Wednesday, February 15, 2012

နှင်းဆီ

ရုံးခန်းကျဉ်းလေးထဲ ၀င်လိုက်တာနဲ့ နှင်းဆီပွင့်လေးတစ်ပွင့်က ကြိုနေသည်။ လာရင်းကိစ္စ ပြောပြီးသောအခါ ပိုင်ရှင်ထံမှ နှင်းဆီပွင့်လေးတစ်ပွင့်ကို တောင်းယူခဲ့သည်။ အခန်းပြန်ရောက်တော့ မှောင်နေပြီ။ ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်လေးထဲက လမ်းမတွေမှာ ဆူညံလွန်းသည်။ အခန်းလေးကတော့ တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။ လုပ်စရာရှိတာတွေက ပုံနေသည်။ ဘယ်အရာကို ဘယ်လို စရမလဲလို့ စဉ်းစားနေမိရင်းက လွယ်အိတ်ထဲက နှင်းဆီပွင့်လေးကို သတိရသွားသည်။

နှင်းဆီပွင့်လေးကို လွယ်အိတ်ထဲက ထုတ်ယူဖို့ လက်နှိုက်လိုက်သောအခါ ကံ့ကော်ပွင့်လေးကို စမ်းမိသည်။ ကံ့ကော်ပွင့်လေးက ခြောက်ကပ်နေပြီ။ လွန်ခဲ့သည့်ရက်က နယ်မြို့လေးတစ်မြို့ သွားစဉ်က ပင်လုံးကျွတ်ပွင့်နေသော ကံ့ကော်ပင်ကြီးပေါ် ကံ့ကော်ပန်းတွေ တက်ခူးနေသော ကိုရင်လေးဆီကနေ တောင်းယူခဲ့ခြင်း ဖြစ်သည်။ ကံ့ကော်ပွင့်လေးက သွေ့ခြောက်နေပေမယ့် သင်းပျံ့သောရနံ့က မွှေးကြူနေဆဲပင် ရှိသေးသည်။ ဘာအလှမှမရှိတော့ပေမယ့် သူ့ဆီက နောင်ပွင့်မယ့် အရိမေတ္တေယျဘုရားရှင်၏ သန္တရသကို ခံစားရသလို ရှိသည်။

လွယ်အိတ်ထဲ ဆက်နှိုက်ကြည့်တော့ ပွင့်ဖတ်အချို့ ကွာကျနေသော စကားဝါပန်းပွင့်လေးကို တွေ့ရသည်။ ကိုရင်ငယ်ဘ၀က နေခဲ့သော စာသင်တိုက်သို့ သွားလည်စဉ်က ကောက်ယူထည့်ခဲ့မိသော ပန်းပွင့်လေးဖြစ်သည်။ ငယ်စဉ်က ထိုစကားဝါပင်ကြောင့် ဆရာသမား၏ အရိုက်အနှက်၊ အဆူအပူကို ခံရသည်။ ငယ်ငယ်က မိုးလင်းလို့ ဆရာသမားလစ်တာနှင့် စကားဝါပင်ပေါ်တက်၊ စကားဝါပန်းတွေ ခူးပြီး ဘုရားစင်မှာ တင်သည်။

ထိုစဉ်က စကားဝါပန်းလေးတွေကို တစ်ကြိမ်တစ်ခါမျှ နမ်းရှိုက်ခဲ့၊ မနမ်းရှိုက်ခဲ့ဆိုသည်ကိုပင် စဉ်းစားမရပါ။ စဉ်းစားလို့ရသည်မှာ စကားပင်ကြီးပေါ် ကြောက်ကြောက်လန့်လန့်နှင့် တက်၊ စကားပန်းတွေ ခူး၊ ဘုရားစင်ပေါ် တင်ခဲ့ကြသည်ကိုသာ အမှတ်ရသည်။ အခုတစ်ကြိမ် ထိုစကားဝါပန်းပင်ကြီးအောက် ရောက်သည့်အခါ စကားပန်းလေးမြင်သည်နှင့် ကောက်ယူမွှေးကြူပြီး လွယ်အိတ်ထဲပင် ထည့်ခဲ့မိသည်။ အခု အခန်းကျဉ်းလေးထဲတွင် စကားဝါပန်းခြောက်လေးကို ကြည့်ရင်း ဘ၀တစ်ခု၏ ကာလသုံးပါးအပြောင်းအလဲတို့က ရုပ်လုံးကြွနေခဲ့သည်။

အပြောကောင်းသော ငယ်ငယ်က ဆရာသမားနှင့် စကားတွေ တစ်လှေကြီး ပြောဖြစ်ခဲ့သည်။ “အခြေအနေတွေ အများကြီး ပြောင်းလဲသွားပေမယ့် မင်းက စိတ်ဓာတ်ကတော့ ဘာမှ မပြောင်းလဲပါလားဟေ”။ ငယ်ငယ်က သူငယ်ချင်းများနှင့်အတူ သရက်ပင်ပေါ်တက်ပြီး သရက်ကင်းလေးတွေ ခူးကြစဉ်က ဆရာသမားက မိမိကို စာတော်လို့ဆိုပြီး မရိုက်ဘဲ ကျန်တဲ့သူငယ်ချင်းအားလုံးကို ကြိမ်ဖြင့်ရိုက်နှက်ခဲ့သည်။ ထိုစဉ်က “တပည့်တော်လည်း သရက်ကင်း ခိုးစားတာပဲ ဘာလို့ မရိုက်တာလဲ”ဟု မေးခဲ့သည်။ ထိုမေးခွန်းကို ဆရာသမားက သူ့ဘ၀တစ်လျှောက်လုံး မမေ့ခဲ့ဟု ဆိုသည်။

လောက၏ အကြောင်းအရာများသည် ခက်ခဲနက်နဲသည်ဆိုသောစကားလုံးထက် ပိုမိုခက်ခဲနေတတ်သည်။ စကားလုံးတစ်လုံး၊ ၀ါကျတစ်ကြောင်း၏ ဘက်စုံမြင်ကွင်းများကလည်း ကြည့်လေ၊ မြင်လေ၊ မြင်လေ ကွဲလေ … အဆုံးအစပင် မဲ့နေတတ်သည်။ ဘ၀တစ်ခုရလာပြီဆိုသည်နှင့် နေ့စဉ်နှင့်အမျှ ၀ါကျပေါင်းများစွာကို စီကုံးနေရသည်။ သတ်ပုံမှားသောဝါကျ၊ အဓိပ္ပာယ်မှားသောဝါကျ၊ ရည်ရွယ်ချက်ပြည့်ဝသောဝါကျ၊ ရည်ရွယ်ချက်ကင်းမဲ့သောဝါကျ၊ ရိုးသားသောဝါကျ၊ မရိုးသားသောဝါကျ၊ လှသောဝါကျ၊ မလှသောဝါကျ၊ …. ၀ါကျပေါင်းများစွာကို ရေးသားနေကြရသည်။ ထိုအထဲတွင်မှ သတ်ပုံမှားသော်လည်း အဓိပ္ပာယ်မမှားသောဝါကျ၊ သတ်ပုံမမှားသော်လည်း အဓိပ္ပာယ်မှားသောဝါကျ၊ ၀ါကျက လှသော်လည်း မရိုးသားသောဝါကျ၊ ၀ါကျက မလှသော်လည်း ရိုးသားသောဝါကျ …. စသည်ဖြင့် မြောက်မြားစွာ ကွဲပြားနေနိုင်ပြန်သည်။ ခွဲခြမ်းစိတ်ဖြာကြည့်သောအခါ ၀ါကျတစ်ခုတွင် ရှုထောင့်အမျိုးမျိုး ကွဲပြားနေတတ်သည်များလည်း ရှိပြန်သည်။

ငယ်စဉ်ကတည်းက အနှိမ်ခံများဘက်က အမြဲတမ်း ရပ်တည်ခဲ့သဖြင့် အခွင့်အရေးများစွာ လက်လွှတ်ခဲ့ရဖူးသည်။ အထောက်အပံ့ပေးသူများနှင့် အခြေအတင် ဖြစ်ဖူးသည်။ ဆရာသမားများနှင့် သဘောထားကွဲလွဲခဲ့ဖူးသည်။ အဖိနှိပ်ခံလူတန်းစားဘက်မှ အမြဲတမ်း ရပ်တည်ခဲ့သဖြင့် အာဏာရှိသူတို့၏ မျက်နှာသာအပေးမခံရ။ ဖိနှိပ်တတ်သူများ၊ အာဏာရှင်လူတန်းစားများနှင့် အပေါင်းအပါဖြစ်သူတို့၏ ဥပေက္ခာပြုမှုများကို ခံရဖူးသည်။ ဖြစ်လာခဲ့သော ဘ၀အခြေအနေအရ သာရာကိုသာ စားခဲ့လျှင် ဘ၀ကို အလိုက်သင့်လေး စီးမျောနေခဲ့လျှင် ဘ၀ကို သက်တောင့်သက်သာ (ရုပ်ပိုင်းဆိုင်ရာ) အဆင့်မြင့်မြင့် အနေအထားဖြင့် နေနိုင်ဖို့ အလွန့်ကို လွယ်ပါသည်။ ကိုယ့်ဘ၀အဆင်ပြေစေရေးအတွက် မတရားမှုများ၊ အဓမ္မမှုများ၊ ဖိနှိပ်ချုပ်ခြယ်မှုများကို အားပေးသူ၊ သို့မဟုတ် မသိလိုက်မသိဖာသာ နေတတ်သူ ….. မည်သူမဆို … မည်သူ့ကိုမျှ မချစ်မနှစ်သက်ခဲ့ပါ။ ငယ်စဉ်ဘ၀ကတည်းက ရပ်တည်လာခဲ့သော မူဝါဒကို ယခုအချိန်အထိ ကိုင်စွဲထားပါသည်။

ဝါကျများ မလှမပရှိခဲ့နိုင်သော်လည်း
အဓိပ္ပာယ်ကတော့
မည်သည့်အခါမျှ
မလွဲမှားခဲ့ပါ။

လက်က စူးကနဲ နာကျင်သွားသဖြင့် ကြည့်လိုက်သောအခါ နှင်းဆီပွင့်လေးကို ပြန်သတိရသွားသည်။ စာရွက်စာတမ်းများ၊ စာအုပ်အချို့၊ မုတ်ဆိတ်ရိတ်ဓား၊ လက်ကိုင်ဖုန်း၊ ဘောပင်၊ …. တိုလီမိုလီများနှင့် ရောထွေးနေသော နှင်းဆီပွင့်လေးကို ဆွဲထုတ်လိုက်သည်။ နှင်းဆီပွင့်လေးထဲမှာ တစ်ခုခု ရှိလိမ့်နိုးနိုးနှင့် ငေးကြည့်မိသည်။ ညှိုးရော်နေသည်။ အနံ့အသက်အချို့တော့ ရှိနေသေးသည်။ ပွင့်ဖတ်လေးတွေက နီရဲနေသည်။ ဆူးခြောက်ချောင်းက စူးထက်နေသည်။

သူ့မှာ နီရဲနေသော ပွင့်ဖတ်များရှိသည်။ စူးထက်နေသော ဆူးခြောက်ချောင်း ရှိသည်။ နှင်းဆီပွင့်လေးမှ ရဲရင့်မှုကို ရသည်။ မနက်ဖြန်တိုင်းမှာ နှင်းဆီပွင့် အသစ်လေး တစ်ပွင့်လို နိုးထလိုပါသည်။

Saturday, February 4, 2012

နားလည်ခြင်း မိုးတိမ်

(၁)

ဒီနေ့ လေအတော်သာပါသည်။ တစ်နေ့ခင်းလုံး ပူထားပေမယ့် ညနေ လေနုအေးတွေကြောင့် ပတ်ဝန်းကျင်က ခပ်အေးအေးလေး ဖြစ်နေသည်။ ကောင်းကင်ကို မော့ကြည့်တော့ အဖြူရောင်တိမ်လိပ်များဘေးတွင် အမည်းရောင်တိမ်များ စိုးမိုးနှောက်ယှက်နေသည်ကို တွေ့ရသည်။ နယ်က ဆရာသမားရောက်လာမယ်ဆိုလို့ စောင့်နေခဲ့သည်။ ဆရာသမားက ကားဂိတ်ရောက်ရင် ဖုန်းဆက်မည်ဆိုလို့ ဖုန်းလိုင်းမိတဲ့နေရာလေးကနေ ဘယ်မှ မရွေ့ရဲ။ ည ၁၀ နာရီခန့်တွင် မိမိတည်းခိုရာ ကျောင်းသို့ ဆရာသမား ရောက်လာခဲ့သည်။ ဆရာသမားကို ရှိခိုးဝတ်ပြုပြီး နယ်က ရာသီဥတုအခြေအနေ၊ စီးပွားရေးအခြေအနေနှင့် မိဘဆွေမျိုးများအကြောင်း ထွေရာလေးပါး ပြောဖြစ်ကြသည်။ စကားပြောရင်း သတိထားကြည့်တော့ ဆရာသမားထံတွင် မိမိကို ဆုံးမပြောကြားစရာများ သယ်ဆောင်လာပုံရသည်။

(၂)
“ကဲ ကဲ အဲဒါတွေ အသာထားပါအုံး။ မင်းကိစ္စကို ပြောမလို့၊ ဟိုနေ့က ဖိုးမောင်ရဲ့ သားဦးဇင်း ရွာကို ရောက်လာတယ်။ မင်း ရေးတဲ့ စာတွေလည်း အများကြီး ယူလာတယ်။ မင်း စာတွေ ရေးထားတာတော့ ငါ အားပေးပါတယ်။ ရေးပါ။ ဒါပေမယ့် ….”

ဆရာသမားက ဒါပေမယ့်ဆိုပြီး ရပ်နေသည်။ စကားလုံး ရွေးနေပုံလည်း ရသည်။ “ဒါပေမယ့် … ဘာဖြစ်လို့တုန်းဘုရား”လို့ ဆိုတော့မှ
“မင်း မဟနအကြောင်း ရေးထားတဲ့ ကိစ္စလေကွာ၊ ငါ စိတ်မကောင်းဘူး။ မင်း ရေးထားတာတွေက သိပ်ကို တင်းမာလွန်းမနေဘူးလား”

“တင်ပါ …. တင်းမာနေပါတယ်ဘုရား”

“အေး … အဲဒါပြောတာပေါ့ကွ …. ”

ဆရာသမား စကားမဆုံးခင်မှာ သီရိလင်္ကာက ပြန်ရောက်ပြီး အတူတည်းနေတဲ့ သူငယ်ချင်း သုတ ရောက်လာသည်။

“အေး … အဲဒါ ပြောတာပေါ့ကွ …။ မင်း အနေနဲ့ ငရဲကြီးမှာ မကြောက်ဘူးလား။ ဟိုကွာ … မဟနထဲမှာ သိက္ခာသမာဓိရှိတဲ့ ဆရာတော်တွေလည်း ပါတယ်လေ။ ဒီတော့ မင်းမှာ အပြစ်တွေ ဖြစ်နေမှာစိုးလို့ပါ”

ထိုစဉ် အနားရောက်လာတဲ့ သုတကလည်း ၀င်ပြောသည်။ “ဟုတ်တယ်ဘုရား … တပည့်တော်လည်း အဲဒါပြောမလို့။ ကိုယ့်လူ ကျေးဇူးရှင်တွေထဲမှာ မဟနအဖွဲ့ဝင် ဆရာတော်တွေလည်း ပါတယ်လေကွာ။ ကိုယ့်လူ ဆရာသမားတွေကို စော်ကားသလို ဖြစ်နေမှာပေါ့။ မဟနမကောင်းကြောင်း ပြောချင်ရင် ဘယ်ဆရာတော်ကတော့ ဘယ်လို၊ ဘယ်သူကတော့ ဘယ်လို စသဖြင့် ကိုယ့်လူ ပြောပေါ့။ တစ်ဖွဲ့လုံးကြီးကိုတော့ အဆိုးချည်း မပြောနဲ့လေကွာ၊ အဲဒါတော့ ငါ သဘောမကျဘူးကွာ”

“အေး … ဟုတ်တယ် သုတရေ … မင်းတို့ သူငယ်ချင်းတွေကလည်း အဲ့လိုလေးတွေ ပြောပြပေးအုံးမှပေါ့၊ ဒီကောင်က လုပ်လိုက်ရင် တဇွတ်ထိုးချည်းပဲ”

ဆရာသမားနှင့် သူငယ်ချင်းတို့ကတော့ ဘာမှ ပြန်ပြောခွင့်မရှိအောင်ကို အတိုင်အဖောက်ညီညီ ဆုံးမသြ၀ါဒ ပေးနေခဲ့ကြသည်။ သူတို့ စီကာပတ်ကုံး ပြောပြီးသောအခါ “တပည့်တော်အလှည့်ရောက်ပြီလားဘုရား”ဟု မေးမိသည်။

“အေးပါ … အေးပါ၊ မင်းက ဘာပြောချင်လို့လဲ၊ ငါ့ကို စကားနာထိုးအုံးမလို့လား၊ မင်း စကားတတ်တိုင်း ငါ့ကို စကားနာမထိုးနဲ့နော်၊ ငါ ပင်ပန်းနေပြီ၊ ဒါပေမယ့် ပြောပါ၊ ဘာပြောချင်လို့လဲ”

“စကားနာမထိုးပါဘူး ဘုန်းကြီးဘုရား၊ ဘုန်းကြီးတို့ ပြောပြီးပြီဆိုတော့ တပည့်တော်လည်း ပြောချင်တာပေါ့၊ ဒါကြောင့် မေးတာပါ”

“အေးပါ … အေးပါ၊ ပြော ပြော”

“တင်ပါ … ဘုန်းကြီး အခုလို တပည့်တော်အတွက် စိတ်ပူပေးတာ၊ သူငယ်ချင်းအနေနဲ့ ကိုယ့်ကို အခုလို ထောက်ပြဝေဖန်ပေးတာ တပည့်တော် ကျေးဇူးအရမ်းတင်ပါတယ်။ ၀မ်းလည်းသာပါတယ်။ ဒါပေမယ့် တပည့်တော် စိတ်မကောင်းဖြစ်မိတာက ဘုန်းကြီးတို့ တပည့်တော်ကို နားမလည်တာပဲ။ တပည့်တော်ရဲ့ စာတွေရဲ့ ဆိုလိုရင်းကို သေချာမဖတ်မိတာပဲ။ တစ်ဖက်ကတော့ ဒါကိုလည်း တွေးမိပါတယ်။ တပည့်တော်တို့ မြန်မာလူမျိုးတွေက ပုဂ္ဂိုလ် တစ်သီးပုဂ္ဂလကို အလေးထားလေ့ရှိကြတယ်။ အဖွဲ့အစည်းနဲ့ အလုပ်လုပ်တာနည်းတယ်။ လုပ်ရင်လည်း မအောင်မြင်တာ များတယ်။ အဖွဲ့အစည်းတစ်ခု တည်ထောင်လိုက်ပြီဆိုတာနဲ့ ပါဝင်တဲ့ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ အားနည်းချက်၊ အားသာချက်တွေက အဓိက မဟုတ်တော့ဘူး။ အဲဒီအဖွဲ့အစည်းက ဘာတွေ လုပ်ဆောင်လိုက်သလဲဆိုတဲ့အချက်ကသာ ပဓာနကျတယ်။ ဒါကို သိပ်မသိကြဘူးဘုရား။

ဥပမာ စားသောက်ကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဆိုပါတော့။ ဒီကုမ္ပဏီက လူတွေကို ဒုက္ခဖြစ်စေတဲ့၊ လူတွေကို ဘေးဥပါဒ်ဖြစ်စေတဲ့ အစားအသောက်တွေ ထုတ်တယ်ဆိုပါတော့။ အဲဒီလိုဆိုရင် အဲဒီကုမ္ပဏီကို ဘုန်းကြီး ဘယ်လို ပြောမလဲဘုရား၊ ကုမ္ပဏီပိုင်ရှင် ဒကာကြီးက ဘုရားဒကာကြီးကွ၊ စိတ်သဘောထားလည်း ကောင်းတယ်ကွ၊ အလှူအတန်းလည်း သိပ်ရက်ရောတာပဲ၊ ဟို ကုမ္ပဏီကို ဦးဆောင်နေတဲ့သူဆိုရင်လည်း ငါ့တပည့်လေးကွ၊ စိတ်သဘောထားလည်း ပြည့်ဝတယ်လို့ ပြောမလား၊ ”

“အိုး … ဒါကတော့ကွာ၊ … အဲဒီကုမ္ပဏီ မတရားကြောင်း၊ ဖျက်သိမ်းသင့်ကြောင်း ပြောရမှာပေါ့”

“မှန်လိုက်တာဘုရား …၊ ဒီလိုဆို တပည့်တော် စကားကို ဆက်လို့ ရပါပြီဘုရား၊ အဲဒီလိုမှ မဟုတ်ဘဲနဲ့ ဟို ကုမ္ပဏီပိုင်ရှင် စိတ်သဘောထားပြည့်ဝတာကိုပဲ ပြောချင်တယ်ဆိုရင်တော့ တပည့်တော် ဆက်မပြောတော့ဘူးဘုရား”

“အောင်မယ် .. ဈေးကိုင်နေပြန်ပြီ၊ ပြောမှာသာ ဆုံးအောင်ပြောစမ်းပါကွာ”

“နည်းနည်းပျော့တဲ့ ဥပမာလေး ထပ်ပေးချင်တယ်ဘုရား၊ တစ်ချို့တွေက သိပ်ကို ဒုန်းဝေးလွန်းလို့ပါ”

“ဟေ့ ဟေ့ မင်းက ငါ့ကိုပါ ဆော်ချင်နေပလားကွ” ဆရာသမားက ထအော်သည်။

“တပည့်တော် ပြောပြီးပြီပဲ။ ဘုန်းကြီး စေတနာကို နားလည်ပါတယ်၊ တပည့်တော်အတွက် စိုးရိမ်ပေးတာ ၀မ်းသာပါတယ်လို့၊ တပည့်တော် ပုဂ္ဂိုလ်ရေးတွေ ဆော်ရတာကို ၀ါသနာမပါဘူးဘုရား။ တစ်သီးပုဂ္ဂလဖြစ်တဲ့ လူဆိုတာ ဘယ်သူမှ အမှားမကင်းကြဘူးဆိုတာကို နားလည်ပါတယ်ဘုရား။ ဘုန်းကြီးလည်း မကောင်းတာတွေ ရှိမှာပဲ၊ တပည့်တော်မှာလည်း ရှိမှာပဲ၊ လူတိုင်းကိုယ်စီ အားနည်းချက်တွေတော့ ရှိမှာပဲ။ ဒီတော့ ပုဂ္ဂိုလ်ရေးမကောင်းကြောင်းဆိုတာတွေက ဘယ်လိုမှ မပြီးဆုံးတဲ့အရာတွေလို့ တပည့်တော် သဘောပိုက်ထားပါတယ်။

အများပြည်သူကို ထိခိုက်နေတဲ့ အဖွဲ့အစည်းဆိုရင်တော့ တပည့်တော်ကတော့ ပြောမှာပဲ။ အဲဒီအဖွဲ့ထဲမှာ ဘယ်သူပါတယ်ဆိုတာကို တပည့်တော် မကြည့်ဘူးဘုရား”

“အေးပါကွာ … မင်း စောစောက ပြောတာကို ဆက်စမ်းပါ၊ မင်းပြောတဲ့ နည်းနည်းပျော့တဲ့ ဥပမာဆိုတာ ဘာလဲကွ”

“ဥပမာပေါ့ဘုရား …၊ ပုဂ္ဂလိကစာသင်ကျောင်းတစ်ကျောင်း ဆိုပါတော့။ အဲဒီကျောင်းက ခလေးတွေကို သမိုင်းအမှားတွေ သင်ပေးမယ်၊ ဘာသာသာသနာအကျိုး၊ တိုင်းပြည်အကျိုး ဘာအတွက်မှ အကျိုးမရှိတဲ့ သင်္ခန်းစာအမှားတွေ သင်ပေးနေတယ် ဆိုပါစို့…၊ အဲဒီကျောင်း မကောင်းဘူးလို့ ပြောမလား၊ ဒါမှမဟုတ် အဲဒီကျောင်းအုပ်ကြီးက ၀ိပဿနာသမားကြီးကွ၊ တရားသမားကြီးကွ၊ လူတော်ကြီး၊ ဟို စာသင်ပြနေတဲ့ ဆရာမကြီးဆိုရင် ငါနဲ့သိတယ်၊ သူလည်း လူတော်ပဲ၊ စိတ်ထားလည်း ဖြူစင်တယ်လို့ ပြောမလား”

“အာ … အဲ့လိုဆိုရင်တော့ တရားသမားမကလို့ ဘာသမားကြီးပဲဖြစ်ဖြစ် အဲဒီကျောင်း မကောင်းတာ မကောင်းဘူးလို့ ပြောမှာပေါ့ မောင်ကုရ”

“ဒါဆိုရင် ဘုန်းကြီးနဲ့တပည့်တော်နဲ့ စိတ်သဘောထားချင်း တူသွားပြီ။ တချို့က ကုမ္ပဏီက စားသောက်ကုန်တွေ ဘေးဥပါဒ်ဖြစ်စေတာကို ပြောမယ့်အစား ကုမ္ပဏီပိုင်ရှင် သဘောထားကောင်းတာကို ပြောချင်ကြတယ်၊ ကျောင်းမကောင်းတာကို ပြောမယ့်အစား ကျောင်းအုပ်ကြီး တရားသမားဖြစ်တာကိုပဲ ပြောချင်ကြတာဘုရား”

“အေး … ဟုတ်သကွ၊ အေး အေး၊ မင်း ပြောမယ့်ဟာ ဆက်ပြောပါအုံး”

ဆရာသမား၏ စကားသံတွင် နားလည်မှုသံလေးများ ကြားရသဖြင့် ပိုအားတက်လာခဲ့သည်။

“တပည့်တော် ရည်ရွယ်ချက်ကလည်း ဒီလိုပဲဘုရား။ အခု မဟနအဖွဲ့ဆိုပါတော့ …။ မဟနဆရာတော်ဆိုတာတွေက အများကြီးဘုရား။ အဲဒီထဲကမှ ဘယ်ဆရာတော်ကတော့ စာရိတ္တကောင်းတယ်။ မှန်ရာကို ဆုံးဖြတ်တယ်။ မှန်ရာဘက်က ရပ်တည်တယ်၊ ဘယ်ဆရာတော်က ငွေပေးရင် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဆုံးဖြတ်တယ်။ မှားမှားမှန်မှန် အဓိကမဟုတ်၊ ငွေရရေးသာ အဓိကပဓာန။ အချို့လည်း ရှိမှာပေါ့။ ကြားနေ၀ါဒ။ တပည့်တော် ပြောချင်တာက မဟနရဲ့ လုပ်ဆောင်ချက်တစ်ခုကို ဝေဖန်ပြတိုင်း သူတို့ရဲ့ ဂုဏ်ထူးဝိသေသတွေကို တပည့်တော် ထည့်ပြော၊ ထည့်ရေးနေရမှာလားဘုရား …..

မဟနက ထုတ်ပြန်လိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခုဟာ မဟနအဖွဲ့ကြီး တစ်ဖွဲ့လုံးနဲ့ သက်ဆိုင်တယ်ဘုရား။ အပြီးသတ်ဆုံးဖြတ်ချက်မချခင်၊ မထုတ်ပြန်ခင်ကတော့ မဟနအဖွဲ့ထဲမှာ သဘောတူသူတွေ၊ မတူသူတွေ ရှိမှာပဲဘုရား။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးထွက်လာတဲ့ ဆုံးဖြတ်ချက်ကတော့ မဟနအဖွဲ့ထဲမှာ ရှိနေသူအားလုံးနဲ့ သက်ဆိုင်တယ်လို့ ပြောရင် ဘုန်းကြီး ငြင်းမလားဘုရား”

“အေးကွ … အဲဒါတော့ ဘယ်ငြင်းလို့ ရမလဲ။ မဟနက ထုတ်ပြန်လိုက်တဲ့စာဟာ မဟနအဖွဲ့တစ်ခုလုံး တာဝန်ရှိတာပေါ့”

“တင်ပါ့ဘုရား …. ။ ဥပမာပေါ့ …။ အဖြစ်အပျက်တွေကတော့ အများကြီးပဲဘုရား။ ၀ီရသူကို ထောင်ချတာတွေ စသဖြင့်ပေါ့။ တစ်ခုလောက်ပဲ ထုတ်ပြမယ်ဘုရား။ ဦးသုမင်္ဂလ တရားဟောပိတ်တယ်ဆိုပါစို့။ ဘာလို့ ပိတ်သလဲ။ သူဟောတဲ့တရားက ပြည်သူတွေကို စိတ်နှလုံး မချမ်းမြေ့အောင်၊ တိုင်းပြည် ဒုက္ခရောက်အောင်၊ တပည့်တော်တို့ ဗုဒ္ဓဘာသာ မျက်နှာငယ်ရအောင်၊ သို့မဟုတ် အမျိုးဘာသာသာသနာ ဆုတ်ယုတ်အောင် လုပ်နေသလား။ ဘုန်းကြီး လိုက်မေးကြည့်ပါ။ ဦးသုမင်္ဂလတရားတွေဟာ အမျိုးဘာသာသာသနာကို ပျက်စီးစေသလားဆိုတာကိုပေါ့။ ဘုန်းကြီးလည်း ဦးသုမင်္ဂလတရားတွေကို အားရနေတဲ့သူပဲ။ ဒါကို မဟနက သူ့ကို တရားဟောခွင့် ပိတ်တယ်။ ပြောစရာတွေက အများကြီးဘုရား။ ဒါလေးကိုပဲ စဉ်းစားရင် သိနိုင်မယ်လို့ ထင်ပါတယ်။

တပည့်တော်က ဦးသုမင်္ဂလရဲ့ တရားကိုပဲ ကြည့်တာဘုရား၊ ဦးသုမင်္ဂလ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာက တပည့်တော်ကိစ္စမဟုတ်ဘူး။ အဲဒါ ဦးသုမင်္ဂလရဲ့ ကိစ္စပဲ။

နောက်ပြီး ဘုန်းကြီး ကိုယ့်တွေတစ်ခုကိုပဲ တပည့်တော် လျှောက်ပါ့မယ်။ ရွှေနတ်တော်ကျောင်းကြောင့် တပည့်တော်တို့နယ်မှာ စိတ်ဝမ်းတွေ ကွဲကြ။ လူငယ်တွေ ရန်ဖြစ်ကြနဲ့။ ဒီကျောင်းက တရားဝင်ကျောင်းလည်း မဟုတ်ဘူး။ ဒီကိစ္စကို မဟနတိုင်တော့ နှစ်ဖက်စလုံး ငွေတွေ ကုန်လိုက်ကြတာ။ ဘုန်းကြီးတို့ဘက်က မှန်ပေမယ့် ဘုန်းကြီးတို့ကိုယ်တိုင် ဒီမဟနတွေကို လာဘ်ထိုးကြတာပဲ မဟုတ်လား။ ပထမတော့ ဘုန်းကြီးတို့ အနိုင်ရတယ်လေ။ နိုင်တာမှ မဟန ၄၇-ပါးစုံညီ အစည်းအဝေးကကို အနိုင်ဆုံးဖြတ်ပေးခဲ့တာမလား။ ဒီအမှုက ဒီလိုပဲ ပြီးခဲ့သလားဘုရား”

“ငါ့ခွီးမှတဲ့ ….။ အဲဒီကိစ္စကတော့ ငါလည်း မကျေနပ်ဘူး။ ၄၇-ပါးစုံညီအစည်းအဝေးက ဆုံးဖြတ်ပေးပြီးသားကိုကွာ၊ ဟိုဘက်က ငွေထပ်လိုက်ပြီး အမှုကို ပြန်စတော့ ငါတို့ဘက်ကလည်း ဆုံးဖြတ်ပြီးသားအမှုဆိုပြီးတော့ သွားပြီး လာဘ်မထိုးတော့ဘူးလေ။ ဒီတော့ ငါတို့ ရှုံးသွားပြန်တယ်”

“ဒီတော့ ဘုန်းကြီး မှန်းကြည့်ပါလား။ ဘုန်းကြီးတို့လို မတရားဆုံးဖြတ်ခံရတဲ့ အမှုတွေ ဘယ်လောက်တောင် များလိုက်မလဲ။ လာဘ်ပေးလာဘ်ယူမှုတွေ ဘယ်လောက်တောင် များလိုက်မလဲ။ ဒါက ဘုန်းကြီး ကိုယ်တွေ့ပဲလေ”

“ဒီတော့ တပည့်တော် လျှောက်ပါရစေ … ၊ ဒီအမှုတစ်ခုကိုပဲ ကြည့်ပြီး ပြောကြည့်မယ်။ တပည့်တော်အနေနဲ့ မဟန မတရားဘူး၊ လာဘ်စားတယ်လို့ ပြောရမလား၊ ဒါမှမဟုတ် ဟိုဆရာတော်ကြီးကတော့ သိက္ခာသမာဓိရှိတယ် ဘာညာနဲ့ ပြောရမလားဘုရား”

“အင်း … အဲဒါကတော့ ဒီအမှုလိုဟာမျိုးတွေကြည့် ပြောရရင်တော့ မဟန မတရားဘူး၊ လာဘ်စားတယ်လို့ပဲ ပြောရတော့မှာပေါ့ မောင်ကုရာ”

“ဒါကတော့ ဘုန်းကြီး ကိုယ်တွေ့ပေါ့။ ဘုန်းကြီးလည်း ဒိထက် ပိုဆိုးတဲ့ မတရားမှုတွေ တွေ့ဖူးမှာပါ။ အခု တပည့်တော် ကိုယ်တွေ့တစ်ခုကို ခပ်ကျဉ်းကျဉ်းလေး ပြောချင်တယ်ဘုရား။ ကြားဖူးတာတွေ တစ်ဆင့်စကားတွေ မဟုတ်ဘူးနော်ဘုရား။ တစ်နေ့က ကျောင်းအမှုတစ်ခုမှာ မတရားခံနေရတဲ့ ဦးဇင်းတစ်ပါးနဲ့တွေ့လို့ လိုက်ကြည့်တယ်ဘုရား။ ဆရာတော်ကြီးတွေဘုရား … အံ့သြစရာကောင်းလောက်တယ်ဘုရား။ အမှုသွားအမှုလာအကြောင်းကို သေချာမစုံစမ်းဘဲ ငွေအကြောင်းပဲ ပြောတယ်ဘုရား။ အဲဒီထဲက အဆိုးဆုံးဆရာတော်ကတော့ အမှန်အမှားးးးးကို ဘာမှ မစီစစ်ဘဲနဲ့ - မင်းတို့ ငါ့ကို သိန်း ၁၀၀ ပေး၊ အားလုံး အေးအေးဆေးဆေး ဖြစ်စေရမယ် - လို့ ပြောတယ်ဘုရား။ ဒီတော့ - တပည့်တော်တို့ အဲဒီလောက်ငွေတော့ မရှိဘူးဘုရား - လို့ဆိုတော့ - အခု မင်းတို့ ဖြစ်နေတဲ့ကျောင်းက သိန်းထောင်ချီတန်နေပြီ၊ ထောင်မြင်ရင် ရာစွန့်ရတယ်ကွ - လို့ ပြောတယ်ဘုရား။ ဘုန်းကြီးစဉ်းစားကြည့်ပါဘုရား။ ဟကောင် သုတ ကိုယ့်လူ ငါပြောတာ ကြားလိုက်ရတော့ မင်းဘယ်လို ခံစားရလဲ၊ ပြောစမ်းပါ”

“အေးကွာ … မင်းစကားကြားရတော့လည်း စိတ်မကောင်းလိုက်တာ၊ ဘာတွေ ဖြစ်ကုန်ပြီလဲကွာ၊ အဲဒီဆရာတော်က ဘယ်သူလဲကွ”

“ကိုယ့်လူ အဲဒါတော့ ငါမပြောဘူး။ ဟိုဆရာတော်ကတော့ ဘယ်လိုဖြစ်တယ်ညာလိုဖြစ်တယ်ဆိုတာ ငါပြောဖို့ ၀ါသနာမပါဘူး။ လူအဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ရဟန်းအဖွဲ့အစည်းပဲဖြစ်ဖြစ် အဲဒီအဖွဲ့အစည်းက မတရားဘူးဆိုရင် အဖွဲ့အစည်းထဲက လူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေကို ထည့်မပြောဘဲ အဖွဲ့ကိုပဲ ဦးတည်တာ သဘာဝကျတယ်။ ငါ ကြိုက်တယ်။

ကိုယ့်လူမှာ ကိုယ်ပိုင်ကျောင်းရှိတယ်၊ အမှုဖြစ်တယ်ဆိုပါစို့၊ ကိုယ့်လူက မှန်ရဲ့သားနဲ့ ငွေမပေးနိုင်လို့၊ လာဘ်မထိုးနိုင်လို့ ကျောင်းပေါ်က ဆင်းပေးရတယ်ဆိုရင် ကိုယ့်လူ ဘယ်လို ခံစားရမလဲ။ မဟနထဲက ဆရာတော်အချို့ရဲ့ သိက္ခာသမာဓိဂုဏ်ပုဒ်တွေကို ချီးမွမ်းရင်း ကျောင်းပေါ်က ဆင်းပေးနိုင်မလား။ ဒါမှမဟုတ် ကိုယ့်လူအမှုကို ဆုံးဖြတ်တဲ့ မဟနတွေကို မတရားဘူးလို့ ပြောမလား။

မဟနဟာ တကယ် အမှန်တရားဘက်က ရပ်တည်တယ်ဆိုရင် အဲဒီလို မတရားမှုတွေကို ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီး လာဘ်ပေးလာဘ်ယူမရှိဘဲ မှန်ရာကို ဆုံးဖြတ်ပေးနိုင်ရမှာပေါ့။

ငါပြောချင်တာက ငါ့ကို မကောင်းမြင်နေသူတွေ၊ မဟနမကောင်းတာတွေကိုပြောလို့ ငါ့ကို အမြင်ကပ်နေသူတွေ၊ မဟနဘက်က နာပေးနေသူတွေကိုပဲ (ဒီနေရာကတစ်ဆင့်) ငါပြောချင်တယ်။ မဟနဟာ အမှန်တရားဘက်က ရပ်တည်တယ်၊ မှန်ရာကို ဆုံးဖြတ်တယ်၊ လာဘ်မစားဘူးလို့ ပြောနိုင်တယ်ဆိုရင် ငါ ဒီစာတွေကို တစ်သက်လုံး ဆက်မရေးတော့ဘူး၊ မဟနအဖွဲ့မှာ အဲဒီလို မတရားတာတွေ ရှိနေတာကို လက်မခံဘူးဆိုရင် ကိုယ်တိုင် စုံစမ်းပါ။ စုံစမ်းလို့ ငါ ပြောတာတွေ မှားနေတယ်ဆိုရင် ငါ့လည်ပင်းကို လာဖြတ်ပါ။ ကုသလသာမိဆိုတဲ့ ကိုယ်တော်က ဘယ်ကိုမှ ထွက်မပြေးပါဘူးလို့ ပြောချင်တယ်”

“အေးပါ … အေးပါ …. မောင်ကုရာ၊ မင်းကို ငါနားလည်ပါပြီ။ ဒါပေမယ့်ကွာ မင်းက ငါ့တပည့်ဆိုလည်း ဟုတ်တယ်၊ ညီလေးဆိုလဲ ဟုတ်တယ်။ မင်းဘ၀ တက်လမ်းမှာ ဆူးခလုတ်တွေ များနေမှာစိုးလို့ပါ”

“တင်ပါဘုရား … တပည့်တော် စကားတွေကို ဆုံးအောင် နားထောင်ပေးတဲ့အတွက် ဘုန်းကြီးကို ကျေးဇူးတင်ပါတယ်ဘုရား”

(၃)

ဆရားသမားနှင့် စကားပြောပြီးလို့ ကျောင်းအပြင်ထွက်လိုက်တော့ လေနုအေးလေးက ဆီးကြိုနေသည်။ ၀င်လေကို အားရပါးရရှုရှိုက်လိုက်ပြီး ထွက်လေကို ခပ်ကြမ်းကြမ်း မှုတ်လွှတ်လိုက်သောအခါ ရင်ထဲမှာ ပေါ့သွားသည်။ ကောင်းကင်ကို မော့ကြည့်လိုက်သောအခါ အဖြူရောင် တိမ်လိပ်များအကြားတွင် ညနေကတည်းက တွေ့ခဲ့သော အမဲရောင်တိမ်လိပ်အချို့ ရှိနေသေးသည်ကို ၀မ်းနည်းဖွယ် တွေ့မြင်နေရသည်။ မည်သို့ဆိုစေ အဖြူရောင်တိမ်လိပ်လေးများက ပိုမိုထူထပ်နေသေးသည်ဟု စိတ်ထဲခံစားကြည့်မိသဖြင့် ပျော်လို့ရသည်။ “အမှန်တရား”ဟု စိတ်ထဲက ရေရွတ်လိုက်သောအခါ တိမ်ဖြူဖြူလေးများက စံပါယ်ပွင့်လေးများလို ဖွေးလို့ ၀ဲလို့ ကျလို့ နေခဲ့သည်။

Wednesday, February 1, 2012

ဦးပျော်ဘွယ် စာမရေးဖြစ်ခြင်းအကြောင်း

ဟိုတုန်းကတော့ စာမရေးရင် မနေနိုင်တဲ့ လက်အစုံ။ အခု စာမရေးဖြစ်တာ ကြာသွားပြီ။ ဟိုတို့တို့ ဒီတို့တို့တော့ ရေးဖြစ်ပါရဲ့။ အားရလောက်တဲ့ စာနဲ့ပေနဲ့တူတဲ့ စာမျိုးကို မရေးဖြစ်တော့ဘူး။ ဘာကြောင့်မှန်း မသိခဲ့။ စာရေးဖို့ ကွန်ပြူတာကို ဖွင့်လိုက်တာနဲ့ ရင်ဘတ်ထဲက ရေးချင်တဲ့အရာတွေက လက်ဖျားဆီ ကူးစက်မလာခဲ့ဘူး။ အပြောင်းအလဲများအပေါ်မှာ စိတ်က ရောက်နေခဲ့လို့ ဖြစ်မယ်လို့ တွေးမိတယ်။ အပြောင်းအလဲတွေ … အပြောင်းအလဲတွေ သို့မဟုတ် အပြောင်းအလဲအသံတွေ။ ဒီအသံတွေမှာ မိန်းမောနေမိတာ ဖြစ်မယ်။ ဟိုတုန်းက စာမျက်နှာပေါ်မှာ မြင်ချင်တဲ့ မြန်မာ့အာဇာနည် မြင့်မြတ်တဲ့ အနစ်နာခံ သူရဲကောင်းတွေလည်း စာမျက်နှာတွေပေါ် ရောက်လာခဲ့ပြီ။ လူထုနဲ့ဆက်ဆံရတဲ့ ပွဲတွေမှာလည်း တွေ့လာရပြီ။ သူတို့ရဲ့ လွတ်လပ်ပွင့်လင်းတဲ့ အသံတွေလည်း ပီပီသသ ကြားခွင့်ရခဲ့ပြီ။ ဒါတွေကို ဟိုတုန်းက မျက်ရည်တွေနဲ့ မျှော်လင့်ခဲ့ရတာ မဟုတ်လား။

ဟိုတုန်းက အဖိနှိပ်ခံ ပရဟိတသမားတွေလည်း စင်ပေါ်ကို တက်လာခဲ့ကြပြီ။ ဘယ်လောက်ဝမ်းသာစရာ ကောင်းလဲ။ ဟိုတုန်းက နှစ်ရှည်လများ ပိတ်ထားရတဲ့ ရင်ဘတ်တွေလည်း နှင်းဆီပွင့် ရဲရဲတွေလို ပွင့်အံလာခဲ့ကြပြီ။ ခွေးတစ်ကောင်လို ချောင်ပိတ်အရိုက်ခံရရင် သင်ဘယ်လို ခံစားရမလဲ။ ရက်ပေါင်းများစွာ အစာရေစာ အဖြတ်အတောက်ခံထားရတဲ့ သားသတ်ရုံပို့မယ့် နွားလို အဆက်ဆံခံရရင် သင် ဘယ်လို ခံစားရမလဲ။ ဆိုးသွမ်းသောင်းကျန်းတဲ့ ဓားပြတွေလို သင့်စည်းစိမ်ဥစ္စာတွေကို အလုအယက် ခံရရင် သင်ဘယ်လို ခံစားရမလဲ။ သင့်ကို ဘာအပြစ်မှ မရှိပါဘဲ သားတစ်ကွဲ၊ မယားတစ်ကွဲဖြစ်အောင် အလုပ်ခံရရင် သင်ဘယ်လို ခံစားရမလဲ။ သင် ကိုးကွယ်အမြတ်တနိုးထားတဲ့ ရဟန်းသံဃာကို စစ်သားတွေရဲ့ မစင်အမှိုက်ကျုံးခိုင်းတယ်လို့ ကြားရသိရရင် သင်ဘယ်လို ခံစားရမလဲ။ ဘာအပြစ်မှမရှိတဲ့ ရဟန်းတွေကို လူအ၀တ်ဝတ်ပြီး ဖမ်းဆီးနှိပ်စက်တယ်လို့ သိရရင်၊ လေးဘက်ထောက်သွားခိုင်းပြီး ခွေးလို အော်ခိုင်းရင်၊ အမိန့်မနာခံရင် ဖင်ပိတ်ကန်ခံရတာတွေ …. တွေ …. ဒါတွေကို သိရရင် သင် ဘယ်လို ခံစားရမလဲ။ အခု ကိုယ်တိုင် မတရား လုပ်ခံရသူတွေတောင် ဒါတွေကို ဒီခံစားချက်တွေကို သိုဝှက်ထားလိုက်ခဲ့ကြပြီ။ ခွင့်လွှတ်လိုက်ကြပြီ။ (To forgive is not to forget = ခွင့်လွှတ်တယ်ဆိုတာ မေ့ပစ်လိုက်ဖို့ မဟုတ်ပါ - ဆိုတဲ့ ဂန္ဒီဂျီးရဲ့ စကားကို နှလုံးပိုက်ထားချင်လဲ ထားအုံးမှာပေါ့လေ)။ ဘာဖြစ်လို့လဲ …. ပြည်သူတွေအတွက် အကောင်းဆုံးဆိုတာကို မျှော်လင့်လိုက်ကြလို့ပဲ။ ဘယ်လောက်မြင့်မြတ်လိုက်တဲ့ အာဇာနည်တွေလဲ။

အခုလို အပြောင်းအလဲမှာ သင်ရော ဘယ်လို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေသလဲ။ တိုင်းပြည်အတွက် ဘာတွေ ကူညီပေးနေသလဲ။ အမျိုးဘာသာ သာသနာအတွက် ဘာတွေ လုပ်ဆောင်ပေးနေသလဲ။ ကိုယ်တိုင် မေးဖြစ်နေတဲ့ မေးခွန်းတွေပါ။ ကိုယ်တိုင် ရှေ့တန်းထွက် မကူညီနိုင်ရင်တောင် စိတ်ဆန္ဒအရ ပူးပေါင်းအားပေးနေဖို့တော့ လိုလိမ့်မယ်။ ဟိုနေ့က နှစ်ရှည်အကျဉ်းကျခံနေရတဲ့ စွန့်ဝံ့သူအာဇာနည်တစ်ယောက်နဲ့တွေ့လို့ ဘာတွေ လုပ်နေလဲ၊ အခြေအနေဘယ်လိုလဲ မေးကြည့်တော့ “တပည့်တော်တို့ ဒဏ်ရာတွေကို ခွင့်လွှတ်ခြင်းနဲ့ ဆေးကုနေတယ်ဘုရား၊ ဒဏ်ရာတွေပျောက်ရင်တော့ အရှင့်ကို ပြောပါ့မယ်”လို့ ပြောပါတယ်။ အဲဒီတော့မှ “တောင်းပန်ပါတယ်၊ ဦးဇင်းက ဒကာကြီးတို့ကို တွေ့ရတာ ၀မ်းသာလွန်းတာရယ်၊ အားကိုးတာရယ်ကြောင့် စကားပြော လောသွားလို့ပါ”လို့ ဆိုတော့ “မဟုတ်ဘူးဘုရား၊ တပည့်တော် အဲဒီအဓိပ္ပာယ်နဲ့ ပြောတာ မဟုတ်ပါဘူး။ အရှင်ဘုရားတို့တွေ အဲဒီလို မေးလိုက်တိုင်း တပည့်တော်တို့ ရင်ဘတ်က ဒဏ်ရာတွေ သက်သာသက်သာလာတယ်ဘုရား”တဲ့။ ဒီတော့ ကောက်ချက်တစ်ခု ချမိတယ်။ ပြည်သူအပေါင်းတို့ ….. သူတို့ ဒဏ်ရာတွေ စိတ်အနာတွေ ပျောက်ကင်းဖို့အတွက် ကာယကံအားဖြင့် ဖြစ်စေ၊ ၀စီကံအားဖြင့် ဖြစ်စေ၊ မနောကံအားဖြင့် ဖြစ်စေ ပူးပေါင်းပါဝင်ပေးကြပါ။ သူတို့ ဒဏ်ရာတွေကို ကုစားပေးတာဟာ တိုင်းပြည်ရဲ့ ဒုက္ခတွေကို ဖာထေးပေးခြင်းပါပဲ။

အို … စာဖတ်သူတို့ သင်တို့ ချစ်တဲ့ အမိမြေရဲ့ ငုတ်လျိုးနေတဲ့ စွမ်းအားတွေ ပေါ်ထွက်လာဖို့ သင့်လက်ထဲမှာ ကံကြမ္မာတွေ အပြည့်ရှိနေပါပြီ ….။ သင်တို့ တမ်းတနေတဲ့ ပန်းလေးတွေ ပွင့်လန်းဖို့ သင့်လက်ထဲမှာ အာဏာအပြည့်အ၀ ရှိနေပြီ … ။

မပြောင်းလဲသေးတဲ့ အောက်ခြေအာဏာရူးလေးတွေအကြောင်းကို ခဏမေ့လိုက်ပါ။ အရှိန်မသေသေးလို့ပါ။ သင်ကသာ မှန်ရာကို အပြည့်အ၀ ရွေးချယ်ပေးလိုက်ရင် အဲဒီမိစ္ဆာအငယ်စားလေးတွေဟာ တဖြည်းဖြည်းချင်း ငုတ်လျိုးကွယ်ပျောက်သွားတော့မှာပါ။ အခုအချိန်မှာ မဟန မိစ္ဆာဂိုဏ်းကြီးကလွဲရင် အပြောင်းအလဲကို မြင်နေရပါပြီ။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်ဆုံး မိန့်ခွန်းထဲမှာ ပြောခဲ့တယ်။ လွတ်လပ်ရေးရပြီဆိုရင်လည်း ပြည်သူတွေအားလုံး ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့၊ အိမ်ရှင်မကအစ ချွေတာရေးစနစ်သုံးပြီး တိုင်းပြည်တိုးတက်ရေးအတွက် ပါဝင်ဖို့၊ မိန့်ကြားခဲ့တယ်။ ဒီလိုပဲ ဒီမိုကရေစီဆိုတာရလို့ ချက်ချင်း ဆင်းရဲသားတွေ သူဌေးဖြစ်မှာတော့ မဟုတ်ဘူး။ တရားမျှတတဲ့ လူ့ဘောင်ဟာ ဘယ်လောက် ကျေနပ်စရာကောင်းသလဲဆိုတဲ့ အချက်ကို တန်ဖိုးထားဖို့ လိုတယ်။

တိုင်းပြည်ပြုပြင်ပြောင်းလဲရေးအတွက် သင့်ရှေ့ကို ခလုတ်တွေ ရောက်လာခဲ့ပြီ။ အမျိုးဘာသာ သာသနာ တိုးတက်တာကို မြင်ချင်သလား။ အာဏာရှင်စနစ်နဲ့ စခန်းသွားချင်သလား။ စွမ်းအားပြခွင့်မရှိ၊ ချောင်ပိတ်ငိုညည်းနေရတဲ့ဘ၀မျိုးမှာ နေချင်သလား။ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းအဖြစ် တွေ့မြင်ချင်သလား။ ဒါကတော့ သင် ရွေးချယ်ရမှာ ဖြစ်ပါတယ်။

သင့်လက်ကို အဖြူစင်ဆုံးဖြစ်အောင် ဆေးကြောထားပါ။ ပြီးရင် အဖြူစင်ဆုံး ခလုတ်ကို နှိပ်လိုက်ပါ။ ဒါကတော့ ကျုပ် တိုက်တွန်းချက်ပါ။

ဒီလိုပဲ ဒီအကြောင်းကို ခင်ဗျားတို့ကို ဘယ်လို ပြောရမှန်း မသိတာနဲ့ ကျုပ် စာမရေးဖြစ်တာ။ ရေးပြီးတော့ ပြန်ဖတ်ကြည့်တယ်။ ဒါတွေက စာတစ်ပုဒ်လား၊ နှလုံးသွေးစက်တွေလားဆိုတာ ခွဲခြားမသိလိုက်ဘူး။ ဖတ်ပြီးတော့ ကျုပ်မောနေတယ်။ ခင်ဗျားတို့ ခလုတ်မှားနှိပ်ရင်တော့ ကျုပ်တော့ ငိုပြီ။ ကျုပ် ငိုရင် ခင်ဗျားတို့ သားသမီးတွေလည်း လိုက်ငိုကြပါလိမ့်မယ်။ ဒါက ကျိန်စာ မဟုတ်ဘူး။ အမှန်တရားပါ။

Friday, January 20, 2012

ဟိုးရှေးရှေးကပုံပြင်နှင့် ,,,,,,,,



ဟိုးရှေးရှေးတုန်းက အလောင်းမင်းတရားကြီးဟု ကျော်ဇောသော မင်းတစ်ပါးရှိခဲ့ဖူး၏။ ထိုမင်းလက်ထက်တွင် အမိန့်တော်ပြန်တမ်းတစ်ခုကို ထုတ်သတဲ့။ ထိုအမိန့်တော်ပြန်တမ်းကား ဤသို့ဖြစ်၏။ “ဤနိုင်ငံတော်အတွင်း၌ နေထိုင်သီတင်းသုံးကြသော ရဟန်းသံဃာတော်တို့သည် မင်းဆရာ၏အလိုသို့သာ လိုက်၍ ကျင့်ကြံနေထိုင်ကြရမည်”ဟူ၍။ ထိုခေတ်က အတင်ဂိုဏ်း၊ အရုံဂိုဏ်းဟု ကွဲပြားနေ၏။ မင်းဆရာတော်မှာ အတင်ဂိုဏ်းဝင်ဖြစ်၏။

သို့သော်လည်း အချို့သော သံဃာတော်များက ထိုအမိန့်ကို ဖီဆန်ကြ၏။ “ဒို့ကတော့ မင်းဆရာမကလို့ ဘာဆရာပဲဖြစ်ဖြစ်၊ သူတို့အလိုမလိုက်နိုင်၊ ငါတို့ဆရာအစဉ်အဆက်လမ်းစဉ်အတိုင်း မြို့ရွာတွင်းဝင်လျှင် သင်္ကန်းရုံပြီး ၀င်ကြရမယ်”ဟု တပည့်များကို ဆုံးမကြသတဲ့။

မင်းဆရာတော် အတုလယသကလည်း သူ့မှာ အာဏာရှိသည်မဟုတ်လား။ ထိုကဲ့သို့ ဆန့်ကျင်သော ဆရာတော်နှစ်ပါးကို အာဏာပါဝါပြလို၏။ သို့ဖြစ်၍ ရှေ့တော်မှောက်သို့ ဆင့်ခေါ်လိုက်၏။ “သင်တို့သည် ငါတို့၏ ဘုရင်မင်းမြတ်အမိန့်တော်ကို ဖီဆန်သည်။ ဒါကြောင့် သဲဒဏ်ထမ်းကြစေ”ဟု ဒဏ်ခတ်လိုက်သတဲ့။

ထိုအခါ မထေရ်ကြီးနှစ်ပါးမှာ အာဏာရှိသူတို့ ပေးလိုက်သော အပြစ်ဒဏ်ဖြစ်၍ မလွန်ဆန်နိုင်။ သို့ရာတွင် ငြီးငြူခွင့်လေးရှိသေးသဖြင့် အောက်ပါအတိုင်း ငြီးငြူကြသည် ဟူ၏။

“ဘုရားဟောတရားနှင့်အညီ ကျင့်ကြံနေထိုင်သော ငါတို့ကို ဒီလို ပြစ်ဒဏ်ပေးတယ်ဆိုတာ လုံးဝမသင့်တော်ဘူး။ လောကကြီးက ဘာတွေ ဖြစ်ကုန်တာလဲ။ အံ့သြစရာကောင်းလိုက်တာကွာ”ဟု ငြီးတွားကြသတဲ့။

တစ်နေ့သောအခါ ဘုရားအလောင်းတော်ကြီးဟု ကျော်ဇောသော အလောင်းမင်းတရားကြီးသည် အမတ်ကြီးများဘက်သို့လှည်ပြီး “မောင်မင်းတို့ ငါထုတ်ထားတဲ့အမိန့်အတိုင်း ဘုန်းကြီးတွေ နေကြရဲ့လားကွ။ မင်းဆရာလို့ ငါခန့်ထားတဲ့ အတုလယသကြီးစကားကိုရော ဘုန်းကြီးတွေ နားထောင်ကြသလားကွ”ဟု မေးမြန်းတော်မူလေသတတ်။

ထိုအခါ အမတ်တို့က “အချို့တော့ လိုက်နာကြပါတယ်။ အချို့ကတော့ မလိုက်နာကြပါဘူး။ အာဏာဖီဆန်မှုတွေ လုပ်နေကြပါတယ်။ မြို့ရွာတွင်းဝင်ရင် သင်္ကန်းတွေရုံပြီး ၀င်နေကြောင်းပါဘုရာ့။ အဲဒီထဲမှာ ဟို ဦးမုနိန္ဒဃောသကတော့ အဆိုးဆုံးပါပဲဘုရာ့။ သူဟာ တပ်ချုပ်ကြီးနဲ့ ဂိုဏ်းချုပ်ကြီးရဲ့အာဏာကို ပေါ်ပေါ်တင်တင် ဆန့်ကျင်နေကြောင်းပါဘုရာ့”ဟု လျှောက်တင်ကြသည် ဟူ၏။

အလောင်းမင်းတရားကြီးသည် ဦးမုနိန္ဒကို သုဓမ္မာဇရပ်သို့ ဆွမ်းစားပင့်လိုက်၏။ သူ့ဆရာ ဂိုဏ်းချုပ်ကြီးတို့နှင့် တွေ့ပေး၏။ မင်းဆရာဂိုဏ်းချုပ်ကြီးတို့မှာ အလောင်းမင်းတရားကြီး စိတ်တော်ကျေနပ်တော်မူအောင် ဦးမုနိန္ဒကို ကျမ်းဂန်လွတ် (ဘုရားဟောသည့်အတိုင်းမဟုတ်ဘဲ တပ်ချုပ်ကြီးသဘောတော်ကျ ဆုံးမကြလေ၏။ မင်းဆရာ ဂိုဏ်းချုပ်ကြီးတို့ ဆုံးမစကားမှာ အောက်ပါအတိုင်း ဖြစ်၏။

“ကိုယ်တော် မြန်မာတစ်နိုင်ငံလုံး မင်း(ကြီး၏)ဆရာ ငါ့စကားအတိုင်း ကျင့်ကြံနေထိုင်ကြတယ်။ ကိုယ်တော်တစ်ပါးပဲ မြို့ရွာတွင်းဝင်ရင် သင်္ကန်းရုံတော့တယ်။ ဘာဖြစ်လို့ ဒီလောက်ထိ မာနတွေ ခတ်ထန်နေရပါလဲ။ ဒီဝါဒကြီးကို စွန့်လိုက်ပါတော့လား”ဟု ဆုံးမ၏။

ထိုအခါ ဦးမုနိန္ဒဃောသသည် မင်းဆရာ၏ မျက်နှာကို စေ့စေ့ကြည့်ပြီး “ဟိုးရှေးရှေးတုန်းက သင်ဟာ သိက္ခာရှိရှိ ကိုယ်တော်ကြီးတစ်ပါး၊ ဘုရားမျက်နှာ၊ သာသနာ့မျက်နှာကိုပဲ ကြည့်တဲ့ကိုယ်တော်ကြီးတစ်ပါး ဖြစ်တယ်လို့ ငါကြားဖူးတယ်။ အခုတော့ တစ်ခြားစီပဲ။ အရှင်ဘုရားက တပည့်တော်ကို ကိုးကွယ်မဲ့နေတဲ့ ဆရာမရှိသူလို့ ထင်လို့ ဒီလို ဆုံးမလိုက်တာထင်တယ်။ တပည့်တော် ပြောချင်ပြောပါ။ ရပါတယ်။ တပည့်တော်ရဲ့ဆရာ့မျက်နှာကိုတော့ ထောက်ထားသင့်ပါတယ်”ဟု ဆိုလိုက်၏။

ထိုအခါ မင်းဆရာ ဦးယသက “အောင်မာ ကိုယ်တော့်မှာ ဆရာရှိတယ်ဆိုပါလား၊ ဘယ်သူလဲ”ဟု မေးလိုက်၏။ ဦးမုနိန္ဒဃောသလည်း ချက်ချင်းပင် လက်ကတော့ထိုး၊ ဆောင့်ကြောင့်ထိုင်ပြီး သံဃာ့အလယ်တွင် ဆင်းတုတော်ကို ရှိခိုးပြီး
“အရှင်ဘုရား တပည့်တော်သည် အသက်ပင်သေသေ၊ တပည့်တော်၏ အသက်ကိုသာ စွန့်ပါမည်၊ အရှင်ဘုရားပညတ်ထားသော သိက္ခာပုဒ်တော်ကိုတော့ မစွန့်ပါဘုရား”ဟု လျှောက်ထားလိုက်လေသတဲ့။

မင်းဆရာဦးယသမျက်နှာ ဘယ်သို့ရှိမည်ကို သမိုင်းစာအုပ်တွင် ပြမထား၍ မသိရသော်လည်း အလောင်မင်းတရားကြီးကား ဒေါသအမျက်တော် ချောင်းချောင်းကြီး ထတော်မူလေသည်ဟူ၏။

“ဒီလောက် ပြောရဆိုရကျပ်တဲ့ မာနခတ်ထန်တဲ့ကိုယ်တော် ငါ့တိုင်းပြည်မှာ မရှိသင့်ဘူး၊ တိုင်းပြည်က နှစ်ထုတ်ကြစမ်းကွာ”ဟု အမျက်တော်ရှပြီး အမိန့်တော်ချမှတ်တော်မူလိုက်၏။

ဦးမုနိန္ဒဃောသကား အာဂအာဇာနည်တည်း။ တိုင်းပြည်က နှင်ထုတ်လိုက်သော်လည်း ရောက်ရာအရပ်တွင် မြို့ရွာတွင်းသို့ ၀င်လျှင် သင်္ကန်းရုံ၍ ၀င်၏။ မိမိ၏ တပည့်များကိုလည်း သင်္ကန်းရုံဖို့ ဆုံးမမြဲ ဆုံးမ၏။

ထိုသတင်းကို ကြားရသော ဘုရားအလောင်းတော်ဟု ကျော်ကြားတော်မူသော အလောင်းမင်းတရားကြီးသည် စိတ်ဆိုးတော်မူ၏။ စိတ်ဆိုးဆိုးဖြင့် “မောင်မင်းတို့ အဲဒီကိုယ်တော်ကို ဆွမ်းစားပင့်ကြစမ်းကွာ”ဟု အမိန့်တော် ပေးလိုက်၏ဟူ၏။

မင်းချင်းတို့ လာပင့်သောအခါ ဦးမုနိန္ဒလည်း ဘုရားအလောင်းကြီး၏ အထာကို နပ်ပြီးသားဖြစ်၍ သဘောပေါက်လိုက်၏။ ထိုသို့ သဘောပေါက်သဖြင့် မိမိကိုယ်ကို လူဝတ်လဲလိုက်၏။ လူဝတ်ဖြင့် ရှေ့တော်မှောက် ရောက်လာ၏။ ဘုရားအလောင်းကြီးမှာ အံ့အားသင့်သွား၏ (အတင်းအဓမ္မလူချွတ်ဖို့ အကြံပျက်သွားသောကြောင့် ထင်၏။ ဤကား စကားချပ်)။

ထိုအခါ ဦးမုနိန္ဒဃောသကို “ကိုယ်တော် ဘာဖြင့်လို့ ဒီကို လူထွက်ပြီး လာရတာလဲ”ဟု မေး၏။ “အေး ငါ့လို ပုဂ္ဂိုလ်မျိုးကို ပြစ်မှားလျှင် သင်ငရဲကြီးမှာစိုးလို့ သင်ငရဲမကြီးရအောင် လူဝတ်လဲပြီး သင်ပေးတဲ့အပြစ်ကို ခံယူဖို့ လာခဲ့တာပါ“ဟု ပြန်ဖြေလိုက်သည်ဟူ၏။ (လေးစားစရာ နှလုံးသားပါတကား။ ဤကား စကားချပ်)။

“မောင်မင်းတို့ ဒီလူထွက်ကို အကျဉ်းချလိုက်ကြစမ်း”

အထက်ပါအတိုင်း အမိန့်ပေးပြီး ယိုးဒယားသို့ စစ်ချီသွားရာ ပြန်ရောက်မလာခဲ့တော့ပေ။

ပုံပြင်လေးကား ဤမျှသာ။ ပုံပြင်ဆိုသော်လည်း မြန်မာ့သမိုင်းတွင် တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ သို့သော်လည်း ၂၁-ရာစုတွင် ဤသို့သော ပုံပြင်တွေများစွာ ဖြစ်နေခဲ့သည်။ ရှိနေခဲ့သည်။ ၂၁-ရာစုပုံပြင်တွင် အလောင်းမင်းတရားကား တပ်ချုပ်ကြီးတို့အဖွဲ့၊ ဦးယသတို့အဖွဲ့ကား မဟနအဖွဲ့၊ ဦးမုနိန္ဒဃောသတို့အဖွဲ့ကား သိန်းချီသော စက်တင်ဘာကိုယ်တော်များနှင့် နအဖအထောက်အပံ့အားလုံးကို ငြင်းပယ်သော သံဃာတော်များတည်း။ ဤသို့ ဇာတ်ကောင်များ ပြောင်းယူလျှင်ပင် ၂၁-ရာစုက ပုံပြင်သည် ပြီးပြည့်စုံပြီ ဖြစ်တော့သည်။

ပုံပြင်ထဲတွင် ပါရှိသောအကြောင်းအရာများမှာ ယခင်စစ်အစိုးရနှင့် မဟနတို့၏ လုပ်နည်းလုပ်ဟန်များနှင့် တစ်ထပ်တည်း ဖြစ်၏။ သာသနာအတွက်၊ တိုင်းပြည်နှင့်လူမျိုး အကျိုးစီးပွားအတွက် ဟောပြောသော သံဃာတော်များကို နည်းအမျိုးမျိုးဖြင့် ထောင်သွင်းအကျဉ်းချ၊ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ တရားမဟောရ အမိန့်ထုတ်ပြန်ခြင်းများ ပြုလုပ်၏။ ရွှေည၀ါဆရာတော်၊ ဦးသုမင်္ဂလ၊ မေတ္တာရှင်ဆရာတော်တို့ကို တရားဟောပိတ်ပင်ခြင်း၊ ကျောင်းတိုက်မှ နှင်ထုတ်ခြင်းများ၊ မေတ္တာပို့သောသံဃာများကို ညှင်းပမ်းနှိပ်စက်၊ ထောင်ချခြင်းများ၊ ဦးဂမ္ဘီရ၊ ဦးဝိစိတ္တတို့ကို နှစ်ရှည်ထောင်ချခြင်းများစသော လုပ်ရပ်များမှာ မြန်မာ့သမိုင်းတွင် ဗုဒ္ဓဘာသာဘက်မှ အမည်းစက်များ ဖြစ်ခဲ့၏။

အထက်ပါ ရွှေည၀ါ၊ ဦးသုမင်္ဂလ၊ မေတ္တာရှင်ဆရာတော်တို့ ဟောကြားသမျှသည် အမျိုးဘာသာသာသနာ တိုးတက်ကြီးပွားရေးအတွက် ဖြစ်သည်ဆိုတာကို လူမပြောနှင့် လိမ်မာအောင်လေ့ကျင့်ပေးထားသော အဟိတ်များပင် နားလည်နိုင်သည်။ သို့သော် မဟနများကား နားမလည် သို့မဟုတ် မိမိတို့၏ လောဘ၊ မောဟများကြောင့် နားမလည်ချင်ဟန် ဆောင်နေခဲ့ကြသည်။

မြန်မာ့သမိုင်းတွင် မဟနကိုယ်တော်များ (ထိုအထဲတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ဆက်နွယ်နေရပြီး စိတ်စေတနာကောင်းများရှိသော ဆရာတော်အနည်းငယ်က လွဲပြီး … စိတ်စေတနာကောင်းထားရှိသော ဆရာတော်များမှာ ယုတ်မာဆိုးရွားသော မဟနအဖွဲ့အစည်းတွင် ကြာကြာနေတော်မူလေ့မရှိပေ)လောက် ယုတ်မာသော၊ ဆိုးရွားသော၊ ညစ်ပတ်သော၊ စုတ်ပဲ့သောအဖွဲ့အစည်း ရှိမှရှိပါ့မလားဟု သံသယ၀င်မိပါသည်။
မဟန၏ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ပါ။

-မတရားဖမ်းဆီးနှိပ်စက်မှုတွေကို ဘယ်နှစ်ကြိမ် ကာကွယ်ပေးခဲ့ဖူးသလဲ။
-မဟနဆီရောက်လာတဲ့ အမှုတွေကို တရားနဲ့အညီ ဘယ်နှစ်ကြိမ် ဆုံးဖြတ်ပေးခဲ့ဖူးသလဲ။ လူ့မှုအဖွဲ့အစည်း တရားရင်ဆိုင်မှုတွေမှာ ငွေပေးပြီး မတရားတဲ့ဘက်ကို အနိုင်ပေးသလို မဟနအဖွဲ့ဟာလည်း လာဘ်ပေးလာဘ်ယူမှုတွေနဲ့ မတရားတရားစီရင်မှုတွေ ရှိနေတယ်။ ဒီလို တရားစီရင်မှုတွေကြောင့် သာသနာမှာ အရုပ်ဆိုး အကျည်းတန်မှုတွေ ဖြစ်နေရတယ်။ ဒါတွေကို မဟနတွေ မသိလို့ မဟုတ်ပါဘူး။ လူရှေ့နေတွေ ငွေစကားပြောသလို မဟနဘုန်းကြီးတွေလည်း ငွေပေးဖို့ တောင်းဆိုတယ်။ ငွေပေးရင် အနိုင်ပေးတယ်။ မဟနထံရောက်နေတဲ့ အမှုတွဲတွေအားလုံးဟာ တရားမျှတမှုနဲ့ မတရားမှု အားပြိုင်နေတာ မဟုတ်ဘဲ ငွေပေးခြင်းနဲ့ မပေးခြင်းသာ အားပြိုင်နေတယ်။ ဒီလို အဖြစ်အပျက်တွေက ဗုဒ္ဓဘာသာကို ကာကွယ်နေတဲ့ အဖွဲ့အစည်းပါလို့ ပြောနိုင်တဲ့ အချက်တွေလား။
-နေ့စဉ်နဲ့အမျှ မှန်ကန်တဲ့အမှုတွေ ကျရှုံးနေရတယ်။ တိုင်းပြည်က အကောင်းဘက်ကို ဦးတည်နေပြီဆိုပြီး အားတက်နေကြချိန်မှာ မဟနကတော့ စစ်အာဏာရှင်များလို ဆိုးရွားနေဆဲဖြစ်နေတာ အံ့သြစရာကောင်းနေတယ်။

သူငယ်ချင်းတစ်ယောက်က မဟနအကြောင်း ဆောင်းပါးရေးပါအုံးလို့ တောင်းဆိုတယ်။ မဟနအတွက် ဆောင်းပါးတွေ၊ စာဟန်ပေဟန်တွေရေးဖို့ လက်သနမိလို့ စိတ်ထဲရှိရာ ကောက်ရေးချပြီး ဒီစာတွေ တင်လိုက်တယ်။

အမျိုးဘာသာသနာကို အယုတ်ဆိုးအကျည်းတန်အောင် လုပ်နေသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ ကျဆုံးပါစေ …..

Monday, December 19, 2011

ရေပေါ်သောင်ကျေးရွာများရဲ့ ကံကြမ္မာ ဆောင်းပါး ဓာတ်ပုံများ

ဆောင်းပါးတင်တုန်းက ဓာတ်ပုံတွေနဲ့အတူ တင်ဖို့ပါပဲ။ ကွန်နက်ရှင်းမကောင်းတာကြောင့် မတင်ဖြစ်ခဲ့ဘူး။ ဓာတ်ပုံတွေထဲမှာ အချို့ပုံတွေက ရေပေါ်သောင်ကျေးရွာကမ်းပြိုနေတာတွေ၊ အချို့ပုံတွေက ကျောက်စုပ်ပြီး ကျောက်တွေကို တင်ဆောင်နေတဲ့ သင်္ဘောတွေ၊ အချို့ပုံတွေက ဓနုဖြူခံတပ်နဲ့ စစ်သူကြီး မဟာဗန္ဓုလကျဆုံးရာနေရာ စသဖြင့်ပေါ့။ အချို့ ဆည်းဆာပုံတွေကတော့ ကင်မရာမန်းန် ခင်ဦး လက်စွမ်းပြထားတာတွေပါ။ ဆောင်းပါးနဲ့ တွဲကြည့်ရင်တော့ ပိုကောင်းမယ်။


















































Friday, December 16, 2011

မှားပြီးရင်း မမှားသင့်တော့ပါ…


လောကတွင် ဘုရားပွင့်လာခြင်းသည် လောကကောင်းကျိုးအတွက် ပွင့်တော်မူလာခြင်း ဖြစ်သည်၊ ကောင်းကျိုးဆိုသည်မှ လူ့လောကတစ်ခုတည်းအတွက် မဟုတ်..စကြာဝဠာတစ်ခုလုံးကိုဆောင်သော ကောင်းကျိုးအတွက် ဖြစ်သည်၊ နေရာတစ်ခုတည်းအတွက်မဟုတ်သလို နိုင်ငံတစ်ခုတည်းအတွက်လည်း မဟုတ်။ ထို့ကြောင့် နိုင်ငံတစ်ခုအတွက် ဘုရားစကားကို အကိုးအကားပြု၍ ကောင်းအောင် ဆောင်ရွက်နေခြင်းသည်ပင် ဘုရား၏ရည်ရွယ်ချက်နှင့် နှိုင်းစာပါက အလွန်ပင်သေးငယ်၍ စာမဖွဲ့လောက်ချေ..

ကျွန်ုပ်တို့နိုင်ငံသည် ဗုဒ်ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်သည်၊ တစ်ဆက်တည်းတွင်လည်း ဗုဒ်ဓအဆုံးအမ ပျောက်ဆုံးနေသောနိုင်ငံလည်း ဖြစ်နေပြန်သည်၊ ဗုဒ်ဓက အရာရာတွင် ကောင်းကျိုးနှင့်ယှဉ်သော မေတ္တာတရား၊ ကရုဏာတရား၊ ကိုယ်ချင်းစာတရား ထားကြဖို့ဆုံးမထားသော်ငြား ထိုစရိုက်လက္ခဏာများသည် လက်တွေ့ဘ၀တွင် မရှိထို့ကြောင့်ပင်လျှင် တောင်မြို့ဆရာတော်ဘုရားကြီးက ဗုဒ်ဓဘာသာကြောင့် မြန်မာလူမျိုးများ အောက်ကျနောက်ကျဖြစ်နေရတာ မဟုတ်ဘဲ မြန်မာလူမျိုးကြောင့်သာ ဗုဒ်ဓဘာသာ အောက်ကျ နောက်ကျဖြစ်ရကြောင်း ပွင့်လင်းစွာပင် မိန့်မှာထားခဲ့သည်၊ ဆိုရလျှင် ဗုဒ်ဓဘာသာတည်းဟူသော ရွှေတုံးရွှေခဲကြီးသည် မြန်မာနိုင်ငံတည်းဟူသော ချီးတွင်းထဲသို့ ကျရောက်နေ၍ မစင်အလူးခံနေရ သည့်သဘော...ထို့ပြင် အနော်ရထာဘုရင်က သထုံမနုဟာမင်းထံ သံတမန်များ စေလွှတ်၍ ပိဋကတ်တော်များ အပင့်ခိုင်းလိုက်သောအခါ မနုဟာမင်းက ``မင်းတို့လူရိုင်းတွေနဲ့ ပိဋကတ်တူသလား..တန်သလား``ဆိုပြီး တမန်များကို နှင်လွှတ်သည်ဟုလည်း မှတ်သားရဖူးသည်၊ မနုဟာမင်း အမှန်တကယ်ပြောမပြောဆိုသည်ကို မသိနိုင်သော်ငြား မြန်မာလူမျိုးတို့၏ စိတ်ဓာတ်တို့သည်ကား အမှန်ပင် လူရိုင်းအဆင့်ထက် မပိုလာသေး..

မြန်မာနိုင်ငံတွင် ရဟန်းတော်များ နိုင်ငံရေးလုပ်ခွင့်မရှိဟု ဆိုသည်၊ အတော်ပင် စဉ်းစားစရာကောင်းသော တားမြစ်ချက် ဖြစ်သည်၊ စဉ်းစားစရာကောင်းသည်ဆိုသည်မှာလည်း ရဟန်းတော်ဖြစ်နေသောကြောင့်ဟု ဆိုချင်သည်၊ နိုင်ငံရေးမလုပ်ရဟုဆိုလျှင် နိုင်ငံရေးဆိုသည်ကို မည်သို့ဆွဲထုတ်၍ မည်ကဲ့သို့ လက်ဆုတ်လက် ကိုင်ပြမည်နည်းနိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စမှန်သမျှ နိုင်ငံရေးဟူသောခေါင်းစဉ်အောက်မှ လွှတ်ကင်း နိုင်သည်ဟူ၍ရှိနိုင်မည်လော့ဆိုရလျှင် ဘာသာရေးသည်လည်း နိုင်ငံတစ်နိုင်ငံ၏ အရေးကိစ္စတစ်ခုပင် ဖြစ်သည်၊ ထို့ပြင် ဘာသာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အရေးအကြီးဆုံးသော နိုင်ငံရေးတစ်ခုလည်း ဖြစ်သည်၊ အဘယ့်ကြောင့်ဆိုသော် လူတိုင်းအထွတ်အမြတ်ထားရသောကြောင့် ဖြစ်ပါသည်၊

နိုင်ငံရေးမကောင်းလျှင် ဘာသာရေးသည်လည်း တည်တံ့၍ မနေနိုင်ပုံကို သာသနာ့သမိုင်းအစဉ်အဆက်က သက်သေပြခဲ့ပြီး ဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံကောင်းစားရန်အတွက် ထိုနိုင်ငံ၏ခေါင်းဆောင် (သို့မဟုတ်) အာဏာပိုင်အဖွဲ့အစည်း ကောင်းဖို့လိုအပ်သည်၊ ထို့ကြောင့်ပင် ဗုဒ်ဓဘာသာနှိုက် မင်းကျင့်တရားဆယ်ပါးဆို သည်ကို ထင်ထင်ရှားရှား ဖော်ပြထားပြီး ဖြစ်သည်၊ ထို့ပြင် ဇာတ်တော်များတွင်လည်း နိုင်ငံကို အုပ်ချုပ်သော မင်းများ အသုံးမကျ၍ နိုင်ငံပျက်စီးရပုံများမင်းကောင်းများ အုပ်ချုပ်သော တိုင်းပြည်တွင် စည်ပင်ဝပြော၍ ပြည်သူအများ စိတ်ချမ်းသာရပုံများမှစ၍ ဝေသာလီပြည် လိစ္ဆ၀ီမင်းများကို အဇာတသတတ်မင်း မအောင်နိုင်ခြင်းအဆုံးအထိ ဘုရားရှင်ကိုယ်တော်တိုင် ဟောထားချက်များ အထင်အရှား ပင် ရှိနေပါသည်၊ ထိုအကြောင်းအရာများကို အခြေခံ၍ ဗုဒ်ဓဘာသာရဟန်းတော်များက နိုင်ငံ့ခေါင်းဆောင်များနှင့် ပြည်သူပြည်သား အပေါင်းကို ဟောပြောလမ်းညွှန်ပေးခြင်း၊ လမ်းမှားနေသည်များကို ဝေဘန်ထောက်ပြ၍ တည့်မတ်ပေးခြင်းများသည် နိုင်ငံရေးဖြစ်သည်ဆိုလျှင်ပင် မည်ကဲ့သို့သော အကြောင်းကြောင့် လက်မခံနိုင်ရသနည်း ထိုကဲ့သို့ဟောပြောသော ရဟန်းတော်သည်လည်း မြတ်စွာဘုရား၏ မည်သည့် ဥပဒေကို ချိုးဖောက်မိပါသနည်း..ထိုကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ အကိုးကွယ်ခံ ဘာသာရေးခေါင်း ဆောင်များက နိုင်ငံ့ခေါင်းခေါင်းဆောင်များ၊ ပြည်သူပြည်သားများကို ဘာသာရေးနည်းလမ်းများနှင့်အညီ ဟောပြော ညွှန်ပြခြင်းမျိုးကိုသော်မှ လက်မခံနိုင်လျှင် ထိုနိုင်ငံအတွက် ဘာသာရေးဆိုသည်မှာလည်း လိုအပ်တော့မည် မဟုတ်ချေထို့ကြောင့် အသေအချာ စဉ်းစားကြစေလိုပါသည်၊

ထို့ပြင် ဗုဒ်ဓဘာသာဆိုသည်က ပရဟိတဘာသာတစ်ခုလည်း ဖြစ်သည်၊ စွန့်လွှတ်မှု..အနစ်နာခံမှုများကို ဇောင်း ပေးသည်၊ နိုင်ငံရေးဆိုသည်ကလည်း စင်စစ်အားဖြင့် သူတစ်ပါးအကျိးအတွက် ကိုယ့်ကိုအနစ်နာခံ၍ ဆောင်ရွက်ရခြင်းပင် ဖြစ်သည်၊ တကယ်အနစ်နာမခံနိုင်လျှင် တကယ့်နိုင်ငံရေးကိုလုပ်၍မရ.. စိတ်ထားအ လွန်မွန်မြတ်သော သူများသည်သာလျှင် ကိုယ်ကျိုးမဖက်သောနိုင်ငံရေးစစ်စစ်ကို လုပ်နိုင်စွမ်းရှိသည်၊ ရဟန်းတော်များအဖို့ နိုင်ငံကောင်းစားဖို့ရန် လုပ်ဆောင်ရာတွင် လူသားနိုင်ငံရေးသမားများ ကဲ့သို့ ၀န်ကြီးချုပ်ရာထူး၊ သမ္မတရာထူးမျိုးကို မျှော်ကိုး၍လည်းမရ..လစာရိက္ခာလည်း မျှော်လင့်၍မရ.. မျှော်လင့်၍လည်း မည်သူမျှ မလုပ်.. နိုင်ငံတစ်နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်များအနေဖြင့်သာ နိုင်ငံ၏အကျိုးကို တတ်စွမ်းသည့်ဘက်က သည်ပိုးခြင်းသာဖြစ်သည်ဟု အခိုင်အမာဆိုနိုင်ပါသည်၊ ထို့ကြောင့် တိုင်းပြည်ကောင်းစားရန် စေတနာ၊ကရုဏာရှေ့ထား၍ လုပ်ဆောင်ခြင်းသည် ဗုဒ်ဓ၏ လမ်းစဉ်မှ သွေဖည်သည်ဟူ၍ အမြင်ကျဉ်းမြောင်းပြီး အစွန်းမရောက်သင့်ပေ..

ယနေ့သတင်းများတွင် ရွှေည၀ါဆရာတော်ကို လူဝတ်လဲရန်အတွက် သံဃာ့နာယကဆရာတော်များနှင့် အာဏာပိုင်များက စီစဉ်နေသည်ဟု ကြားသိရ၍ အလွန်ပင် စိတ်မကောင်းဖြစ်မိရပါသည်၊ ယခုလိုမျိုး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တဖြည်းဖြည်းချင်း ပြောင်းလဲနေသည့်ဒီမိုကရေစီနိုင်ငံသစ်အတွက် ပြည်သူပြည် သားအားလုံးက မင်္ဂလာယူနေသည့်အချိန်တွင် ဤသတင်းသည် နတ်သုဒ်ဓာထဲ မစင်တစ်စက်ကျ သကဲ့သို့ပင် စက်ဆုပ်စရာလည်းကောင်းလှသည်။ ဤကဲ့သို့သော လုပ်ရပ်များက ပြည်သူများ၏ အတွေးကို နောက်ပြန်ရောက်သွားစေနိုင်သည့် အန္တရာယ်ရှိသည့် လုပ်ရပ်ဟုလည်း ဆိုနိုင်ပါသည်၊ ဒီမိုကရေစီအစိုးရ ခေတ်တွင် ယခုကဲ့သို့သော လုပ်ရပ်မျိုး ထွက်ပေါ်လာမည်ဟု မည်သူမျှ မျှော်လင့်မထားကြ.. ဤကဲ့သို့သော လုပ်ရပ်များသည် အတိတ်တွင် ကျန်ခဲ့ပြီဟု မရဲတရဲတွေးနေရသေးသည့်အချိန်မျိုးတွင် ခေတ်နောက်ပြန် ဆွဲသည့် လုပ်ရပ်များသည် ဖြစ်လည်းမဖြစ်သင့်တော့ပါထို့ပြင် ယခင်အစိုးရ၏လုပ်ရပ်များအတွက် ပြည်သူလူထု၏ ယုံကြည်မှုကို ခက်ခက်ခဲခဲ ရယူနေရသည့် အစိုးရသစ်အတွက်လည်း အခြေတည်ခါစဖြစ်သော ပြည်သူလူထု၏ ယုံကြည်မှုတို့သည် ရုတ်ခြည်းပျောက်ကွယ်သွားနိုင်ပါသည်၊ ထို့ကြောင့် ပြည်သူလူထု၏ စိတ်အားတက်ကြွမှုများကို ယခုလိုခေတ်ဟောင်းလုပ်ရပ်များဖြင့် မရိုက်ချိုးသင့်ပါ..။

သံဃာ့နာယကဆရာတော်များအနေဖြင့်လည်း ယခုလုပ်ရပ်ထက် အရေးကြီးသောအရာများ နိုင်ငံအတွင်းတွင် ဖြစ်ပွားနေသည်ကို သတိထားစေလိုပါသည်၊ သာသနာ့သမိုင်းတွင် တိုင်းပြည်အတွက် တရားဟော၍ သာသနာပျက်သွားသည်ဟု တပည့်တော်များ မကြားစဖူးပါ..၊ ယခုရွှေည၀ါဆရာတော်၏ တရားကြောင့်လည်း ပြည်သူအများ လမ်းမှားမရောက်နိုင်ပါ..၊ လမ်းမှန်ကိုသာ ညွှန်ပြခြင်းဖြစ်ပါသည်၊ သာသနာကိုလည်း အကြည်ညိုမပျက်နိုင်ပါ..၊ သို့သော် ဆရာတော်များ၏ လုပ်ရပ်ကြောင့်ကား ပြည်သူပြည်သားများကြားတွင် အကုသိုလ်ပွားနိုင်ပါသည်၊ ထို့ပြင် ဆရာတော်ဘုရားများအနေဖြင့်လည်း ကိုယ့်ကိုယ်ကို စွပ်စွဲခြင်းဘေး၊ သူတစ်ပါးတို့က ကိုယ့်ကို စွပ်စွဲလာမည့် ဘေးများကိုလည်း သတိချပ်စေလိုပါသည်၊ ဆရာတော်များအနေဖြင့် ယခုလုပ်ရပ်အတွက် မိမိကိုယ်မိမိ လိပ်ပြာသန့်သည်ဆိုလျှင်ပင် ပြည်သူအများက ဆရာတော်များ၏ လုပ်ရပ်အတွက် နှာခေါင်းရှုံ့နေကြပြီ ဆိုသည်ကို အင်တာနက်သုံးတတ်သော တပည့်တပန်းများကို ကွန်ပျူတာအဖွင့်ခိုင်း၍ ရှုစားစေလိုပါသည်၊ ဆရာတော်များသည် သံဃာကို ကိုယ်စားပြုသည်ဟုဆိုလျှင် သံဃာထု၏ အသံကိုလည်း နားထောင်သင့်ပါသည်၊ စက်တင်ဘာအရေးအခင်းက ကျဆင်းသွားသော သံဃာ့နာယက၏ ဂုဏ်သိက္ခာများကို ယခုလို ငါတကော ကောသည့်လုပ်ရပ်များဖြင့် ထပ်ဆင့်ကျဆင်းအောင် မလုပ်သင့်တော့ပါသံဃာကို ညှဉ်းဆဲခြင်းကို ဘုရားမကြိုက်မှန်း ဆရာတော်များလည်း အသိပင် ဖြစ်ပါသည်၊ ဆရာတော်များ၏ ယခုလုပ်ရပ်ကြောင့် သံဃာတော်များ အလွန်စိတ်ဆင်းရဲနေကြရပါသည်၊ မေတ္တာတရား ထားစေလိုပါသည်၊ တကြိမ်တစ်ခါ လောက်ပင်ဖြစ်ဖြစ် သံဃာဖက်က ရပ်တည်ပေးစေလိုပါသည်၊

အထူးအားဖြင့် ဥက္ကဋ္ဌဆရာတော်ကို အထူးပန်ကြားလိုပါသည်၊ ဆရာတော်၏ ပညာဂုဏ်၊ အာစာရဂုဏ်များကို သံဃာအများက လေးစားသမှုပြုကြပါသည်၊ အထူးအားဖြင့် ဆရာတော်၏ သမာသမတ်ကျမှုကို သံဃာများက အထူးမျှော်လင့်ထားကြပါသည်၊ ယခုကိစ္စသည် ဆရာတော်၏ ဂုဏ်သိက္ခာနှင့် တိုက်ရိုက်ဆက်စပ်နေသော ကိစ္စဟုလည်း ဆိုနိုင်ပါသည်၊ ထို့ကြောင့် ရဟန်းရှင်လူများအနေဖြင့်လည်း ဆရာတော်၏ နောက်ဆုံးရွေးခြယ်မှု ကို အထူးစောင့်ကြည့်လျှက်ရှိပါကြောင်း..

ရွင္သံသုဒ္ဓိ

၁၂-၁၅-၂၀၁၁