Wednesday, April 23, 2014

ဂျာမဏီခရီးနိဒါန်း (၂)

နေရာအတော်များများကို ခရီးထွက်ဖူးသည်။ တစ်ခါမှ မရောက်ဖူးသေးသောနေရာများလည်း ပါဝင်သည်။ သို့ရာတွင် ဂျာမဏီနိုင်ငံရောက်စအချိန်မှာ ခံစားရသောခံစားချက်နှင့် လားလားမျှ မတူနိုင်။ အားတင်းထားသော်လည်း အားငယ်စိတ်များ ဝင်လာခဲ့သည်။ တောကြီးမျက်မည်းထဲ တစ်ကိုယ်တည်း ရောက်နေရသလို ခံစားမိသည်။ ကိုယ့်ကိုယ်ကို အတော်ဟုတ်လှပြီထင်ခဲ့သည်မှာ မှားလေသည်။ တစ်ခုဖြေစရာရှိသည်မှာ အိမ်လွမ်းဝေဒနာ၊ အထီးကျန်မှုများသည် တွေ့ကြုံရရှိခဲ့သောအတွေ့အကြုံကြောင့် ခဏမျှသာ ပေါ်လာတတ်ခြင်း ဖြစ်လေသည်။ လောလောဆယ်ဝတ်ဖို့ဆိုပြီး အနွေးထည်များ၊ ခြေအိတ်များ၊ လက်အိတ်များ၊ ခေါင်းစွပ်များ လာပေးသည်။ မနက် ၈ နာရီခန့်တွင် အရုဏ်ဆွမ်းစားရအောင်ဆိုပြီး အခြားအဆောင်တစ်ခုသို့ သွားကြသည်။ ပေါင်မုန့်ကို ထောပတ်၊ ချိစ်တို့နှင့် တို့ကာ စားရသည်။ စပြီဟေ့လို့ ရေရွတ်မိသည်။



ပစ္စုပ္ပန်မှာ ကျေနပ်ပျော်ရွှင်မှုကို မရဘူးဆိုလျှင် လူတို့သည် အတိတ်ဆီကို ပြေးဝင်သွားတတ်ကြသည်။ အခုလည်း နေရာအသစ်မှာ လူအသစ်၊ ယဉ်ကျေးမှုအသစ်၊ အစားအသောက်အသစ်များနှင့် ရင်ဆိုင်ရလေသောအခါ မိခင်နိုင်ငံကို ပြန်လည်တမ်းတမိခြင်း ဖြစ်ပါသည်။ သို့ရာတွင် အစကတည်းက မတူညီသော၊ အလွန်စိမ်းသော ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရမည်ကို ကြိုတွေးထားပြီး ဖြစ်သဖြင့် အလွန့်အလွန် ခံစားရသည်ဟုတော့ မဆိုနိုင်ပေ။ နေ့လယ် ၁၁ ခွဲခန့်တွင် အတူနေဂျာမန်ရဟန်းက နေ့ဆွမ်းအဖြစ် ရေခဲသေတ္တာထဲမှ ထိုင်းအစားအစာအချို့ ယူလာပြီး ကျွေးသည်။ သူကတော့ ပေါင်မုန့်ကိုသာ ကြက်ဥ၊ ထောပတ်၊ ချိစ်တို့နှင့် တို့စားသည်။



ဆွမ်းစားပြီးသောအခါ ကျောင်းဂေါပကအဖွဲ့ဥက္ကဋ္ဌ မစ္စတာဂွမ်းနား ရောက်လာပြီး နှုတ်ဆက်သည်။ ဘယ်လောက်ကြာမှာလဲဟု မေးသည်။ မင်းတို့အပေါ်မှာ မူတည်တယ်။ ငါကတော့ တတ်နိုင်သလောက်ကြိုးစားပြီး ကူညီမယ်ဟု ပြောဖြစ်သည်။ ယဉ်ကျေးမှု၊ လူမျိုး၊ အစားအသောက် စသည်တို့မှာ အလွန်ကွဲပြားကြောင်း၊ မင်းတို့ ယဉ်ကျေးမှုကို ငါ နားလည်အောင် ကြိုးစားရမှာဖြစ်သလို ငါတို့ယဉ်ကျေးမှုကိုလည်း မင်းတို့ နားလည်အောင်ကြိုးစားပေးရမှာဖြစ်ကြောင်း ပြောဖြစ်သည်။ သူက အတတ်နိုင်ဆုံး ကြိုးစားမည်ဖြစ်ကြောင်း ပြောသည်။



ဆွမ်းစားပြီးသောအခါ Bodhi Vihara နှင့် Sariputta Institute အကြောင်း ပြောဖြစ်ကြသည်။ သူသည် လက်ရှိအနေအထားရောက်ဖို့ အတော်ရုန်းကန်ခဲ့ရသည်။ ကနဦးတွင် မြန်မာနိုင်ငံသို့ ပြန်သွားပြီဖြစ်သော ဦးတေဇောဘာသနှင့် စတင်လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် အခြားမြန်မာသံဃာတော်များကိုလည်း ပင့်ဖိတ်ခဲ့သော်လည်း ကြာရှည်မနေဖြစ်ခဲ့ကြပါ။ သူ၏ ရည်ရွယ်ချက်မှာ ရှင်းသည်ဟု ထင်သည်။ သူမွေးဖွားရာဒေသမှာ ဗုဒ္ဓအဆုံးအမများ တည်ရှိပြန့်ပွားစေလိုခြင်းဖြစ်သည်။ သို့အတွက်ကြောင့် သူတတ်နိုင်သလောက် နည်းအမျိုးမျိုးဖြင့် ကြိုးစားသာသနာပြုသည်။ ဗောဓိဝိဟာရတွင် ငွေကြေးကို သံဃာတော်များကိုယ်တိုင် စီမံကိုင်တွယ်ခွင့် မရှိပါ။ ဂေါပကအဖွဲ့မှသာ စီမံသည်။ ကိုယ်ရောက်သည့်အခါ တပည့်တော်ကတော့ ငွေကိုင်တယ်၊ အရှင်ဘုရားက ဘာဖြစ်လို့ အဲဒီလို သတ်မှတ်ထားတာလဲ၊ အရှင်ဘုရား ငွေကို လက်နဲ့မကိုင်ပေမဲ့ အလှူခံပုံးထဲ အလှူငွေထည့်သွားရင်တော့ ဝမ်းသာတာပဲ မဟုတ်လား။ လက်နဲ့ကိုင်တာနဲ့အလှူခံပုံ၊ ဘဏ်အကောင့်ထဲကငွေကို ဝမ်းမြောက်တာနဲ့ အတူတူပဲ မဟုတ်လားဟု ဆွေးနွေးဖြစ်သည်။



ထိုအခါ ဂျာမန်ရဟန်းတော်က အဲဒါကို သူလည်း သိကြောင်း၊ သို့ရာတွင် ဂျာမဏီနိုင်ငံတွင် သာသနာပြုလုပ်ငန်း စတင်တော့မယ်လို့ ဆုံးဖြတ်လိုက်သည့်အခါ ဂျာမန်လူမျိုးများ အံ့သြချီးကျူးစေမည့် ဗုဒ္ဓဘာသာရဟန်းတော်တစ်ပါး၏ ထူးခြားချက်ကို ရှာသည့်အခါ ငွေမကိုင်ခြင်းနှင့်ငွေမရှာခြင်းသည် ဂျာမန်လူမျိုးများအတွက် အထူးဆန်းဆုံးဖြစ်ကြောင်း၊ ငါတို့ ဗုဒ္ဓဘာသာရဟန်းတွေဟာ ငွေကိုင်ခွင့်မရှိသလို ငွေကြေးရှာဖွေခွင့်လည်း မရှိဘူး၊ ငွေကြေးရှာဖွေဖို့ အားမထုတ်ဘူးလို့ ပြောသည့်အတွက် ဒီနေ့ဒီအချိန်အထိ ကူညီမည့်သူများပေါ်လာပြီး ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ လက်ခံနိုင်လောက်သောအကြောင်းပြချက်ဖြစ်သည်ဟု ယူဆမိသဖြင့် သူ၏ သာသနာပြုလုပ်ငန်းကို အတန်ငယ် သဘောပေါက်မိသည်။



ညနေ ၆ နာရီလောက်ရောက်သောအခါ အိပ်ငိုက်သွားသည်။ ဂျာမန်ရဟန်းက ဆွယ်တာများ၊ ခြေအိတ်များ၊ ကိုယ်ကျပ်အတွင်းခံဘောင်းဘီများ၊ လက်အိတ်များ၊ ခေါင်းစွပ်များ ယူလာပြန်သည်။ တော်မတော်၊ ကိုက်မကိုက်၊ ကြိုက်မကြိုက် မေးသည်။ နောက်ရက်တွင် မားကတ်သွားပြီး ဒကာမတစ်ယောက် လိုက်ဝယ်ပေးမည်ဖြစ်ကြောင်း၊ လောလောဆယ် တော်တာတွေ့လျှင် ခဏတာ ဝတ်ထားဖို့အကြောင်း ပြောသည်။ ဆွယ်တာ ၅ ထည်လောက်ဝတ်၊ ခြေအိတ် ၂ ထပ်ဝတ်၊ ခေါင်းစွပ်ဝတ်လိုက်မှ ရာသီဥတုနှင့် အနေတော်ဖြစ်သွားသည်။ ခဏနေတော့ အိပ်ပျော်သွားသည်။



အိပ်ပျော်လို့ ၅ မိနစ်ခန့်လောက်မှာ ဂျာမန်ရဟန်းက လှုပ်နှိုးသည်။ မင်းအိပ်လို့ မဖြစ်ဘူး။ အခု မင်းအိပ်လိုက်ရင် ည ၁ နာရီလောက် နိုးပြီး တစ်ယောက်တည်း ကြောင်တောင်တောင်ဖြစ်နေလိမ့်မယ်၊ မြစ်ကမ်းသွား လမ်းလျှောက်ရအောင်ဟု ပြောပြီး လမ်းလျှောက်ထွက်ကြသည်။ မြစ်က အလွန်သာယာသည်။ Esar မြစ်ဟု ခေါ်သည်။ အဓိပ္ပာယ်က Freedom လွတ်လပ်ခြင်းဖြစ်ကြောင်း ပြောပြတော့ အနည်းငယ် လွတ်လပ်ပေါ့ပါးသွားသည်။ ရေက ကြည်စိမ်းနေသည်။ မြစ်ကမ်းတစ်လျှောက်လုံး အပန်းဖြေနိုင်အောင် အမှိုက်ပုံးကအစ သပ်သပ်ရပ်ရပ် ထားပေးထားသည်။ တစ်မြို့လုံး အလွန်သန့်ရှင်းသည်။ စင်္ကာပူကို အလွန်သန့်ရှင်းသည့်မြို့ဟု ထင်ခဲ့သည်။ Freising က သန့်ရှင်းရုံမျှမက အေးချမ်းမှုပါ ရောနေသည်။



၂ နာရီခန့် လမ်းလျှောက်ပြီးသောအခါ ကျောင်းပြန်ရောက်သည်။ သူက ရှေ့လုပ်ငန်းစဉ်များအကြောင်း ပြောချင်နေသည်။ ငါ မရတော့ဘူး၊ အိပ်ချင်ပြီဟု ပြောပြီး အိပ်ရာဝင်သည်။ မနက် ၅ နာရီလောက်နိုးနေသည်။ တစ်ကိုယ်တည်း ကြောင်တောင်တောင်ဖြစ်နေသည်။ သက်ရှိကိုပဲဖြစ်ဖြစ်၊ သက်မဲ့ကိုပဲဖြစ်ဖြစ် ကိုယ်က အတော်လွမ်းတတ်သည်။ သို့သော် ကိုယ်လွမ်းတတ်တာက ခဏတာပဲ ဖြစ်သည်ကိုလည်း သိသည်။ အချိန်အတိုင်းအတာတစ်ခုရောက်လျှင် နေသားတကျ ဖြစ်သွားတတ်သော ကိုယ့်သဘာဝကိုလည်း သိသည်။ သို့ရာတွင် အဆိုပါအချိန်ကို မရောက်မီ အတော်လေး ခံစားနေတတ်သည်ကလည်း ကိုယ့်သဘာဝဖြစ်နေပြန်သည်။ သို့ဖြင့် မဟာသမယသုတ်၊ ပစ္စယနိဒ္ဒေသ၊ ဂုဏ်တော်များကို ရွတ်ဖတ်သည်။ ထွက်လေဝင်လေကို အာရုံပြုဖြစ်သည်။



နောင်တော်ကြီး ဦးတေဇောဘာသကတော့ လှမ်းမှာရှာသည်။ တစ်ကိုယ်တည်း တောထွက်နေတယ်လို့သာ အမှတ်ထားပါလေဟု စာလှမ်းပို့သည်။ တောထွက်သည်နှင့် ဘာမှ မထူးလှ။ မြင်နေရသောလူများသည် အားလုံး သူစိမ်းပြင်ပြင်သာ ဖြစ်ချေသည်။



(စာပေရသတော့ မမြောက်လှပါ။ ဒီက အတွေ့အကြုံလေးများကို မှတ်တမ်းအဖြစ်နဲ့ရှိနေစေချင်တာရယ်၊ မိတ်ဆွေများကို သိစေချင်တာရယ်ကြောင့် တင်ပေးလိုက်ပါတယ်။ ဆက်လက်ပြီးလည်း ရေးသွားပါဦးမယ်။ အားလုံး ကျေးဇူး)။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails