Dictionary/အဘိဓာန်

Blogspot Dictionary

Blogspot Dictionary

Wednesday, December 9, 2009

ကမ္မဋ္ဌာန်းထိုင်နည်း

ပုံတွင် ပြထားသည့်အတိုင်း ခန္ဓာကိုယ်တွင် တဘက်ဖြူတစ်ခုကို သိုင်း၍ထားပါ။ အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊ အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။ ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။ (မှတ်ချက်….မျက်စိနှင့်ပတ်သက်၍ မြေဇင်းဆရာတော်ဘုရားကြီးက မျက်စိကို မှိတ်ရုံသာမက ပဝါကိုပါ စည်းပေးဖို့ ညွှန်ကြားထားသည်။)

နှာသီးဝအဖျားတွင် ထွက်လေဝင်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ တစ်ဖန် ဝင်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ဝင်လေဟု မှတ်လိုက်ခြင်းသည် အာနာပါနကမ္မဋ္ဌာန်းတရား အားထုတ်သည်မည်ပါတော့သည်။

ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး တစ်နာရီကျော်ခန့် သို့မဟုတ် ၅-၆ ပတ်ခန့်ထိုင်ပါ။ တစ်ပတ်ဆိုသည်မှာ အဋ္ဌကထာဆရာပြသည့်နည်းအတိုင်း ဂဏန၏အစွမ်းဖြင့် ထွက်လေဝင်လေ- ၁၊ ထွက်လေဝင်လေ- ၂၊ ထွက်လေဝင်လေ- ၃၊ ထွက်လေဝင်လေ- ၄၊ ထွက်လေဝင်လေ-၅၊ ထွက်လေဝင်လေ- ၆၊ ထွက်လေဝင်လေ- ၇၊ ထွက်လေဝင်လေ- ၈ ဟု ရေတွက်၍ ရှုမှတ်ပါ။ ရှစ်သို့ ရောက်လျှင် ဘယ်ဘက် ဒူးတွင် မှတ်၍ထားပါ။ ဒုတိယရှစ်ပြီးလျှင် ဘယ်တံတောင်မှာ မှတ်၍ ထားပါ။ တတိယရှစ်ကို ဘယ်ပုခုံး၊ စတုတ္ထရှစ်ကို ဘယ်နား၊ ပဉ္စမရှစ်ကို ဘယ်ချိုစောင်း၊ ဆဋ္ဌရှစ်ကို ညာချိုစောင်း၊ သတ္တမရှစ်ကို ညာနား၊ အဋ္ဌမရှစ်ကို ညာပုခုံး၊ နဝမရှစ်ကို ညာတံတောင်၊ ဒသမရှစ်ကို ညာဒူးဟု မှတ်သားပြီး ရှုမှတ်အားထုတ်ရမည်။ ဘယ် ၅-ဌာန၊ ညာ ၅-ဌာနအားဖြင့် ၁၀-ဌာနဖြစ်ပါသည်။ ၎င်း ၁၀-ဌာနမှာ တစ်ဝါရ သို့မဟုတ် တစ်ပါတ်ဖြစ်ပါသည်။ တစ်ပါတ်လျှင် အသိအမှတ်ပေါင်း ၈၀-ဖြစ်သည်။ ၅-ပါတ်ပြည့်လျှင် အသိအမှတ်ပေါင်း ၄၀၀-ဖြစ်လေတော့သည်။ ဤကား တစ်ဝါရသာ တင်နိုင်သော ယောဂီများအတွက် ဖြစ်ပါသည်။

အချို့ အလွန်သန့်ရှင်းစွာ အားထုတ်နိုင်သော ယောဂီထူးများလည်း ရှိပါသည်။ တစ်ဌာနလျှင် ရှစ်နှစ်ကြိမ်စီ နှစ်ဝါရတင်၍လည်းကောင်း၊ ရှစ်သုံးကြိမ်၊ လေးကြိမ်စီ သုံးဝါရလေးဝါရတင်၍လည်းကောင်း၊ တချို့ ဆယ်ဝါရအထိတင်၍လည်းကောင်း အားထုတ်နိုင်ကြပေသည်။ ထိုယောဂီတို့မှာ မြန်မြန်ရလွယ်ခြင်း သက်သာခြင်းများဖြစ်၍ သတိမြဲကြရလေသည်။

အထူးမှာ ရှစ်ရောက်အောင် အားထုတ်ရမည်ဆိုသော်လည်း တစ်မှစ၍ ရှစ်အထိ ရေတွက်စဉ် အကြားတွင် မမှားမယွင်း အတွေးမဖက် သန့်ရှင်းစွာအားထုတ်ရေတွက်နိုင်မှသာ ဌာနဝါရတင်၍ မှတ်ရမည်။ မသန့်ရှင်းဘူးဟုထင်လျှင် အရေအတွက်စာရင်း မသွင်းသင့်ပါ။ တစ်ကပြန်စ၍ ရေတွက်မှတ်ရှုပါ။ အကျယ်ကို သိလိုလျှင် ယောဂီပါရဂူကျင့်စဉ်ကျမ်း၊ ကျွန်ုပ်တို့ရေးသားသော အာနာပါနပါရဂူကျမ်းကြီးများတွင် လေ့လာဖတ်ရှုနိုင်ပါသည်။

မှတ်ချက်….ဤကျမ်းတွင် တစ်မှရှစ်အထိ အရေအတွက်ကို ဘယ်ဒူး၊ ဘယ်တံတောင်၊ ဘယ်ပုခုံး၊ ဘယ်နား၊ ဘယ်ချိုစောင်း၊ ညာချိုစောင်း၊ ညာနား၊ ညာပုခုံး၊ ညာတံတောင်၊ ညာဒူးဟု ဆယ်ဌာနထား၍ ရေတွက်ခိုင်းထားသည်။ ယခုတင်ပြသူကို နည်းပေးလမ်းပြခဲ့သော ဆရာတော်ဦးဇနိတကမူ ဘယ်လက်ကောက်ဝတ်၊ ……..ညာလက်ကောက်ဝတ်ဟု ဆယ်ဌာနထား၍ ရှုမှတ်ခိုင်းခဲ့သည်။ အမှန်စင်စစ် နေရာထားမှုသည် အရေးမကြီးလှပါ။ အဓိကမှာ သတိမြဲဖို့သာ လိုရင်းဖြစ်ပါသည်။

No comments: