A Buddhist Meditation Teacher and lecturer in Goethe Frankfurt University. Now living in Frankfurt, Germany. A founder of Dhammachaya Buddhist Center, Denmark.
Wednesday, February 2, 2011
chinese new year celebration and great ordination in Penang, Malaysia
Tuesday, February 1, 2011
အစွဲအလန်း
(၁)
တစ်နေ့က တရုတ်ဒကာမတစ်ယောက်နဲ့ တွေ့တယ်။ သူ့မျက်လုံးက ပုံမှန်မဟုတ်ဘူး။ “အရှင်ဘုရား အကူအညီတစ်ခုလောက် ပေးနိုင်မလား”တဲ့။ တတ်နိုင်တဲ့အရာဆို ပေးတာပေါ့လို့ဆိုတော့ “တပည့်တော် ချစ်သူက တပည့်တော်ကို ပြုစားနေတယ်”တဲ့။ “ဘယ်လိုများ ပြုစားတာလဲ”ဆိုတော့ သေသေချာချာတော့ သူ မပြောတတ်ဘူးတဲ့။ ညတွေဆို အိပ်မရဘူး။ လန့်လန့်နိုးတယ်လို့ ဆိုပါတယ်။ ကိုယ်ကလည်း ပယောဂဆရာ မဟုတ်တော့ အခက်သား။ မေတ္တာပို့ဖို့ပဲ ပြောလိုက်ရတယ်။ မေတ္တာပို့တဲ့အခါမှာ တစ်စုံတစ်ရာ မျှော်လင့်ပြီး ပို့တာမျိုး မဟုတ်ဘဲ တကယ့်ကို စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်စေချင်တဲ့ သဘောထားနဲ့ ပို့ရမှာ ဖြစ်တဲ့အကြောင်း ပြောပြလိုက်တယ်။
(၂)
တစ်နေ့က တရုတ်ဒကာတစ်ယောက် ရောက်လာပြန်တယ်။ ဓာတ်ပုံ အယ်ဘမ်ကြီးတစ်ခုလည်း ပါလာတယ်။ သူနဲ့က မနှစ်က ၇-ရက် ဓမ္မသင်တန်းမှာ ကတည်းက သိကျွမ်းခဲ့တယ်။ ဒီနှစ်တော့ အလုပ်မအားလို့ မတက်နိုင်ခဲ့ဘူး။ သူကတော့ တစ်မျိုး။ ဓာတ်ပုံထဲမှာ အစက်အပြောက်ကလေးတွေ ပါလာရင် “သရဲ…သရဲ။ တရုတ်သရဲ”ဆိုပြီး လုပ်တတ်တယ်။ အခု သူ ယူလာခဲ့တဲ့ အယ်ဘမ်ကလည်းက အဲဒီ အစက်အပြောက် အ၀ိုင်းလေးတွေ ပါလာတဲ့ ပုံတွေချည်းပဲ။ တကယ်တော့ ကင်မရာ တစ်ခုခု ဖြစ်လို့ အစက်အပြောက် ပေါ်တာလို့ ထင်ပါတယ်။ ဒါပေမယ့် သူကတော့ မရပါဘူး။ ဓာတ်ပုံပေါ်မှာ ရေပြောက်လေးတွေလို အစက်လေးတွေ တွေ့တိုင်း အဲဒါ သရဲတွေလို့ ဆိုလေ့ရှိတယ်။ ပိုဆိုးတာက သူများတွေ ဓာတ်ပုံ ယူလာလို့ ကြည့်ပြီဆိုရင် အဲဒီအပြောက်လေးတွေပဲ လိုက်ရှာနေတော့တယ်။
(၃)
တစ်နေ့ကတော့ တရုတ် ဒကာမကြီး နှစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ အကူအညီတစ်ခု တောင်းချင်လို့ပါတဲ့။ သူတို့က စီးပွားရေးအသင့်အတင့် အဆင်ပြေကြသူတွေ ဖြစ်တယ်။ ဒီနှစ်တော့ (လွန်ခဲ့တဲ့ ၄-လလောက်ကတည်းက) အဆင်မပြေမှုတွေ ဆက်တိုက်ကြုံရတယ်တဲ့။ လူယုံတွေရဲ့ အလိမ်အညာလည်း ခံရတယ်တဲ့။ ဒါက ဖြစ်လေ့ဖြစ်ထရှိတာမို့ သိပ်ထူးဆန်းတယ်လို့တော့ မဆိုနိုင်ဘူး။ ဒါပေမယ့် ထူးဆန်းတာက သူတို့ဟာဆိုရင် နှစ်စဉ်နှစ်တိုင်း ရှင်ဥပဂုတ္တပွဲ ထိုးလေ့ရှိကြတယ်။ လွန်ခဲ့တဲ့နှစ်က မလုပ်ဖြစ်ဘူး။ ဒါကြောင့် ရှင်ဥပဂုတ္တက ဒဏ်ခတ်တာ ဖြစ်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။ ရှင်ဥပဂုတ္တက ဒဏ်ခတ်တာတော့ မဟုတ်လောက်ပါဘူး။ အလုပ်လုပ်တဲ့နေရာမှာ တစ်ခုခု လွဲချော်သွားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဆိုတော့ သဘောကျပုံ မရပါဘူး။
ဒီတော့လည်း မတတ်နိုင်ဘူး။ ကဲ အဲဒီလိုမှ ယုံကြည်နေရင်လည်း ရှင်ဥပဂုတ္တက ခွင့်လွှတ်တတ်ပါတယ်လို့။ အခုပဲ ရှင်ဥပဂုတ္တပွဲတစ်ပွဲလောက် ထိုးလိုက်ပါလားဆိုတော့ အဲဒီလို လုပ်လို့ ရသေးလားလို့ ဆိုပါတယ်။ ရတယ်၊ အချိန်မရွေး တောင်းပန်ကန်တော့နိုင်ပါတယ်၊ သူက ခွင့်လွှတ်တတ်ပါတယ်လို့ ဆိုလိုက်ရပါတယ်။ အားလုံး စီစဉ်ပေးပြီးတော့ အတော်လေး ပျော်ရွှင်သွားကြပုံ ပေါ်ပါတယ်။
(၄)
မြန်မာတွေမှာ စကားပုံတစ်ခု ရှိပါတယ်။ “ဥပါဒါန်ကြောင့် ဥပဒ်ရောက်”ဆိုတဲ့ စကားပါ။ မမြင်ရတဲ့ ကိုယ်တိုင် လက်လှမ်းမမီနိုင်တဲ့ အဖြစ်အပျက်တွေကို မငြင်းပါဘူး။ ဒါပေမယ့် ကိုယ့်စိတ်က အစွဲအလန်းကြောင့် ဘေးဒုက္ခတွေ ဖြစ်နေကြရတာလည်း မကြာခဏ တွေ့နေကြရပါတယ်။ ဘယ်အရာမဆို အစွဲအလန်း မကြီးဖို့ အရမ်းပဲ အရေးကြီးလှပါတယ်။ ဗုဒ္ဓဘာသာမှာ “လောကကြီးကို စိတ်က ဦးဆောင်နေတယ်”ဆိုတဲ့ စကားရှိပါတယ်။ စိတ်က ဖြစ်ဆိုရင် အရာအားလုံး မဖြစ်နိုင်တာ မရှိပါဘူး။ ဒီတော့ ဖြစ်ဖို့ စွဲလန်းလိုက်တဲ့အရာဟာ ကောင်းတဲ့အရာဖြစ်နေရင် ကိစ္စမရှိဘူး။ မကောင်းတဲ့အရာ၊ မဖြစ်သင့်တဲ့အရာကို စွဲလန်းမိရင်တော့ စိတ်ဆင်းရဲစရာ၊ စိတ်ညစ်စရာတွေပဲ တွေ့လာရမှာပဲ။
(၅)
ဗုဒ္ဓစာပေမှာ အစွဲအလန်းကို “အစေး”နဲ့ ဥပမာပေးထားတာ ရှိပါတယ်။ အစေးတွေဟာ ကပ်မိပြီဆိုရင် ခွဲဖို့ ခက်ပါတယ်။ ကော်ကပ်ပြီးမှ ပြန်ခွါလိုက်ရတဲ့ စက္ကူဟာလည်း မူလ အဖြူရောင်လေးကို ပြန်ရဖို့ ခက်ပါတယ်။ အဲဒီလိုပါပဲ၊ တစ်စုံတစ်ရာကို စွဲလန်းပြီးမှ ပြန်လည် ခွါလိုက်ရတယ်ဆိုရင်လည်း မူလ ဖြူစင်မှု ပြန်ရဖို့ဆိုတာ အလွန်ခက်ပါတယ်။ ကော်နဲ့သေချာကပ်ပြီးမှ နေရာမကျလို့ ပြန်ခွါလိုက်ရတဲ့ စက္ကူလေးမှာ ကော်စေးဆိုတဲ့ အညစ်အကြေး၊ နံရံက မသန့်စင်မှုတွေက ကပ်ပါလာတတ်သလိုမျိုး တစ်စုံတစ်ရာကို စွဲလန်းမိလိုက်တဲ့ နှလုံးသားမှာ အနာတရဆိုတဲ့ မလှပမှုတွေ ရှိနေတော့မှာပါ။
(၆)
ဆိုတော့ စက္ကူတစ်ရွက်ကို နံရံပေါ်မှာ ကော်နဲ့ ကပ်တော့မယ်ဆိုရင် ကပ်မယ့်နေရာစသည်ကို မကပ်ခင်က အသေအချာ၊ တိတိကျကျ ဖြစ်အောင် ကြည့်သင့်သလိုမျိုး ကိုယ့်နှလုံးသားမှာ ကပ်တွယ်လိုက်မယ့် တစ်စုံတစ်ရာအတွက်လည်း မကပ်ခင်က အသေအချာ၊ မှန်မှန်ကန်ကန်လေး ဖြစ်အောင် လုပ်ထားကာမှ ဒဏ်ရာကင်းတဲ့ ဖြူစင်တဲ့ နှလုံးသားလေး ဖြစ်နိုင်မှာ။ ဟုတ်တယ်မလား။
Subscribe to:
Posts (Atom)