Sunday, June 24, 2018

About

VEN. KUSALASAMI

GUTLEUTSTR 127, 60327, FRANKFURT AM MAIN
Telephone: +4915214489565 Email: kusalasami@gmail.com

Venerable Kusalasami was born in 1981 at Pyawbwe Township, Mandalay Division. He was ordained as a novice at the age of 14th. From 1995 to 2001, he studied primary and elementary Buddhist education at several famous monasteries in Myanmar; Visuddharama monastery (Taungoo Township), Kankalay forest monastery (Oak Twin Township), Brahmanimmitarama monastery and Nyaung Tone Pali University (Yangon). At the age of 21st, he was ordained as a Buddhist monk.

In 2001, he passed the entrance examination and joined State Pariyatti Sasana University which is situated in Kabaraye hill, Mayangone Township, Yangon; in which he studied higher Buddhist education; B.A and M.A. In 1st and 2nd year, he passed with all distinctions in all of seven subjects and obtained 1st price. In 3rd year, 3rd price and final year 1st price again he finished successfully with flying colors. Within his education period, he sought many scholarships from that University.

In 2003 as a student of State Pariyatti Sasana University, he set Sasanadhaja examination held by the Government and passed. That’s why he is awarded Sasanadhaja Dhammacariya degree which is equivalent to B.A by the Government.
In 2008, he went to Sri Lanka and joined Buddhist Study of Kelaniya University where he obtained M.A degree.

After finished M.A degree in Kelaniya University, he entered the Cittalapabbata forest that is second biggest forest in Sri Lanka and pracitsed Buddhist meditation in the cave for 60 days. Then he wrote a book in Myanmar language about his meditation experiences. Now he has already written many articles and published four books.

In 2010, he was invited by Dhammikarama Myanmar Chinese Buddhist Temple in Penang, Malaysia where he taught Buddhist meditation for one year. In 2012, he backed to Myanmar and established Dhamma School Foundation. As a general secretary of foundation, he opened hundreds of Dhamma School throughout Myanmar. In 2014, he was invited by Myanmar community in Frankfurt, Germany.
Now he is teaching Buddhist meditation, Abhidhamma and other basic Buddhist knowledge in Germany.

Monday, March 26, 2018

သံယောဇ်



သံယောဇဉ်
.....................
(၁)
“ဗရုက်သုက္ခကြီးနဲ့ … ဘယ်လိုဖြစ်လာတာလဲ၊ ရဟန်းမ(ဘိက္ခုနီ)လုပ်ပြီး ဒီလောက်တောင် အချစ်ကြီးရသလား”
ကြည်လင်အေးမြပြီး တည်ငြိမ်လှသော ရေကန်မျက်နှာပြင်လို ပကတိတည်ငြိမ်သော ဣန္ဒြေဖြင့် ပြောဆိုလိုက်သော်လည်း သူ့စကားသံက ကရုဏာဒေါသသံ ပါနေသည်။ ရဟန်းမကြီးသည် စိတ်အတော် ထိခိုက်သွားသည်။ “အော် ငါ့မှာဖြင့် ၁၂ - နှစ်လုံးလုံး သူ့ကို တမ်းတတဲ့စိတ်နဲ့ မျက်ရည်တွေ ကျခဲ့လိုက်ရတာ၊ သူ့ကို လွမ်းလို့ တရားနဲ့တောင် မနေနိုင်ခဲ့ဘူး၊ သူ့ကို တွေ့ချင်မြင်ချင်လွန်းလို့ မျက်ရည်နဲ့မျက်ခွက် တစ်ရက်မှ မပျက်ခဲ့ဘူး၊ သူကတော့ ပြောရက်လိုက်တာ”စသည်ဖြင့် တွေးမိပြီး သူ့အပေါ် စိတ်နာသွားသည်။
ကြမ်းတမ်းလွန်းပြီး သူ့အပေါ် ငဲ့ညှာမှုကင်းမဲ့စွာ ပြောလိုက်သည့်စကားကြောင့် ၁၂ - နှစ်လုံးလုံး ကျခဲ့ရသော၊ လွမ်းဆွေးခဲ့ရသော အချိန်များအတွက် နောင်တတွေ ရမိသည်။ “သူလည်းပဲ ငါ့ကို တမ်းတလွမ်းဆွတ်နေမယ် ထင်ထားတာ၊ အခုတော့ ပြောရက်လိုက်တာ”ဟူသော နောင်တတရားနှင့်အတူ တစ်ခုတည်းသော သံယောဇဉ်ကြိုးလေး ပျက်တောက်သွားသည်။ အခြားတွယ်နှောင်စရာသံယောဇဉ်ဟူ၍ တစ်မ ျှင်မ ျှ မရှိတော့။ ရဟန်းမကြီး၏ စိတ်တွေ တည်ငြိမ်သွားသည်။ ထိုနေ့မှာပင် ရဟန်းမကြီး တရားထူးတရားမြတ်တွေကို သိမြင်သဘောပေါက်သွားခဲ့သည်။

(၂)
ရဟန်းမကြီးကို ကရုဏာဒေါသနှင့် ကြမ်းကြမ်းတမ်းတမ်း မငဲ့မညှာ ပြောလိုက်သူမှာ “အရှင်ကုမာရကဿပ”ဖြစ်သည်။ သူ့စကားကြောင့် မိခင်ကြီး တရားထူးတရားမြတ်ရသွားသဖြင့် ပြောရကျိုးနပ်သည်ဟု ဆိုနိုင်သည်။ 

မိခင်ရဟန်းမကြီးသည် သာမန်အမျိုးသမီးတစ်ဦးတော့ မဟုတ်ပါ။ မြတ်စွာဘုရား သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးစဉ် သူက သူဌေးသမီးလေးတစ်ယောက်ဖြစ်သည်။ ဘဝါဘဝက ဖြည့်ကျင့်ခဲ့သော ပါရမီတွေကြောင့် ငယ်စဉ်ကတည်းက ရဟန်းမ ဝတ်ချင်သဖြင့် မိဘတွေထံမှာ ခဏခဏ ဝတ်ခွင့်တောင်းသည်။ မိဘများက ခွင့်မပြုခဲ့ပေ။ အရွယ်ရောက်သောအခါမှာတော့ ရဟန်းမ ဝတ်ခွင့် မပြုသည့်အပြင် ယောကျ်ားပေးစားလိုက်သည်။ မိဘပေးစားသဖြင့် အိမ်ထောင်ကျသော်လည်း မယားဝတ္တရားကျေပြွန်အောင် ပြုလုပ်သည်။ ဤသို့ နေထိုင်ရင်း တစ်နေ့သောအခါ သူမ၏ စိတ်ကူးဆန္ဒကို လင်ဖြစ်သူကို ဖွင့်ဟပြောမိသည်။ ထိုအခါ လင်ဖြစ်သူက ရဟန်းမ ဝတ်လိုလ ျှင် ဝတ်နိုင်ကြောင်း ခွင့်ပြုပေးလိုက်သည်။ 

အမျိုးသမီးလေးမှာ သူမ၏ဆန္ဒများ ပြည့်ဝတော့မည်ဖြစ်သဖြင့် ပျော်ရွှင်သွားလေသည်။ သို့ဖြင့် နီးစပ်ရာ ရဟန်းမ(ဘိက္ခုနီမ)ကျောင်းမှာ ရဟန်းမ ဝတ်ခဲ့သည်။ ကံဆိုးချင်တော့ ထိုကျောင်းကို အုပ်ချုပ်သူက အရှင်ဒေဝဒတ် ဖြစ်နေခဲ့လေသည်။

(၃)
ရဟန်းမကျောင်းတွင် အခြားသူများကဲ့သို့ စာပေသင်ကြားလိုက်၊ တရားအားထုတ်လိုက်ဖြင့် နေခဲ့သည်။ တစ်နေ့သောအခါ ကံဆိုးမှုတစ်ခု ပေါ်ပေါက်လာသည်။ သူဌေးသမီးတစ်ဖြစ်လဲ ရဟန်းမလေးမှာ ကိုယ်ဝန်ရှိလာခဲ့သည်။ ကျောင်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည်။ တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုး ဝေဖန်ကြသည်။ ရဟန်းမ လုပ်ပြီး ကိုယ်ဝန်ရရသလားဟုဆိုကာ ပြစ်တင်ပြောဆိုကြသည်။ ထိုထဲတွင် အကြီးအကဲဖြစ်သူ ရဟန်းမ က မေးမြန်းသောအခါ “အရှင်မ … တပည့်တော်ဟာ သီလကို လုံခြုံစွာ ထိန်းပါတယ်၊ ရဟန်းမအဖြစ်နဲ့ လွန်ကျူးပြီး ရတဲ့ ကိုယ်ဝန်မဟုတ်ပါ”ဟု ရှင်းပြသည်။ သို့ရာတွင် “ခက်ချေပြီ၊ သင့်အနေနဲ့ ဘယ်လိုပဲ ရရ၊ ဒီသင်္ကန်းကြီး ဝတ်ပြီး ကိုယ်ဝန်နဲ့ဖြစ်နေတာဟာ ဘယ်လိုမှ အဆင်မပြေဘူး၊ ငါတို့ ဆရာထံ အဆုံးအဖြတ်ခံဖို့ သွားကြမယ်”ဟုဆိုကာ အရှင်ဒေဝဒတ်ထံသို့ ခေါ်သွားခဲ့သည်။ 

အရှင်ဒေဝတ်ထံ ရောက်၍ အကြောင်းစုံကို တင်ပြလိုက်သည့်အခါ “အင်း …. ဒါက ဘယ်တုန်းက ရတဲ့ကိုယ်ဝန်ဖြစ်ဖြစ် သင်္ကန်းဝတ်နဲ့တော့ မသင့်တော်လှဘူး။ လူဝတ်သာ လဲပေးလိုက်တော့”ဟု ဆုံးဖြတ်ပေးလိုက်သည်။ ရဟန်းမလေးက အမျိုးမျိုးတောင်းပန်သော်လည်း အရှင်ဒေဝဒတ်က သူ့ဆုံးဖြတ်ချက်ကို မပြင်နိုင်ကြောင်းသာ တုန့်ပြန်ခဲ့သည်။ သို့ဖြင့် အရှင်ဒေဝဒတ်အဆောင်မှ အပြင်ရောက်သောအခါ “အို … အရှင်မတို့ … တပည့်တော်မကို လူဝတ်မလဲလိုက်ကြပါနဲ့၊ တပည့်တော်မ ဟာ အရှင်ဒေဝဒတ်ကို ကြည်ညိုလို့ ရဟန်းမ ဝတ်လာတာ မဟုတ်ပါ၊ မြတ်စွာဘုရားကို ကြည်ညိုလို့ ရဟန်းဝတ်လာတာပါ၊ ဒါကြောင့် မြတ်စွာဘုရားထံကိုသာ ပို့ပေးတော်မူကြပါဘုရား”ဟု တောင်းပန်သောအခါ အခြားရဟန်းမများက မြတ်စွာဘုရားထံ ပို့ပေးခဲ့ကြသည်။

(၄)
မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးကတော့ အခုလို ဆုံးဖြတ်ချက်မျိုး ပေးမှာ မဟုတ်ဘူးဟု ယုံကြည်သော်လည်း ရဟန်းမလေးခမျာ စိုးရိမ်စိတ်ကိုတော့ ပယ်ဖျောက်၍ မရ၊ ကြောက်ရွံ့စိုးထိတ်စွာဖြင့်ပင် မြတ်စွာဘုရားရှေ့ ရောက်လာခဲ့သည်။ သဗ္ဗညုတဉာဏ်ရှင် မြတ်စွာဘုရားသခင်ကတော့ ရဟန်းမလေးကို ကြည့်လိုက်ကတည်းက ဖြစ်ကြောင်းကုန်စင်ကို သိတော်မူပြီး ဖြစ်လေသည်။ ရဟန်းမ မဝတ်ခင်ကတည်းက ရခဲ့သောကိုယ်ဝန်ဖြစ်တာကိုလည်း သိတော်မူသည်။ ရဟန်းမများနှင့်နှုတ်ခွန်းဆက်စကား ပြောကြားပြီးသည့်အခါ လာရင်းအကြောင်းကို လေ ျှာက်ထားကြသည်။ မြတ်စွာဘုရားက သူ သိသည့်အတိုင်း မိန့်တော်မူပြီး အပြစ်မရှိကြောင်း ဆုံးဖြတ်ပေးလိုက်မည်လား။ ဤနေရာတွင် မြတ်စွာဘုရားရှင်၏ ပြဿနာဖြေရှင်းနည်းတစ်ခုကို နာယူသင်ကြားလိုက်ရသည်။ 

မြတ်စွာဘုရားကိုယ်တိုင် မည်သည့်ဆုံးဖြတ်ချက်ကိုမ ျှ ပေးတော်မမူခဲ့ပေ။ ဝိနည်းကျွမ်းကျင်သူ (ဥပဒေပညာရှင်) အရှင်ဥပါလိကို အခေါ်လွှတ်လိုက်သည်။ နောက်ပြီး ကောသလမင်းကြီး၊ အနာထပိဏ်သူဌေးကြီး၊ သူဌေးငယ်၊ သာဝတ္ထိမြို့မှ ဂုဏ်သရေရှိ လူကြီးမင်းများ၊ မြို့မျက်နှာဖုံးများနှင့် ကျောင်းအစ်မကြီး ဝိသာခါတို့ကို ကျောင်းကို လာခဲ့ကြဖို့ မိန့်တော်မူသည်။ ထူးထူးခြားခြား ဘုရင်မင်းမြတ်နှင့် မြို့သူဌေးများ၊ လူကြီးမင်းများကို တစ်ပြိုင်တည်း အခေါ်လွှတ်သည်ကို ကြားသိရသော မြို့သူမြို့သားများလည်း တစ်ခုခုတော့ ထူးခြားပြီဟူသောအသိဖြင့် ဇေတဝန်ကျောင်းတော်သို့ စုရုံးရောက်လာကြလေသည်။ ဇေတဝန်ကျောင်းတော် ကွင်းပြင်ကြီးမှာ လူတွေ ပြည့်သွားသည်။ လူတွေအားလုံး၏ အလယ်တွင် ကန့်လန့်ကာဖြင့် ကာထားပြီး ရဟန်းမလေးကို နေစေသည်။ အပြင်က လူတွေက ဘာများ လုပ်ဖို့ပါလိမ့်ဟု တွေးကာ ခြံရံငေးကြည့်နေကြသည်။ မြတ်စွာဘုရားရှင်က ကျောင်းအစ်မကြီး ဝိသာခါကို အနားကို လာဖို့ ခေါ်ခိုင်းလိုက်သည်။ 

ဝိသာခါသည် မြတ်စွာဘုရားစကားကို နားထောင်ပြီး ကန့်လန့်ကာအတွင်း ပြန်ဝင်သွားသည်။ ရဟန်းမလေး၏ သားမြတ်၊ ဗိုက်၊ ချက် စသော ကိုယ်အင်္ဂါတို့ကို ဝိသာခါက အသေးစိတ် စစ်ဆေးကြည့်ရှုသည်။ ထို့နောက် ကိုယ်ဝန်စဖြစ်သည့် ရက်၊ လ၊ အချိန်တို့ကို တွက်ဆသည်။ ကောက်ချက်ချကြည့်သည့်အခါ ကိုယ်ဝန်သည် ရဟန်းမ မဝတ်မီ အချိန်ကဖြစ်ကြောင်း ထင်ရှားစွာ သိလိုက်ရသည်။ အရှင်ဥပါလိ က ကန့်လန့်ကာအပြင်မှ စောင့်နေသည်။ “ကျောင်းအစ်မကြီး … တွေ့ရှိသည့်အတိုင်း ပြောပါဦး”ဟု မြတ်စွာဘုရား၊ ဘုရင်နှင့်တကွ ပရိသတ်အားလုံးရှေ့တွင် မေးလိုက်သည်။ ဝိသာခါက “ဤရဟန်းမလေး၏ ကိုယ်ဝန်သည် ရဟန်းမ ဝတ်ပြီးနောက် သီလပျက်ပြားပြီး ဖောက်ပြန်သဖြင့် ရသည့်ကိုယ်ဝန်မဟုတ်ပါ၊ ရဟန်းမ မဝတ်မီကတည်းက ရလာခဲ့သောကိုယ်ဝန်ဖြစ်ပါသည်ဘုရား”ဟု ဖြေကြားလိုက်လေသည်။ 

မြတ်စွာဘုရားရှင်၏ ပြဿနာဖြေရှင်းနည်း ကောင်းမွန်မှုကြောင့် ကိုယ်ဝန်ကြီးတကားကားနှင့် ရဟန်းမလေးလည်း နာမည်မပျက်၊ သာသနာလည်း သိက္ခာကျစရာ မရှိတော့ဘဲ သာဝတ္ထိမြို့တွင် လွတ်လပ်စွာ သွားလာ၍ အဆင်ပြေသွားခဲ့သည်။

(၅)
နေ့စေ့လစေ့ရှိသောအခါ ရဟန်းမလေး မီးဖွားသည်။ ရဟန်းမကျောင်းမှာ ကလေးထိန်းရ၊ ကလေးအနှီးလေ ျှာ်ရ စသည်ဖြင့် မသင့်လျော်သောကြောင့် ကောသလမင်းကြီးက ကလေးကို မွေးစားလိုက်သည်။ “ကုမာရကဿပ”ဟု အမည်ပေးလိုက်သည်။ နန်းတော်ထဲတွင် ဘုရင့်သားလေးလို ကြီးပျင်းခဲ့ရသော်လည်း သူ နည်းနည်းမှ မပျော်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကလေးသဘာဝ ဆော့ကစားသည့်အခါတိုင်း အခြားကလေးများက “မိဘမဲ့ အဖေမရှိ၊ အမေမရှိ”ဟု စကြနောက်ကြသောကြောင့် ဖြစ်လေသည်။ ကောသလမင်းကြီးကို မေးတိုင်း အမျိုးမျိုး စိတ်ကျေနပ်အောင် လှည့်ပတ်ပြောဆိုခဲ့သည်ချည်း ဖြစ်သည်။ တိတိကျကျ အဖြေမရခဲ့ပေ။

အရွယ်ရောက်သည့်တစ်နေ့သောအခါ ကောသလမင်းကြီးသည် “သင့်အမေသည် ရဟန်းမတစ်ပါးဖြစ်ကြောင်း အမှန်အတိုင်း ပြောပြလိုက်လေသည်။ ထိုအခါ ကုမာရကဿပသည် သို့ဆိုလ ျှင် သူလည်းပဲ နန်းတော်ထဲ မနေလိုတော့ကြောင်း၊ ရဟန်းပြုလိုကြောင်း ခွင့်တောင်းသဖြင့် ကြီးကျယ်သောအခမ်းအနားဖြင့် ရဟန်းပြုပေးလိုက်လေသည်။ ရဟန်းပြုပြီးနောက် မြတ်စွာဘုရားထံမှ ကမ္မဋ္ဌာန်းနည်းများကို နာကြားကာ တောထဲ၌ တရားအားထုတ်သည်။ ၁၂ -နှစ်တိုင်တိုင် ကြာသွားခဲ့သည်။ ၁၂ - နှစ်ပြည့်မှ တရားထူးတရားမြတ် ရသွားခဲ့သည်။ သူ တရားအားထုတ်နေသည့် ၁၂ - နှစ်တာ ကာလအတွင်း သူ့မိခင် ရဟန်းမကြီး သူ့သားကို သတိရလွမ်းဆွတ်စိတ်ဖြင့် တငိုငို တယိုယိုဖြစ်နေသည်ကို သတိမထားမိဘဲ တရားကိုသာ စိတ်နှစ်ပြီး အားထုတ်နေခဲ့လေသည်။ ဖြစ်ချင်တော့ သူ တရားထူးတရားမြတ်ရပြီး မြို့ထဲ ဆွမ်းခံထွက်သည့်အချိန်တွင် သူ့မိခင် ရဟန်းမကြီးက အမှတ်မထင် တွေ့မြင်သွားခဲ့ခြင်း ဖြစ်လေသည်။

(၆)
မိခင်ရဟန်းမကြီးသည် သားအပေါ်ထားသည့် သံယောဇဉ်က ပြင်းထန်လွန်းသဖြင့် သားရဟန်းကို တွေ့သည်နှင့် ဣန္ဒြေမဆည်နိုင်တော့ဘဲ သပိတ်ကြီးပိုက်လျက် သားဆီသို့ အူယားဖားယား ပြေးသွားလေသည်။ သားဇောဖြင့် ပြေးသွားရာ ခလုတ်တိုက်ကာ လဲလိုက်သေးသည်။ တစ်ကိုယ်လုံးလည်း ချွေးများဖြင့် ပေကျံကုန်သည်။ သားဟူသော အသိစိတ်ကြောင့် သားမြတ်မှ နို့ရည်များလည်း လ ျှံထွက်လာသည် (ဟု ဆိုသည်)။ ရဟန်းမကြီးမှာ မည်သို့မ ျှ ကြည့်မကောင်းတော့။ သားရဟန်းဆီရောက်သည့်အခါ တစ်ကိုယ်လုံး ညစ်ပတ်ပေရေပြီး မြင်မကောင်းအောင် ဣန္ဒြေပျက်လျက် ရှိလေသည်။ 

မိခင်ရဟန်းမကြီး၏ မြင်မကောင်းအောင် ဖြစ်ပျက်နေပုံကို တွေ့လိုက်ရသဖြင့် မိခင်ကြီး၏ သားဟူသော သံယောဇဉ်ကို ပျက်တောက်သွားစေဖို့အတွက် စိတ်နာသွားအောင် ခပ်ကြမ်းကြမ်း ပြောလိုက်ခြင်း ဖြစ်လေသည်။ သူ့ရည်ရွယ်ချက် အထမြောက်သည်ဟု ဆိုရမည်။ သူပြောလိုက်သည့်နေ့မှာပင် သူ့မိခင်ကြီး တရားထူးတရားမြတ်တွေ ရသွားခဲ့သည် မဟုတ်ပါလား။

(၇)
အထက်ပါ သားအမိနှစ်ယောက်တို့၏ စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်က “ချစ်သား၊ ချစ်သမီးတို့ … လောကမှာ သူတစ်ပါးကို သွားပြီး အားမကိုးနဲ့၊ ကိုယ့်ကိုကိုယ်သာ အားကိုးကြ၊ သူတစ်ပါးတွေ လုပ်တဲ့ ကောင်းမှုနဲ့ သင်တို့ကို နတ်ပြည်ပို့လို့ မရနိုင်ဘူး၊ သူတစ်ပါးတွေ အားထုတ်တဲ့တရားနဲ့ သင့်မှာ တရားထူးမရနိုင်ဘူး၊ ကိုယ်တိုင်လုပ်မှသာ အကျိုးရလဒ်ကို ကိုယ်တိုင် ရမှာဖြစ်တယ်”စသည်ဖြင့် “အတ္တာဟိ အတ္တနော နာထော” အစဖြာသော ဓမ္မဒေသနာကို ဟောကြားတော်မူခဲ့ရာ ပရိသတ်များစွာတို့ တရားအသိတွေ ထူးကုန်ကြလေသည်။

(၈)
သားအမိနှစ်ယောက်ကို အခြေခံသော တရားဒေသနာကို သိရှိပြီးသောအခါ “သံယောဇဉ်”ဆိုသော စကားတစ်ခွန်း၏ အကျိုးသက်ရောက်မှုအကြောင်းကို မေးခွန်းထုတ်ကာ အဖန်ဖန် တွေးနေမိသည်။ မိခင်ဖြစ်သူ ရဟန်းမကြီးမှာ “သံယောဇဉ်”ဟူသောအရာလေးတစ်ခု ရင်ထဲမှာ ရှိနေချိန်မှာ ၁၂ - နှစ်လုံးလုံး အလွမ်းမျက်ရည်တွေနှင့် သောကတွေ ဝေခဲ့ရသည်။ ထိုအရာလေးတစ်ခု ပျက်တောက်သွားချိန်မှာတော့ အငြိမ်းဓာတ်ပြည့်ဝစွာ ဘဝက ရှင်သန်လာခဲ့ရသည်။ “သံယောဇဉ်မှာ ဘာကောင်းကျိုးတွေ ရှိနေပါသလဲ”၊ “ပူလောင်ခြင်းအပြင် ဘာအကျိုးတွေ ပေးတတ်ပါသေးသလဲ”။ စာရေးသူကတော့ ဖြေပြီးပါပြီ။ စာဖတ်သူများလည်း အားလုံး ဝိုင်းဖြေကြဖို့ ဖြစ်ပါသည်။

ချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ …
အရှင်ကုသလသာမိ(ပျော်ဘွယ်)

ကျမ်းကိုး ... ကုမာရကဿပမာတုထေရီဝတ္ထု၊ ဓမ္မပဒ

Tuesday, March 21, 2017

စာအုပ်စာပေ လူ့မိတ်ဆွေ (စာဖတ်ကြဖို့ လိုပါတယ်)



“စာအုပ်စာပေ လူ့မိတ်ဆွေ”။ မြန်မာစကား အလွန်နားထောင်၍ ကောင်းပါ၏။ ဘဝတွင် ရရှိလာသည့် အသိအမြင်အတွေးအခေါ်များသည် စာအုပ်စာပေအပေါ်တွင် များစွာ မူတည်နေ၏။ ဘဝအတွေ့အကြုံများမှ ရရှိလာသော အသိအမြင်၊ အတွေ့အကြုံ၊ သင်္ခန်းစာတို့လည်း တန်ဖိုးရှိပါ၏။ သို့ရာတွင် လူတစ်ဦးတစ်ယောက်သည် အတွေ့အကြုံများစွာကို တစ်ပြိုင်တည်း မရနိုင်ပါ။ အကန့်အသတ်များက မြောက်မြားစွာ ရှိနေသည်။

ရဟန်းတစ်ပါးသည် ရဟန်းနှင့်သက်ဆိုင်သော အတွေ့အကြုံများကိုသာ များသောအားဖြင့် ရနိုင်၏။ လူတစ်ဦးတစ်ယောက်သည် လူလောကနှင့်သက်ဆိုင်သမျှကိုသာ ကိုယ်တွေ့ကြုံနိုင်၏။ ကျောင်းဆရာတစ်ယောက်သည် ကျောင်းဆရာအတွေ့အကြုံ၊ မိဘဖြစ်ဖူးသူသာ မိဘ၏ အတွေ့အကြုံ၊ ယောကျ်ားတစ်ယောက်သည် ယောက်ျားတစ်ယောက်၏အတွေ့အကြုံကိုသာ တွေ့ကြုံနိုင်ပြီး မိန်းမတို့၏ ခံစားချက်နှင့်ဘဝအတွေ့အကြုံများကို မည်သို့မျှ ကိုယ်တွေ့မကြုံနိုင်ပါ။ ကိုယ်တွေ့မကြုံနိုင်သဖြင့် သူတစ်ပါးတို့ တွေ့ကြုံထားသောအဖြစ်အပျက်များ၊ ခံစားချက်များကို တစ်ဆင့်စကားဖြင့်သာ နားလည်ရ၏။ တွေ့ကြုံကြရ၏။

စာပေကပေးသောအတွေ့အကြုံကား အကန့်အသတ်မဲ့၏။ ကာလမဲ့၏။ စာပေထဲတွင် နယ်ပယ်ပေါင်းစုံက သက်ရှိများ၊ သက်မဲ့များ၏ ဖြစ်တည်မှု၊ ခံစားမှု၊ အတွေးအကြံ၊ အတွေ့အကြုံများကို ရှာဖွေနိုင်၏။ မိမိကိုယ်တိုင် တွေ့ကြုံရခြင်း မဟုတ်သော်လည်း တကယ့်လက်တွေ့ဘဝတွင် ဖြစ်ပျက်တတ်သော အဖြစ်သနစ်များကို တွေ့ကြုံခံစားနိုင်၏။ ထိုမှတစ်ဆင့် ဘဝအသိအမြင်အဆင့်သို့ ပြောင်းလဲနိုင်၏။

“စာပေမြင့်မှ လူမျိုးတင့်မည်”ဟူသော မြန်မာစကားမှာလည်း အလွန်မှတ်သားဖွယ်ကောင်း၏။ ထိုစကားအတိုင်းပင် ရှေးမြန်မာတို့လက်ထက်တွင် မြန်မာ့စာပေသည် အဆင့်အတန်း အလွန်မြင့်မား၏။ စာပေအဆင့်အတန်းမြင့်သဖြင့် ယဉ်ကျေးမှုလည်း မြင့်ခဲ့၏။ တိုင်းပြည်က အသူရာချောက်ကမ်းပါးထဲ ပြုတ်ကျခဲ့သဖြင့်သာ ဂုဏ်ယူဖွယ်ရာကောင်းသော မြန်မာ့သမိုင်းအစဉ်အလာများလည်း အထင်သေးအမြင်သေးအဆင့်သို့ လျှောကျသွားခဲ့ရသည်။ ကမ္ဘာမှာ လူမသိသူမသိအနေအထား ဖြစ်သွားခဲ့သည်။

စာပေမြင့်ဖို့ ဘာလုပ်ရမည်နည်း။ စာဖတ်ရပါမည်။ စာဖတ်ဖို့အတွက် နည်းမျိုးစုံသုံးရပါမည်။ စာပေအဆင့်အတန်းမြင့်စေဖို့ စာပေအဝန်းအဝိုင်းများကို ပြုစုပျိုးထောင်ရမည်။ တစ်ပိုင်တစ်နိုင်အားဖြင့်ဖြစ်စေ၊ အသင်းအဖွဲ့အလိုက်ဖြစ်စေ စာပေအဝန်းအဝိုင်းလေးများ ဖြစ်ဖို့ လိုသည်။ ဒါတောင် မပြည့်စုံပါ။ တကယ်တော့ အမျိုးသားရေးဦးတည်ချက်အနေဖြင့် စာပေမြင့်အောင် ကြိုးပမ်းရမည်။ တာဝန်ရှိအစိုးရက ပညာပါပါ၊ အမြော်အမြင်ရှိရှိဖြင့် တာဝန်ယူကြိုးစားမှ တိုးတက်နိုင်မည်။

မျိုးဆက်သစ်လူငယ်များ ငယ်စဉ်ကလေးဘဝမှ စတင်ပြီး စာဖတ်သည့်အလေ့အကျင့်ရအောင် ပြုစုပျိုးထောင်ပေးရမည်။ နိုင်ငံတကာစာကြည့်တိုက်စနစ်ကို ပညာရေးတွင် ထည့်သွင်းပြီး သင်ကြားစေသင့်သည်။ ထိုပညာရေးမှတစ်ဆင့် စာကြည့်တိုက်များ၏ အရေးပါမှုကို သိလာမည်။ စာကြည့်တိုက်ကို လူငယ်များအမြင်တွင် လာချင်စဖွယ်ဖြစ်အောင်၊ စိတ်အေးချမ်းသာစွာ စာဖတ်နိုင်အောင်၊ ဖတ်သည့်အခါမှာလည်း စနစ်ကျအောင် လုပ်ကိုင်တတ်သောပညာရှင်များ ပေါ်လာမည်။

စာရေးဆရာကြီးများ၏ စာပေဟောပြောပွဲများတွင်လည်း ပရိသတ်လက်ခုပ်သံများစွာ ရနိုင်သော အစိုးရမကောင်းကြောင်း (အစိုးရကောင်းခြင်း၊မကောင်းခြင်းကို ဆိုလိုခြင်း မဟုတ်ပါ) စကားလုံးများကိုသာ အဓိက ကြားရတတ်၏။ စာကြည့်တိုက်များ၏အရေးပါမှု၊ စာဖတ်ခြင်း၏အကျိုးကျေးဇူး၊ စာကြည့်တိုက်လုပ်ထုံးလုပ်နည်းများ၊ စာကြည့်တိုက်ကို ဆွဲဆောင်မှုရှိအောင် လုပ်သည့်နည်းများ၊ စနစ်ကျအောင်နှင့် ရေရှည်တည်တံ့အောင်လုပ်ရမည့်နည်းများကို ဟောပြောမှုများက မကြားရသလောက်ပင် ဖြစ်၏။

မြန်မာနိုင်ငံတွင် တစ်ပိုင်တစ်နိုင် စာကြည့်တိုက်များကတော့ အလျှိုအလျှို ပေါ်ထွက်နေသည်ကိုတော့ တွေ့မြင်နေရ၏။ ဝမ်းမြောက်ဖွယ် ကောင်းပါ၏။ အကျိုးရှိတန်သလောက်ရှိသော်လည်း ထိထိရောက်ရောက်၊ အောင်အောင်မြင်မြင် အကျိုးဖြစ်ထွန်းမှုကား နည်းပါးလှသည်။ စာကြည့်တိုက်ဦးဆောင်သူများ၏ စေတနာနှင့် အနစ်နာခံမှုကြောင့် ဖြစ်ပေါ်လာသည်က များသည်။ ရေရှည်တည်တံ့ရေးနှင့် စာဖတ်သူများကို ဆွဲဆောင်နိုင်အားကတော့ အများအားဖြင့် နည်းပါးလှပေသည်။ စာကြည့်တိုက်ဖွင့်ခြင်းနှင့် စာဖတ်ခြင်းကို နည်းမျိုးစုံဖြင့် တားဆီးပိတ်ပင်ခံခဲ့ရခြင်း၏ ဆိုးကျိုးများဟုလည်း ဆိုနိုင်သည်။ အမျိုးသားရေးအသိစိတ်ဓာတ်၊ အမျိုးသားရေးအမြင်၊ အမျိုးသားရေးဦးတည်ချက်အနေဖြင့် အစိုးရက အားကြိုးမာန်တက် ဦးဆောင်ကြိုးပမ်းမှသာ အောင်မြင်ပေါက်ရောက်နိုင်ပါလိမ့်မည်။

ဥရောပရှိစာကြည့်တိုက်အတော်များများကို ရောက်ဖူးသည်။ ရောက်သည့်စာကြည့်တိုက်တိုင်းတွင် ထူးခြားပြီး အံ့သြမင်သက်ဖွယ်များစွာကို တွေ့မြင်သိရှိခံစားရမြဲဖြစ်သည်။ စာကြည့်တိုက်အတွင်း စာဖတ်၍အဆင်ပြေအောင် အပြင်အဆင်များများ ကောင်းမွန်သည်။ စာအုပ်များကိုလည်း သူ့အမျိုးအစားအလိုက် စနစ်ကျစွာ ထားရှိသည်။ စာအုပ်များသာမက ကွန်ပြူတာဖြင့် ဖတ်၍ရအောင်လည်း ကွန်ပြူတာများ ထားရှိပေးထားသည်။

ကလေးများစာကြည့်တိုက်အတွင်း ပျော်ရွှင်ဖွယ်ဖြစ်အောင် ကလေးကစားကွင်းလည်း ထားရှိပေးသည်။ ကလေးများ ဂိမ်းဆော့ရန်အတွက်လည်း ကွန်ပြူတာများ၊ တတ်ဘလက်လေးများ ထားရှိသည်။ ကလေးများအတွက် ရောင်စုံစာအုပ်များ၊ အရုပ်ဖြတ်ဆက်ပုံးများ၊ ဂိမ်းစီဒီများ၊ ကစားနည်းအမျိုးမျိုး၊ ရုပ်ပုံအမျိုးမျိုးကို စနစ်တကျ စီစဉ်ထားပေးသည်။ ဝန်ထမ်းမလိုဘဲ စက်ဖြင့်လည်း စာအုပ်ငှါးနိုင်သည်။ စာအုပ်တွင် ပါဝင်သော ဘားကုဒ်လိုအရာကို စက်အတွင်းမှ ရောင်ခြည်အောက်တွင် ထားပေးလိုက်ရုံသာဖြစ်သည်။ ပြန်ပို့သည့်အခါတွင်လည်း စက်အတွင်း ထည့်လိုက်ရုံသာဖြစ်သည်။ စာကြည့်တိုက်ကို ၂၄ နာရီ ဝင်ကြည့်နိုင်အောင်လည်း စီစဉ်ပေးထားတတ်သည်။ စာကြည့်တိုက်အတွင်း မီးများကိုတော့ လူလာလျှင် မီးပွင့်ပြီး လူက ငြိမ်သွားလျှင် မီးပြန်မှိတ်သွားသောစနစ်ကို အသုံးပြုထားတတ်ကြသည်။ ထိုကဲ့သို့ ငယ်စဉ်ကတည်းက စာဖတ်ကျင့်ရအောင် ပြုစုပျိုးထောင်ခဲ့ကြသဖြင့် ရောက်လေရာရာ ရထားပေါ်၊ ကားပေါ်၊ ပန်းခြံစသည်တို့တွင် စာဖတ်နေကြခြင်း ဖြစ်သည်ဟု ယူဆမိသည်။ သူတို့ဆီတွင် စာအုပ်စာပေ၏တန်ဖိုးကို အလေးထားတတ်ခြင်း၊ စာရေးဆရာများကို အထင်ကြီးလေးစားခြင်း စသည်တို့မှာလည်း စာဖတ်ခြင်း၏ အကျိုးကျေးဇူးများပင် ဖြစ်ပေလိမ့်မည်။

စာရေးသူတို့ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ခေတ်မီအောင် မပြုလုပ်နိုင်ကြသေးလျှင်သော်မှ စာရေးဆရာများနှင့်အသိပညာရှင်၊ အတတ်ပညာရှင်များက စာကြည့်တိုက်များ၏ အရေးပါမှုကို သိမြင်သဘောပေါက်အောင် အသိအမြင်ပေးခြင်းများ ပြုလုပ်သင့်ကြပါသည်။ လူမျိုးတင့်ဖို့ စာဖတ်ကြရပါမည်။ စာဖတ်ဖို့ စာကြည့်တိုက်များ ရှိရပါမည်။ စာကြည့်တိုက်များရှိဖို့ စာကြည့်တိုက်များ၏ အရေးပါမှုကို သိမြင်သဘောပေါက်သောခေါင်းဆောင်များ လိုပါသည်။

ယနေ့မြန်မာနိုင်ငံတွင် မြန်မာလူမျိုးများ ဖတ်သော စာပေများကိုကြည့်လျှင် ချစ်ကွဲညားဝတ္ထုများ၊ ဟာသစာအုပ်များနှင့် ဘာသာရေးစာအုပ်များကသာ နေရာယူထားသည်။ ချစ်ကွဲညားဝတ္ထုများ၊ ဟာသစာအုပ်များ ဖတ်ခြင်းဖြင့် အကျိုးမရှိဟု မဆိုနိုင်သော်လည်း အသိအမြင်၊ အတွေးအခေါ်၊ အထွေထွေဗဟုသုတအတွက် အကျိုးမများဟု ဆိုချင်သည်။ ဘာသာရေးစာအုပ်များကတော့ စိတ်ချမ်းသာဖို့၊ စိတ်အေးချမ်းဖို့ကလွဲပြီး အကျိုးမများပါ။ အဆိုပါစာပေအမျိုးအစားများသည် ကမ္ဘာကြည့် ကြည့်မြင်ဖို့အတွက် အထောက်အကူ မရှိသလောက် နည်းပါသည်။ စာကြီးပေကြီးများ ဖတ်ဖို့ လိုပါသည်။ ဂန္ထဝင်စာပေများ လေ့လာဖို့ လိုပါသည်။ မိမိတို့နိုင်ငံသမိုင်း၊ ကမ္ဘာ့သမိုင်းများကို ဖတ်ဖို့ လိုပါသည်။

စာမဖတ်လျှင် ဗဟုသုတမရှိနိုင်။ စာမဖတ်သော၊ ဗဟုသုတမရှိသောပြည်သူများသည် စိတ်ထားဆိုးညစ်သောအုပ်ချုပ်သူများ၏ အလိမ်အညာအလှည့်အဖျားကို ခံရနိုင်သည်။ ဘာသာရေးဖြင့် လှည့်စားနိုင်သည်။ နိုင်ငံရေးဖြင့် လှည့်စားနိုင်သည်။ လူမျိုးရေးဖြင့် လှည့်စားနိုင်သည်။ စာဖတ်သော၊ ဗဟုသုတရှိသောပြည်သူများဖြစ်လျှင် အလိမ်အညာအလှည့်အဖျားများကို နားလည်သဘောပေါက်နိုင်သည်။ သို့ဖြစ်၍ စာကြည့်တိုက်များနှင့်စာဖတ်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏အနာဂတ်ကို ပညာရှိနည်းဖြင့် ပုံဖော်နေခြင်းဟုဆိုချင်ပါသည်။ စာဖတ်သူများကသာ နိုင်ငံ၏အနာဂတ်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ပြီး စာမဖတ်၊ ဗဟုသုတမရှိသောသူများကတော့ အလိမ်အညာ လှည့်ကွက်များအောက်ဝယ် စမ်းတဝါးဝါးသာ ဖြစ်နေပေလိမ့်မည်။

ဒိန်းမတ်နိုင်ငံ၊ ရွာတစ်ရွာက စာကြည့်တိုက်ကို ရောက်ရှိစဉ်က တွေးမိခံစားမိသော အတွေ့အကြုံလေးများကို ဆောင်းပါးအသွင် ချရေးမိခြင်း ဖြစ်ပါသည်။ “နေပျော်သောဝန်းကျင်၊ နေပျော်သောဘဝတွေ တည်ဆောက်ဖို့ စာတွေ ဖတ်ကြစို့”ဟု တိုက်တွန်းချင်ပါသည်။

အရှင်ကုသလသာမိ 

Saturday, May 7, 2016

ဗုဒ္ဓဘုရားရှင်၏ မွေးနေ့ပွဲ ကျင်းပမည်


.......................................................
ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ …. ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓဘာသာဝင်များသည် မြတ်စွာဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝက ဒီပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်းတွင် ဗျာဒိတ်ခံယူတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသော သဗ္ဗညု ဘုရားအဖြစ်သို့ ရောက်တော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ ဘုရားအဆူဆူတို့၏ ဖြစ်တော်စဉ်များ ပါရှိသည့် မဟာဗုဒ္ဓဝင် ဟောတော်မူခြင်းကို အာရုံပြု၍လည်းကောင်း၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံ တော်မူခြင်းကို အာရုံပြု၍လည်းကောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို ကမ္ဘာ့နေရာအနှံ့အပြားတွင် ဆင်ယင်ကျင်းပလျက်ရှိပါသည်။
ထို့အတူ ဂျာမနီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော ဗုဒ္ဓဘာသာဝင်များသည်လည်း ဖရန့်ဖွတ် မြို့တွင် ကဆုန်လပြည့် ဗုဒ္ဓနေ့ပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပခဲ့ကြပါသည်။ ဤနှစ်တွင်လည်း ဖွား,ပွင့်,ဟော,စံ,ဗျာဒိတ်ခံဟူသော ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ အာရုံပြုလျက် ဗုဒ္ဓနေ့ပွဲတော်ကို စီစဉ် ကျင်းပသွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အားလုံးသော ဗုဒ္ဓဘာသာဝင်သူတော်ကောင်းများသည် မြတ်ဗုဒ္ဓ ၏ဖြစ်တော်စဉ်ကြီးများကို စိတ်မှာ ထုံလျက် ဗုဒ္ဓနေ့ပွဲတော်ကို ကုသိုလ်သဒ္ဓါဖြစ်ရေး စိတ်မှာတွေးကာ ပါဝင် ဆင်နွှဲကုသိုလ်ယူနိုင်ကြပါကြောင်း အသိပေးနှိုးဆော်တိုက်တွန်းအပ်ပါသည်။
နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ်၊ မေလ ၂၂ ရက်၊ တနင်္ဂနွေနေ့
အစီအစဉ်
မနက် ၁ဝး ဝဝ .............................. အခမ်းအနားပြင်ဆင်ခြင်း
မနက် ၁ဝး ၃ဝ .............................. သံဃာတော်များအား စုပေါင်းဆွမ်းဆက်ကပ်လှူဒါန်းခြင်း
မနက် ၁၁း ၃ဝ .............................. ဧည့်ပရိသတ်များအားလုံး နေ့လည်စာ စားသောက်ခြင်း
နေ့လယ် ၁း ဝဝ ............................. အခမ်းအနား စတင်ခြင်း (သီလပေး၊ ရေစက်ချ၊ တရားနာခြင်း)
ညနေ ၃း ဝဝ …………………………. အခမ်းအနားပြီးဆုံးခြင်း
လှူဒါန်းနိုင်သည့်အရာများ ...............
အခမ်းအနားတွင်
- သံဃာတော်များအတွက် ဆွမ်းအလှူ၊ ဆွမ်းဟင်းအလှူ၊
- ကြွရောက်လာမည့် မြန်မာမိသားစုဝင်များအတွက် အစားအသောက်အလှူ၊
- သံဃာတော်များအတွက် ဘေသဇ္ဇဒါန (ကျန်းမာရေးအာမခံ)အလှူ၊
- ကျောင်းဖြစ်မြောက်ရေးအလှူ ....
စသည်ဖြင့် မိမိတို့ အားသန်ရာ၊ သဒ္ဓါပေါက်ရာအလှူဒါနများကို ပြုလုပ်နိုင်ကြပါသည်။
ဆွမ်းဟင်း၊ ဘောဇဉ်၊ အချိုရည် အလှူရှင်များအနေဖြင့် ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ပါကြောင်းကိုလည်း အသိပေးအပ်ပါသည်။

ကျင်းပမည့်နေရာ ......................
Saalbau Gutleut ခန်းမ,
Rottweiler Straße 32,
60327 Frankfurt am Main
Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။
မှတ်တိုင် Baseler Platz
မှတ်တိုင်တွင်ဆင်းပြီး ညာဘက်ခြမ်းသို့ ကူးလျှင် Gutleutstr. ကိုတွေ့ပါမည်။

Friday, November 20, 2015

ကထိန်အလှူတော်မင်္ဂလာ ဖိတ်ကြားခြင်း


ကထိန်အလှူတော်မင်္ဂလာ ဖိတ်ကြားခြင်း
.........................................................
အလှူမှာ ကထိန်၊ ဆွမ်းမှာ ပိဏ်၊ ရတနာမှာ စိန်၊ ကျောင်းမှာ သိမ် ဟူသော ဆိုရိုးစကားအတိုင်း အလှူတကာ့အလှူတို့တွင် ကထိန်အလှူသည် အမြတ်ဆုံးအလှူဟု ရှင်တော်ဘုရား ဟောကြားထားသည်။ထိုသို့ မြတ်စွာဘုရားရှင် ဟောကြားထားသည့်အတွက် ကျွန်ုပ်တို့ ဓမ္မဒူတမြန်မာကျောင်းကလည်း နှစ်စဉ်နှစ်တိုင်း ကထိန်အလှူပွဲတော်ကို ဆင်ယင်ကျင်းပခဲ့ကြသည်။

ထိုသို့ နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှာ တစ်ကြိမ်တစ်ခါ ပြုလုပ်ကျင်းပလေ့ရှိသော ကထိန်ပွဲအချိန်အခါ ကျရောက်လို့ လာခဲ့ပြန်ပါပြီ။ ဒီနှစ်အချိန်အခါ ကထိန်ပွဲတော်ကိုလည်း ယခင်နှစ်များလို ပါဝင်ဆင်နွှဲပြီး ကုသိုလ်ပါဝင်လှူဒါန်းနိုင်ပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကထိန်အလှူရှင်များ
၁။ မမာလာမြင့် (၂၅ ယူရို) နှင့် သင်္ကန်းတစ်စုံ
၂။ ကိုရောဘတ်ဦး (၂ဝ ယူရို)

အထွေထွေအလှူရှင်များ
၁။ .ကိုဖြူခိုင် (ဆန်တစ်အိတ်)

ကျင်းပမည့်နေ့ရက် ...............  ၂၉ ရက်  နိုဝင်ဘာ ၂ဝ၁၅၊ တနင်္ဂနွေနေ့

နေရာ ......................Saalbau Gutleut ခန်းမ,Rottweiler Straße 32,60327 Frankfurt am Main Hauptbahnhof မှ Straßebahn 12,16,21 စီးပါ။ မှတ်တိုင် Baseler Platz

အခမ်းအနားအစီအစဉ် .............
နံနက်   ၁၀  နာရီခွဲ  .......... ဆွမ်းပွဲများပြင်ရန် ခန်းမသို့ အရောက်လာကြပါရန်
နံနက်   ၁၁ နာရီ ........       ဗုဒ္ဓမြတ်စွာဘုရားအား စုပေါင်းဆွမ်းတော်ကပ်လှူပြီး သံဃာတော်များအား ဆွမ်းကပ်ခြင်း
နေ့လယ်  ၁၂ နာရီ .......... ကြွရောက်လာသောတရားနာ အလှူ ရှင်ဓမ္မမိတ်ဆွေအပေါင်းအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခြင်း
နေ့လယ်  ၁ နာရီခွဲ ..........   သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူပြီး ပရိတ်တရားတော်နှင့် ကထိန်တရားတော်များ                                      နာယူခြင်း ၊ ပဒေသာပင် နှင့်ကထိန်သင်္ဃန်းကပ်လှူ ခြင်း
နေ့လယ် ၃ နာရီ .............. စုပေါင်းအမျှဝေခြင်း နှင့် အခမ်းအနားပြီးဆုံးခြင်း

ဆွမ်းအလှူ ရှင်များ စာရင်း
၁။ ဒေါ်ခင်မာလွင် မိသားစု       (ပဲကြီးနှပ်)
၂။ ခွန်လွန်းကျော် + နန်းသီလာ ၊သမီး ဆုလဒ်လွန်း      ပဲပုတ်ငပိချက်
၃။ မစံပယ်လွင်                  ချဉ်ရည်ပာင်း

အချို ပွဲ အလှူ
၁။ ဦးလှစု + ဒေါ်စိုးစိုးသိမ်း မိသားစု (ကြက်ဥပူတင်း)
၂။ .................

 သောက်ရေ ၊အအေးအလှူ ရှင်များ
၁။ မစံပယ်လွင်

ပန်းအလှ အလှူ ရှင်များ
၁။ ကိုဂျူးနီ + မမေမြတ်နိုး မိသားစု

နှစ်စဉ်ကျင်းပမြဲအတိုင်း- မြတ်စွာဘုရားရှင်နှင့်သံဃာတော်များအား ဆွမ်းအလှူဒါနတွင် ပါဝင်လှူဒါန်းခြင်း၊- ကထိန်သင်္ကန်းလှူဒါန်းခြင်း၊- ကြွရောက်လာသည့်သံဃာတော်များအတွက် နဝကမ္မနှင့် ခရီးစရိတ်များ လှူဒါန်းခြင်း၊- ဓမ္မဒူတမြန်မာကျောင်းတော်ကြီး ဖြစ်မြောက်ရေးအတွက် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းခြင်း စသည့် ကောင်းမြတ်သည့် အလှူဒါနများကို ပါဝင်လှူဒါန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Monday, January 5, 2015

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၉)



ယခင်အပတ်မှ အဆက် .........

တိုင်းသူပြည်သားများကို ကျောသားရင်သား မခွဲခြားဘဲ၊ အာဏာရှိ,အာဏာမဲ့ မခွဲခြားဘဲ၊ ဆင်းရဲသား,ချမ်းသာသူ မခွဲခြားဘဲ အပြစ်နှင့်ထိုက်တန်စွာ တရားစီရင်ခြင်းများ မရှိသေးသရွေ့ “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု … သုခီ အတ္တာနံ ပရိဟရန္တု”ကို တစ်ထိုင်တည်း အကြိမ်တစ်သန်းရွတ်လည်း ကိုယ်စိတ်နှစ်ပါး မငြိမ်းချမ်းပါ၊ မချမ်းသာပါ။ 
ထို့ထက်ပိုရွတ်လည်း ရွတ်သူကတော့ သမာဓိရပြီး ငြိမ်းချမ်းချင် ငြိမ်းချမ်းမည်၊ တိုင်းပြည်ကတော့ ဘာမှ ထူးလာမည် မဟုတ်ပါ၊ ငြိမ်းချမ်းသော၊ အေးချမ်းသောတိုင်းပြည် ဖြစ်လာလိမ့်မည် မဟုတ်ပါ။ 
ဘုရားပေးသောနည်းလမ်းများကို လိုက်နာကျင့်သုံးမှုမရှိဘဲ "အေးချမ်းပါစေ" မည်မျှပင် မေတ္တာပို့နေသော်လည်း အေးချမ်းမှုက ရောက်ရှိလာမည်မဟုတ်ပါ။ အလုပ်မေတ္တာမပါဘဲ နှုတ်မေတ္တာသာ ပို့နေခြင်းသက်သက်သည် တစ်ခါတစ်ရံ မြတ်စွာဘုရားရှင်ကို စော်ကားနေခြင်းတစ်မျိုးဖြစ်သည်ဟုပင် ဆိုချင်သည်။ 

(၃၈)

“အရှင်ဘုရား … ခဏနေ ရောက်တော့မယ်ဘုရား”။ ကိုစိုးစိုးမောင် အသံကြားမှ ပတ်ဝန်းကျင်ကို သတိပြုမိသည်။ မိုးက အတော်လေး သည်းလာသည်။ ကားနောက်ခန်းက ဟောက်သံကြား၍ ကြည့်လိုက်သည့်အခါ ကိုစိုးစိုးမောင်၏ သမီးငယ်လေး ဟောက်နေသည်ကို တွေ့ရသည်။ အသက် ၅ နှစ်ခန့်သာ ရှိသော်လည်း လူကြီးတစ်ယောက်လို ထူးထူးခြားခြား ဟောက်တတ်နေသည်။ ခဏကြာတော့ ရွှေညဝါဆရာတော် တရားဟောနေသည့်အိမ်သို့ ရောက်သည်။ ဆရာတော်က တရားဟောနေပြီ။ ဆရာတော်နှင့်တပည့်ဦးသူရိယတို့က အပြုံးဖြင့် ဆီးကြိုသည်။ တရားပွဲက ညနေ ၄ နာရီခန့်ကျမှ ပြီးသည်။

အမြဲတမ်း ရွှင်လန်းတက်ကြွနေသော ကပ္ပိယပြောင်ကြီးခေါ် ကိုမောင်မောင်သိန်းတို့ ဇနီးမောင်နှံလည်း အပြုံးမပျက်။ ဆရာတော့်တရားပွဲတွင် ရပ်ဝေးရပ်နီးမှ မြန်မာအယောက် ၄ဝ ခန့် တရားနာလာကြသည်ကို တွေ့ရသည်။ တစ်နိုင်ငံလုံး သံဃာတစ်ပါးမျှ မရှိသဖြင့် ဆရာတော်များကို ဖူးတွေ့ရသဖြင့် အားလုံး ပျော်ပျော်ပါးပါး တက်တက်ကြွကြွ ဖြစ်နေကြသည်ကို တွေ့ရသည်။ တရားပွဲပြီးသောအခါ တစ်ညတာ ခိုနားမည့် ကိုဘလိုင်၏အိမ်သို့ ထွက်ခွါရန် ပြင်ဆင်ကြသည်။ 

မထွက်ခွါမီ နော်ဝေသို့ သွားမည့်ခရီးစဉ်ကို ဆွေးနွေးကြသည်။ အင်တာနက်မှ သင်္ဘောလက်မှတ်များ ဖြတ်ကြသည်။ ဒိန်းမတ်မိုးက သဲကြီးမဲကြီး ရွာချလိုက်၊ ဖွဲဖွဲ ဖွဲဖွဲ ရွာနေလိုက်၊ လုံးဝရပ်သွားလိုက်။ ရွှေညဝါဆရာတော်နှင့်စာရေးသူတို့အားလုံး ကားလေးဖြင့် ကိုဘလိုင်တို့အိမ်သို့ သွားခဲ့ကြသည်။ 

(၃၉)

မိနစ် ၄ဝ ခန့်ကားမောင်းပြီးသောအခါ ကိုဘလိုင်တို့ အိမ်သို့ ရောက်သည်။ ဆရာတော်များအတွက် ထပ်ခိုးလေးတွင် နေရာချထားသည်။ ထပ်ခိုးဆိုသော်လည်း ဥရောပအိမ်များ၏ထုံးစံအတိုင်း နေပျော်ဖွယ်ရှိပါသည်။ 
ဤနိုင်ငံတွင် မည်မျှဆင်းရဲသည့်မိသားစုပင် ဖြစ်စေ မိသားစုနေဖို့ မသင့်တော်သော အလွန်သေးငယ်ကျဉ်းမြောင်းသောအိမ်များနှင့် နေခွင့်မပြုဟု ဆိုသည်။ တစ်ဦးတစ်ယောက်သမားဆိုလျှင် တစ်ဦးတစ်ယောက်သမားနှင့် သင့်လျော်သည့်အိမ်မျိုးတွင်သာ နေနိုင်သည်။ မိသားစုဆိုလျှင် မိသားစုနှင့်သင့်တော်သောအိမ်မျိုးတွင်သာ နေရသည်။ ကိုဘလိုင်တို့မှာ မိသားစုဖြစ်သဖြင့် အပေါ်ထပ်၊ အောက်ထပ် ရေချိုးခန်း၊ အိမ်သာ၊ မီးဖို၊ ဧည့်ခန်း၊ အိပ်ခန်း စသဖြင့် အပြည့်အစုံ ရှိသည်။ 

စာရေးသူတို့ အထပ်နံရံများတွင် ၈ လေးလုံးအမှတ်တရ ပန်းချီများ၊ ဓာတ်ပုံများ၊ ရွှေဝါရောင်လှုပ်ရှားမှုပုံများ၊ ဒေါ်အောင်ဆန်းစုကြည်ပုံများနှင့် NLD ပုံများ အပြည့်ကပ်ထားသည်။ ထူးထူးခြားခြား ဦးသန်းရွှေပုံကို ဟစ်တလာနှုတ်ခမ်းမွေးတပ်ပြီး အောက်တွင် စာရေးထားသော ဓာတ်ပုံကိုလည်း ရယ်ရွှင်ဖွယ် တွေ့ရသည်။ ခဏနားပြီးသောအခါ ဗဟုသုတအနေဖြင့် ရှော့ပင်းစင်တာတစ်ခုသို့ လိုက်ပြသည်။ 
ရာသီဥတုအေးသဖြင့် ဦးသူရိယနှင့်အတူ ဆွယ်တာဝယ်ဖို့ လိုက်ရှာသည်။ လူကြီးများဝတ်သောဆွယ်တာများမှာ စာရေးသူတို့နှင့် မည်သို့မျှ ဝတ်မဖြစ်ပါ။ သို့ဖြင့် ၁၃ နှစ်သားများအတွက်ဟူသော စာတန်းချိတ်ထားသောနေရာမှ ဆွယ်တာများကို ဝယ်ခဲ့ရသည်။ သူတို့အတွက် ၁၃ နှစ်သားဆွယ်တာသည် စာရေးသူနှင့် အံကိုက်ဖြစ်နေသည်။ ရှမ်းဒကာလေးက ဆွယ်တာဖိုး လှူသည်။ တယ်လီနောကုမ္ပဏီအရောင်းစင်တာတစ်ခုကိုလည်း စင်တာအတွင်း တွေ့ခဲ့ရသည်။

(၄ဝ)

မြို့တွင်းရှိ လူများ သွားလာလှုပ်ရှားနေကြပုံမှာ အလွန်အေးဆေးလွန်းသည်ဟု ထင်သည်။ စာရေးသူတွေ့ဖူးသည့် ပြာယာခတ်ကာ ခပ်သုတ်သုတ်သွားလာနေကြသော စင်္ကာပူမှ လူများ၊ ဂျာမနီမှ လူများနှင့်လည်း မတူဟု ထင်သည်။ နိုင်ငံက ကျယ်ပြီး လူဦးရေနည်းပါးခြင်း၊ စားဝတ်နေရေးအတွက် ကြောင့်ကြကင်းခြင်း စသည်တို့ကြောင့် ဖြစ်ဟန်ရှိသည်။

ဒိန်းမတ်တွင် လူဦးရေ စုစုပေါင်း ၅ သန်းကျော် ၆ သန်းခန့်သာ ရှိသည်။ အများစုကိုးကွယ်သည့် ခရစ်ယာန်လူသာရင်ဂိုဏ်းကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသည်။ လူဦးရေ၏ ၈ဝ% ရာခိုင်နှုန်းမှာ ခရစ်ယာန်များဖြစ်ပြီး မွတ်စလင်က ဒုတိယအများဆုံး ဖြစ်သည်။ ၄% ရာခိုင်နှုန်းခန့်ရှိသည်။ 

မူလခရစ်ယာန်အဖြစ်မှ မွတ်စလင်များဖြစ်သွားခြင်း မဟုတ်ဘဲ စီးပွားရေးအရ၊ နိုင်ငံရေးအရ ခိုလှုံလာကြသူများ ဖြစ်သည်ဟု ဆိုသည်။ အခြားဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာတို့လည်း အနည်းငယ်ရှိသည်။
အခြားနိုင်ငံများ အထူးသဖြင့် တူရကီ၊ ယူဂိုဆလားဗီးယား၊ ပါကစ္စတန်၊ မော်ရိုကို၊ အီရက်၊ အီရန်၊ လစ်ဘနွန်၊ ဆိုမာလီယာ၊ သီရိလင်္ကာနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံရေးခိုလှုံလာကြသူများ မြောက်မြားစွာ ရှိသည်။ ၁ သန်းဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းကြသည်။ 

ခိုလှုံလာကြသူများအနက် ဗီယက်နမ်တစ်နိုင်ငံတည်းမှ ခိုလှုံလာကြသူများသာ ဗုဒ္ဓဘာသာဖြစ်ဖို့၊ ခရစ်ယာန်ဖြစ်ဖို့ အလားအလာရှိသည်။ ကျန်သည့်နိုင်ငံများမှ ခိုလှုံလာကြသူများမှာ မွတ်စလင်များသာ ဖြစ်ကြသည်။ မြန်မာနိုင်ငံက နိုင်ငံရေးခိုလှုံကြသူများကား အနည်းငယ်မျှ (ထောင်ဂဏန်းသာသာ)သာ ရှိပေသည်။ 

အဆိုပါ ထောင်ဂဏန်းတွင်လည်း ချင်း၊ ကချင် စသည့် ခရစ်ယာန်ဘာသာဝင်များကသာ အများစု ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ကတော့ အနည်းငယ်သာ ရှိသည်။ ဤနေရာမှာတော့ လူ့အခွင့်အရေးသမားဆိုသူများကို ပြောစရာရှိလာပါသည်။ လွတ်လပ်ခွင့်၊ တန်းတူညီမျှရေး သို့မဟုတ် လူ့အခွင့်အရေးကို လက်ကိုင်ပြုနေသည်၊ ရှေ့တန်းတင်ထားသည်ဟု မည်မျှပင် ကြွေးကြော်နေပါစေ စစ်အစိုးရနှင့်မခြား ဖောက်ပြားနေသူများ များစွာရှိပါသည်။ 

ဒုက္ခသည်ချင်းအတူတူ ချင်းမဟုတ်လို့ ခရစ်ယာန်မဟုတ်လို့ အခွင့်မရကြရှာသော ဗမာလူမျိုးများ၊ ဗုဒ္ဓဘာသာများကို အခွင့်အရေး မပေးချင်ကြပေ။ တတိယနိုင်ငံရောက် မြန်မာအများစုမှာ ဗုဒ္ဓဘာသာက ၃ဝ ဦးဆိုလျှင် ခရစ်ယာန်က ၃ဝဝ ဦးလောက်ရှိသည်။ ထို့ထက်ပင် ကွာဟများနိုင်စရာရှိပါသည်။ ပညာသင်ဆုပေးသည့်နေရာတွင်လည်း ဘာသာရေးခွဲခြားမှုက ရှိနေပါသည်။ 

လူ့အခွင့်အရေးနှင့်တရားမျှတရေးဆောင်ပုဒ်များ ကိုင်ဆောင်ထားသူများ၏ ဘာသာရေး၊ လူမျိုးရေးဘက်လိုက်မှုများကို တတိယကမ္ဘာရောက် မြန်မာများ၏အခြေအနေက မီးမောင်းထိုးပြနေသည်ဟု ဆိုချင်သည်။

တတိယနိုင်ငံများသည် ယခင်အချိန်များက စစ်ပွဲများကြောင့်သော်လည်းကောင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းကြောင့်သော်လည်းကောင်း၊ တင်းကျပ်သောလူမှုအဖွဲ့အစည်းမှ ရုန်းထွက်လိုခြင်းကြောင့်သော်လည်းကောင်း မွတ်စလင်တိုင်းပြည်များမှ ဒုက္ခသည်များကို ရက်ရက်ရောရော ကြည်ကြည်ဖြူဖြူ လက်ခံပြီး ကျွေးမွေးပေးကမ်းထောက်ပံ့လာခဲ့သည်။ 

ယနေ့အချိန်အထိ ဆိုမာလီယာနှင့်အရှေ့အလယ်ပိုင်းနိုင်ငံများမှ မွတ်စလင်များ တဖွဲဖွဲ ရောက်ရှိနေကြဆဲပင် ဖြစ်သည်။ ယခုအချိန်မှာကား အစိုးရ၏ ထိုပေါ်လစီကို မေးခွန်းထုတ်သူများ တဖြည်းဖြည်း များလာပြီဟု ဆိုသည်။
မွတ်စလင်တိုင်းပြည်များ၏အန္တရာယ်ကို တစ်ကမ္ဘာလုံး ကြောက်လန့်နေကြပါလျှက် အဘယ့်ကြောင့် မွတ်စလင်များကို ခိုလှုံခွင့်ပေးလေသနည်း။ 

အတော်များများကို မေးကြည့်ဖူးသည်။ ကျေနပ်လောက်သည့် အဖြေမရပါ။ အမှန်တကယ်ပင် မေတ္တာ၊ ကရုဏာတရားများ ထားရှိကြခြင်းကြောင့်လော။ မသေချာပါ။ မသေချာသော်လည်း သူတို့တိုင်းပြည်များ၏ လုပ်ရပ်များကတော့ ဗြဟ္မစိုရ်တရားများ၏ ထင်ဟပ်ချက်များနှင့် တူနေသည်ကိုကား မည်သူမျှ ငြင်းရမည် မထင်ပါ။ စာရေးသူလည်း ဤကိစ္စကို အဖြေရှာကြည့်ဖူးသည်။ 

မသေချာမှုများထဲက မြန်မာဒကာတစ်ဦး၏ အဖြေတစ်ခုကိုတော့ စဉ်းစားစရာဖြစ်သည်။ မွတ်စလင်တိုင်းပြည်များ၏အန္တရာယ်ကို ကြောက်ခြင်းကြောင့်သာလျှင် မွတ်စလင်များကို လက်ခံနေခြင်းဖြစ်သည်ဟူသော အမြင်ဖြစ်ပါသည်။
တစ်နေ့နေ့ တစ်ချိန်ချိန် ကမ္ဘာကြီးတွင် မွတ်စလင်များနှင့်အခြားလူသားများ စစ်ပွဲကြီးများ အကြီးအကျယ် ဖြစ်လာနိုင်စရာ ရှိသည်။ ထိုအချိန်မျိုးအတွက် ကြိုတင်ပြင်ဆင်ခြင်းပေလော။ သူ့အတွေးမျှသာ ဖြစ်သည်။ မသေချာပါ။

ဘာသာတရားကို အလေးအနက်မထားလိုတော့သော ဥရောပသားတို့၏ စိတ်ကူးစိတ်သန်းကြောင့်ဟုလည်း ဆိုလျှင် ဆိုနိုင်စရာအကြောင်းများ ရှိနေသည်။ ဒုက္ခသည်အဖြစ်ရောက်လာသည်နှင့် ဥရောပယဉ်ကျေးမှုကို နည်းအမျိုးမျိုးဖြင့် ပုံစံသွင်းသည့်အနေအထားများ ရှိနေခြင်းကြောင့် ဖြစ်ပါသည်။

အခြားအကြောင်းတစ်ခုကတော့ အောက်ခြေလုပ်ငန်းများ လုပ်မည့် အလုပ်သမားလူတန်းစား လိုအပ်ချက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သူတို့နိုင်ငံသားများ အများစုမှာ ပညာတတ်၊ လူချမ်းသာများ ဖြစ်ကြသည့်အတွက် အောက်ခြေအလုပ်များကို မလုပ်ချင်ကြသည့်အတွက် ထိုအလုပ်များ လုပ်ကိုင်နိုင်မည့် အခြားနိုင်ငံသားများကို ခေါ်သွင်းကြဟန်ရှိသည်။

(၄၁)

ဒိန်းမတ်နိုင်ငံ လူဦးရေ ၈ဝ ရာခိုင်နှုန်းက ခရစ်ယာန်များ ဖြစ်သည်ဟု စာရင်းဇယားအရ ဆိုသော်လည်း ယနေ့အချိန်တွင် မိရိုးဖလာမျှသာ ကျန်ရှိတော့သည်ကို တွေ့ရသည်။ ခရစ်ယာန်ဘာသာကို ယုံကြည်ကိုးကွယ်သူအတွက်ဆိုလျှင် ဝမ်းနည်းဖွယ်ပင် ကောင်းလှသည်။ 

၂ဝ၁ဝ ခုနှစ်တွင် ပညာရှင်များ စုပေါင်းပြီး စစ်တမ်းတစ်ခု ကောက်ယူခဲ့ဖူးသည်။ အဆိုပါ စစ်တမ်းအရ … ၂၈ ရာခိုင်နှုန်းသော ဒိန်းမတ်ပြည်သူများကသာ ထာဝရဘုရားကို ယုံကြည်သည်။ ၄၇ ရာခိုင်နှုန်းက ဘဝကိုတွန်းအားပေးနေသော တစ်စုံတစ်ရာ သို့မဟုတ် စွမ်းအားတစ်ခုရှိသည်ကို ယုံကြည်သည်။ ၂၇ ရာခိုင်နှုန်းက ထာဝရဘုရားလည်း မယုံကြည်၊ စွမ်းအားတစ်ခုခုရှိသည်ဆိုတာကိုလည်း မယုံကြည်ဟု ဆိုသည်။ ဘာသာမဲ့များကလည်း တဖြည်းဖြည်း တိုးပွားလာသည်ဟု ဆိုသည်။ 

အချို့တက္ကသိုလ်ဝန်းကျင်မှ ပါမောက္ခများ၊ သိပ္ပံပညာရှင်များနှင့် ပညာတတ်များကတော့ ဗုဒ္ဓဘာသာကို တဖြည်းဖြည်း စိတ်ဝင်စားလာကြသည်ဟု ဆိုသည်။
........................
ဆက်လက်ဖော်ပြပါမည်
.........................................
အရှင်ကုသလသာမိ (အတည်မဲ့)
၂၇၊ ၁ဝ၊ ၂ဝ၁၄

Friday, December 19, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၈)


ယခင်အပတ်မှ အဆက် ....

(၃၅)

သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့အတွက် ပူပန်လျှင် ပူပန်စရာရှိသော်လည်း စားဝတ်နေရေးအတွက်ကား အနည်းငယ်မျှ ပူပန်စရာမရှိပါ။ ကျန်းမာရေးမကောင်းလို့ ဆေးမကုသနိုင်မှာလည်း ပူစရာမရှိပါ။

စားဖို့ ပူစရာမလို၊ နေဖို့ပူစရာမလို၊ ဆေးကုဖို့ ပူစရာမလိုသော သူတို့ဘဝများကို မြင်ယောင်ကြည့်လိုက်တိုင်း ဝမ်းနည်းဝမ်းသာဖြစ်ရသည်။ ဝမ်းသာခြင်းက သူတို့တွေ အဆင်ပြေနေခြင်းကြောင့်ဖြစ်သည်။ ဝမ်းနည်းခြင်းက အမိမြန်မာပြည်က ပြည်သူများကို သတိတရ မြင်ယောင်မိသောကြောင့် ဖြစ်သည်။

နေဖို့လည်း ရုန်းကန်ရ၊ စားဖို့လည်း ရုန်းကန်ရ၊ တစ်သက်လုံး တစ်နေကုန် တစ်နေခမ်း ကြိုးစားလုပ်ကိုင်သော်လည်း ဝမ်းက မဝ၊ ခါးက မလှ။ တစ်စုံတစ်ရာ ကျန်းမာရေး ချွတ်ယွင်းပါက ဘဝပျက်ရ။ ဆေးကုစရာမရှိလို့ သေရသည့်ဝေဒနာရှင်များက ဒုနဲ့ဒေး။ ရွှေပြည်ကြီးသားများအတွက် ဘဝအာမခံချက်က အဘယ်မှာနည်း။ ဒီကြားထဲ မြတ်ဗုဒ္ဓတရားကို သေချာစွာ သဘောမပေါက်ထားသူအချို့က "ကံပေါ့"ဟု ပြောလာသောစကားအောက်တွင် လမ်းစက စုန်းစုန်းပျောက်ကွယ်သွားသဖြင့် ဗုဒ္ဓဘာသာပင် မျက်နှာပျက်ရကိန်းကြုံရသည်လည်း ရှိသည်။
သူတို့နိုင်ငံများတွင် ပုံမှန်အလုပ်လုပ်ပြီး ပုံမှန်အခွန်ဆောင်ထားသောနိုင်ငံသားများအနေဖြင့် ဘဝကို စိတ်အေးချမ်းသာစွာ နေထိုင်သွားနိုင်ကြသည်။

အလုပ်မလုပ်နိုင်လောက်အောင် မသန်စွမ်းဖြစ်သွားလို့လည်း ပူစရာ မရှိပါ။ အစိုးရက တစ်သက်လုံး ထောက်ပံ့ကူညီသွားမည်။ အနည်းဆုံး ဆေးရုံတွင် ခွဲစိတ်ကုသဖူးသောသူများတွင် အေးအေးသက်သာနေမည်ဆိုက နေနိုင်စရာ အခွင့်အလမ်းများ ရှိသည်။

သူတို့ဆီတွင် Handicap ခေါ် မသန်စွမ်းသူများ၊ ဆေးရုံတွင် ခွဲစိတ်ကုသခံဖူးသူများ၊ အမြင်အာရုံအားနည်းသူများအတွက် အထူးအစီအစဉ်များ ရှိသည်။ ရထားလက်မှတ် အခမဲ့ စီးခွင့်ပြုခြင်း၊ ပြတိုက်, ပန်းခြံ, စာကြည့်တိုက် စသည်တို့တွင် အခမဲ့ဝင်ရောက်ခွင့်ပေးခြင်း၊ အလုပ်မလုပ်ဘဲ အစိုးရမှ ထောက်ပံ့ကြေးပေးထားခြင်း (အလုပ်မလုပ်ချင်သူ ငပျင်းများ၊ ဘိန်းစားများ၊ အရက်သမားများလည်း ထောက်ပံ့သော်လည်း Handicap များက အထူးအခွင့်အရေးရှိသည်) စသည်တို့ကို အစိုးရက ပြုလုပ်ဆောင်ရွက်ပေးသည်။

ခွဲစိတ်ခံလူနာများအတွက် ဆေးရုံမှ ဆင်းလာရသော် အိမ်အထိ သူနာပြုတစ်ဦးကို စေလွှတ်စောင့်ရှောက်ပေးလေ့ရှိသည်။
မျက်စိမမြင်သူအတွက် သူနှင့်သင့်လျော်သော အထောက်အကူပြု ကိရိယာပစ္စည်းများ၊ လက်မသန်စွမ်းလျှင် လက်နှင့်ဆိုင်ရာ၊ ခြေထောက်မသန်စွမ်းလျှင် ခြေထောက်နှင့်ဆိုင်ရာ … စသဖြင့် အစစအရာရာ အဆင်ပြေအောင် စီမံဖန်တီးထားကြလေသည်။ ခန္ဓာကိုယ် မသန်စွမ်းသူတစ်ဦးသည် ဝှီးချဲဖြင့် ရထားပေါ်၊ ဘတ်စ်ကားပေါ် အကူအညီမပါဘဲ တက်နိုင်ဆင်းနိုင်သည်။ ဝှီးချဲဖြင့် ရှော့ပင်းထွက်နိုင်သည်။ ဝှီးချဲဖြင့် ပန်းခြံသွားလည်နိုင်သည်။

ဘူတာများ၊ ဘတ်စ်ကားဂိတ်များနှင့် မြို့တွင်း ပလက်ဖောင်းများ၊ မီးပွိုင့်များကအစ မျက်မမြင်များ တုတ်ကလေးထောက်ပြီး သွားနိုင်အောင် အမှတ်အသားလေးများ လုပ်ပေးထားသည်။ ပလက်ဖောင်းများကလည်း တွန်းလှည်းများ အလွယ်တကူ သွားနိုင်အောင် စီစဉ်ပေးထားသည်။ မသန်စွမ်းသူများအတွက် အဆင်ပြေအောင် သန့်စင်ခန်းကိုလည်း သီးသန့်လုပ်ပေးထားတတ်သည်။
ဒိန်းမတ်၊ နော်ဝေ၊ ဂျာမနီ၊ ဆွီဒင်၊ ဟော်လန်၊ ဘယ်ဂျီယံ စသောနိုင်ငံများတွင် အလုပ်မလုပ်လည်း လခ ရသည်။ သို့ဆိုလျှင် လူပျင်းများအတွက် အကွက်ကောင်းဆိုက်သည်ဟု ဆိုနိုင်စရာရှိသည်။

လူပျင်းများ ရေသာခိုမရအောင်လည်း အစိုးရက ပါးပါးနပ်နပ် လုပ်ထားသည်ကို တွေ့ရသည်။ အလုပ်မရှိလျှင် သို့မဟုတ် အလုပ်လက်မဲ့ဖြစ်သွားလျှင် အစိုးရက ၃ နှစ်အထိတော့ (တစ်နိုင်ငံနှင့်တစ်နိုင်ငံ အနည်းငယ်တော့ ကွဲပြားသည်) လခပေးသည်။

တစ်ဦးလျှင် ခရိုနာ ၈/၉ ထောင်ခန့် ရရှိသည်။ အိမ်ထောင်ရှိလျှင် ၂ သောင်းခန့်ရသည်။ ကလေးရှိလျှင် ကလေးတစ်ဦးအတွက် ၃ လကို ၄၂ဝဝ ခန့် ထောက်ပံ့ပေးသည်။ အမေရိကန်ဒေါ်လာ ၄ ထောင်ခန့် ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုအတောအတွင်း သက်ဆိုင်ရာ အစိုးရရုံးက အလုပ်ရှာခိုင်းနေသည်။ “ကျွန်တော် အလုပ်ရှာနေတာပဲ၊ မတွေ့လို့ပါ”ဟု လွယ်လွယ်ပြော၍ မရပါ။ အဘယ့်ကြောင့်ဆိုသော် မည်သည့်ဆိုင်တွင်၊ ကုမ္ပဏီတွင် အလုပ်လျှောက်ခဲ့ကြောင်း၊ လက်မခံကြောင်း စသည်တို့ကို အလုပ်လျှောက်ရာအလုပ်ရှင်ထံမှ စာရွက်စာတမ်းများကို ပြရခြင်းကြောင့် ဖြစ်သည်။

အကယ်၍ အလုပ်လျှောက်တာလည်း မှန်သည်၊ အလုပ်မရတာလည်း မှန်နေလျှင် “ကဲ မင်း ရှာလို့ မရရင် ငါတို့ ရှာပေးမယ်”ဟုဆိုကာ သင့်တော်ရာ အလုပ်တစ်ခုကို ရှာပေးသည်။ ဤနည်းဖြင့် ရေသာခိုသူများအတွက် နည်းလမ်းများကို စီစဉ်ထားကြလေသည်။

မည်သို့ပင်ဖြစ်စေ လူတစ်ယောက် အလုပ်ပြုတ်သွားလျှင် သက်ဆိုင်ရာ အလုပ်သမားအာမခံကြေးဖြင့် အခြေအနေပျက်မသွားနိုင်ခြင်း၊ အလုပ်သမားအာမခံကြွေး မရတော့လျှင်လည်း အစိုးရက ပုံမှန်နေထိုင်စားသောက်ဖို့အတွက် ထောက်ပံ့ကြေးငွေ ပေးထားခြင်းတို့မှာ ရွှေပြည်ကြီးသားတို့အတွက် အံ့သြစရာပင် ဖြစ်ချေသည်။

ဂျာမန်လူမျိုးတစ်ဦးက အစိုးရ၏ အလုပ်လက်မဲ့ကိစ္စကို ရှင်းပြစဉ်က “ဒါဆိုရင် အလုပ်မလုပ်ဘဲ သက်မှတ်ကာလအတွင်း အေးဆေးသက်သာနေသူတွေ အများကြီး ဖြစ်နေမှာပေါ့”ဟု ပြောဖူးသည်။ ထိုအခါ “တို့ဂျာမန်တွေက အလုပ်မလုပ်ဘဲ စားရမှာ၊ အလုပ်မလုပ်ဘဲ အစိုးရအထောက်အပံ့ယူရမှာကို အရမ်းရှက်ကြတယ်”ဟု ဆိုသည်။ အခြားအခြားသောဥရောပသားများလည်း ထိုစိတ်ဓာတ်မျိုး အများစုမှာ ရှိကြသည်ဟု ဆိုကြသည်။ လေးစားဖွယ် ကောင်းလေစွ။

အစိုးရက ထောက်ပံ့ပေးသောငွေဟူသည်မှာ ပြည်သူများ ပေးထားရသော ဘတ်ဂျက်များ ဖြစ်သည်။ အများပိုင်ငွေ ဖြစ်သည်။ အများပိုင်ငွေကို မိမိက အလုပ်မလုပ်ဘဲ ယူနေခြင်းမှာ မသင့်တော်ဟု ယူဆခြင်းသည် နိုင်ငံသားတစ်ဦး၏ တာဝန်သိမှု၊ တာဝန်ယူမှုကို ဖော်ပြနေခြင်းဟု ဆိုနိုင်ပါလိမ့်မည်။

(၃၆)

စာရေးသူကတော့ မြတ်စွာဘုရားရှင်၏ ဟိရိ၊ သြတ္တပ္ပတရား နှစ်ပါးနှင့် ချိန်ထိုးကြည့်မိပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်များ၏ နားလည်မှုတွင် ဟိရိ၊ သြတ္တပ္ပဆိုသောအသံကြားသည်နှင့် အဝတ်အစားများကိုသာ မြင်နေခြင်းမှာ ဝမ်းနည်းဖွယ်ကောင်းသည်။ အမှန်အားဖြင့် ဟိရိ၊ သြတ္တပ္ပဟူသည် လောကပါလ(လူ့လောကကို စောင့်ရှောက်သောတရား)ဆိုသည့်အတိုင်း လူ့ဂုဏ်သိက္ခာကို ထိန်းညှိပေးသောတရားနှစ်ပါး ဖြစ်သည်။ မလုပ်သင့် မလုပ်ထိုက်သောအရာများကို လုပ်ရမှာ ရှက်ခြင်း၊ ကြောက်ခြင်း ဖြစ်သည်။

တိုက်ပုံပုဆိုး လှပစွာ ဝတ်ဆင်ပြီး ရွှေတိဂုံပေါ် တက်၊ ဘုရားဝတ်ပြုနေသော လူကြီးနှင့် ယောဂီလုံချည်ကို ကျက်သရေရှိရှိ ဝတ်ဆင်ကာ ရွှေတိဂုံပေါ် ဘုရားဝတ်ပြုနေသော အမျိုးသမီးဖြစ်သည်ဆိုတိုင်း ဟိရိ၊ သြတ္တပ္ပတရား ရှိသည်ဟု မဆိုနိုင်ပါ။

မိမိယူထားသော တာဝန်ကို သိပါသလား၊ မိမိပြုသောအမှုကိစ္စများအပေါ် တာဝန်ယူမှု ရှိပါသလား။ မိဘတာဝန်၊ သားသမီးတာဝန်၊ ဆရာ့တာဝန်၊ အစိုးရတာဝန်၊ နိုင်ငံသားတာဝန်၊ စစ်သားတာဝန် စသဖြင့် မိမိဆိုင်ရာ တာဝန်များကို မသိခြင်း၊ တာဝန်မဲ့ခြင်း၊ တာဝန်ယူမှုမရှိခြင်းသည် ဟိရိသြတ္တပ္ပတရား ကင်းမဲ့ခြင်း ဖြစ်သည်။

မြန်မာဆန်ဆန်ဝတ်စားတတ်ခြင်းနှင့် ဟိရိသြတ္တပ္ပတရားကို ယှဉ်တွဲဖော်ပြခြင်း သို့မဟုတ် တွဲဖက်နားလည်နေကြခြင်းမှာ စိတ်ပျက်စရာပင် ကောင်းလှသည်။ ဟိရိသြတ္တပ္ပတရားနှင့်ပြည့်စုံသော မြတ်စွာဘုရားလက်ထက် အမျိုးသမီးများမှာ ချက်ပေါ်၊ ဗိုက်ပေါ်များသာ ဖြစ်ပါသည်။ အမျိုးသားများလည်း ပုဆိုးနှင့်တိုက်ပုံ၊ ယောဂီထမီအင်္ကျီများ မဝတ်ကြပါ။ မြန်မာ့ယဉ်ကျေးမှုကို မထိမ်းသိမ်းရဟု မဆိုလိုပါ။

ဟိရိ၊ သြတ္တပ္ပ၏ အဓိပ္ပာယ်သက်ရောက်မှုမှာ မြန်မာဆန်ဆန်ဝတ်ခြင်းဟူသောအဓိပ္ပာယ်ကို အနည်းငယ်မျှ မဆောင်ကြောင်း ဖော်ပြလိုရင်း ဖြစ်သည်။ မြန်မာဆန်ဆန်ဝတ်ခြင်းနှင့် ဟိရိ၊ သြတ္တပ္ပ အနည်းငယ်မျှ မဆိုင်ပါ။

ဝတ်စားဆင်ယင်မှုနှင့်လူနေမှုပုံစံများသည် အမျိုးမျိုး ကွဲပြားနေမည်သာ ဖြစ်သည်။
ရထား၊ ဘတ်စ်ကားခိုးစီးရမှာ ရှက်ခြင်း၊ အချောင်ခိုစားရမှာ ရှက်ခြင်း၊ အများပြည်သူ အပန်းဖြေရာ သို့မဟုတ် အများပြည်သူများ သွားလာရာတွင် အမှိုက်ပစ်ရမှာ ရှက်ခြင်း၊ ညစ်ပတ်အောင် လုပ်ရမှာ ရှက်ခြင်း၊
နိုင်ငံသားတစ်ယောက် တာဝန် မကျေပွန်မှာ ရှက်ခြင်း၊ သမ္မတတာဝန် မကျေပွန်မှာ ရှက်ခြင်း၊ ဝန်ကြီးတာဝန် မကျေပွန်မှာ ရှက်ခြင်း၊
အများပိုင်ပစ္စည်းကို ငါပိုင် ပြုလုပ်ရမှာ ရှက်ခြင်း၊ ပြည်သူအားလုံးပိုင်ဆိုင်သော ပြည်သူ့ဘဏ္ဍာကို ကိုယ်ကျိုးအဖြစ် အသုံးပြုရမှာ ရှက်ခြင်း၊ ပြည်သူအားလုံးနှင့်ဆိုင်သော သယံဇာတများကို တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် ရယူရမှာ ရှက်ခြင်း …
စာရေးသူကတော့ အထက်ပါ ရှက်ခြင်းများကို ဟိရိသြတ္တပ္ပဟူသော လောကအကျိုးစီးပွားကို ဖြစ်ထွန်းစေသော လောကပါလတရားများဟု ဖွင့်ဆိုပါသည်။

သူတို့သည် ဟိရိသြတ္တပ္ပတရားကို ထိန်းသိမ်းစောင့်ရှောက်ကြသည်။ ထို့ကြောင့် သူတို့တိုင်းပြည်များ ငြိမ်းချမ်းကြသည်။ သာယာကြသည်။ တိုးတက်ကြသည်။
တစ်တိုင်းပြည်လုံး ပျော်ရွှင်ကြသည်။ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံကြသည်။ ရာဇဝတ်မှုများ နည်းပါးကြသည်။ အကြမ်းဖက်မှုများ နည်းပါးကြသည်။ ဟိရိသြတ္တပ္ပတရားနှင့်အညီ တာဝန်သိမှု၊ တာဝန်ယူမှုများဖြင့် တာဝန်ကိုယ်စီ ထမ်းဆောင်ကြခြင်း၏ ရလဒ်များ ဖြစ်သည်။

(၃၇)

စာရေးသူတို့ မြန်မာပြည်ကရော … ။ တာဝန်လည်း သိပုံ မရကြ။ တာဝန်မသိသဖြင့် တာဝန်ယူမှုလည်း မရှိသလောက်။ တရားစီရင်ရေးမဏ္ဍိုင် …။ လျော့တိလျော့ရဲ။ အဂတိလိုက်စားမှုတွေက တင်းပြည့်ကျပ်ပြည့်။ အုပ်ချုပ်ရေးမဏ္ဍိုင် …။ ချမ်းသာဆင်းရဲ၊ အကောင်ကြီးအကောင်လေး ခွဲခြားခံနေရဆဲ။ ဥပဒေပြုရေး …။ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေက ခိုင်မာနေဆဲ။ ………… ကဲ ဘယ်က စမည်နည်း။ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်လို့ ဆိုချင်ဆို၊ ဂျာအေးကို သူ့အမေရိုက်လို့ ဆိုချင်ဆို။ “တရားဥပဒေ စိုးမိုးမှုမရှိဘဲ တိုင်းပြည်က ရှေ့ဆက်၍ မရနိုင်ပါ”ဟူသောသဘောတရား ကျယ်ပြန့်စေချင်ပါဘိ။

တရားမျှတသော၊ ပြည်သူပြည်သားအားလုံးတို့၏ အကျိုးစီးပွားကို ရှေးရှုသော ဥပဒေတစ်ရပ် မပေါ်ပေါက်သေးသရွေ့ မည်သည့်တိုင်းပြည်မှ မငြိမ်းချမ်းနိုင်ပါ။

တိုင်းသူပြည်သားများကို ကျောသားရင်သား မခွဲခြားဘဲ၊ အာဏာရှိ,အာဏာမဲ့ မခွဲခြားဘဲ၊ ဆင်းရဲသား,ချမ်းသာသူ မခွဲခြားဘဲ အပြစ်နှင့်ထိုက်တန်စွာ တရားစီရင်ခြင်းများ မရှိသေးသရွေ့ “သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု … သုခီ အတ္တာနံ ပရိဟရန္တု”ကို တစ်ထိုင်တည်း အကြိမ်တစ်သန်းရွတ်လည်း ကိုယ်စိတ်နှစ်ပါး မငြိမ်းချမ်းပါ၊ မချမ်းသာပါ။ ထို့ထက်ပိုရွတ်လည်း ရွတ်သူကတော့ သမာဓိရပြီး ငြိမ်းချမ်းချင် ငြိမ်းချမ်းမည်၊ တိုင်းပြည်ကတော့ ဘာမှ ထူးလာမည် မဟုတ်ပါ။

............................
..................................
ဆက်လက်ဖော်ပြပါမည်
............................
အရှင်ကုသလသာမိ (အတည်မဲ့)
၂၂၊ ၁ဝ၊ ၂ဝ၁၄

Saturday, December 13, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၇)


ကားပါ့ကင်းမှ ကားကလေးက ငြိမ့်ခနဲ ထွက်သွားသည်။ စိတ်ထဲမှ “ကြည့်စမ်းကွာ … အကဲခတ်စမ်းကွာ … ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံကြီး”ဟု ပြောနေမိသည်။
“ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ” “ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ” “ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ” “ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ”။ ပဲ့တင်ထပ်နေသည်။ အားကျပါဘိကွယ်။ ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံတဲ့။ ဂုဏ်ရှိလိုက်ပါဘိ၊ တို့လည်း တို့နိုင်ငံကို ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံလို့ ကြွေးကြော်ချင်လိုက်တာ။
ခေါင်းထဲမှာ အတွေးပေါင်းစုံက တရစပ် ဝင်လာနေသည်။ စာတွေထဲမှာ မြန်မာဆိုတာ ဘာ၊ မြန်မာလူမျိုးဆိုတာ ဘယ်လို စသဖြင့် ဂုဏ်တင်ရေးနေ ရေးနေ၊ ပါးစပ်ကနေ ဘယ်လို အမျိုးမြတ်တာတွေ ဘာတွေ ညာတွေ အော်နေအော်နေ … တကယ်ဆုံးဖြတ်တာက လုပ်ရပ်တွေကိုပါ။
လုပ်ရပ်များ၊ ထိုလုပ်ရပ်များမှ ဖြစ်ပေါ်လာသော အကျိုးတရားများက အကောင်းဘက်မှာ ရှိမနေလျှင် ကြွေးကြော်သံဟူသည် ရှက်စရာတစ်မျိုးသာ ဖြစ်နေပါလိမ့်မည်။
ရာဇဝတ်မှုများ၊ အဓမ္မမှုများ၊ အနိုင်ကျင့်မှုများ၊ အဂတိလိုက်စားမှုများ လျော့နည်းသထက် လျော့နည်းလာမည်၊ တရားဥပဒေစိုးမိုးမှုများ အားကောင်းသထက် အားကောင်းလာမည်၊ ရာဇဝတ်မှုများ နည်းပါးပြီး တိကျခိုင်မာသော တရားဥပဒေအောက်မှာ ရှိနေပြီဆိုလျှင် ကြွေးကြော်နေစရာပင် လိုမည်မဟုတ်၊ အလိုအလျောက် မြန်မာကို ချီးကျူးလာပေလိမ့်မည်။ လက်တွေ့ဘဝများ မငြိမ်းချမ်းဘဲ မည်မျှပင် ကြွေးကြော်နေပါစေ … မည်သူမျှ အထင်ကြီးလေးစားလိမ့်မည် မဟုတ်ပါ။ ကြွေးကြော်နေခြင်းများကို လျှော့ပြီး လက်တွေ့လုပ်ပြကြဖို့ လိုအပ်ပါသည်။
(၃၂)
ဒိန်းမတ်နိုင်ငံသည် လူဦးရေအားဖြင့် ၅ သန်းကျော်မျှသာ ရှိသည်။ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းတွင် Global Peace Index ၏ စစ်တမ်းအရ နံပါတ် ၁ စာရင်းဝင်သည်။
ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများ စသည်များ နည်းပါးမှု၊ များပြားမှုအပေါ်အခြေခံ၍ စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။
စကန်ဒီနေဗီးယားတိုင်းပြည်များအနက် ဒိန်းမတ်က နံပါတ် ၁ စာရင်းဝင်သလို နော်ဝေက နံပါတ် ၂ နှင့် ဆွီဒင်က နံပါတ် ၅ စာရင်းဝင်သည်။
ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများ ထိပ်ဆုံး ၁ဝ နိုင်ငံတွင် အာရှမှ စင်္ကာပူ (နံပါတ် ၃) နှင့် ဂျပန် (နံပါတ် ၁ဝ) သာ ပါဝင်သည်။ အစဉ်အားဖြင့် ဒိန်းမတ်၊ နော်ဝေ၊ စင်္ကာပူ၊ စလိုဗေနီးယား၊ ဆွီဒင်၊ အိုက်စလန်၊ ဘယ်ဂျီယံ၊ ချက်နှင့်ဂျပန်နိုင်ငံတို့ ဖြစ်သည်။
“တို့မြန်မာ ဒီလို အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းထဲ ဘယ်တော့များ ဝင်ရောက်နိုင်ပါ့မလဲ”။ မေးခွန်းလေးကို ကိုယ့်ကိုယ်ကို မေးပြီး ဝမ်းနည်းမိပါသည်။
အမေရိကလို ရုပ်ဝတ္ထုများ အလျှံပယ် ကြွယ်ဝဖို့ ဆုမတောင်းပါ။ တရားဥပဒေစိုးမိုးပြီး အေးအတူ ပူအမျှ ဝါဒဖြူစင်တဲ့မြေဖြစ်ဖို့သာ ဆုတောင်းပါသည်။ တရားဥပဒေမစိုးမိုးဘဲ၊ ရာဇဝတ်မှုများ လျှော့နည်းမလာဘဲ၊ အကြမ်းဖက်မှုများ မပပျောက်ဘဲ “ဗုဒ္ဓဘာသာထွန်းကားတဲ့ တို့တိုင်းပြည်”လို့ မကြွေးကြော်ရဲပါ။ နေရင်းထိုင်ရင်း ငြိမ်းချမ်းမှုကိုသာ အားပေးသော ဗုဒ္ဓဝါဒပါ နာမည်ပျက်နေမှာ စိုးပါသည်။
“ဗုဒ္ဓဘာသာဝင်များပီပီ ငါတို့တွေ တိုင်းပြည်ကို ငြိမ်းချမ်းစေရအောင်၊ ဗုဒ္ဓဘာသာဖြစ်လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေကြသူများပီပီ ငါတို့တွေ ဗုဒ္ဓဘာသာဂုဏ်တက်အောင် လုပ်ကြရအောင်လေ” … ရင်ထဲမှာ တိုးတိုးလေး တိုက်တွန်းနေမိသည်။ ရင်ထဲမှာ ပဲ့တင်ထပ်လောက်အောင် အော်နေပေမယ့် အသံတော့ ထွက်မလာခဲ့ပါ။
(၃၃)
ကားလေးက အဝေးပြေးလမ်းမပေါ်တွင် ငြိမ့်ခနဲ ငြိမ့်ခနဲ ပြေးနေသည်။ ကိုစိုးစိုးမောင်ကလည်း ဒိန်းမတ်အတွေ့အကြုံများကို ရှင်းပြသည်။
ကိုစိုးစိုးမောင်တို့ မိသားစုမှာ ဗုဒ္ဓဘာသာဝင်များ မဟုတ်ကြပါ။ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြသည်။ သို့သော်လည်း မိမိကဲ့သို့ ဗုဒ္ဓဘာသာသံဃာတစ်ပါးကို တရိုတသေ တလေးတစား ပြောဆိုဆက်ဆံသည်။
ဗုဒ္ဓဘာသာမိသားစုများနှင့်လည်း တရင်းတနှီး ရှိလှသည်။ ကားလေးက ရွှေညဝါဆရာတော်တို့ရှိရာ အောလ်ဘော့မြို့နားက မြို့ငယ်တစ်ခုသို့ သွားနေခြင်း ဖြစ်သည်။
“ဒကာကြီး အခု ဘာအလုပ်လုပ်သလဲ”။
“တပည့်တော် အလုပ်နားထားတယ်ဘုရား”။
“အော် ဟုတ်လား၊ ဒါဆို အလုပ်မလုပ်ဘဲ ဘယ်လို ရပ်တည်သလဲဗျ”။
“ဒီနိုင်ငံမှာ ၁ နှစ်ခွဲကျော်လောက် အလုပ်လုပ်ပြီးရင် ၂ နှစ်လောက် အလုပ်မလုပ်ဘဲ လခရတယ်ဘုရား”။
“ဗျာ … ဟုတ်ကော ဟုတ်ရဲ့လားဗျာ”။
“ဟုတ်တယ်ဘုရား … ဒါတောင် တစ်ယောက်တည်းသမားဆို တစ်မျိုး၊ လင်မယားဆိုရင် တစ်မျိုးဘုရား၊ တပည့်တော်က မိန်းမနဲ့ဆိုတော့ ခရိုနာ ၂ သောင်းရတယ်၊ ကလေးအတွက်က ၃ လကို ၄၂ဝဝ ရတယ်ဘုရား၊ … ဒိထက် အံ့သြစရာတွေက အများကြီးရှိသေးတယ်ဘုရား”။
ကိုယ့်နားကိုပင် မယုံနိုင်။ ရသည့်လခကလည်း မဝရေစာ မဟုတ်။ နေစရာ၊ စားစရာ၊ ပညာသင်ကြားဖို့အတွက် လုံလောက်သောပမာဏဖြစ်သည်။ ကျောင်းတက်ရင်၊ သင်တန်းတက်လျှင် အပိုပိုက်ဆံက ထပ်ရဦးမည်။
(၃၄)
စာရေးသူသည် နိုင်ငံရေးအကြောင်း နားမလည်သော်လည်း နားလည်သလောက် တင်ပြချင်သည်။ ဒိန်းမတ်သည် ဒီမိုကရေစီစစ်စစ်ကို ကျင့်သုံးသည့်နိုင်ငံ မဟုတ်၊ Social Democracy စနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်သည်။ တိုင်းပြည်၏ကြွယ်ဝမှုကို တိုင်းသူပြည်သားများနှင့် တိုင်းပြည်အတွင်း တရားဥပဒေနှင့်အညီ ရွှေ့ပြောင်းလာသူများကို ကူညီထောက်ပံ့ပေးသည်။
တိုင်းသူပြည်သားများ၏ ကိုယ်ကျန်းမာရေးနှင့် စိတ်ချမ်းသာရေးကို အဓိကမူအဖြစ်ထားရှိပြီး အစိုးရမူဝါဒကို ကျင့်သုံးသည်။ ဒိန်းမတ်တွင် အစိုးရအကြီးအကဲများသည် တာဝန်အရ အကြီးအကဲရာထူးများ ယူထားသော်လည်း သာမန်ပြည်သူများနှင့် ဘာမျှ မထူးခြား။ အကြီးအကဲဖြစ်ခြင်းနှင့် အခွင့်ထူးခံအဖြစ် ရောက်မသွားပေ။
သာမန်ပြည်သူများနှင့်မခြား မိမိဆိုင်ရာတာဝန်များကို ထမ်းဆောင်နေကြခြင်းသာ ဖြစ်သည်။
နိုင်ငံကို အဓိကစိုးမိုးခြယ်လှယ်နေသူတစ်ဦးတော့ ရှိသည်။ သူ့စကားကိုသာ နားထောင်ဖို့ လိုသည်။ သူ့လမ်းညွှန်ချက်အတိုင်း လိုက်လုပ်ဖို့ လိုအပ်သည်။ လူတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်၊ ပြောဆိုခွင့်၊ ရေးသားခွင့်ရှိသည်။
သို့သော် သူ့လက်အောက်တွင်သာ ဖြစ်သည်။ လူတိုင်းက သူ့ကို မလွန်ဆန်ရဲကြ။ ငယ်ငယ်ကတည်းက မိသားစုအတွင်း၊ ကျောင်းအတွင်း၌ သူ့စကားကို လိုက်နာဖို့ကိုသာ သင်ပေးသည်။ သူဟူသည်မှာ “တရားဥပဒေ”ဖြစ်သည်။
သူတို့နိုင်ငံများတွင် တရားဥပဒေသည်သာ အမိ၊ တရားဥပဒေသည်သာ အဖဖြစ်သည်။ တရားဥပဒေသည်သာ နိုင်ငံ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှု၊ တည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနေသောအရာဖြစ်သည်။ တရားဥပဒေသည် ထာဝရဘုရားထက် ပိုတန်ခိုးကြီးလေသည်။
တရားဥပဒေလက်အောက်တွင် ဉာဏ်ကြီးရှင်များ၊ စီးပွားရေးအကွက်မြင်သူများအတွက် ချမ်းသာကြွယ်ဝသော လုပ်ငန်းရှင်ကြီးဖြစ်အောင် ကြိုးစားနိုင်သည်။ သို့ရာတွင် ချမ်းသာကြွယ်ဝမှုအလိုက် နိုင်ငံတော်ကို အခွန်ပေးဆောင်ရသည်။ နိုင်ငံသားအားလုံး အခွန်ကို စနစ်တကျ ပေးဆောင်ရသည်။ အစိုးရအနေဖြင့် တိုင်းပြည်က ပေးဆောင်လာသောအခွန်များကို (မိမိတို့နှင့်ထိုက်တန်သော လခမှအပ) အလွဲသုံးစား ပြုလုပ်ခြင်း မရှိ။ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း မရှိ။
ရရှိလာသောအခွန်ငွေများကို ပြည်သူများ အဆင်ပြေရေး၊ ကာယသုခ၊ စိတ္တသုခနှင့် ပြည့်စုံရေးကိုသာ ရှေးရှုတွေးတောကာ ဆောင်ရွက်ကြရသည်။
အစိုးရသည် ပြည်သူ့ကျွန်၊ ပြည်သူ့အခိုင်းအစေများပီပီ ပြည်သူ့မျက်နှာရဖို့ လိုအပ်သည်။ ပြည်သူ့မျက်နှာမရလျှင် သူတို့ ကျရှုံးမည် ဖြစ်သည်။ ပြည်သူသာ အမိ၊ အဖဖြစ်ရုံမက ပြည်သူသည် အစိုးရ၏ အရှင်သခင်များပင် ဖြစ်လေသည်။
ရရှိလာသောအခွန်များကို အလွဲသုံးစား ပြုလုပ်လျှင် သို့မဟုတ် ပွင့်လင်းမြင်သာမှုမရှိလျှင် ပြည်သူ့အမျက်ဒဏ်ကို ခံရမည်ဖြစ်သည်။
(၃၅)
သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ဖို့အတွက် ပူပန်လျှင် ပူပန်စရာရှိသော်လည်း စားဝတ်နေရေးအတွက်ကား အနည်းငယ်မျှ ပူပန်စရာမရှိပါ။ ကျန်းမာရေးမကောင်းလို့ ဆေးမကုသနိုင်မှာလည်း ပူစရာမရှိပါ။
.........................................
ဆက်လက်ဖော်ပြပါမည်
..........................................
အရှင်ကုသလသာမိ (အတည်မဲ့)
၁၆၊ ၁ဝ၊ ၂ဝ၁၄

Thursday, December 4, 2014

တန်ဖိုးရှိနေဖို့ အရေးကြီးပါတယ်


(၁)

စတိတ်ခုံပေါ်မှ အော်သံကြောင့် လူတွေ လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။ "ဟောဒိ ဒေါ်လာ ၅ဝ တန်ကို ဘယ်သူ ယူချင်ပါသလဲခင်ဗျာ၊ ယူချင်တဲ့သူ လက်ညှိုးထောင်ပါ"လို့ အော်နေတာပါ။ ဒါနဲ့ ပရိသတ်တွေအားလုံး လက်ညှိုးတွေ ထောင်ကြတယ်။

"ဒီဒေါ်လာ ၅ဝ တန်ကို ခင်ဗျားတို့ကို ပေးမှာပါ။ ဒါပေမဲ့ မပေးခင် ကျွန်တော် လုပ်ချင်တာလေး လုပ်ပါရစေဦး"လို့ ပရိသတ်ကို ခွင့်တောင်းပြီး ဒေါ်လာကို လုံးခြေပစ်လိုက်တယ်။ ပရိသတ်ကို လုံးခြေထားတဲ့ ဒေါ်လာကို ပြရင်း "လိုချင်ပါသေးလားခင်ဗျာ"လို့မေးတော့ အားလုံးက လက်ညှိုးထောင်ကြတယ်။

ဒါနဲ့ သူက အောက်ကို ချနင်းပစ်ပြီး ဖနောင့်နဲ့ပေါက်ပစ်လိုက်ပြန်တယ်။ ပြီးမှ "လိုချင်ပါသေးလားခင်ဗျာ"လို့ မေးပြန်တယ်။ ပရိသတ်တွေအားလုံးက လက်ညှိုးထောင်လျက်ပါပဲ။
ဒီတော့မှ သူက ဆက်ပြောတယ်။ "ကဲ ခင်ဗျားတို့ သင်္ခန်းစာရသွားပြီ မဟုတ်လား။ ဒီဒေါ်လာကို ကျုပ် ဘယ်လိုလုပ်လုပ် ခင်ဗျားတို့ လိုချင်နေတုန်းပဲ။ အဲဒါ ဘာဖြစ်လို့လည်းဆိုတော့ တန်ဖိုးကျမသွားလို့ပဲ"လို့ ဆိုလိုက်တော့ ပရိသတ်လက်ခုပ်သံတွေ ဆူညံသွားခဲ့တယ်။

(၂)

တစ်ခါက ဖတ်ခဲ့ဖူးတဲ့ စာအုပ်ထဲကပါ။ ဒေါက်တာသိန်းလွင် ဘာသာပြန်တယ်လို့ ထင်ပါတယ်။
မိမိတို့ကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာပါ ထိခိုက်နာကျင်စရာတွေ၊ မုန်းတီးစက်ဆုပ်ဖွယ်ရာတွေ၊
အဖိအနှိပ်အချုပ်အခြယ်၊ အနိုင်ကျင့်ခံရတာတွေ၊
အာဏာကြောင့်၊ ငွေကြောင့်၊ (ရဟန်းတွေမှာဆို အသက်သိက္ခာကြောင့်) ချေမှုန်းခံရတာတွေ၊
တွန်းထိုးခံရတာတွေ၊
တစ်ဖက်သတ်ချောက်ချခံရတာ ခြုံခိုတိုက်ခိုက်ခံရတာတွေ၊
ကိုယ့်စည်းစိမ် ကိုယ့်စီးပွားရေးကို နစ်နာအောင် ဆောင်ရွက်ကြတာတွေ၊ ကိုယ့်သိက္ခာကျအောင် ပြောဆိုနှိပ်ကွပ်ကြတာတွေ ....
မြောက်မြားစွာ ကြုံတွေ့ဖူးကြပါလိမ့်မယ်။ သင်လည်း တစ်နည်းမဟုတ် တစ်နည်းတော့ ကြုံတွေ့ဖူးမှာပါ။

(၃)

ဒ်ါလာကို ဘယ်လောက်ပဲ လုံးခြေပစ်၊ နင်းခြေပစ်ပေမဲ့ သူ့မှာ တန်ဖိုးက ရှိနေတော့ လူတွေက လိုချင်နေကြဆဲပါပဲ။
လုံးချေထားတဲ့ ဒေါ်လာအနွမ်းအကြေလေးကို လူအုပ်ထဲ ပစ်ချကြည့်ပါလား။ အားလုံး လုကောက်ကြလိမ့်မယ်။ ရတဲ့သူက ပျော်ရွှင်စွာ ဆုပ်ကိုင်ရင်း အနမ်းလေးတောင် ပေးကောင်း ပေးပါလိမ့်မယ်။

(၄)

ဘဝမှာ အခက်အခဲတွေ ဘယ်လောက်ကြုံကြုံ၊ အဖိအနှိပ်အထုအထောင်းတွေ ဘယ်လောက်ခံရခံရ ဒေါ်လာလို တန်ဖိုးရှိနေဖို့ လိုပါတယ်။ တန်ဖိုးရှိအောင် ကြိုးစားဖို့ လိုပါတယ်။ တန်ဖိုးရှိမှသာ ရောက်လေရာအရပ်မှာ အသုံးတည့်မှာပါ။ အသုံးတည့်မှသာ လောကကြီးက အနမ်းတွေ ပေးတာပါ။

"ငါဟာ ဒေါ်လာလို တန်ဖိုးရှိသူဖြစ်တယ်၊ ငါဟာ ဒေါ်လာလို အသုံးဝင်သူဖြစ်တယ်"လို့ တစ်နေ့တစ်ခါလောက် ရွတ်ဆိုပြီး တန်ဖိုးရှိသထက်ရှိအောင် ကြိုးစားသင့်ပါတယ်လို့ဆိုရင် သဘောတူမလား။

မိသားစုထဲမှာပဲဖြစ်ဖြစ်၊ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာဖြစ်ဖြစ်၊ မိမိရောက်ရာ တည်ရှိရာ နေရာတိုင်းမှာ မိမိကိုယ်ကို တန်ဖိုးရှိအောင် ကျင့်သုံးနေထိုင်ဖို့ လိုအပ်လှပါတယ်။ သင် ရှာဖွေကြိုးစားတည်ဆောက်ထားတဲ့ တန်ဖိုးတွေက သင့်ဘဝ ပိုမိုမြင့်မားအောင် မြှင့်တင်ပေးမှာပါ။

အရှင်ကုသလသာမိ(အတည်မဲ့)
ဝ၇၊ ၁၁၊ ၂ဝ၁၄

Tuesday, December 2, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၆)


အကြိတ်အနယ် ထိုးကြကြိတ်ကြသော လက်ဝှေ့ပွဲ၊ ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေကြသော ဘောလုံးပွဲများ ကြည့်ရလျှင် လူအများ သဘောကျတတ်သလို ကြုံတွေ့ခဲ့သောဘဝအတွေ့အကြုံများအရ အခက်အခဲများသည် ဘဝအားအင်များကို ညှစ်ထုတ်ပေးသောကိရိယာများဖြစ်သည်ဟုပင် ဆိုချင်လာတတ်ခဲ့လေသည်။
(၂၇)
“ကဲ ငါ ရှေ့ဘူတာမှာ ဆင်းတော့မယ်၊ ငါက ဗုဒ္ဓဘာသာဆိုတော့ ပြောရဦးမယ်၊ ဗုဒ္ဓဘာသာအရ လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံခြင်းဟာ ရှေးဘဝတွေက ဆွေမျိုးတော်ခဲ့ဖူးလို့ တွေ့ကြတာ၊ အခု တို့အခုလို တွေ့တာလည်း ရှေးက အကြောင်းတရားတစ်ခုကြောင့် တွေ့ရတာ၊ မင်းနဲ့ တစ်ညတာ တွေ့ဆုံစကားပြောခွင့်ရတာ ကျေးဇူးတင်ပါတယ်၊ ကံ မကုန်သေးဘူးဆိုရင်တော့ ပြန်ဆုံကြသေးတာပေါ့”ဟု နှုတ်ဆက်လိုက်သည်။
သူကလည်း ဆွစ်ဇာလန်ရောက်ရင် သူ့ဆီကို ဆက်သွယ်ဖို့ နေအိမ်လိပ်စာကို ပေးလိုက်သည်။ ဓာတ်ပုံအတူရိုက်ကြသည်။ မိုးကလေးက ဖွဲနေသည်။ လေကလေးများလည်း တိုက်နေသည်။
ရထားလမ်းဘေးမှာ ဆောင်းမရောက်ခင် လူးလူးလွင့်လွင့် ဖူးပွင့်နေကြသော ရောင်စုံပန်းလေးများကိုလည်း တွေ့လိုက်ရသည်။
(၂၈)
ကိုးလ်ဒင်း (Kolding)ဘူတာ ရောက်ပြီ။ မိုးရွာလို့လား မသိ၊ ကိုးလ်ဒင်းက ကိုးလ်(အေး)ပါသည်။ ဂျာမနီက ရွာဘူတာလောက်သာရှိမည်။ အောလ်ဘော့သို့ သွားမည့်ရထားများ ရှိမလားဟု ဆိုက်မည့်ရထားများကို ရေးထားသော LCD များကို လိုက်ကြည့်သည်။ တစ်စီးမှ မတွေ့။ မိုးက ရွာ၊ လေက တိုက်တော့ ပါးပြင်နှင့်နားရွက်များ အေးစက်လာသည်။ ဘူတာထဲမှာလည်း လူက အနည်းငယ်သာ ရှိသည်။
စီးကရက်သောက်သူက သောက်၊ ကော်ဖီခွက်လေးများကိုယ်စီကိုင်လျက် ကော်ဖီသောက်သူက သောက်။ အချို့စုံတွဲများကလည်း တစ်လောကလုံး သူတို့နှစ်ယောက်တည်းသာ ရှိသည့်နှယ် ကလူ၏သို့ မြူ၏သို့။
ဘူတာအတွင်း နီးစပ်ရာလူများကို မေးကြည့်သည်။ ရေရေရာရာ မည်သူမျှ မသိကြ။ သို့နှင့် မြေအောက်မှနေ၍ ဘူတာရုံထဲသို့ ဝင်လိုက်သည်။ စတိုးဆိုင်သာ ရှိသည်။
“အင်ဖော်မေးရှင်းကောင်တာ ဘယ်နားမှာလဲ”ဟု လူငယ်တစ်ဦးကို မေးလိုက်သည်။ စောသေးသဖြင့် မဖွင့်သေးဟု ဆိုသည်။
သူက “ဘယ်ကို သွားချင်တာလဲ”ဟု မေးသည်။ အောလ်ဘော့ကို သွားချင်တာဖြစ်ကြောင်း ပြောပြတော့၊ အနီးဆုံးခရီးကို ပြောပြမည်ဖြစ်ကြောင်း၊ ဖရက်ဒဲရီစီယာ(Fredaricia)ဘူတာသို့ နောက် ၅ မိနစ်မှာ ရထားလာမည်။ ထိုရထားကို စီးပြီး ဖရက်ဒဲရီစီယာဘူတာတွင် ဆင်းရမည်။ ထိုမှတစ်ဆင့် အောလ်ဘော့မြို့သို့သွားမည့်ရထားကို စီးရမည်ဖြစ်ကြောင်း ပြောပြသည်။
သို့နှင့် ဖရက်ဒဲရီစီယာရထားပေါ် တက်လိုက်သည်။ ၁၅ မိနစ်ခန့်ကြာသည့်အခါ ဖရက်ဒဲရီစီယာဘူတာသို့ ရောက်သည်။
ဘူတာတွင် အောလ်ဘော့သို့သွားမည့်ရထားကို လိုက်ရှာရပြန်သည်။
အောလ်ဘော့သွားမည့် ရထားကတော့ LCD မှာ တွေ့ပါပြီ။ တွေ့မည့်တွေ့တော့ နှစ်စီး။ မည်သည့်ရထားကို တက်ရမည်နည်း။ တစ်စီးက နာရီဝက်စောင့်ရမည်။ တစ်စီးက ၄၅ မိနစ်စောင့်ရမည်။ အစောဆုံးရထားကို တက်စီးလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။
(၂၉)
အအေးဓာတ်က ပိုလာသည်နှင့် ဘူတာအတွင်းရှိ ဘေးဘက်လေးတန် မှန်ဖြင့် ကာထားသော နားနေခန်းသို့ သွားပြီး အိတ်ကိုဖွင့်ကာ ဆွယ်တာကို ထုတ်ဝတ်လိုက်သည်။ အထူးသဖြင့် ဆောင်းတွင်း နှင်းများ ဖွေးဖွေးလှုပ်အောင် ကျလာချိန်ရောက်လျှင် နားနေဖို့ ပြုလုပ်ထားသောအခန်းလေးဖြစ်သည်။
ခဏကြာသောအခါ အမျိုးသမီးကြီးတစ်ဦး ဝင်လာသည်။ စောင်လိုလို ဘာလိုလို နီညိုရောင်အဝတ်ကြီးကို ဟိုလိပ်ဒီလိပ်၊ ဟိုထိုးထည့်ဒီထိုးထည့်ကာ ဝတ်ထားသော ဖတ်ရှင်အသစ်အဆန်းကို မမြင်ဖူး၍လောမသိ၊ ပြုံးစိစိဖြင့် ကြည့်နေသည်။ ပြန်ပြုံးပြလိုက်သည်။ အချို့က စာရေးသူလိုဘုန်းကြီးများ ဝတ်စားထားပုံကို သူများနှင့်မတူအောင် ဖက်ရှင်ထွင်ဝတ်သည်ဟု ထင်ပုံရသည်။
စာရေးသူ ဂျာမနီသို့ ထွက်ခွါလာခါနီးတွင် သူငယ်ချင်း ဦးကိတ္တိသာရနှင့် ခေမာသီဝံကျောင်းတိုက်တွင် ဆုံဖြစ်သည်။ ခေမာသီဝံဆရာတော်နှင့် တွေ့ဖြစ်တော့ ဆရာတော်က “ဥရောပသွားမှာဆိုတော့ သမဏသညာတော့ မပျောက်စေနဲ့”ဟု မှာသည်။ ထိုစကားက ခေါင်းထဲမှ မထွက်။ သို့ဖြစ်၍ စာရေးသူ ဘယ်ပဲသွားသွား၊ လမ်းလျှောက်ထွက်တာကစပြီး ဟိုဘက်အဆောင်ဒီဘက်အဆောင် ကူးတာအဆုံး များသောအားဖြင့် သင်္ကန်းရုံပြီးသာ သွားဖြစ်သည်။
တစ်ခါတစ်ရံ သင်္ကန်းကြီးရုံပြီး လူကြားထဲသွားရတာ ပြူးတိပြူးကြောင် အကြည့်များကြောင့် အနည်းငယ်တော့ အနေခက်ဖူးသည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအသွင်ကိုတော့ တတ်နိုင်သမျှ ထိန်းသိမ်းထားဖြစ်သည်။
(၃ဝ)
ဘူတာထဲတွင် ခရီးသည်က တစ်ဦးနှစ်ဦးမျှသာ ရှိသည်။ ဒေသခံများသည် အချိန်အတိအကျ သိသဖြင့် ရထားထွက်ခါနီးမှသာ ရောက်လာလေ့ရှိသည်။ အပျင်းလည်းပြေ ဗဟုသုတလည်း ရအောင် အမျိုးသမီးကြီးနှင့်စကားပြောဦးမှပဲဟု တွေးကာ “ဟဲလို”ဟု နှုတ်ဆက်လိုက်သည်။ ဖြစ်ချင်တော့ သူက အင်္ဂလိပ်စကား သိပ်မတတ်။ သို့ပေမဲ့ ကိုယ့်ခရီးစဉ်ကို ပြောပြဖြစ်သည်။
ယခုလာမည့်ရထားဖြင့် အောလ်ဘော့ကို သွားမည့်အကြောင်း လက်မှတ်ပြပြီး ပြောဖြစ်သည်။
ထိုအခါကျမှ အမျိုးသမီးကြီးက သူ၏ စမတ်ဖုန်းလေးကို ထုတ်ပြီး အင်တာနက်မှတစ်ဆင့် ရထားခရီးစဉ်များကို ကြည့်နေသည်။
ရထားခရီးစဉ်များနှင့်ထွက်မည့်အချိန်၊ ဆိုက်မည့်အချိန်များကို ဘူတာအလိုက်၊ မိနစ်ချင်းအလိုက် အသေးစိတ် အင်တာနက်တွင် တိတိကျကျ သိနိုင်လေသည်။ နိပ်ပေစွ။ ပြီးမှ အမျိုးသမီးကြီးက ပထမရထားမှာ အောလ်ဘော့သို့ တိုက်ရိုက်မရောက်ကြောင်း၊ ၁၅ မိနစ်လောက် ပိုစောင့်ပြီး ဒုတိယရထားကို စီးသင့်ကြောင်း အကြံပြုသည်။ သို့ဖြင့် စာဖတ်ရင်း ရထားစောင့်နေလိုက်သည်။
မှတ်မှတ်ရရ ဖတ်နေဖြစ်သည့်စာအုပ်က ဆရာမဂျူး၏ “ဆုံနေရက်နဲ့ လွမ်းလေခြင်း”။ အရင်က သရုပ်မှန်ကဗျာ၊ သရုပ်မှန်ဝတ္ထုများကို သဘောလည်း မကျ၊ ဗဟုသုတအနေဖြင့်သိရအောင် ဖတ်ကြည့်တော့လည်း အရသာမတွေ့၊ ဆရာမနှင့်လူချင်းသိချိန်ကျမှ ဖတ်ချင်စိတ်ပေါက်လာသဖြင့် ဖတ်ကြည့်ခြင်း ဖြစ်သည်။ ဖတ်ကြည့်သည့်အခါ ဆရာမ၏ စာအရေးအသားများက စိတ်ဝင်စားစရာကောင်းသည်။ နုသည်၊ ညက်သည်၊ ဝါကျများက ပြေပြစ်သည်။ သို့ရာတွင် ဖြစ်စဉ်များကို အတင်းမဖြစ်ဖြစ်အောင် ကြိုးစားတတ်သည့် မြန်မာဝတ္ထုများ၏ဟန်ကတော့ ပြောင်းလဲသွားသည်ဟု မထင်။
ကိုယ်စီးမည့်ရထား မရောက်သေးသော်လည်း ရထားတွေကတော့ တစ်စီးပြီးတစ်စီး ဖြတ်သန်းသွားလာနေကြသည်။ ဒိန်းမတ်ရထားများက ဂျာမနီက ရထားများကဲ့သို့ အတွဲတွေတော့ သိပ်မများလှ။ သို့ရာတွင် ပိုမိုသစ်လွင်သည်၊ သန့်ရှင်းသည်ဟု ထင်သည်။ ဘူတာအတွင်းမှာနေမှ သတိထားမိသည်။ လျှပ်စစ်ရထားများဖြစ်သဖြင့် ရထားသံလမ်းပေါ်မှ လျှပ်စစ်သံကြိုးများက တဖျစ်ဖျစ် မြည်နေသည်။ ဓာတ်ဆီမလိုဘဲ နိုင်ငံအနှံ့၊ ဥရောပအနှံ့ လျှပ်စစ်သံကြိုးများဖြင့် ပြေးဆွဲနေသောရထားများကိုကြည့်ပြီး သဘောတွေကျနေမိသည်။
(၃၁)
LCD တွင် ဖော်ပြထားသည့်အချိန် ရောက်သည်နှင့် အချိန်တိကျစွာ ရထားရောက်လာသည်။ ရထားပေါ်တက်ပြီး ခုံအလွတ်တစ်ခုရှာကာ ထိုင်လိုက်သည်။ အသက်အရွယ်အတော်အိုးမင်းနေသည့် အသက် ၈ဝ ခန့် အဘိုးအဘွားစုံတွဲရှေ့တွင် ထိုင်လိုက်သည်။ ဒိန်းမတ်ရထားများရှိ ထိုင်ခုံများက ဂျာမနီရထားများထက် ပိုပြီး သက်တောင့်သက်သာရှိသည်။ ရထားပေါ်တွင် ဘယ်မြို့ကို ဘယ်နှနာရီနှင့် ဘယ်နှမိနစ်တွင် ရောက်မည် … စသဖြင့် ဆိုက်ရောက်မည့်ဘူတာနှင့် ရောက်မည့်အချိန်ကို ရေးထားသော စာတန်းလေးများက ပြေးနေသည်။
ထိုစာတန်းလေးများကို ကြည့်ပြီး အောလ်ဘော့မြို့ ဘူတာတွင် လာကြိုမည်ဆိုသော ဒကာကိုစိုးစိုးမောင်ထံ လှမ်းဖုန်းဆက်သည်။ ဘာမှ မပူဖို့၊ ဘူတာမှာ အသင့်လာကြိုမည်ဖြစ်ကြောင်း ပြောသည်။
အိပ်ရေးပျက်ထားသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ “ဖောက်”ခနဲအသံနှင့်အတူ ဗူးနှင့် ထိုင်ခုံရှေ့က စားပွဲထိသံကြားလိုက်မှ မျက်လုံးဖွင့်ကြည့်ဖြစ်သည်။ အဘိုးကြီးနှင့်အဘွားကြီး ဘီယာဗူးဖွင့်သောက်နေခြင်းပေတည်း။
(၃၂)
နေ့လယ် ၂ နာရီခန့်တွင် အောလ်ဘော့မြို့သို့ ရောက်သည်။ ကိုစိုးစိုးမောင်၊ သမီးငယ်နှင့် ကိုဇော်တို့ လာကြိုသည်ကို တွေ့ရသည်။ ဘူတာရောက်ရောက်ချင်း အပေါ့သွားချင်သဖြင့် အိမ်သာရှာသည်။ အိမ်သာက ဒိန်းမတ်ငွေ (ခရိုနာ)ထည့်မှ ပွင့်မည့်အိမ်သာဖြစ်သဖြင့် အကြွေလဲပြီးမှသာ တက်ခဲ့ရသည်။ ပြီးဒကာကိုစိုးမောင်၏ကားလေးဆီ သွားခဲ့သည်။ သူ့ကား ရှေ့ခန်းထိုင်ခုံကို စောင်တစ်ထည်ပါ ခင်းထားသည်။
ဘာသာမတူသော်လည်း ယဉ်ကျေးပျူငှါစွာ ကြိုဆိုခဲ့သော အစ္စလာမ်ဘာသာဝင် ဒကာကိုစိုးမောင်တို့အား ကျေးဇူးတင်ရသည်။
.........................................
ဆက်လက်ဖော်ပြပါမည်
..........................................
အရှင်ကုသလသာမိ (အတည်မဲ့)
၁ဝ၊ ဝ၆၊ ၂ဝ၁၄

Tuesday, November 18, 2014

စကန်ဒီနေဗီယန်းတိုင်းပြည်များသို့ ခရီး (အပိုင်း ၅)


ယခင်အပတ်မှ အဆက်


(၂၁)

ဆွစ်ဇာလန်သူ၊ ဒိန်းမတ်လူငယ်တို့နှင့် စကားတွေ ပြောပြီး ခဏကြာသောအခါ အိပ်ပျော်သွားသည်။ အဘယ်မျှကြာသွားသည် မသိ။ အိပ်ပျော်ရာမှ နိုးလာတော့ ရထားကြီးက ရပ်နေသည်။ အခန်းတွင်းတွင် ဂျာမန်အမျိုးသားကြီးနှင့် ဒိန်းမတ်လူငယ်ကို မတွေ့ရတော့ပေ။ အချို့လူတွေ ဘူတာပလက်ဖောင်းပေါ်တောင် ရောက်နေကြပြီ။

စာရေးသူလည်း အခန်းအပြင် ထွက်ပြီး စနည်းနာကြည့်သည်။ “ဟန်နိုဗာ” ဟု တွေ့ရသည်။ ဟန်နိုဗာကလည်း ဘူတာအကြီးကြီးတစ်ခုပင် ဖြစ်သည်။ ရဲမေများ၊ ရဲများ အရေးတကြီးပုံစံဖြင့် ခပ်သုတ်သုတ် သွားလိုက်လာလိုက် ဖြစ်နေကြသည်။ ဆက်သွယ်ရေးစက်များနှင့် အလုပ်ရှုပ်နေကြဟန် ရှိသည်။ ဘာဖြစ်ပါလိမ့်။

ခဏကြာသောအခါ ကုလား ၁ဝ ယောက်လောက်ကို ရဲများ ခြံရံထားသောမြင်ကွင်းကို တွေ့လိုက်ရသည်။
ပတ်စပို့မပြနိုင်သောသူများနှင့်လက်မှတ်မပါသူများကို ရထားပေါ်က ဆွဲချနေခြင်း ဖြစ်သည်ဟု သိရသည်။
ထိုပုဂ္ဂိုလ်များနှင့်ပတ်သက်ပြီး ဆွေးနွေးနေသဖြင့် ရထားက ဆက်မထွက်နိုင်ဖြစ်နေရကြောင်း နောက်မှ သိရသည်။ ရထားက ၄၅ မိနစ်ခန့် ရပ်တန့်နေသည်။ ရဲများ ခြံရံပြီး ပတ်စပို့မပါသောကုလားများကို တစ်နေရာသို့ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

(၂၂)

ည ၁ နာရီကျော်ခန့်ရှိပြီ။ ရထားက နောက်ကျမှာ သေချာနေသည်။ မတတ်နိုင်။ ဟန်နိုဗာဘူတာက ရထားပြန်ထွက်တော့ ခရီးသည်များအားလုံး ရထားထွက်ခါစကလို လှုပ်လှုပ်ရှားရှား ပြန်ဖြစ်သွားသည်ဟု ထင်သည်။ ဂျာမနီ စသော ဥရောပနိုင်ငံများရှိ ရထား၊ ဘတ်စ်ကားများနှင့် လက်မှတ်စစ်ကိစ္စကို ဆွစ်ဇာလန်သူနှင့် ပြောဆိုဖြစ်သည်။ ဂျာမနီရှိ မြို့တွင်းပြေးဆွဲသော ရထား၊ ကားများပေါ်တွင် လက်မှတ်စစ်သည်ဟူ၍ တွေ့ရခဲသည်။

ဂျာမနီလူမျိုးများသည် သူတို့ကိုယ်သူတို့ ကမ္ဘာပေါ်တွင် သီလစောင့်ထိန်းဆုံးလူမျိုးဟူ၍ ဂုဏ်ယူကြသည်။ ရထားလည်း ခိုးမစီးကြဟု ဆိုသည်။ မြန်မာနိုင်ငံမှာ စပယ်ယာဟူသော အပိုလူတစ်ယောက်ပါတာတောင် အချို့က မလိမ့်တပတ်နှင့် ကားခမပေးလိုကြကြောင်းနှင့် မြန်မာနိုင်ငံ ရထားများ၊ ကားများအကြောင်း ပြောပြသည့်အခါ ဆွစ်ဇာလန်သူက အားရပါးရ ရယ်လေသည်။

(၂၃)

ဂျာမနီရှိ မှတ်တိုင်များတွင် လက်မှတ်ဖြတ်ရသည့် စက်တစ်ခု ထားရှိသည်။ ထိုစက်တွင် ကိုယ်သွားလိုသောမှတ်တိုင်ကို ရွေးချယ်ပြီး စက်ထဲကို ပိုက်ဆံထည့်ကာ လက်မှတ်ဖြတ်နိုင်လေသည်။ လက်မှတ်များကတော့ (မြန်မာငွေနှင့်တွက်လျှင်) ဈေးကြီးပါသည်။ အနိမ့်ဆုံးလက်မှတ်ခမှာ ယူရို ၂ ကျပ် ၆ဝ ပြားခန့်ဖြစ်သည်။ မြန်မာငွေနှင့်ဆိုလျှင် ၃ဝဝဝ ကျော်နီးပါးရှိပါမည်။

ယူရို ၂ ကျပ် ပြား ၆ဝ သည် ခရီးတို အသွားလက်မှတ်အတွက်သာ ဖြစ်သည်။ အပြန်ပါဆိုလျှင် ၅ ကျပ်နှင့် ပြား ၂ဝ ဖြစ်ပေလိမ့်မည်။ ထို့အပြင် တစ်နေ့စာ စီးနိုင်သော Day Ticket နှင့် တစ်လစာ၊ တစ်နှစ်စာ စသည်ဖြင့် လက်မှတ်အမျိုးမျိုး ရှိပါသည်။ စုစုပေါင်း ၅ ယောက်အထိ စီးနိုင်သော Group Ticket လည်း ရှိပါသေးသည်။ Group Ticket အတွက် ယူရို ၁ဝ ကျပ်ခန့် ပေးရသည်။ မှတ်တိုင်တိုင်းတွင် ထားရှိသော လက်မှတ်ဖြတ်သည့်စက်တွင် ငွေထည့်ပြီး ဝန်ထမ်းမလိုဘဲ အလွယ်တကူ ဝယ်ယူနိုင်ပါသည်။
၂ ကျပ် ပြား ၆ဝ ကျသင့်သည့်လက်မှတ်အတွက် ၅ ကျပ်တန် ထည့်လိုက်လျှင် လက်မှတ်နှင့်အတူ ပြန်အမ်းငွေကလည်း ၁ ပြား/ ၂ ပြားကအစ အပိုအလို မရှိ၊ အတိအကျ ထွက်လာသည်။ မည်သို့ တီထွင်ထားကြလေသနည်း။

လူ(ဝန်ထမ်း)ကမှ အချိန်ကြာဦးမည်၊ မှားကောင်း မှားနေဦးမည်။ စက်ကတော့ နည်းနည်းမှ မမှား။ အံ့သြဖွယ်နည်းပညာများပါတကား။

(၂၄)

လက်မှတ်မစစ်တတ်ပါဘဲလျှက် ခိုးမစီးတတ်ကြသောလူမျိုးများအကြောင်းကို တွေးမိတိုင်း မလေးစားဘဲ မနေနိုင် ဖြစ်ရပါသည်။ အစိုးရကလည်း အစိုးရတာဝန်ကျေပွန်ရေးအတွက် ပြည်သူ့အခိုင်းအစေ ပီသစွာဖြင့် ပြည်သူများ စိတ်အေးချမ်းသာအောင်၊ သွားရေးလာရေး စိတ်ချမ်းမြေ့ရလေအောင်၊ အချိန်ကုန်လူပန်းမဖြစ်ရလေအောင် စီမံဆောင်ရွက်ပေးထားသည်။

ပည်သူ့အခိုင်းအစေများပီပီ ပြည်သူထံမှ၊ တိုင်းပြည်ထံမှ တစ်နည်းအားဖြင့် တိုင်းပြည်၏သယံဇာတထဲမှ မည်သည့်အရာကိုမှ အမြတ်မထုတ်။
အစိုးရဟူသည် ပြည်သူကို အလုပ်အကျွေးပြုရန်နှင့်တိုင်းပြည်ကို ချမ်းမြေ့အောင်၊ သာယာအောင်၊ တိုးတက်အောင် ပြုလုပ်ရန်ဟူသော တာဝန်ကို အပြည့်အဝ ထမ်းဆောင်ရမည်ဟု တာဝန်သိပုဂ္ဂိုလ်များ ဖြစ်ပုံရသည်။ တာဝန်သိကြသဖြင့် တာဝန်ရှိမှုကို နားလည်သည်။ ထို့ကြောင့် တာဝန်ယူကြသည်။

သူတို့တိုင်းပြည်များ၏ တာဝန်သိမှု၊ တာဝန်ရှိမှု၊ တာဝန်ယူမှုများကို တွေ့မြင်သိရှိလေတိုင်း ရွှေပြည်ကြီးက စိတ်အချဉ်ပေါက်စရာ အခြေအနေများက ရင်ထဲမှာ တွန်းထိုးလှုပ်ခတ်ပြီး ဝင်လာခဲ့လေသည်။

(၂၅)

အိပ်ပျော်နေရာမှ နိုးလာတော့ မိုးက လင်းနှင့်ပြီ။ နာရီကြည့်ဖို့ ဖုန်းကို ဖွင့်လိုက်တော့ ဒိန်းမတ်နိုင်ငံထဲ ရောက်နေပြီဖြစ်ကြောင်း သိရသည်။ သင်ဟာ ဒိန်းမတ်နိုင်ငံထဲ ရောက်နေပြီဖြစ်ကြောင်း၊ အိုဗာဆီးခေါ်လျှင် တစ်မိနစ်ကို ဝ.၂၂ ဆင့် ကျသင့်မှာဖြစ်ကြောင်း၊ ဖုန်းလက်ခံလျှင် ဝ.ဝ၅ ဆင့် ကျသင့်ပြီး မက်ဆေ့ပို့လျှင်တော့ ဝ.ဝ၇ ဆင့် ကျသင့်မှာဖြစ်ကြောင်း မက်ဆေ့ဝင်လာခြင်း ဖြစ်သည်။

ဂျာမနီမှ ဒိန်းမတ်ပြောင်းလဲသွားသော်လည်း ပတ်ဝန်းကျင် ရှုခင်း၊ သစ်ပင်များ၊ တောတောင်များ၊ စိုက်ခင်းများ၊ လမ်းများကတော့ ထူးထူးခြားခြား မရှိလှဟု ထင်သည်။ နောက်ဖေးအခန်းထဲသွားကာ မျက်နှာသစ်သည်။ အပေါ့အပါးသွားသည်။ မနက်စာအဖြစ် ဂျာမနီက မမိုးဇင်မာ ထည့်ပေးလိုက်သော လိမ္မော်သီး၊ ဆီးသီးများနှင့် ကျောင်းက ယူလာသော ပေါင်မုန့်ကို စားလိုက်သည်။ အခန်းတွင်းမှာရှိသောသူများကိုလည်း ဆီးသီးစားဖို့ ပေးသည်။ အခြားသူများက လက်ကာပြသည်။ ဆွစ်ဇာလန်သူကတော့ ကျေးဇူးဟုဆိုကာ စားသည်။

“ဒီနေရာမှာတော့ ငါ့မှာ ကြွားစရာရပြီကွ”ဟုဆိုကာ မြန်မာလူမျိုးများဟာ ပေးရကမ်းရတာ အလွန်ဝါသနာပါကြောင်း၊ အချို့အကြွေးတင်ခံပြီးတောင် လှူတတ်ကြကြောင်း၊ အလှူအတန်းရက်ရောသည့်တိုင်းပြည်များစာရင်းတွင် မြန်မာက ထိပ်တန်းနိုင်ငံများစာရင်းတွင် ပါဝင်ကြောင်း ပြောပြဖြစ်သည်။ မြန်မာတို့ အလှူအတန်း ရက်ရောကြပုံများကို ပြောစဉ်က အလွန်တရာ အံ့အားသင့်နေသောအမူအရာဖြင့် “Oh! My God. Really?”ဟု ဆိုလေသည်။

ရထားက အချိန်မှားနေပြီဖြစ်သောကြောင့် လာသမျှ ပုံမှန်ရထားများကို လမ်းဖယ်ပေးနေရလေသည်။ ရထားက မကြာခဏ ရပ်သည်။ မထူးတော့ပြီ။ “တစ်နေ့ တစ်လံ၊ ပုဂံ ဘယ်ပြေးမလဲ” ပြောနေကျစကားလုံးက ခေါင်းထဲရောက်လာသည်။ ပုဂံ ဘယ်ပြေးနေပါသလဲ။

(၂၆)

မိုးက တဖွဲဖွဲ ရွာချလာသဖြင့် ရာသီဥတုက အေးစက်လာသည်။ လက်ဝါးနှစ်ဖက်ကို တင်းတင်းရင်းရင်း ဆုပ်ကိုင်ပွတ်သပ်နေမိသည်။ စိုက်ပျိုးနေဆဲ ဂျုံခင်းများ၊ ရိတ်သိမ်းပြီးသော ဂျုံခင်းများနှင့် အခြားစိုက်ခင်းများကို ငေးမောရင်း လိုက်ပါလာခဲ့သည်။ လေအားလျှပ်စစ်တာဝါတိုင်ကြီးများ နေရာအနှံ့တွေ့နေရသည်။ လျှပ်စစ်မီး ခဏခဏ ပျက်တတ်သော မြန်မာပြည်ကို အမှတ်ရမိသည်။

သဘာဝဓာတ်ငွေ့များ အမိမြေအောက်မှ ထွက်ပေါ်သော်လည်း ပြည်သူအတွက် အကျိုးတစ်စုံတစ်ရာ မရှိသေးသည်ကို တွေးမိတော့ စိတ်မကောင်းဖြစ်မိသည်။ ထားပါလေ … ငါ ပျော်စရာပဲ တွေးရင်း ခရီးသွားမယ်ဟု တွေးကာ စိတ်ပြောင်းလိုက်သည်။

ရထားစပီကာမှ အသံပေါ်လာသည်။ ပထမ ဒိန်းမတ်လို၊ ဒုတိယ ဂျာမန်လို၊ တတိယ အင်္ဂလိပ်လို။ စိတ်နည်းနည်း ရှုပ်သွားသည်။ “ဒီရထားက အကြောင်းကြောင်းကြောင့် နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ အိုးဒန်ဆီမြို့၊ ကိုပင်ဟေဂင်မြို့သို့ ထွက်ခွါမည့် ခရီးသည်များကတော့ ဒီရထားပေါ်မှာပဲ ရှိနေလို့ ရပါတယ်။ အောလ်ဘော့မြို့ …… သို့ ဆက်လက်ထွက်ခွါမည့် ခရီးသည်များက ရှေ့မကြာခင် ရပ်တော့မည့် ကိုးလ်ဒင်းမြို့ဘူတာတွင် ဆင်းပါ”ဟု ကြေညာသည်။

အို … ဒုက္ခပါပဲ၊ ကိုယ်က အခုမှ ရောက်ဖူးတာ၊ အဆင်ပြေပါ့မလား မသိဘူးဟု တွေးမိသည်။ သို့ရာတွင် အလွန်အကျွံ စိုးရိမ်စိတ်တော့ မဖြစ်မိပါ။ ဘဝအတွေ့အကြုံအရ အခက်အခဲများ၊ အဆင်မပြေမှုများကို ချစ်လာတတ်သောစိတ်ကလည်း ထူးဆန်းစွာ ဝင်လာသည်။

အခက်အခဲများ ကြုံလေလေ၊ အဆင်မပြေမှုများ တွေ့လေလေ စိတ်လှုပ်ရှားစရာနှင့်စိတ်ဝင်စားစရာများ ကြုံတတ်လေလေ ဖြစ်ပါသည်။
အကြိတ်အနယ် ထိုးကြကြိတ်ကြသော လက်ဝှေ့ပွဲ၊ ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေကြသော ဘောလုံးပွဲများ ကြည့်ရလျှင် လူအများ သဘောကျတတ်သလို ကြုံတွေ့ခဲ့သောဘဝအတွေ့အကြုံများအရ အခက်အခဲများသည် ဘဝအားအင်များကို ညှစ်ထုတ်ပေးသောကိရိယာများဖြစ်သည်ဟုပင် ဆိုချင်လာတတ်ခဲ့လေသည်။

.........................
ဆက်ပါဦးမည် ............
.........................
အရှင်ကုသလသာမိ (အတည်မဲ့)
၁၈၊ ၁၁၊ ၂ဝ၁၄

Sunday, November 9, 2014

စကန်ဒီနေဗီယန်းတိုင်းပြည်များသို့ ခရီး (အပိုင်း ၄)



ယခင်အပတ်မှ အဆက်

 တိုင်းပြည်မှာ အရွယ်မရောက်သေးသူ မုဒိမ်းကျင့်မှုများ ကြောက်ခမန်းလိလိ မြင့်တက်နေသည်ဟူသော သတင်းနှင့် မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်ဟူသော ကြွေးကြော်မှုမျိုး … နှစ်ခုယဉ်တွဲနေခြင်းလောက် ရှက်စရာကောင်းတာ မရှိဟုမြင်ပါသည်။
တိုင်းပြည်တွင် ခိုးဆိုးလုယက်မှုများ၊ ရက်စက်စွာသတ်ဖြတ်နေမှုများ၊ စစ်ပွဲများ၊ အဂတိလိုက်စားမှုများ၊ အကြမ်းဖက်မှုကို အားပေးခြင်းများ … စသည်တို့ ဖြစ်ထွန်းရာအရပ်ကို ပတိရူပဒေသဝါသဟု ကြွေးကြော်ခြင်းမှာ ဝမ်းနည်းဖွယ်ပင် ကောင်းလှသည်။
အကယ်၍ မြတ်စွာဘုရားရှင်သာ သက်တော်ထင်ရှားရှိတော်မူဦးမည်ဆိုပါက “ပြုံးတော်မူလိမ့်မှာ” အသေအချာပင် ဖြစ်သည်ဟု ထင်ပါသည်။
(၁၇)
ရထားက ကျည်ဆံရထားများလို သိပ်မြန်ပုံတော့ မရ။ တဂျူန်းဂျူန်း တဂျူတ်ဂျူတ်ဖြင့် ခရီးဆက်နေသည်။ ဘူတာငယ်လေးများကို မကြာခဏ ဖြတ်သန်းသွားလာနေသည်ကို တွေ့ရသည်။
Fulda ဟူသော ဘူတာတွင် ရထားက ရပ်နေသည်။ အခန်းအတွင်းမှ လူများ အလျှိုလျှိုထွက်လာကြသည်။ စီးကရက်များ သောက်ကြသည်။ “အမျိုးသမီးက ရထားကတော့ နောက်ကျတော့မှာပဲ၊ ဘာဖြစ်လို့ အကြာကြီး ရပ်နေလဲ မသိဘူး”ဟု ငြီးတွားသည်။
စာရေးသူလည်း အခန်းပြင် ထွက်လိုက်သည်။ အခန်းတွင်းမှာ အနည်းငယ် နွေးထွေးနေသလောက် ပြင်ပလေက အေးစက်နေသည်။
တစ်ချက်တစ်ချက် ပါးပြင်ပေါ် တိုးဝှေ့လာသော လေနုအေးက အရသာရှိလှသည်။ အနားက ဖြတ်လျှောက်သွားသူများက ပြုံးပြသူ ပြုံးပြ၊ ဟဲလိုဟု နှုတ်ဆက်သူက နှုတ်ဆက်သွားကြသည်။ ရထားပေါ်မှဆင်းပြီး စီးကရက်သောက်ကြသူ အတော်များများကို တွေ့ရသည်။
ဘူတာပလက်ဖောင်းအနားက လူများကို လှမ်းကြည့်လိုက်သည့်အခါ စီးကရက်သောက်သူများကြားတွင် စာရေးသူအခန်းထဲက ဆွစ်ဇာလန်သူလေးပါ စီးကရက်ကို ဟန်ပါပါ ဖွာရှိုက်နေသည်ကို မြင်လိုက်ရသည်။
ဘေးနားရောက်လာသော ဂျာမန်အမျိုးသားကြီးနှင့် နှုတ်ဆက်စကားပြောရင်း
“မင်းတို့ဆီမှာ စီးကရက်အတော်သောက်ကြတယ်နော်”ဟု ပြောမိသည်။
“ဟုတ်တယ် … ဒီမှာ စီးကရက်သောက်နှုန်းက အရွယ်ရောက်သူအားလုံးရဲ့ ၃ဝ% ကနေ ၄ဝ % ရာခိုင်နှုန်းလောက်အထိ ရှိတယ်၊ စီးကရက်ကြောင့်သာ မဟုတ်ရင် တို့ဆီမှာ ကင်ဆာဆိုတာ ရှိမှာ မဟုတ်ဘူး”ဟု သူ့အမြင်ကို ပြောပြသည်။
“ကင်ဆာဆိုလို့ ပြောရဦးမယ်၊ တို့ဆီက ကင်ဆာကတော့ အစားအသောက်တွေကြောင့် ဖြစ်မယ်ထင်တယ်၊ တို့နိုင်ငံက ကမ္ဘာမှာ ကင်ဆာရောဂါအဖြစ်အများဆုံးနိုင်ငံတွေထဲမှာ ဒုတိယလိုက်တယ်၊”ဟု ကြွားလိုက်မိသေးသည်။ တစ်ပြိုင်နက်တည်းမှာ ကွမ်းတံတွေးများဖြင့် ဆေးရောင်ခြယ်ထားသော ရန်ကုန်မြို့လမ်းမများနှင့် ညစ်ပတ်သောတိုက်ခန်းလှေခါးများကို မြင်ယောင်မိသည်။ ၁၅ မိနစ်ခန့်ကြာသောအခါ ရထားက ဆက်လက်ခုတ်မောင်းသွားလေသည်။
(၁၈)
Fulda ဘူတာမှ အထွက်တွင် ဒိန်းမတ်လူငယ်တစ်ဦး အခန်းထဲရောက်လာသည်။ အတန်ကြာ ခရီးနှင်ပြီးသောအခါ ရဲများ တံခါးလာခေါက်သည်။ အမှန်အားဖြင့် တံခါးက သော့ခတ်ခြင်း၊ ဂျက်ချခြင်း မရှိပါ။
တံခါးခေါက်သည့် ယဉ်ကျေးမှုကို လေးစားသွားရပြန်သည်။ မြန်မာနိုင်ငံသားများ ပြောလေ့ရှိသော “လုပ်ကြပါ လုပ်ကြပါ၊ ရှင်တို့က ရဲတွေကိုး”ဟူသော စကားကလည်း ခေါင်းထဲ ရောက်ဖြစ်အောင် ရောက်လိုက်သေးသည်။ အမှန်ဆို သူက ရထားပေါ်မှာ တာဝန်ရှိသူပဲ၊ ရထားတွဲပေါ်မှာ လွတ်လပ်စွာ ဝင်ထွက်ခွင့်ရှိနေပါလျှက် တံခါးခေါက်ပြီးမှသာ ဝင်လာသည်။
ဂျာမန်အမျိုးသားကြီးက တံခါးဖွင့်ပေးလိုက်သည်။ ရဲအရာရှိက “ပတ်စပို့နဲ့လက်မှတ်ပေးပါ”ဟု ဆိုသည်။
စာရေးသူလည်း လိုအပ်သည့်ပစ္စည်းမျိုးစုံ ထည့်ထားသည့် လွယ်အိတ်ထဲကို စမ်းပြီး ပတ်စပို့ကို ရှာသည်။ “နိုး နိုး မင်း မပါဘူး၊ ပြစရာမလိုဘူး”ဟု ရဲအရာရှိက ပြောသည်။
ရဲအရာရှိများက ဂျာမန်အမျိုးသားကြီးနှင့်တူရကီအမျိုးသားထံမှ လက်မှတ်များကို တောင်းသည်။ စာရေးသူစိတ်ထဲ ထူးဆန်းနေသည်။ မြန်မာနိုင်ငံဆိုလျှင်တော့ ဘုန်းကြီးဖြစ်သည့်အတွက် အချို့နေရာများ အခွင့်ထူးခံ ဖြစ်နေရသည်။ အမှန်အတိုင်း ပြောရလျှင် သာသနာ့အလံပါလို့ လမ်းဂိတ်ကြေးမကောက်တာ၊ ဘုန်းကြီးပါလို့ ကားကို စစ်ဆေးခြင်း မပြုလုပ်သော မြန်မာပြည်က အချို့ကိစ္စများကို သဘောမကျပါ။
စည်းကမ်းဥပဒေနှင့်ကြည်ညိုလေးစားမှု ကဏ္ဍနှစ်ခုမှာ တစ်ကန့်စီသာ ရှိနေသင့်သည်။ တစ်ခါတစ်ရံ သာသနာ့အလံထောင်ပြီး ဘုန်းကြီးကားကို ဂိတ်ကြေးကောက်လျှင် အချို့ဘုန်းကြီးများက “ဟ မင်းက ဘုန်းကြီးကားလည်း ကောက်တာပဲလား”ဟု ငေါက်လားငမ်းလား လုပ်တတ်သည်။ သံဃာတစ်ပါးအနေဖြင့် ထိုအပြုအမူမျိုး (ထိုအခွင့်ထူးရလိုမှုမျိုး)ကို စက်ဆုပ်ပါသည်။
(၁၉)
ယခု ဒီမှာတော့ ဘုန်းကြီးဖြစ်လို့မဟုတ်တာ သေချာသည်။ ဆွစ်ဇာလန်အမျိုးသမီးလည်း ဘာမှ ပြစရာမလို။ ဒိန်းမတ်လူငယ်လည်း ပြစရာ မလို။ ထူးတော့ ထူးဆန်းနေသည်။ အရင်ကတော့ ကြားဖူးသည်။ ကပ္ပလီများ၊ အရှေ့အလယ်ပိုင်းဆန်ဆန်၊ တူရကီဆန်ဆန်လူများကိုတော့ လက်မှတ်စစ်များ၊ ရဲများက သတိထားတတ်ကြသည်ဟု ဆိုကြသည်။
ဤအတိုင်းပင် ဖြစ်လေသလော။ ဂျာမန်အမျိုးသားကြီးသည် ရဲများပြန်သွားသောအခါ နားကြပ်တပ်ပြီး ဆက်အိပ်နေသည်။ တူရကီအမျိုးသားလည်း ငိုက်မြည်းနေသည်။
ဆွစ်ဇာလန်သူကတော့ ဓာတ်မီးအသေးလေးဖြင့် စာဖတ်နေသည်။ စိတ်ထဲတွင် မတင်မကျဖြစ်နေသည်များကို သူ့ကို မေးချင်သည်။ စာဖတ်တာ အနှောက်အယှက်များ ဖြစ်နေမလားဟု တွေးမိသဖြင့် မမေးဖြစ်ဘဲ ရှိသည်။
အတန်ကြာသောအခါ စာဖတ်ရာမှ မျက်လုံးလှန်ကြည့်ပြီး “အော် မအိပ်သေးဘူးလား”ဟု ဆိုသည်။ စာရေးသူလည်း မိမိသိချင်နေသောမေးခွန်းကို မဆိုင်းမတွ မေးမိသည်။ “ငါ စဉ်းစားနေတာ … စောစောက ငါတို့နှစ်ယောက်ဆီက ပတ်စပို့နဲ့လက်မှတ်ကိုတော့ ဘာဖြစ်လို့ မတောင်းတာလဲ မသိဘူး”။ သူက ပခုံးနှစ်ဖက်ကို မြှင့်၊ ခေါင်းကို အနည်းငယ် တစ်ဖက်ကို စောင်းကာ “ငါ ဘယ်လိုလုပ် သိမလဲ”ဟု ဆိုသည်။
ထိုစဉ် ဘေးနားက ဒိန်းမတ်လူငယ်က စကားဝင်ပြောသည်။ “အင်း ဒီလိုလည်း ဖြစ်နိုင်တယ်၊ အခု အရှေ့အလယ်ပိုင်းမှာ အစ္စလန်တိုင်းပြည် ထူထောင်ချင်တဲ့ ဂျီဟတ်သူပုန်တွေ သိတယ်မလား၊ အဲဒီထဲက ခေါင်းဆောင်တွေက ဥရောပရောက် မွတ်စလင်တွေ ဖြစ်နေတယ်၊ နောက်ပြီး သူတို့က ဥရောပမှာ ဖောက်ခွဲရေးတွေ လုပ်မယ်လို့ ကြေညာထားတော့ မွတ်စလင်ပုံစံပေါက်ရင် ရဲတွေက သတိထားနေကြတာ ဖြစ်မယ်”။
တစ်ဖက်က တူရကီအမျိုးသားကို တစ်ချက်စောင်းငဲ့ကြည့်ပြီး ဆက်ပြန်သည်။ စာရေးသူကတော့ တူရကီအမျိုးသားများ ကြားများကြားလေမလားဟု စိုးထိတ်နေမိသည်။ သူကတော့ အနည်းငယ် စောင်းငဲ့ကြည့်ရုံမှတစ်ပါး သိပ်ဂရုစိုက်သည့်ဟန် မပြပါ။
“အခု တို့ဥရောပကို မွတ်စလင်တွေ အများကြီး ရောက်လာပြီ၊ အချို့က ဒုက္ခသည်အဖြစ်နဲ့ ရောက်လာကြတာ၊ ဆိုမာလီယာ၊ အီရတ်၊ ဆီးရီယား၊ လစ်ဗျားနဲ့ ပါလက်စတိုင်းက မွတ်စလင်တွေကို ဥရောပက သနားစရာဒုက္ခသည်တွေလို့ သဘောထားပြီး အများကြီး ခေါ်လာခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး၊ ဒီအစိုးရကပဲ ထောက်ပံ့ကြေးပေး၊ နေစရာပေး၊ ပညာသင်ပေးနဲ့။ ဟိုး … အီရတ်နဲ့ကူဝိတ် စစ်ပွဲကာလကတည်းကလို့ ထင်တယ်။ နောက်ပြီး တူရကီတွေကလည်း ဥရောပထဲပါနေတော့ ပုံစံမျိုးစုံနဲ့ဒီဘက်ကို ရောက်လာကြတယ်။ သူတို့ရဲ့ လူဦးရေတိုးပွားမှုနှုန်းက ကြောက်ခမန်းလိလိပဲ”ဟု အားရပါးရ ပြောနေသည်။
“နေပါဦး ... အချို့သတင်းတွေ အဆိုအရ ခရစ်ယာန်တွေက သူတို့ဘာသာတရားအပေါ် ယုံကြည်မှုလျော့ပြီး မွတ်စလင်အဖြစ် ပြောင်းကုန်ကြတယ်လို့ တွေ့ရတယ်၊ အဲဒိလို မဟုတ်ဘူးလား”ဟု စာရေးသူက မေးမိသည်။
ထိုအခါ လူငယ်က အားရပါးရ ရယ်လေသည်။ သူက ဘာသာပြောင်းတာ မရှိမဟုတ်၊ အချို့အကြောင်းကြောင်းကြောင့် ပြောင်းတာလည်း ရှိနိုင်ကြောင်း၊ သို့သော် အနည်းစုသာ ဖြစ်ကြောင်း၊ တိုးပွားမှု၏ အဓိကအကြောင်းတရားကတော့ သူတို့၏ မွေးနှုန်းသာဖြစ်ကြောင်း အချက်အလက်များနှင့် ပြောပြလေသည်။
အမှန်အားဖြင့် သူသည် မည်သည့်ဘာသာကိုမျှ ယုံကြည်သူမဟုတ်ကြောင်း၊ သို့ရာတွင် အကြမ်းဖက်မှုများကို အားပေးသော မည်သည့်ဘာသာ၊ မည်သည့်အဖွဲ့၊ မည်သည့်အတွေးအခေါ်ကိုမျှ အားမပေးကြောင်း၊ အကြမ်းဖက်မှုကို မည်သည့်ပုံစံဖြင့်ဖြစ်စေ ရှုတ်ချကြောင်း ပြောပြသည်။
ဆွစ်ဇာလန်သူကလည်း “ဥရောပကို တူရကီနိုင်ငံလို ဖြစ်မှာတော့ ငါသိပ်ကြောက်တာပဲ”ဟု ဝင်ပြောသည်။ “ဘာကြောင့် ကြောက်ရတာလဲ … ဆိုပါဦး”ဆိုတော့။ သူသည် စကားပြောရတာ အာခြောက်လာလို့လား မသိ၊ ရေဗူးထုတ်ပြီး ရေတစ်ကြိုက်သောက်သည်။
“လုပ်ပါဦး … မင်း ပြောတာ ငါ စိတ်ဝင်စားတယ်”ဆိုတော့ သူက ထုံးရစ်ထားသော သူမ၏ ရွှေအိုရောင်ဆံပင်များကို ဖြေချပြီး မျက်နှာတစ်ခြမ်းခန့်အထိ ဖြာချထားကာ စကားဆက်သည်။
“သိပ်တော့ အများကြီး မရှိပါဘူး၊ ငါ တူရကီကို အလည်သွားဖူးတယ်၊ ဆွစ်ဇာလန်မှာ ကျောင်းတက်တဲ့ တူရကီသူငယ်ချင်းနဲ့ လိုက်သွားတာ၊ သွားတာက နွေရာသီလေ၊ အဲဒီတော့ ငါက တိုတိုလေး၊ ပေါ့ပေါ့ပါးပါးလေး ဝတ်တာပေါ့၊ အဲဒီမှာ အချို့အမျိုးသားတွေ ငါ့ကို ထူးထူးဆန်းဆန်း စူးစူးရဲရဲ ကြည့်ကြတာ စိတ်တောင် တိုလာခဲ့တယ်၊ ဒါနဲ့ သူငယ်ချင်းက အဝတ်အစား ပြောင်းဝတ်ရင်ကောင်းမှာပဲလို့ အကြံပေးတာနဲ့ အဝတ်အစားအသစ်တွေ ဝယ်ဝတ်ရတယ်၊ ဘုရား ဘုရား ဥရောပကြီး တူရကီလိုဖြစ်ရင်တော့ ဒုက္ခပဲလို့ အတွေးရခဲ့တယ်၊ ငါ အဲဒါ တွေးမိတိုင်း သိပ်မုန်းတာပဲ”ဟု အားပါးတရ ပြောလေသည်။ သူ့မျက်နှာမှာလည်း မနှစ်မြို့သည့် အမူအရာများ အထင်းသား တွေ့နေရသည်။
(၂ဝ)
စာရေးသူကတော့ အသက်မတိမ်းမယိမ်းရှိသော ကလေးသူငယ်များ ၄/၅ယောက်ခန့် ခြံရံနေသော၊ ဖရန့်ဖွတ်မြို့တွင် မကြာခဏ တွေ့ရတတ်သော ခေါင်းမြီးခြုံအမျိုးသမီးအချို့ကို မျက်စိထဲ မြင်ယောင်မိလေသည်။
...............................
ဆက်ပါဦးမည်
....................
အရှင်ကုသလသာမိ (အတည်မဲ့)
၂၇၊ ဝ၉၊ ၂ဝ၁၄
မှတ်ချက်။ ။ နောက်တစ်ပါတ်ဆိုရင်တော့ ရထားပေါ်က ဆင်းပါပြီနော် ... ရထားပေါ်မှာပဲ လေရှည်တာပါ။ နောက်ပြောစရာ သိပ်မကျန်တော့ပါဘူးနော် ...