မာနခတ်ထန်တဲ့ကိုယ်တော် ငါ့တိုင်းပြည်မှာ မရှိသင့်ဘူး၊ တိုင်းပြည်က နှစ်ထုတ်ကြစမ်းကွာ”ဟု အမျက်တော်ရှပြီး အမိန့်တော်ချမှတ်တော်မူလိုက်၏။

ဦးမုနိန္ဒဃောသကား အာဂအာဇာနည်တည်း။ တိုင်းပြည်က နှင်ထုတ်လိုက်သော်လည်း ရောက်ရာအရပ်တွင် မြို့ရွာတွင်းသို့ ၀င်လျှင် သင်္ကန်းရုံ၍ ၀င်၏။ မိမိ၏ တပည့်များကိုလည်း သင်္ကန်းရုံဖို့ ဆုံးမမြဲ ဆုံးမ၏။

ထိုသတင်းကို ကြားရသော ဘုရားအလောင်းတော်ဟု ကျော်ကြားတော်မူသော အလောင်းမင်းတရားကြီးသည် စိတ်ဆိုးတော်မူ၏။ စိတ်ဆိုးဆိုးဖြင့် “မောင်မင်းတို့ အဲဒီကိုယ်တော်ကို ဆွမ်းစားပင့်ကြစမ်းကွာ”ဟု အမိန့်တော် ပေးလိုက်၏ဟူ၏။

မင်းချင်းတို့ လာပင့်သောအခါ ဦးမုနိန္ဒလည်း ဘုရားအလောင်းကြီး၏ အထာကို နပ်ပြီးသားဖြစ်၍ သဘောပေါက်လိုက်၏။ ထိုသို့ သဘောပေါက်သဖြင့် မိမိကိုယ်ကို လူဝတ်လဲလိုက်၏။ လူဝတ်ဖြင့် ရှေ့တော်မှောက် ရောက်လာ၏။ ဘုရားအလောင်းကြီးမှာ အံ့အားသင့်သွား၏ (အတင်းအဓမ္မလူချွတ်ဖို့ အကြံပျက်သွားသောကြောင့် ထင်၏။ ဤကား စကားချပ်)။

ထိုအခါ ဦးမုနိန္ဒဃောသကို “ကိုယ်တော် ဘာဖြင့်လို့ ဒီကို လူထွက်ပြီး လာရတာလဲ”ဟု မေး၏။ “အေး ငါ့လို ပုဂ္ဂိုလ်မျိုးကို ပြစ်မှားလျှင် သင်ငရဲကြီးမှာစိုးလို့ သင်ငရဲမကြီးရအောင် လူဝတ်လဲပြီး သင်ပေးတဲ့အပြစ်ကို ခံယူဖို့ လာခဲ့တာပါ“ဟု ပြန်ဖြေလိုက်သည်ဟူ၏။ (လေးစားစရာ နှလုံးသားပါတကား။ ဤကား စကားချပ်)။

“မောင်မင်းတို့ ဒီလူထွက်ကို အကျဉ်းချလိုက်ကြစမ်း”

အထက်ပါအတိုင်း အမိန့်ပေးပြီး ယိုးဒယားသို့ စစ်ချီသွားရာ ပြန်ရောက်မလာခဲ့တော့ပေ။

(ပုံပြင်လေးကား ဤမျှသာ။ သို့သော်လည်း ၂၁-ရာစုတွင် ဤသို့သော ပုံပြင်တွေများစွာ ဖြစ်နေခဲ့သည်။ ရှိနေခဲ့သည်။ ၂၁-ရာစုပုံပြင်တွင် အလောင်းမင်းတရားကား တပ်ချုပ်ကြီးတို့အဖွဲ့၊ ဦးယသတို့အဖွဲ့ကား မဟနအဖွဲ့၊ ဦးမုနိန္ဒဃောသတို့အဖွဲ့ကား သိန်းချီသော စက်တင်ဘာကိုယ်တော်များနှင့် နအဖအထောက်အပံ့အားလုံးကို ငြင်းပယ်သော သံဃာတော်များတည်း။ ဤသို့ ဇာတ်ကောင်များ ပြောင်းယူလျှင်ပင် ၂၁-ရာစုက ပုံပြင်သည် ပြီးပြည့်စုံပြီ ဖြစ်တော့သည်။ ဤကား စကားချပ်)။

3 comments:

Nge Naing said...

ဒီအကြောင်း အရင်က တခါမှ မကြားဖူးဘူး၊ အခုမှ ကြားဖူးပါတယ်။ ဗဟုသုတ ရလို့ ကျေးဇူးတင်ပါတယ်ဘုရား။ ဒါပေမဲ့ ဒီလို အရေးကြီးတဲ့ အကြာင်းအရာကို ရေးရင် ထည့်သွင်းဖေါ်ပြထားတဲ့ အချက်အလက်ကို ဘယ်ကကိုးကားတယ်ဆိုတာတော့ ထည့်ဘို့လိုလိမ့်မယ်လို့ တပည့်တော်မ အကြံပြုချင်ပါတယ်ဘုရား။

အရှင်ကုသလသာမိ said...

ဟုတ်ပါတယ် မငယ်နိုင်။ ဒီအကြောင်းအရာက ဦးဇင်းတို့ သာသနာ့ဘောင်မှာတော့ တော်တော်လေး လူသိများပါတယ်။ ဒါကြောင့်မို့ မထည့်ဖြစ်တာ။ သိချင်တဲ့သူတွေအတွက်တော့ ဘုရားဖြူဆရာတော်ရဲ့ သာသနဗဟုဿုတပကာသနီကျမ်း၊ စာမျက်နှာ ၁၀၄ ကနေ ၁၀၈ တို့မှာ ဖတ်ရှုနိုင်ကြပါတယ်။

Targeted Web Traffic said...

Buy real human website traffic at TargetedWebTraffic.com now and you will receive 24 hours a real human, targeted visitors you need, at a reasonable price, with daily customer support