Friday, February 18, 2011

၂၁၂၁ ပုံပြင်


စာဖတ်သူတွေ အပျင်းပြေအောင် ပုံပြင်လေးတစ်ပုဒ် ပြောပြဖို့ စိတ်ကူးမိတယ်။ ပုံပြင်ကို ဘယ်လို ခေါင်းစဉ်တပ်ရမယ်မှန်း မသိတာနဲ့ “ပုံပြင်”လို့ပဲ နာမည်ပေးလိုက်တယ်။ ပုံပြင်လေးက ဒီလိုပါ။

ဟိုးရှေးရှေးတုန်းက မြန်မာဆိုတဲ့နိုင်ငံတစ်ခု ရှိခဲ့ဖူးသတဲ့။ မြန်မာတွေဟာ အတော်ဆင်းရဲကြသတဲ့။ ဆင်းရဲတော့ အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံတို့၊ မလေးရှားတို့၊ စင်္ကာပူတို့ … စတဲ့နိုင်ငံတွေမှာ ဆင်းဆင်းရဲရဲနဲ့ အလုပ်သွားလုပ်ရှာကြရတာပေါ့ကွယ်။ သူတို့တွေဟာ ကံကောင်းတာနဲ့ ကံဆိုးတာ နှစ်မျိုး ရှိသတဲ့။ ကံကောင်းတာက သူတို့ ဆင်းဆင်းရဲရဲ နိုင်ငံခြားမှာ လုပ်ကိုင်နေရပေမယ့် ကျန်ခဲ့တဲ့ မြန်မာကလူတွေက နိုင်ငံခြားထွက် အလုပ်လုပ်သူဆိုပြီး အထင်ကြီးကြတာပါပဲတဲ့။ ကံဆိုးတာကတော့ နိုင်ငံခြားဆိုတာ တစ်သက်လုံးနေလို့ မရဆိုတော့ ပြန်လာတဲ့အခါ ဘာမှ မလုပ်တတ်မကိုင်တတ်ဖြစ်ကုန်ကြတာပဲပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့တွေဟာ ကိုယ့်နေရပ်မှာ အဆင်မပြေတော့ ပြေတဲ့အရပ်ကို လာပြီး အလုပ်တွေ လုပ်နေခဲ့ကြရတယ်။

အဲ့ဒီလို အဆင်မပြေကြတဲ့အထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း လုပ်ကြတယ်တဲ့။ အဲဒီခေတ်က နာမည်အကြီးဆုံးကတော့ ဒမိဠ ဆိုတဲ့ ဘုန်းကြီး ဖြစ်ပါတယ်တဲ့။ သူက စာကလည်း တတ်တယ်။ အပြောကလည်း ကောင်းတယ်။ မဟုတ်တာ၊ မမှန်တာ အကုန်ပြောတတ်တော့ မြန်မာနိုင်ငံမှာ ကြည်ညိုသူ အတော်ပေါသတဲ့။ သူက နိုင်ငံခြားကို လာ၊ လူပေါင်းဆံ့တဲ့သူတွေကို လိုက်ရှာ။ အဲဒီလိုလူတွေကို လိုက်ပေါင်း။ တရားပွဲတွေ ကျင်းပ။ မြန်မာလူမျိုးဆိုတာ အဲ့ဒီအခါက ဗုဒ္ဓဘာသာကို အသည်းစွဲ ကြည်ညိုထောက်ပံ့ကြတယ်တဲ့။ အဲဒီလိုဆိုတော့ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါအားကောင်းမှုကို အသုံးချတာပေါ့ကွယ်။ ဒမိဠကို အားကျပြီး စားပေါက်စားလမ်း ထွင်တဲ့ဘုန်းကြီးတွေလည်း ပေါလာတာပေါ့ကွယ်။ ဒါကလည်း ဒို့ဘာသာ လွှမ်းမိုးဖို့ အခွင့်ကောင်းပေါ့ကွယ်။

အဲဒီခေတ်က ဗုဒ္ဓဘာသာဖြစ်တဲ့ မြန်မာတွေဟာ အလုပ်တွေ အပျက်ခံ၊ ကျောင်းတွေ အပျက်ခံပြီး တရားတွေနာ၊ အလှူတွေလုပ်…စတာတွေနဲ့ အချိန်ကုန်ကြတယ်တဲ့။ စီးပွားရေးသမားကလည်း စီးပွားရေးတွေအပျက်ခံပြီး တရားတွေ နာ၊ တရားတွေ ထိုင်၊ ကျောင်းသားကလည်း ကျောင်းစာမကျက်၊ တရားတွေ ကျက်၊ တရားတွေ နာ။ ဘုန်းကြီး ဝေယျာဝစ္စတွေနဲ့ အချိန်ကုန်။ သူတို့ ဂေါတမဘုရားက လောကီလောကုတ်မျှအောင် အားထုတ်ကြိုးစားဖို့ ဟောထားပေမယ့် ဘုန်းကြီးတွေရဲ့ မြှောက်လုံးပင့်လုံးတွေနဲ့ မြန်မာတွေကလည်း အမြှောက်ကြိုက်၊ အကြွားသန်လူမျိုးဆိုတော့ လူတွေဟာ လောကီကို စိတ်မ၀င်စားဘဲ လောကုတ်ကိုပဲ စိတ်ဝင်စားလာတော့တာပေါ့ကွယ်။

အဲဒီခေတ်အခါက သနားစရာကောင်းတဲ့ မြန်မာတွေဟာ (တစ်နိုင်ငံလုံး အတိုင်းအတာနဲ့) စုတ်ပြတ်သတ်ပြီး စားဝတ်နေရေးက အဆင်မပြေ၊ စာလည်း ကောင်းကောင်းမသင်ရ၊ လူ့အဆင့်အတန်းလည်း မမီ၊ ပိုက်ဆံကလည်း မွဲ၊ အခြေခံရုပ်ဝတ္ထုလေးတောင် မပြည့်စုံတဲ့ မြန်မာတွေဟာ စိတ်ဓာတ်တွေကလည်း ဘယ်မှာ လူဝင်ဆန့်တော့မလဲ။ ဒါပေမယ့် သူတို့ဟာ ဒီအခြေအနေဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းတယ်လို့ သနားစဖွယ် ပြောနေခဲ့ကြသတဲ့ကွယ်။

ဒီတော့ မွဲနေတဲ့ မြန်မာတွေဟာ မွဲပြီးရင်း မွဲကြတယ်တဲ့။ မွဲတော့ ပညာသင်ခွင့်တွေ ဆုံးရှုံး၊ ပညာမတတ်တော့ စိတ်ဓာတ်တွေက အောက်တန်းကျ၊ စိတ်ဓာတ်တွေ အောက်တန်းကျတော့ မွဲ၊ …… ဒီလိုနဲ့ပဲ သံသရာ လည်လာလိုက်တာ။ နောက်ဆုံး ဗုဒ္ဓဘာသာလည်း မြန်မာနိုင်ငံက ကွယ်ပျောက်ခဲ့ရသတဲ့။ မြန်မာနိုင်ငံဆိုတာ အာဖဂန်တို့၊ ပါကစ္စတန်တို့၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့လို ဗုဒ္ဓဘာသာ အကြီးအကျယ် ထွန်းကားခဲ့ဖူးတာပေါ့။

“အမှန်တရားဆိုတာ ကြာကြာ ဖုံးကွယ်ထားလို့ မရ”ဆိုတဲ့ စကားလိုပေါ့၊ ဒို့ရဲ့ မြင့်မြတ်မှန်ကန်တဲ့ ဘုရားသခင်ရဲ့ တရားတော်တွေဟာ အခု ဗုဒ္ဓဘာသာအမှောင်ကို ထွင်းဖောက်ပြီး အလင်းရောင်အောက်မှာ ထွန်းတောက်ခဲ့ရတာပေါ့ကွယ်။ ဒို့ဘုရားသခင့်သာသနာ မြန်မာမှာ လွှမ်းအောင် ဘိုးဘွားတွေ ဘယ်လောက်အားထုတ်ခဲ့ရမလဲဆိုတာ အခု တွေ့နေရတဲ့ ရွှေတိဂုံပြတိုက်ကို ကြည့်ရင် သိမှာပေါ့။ အဲဒီခေတ်က ဗုဒ္ဓဘာသာတွေဟာ အဲဒီရွှေတိဂုံပြတိုက်ကြီးကို နေ့စဉ်လာပြီး ဦးတိုက်ကြသတဲ့။ သမိုင်းအချက်အလက်တွေအရ ဗုဒ္ဓဘာသာ အတော်ထွန်းကားခဲ့တယ်လို့ သိရတယ်။ အခု ရွှေတိဂုံရှေးဟောင်းပြတိုက်ကြီးဟာ အဲဒီခေတ်အခါက ဗုဒ္ဓ္ဓဘာသာကိုးကွယ်သူတွေနဲ့ နေ့စဉ်စည်ကားခဲ့တယ်တဲ့။ 

အာဖဂန်မှာ၊ ပါကစ္စတန်မှာ ဗုဒ္ဓဘာသာဝင်ဆိုတာ ရှာလို့ မရတော့သလိုမျိုး အခုတော့ မြန်မာမှာလည်း ဗုဒ္ဓဘာသာဝင်ဆိုတာ ရှာလို့ မရတော့ဘူးပေါ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ ပုံပြင်လေး ပေါ်ပေါက်တဲ့ ခေတ်ကာလကို သမိုင်းပညာရှင်တွေက ခရစ်နှစ် ၂၁၂၁-ခုနှစ်လို့ မှတ်တမ်းပြုထားပါတယ်။ သမိုင်းဆိုတာ တစ်ယောက်အမြင် တစ်ယောက်မတူတော့ ဒီပုံပြင်လေးကို ၂၁၂၁ လူသားတွေထဲမှာ သဘောမကျသူတွေလည်း ရှိကောင်းရှိပါမယ်။ အမှန်ပြောတာ မကြိုက်တဲ့ လူမျိုးထဲမှာ မြန်မာက ထိပ်ဆုံးမှာ ပါသတဲ့ကွယ်ဆိုတဲ့ စကားလေး ပုံပြောသူက ထည့်မသွားခဲ့ဘူး။

Monday, February 14, 2011

ဘူဂျန်ဗယ်လီသို့ တစ်ခေါက်


မလေးရှားနိုင်ငံမှာ ဟိုးရှေးရှေးတုန်းက ဗုဒ္ဓဘာသာ ထွန်းကားခဲ့တယ်လို့ လူအများ ပြောလေ့ရှိကြတယ်။ ပြောသာပြောနေကြရတာ ဘယ်ကဘယ်လို အထောက်အထားတွေ ရှိတယ်မှန်း မသိခဲ့ဘူး။ ဘယ်မှာ စေတီပုထိုးကြီး ရှိခဲ့တယ်၊ ဘယ်မှာ ဗုဒ္ဓကျောင်းဆောင်တွေရှိခဲ့တယ်လို့ ဆိုနိုင်တဲ့ ထင်ရှားတဲ့ အဆောက်အအုံတွေလည်း မတွေ့ဖူးဘူး။ ၇၊ ၀၂၊ ၂၀၁၁-ခုနှစ်မှာ ထိုင်းနိုင်ငံ၊ လန်းပန်းမြို့၊ ၀ပ်ထာမအိုးကျောင်းဆရာတော်ကြီးနဲ့အတူ ထူးဆန်းတဲ့နေရာတစ်ခုကို သွားခွင့်ကြုံခဲ့ပါတယ်။ ဆရာတော်ကြီးဟာ သက်တော် ၉၂-နှစ်ရှိပြီ ဖြစ်ပေမယ့် လမ်းလျှောက်နေနိုင်ပါသေးတယ်။ ထူးဆန်းတဲ့နေရာဆိုတာကတော့ ပီနန်းမြို့ကနေ ၁-နာရီခန့် ကားစီးသွားရတဲ့ ဘူဂျန်ဗယ်လီ (Bujung Valley) ဆိုတဲ့အရပ်ပါပဲ။

တောတောင်တွေ ထူထပ်တဲ့အရပ်ဒေသလေး ဖြစ်ပါတယ်။ ပြတိုက်ထဲမှာ လျှောက်လည်ကြည့်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀ ခန့်က အပျက်အစီးတွေကို တွေ့ခဲ့ရတယ်။ စာရေးထားတာကတော့ များသောအားဖြင့် ဟိန္ဒူကျောင်း၊ ဟိန္ဒူအထိမ်းအမှတ်…စသည်တွေပဲ များပါတယ်။ လက်တွေ့အဆောက်အအုံဟောင်းတွေကို လိုက်ကြည့်တော့ ဟိန္ဒူကျောင်းထက် ဗုဒ္ဓဘာသာကျောင်း၊ ဗုဒ္ဓဘာသာအဆောက်အုံတွေ၊ စေတီတွေများ ဖြစ်နေမလားလို့ သံသယဖြစ်မိပါတယ်။ ကိုယ်ကလည်း သမိုင်းပညာရှင်မဟုတ်လေတော့ ထူးထူးခြားခြား အကဲမဖြတ်တတ်ပါဘူး။ စိတ်ထဲမှာ ထင်နေတာပဲ ရှိပါတယ်။ စာဖတ်သူတွေလည်း ဓာတ်ပုံတွေ ကြည့်ကြည့်ပေါ့။

အဲဒီ အပျက်အစီးတွေ မှတ်တမ်းမှာ အားလုံးနီးပါးကို ဟိန္ဒူသင်္ကေတတွေလို့ မှတ်တမ်းတင်ထား၊ ကောက်ချက်ချထားတာ များပေမယ့် တစ်ခုကတော့ ဗုဒ္ဓဘာသာ အဆောက်အအုံလို့ ကမ္ဗည်းတင်ထားပါတယ်။ နှစ်ကာလကိုတော့ အေဒီ ၅-ရာစုလို့ သက်မှတ်ပေးထားပါတယ်။ အချို့အပျက်အစီးတွေမှာလည်း နှစ်ကာလသတ်မှတ်တဲ့နေရာမှာ အေဒီ ၄-ရာစုကနေ ၁၂-ရာစုလို့ သတ်မှတ်တာ များပါတယ်။ ဒီတော့ အေဒီ ၅-ရာစုခန့်မှာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာဟာ ခေတ်ပြိုင်ထွန်းကားခဲ့တယ်လို့ ဆိုရမယ်ထင်ပါတယ်။

နောက်များ အချိန်ရရင် မလေးရှားနိုင်ငံ ဗုဒ္ဓဘာသာသမိုင်းလေး ရေးချင်စိတ် ဖြစ်မိပါတယ်။



















Saturday, February 12, 2011

သင့်လက်ထဲက ဘာလဲ၊ ဘာလေးလဲ၊ ဘာလုပ်မှာလဲ


(၁)

အမေရိကမှာရှိတဲ့ တရုတ်တန်းထဲ လမ်းလျှောက်တဲ့သူတိုင်း အိတ်ကြီးတစ်လုံးကို သယ်ဆောင်ထားတဲ့ တုတ်တုတ်ခိုင်ခိုင် လူကြီးတစ်ယောက်ရဲ့ ရုပ်တုကို သတိပြုမိပါလိမ့်မယ်။ တရုတ်ကုန်သည်များက သူ့ကို ပျော်ပျော်နေတတ်တဲ့ တရုတ်ကြီး (Happy Chinaman) သို့မဟုတ် ရယ်မောနေတဲ့ ဗုဒ္ဓလို့ ခေါ်တတ်ကြပါတယ်။ သူဟာ တန်မင်းဆက်မှာ ထင်ရှားခဲ့တဲ့ ဟိုတိုင် (Hotei)လို့ ခေါ်တဲ့သူ ဖြစ်ပါတယ်။ သူက ဇင်းမာစတာကြီးဆိုပေမယ့် သူ့ကိုယ်သူ ဇင်းမာစတာလို့ ခေါ်ကြတာကို မနှစ်သက်ပါဘူး။ သူ့ဘေးမှာ တပည့်သာဝကတွေ ခြံရံနေရင်လည်း သဘောမကျပါဘူး။ ဒါကြောင့် သူဟာ သကြားလုံးတွေ၊ သစ်သီးတွေနဲ့ မုန့်တွေ ထည့်ထားတဲ့ အိတ်ကြီးတစ်လုံးကို သယ်ပြီး လမ်းတကာကို လှည့်လည်သွားပါတယ်။ သူ့ဘေးရောက်လာတဲ့ ကလေးတွေကို ဝေပေးလေ့ရှိပါတယ်။ သူဟာ လမ်းပေါ်မှာ ကလေးသင်တန်းကျောင်း ဖွင့်ထားတဲ့ သူတစ်ယောက်လို့ ဆိုရပါမယ်။

ဇင်းဗုဒ္ဓဘာသာ ကြည်ညိုသူတွေကို တွေ့တဲ့အခါတိုင်း လက်ဖြန့်ပြီး “ပိုက်ဆံလေး တစ်ပဲနိလောက် ပေးပါခင်မျာ”လို့ ဆိုတတ်ပါတယ်။ တစ်ခါက အခြား ဇင်းမာစတာတစ်ဦးက သူနဲ့ လမ်းမှာဆုံတော့ “ဇင်းရဲ့ ထူးခြားချက်က ဘာလဲ”လို့ မေးပါတယ်။ ချက်ချင်းပဲ သူဟာ ပုခုံးပေါ်ထမ်းထားတဲ့ အိတ်ကြီးကို ပစ်ချလိုက်ပါတယ်။ နှုတ်ကတော့ ဘာမှ မဖြေပါဘူး။ ဒီတော့ အခြားဇင်းမာစတာက “ဒီလိုဆို ဇင်းရဲ့ စစ်မှန်မှုက ဘာလဲ”လို့ ထပ်မေးတယ်။ ဟိုတိုင်းဟာ ချက်ချင်းပဲ သူ့အိတ်ကို ပုခုံးပေါ်ထမ်းပြီး ခပ်သွက်သွက်နဲ့ သူ့ခရီး ဆက်သွားပါတော့တယ်။

(၂)

ဘ၀မှာ ဘယ်လို အသက်ရှင်ရမလဲလို့ မေးခွန်းက မေးလို့ မပြီးသေးဘူး၊ ရွေ့လျားနေတဲ့ ကာလဖြစ်စဉ်မှာ အဖြေတွေက မျက်လှည့်ပြပြနေခဲ့တယ်။ တစ်ခုခုကို အဖြေထုတ်လိုက်တိုင်း ထိုအဖြေရဲ့ မရင့်ကျက်၊ မပြည့်စုံမှုကို ခဏချင်းပဲ သိသိနေရတယ်။ ထုတ်လိုက်တဲ့ အဖြေတိုင်းဟာ ကာလဖြစ်စဉ်၊ ဘ၀ဖြစ်စဉ်ထဲက နောက်အဖြေတစ်ခုရဲ့ လှောင်ပြောင်သရော်မှုတွေလည်း ခံနေရတယ်။ ဘယ်အရာမှ မမြဲဘူးဆိုတာ မှန်ကောင်းမှန်နိုင်ပေမယ့် ထိုစကားကို ပြောနေသူမှာ ဖမ်းဆုပ်တွယ်တာမှုတွေ များနေတော့ အနှစ်သာရနဲ့ ဘ၀တွေက ဘယ်လောက်တောင် ကွာဟနေလိုက်သလဲ။

(၃)

အခြေအနေတစ်ခု၊ အကြောင်းတရားတစ်ခု သို့မဟုတ် ထိုထက်ပိုသောအကြောင်းတရားများနဲ့ လူတွေဟာ တစ်နေရာရာမှာ တစ်စုံတစ်ရာကို ဖမ်းဆုပ်တွယ်တာ၊ ကပ်ငြိထားတယ်။ သန်းပေါင်းများစွာသော လူတွေမှာ သူ့အမှန်တရားနဲ့သူ၊ သူ့ဘ၀၊ သူ့အိပ်မက်၊ သူ့အထင်နဲ့သူ ရှိနေကြတယ်။ လူဆယ်ယောက်ရှိတယ်ဆိုရင် အဲဒီထဲက တစ်စုံတစ်ယောက်ဟာ ကိုယ့်ဟာကို ဟုတ်လှပြီ၊ မှန်လှပြီလို့ ထင်လိုက်တာနဲ့ အခြားဆယ်ယောက်အမြင်မှာ အမှားကြီးတစ်ခု ကျူးလွန်နေပြီလို့ သူ့ကို ပြောကြတော့မယ်။

(၄)

ဇင်းဗုဒ္ဓဘာသာ ကမ္ဘာကို ပြန့်ရခြင်းအကြောင်းတရားများတွင် အမြင်ကျယ်မှုနဲ့ တစ်ယူသန်အစွဲ မရှိမှုကြောင့်ဟု ဆိုလျှင် ရနိုင်ကောင်းပါတယ်။ ဇင်းဗုဒ္ဓဘာသာဟာ ထေရ၀ါဒဗုဒ္ဓဘာသာ (အများစု)လို တစ်ယူမသန်၊ အစွဲမကြီး၊ အတ္တမဆန်။ အရာရာကို လက်တွေ့ကျကျတွေးခေါ်ပြီး ဘ၀ထဲကို ပါးပါးနပ်နပ် စိမ့်ဝင်စေသည်ဟု ယူဆမိတယ်။ ထေရ၀ါဒဗုဒ္ဓဘာသာသည် မဟာယာနထက် ပိုမိုမြင့်မြတ်သော လုပ်ဆောင်ချက်နှင့် ကျင့်စဉ်များ မရှိပါဘဲလျှက် မဟာယာနကို အောက်တန်းကျသဖွယ် ပြောဆိုဆက်ဆံနေခြင်းကို အံ့သြမိတယ်။

(၅)

အထက်ပါ အတွေးများက ဟိုတိုင်းရဲ့ ပြုမှုလုပ်ဆောင်ချက်များမှတစ်ဆင့် ပစ္စက္ခအခြေအနေကို မျက်မှောက်ပြုကြည့်ရာမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။ အခြားဗုဒ္ဓဘာသာများက သူကောင်းတယ်၊ ကိုယ်ကောင်းတယ် အငြင်းပွားမှု၊ အထင်သေးမှုများ ကင်းနေချိန်တွင် ထေရ၀ါဒက သူမှသူ ဖြစ်နေခြင်းကို မနှစ်မြို့မိခြင်းပင် ဖြစ်ပါတယ်။ ထေရ၀ါဒအမည်ကလေး ရရုံမျှဖြင့် လူမြင့်မြတ်ကြီး၊ ရဟန်းမြတ်ကြီး ဖြစ်ပြီဟု ထင်နေကြသည်မှာ ရယ်ဖွယ်ပင် ကောင်းနေပါတော့တယ်။ ဇင်းရဲ့ အနှစ်သာရ ထူးခြားချက်က ဘာလဲဆိုတော့ ဟိုတိုင်းက အထုတ်ကို ပစ်ချလိုက်တယ်။

ရုပ်ဝတ္ထုပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်၊ အယူအဆတစ်ခုပဲဖြစ်ဖြစ် စွဲယူစေးကပ်နေမိလျှင် အနှစ်သာရ၏ ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်နေပြီလို့ ယူဆနေမိပါတယ်။

Friday, February 11, 2011

ကိုယ်ရေးအကျဉ်း

၁၉၈၁-ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇-ရက်နေ့တွင် ဖွားမြင်။ အဖ ဦးအောင်၊ အမိ ဒေါ်ဝင်းကြည်။

၁၉၉၅-ခုနှစ်မှ ၂၀၀၁-ခုနှစ်အတွင်း တောင်ငူမြို့၊ ၀ိသုဒ္ဓါရုံမြို့ထောင့်ကျောင်း၊ အုတ်တွင်းမြို့၊ ကန်ကလေးတောရကျောင်း၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗြဟ္မနိမ္မိတာရုံကျောင်းနှင့် ပါဠိတက္ကသိုလ်ညောင်တုန်းကျောင်းတို့တွင် စာပေများ သင်ကြားခဲ့။

၂၀၀၀-ခုနှစ်တွင် ကိုရင်ဘ၀ဖြင့် သီလက္ခ၀ဂ္ဂနှင့် အဋ္ဌသာလိနီ ကျမ်းနှစ်ကျမ်းကို အောင်မြင်ခဲ့။

၂၀၀၁-ခုနှစ်တွင် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်သို့ တက်ရောက်ခွင့်ရခဲ့။ ၂၀၀၇-ခုနှစ်အထိ သာသနာ့တက္ကသီလဓမ္မာစရိယ B. A (Buddhism), သာသနတက္ကသီလမဟာဓမ္မာစရိယ M.A (Buddhism) သင်တန်းများ တက်ရောက်ခဲ့။

တက္ကသိုလ်တက်စဉ် ၆-နှစ်တာ ကာလအတွင်း တတိယဆု တစ်ကြိမ်နှင့် ဒုတိယဆုတစ်ကြိမ်မှ လွဲပြီး အတန်းတိုင်းတွင် ပထမဆု ဆွတ်ခူးခဲ့သော်လည်း ဘွဲ့တစ်ခုမှ မရခဲ့။ တက္ကသိုလ်မှ ဘွဲ့မရဘဲ ထွက်ခဲ့ရသည်ကို ယနေ့အထိ ဂုဏ်ယူလျက်ရှိ။

၂၀၀၂-ခုနှစ်တွင် တက္ကသိုလ်တက်ရင်း ကျန်ရှိနေသော ပါရာဇိကကဏ္ဍကျမ်းကို ၀င်ရောက်ဖြေဆိုရာ အောင်မြင်သဖြင့် သာသနဓဇဓမ္မာစရိယဘွဲ့ကို ရရှိခဲ့။ ၂၀၀၈-ခုနှစ်တွင် သီရိလင်္ကာသို့ ပညာသင် သွားရောက်ခဲ့။ ကေလနိယတက္ကသိုလ်မှ The Critical Study of Patience in Buddhism စာတမ်းကို ပြုစုပြီး M.A ဘွဲ့ ရရှိခဲ့။

၂၀၁၀-ခုနှစ်တွင် ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်း စာအုပ် ထုတ်ဝေခဲ့။ အရှင်ကုသလသာမိ၊ ဆူး၊ ၀င်းကြည်အောင်၊ လွင်ပြင်ရိုင်း၊ ပြည်ချစ်ဘုန်းဘုန်းနှင့် အတည်မဲ့ဟူသော ကလောင်များဖြင့် စာပေများ ရေးသားလျက်ရှိ။


ယခုအခါ “ဓမ္မစကူးလ်ဖောင်ဒေးရှင်း”တွင် သင်ရိုးစီမံအဖွဲ့ဝင်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံဓမ္မစကူးလ်များ ဖြစ်မြောက်ရေးအတွက် ၀ိုင်းဝန်းကူညီလျက်ရှိ။