Wednesday, April 23, 2014

အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံနှင့်ခေါင်းစီးစစ်တမ်း

အနောက်တိုင်း မိန်းကလေးတစ်ယောက်ကို “မင်းမျက်နှာလေးက ဖိုးလမင်းလေးလိုပဲ”ဟု တင်စားချီးမွှမ်းလျှင် သူ့ကို စော်ကားသည်ဟု ယူဆပြီး စိတ်ဆိုးလိမ့်မည် ဖြစ်သည်။ အနောက်တိုင်းသူတို့၏ ဖွင့်ဆိုချက်တွင် လမင်းကြီးသည် ဝိုင်းစက်နေသည်။ လမင်းလို ဝိုင်းစက်နေသောမျက်နှာသည် ဝက်နှင့်တူပြီး မည်သို့ လှပါတော့မည်နည်းဟု ယူဆကြသည်

အရှေ့တိုင်းမှာတော့ “မင်းမျက်နှာလေးက ဖိုးလမင်းလေးကျနေတာပဲ”ဟု ဆိုလျှင် သဘောကျသည်။ “သူ့မျက်နှာလေးက ဝိုင်းစက်ပြီး ချစ်စရာလေး”ဟုပင် ဆိုကြသည် မဟုတ်လော။ အနောက်တိုင်းတွင် “မင်းလေးက ကျားသစ်မလေးကျနေတာပဲ”ဟု ဆိုလျှင် သဘောခွေ့ကြပြန်သည်။ သွယ်လျကျစ်လစ်ပြီး သွက်လက်ဖျက်လက်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြဟန်ရှိသည်။ တစ်ဖန် အရှေ့တိုင်းသူတစ်ဦးကို ကျားသစ်မလေးနဲ့တူတယ်ဟုဆိုလျှင်ကား ခံစားနိုင်လိမ့်မည် မဟုတ်ပေ။

မလေးရှားနိုင်ငံတွင် ခေါင်ရမ်းပန်းသည် ကျက်သရေမင်္ဂလာ၏ ပြယုဂ်ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကား ခေါင်ရမ်းပန်းကို အသုဘပန်းဟု ခေါ်ကြသည်။ အသုဘချသည့်အချိန်တွင်သာ အသုံးပြုတတ်၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင်းမှာကိုပင် တစ်တီတူးငှက်သည် အချို့ဒေသများတွင် ငှက်ဆိုးဖြစ်ပြီး အချို့ဒေသများတွင် သာမန်ငှက်တစ်ကောင်မျှသာ ဖြစ်သည်။ အချို့ဒေသများတွင် ဇီးကွက်သည် မင်္ဂလာရှိသော ပညာရှိငှက်ကြီးဖြစ်ပြီး အချို့ဒေသများတွင် ငှက်ဆိုးဟု သမုတ်ကြသည်။ လောက၏ဖွင့်ဆိုချက်များ မည်မျှ ထွေထူးများပြားလှပါသနည်း။ အထက်ပါ ဖွင့်ဆိုသတ်မှတ်ကြပုံများသည် တစ်လောကလုံးနှင့်နှိုင်းစာလျှင် အနည်းငယ်မျှသာ ရှိပါလိမ့်ဦးမည်။ အမှန်အားဖြင့် သတ္တလောက၏ အပြင်ပန်း ဖွင့်ဆိုသမုတ်ထားချက်များသာလျှင် ဖြစ်ချေသေးသည်။

လူသားတို့၏ စိတ်ထဲ၊ နှလုံးသားထဲက ကွဲပြားသော၊ ဆန်းပြားထူးထွေ အဓိပ္ပာယ်ဖွင့်ဆိုချက်များသည်ကား အဘယ်မျှ ကွဲပြားထူးခြားပြီး စိတ်ဝင်စားဖွယ်ကောင်းလိုက်ပါမည်နည်း။ လူတစ်ယောက်တည်းကိုပဲ တစ်ဦးက လူဆိုး၊ လူယုတ်မာဟု ပြောသည်။ တစ်ဦးက သူတော်ကောင်းဟု ဆိုသည်။ လူတစ်ဦးတစ်ယောက်တည်းကိုပဲ အချို့က လူမှန်ဟု ဆိုပြီး အချို့က လူညစ်ဟု သမုတ်ကြပြန်သည်။ လူတစ်ယောက်တည်းကိုပဲ အချို့က လူတော်ဟု ဆိုပြီး အချို့က လူရှော်ဟု ပြောကြပြန်သည်။

လူကောင်း၊ လူဆိုး၊ လူမှန်၊ လူဖြောင့်၊ လူညစ်၊ လူကောက်ကျစ်၊ လူယုတ်မာ၊ လူတော်၊ လူရှော်၊ ပရဟိတသမား၊ ကိုယ်ကျိုးရှာသမား၊ ကြောင်သူတော်၊ သူတော်စင်၊ သူတော်ကောင်း၊ မြင့်မြတ်သူ၊ ယုတ်ညံ့သူ …. အိုး …. ပညတ်ချက်များ၊ သတ်မှတ်ချက်များ များပြားလှစွာတည့်။

ပတ်ဝန်းကျင်၏ ခေါ်ဝေါ်သမုတ်ချက်များသည် မှန်သည်လည်း ရှိနိုင်သည်။ မှားသည်လည်း ရှိနိုင်သည်။ ပတ်ဝန်းကျင်က ပေးအပ်သော ခေါင်းစီး သို့မဟုတ် အမှတ်တံဆိပ်သည် လုံးဝဂရုမစိုက်ဘဲ လျစ်လျူရှုမထားသင့်သကဲ့သို့ ပတ်ဝန်းကျင်က ပေးအပ်ထားသည်ဆိုတိုင်းလည်း အမှန် သို့မဟုတ် အမှားဟု တစ်ထစ်ချ ဆုံးဖြတ်၍ မသင့်လျော်ချေ။ အဘယ့်ကြောင့်ဆိုသော် လူဆိုသည်မှာ အမှန်၊ အမှား၊ အကောင်း၊ အဆိုး၊ အချစ်၊ အမုန်း၊ မုဒိတာနှလုံးသား၊ မနာလိုမှု၊ အဖြူ၊ အမည်း စသော ဆန့်ကျင်ဘက်စိတ်အခြေအနေများကို တယုတယ သိမ်းပိုက်ထားဆဲ ဖြစ်နေသည်။ ယင်းဆန့်ကျင်ဘက်စိတ်အခြေအနေများဖြင့် ပြည့်နှက်နေသော နှလုံးသားပိုင်ရှင်များ ဖြစ်နေသည်။

အမှန်၊ အကောင်း၊ အချစ်၊ မုဒိတာနှလုံးသား၊ အဖြူ စသော အမြုတေများ နှလုံးသားမှာ ကိန်းနေချိန်တွင် သတ်မှတ်ပေးလိုက်သော ခေါင်းစီးသည် အမှန်နှင့်နီးစပ်နိုင်ပြီး အမှား၊ အဆိုး၊ အမုန်း၊ မနာလိုမှု၊ အမည်း စသော အမြုတေများ နှလုံးသားမှာ ကိန်းနေချိန်တွင် သတ်မှတ်ပေးလိုက်သော ခေါင်းစီးသည်ကား အမှားနှင့်နီးစပ်သည်။

လောကတွင် အငြင်းအပွားရဆုံးပြဿနာမှာ ခေါင်းစီးတပ်ခြင်းပင် ဖြစ်သည်။ သူ့လူတော်တယ်၊ ငါ့လူတော်တယ်၊ သူက လူယုတ်မာ၊ သူက သူတော်ကောင်း စသည်ဖြင့် ဘဝတစ်လျှောက်လုံး ခေါင်းစီးတပ်နေကြသည်။ ထိုခေါင်းစီးများကြောင့် အငြင်းပွားရသည်။ ပြဿနာတက်ရသည်။ ရန်ဖြစ်ရသည်။ စစ်ပွဲကြီးတွေ ဖြစ်ရသည်။ မညီမညွတ်ဖြစ်ခြင်း၊ အစိတ်စိတ်အမွှာမွှာ ကွဲထွက်ခြင်း၊ မိသားစုပဋိပက္ခမှသည် ကမ္ဘာ့စစ်ပွဲကြီးများအထိ ရှိရှိသမျှ ပြဿနာတိုင်းသည် ခေါင်းစီးအပေါ် အခြေခံသည်။

“ငါကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကို ကယ်တင်မယ့် မြင့်မြတ်သူလို့ ယုံကြည်တယ်”။ “အင်း ငါကတော့ အဲဒီလို မထင်ဘူး၊ မပြတ်သားသူ ဝါးတားတားသမားလို့ ယုံတယ်”။ “ငါကတော့ ဦးသုတဟာ တော်တော်ညစ်ပတ်တဲ့သူလို့ ထင်တယ်”။ “အဲ ဟုတ်ပါဘူးဟ၊ သူက ကိုယ်ကျိုးစွန့်သမားပါဟ”။ “ဟိုကောင် ဘိုနီဟာ ငပျင်းပဲ”။ “ဟုတ်သေးဘူး ထင်တယ်နော်၊ ငါ့အမြင်တော့ ဒီကောင် တော်တော်ကြိုးစားတဲ့သူပါ”။ တစ်လောကလုံး မိမိတို့ သိမှု၊ မြင်မှု၊ ခံယူမှုအပေါ် အခြေခံပြီး ခေါင်းစီးများ အမျိုးတပ်ကြသည်။

လူတို့သည် ခေါင်းစီးများ အမျိုးမျိုးတပ်ပြီး အငြင်းပွားကြ၊ ဘက်တွေ ကွဲပြားသွားကြသည်။ ထိုမှတစ်ဆင့် ငါနှင့်မတူ ငါ့ရန်သူဖြစ်ပြီး ပဋိပက္ခမီးပွားများ လွင့်စင်ပြန့်ကျဲကုန်ရသည်။
မတူညီသောဘက်များကို ပဋိပက္ခများဆီ ဦးမလှည့်နိုင်အောင် တူညီသော ဘုံရည်မှန်းချက်များ ရှာကြရပြန်သည်။ ထိုဘုံရည်မှန်းချက် ရှာကာမှပင် ပဋိပက္ခများက ကြီးထွားသွားသည်များ ရှိနေတတ်သေးသည်။ စဉ်းစားကြည့်လေလေ ခေါင်းစီးတပ်မှုများ၏ လောကအပေါ် ရိုက်ခတ်မှုမှာ နက်ရှိုင်းလေလေ ဖြစ်သည်ကို တွေ့ရသည်။

ဥပမာအားဖြင့် ဗုဒ္ဓဘုရားရှင်၊ ယေရှု၊ မိုဟာမက် စသော ဘာသာရေးခေါင်းဆောင်များအပေါ် ကမ္ဘာ့လူသားများ ပေးအပ်သောခေါင်းစီးများကို သတိပြုနိုင်သည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးက “ဗုဒ္ဓဘုရားရှင်ဟာ လောကမှာ အကြီးကျယ် အမြင့်မြတ်ဆုံး”ဟု ဆိုလျှင် ခရစ်ယာန်ဘာသာဝင်က “အိုး နိုး … မင်း ရူးနေလား၊ ယေရှုကသာ အကြီးကျယ်အမြင့်မြတ်ဆုံး”ဟု ဆိုလိမ့်မည်။ မူဆလင်ကတော့ “ဟား ဟား ခင်များတို့ အရူးတွေပဲ၊ ဗုဒ္ဓတို့ ယေရှုတို့ဆိုတာ မိုဟာမက်ရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ဘယ်မီလိမ့်မတုံး”ဟု အားရပါးရ ဆိုပေလိမ့်မည်။ ဒီမိုကရေစီစနစ်ဖြင့်သာ အကြီးကျယ် အမြင့်မြတ်ဆုံး ဆုတံဆိပ်ကို ရွေးချယ်ပါက ဗုဒ္ဓဘုရားရှင်မှာ စတုတ္ထဆုနှင့်သာ ကျေနပ်ရပေလိမ့်မည်။ ဆိုလိုသည်မှာ မိမိပတ်ဝန်းကျင်နှင့် မိမိနှင့်ဆက်စပ်သောလူသားများအပေါ် လောကလူသားတို့ ခေါင်းစီးတပ်ပုံနှင့် ခေါင်းစီးတပ်ခြင်း၏ နက်ရှိုင်းမှုကို သတိပြုစေလို၍ ဖြစ်ပါသည်။

ခေါင်းစီးတပ်ပုံ ကွဲပြားခြားနားခြင်းမှာ အဓိပ္ပာယ်ဖွင့်ဆိုပုံ ကွဲပြားခြားနားခြင်းအပေါ် အခြေခံသည်ကို တွေ့ရမည် ဖြစ်သည်။

သို့ဆိုလျှင် မိမိတို့ ပတ်ဝန်းကျင်နှင့် မိမိတို့နှင့်ဆက်စပ်နေသော လူသားများအပေါ် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုကြမည်နည်း။ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မည်သည့်ပေတံကို အသုံးပြုရမည်နည်း။ မည်သည့်ပေတံကို အသုံးပြုမှ မှန်ကန်သောဖွင့်ဆိုချက်ကို ဖွင့်ဆိုနိုင်ပြီး သဘာဝကျသော သို့မဟုတ် လိုက်ဖက်သောခေါင်းစီး ပေးနိုင်မည်နည်း။ ဤမေးခွန်းကို ဖြေလိုသဖြင့် ရှည်ရှည်ဝေးဝေး နိဒါန်းချီလာရခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ညွှန်ပြတော်မူသော “ခေါင်းစီးစစ်တမ်း”ဟု ဆိုချင်ပါသည်။

ဤခေါင်းစီးစစ်တမ်းသည် ဗုဒ္ဓဘာသာ၏ “အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံ”ဟု ဆိုနိုင်သည်။
“အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံ”ကို ဗုဒ္ဓမြတ်စွာသည် အဂ္ဂိကဘာရဒွါဇပုဏ္ဏားကို အကြောင်းပြုပြီး ဟောတော်မူခဲ့သည်။ ဗုဒ္ဓမြတ်စွာသည် မင်းမျိုးဖြစ်ခြင်း၊ ရုပ်ရည်ရူပကာ သပ္ပာယ်ခြင်းနှင့် သူ၏တရားဓမ္မများကြောင့် အိန္ဒိယနိုင်ငံအနှံ့အပြားတွင် ထင်ရှားကျော်ကြားသည်။ အုပ်ချုပ်သူလူတန်းစား၊ ပညာရှင်အသိုင်းအဝိုင်းက အစ အောက်ခြေလူတန်းစားများအဆုံး အလွှာပေါင်းစုံက လေးစားကြည်ညိုကြသည်။ သို့ရာတွင် အထက်တွင်ဆိုခဲ့သော ကွဲပြားသောအဓိပ္ပာယ်ဖွင့်ဆိုမှုများကြောင့် ဗုဒ္ဓမြတ်စွာအပေါ် သတ်မှတ်ထားသော ခေါင်းစီး သို့မဟုတ် အမှတ်တံဆိပ်သည်ကား အမျိုးမျိုးအဖုံဖုံ ကွဲပြားနေခဲ့သည်။

ဗြဟ္မဏများက ဇာတ်စနစ်အရ သူတို့ကိုယ်သူတို့ အမြင့်မြတ်ဆုံးဟူသော တံဆိပ်ကပ်ထားကြသည်။ အချို့ပညာရှင်များက ဗုဒ္ဓမြတ်စွာ၏ လောကအပေါ် အဓိပ္ပာယ်ဖွင့်ဆိုပုံကို သဘောမတူကြ။ ထို့ကြောင့် သူတို့က ဗုဒ္ဓမြတ်စွာကို ဘုရားတံဆိပ် မခတ်နှိပ်လိုကြ။ အချို့က အယူဝါဒရေးရာအရ ဗုဒ္ဓမြတ်စွာ၏ အမြင့်မြတ်ဆုံးဟူသော ခေါင်းစီးကို လက်မခံကြခြင်း ဖြစ်သည်။ အချို့ကတော့ အယူဝါဒရေးရာအရ ဗုဒ္ဓမြတ်စွာ မှန်ကြောင်း သိသည်။ သို့သော် မိမိတို့၏ လောဘ၊ ကျော်ဇောမှု၊ မနာလိုမှုစသောတရားများ နှလုံးသားတွင် ကိန်းနေသဖြင့် လက်မခံကြခြင်း ဖြစ်သည်။

တစ်နေ့သောအခါက ဗုဒ္ဓမြတ်စွာသည် ဆွမ်းခံကြွရင်း အဂ္ဂိကဘာရဒွါဇပုဏ္ဏားအိမ်ရှေ့သို့ ရောက်လာသည်။ သူသည် ဇာတ်စနစ်အရ သူ့ကိုယ်သူ အမြင့်မြတ်ဆုံးအလွှာထဲမှတစ်ယောက်ဟု ယုံကြည်နေသူဖြစ်သည်။ သူသည် ဗုဒ္ဓမြတ်စွာကို ကြည်ညိုသူ မဟုတ်။ လူအများ ပေးအပ်ထားသည့် “မြတ်စွာဘုရားရှင်”ဟူသောခေါင်းစီးကို သဘောမကျ။ အမြင်ကပ်နေသူတစ်ဦး ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓမြတ်စွာက သူ့အိမ်ရှေ့သို့ ရောက်လာပြီး ဆွမ်းရပ်နေသောအခါ စိတ်တိုသွားသည်။ သူသည် စိတ်ဆိုးဆိုးဖြင့် “ဟေ့ ကတုံးစုတ် အဲဒီမှာ ရပ်နေစမ်း”ဆိုပြီး လှမ်းအော်သည်။ ဗုဒ္ဓမြတ်စွာက တုတ်တုတ်မျှ မလှုပ်။ သူ စိတ်ဆိုးလာသည်။ သို့ဖြင့် “ဟေ့ ရဟန်းယုတ် အဲဒီမှာ ရပ်နေစမ်း”ဟု အော်ပြန်သည်။ ဗုဒ္ဓမြတ်စွာထံမှ တုန့်ပြန်မှု မရသောအခါ “ဟေ့ လူယုတ်မာကြီး အဲဒီမှာ ရပ်နေစမ်း”ဟု လှမ်းဆဲလိုက်သည်။

ထိုအခါ ဗုဒ္ဓမြတ်စွာက စကားပြန်ပြောသည်။ “အို …. ပုဏ္ဏားကြီး …. သင်က ငါ့ကို လူယုတ်မာကြီးလို့ ခေါ်လိုက်တယ်နော်။ လူယုတ်မာဆိုတာ ဘာကို ပြောတာလဲ။ ဘာဖြစ်လို့ လူတစ်ယောက်ကို လူယုတ်မာလို့ ခေါ်ရသလဲဆိုတာကို သင်သိသလား”ဟု မေးသောအခါ သူက “အိုး …. လူယုတ်မာပါဆို လူယုတ်မာပေါ့”ဟု ဆိုသည်။ ထိုအခါ ဗုဒ္ဓမြတ်စွာက “အို ပုဏ္ဏားကြီး … လူယုတ်မာဆိုတာ ဘာလဲ၊ ဘာဖြစ်လို့ လူယုတ်မာလို့ ခေါ်ရသလဲဆိုတာတွေကို သင့်ကို ပြောပြမယ်”ဟု ဆိုကာ လူယုတ်မာအဓိပ္ပာယ်ဖွင့်ဆိုချက်များကို ထုတ်ဖော်ပေးခဲ့သည်။

“ပုဏ္ဏားကြီး … အောက်မှာ ငါ ပြောမယ့်အချက်တွေထဲက တစ်ခုခုနဲ့ ငြိနေရင် အဲဒီလူကို လူယုတ်မာလို့ သတ်မှတ်နိုင်တယ်”

၁။ အလွန်ဒေါသကြီး၊ ရန်ငြှိုးထားတတ်၊ ကျေးဇူးတရားနားမလည်၊ ကောက်ကျစ်တတ်သူ
၂။ လူစတဲ့ သတ္တဝါ၊ ငှက်စတဲ့ သတ္တဝါလေးများကို ညှဉ်းဆဲသတ်ဖြတ်တတ်သူ
၃။ မြို့ရွာတွေကို ဖျက်ဆီးတတ်သူ
၎။ ခိုးတတ်သူ
၅။ သူများဆီက အကြွေး ယူထားတယ်။ တစ်နေ့ကျတော့ အကြွေးလာတောင်းတယ်။ ရှိရဲ့သားနဲ့ မရှိဘူးလို့ ပြောတတ်သူ
၆။ လက်နက်အားကို ပြပြီး အနိုင်ကျင့်လုယူတတ်သူ၊ ဓားပြ
၇။ စည်းစိမ်ဥစ္စာကြောင့် လိမ်လည်မုသား ပြောတတ်သူ
၈။ ဆွေမျိုးတို့ရဲ့ မယား၊ သူငယ်ချင်းတို့ရဲ့ မယားကို သဘောတူလို့ဖြစ်စေ၊ မတူဘဲဖြစ်စေ လွန်ကျူးတတ်သူ
၉။ မိအိုဖအိုတို့ကို လုပ်ကျွေးနိုင်ပါလျက် မပြုစုမလုပ်ကျွေးသူ
၁ဝ။ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ယောက္ခမ၊ ယောက္ခထီးတို့ကို ရိုက်တတ်သူ
၁၂။ လုပ်ထားတဲ့ မကောင်းမှုကို ဖုံးထားတတ်သူ
၁၃။ သူများတွေရဲ့ အိမ်ကို သွားတော့ အားရပါးရ စားခဲ့ပြီး ကိုယ့်အိမ်ကို လာလည်တော့ ရှိပေမဲ့ မကျွေးတတ်သူ
၁၄။ အိမ်ကို လာ(ကြွ)ခဲ့ပါ၊ ဘာလှူပါ့မယ်လို့ ပြောပြီး အိမ်လည်း ရောက်ရော “ဘယ်တုန်းက ပြောတာလဲ၊ ကျုပ်တော့ လှူမယ်လို့ ပြောခဲ့ပါဘူး”လို့ လိမ်ပြောတတ်သူ
၁၅။ ပါးစပ်က ပေးမယ်၊ လှူမယ် ပြောပြီး တကယ်မလှူတတ်သူ၊ စကားနဲ့ပဲလှူပြီး လက်နဲ့မလှူသူ
၁၆။ ပစ္စည်းဝတ္ထုကို ရှာပြီး မသူတော်စကားပြောတတ်သူ (ဒီအချက်ကို သေချာမရှင်းပါ။ အဖွင့်ကျမ်းတွေလည်း ကြည့်ဖို့ လက်လှမ်းမမီလို့ ဒီလို သာမန်ပဲ မှတ်တော်မူကြပါ။ သိသူရှိရင်လည်း ရှင်းပြပေးပါ)။
၁၇။ ကိုယ့်ကိုကျတော့ ချီးမွှမ်းဝါကြွားပြီး သူများကျရင်တော့ ကဲ့ရဲ့ရှုတ်ချတတ်သူ
၁၈။ သူများတွေ ရှိလို့၊ သဒ္ဓါပေါက်လို့ လှူနေတာကို ကြည့်ပြီး မနာလိုသူ၊ သူများပစ္စည်းနဲ့ နှမြောနေတတ်သူ
(ရွှေတိဂုံကြီးကွာ ရွှေတွေ အများကြီး။ ဒါတွေကို ဘာလုပ်လိုက်ရင် ဘာညာဆိုတာမျိုး နေမှာပေါ့)
၁၉။ ဘုရားစတဲ့ သူတော်ကောင်းတွေ၊ တရားကျင့်တဲ့ ရသေ့စသည်ကို စွပ်စွဲဆဲရေးသူ
၂ဝ။ ရဟန္တာမဟုတ်ဘဲ ရဟန္တာလို့ လိမ်ပြောသူ

“ပုဏ္ဏားကြီး … သင်တို့က နေရင်းထိုင်ရင်း ကိုယ့်ကိုကိုယ် မြင့်မြတ်သူလို့ ထင်နေကြတယ်။ ဒီမှာ ငါ ပြောမယ်။ အမျိုးဇာတ်ကြောင့်လည်း လူယုတ်မာ မဖြစ်နိုင်ဘူး။ အမျိုးဇာတ်ကြောင့်လည်း သူတော်ကောင်း မဖြစ်နိုင်ဘူး။ ကိုယ်လုပ်တဲ့အလုပ်ကြောင့်ပဲ လူယုတ်မာတို့ သူတော်ကောင်းတို့ဆိုတာ ဖြစ်လာရတာပဲ”။ ဗုဒ္ဓမြတ်စွာ၏ လူယုတ်မာဖွင့်ဆိုချက်ကို ပုဏ္ဏားကြီး သဘောကျသွားပြီး ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သွားခဲ့သည်။

ဗုဒ္ဓမြတ်စွာ၏ လူယုတ်မာစစ်တမ်းကို ဖတ်ရှုပြီးသောအခါ မိမိကိုယ်ကို စစ်တမ်းထုတ်ကြည့်မိပြန်သည်။ “ငါ ဘယ်အချက်တွေနဲ့ ငြိနေသလဲ”။ စာဖတ်သူတို့ကိုလည်း မိမိကိုယ်ကို စစ်တမ်းထုတ်ကြည့်စေချင်သည်။

အမှန်အားဖြင့် ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းသည် မိမိကိုယ်ကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းနှင့် မိမိမှအခြားသူတို့ကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းဟု နှစ်မျိုးရှိပါသည်။ ဗုဒ္ဓမြတ်စွာက ကိုယ့်ခေါင်းစီး သို့မဟုတ် ကိုယ့်အမှတ်တံဆိပ်ကို ပထမဦးစွာ စစ်တမ်းထုတ်ဖို့ ပြောသည်။ ကိုယ့်ခေါင်းစီး၊ ကိုယ့်အမှတ်တံဆိပ်ကို သိမှ အခြားသူများအပေါ် သဘာဝကျကျ တံဆိပ်ကပ်ပေးနိုင်မည်ဟု မီးမောင်းထိုးပြသည်။ သို့ရာတွင် အခြားသူများကို ခေါင်းစီးတပ်ခြင်း၊ တံဆိပ်ကပ်ခြင်းထက် ကိုယ့်ခေါင်းစီး၊ ကိုယ့်အမှတ်တံဆိပ်ကို အဓိကအာရုံပြုပြီး လူတိုင်းလူတိုင်း ကိုယ့်ဘဝကိုယ်ကို အရည်အသွေးမြှင့်တင်ဖို့ ဗုဒ္ဓမြတ်စွာက အားပေးသည်။

ဗုဒ္ဓမြတ်စွာ ညွှန်ပြခဲ့သည့် အဓိပ္ပာယ်ဖွင့်ဆိုမှုပေတံကို အသုံးပြုကြမည်။ ပြီးလျှင် ကိုယ့်ဘဝအမှတ်တံဆိပ်ကို အရည်အသွေးမြင့်အောင် ကြိုးစားကြမည်။ လောကသဘာဝအရ အခြားသူများကို တံဆိပ်ကပ်ဖို့ မဖြစ်မနေ လိုအပ်လာလျှင် ထိုအဓိပ္ပာယ်ဖွင့်ဆိုမှုပေတံကို အသုံးပြုကြမည်။ လောကကြီးလည်း ပဋိပက္ခများ လျော့နည်းလာမည်။ ငြိမ်းချမ်းပြီး ပျော်ရွှင်ဖွယ်ရာ လောကကြီးတစ်ခု ဖြစ်လာခဲ့လေသည်။

အရှင်ကုသလသာမိ(အတည်မဲ့)

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails