Wednesday, December 14, 2011

ရေပေါ်သောင်ကျေးရွာများရဲ့ ကံကြမ္မာ

(ရေပေါ်သောင်ကျေးရွာများ တည်ရှိရာ ရေပေါ်သောင်ကျွန်းခရီးစဉ်လေးအကြောင်း ရေးထားတာပါ။ ဓာတ်ပုံတွေကိုတော့ နောက်နေ့မှ တင်ပေးပါ့မယ်။ ကိုယ်ပိုင်အင်တာနက်မဟုတ်လေတော့ ဟိုဟာကျန်ခဲ့၊ ဒီဟာ ကျန်ခဲ့နဲ့။ နောက်ပြီး ကွန်နက်ရှင်းကလည်း ဘာမှ ဖွင့်မရအောင် ဖြစ်။ ဒါနဲ့ အဆင်မပြေနိုင် ဖြစ်ရတယ်။ စာတင်ရတာက လွယ်ပေမယ့် ဓာတ်ပုံတင်ဖို့က များသောအားဖြင့် အတော်စိတ်ညစ်ဖို့ ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာ အချိန်ပေးပြီး ဓာတ်ပုံတွေ တင်နိုင်အောင် ကြိုးစားလိုက်ပါအုံးမယ်။ )

စာရေးသူသည် ခရီးသွားရတာ ၀ါသနာအလွန်ပါသူ ဖြစ်သည်။ မြန်မာပြည်အနှံ့၊ ရှမ်းပြည်၊ ရခိုင်ပြည်၊ ကိုကိုးကျွန်း၊ အထက် မြစ်ကြီးနား မေခ မလိခ စတဲ့ထင်ရှားတဲ့နေရာများနှင့် လက်လှမ်းမီရာ မြို့ကျေးရွာများဆီသို့ မကြာခဏ သွားရောက်လည်ပတ်တတ်သည်။ ဒေသတစ်ခုသည် နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သူ့နေရာနှင့်သူ စိတ်ဝင်စားစရာများ ရှိနေတတ်သည်ဟု ယူဆထားသူ ဖြစ်သည့်အလျောက် ခရီးကလည်း အသစ်ဖြစ်လျှင် အခြေအနေကလည်း ပေးလျှင် သွားလိုက်သည်သာ များလေသည်။

စာရေးသူ သွားခဲ့သည့်ခရီးများတွင် (ညောင်တုန်းမြို့နှင့် ဇလွန်ပြည်တော်ပြန်မှ လွဲ၍) ဧရာဝတီတိုင်း မပါဝင်ခဲ့ဖူးသေးပါ။ တစ်နေ့က သူငယ်ချင်းတစ်ပါးက ပြောသည်။ ၁၇-ရက်နေ့ကျရင် ဓနုဖြူမြို့ဘက်က ကမ်းပြိုလို့ ဒုက္ခရောက်နေတဲ့ ရွာတွေဆီကို ဆန်သွားလှူကြမယ်၊ ကိုယ့်လူလည်း အလှူမှာ ပါဝင်လို့ ရတယ်ဟု ဆိုပါသည်။ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ သတင်းများတွင် ဧရာဝတီတိုင်းက ရွာအချို့က မိသားစုဝင်များ ကမ်းပြိုမှုကြောင့် အတိဒုက္ခရောက်နေကြောင်း ဖတ်ရသည်။ ထိုအချိန်ကတည်းက စိတ်ဝင်စားနေခဲ့သည်။

ဧရာဝတီတိုင်းဆိုတာ ဧရာဝတီမြစ်ကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေကြရတာ၊ အခု ဧရာဝတီက လူတွေကို ဒုက္ခပေးနေပြီလား မသိဟု သူငယ်ချင်းတစ်ယောက်က ပြောသည်။ ထိုစကားကို သဘောမကျပါ။ ဧရာဝတီကို ထိလျှင် အမေထိသလို ခံစားရသည်။ မဖြစ်နိုင်ဘူး၊ ဧရာဝတီကတော့ တမင်သက်သက် ဒုက္ခပေးမှာ မဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ဧရာဝတီမှာလည်း သဘာဝတရားရဲ့ အမိန့်ကို နာခံရမှာပဲ၊ သဘာဝတရားကို မတရားလုပ်ရင် ဧရာဝတီလည်း သဘာဝတရားရဲ့ အထုအထောင်းကို ခံရမှာပဲ၊ ဒီလိုဆိုရင် သူ့ကို အမှီပြုနေတဲ့သူတွေလည်း သဘာဝတရားရဲ့ ဒဏ်ခတ်မှုကို ခံစားရမှာပဲဟု တောင်တောင်အီအီ တွေးနေမိခဲ့သည်။

သူငယ်ချင်း၏ ဖိတ်ခေါ်မှုကို ချက်ချင်းလက်ခံလိုက်သည်။ ၁၇-ရက်နေ့ မနက်စောစော ရန်ကုန်က ထွက်ခွါမည်။ ဦးဆောင်စီစဉ်သူက မန္တလေးမြို့၊ မစိုးရိမ်တိုက်ဟောင်း၊ ပါဠိနယူပဒေသကျောင်း၊ ဆရာတော် ဦးနာဂိန္ဒ ဖြစ်သည်။ အလှူရှင် ဒကာဒကာမ ၅-ယောက်၊ ဦးနာဂိန္ဒ၊ ဦးတေဇိန္ဒ၊ ဦးပညာစာရတို့နှင့် စာရေးသူတို့ လိုက်ပါခဲ့ကြသည်။ မနက် ၇-နာရီဟု ပြောထားသော်လည်း အကြောင်းကြောင်းကြောင့် ၁၀-နာရီ ခန့်ကျမှ ထွက်ခွါဖြစ်သည်။ လမ်းတွေက အတော်လေး ကြမ်းတမ်းသည်။ လှိုင်သာယာထွက်တာနှင့် လမ်းများက ဖြောင့်ဖြောင့်မောင်းလို့မရအောင် ဆိုးသည်။ ချိုင့်ခွက်များကို ရှောင်မောင်းနေရတာနှင့် အချိန်အတော်ကုန်သည်။ ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်ကျော်လိုက်သည်နှင့် များသောအားဖြင့် ကတ္တရာလမ်းကို မတွေ့ရတော့ပေ။ ကျောက်ခဲများ၊ ချိုင့်ခွက်များသာ ရှိတော့သည်။ အော် ဇလွန်ပြည်တော်ပြန်သွားတဲ့ လမ်းတောင် ကောင်းကောင်းလေး လုပ်မပေးထားပါလားဟု တွေးပြီး စိတ်သောကဖြစ်မိသည်။ ရန်ကုန်နဲ့ ဓနုဖြူဆိုတာ တကယ်တော့ ဘာမှ ဝေးတဲ့ခရီးမဟုတ်ဘူး၊ ဒီလို တ၀ုန်းဝုန်းနဲ့ ဖုန်မှုန့်တွေ တလိပ်လိပ်ထနေတဲ့ ခက်ခဲကြမ်းတမ်းတဲ့ခရီးကို နေ့စဉ်သွားလာနေကြရတဲ့ ဒေသခံများ ဘယ်လောက်တောင် ဒုက္ခရောက်ကြလိမ့်မလဲဟု တွေးရင်း စိတ်ထဲမှာ တနုံ့နုံ့ ဖြစ်ခဲ့မိသည်။

နေ့လယ် ၁-နာရီခန့်တွင် ဓနုဖြူမြို့သို့ ရောက်သည်။ စာရေးသူက ဓနုဖြူကို ဓနုဖြူဟု မမြင်၊ စစ်သူကြီး မဟာဗန္ဓုလကိုသာ မြင်သည်။ စစ်သူကြီးသည် ဤမြေတွင် ကျဆုံးခဲ့သည်။ ဓနုဖြူမြို့ပေါ်က မဝေဆိုတဲ့ ပွဲရုံမှာ ရွာသူရွာသားများကို ဝေငှဖို့ ဆန်အိတ်များ ၀ယ်ကြသည်။ အညာသားက အောက်သားကို ဆန်ဝေမယ်ဆိုတာကို တွေးပြီး ပြုံးမိသေးသည်။ ဆရာတော်ဦးနာဂိန္ဒ ဦးဆောင်အလှူခံထားသော ငွေများဖြင့် ဆန်အိတ် ၅၀ ၀ယ်နိုင်ခဲ့သည်။ ဆန်အိတ်များကို ပဲ့ထောင် (စက်လှေ)ပေါ်သို့ တင်ပြီး ညနေ ၃-နာရီခန့်တွင် ဓနုဖြူမြို့လေးမှ ကမ်းပြိုဒုက္ခသည်များရှိရာ ရေပေါ်သောင်ကျေးရွာသို့ ဆန်တက်ခဲ့ကြသည်။

ဧရာဝတီမြစ်ကြီးပေါ်မှာ သွားနေရတဲ့ ခံစားမှုပီတိက ဘာနဲ့မှ လဲလို့ မရနိုင်ပါ။ ဧရာဝတီကို ဘာကြောင့် ချစ်သလဲ။ ကမ်းတစ်လျှောက်ဝဲယာမှ စိုက်ခင်းများ၊ ဥဒဟို စုန်၊ ဆန်သွားနေကြသော ပဲထောင်စက်လှေကြီးများ ကုန်တင်၊ ခရီးသည်တင် သင်္ဘောများကို ကြည့်လျှင် သိနိုင်ပါလိမ့်မည်။ ဧရာဝတီပေးကျွေးခဲ့သော ထမင်းလုတ်များကား မရေမတွက်နိုင်အောင် ရှိနေပါလိမ့်မည်။ မြန်မာပြည်သူတို့ထံတွင် အုံခဲတည်ရှိနေသော စွမ်းအားများအားလုံးသည် ဧရာဝတီ ခွံ့ကျွေးသော ထမင်းလုတ်များနှင့် မည်သူ ကင်းနိုင်ပါမည်လဲ။ ဧရာဝတီအပေါ်တွင် စာရေးသူတို့ ပေးဆပ်ရမည့်အကျွေးတွေ အမြောက်အများ ရှိနေသည်ဟု ခံစားမိခဲ့သည်။

ဦးဇင်း ဟိုမှာ ကြည့်၊ အဲဒါ ဗန္ဓုလစစ်သူကြီး တည်ဆောက်ခဲ့တဲ့ ခံတပ်အဟောင်းကြီးဟု စက်လှေဆရာကြီးက လက်ညှိုးထိုးပြသည်။ ကျုပ်ကို အဆိုးမြင်သူလို့ ပြောချင်လည်း ပြောတော့ဗျာ၊ ဘယ့်နှယ့်ဗျာ ဒီလောက် သမိုင်းဝင်တဲ့ မြို့ရိုးကြီးကို ဒီအတိုင်း ပစ်ထားကြတယ်၊ ကြည့်စမ်းဗျာ၊ အပေါ်မှာ တဲအိမ်တွေ ဆောက်လုပ်ဆောက်၊ သစ်ပင်ကြီးတွေလည်း ပေါက်လို့၊ ထင်ရာတွေ ဖြစ်နေတာ၊ နောက်နှစ်လောက်ဆို ရေတိုက်စားသွားတော့မယ်ဟု စာရေးသူ မြည်တမ်းမိသည်။ မြို့ရိုးအဟောင်းကြီးတွေ ပျက်တော့မည်။ လက်ပိုက်ကြည့်နေကြသည်။ ဒီနေရာကို လူကြီးဆိုတဲ့သူတွေ တစ်ယောက်မှ လာမကြည့်ကြဘူးလားဗျ အော် အရှင်ဘုရားနှယ်၊ ဒီနယ်က စစ်သူကြီး ကျဆုံးသွားတဲ့ အရှုံးသမားရဲ့ နယ်လေဘုရာ့၊ မဟာဗန္ဓုလ ပြုတ်သွားတဲ့ မြေပေါ့၊ သူတို့က အစွဲကြီးတယ်၊ ဒီကို လာရင် နိမိတ်မကောင်းဘူးဆိုပြီး ဘယ်သူမှ မလာကြဘူး၊ အရှင်ဘုရား ကြည့်ပါလား၊ ဓနုဖြူမြို့နယ်မှာ အခြားလမ်းတွေက တော်တော်များများ ကတ္တရာလမ်းပေမယ့် ဗန္ဓုလစစ်သူကြီးရုပ်တုတည်ရှိတဲ့ ဒီ မြို့ဂုဏ်ရောင်လမ်းကတော့ မြေလမ်းကျောက်လမ်းပဲ ရှိသေးတယ်၊ နည်းနည်းမှ ပြုပြင်မပေးကြဘူး၊ စစ်သူကြီးရုပ်တုဘေးမှာလည်း ခြုံတွေ ပိတ်ဖုံးနေတယ်။ ဘယ်လိုကြည့်ကြည့်၊ စိတ်ချမ်းသာစရာတစ်ခုမှ မရှိဘူး၊ စိတ်ဆင်းရဲပါတယ်ဘုရားဟု ဆိုသည်။ အော် ဖြစ်ရလေဟုသာ အသံထွက်နိုင်ခဲ့သည်။

ဧရာဝတီမြစ်ကို တဖြည်းဖြည်း ဆန်တက်လာရင်း ကမ်းပြိုနေသော နေရာအချို့ကို တွေ့လာရသည်။ လူနေအိမ်ခြေများတော့ မရှိ။ စိုက်ခင်းလေးများက တအိအိ မြစ်ပြင်ထဲ ထိုးဆင်းကာ မြစ်ရေနှင့်အတူ ပါသွားနေကြသည်။ ပြိုနေသောကမ်းလေးများကို ကြည့်ရင်း စာရေးသူတို့ စကားတွေ ပြော၊ ဓာတ်ပုံတွေရိုက်နေကြတော့ ဧရာဝတီသူ ဒကာမကြီးက အရှင်ဘုရား ဒါက အပြိုလေးပဲ ရှိသေးတယ်၊ အပြိုကြီးတွေ မကြာခင် တွေ့ရတော့မယ်၊ အပြိုကြီးတွေ တွေ့မှ ရိုက်ကြဟု ဆိုသည်။ ဒကာမကြီးစကားကြောင့် အားလုံး ရယ်မောခဲ့ကြသည်။

ရေပေါ်သောင်ကျေးရွာကို ရောက်ခါနီးတော့ လှေက ဒုန်းဆို ရပ်သွားသည်။ မြစ်ပြင်နှင့် မရင်းနှီးသော စာရေးသူတို့ အနည်းငယ် ဖြုံသွားခဲ့သည်။ ဖြည်းဖြည်း၊ ဖြည်းဖြည်း၊ လှေကို နောက်ပြန်ဆုတ်၊ လှေကို နောက်ပြန်ဆုတ်ဟု ပဲ့ကိုင်သူက အော်သည်။ လှေက အောက်က သောင်ပြင်ကို ထိသွားခြင်း ဖြစ်သည်။ အော် ဦးဇင်းက ဒီရေတွေက အနက်ကြီးလို့ ထင်တာ၊ အခုတော့ မြစ်ပြင်ကျယ်ကြီးအလယ်မှာတောင် ၂-တောင်လောက်တောင် ရေက မနက်ပါလားလို့ ပြောမိသည်။ အရှင်ဘုရားတို့ ကံကောင်းတာ၊ စက်လှေက ကြီးလို့သာပေါ့၊ လှေသေးရင် အဲ့ဒီလို ရုတ်တရက် သဲခုံနဲ့ ၀င်တိုးရင် မှောက်တာပဲဘုရား၊ သတိထားပြီး မောင်းနေရတာ၊ ဧရာဝတီမြစ်ရေက ရေနက်ရှိတဲ့နေရာ ရွေးပြီးမောင်းနေရတာ၊ သင်္ဘောကြီးတွေဆို မောင်းလို့ မရတော့ဘူး၊ မောင်းရင်လည်း ရေလမ်းကြော ရှာပြီးမောင်းရတာ။ မိုးတွင်းလောက်ပဲ ရေများတော့တာဟု ရှင်းပြသည်။ သူပြောမှ သတိထားကြည့်မိသည်။ စက်လှေကြီးတွေတောင် ၀ါးထောက်ပြီး ရေကြောင်းစမ်းကာ မောင်းနေရသည်။ အော် ဧရာဝတီ၊ မင်း အားတွေ နည်းနေပြီလား

ရေပေါ်သောင်ကျွန်းရွာလေးတွေကို ရောက်တော့ အတော်မှောင်သွားပြီ။ ရွာဦးကျောင်းက ဦးဇင်းတစ်ပါးနှင့် ဒကာအချို့ မြစ်ကမ်းကို လာကြိုသည်။ ဆိပ်ကမ်းဟူ၍ သက်သက်မှတ်မှတ်တော့ မရှိပါ။ အဆင်ပြေတဲ့နေရာမှာ ဆိုက်ကပ်ပြီး ကမ်းပေါ်တက်ကြရခြင်း ဖြစ်သည်။ ဘုန်းကြီးကျောင်းသို့ ဓာတ်မီးများ တ၀င်းဝင်းဖြင့် လယ်ကွင်းများ၊ စိုက်ခင်းများကို ဖြတ်ကာ သွားကြသည်။ ဒေသသစ်ကို သွားရသဖြင့် အားလုံးပျော်နေကြသည်။ ရွာဦးကျောင်းက မီးစက်ထွန်းထားသဖြင့် လင်းနေသည်။ ရွာဘက်မှာတော့ အများအားဖြင့် မှောင်သည်။

ရောက်ရောက်ချင်း ရွာဦးကျောင်းဆရာတော်ကို ၀တ်ချသည်။ ဆရာတော်ကြီးကား သက်တော် ၉၄-နှစ် ရှိပြီဖြစ်သည်။ နားကလည်း မကောင်းသဖြင့် စကားကို အကျယ်ကြီး ပြောရသည်။ တပည့်တော်က မျက်စိကလည်း မကောင်း၊ နားကလည်း မကောင်းတော့ အရှင်ဘုရားတို့နဲ့ စကားပြောရမှာ အားနာတယ်၊ အဆင်ပြေသလို နေကြဟု အမိန့်ရှိသည်။ စာရေးသူတို့က သိချင်တာများကို မေးကြသည်။ ဆရာတော်ကြီးသည် မြင်းခြံဇာတိ၊ အညာသားဖြစ်သည်။ သို့ရာတွင် ရေပေါ်သောင်ကျေးရွာသို့ ခဏအလည်လာရင်း ကလေးငယ်များကို စာသင်ပေးရာကနေ ကလေးများကို သံယောဇဉ်ဖြစ်ပြီး အပြီးနေထိုင်ဖြစ်သည်ဟု ဆိုသည်။ တပည့်တော်က ၁၉၇၁-ခုနှစ်ကတည်းက ဒီရွာကို ရောက်တာ၊ တပည့်တော်ရောက်တုန်းက ဒီကျွန်းကို တစ်ပတ်ပတ်မိဖို့အတွက် မြင်းနဲ့တစ်နေကုန် သွားမှ ပတ်မိတယ်၊ အခုတော့ ဒီကျွန်းကို ပတ်မိဖို့ ခဏလေးပဲ၊ တဖြည်းဖြည်းနဲ့ ကျွန်းလည်း ကုန်ပါပြီ၊ ကျေးရွာသူတွေလည်း ဟိုပြေးဒီပြေးနဲ့ ဒုက္ခပါပဲ၊ တပည့်တော် ဒီကျောင်းတောင်မှ အရင်က ဟိုးဘက်နားမှာ၊ ကျောင်းကို ရွှေ့ရတာလည်း နှစ်ခါရှိသွားပြီစသဖြင့် ပြောပြသည်။ စိတ်ဝင်စားစရာ၊ မေးချင်မြန်းချင်တာများရှိသော်လည်း ဆရာတော်ကြီးကို အားနာသဖြင့် ဆက်မမေးဖြစ်ခဲ့ပေ။

ခဏနားပြီးတာနှင့် အဖွဲ့ခေါင်းဆောင် ဦးနာဂိန္ဒ ဦးဆောင်ကာ ဒုက္ခရောက်သူများအား ဆန်ဝေငှမည့်အစီအစဉ် ဆွဲကြသည်။ စာရေးသူတို့ ရေပေါ်သောင်ကျေးရွာကို ရောက်လာသည့်တိုင်အောင် ကျွန်းလေးမှာ သေးသေးလေးဟု ထင်လာခဲ့ကြသည်။ ရွာသူရွာသားများနှင့် စကားပြောကြည့်မှ ရေပေါ်သောင်ကျေးရွာဆိုသည်မှာ ခေါ်ရလွယ်အောင် နာမည်တစ်မျိုးတည်းကို အသုံးပြု ခေါ်ဝေါ်နေကြကြောင်း သိရသည်။ ရေပေါ်သောင်ကျေးရွာအုပ်စု သို့မဟုတ် ရေပေါ်သောင်ကျွန်းပေါ်တွင် ရေပေါ်သောင်၊ သရက်တော၊ တောင်စု၊ မအူကုန်း၊ ကျောင်းကုန်း၊ အလယ်ကင်း၊ ရွာသစ်ဟု ကျေးရွာပေါင်း ၇-ရွာရှိကြောင်း သိရသည်။ အရင်ကဆိုလျှင် ရေပြန်နှင့် သဲရိုးဟူသော ရွာနှစ်ရွာလည်း ထိုကျွန်းပေါ်တွင် ရှိသည်ဟု ဆိုသည်။ ကျွန်းကို ရေတိုက်စားပြီး ကမ်းပြိုသဖြင့် ရေပြန်ရွာနှင့် သဲရိုးရွာတို့မှာ မြစ်တစ်ဖက်ခြမ်းသို့ ရောက်ကုန်သည်။ ရေပေါ်သောင်ကျွန်းပေါ်တွင် လူဦးရေ ၄၀၀၀-ကျော်ရှိကြောင်း သိရသည်။

ဒုက္ခပါပဲဘုရား၊ ကမ်းပြိုလို့ အိမ်တွေ ရွှေ့ရပြောင်းရတော့လည်း လက်ထဲ ပိုက်ဆံရှိတဲ့သူက ပြဿနာမရှိဘူး၊ တစ်ခြားနေရာမှာ မြေ၀ယ်ပြီး ရွှေပြောင်းလိုက်ရုံပဲဘုရား၊ တစ်ချို့ကျတော့လည်း အိမ်က ကမ်းပြိုတဲ့အထဲ ပါသွားပေမယ့် ယာခင်းတွေ ပိုင်ထားတော့ ယာခင်းထဲ သွားနေရုံပဲ။ တပည့်တော်တို့ကတော့ ပိုက်ဆံလဲ မရှိ၊ ယာခင်းလည်း မပိုင်ဆိုတော့ နေစရာနေရာကို မရှိတော့ဘူးဘုရား။ တပည့်တော်တို့လို လူတွေက အများကြီးပဲဟု ဒကာမကြီးတစ်ဦးက ၀မ်းနည်းဖွယ် ပြောပြသည်။ ဒီလိုဆို ဘယ်မှာ ဘယ်လို သွားနေကြတုန်းဆိုတော့ ဒီလိုပဲ အခြားအိမ်ဝိုင်းထဲမှာ သင့်တော်တဲ့ဈေးနဲ့ အကြွေးဝယ်ပြီး နေရတာပေါ့ဟု ဆိုသည်။ ဒီကျွန်းမှာ အိမ်ကောင်းကောင်းလည်း မဆောက်ချင်ကြတော့ဘူး၊ ဘာလို့လည်းဆိုတော့ မြစ်ကမ်းက တဖြည်းဖြည်းချင်း ပြိုလာတော့ အိမ်ရွှေ့ရတာနဲ့ပဲ မပြီးနိုင်ကြတော့ဘူး။ အခုဆိုရင် ရွာသားတွေဆိုရင် အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ကြတော့ဘူး။ အလုပ်လုပ်မယ်ရှိသေးတယ်၊ ဘယ်သူ့အိမ်တော့ ကမ်းပြိုတဲ့အထဲ ပါတော့မယ်၊ အိမ်ကို ၀ိုင်းဝန်းဖျက်ပေးကြဖို့၊ ရွှေ့ပြောင်းပေးဖို့ချည်းပဲ လုပ်နေရတယ်ဘုရားဟု ဆိုသည်။ ရပ်ရွာလူကြီးများကလည်း ကမ်းပြိုတဲ့ကိစ္စကို သူနှင့်မဆိုင်သလို ဘာအကူအညီမှ မပေးဟု ဆိုသည်။ အမှန်တကယ်ဆိုလျှင် သက်ဆိုင်ရာလူကြီးများနှင့်တိုင်ပင်ပြီး ဆင်းရဲသောကရောက်နေသူများကို တစ်စုံတစ်ရာ အကူအညီပေးဖို့ ကြိုးစားနေသင့်သည်။

နောက်နေ့ မိုးလင်းသောအခါ ကမ်းပြိုသည့်နေရာများသို့ စက်လှေဖြင့် လိုက်ပို့သည်။ ဟိုးရှေ့က စေတီလေး တွေ့လားဘုရား၊ အဲဒီစေတီလေးက အရင်က ဟိုးဘက်နားလောက်မှာ ရှိတာဟုဆိုရင်း မြစ်ပြင်ကျယ်ကြီးအလယ်ကို လက်ညှိုးညွှန်ပြသည်။ စာရေးသူတို့မျက်စိရှေ့မှာတင် မြစ်ကမ်းပါးများမှာ တ၀ုန်းဝုန်းပြိုကျနေသည်။ အရင်က ဒီမြစ်ကျောဆိုတာ ဟိုဘက်ဒီဘက် လှမ်းခေါ်လို့ ရလောက်အောင် ကျဉ်းမြောင်းသည်ဟု ဆိုသည်။ ယခုအခါ မြစ်ပြင်ကြီးမှာ တစ်ဖက်ကမ်းနှင့်တစ်ဖက်ကမ်း ပုံရိပ်များက ဝေေ၀၀ါးဝါးသာ တွေ့မြင်ရတော့သည်။ အရှင်ဘုရား ဟိုး ရှေ့က တွေ့နေရတဲ့အိမ်တွေနဲ့ သရက်တောကျောင်းဆိုရင် နောက်နှစ်မိုးတွင်းဆို မြစ်ထဲရောက်နေလောက်ပြီ၊ ဒီရက်ထဲမှာပဲ သရက်တောကျောင်းကို ရွှေ့ကြမယ်ဘုရားဟု ဒကာမတစ်ယောက်က ရှင်းပြနေသည်။ ယခုအချိန်မှာတောင် ၁၅၀-ကျော်ဟာ မြစ်ထဲပါသွားခဲ့ပြီးပြီ။ နောင်ဆိုရင် ရေပေါ်သောင်ကျွန်းလေးတစ်ခုလုံးပျောက်ကွယ်သွားတော့မယ်လို့တောင် ရွာသားတွေ ပြောနေကြသည်။ ဒီပြိုနှုန်းအတိုင်းသာဆိုလျှင် ရေပေါ်သောင်ကျွန်းလေးပေါ်က ရွာသားတို့၏ သောကနှင့်ငိုရှိုက်သံများကို နေ့စဉ် ကြားနေရပေအုံးမည်။

နေစမ်းပါအုံး ဒကာကြီး၊ ဒီကမ်းပြိုတာတွေက ဘာဖြစ်လို့ ပြိုတာလဲဟု မေးမိသည်။ စာရေးသူလည်း သဘာဝတရားနှင့် ဘူမိဗေဒပညာကို နားမလည်သဖြင့် သူတို့ အယူအဆကို သိလိုသဖြင့် မေးမိသည်။ အရှင်ဘုရား တပည့်တော်တို့ ယုံကြည်တာကတော့ ကျောက်တူးသမားတွေကြောင့်ပါပဲ။ ကျောက်တူးသမားတွေက တပည့်တော်တို့ ရွာနားက မြစ်ပြင်မှာ ကျောက်တွေ ထုတ်ယူကြတယ်၊ သူတို့ ကျောက်တွေ ထုတ်ယူပြီဆိုရင် နည်းနည်းနောနော မဟုတ်ဘူး၊ သင်္ဘောနှစ်စီးစာ၊ နှစ်စီးစာနဲ့ သင်္ဘောအစီးပေါင်းများစွာ တူးယူကြတယ်။ အရှင်ဘုရား စဉ်းစားကြည့်ပေါ့၊ ကျောက်တင်သင်္ဘောတစ်စီးစာဆိုရင်ကို မြစ်ထဲမှာ ဂလိုင်တွင်းကြီး ဘယ်လောက်ကြီးနေမလဲဆိုတာကို။ ရေဆိုတာ နိမ့်တဲ့ဘက်ကို စီးတယ်။ ဂလိုင်တွင်းကြီးတွေရှိတော့ မြစ်ရေက တပည့်တော်တို့ ရွာဘက်ကို အားပြင်းပြင်းနဲ့ ဦးတည်စီးတော့တာပေါ့။ ရေအားတွေ အဆမတန်များပြီး ကမ်းကို ၀င်ဆောင့်တော့ ကမ်းတွေ ပြိုတာပေါ့ဘုရား၊ တကယ်တော့ ဒီဝိသမလောဘသမား ကိုယ်ကျိုးကိုယ်သာကြည့်တတ်တဲ့ သူဌေးတွေကြောင့်ပါပဲဟု ဒကာကြီးက သူတို့ အယူအဆကို ပြောပြသည်။

စာရေးသူလည်း သဘာဝပတ်ဝန်းကျင်အကြောင်း၊ ပထ၀ီအကြောင်း ကောင်းကောင်းမသိသော်လည်း ဉာဏ်မီသလောက် စဉ်းစားမိသည်။ လမ်းတစ်လျှောက်မှာ ဥဒဟို ဆင်းတက်နေသော ကျောက်တူးသင်္ဘောကြီးများနှင့် သင်္ဘောပေါ်တွင် ကျောက်တွေတနင့်တပိုး တင်ပြီးခုတ်မောင်းနေကြသော သင်္ဘောကြီးများကို မြင်ယောင်မိသည်။ နေပါအုံး၊ ရွာသူကြီးက ဒီကိစ္စကို အထက်ကို တင်ပြပြီး တစ်ခုခု မလုပ်ဘူးလားဟု ဆိုတော့ မသိပါဘူးဘုရား၊ အခုချိန်ထိတော့ ဘာမှလုပ်တာ မရှိသေးဘူး၊ ဘာအကူအညီမှလည်း ရောက်မလာသေးဘူး။ ဒါပေမယ့် အရှင်ဘုရားတို့ တွေ့မိမယ် ထင်တယ်၊ မဏ္ဍပ်ထိုးထားတာလေ။ အဲဒါ လူကြီး လာမှာမို့တဲ့။ လူကြီးက အက်ျီနဲ့စားစရာအချို့ ဝေမယ်လို့ သိရတယ်။ ဒါကလည်း တပည့်တော်တို့ ဒုက္ခရောက်လို့ဆိုပြီး ဝေမှာ မဟုတ်ပါဘူး။ သူတို့ ရွေးကောက်ပွဲအတွက် မဲလာဆွယ်ကြတာပါ။ သူတို့ဝေတာ လက်ခံပြီးတာနဲ့ တပည့်တော်တို့က သူတို့ကို ထောက်ခံမဲပေးသူတွေ အလိုလို ဖြစ်သွားကြမှာဟု ရှည်ရှည်ဝေးဝေး ရှင်းပြနေခဲ့သည်။

စိတ်မကောင်းဖြစ်ရုံ၊ ရင်လေးမိရုံမှတစ်ပါး ဘာမှ မတတ်နိုင်ခဲ့ပါ။ ဒုက္ခရောက်နေတာ၊ မြစ်ကမ်းပါးတွေ အချိန်တိုင်း ပြိုနေခဲ့တာကတော့ မျက်မြင်ကိုယ်တွေ့ ဖြစ်ပါသည်။ ကမ်းပြိုသည့်ကိစ္စဆိုတာ အစိုးရကိုယ်တိုင်က ရေရှည်ကာကွယ်တဲ့စနစ် လုပ်ဆောင်ပေးမှ အေးနိုင်မည့် အခြေအနေ ဖြစ်နေပါသည်။ တာဝန်သိပုဂ္ဂိုလ်များအနေဖြင့် လက်ပိုက်ကြည့်မနေသင့်တော့ပါ။ ရေပေါ်သောင်ကျွန်းလေး မကွယ်ပျောက်မီ စီမံကိန်းချ လုပ်ဆောင်နေသင့်ပါပြီ။

Thursday, December 8, 2011

သူနှင့် သူ့တောလားများခေါ်ဆောင်ရာ….သို့

(တောလား ဆောင်းပါးတွေ ဆက်ရေးမယ်၊ ရေးမယ်နဲ့ မရေးဖြစ်တဲ့အချိန် တက္ကသိုလ်မှာ အတူတက်ခဲ့တဲ့ သူငယ်ချင်းက ဒီစာလေးတွေကို ပို့လာတယ်။ ဘာပဲဖြစ်ဖြစ် ပြောသင့်ပြောထိုက်တာလေးတွေ ပါလို့ သဘောကျလို့ တင်ပေးလိုက်တယ်။ စာအတင်ကျဲနေတဲ့အချိန်မှာ သူငယ်ချင်းရဲ စာလေးတွေက တစ်စုံတစ်ရာ ပေးနေပါလိမ့်မယ်)

ဒီနေ့အင်တာနက်ထိုင်တော့ သူငယ်ချင်းတစ်ယောက်က ``ကိုယ့်စာတွေ ဖတ်ဖြစ်လား`` ဟု မေးသည်၊ ``အခုမှ အင်တာနက်ရတာကိုယ့်လူရေ`` ဖြေလိုက်ရင်း သူငယ်ချင်း၏ ဆိုဒ်မှ လက်ရာများကို မြည်းစမ်းကြည့်မိသည်၊ အရင် သူနှင့်တွေ့တုန်းကတော့ သူရန်ကုန်သွားတောလားဆိုပြီး ရေးနေသည်ဟုတော့ ပြောဖူးသည်၊ ဒါပေမယ့် တစ်ခါမှ မဖတ်ဖြစ်၊ အလုပ်ရှုပ်လွန်းလို့တော့ မဟုတ်၊ ဖုန်းလိုင်းနှင့် အင်တာနက်သုံးရတာ အဆင်မပြေသောကြောင့် ဖြစ်သည်၊ ဒီနေ့တော့ ရန်ကုန်သွားတောလားများကို ဖတ်ရင်း ခေါင်းထဲသို့ တောလားကို ဖန်တီးသူ သူနှင့် တောလား၏ ခေါ်ဆောင်ရာကို မရည်ရွယ်ဘဲ လိုက်မိလျှက်သား ဖြစ်သွားခဲ့သည်၊

တကယ်တော့ သူသည် ယခင်(တက္ကသိုလ်)ကတည်းက လုပ်သည့်အတိုင်း ပြော၍ ပြောသည့်အတိုင်းလုပ်နိုင်ဖို့ ကြိုးစားနေသည့်သူဟု နားလည်ထားခဲ့သည်၊ ယခုသူသည် သူ၏စိတ်ကူးများကို လမ်းကြောင်းမှန်ပေါ်တွင် တည်တံ့ဖို့ ကြိုးစားနေဆဲ လမ်းခရီးဆိုသည်က သွားနေလျှင် တစ်နေ့ရောက်သွားရမည်သာ ဖြစ်သည်၊ သူသည် သွားနေသောသူဖြစ်သည်၊ သွားနေသည်မှ ခပ်သုတ်သုတ်တက္ကသိုလ်တက်တော့ သူနှင့်မိမိက ခုံချင်းကပ်လျက်...သူသည် တော်လှန်သောစိတ်ကူးဖြင့် အရာရာကို ရှုမြင်တတ်သူဖြစ်၍ သူ၏ အမူအရာများသည် အနည်းငယ်တော့ ဘုကလန့်ကျကောင်းကျနေနိုင်သော်ငြား သူသည် အတန်းထဲတွင် ဘက်စုံထူးချွန်သည့်သူဆိုသည်ကိုတော့ အားလုံးက လက်ခံထားကြရသည်၊ သူက ဘာသာစုံတွင် ထူးချွန်သူဖြစ်သည်၊ သူစိတ်ပါမည်ဆိုလျှင် နှစ်ဝက်စာမေးပွဲ၊ အတန်းတင်စာမေးပွဲများ၏ ပထမနေရာဆိုသည်က သူ့အတွက်သာ ဖြစ်သည်ဟုလည်း လက်ခံထားခဲ့သည်၊ နောက်ပိုင်းနှစ်များတွင် သူသည် စာကို စိတ်မ၀င်စားသလို လုပ်နေသည်ဟု သတင်းထွက်လာပြီး ထိုပုံစံကို မြင်ခဲ့ရသည့်တိုင် အောင်ဂေဇက်တွင် သူသည် အဆင့်သုံးနေရာကမကျ..ထို့ပြင် တက္ကသိုလ်ဆရာများ၏ အလေးပေးဆက်ဆံခြင်းကိုလည်း ခံရသူဟု နားလည်ထားသည်၊ သို့သော် သူကား ပုံမှန်အတိုင်းသာ.. နောက်ဆုံးနှစ်စာမေးပွဲပြီးသောအခါ ကျွန်တော်တို့ချင်း လူချင်းကွဲပြီး ခွဲခဲ့ကြရသည်၊ သူက မဟာတန်းတွင် ဆက်လက်ပညာသင်ကြားခွင့်ရပြီး ကျွန်ုပ်ကတော့ ချင်းပြည်နယ်တောင်တန်းဒေသတွင် တာဝန်ထမ်းဆောင်ရဖို့ ဖြစ်လာသည်၊ သူက တက္ကသိုလ်ပညာများကို ဆက်လက်ဆည်ပူးခွင့်ရခဲ့ပြီး ကျွန်ုပ်ကတော့ ဘ၀တက္ကသိုလ်တွင် ဒုက္ခသုက္ခများကို သင်ယူအုံးပေါ့ သို့သော် မဟာတန်းဆက်တက်ခွင့်ရခဲ့သည့်အတွက် သူ၏ မျက်နှာပေါ်တွင် ထူးထူးခြားခြား ဂုဏ်ယူသည့်အရိပ်အယောင် မတွေ့ရသလို တောင်တန်းသွားရမည့် ကျွန်ုပ်အဖို့လည်း ထူးထူးခြားခြား မခံစားရ.. တကယ်တော့ တက္ကသိုလ်မှာ ကျင့်သုံးနေသည့်စနစ်ကို ကျွန်ုပ် မနှစ်သက်သလို သူလည်း နှစ်သက်လိမ့်မည်ဟု မထင်မိခဲ့

ကျွန်ုပ်အဖို့ တောင်တန်းတွင် တာဝန်ထမ်းဆောင်ခဲ့ရသော နှစ်နှစ်တာကာလအတွင်း မှတ်မှတ်ရရ ပြောပြစရာ သင်္ခန်းစာတစ်ခုတော့ ရလိုက်သည်၊ ``လူဆိုတာ မခံချင်စိတ်ရှိရုံနဲ့ အရာရာကို လုပ်လို့မရ အကျိုးဆက်တို့ကို ခံနိုင်ရည်ရှိဖို့လဲ လိုသေးသည်``ဟူသော သင်္ခန်းစာ။ အဲဒီသင်္ခန်းစာလေးတစ်ခုရဖို့ ကျွန်ုပ်ရင်းလိုက်ရသည်ကလည်း မနည်းမနော၊ တောင်တန်းတွင် နေရသည့်အတွေ့အကြုံများက ဆန်းကြယ်သည်၊ ကြမ်းတမ်းသည်၊ သို့သော် စိတ်ဝင်စားဖွယ်ကတော့ အတိဖြစ်သည်၊ ကျွန်ုပ်အဖို့တော့ စိတ်ဝင်စားသည့်အခါလည်းရှိသည်၊ တစ်ခါတစ်လေကျတော့လည်း အထာမကျမှုတွေရဲ့အလယ်မှာ ရှင်းမပြနိုင်သော စိတ်ဓာတ်ကျမှုများဖြင့် နှလှန်မထူနိုင်ခဲ့..ဒါပေမယ့် ဒါဟာဘ၀ပါပဲ၊ မိုးခါးရေတစ်ခုပဲ သောက်စရာရှိသည့်အချိန်မှာ မိုးခါးရေမကြိုက်ဟု ပြောနိုင်ခွင့်မရှိကြောင်း စတင်သဘောပေါက်လာခဲ့မိသည်၊ ၂-နှစ် ပြည့်ခါနီးလို့ တောင်တန်းတာဝန်များ ပြီးဆုံးခါနီးတွင် မြန်မာနိုင်ငံတစ်ဝန်း မုန်တိုင်းထန်နေသောနေ့များဟု ဆိုရပါမည်၊ အဲဒီမှာ သမိုင်းသစ်တွေ စတင်ခဲ့သည်၊ ဒါပေမယ့် ကောင်းတဲ့သမိုင်းကား မဟုတ်ခဲ့။ အဲဒီအချိန်က ရွှေဝါရောင်တော်လှန်ရေးဆိုသော သံဃာ့လှုပ်ရှားမှုကြီး ဖြစ်ပွားခဲ့သည်၊ စက်တာဘာအရေးအခင်းဟုလည်း လူသိများခဲ့သည်၊ သံဃာထု၏ အနစ်နာခံမှုများ ပြောင်မြောက်ခဲ့သလို တုန့်ပြန်မှုများကလည်း တစ်ကမ္ဘာလုံး တုန်လှုပ်သွားခဲ့ရသည်အထိ ပီပြင်လွန်းခဲ့သည်၊ ပေးချင်သူနှင့် ယူချင်သူများ အားပြိုင်ခဲ့သည့်ပွဲ..ကျွန်ုပ်အဖို့ ရေဒီယိုကိုသာ မပြတ်နားထောင်နေရသည်၊ သတင်းများက စိတ်ကောင်းနိုင်စရာတစ်ခုမှမရှိ၊ ယုံချင်စရာလည်း ခပ်ခက်ခက်၊ ဒါပေမယ့် ဒီသမိုင်းကတော့ တကယ်ဖြစ်သွားခဲ့သည်၊ အရေးအခင်း ဖြစ်နေသည့်အချိန် မြို့ထဲသို့ သူငယ်ချင်းများနှင့် လမ်းလျှောက်ထွက်ခိုက် အသိရဲတစ်ယောက်က ပြောသည်၊ ကိုယ်တော်တို့ မဆူကြဘူးလားတဲ့၊ တကယ်လို့ မဆူရင် သူတို့ဟားခါးကို လုံခြုံရေးသွားရမယ်တဲ့၊ သူ့စကားက ငိုအားထက် ရယ်အားသန်စေသည့်စကား၊ တကယ်လို့ ဒီမြို့မှာရှိတဲ့ သံဃာတွေ ဆန္ဒပြရင် သူလည်း ဟားခါးကို တကူးတက သွားစရာမလိုတော့ဘူးပေါ့၊ အဲလိုမဖြစ်ခဲ့ရင်တော့ သူတို့ဟားခါးကို သွားကြရမည်၊ သူ့စကားကြောင့် အားလုံးပြုံးမိကြသည်၊ ရဲစခန်းတစ်ခုလုံး သာသနာပြုဘုန်းကြီးများနှင့် မသိသူမရှိ၊ မယကအစ ဘဏ်မန်နေဂျာအဆုံး အားလုံးက တောင်တန်းသာသနာပြုဆရာတော်များနှင့် အကျွမ်းတ၀င်၊ အပြင်တွင် ဆူပူစရာနေရာမရှိ၊ ဒီတော့ မကျေနပ်ချက်တို့သည် စုပေါင်းနေရာအခန်းကျဉ်းလေးတွင်သာ ပဲ့တင်ထပ်ပေါက်ကွဲ..

တက္ကသိုလ်တွင်လည်း ပိုစတာတိုက်ပွဲဆိုပြီး ဖြစ်နေသည်ဟုလည်း သတင်းများတွင် ကြားနေခဲ့ရသည်၊ ပိုစတာတိုက်ပွဲ မြစ်ဖျားခံရာက ဆွမ်းစားကျောင်းကို မကျေနပ်မှုကြောင့် ဖြစ်သည်ဟုလည်း သိခဲ့ရသည်၊ ဒါပေမယ့် ဒီအကြောင်းတစ်ခုတည်းကြောင့်လည်း ဟုတ်ချင်မှဟုတ်မည်၊ တက္ကသိုလ်မှာ အချိုးမကျတာတွေကို တွေးကြည့်ရင် အချိုးကျတယ်ဆိုတာကိုမရှိကျွန်ုပ်အနေဖြင့် စိန်ဘရားသားဆွမ်းစားကျောင်းတွင် လေးနှစ်လေးမိုး ဆွမ်းစားလာခဲ့ရသော အတွေ့အကြုံကြောင့် ထိုအဖြစ်အပျက်အပေါ် အပြည့်အ၀ ကိုယ်ချင်းစာပြီး နားလည်မှုတွင်လည်း ထိုသံဃာများနှင့် တစ်ထပ်တည်းကျခဲ့သည်၊ တက္ကသိုလ်၏ အဆိုးဝါးဆုံးသောနေရာများတွင် စိန်ဘရားသားဆွမ်းစားကျောင်းက နာမည်တစ်လုံးဖြင့်ကျော်နေခဲ့တာ အတော်ပင် ကြာခဲ့ပြီ၊ ယခုမှ ကိုယ်တော်တွေ၏ ခံစားချက်တွေက ပေါက်ကွဲထွက်လာခဲ့ကြသည်ဆိုသည့်သဘော၊ စိန်ဘရားသားတွင် ဆွမ်းစားရသည့်အချိန်များက အကုသိုလ်တစ်ဝက်၊ ငပိရည်တစ်ဝက်ဟု ဆိုနိုင်သည်၊ ဟင်းလိုက်သည့် ၀န်ထမ်းများကို ငပိရည်လောက်ပဲ အလိုက်ခိုင်းလို့ရပေသကိုး မျက်စိထဲတွင် မြင်ယောင်နေမိပါသေးသည်၊ မနက်အရုဏ်ဆွမ်းတွင် ကပ်သည့်ဆွမ်းက မာတောင့်နေသော ထမင်းကြော်နှင့် လိုက်ဖက်ညီစွာ မာတောင့်နေသော ဘူးသီးကြော်နှင့် ကြက်သွန်ကြော်များ၊ ဒါတောင် လောက်လောက်ငှငှမဟုတ်၊ အနည်းငယ်လောက်နောက်ကျလျှင် ဆွမ်းက မရှိရတာနှင့် ဆွမ်းရှိပြန်တော့လည်း အကြော်က ကုန်သွားရတာနဲ့..တဖန်နေ့ဆွမ်းတွင်ဆိုပြန်တော့ ကြက်သားဆိုလျှင်လည်း တောင်ပံနှင့်လည်ပင်း၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေရသည်အထိ ကော်ဖို့အားနာနေရသည်အထိ နည်းပါးသည့် ငါးဆုပ်ဟင်း.. စသည်ဖြင့် တက္ကသိုလ်ဆွမ်းစားကျောင်းတွင် ကြုံတွေ့ရသည့်အခြေအနေက ပြောမယုံကြုံမှသိဆိုသည့် အနေအထားမျိုး ဖြစ်သည်၊ ဒါက သံဃာလေးရာ့ငါးဆယ်နှင့် အများပြည်လှူဒါန်းငွေ တစ်နေ့တာဆွမ်းစားရိတ် နှစ်သိန်းရှစ်သောင်းဆိုသည်နှင့် တွက်ချက်ကြုည့်လိုက်ပါက မဖြစ်သင့်သည့် အခြေအနေပဲ မဟုတ်လား၊ အရင်က ထိုအခြေအနေကို မကျေနပ်၍ ဆွမ်းစားနေစဉ် ပုဂံကို အသံမြည်အောင် ခေါက်၍ ဆန္ဒပြမိသောရဟန်းတစ်ပါး နိုင်ငံတော်ပုန်ကန်မှုနှင့် ထောင်ကျသွားဖူးသည်ဟူသတတ်၊

ထို့ကြောင့် တက္ကသိုလ်ပိုစတာတိုက်ပွဲကို စိန်ဘရားသား၏ ကောက်ကြောင်းကို နောကျေခဲ့ကြသူ ကျွန်ုပ်တို့အားလုံး ထိုစဉ်က တက္ကသိုလ်ကျောင်းသားများနှင့် ရင်ဘတ်ချင်း နီးနီးကပ်ကပ်ရှိနေခဲ့ကြတာ ဖြစ်သည်၊ နောက်တော့ တစ်နိုင်ငံလုံးရှိသံဃာများဝါ၀င်သော သံဃာ့အရေးခင်းကြီး ဖြစ်ပေါ်ခဲ့ပြီး ထိုအရေးခင်းကြီး ငြိမ်သက်ခါစအချိန်တွင် တာဝန်ပြီး၍ ကျွန်ုပ်တို့လည်း ရန်ကုန်သို့ ပြန်ခဲ့ကြသည်၊ အောင်မင်္ဂလာအဝေးပြေးသို့ ရောက်သောအခါ ကျွန်ုပ်တို့အား မေးမြန်းစရာရှိသည်ဟုဆိုကာ ကားပေါ်မှ အဆင်းခိုင်းသဖြင့် ဆင်းခဲ့ကြရသည်၊ ရန်ကုန်တွင် အဝေးပြေးဂိတ်များနှိုက် ကားပေါ်တွင် သံဃာတော်များပါသည်ဆိုလျှင် ထိုသို့ပင် အစစ်အဆေးခံကြရသည်ဟု ဆိုသည်၊ စစ်ဆေးရေးဂိတ်သို့ရောက်သောအခါ အရပ်ဝတ်၊ မီသတ်ဝတ်များဖြင့် လူလေးယောက်ခန့်သည် သူတို့သိလိုသည်များကို လေသံမာမာဖြင့် (အပြစ်ရှိ၍ အဖမ်းခံလာခဲ့ရသည့် သူခိုးဓားပြကို မေးမြန်းသည့်ပုံစံများဖြင့်) ရိုင်းရိုင်းစိုင်းစိုင်း စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ကြရသည်၊ သာသနာပြုကဒ်များ၊ သာသာနာပြုရဟန်းတော်ဖြစ်ပြီး တက္ကသိုလ်တွင် ဘွဲ့ယူမည့်ရဟန်းတော်များဖြစ်ကြောင်း ထောက်ခံချက်များကို ပြသော်လည်း သူတို့သည် အပြစ်မရှိ အပြစ်ရှာ၍သာ မောင်းမဲနေကြလေသည်၊ ဘုန်းကြီး မှန်သမျှ ရာဇ၀တ်သားဟု သဘောထားကြသည်လား မသိ၊ ဒီလို လူမျိုးတွေက ဗုဒ်ဓဘာသာဆိုတော့လည်း အင်း ဗုဒ်ဓပေပဲပေါ့၊ ထို့ပြင် ``ကိုယ်တော်တို့ကို အချိန်မရွေး ဖမ်းချုပ်ထားနိုင်တယ်``ဟူ၍လည်း ပြောလိုက်ပါသေးသည်၊ ကျွန်ုပ်သည် တလိပ်လိပ်တက်လာသော ဒေါသများကို ကြိုးစား၍ အနိုင်နိုင်ထိန်းချုပ်ခဲ့ရသည်၊ တာဝန်ရှိသည်ဆို၍ သိချင်သည့်အရာများကို ကောင်းကောင်းမွန်မွန် ဖြေဆိုခဲ့သော်လည်း မဆီမဆိုင် ရိုင်းစိုင်းသည့်အပြုအမူများဖြင့် တုန့်ပြန်ခံနေရသည့်အခြေအနေမှာ အတော်ပင် လက်ခံရခက်သည့်အခြေပင် ဖြစ်လေသည်၊ တက္ကသိုလ်သို့ရောက်သောအခါ အခြေအနေက ပို၍ပင် ဆိုးဝါးလို့နေသည်၊ ကျွန်ုပ်တို့ အဆောင်ရှေ့သို့ရောက်သောအခါ အဆောင်တံခါး ဖွင့်ပေးလို့မရဆို၍ အဆောင်၏နောက်ကြောမှနေ၍ ကျောင်းပေါ်သို့ရောက်အောင် သူခိုးတက်တက်ခဲ့ကြရလေသည်၊

အခြေအနေတို့သည် အလွန်ပင် စိတ်ပျက်စိတ်ရှုပ်စရာကောင်းခဲ့လေသည်၊ ဘွဲ့မယူမီ ၇-ရက်ခန့်အလိုတွင် သတင်းဆိုးတစ်ခုကို ကြားသိခဲ့ရသည်၊ စက်တင်ဘာအရေးခင်းတွင် ပါဝင်သည်ဟူသော အကြောင်းပြချက်ဖြင့် တက္ကသိုလ်မှ ကိုယ်တော်များကို ကျောင်းမှ ထုတ်လိုက်သည်ဟု ဆိုသည်၊ ထိုအထဲတွင် ``သူ`` ပါသွားခဲ့သည်၊ စက်တင်ဘာအရေးခင်းတွင် သူပါလား/မပါလားဆိုသည်ကို အသေအချာ ကျွန်ုပ်မသိ၊ မေးလည်း မမေးမြန်းမိ သို့သော် ထိုအချိန်က တက္ကသိုလ်တွင် ဘုန်းကြီးများသည် တစ်ယောက်အပေါ်တစ်ယောက် ဘော်လီဘောပုတ်နေသော အချိန်တော့ ဖြစ်ခဲ့သည်၊ စက်တင်ဘာအရေးခင်းကို အကြောင်းပြု၍ အာဏာပိုင်များအကြားတွင် နာမည်ရအောင် လုပ်နေသော ဘုန်းကြီးများ၊ သူများတကာ အစစအရာရာ အနစ်နာခံနေသောအချိန်တွင် မိမိအလုပ်လုပ်သည်ဆိုသည်ကို ပြသဖို့အတွက် ထိုအနစ်နာခံသူများကို ခြေထိုးခံသောဘုန်းကြီးများ၊ တဖန် မိမိနှင့်ဆက်ဆံရေးအဆင်မပြေသော အဆောင်သားများအပေါ်တွင် ရှိသမျှအပြစ်ပုံချ၍ ခေါင်းဆောင်မှုစွမ်းရည်ပြသခဲ့ကြသော အဆောင်မှူးများ၊ တစ်ဆောင်နှင့်တစ်ဆောင် လက်ညိုးထိုးအပြစ်တင်နေကြသောအဆောင်မှူးများ စသည်စသည်ဖြင့်…… ထိုစဉ်က တက္ကသိုလ်၏ အတွင်းပိုင်း ပုံရိပ်နှင့် ဂုဏ်သိက္ခာတို့သည် မြေကြီးပေါ်တွင် ပိုးလိုးပက်လက် သို့သော် ထိုကိစ္စကြောင့်(ထိုသို့အနစ်နာခံမှုများကြောင့်) ရရှိလာသော အခွင့်အရေးများကို ယခုသုံးဆောင်ခံစားခွင့်ရ နေကြသည့် ဆရာတော်များမှာလည်း ထိုစဉ်က ဘုန်းကြီးတစ်ယောက်၏ လောဘ၊ ဒေါသ၊ မောဟများနှင့် ယုတ်မာမှုများကို လူများနှင့်မခြား..ပြသခဲ့ကြသည့် ဘုန်းကြီးအစစ်ဆိုသူများ

နောက်တော့ သူ့ကို ကျွန်တော် သွားတွေ့ခဲ့သည်၊ ကျွန်တော့်လိုပဲ သူ့ကို လာတွေ့သည့်သူတွေ အတော်များပြားတာကိုလည်း တွေ့ခဲ့ရသည်၊ သို့သော် သူသည်ကား အရင်လို တည်တည်ငြိမ်ငြိမ်နှင့်ပဲ ရှိနေသည်၊ သူ့ကို အခုလိုမျိုး တကူးတက လာတွေ့တာကို အသိအမှတ်ပြုသည့်ဟန်ရှိသော်လည်း သူ့ကို သနားစရာသတ္တ၀ါတစ်ယောက်အနေအားဖြင့် အားပေးနှစ်သိမ့်မှုများကိုကား လိုလားနှစ်သက်သည့်ဟန်မရှိ၊ ထို့ပြင် သူ့တွင် တက္ကသိုလ်မှ အထုတ်ခံရသည့်အတွက် စိတ်ထိခိုက်နေသည့်ပုံစံမျိုးလည်း မတွေ့ရ.. သူသည် သူ၏ second plan-ကိုသာလျှင် တည်ငြိမ်စွာ အကောင်အထည်ဖော်လျှက် ရှိနေသည်၊ နောက်တော့ သူက ပြောသည်၊ တက္ကသိုလ်က အထုတ်ခံရလို့ ၀မ်းနည်းစရာမရှိပါဘူးတဲ့ ဂုဏ်တောင်ယူပါသေးတယ်တဲ့.. ဒီစကားကို သူတမင်လုပ်ပြီး ပြောခဲ့တာမဟုတ်မှန်း သူ့ကိုကြည့်၍ ကျွန်ုပ်သိနိုင်သည်၊ နောက်တော့ သူ နိုင်ငံခြားထွက်သွားခဲ့သည်၊ သူ နိုင်ငံရပ်ခြားရောက်နေသည့် အချိန်တွင် အဆက်အသွယ်ဆိုသည်က ကျိုးတို့ကြဲတဲဖြစ်နေသော်လည်း သူ့အကြောင်းတွေကိုတော့ ကြားသိနေရသည်၊ ထုံးစံအတိုင်း သူတော်ကြောင်းတွေပါပဲ..၊ ဒါက အံ့သြစရာမရှိပါဘူး..သူက တော်နေတာပဲလေ.. သူညံ့သွားတယ်ဆိုရင်သာ ကျွန်ုပ်အတွက် အံ့သြစရာဖြစ်လာရမှာပါ.. နိုင်ငံခြားတွင် ရှိနေစဉ်အတွင်း သူသည် ဘလော့ဂ်တစ်ခု လုပ်ခဲ့ပြီး ဘလော့ဂ်ဂါတစ်ယောက်လည်း ဖြစ်လာခဲ့သည်၊ သူ၏ ဘလော့ဂ်သည် သူ၏ စိတ်ကူးစိတ်သန်းများကို ပြသရာနေရာ၊ ခံယူချက်များကို ထုတ်ဖော်ရာနေရာတစ်ခုလည်း ဖြစ်လာခဲ့ပြီး အမှန်တရားကို လက်ခံသောလူနည်းစုကြားတွင် သူ၏ ဘလောဂ့်သည်လည်း နေရာရလာခဲ့သည်၊

ယခု သူပြန်ရောက်၍ သူနှင့်ပြန်တွေ့ရသောအချိန်တွင် ပုံစံက အရင်လိုပင် ဖြစ်သော်လည်း လူကတော့ နည်းနည်းဝလာသည်၊ နှုတ်ခမ်းမွေးကလည်း ကြဲတဲတဲ၊ နည်းနည်းတော့ အကြည့်ရဆိုးနေသည်၊ အလုပ်တွေ ရှုပ်လို့ ထင်သည်၊ သူနှင့်စကား ထိုင်ပြောဖြစ်တော့ ဓနုဖြူတွင် ကမ်းပြို၍ လူတွေဒုက္ခရောက်တာကို ကြည့်ပြီး ပြန်လာတာ မကြာသေးဟု ပြောသည်၊ ထိုနေ့က ကျွန်ုပ်ရယ်၊ သူရယ်၊ အခြားသူငယ်ချင်းတစ်ယောက်ရယ် ကျသင့်သည့်ငွေသွင်းပါလျှက်နှင့် မကြာခဏ ဖုန်းလိုင်းဖြတ်ခံနေသည်ကို ဖြေရှင်းရန် ဖုန်းရုံးသို့ သွားခဲ့ကြသည်၊ ရုံးသို့ရောက်သောအခါ မြင်ကွင်းက အလွန်ပင် အံ့အားသင့်စရာကောင်းနေသည်၊ ဖုန်းဆက်၍ ကျသင့်ငွေကို လာပေးရသည်ကိုပင် အလွန်ခက်ခက်ခဲခဲ အချိန်အကြာကြီး တန်းစီ၍ ပေးနေကြရသည်၊ အလကားဝေသည့် ထမင်းထုပ်ကို ယူရန်အတွက် တန်းစီနေကြရသည့်ပုံစံမျိုး မျက်နှာများမှာလည်း စိတ်မရှည်သည့်မျက်နှာ ညိုးငယ်သည့်မျက်နှာများဖြင့်သာ ကျွန်ုပ်အဖို့ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်၊ ဖုန်းရုံးကိုလည်း အခုမှတစ်ခါရောက်ဖူးသည်ကိုး..အခုမှပင် ကျွန်ုပ်၏ လက်ထဲတွင်ရှိသော ဖုန်း၏ တန်ဘိုးကို ကောင်းကောင်းနားလည်သွားရသည်၊ သူ့ကို ကြည့်လိုက်တော့ စိတ်တိုနေသည့်ပုံမျိုး တွေ့ရသည်၊ ထို့ကြောင့် ကျွန်ုပ်က ``စိတ်မတိုပါနဲ့ကွာ၊ ဒီနိုင်ငံမှာ နေသွားပြီးပြီဆိုရင် ဘယ်နိုင်ငံမှာမဆို နေလို့ရသွားပြီ``ဟု ပြောလိုက်မိသေးသည်၊ အခုတလော နေရာတကာတွင် ပြည်သူ့အကျိုး..ပြည်သူ့အကျိုးဆိုသော စကားကို မကြားချင်မှအဆုံးဖြစ်နေသော်လည်း ထိုတွင် ငါတို့အကျိုးကား မပါသေး.. အေးလေ..သူတို့ကိုယ်တိုင်ကလဲ ပြင်စရာအများကြီး ကျန်သေးတယ်ဟု ၀န်ခံထားပေသကိုး.. ခက်တာက နောက်ဆက်တွဲအတွေး ပါပဲ..အဲဒီဟာတွေကို ဒီလောက်ပြင်ဆင်နေရအောင် ဘယ်သူတွေက ဖျက်ခဲ့တာတဲ့လဲ.ပြန်ခဲ့ရာ လမ်းတစ်လျှောက်တွင် အတွေးတွေ တစ်သီကြီးပါလာခဲ့သည်၊

ဒါတွေက သူ့ရဲ့ရန်ကုန်သွားတောလားကို ဖတ်ပြီး အတိတ်ကို စားမြုံ့ပြန်မိသည့်အကြောင်း အရာများရယ်ပါ၊ ဒီနိုင်ငံမှာ ဒီလိုတောလားမျိုးတွေ များများပေါ်ပေါက်ဖို့ လိုနေသေးသည်၊ သူ့တောလားတွင် ရေးသားထားသည့်အကြောင်းအရာတွေက လူတိုင်းမြင်နေရပြီး လူတိုင်းသတိမထားမိသည့် အခြေအနေများ ဖြစ်သည်၊ နောက်ပြီးတော့ စဉ်းစားစရာတွေကိုလည်း အများကြီးပေးသည်၊ သူ ခရီးများများသွားလျှင် ကောင်းမည်ဟု စိတ်ထဲတွင် ဖြစ်မိသည်နှင့်အမျှ နောက်ထပ် တောလားများစွာကိုလည်း ဖန်တီးနိုင်ပါစေဟု ရင်ထဲတွင် ဆန္ဒပြုနေမိပါသည်။

ထနောင်းပန်း (၅-၁၂-၂၀၁၂)

Tuesday, November 22, 2011

ရန်ကုန်သွားတောလား (အဆက်)

ရန်ကုန်သွားတောလား (အဆက်)

ရန်ကုန်က နေအတော်ပူသည်။ အပြင်ထွက်လိုက်တိုင်း ခေါင်းကိုက်နေသည်။ ကျောင်းထဲမှာလည်း ပူသည်။ ပန်ကာလေးရှိလို့ တော်သေးရဲ့ဟု ဖြေသိမ့်ရသည်။ ပန်ကာလေးအောက်တွင် ကွန်ပြူတာလေးတစ်လုံးနှင့် မရှိတဲ့အလုပ်တွေ ရှုပ်နေရသည်။ ပြည်ပမှာလို အဲယားကွန်း၊ အချိန်တိုင်းသုံးနိုင်သော အင်တာနက်များကို အမှတ်ရသည်။ ဖုန်းလေးတစ်လုံး လုပ်ထားပြန်တော့လည်း လိုင်းမကောင်းတာနဲ့ စိတ်ညစ်တာနဲ့ မသုံးဖြစ်ပါ။ ဖုန်းဆက်ချင်ရင် ကျောင်းအောက်ထပ်မှာ လိုင်းမမိလို့ အပေါ်ထပ်ကို တက်တက်ပြေးနေရသည်။ ဖုန်းလာလို့ ပြေးတက်လိုက်၊ ဖုန်းဆက်လို့ ပြေးတက်လိုက်နှင့် စိတ်ကုန်မိသည်။ ဖုန်းကိုလည်း တိုးတိုးလေးပြောလို့မရ၊ အော်ပြောမှ ရတတ်သည်။ ထိုအကြောင်းကို ရန်ကုန်က သူငယ်ချင်းကို ပြောမိတော့ -ဟဟဟ ကိုယ်တော်က အခုမှ ကြုံရတာပါ၊ ကိုယ်တို့က နှစ်နဲ့ချီပြီး ခံစားလာရတာဟေ့-လို့ ဆိုသည်။

၁၅-ရက်နေ့က ဇာတိမြေ၊ ပျော်ဘွယ်ကို ပြန်ဖြစ်သည်။ ကားလက်မှတ်ဆိုင်ကို ကားကောင်းကောင်းလေး ဖြတ်ပေးပါဆိုပြီး လက်မှတ်ဖြတ်လိုက်သည်။ သတင်းစကားတွေအရ အသစ်ဖောက်လုပ်လိုက်သော လမ်းမှာ ကားမှောက်မှုကြောင့် သေဆုံးသူများ အတော်များနေပြီဖြစ်ကြောင်း သိရသည်။ မကြာခင်ကမှ နယူးမန္တလာထွန်းဘတ်စကားကြီး မှောက်လို့ လူ ၁၀ ယောက်ခန့် သေသည်ဟု ကြားရဖတ်ရသည်။ -ငါကတော့ တစ်လမ်းလုံး ကောင်းကောင်းကို မအိပ်ရဲဘူးကွာ၊ ဘုရားစာပဲ ရွတ်နေရတယ်-လို့ ခရီးသွားဖူးသော သူငယ်ချင်းက ဆိုသည်။

ကားက ည ၈-နာရီခန့် ထွက်သည်။ အဝေးပြေးဂိတ်မှာ ကားကောင်းကောင်းတွေ အတော်များလာတာ သတိပြုမိသည်။ ကိုယ်စီးမိသော ကားကတော့ ထိုင်ခုံများ လန်နေသည်။ ထိုင်ခုံပေါ်က ဆိုဖာက အောက်က ထိုင်ခုံနှင့် တစ်ခြားစီ ဖြစ်နေသည်။ ကားစီးနေရင်း ထိုင်ခုံကို ပြန်ပြန်ဆွဲတင်နေရသည်။ တစ်လမ်းလုံးကောင်းကောင်း အိပ်မရ။ အဝေးပြေးကနေ ထောက်ကြန့်ဘက်ထွက်ခါနီးမှာ စက်ရုံတွေ ရှိပုံရသည်။ ည ၉ နာရီခန့် အဲဒီနားရောက်တော့ အလုပ်သမ ကောင်မလေးတွေ ရာနဲ့ချီပြီး ထမင်းချိုင့်ကိုယ်စီနှင့် လမ်းဘေးမှာ တွေ့ရသည်။ မလေးရှားက အလုပ်သမားတွေလို အလုပ်လုပ်ရမှာတော့ သေချာသည်။ မလေးရှားက အလုပ်သမားတွေလို ပိုက်ဆံရကြပါစေလို့ ဆုတောင်းမိခဲ့သည်။

မကြာခင်မှာပဲ ကြပ်ပြေးလမ်းမသစ်ကြီးပေါ်သို့ ရောက်သည်။ လမ်းမ၀င်ခါစက တစ်ဖက်ကို ဆယ်လမ်းစာလောက် ကျယ်သည်။ မီးရောင်တွေ ၀င်းဝါလို့ နေသည်။ အဝေးပြေးကနေ ထောက်ကြန့်အထိ ကြားဖြတ်လမ်းမှာတော့ ကားတွေ များသည်၊ ဘာမီးတိုင်မှ မရှိ၊ လမ်းကလည်း ကျဉ်း အန္တရာယ်အတော်များသည်။ အခု ဒီလမ်းမမှာတော့ ကားလည်းမရှိ၊ မီးတွေ ထိန်ထိန်လင်းသည်။ ၂၀၀၉-ခုနှစ်က အိမ်အပြန်မှာ ရေးထားတဲ့ -မျက်ရည်များနှင့် မနမ်းပါနဲ့ - ဆိုတဲ့ ကိုယ်ရေးထားတဲ့ ၀တ္ထုလေးကို အမှတ်ရသည်။ လမ်းမပေါ်ရောက်တာနဲ့ ကားက အရှိန်မြှင့်သည်။

မကြာခင်မှာပဲ ဖြူးနားက ယာဉ်ရပ်နားစခန်းကို ရောက်သည်။ ယာဉ်ရပ်နားစခန်းကို ခမ်းနားစွာ လုပ်ထားသည်။ စားသောက်ဆိုင်ကြီးများက ထည်ဝါသည်။ ကျယ်သည်။ သန့်စင်ခန်းများကလည်း သန့်သည်။

တစ်ခုပဲ မျက်စိစပါးမွေး စူးခဲ့သည်။ ကားသမားက -ရွှေခရားကြီးမှာ စားကြပါ၊ ရွှေခရားကြီးမှာ စားကြပါ-လို့ အော်သည်။ ဒါနဲ့ ရွှေခရားကြီးထဲ ၀င်လိုက်သည်။ ၀င်ဝင်ချင်း အာရဗီစာတွေက ဆီးကြိုသည်။ -ငါ့ ခွီးတဲ့မှပဲ-လို့ ဆိုပြီး ပြန်လှည့်ထွက်ခဲ့သည်။ အရှင်ဘုရားထိုင်လေ၊ တပည့်တော် အအေးတိုက်မယ်လို့ ကားထဲမှာ ပါခဲ့တဲ့ အမျိုးသမီးတစ်ယောက်က ဆိုသည်။ ဟိုက စာတွေ ဘာတွေလဲဆိုတာ နင် မသိဘူးလားလို့ ဆိုတော့ မသိဘူးတဲ့။ အဲဒါ သူတို့ဘာသာမှ မြင့်မြတ်တာ၊ အခြားဘာသာတွေကို အမြဲတမ်း ခွဲခြားဆက်ဆံတတ်တဲ့သူတွေရဲ့ ဆိုင်ပဲ၊ ငါ ဘယ်တော့မှ အဲ့လို ဆိုင်းမျိုး မထိုင်ဘူးလို့ ပြောမိသည်။

မြန်မာနိုင်ငံ ဘာသာရေး လွတ်လပ်ခွင့်မရှိဘူးလို့ ဆိုကြသည်။ ချင်းပြည်နယ်မှာ ဗလီတွေ ဆောက်ဖို့ကြိုးစားသည်။ ငြင်းပယ်ခံရသည်။ ရခိုင်ပြည်နယ်မှာ မွတ်တွေကို နှိမ်တယ်လို့ ပြောကြသည်။ အချို့မြန်မာနလပိန်းတုန်းများကလည်း ဘာသာရေးလွတ်လပ်ခွင့်တွေအကြောင်း ပြောပြောနေကြသည်။ နှမပေးထားရတာတောင် ကုလားကို အားပေးချင်ကြသည်။ ဘရူနိုင်းလို၊ အာရပ်ကမ္ဘာလို၊ စတဲ့ မွတ်နိုင်ငံတွေမှာ ကိုယ့်ဘာသာကို ဘယ်လို သဘောထားသလဲဆိုတာကို နည်းနည်းလေးမှ မသိကြဘူးလား။ -စာရေးသူက ဘာသာရေး မခွဲခြားတတ်ပါဘူး-လို့ဆိုလျှင် အထက်က စကားတွေကြည့်ပြီး စာဖတ်သူက ရယ်ချင်ရယ်နေလိမ့်မည်။

စာရေးသူက ညီမျှစေချင်သည်။ မြန်မာနိုင်ငံမှာ ဗလီတွေ ဒီလောက် ခွင့်ပြုထားပြီးရက်နဲ့ မွတ်စလင်နိုင်ငံတွေမှာ ကိုယ့်ဗုဒ်ဓဘာသာကျောင်းတွေ ခွင့်မပြုချင်ရတာလဲ။ မလေးရှားမှာ ဗုဒ်ဓဘာသာကို ဘယ်လောက်အထင်သေးအမြင်သေး ဆက်ဆံတယ်ဆိုတာ သွားဖူးသူတိုင်း သိမှာပါ။ မဖြစ်သာလို့ ခွင့်ပြုလိုက်ရတဲ့ အနည်းငယ်သော အခွင့်အရေးများကလွဲပြီး ဘာအခွင့်အရေးမှကို မပေးတာပါ။ အင်မီဂရေးရှင်းကအစ ညစ်သည်။ မလေးရှားမှာ လုပ်ငန်းတစ်ခု တည်ထောင်ဖို့အတွက် မလေးလူမျိုးဖြစ်ဖို့နဲ့ မွတ်စလင်ဖြစ်ဖို့ လိုသည်။

ကိုယ့်နိုင်ငံမှာတော့ ဘယ်လို ဖြစ်နေသလဲ။ နိုင်ငံ့ခေါင်းဆောင်များအနေနဲ့ သတိပြုဖို့ လိုပါသည်။ လုပ်ငန်းတစ်ခု ရဖို့အတွက် အကပ်ကောင်းဖို့၊ လာဘ်များများထိုးဖို့သာ အရေးကြီးသည်၊ ဘာလူမျိုး၊ ဘာသာဖြစ်ဖြစ် အရေးမကြီး။ ဒီသောက်ကျင့်များကို ပြင်ဖို့လိုသည်။ ပြင်သင့်သည်။ မပြင်ချင်လည်း ရသည်။ ကိုယ့်နှမတွေကို စတုတ္ထမြောက်မယားအဖြစ် ပေးလိုက်ဖို့တော့ ပြင်ထားသင့်သည်။ သာသနာ့အလံတွေ မြေမှာချနင်းတာကို ကြည့်ဖို့ ခွန်အားများ မွေးထားသင့်သည်။ မိုဟာမက်ရဲ့ ဓားသွားအောက်မှာ သွေးသံတရဲရဲဖြစ်ခဲ့တဲ့ ကမ္ဘာ့သမိုင်းတွေကို ပြန်လေ့လာဖို့ သင့်ပါသည်။ အိန္ဒိယမှာ ဗုဒ်ဓဘာသာ ဘယ်လို နှိပ်ကွပ်ခံခဲ့ရသလဲ၊ မီးရှို့၊ ဓားခုတ်သတ်ဖြတ်ခံခဲ့ရတဲ့ ဗုဒ်ဓဘာသာဘုန်းကြီးတွေ ဘယ်လောက်များ ရှိခဲ့သလဲဆိုတာကို လေ့လာထားသင့်သည်။

ယာဉ်ရပ်နားစခန်းက ထွက်ခွါတော့ ဘေးခုံက ဒကာကြီးနှင့် စကားတွေ ပြောဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် သူက မွတ်စလင်တစ်ယောက်ဖြစ်နေသည်။ သူက အရှင်ဘုရား၊ တပည့်တော်နှင့် ပြောသည်။ ပျော်ဘွယ်ကလို့ ဆိုသည်။ စကားတွေ အတော်ပြောဖြစ်ခဲ့သည်။ ၁-နာရီလောက်ကြာတော့ အရှင်ဘုရား တပည့်တော် ဘုရားရှိခိုးတော့မှာမို့ ခဏဆိုပြီး ဘေးထိုင်ခုံမှာပဲ တတွတ်တွတ် ရှိခိုးနေတော့သည်။ ဘုရားရှိခိုးပြီး စကားဆက်ပြောတော့ -အရှင်ဘုရားနဲ့ စကားပြောရတာ ဗဟုသုတတွေ အတော်ရတယ်၊ ကျွန်တော်က ဘာသာရေးနှိပ်ကွပ်မှုတွေဆို အရမ်းမုန်းတာပဲ၊ အချို့ကိုယ်တော်တွေက ကျွန်တော်တို့ မွတ်စလင်တွေဆို ခွဲခြားဆက်ဆံကြတယ်-လို့ ဆိုတော့ ပြုံးမိသည်။ -အေးဗျာ ခက်တော့လည်း ခက်တယ်၊ ဒကာကြီးတို့ရဲ့ ဘာသာကတော့ ကောင်းမှာပါပဲ၊ ဒါပေမယ့် မွတ်စလင်မကျတော့ ဘာသာခြားတွေနဲ့ မယူဘို့ အတင်းအကျပ် တားမြစ်တယ်၊ မွတ်စလင်အမျိုးသားကိုတော့ အခြားဘာသာဝင်တွေကို ယူဖို့ တိုက်တွန်းတယ်။ မွတ်စလင်နဲ့ရသူဟာ မွတ်စလင်ပဲ ဖြစ်ရမယ်ဆိုတာကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်တယ်၊ အင်္ဂလန်နိုင်ငံက ဒကာကြီးတို့ရဲ့ မွတ်စလင်ခေါင်းဆောင်တွေပဲဗျ၊ သူက မွတ်စလင်တွေကို တိုက်တွန်းတာ၊ ကလေးတွေ မွေးကြဖို့၊ အင်္ဂလန်နိုင်ငံဟာ တစ်နေ့မှာ မွတ်စလင်တိုင်းပြည်ဖြစ်ရမယ် စသဖြင့်ပေါ့ဗျာ၊ အဲဒီလို တရားဝင်လူသိရှင်ကြားကို ဟောပြောကြွေးကျော်နေကြတာ ဒီလို စိတ်ဓာတ်မျိုးတွေတော့ ကျုပ်က မကြိုက်ဘူးဗျ။ ကြိုက်သလား၊ မကြိုက်သလားတော့ မသိ။ နားထောင်နေတဲ့ ဒကာကြီးက စိတ်မပါပုံပြပြီး ဂျာနယ်တစ်ခုကို ကောက်ကိုင်နေခဲ့သည်။

အခုတစ်လော ပြည်တွင်းပြည်ပမှာ ပွတ်လောရိုက်နေသော သတင်းတစ်ပုဒ်ရှိသည်။ မြန်မာနိုင်ငံနှင့် ရိုဟင်ဂျာပြဿနာဖြစ်သည်။ ဒီသတင်းတွေ ကြားတိုင်း စိတ်ဆိုးသည်။ စိတ်နာသည်။ မကျေမနပ်ဖြစ်သည်။ မြန်မာနိုင်ငံကို တရားမ၀င်ခိုးဝင်လာသူတွေက ရခိုင်ပြည်နယ်ဟာ သူတို့ နယ်မြေလို့ ပြောနေသည်။ အရင်က အားကိုးရပါတယ်ဆိုသော သတင်းဌာနများသည်ပင် ရိုဟင်ဂျာလက်ကိုင်တုတ်များ ဖြစ်နေကြသည်။ တွေးမိတိုင်း အရိုးနာသည်။ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသော ဒီမွတ်စလင် ရိုဟင်ဂျာများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဟာ သူတို့ဒေသဖြစ်သတဲ့။ အငြင်းပွားစရာမရှိလောက်အောင် မှားယွင်းနေသော သမိုင်းအချက်အလက်များက လူရာဝင်လာတော့ ကိုယ့်အမျိုးကို ဆဲဖို့သာ တတ်နိုင်တော့သည်။

ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုးတို့ဖြင့် အာဏာပိုင်များကို ပိုက်ဆံလာဘ်ထိုးပြီး ၀င်လာနေသော မွတ်စလင် ရိုဟင်ဂျာများက ယခုအထိ ရှိနေဆဲဖြစ်သည်။ ရိုဟင်ဂျာများ တဖွဲဖွဲ ခိုးဝင်လာကြတာကို ဘယ်သူမှ မတားနိုင်ကြတော့ဘူးလား။ စစ်တပ်အာဏာပိုင်များ၊ သူတို့နှင့်လက်ဝါးချင်းရိုက်စားနေကြသော ပွဲစားများ ချမ်းသာနေကြသည်။ ရိုဟင်ဂျာများကို ခိုးသွင်းနေသော ပွဲစားများတွင် ဗုဒ်ဓဘာသာဘုန်းကြီးများပင် ပါနေတော့ ငါပဲ ကိုင်တုတ်ချင်တော့သည်။

ပျော်ဘွယ်ကို မနက် ၅-နာရီခန့်မှာ ရောက်သည်။ ဘာမှ ပြောင်းလဲမှုမရှိသေးသော မြို့အ၀င်လမ်းလေးကို တွေ့ရသည်။ ရွာကိုသွားသော ကားများက မနက် ၇-နာရီမှဆိုတော့ မစောင့်နိုင်။ ဆိုင်ကယ်ကယ်ရီကို ၄၀၀၀-ပေးစီးပြီး ရွာကို သွားခဲ့သည်။ လမ်းက အရင်ကနှင့်စာလျှင် အတော်လေး ကောင်းနေသည်။ အေးစက်နေသော အညာဒေသလေကို အားပါးတရ ရှုရှိုက်မိသည်။ ခြေတွေလက်တွေက အေးခဲနေသည်။ လမ်းက လက်ဘက်ရည်ဆိုင်မှာ စူပါကော်ဖီတစ်ခွက် ၀င်သောက်သည်။ ကားဂိတ်မှာ လူတွေများသည်။ မနေ့ညက ဈေးဝယ်ပြီး ဒီနေ့မှ တောရွာသို့ ပြန်မည့်သူများက အများစု ဖြစ်လိမ့်မည်။ -ဆရာရေ မြန်မြန်သာမောင်းဗျာ၊ အမြန်ရောက်ပြီး ကွေးလိုက်ချင်ပြီ-ဟု ပြောကာ နတ်မောက်သို့ သွားရာလမ်းဘေးက မိခင်ရွာလေးဆီသို့ အရှိန်နှင့် ထွက်ခွါလာခဲ့ကြသည်။

အဆင်က မပြေချင်တော့ လမ်းမှာ ဆိုင်ကယ်ဘီးပေါက်သည်။ လမ်းဘေးက လေထိုးကျွတ်ဖာဆိုင်က လင်မယားကို နှိုးပြီး အကူအညီတောင်းသည်။ ကျွတ်လဲရမယ်။ နာရီဝက်ကြာမယ်လို့ ဆိုသည်။ - အမြန်ရောက်ချင်ပါတယ်ဆိုမှဗျာ - ဟု ဆိုင်ကယ်သမားကို ညည်းမိသည်။ သူကလည်း အားနာနေပုံရသည်။ သို့သော် ဘာမှ မတတ်နိုင်ပါ။ ကျွတ်က ဖာလို့ မရတော့ အသစ်လဲရမယ်ဟု ဆိုသည်။ ဆိုင်ကယ်သမားလေး မျက်နှာပျက်သွားသည်။ ကျွတ်အသစ်က ဘယ်လောက်တုန်းဗျဆိုတော့ ၃၀၀၀-ဘုရားဟု ဆိုသည်။ ဗျာ ဒီလိုဆို ကျုပ်ဆီက ရမှာက ၄၀၀၀ ထောင်ဆို၊ ဆီဖိုးက ၁၀၀၀ လောက်ကျမှာဆိုတော့ ခင်များအတွက် ဘယ်လိုလုပ် ကိုက်တော့မလဲဗျ - ဆိုတော့ - ဘယ်တတ်နိုင်မလဲဘုရား၊ ကံပေါ့ ဟု ဆိုသည်။ ကဲဗျာ ရော့ ၄၀၀၀ ပဲ ယူထားလိုက်၊ ကျုပ် နောက်တစ်စီး ငှါးသွားမယ် ဆိုတော့ ဟာ အရှင်ဘုရား မလုပ်ပါနဲ့၊ ၂၀၀၀ ပဲပေးပါ - ဟု ဆိုသည်။ ဆိုင်ကယ်သမားလေးကို အတင်းပေးပြီး ချမ်းအေးနေဆဲဖြစ်တဲ့ ကားလမ်းမပေါ် ထွက်ပြီး ဆိုင်ကယ်တစ်စီးဖြင့် ပြန်လာခဲ့သည်။

ရွာအ၀င်ရောက်ခါနီးမှာ ရင်တွေ ခုန်နေသည်။ အမေတွေ့ရင် ဘယ်လောက်ပျော်နေလိုက်မလဲ။ ငါ့သား ဘယ်တော့ပြန်လာမှာလဲ၊ ရွာကို အပြီးပြန်မလာသေးဘူးလား၊ စာတွေက သင်လို့ မပြီးသေးဘူးလား၊ ဒီလောက်အကြာကြီး ဘာတွေ သင်နေတာလဲ၊ တရားဟောဓမ္မကထိကကြီး မလုပ်သေးဘူးလား၊ မေးခွန်းများဖြင့် အခက်တွေ့အောင်လုပ်တတ်သော အမေ့မျက်နှာကို မြင်ယောင်မိသည်။ ရွာအ၀င်လမ်းရောက်တာနဲ့ တိုးတက်လာသော ရွာအိမ်ခြေများက ဆီးကြိုနေသည်။ အရင်က ကားလမ်းမပေါ်မှာ အိမ်ဟူ၍ မရှိ။ အခု အမေ့သမီးကြီး၊ အစ်မလတ်၊ အစ်မငယ်တို့ အိမ်ဆိုင်သုံးခုအပါအ၀င် အိမ်ခြေ ၂၀-ခန့် ကားလမ်းဘေးမှာ ရောက်လာသည်။ အရင်က ရွာသည် မိုးတွင်းမှာ အလုပ်လုပ်၊ ဆောင်းနွေမှာ အေးအေးချမ်းချမ်း နေထိုင်စားသောက်နေကြသော ရွာလေးဖြစ်သည်။ အခုတော့ ဈေးဆိုင်များနှင့် ကားလမ်းဘေးကို ရောက်လာခဲ့ကြသည်။ စီးပွားရေးလုပ်ပုံတွေ ပြောင်းလဲ၊ စာရိတ္တမဏ္ဍိုင်တွေ ယိုင်းယိုင်၊ ၀တ်ပုံစားပုံ၊ ပြောပုံဆိုပုံတွေ ပြောင်းလဲ . ပြောင်းလဲမှုများစွာထဲက မပြောင်းလဲနိုင်သေးသောအချက်က ဆင်းရဲမွဲတေမှုနှင့် စာမတတ်မြောက်မှုတို့က အတွင်းလှိုက်ပြီး တည်ရှိနေသေးသည်။

Saturday, November 12, 2011

ရန်ကုန်သွား တောလား

(အရင် ၂၀၀၉-ခုနှစ် မြန်မာကို ပြန်တုန်းက ရန်ကုန်သွားတောလားဆိုပြီး အခန်းဆက်ရေးခဲ့တယ်။ အခု ၂၀၁၁-ခုနှစ်မှာ တစ်ခေါက်ပြန်တော့ ဆက်ရေးမိတယ်။ ပြည်ပတုန်းကလို ရေးရတာနဲ့တော့ နည်းနည်းကွဲတယ်။ ပြန်ဖတ်ကြည့်တော့ ရေးဟန်းပါ ပြောင်းလာတာ တွေ့ရတယ်။ ဒါကလည်း အပြောင်းအလဲများထဲက အပြောင်းအလဲတစ်ခုရဲ့ သရုပ်သကန်တစ်ခုလို့ပဲ ဆိုရမယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် စာရေးသူရဲ့ ခရီးစဉ်လေးကို ဖတ်ကြည့်ကြပေါ့။ တစ်ခုခုတော့ ရသွားမယ်ထင်လို့ တင်လိုက်ပါတယ်)

အချိန်နာရီ၊ စက္ကန့်တို့ တရွေ့ရွေ့ ပြောင်းလဲလာကြသလို စိတ်နေစိတ်ထား၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေကလည်း အချိန်နဲ့တစ်ပြေးညီ လိုက်ပြောင်းလဲနေတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း တစ်နည်းပြောရရင် ဘ၀တစ်ခုလုံးရဲ့ အပြောင်းအလဲတွေဆိုတာ ဂရပ်ဖ်မျဉ်းလိုင်းလေးတွေလို အတက်အကျ အနိမ့်အမြင့်လေးတွေ ရှိနေကြတယ်။ တစ်ခါတစ်ရံ အတက်ဘက်ပြလိုက်၊ တစ်ခါတစ်ရံ အကျဘက်ပြလိုက်။ ဘ၀ဆိုတာ ငှက်ခါးငှက်လေးတွေ ပျံသန်းသလို အတက်အကျ အနိမ့်အမြင့်လေးတွေနဲ့ ရင်ခုန်စရာ ကောင်းနေတယ်လို့ ဆိုရမယ်ထင်တယ်။ ခံစားချက်၊ ခံယူချက်နဲ့ ဘ၀မှာ ပြောင်းလဲမှုအထူးလေးတွေ ကြုံလာရပြီဆိုရင် ကိုယ်လျှောက်လှမ်းခဲ့ရာ ဘ၀လမ်းခရီးတွေကို ပြန်လည်ငဲ့စောင်း ကြည့်မိတတ်ကြတယ်။

၂၀၀၉-ခုနှစ်က ရန်ကုန်ကို အလည်တစ်ခေါက်ပြန်ရောက်တယ်။ အဲဒီအချိန်တုန်းက သီရိလင်္ကာနိုင်ငံကနေ ပြန်လာခဲ့တာ။ သီရိလင်္ကာဆိုတာ (စာရေးသူအမြင်) မြန်မာ့အရိပ်၊ မြန်မာ့အငွေ့အသက်နဲ့ သိပ်ကွာတယ်လို့ မယူဆဘူး။ ဒါကြောင့် သီရိလင်္ကာကနေ သယ်ယူလာခဲ့တဲ့ ဘ၀အတွေ့အကြုံ၊ အတွေးအမြင်အသစ်တို့ဟာ မြန်မာ့မြေပေါ်မှာ ခြေချလိုက်တာနဲ့ ထူးထူးခြားခြား ဘာမှ မခံစားခဲ့မိဘူး။ ပျော်ရွှင်မှုလည်း အထူးတလည် မခံစားမိဘူး။ အခု မလေးရှားနိုင်ငံ၊ ပီနန်မှာ တစ်နှစ်နီးပါး နေလာခဲ့ရာက ပြန်လာခဲ့တော့ စိတ်က တစ်မျိုးပဲ။ ရောက်ရောက်ချင်း စာရေးချင်ပေမယ့် ဘယ်လို ဖော်ပြရမယ်မှန်း မသိဘူး။ ပျော်နေတာလား။ ပျော်နေတယ်ဆိုတာထက် လွတ်လပ်ပေါ့ပါးနေတယ်လို့ ဆိုရမယ်။

မလေးရှားနိုင်ငံကနေ ည ၇-နာရီခွဲခန့်မှာ လေယာဉ်ထွက်ခွါခဲ့တယ်။ မြန်မာ့လေကြောင်းဆိုတာ ဆေ့ဗ်မဖြစ်ဘူး.. ဘာဘာညာညာ အသံတွေကြောင့် အရင်က တစ်ခါမှ မြန်မာ့လေကြောင်းနဲ့ သွားဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒီတစ်ခါတော့ သူငယ်ချင်းက သယ်စရာပစ္စည်းတွေ များလို့ မြန်မာ့လေကြောင်း လက်မှတ်ဖြတ်ထားတယ်။ ဦးဇင်းဆီက ကီလိုလည်း တပည့်တော် ရချင်တယ်။ ဒီတော့ တပည့်တော်နဲ့အတူ မြန်မာ့လေကြောင်း ဖြတ်ပါ။ အတူပြန်ရအောင်လို့ ဆိုပါတယ်။ ဒီလို ၁၀-ရက်နေ့ ညနေ ၃-နာရီလေယာဉ်လက်မှတ် ဖြတ်ခိုင်းလိုက်တယ်။ ၉-ရက်နေ့ ညမှာ မြန်မာ့လေကြောင်း ဇာတိပြတယ်ဆိုရမလား မသိ။ ၃-နာရီလေယာဉ်က ည ၆-နာရီသို့ ပြောင်းလဲလိုက်ပြီလို့ ဆိုတယ်။ ကြိုတင် မသိသူများ စောင့်ဖို့သာပြင်။ ဦးဇင်းတို့က ကြိုတင်သိလိုက်တော့ ပြဿနာတော့ မရှိပါ။

လေဆိပ်ကို ညနေ ၄-နာရီလောက်မှာ ရောက်တယ်။ နိုင်ငံခြားသားရယ်လို့လည်း တစ်ယောက်မှ မပါဘူး။ အကုန်လုံး ကိုရွှေမြန်မာများသာ ဖြစ်နေတယ်။ ကိုရွှေမြန်မာတွေက ဇာတိပြနေတာလား၊ ဘာလားတော့ မသိဘူး။ ကောင်တာ တန်းစီတာ ကို့ရို့ကားယား၊ တန်းစီတာတောင် စနစ်တကျ မစီကြဘူး။ တန်းစီသူတွေကြားထဲလည်း တိုးဝင်သူက ၀င်။ လသားအရွယ်ကလေးလေးတွေ ပွေ့ထားတဲ့ သူတွေကလည်း ပါသေးတယ်။ ဒီလိုနဲ့ အင်မီဂရေ့ရှင်းဖြတ်ပြီးတော့ ရထားစီးပြီး လေယာဉ်ထွက်ခွါရာနေရာကို သွားကြတယ်။ အားလုံးက တောကနေ အလုပ်လာလုပ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ပြန်ကြသူတွေများတော့ တော်တော်များက ယောင်လည်လည်နဲ့ ဖြစ်နေကြတာ များတယ်။ မလေးရှားနိုင်ငံ၊ လေဆိပ်ကြီး လုပ်ထားပုံတွေကလည်း အံ့သြစရာတွေနဲ့ဆိုတော့ ကြည့်စရာ၊ ငေးစရာ၊ တွေးစရာ၊ ပြောစရာတွေက တယ်များသကိုး။

လေဆိပ်ထဲမှာ အချိန်ရတာနဲ့ ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်း DUTY FREE ဆိုင်ထဲမှာ လျှောက်ကြည့်တယ်။ ချောကလက်မျိုးစုံ၊ စီးကရက်မျိုးစုံ၊ အရက်ပုလင်းမျိုးစုံ . ဗဟုသုတအနေနဲ့ ဈေးနှုန်းတွေ လိုက်ကြည့်ဖြစ်တော့ များသောအားဖြင့် အရက်ပုလင်းတွေက ရင်းဂစ် ၅၀၀၊ ၁၀၀၀- စသဖြင့် ရေးထားတာတွေ့တော့ မျက်လုံးပြူးမိပါတယ်။ မြန်မာပီပီ မြန်မာငွေနဲ့ လိုက်တွက်ကြည့်တော့ အားပါးပါး။ အရက်တစ်ပုလင်းကို ငွေ နှစ်သိန်းခန့်၊ ၄-သိန်းခန့်။ ဒါတောင် ဈေးလျှော့ထားတာတဲ့။ ဒီပုလင်းလေးတစ်ပုလင်းကို ဒီလို ငွေတွေ ဒီလောက်ပေးဝယ်ပြီး သောက်ကြတယ်။ ဘယ်လိုပါလိမ့် အော် . ဦးဇင်း ဉာဏ်မမီခဲ့ပါဘူး။

ဆိုင်ထဲမှာ ပြုံးမိတဲ့ စကားတစ်ခွန်းလည်း ရခဲ့ပါတယ်။ လေဆိပ်ထဲက ဒီဆိုင်တွေဟာ ပစ္စည်းတစ်ခုဝယ်ရင် ပတ်စပို့ထ် ပြရပါတယ်။ တစ်ယောက်ကို အကန့်အသတ်နဲ့သာ ၀ယ်ခွင့်ရှိလို့ပါ။ ခက်တာက ရွှေမြန်မာတွေထဲမှာ ပတ်စပို့ထ် မပါဘဲ မြန်မာသံရုံးက စာရွက်နဲ့ ပြန်လာသူတွေကလည်း ပါနေတယ်။ သူတို့မှာ သံရုံးက ပေးလိုက်တဲ့ စာရွက်ရယ်၊ လက်ဗွေနှိပ်ထားတဲ့ စာရွက်ရယ်၊ လေယာဉ်လက်မှတ်ရယ်ပဲ ပါပါတယ်။ ဒီတော့ ပတ်စပိုထ် မပါတဲ့ မြန်မာလူငယ်လေး နှစ်ယောက်က အရက်ပုလင်းတွေ ကိုင်ပြီး ငွေရှင်းကောင်တာမှာ ၀င်တန်းတယ်။ သူတို့ ဘယ်လို ဖြစ်ပျက်ခဲ့သလဲဆိုတာကို ဆက်မကြည့်ဖြစ်ခဲ့ဘူး။ ဆိုင်ထဲက ထွက်လာတာပဲ တွေ့လိုက်တယ်။ တစ်ယောက်က ဒေါကန်ကန် အမူအယာနဲ့ သောက်ရေးမပါတာကွာ၊ သူ့ဆိုင်က ပစ္စည်းလည်း ၀ယ်ရသေးတယ်၊ ပတ်စပို့ထ် ပြခိုင်းနေတယ်တဲ့။

၆-နာရီ မထိုးခင်မှာ နောက်ဆုံး လက်ဆွဲအိတ်တွေ လူတွေကို အစစ်ခံပြီး Waiting Room ထဲကို ၀င်ပါတယ်။ စိတ်ထဲမှာ ခဏနေရင် လေယာဉ်တက်ရတော့မယ်၊ တက်ရတော့မယ်နဲ့ စောင့်လိုက်တာ ၆-နာရီ လေယာဉ်က ၆-နာရီ ၄၅-မိနစ်ကျမှ လေယာဉ်ပေါ်ကို တက်ရပါတယ်။ စောင့်ရင်းစောင့်ရင်းနဲ့ ၇-နာရီ ၄၅-မိနစ်ကျလောက်မှ လေယာဉ်ဘီး စလိမ့်ပါတယ်။ သူငယ်ချင်းတစ်ပါးတုန်းကလို နောက်ရက်အထိ မရွှေ့ဆိုင်းလိုက်တာ၊ နောက်ရက်ကျတော့ လက်မှတ်ဒိတ်မပြောင်းလို့ဆိုပြီး အသစ်ဝယ်လိုက်ရတာမျိုး မဟုတ်တာပဲ ကံကောင်းလှချည်ရဲ့လို့ တွေးမိပါတယ်။

လေယာဉ်ပေါ်ရောက်တော့ ကလေးငယ်ပါတဲ့ မိသားစုကို ရှေ့ဆုံးခုံမှာ နေရာပေးထားတယ်။ ဒီတော့ သံဃာတွေအတွက် ထားတဲ့ခုံနဲ့ ကပ်လျှက်ပေါ့။ ကလေးကလည်း တစ်လမ်းလုံး ငိုလာတယ်။ နောက်က ကိုရွှေမြန်မာတွေကလည်း စကားပြောကြတာ ဆူညံနေတာပဲ။ အော် ဒုက္ခ ဒုက္ခလို့ ညည်းမိပါတယ်။ ပိုပြီး ကံဆိုးချင်တော့ ကလေးက အီးအီးပါလို့ နံစော်နေတာ နှာခေါင်းပိတ်လည်း မရ။ အောင့်အီးပြီး ရှူရှိုက်ခဲ့ရတယ်။ အော် ဒုက္ခ ဒုက္ခ .။

ရန်ကုန်လေဆိပ်မှာ ပစ္စည်းတွေများတော့ တော်တော်ကြာတယ်။ ပြူးတူးပြဲတဲကြည့်တတ်တဲ့ လေဆိပ်လုံခြုံရေးဝန်ထမ်းတွေရဲ့ ဟန်ကတော့ အရင်အတိုင်း မပြောင်းလဲသေးပါလားလို့ အောက်မေ့မိတယ်။ စစ်သားယူနီဖောင်းမြင်တိုင်း ၂၀၀၇-စက်တင်ဘာပုံရိပ်တွေက လျှပ်တပြတ်ဝင်ရောက် လာကြသေးတယ်။ ၂၀၀၉-မှာ တစ်ခေါက်ပြန်တုန်းက စစ်သားတွေက အိတ်တွေကို ကြက်ခြေခတ်ပြီး သူတို့ကိုယ်တိုင် လိုက်ပို့ကြတာလေ။

လေဆိပ်တက္ကစီတွေလည်း အကုန်သိမ်းပြီဆိုတော့ အပြင်တက္ကစီသမားတွေ တ၀ုန်းဝုန်းနဲ့ ဈေးခေါ်နေကြတယ်။ သူငယ်ချင်းကျောင်းက တာမွေမှာဆိုတော့ တာမွေထိ ကားခ ၄၀၀၀ ထောင်နဲ့ အဆင်ပြေတယ်။ အဝေးပြေးကနေ မန္တလေးကို သွားမယ့် အတူပါလာတဲ့ ကောင်လေးကို တက္ကစီခ ၃၀၀၀ ပေးပြီး ကျောင်းကို ရောက်ခဲ့တယ်။ ပိုက်ဆံဂဏန်းကြီးတွေအရ စိတ်က တွန့်တွန့်သွားပေမယ့် ရင်းဂစ်နဲ့ပြန်တွက်လိုက်ရင်တော့ မဆိုးဘူးလို့ ဆိုရမယ်။

၂-နှစ်လောက် ခွဲခွါခဲ့ရတဲ့ ရန်ကုန်ဟာ နွေးနေဆဲပါပဲ။ ကိုယ့်မှာတော့ ဘာတွေများ ပြောင်းလဲကုန်ပြီလဲဆိုတဲ့စိတ်နဲ့ ခပ်အန်းအန်း လိုက်ကြည့်နေဖြစ်တယ်။ ည ၁၀-နာရီခွဲခန့်ဆိုတော့ လမ်းဘေးဈေးဆိုင်တွေလည်း ခပ်ကျဲကျဲပဲ ကျန်တော့တယ်။ လမ်းဘေးဈေးဆိုင်တွေ သိမ်းလိုက်တော့ လမ်းမ၀ဲယာမှာ အမှိုက်ပုံကြီး ကျန်နေခဲ့တယ်။ ကျောင်းရောက်ပြီး ခဏနေတော့ သူငယ်ချင်းရာ တာမွေလမ်းမပေါ်ထွက်ပြီး လမ်းလျှောက်ချင်တယ်လို့ ပြောလိုက်တယ်။ အမှိုက်တွေကို ကျော်ရင်းခွရင်း နန္ဒ၀န်စေတီလေးကနေ တာမွေအ၀ိုင်းပတ်လည် လမ်းလျှောက်ဖြစ်တယ်။ ကိုယ့်လူရေ ပတ်ဝန်းကျင်က အမှိုက်သရိုက်တွေနဲ့ နံစော်နေတယ်။ ရှုပ်ထွေးနေတယ်။ ဒါပေမယ့် ငါ ဘယ်လိုလေးမှန်း မသိဘူး။ ပျော်နေတယ်လို့ ပြောခဲ့မိလိုက်တယ်။