Sunday, January 9, 2011

ခရီးသွားတစ်ယောက်ရဲ့ အတွေးစများ



လွန်ခဲ့တဲ့နှစ်က စင်္ကာပူသို့ တစ်ခေါက်ရောက်ခဲ့တယ်။ ဒေသန္တရဗဟုသုတတွေနဲ့ အတွေ့အကြုံသစ်၊ အတွေးအမြင်သစ်တွေ တိုးပွားခဲ့တယ်။ နိုင်ငံခြားရောက် မြန်မာတို့ ထုံးစံအတိုင်း တိုးတက်နေတဲ့ သူများတိုင်းပြည်တွေကို မျက်စိအ၀ိုင်းသားနဲ့ အားကျငေးမောခဲ့တယ်။ မတိုးတက်နိုင်သေးတဲ့ ကိုယ့်အမိမြန်မာအတွက် စုတ်သသတ်သတ်ဖြစ်နေခဲ့ကြတယ်။ မနှစ်ကလည်း သွားထားတော့ ဒီနှစ်တော့ မသွားတော့ဘူးပေါ့။ စိတ်ကူးထားခဲ့တယ်။ ဒီအချိန်မှာပဲ မလေးရှားနိုင်ငံ၊ ဓမ္မိကာရာမပီနန်းကျောင်းက ၇-ရက် ဓမ္မသင်တန်းနဲ့တရားစခန်းအတွက် ပင့်လာလို့ ကြွခဲ့ရတယ်။ နောက်ပြီး ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်း စာအုပ်အတွက်လည်း ဖြန့်ဝေရေးအစီအစဉ်တွေကလည်း ရှိနေခဲ့တယ်။ ဒါကြောင့် နိုဝင်ဘာလ ၄ ရက်နေ့မှာ မလေးရှားကို ထွက်ခွါလာခဲ့တယ်။ စာအုပ်တွေကို ပေးသင့်သူတွေကို ပေး၊ ဖြန့်သင့်တဲ့နေရာဖြန့် လုပ်ရင်း မလေးရှားမှာ ၁-လကျော်သွားခဲ့တယ်။ ဒီဇင်ဘာ ၁၂-ရက်နေ့မှာ စင်္ကာပူကို သွားဖို့ စီစဉ်လိုက်တယ်။ ၁၂-ရက်နေ့ နေ့ခင်းကားနဲ့ ဂျိုဟိုးကို ထွက်ခွါခဲ့တယ်။ ၁၂-ရက်နေ့ ညကို ဂျိုဟိုးက ညောင်ကန်အေးကျောင်းမှာ နေလိုက်တယ်။ ၁၃-ရက်နေ့ နေ့လည်မှာ စာအုပ် ၁၅၀-လောက်ကလည်း ပါနေတော့ စင်္ကာပူကို တက္ကစီနဲ့ ၀င်ခဲ့တယ်။

စင်္ကာပူကို တက္ကစီနဲ့ဝင်ခါမှ အရာရှိရုံးခန်းကိုပါ သွားခဲ့ရတယ်။ ရုံးခန်းမှာ ကိုယ့်ပတ်စပို့ထ်စာအုပ်အလှည့်ကျဖို့ မိနစ် ၂၀-လောက် စောင့်ခဲ့ရတယ်။ ဘာတွေများ မေးချင်နေလို့လည်းပေါ့…စဉ်းစားနေမိတယ်။ ကိုယ့်စာအုပ်လည်း အလှည့်ကျရော No mistake,  nothing wrong, OK တဲ့။ အဲဒီကျမှ စိတ်မရှည်တဲ့လေသံနဲ့ “ဒါဆိုရင် ဘာဖြစ်လို့ ငါ့ကို ဒီအခန်းထဲ ခေါ်တာလဲ။ ငါ ဒီအခန်းထဲမှာ မိနစ် ၂၀ ကျော်ပြီ။ မင်းတို့ ငါ့အချိန်တွေ အချိန်ဖြုန်းတာပဲ”လို့ ပြောမိတယ်။ အဲဒီတော့မှ “စိတ်မကောင်းပါဘူး၊ အောက်က စာရေးက မင်းပတ်စပို့ထ်က ပြောင်းထားတာဆိုတော့ နားမလည်လို့ ဖြစ်မှာပါ၊ မင်းက တစ်ကြိမ် ၀င်ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် မင်းပတ်စပို့ နံပါတ်က ငါတို့ဆီမှာ မှတ်တမ်းမရှိဘူး၊ ဒါကြောင့် ဖြစ်မှာပါ”လို့ ပြန်ပြောတယ်။

နေ့ခင်း ၂-နာရီလောက်မှာ ဂေလန်းက ဓာတ်တော်ကျောင်းကို ရောက်ပါတယ်။ သူငယ်ချင်း ဦးသီဟဗလက အပြုံးနဲ့ ဆီးကြိုပါတယ်။ “အော် ဒီနိုင်ငံလေး၊ ဒီနေရာလေးကို တစ်ခေါက် ရောက်ခဲ့ပါပြန်ပါပကော”လို့ စိတ်ထဲမှာ တစ်မျိုးလေး ဖြစ်မိရုံမှတစ်ပါး အထူးအထွေ ခံစားချက်တော့ မဖြစ်မိပါဘူး။ ဒါပေမယ့် ရောက်ရောက်ချင်း မရီနာဘေးက ဒူရင်းသီးဟိုတယ်ကြီးနားက ရေပြင်ကို ငေးရင်း တစ်ယောက်တည်း သွားထိုင်နေချင်စိတ်တော့ ဖြစ်မိတယ်။ မြန်မာကို ပြန်ရောက်လို့ ရန်ကုန်ရောက်တဲ့အခါ ရွှေတိဂုံရင်ပြင်ပေါ် သွားထိုင်ချင်စိတ်နဲ့ သိပ်မကွာလှဘူး။

မနှစ်ကတော့ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်တွေရဲ့ “လင်္ကာတမန်မဂ္ဂဇင်း”တာဝန်နဲ့။ အခုတော့ ကိုယ်တိုင်ထုတ်တဲ့ ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်းစာအုပ်နဲ့။ အများစာအုပ်ဆိုတော့ ယူကြပါအုံး၊ ဖတ်သင့်တယ် ဘာညာ ပြောရတာ သိပ်လွယ်တယ်။ ကိုယ့်စာအုပ်ကိုယ်ဆိုတော့ မပြောတတ်တော့ဘူး။ ဆန္ဒကတော့ စီးပွားဖြစ်ရောင်းဖို့ မဟုတ်ပါဘူး။ ဒီစာအုပ်နဲ့ ကိုယ်ဖြန့်ဝေချင်တဲ့ မက်ဆေ့လေး စိတ်ဝင်စားသူတွေလက်ထဲ ရောက်သွားစေချင်တာပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျောင်းမှာ ညီငယ်တစ်ယောက်နဲ့တွေ့တယ်။ သူက ဘာသာရေးနဲ့ မစိမ်းတဲ့သူ။ စင်္ကာပူမှာ ဒီ ကန္နီနည်းကို စိတ်ဝင်စားသူတွေ အတော်များတယ်တဲ့။ ဒါပေမယ့် ကန္နီနည်းလို့ သိပ်မသိကြဘူး။ မြေဇင်းနည်းလို့ပဲ အသိများတယ်။ ဒီနည်းအတိုင်း လက်တွေ့အားထုတ်နေတဲ့ လူငယ်တွေ ရှိတယ်။ သူတို့နဲ့ မိတ်ဆက်ပေးမယ်လို့ ပြောပါတယ်။ သူ့ဆီက ဖုန်းနံပါတ်အချို့ရလို့ ဖုန်းဆက်တယ်။ ဘာသာရေး၊ လူမှုရေးတွေမှာ စိတ်အား တက်တက်ကြွကြွ ရှိတဲ့သူတွေဖြစ်လို့ တွေ့ရတာ ၀မ်းသာစရာကောင်းပါတယ်။

တစ်ခါတစ်ခါတော့ နေရာတိုင်းမှာ အားနည်းချက်လေးတွေကို တိုက်ရိုက်ဝေဖန်ပြောဆိုတတ်လို့ အခက်အခဲတော့ ရှိပါတယ်။ ကိုယ့်စိတ်ကလည်း ခက်တယ်။ မှန်တယ်လို့ ယူဆထားတဲ့အရာတစ်ခုကို ဘယ်လိုအကြောင်းတရားနဲ့မှ အပျက်မခံချင်ဘူး။ “အလိုက်သင့်ကလေး၊ အဆင်ပြေသလိုကလေး၊ ချော်လဲ ရောထိုင်၊ …..”ဒီစကားလုံးတွေက ကိုယ်သိပ်မသုံးချင်တဲ့ စကားလုံးတွေ ဖြစ်တယ်။ ဘယ်သူနဲ့မဆို စကားပြောတဲ့အခါတိုင်း ပွင့်ပွင့်လင်းလင်း နားလည်မှုရှိရှိပဲ ပြောဆိုဆက်ဆံချင်တယ်။ အဲလဘတ်ကမျူးရဲ့ ကြားဖူးတဲ့ကဗျာလေးအတိုင်း ပြောရရင် …..
ငါ့ရှေ့ ဦးဆောင်မသွားပါနဲ့
မင်းနောက်က ငါ မလိုက်ချင်ဘူး၊
ငါ့ နောက်မှာ နေပြီးတော့ မသွားပါနဲ့
ငါ မင်းကို ဦးမဆောင်နိုင်ဘူး၊
ငါ့ဘေးမှာနေပြီးတော့ သွားပါ…
ဒါဆို မင်းက ငါ့ရဲ့ မိတ်ဆွေကောင်းပေါ့…
(မှတ်မိသလို ပြန်ရေးပါတယ်)။

လူအချင်းချင်း ဆက်ဆံကြတဲ့နေရာမှာ သူများကို ဆရာကြီးလည်း လုပ်စရာ မလိုဘူး။ နောက်ကလိုက် မှီခိုနေချင်စိတ် ရှိနေတာလည်း မကောင်းဘူး။ ကိုယ်တတ်စွမ်းသမျှ တတ်သိသမျှလေးနဲ့ အတူတူ လက်တွဲလုပ်ဆောင်ကြတဲ့ အနေအထားလေးတွေဟာ သိပ်ကောင်းတယ်လို့ ထင်ပါတယ်။

ကိုယ်ကပဲ အဆိုးမြင်နေတာလား မသိ။ ဗုဒ္ဓဘာသာဝင် တော်တော်များများ လုပ်ဆောင်နေကြပုံတွေကိုလည်း ဘ၀င်မတွေ့လှပါဘူး။ ဘာသာရေးနဲ့ကိုယ့်ဘ၀ရပ်တည်ရေးကို မခွဲခြားတတ်ကြတာတွေက သိပ်များတယ်။ ကျောင်းသားတစ်ယောက်ဟာ ကျောင်းစာမလုပ်ဘဲ တရားနာ၊ တရားထိုင်တဲ့အလုပ်တွေပဲ ဖိလုပ်နေပြီဆိုရင် ပျက်စီးဖို့ရာခိုင်နှုန်းက များနေပြီ။ စီးပွားရေးသမားတစ်ယောက်ဟာ စီးပွားတိုးရာတိုးကြောင်းအလုပ်တွေကို ပစ်ထားပြီး ဘုရားသွားကျောင်းတက်နေရင် ဆုတ်ယုတ်ဖို့ များနေပြီ။ ဘာသာခြားတွေ ဘာသာရေးလုပ်တယ်ဆိုတာ သူ့အချိန်နဲ့သူ၊ သူ့စည်းနဲ့သူ ခြားပြီး လုပ်ကြတာ။ ဒါကြောင့်ပဲ သူတို့ တိုးတက်ကြတာလို့ ထင်ပါတယ်။

မလေးရှားနဲ့စင်္ကာပူကို ခရီးထွက်လိုက်တာ ၂-လနီးပါး ကြာမြင့်သွားခဲ့ပြီး ၂၉-ရက်နေ့ကျမှ လင်္ကာကျွန်းလေးကို ပြန်ရောက်တယ်။ မိခင်နိုင်ငံကို ပြန်ရသလိုပါပဲ။ အမှန်အတိုင်း ပြောရရင် မိခင်နိုင်ငံကို ပြန်ရတာထက်ကို ကြည်နူးမိတာ အမှန်ပဲ။ သူငယ်ချင်းတွေ အတော်များများလည်း ဒီလိုပဲ ခံစားမိကြတယ်တဲ့။ မအေးစဖူး အေးနေချမ်းနေတဲ့ လင်္ကာမြေပေါ်ကို ၂၉-ရက်နေ့ မနက် ၂-နာရီမှာ ခြေချမိတယ်။ လာကြိုတဲ့သူငယ်ချင်းတွေလည်း အနွေးထည်တွေနဲ့။ ၁-နာရီလောက် ကားစီးပြီးတော့ မြန်မာသံဃာတွေ မှီခိုရာ မဟာမကုဋာရာမကျောင်းတော်ကြီးကို ရောက်တယ်။ အားလုံးက အိပ်မောကျနေခဲ့ကြပြီ။ တိတ်တိတ်ဆိတ်ဆိတ် ၀န်းကျင်လေးနဲ့အတူ ရင်ထဲမှာ အေးချမ်းတိတ်ဆိတ်နေတော့တယ်။ တိတ်ဆိတ်နေတဲ့အခြေအနေထဲက လှုပ်ခတ်နေတဲ့အရာတစ်ခုတော့ ရှိနေခဲ့တယ်။ မတွေ့ရတာ ကြာမြင့်သွားပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ပြန်လည်တွေ့ရတော့ ပီတိလေးတွေကတော့ ကခုန်နေဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။

ခဏတာ နှုတ်ဆက်ပြီးတဲ့နောက် မကုဋာရာမရဲ့ ညောင်ပင်ကြီးအောက်မှာ သူငယ်ချင်းအချို့နဲ့ စကားစမြည် ပြောနေခဲ့တယ်။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ထဲက လှုပ်ခတ်နေတဲ့ အသံတစ်ခုက အသိစိတ်ကို လာနိုးနေခဲ့တယ်။ “ညောင်ရွက်ခတ်သံ”။ ဟုတ်တယ်။ ဗောဓိညောင်ပင်က ဝေစည်နေတဲ့ ညောင်ရွက်ခတ်သံလေးတွေက သာယာနေခဲ့တယ်။ ဘ၀မှာ နေခဲ့ရတဲ့ကာလတစ်လျှောက် အအေးမြဆုံးက သီရိလင်္ကာက ဒီညောင်ပင်အောက်ပါပဲ။ ဒီတစ်ခါတော့ ဒီညောင်ရိပ်နဲ့ အဝေးဆုံးမှာ အကြာကြီး သွားနေရတော့မယ်။ သူငယ်ချင်းတွေနဲ့ ဒီညောင်ပင်အောက်မှာပဲ အမိနိုင်ငံ လွတ်လပ်ရေးအတွက် ပြောဆိုဆွေးနွေးခဲ့ကြတယ်။ သူငယ်ချင်းတွေနဲ့ ဒီညောင်ပင်အောက်မှာပဲ ဘ၀လွတ်မြောက်ရေးအတွက် ဆွေးနွေးအားထုတ်ခဲ့ကြတယ်။ သူငယ်ချင်းတွေနဲ့ ဒီညောင်ပင်အောက်မှာပဲ ပညာရေးအတွက် ဆွေးနွေးသင်ယူခဲ့ကြတယ်။ ဒီညောင်ပင်အောက်မှာပဲ သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာ စကားတွေ ဖောင်ဖွဲ့ခဲ့ကြတယ်။ ဘ၀ရဲ့ ဒိုင်ယာရီထဲမှာ သူငယ်ချင်းတွေရဲ့ ပုံရိပ်တွေ၊ စကားသံတွေက ညောင်ရွတ်ခတ်သံလေးတွေနဲ့အတူ လွင့်ပျံလာအုံးမယ်။

 “လာမယ့်နှစ်မှာ ပီနန်းကနေ လင်္ကာက ညောင်ရွက်ခတ်သံလေးကို အမြဲတမ်း နားစွင့်နေပါ့မယ်”



Tuesday, January 4, 2011

ထောင်ခဏ အတွေ့အကြုံ


လူတိုင်း ထောင်သို့ မသွားချင်ကြ။ ထောင်ဟူသော အသံကြားရုံမျှနှင့် စိတ်ထဲတွင် ထိတ်လန့်စိတ်များ ဖြစ်လေ့ရှိသည်။ ထိုထောင်များအနက်မှ အကျဉ်းထောင်ဟု ဆိုလိုက်လျှင် ပို၍ ဆိုးသေးသည်။ ငယ်ငယ်ကတည်းမှ စတင်ပြီး ယနေ့အချိန်အထိ ထောင်တွင်းသို့ တစ်ခါမျှ မရောက်ဖူးခဲ့။ ထောင်ဘေးမှ ဖြတ်သွားစဉ် ထောင်နံရံများနှင့် ထောင်ပေါ်မှ သံဆူးကြိုးများကို တွေ့မြင်ရတိုင်း စိတ်ထဲတွင် အမျိုးအမည် မကွဲပြားသော ခံစားချက်လေးက ဖြစ်ပေါ်လာစမြဲဖြစ်သည်။ ငယ်စဉ်က ထောင်ဟူသည်မှာ လူဆိုးလူမိုက်များကို အကျဉ်းချထားရာနေရာဟု သိခဲ့သည်။ နောက်ပိုင်းအနည်းငယ် ဗဟုသုတရှိလာသောအခါ ထောင်ဟူသည်မှာ လူဆိုးလူမိုက်များသာ မဟုတ်၊ လူကောင်းများလည်း (စိတ်ကောင်းရှိသူများလည်း) ရှိနေနိုင်သော နေရာဟု သိလာရသည်။ 

ထို့ထက်ပို၍ လောကအဖြစ်အပျက်များကို သိလာရသောအခါ လူရမ်းကား အုပ်ချုပ်သူများ ခေတ်တွင် မြင့်မြတ်သူများကို ထောင်သွင်းအကျဉ်းချထားတတ်ကြောင်း သိလာရပြန်သည်။ မြတ်စွာဘုရားရှင်၏ ဟောကြားချက်များထဲက အဖြစ်အပျက် ဇာတ်ဝတ္ထုများတွင်လည်း တိုင်းပြည်၏ ပညာရှိပုဂ္ဂိုလ်များကို အသိဉာဏ်နည်းပါးပြီး အာဏာမက်မောသော ဘုရင်များက အကောက်ကြံ၊ သတ်ဖြတ်၊ အကျဉ်းချခြင်းများ ပြုလုပ်ကြပုံများကို တွေ့ရသည်။ ထိုနည်းတူစွာ မြန်မာဟုခေါ်သော နိုင်ငံတွင်လည်း ထိုလုပ်ရပ်များကို မရေမတွက်နိုင်လောက်အောင် တွေ့နေရသည်။ အခြားတိုင်းပြည်အချို့တွင်လည်း ထိုလုပ်ရပ်များကို တွေ့နိုင်သည်။ မြန်မာနိုင်ငံသည်ကား အဆိုးဆုံးတိုင်းပြည်များအနက် တစ်ခု အပါအ၀င်ဖြစ်မည်မှာ သေချာလှသည်။ အဘယ့်ကြောင့်ဆိုသော် လက်ရှိအချိန်အထိ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း၌ နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀-ကျော် ရှိနေသည်။

အကျဉ်းချခံထားရသူများ အများစုမှာ တိုင်းပြည်ကောင်းရာမွန်ရာ၊ အများအကျိုးဆောင်ရွက်ကြသူများ ဖြစ်ကြသည်မှာ ထင်ရှားသည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင် ဘာပြစ်မှုမှ မရှိ၊ တိုင်းပြည်တွင်း တရားမျှတမှုများ စိုးမိုးရေးအတွက် လုပ်ဆောင်သူဖြစ်သည်။ သူ့ကိုသော်မှ နှစ်ပေါင်း ၂၀-ခန့် နေအိမ်အကျဉ်းချသည်။ လူစွမ်းကောင်းစိတ်ဓာတ်၊ မြင့်မြတ်သူတို့၏ နှလုံးသားနှင့် ဇွဲသတ္တိများ စသော သူတော်ကောင်းစိတ်ဓာတ်များ ပြည့်ဝသော ဆရာကြီး ဦးဝင်းတင်ကိုလည်း နှစ်ပေါင်း ၂၀-ကျော် ထောင်သွင်းအကျဉ်းချသည်။ တစ်ကိုယ်လုံး ကျိုးပဲ့အောင် ရိုက်နှက်နှိပ်စက်ရက်သည်။ သွားများကိုလည်း တစ်ချောင်းမကျန် ရိုက်ချိုးရက်သည်။ (ဆရာကြီးဦးဝင်းတင်၏ ဘာလဲဟဲ့...လူ့ငရဲ စာအုပ်ကို ဖတ်စေချင်သည်)။ ဦးဇာဂနာ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဋ္ဌေးကြွယ်၊ ကိုမြအေး၊ မနီလာသိန်း၊ မစုစုနွေး...... အများကြီးမှ အများကြီး။ “သူတို့မှာ ဘာအပြစ်ရှိလဲ”လို့ မေးကြည့်။ တစ်တိုင်းပြည်လုံးက ချစ်နေကြဆဲပင် ဖြစ်ပါသည်။ အကျဉ်းခံသူများအား ဦးညွှတ်အလေးပြုနေကြဆဲပင် ဖြစ်ပါသည်။

သူတို့အား ကိုယ်ချင်းစာပါသည်။ သူတို့၏ ချစ်လှစွာသော မိဘများ၊ မိသားစုများ၊ ချစ်သူခင်သူများအား ကိုယ်ချင်းစာပါသည်။ သူတို့သည် သူတို့ရခဲ့သော လူ့ဘ၀ကို အများအကျိုးအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းများကိုပင် စွန့်လှူရဲသော ဘုရားလောင်းစိတ်ဓာတ်ပိုင်ရှင်များ ဖြစ်ကြသည်။  

ယနေ့ လွတ်လပ်ရေးနေ့တွင် သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များက သူတို့၏ မြင့်မြတ်သောစိတ်ဓာတ်များကို ဂုဏ်ပြုချင်သည်။ သူတို့၏ တရားမျှတသောတိုင်းပြည်တစ်ခု ဖြစ်ပေါ်လာရေး အားထုတ်မှုများအတွက် အသိအမှတ် ပြုပေးချင်သည်။ ထို့ကြောင့် ကိုလံဘိုမြို့၊ ဝေဒိကတ၊ နယူမဂ္ဂဇင်းအကျဉ်းထောင်သို့ သွားရောက်ပြီး ထောင်သားများကို စားဖွယ်သောက်ဖွယ်များ ပေးလှူကြသည်။ မြတ်ဗုဒ္ဓ၏ ပရိတ်တရားတော်များ ရွတ်ဖတ်ပြီး မေတ္တာပို့၊ ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။ နိုင်ငံတကာမှ အလှူရှင်များကလည်း အားတက်သရော ပါဝင်လှူဒါန်းကြသဖြင့် ၀မ်းမြောက်ဖွယ်အတိ ဖြစ်ခဲ့ရလေသည်။

နယူမဂ္ဂဇင်းအကျဉ်းထောင်တွင် အကျဉ်းသား ၂၀၀၀-ကျော်ရှိသည့်အနက် အခမ်းအနားသို့ အကျဉ်းသား ၆၀၀-ကျော် ၇၀၀-ခန့် တက်ရောက်ကြသည်။ အကျဉ်းထောင်ထဲတွင် သီရိလင်္ကာသားတို့၏ မဟာဗောဓိပင်နှင့် စေတီလေးကို ဖူးမြင်ရသဖြင့် ၀မ်းသာခဲ့ရသည်။ အကျဉ်းထောင်တာဝန်ရှိသူများကလည်း ယဉ်ကျေးပျူငှါစွာဖြင့် အခမ်းအနားကို ကျင်းပပေးသည်။ အကျဉ်းထောင်အတွင်း ဓာတ်ပုံရိုက်ခွင့် မရှိသဖြင့် မှတ်တမ်းများတော့ မပြုလုပ်နိုင်ခဲ့ကြပါ။

အခမ်းအနားတွင် မိမိက ၁၀-မိနစ်တာ စကားပြောခွင့်ရသဖြင့်လည်း ၀မ်းသာရပါသည်။ သီရိလင်္ကာဘုန်းတော်ကြီး ဦးသုဂတာနန္ဒက သီရိလင်္ကာဘာသာစကားဖြင့် ပြန်လည်မိန့်ကြားသည်။ ပြီးလျှင် ပရိတ်ကြိုးများကို အကျဉ်းသားတစ်ဦးစီကို လိုက်လံချည်ပေးကြသည်။ ထို့နောက် အစားအသောက်များကို ဝေငှပေးလှူကြသည်။ အကျဉ်းသားများလည်း ပျော်ရွှင်စွာ လက်ခံကြသည်။ တာဝန်ရှိသူများကို နှုတ်ဆက်ပြီး ညနေ ၄-နာရီခန့်တွင် မကုဋာရာမမြန်မာကျောင်းတော်သို့ ပြန်လာခဲ့ကြသည်။

ထောင်တွင်း အခမ်းအနားမှ အပြန်လမ်းတွင် စိတ်ကူးထဲမှာ မြန်မာနိုင်ငံ၊ အကျဉ်းထောင်များအတွင်းရှိ မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို မြင်ယောင်မိသည်။ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေကြောင်း အခါခါ ဆုတောင်းမိပါသည်။ လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေဟူသော စာသားလေးက ရင်ထဲတွင် ပဲ့တင်ထပ်နေခဲ့ပါသည်။

သီရိလင်္ကာနှင့် မဟာဗောဓိ သမိုင်းအပိုင်းအစ


(သီရိလင်္ကာနိုင်ငံက မဟာဗောဓိပင်အကြောင်းကို သိချင်ပါတယ်လို့ ညီမငယ်တစ်ယောက်က မေးလာတဲ့အတွက် သမိုင်းကြောင်းတစ်ပိုင်းတစ်စကို တင်ပေးလိုက်ပါတယ်။ ဗောဓိပင်အကြောင်းပြောကြလျှင် ပြောစရာတွေကတော့ အများကြီးပါ။ နောက်အလျဉ်းသင့်ရင် ဆက်လက်ရေးသားတင်ပြပေးသွားပါမယ်။ အခုတော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါလို့ ဆိုပါရစေ....)

 သမ္မတမဟိန္ဒ သီရိ မဟာဗောဓိပင်ကို ပူဇော်နေစဉ်
 သီရိ မဟာဗောဓိပင်သို့ အသွား
 သမ္မတမဟိန္ဒ မဟာဗောဓိပင်ကို ပူဇော်နေစဉ်
 လင်္ကာသူများ မဟာဗောဓိပင်ကို ပူဇော်နေကြပုံ
 သီရိ မဟာဗောဓိပင်
  သီရိ မဟာဗောဓိပင်

 သီရိ မဟာဗောဓိပင်

သီရိလင်္ကာနိုင်ငံအကြောင်း ပြောကြလျှင် ဗုဒ္ဓဘာသာအကြောင်းကို ချန်လှပ်ထား၍ မရ၊ သီရိလင်္ကာဗုဒ္ဓဘာသာအကြောင်း ပြောကြလျှင် မဟာဗောဓိပင်ကို ချိန်လှပ်ထားခဲ့၍ မရနိုင်။ သီရိလင်္ကာဗုဒ္ဓဘာသာဝင်တို့သည် မဟာဗောဓိပင်ကို အသက်တမျှ တန်ဖိုးထား ကိုးကွယ်ကြသည်။ သီရိလင်္ကာနိုင်ငံသားတို့၏ နှလုံးသားတွင် ဗုဒ္ဓဘာသာအဆုံးအမတရားတော်များ အမြစ်တွယ်နေကြသကဲ့သို့ သီရိလင်္ကာနိုင်ငံမြေပေါ်တွင်လည်း မဟာဗောဓိပင်အမြစ်များက ခိုင်ခိုင်ခံ့ခံ့ နက်နက်ရှိုင်းရှိုင်း တွယ်ရစ်နေကြလေသည်။ သီရိလင်္ကာသားတို့သည် မဟာဗောဓိပင်ကို သက်တော်ထင်ရှား မြတ်စွာဘုရားအလား ရိုသေကိုးကွယ်ကြသည်။ ပူဇော်ကြသည်။ မြတ်စွာဘုရားကို ထိလျှင် (စော်ကားလျှင်) ဗုဒ္ဓဘာသာဝင်တို့ နာကြသလို သီရိလင်္ကာသားတို့က မဟာဗောဓိပင်ကို ထိလျှင် (စော်ကားလျှင်) မြတ်စွာဘုရားရှင်ကို ထိသလို ခံစားကြရလေသည်။ သီရိလင်္ကာသားတို့ ဤမျှအထိ မြတ်မြတ်နိုးနိုး တန်ဖိုးထား ကိုးကွယ်ကြသော မဟာဗောဓိပင်အကြောင်းကို စာရေးသူ စိတ်ဝင်စားမိပါသည်။
သီရိလင်္ကာက ဘုန်းကြီးကျောင်းတိုင်းတွင် ဗောဓိပင်များ ရှိကြသည်။ လူအများက ညနေအခါရောက်တိုင်း နီးစပ်ရာ ကျောင်းသို့ ရောက်လာကြပြီး ဘုရားရှိခိုးကြသည်။ မဟာဗောဓိပင်ရှေ့ရောက်လျှင် သက်တော်ထင်ရှား မြတ်စွာဘုရားအလား ရိုသေသမှုပြုကြသည်။ ၀ါဆိုချိန်နှင့် ကထိန်ရာသီရောက်လျှင် မဟာဗောဓိပင်ကို ၀ါဆိုသင်္ကန်းများ၊ ကထိန်သင်္ကန်းများကိုလည်း ကပ်လှူကြသည်။ ထူးဆန်းသည်မှာ ပုံမှန်လှူဒါန်းနေကျပုံစံမျိုးမဟုတ်ဘဲ သင်္ကန်းကို မဟာဗောဓိပင်စည်ကို ပတ်ပြီး လှူဒါန်းကြခြင်း ဖြစ်ပါသည်။ သီရိလင်္ကာသားတို့ ဤမျှအထိ တန်ဖိုးထားကိုးကွယ်ကြသော မဟာဗောဓိပင်၏ သမိုင်းကြောင်းကို လက်လှမ်းမီသမျှ မျှဝေလိုပါသည်။

မူလမဟာဗောဓိပင်များ
အမှန်အားဖြင့် မူလမဟာဗောဓိပင်သည် အိန္ဒိယနိုင်ငံ၊ ဘီဟာရ်နယ်မှ မြတ်စွာဘုရား ပွင့်တော်မူရာ မဟာဗောဓိပင်သာ ဖြစ်ပါသည်။ သို့ရာတွင် ကမ္ဘာ့နေရာအနှံ့အပြားနှင့် သီရိလင်္ကာနေရာအနှံ့အပြားတွင် တည်ရှိနေသော မထင်မရှား ဗောဓိပင်များနှင့် သက်တမ်းအားဖြင့် မရှည်ကြာကြသေးသော ဗောဓိပင်များကို ထောက်ဆ၍ အထင်ရှားဆုံး ဗောဓိပင်များကို မူလမဟာဗောဓိပင်ကြီးများဟု သတ်မှတ်ထားကြလေသည်။ သက်တမ်းရှည်ကြလှသော မူလမဟာဗောဓိပင်များဟု သတ်မှတ်ထားသော ဗောဓိပင်ကြီး သုံးပင်ရှိသည်။ 

၎င်းတို့မှာ -
၁။ မြတ်ဗုဒ္ဓဘုရားဖြစ်တော်မူရာ မဟာဗောဓိပင်ကြီး။ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက် ၇-ရက်ကြာအောင် ဗောဓိပင်ကို မမှိတ်မသုန်သောမျက်စိဖြင့် ကြည့်ရှုတော်မူခဲ့သည်။ မြတ်စွာဘုရားရပ်တော်မူခဲ့သောနေရာကို ယခုအခါ အနိမိသလောစနစေတီဟု တည်ထားကိုးကွယ်ကြသည်။ မဟာဗောဓိပင်အောက်တွင် အရင်ကတည်းက တည်ရှိနေပြီး ပျက်စီးနေပြီဖြစ်သော ကျောင်းငယ်လေးကို အသောကမင်းလက်ထက်တွင် ပြန်လည်တည်ဆောက်ခဲ့သည်။ အသောကမင်းလက်ထက်တွင် ဗောဓိပင်ပူဇော်သောဓလေ့က ကျယ်ပြန့်လာခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ပွဲတော်ကြီးများ ကျင်းပပူဇော်ခဲ့ကြသည်။ ယနေ့အထိလည်း ကမ္ဘာအရပ်ရပ်မှ ဘုရားဖူးများ လာရောက်ပူဇော်နေကြဆဲ ဖြစ်သည်။

၂။ ဒုတိယ မဟာဗောဓိပင်မှာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်တွင် တည်ရှိသည်။ အာနန္ဒာဗောဓိပင်ဟု ခေါ်သည်။ မြတ်ဗုဒ္ဓခေတ် သာဝတ္ထိသားတို့က မြတ်စွာဘုရားရှင် မရှိသည့်အခါ ကိုယ်စားကိုးကွယ်ဖို့ တစ်စုံတစ်ရာ တောင်းဆိုကြရာ မြတ်စွာဘုရားရှင်က မူလဗောဓိပင်ကြီးမှ ဗောဓိပင်ပွားတစ်ဆူကို စိုက်ပျိုးပြီး ကိုးကွယ်ကြဖို့ မိန့်တော်မူသည်။ အရှင်မဟာမောဂ္ဂလာန်က မူလဗောဓိပင်မှ ညောင်စေ့ကို ယူပြီး အနာထပိဏ်သူဌေးကို စိုက်ပျိုးစေသည်။ အနာထပိဏ်သူဌေးက ပွဲတော်အခမ်းအနား ကြီးကျယ်စွာဖြင့် စိုက်ပျိုးခဲ့သည်။ တန်ခိုးတော်ကြောင့် ငါးတောင်ခန့်မျှ မြင့်သော အပင်ပေါက်လာခဲ့သည်။ မြတ်စွာဘုရားရှင်ကလည်း ထိုဗောဓိပင်အောက်တွင် တစ်ညတာ သီတင်းသုံးနေတော်မူခဲ့သည်။

၃။ တတိယ မဟာဗောဓိပင်မှာ သီရိလင်္ကာနိုင်ငံ၊ အနုရာဓပူရမြို့တွင် တည်ရှိသည်။ အသောကမင်းကြီး၏ သမီးတော် သင်္ဃမိတ္တာထေရီက မူလမဟာဗောဓိပင်ကြီး၏ တောင်ဘက်ကိုင်းကို သယ်ဆောင်ခဲ့ပြီး ဒေ၀ါနံပိယတိဿမင်းက စိုက်ပျိုးခဲ့သည်။ မဟာဝံသကျမ်းတွင် မဟာဗောဓိပင်ပွား သယ်ဆောင်ရာလမ်းကြောင်းကို ရှင်းပြထားသည်။ ပထမ ဗုဒ္ဓဂယာမှ ပါဋလိပုတ်ပြည်၊ ပါဋလိပုတ်ပြည်မှ တာမလိတ္တိဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ပင်လယ်ကို ဖြတ်ပြီး သီဟိုဠ်ကျွန်း ဇမ္ဗုကောလဆိပ်၊ ထိုမှတစ်ဆင့် တိဝဂ္ဂရွာ၊ ထိုမှတစ်ဆင့် အနုရာဓပုရမြို့တော်သို့ အဆင့်ဆင့် ဖြတ်သန်းသယ်ဆောင်ခဲ့ရသည်။

အနုရာဓပူရမြို့သည် ဗုဒ္ဓဘာသာသမိုင်းကြောင်းနှင့် ပတ်သက်ပြီး အလွန်ကြီးကျယ်ပြီး အရေးပါသော မြို့တစ်မြို့ဖြစ်သည်။ နေရာအနှံ့အပြားတွင် ရှေးဟောင်းကျောင်းပျက်များ၊ ပုထိုးတော်ကြီးများနှင့် အခြားဘာသာရေးဆိုင်ရာ သမိုင်းခြေရာများကို တွေ့ရှိနိုင်လေသည်။ မဟာဝံသကျမ်းအလိုအရ အနုရာဓပူရမြို့သည် ဂေါတမမြတ်စွာဘုရားရှင်၏ ဗောဓိပင်သာမက ဤကပ္ပကမ္ဘာတွင် ပွင့်တော်မူခဲ့ကြသော ဘုရားရှင်တို့၏ ဗောဓိပင်များကိုလည်း အနုရာဓမြို့၊ ယခုလက်ရှိဗောဓိပင်နေရာတွင် စိုက်ပျိုးကိုးကွယ်ခဲ့ကြသည်ဟု ဆိုထားသည်။ သီရိလင်္ကာဗုဒ္ဓဘာသာတို့ကလည်း ဤအချက်ကို လက်ခံသည့်အတွက် အမြတ်တနိုး တန်ဖိုးထားကြခြင်း ဖြစ်သည်။ မဟာဝံသတွင် ကကုသန်ဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကို ရုစာနန္ဒာထေရီ၊ ကောဏဂမနဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကို ကန္တကာနန္ဒာထေရီ (ကနကဒတ္တာထေရီမ)နှင့် ကဿပဘုရားရှင်ပွင့်တော်မူရာ ဗောဓိပင်ကို သုဓမ္မာထေရီတို့က အသီးသီး အိန္ဒိယမှ ပင့်ဆောင်ခဲ့ကြကာ အနုရာဓပူရမြို့တွင် စိုက်ပျိုးပူဇော်ခဲ့ကြသည်ဟု ဆိုထားသည်။ ထိုကဲ့သို့ လေးနက်သော သမိုင်းကြောင်းများကြောင့် သီရိလင်္ကာတွင် မဟာဗောဓိပင် ကိုးကွယ်ပူဇော်သော ဓလေ့က ဗုဒ္ဓဘာသာ၏ အဓိကအခန်းကဏ္ဍမှ ပါဝင်နေခြင်း ဖြစ်ပုံရသည်။

Monday, January 3, 2011

မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ကိုလံဘိုအကျဉ်းထောင်တွင် ကျင်းပမည်..

 ၂၀၁၁-ခုနှစ်၊ ဇန်န၀ါရီလ ၄-ရက်၊ မြန်မာ့လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျင်းပသည့်အနေဖြင့်လည်းကောင်း၊ မိမိတို့ မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း၌ မတရား အကျဉ်းချ ဖိနှိပ်ခံနေရသော နိုင်ငံရေး အကျဉ်းသား ၂၂၀၀-ကျော်အပါအ၀င် အကျဉ်းသားများ အဖိအနှိပ်အချုပ် အချယ်မှ ကင်းလွတ်ပါစေခြင်းအကျိုးငှါလည်းကောင်း၊ သတ္တ၀ါအများ ကောင်းကျိုးမင်္ဂလာ ဖြစ်ပါစေခြင်း အကျိုးငှါလည်းကောင်း သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ဝေလိကဒအကျဉ်းထောင်သို့ သွားရောက်ကာ အကျဉ်းသားများအား အလှူဒါနပြုလုပ်ပြီး ပရိတ်ရွတ်ဖတ်ပေးရန် ကြွရောက်ကြမည်ဖြစ်ကြောင်း သိရသည်။


မနက်ဖြန် လွတ်လပ်ရေးနေ့ အခမ်းအနား ကိုလံဘိုအကျဉ်းထောင်တွင် ကျင်းပမည်