A Buddhist Meditation Teacher and lecturer in Goethe Frankfurt University. Now living in Frankfurt, Germany. A founder of Dhammachaya Buddhist Center, Denmark.
Wednesday, February 2, 2011
chinese new year celebration and great ordination in Penang, Malaysia
Tuesday, February 1, 2011
အစွဲအလန်း
(၁)
တစ်နေ့က တရုတ်ဒကာမတစ်ယောက်နဲ့ တွေ့တယ်။ သူ့မျက်လုံးက ပုံမှန်မဟုတ်ဘူး။ “အရှင်ဘုရား အကူအညီတစ်ခုလောက် ပေးနိုင်မလား”တဲ့။ တတ်နိုင်တဲ့အရာဆို ပေးတာပေါ့လို့ဆိုတော့ “တပည့်တော် ချစ်သူက တပည့်တော်ကို ပြုစားနေတယ်”တဲ့။ “ဘယ်လိုများ ပြုစားတာလဲ”ဆိုတော့ သေသေချာချာတော့ သူ မပြောတတ်ဘူးတဲ့။ ညတွေဆို အိပ်မရဘူး။ လန့်လန့်နိုးတယ်လို့ ဆိုပါတယ်။ ကိုယ်ကလည်း ပယောဂဆရာ မဟုတ်တော့ အခက်သား။ မေတ္တာပို့ဖို့ပဲ ပြောလိုက်ရတယ်။ မေတ္တာပို့တဲ့အခါမှာ တစ်စုံတစ်ရာ မျှော်လင့်ပြီး ပို့တာမျိုး မဟုတ်ဘဲ တကယ့်ကို စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ ဖြစ်စေချင်တဲ့ သဘောထားနဲ့ ပို့ရမှာ ဖြစ်တဲ့အကြောင်း ပြောပြလိုက်တယ်။
(၂)
တစ်နေ့က တရုတ်ဒကာတစ်ယောက် ရောက်လာပြန်တယ်။ ဓာတ်ပုံ အယ်ဘမ်ကြီးတစ်ခုလည်း ပါလာတယ်။ သူနဲ့က မနှစ်က ၇-ရက် ဓမ္မသင်တန်းမှာ ကတည်းက သိကျွမ်းခဲ့တယ်။ ဒီနှစ်တော့ အလုပ်မအားလို့ မတက်နိုင်ခဲ့ဘူး။ သူကတော့ တစ်မျိုး။ ဓာတ်ပုံထဲမှာ အစက်အပြောက်ကလေးတွေ ပါလာရင် “သရဲ…သရဲ။ တရုတ်သရဲ”ဆိုပြီး လုပ်တတ်တယ်။ အခု သူ ယူလာခဲ့တဲ့ အယ်ဘမ်ကလည်းက အဲဒီ အစက်အပြောက် အ၀ိုင်းလေးတွေ ပါလာတဲ့ ပုံတွေချည်းပဲ။ တကယ်တော့ ကင်မရာ တစ်ခုခု ဖြစ်လို့ အစက်အပြောက် ပေါ်တာလို့ ထင်ပါတယ်။ ဒါပေမယ့် သူကတော့ မရပါဘူး။ ဓာတ်ပုံပေါ်မှာ ရေပြောက်လေးတွေလို အစက်လေးတွေ တွေ့တိုင်း အဲဒါ သရဲတွေလို့ ဆိုလေ့ရှိတယ်။ ပိုဆိုးတာက သူများတွေ ဓာတ်ပုံ ယူလာလို့ ကြည့်ပြီဆိုရင် အဲဒီအပြောက်လေးတွေပဲ လိုက်ရှာနေတော့တယ်။
(၃)
တစ်နေ့ကတော့ တရုတ် ဒကာမကြီး နှစ်ယောက်နဲ့ စကားပြောဖြစ်တယ်။ အကူအညီတစ်ခု တောင်းချင်လို့ပါတဲ့။ သူတို့က စီးပွားရေးအသင့်အတင့် အဆင်ပြေကြသူတွေ ဖြစ်တယ်။ ဒီနှစ်တော့ (လွန်ခဲ့တဲ့ ၄-လလောက်ကတည်းက) အဆင်မပြေမှုတွေ ဆက်တိုက်ကြုံရတယ်တဲ့။ လူယုံတွေရဲ့ အလိမ်အညာလည်း ခံရတယ်တဲ့။ ဒါက ဖြစ်လေ့ဖြစ်ထရှိတာမို့ သိပ်ထူးဆန်းတယ်လို့တော့ မဆိုနိုင်ဘူး။ ဒါပေမယ့် ထူးဆန်းတာက သူတို့ဟာဆိုရင် နှစ်စဉ်နှစ်တိုင်း ရှင်ဥပဂုတ္တပွဲ ထိုးလေ့ရှိကြတယ်။ လွန်ခဲ့တဲ့နှစ်က မလုပ်ဖြစ်ဘူး။ ဒါကြောင့် ရှင်ဥပဂုတ္တက ဒဏ်ခတ်တာ ဖြစ်မယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။ ရှင်ဥပဂုတ္တက ဒဏ်ခတ်တာတော့ မဟုတ်လောက်ပါဘူး။ အလုပ်လုပ်တဲ့နေရာမှာ တစ်ခုခု လွဲချော်သွားတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ဆိုတော့ သဘောကျပုံ မရပါဘူး။
ဒီတော့လည်း မတတ်နိုင်ဘူး။ ကဲ အဲဒီလိုမှ ယုံကြည်နေရင်လည်း ရှင်ဥပဂုတ္တက ခွင့်လွှတ်တတ်ပါတယ်လို့။ အခုပဲ ရှင်ဥပဂုတ္တပွဲတစ်ပွဲလောက် ထိုးလိုက်ပါလားဆိုတော့ အဲဒီလို လုပ်လို့ ရသေးလားလို့ ဆိုပါတယ်။ ရတယ်၊ အချိန်မရွေး တောင်းပန်ကန်တော့နိုင်ပါတယ်၊ သူက ခွင့်လွှတ်တတ်ပါတယ်လို့ ဆိုလိုက်ရပါတယ်။ အားလုံး စီစဉ်ပေးပြီးတော့ အတော်လေး ပျော်ရွှင်သွားကြပုံ ပေါ်ပါတယ်။
(၄)
မြန်မာတွေမှာ စကားပုံတစ်ခု ရှိပါတယ်။ “ဥပါဒါန်ကြောင့် ဥပဒ်ရောက်”ဆိုတဲ့ စကားပါ။ မမြင်ရတဲ့ ကိုယ်တိုင် လက်လှမ်းမမီနိုင်တဲ့ အဖြစ်အပျက်တွေကို မငြင်းပါဘူး။ ဒါပေမယ့် ကိုယ့်စိတ်က အစွဲအလန်းကြောင့် ဘေးဒုက္ခတွေ ဖြစ်နေကြရတာလည်း မကြာခဏ တွေ့နေကြရပါတယ်။ ဘယ်အရာမဆို အစွဲအလန်း မကြီးဖို့ အရမ်းပဲ အရေးကြီးလှပါတယ်။ ဗုဒ္ဓဘာသာမှာ “လောကကြီးကို စိတ်က ဦးဆောင်နေတယ်”ဆိုတဲ့ စကားရှိပါတယ်။ စိတ်က ဖြစ်ဆိုရင် အရာအားလုံး မဖြစ်နိုင်တာ မရှိပါဘူး။ ဒီတော့ ဖြစ်ဖို့ စွဲလန်းလိုက်တဲ့အရာဟာ ကောင်းတဲ့အရာဖြစ်နေရင် ကိစ္စမရှိဘူး။ မကောင်းတဲ့အရာ၊ မဖြစ်သင့်တဲ့အရာကို စွဲလန်းမိရင်တော့ စိတ်ဆင်းရဲစရာ၊ စိတ်ညစ်စရာတွေပဲ တွေ့လာရမှာပဲ။
(၅)
ဗုဒ္ဓစာပေမှာ အစွဲအလန်းကို “အစေး”နဲ့ ဥပမာပေးထားတာ ရှိပါတယ်။ အစေးတွေဟာ ကပ်မိပြီဆိုရင် ခွဲဖို့ ခက်ပါတယ်။ ကော်ကပ်ပြီးမှ ပြန်ခွါလိုက်ရတဲ့ စက္ကူဟာလည်း မူလ အဖြူရောင်လေးကို ပြန်ရဖို့ ခက်ပါတယ်။ အဲဒီလိုပါပဲ၊ တစ်စုံတစ်ရာကို စွဲလန်းပြီးမှ ပြန်လည် ခွါလိုက်ရတယ်ဆိုရင်လည်း မူလ ဖြူစင်မှု ပြန်ရဖို့ဆိုတာ အလွန်ခက်ပါတယ်။ ကော်နဲ့သေချာကပ်ပြီးမှ နေရာမကျလို့ ပြန်ခွါလိုက်ရတဲ့ စက္ကူလေးမှာ ကော်စေးဆိုတဲ့ အညစ်အကြေး၊ နံရံက မသန့်စင်မှုတွေက ကပ်ပါလာတတ်သလိုမျိုး တစ်စုံတစ်ရာကို စွဲလန်းမိလိုက်တဲ့ နှလုံးသားမှာ အနာတရဆိုတဲ့ မလှပမှုတွေ ရှိနေတော့မှာပါ။
(၆)
ဆိုတော့ စက္ကူတစ်ရွက်ကို နံရံပေါ်မှာ ကော်နဲ့ ကပ်တော့မယ်ဆိုရင် ကပ်မယ့်နေရာစသည်ကို မကပ်ခင်က အသေအချာ၊ တိတိကျကျ ဖြစ်အောင် ကြည့်သင့်သလိုမျိုး ကိုယ့်နှလုံးသားမှာ ကပ်တွယ်လိုက်မယ့် တစ်စုံတစ်ရာအတွက်လည်း မကပ်ခင်က အသေအချာ၊ မှန်မှန်ကန်ကန်လေး ဖြစ်အောင် လုပ်ထားကာမှ ဒဏ်ရာကင်းတဲ့ ဖြူစင်တဲ့ နှလုံးသားလေး ဖြစ်နိုင်မှာ။ ဟုတ်တယ်မလား။
Wednesday, January 26, 2011
မျက်ရည်
မျက်ရည်ကျတိုင်း ၀မ်းနည်းတာတော့လည်း မဟုတ်ပြန်ဘူး။ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ မျက်ရည်သုံးမျိုး ရှိသတဲ့။ မျက်စိအိမ် ချောမွတ်အောင်စိုလာအောင် ကျပေးတဲ့ မျက်ရည် (Basal tears)၊ ကြက်သွန်မွှန်တဲ့အခါ စတဲ့ အခြေအနေတွေကြောင့် ကျတဲ့မျက်ရည် (Reflex tears) နဲ့ ခံစားမှုကြောင့် ကျတဲ့မျက်ရည် (Emotional tears)တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုပြောနေတာကတော့ ခံစားမှုကြောင့် ကျတဲ့ မျက်ရည်အကြောင်းပေါ့လေ။
အဆင်မပြေရင်၊ ဖြစ်ချင်တာ မဖြစ်ရရင် ၀မ်းနည်းမယ်၊ ငိုမယ်၊ မျက်ရည်ကျမယ်။ အဆင်မပြေမှု+၀မ်းနည်းမှု+မျက်ရည်ကျမှု …. ဒီလို အကြောင်းအကျိုးဆက်နေတယ်လို့ ဆိုရမယ်။ မျက်ရည်မကျချင်ဘူး၊ မငိုချင်ဘူးဆိုရင် သူ့ရဲ့ အကြောင်းတရားဖြစ်တဲ့ အဆင်မပြေမှုတွေ မဖြစ်အောင် ကြိုးစားကြရုံပဲပေါ့။ ဘ၀မှာ အဆင်တပြေဖြစ်အောင် မနေတတ်ရင်တော့ မျက်ရည်ဆိုတာ ကျလို့ ပြီးမှာ မဟုတ်ဘူးလေ။
တကယ်တော့ အဆင်မပြေမှုဆိုတာက စကားလုံးတစ်လုံးတည်းပေမယ့် သူ့ရဲ့ အကြောင်းတရားနဲ့ အဆင်မပြေမှုပုံစံတွေကတော့ အမျိုးမျိုး အဖုံဖုံ စုံလို့နေပါတယ်။ လူအသီးသီးရဲ့ အတိုင်းအတာ၊ အနေအထားနဲ့အညီ အဆင်မပြေမှုတွေကလည်း အမျိုးမျိုးရှိနေပါတယ်။
- သန်းကြွယ်သူဌေးတစ်ဦးက ဒေါ်လာ ၁-သောင်း ဆုံးရှုံးသွားလို့ ၀မ်းနည်းနေတယ်။ ဆင်းရဲသားတစ်ယောက်က တစ်နေ့တာ စားစရာအတွက် ပိုက်ဆံလေးတောင် မရှိလို့ ၀မ်းနည်းနေတယ်။
- အမတ်တစ်ယောက်က သမ္မတမဖြစ်ရလို့ ၀မ်းနည်းတယ်။ ရွာသားတစ်ယောက်က ရွာသူကြီးရွာဥက္ကဋ္ဌအရွေးမခံရလို့ ၀မ်းနည်းတယ်။
- အုပ်ရေများစွာ ပေါက်ဖူးတဲ့ နာမည်ကြီး စာရေးဆရာက သူ့စာအုပ်တစ်အုပ် ရောင်းမစွံလို့ ၀မ်းနည်းတယ်။ စာရေးဆရာပေါက်စတစ်ယောက်က သူ့အတွက် ပထမဆုံး စာအုပ်လေး ဖြစ်မလာနိုင်လို့ ၀မ်းနည်းတယ်။
- လူတစ်ယောက်က နောက်ဆုံးပေါ် ကားကြီး မစီးနိုင်လို့ ၀မ်းနည်းတယ်။ လူတစ်ယောက်က ကားအစုတ်လေးမစီးနိုင်လို့ ၀မ်းနည်းတယ်။ လူတစ်ယောက်က စက်ဘီးလေးတစ်စီးတောင် မ၀ယ်နိုင်လို့ ၀မ်းနည်းတယ်။ လူတစ်ယောက်တော့ ဖိနပ်လေးတစ်ရံတောင် မ၀ယ်နိုင်လို့ ၀မ်းနည်းတယ်။
- တစ်ယောက်က နိုင်ငံခြားထွက် အလုပ်လုပ်ခွင့်မရလို့ ၀မ်းနည်းတယ်။ တစ်ယောက်က နိုင်ငံခြားရောက်မှ အလုပ်အဆင်မပြေလို့ ၀မ်းနည်းတယ်။ တစ်ယောက်က နိုင်ငံခြားရောက်ပေမယ့် အလုပ်မှာ လစာမကောင်းလို့ ၀မ်းနည်းတယ်။
- တစ်ယောက်က စာမေးပွဲမှာ ဂုဏ်ထူးတွေ မပါလို့ ၀မ်းနည်းတယ်။ တစ်ယောက်က စာမေးပွဲလေးတောင် မအောင်နိုင်လို့ ၀မ်းနည်းတယ်။ တစ်ယောက်က ၀င်ခွင့်လေးတောင် မရလို့ ၀မ်းနည်းတယ်။
- တစ်ယောက်က အကောင်းစားဟိုတယ်ကြီးမှာ မင်္ဂလာဆောင်ခွင့်မရလို့ ၀မ်းနည်းတယ်။ တစ်ယောက်က အမည်ခံ မင်္ဂလာဆောင်အခမ်းအနားလေးလုပ်ဖို့တောင် ပိုက်ဆံမရှိလို့ ၀မ်းနည်းတယ်။
- တစ်ယောက်က ဇိမ်ခံအိမ်ကြီးနဲ့ မနေနိုင်လို့ ၀မ်းနည်းတယ်။ တစ်ယောက်က ပုံမှန်အိမ်ကောင်းကောင်းလေးမှာတောင် မနေနိုင်လို့ ၀မ်းနည်းတယ်။ တစ်ယောက်က နေစရာအိမ်လေးတောင်မရှိလို့ ၀မ်းနည်းတယ်။ တစ်ယောက်ကတော့ ခြုံစရာစောင်ကလေးတစ်ထည်တောင်မရှိလို့ ၀မ်းနည်းတယ်။
ကဲ…. ၀မ်းနည်းမှုဆိုတာ ဘယ်မှာလဲ….။ ၀မ်းနည်းမှုဆိုတာ ဘာလဲ။ လောကရဲ့ ဘ၀ရဲ့ အခြေအနေအရပ်ရပ်ကို ရေမြေဆုံးတိုင် သုံးသပ်ကြည့်တိုင်း ၀မ်းနည်းမှုဆိုတာ ရယ်စရာတောင် ကောင်းမနေဘူးလားဗျာ။
လူတိုင်းလူတိုင်းက ကိုယ့်ဆန္ဒတွေ ဖြစ်မလာတိုင်း ၀မ်းနည်းတတ်ကြတယ်။ ကိုယ့်ဆန္ဒတွေ ဖြစ်မလာဘူးဆိုရင် အဆင်မပြေဘူးဆိုပြီး ၀မ်းနည်းပစ်လိုက်ကြ၊ ငိုကြွေးပစ်လိုက်ကြ၊ မျက်ရည်တွေ ကျပစ်လိုက်ကြတာပဲ မဟုတ်လား။ ဘယ်အရာ၊ ဘယ်အမှု၊ ဘယ်ဆန္ဒတွေပဲဖြစ်ဖြစ် အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်တတ်တယ်ဆိုရင် ၀မ်းနည်းမှုက အခါခပ်သိမ်း ပေါ်လာတော့မှာ မဟုတ်ပါဘူး။
တကယ်တော့ မျက်ရည်ကျကြတယ်ဆိုတာ စိတ်ဓာတ်မရင့်ကျက်သူတွေအတွက်ပဲ ဖြစ်ပါလိမ့်မယ်။ ဘုရားရဟန္တာစတဲ့ အမြင့်ဆုံးအဆင့် ရင့်ကျက်မှုက လူသားအများစုမှာ မရှိနိုင်ဘူး မဟုတ်လား။ လူသားတွေဆိုတာကလည်း စိတ်ဓာတ်ရင့်ကျက်မှုဆိုတာကို အမြင့်ဆုံးဒီဂရီအနေနဲ့ ရရှိထားသူများ မဟုတ်တာ များတယ် မဟုတ်လား။ အဆင်မပြေမှု အကြီး၊ အလတ်၊ အငယ် အလိုက် ၀မ်းနည်းမှု ဒီဂရီတွေ ဖြစ်ပေါ်လာတတ်ပြီး မျက်ရည်ကျမှုအဆင့်တွေ ပြောင်းလဲသွားကြရတယ်။ သူ့အဆင့် သူ့အတိုင်းအတာနဲ့ ၀မ်းနည်းကြတာက လူသားတစ်ယောက်အတွက် ဘာမှ မပြောသာပေမယ့် ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ အခါခပ်သိမ်း မျက်ရည်ကျနေတယ်ဆိုရင်တော့ သဘာဝ မကျသေးပါဘူး။
ဆိုတော့ ဘုရား၊ ရဟန္တာတွေလို ပြီးပြည့်စုံတဲ့ စိတ်ဓာတ်ရင့်ကျက်မှုအဆင့်ထိ မရောက်သေးတော့ မျက်ရည်ဆိုတာ လူတိုင်းမှာ ရှိနေအုံးမှာပဲ။ ထစ်ကနဲရှိ မျက်ရည်ကျ ငိုကြွေးတတ်တဲ့သူ မဖြစ်အောင်သာ ကြိုးစားကြရုံပဲ ရှိပါတယ်။
Thursday, January 20, 2011
ဆွန်ကိုင်
သူမနာမည်ကို ဆွန်ကိုင်လို့ ခေါ်ပါတယ်။ သူမရဲ့ နောက်နာမည်တစ်မျိုးကတော့ ဆုဇု ဖြစ်ပါတယ်။ အရမ်းကို လှပသိမ်မွေ့တဲ့ နာမည်လေးပေါ့။ သူမ အလွန်ငယ်ရွယ်စဉ်ကတည်းက သူမဆန္ဒမပါဘဲ အတင်းအကျပ် လက်ထပ်ခဲ့ရပါတယ်။ လက်ထပ်ပြီး နောက်ပိုင်းမှာ သူမလေးဟာ တက္ကသိုလ်က ဒဿနိကဗေဒမှာ ကျောင်းတက်ခဲ့ပါတယ်။ မြင်ရသူတိုင်းက သူမကို ချစ်ကြိုက်သွားကြတာပါပဲ။ ဒါ့ထက် သူမသွားတဲ့နေရာတိုင်း အခြားသူတွေနဲ့ ချစ်မိသွားခဲ့တာပါပဲ။ တက္ကသိုလ်တက်စဉ်မှာ သူမမှာ အချစ်တွေ ၀န်းရံနေခဲ့တာပေါ့။
နောက်ပိုင်းတော့ သူမလေးဟာ တက္ကသိုလ်က သင်ပေးတဲ့ ဒဿနိကဗေဒကို ကျေနပ်အားရမှု မရှိတော့ပြန်ဘူး။ ဒါနဲ့ ဘုန်းကြီးကျောင်းသွားပြီး ဇင်ဗုဒ္ဓဘာသာကို သွားသင်ပြန်တယ်။ ဘုန်းကြီးကျောင်းရောက်တော့လည်း ဇင်ဗုဒ္ဓဘာသာသင်ကြားတဲ့ ကျောင်းသားတွေနဲ့ ချစ်ကြိုက်လိုက်ပြန်တာပဲ။ ဆိုတော့ ဆွန်ကိုင်ရဲ့ တစ်ဘ၀လုံးဟာ အချစ်တွေနဲ့သာ ပြည့်လျှမ်းနေတော့တယ်။
နောက်ဆုံး ကျိုတိုရောက်တော့မှ သူမဟာ တကယ့် ဇင်ဗုဒ္ဓဘာသာလေ့လာသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကင်နင်က ကျောင်းခွဲတစ်ခုမှာရှိတဲ့ သူမရဲ့အစ်ကိုတွေ (အတန်းဖော်ကျောင်းသားများ)က သူမရဲ့ ရိုးသားမှုအတွက် ချီးမွှမ်းကြပါတယ်။ သူတို့ထဲက တစ်ယောက်က သူမကို လိုက်ဖတ်ညီသူတစ်ယောက်အနေနဲ့ သက်သေပြုပြီးဇင်မာစတာကြီးထံရောက်အောင် ကူညီပေးခဲ့ပါတယ်။
တိတ်ဆိတ်နေသော မိုးကြိုးလို့ အဓိပ္ပာယ်ရတဲ့ ကင်နင်က ကျောင်းထိုင်ဆရာတော် မိုကူရ်ရိုင်းအကျင့်က အလွန်ပြင်းထန်ပါတယ်။ သူကိုယ်တိုင်လည်း သီလတွေ ဖြည့်ကျင့်ပြီး သူ့ကျောင်းမှာနေတဲ့ဘုန်းကြီးတွေကိုလည်း သူ့လိုပဲ ကျင့်ခိုင်းပါတယ်။ ဒီနေ့ခေတ်ဂျပန်နိုင်ငံမှာတော့ ဘယ်လောက်ပဲ စိတ်အားထက်သန်သူ ဖြစ်နေပါစေ ဘုန်းကြီးတွေဟာ ဗုဒ္ဓဘာသာအကျင့်တွေ ပျက်ယွင်းနေပါပြီ။ သူတို့ဟာ သူတို့ ယူထားတဲ့ မိန်းမတွေအတွက်ပဲ စီးပွားရှာနေကြတဲ့ပုံပါပဲ။ ဆရာတော်မိုကူရ်ရိုင်းဟာ သူ့ကျောင်းထဲမှာ မိန်းကလေးတွေ တွေ့လို့ကတော့ တံမြတ်စည်းတစ်ချောင်းကိုင်ပြီး လိုက်မောင်းထုတ်ပစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မိန်းမတွေဟာ မောင်းထုတ်လေလေ သူ့ကျောင်းထဲမှာ မိန်းမတွေ ပိုများလာလေလေဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီလို ထူးခြားချက်တွေ ရှိနေတဲ့ကျောင်းမှာ ခေါင်းဆောင်ဘုန်းကြီးတစ်ပါးရဲ့ မိန်းမက ဆွန်ကိုင်ရဲ့ စိတ်အားထက်သန်မှုနဲ့ လှပကြော့ရှင်းမှုကို မနာလို ဖြစ်လာခဲ့တယ်။ သူမဟာ ဇင်အပေါ်မှာ ဘယ်လောက်ထူးချွန်ကြောင်း ချီးမွမ်းကြတဲ့ ကျောင်းသားတွေ အသံကြားတိုင်း သူမ (ခေါင်းဆောင်ဘုန်းကြီးတစ်ပါးရဲ့ မိန်းမ)ဟာ တရွရွနဲ့ နေမထိ ထိုင်မသာ ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး ကြံရာမရတော့ ဆွန်ကိုင်နဲ့ သူမသူငယ်ချင်းကို သမုတ်ပြီး မဟုတ်သတင်း လွှင့်ပါတော့တယ်။ ရလဒ်ကတော့ သတင်းလွှင့်ခံရတဲ့ သူငယ်ချင်းရော ဆွန်ကိုင်ပါ နှစ်ယောက်လုံး ကျောင်းကနေ နှင့်ချခံလိုက်ကြရတယ်။
“ငါ မှားချစ်မိတယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဘုန်းကြီးမိန်းမအနေနဲ့ ငါ့သူငယ်ချင်းကို မမျှမတ ဆက်ဆံခဲ့တယ်ဆိုရင်တော့ သူမလည်း ကျောင်းမှာ မနေနိုင်စေရဘူး”လို့ ဆွန်ကိုင် တွေးမိပါတယ်။ ဒါနဲ့ အဲဒီညမှာပဲ မီးပုံးတစ်ခုကို ယူပြီး နှစ်ပေါင်း ၆၀-သက်တမ်းရှိတဲ့ ကျောင်းတော်ကြီးကို မီးပုံရှို့ပစ်လိုက်ပါတယ်။ မိုးလင်းတော့ သူမကို ရဲတွေက ဖမ်းလိုက်ပါတယ်။ ရှေ့နေငယ်လေးက သူမကို စိတ်ဝင်စားသွားပြီး သူမ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအခါ သူမက “မင်း ငါ့ကို မကူညီပါနဲ့၊ မင်းကူညီရင် နောက်ထပ်ထောင်ထဲရောက်မယ့် ပြစ်မှုတစ်ခုခုကို ငါထပ်လုပ်အုံးမှာပဲ”လို့ ပြောလိုက်ပါတယ်။
ဒီလိုနဲ့ပဲ ဆွန်ကိုင်ဟာ ထောင် ၇-နှစ် ကျသွားခဲ့ပါတယ်။ ၇-နှစ်ပြည့်ပြီးတဲ့နောက် ထောင်က ထွက်လာတော့ အသက် ၆၀-ရှိတဲ့ ထောင်ဝါဒကြီးက သူမကို စွဲလန်းချစ်ခင် သွားခဲ့တယ်။ ဒါပေမယ့် အခုအခါမှာ လူတိုင်းက သူမကို ထောင်ထွက်တစ်ယောက်အနေနဲ့ပဲ ကြည့်ကြပါတယ်။ ဘယ်သူမှလည်း အပေါင်းအသင်း မလုပ်ကြဘူး။ ဒီဘ၀၊ ဒီခန္ဓာနဲ့ ဉာဏ်အလင်း ရရှိပြီးသူများလို့ သက်မှတ်ထားတဲ့သူတွေကတောင် သူမကို ရှောင်ဖယ်နေကြပါတယ်။ တကယ်တော့ ဆွန်ကိုင် တွေ့ရှိထားတဲ့ ဇင်ဆိုတာက တစ်မျိုး၊ ဇင်ဂိုဏ်းသားတွေ လက်ခံထားတဲ့ ဇင်ဆိုတာက တစ်မျိုးတစ်ဘာသာ ဖြစ်နေပါတယ်။ သူမရဲ့ ဆွေမျိုးတွေကတောင် သူမကို အဆက်အသွယ်ဖြတ်လိုက်ကြပါတယ်။ ဒီလို ဆင်းဆင်းရဲရဲ နေလာရတော့ သူမဟာ နေမကောင်းဖြစ်ပြီး အားနည်းလာခဲ့ပါတယ်။
သူမဟာ ရှင်ရှုဆိုတဲ့ ဘုန်းကြီးနဲ့ တွေ့ပါတယ်။ သူက မြတ်စွာဘုရားရှင်ရဲ့ မေတ္တာတရားအကြောင်းကို သင်ပေးပါတယ်။ သူ့ဆီမှာ နှစ်သိမ့်စရာနဲ့ စိတ်ငြိမ်းချမ်းမှုတွေ ရှာတွေ့ခဲ့ပါတယ်။ သူမဟာ အသက် ၃၀-မပြည့်သေးခင် အလှသွေးတွေ ကြွယ်နေစဉ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ သူမကိုယ်သူမ ကာကွယ်ဖို့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေ ရေးခဲ့ပါတယ်။ ဒါပေမယ့် အားထုတ်မှုတွေက အချည်းနှီးသာ ဖြစ်ခဲ့ပါတယ်။ အချို့အရာတွေကတော့ အမျိုးသမီးစာရေးဆရာတစ်ဦးကို ရေးခိုင်းတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ဂျပန်ပြည်သူတွေ လက်ထဲကို သူမစာပေတွေ ရောက်လာခဲ့ပါတယ်။ အခုတော့ ဆွန်ကိုင်ကို ငြင်းပယ်ခဲ့တဲ့သူတွေ၊ ဆွန်ကိုင်ကို အမနာပပြောသူတွေ၊ ဆွန်ကိုင်ကို မုန်းတီးသူတွေဟာ နောင်တမျက်ရည်တွေနဲ့ သူမအတ္ထုပ္ပတ္တိကို ဖတ်ရှုနေကြရပါတော့တယ်။
Tuesday, January 18, 2011
THE CROWN FOR GOLDEN PAGODA BELL TOWER
မလေးရှားနိုင်ငံ၊ ပီနန်းမြို့၊ ဓမ္မိကာရာမမြန်မာကျောင်းမှာ အသစ်ဆောက်လုပ်ထားတဲ့ GOLDEN PAGODA BELL TOWER အတွက် ပြင်ဆင်ထားတဲ့ ရွှေထီးတော်၊ စိန်ဖူးတော်နဲ့ ငှက်မြတ်နားတော်များ ဖြစ်ပါတယ်။
Tuesday, January 11, 2011
လမင်းကို ခိုးလို့ ရခဲ့ရင်
(၁)
ဇင်းမာစတာကြီး ရိုကန်ဟာ တောင်ခြေက သေးငယ်တဲ့တဲလေးထဲမှာ နေထိုင်ရင်း ဘ၀ကို ရိုးရိုးရှင်းရှင်းနဲ့ နေထိုင်ပါတယ်။ တစ်ညမှာ သူခိုးတစ်ယောက်ဟာ သူ့တဲလေးထဲကို ရောက်လာခဲ့ပါတယ်။ တဲထဲမှာ ခိုးစရာ ဘာမှ မတွေ့ဘူး။ ရိုကန် ပြန်လာတော့ သူခိုးကို တွေ့သွားပါတယ်။ “အမောင် သူခိုး… ငါ့ဆီကို လာခိုးဖို့အတွက် ခရီးအဝေးကြီးက လာခဲ့ရမှာပဲနော်၊ ဒီတော့ ပါမှ မပါဘဲ လက်ချည်းဗလာတော့ မပြန်သင့်ဘူး။ ငါ့အ၀တ်အစားတွေကို လက်ဆောင်အနေနဲ့ ယူသွားလိုက်ပါနော်”လို့ ပြောလိုက်ပါတယ်။ သူခိုးကလည်း စိတ်ရှုပ်ထွေးသွားပြီး အ၀တ်အစားတွေကို ယူပြီး ကုတ်ချောင်းချောင်းနဲ့ ထွက်သွားခဲ့ပါတယ်။
ရိုကန်လည်း ၀တ်စရာအ၀တ်အစား တစ်စုံမှ မရှိတော့ဘဲ ၀တ်လစ်စလစ် ထိုင်နေပါတယ်။ ပြီးတော့ ဖိုးလမင်းကြီးကို ကြည့်ပြီး “အိုး… သနားစရာ သူခိုးကလေး၊ ဟိုး…ဖိုးရွှေလမင်းကြီးကို မင်းကို ပေးလိုက်နိုင်ရင် ဘယ်လောက်ကောင်းမလဲ”လို့ စဉ်းစားနေခဲ့ပါတယ်။
(၂)
ဒီပုံပြင်လေးကို သူငယ်ချင်းတွေ ပြောပြပြီးပြီးချင်းမှာပဲ “အားးး မိုက်တယ်ကွာ၊ ကိုယ်တော့ တော်တော်သဘောကျသွားပြီ”လို့ လျှပ်တပြတ် ထပြောပါတယ်။ ဒီတော့လည်း “ဘာကြောင့် သဘောကျတာလဲ မေးရတာပေါ့။ ဒီတော့ သူက ရှင်းပြတယ်။ သူခိုးရဲ့အဖြစ်၊ သူခိုးရဲ့စိတ်ဓာတ်ကို ကြည့်ပြီး လူတွေကို သူ အမြင်ကပ်နေတာနဲ့ ထပ်တူကျကြောင်း ပြောပြပါတယ်။ ဘာပိုင်ဆိုင်မှုမှ မရှိဘဲ သူ့ဟာသူ တရားအားထုတ်နေသူထံကိုမှ သွားခိုးရက်တဲ့ သူခိုးကို အမြင်ကပ်မိတာပါလို့လည်း ဆိုပါတယ်။ ဒီသူခိုးလိုပဲ အသိဉာဏ်မဲ့တဲ့သူတွေ လောကမှာ အများကြီး ကြုံတွေ့နေရတာပဲလေ။ ကိုယ့်ရဲ့ ရလိုမှုတစ်ခုကိုသာ ကြည့်ပြီး အခြားသူတွေရဲ့ လိုအပ်ချက်၊ ဘ၀ဖြစ်တည်ချက်ကို ဘာမှ ဂရုမစိုက်ဘဲ တဇွတ်ထိုး လုပ်တတ်တဲ့သူတွေ။
“မင်း … အဲဒီလို တွေးပြောမှ ငါလည်း ဆက်တွေးမိတယ်”ဆိုပြီး တစ်ယောက်က ဆက်ပါတယ်။ ဒို့နိုင်ငံက အချို့ဆင်းရဲသား နင်းပြားတွေဟာ ဒီလို သူခိုးမျိုးတွေနဲ့ ရင်ဆိုင်နေရတယ် ထင်တာပဲ။ ပေးစရာက ဘာမှ မရှိဘူး။ ဒါပေမယ့် နေ့စဉ် အတောင်းခံနေရတယ်။ မရှိရှိတာလေးတွေ ထုတ်ပေးနေရတယ်။ ဘာမှ ပေးစရာ မရှိတော့ အရှက်တရားကို ဘေးချိတ်ပြီး ခန္ဓာကိုယ်ကိုတောင် ပေးဆပ်နေကြရတယ်။
(၃)
“မင်းတို့က သူခိုးကို အမြင်ကပ်ပြီး မျက်တွေ့လောကကို ဖြန့်ကြည့်တယ်နော်၊ ငါတော့ အ၀တ်အစားတွေကိုပါ ချွတ်ပေးလိုက်တဲ့ ရဟန်းတော်ရဲ့ စိတ်ဓာတ်ကို လေးစားကြည်ညိုမိတယ်”လို့ တည်ကြည်တဲ့ အသံနဲ့ စပြီး သူ ခံစားမိတာတွေကို ပြောနေပါတယ်။ ရဟန်းတော်လို လူစားမျိုး၊ စိတ်ဓာတ်မျိုးက အလွန်ကို ရှားပါးလွန်းပါတယ်။ စိတ်ထားပုံမှန် မရှိသူဆိုရင်တော့ “ဘာလို့ လာခိုးရသလဲ”ဆိုပြီးတော့ စိတ်ဆိုးမယ်။ ဒေါသထွက်မယ်။ နည်းနည်း စိတ်ထားကောင်းသူကတော့ “ငါ့မှာ ဘာပစ္စည်းမှ မရှိဘူးကွာ”ဆိုပြီး ပြန်လွှတ်လိုက်မယ် ထင်တယ်။ ဒီထက်နည်းနည်း ပိုကောင်းသူကတော့ “ငါ့မှာ မင်းအတွက် ဘာအသုံးဝင်တာမှ မရှိပါဘူး။ ငါ့မှာ အသုံးအဆောင်နည်းနည်းတော့ ရှိပါတယ်”ဆိုပြီး အသုံးအဆောင်အချို့ ပေးလွှတ်လိုက်ပါလိမ့်မယ်။ “ငါ ဆိုရင်ကော ဘယ်လိုများ တုန့်ပြန်လိမ့်မလဲ” မေးကြည့်နေမိတယ်။
သူ့အနေနဲ့ ရဟန်းတော်ကို လေးစားကြည်ညိုမိကြောင်း အထပ်ထပ်အခါခါ ပြောနေခဲ့ပါတယ်။ သူက စိတ်မဆိုး ဒေါသမထွက်တဲ့အပြင် သူ့အတွက် မရှိမဖြစ်တဲ့ အ၀တ်အစားတွေကိုပါ ချွတ်ပေးလိုက်ခဲ့တယ်။ ချွတ်ပေးရုံနဲ့တင် အားမရဘူး။ သူက ဖြစ်နိုင်ရင် လမင်းကြီးကိုပါ ပေးလိုက်ချင်ကြောင်း ငြီးတွားနေခဲ့တယ်လေ။
(၄)
“ဟေ့ကောင်၊ မင်းကလည်း ပြောအုံးလေကွာ”လို့ တွေးနေတာလား၊ ငြိမ်နေတာလား မသိနိုင်လောက်အောင် ငြိမ်ကုပ်နေတဲ့သူငယ်ချင်းကို လှမ်းအော်ပါတယ်။ “အေးကွာ… မင်းတို့ ပြောတာ၊ ဆွေးနွေးတာ အရမ်းကောင်းပါတယ်။ ငါကတော့ ငါ့ကိုယ်ငါ မေးနေတာ… ထပ်ခါထပ်ခါ မေးနေမိတာ…၊ ဒီရဟန်းတော်ရဲ့ စိတ်ဓာတ်ကို လိုက်တော့ မမီသေးဘူး၊ ဒါပေမယ့် ငါ့စိတ်ဓာတ်အဆင့်အတန်းက ဘယ်လောက်ထိ၊ ဘယ်ဒီဂရီလောက်ထိ ရှိနေမလဲ”လို့ တွေးနေမိတာ။
“မင်းတို့ကော… မင်းတို့စိတ်ဓာတ်တွေကော… ဘယ်ဒီဂရီလောက်ထိ မြင့်မြတ်ပြီး ဘယ်ဒီဂရီလောက်ထိ ယုတ်ညံ့နေလဲ”
အားမနာတမ်းမေးလိုက်ရင်တော့ အဖြေတစ်ခုခုတော့ ထွက်လာမယ်ထင်တယ်။ အဖြေထွက်လာရင်တော့ ရလဒ်ကိုကြည့်ပြီး ဘ၀အတွက် ဘာတွေဆက်လုပ်သင့်သလဲဆိုတာ အကဲဖြတ်နိုင်ကောင်းပါရဲ့…
Subscribe to:
Posts (Atom)


