Wednesday, July 1, 2009

အဓိပ္ပာယ်ရှိသော နာကျင်ခြင်း



နာကျင်ခြင်းမှာ ကိုယ်၏ နာကျင်ခြင်း၊ စိတ်၏ နာကျင်ခြင်းလို့ နှစ်မျိုးရှိပါတယ်။ လောကလူသားတို့မှာ ဘယ်နာကျင်ခြင်းကိုမှ မလိုချင်ကြ။ လူတိုင်း နာမှာ ကြောက်ကြပါတယ်။ နာကျင်မှုကို ရှောင်ကွင်းလိုကြတယ်။ နေပူလျှင် အပူလောင်ခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုကို ကြောက်သောကြောင့် ထီးစသည်ကို ယူဆောင်သွားတတ်ကြတယ်။ မိုးရွာလျှင် အအေးဒဏ်ကြောင့်ဖြစ်သော နာကျင်မှုကို ကြောက်သောကြောင့် ထီးစသည်ကို ဆောင်ထားတတ်ကြတယ်။။ တောထဲသွားလျှင် တောရိုင်း၊ တိရစ္ဆာန်များ၊ မြွေစသော သတ္တ၀ါများ ကိုက်ဖြတ်ခြင်းကြောင့်ဖြစ်သော နာကျင်မှုကို ကြောက်သောကြောင့် တုတ်၊ ဓားစသည်ကို ယူဆောင်သွားကြတယ်။ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ် တတ်နိုင်သမျှ နာကျင်မှုကင်းအောင် အားထုတ်ကြပါတယ်။ ဒါပေမယ့် လောကမှာ အဓိပ္ပာယ်ရှိတဲ့ နာကျင်မှုလေးတွေကလဲ အံ့သြဖွယ်ရာ တည်ရှိနေပါတယ်။

နာကျင်မှုအကြောင်း စဉ်းစားရင်း လူငယ်တစ်ဦး ပြောလိုက်တဲ့စကားကို သွားအမှတ်ရမိပါတယ်။ “ဒီတစ်ခါ ပါးရိုက်ခံရတာတော့ တန်တယ်ကွာ”ဟူ၍တည်း။ လူငယ်တို့ ထုံးစံအတိုင်း ကောင်လေးက ကောင်မလေးကို ချစ်တယ်လို့ ပြော၊ ကောင်မလေးက မကြိုက်တော့ ပါးရိုက်။ ပါးရိုက်ပြီးမှ သနားပြီး ကောင်းလေးကို ကြိုက်။ ဇာတ်လမ်းက အဲဒီလို ဖြစ်ပုံရပါတယ်။ ဒါကြောင့် ပါးရိုက်ခံရတာကို ပျော်ပျော်ကြီး ပြောနေနိုင်တာပေါ့။ ဘာပဲဖြစ်ဖြစ် အဆိုပါ လူငယ်အတွက်တော့ ပါးရိုက်ခံရလို့ နာတာဟာ သူ့အတွက် အဓိပ္ပာယ်ရှိသော နာကျင်ခြင်းပဲပေါ့။


နာကျင်မှုဆိုတာ သဘာဝအားဖြင့် ဘယ်သူမှ မလိုချင်ကြပေမယ့် တစ်စုံတစ်ရာ တန်ရာတန်ကြေးရမယ်ဆိုလျှင်တော့ နာကျင်ရကျိုးနပ်တယ်လို့ ဆိုတတ်ကြပါတယ်။ ထောင်မြင် ရာစွန့်ဆိုတာလဲ စွန့်လွှတ်ရခြင်းဆိုတဲ့ နာကျင်မှုနဲ့ စခဲ့ရတာပဲ မဟုတ်လား။ အဲဒီတော့ ကောက်ချက်ချလို့ ရတာတစ်ခုက နာကျင်မှုဆိုတာ အမှန်အားဖြင့် စိတ်နဲ့ပဲ သက်ဆိုင်တယ်လို့ ဆိုရတော့မှာပါ။ ဘယ်လောက်ပဲနာနာ စိတ်က ကျေကျေနပ်နပ်ကြီးဖြစ်နေရင် အဲဒီအနေအထားကို နာကျင်တယ်လို့ ပြောရတာ ခပ်ခက်ခက်ရယ်။
ဗုဒ္ဓမြတ်စွာဘုရား ဘုရားမဖြစ်ခင်က စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လုပ်ခဲ့ရတယ်။ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လေ့လာသိရှိရတာဟာ လက်တွေ့ခံရသူအလောင်းတော် မဆိုထားနဲ့ ဘေးကနေရတဲ့ စာရေးသူတို့တောင် တော်တော်ကို ထိထိရှရှ ခံစားရပါတယ်။

ဘုရားလောင်းယုန်မင်းဇာတ်တော်မှာ ဘုရားအလောင်း ယုန်လေးဟာ မိမိရဲ့ ခန္ဓာကိုယ်ကိုတောင် စွန့်လွှတ်ပြီး နာကျင်မှုတွေကို အဓိပ္ပာယ်ရှိအောင် လုပ်ခဲ့ပါတယ်။ အလောင်တော်ရဲ့ အချို့ဘ၀တွေမှာဆိုရင် မိမိရဲ့ လက်ခြေ၊ အင်္ဂါတို့ကို စွန့်လွှတ်တဲ့အပြင် အသက်ကိုတောင် မငဲ့မကွက်ဘဲ စွန့်လှူခဲ့ဖူးပါတယ်။ အလောင်းတော်ရဲ့ ဗျာဒိတ်ခံဘ၀မှာတောင် နာကျင်ရုံမကလို့ အသက်ပင်သေသေဆိုတဲ့ စိတ်နဲ့ ဒီပင်္ကရာဘုရားရှင်နဲ့ သံဃာတော်များ ရွံ့မပေအောင် မိမိခန္ဓာကို တံတားအဖြစ် ထိုးခင်းပေးခဲ့ဖူးပါတယ်။ ဒါတွေဟာ အလွန်ကို နာကျင်စရာ ကောင်းပါတဲ့ဖြစ်ရပ်တွေလို့ ဆိုနိုင်ပါတယ်။ ဘုရားလောင်းကတော့ နာကျင်စရာဖြစ်ပေမယ့် နာကျင်မှုရယ်လို့ မသတ်မှတ်တော့ပါဘူး။ နာကျင်မှု ခံစားရပေမယ့် သူ့အတွက်တော့ အဓိပ္ပာယ်တွေ များစွာရှိနေတာ အသေအချာပါပဲ။

အေးချမ်းမေ သီချင်းတွေ ခေတ်စားတဲ့အခါတုန်းက မှုခင်းဂျာနယ်ထဲမှာလို့ ထင်ပါတယ်။ အဖြစ်အပျက်လေးတစ်ခုက သင်္ခန်းစာယူစရာအတော်ကောင်းပါတယ်။ လူငယ်တစ်ဦးက အေးချမ်းမေရဲ့ပုံလေးကို ထုတ်ကြည့်တယ်လို့ ဆိုပါတယ်။ အဲဒါကို ဘေးမှာရောက်လာတဲ့ နောက်လူငယ်တစ်ဦးက ခဏကြည့်ချင်လို့ဆိုပြီးတောင်းပြီး ပြန်မပေးလို့ လူငယ်အချင်းချင်း စကားများကြရာက ဓားထိုးမှုဖြစ်သတဲ့။ ဓားထိုးခံရသူလူငယ် ဆုံးပါးသွားတယ်လို့ ထင်ပါတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ ဘာပဲဖြစ်ဖြစ် လူငယ်နှစ်ဦးစလုံး နာကျင်ခဲ့ရတယ်။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ဖြစ်ခဲ့ရတဲ့ ဒီနာကျင်မှုဟာ သေးသေးမွှားမွှား နာကျင်မှု မဟုတ်ခဲ့ပါဘူး။ ဒီနာကျင်မှုက ဘယ်သူ့အတွက် ဘယ်လောက်ထိ အဓိပ္ပာယ်ရှိခဲ့သလဲ။

နောက်မှုခင်းတစ်ခု ရှိသေးတယ်။ ဒါကတော့ အရက်ဝိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မကြာခဏကြားနေရတဲ့ အဖြစ်အပျက်ပါ။ တစ်နေ့ သောက်နေကျ အရက်သမားတွေ ၀ိုင်းဖွဲ့ပြီး အရက်သောက်နေသတဲ့။ အဲဒီအချိန်မှာ အရက်သမားတစ်ယောက် ခွက်ကျော်သောက်မိရာက စပြီး ပြဿနာတွေ အကြီးအကျယ်တက်တာ နောက်ဆုံး ဓားထိုးမှုဖြစ်ပြီး သေဆုံးရတဲ့အထိပါပဲ။ ဒါကတော့ အရက်သမားတွေမို့ဖြစ်တာလို့ ပြောမယ်ဆိုလဲ ပြောလို့ရပါတယ်။ ဒါပေမယ့် ဖြစ်လာတဲ့အကျိုးဆက်က အသက်ပါဆုံးရှုံးခဲ့ရတယ်ဆိုတော့ သာမန်ကာလျှံကာတော့ မယူဆသင့်ဘူး။ စခဲ့တဲ့ပြဿနာက ဘာမဟုတ်တဲ့ကိစ္စလေး။ ဒါပေမယ့် ရလာတဲ့ နာကျင်မှုတော့ မိမိအနှစ်သက်ဆုံး အသက်ကိုပေးရတဲ့ နာကျင်မှု။ ဒီနာကျင်မှုက သူ့တစ်ယောက်ထဲနဲ့တင် မပြီးဘူး။ သူ့ရဲ့မိဘတွေ၊ ဇနီးသားသမီးတွေပါ နာကျင်ရတော့တယ်။ ဒီနာကျင်မှုကရော ဘယ်လောက်ထိ အဓိပ္ပာယ်ရှိခဲ့သလဲ။

စာရေးသူ သီရိလင်္ကာနိုင်ငံရဲ့ ရွာလေးမှာ အေးအေးချမ်းချမ်း သွားနေတဲ့အခါတုန်းက ကျောင်းကို အရက်သမားကြီးတစ်ဦးရောက်လာတယ်။ ပါးမှာရော၊ မုတ်ဆိတ်မှာပါ အမွေးတွေက ကိုးရိုးကားရာနိုင်လွန်းလှတယ်။ (ကုလားမို့လို့ မုတ်ဆိတ်ရှိနေတဲ့သဘော မဟုတ်ပါဘူး)။ သူ့ကို အရက်မသောက်ဖို့ ပြောကြည့်တော့ သူက သူအရက်သောက်ရတဲ့အကြောင်းကို လွမ်းမောဖွယ်ဖြစ်အောင် ပြောပြပါတယ်။ သူက တစ်ခြားရွာကပါ။ အသက် နှစ်ဆယ့်ငါးနှစ်မှာ အိမ်ထောင်ကျတယ်။ သားသမီး သုံးယောက်ရှိတယ်။ သူယူထားတဲ့အမျိုးသမီးက အရမ်းချောတယ်လို့ ဆိုပါတယ်။ သူတို့ လက်ထက်ကြတော့ စီးပွားရေးကတော့ သိပ်မကောင်းခဲ့ဘူးလို့ ဆိုပါတယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက် ချစ်စရာသာသမီးတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်နိုင်လိုက်ကြတယ်။

သူ့အသက် သုံးဆယ့်ငါးနှစ်မှာ တစ်ခြားမိန်းကလေးတစ်ဦးနဲ့ ဖောက်ပြန်မိကြရာနေ အိမ်ထောင်ကွဲခဲ့ရတယ်။ နောက်ပိုင်း အသိတရားရလာတော့ သားသမီးတွေကလဲ လက်မခံ၊ မယားကလဲ လက်မခံနဲ့၊ ဒီဘ၀မှာ ဖြစ်သလို နေရကြောင်း ပြောပြပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရင်ထဲမှာ လက်ရှိခံစားနေရတဲ့ နာကျင်မှုကတော့ မသေးလှဘူး။ ယနေ့ ကမ္ဘာမှာတော့ ဒီဖြစ်အင်တွေက ပိုပိုပြီး များလာနေတယ်။ လင်မယားဖောက်ပြန်မှုတွေများလာသလောက် အချိန်တန်ရင် မလွဲမသွေ ရရှိလာခဲ့တဲ့ နာကျင်မှုတွေကလဲ မနည်းလှပါဘူး။ ဒီကိစ္စမျိုးမှာ နာကျင်မှုနဲ့ထိုက်တန်တဲ့ရလာဒ်မျိုး ရခဲ့တယ်လို့ ဘယ်သူမှ ပြောနိုင်လိမ့်မှာမဟုတ်ဘူး။ အသိဉာဏ်ခေါင်းပါးသူတွေကတော့ တဒင်္ဂပျော်ရွှင်မှုတွေကို လက်ညှိုးထိုးပြကြပါလိမ့်မယ်။

မိမိတို့ဟာ လူရယ်လို့ ဖြစ်လာပြီးတဲ့အတွက် နာကျင်မှုတစ်မျိုးမျိုးကိုတော့ ခံစားကြရမှာ မလွဲပါဘူး။ ဒါပေမယ့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုတွေကို အဓိပ္ပာယ်ရှိသောနာကျင်မှုဖြစ်စေဖို့ကျတော့ အသိဉာဏ်အပေါ်မှာ အများကြီး မူတည်သွားပါပြီ။ နာကျင်မှုကို မိမိ၊ သူတစ်ပါးကောင်းကျိုးဆိုတဲ့ ရလာဒ်အဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိအောင် အားထုတ်သင့်ပါတယ်။
နာကျင်မှုကို ဘ၀လွတ်မြောက်မှုအဖြစ် အသုံးချသွားနိုင်ခဲ့တဲ့ ရဟန်းတော်တစ်ပါးအကြောင်းကို ဖတ်ရတော့ လေးစားမိပါတယ်။ တရားအားထုတ်နေစဉ်အတွင်းမှာ ကျားဆွဲခံလိုက်ရတယ်။ မလွတ်မြောက်နိုင်တော့တဲ့ အန္တရာယ်ကို ပျာယာခပ်ပြီး ကြောက်စိတ်မွှန်မနေတော့ဘဲ နာကျင်တာကို အရှုခံအာရုံအဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။ ကျားက ခြေထောက်ကနေ စစားရင်းစားရင်းနဲ့ နှလုံးသားကို စားလုစားခင်၊ အသက်မထွက်ခင်လေးမှာ ဘ၀လွတ်မြောက်မှု ရရှိသွားခဲ့ပါတယ်။ ဘယ်လောက်အဓိပ္ပာယ်ပြည့်ဝတဲ့ နာကျင်မှုလဲ။ စဉ်းစားကြည့်တာနဲ့တင် ကြက်သီးထဖွယ်ကောင်းသလို သူ့ရဲ့ နာကျင်မှုအပေါ်အသုံးချသွားနိုင်စွမ်းကလဲ အားကျစရာ၊ ကြည်ညိုစရာ ကောင်းလှပါတယ်။

တရားအားထုတ်ရာမှာလဲ နာကျင်မှုဝေဒနာတွေဟာ မခေါ်ဘဲနှင့် ရောက်ရောက်လာတတ်ပါတယ်။ အဲဒီနာကျင်မှုတွေမှာတော့ အဓိပ္ပာယ်တွေရှိတယ်။ သူ့မှာ ချိုမြတဲ့အသီးအပွင့်တွေ ရှိတယ်။ တရားအားထုတ်တယ်ဆိုတာ ဣရိယာပုထ်ကို မပြင်ဘဲ ကြာရှည်ထားတဲ့အတွက် ညောင်းညာကိုက်ခဲမှုဝေဒနာတွေက မလွဲမသွေ ဖြစ်ပေါ်လာတတ်ပါတယ်။ နာကျင်မှုဖြစ်တိုင်းသာ နေရာရွှေ့ပြောင်းလဲနေရရင်လဲ သမာဓိက တည်ဖို့ မလွယ်ပြန်ပါဘူး။ ဒါကြောင့် ဒီနာကျင်မှုတွေကို အာရုံထားပြီး ရှုမှတ်ပစ်ရပါတယ်။
မြေဇင်းဆရာတော်ဘုရားကြီးရဲ့ ဒဿနပါရဂူကျမ်းမှာ အားကျစရာကောင်းတဲ့ ယောဂီတွေအကြောင်းကို ဖတ်ရပါတယ်။ တစ်ချို့ယောဂီတွေဆိုရင် ရောဂါမျိုးစုံခံစားနေရတဲ့သူတွေပါ။ တစ်ချို့ဆိုရင် ထိုင်တောင်မထိုင်နိုင်တဲ့ အနေအထားရှိပါတယ်။ တရားအားထုတ်စမှာ ဖော်မပြနိုင်လောက်တဲ့ နာကျင်မှုမျိုးတွေ ခံစားကြရပေမယ့် ကြာရှည်သီးခံရှုမှတ်လိုက်တော့ သုံးနာရီ၊ လေးနာရီ ဣရိယာပုထ်မပြောင်းဘဲ ထိုင်နိုင်သွားပြီး ၀ိပဿနာအသီးအပွင့်တွေလဲ ခံစားသွားခဲ့ကြရတယ်။

ဝိပဿနာအားထုတ်တယ်ဆိုတာကိုက နာကျင်မှုဒုက္ခဝေဒနာတွေနဲ့ အလွန်နီးစပ်ပြီး သုခနဲ့ အလွန်းဝေးတယ်လို့ ဆိုပါတယ်။ အားထုတ်ဆဲ ဉာဏ်အမြင် မရင့်သန်ခင်ကာလကို ဆိုလိုတာပါ။ နောက်ပိုင်း အားထုတ်မှုကောင်းလာတဲ့အခါမှာတော့ ဒုက္ခဿ အနန္တရံ သုခံ ဆိုတဲ့အတိုင်း နာကျင်မှုတွေရဲ့အဆုံးမှာ ချမ်းသာသုခကို ရရှိတော့တာပဲ။ ၀ိပဿနာအားထုတ်ပြီး နာကျင်မှုကို သီးခံတယ်ဆိုတာ အဓိပ္ပာယ်ရှိသော နာကျင်ခြင်းဖြစ်လို့ပါပဲ။ မိမိတို့ရဲ့ နေ့စဉ်ဘ၀မှာလဲ နာကျင်စရာတွေက တစ်ခုပြီးတစ်ခု ရင်ဆိုင်ကြုံတွေ့လာရတတ်ပါတယ်။ ရှောင်ကွင်းလို့ မရနိုင်တဲ့ နာကျင်စရာများကို အော်ဟစ်ငြီးငြူနေမယ့်အစား အဓိပ္ပာယ်ရှိသောနာကျင်ခြင်းဖြစ်အောင် အားထုတ်သင့်ကြပါတယ်။

ငါကိုယ်တိုင်ရော အဓိပ္ပာယ်မဲ့တဲ့ နာကျင်မှုတွေကို ခံစားရင်း ဘ၀ရဲ့ လှပသောနေ့ရက်များကို ဖြုန်းတီးပစ်ခဲ့ဖူးသလားရယ်လို့ ကိုယ့်ကိုကိုယ် တိုးတိုးလေး မေးနေဖြစ်ပါတယ်။ နာကျင်မှုတွေ ခံစားရမှာ သေချာပေမယ့် အမျိုးဘာသာသာသနာအတွက် အဓိပ္ပာယ်တွေ ရှိနေတာ သေချာရင်တော့ ဒီသမိုင်း မရိုင်းရအောင် ငါတို့တွေ ဘာလုပ်သင့်သလဲ....။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails