(၁)
ခုတလော
အသံတွေက ဆူညံနေတယ်။ တိုင်းပြည်အပြောင်းအလဲအကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ ရွေးကောက်ပွဲအကြောင်း၊
မဟနအကြောင်း … အကြောင်းတွေက စုံလှတယ်။ အင်တာနက်သတင်းတွေ၊
ဘလောဂ်တွေ၊ ၀က်ဘဆိုက်တွေ၊ ဖေ့စဘွတ်ခ်တွေ ဖွင့်လိုက်တိုင်း ဒီအကြောင်းတွေက နေရာယူထားတယ်။
ဒါက ဘာဆန်းလဲ။ ကိုယ့်တိုင်းပြည်အကြောင်း ကိုယ့်မြန်မာတွေ ပြောကြမှာပေါ့။ ဒီတော့ ပြောစရာရှိတာက
တို့တိုင်းပြည်တော့ ဒီလို အပြောင်းအလဲတွေ ဖြစ်နေတယ်။ ဒီလိုအချိန်မှာ တို့က မသိချင်ယောင်ဆောင်နေရမှာလား။
ဘယ်ခေတ်မှာမှ ဗုဒ္ဓဘာသာဟာ နိုင်ငံ့အရေးတွေနဲ့ ကင်းကွာမနေခဲ့ဘူးဆိုတာ တွေ့ရမယ်။ ခေတ်တိုင်းခေတ်တိုင်း
ဆရာတော်တွေဟာ တိုင်းပြည်အုပ်ချုပ်သူတွေကို အကြံဉာဏ်တွေ ပေးခဲ့တယ်။ ကောင်းရာမွန်ရာတွေကို
ပြောကြားပေးခဲ့တယ်။
ဒီလို
တရားနဲ့အညီ အုပ်ချုပ်ဖို့ အကြံပေးတာနဲ့ ဒီဆရာတော်တွေဟာ ကိုယ့်အလုပ်ကိုယ် မလုပ်ဘူး။
နိုင်ငံရေးတွေ လုပ်နေတယ်လို့ ဆိုရတော့မလား။ ဘယ်သမိုင်းဆရာကမှ အဲဒီဆရာတော်တွေကို နိုင်ငံရေးလုပ်တဲ့
ဆရာတော်တွေလို့ မပြောခဲ့ဘူး။ တို့ ဗုဒ္ဓဘာသာဟာ တိုင်းပြည်ကောင်းစားရေးအတွက် ဘုရင်တွေကိုတောင်မှ
ဆုံးမသြ၀ါဒပေးခဲ့တယ်၊ တိုင်းသူပြည်သားအရေးကို လျစ်လျူမရှုခဲ့ဘူးလို့တောင်မှ ဂုဏ်ယူပြောကြသေးတယ်။
ဒီဘက်ခေတ်ရောက်မှ ဘာတွေ ဖြစ်ကုန်ကြတာလဲ။
(၂)
အသက်ကြီးကြီး
ဆရာတော်တွေက အာဏာရှင်အစိုးရ တက်လာတော့ “ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီး”ဆိုပြီး
တတွတ်တွတ် ရွတ်ဆို ဖားယားကြတယ်။ ဟိုဟာလုပ်ပေးဖို့၊ ဒီဟာ လုပ်ပေးဖို့ တောင်းဆိုတယ်။
အမှန်တကယ် ငတ်ပြတ်နေတာတွေ သိရဲ့နဲ့ ပြည့်စုံနေသလိုလို (အာဏာရှင်အကြိုက်) ပြောပေးကြတယ်။
ပြည်သူတွေ စိတ်ဆင်းရဲနေတာတွေ သိရဲ့နဲ့ စိတ်ချမ်းသာနေသလိုလို ပြောပေးကြတယ်။ ဗိုလ်ချုပ်ကြီးတွေ
ခိုင်းတာ အကုန်လုပ်ပေးတယ်။ အာဏာရှင်တည်မြဲရေး သြ၀ါဒတွေ ပေးကြတယ်။ ပြောရရင် အာဏာရှင်တွေ
ကောင်းကြောင်းပြောပေးကြတယ်။ ကဲ …. ဟုတ်ပြီ။ ဒီဆရာတော်တွေ ဒီလို ပြော၊ ဒီလို
လုပ်နေတာကိုကျတော့ “ဒီဆရာတော်တွေ နိုင်ငံရေး လုပ်တယ်”လို့
ဘယ်သူ ပြောသလဲ။
(၃)
ကိုယ်တော်လေးတွေကလည်း
သူတို့ ခံယူချက်နဲ့သူတို့ အမေစု ကောင်းကြောင်း ပြောကြတယ်။ ပြည်သူတွေ ငတ်နေတာကို ပြောပြတယ်။
ကလေးတွေ စာမတတ်တာတွေ ပြောကြတယ်။ ကျောင်းမနေနိုင်ကြတာ ပြောကြတယ်။ ပြည်သူတွေ အထူးသဖြင့်
ကျေးလတ်ပြည်သူတွေ စားဝတ်နေရေး မပြေလည်တာတွေ ပြောကြတယ်။ တိုင်းပြည်မှာ ရှိတဲ့ မတရားမှုတွေ၊
အဓမ္မမှုတွေကို ပြောကြတယ်။ (ဆရာတော်ကြီးတွေလို ဖားတာယားတာတွေတောင် မပါဘူး)။ ကဲ …
ဟုတ်ပြီ။ ဒီလို ကိုယ့်တိုင်းပြည်တွင်းက ဒီလို အခြေအနေတွေကို ပြောနေတဲ့ ကိုယ်တော်လေးတွေကိုတော့
ခင်ဗျားတို့ ဘယ်လို တံဆိပ်ခတ်နှိပ်ပေးကြသလဲ။ “ဒီကိုယ်တော်က နိုင်ငံရေး
လုပ်တယ်”တဲ့။
တချို့
ဒကာ၊ ဒကာမတွေကလည်း လာသေးတယ်။ “အရှင်ဘုရားဆိုက်မှာ နိုင်ငံရေးအကြောင်းတွေ
ဆက်ရေးနေရင် တပည့်တော် အရှင်ဘုရား ပညာရေး မထောက်ပံ့တော့ဘူး”တဲ့။
ကျုပ်ကလည်း ရှင်းတယ်။ “ဒကာတို့လို လူတွေနဲ့ ဝေးလေကောင်းလေပဲ”လို့။
တရားမမျှတတာကို တရားမျှတတယ်၊ ဆင်းရဲနေကြတာကို ချမ်းသာနေကြတယ်လို့ ကျုပ်ကလည်း ဘယ်တော့မှ
မပြောဘူး။ ဗုဒ္ဓဘာသာဆိုတာ တရားမျှတမှု မရှိတာကို ရှိအောင်၊ ဆင်းရဲနေတာကို ချမ်းသာအောင်
နည်းလမ်းတွေ အများကြီး ပေးထားတယ်။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာရေး
နည်းလမ်းတွေဟာ လောကကနေ ကင်းကွာမနေဘူးဆိုတာ မှတ်ထားရမယ်။ ကျုပ်တစ်ခါ ရေးထားဖူးတယ်။ ကူဋဒန္တသုတ်ဆိုတာ
မြတ်စွာဘုရားရှင်ကိုယ်တိုင် ဟောထားတဲ့ တိုင်းပြည်တည်ဆောက်ရေး တရားပဲ။
ဒီတော့
ခင်ဗျားတို့ မလှူချင်လည်း မလှူနဲ့။ ကျုပ်ကတော့ လိပ်ပြာသန့်သန့်နဲ့ ဆက်ပြောမှာပဲ။
(၄)
အခုလည်း
လာကြသေးတယ်။ “မဟနတွေကို ရေးတာ မကောင်းဘူး။ အဲ့ဒီလို
မရေးသင့်ဘူး”တဲ့။ “ဘာဖြစ်လို့လည်း….
မင်းအတွေးအခေါ်တွေက ငါ ပြောလိုက်ရင် ပြိုလဲကုန်အုံးမယ်”လို့ဆိုတော့
“ဗန်းမော်ဆရာတော်ကြီးလို
ဆရာတော်ကြီးတွေ ပါနေလို့ပေါ့”တဲ့။ “အေး ဗန်းမော်ဆရာတော်ကြီး
ပါတော့ ဘာဖြစ်လဲကွ၊ ငါက ဗန်းမော်ဆရာတော်ကြီးကို ပြစ်မှားတာမှ မဟုတ်တာ၊ ဗန်းမော်ဆရာတော်လို
ဆရာတော်တွေကို ငါ လေးစားဦးခိုက်ပြီးသားပဲ၊ အခုဟာက မဟနက မတရားမှုတွေ၊ အဂတိလိုက်စားတာတွေ၊
ပြည်သူတွေ နာမှာ၊ ဒုက္ခရောက်မှာကို ထည့်မတွက်ဘဲ အစိုးရအလိုကျ ဆုံးဖြတ်ပြောဆိုပေးတာတွေ
မင်းမသိချင်ယောင် မဆောင်ပါနဲ့။ အဲဒါတွေ ပျောက်ကွယ်သွားရေးအတွက် တစ်ခုခု လုပ်ကြစေဖို့
ငါ ရေးနေ၊ ပြောနေတာ”
အချို့ကလည်း
လာသေးတယ်။ “မဟနဆရာတော်တွေ
ဦးဆောင်ညွှန်ကြားထောက်ပံ့ထားတဲ့ တက္ကသိုလ်မှာ ပညာသင်ခဲ့ရတဲ့ ကျေးဇူးတွေ မင်း မမေ့နဲ့”တဲ့။
ဒါက ခေါင်းမရှိလို့ ပြောတာ။ မဟနတွေ (ဘယ်သူကလွဲပြီး ဘယ်သူက လွဲပြီးလို့ ပြောနေရင် ပြီးမှာ
မဟုတ်ဘူး။ ဒါကြောင့် မဟနလို့ပဲ သုံးရမှာပဲ) တက္ကသိုလ်စာသင်ခန်းထဲကို ဘယ်နှစ်ခေါက် ရောက်ဖူးသလဲ။
တက္ကသိုလ်မှာ စာဘယ်လို သင်ရတယ်၊ စည်းကမ်းတွေ ဘယ်လိုဘယ်ညာ ဘယ်လောက်ထိ သူတို့ သိသလဲ။ တက္ကသိုလ်ရဲ့
အထက်မှာ မဟနကို တင်ထားပေမယ့် နာမည်ပဲ ရှိတယ်ဆိုတာ အားလုံးသိနေတာပဲ။
တက္ကသိုလ်မှာ
အခမဲ့ရတဲ့ လျှပ်စစ်မီး၊ အခမဲ့စားရတဲ့ ဆွမ်း၊ အခမဲ့သင်ရတဲ့ ပညာရေး ….
ဒီကုန်ကျစရိတ်တွေ အားလုံးဟာ ပြည်သူတွေရဲ့ ချွေးတွေပါဗျာ။ ပြည်သူတွေရဲ့ လုပ်အားတွေပါ။
ချမ်းသာသူအနည်းငယ်နဲ့ ဆင်းရဲသားပြည်သူတွေရဲ့ ကျေးဇူးတွေပါဗျာ။
(၅)
ဒီကျေးဇူးတွေကို
ဆပ်ချင်လို့ ကျုပ်ကတော့ ပြည်သူတွေဘက်က အမြဲတမ်း ရပ်တည်ပြောနေမှာပဲ။ ဒါကိုပဲ နိုင်ငံရေးလုပ်တယ်ဆိုပြီး
ခေါင်းစဉ်တပ်ချင်သူတွေ ပြောချင်သလို ပြော၊ ဒီလို ပြောလို့ မလှူချင်ဘူးဆိုလည်း မလှူကြနဲ့။
အခန့်မသင့်လို့ ဖမ်းဆီးချုပ်နှောင်ချင်တယ်ဆို ဖမ်း၊ ချုပ်။ ကျုပ်ကတော့ ပြည်သူတွေရဲ့
ကျေးဇူးတွေ ကျန်ရှိနေသေးလို့ ဆက်ပြောမှာပဲ။
ကျုပ်တို့
ဘုန်းကြီးတွေ ပြည်သူတွေရဲ့ ဆွမ်းကို စား၊ ပြည်သူတွေ ဆောက်ပေးတဲ့ကျောင်းမှာ နေ၊ ပြည်သူတွေ
ပေးတဲ့ အ၀တ်ကို ၀တ်၊ ပြည်သူတွေ ပေးတဲ့ ဆေးနဲ့ ကျန်းမာနေခဲ့ကြရတာပါ။ ဒီလို အဘက်ဘက်က
ထောက်ပံ့ကျွေးမွေးလာခဲ့တဲ့ ပြည်သူတွေကို ကျုပ်တို့ ဘာတွေများ ပေးဆပ်ပြီးပြီလဲဗျာ။
ပြောလိုက်ရင်
ကိုယ့်ပေါင်ကိုယ် လှန်ထောင်းတာ ဖြစ်အုံးမယ်။ ခရစ်ယာန်ကျောင်းတွေကို လှူတဲ့ ပိုက်ဆံတွေဟာ
ရောဂါဝေဒနာသည်တွေ၊ ကျောင်းမတက်နိုင်တဲ့ ကလေးတွေ၊ ဆင်းရဲတဲ့ မိသားစုတွေ …
ပညာရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်းတွေဆီ ရောက်သွားတယ်။ ကျုပ်တို့ ဘုန်းကြီးကျောင်းတွေကို
လှူတဲ့ ပိုက်ဆံတွေကတော့ ဘုန်းကြီးကျောင်းထဲက ပြန်ထွက်မလာကြတော့ဘူး။ သံဃာတွေအတွက် စားဝတ်နေရေး
လုပ်တဲ့နေရာတွေကို မဆိုလိုပါဘူး။ သံဃာအတွက်လည်း မဟုတ်၊ ပြည်သူအတွက်လည်း မဟုတ်တဲ့ ကျောင်းတွေကို
ဆိုလိုတာပါ။ (ပြည်သူတွေအတွက် လုပ်နေတဲ့ အာဇာနည် သံဃာတော်တွေလည်း ရှိပါတယ်။ သူတို့ကို
ဦးခိုက်လျှက်ပါ။ ရှိတဲ့အရေအတွက်နဲ့ နှိုင်းစာပြီး ပြောတာပါ)။
(၆)
အခုဆိုရင်
ပြည်တွင်းက ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းထားပေး၊ ဆေးမကုနိုင်တဲ့ လူနာတွေကို
ဆေးကုပေးခြင်းအားဖြင့် ဘာသာခြားတွေက လိုက်လုပ်ပေးနေတယ်။ အခုဆို ဗုဒ္ဓဘာသာဆင်းရဲသားကလေးတွေ၊
မိသားစုတွေဟာ ဘာသာခြားတွေ ဖြစ်မှန်းမသိ ဖြစ်ကုန်ကြပြီ။
“ဒကာမကြီး ဟိုဘုရားစင်ကို ဘာလို့ အ၀တ်တွေနဲ့
ဖုံးထားရတာလဲ”
“သားလေးကို ကျောင်းထားပေးတဲ့ ခရစ်ယာန်ဓမ္မဆရာတွေ
လာလို့ပါ။ သူတို့ မကြိုက်မှာစိုးလို့၊ အဓိကကတော့ သားလေးကို ကျောင်းဆက်မထားတော့မှာ စိုးလို့ပါ”
………………………………..
“ဟော သား ကျောင်းက ပြန်လာပြီလား။ ကျောင်းမှာ
ဘာတွေ လုပ်ခဲ့ရလဲ”
“ဒီနေ့ ပြဇာတ်ကရတယ်လေ။ သားက ယေရှုအဖြစ် သရုပ်ဆောင်ရတယ်၊
သမီးက ရေဗက္က လုပ်ရတယ်”
“ကျောင်းမှာ နောက်ထပ် ဘာတွေ သင်ပေးလဲ”
“သားတို့ကို ဘုရားသခင်က လူတွေ၊ ဆင်းရဲသားတွေကို
ကယ်တင်ပေးတဲ့အကြောင်း သင်ပေးတယ်။ နောက် နှစ်ခြင်းခံတဲ့အကြောင်းလည်း သင်ပေးတယ်၊ ရေထဲကို
ခေါင်းကို နှစ်တာလေ။ အရမ်း ပျော်ဖို့ ကောင်းတာပဲ”
………………………….
(၇)
ဗုဒ္ဓဘာသာဆိုတာ
မြန်မာနိုင်ငံနဲ့ပတ်သက်ရင် အမြဲတမ်း ထိပ်ဆုံးက ရှိနေခဲ့တဲ့ ဘာသာပါ။ အခုလိုသာ ဦးဆောင်ပုဂ္ဂိုလ်တွေက
အကျင့်ပျက်ခြစားနေရင်၊ အဓမ္မမှုတွေ အားပေးအားမြှောက် လုပ်နေရင်၊ ပြည်သူတွေရဲ့ ကျေးဇူးတရားကို
လျစ်လျုရှုနေမယ်ဆိုရင် ထိပ်ဆုံးမှာ ဆက်ရှိနေအုံးမယ်လို့ ဘယ်သူ ကြွေးကြော်ရဲသလဲ။
(၈)
ပုဂ္ဂိုလ်ရေး
အာဃာတတွေ၊ လေတိုက်ရင် ပြိုလဲမယ့် အတွေးအခေါ်တွေနဲ့ လာမပြောနဲ့။