Wednesday, April 30, 2014

အညတြ ခရီးသည် (၂)





(၅)
ကပ္ပိယလေးနှစ်ယောက်နှင့်လာကြိုသည့် ဂျာမန်ရဟန်းတော်က အဆောင်များ၊ အခန်းများကို လိုက်ပြသည်။ ကျောင်းမှာ ရေးထားသည့်စာများမှာ ဂျာမန်၊ ထိုင်း ၂ ဘာသာဖြင့် ရေးထားသည်။ အနောက်တိုင်းသားများနှင့် ပူးတွဲပြီး အနောက်နိုင်ငံများတွင် ဖြစ်မြောက်အောင်မြင်အောင်၊ လေးစားအထင်ကြီးဖွယ်ဖြစ်အောင် ပြုလုပ်နိုင်စွမ်းသော ထိုင်းရဟန်းတော်များကို အားကျလေးစားမိသည်။

အနောက်တိုင်းအိမ်များ ထုံးစံအတိုင်း အပြင်ကကြည့်လျှင် အိမ်ပုလေး၊ အိမ်သေးသေးလေးဟု ထင်ရသော်လည်း အထဲရောက်သည့်အခါ လိုအပ်သည့်ပစ္စည်းပစ္စယများက စုံလှသည်။ အပူပေးစက်များ၊ ရေချိုးခန်းများ၊ အိပ်ခန်းများ၊ စာကြည့်ခန်း၊ ရုံးခန်း၊ မီးဖိုချောင်၊ ထမင်းစားခန်း၊ အမှိုက်ပုံးအမျိုးမျိုး စနစ်တကျ သန့်ရှင်းသပ်ရပ်စွာ ထားရှိကြသည်။ အိပ်ခန်း ၆ ခန်းသာရှိသော်လည်း အိမ်သာ၊ ရေချိုးခန်းက ၅ ခန်းရှိသည်။

အခန်းအဝင်တံခါးများတွင် ထိုင်းစာများ ရေးထားသည်။ ထိုင်းပစ္စည်းအသုံးအဆောင်များလည်း နေရာအနှံ့တွေ့ရသည်။ သူတို့နိုင်ငံသားတွေကျတော့ တိုင်းတစ်ပါးသားတွေနှင့် အလုပ်အတူလုပ်နိုင်ပြီး တို့မြန်မာတွေကတော့ မြန်မာအချင်းချင်းပဲ စုစည်းလုပ်ဆောင်နေကြတာ ဘာဖြစ်လို့ပါလိမ့်ဟုလည်း ကိုယ်ကိုယ့်ကို အားမလိုအားမရဖြစ်ရင်း တွေးနေမိခဲ့သည်။

အခန်းများအတွင်းကိုလည်း လိုက်ပြသည်။ အခန်းတစ်ခန်းကို ရောက်သောအခါ အမှန်တော့ ဒီအခန်းမှာ အရှင်ဘုရား နေချင် နေလို့ ရပါတယ်၊ ဒါပေမဲ့ တပည့်တော်ကတော့ ဟိုး နောက် တောတန်းထဲက ကုဋိ(ကျောင်းငယ်လေး)မှာ နေစေချင်တယ်၊ ဘယ်လို သဘောရလဲဟု ဂျာမန်ရဟန်းက ဆိုသည်။ အရှင်ဘုရားတို့ကကော ဘယ်မှာ နေတာလဲဟု မေးသောအခါ သူတို့လည်း တောထဲက ကျောင်းငယ်လေးတွေမှာ နေကြကြောင်း ပြောသည်။

သို့ဖြင့် တပည့်တော်လည်း တောထဲက ကျောင်းငယ်မှာ နေပါ့မယ်ဟု ပြောလိုက်သည်။ ကျောင်းငယ်လေးဆီကို ဆက်လက်ထွက်ခွါကြသည်။ တကယ့်ကို တောကြီးဖြစ်သည်။ ထင်းရှူးပင်များက စီတန်းပြီး တဝေါဝေါ တိုက်ခတ်နေသော လေသံများကိုသာ ကြားရသည်။ ကျေးငှက်သာရကာများကလည်း အသံမျိုးစုံ သီကျူးနေကြသည်။ တစ်ခါတစ်ရံ သမင်များကိုလည်း တွေ့ရသည်ဟု ဆိုသည်။ ယုန်များကိုတော့ ခဏခဏ တွေ့မြင်နိုင်သည်ဟု ဆိုသည်။

ရထားတွဲပျက်လိုအရာတစ်ခုကို တွေ့သောအခါ ဒါ အရှင်ဘုရား နေရမယ့်နေရာပဲဟု ဆိုသည်။ စိတ်ထဲတွင် အားလုံးအတွက် အသင့်ပြင်ထားပြီးသား ဖြစ်နေတာတောင် တစ်မျိုးဖြစ်သွားသည်။ ဘယ်ဘက်ကို ကြည့်ကြည့်၊ သစ်ပင်တွေသာ ရှိသည်။ သီရိလင်္ကာနိုင်ငံ၊ စိတ္တလတောအုပ်တွင် တရားအားထုတ်ခဲ့သည့်ပုံရိပ်များက စိတ်ထဲတွင် အစီအရီ ပြန်ပေါ်လာခဲ့သည်။ လျှပ်စစ်မီးကော ရှိလားဘုရားဟု မေးသောအခါ ရှိပါတယ်၊ အပူပေးစက်လည်း ရှိပါတယ်၊ ဒါပေမဲ့ အိမ်သာတော့ မရှိဘူး၊ သွားချင်ရင် ဟိုကျောင်းဆောင်ကြီးကို သွားချင်သွား၊ တောထဲမှာပဲ သွားချင်သွား၊ အဆင်ပြေပါတယ်၊ ဘယ်သူမှ မရှိပါဘူးဟု ပြုံးရယ်ကာ ဆိုသည်။ စကားပြောရင်း ကျောင်းလေးတံခါးကို ဖွင့်လိုက်သည်။ အံ့သြသွားသည်။

(၆)
အပြင်က ကြည့်တော့ ရထားတွဲဆိုင်းအဟောင်းကြီး။ ခနော်နီခနော်နဲ့။ အထဲမှာတော့ သန့်ရှင်းသပ်ရပ်လှသည်။ စိတ်ထဲမှာ အတော်ကြည်လင်သွားသည်။ အပူပေးစက်လည်း ၂ လုံး တပ်ပေးထားသည်။ ရေနွေးအိုး၊ ရေသန့်၊ တရားထိုင်သည့်နိသီဒိုင် … စုံနေသည်။ အကြီးဆုံးရဟန်းတော်က ဘယ်မှာလဲဟု မေးသည့်အခါ သူက ဒီကနေ မီတာ ၄ ရာလောက်က တစ်ပါးကျောင်းမှာ နေတယ်၊ မနက်ကျမှ တွေ့တာပေါ့ဟု ဆိုသည်။

အခန်းထဲ တစ်ပါးတည်း ကျန်ခဲ့သည်။ ခေါင်းစဉ်တပ်မရသည့် ခံစားချက်က အရင် ဝင်လာသည်။ အားငယ်သည်လား၊ တိတ်ဆိတ်မှုလား၊ တွေးတောငေးမောမှုလား၊ တည်ငြိမ်မှုလား၊ တွေသလိုလို၊ တွေးသလိုလို၊ ငြိမ်သလိုလို။ ဘယ်လိုပဲဖြစ်ဖြစ် အားတင်းလိုက်သည်။

အခန်းထဲက ဆင်းတုတော်ကို အသေအချာ စိုက်ကြည့်ပြီး အားရပါးရ ဖူးမြော်လိုက်သည်။ ဘေးနားက အမွှေးတိုင်လေးကို မီးညှိပူဇော်လိုက်သည်။ ရင်ထဲက ခေါင်းစဉ်က တဖြည်းဖြည်း ပေါ်လာသည်။ ငြိမ်လာပြီ။

(၇)
ခရီးဆောင်အိတ်ထဲက မဟာသမယသုတ်စာအုပ်နှင့် ပဋ္ဌာန်း(အကျယ်)စာအုပ်ကြီးကို ထုတ်လိုက်သည်။ နောင်တော်ကြီး ဦးတေဇောဘာသ(မြတ်ရောင်နီ) ပြောလေ့ရှိသော ဘုရားကို ယုံစမ်းပါ ကိုယ်တော်ရာဆိုသော စကားကို သတိရနေမိသည်။ ဦးစွာ မဟာသမယသုတ်ကို ရွတ်ဖတ်သည်။ ပြီးလျှင် ပဋ္ဌာန်းရွတ်သည်။ ၁ နာရီကျော် ကြာသွားသည်။ ငြိမ်သက်စွာ ထိုင်နေဖြစ်သည်။

တဖြည်းဖြည်း အမှောင်ရိပ်လေးများ သန်းလာသည်။ ကျေးငှက်အသံများက ပိုမိုကျယ်လောင်လာသလို ခံစားရသည်။ ပြတင်းပေါက်မှနေ၍ အပြင်ကို လှမ်းကြည့်မိသည်။ ဟိုး အဝေးက ထင်းရှူးပင်တွေရဲ့အထက် တိမ်တိုက်တွေထဲကို လှမ်းကြည့်သည့်အခါ သိမ်းငှက်အချို့ ပျံဝဲနေသည်ကို တွေ့ရသည်။ လေယာဉ်များ ဖြတ်ဖြတ်သွားနေကြသည်ကိုလည်း တွေ့ရသည်။ စိတ်က ထိုမှတစ်ဆင့် သီရိလင်္ကာနိုင်ငံက စိတ္တလတောအုပ်ထဲက ရက် ၆ဝ တရားအားထုတ်ခဲ့ရာ ကျောက်ဂူလေးဆီ ရောက်သွားသည်။

ကြည့်စမ်း … ဒီနေရာကို ငါ ဘယ်ကနေ ဘယ်လို ရောက်လာပါလိမ့်၊ ဥရောပတိုက်ကြီးထဲက အေးချမ်းတိတ်ဆိတ်နေတဲ့ တောကျောင်းတစ်ခုက ကျောင်းငယ်လေးတစ်ခုမှာ တစ်ယောက်တည်း ငြိမ်သက်စွာ တည်ရှိနေရသည့်အဖြစ်။ ကံကောင်းသည်လား၊ ကံဆိုးသည်လား။ အေးချမ်းမှု၊ ငြိမ်းချမ်းမှုတို့ တဖြည်းဖြည်း ဝင်ရောက်လာသည်။

ပြီးခဲ့သော အတိတ်ကာလများဆီသို့ ပြန်လည်ငဲ့ကြည့်ပြီး အတိတ်ခြေရာများကို အေးချမ်းတိတ်ဆိတ်စွာ တူးဆွနေမိသည်။ အမှန်က လွန်ခဲ့သည့် ၃ နှစ်ကတည်းက ဒီနေရာကို ဖိတ်သော်လည်း ခရီးစဉ် မဖြစ်ခဲ့၊ မလာဖြစ်ခဲ့။ အခုမှ ရောက်လာခဲ့ရသည်။ လွန်ခဲ့သည့် ၃ နှစ်က စတင်ပင့်ဖိတ်စဉ်က မလာဖြစ်ခဲ့သည်မှာ တစ်ဖက်ကကြည့်လျှင် ဘဝအတွက် အလွန်တန်ဖိုးရှိခဲ့သည်။

ထိုစဉ်က မလာဖြစ်သည့်အတွက် မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ မဟာဓမ္မိကာရာမမြန်မာကျောင်းအတွင်းရှိ Golden Pagoda Bell Tower ကြီးကို အောင်မြင်စွာ ဖွင့်လှစ်ပေးသည်အထိ လုပ်ဆောင်ပေးခွင့်ရခဲ့သည်။

ထိုမှတစ်ဖန် မြန်မာနိုင်ငံ ပြန်ရောက်သည့်အခါ Dhamma School Foundation တည်ထောင်သူများအနက် တစ်ဦးအဖြစ် ပါဝင်ခွင့်ရသည့်အပြင် အမည်ခံ တည်ထောင်မှုမဟုတ်ဘဲ အောင်မြင်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်သည်အထိ စိတ်နှစ်ကိုယ်နှစ် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

စာရေးသူတို့ ဖောက်လုပ်ပေးခဲ့သော လမ်းကြောင်းသည် မြန်မာနိုင်ငံတွင် လမ်းသစ်ဟု ဆိုနိုင်သည်။ လမ်းသစ်ဖြစ်ခြင်း၊ စနစ်ကျခြင်း၊ တိကျခြင်း စသည်တို့ကြောင့် ဖောင်ဒေးရှင်းဟာ မျှော်လင့်ထားသည်ထက် အောင်မြင်ခဲ့သည်။ ယခုအချိန်အထိ စာရေးသူတို့ ဖောက်လုပ်ပေးခဲ့သောလမ်းကြောင်းအတိုင်း လျှောက်လှမ်းနေဆဲ ဖြစ်နေသည်ကို တွေ့ရသဖြင့် ဝမ်းသာလှသည်။

လွန်ခဲ့သည့် ၃ နှစ်က ဂျာမနီမသွားဖြစ်ခြင်းကြောင့် ထိုလုပ်ဆောင်မှုများကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု တွေးနေမိသဖြင့် ဝမ်းသာရသည်။ လောကအတွင် အကောင်းအဆိုး၊ အကြောင်းအကျိုးများသည် ဒွန်တွဲနေတတ်ပါလားဆိုတာကိုလည်း ဘဝသတိဖြင့် ရှုမြင်တတ်လာပြီဟု သဘောပိုက်မိသည်။

(၈)
အနည်းငယ် အလင်းလျှော့လာသည်။ သို့သော် ဂျာမနီမှာက တစ်ခါတစ်ရံ ည ၈ နာရီကျော် ၉ နာရီခန့်ထိ အလင်းရောင်က အနည်းငယ် ရှိနေတတ်သေးသည်။ အပြင်ထွက်လိုက်သည်။ အပြင်က အအေးဓာတ်ကြောင့် အနည်းငယ် တုန်သွားသည်။ အထဲပြန်ဝင်ပြီး ခေါင်းစွပ်ယူပြီး ခြေအိတ်တစ်ထပ် ထပ်ဝတ်လိုက်သည်။

စင်္ကြန်လျှောက်တရားမှတ်ဖို့ လမ်းကလေး လုပ်ထားသည်။ မှောင်ရီပျိုးချိန်ဖြစ်သည်က တစ်ကြောင်း၊ နေရာသစ်ဖြစ်သည်ကတစ်ကြောင်းကြောင့် စိတ်ထဲမှာ အနည်းငယ် ထိတ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် စင်္ကြန်လမ်းအဆုံးတွင် အရိုးစုများကို စုပုံထားသောကြောင့် ဖြစ်သည်။ ပထမ စကြည့်ချိန်တွင် အနည်းငယ် တွန့်သွားသည်။ ပြီးမှ သတိပြန်ထားပြီး အသေအချာ ကြည့်ဖြစ်သည်။ အသုဘကမ္မဋ္ဌာန်း၊ အရိုးစုကမ္မဋ္ဌာန်းရှုမှတ်နိုင်စေရန် ချထားပေးပုံရသည်။ စင်္ကြန်လျှောက်ရသည်မှာ သမာဓိမရနိုင်သဖြင့် နည်းပြောင်းကြည့်သည်။ ခြေလှမ်းအရေအတွက်ကို ရေမှတ်ကြည့်သည့်အခါမှ အနည်းငယ် တည်ငြိမ်မှု ရလာသည်။

သီရိလင်္ကာနိုင်ငံ၊ စိတ္တလပဗ္ဗတတွင် ရခဲ့ဖူးသော သမာဓိအနေအထားကို သတိရသွားသည်။ ထိုစဉ်အခါက မြေဇင်းနည်းအရ ထွက်လေဝင်လေကို ရေတွက်ရသည်ဖြစ်ရာ ထိုနည်းကို အသေအချာ ပြန်စမ်းကြည့်ဖို့ ကျောင်းလေးပေါ် ပြန်တက်လိုက်သည်။ ပိုပြီး သမာဓိရအောင် အိပ်ရာခင်းထားသည့်နေရာ သွားဦးမှဆိုပြီး အိပ်ရာပေါ် တက်လိုက်သည်။ ဘုရား ဘုရား ဘုရား …။ ကြက်သီးပင် ထသွားသည်။

ဒီအိပ်ခန်းနောက်နံရံကို တစ်ခါမှ မကြည့်မိပါလား။ စိတ်ထဲ ဘာဖြစ်သည် မသိ။ ထိုပုံကို ချက်ချင်း ဆွဲဖြုတ်ပစ်လိုက်သည်။ ပြီးလျှင် အိပ်ရာအောက်ကို ပစ်ချလိုက်သည်။ ပြီးမှ ဟာ … မဟုတ်သေးပါဘူး၊ ငါ ဘာဖြစ်တာပါလိမ့်ဟု သတိပြန်ကပ်ပြီး ထိုပုံကို ပြန်ယူပြီး စိုက်ကြည့်ပစ်လိုက်သည်။ စိတ်ထဲမှာ အော်ဂလီဆန်လာသည်။ ကြက်သီးများ တဖြန်းဖြန်း ထသည်။ ပြတင်းပေါက်ကနေ အပြင်သို့ ကြည့်လိုက်သောအခါ ငှက်များ အိပ်တန်းပြန်နေကြပြီ။ အလင်းက ပိုပိုနည်းလာသည်။

ပြည်များ၊ သွေးများ၊ လောက်ကောင်ဖြူဖြူကြီးများ၊ အရိအရွှဲများ ယိုဖိတ်ကျနေသည့် အလောင်းကောင်ပုပ်ဓာတ်ပုံကို နဂိုမူလနေရာကို ပြန်ကပ်လိုက်သည်။ ၁ဝ မိနစ်ခန့် စိုက်ကြည့်ပစ်လိုက်သောအခါ ငြိမ်သွားသည်။ မိမိစိတ်ကို စိတ္တလတောအုပ်ထဲက ကျောက်ဂူထဲရောက်နေသလို အာရုံပြုနိုင်စေရန် လျှပ်စစ်မီးများ ပိတ်လိုက်သည်။ အတိတ်က ရခဲ့ဖူးသော သမာဓိအချို့ ပြန်ရသဖြင့် ကျေနပ်ခဲ့သည်။

(ထုံးစံအတိုင်း ဖတ်ရတာ ပျင်းသွားမှာစိုးလို့ ဖြတ်ထားလိုက်သည်။ ခဏလောက် အမောဖြေလိုက်ကြဦး၊ နောက်တစ်နေ့မှာ တောရကိုယ်တော်များနှင့် ဆွေးနွေးချက်များကို ဆက်ဖတ်ကြပေါ့။ ကျေးဇူးတင်ပါ၏။)

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails