A Buddhist Meditation Teacher and lecturer in Goethe Frankfurt University. Now living in Frankfurt, Germany. A founder of Dhammachaya Buddhist Center, Denmark.
Sunday, January 19, 2014
မျိုးစောင့်ဥပဒေနှင့်လူ့အခွင့်အရေး
ဒီအကြောင်းကို ရေးဖို့ စိတ်ထဲမှာ ရှိနေခဲ့တာ ကြာပြီ။ ဒါပေမဲ့ မရေးဖြစ်ခဲ့ဘူး။ ရေးမယ်လုပ်လိုက်၊ မရေးတော့ဘူးဖြစ်လိုက်နဲ့ အချိန်အတော်ကြာသွားခဲ့တယ်။ အရင်တုန်းကတော့ အကြောင်းအရာတစ်ခုခုကို ချရေးတော့မယ်ဆိုရင် ရှေ့မကြည့်၊ နောက်မကြည့်၊ ရေးပစ်လိုက်တာပဲ။ မရေးဖြစ်တဲ့အကြောင်းတွေထဲမှာ တစ်ခုကတော့ နောင်တော်ကြီးအချို့ရဲ့ မှတ်ချက်တွေကြောင့်လည်း ပါသလို ကိုယ်ကိုယ်တိုင်ကလည်း ဂဃနဏ မသိသေးတာကြောင့်လည်း ပါပါတယ်။ နောင်တော်ကြီးတစ်ပါးက ပြောတယ်။ “မအောင်မြင်သေးခင်မှာ ရန်သူမများစေနဲ့”တဲ့။ သူဆိုရင် “သူတစ်ပါး စိတ်အနှောက်အယှက်ဖြစ်မှာ၊ အချို့သူတွေ ဝမ်းသာမှာဖြစ်ပေမဲ့ အချို့သူတွေ ငြိုငြင်မယ့်စာမျိုးကို မရေးသေးဘူး။ အောင်မြင်တဲ့တစ်ချိန်ကျမှ ပြောမယ်”လို့ တေးထားတာတဲ့။ ဘာပဲဖြစ်ဖြစ် အခုတော့ ရေးဖြစ်သွားခဲ့ပြန်ပြီ။
မျိုးစောင့်ဥပဒေဆိုပြီး ဆရာတော်ဦးဆေကိန္ဒကျောင်း၊ သံဃာ့ညီလာခံကနေ စတင်ကြားခဲ့ရတယ်။ သူငယ်ချင်းတွေနဲ့ ပြောဖြစ်ကြတော့ “ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးအတွက် လုပ်တာတော့ ဟုတ်ပါတယ်၊ လုပ်ငန်းစဉ်(procedure)ကတော့ မှားနေတယ်၊ ဘုန်းကြီးတွေဆီကနေ မထွက်ဘဲ အမျိုးသမီးအသင်းအဖွဲ့တွေကနေ ဒီကိစ္စအရင် ထွက်လာရင် သိပ်ကောင်းမှာပဲ”စသဖြင့် တစ်ဦးက ဝေဖန်တယ်။ လုပ်ငန်းစဉ်အဆင့်ဆင့် မှားခဲ့တယ်။ ထင်တဲ့အတိုင်းပဲ အသံတွေ မျိုးစုံ ထွက်လာခဲ့တယ်။ ဒေါ်ဇင်မာအောင် စတဲ့ အမျိုးသမီးတွေကရော၊ အခြားအမျိုးသမီးအဖွဲ့အစည်းတွေကပါ ဝေဖန်လာကြတယ်။ ဝေဖန်တာရိုးရိုးဆိုရင်၊ အချက်အလက်နဲ့ သေချာဝေဖန်ထောက်ပြရင် ကိစ္စမရှိဘူး၊ အခုဟာက ဘုန်းကြီးတွေ ဘာမှ နားမလည်ဘဲ လူကိစ္စတွေကို မဆီမဆိုင် လာလုပ်နေတယ်ဆိုတဲ့ သဘောမျိုးထိ ဝေဖန်ပြောဆိုလာကြတယ်။ ဒီကြားထဲ အများလေးစားရတဲ့ ဒေါ်ဇီးကွက်လိုပုဂ္ဂိုလ်မျိုးကလည်း အကျိုးအကြောင်းကို သေချာမလေ့လာဘဲ၊ ဆရာတော်များရဲ့စေတနာနဲ့ ရည်ရွယ်ချက်ကို ထည့်သွင်းမစဉ်းစားဘဲနဲ့ ပြစ်တင်ပြောဆိုလာပြန်တော့ ဇာတ်ရှိန်က ပိုမြင့်သွားခဲ့တယ်။
ဇာတ်ရှိန်မြင့်လာတဲ့အချိန်မှာ လေးစားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကပါ လူ့အခွင့်အရေးနဲ့ကိုင်ပြီး ပြောဆိုလာတယ်။ အဲဒီမှာ အသံတွေက ဆူညံလာတော့တယ်။ သံဃာတွေနဲ့အမျိုးဘာသာအရေး အလေးထားတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပြလာတဲ့အခါ မြန်မာနိုင်ငံဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုက ကြီးမားကျယ်ပြန့်လေတော့ တိုက်ပွဲက ပြင်းထန်သွားတော့တယ်။ အကြောင်းအရာနဲ့အနှစ်သာရအပေါ် ငြင်းခုံဆွေးနွေးခြင်း မဟုတ်တော့ဘဲ ပုဂ္ဂိုလ်ရေးအားပြိုင်မှု၊ အဖွဲ့အစည်းအားပြိုင်မှုအခြေအနေတွေထိ ဖြစ်လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ဘင်္ဂါလီအရေးနဲ့အစ္စလာမ်ဘာသာနဲ့ ပတ်သက်ရင် ပြတ်သားမှု မရှိဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်လာခဲ့တယ်။
ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည် ပြောတာကနည်းနည်းရယ်၊ သူ့နောက်က သံယောင်လိုက်သူတွေက ရိုင်းရိုင်းစိုင်းစိုင်းတွေပါ ပြောလာကြတယ်။ နီးစပ်ရာလည်း ပြောဆိုဝေဖန်ကြ၊ စာနယ်ဇင်းတွေကလည်း ဝေဖန်ရေးသားကြ၊ အခမ်းအနားတွေကနေလည်း ပြောကြတဲ့အထိ ဖြစ်လာတယ်။ အခမ်းအနားတစ်ခုမှာ တော်ဝင်နှင်းဆီဦးစိုးညွန့်ကဆိုရင် “ခွေးက ခွေးအလုပ်လုပ်၊ နွားက နွားအလုပ်လုပ်၊ လူက လူအလုပ်လုပ်၊ ကိုယ့်အလုပ်ကို မလုပ်ရင် ဘာဖြစ်သွားမလဲ”စသဖြင့် ရိုင်းရိုင်းစိုင်းစိုင်းကို စော်ကားပြောဆိုရဲတဲ့အထိ ဖြစ်လာတယ်။ ဒီလောက်ထိ သံဃာတော်တွေ၊ ဆရာတော်တွေကိုတောင် ပစ်မှားတဲ့စကားတွေ ပြောတာကို အောက်က လူ့အခွင့်အရေးသမားဆိုသူတွေက လက်ခုပ်တဖြောင်းဖြောင်းနဲ့ သဘောကို ကျလို့။ ဘုရား … ဘုရား …။ ဘုရား တမိပါရဲ့။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း “လူ့အခွင့်အရေး”ဆိုတဲ့စကားနဲ့ “နိုင်ငံတကာ”ဆိုတဲ့စကားလုံးနှစ်လုံးကို တွင်တွင်သုံးပြီး ခုခံကာကွယ်တယ်။ တစ်ဖက်က ဝေဖန်သူတွေကလည်း စာရွက်ထဲက လူ့အခွင့်အရေးနဲ့ ကမ္ဘာမှာကျင့်သုံးနေတဲ့ လူ့အခွင့်အရေးကို နှိုင်းယှဉ်ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဝေဖန်ပြတယ်။ “လူ့အခွင့်အရေးကြေညာစာတမ်းအတိုင်း နိုင်ငံတကာက လက်ခံကျင့်သုံးကြပါသလား၊ နိုင်ငံတကာဆိုတာ ဘယ်နိုင်ငံတွေကို ပြောတာလဲ”လို့လည်း မေးခွန်းထုတ်ကြတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် စာရေးသူ မျက်စိလည်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ မညီဘူးလို့ လေးစားရတဲ့ ခေါင်းဆောင်က ပြောလိုက်တော့ စိတ်ထဲမှာ ပိုရှုပ်ထွေးသွားရတယ်။ “ဆရာတော်တွေက ဘယ်သူ့အခွင့်အရေးကို ပိတ်ပင်နေလို့လဲ၊ ဘယ်သူ့ကို အကြမ်းဖက်စော်ကားနေလို့လဲ”။ မေးခွန်းတွေက တစ်သီတစ်တန်းကြီး ထွက်လာတယ်။ ဒါနဲ့ အမေရိကန်၊ နော်ဝေ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေက အခြေခံဥပဒေတွေကို လေ့လာကြည့်မိတယ်။ မြန်မာနိုင်ငံက ဘာသာရေးဆိုင်ရာ ဥပဒေတွေကို လက်လှမ်းမီသလောက် လေ့လာကြည့်တယ်။
အဲဒီလို လေ့လာလိုက်တဲ့အခါမှာတော့ ရှုပ်ထွေးနေတာတွေ ရှင်းလင်းသွားခဲ့တယ်။ ဥပမာလေးနဲ့ ပြောချင်တယ်။ ဒေသတစ်ခုမှာ ရွာ(၄)ရွာ ရှိတယ်။ အဲဒီထဲက ရွာ(၃)ရွာကတော့ သူတို့ရပ်ရွာတည်ငြိမ်ရေး၊ တည်တံ့ရေးအတွက် စည်းမျဉ်းဥပဒေသတွေ ချမှတ်ထားကြတယ်။ ရွာ(၁)ရွာမှာတော့ အဲဒီစည်းမျဉ်းဥပဒေသမျိုး မရှိဘူး။ ဒီလိုပဲ နှစ်ပေါင်းကြာလာတဲ့အခါမှာ စည်းမျဉ်းမရှိတဲ့ရွာဟာ အသိအမြင်တွေ ပွင့်လာပြီး နစ်နာမှုတွေ များလာတာတွေ့တော့ အခြားရွာ(၃)ရွာလို စည်းမျဉ်းဥပဒေရှိချင်လာတယ်။ ဒီလိုနဲ့ အခြားရွာတွေလိုပဲ စည်းမျဉ်းရေးဆွဲဖို့ အကြံပြုလာကြတယ်။ ဒါကို အခြားရွာ(၃)ရွာက အချို့ပုဂ္ဂိုလ်တွေက “ဒီစည်းမျဉ်းမရှိသေးတဲ့ရွာသာ သူတို့လို စည်းမျဉ်းဥပဒေရှိလာရင် ……”လို့ သူတို့နစ်နာနိုင်တာကို တွေးမိပြီး စည်းမျဉ်းဥပဒေပေါ်ပေါက်မလာရေး အမျိုးမျိုးလုပ်ဆောင်ကြတယ်။ ဒီဥပမာကို ကြည့်မယ်။ စည်းမျဉ်းဥပဒေမရှိသေးတဲ့ ရွာမှာ အပြစ်ရှိပါသလား။ သူတို့ရွာတွေမှာတော့ စည်းမျဉ်းဥပဒေ ထားရှိပြီး အခြားသူတွေ လုပ်လာတော့ “မတရားဘူး၊ မမျှတဘူး”လို့ ပြောတာ လက်ခံနိုင်စရာ ဖြစ်ပါသလား။ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ စွပ်စွဲလို့ ရနိုင်ပါသလား။
မျိုးစောင့်ဥပဒေကို အကောင်အထည်ပေါ်စေချင်တဲ့ ဆရာတော်များမှာလည်း ဥပဒေမရှိလို့ ထိခိုက်နစ်နာရတဲ့ အဖြစ်အပျက်တွေ မြောက်မြားစွာ ရှိနေပါတယ်။ ဒီလို ထိခိုက်နစ်နာမှုတွေ နောင်မဖြစ်ရလေအောင်ဆိုတဲ့ စေတနာရည်ရွယ်ချက်နဲ့ ကိုယ့်ဘာသာကို ကာကွယ်တဲ့ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တစ်ဦးဟာ အခြားဘာသာနဲ့ တရားဝင်လက်ထပ်လို့ မရနိုင်ဘူး။ မွတ်စလင်ကလည်း မွတ်စလင်ဖြစ်မှ လက်ထပ်နိုင်တယ်။ ခရစ်ယာန်ကလည်း ခရစ်ယာန်ထုံးတမ်းစဉ်လာနဲ့ပဲ လက်ထပ်နိုင်တယ်။ ဒီဘာသာကြီးသုံးခုရဲ့ဥပဒေတွေဟာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၆)က အရွယ်ရောက်တဲ့သူတိုင်း ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ လွတ်လပ်စွာ ပေါင်းသင်းနေထိုင်ခွင့်ရှိသည် …. ဆိုတဲ့အချက်ကို ဖောက်ဖျက်လွန်ကျူးထားကြတယ်။ အဲဒီဥပဒေတွေကိုတော့ လူ့အခွင့်အရေးနဲ့မညီဘူး၊ ဘာညာ မပြောဘဲ ဆရာတော်တွေက ဗုဒ္ဓဘာသာမှာလည်း အဲဒီလို ဥပဒေရှိဖို့သင့်တယ်ဆိုတော့ ဘာသာရေးအစွန်းရောက်တွေ၊ အကြမ်းဖက်အားပေးတွေလို့ လူ့အခွင့်အရေးသမားတွေက စွပ်စွဲနေကြပါရောလား။ ဆရာတော်တွေနဲ့အမျိုးဘာသာကို တန်ဖိုးထားတဲ့သူတွေကလည်း အခြားဘာသာတွေ အဲဒီလို ဥပဒေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိစေချင်ရုံသက်သက်ပါ။ ဘာအကြမ်းဖက်မှု၊ ဘာလူမျိုးရေးပြဿနာတွေကိုမှ ဖန်တီးနေတာ မဟုတ်ဘူး။
ဆရာတော်တွေနဲ့အမျိုးဘာသာကို တန်ဖိုးထားတဲ့သူတွေ လုပ်နေတာ “လူ့အခွင့်အရေး”နဲ့ မညီဘူးလား။ ဒါဆိုရင် အဲဒီလို ပြဋ္ဌာန်းထားတဲ့ အခြားဘာသာတွေရဲ့ ဥပဒေတွေကရော ညီနေပါသလားလို့ မေးခွန်းထုတ်ဖို့ မသင့်ဘူးလား။ ဆရာတော်ဒေါက်တာဓမ္မပိယ မိန့်ကြားတဲ့ “အခြားဘာသာတွေရဲ့ ရှိပြီးသား ဥပဒေတွေ ပယ်ဖျက်ပေးမလား၊ ကိုယ့်ဗုဒ္ဓဘာသာအတွက် ထပ်မံပြဋ္ဌာန်းပေးမလား၊ ဒီမေးခွန်းနှစ်ခုအနက် တစ်ခုခုကို လုပ်ရမှာပဲ။ ဒါ မညီမျှဘူး၊ မမျှတဘူး ဖြစ်နေတယ်လေ။ လူ့အခွင့်အရေး ရှုထောင့်ကပဲ ကြည့်စမ်းပါ။ လူ့အခွင့်အရေးဆိုတာ တရားမျှတမှု၊ ညီမျှမှုကို အလေးထားရမယ်”ဆိုတဲ့ စကားက မှတ်သားသင့်ပါတယ်။
စာရေးသူလည်း လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်အလက်တွေကို သဘောကျပါတယ်။ ဒါပေမဲ့ ဒီလို သဘောကျစရာကောင်းတဲ့ အချက်အလက်တွေကို ဘယ်နိုင်ငံတွေက တစ်ထပ်တည်းကျအောင် အသုံးပြုပါသလဲ။ ဘယ်နိုင်ငံမှာမှ တစ်ထပ်တည်းကျအောင် အသုံးပြုလို့ မရပါဘူး။ လူ့အခွင့်အရေးကို လူကြားကောင်းအောင် အော်နေတဲ့ နိုင်ငံကြီးတွေကိုယ်တိုင် ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး၊ ပေါ်ပေါ်တင်တင်တစ်မျိုး၊ လျှို့ဝှက်နည်းနဲ့တစ်သွယ် ချိုးဖောက်နေကြတာပဲ မဟုတ်လား။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး အကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် လူ့အခွင့်အရေးဆိုတဲ့ နှုန်းစံကို လက်ကိုင်ပြုကြသေးပါရဲ့လား။ တကယ့်တော့ ပြောမယ့်သာပြောရတာ ကိုယ့်အကျိုးစီးပွား မထိခိုက်ဘဲနဲ့ကို ချိုးဖောက်နေကြတာပါ။ လူ့အခွင့်အရေးဆိုတာကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီစံတစ်ခုတည်းနဲ့ မှတ်ကျောက်တင်ပြီး အလုပ်လုပ်လို့ မရဘူးဆိုတာနဲ့ကိစ္စရပ်တိုင်းမှာ “လူ့အခွင့်အရေး”ဆိုတာကို အော်လို့ မရဘူးဆိုတာ ပြောချင်တာ။
အခြားနိုင်ငံတွေက အခြေခံဥပဒေတွေ လေ့လာကြည့်တယ်။ နော်ဝေနိုင်ငံဆိုရင် ခရစ်ယာန်လူဦးရေ ၇၇% ရာခိုင်နှုန်း။ ဒါပေမဲ့ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းပြီး ခရစ်ယာန်ဘာသာအသားပေးတဲ့ အခြေခံဥပဒေ ရေးဆွဲထားတယ်။ အဲဒီနားက ဒိန်းမတ်စတဲ့နိုင်ငံတွေလည်း ထူးမခြားနားပဲ။
မလေးရှားနိုင်ငံဆိုရင် မွတ်စလင်လူဦးရေ ၆၁% ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ မွတ်စလင်အသားပေးတဲ့ အခြေခံဥပဒေ ရေးဆွဲထားတယ်။ အစ္စလာမ်ဘာသာကို ကာကွယ်ပေးတဲ့ ပုဒ်မတွေ အများကြီး ထည့်သွင်းထားတယ်။ ဘယ်ဒေသ၊ ဘယ်ဒေသတွေမှာ အစ္စလာမ်မှလွဲပြီး အခြားဘာသာတွေ ပြန့်ပွားရေး မလုပ်ဖို့ ကန့်သတ်ချက်တွေလည်း ထည့်သွင်းထားတယ်။ အစ္စလာမ်ကို ဦးစားပေးထားတာကို နမူနာတစ်ခု ပြောရင် Article 12 မှာ “…………………… it is lawful for Federation or a State to establish or maintain or assist in establishing or maintaining Islamic Institutions or provide or assist in providing institutions in the religion of Islam and incur such expenditure as may be necessary for the purpose”လို့ ပါရှိတယ်။ နောက်ပြီး Article 11 မှာ “…………….., Federation Law may control or restrict the propagation of any religious doctrine or belief among persons professing the religion of Islam”လို့ ပြဋ္ဌာန်းထားတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့အခါမှာလည်း “ …….. we shall at all times protect the religion of Islam and ……”ဆိုတဲ့စကားကို ထည့်သွင်းသစ္စာပြုရတယ်။
နောက် အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင်လူဦးရေ ၈၇%ရာခိုင်နှုန်းရှိတယ်။ အစ္စလာဟ်အသားပေးတဲ့ အခြေခံဥပဒေရေးဆွဲထားတယ်။ အခြေခံဥပဒေ Article 29 မှာ “……. The independence of Indonisia shall be formulated into a constitution of Republic of Indonisia which will be built into a soverign state based on a belief in the One and Only God”လို့ ထည့်သွင်းထားတယ်။
နောက် ဘရာဇီးနိုင်ငံမှာ ခရစ်ယာန်လူဦးရေ ၆၄%ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာအသားပေးပြီး အခြေခံဥပဒေကို ရေးဆွဲထားတယ်။
ဒါက နမူနာပဲ ပြထားတာပါ။ ပြောချင်တာက ဘယ်နိုင်ငံမှာမဆို ကိုယ့်အမျိုးဘာသာသာသနာကို ရှေ့တန်းတင်ပြီး ဥပဒေတွေ ရေးဆွဲထားတယ်ဆိုတာ သိရလိမ့်မယ်။ လေးစားရတဲ့ မြန်မာ့ခေါင်းဆောင်တွေကတော့ တစ်ခါလာလည်း “လူနည်းစုကို လေးစားရမယ်”။ တစ်ခါလာလည်း “လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူး”။ မှန်ပါတယ်။ လေးစားရမယ်။ အနိုင်မကျင့်ရဘူး။ ဒါပေမဲ့ လူနည်းစုကလည်း လူများစုကို လေးစားဖို့ လိုပါတယ်။ လူနည်းစုရဲ့ဆန္ဒကို ဦးစားပေးပြီး လူများစုကို ဥပေက္ခာပြုတာကျတော့ကော တရားပါ့မလား။ စဉ်းစားဖို့ လိုပါတယ်။
အထက်မှာ ဆိုခဲ့တဲ့နိုင်ငံတွေ စတဲ့ ကမ္ဘာ့နိုင်ငံတွေက အခြေခံဥပဒေတွေကို ဘယ်လို ပြောကြမလဲ။ သူတို့တွေဟာ လူနည်းစုတွေရဲ့ ခံစားမှုကို မလေးစားတဲ့နိုင်ငံတွေလား။ လူနည်းစုတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုတဲ့ နိုင်ငံတွေလား။ အခုဖြစ်နေတာက ဗုဒ္ဓဘာသာကို ဦးစားပေးရင်ပဲ လူမဟုတ်တော့သလိုလို။ လူ့အဆင့်အတန်းမရှိတော့သလိုလို။ တစ်ကိုယ်ကောင်းပဲ ဆံနေသလိုလို။ ကမ္ဘာ့ရေးရာတွေကို ဘာမှ မသိတဲ့သူတွေလိုလို။ မြန်မာနိုင်ငံဆိုတာ ဗုဒ္ဓဘာသာဝင် ၈ဝ%ရာခိုင်နှုန်းခန့်ရှိတဲ့နိုင်ငံတစ်ခုပါ။ (အထက်မှာဆိုခဲ့သလို) နော်ဝေမှာ ခရစ်ယာန်က ၇၇%ရာခိုင်နှုန်းတည်းရယ်ပါ။ မလေးရှားက မွတ်စလင် ၆၁%ရာခိုင်နှုန်းတည်းရယ်ပါ။ ဘရာဇီးက ခရစ်ယာန် ၆၄%ရာခိုင်နှုန်းတည်းရယ်ပါ။ ဘာဖြစ်လို့ သူတို့တွေ လူနည်းစုရဲ့ဆန္ဒကို လျစ်လျူရှုပြီး လူများစုကိုးကွယ်ရာလိုက်ပြီး အခြေခံဥပဒေတွေ ရေးဆွဲကြပါသလဲ။ နိုင်ငံတကာမှာ အခြေခံဥပဒေတွေ ရေးဆွဲတဲ့အခါ မိမိတို့ရဲ့အမျိုးဘာသာကို ပုံစံတစ်မျိုးမျိုးနဲ့ ကာကွယ်ထားတဲ့အချက်တွေ အများကြီး ထည့်သွင်းလေ့ရှိကြပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်အမျိုးဘာသာကို ကာကွယ်တဲ့ဥပဒေများ ဘယ်လောက်ထိ ရှိပါသလဲ။ စဉ်းစားကြဖို့ပါ။
ဒါတွေကို ပြောပြရတဲ့အကြောင်းက အခု မိမိတို့ ဗုဒ္ဓဘာသာဝင်များရဲ့ နစ်နာမှုတွေ၊ အနာဂတ်မှာ စိုးရိမ်ဖွယ်ဖြစ်နေတဲ့အနေအထားတွေကို မြော်မြင်ပြီး လုပ်ဆောင်နေကြတဲ့ ဆရာတော်တွေကို မပြစ်မှားစေချင်လို့ပါ။ အခုဟာက ဆရာတော်တွေက ဘာပြောပြော “ဒီဘုန်းကြီးတွေ ကြံဖွတ်ဘုန်းကြီးတွေ၊ စစ်တပ်က မြှောက်ပေးတိုင်း လိုက်လုပ်နေတာ၊ နောက်ကြောင်းပြန်လှည့်လို့ကတော့ ဒီဘုန်းကြီးတွေ တရားခံပဲ”စသဖြင့် စော်ကားနေကြတာကို ရပ်စေချင်တယ်။ အခုဟာက ဗုဒ္ဓဘာသာတည်တံ့ပြန့်ပွားရေး ကြွေးကြော်တာဟာ ဦးသိန်းစိန်ကို ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာလို့ ယူဆနေကြတယ်။
တစ်နေ့က အတိုက်အခံပါတီကြီးရဲ့ ဦးဆောင်သူတစ်ဦးကဆိုရင် “အဲဒီ ၉၆၉ ဘုန်းကြီးတွေပေါ့။ သူတို့ကြောင့် အဓိကရုဏ်းတွေ ဖြစ်တာ။ ဒါဟာ သူတို့နဲ့ လုံးဝဆက်စပ်နေတယ်”လို့ ဆိုတယ်။ နောက်ပြီး “ဦးဇင်းစဉ်းစားကြည့်ပေါ့။ OIC ကို ကန့်ကွက်ကြတယ်။ တပည့်တော်တို့ကတော့ ဒါ လုံးဝ မလုပ်သင့်တဲ့ကိစ္စပဲ။ သူတို့က လူသားချင်းစာနာပြီး အကူအညီပေးတဲ့ အဖွဲ့ပဲ၊ ဘုန်းကြီးတွေက နေရင်းထိုင်ရင်း မွတ်စလင်တွေအပေါ် စိုးရိမ်မှု လွန်ကဲနေတယ်”လို့ ဆိုပြန်တယ်။ အတော်ပဲ စိုးရိမ်မိပါတယ်။
ဆရာတော်တွေနဲ့ဗုဒ္ဓဘာသာကို အလေးထားတဲ့ လူတွေမှာ စိုးရိမ်ရတဲ့ အကြောင်းတရားတွေ များစွာရှိပါတယ်။ နမူနာတစ်ခု ထုတ်ပြချင်တယ်။ မောင်တောမြို့နယ်မှာ ၁၉၂၁ ခုနှစ်က ဘင်္ဂါလီ ၆ သောင်းခန့်၊ ၁၉၈၆ ခုနှစ်ရောက်တော့ ၃ သိန်းနီးပါးဖြစ်လာတယ်။ ဘူးသီးတောင်မြို့နယ်မှာ ၁၉၄၂ ခုနှစ်က ဘင်္ဂါလီ ၁ဝဝ ကျော်၊ ၂ဝဝ၉ ခုနှစ်ရောက်တော့ ၃ သိန်းနီးပါး ဖြစ်လာတယ်။ ဒါ နမူနာပဲ ရှိသေးတယ်။ ကမ္ဘာ့နမူနာတွေလည်း အများကြီး ရှိပါတယ်။ ပြည်မမှာလည်း လူဦးရေတိုးပွားနှုန်းက အဆမတန် တိုးလာနေတယ်။
ဒါတွေ ပြောလာရင် ခေါင်းဆောင်စကားနောက် သံယောင်လိုက်တဲ့ အချို့ပုဂ္ဂိုလ်တွေ ပြောလေ့ရှိတာက “ဟာ ဒါတော့ စစ်အစိုးရကြောင့် ခိုးဝင်လာကြတာ၊ စစ်အစိုးရရဲ့အပြစ်ပဲ”လို့ ပြောတတ်ကြတယ်။ ဟုတ်ပါတယ်။ စစ်အစိုးရလက်ထပ်မှာ ဝန်ထမ်းတွေ လာဘ်စားမှုကြောင့်၊ ခြံစည်းရိုးမလုံလို့ပါ။ (အခြားအကြောင်းတရားတွေလည်း အများကြီး ရှိပါတယ်)။ ဒါ လူတိုင်းသိနေတာပဲ။ ဘယ်သူမှ မငြင်းဘူး။ ဒါပေမဲ့ စစ်အစိုးရကို အပြစ်တင်နေလို့ကော ဒီပြဿနာက ပြေလည်သွားမှာလား။ ပြေလည်မသွားနိုင်ပါဘူး။ သီပေါဘုရင် အမြော်အမြင်မရှိလို့ တိုင်းပြည်သူ့ကျွန်ဘဝရောက်ရတာဆိုပြီး သီပေါဘုရင်ကို အပြစ်တင်နေရုံနဲ့ သူ့ကျွန်ဘဝက လွတ်မြောက်နိုင်ပါ့မလား။ ဒီပြဿနာဟာ ဦးသန်းရွှေကို အပြစ်တင်နေရုံနဲ့ ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတာကို သိစေချင်တာပါ။ ဆိုတော့ ဒီပြဿနာတွေ မဖြစ်ပွားအောင် အထက်မှာဆိုခဲ့တဲ့နိုင်ငံတွေ သူတို့ဘာသာကို ဥပဒေနဲ့ ကာကွယ်ကြသလို ကာကွယ်နိုင်ကြဖို့ ဆရာတော်တွေ ဆော်သြနေကြတာပါ။
လူ့အခွင့်အရေးသမားတွေ ပြောပြောနေတဲ့ လူနည်းစုတို့၊ လူများစုတို့၊ လူ့အခွင့်အရေးတို့၊ နိုင်ငံတကာတို့ ဆိုတဲ့ စကားတွေရဲ့ အနှစ်သာရနဲ့အဓိပ္ပာယ်ကို သေသေချာချာ လေ့လာဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအခြေခံဥပဒေတွေဟာ လူများစုရဲ့ဆန္ဒကို အဓိကထား ရေးဆွဲကြတာကို တွေ့ရပါလိမ့်မယ်။ ဆရာတော်တွေနဲ့အမျိုးဘာသာ သာသနာကို တန်ဖိုးထားသူတွေကလည်း ဗုဒ္ဓဘာသာလူများစုဆန္ဒအတိုင်းချည်း တဖက်သက်ရေးဆွဲပေးဖို့ တောင်းဆိုနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အမျိုးဘာသာကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတစ်ခုမျှကိုသာ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒီတော့ အစ္စလာမ်ကို ထိရင် ဆတ်ဆတ်ထိမခံဖြစ်ဖြစ်နေတဲ့ လူ့အခွင့်အရေးသမားများ သုံးသပ်နိုင်ကြဖို့ပါ။
ပြောစရာတွေတော့ အများသား။ ပြောချင်တာတွေကလည်း အများကြီး။ စာကလည်း ရှည်သွားပြီ။ ဆောင်းပါးကို ပြန်ဖတ်ကြည့်တော့ မပြည့်စုံတဲ့၊ ဟာနေတဲ့ ကွက်လပ်လေးတွေလည်း ရှိပါတယ်။ ဟိုပါတီ၊ ဒီပါတီ စွပ်စွဲနိုင်စရာတွေလည်း တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် စာရေးသူကတော့ ဆောင်းပါးကနေ တစ်စုံတစ်ရာ စဉ်းစားစရာ၊ သုံးသပ်စရာတစ်ခုခု ရသွားတယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်။ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်။
ဒီဆောင်းပါးကို စာရေးသူ ဖတ်ခဲ့ဖူးတဲ့ အမေရိကန်သမ္မတနဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ စင်္ကာပူခေါင်းဆောင်ကြီး လီကွမ်းယုတို့ တွေ့ချိန်က ပြောကြတာလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။ ကျန်တာတွေ မမှတ်မိတော့ပေမဲ့ စိတ်ထဲမှာ စွဲနေတဲ့ စကားလေးတစ်ခွန်းရှိတယ်။ လီကွမ်းယုက “ကျုပ်က စင်္ကာပူနိုင်ငံသူ/နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အလေးထားပါတယ်။ ဒါပေမဲ့ ခင်များတို့ အမေရိကန်မှာလို သေနတ်တွေ လမ်းဘေးချရောင်းတဲ့အထိတော့ လွတ်လပ်ခွင့် မပေးနိုင်ဘူး”တဲ့။ သူများနိုင်ငံစံတွေကိုချည်း အားမကိုးဘဲ ကိုယ့်နိုင်ငံကိုယ့်စံကို ရဲရဲဝံ့ဝံ့ ပြောဆိုကျင့်သုံးရဲတဲ့ခေါင်းဆောင်လို့ အသိအမှတ်ပြုမိတယ်။ လူ့အခွင့်အရေးဆိုတာကို သုံးသပ်နိုင်ဖို့ပါ။
အားလုံး ချမ်းမြေ့ကြပါစေ
Monday, January 13, 2014
ဤခရီး နီးသလား
မြန်မာနိုင်ငံရဲ့
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်တွေဟာ ဘယ်အခါမှ မပြတ်သားခဲ့ပါလား။ မြန်မာပြည်မှာနေကြတဲ့ နိုင်ငံသူနိုင်ငံသားတိုင်း
မိမိတို့ရဲ့ တိုင်းပြည်ကို လူမှုရေး၊ စီးပွားရေး တည်တည်ငြိမ်ငြိမ်နဲ့ သွားနေတာကို မြင်ချင်ကြမှာပါ။
အချင်းချင်း မညီညွတ်လို့ သူ့ကျွန်ဘဝအောက် နှစ်ပေါင်း (၁ဝဝ)ကျော်ကျရောက်ခဲ့တယ်။
တိုင်းတစ်ပါးသားတွေရဲ့
သွေးခွဲအုပ်ချုပ်မှုစနစ်၊ မြန်မာပြည်က သယံဇာတတွေကို နည်းအမျိုးမျိုးနဲ့ သူတို့နိုင်ငံကို
တင်ပို့တယ်။ ကိုယ်ပိုင်ဆိုင်တဲ့ မြေ၊ ကိုယ်ပိုင်ဆိုင်တဲ့ သယံဇာတတွေကိုတောင်မှ ကိုယ်မသုံးခဲ့ရ။
အမျိုးမျိုး ဂုတ်သွေးစုပ်ခံခဲ့ရတယ်။ သူ့ကျွန်အောက်မှာ အရာအားလုံး အောက်ကျနောက်ကျဖြစ်ခဲ့ရတယ်။
ဒီကြားထဲ နှစ်ပေါင်းများစွာ ထွန်းတောက်ခဲ့တဲ့ ဗုဒ္ဓသာသနာ၊ ဗုဒ္ဓယဉ်ကျေးမှုတွေ စိမ့်ဝင်နေတဲ့
မြန်မာ့ယဉ်ကျေးမှုတွေလည်း အစွန်းအထင်းတွေ ပေကျံလာခဲ့ရတယ်။
မြန်မာနိုင်ငံအနှံ့
သာသနာပြုကျောင်းတွေ တည်ထောင်။ အရာရာနိမ့်ကျတဲ့ ဗုဒ္ဓဘာသာကလေးတွေ စိတ်ဝင်စားလာအောင် အထင်ကြီးလာအောင်
နည်းအမျိုးမျိုးနဲ့ ခရစ်ယာန်ဘာသာသိမ်းသွင်းခြင်းတွေ ပြုလုပ်ခဲ့ကြတယ်။ သာသနာပြုကျောင်းမှ
မတက်ရင်လည်း စာက မတတ်၊ လူရာမဝင်ဆိုတော့ မိဘတွေကလည်း မိမိတို့ရဲ့ ဗုဒ္ဓဘာသာကလေးတွေကို
သာသနာပြုကျောင်းတွေကို ပို့ခဲ့ကြရတယ်။ သာသနာပြုကျောင်းတွေဟာ ဘာသာရေးဆိုင်ရာတွေ သင်ပေးတာ
မဟုတ်ပေမဲ့ ဘာသာရေးအငွေ့အသက်တွေကို ဆိုင်ရာဆိုင်ရာ နေရာတိုင်းမှာ ထည့်သွင်းသိစေခဲ့တယ်။
ဥပမာ ထမင်းစားခါနီးမှာ ဘုရားသခင်ကို ကျေးဇူးတင်ရတာမျိုး၊ ကျောင်းတက်ကျောင်းဆင်းမှာ
ဓမ္မသီချင်း သီဆိုရတာမျိုးတို့ ဖြစ်ပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ ခရစ်ယာန်တွေလည်း
တိုးပွားလာတော့တယ်။ တစ်ဖက်မှာလည်း အင်္ဂလိပ်အစိုးရဟာ အိန္ဒိယ၊ ဘင်္ဂလားတို့ကနေ အစ္စလာဟ်ဘာသာဝင်တွေလည်း
ခေါ်သွင်းလာခဲ့တယ်။ (မူလကတည်းက အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မွတ်စလင်တွေလည်း
အနည်းအကျဉ်း ရှိပါတယ်)။ ပြောချင်တာက ဘာသာရေးဆိုင်ရာ ဒွေးရောယှက်တင်မှုတွေလည်း မြန်မာ့မြေပေါ်မှာ
ပေါ်ပေါက်လာခဲ့ရတယ်။
အင်္ဂလိပ်အစိုးရရဲ့ပေါ်လစီတွေကြောင့်
ကုလားဗမာအဓိကရုဏ်းတွေ ဖြစ်ခဲ့တယ်။ သွေးခွဲအုပ်ချုပ်မှုများကြောင့် တိုင်းရင်းသားတွေအကြား
သံသယတွေ ကြီးထွားခဲ့ရတယ်။ အချင်းချင်း သံသယမျက်လုံးတွေနဲ့ နေလာခဲ့ကြရတယ်။ လွတ်လပ်ရေး
ရတဲ့အထိဆိုပါတော့။ လွတ်လပ်ရေးရခါနီးနဲ့ ရပြီးစလောက်အထိတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့
ကတိစကားတွေ၊ စည်းရုံးရေးကောင်းမှုတွေ၊ “ရှမ်းပြည်မှာနေတဲ့ ဗမာတွေ ရှမ်းအမျိုးသားများနဲ့
ချစ်ချစ်ခင်ခင် ညီရင်းအစ်ကိုလို နေကြပါ။ အနိုင်မကျင့်ချင်ကြပါနဲ့။ အနိုင်ကျင့်မယ်ကြံရင်
ကျုပ်နဲ့အရင် အိုးစားကွဲရလိမ့်မယ်”စတဲ့ မိန့်ခွန်းတွေကြောင့် သံသယတွေ အနည်းငယ် ပြေပျောက်သွားခဲ့ရတယ်။
မမျှော်လင့်ဘဲ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်တွေ ကျဆုံးကုန်တော့ ဖဆပလအစိုးရက ဗိုလ်ချုပ်ပေးခဲ့တဲ့
ကတိစကားတွေကို အစဖျောက်ပစ်ခဲ့တယ်။ ဒီလိုနဲ့ တိုင်းရင်းသားတွေရဲ့မျှော်လင့်ချက်တွေ ပျက်သုဉ်းပြီး
သံသယနှလုံးသားတွေနဲ့ ဖြစ်သွားခဲ့ရပြန်တယ်။
တိုင်းရင်းသားတွေရဲ့
သံသယတွေကို ပျောက်ကွယ်အောင် ပြုလုပ်ပေးမယ့် ခေါင်းဆောင်လည်း မပေါ်။ သံသယကင်းစေမယ့် လုပ်ရပ်တွေလည်း
လုပ်ဆောင်ခြင်း မရှိ။ ဒီကြားထဲ ဗမာလူမျိုးကြီးဝါဒကလည်း ပြည်မခေါင်းဆောင်တွေရဲ့ စိတ်ထဲ
ကိန်းနေပြန်တယ်။ ပြည်နယ်တွေက ထွက်တဲ့ ကျောက်မျက်ရတနာတွေ၊ ကျွန်းသစ်တွေနဲ့ အခြားသယံဇာတတွေဟာ
ပြည်နယ်တွေအတွက် မဟုတ်ဘဲ ပြည်မအတွက်နဲ့ လူတစ်စုအတွက်ပဲ ဖြစ်နေခဲ့တယ်။ ပြည်မမှာတော့
ဆေးရုံတွေ၊ ကျောင်းတွေ၊ စက်ရုံတွေနဲ့ စည်ကားတိုးတက်လို့။ ပြည်နယ်တွေမှာတော့ စုတ်ပြတ်သတ်လို့။
ဒီလို မညီမျှမှုတွေကြောင့် တိုင်းရင်းသားတွေမှာ လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဆိုင်ရာဆိုင်ရာ
စစ်တပ်တွေ ဖွဲ့စည်းကြတော့တယ်။ အစိုးရကတော့ သူပုန်၊ သောင်းကျန်းသူလို့ နာမည်တပ်ပြီး
တိုက်ပွဲတွေ နှစ်ပေါင်းများစွာ ဖြစ်လာရတာပဲ။ စစ်ပွဲတွေအတွင်းမှာ အစိုးရစစ်သားတွေဟာ
ရောက်ရာအရပ်မှာ မုဒိမ်းကျင့်၊ ဓားပြတိုက် စတဲ့ ဒုစရိုက်မျိုးစုံကိုလည်း ကျူးလွန်ခဲ့ကြတော့
သံသယအဆင့်ကနေ အမုန်းတရားတွေ တိုးပွားလာရတော့တာပဲ။
တိုင်းရင်းသားတွေနဲ့
ဒီလို ပဋိပက္ခတွေဖြစ်ရုံသာမက ပြည်မမှာလည်း အားကိုးရတဲ့ အများက ယုံကြည်လေးစားမှုရှိတဲ့
ဗိုလ်ချုပ်အောင်ဆန်းတို့လို အာဇာနည်တွေ လုပ်ကြံခံရတော့ သူတစ်လူငါတစ်မင်း အာဏာတွေ လုကြရင်းနဲ့
တိုင်းပြည်က နလံမထူနိုင်ခဲ့ဘူး။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီ၊ အရင်းရှင်၊ ပစ္စည်းမဲ့၊
လူတန်းစားတိုက်ပွဲများနဲ့ စိန်ခေါ်မှုပေါင်းများစွာအောက်မှာ တိုင်းပြည်က ဝရုန်းသုန်းကား
ဖြစ်နေခဲ့ရတယ်။ ဒီလိုနဲ့ ပဋိပက္ခတွေ မြောက်မြားစွာ ဖြစ်ပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့
ကယ်တင်ရှင်ကြီးတစ်ဦး ပေါ်ပေါက်လာခဲ့တယ်။ တိုင်းပြည်ချောက်ထဲ မကျရလေအောင်ဆိုပြီး ကြွေးကြော်ရင်း
ချီတက်လာခဲ့တဲ့ ကယ်တင်ရှင်ကြီးရဲ့ ကျေးဇူးတော်ကြောင့် မြန်မာနိုင်ငံဟာ ချောက်ထဲကျရုံမက
သံသယမီးလျှံတွေ၊ အမုန်းမီးတောက်တွေထဲကို ကျရောက်ခဲ့ရတယ်။ ကယ်တင်ရှင်ကြီးကို ဆက်ခံသူအဆက်ဆက်ကလည်း
ပိုပိုပြီး လက်ဇောင်းထက်လာတော့ တိုင်းပြည်ဟာ အဖတ်ဆယ်လို့မရလောက်အောင် ဆင်းရဲတွင်း နွံထဲမှာ
ကျရောက်လာရတော့တယ်။
တိုင်းပြည်က
ဆင်းရဲတွင်းနွံထဲ ကျရောက်တယ်ဆိုပေမဲ့ အာဏာရှင်တွေနဲ့သူတို့ရဲ့ အပေါင်းအပါတွေကတော့ ဆယ်သက်စားမကုန်သုံးမကုန်နိုင်တဲ့
စည်းစိမ်ချမ်းသာတွေကို ပိုင်ဆိုင်ခဲ့ကြတယ်။ ပြည်မမှာရှိတဲ့ သယံဇာတတွေသာမက ပြည်နယ်တွေမှာရှိတဲ့
မြေပေါ်မြေအောက် သယံဇာတများကို ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်ခဲ့ကြတယ်။ သမိုင်းတစ်လျှောက်လုံးကို
ပြန်လည်ကြည့်လိုက်တဲ့အခါ တိုင်းတစ်ပါးသားကျွန်အဖြစ်က လွတ်လာရုံပဲ ရှိတယ်။ ပြည်သူတွေအတွက်
အသက်အိုးအိမ်စည်းစိမ်လုံခြုံမှု၊ ပညာရေး၊ စီးပွားရေး စတဲ့ ဘက်ပေါင်းစုံ ချွတ်ယွင်းနိမ့်ကျသွားခဲ့တယ်။
ပြည်မကလူတွေအတွက်တောင် ဒီလောက်ဆိုးဝါးနေတာ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေအတွက်တော့
ပိုဆိုးသွားတော့တာပေါ့။
တိုင်းပြည်ရဲ့ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စပ်ဆိုတဲ့
သီချင်း နားထောင်လည်း ထောင်နန်းစံရ၊ ဓာတ်ပုံလေးတောင် ကိုင်ဆောင်မထားရဲ။ အရာအားလုံး
ရေငုံနှုတ်ပိတ်။ ငြိမ်ဝပ်ပိပြားစွာနဲ့ နှစ်ပေါင်းများစွာ နေလာခဲ့ရတယ်။ ကျေးဇူးရှင်တွေကို
ကျေးဇူးကန်းတဲ့ တိုင်းပြည်ကြီး ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ရတယ်။ တိုင်းပြည်ကို အသက်တမျှ
ချစ်ခင်တဲ့ ခေါင်းဆောင်တွေလည်း တောခိုသူခို၊ ပြည်ပရောက်လိုရောက်၊ ထောင်နန်းစံသူစံ၊
ဘုရားအလောင်းစိတ်ဓာတ်တွေ အညွန့်ချိုးခံလာခဲ့ရတယ်။ ပညာတတ်စရာ မလိုဘူး၊ စိတ်ထားကောင်းခြင်း,မကောင်းခြင်းတွေ
ဂရုစိုက်စရာ မလိုဘူး၊ ပါးနပ်ဖို့ လူရည်လည်ဖို့ပဲ လိုတယ်ဆိုတဲ့ အတွေးအခေါ်တွေ ထွန်းကားလာခဲ့တယ်။
ဗုဒ္ဓဘာသာတိုင်းပြည်နဲ့မလိုက်ဖက်လောက်အောင် လူလည်၊ လူလိမ်၊ လူညစ်အတွေးအခေါ်တွေ မြန်မာတွေရဲ့စိတ်ထဲ
ယဉ်ကျေးမှုပမာ စီးဆင်းလာခဲ့ရတော့တယ်။ ဒီနေ့အချိန်အထိပဲ။
ဒီလိုနဲ့
၂ဝဝ၈ ခုနှစ်မှာတော့ မမျှော်လင့်တဲ့ အပြောင်းအလဲတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ ဘောလုံးကွင်းဒီမိုကရေစီဆိုတဲ့
စစ်တပ်ကပေးတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့တယ်။ ဘောလုံးကွင်းထဲမှာ လူစုပြီး အထက်က ပြောသမျှ
“ထောက်ခံပါတယ်၊ ထောက်ခံပါတယ်”လို့ အော်ပြီး ထောက်ခံပေးရတဲ့ ဒီမိုကရေစီဖြစ်လို့ ဘောလုံးကွင်းဒီမိုကရေစီလို့
ဆိုရတာပါ။ မယုံရဲယုံရဲ နေလာရင်းက တဖြည်းဖြည်း အာဏာတွေ၊ အချုပ်အချယ်တွေ ဖြေလျှော့လာခဲ့တယ်။
မတရားဖမ်းဆီးထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ထောင်က လွတ်လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
NLD လည်း ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရင်းနဲ့ ရန်သူတွေလို နေလာခဲ့ရာကနေ အတူတကွ အလုပ်လုပ်သူတွေ
ဖြစ်လာခဲ့တယ်။
ဒါကတော့ မြန်မာနိုင်ငံရဲ့
ဆိုးရွားလှတဲ့ ရင်နာစရာ အတိတ်ဇာတ်တွေကို စာရေးသူ လက်လှမ်းမီသမျှ ခုန်ပျံကျော်လွှားကာ
ကောက်ကြောင်း ဆွဲကြည့်ခြင်းပါ။ စာရေးသူတို့ မြန်မာလူမျိုးတွေရဲ့ဘဝဟာ အတော့်ကို သနားစရာ
ကောင်းပါတယ်လို့ သုံးသပ်ချင်ပါတယ်။ ဒီလို ကောက်ကြောင်းဆွဲပြတာကလည်း အကြောင်းရှိပါတယ်။
စာရေးသူတို့ဟာ ဟိုတုန်းကလည်း မညီညွတ်ခဲ့ကြလို့၊ ပြည်သူအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း
စိတ်ဝမ်းကွဲခဲ့လို့၊ သူ့ခေါင်းဆောင်၊ ငါ့ခေါင်းဆောင်ဆိုတဲ့ စိတ်နဲ့ တစ်ယူသန်ခဲ့လို့၊
သူရဲကောင်းကိုးကွယ်မှုဝါဒ(Heroism)ကို စွဲကိုင်ခဲ့လို့ ဒုက္ခတွေ အကြိမ်ကြိမ် ရောက်ခဲ့။
အမုန်းမီးတွေ ပွားခဲ့။ သံသယတွေနဲ့ နေလာခဲ့ကြရတယ်။ တိုင်းပြည်ဒုက္ခရောက်လောက်အောင် ခေါင်းဆောင်စွဲတွေ၊
သူရဲကောင်းကိုးကွယ်မှုတွေ၊ သံသယမီးပွားတွေနဲ့ စိတ်ဝမ်းကွဲမှုတွေကို ဒီနေ့အချိန်အထိ ဆက်လက်ကိုင်စွဲနေကြဦးမှာလား။
ဒီနေ့ဒီအချိန်ကာလဟာ
စာရေးသူတို့ တစ်သက်တာမှာ လွတ်လပ်မှုရဲ့အရသာကို စတင်ခံစားနေရတဲ့ ကာလပါ။ လွတ်လပ်မှုခြေလှမ်း၊
လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းရဲ့ သရုပ်သကန်တွေကို လက်လှမ်းမီတော့မယ်လို့ မျှော်လင့်နေနိုင်တဲ့
အချိန်ပါ။ ဒုက္ခသုက္ခတွေ၊ အသက်သွေးချွေးတွေနဲ့ ချီတက်လာခဲ့ရတဲ့ တိုင်းပြည်ရဲ့ ဒီခရီးဟာ
ဒီနေ့အချိန်လောက် မျှော်လင့်စရာကောင်းခဲ့တဲ့ကာလ မရှိဖူးဘူးလို့ ထင်ပါတယ်။ ဆိုတော့ မတိမ်းမမှောက်အောင်
အားလုံးသတိရှိဖို့ လိုအပ်နေပါတယ်။ ဒီလိုအချိန်မှာ ပြည်သူတွေအနေနဲ့ သူ့ခေါင်းဆောင်၊
ငါ့ခေါင်းဆောင်ဆိုတဲ့ တစ်ယူသန်အစွဲတွေ၊ သူရဲကောင်းကိုးကွယ်မှုဝါဒတွေ၊ ဒါတွေကို စွန့်လွှတ်ပြီး
ညီညွတ်တဲ့၊ အခြေအနေအရပ်ရပ်ကို သုံးသပ်နိုင်မှုတွေ ရှိဖို့ လိုအပ်ပါတယ်။
To forgive
is not to forget ဆိုတဲ့ ဂန္ဒီရဲ့စကားလို အတိတ်က ဖြစ်ရပ်ဆိုးတွေကို မေ့ဖျောက်ပစ်ဖို့
မဟုတ်ဘဲ ခွင့်လွှတ်ဖို့နဲ့ သင်္ခန်းစာယူတတ်ဖို့ လိုအပ်နေတဲ့ အချိန်ပါ။ ဒါမှသာ တိုင်းပြည်ရဲ့အနာဂတ်ဟာ
ညီညီညွတ်ညွတ်နဲ့ ချောချောမွေ့မွေ့ ဖြစ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေ
မရှိတော့ဘူးဆိုရင်၊ မိမိတို့အမြင်ကို လွတ်လပ်ပွင့်လင်းစွာ ထုတ်ဖော်ရေးသားခွင့်တွေကို
မဖျက်ဆီးဘူးဆိုရင် တစ်နည်းအားဖြင့် လွတ်လပ်စွာ ပြောရေးဆိုခွင့် (Freedom of
Speech)၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် (Freedom of Press)တွေသာ ရှိနေရင် စာရေးသူတို့ဟာ
အရာအားလုံးကို မျှော်လင့်ခွင့် ရှိနေပါတယ်။
တိုင်းရင်းသားများနဲ့မြန်မာနိုင်ငံသားများ
ဖြစ်ချင်တဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်စီမံပိုင်ခွင့်ရှိတဲ့ ပြည်ထောင်စု(စစ်စစ်)စနစ်ဆိုတဲ့
မျှော်လင့်ချက်ပန်းတိုင်ကိုလည်း မဝေးတော့တဲ့ အနာဂတ်မှာ လှမ်းကိုင်နိုင်မှာပါ။ အခုအချိန်ဟာ
ကောင်းဖို့အတွက် လက်တစ်ကမ်းမှာ ရှိနေသလို ဆိုးဖို့အတွက်လည်း လက်တစ်ကမ်းမှာ ရှိနေတယ်လို့
သုံးသပ်မိကြောင်းပါ။
တစ္ဆေသုတေသန ဦးခနှင့် သူ၏ တွေ့ရှိချက်များ
ကျုပ်နာမည်
ဦးခ ပါ။ တစ္ဆေဆိုတာကို ခင်ဗျားတို့ ယုံကြလား။ ကျုပ်ကတော့ ငယ်ငယ်ကတည်းက တစ္ဆေအကြောင်းတွေ
အများကြီး ကြားဖူးတာပဲ။ ဦးခရဲ့ အဘိုးအဘွားတွေ၊ အမေနဲ့အဖေဆီကနေ တစ္ဆေပုံပြင်တွေ အများကြီး
ကြားခဲ့ရတယ်ဗျ။ နောက်ပြီး ရွာဦးဘုန်းကြီးကလည်း တစ္ဆေပုံပြင်တွေ ပြောပြတယ်။ အများကြီးမှ
အများကြီး။ နောက်တော့ သူငယ်ချင်းတွေနဲ့အခြား အသိမိတ်ဆွေတွေပေါ့ဗျာ။ အဲဒီတုန်းက ကျုပ်က
တစ္ဆေဆိုတာကို သိပ်မယုံဘူးဗျ။ ဒါပေမဲ့ ထူးဆန်းတာက ယုံတဲ့သူရော မယုံတဲ့သူပါ တစ္ဆေအကြောင်းပြောရင်
စိတ်ဝင်စားကြသဗျ။ အခြားပုံပြင်တွေထက်ကို စိတ်ဝင်စားကြတာ။ ခင်ဗျားကော အတူတူပဲလား။ တစ္ဆေပုံပြင်များ
ညအခါ ပြောရင် တစ်ယောက်တည်း သွားနေကျနေရာတောင် တစ်ယောက်တည်း သွားရဲတော့ဘူးဗျ။ ညညသေးပေါက်ထရင်တောင်
သူများကို နှိုးရတာ။ ခင်ဗျားတို့ကော ကြုံဖူးလား။ ဘုရားဟောတရားတွေမှာလည်း တစ္ဆေအကြောင်း၊
ပြိတ္တာအကြောင်းတွေ ဟောထားတယ်ဆိုပဲဗျ။
ဒီလိုနဲ့
ကျုပ်ဦးခ ကြီးပြင်းလာတယ်ဆိုပါတော့ဗျာ။ ကျုပ်အကြောင်း နည်းနည်းပြောရဦးမယ်ဗျ။ ကျုပ်ဦးခဟာ
နေရာတကာဝင်ပါချင်တယ်ဗျ။ ရွာက အလှူပွဲဆိုလည်း မတောက်တခေါက် သိထားတာလေးတွေကို လော်စပီကာကြီးနဲ့
အော်တယ်ဗျ။ ဘိသိက်သွန်းပြီဆိုလည်း ဦးခပဲ။ မင်္ဂလာဆောင်ဆိုလည်း ဦးခ၊ ဘုန်းကြီးကျောင်း
ဘုရားပင့်သွားလည်း ဦးခ၊ နောက်ဆုံးဗျာ အသုဘချတာတောင် ဦးခပဲ။ ပြောချင်တာကတော့ ကျုပ်ဦးခဟာ
သူများထက် သိချင်တယ်ဗျာ။ အားတာနဲ့ ဘုန်းကြီးကျောင်းသွား၊ ဘုန်းကြီးဆီမှာ ရှိတဲ့ စာအုပ်တွေ
အကုန်ဖတ်တာပဲ။ ထူးခြားတာက ဘာစာအုပ်ဖတ်ဖတ်၊ တစ္ဆေအကြောင်းတို့၊ ပြိတ္တာအကြောင်းတို့မပါဘူးဆိုရင်
ကျုပ် သိပ်ပြီး စိတ်မဝင်စားဘူးဗျ။ ဒါက ဖတ်ရင်းနဲ့မှ သတိထားမိတာ။ နောက်ပြီး ရွာက ဦးဇင်းသာအေးက
ငယ်ငယ်ကတည်းက မြို့မှာနေ၊ နောက်ပြီး တက္ကသိုလ်တက်တယ်။ ခု သူက သီရိလင်္ကာကနေ ဒေါက်တာဘွဲ့လုပ်ဖို့
စာအုပ်စာတမ်း လာရှာတာတဲ့။ ပြောချင်တာက အဲဒီဦးဇင်းဆီက “သုတေသန”ဆိုတဲ့ စကားတစ်လုံးကို
ခဏခဏ ကြားရတော့ ကျုပ်ဦးခ စိတ်ဝင်စားသွားတာ။ ဒါနဲ့ သူ့ကို မေးရတော့တာပေါ့။
ဒီလိုနဲ့
သူက ရှင်းပြတယ်ဗျ။ သုတေသနလုပ်တယ်ဆိုတာ ကိုယ်သိချင်တဲ့အရာတစ်ခုခုကို ရှုထောင့်စုံကနေ
လက်တွေ့၊ စာတွေ့လေ့လာတာကို ပြောတာဗျဆိုပြီး ထသွားတော့တယ်။ ကျုပ်မှာတော့ ဆက်မေးချင်တာတောင်
မမေးရတော့ဘူး။ သူကတော့ တွေးရင်တွေးမှာပေါ့။ ဒီတောသား မတန်မရာ လာမေးနေတယ်ဆိုပြီးတော့ပေါ့လေ။
အဲဒီနေ့ကစပြီး ကျုပ်စိတ်ထဲမှာ ဦးဇင်းသာအေးလို သုတေသနလုပ်ချင်စိတ်တွေ ဖြစ်နေတယ်ဗျာ။
ဒါပေမဲ့ ဦးဇင်းသာအေးပြောရင် ကျုပ်ကို လှောင်မှာဗျ။ လေးတန်းတောင် မအောင်တဲ့ကောင်က သုတေသနလုပ်မယ်ဆိုတော့လေ။
ဒါနဲ့ ကျုပ်လည်း ဦးဇင်းသာအေးဆီကို နေ့တိုင်းသွားတာ။ ပြောချင်တာက သူ့ကို မပြောရဲပေမဲ့
သုတေသနဆိုတာ လူတိုင်း လုပ်လို့ရတယ်ဆိုတာ နားလည်လိုက်တယ်ဗျာ။ ဦးဇင်းသာအေး ရွာမှာ ရှိတုန်းတော့
ကိုယ့်စိတ်ကူးနဲ့ကိုယ် ပီတိတွေ ဖြစ်လို့ပေါ့ဗျာ။ ဦးဇင်းသာအေးလည်း ပြန်သွားရော ရွာသားတွေကို
ကျုပ်ဆရာလုပ်တော့တာပဲ။ တွေ့တဲ့သူတိုင်းကို “ခင်ဗျားတို့ တစ္ဆေသရဲအကြောင်း သိချင်ကြတယ်မလား။
အဲဒီအကြောင်းကို ကျုပ်သုတေသန လုပ်မယ် ဟဟဟဟ”လို့ အမြဲပြောတော့တာပဲ။
ဒီလိုနဲ့
မြန်မာနိုင်ငံအနှံ့ လူတွေ့လေ့လာစစ်ဆေးတာတွေ လုပ်၊ စာအုပ်စာတမ်းတွေ ဖတ်၊ ကျုပ်ဦးခရဲ့
သုတေသနလုပ်ငန်း စတော့တာပဲ။ ဦးဇင်းသာအေး ပြန်မလာခင် ပြီးအောင် လုပ်ရမှာဗျ။ သူပြန်လာရင်
ကျုပ်ကို ကဲ့ရဲ့မှာ သေချာတယ်။ ကဲ နိဒါန်းတွေ ပျိုးတာလည်း များပြီဗျာ။ ကျုပ် နှစ်ပေါင်းများစွာ
သုတေသနလုပ်ထားတာလေးတွေကို ခင်ဗျားတို့ကို ပြောပြမယ်ဗျာ။ ကျုပ်ဦးခ အင်္ဂလိပ်စာတတ်လို့ကတော့
ကျုပ်တွေ့ထားတာတွေကို အင်္ဂလိပ်လို့ ရေးလိုက်ရရင် ဦးဇင်းသာအေးလို ဒေါက်တာဘွဲ့တွေ ရချင်ရနေမှာ။
ကျုပ်ဦးခရဲ့ တွေ့ရှိချက်တွေက အများကြီးဗျ။ ခင်ဗျားတို့လည်း စိတ်ဝင်စားမှာ သေချာတယ်။
ပထမဆုံး ပြောချင်တာက
သရဲခြောက်ခြင်းအကြောင်း တစ်နည်းပြောရရင် သရဲခြောက်ခြင်း ရည်ရွယ်ချက်လေးတွေကို ကျုပ်ဦးခ
ဒီလို တွေ့ထားတယ်ဗျ။ အားလုံးပေါင်း အကြမ်းဖျင်းအနေနဲ့ (၁ဝ)မျိုး ရှိတယ်ဗျ။ ကျုပ်က အဲဒီ(၁ဝ)မျိုးကို
အဖြစ်အပျက်လေးတွေနဲ့ ခင်ဗျားတို့ကို ပြောမှာပါ။
၁။ ကံနိမ့်၍ခြောက်ခြင်း
၂။ ပြောင်လှောင်ကျီစယ်လို၍
ခြောက်ခြင်း
၃။ ချစ်ခင်၍ခြောက်ခြင်း
၎။ အမျှအတန်းခံလို
သာဓုခေါ်လို၍ခြောက်ခြင်း
၅။ ခင်မင်၍ခြောက်ခြင်း
၆။ ကြောက်၍ခြောက်ခြင်း
၇။ စားချင်သောက်ချင်၍ခြောက်ခြင်း
၈။ ဥစ္စာပေးလို
မစလို၍ခြောက်ခြင်း
၉။ မှာထားလို၍ခြောက်ခြင်း
၁ဝ။ နှုတ်ဆက်လို၍ခြောက်ခြင်း
ဆိုပြီး (၁ဝ)မျိုးရှိတယ်ဆိုတာကို ကျုပ်ဦးခရဲ့ သုတေသနအရ အကျဉ်းချုံးပြတာပေါ့ဗျာ။
ကဲ ခင်ဗျားတို့
ဘယ်လို ထင်လဲ။ အဲဒီ(၁ဝ)မျိုးကို အဖြစ်အပျက်တွေနဲ့အတူ ကျုပ်တွေ့ရှိထားတာဗျ။ ဒီထဲက ကျုပ်ဦးခ
စိတ်အဝင်စားဆုံး ဇာတ်လမ်းလေးကို ပြောချင်တယ်ဗျာ။ အနီးဆုံးဖြစ်တဲ့ ရိုးမတောထဲက ဆည်လယ်ဆိုတဲ့
ရွာကနေ ၅ မိုင်လောက်ဝေးတဲ့ တောထဲမှာ အိမ်ခြေ ၇ဝ လောက်ရှိတဲ့ ရွာလေးရှိတယ်ဗျ။ အဲဒီကို
ရောက်သွားတာ။ ထုံးစံအတိုင်း ကျုပ်ဦးခဟာ ကိုယ့်ကိုကိုယ် “တစ္ဆေသုတေသနဦးခ”ဆိုပြီး မိတ်ဆက်တာပေါ့ဗျာ။
(၄ တန်းပဲအောင်တာကိုတော့ ထည့်မပြောဘူးပေါ့ဗျာ)။
ရွာဦးကျောင်းဘုန်းကြီးကလည်း ၃ တန်းအောင်ဆိုတော့
ကျုပ်ဦးခကို ပညာရှင်ကြီးလို ဆက်ဆံတာဗျ။ အဲဒီလို မိတ်ဆက်ရင်းနဲ့ “အော် ခင်ဗျားက တစ္ဆေအကြောင်း
လေ့လာနေတာဆိုတော့ ရွာထဲက ကျောင်းဒကာ ဘတုပ်တို့ အိမ်ကို ပို့ပေးရမှာပေါ့”ဆိုပြီး အိမ်ခေါ်သွားတာနဲ့
ဘတုပ်ဆီက ဒီဇာတ်လမ်းကို ကြားခဲ့ရတော့တာပဲ။ ခင်ဗျားတို့ မယုံမရှိနဲ့နော်။ ဒီအကြောင်းက
လတ်လတ်ဆက်ဆက်ကြီး။ ကာယကံရှင်ကိုယ်တိုင် ပြောပြတာ။
တကယ်တော့
ဘတုပ်တို့ လင်မယားဟာ အောက်ပြည်ကနေ ရောက်လာတာ။ အသက် ၁၃ နှစ်လောက်ရှိတဲ့ သမီးငယ်နဲ့အတူပေါ့။
အောက်ပြည်မှာနေရင်း လုပ်စားစရာ လယ်မြေက မရှိ။ အလွန်ဆင်းရဲလွန်းလို့ ရိုးမတောထဲမှာ မြေရိုင်းတွေ
ပေါတယ်။ သီးနှံတွေလည်း ဖြစ်တယ်လို့ ကြားတာနဲ့ ဒီရွာကို ရောက်လာကြတာ။ ရွာကို ရောက်တာနဲ့
ရွာဦးဘုန်းကြီးကို ဝင်တွေ့ရင်း ကျောင်းဒကာ ဦးသာလှနဲ့ စတွေ့တယ်။ ကျောင်းဒကာဆိုပေမဲ့
စိတ်ဓာတ်ကတော့ သိပ်ကောင်းတဲ့သူ မဟုတ်ဘူး။ ဘတုပ်တို့ကတော့ မသိဘူးပေါ့။ ဒီလိုနဲ့ ဘတုပ်တို့နဲ့
စကားပြောရင်း အကြောင်းစုံကို သိရောဆိုပါတော့။ ဒီတော့ ဦးသာလှက “မောင်ရင်တို့ကို သနားတယ်ကွယ်။
ကျုပ်မှာ လယ်တစ်ကွက်တော့ ရှိတယ်။ စပါးထွက်နှုန်းကလည်း သိပ်ကောင်းတာ။ အဲဒါ မောင်ရင်တို့
လုပ်ကိုင်စားကြဖို့ ပေးမယ်။ ရတာကို ၃ ပုံ ပုံမယ်။ ၁ ပုံကို မင်းတို့ စား။ ကျန်တာ ငါ့ကို
ပေး။ ကျေနပ်ရင် လုပ်ကွာ”ဆိုတော့ ဘတုပ်တို့ လင်မယား ထခုန်မိတော့မတတ် ဝမ်းသာသွားတာပေါ့။
ဒါနဲ့ ဦးသာလှကပဲ
လယ်ထဲမှာ တဲလေးတစ်လုံး ဆောက်ပေးတယ်။ ဘတုပ်တို့ အဲဒီမှာ နေတယ်။ ရွာထဲမှာတော့ ပြောနေကြတာပေါ့။
“အောက်ပြည်သားလေး သနားပါတယ်ဟယ်၊ ဦးသာလှတို့ကတော့ စိတ်ကောင်းကို မရှိဘူး”ဆိုပြီး ပြောနေကြတော့တာပေါ့။
ရွားသားတွေ ဘာလို့ အဲဒီလို ပြောကြတာလဲဆိုတော့ အကြောင်းရှိတယ်ဗျ။ ဦးသာလှက ဘတုပ်ကို
ပေးလိုက်တဲ့ လယ်က ခိုက်တယ်တဲ့။ အဲဒီလယ်မှာ သီးနှံတွေ ဝင်းမှည့်ပြီး ရိတ်သိမ်းပြီးတာနဲ့
လယ်လုပ်သူတွေဟာ အကုန်သေကြတာပဲတဲ့။ တိုက်ဆိုင်မှုလို့ မထင်လိုက်ကြနဲ့ဦး။ လယ်သမားခြောက်ဆက်ရှိပြီတဲ့ဗျ။
ခြောက်ဆက်။ အကုန်သေတာပဲ။ ဒါကြောင့် ပြောကြတာ။ အဲဒီလို လယ်သမား ခြောက်ဆက်လောက် သေပြီးတော့
ရွာသားတွေက အဲဒီလယ်ကို “မလုပ်ကောင်းလယ်”လို့ ခေါ်ကြတယ်ဗျ။ အခုချိန်ထိ အဲဒီနာမည်ရှိသေးတယ်။
ဦးသာလှကတော့ လယ်လုပ်သူသေတာနဲ့ လယ်က ထွက်သမျှ သူအကုန်ပိုင်တာပေါ့။
ဒီလိုနဲ့
ဘတုပ်တို့ မိသားစုလေးဟာ ပျော်ပျော်ပါးပါးနဲ့ လယ်တဲလေးမှာ ရောက်ကုန်ကြတာပေါ့။ တစ်နေ့မှာ
ထူးဆန်းတာတစ်ခု စဖြစ်တော့တာပဲ။ ဘတုပ်ဟာ သူ့သမီးလေးကို ပဲပင်စိုက်ဖို့ လယ်တဲအရှေ့ဘက်
ခပ်လှမ်းလှမ်းမှာ တွင်းလေးတွေ တူးခိုင်းပြီး လယ်ထဲမှာ ထွန်ယက်နေခဲ့တယ်။ ညနေစောင်းတော့
တဲကို ပြန်ရောက်တော့ သမီးလေးဟာ တဲထဲမှာ ကြော့ကြော့မော့မော့ သနပ်ခါးပါးကွက်လေးနဲ့။
“ဟဲ့ သမီး ဒီနေ့ တွင်းတူးတာ ဘယ်နှတွင်း ပြီးလဲ”။ “တစ်တွင်းပဲပြီးတယ် အဖေ”။ “ဟယ် ဒီသမီး
အပျင်းကြီးလှချည်လား။ ဒီလောက်အပျင်းကြီးတာ ဘယ်လိုလုပ် တိုးတက်မှာလဲ။ အလသဿ ကုတော သိပ္ပံ၊
အသိပ္ပဿ ကုတော ဓနံတဲ့။ နင် ဘယ်တော့မှ ကြီးပွားမှာ မဟုတ်ဘူး”ဆိုပြီး ဘတုပ်ဟာ ငယ်ငယ်က
ရခဲ့ဖူးတဲ့ လောကနီတိတွေနဲ့ သမီးကို ဆုံးမတော့တာပဲ။ ဘတုပ်လည်း ဆုံးမပြီးရော “အဖေကလည်း
ဆူဖို့ပဲ။ ဒီလို အဖေရဲ့။ အဖေပြောသလို တွင်းသွားတူးတာပဲ။ တွင်းတစ်တွင်း တူးပြီးတာနဲ့
ကျုပ်နားကို ကောင်မလေးတစ်ယောက် လာတယ်။ နင်တို့က စည်းကမ်းကို မရှိဘူး။ ဒါ ငါတို့နေရာဟဲ့။
မြေကြီးကို ဟိုဆွဒီဆွ မလုပ်နဲ့။ နောက်ဆက်လုပ်ရင် ငါ့အဆိုးမဆိုနဲ့”လို့ ပြောတယ် အဖေရဲ့”ဆိုပြီး
ပြန်ပြောပြလိုက်တယ်။ ဘတုပ်ဟာ ဖျက်ခနဲ့ဆို တဲအပြင်ကို လှမ်းကြည့်လိုက်တယ်။ နေဝင်ရီတရောကာလဆိုတော့
အပြင်မှာ မှောင်ရိပ်သန်းနေပြီ။ “ဒါနဲ့ နေပါဦး၊ အဲဒီကလေးမက ဘယ်ကို ထွက်သွားတာလဲ”။
“ဟိုး အရှေ့ဘက် ပိန္နဲပင်နားကို ထွက်သွားတာပဲ”။ “အေးအေး ထားလိုက်တော့။ စိန်စိန်ရေ ထမင်းကျက်ပြီလား။
စားရအောင်ကွာ။ အင်းးးးး နေဦး နေဦး မစားနဲ့အုံး။ ငါ ရွာထဲသွားလိုက်ဦးမယ်။ ငါပြန်လာမှ
စားကြရအောင်”ဆိုပြီး ဘတုပ် ရွာထဲက ဦးသာလှဆီကို ဦးတည်သွားတော့တယ်။
“ဟဲ့ ဘတုပ်၊
မင်းလကွာ ညကြီးမင်းကြီး ဘာကိစ္စတုန်းဟ”။ “မေးစရာလေးရှိလို့ပါ”။ “အေး မေးကွာ မေး”။ “ခင်ဗျား
ကျုပ်တို့ကို ပေးထားတဲ့ လယ်မြေကို ခင်ဗျားနဲ့ စပ်တူ ပိုင်တဲ့သူများ ရှိလား”။ “ရာရာစစကွာ
ဒီမြေတစ်ကွင်းလုံး ငါတစ်ယောက်တည်း ပိုင်တာပါကွ။ မင်းမယုံရင် ရွာထဲ လိုက်မေးကြည့်”။
“ဟုတ်ပါပြီဗျာ၊ ယုံပါတယ်။ မမေးတော့ပါဘူး”။ အင်း ဒီမြေဟာ ရွာမှာ ဦးသာလှတစ်ယောက်ပဲ ပိုင်တာတော့
သေချာသွားပြီ။ ဒါဆိုရင် မနက်က သမီးကို ငါတို့ပိုင်တဲ့မြေလို့ ပြောသွားတဲ့ ကလေးမက ဘယ်ကလဲ”
ဘတုပ်လည်း တစ်စုံတစ်ရာကို သဘောပေါက်သွားပြီး ကြက်တစ်ကောင်ဝယ်ပြီး လယ်တဲဆီကို ပြန်လာခဲ့တော့တယ်။
“ရော့ စိန်စိန်
ဒီကြက်ကို ချက်ကွာ။ ပြီးမှ ညစာ စားကြတာပေါ့”ဆိုပြီး ကြက်ကို ပစ်ပေးလိုက်တယ်။ ဘတုပ်လည်း
သူတတ်သမျှ ကြားဖူးသမျှလေးတွေနဲ့ စဉ်းစားနေတော့တယ်။ “ကိုဘတုပ် ထမင်းစားလို့ ရပြီ”လို့
စိန်စိန်ခေါ်မှ သတိရသွားတယ်။ “စိန်စိန်ရေ ငါ့ကို ဟော့ဟိုပန်းကန်ထဲ ကြက်သားထည့်ပေးစမ်းကွာ”လို့ဆိုတော့
မိန်းမဖြစ်သူလည်း ဘုမသိဘမသိနဲ့ ပေးလိုက်တယ်။ “ကိုဘတုပ် … ဒီနေ့ တော့်ကြည့်ရတာ တစ်မျိုးပဲတော်၊
ဘာဖြစ်နေတာလဲ”။ “အသာနေစမ်းပါဟာ နင်ဘာမှ မသိပါဘူး”ဆိုပြီး တဲအပြင်ကို ထွက်သွားခဲ့တယ်။
ပြီးတော့ သမီးပြောတဲ့ ပိန္နဲပင်တောစပ်လေးမှာ ရပ်ပြီး “အိမ်နီးချင်းများခင်မျာ၊ ဟင်းများ
ကမ်းလှမ်းပါသည်၊ စားသောက်တော်မူကြပါ၊ မေတ္တာဖြင့် တစ်ဦးကိုတစ်ဦး ပေါင်းသင်းဆက်ဆံခြင်း
ဖြစ်ပါသည်”လို့ ပြောပြီး ဟင်းပန်းကန်ကို ချထားခဲ့တယ်။
မနက်မိုးလင်းတာနဲ့
ဘတုပ်ဟာ လယ်ထဲ မဆင်းသေးဘဲ မနေ့က သမီးတွင်းတူးတဲ့နေရာကို သွားပြီး တွင်းများကို ဆက်တူးနေခဲ့တယ်။
ဘတုပ် တွင်းတူးနေတုန်း မနေ့က ကလေးမ ရောက်လာပြီး “တကတဲ ရှင်တို့ဟာလေ မနေ့ကလည်း ပြောပြီးသွားပြီ။
ဒီမြေက ငါတို့နေရာ။ မတူးပါနဲ့လို့။ ခု ဆက်တူးနေပြန်ပြီ။ ပြီးမှ ကျုပ်အဆိုးမဆိုနဲ့”လို့
ကျိန်းမောင်းတော့တယ်။ ဒီတော့မှ ဘတုပ်က “အမိရယ် စိတ်မဆိုးပါနဲ့။ အမိကို တွေ့ချင်လို့
ဒါကို ဆက်လုပ်ကြည့်တာပါ။ တွင်းမတူးရမယ့်နေရာကို သေချာပြောပြပါလား။ အဲဒီပြတဲ့နေရာကို
နောက် ဘယ်တော့မှ မတူးတော့ပါဘူး”လို့ ပြောလိုက်တော့ ကလေးမဟာ ဟောဒီကနေ ဟောဒီနေရာဆိုပြီး
မြေနေရာသက်မှတ်ပေးလိုက်တယ်။ ဘတုပ်လည်း ကတိပေးပြီး လယ်တောထဲ လယ်ထွန်နေလိုက်တယ်။
ညနေရောက်တော့
ဘတုပ်လည်း ရွာထဲသွားပြီး အမဲသားသွားဝယ်တယ်။ မနေ့ကလိုပဲ ပိန္နဲပင်အစပ်သွားပြီး “အိမ်နီးချင်းများခင်မျာ၊
ဒီနေ့ ဟင်းကတော့ အမဲသားဟင်းပါခင်မျာ၊ စေတနာဖြင့် ကျွေးပါတယ်။ သုံးဆောင်ကြပါခင်မျာ”လို့
ယဉ်ယဉ်ကျေးကျေး ပြောပြီး ဟင်းခွက်ကို ချထားခဲ့လိုက်တယ်။
ကျုပ်ဦးခ
ကြားဝင်ရဦးမယ်ဗျာ။ ခင်ဗျားတို့တော့ မသိဘူး။ ကျုပ်တော့ အတော် စိတ်ဝင်စားနေပြီဗျာ။ ကျုပ်သာဆိုရင်
ကြောက်တာနဲ့ အဲဒီရွာကနေ ပြေးမှာပဲ။ ဘတုပ်ကတော့ တစ္ဆေသရဲတွေနဲ့ ပတ်သက်ပြီး သူ့ရွာဘုန်းကြီးက
ပြောထားတဲ့နည်းကို သုံးတာတဲ့ဗျာ။ တစ္ဆေသုတေသနတွေ အများကြီး လုပ်လာတဲ့ ကျုပ်ဦးခတောင်
ကြက်သီးထတယ်ဗျာ။ ကဲဗျာ ခင်ဗျားတို့ ကျုပ်ပြောတာ စိတ်ဝင်စားမှာ ဟုတ်ပါဘူး။ ဘတုပ်ဇာတ်လမ်းပဲ
ဆက်ရအောင်။
ဒီလိုနဲ့
ဘတုပ်လည်း မိသားစုနဲ့အတူ ထမင်းစားပြီး ညအိပ်ယာဝင်လိုက်ကြတယ်။ ညအိပ်မပျော်ခင်မှာ စိန်စိန်က
“ကိုဘတုပ် တော့်နှယ် ခါတိုင်းဆို ချွေတာရမယ်ဆို၊ အသားဟင်းဆိုတာ နေ့တိုင်း မချက်ရဘူးဆို၊
ခုတော့ ရှင်ဘာဖြစ်နေတာလဲ၊ မနေ့က ကြက်သားဟင်း၊ ဒီနေ့ အမဲသားဟင်း၊ ကိုယ်ပြောတဲ့စကားကို
ကိုယ့်ဟာကို မစောင့်ထိန်းဘူး၊ တော် ရှာကျွေးနိုင်ရင် ချက်ပေါ့လေ၊ ကျုပ်တို့ဆီမှာတော့
ပိုက်ဆံက သိပ်မရှိတော့ဘူး”လို့ စကားနာ ထိုးတယ်။ ဘတုပ်လည်း အဖြစ်မှန်ပြောပြလိုက်ရင်
စိန်စိန်တို့ သားအမိ ကြောက်ပြီး မနေရဲတော့ဘူးပြောမှာစိုးလို့ ဘာမှ ပြောမပြဘဲ နေလိုက်တယ်။
မနက်မိုးလင်းလို့ လယ်တောထဲ ထုံးစံအတိုင်း သွားပြီး လယ်ထွန်၊ နေပူတော့ လယ်ဘေးက သစ်ပင်အောက်မှာ
ခဏနားနေလိုက်တယ်။ နားနေရင်းနဲ့ ထွန်သွားလေးတွေ ချွန်နေတုန်း အသက် ၅ဝ လောက်ရှိတဲ့ လူကြီးတစ်ယောက်
ရောက်လာပြီး နှုတ်ဆက်တယ်။
“ဘာတွေများ
လုပ်နေတာလဲဗျ”။ “ထွန်သွားတွေ ချွန်နေတာပါခင်မျာ”။ “ဘယ်ကများ ကြွလာပါသလဲ၊ ရေသောက်ပါဦး၊
ကွမ်းယာလေးများ ဝါးပါဦး”လို့ ဘတုပ်က ယဉ်ကျေးပျူငှါစွာ ပြန်ပြောလိုက်တယ်။ လူကြီးဟာ
အကြောင်းသိအစင်းသိ ရင်းနှီးတဲ့သူတစ်ယောက်လို ဘတုပ်နားမှာ လာထိုင်တယ်။
“အေးဗျာ ခင်ဗျား
ကျုပ်တို့ကို ဟင်းပေးစားတာ ၂ ရက်ရှိသွားပြီ။ ကျေးဇူးတင်တယ်ဗျာ။ ကျုပ်တို့က ဘာမှ ကျေးဇူးပြန်မဆပ်ရသေးဘူး”။
“မလိုပါဘူးဗျာ။ အိမ်နီးချင်းတွေဆိုတော့ စေတနာနဲ့ ကျွေးတာပါ”။ “အေးဗျာ … ခင်ဗျားအရင်က
လူတွေက မကောင်းဘူးဗျာ။ သူတို့လုပ်ချင်ရာ စွတ်လုပ်ကြတာ။ ကျုပ်တို့ တောင်းပန်လည်း မရဘူး။
ဒါကြောင့် ဒုက္ခရောက်ကုန်ကြတာ။ ဟိုတစ်ရက်က ကောင်မလေးက ကျုပ်သမီးပေါ့။ သူက ငယ်ကလည်း ငယ်၊
စိတ်ကလည်း ထက်တော့ သူနဲ့အဆင်မပြေရင် ဒုက္ခရောက်ကုန်တာပဲ၊ ဒီသမီးလေးဆိုးတာကို ခွင့်လွှတ်ပါဗျာ”။
“ရပါတယ်ဗျာ … ကိစ္စမရှိပါဘူး။ ကျုပ်ဟာ ဘယ်သူ့ကိုမှ စိတ်ဆိုးအောင်၊ ဒုက္ခရောက်အောင် လုပ်ချင်စိတ်
မရှိပါ။ အိမ်နီးချင်းများနှင့် ချစ်ချစ်ခင်ခင်သာ နေထိုင်လိုပါတယ်၊ တစ်စုံတစ်ရာ အမှားလုပ်မိရင်
ကျုပ်ကို ပြောပါ။ မသိလို့ လုပ်မိတာ ဖြစ်ပါလိမ့်မယ်။ သင်တို့ ပြောလာရင် နောက်မလုပ်ဖြစ်အောင်
ဆင်ခြင်ပါ့မယ်”။ “အင်း ခင်ဗျားကြည့်ရတာ လူရိုးလူကောင်းပုံပါပဲ။ ကျုပ်မပြန်ခင် တစ်ခု
ပြောပါရစေဦး၊ အရင်နေ့ကလို ကျုပ်တို့ကို အသားဟင်းလေးတွေ ပေးပါဦး၊ အင်း … ခင်ဗျားတို့လည်း
သိပ်ရှိကြတာ မဟုတ်တော့ ကျုပ်က ဟင်းဖိုးပေးမယ်။ ရော့ ငွေ ၁ဝ။ ဒါနဲ့ဝယ်ပြီး ချက်ကျွေးပါ။
နောက်များလည်း ငွေလိုရင် ထပ်ပေးပါဦးမယ်၊ ဒါနဲ့ ကျုပ်တို့အတွက် ဟင်းမှာ အူ၊ အသဲ၊ ကလီစာတွေနဲ့ဦးခေါင်းလေးတော့
ပါပါစေဗျာ”။ လူကြီးဟာ ဘတုပ်ကို နှုတ်ဆက်ပြီး ပိန္နဲတောဘက်ကို ထွက်ခွါသွားတော့တယ်။
ဘတုပ်လည်း
ညနေရောက်တဲ့အခါ အမဲသားများ အိုးလိုက်ချက်ပြီး အိုးကိုပါ ပိန္နဲတောမှာ သွားချပေးလိုက်တယ်။
နောက်ရက်များမှာလည်း လူကြီးဟာ ရံခါရံခါ ရောက်လာပြီး အလ္လာပသလ္လာပများ ပြောကာ ချစ်ချစ်ခင်ခင်
နေထိုင်ခဲ့ကြတော့တယ်။ ဘတုပ်တို့ဟာ လယ်သမားဆိုတော့ စပါးမပေါ်ခင် ဆင်းဆင်းရဲရဲ ကျပ်ကျပ်တည်းတည်း
နေရစားရတာပေါ့ဗျာ။ လယ်တောဘေးက ခြံလေးက ဟင်းသီးဟင်းရွက်လေးတွေကို စိန်စိန်က ရွာထဲ လည်ရောင်းပြီး
စားဝတ်နေရေး ဖြေရှင်းရတာပေါ့။ တစ်နေ့တော့ လူကြီးက ဘတုပ်တို့ ဆင်းရဲနေတာကို ကြည့်ပြီး
“ခင်များတို့ ကြည့်ရတာ သိပ်ဆင်းရဲနေကြပုံပေါ်တယ်။ ကျုပ် ကူညီပေးပါရစေ၊ ခင်များမိန်းမကို
ရွာထဲမှာ ဆိုင်လေးတစ်ဆိုင် ဖွင့်ခိုင်းပါ။ ကျုပ် ငွေရင်းပေးပါ့မယ်”လို့ဆိုပြီး ငွေအရင်းအနှီးပေးလို့
စိန်စိန်က ရွာထဲမှာ ဆိုင်လေးဖွင့်၊ နေ့ဘက်မှာရောင်းပြီး ညနေဘက်ကျမှ ပြန်လာရတာပေါ့။
ဘာပဲဖြစ်ဖြစ် ဘတုပ်တို့ မိသားစုဟာ စားဝတ်နေရေး ချောင်လည်လာခဲ့တယ်။
ခုဆို စပါးတွေကလည်း
ဝင်းမှည့်လာပြီ။ ဘတုပ်တို့ကတော့ ပျော်မဆုံးပေါ့။ ဒါပေမဲ့ ရွာထဲမှာတော့ ပြောနေကြပြီဗျ။
ဟိုအောက်ပြည်သားတော့ ဒုက္ခရောက်တော့မယ်။ အသုဘဟင်း စားရတော့မယ်ပေါ့။ တချို့ဆို “ဦးသာလှရေ
ဒီနှစ် လယ်ကြီးက သိပ်အထွက်ကောင်းမယ့်ပုံပဲဗျ။ မသာဟင်းကိုတော့ အသားဟင်းငါးဟင်းလေးနဲ့
ကောင်းကောင်းကျွေးပါဗျာ”လို့ ပြောကြတယ်။ ဒီတော့ ဦးသာလှတို့လည်း ပြုံးပြုံးပေါ့ဗျာ။
ဒါပေမဲ့ ရွာသားတွေ စိတ်ထဲမှာတော့ တစ်မျိုးဖြစ်နေတယ်။ ဘတုပ်တို့မိသားစုရဲ့ စီးပွားရေးအခြေအနေက
တစ်နေ့တစ်ခြား တိုးတက်လာတယ်။ သမီးလေးဆိုရင် ရွှေနားကပ်လေးတောင် ပိုင်နေပါပေါ့လား။
ဒီလိုနေလာရင်း
တစ်နေ့မှာ ဘတုပ် အကြီးအကျယ် စိုးရိမ်သွားခဲ့ရတယ်။ ဒီလိုဗျ။ တွေ့နေကျ လူကြီးက ဒေါသတကြီးနဲ့ရောက်လာတယ်။
မြင်ရတာကတော့ သူတစ်ယောက်တည်းပဲ။ ဒါပေမဲ့ ခြေသံတွေ တဗုန်းဗုန်းနဲ့ အများကြီးလာတာဗျ။
နောက်ပြီး “ဟင်းးး ဟီးးးး”စတဲ့ မကျေမနပ်အသံတွေကလည်း ကြားနေရသေးတယ်။ လူကြီးက “ခင်များ
လုပ်တာ ကောင်းသေးလားဗျာ။ ခင်များတို့ကို လူရိုးလူကောင်းတွေဆိုပြီး အိမ်နီးချင်းကောင်း
ပီသအောင် ကျုပ်နေခဲ့တယ်။ ခင်များတို့ကို ပေးကမ်းသင့်သလောက် ပေးကမ်းခဲ့တယ်။ အခုတော့ဗျာ။
မနေ့ညက ကျုပ်တို့ မိသားစု၊ ဆွေမျိုးတွေ အကုန်လုံး နေစရာကို မရှိဘူး။ တစ်ညလုံးလည်း အိပ်မရအောင်
ဖြစ်ခဲ့တယ်။ ဟိုပြေးဒီပြေးနဲ့ သောကတွေ ရောက်လိုက်ရတာဗျာ။ အဲဒါ ကျုပ်ဆွေမျိုးတွေက ခင်များတို့မိသားစုကို
မျိုးဖြုတ်ပစ်မယ်တဲ့။ အဲဒါ ကျုပ် စိတ်မကောင်းလို့ လာပြောတာ”။ အဲဒီအခါ ဘတုပ်ဟာ ပြာပြာသလဲလဲနဲ့
“မိတ်ဆွေကြီး ဘယ်လို ဖြစ်ရတာလဲဗျာ။ ကျုပ်တို့ ဘာအမှား လုပ်မိလို့ပါလဲ။ ကျုပ်ကို ပြောပါ။
အမှားလုပ်မိရင် တောင်းပန်ပါတယ်”။
“ဒီလိုဗျာ … မနေ့ညက ခင်များနဲ့ခင်များသမီး ကျုပ်တို့နားကို
လာတယ်ဗျာ။ လာပြီးတော့ သမ္ဗုဒ္ဓေတွေ ရွတ်တယ်။ ပဋ္ဌာန်း ၂၄ ပစ္စည်းတွေလည်း ရွတ်တယ်။ လာပဲလာသေးတယ်။
ခင်များက ခင်များ ရွတ်ရုံတင် မဟုတ်ဘူး။ သမီး ရွတ်ရွတ်ဆိုပြီး ခင်များသမီးကိုတောင် ရွတ်ခိုင်းနေသေးတယ်”။
“ကျုပ် မှားသွားပါတယ်ခင်မျာ။ နောက်မရွတ်တော့ပါဘူး။ မသိလို့ လုပ်မိခြင်းဖြစ်၍ ခွင့်လွှတ်ပါခင်မျာ။
နောက်မဖြစ်အောင် ဆင်ခြင်နေပါ့မယ်။ မိတ်ဆွေရဲ့ဆွေမျိုးတွေကိုလည်း တောင်းပန်ပေးပါခင်မျာ”။
“အေး ကောင်းပြီလေ။ ကျုပ် ပြေလည်အောင် ပြောကြည့်ပါ့မယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားပါ့မယ်။
မရရင်တော့ ခင်များအတွက် စိတ်မကောင်းပါဘူးဗျာ”လို့ ပြောပြီး ထွက်သွားတော့တယ်။
ဘတုပ်လည်း
စိုးရိမ်တကြီးနဲ့ စိန်စိန်ကို ခေါ်ပြီး အမဲသားဟင်း ချက်ခိုင်းတော့တယ်။ ပြီးတာနဲ့ တောစပ်သွားပြီး
တောင်းပန်လိုက်တယ်။ နောက်နေ့မှာ လူကြီးရောက်လာပြီး “မနေ့က ခင်များ တောင်းပန်တာကို ကျုပ်ဆွေမျိုးတွေ
ကျေနပ်ကုန်ကြတယ်။ နောက်ပြီး ခင်များကို ဒီမှာပဲ နေစေချင်တယ်တဲ့။ ဒါနဲ့ သူတို့ ရှိတဲ့ငွေလေးစုပြီး
ခင်များ ဒီလယ်ကို အပိုင်ဝယ်ဖို့ ပိုက်ဆံပါ ပေးလိုက်တယ်။ ရော့ ဒါ သူတို့ လယ်ဝယ်ဖို့
ပေးလိုက်တာ။ အဲ ခင်များ သိထားရမှာက ကျုပ်နဲ့ခင်များ ဒီလို ဆက်ဆံနေတာ၊ ကျုပ်က ငွေပေးတာတွေကို
ဘယ်သူ့ကိုမှ မပြောမိစေနဲ့”ဆိုပြီး ငွေ ၄ဝဝ ပေးပြီး ပြန်သွားတယ်။ ဘတုပ်လည်း ဝမ်းသာလိုက်တာ
လွန်ရော။ ဒါနဲ့ ဘတုပ်ဟာ ဦးသာလှဆီကို သုတ်ခြေတင် သွားတော့တယ်။
“ဟာ မောင်ဘတုပ်
… မင်း ဒီပိုက်ဆံတွေ ဘယ်က ရလာတာလဲ”။ “တလွဲမထင်ပါနဲ့ ဦးသာလှ၊ ကျုပ်အောက်ပြည်က လာကတည်းက
ဒီပိုက်ဆံလေးတွေကို မသုံးရက်ဘဲ စုထားခဲ့တာပါ”။ “အေးကွာ … တကယ်တော့ မင်းမြင်တဲ့အတိုင်း
ဒီလယ်က အထွက်နှုန်း သိပ်ကောင်းတာကွ။ တကယ်ဆို ၁၅ဝဝ လောက်တန်တာ။ ဒီတော့ မင်းကို ၁ဝဝဝ နဲ့
ပေးမယ်ကွာ။ စပါးပေါ်မှ ကျန်ငွေကို ထပ်ပေးပါ့။ ကျေနပ်ရင် မင့်ငွေ ၄ဝဝ ထားခဲ့”။ “ကောင်းပါပြီဗျာ၊
ကျေးဇူးတင်ပါတယ်”။ ဘတုပ်လည်း လယ်ပိုင်ရှင်ဖြစ်တော့မယ်ဆိုတာကို တွေးပြီး တစိမ့်စိမ့်
ကြည်နူးနေတော့တာပေါ့။
ဒီလိုနဲ့
လယ်ရိတ်သိမ်းချိန်ရောက်လာခဲ့တယ်။ စပါးတွေ ထွက်လာတာမှ လွန်ရော။ အခြားလယ်တွေထက်ကို အထွက်နှုန်းကောင်းတယ်။
ရွာထဲမှာတော့ တီးတိုးစကားတွေ များမှများပေါ့ဗျာ။ ဘတုပ်တို့တော့ ထုံးစံအတိုင်း ဒုက္ခရောက်တော့မယ်ပေါ့။
သိတဲ့အတိုင်း ဘတုပ်တို့က မိတ်ဆွေတွေ ဖြစ်နေကြတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။ ဦးသာလှနဲ့
သဘောတူထားတဲ့အတိုင်း စပါးတွေကို ၃ ပုံ ပုံတယ်။ ၁ ပုံကို ဘတုပ်ယူတယ်။ ဦးသာလှကတော့ ဘတုပ်တို့
ဒုက္ခရောက်တော့မှာဆိုတော့ ၃ ပုံလုံး သူရတော့မယ်ဆိုပြီး ကြိတ်ပျော်နေတာပေါ့။ ၁ ပုံထဲက
လယ်ဖိုးအတွက် ထပ်ဖြည့်လိုက်တော့ ဘတုပ်တို့လည်း လယ်ပိုင်ရှင်ဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့
ဦးသာလှတို့ စောင့်နေလိုက်တာ နောက်တစ်မိုးရောက်လည်း ဘာမှ မဖြစ်၊ နောက်တစ်မိုးရောက်လည်း
ဘာမှ မဖြစ်နဲ့ ၆ နှစ်တောင် ကြာသွားခဲ့တယ်။ ဘတုပ်တို့လည်း ဟိုတုန်းကလို မဟုတ်တော့ဘူး။
အိမ်တစ်ဆောင်မီးတပြောင်နဲ့ ဖြစ်နေပြီ။ သမီးလေးတောင် ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်လေး
ဖြစ်နေပြီ။ အလှူအတန်းဆိုလည်း ဘတုပ်တို့ လင်မယားက ထိပ်ဆုံးကဆိုတော့ ရွာဦးဘုန်းကြီးကလည်း
ဒကာဘတုပ် ဒကာဘတုပ်ဖြစ်နေပြီ။
ဒီလိုနဲ့
၆ နှစ်ပြည့်ပြီးလို့ မိုးကျခါနီးမှာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တယ်။ လပြည့်ညတစ်ညမှာပေါ့။
ပိန္နဲတောဘက်က အော်ဟစ်သံ၊ နွားခလောက်သံ၊ ငိုယိုသံ စတဲ့ အသံတွေ ဆူညံနေတယ်။ ဘာများဖြစ်ပါလိမ့်ပေါ့။
“စိန်စိန်ရေ ထစမ်းပါဦး၊ ဟိုဘက်မှာ ဆူညံနေတာပဲ၊ ဘာဖြစ်တာလဲ မသိဘူး”ဆိုတော့ “ကိုယ်တော့်နှယ်
ဘာတွေများ လျှောက်ပြောနေတာလဲ၊ ကျုပ်ဖြင့် ဘာသံမှ မကြားပါတော်၊ အိပ်မှာ ဆက်အိပ်ပါ”ဆိုပြီး
ပြန်အိပ်သွားတယ်။ “အော် ဒီအသံတွေက ငါတစ်ယောက်တည်း ကြားရတာပါလား”ဆိုတာကို သတိထားမိသွားတယ်။
ဒါနဲ့ အိမ်အပြင်ထွက်လိုက်တော့ လူကြီးရောက်လာတယ်။ မျက်နှာလည်း မကောင်းဘူး။
“မိတ်ဆွေကြီးရေ
… ကျုပ်တို့ သွားရတော့မယ်။ နယ်ပိုင်က ကျုပ်တို့ကို နှင်နေပြီ။ ဒီနေရာမှာ မနေရတော့ဘူး။
အဲဒါ အားလုံး စိတ်မကောင်းဖြစ်ပြီး ငိုကာယိုကာ ပစ္စည်းတွေ သိမ်းနေကြတာ။ ကျုပ်နှုတ်ဆက်ပါတယ်။
ခင်များနဲ့ မိတ်ဆွေဖြစ်ရတာ ဝမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ နေရာသစ်မှာ ခင်များလို
လူကို တွေ့အုံးပါ့မလား မသိဘူး။ နေရာသစ်က ပရိတ်တွေ၊ ပဋ္ဌာန်းတွေ ရွတ်ကြတဲ့နေရာဆိုရင် ကျုပ်တို့
တစ်ဆွေမျိုးလုံး ဒုက္ခရောက်ရတော့မှာပဲ။ အဲဒီလို နေရာမျိုးဆိုရင် သူတို့က ပရိတ်၊ ပဋ္ဌာန်းနဲ့
ကျုပ်တို့ကို ဒုက္ခပေး။ ကျုပ်တို့ကလည်း သူတို့ ကံနိမ့်တာနဲ့ ဒုက္ခရောက်အောင် ပြန်လုပ်။
မကောင်းပါဘူးဗျာ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ။ သွားမယ်ဗျာ”ဆိုပြီး နှုတ်ဆက်ထွက်ခွါသွားတော့တယ်။
ဘတုပ်လည်း တစ်စုံတစ်ခုကို သတိရတာနဲ့ “ဗျို့မိတ်ဆွေကြီး ခဏနေပါဦး၊ ခင်များတို့နေရာမှာ
နောက်ရောက်လာမယ့်သူတွေက ဘယ်လို လူတွေ ဖြစ်မလဲ”လို့ မေးတော့ “အဲဒါတော့ မပူပါနဲ့၊ ဒီနေရာမှာ
ဘယ်သူ့ကိုမှ မထားတော့ဘူးတဲ့၊ လူတွေနဲ့ သိပ်နီးသွားလို့တဲ့”လို့ ဖြေပေးလိုက်မှ ဘတုပ်လည်း
စိတ်အေးသွားခဲ့တယ်။
အခုချိန်မှာတော့
ဘတုပ်တို့ဟာ ရွာမှာ လယ်ရှင်သူဌေးကြီး ဖြစ်နေပြီ။ ကျုပ်ဦးခလည်း ဘတုပ်တို့ရွာက ပြန်လာတာ
နှစ်၂ဝ တောင်ရှိနေပြီ။ သူတို့တွေ အသက်ထင်ရှားရှိသေးလား၊ မရှိတော့ဘူးလားတောင် မသိတော့ဘူး။
ဒါကတော့ ကျုပ် တစ္ဆေသုတေသန ဦးခရဲ့ တွေ့ရှိချက်တစ်ခုပါ။ ခင်ဗျားတို့လည်း သင်္ခန်းစာယူစရာတွေ၊
ဗဟုသုတတွေ အများကြီး ရလိမ့်မယ်လို့ ထင်ပါတယ်။ ဆင်ခြင်စရာ၊ သုံးသပ်စရာတွေကလည်း အများကြီး
ပါမှာပါ။ မယုံတော့ မရှိနဲ့နော်။ သိတယ်မလား၊ တစ္ဆေသုတေသန ဦးခပါ။ နောက်ထပ် တွေ့ရှိချက်တွေလည်း
အများကြီး ရှိသေးတယ်ဗျ။ ခင်များတို့ စိတ်ဝင်စားရင်တော့ ဆက်ပြောပြရသေးတာပေါ့ဗျာ။
Monday, February 25, 2013
ခေါင်းစဉ်များတဲ့ စာတစ်ပုဒ်
ဘာလိုလိုနဲ့
စာတွေ မရေးဖြစ်တာလည်း ကြာသွားတယ်။ အခုထိလည်း ဟုတ်တိပတ်တိ ဆောင်းပါးတွေ မရေးဖြစ်သေးဘူး။
တစ်ခါတစ်ရံ ရေးချင်စိတ်တွေ ပေါ်လာတတ်ပေမယ့် ပင်ပန်းတာနဲ့ မရေးဖြစ်ဘဲ အတွေးတွေ ပျောက်ပျောက်သွားတယ်။
မနက်မိုးလင်းတာနဲ့ ရုံးဝန်ထမ်းတွေလာ၊ တစ်နေ့တာ ရုံးလည်ပတ်ဖို့ စီမံပေးရတယ်။ ဆရာ၊ ဆရာမကြီးတွေ
ရေးပို့လာတဲ့ စာတွေကို စီစစ်ပေးရတယ်။ အပတ်စဉ်နီးပါး ဆရာမကြီးတွေနဲ့ တွေ့ဆုံရ၊ စကားပြောရတယ်။
စိတ်ဝင်စားလို့ လာစုံစမ်းသူတွေကို ဧည့်ခံစကားပြောရ၊ ဖောင်ဒေးရှင်းအကြောင်း ပြောပြရတယ်။
အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ စီစဉ်ရတယ်။ ပါဝင်ဆွေးနွေးရတယ်။ နှစ်ပတ်လည်လာတာကို သတိထားမိတော့မှ
“ငါ ဒီနှစ်ကို ဒီပုံစံလေးနဲ့ တစ်နှစ်တာလုံး ဖြတ်သန်းခဲ့တာပါလား”လို့ သတိပြုမိတော့တယ်။
ဒီနှစ်ကာလတွေဟာ
ကိုယ့်အတွက်ဆိုရင် ပညာရေး လုပ်မလား။ ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်မလား။ အောင်မြင်ကျော်ကြားမှု၊
ငွေကြေး၊ လူရိုသေရှင်ရိုသေ ဘဝနေထိုင်မှု …. အားလုံးကို ရယူနိုင်တဲ့နှစ်တစ်ခုပါ။ ဒါပေမယ့်
အားလုံးကို မေ့ပျောက်ပြီး ဒီရုံးခန်းလေးမှာ ဘုတ်ဘုတ်ထိုင်ပြီး ကုန်ဆုံးလိုက်ရတယ်။ တစ်ခါတစ်ရံမှာ
ကျောင်းပိုင်နေသူတွေ၊ ကျောင်းထိုင်နေသူတွေ၊ ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ အောင်မြင်နေသူတွေ၊
ဟောရေးပြောရေးနဲ့ အောင်မြင်ကြသူတွေ …. သူတို့ကို အားကျမိပြီး ကိုယ့်မှာ ဘာပိုင်ဆိုင်မှုမှ
မရှိသလို၊ ပိုင်ဆိုင်ဖို့လည်း အားမထုတ်နိုင်တဲ့ကိုယ်ဟာ အားငယ်သလို ဖြစ်ရတယ်။ ဒါပေမယ့်
ရန်ကုန်လာတဲ့ မိဘတွေကိုတောင် တွေ့ဆုံဖို့ အခွင့်မပေးနိုင်တဲ့ ဒီလုပ်ငန်းက ရရှိလာတဲ့
အတွေ့အကြုံတွေက တစ်ဘဝစာ ကြည်နူးစရာတွေ ဖြစ်လာလိမ့်မယ်လို့တော့ ယုံကြည်နေဆဲပါပဲ။
ဒီစာရေးနေတာကလည်း
ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီနေ့ ဖောင်တော်ဦးဆရာတော်နဲ့ တွေ့ပြီး ဝမ်းသာမိလို့ ရေးဖြစ်သွားတာ။
ဖောင်တော်ဦးဆရာတော်နဲ့တွေ့တိုင်း အားတက်စရာတွေ ကြားရတာပါပဲ။ ဖောင်တော်ဦးဆရာတော် ရန်ကုန်ရောက်လာတယ်လို့
ကြားတာနဲ့ လုပ်ဖော်ကိုင်ဖက် ဆရာလေး ဒေါ်ကေတုမာလာ၊ ရုံးဝန်ထမ်း ခိုင်ဇင်သက်တို့နဲ့အတူ
ဆရာတော်အားတဲ့အချိန်ကို ချိန်းပြီး တွေ့ကြတယ်။ တိုက်တိုက်ဆိုင်ဆိုင် စစ်ကိုင်းတိုင်း
ဘ/က ဥက္ကဋ္ဌဆရာတော်၊ ဘ/ကကျောင်းတွေ တိုးတက်ရေးအတွက် ကြိုးစားနေတဲ့ တံတာဦးဆရာတော်တို့နဲ့ပါ
ဆုံခွင့်ရလိုက်တယ်။ ဆရာတော့်ဆီကို သွားတဲ့ အဓိကရည်ရွယ်ချက်က ဖောင်ဒေးရှင်းရဲ့ ပြီးစီးမှုအခြေအနေတွေကို
တင်ပြဖို့နဲ့ သင်ရိုးမူကြမ်းတွေကို ပြဖို့ရယ်၊ ဓမ္မစကူးလ်များ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းအတွက်
ဆရာ/ဆရာမတွေ တောင်းဖို့ရယ် …. ဒီရည်ရွယ်ချက်တွေနဲ့ သွားခဲ့တာပါ။
ဆရာတော်များနဲ့
အားရပါးရ စကားပြောခွင့် ရတယ်။ ပြီးစီးခဲ့တဲ့ သင်ရိုးမူကြမ်းတွေ၊ ပန်းချီပုံတွေကို ဆရာတွေက
အားရပါးရ ချီးကျူးကြတယ်။ ဆရာဖြစ်သင်တန်းအတွက်လည်း ဆရာမတွေ အကူအညီပေးမယ်။ ဆရာတော်များက
တစ်နိုင်ငံလုံး ဘ/ကကျောင်းတွေ ပြန့်ပွားစေချင်တယ်လို့ ပြောကြတယ်။
အပြန်လမ်းမှာ
….. တစ်နိုင်ငံလုံး ဘ/ကတွေ ရှိစေချင်တဲ့ ဆရာတော်တွေနဲ့ တစ်နိုင်ငံလုံး ဓမ္မစကူးလ်တွေ
ရှိစေချင်တဲ့ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ..... ရည်ရွယ်ချက်နှစ်ခုရဲ့ ပေါင်းဆုံရာဟာ တစ်နိုင်ငံလုံး
ဘာသာသွေးတွေ ရဲနေတဲ့ ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်း ဖြစ်ပေါ်စေဖို့ပါလားဆိုတာကို တွေးမိပြီး
အနာဂတ်ခြေလှမ်းများအတွက် အားတက်လာခဲ့မိပါတယ်။
တကယ်တော့
ရေးချင်တဲ့ခေါင်းစဉ်တွေ အများကြီး။ ခေါင်းစဉ်အများကြီးအောက်က ပြောချင်တာအများကြီးဖြစ်လို့
ဒီစာဟာ ခေါင်းစဉ်များတဲ့ စာတစ်ပုဒ်ပါ။
Subscribe to:
Posts (Atom)