Sunday, September 26, 2010

အလှဓမ္မ၊ စက်တင်ဘာနဲ့ နောက်ဆက်တွဲများ




မြက်ခင်းပြင်များဟာ စိမ်းလန်းမှုရှိမနေရင် ရင်အေးစရာမရှိဘူး။ မြစ်တွေဟာ ပုံမှန်စီးဆင်းမှုမရှိရင် မလှဘူး။ ငှက်တွေမှာ အတောင်ပံမဲ့နေရင် အဓိပ္ပာယ်မရှိဘူး။ လူမှာ လူ့တန်ဖိုးမဲ့နေရင် လူရယ်လို့ ခေါ်ဖို့မလွယ်။ တန်ဖိုးက ဘာလဲ။ ဓမ္မ…။ ဟုတ်တယ်။ ဓမ္မ။

ဘာလဲ ဓမ္မဆိုတာ။ နက်နဲတဲ့ ဓမ္မတွေအကြောင်း ပြောဖို့ မဟုတ်ဘူး။ ဒီနေရာမှာ ပြောချင်တဲ့ ဓမ္မက လူတွေမှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မ။ ဒေသတစ်ခုမှာ ရှိသင့်ရှိထိုက်တဲ့ ဓမ္မ။ ဒီဓမ္မတွေ ဆိတ်သုဉ်းနေရင် အဲဒီအရပ်ဒေသဟာ အလှတရားတွေ ဆိတ်သုဉ်းတဲ့ ဒေသတစ်ခု ဖြစ်လာလိမ့်မယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ဘ၀ဟာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာသာ မရှိဘူးဆိုရင် ဘာအလှတရားမှ မရှိတဲ့ဒေသကြီးတစ်ခု ဖြစ်နေလိမ့်မယ်။ သဘာဝမြေပြင်က အလှတရားတွေ ဆိတ်သုဉ်းနေတော့ ဘေးနိုင်ငံတွေအမြင်မှာ မြင့်မြတ်တဲ့ ဗုဒ္ဓသာသနာအတွက်လဲ မေးခွန်းတွေ ထုတ်လာကြတော့တယ်။ ဗုဒ္ဓသာသနာက ကောင်းတယ်ဆိုရင် ဗုဒ္ဓသာသနာထွန်းကားတဲ့ နိုင်ငံတွေမှာ ဘာကြောင့် လူသားရဲ့တန်ဖိုးတွေ ဆုတ်ယုတ်နေရသလဲ။

မြန်မာ…။ ကျွန်တော်တို့ မြန်မာ။ ခင်ဗျားတို့ မြန်မာ။ အလှတရားတွေ ဆိတ်သုဉ်းနေတာ ကြာခဲ့ပြီ။ အလှတရားအတွက် တိုက်ပွဲဝင်ခဲ့ကြတာတွေလဲ ကြာခဲ့ပြီ။ အလှတရားအတွက် တိုက်ပွဲဝင်နေသူ သူရဲကောင်းများ မကောင်းဆိုးဝါးတွေရဲ့ လက်ထဲမှာ ရေတိမ်နစ်ခဲ့ကြတာလဲ များခဲ့ပြီ။ ယခု အချိန်အထိ လှနေသူတွေဟာ အယုတ်တမာတွေရဲ့လက်ထဲမှာ ပြုသမျှ နုခံနေကြရတယ်။ မကောင်းဆိုးဝါးတွေ အမိမြန်မာမှာ ရမ်းရမ်းကားကား ကျင်လည်နေခဲ့တာ ကြာလှပြီ။ ဗုဒ္ဓသာသနာရဲ့ အနိစ္စတရားကလဲ သူတို့နဲ့ကျမှ ကြာလွန်းတယ်။ ဟုတ်တယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အရှုံးမပေးခဲ့ဘူး။ တိုက်ခိုက်နေဆဲ။ အသက်တွေ သွေးတွေ ချွေးတွေ ပေးဆပ်ခဲ့တယ်။ ပေးဆပ်နေဆဲ။ ပေးအပ်နေဆဲ။ ဒီထဲမှာ စက်တင်ဘာဆိုတာ အာဏာရှုးတွေကို တော်လှန်ခဲ့တဲ့ နေ့ပဲ။ ဒီစက်တင်ဘာမှာပဲ နိုင်ငံတော်ရဲ့ရတနာ ကျောင်းသားတွေ အာဏာရူးတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုမှာ အသက်ဇီဝိန်ကြွေခဲ့ရတယ်။ ဒီစက်တင်ဘာမှာပဲ တစ်နိုင်ငံလုံးက ကိုးကွယ်တဲ့ သာသနာ့ဝန်ထမ်းရဟန်းတော်တွေ ရက်စက်စွာ နှိမ်နင်းခံခဲ့ရတယ်။ သူပုန်စခန်းဝင်စီးသလို ကျောင်းတိုက်တွေကို ၀င်စီးနင်းခံခဲ့ရတယ်။

ကိုယ်အမြတ်တနိုးထားတဲ့အရာကို ဖျက်ဆီးခံရသူတွေဟာ နာကျင်ခံခက်သလိုမျိုး ကိုယ်ကိုးကွယ်တဲ့ ရဟန်းတော်တွေကို ခေါင်းကိုရိုက်၊ ဖိနပ်နဲ့ကန်၊ သေနတ်နဲ့ပစ်လုပ်တာကို မြင်ရတဲ့ ပြည်သူတွေဟာ ရင်နာနာနဲ့ ကြည့်နေခဲ့ရတာ။ အာဏာရှင်တွေရဲ့ လူမဆန်စွာ ရက်စက်မှုတွေနဲ့ ရင်ထဲမှာတော့ နာလို့ပေါ့။ ကျင်လို့ပေါ့။ ဗလောင်ဆူလို့ပေါ့။ ကမ္ဘာပျက်ခဲ့တဲ့ `လ´လေ။

ဇာတ်လမ်းက ဒီလိုနဲ့ ပြီးသွားရော့လားဗျာ။ မထင်နဲ့။ လုံးဝမထင်လိုက်နဲ့။ ဘယ်တော့မှ မပြီးဘူး။ ရွှေတိဂုံပေါ်ကို ဖိနပ်စီးပြီးတက်ခဲ့တဲ့ အနောက်တိုင်းသားတွေကို ပြည်သူတွေ အမျက်ထွက်ခဲ့သလိုမျိုး၊ ဘုန်းကြီးခေါင်းကို ဂျပန်တွေ ဖိနပ်နဲ့ကန်တာကို တွေ့လိုက်ရတဲ့ ပြည်သူတွေ အမျက်ထွက်ခဲ့သလိုမျိုး၊ ဆရာတော်ဦးဥတ္တမကို အင်္ဂလိပ်တွေ ဖမ်းလို့ ပြည်သူတွေ ဒေါသထွက်ခဲ့သလိုမျိုး၊ ဆရာတော်ဦးဝိစာရ ထောင်ထဲမှာ အစာအငတ်ခံ ပျံလွန်တော်မူတုန်းက ပြည်သူတွေ နာကျင်ခဲ့သလိုမျိုး၊ ……..မျိုး၊ …….မျိုး၊ ကမ္ဘာကြေပေမယ့် ဥဒါန်းကြေနိုင်ရိုးလား။ ခံစားခဲ့ရတဲ့ ပြည်သူတွေ၊ နာကျင်ခံခက်ဖြစ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ရင်ဘက်တွေဟာ ဟောင်းလောင်းကြီး ပွင့်နေဆဲ။ ကမ္ဘာမကြေ ဥဒါန်းတွေဟာ စစ်အာဏာရူးတွေဆီ မုန်တိုင်းတွေလို တိုးဝင်တိုက်ဖျက်ကြတော့မယ်။ ဒါကြောင့် ပြောလိုက်မယ်။ ဇာတ်လမ်းက ဒီလိုနဲ့ ပြီးရော့လားလို့။ စက်တင်ဘာက ဇာတ်ရှိန်မြင့်လာတယ်။

စက်တင်ဘာက ဘာအကျိုးအမြတ်ရခဲ့သလဲတဲ့။ စက်တင်ဘာဆိုတာ အလှဓမ္မတွေ ဆိတ်သုဉ်းခဲ့လို့ ပေါ်ပေါက်ခဲ့တာ။ စက်တင်ဘာကြောင့်ရလာတဲ့ အကျိုးတရားတွေထဲမှာ `ပန်းတိုင်´ဆိုတာ မပါသေးလို့ အကျိုးတရားမှာ တောင်ပံတွေ မစုံသေးဘူး။ ဒါပေမယ့် ပြောနိုင်တာက အာဏာရူးတွေဟာ စက်ဆုပ်ရွံရှာဖွယ် သရဲသဘက်တွေနဲ့မခြား အော့ကြောလန်စရာကောင်းခဲ့တယ်ဆိုတာ လူတိုင်း သိသွားခဲ့တယ်။ အာဏာရူးတွေရဲ့ ခွေးခေါင်းကြီး ရုပ်လုံးပေါ်ထွက်လာခဲ့တယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြိး ကိုယ့်ကိုယ်ကို ဘာသာသာသနာကို နှစ်နှစ်ကာကာ သက်ဝင်သူတွေပါလို့ဆိုနေတဲ့ အာဏာရူးကြီးတွေဟာ သူတို့ရဲ့ အာဏာကို ထိပါးလာရင် ကျွန်တော်တို့ ကိုးကွယ်တဲ့ ဂေါတမမြတ်ဗုဒ္ဓကိုတောင် ချနင်းဖို့ ၀န်မလေးတဲ့ စိတ်ဓာတ်ရှိသူများဆိုတာ ထင်ရှားသိသာခဲ့တယ်။ ဒါတွေကို အကျိုးအမြတ်တွေလို့ ဆိုမလား။ ပန်းတိုင်မပါသေးတဲ့ ဒီအကျိုးအမြတ်တွေကို ကျွန်တော် စိတ်မ၀င်စားနိုင်သေးဘူး။

ဘာပဲဖြစ်ဖြစ် ၈၈-က ပြီးသွားခဲ့ပြီဖြစ်သလို စက်တင်ဘာကလဲ ပြီးသွားခဲ့ပြီ။ ဒါပေမယ့် တိုက်ပွဲကတော့ မပြီးသေးဘူး မဟုတ်လား။ မပြီးသေးတဲ့ တိုက်ပွဲတွေထဲမှာ အောက်မေ့အမှတ်ရခြင်းအခမ်းအနားတွေနဲ့ တာဝန်ကျေပြီလို့ မထင်လိုက်ကြဖို့လဲ လိုတယ်လေ။ ယူစရာရှိတာတွေကို ယူ၊ ထားခဲ့စရာတွေကို ထားခဲ့၊ ရှေ့ဆက်ရမှာတွေကို စဉ်းစား။ `လမ်းကား အများကြီးရှိ၏၊ သို့သော် ပန်းတိုင်ကား တစ်ခုသာတည်း´ဆိုတဲ့ တာအိုဝါဒရဲ့ နာမည်ကြီးစာသားလေးလို လမ်းအများကြီးထဲက ကျွန်တော်တို့ဟာ အသက်ဇီဝန်မကြွေသရွေ့ အာဏာရှင်များ ကျဆုံးစေနိုင်မယ့် တိုက်ပွဲတွေ တိုက်နေကြရပါလိမ့်မယ်။

စက်တင်ဘာက ထိုးပြလိုက်တဲ့ ဆလိုက်တွေထဲမှာ အာဏာရူးတွေရဲ့ မကောင်းဆိုးဝါး ပုံရိပ်တွေကို ကျွန်တော်တို့ သိမြင်တယ်လို့ဆိုရင် ကျွန်တော်တို့ချစ်တဲ့ တိုင်းပြည်အတွက် ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ရမယ်လေ။ မဟုတ်ဘူးလား။ ။

လွင်ပြင်ရိုင်း

Wednesday, September 22, 2010

မြင်နိုင်ခဲသော အဇ္ဈတ္တများ


(၁)

ဂူဒို(Gudo)ဆိုတာ ဂျပန်အင်ပါယာကိုယ်တိုင် ကိုးကွယ်တဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်။ အင်ပါယာရဲ့ဆရာဆိုပေမယ့် သူက ကိုယ့်ကျောင်းကိုယ်ကန်နဲ့ အေးဆေးသက်သာနေသူတော့ မဟုတ်ပါဘူး။ နေရာအနှံ့ကို သူတောင်းစားတစ်ယောက်လို ဦးတည်ရာမဲ့ လျှောက်သွားနေပါတယ်။ တစ်နေ့တော့ အီဒိုမြို့ (Edo)ကို သွားတဲ့ လမ်းပေါ်မှာ တက်ကန်နက(Takenaka)ဆိုတဲ့ ရွာလေးကို ရောက်ပါတယ်။ အီဒိုမြို့ဆိုတာ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးကိစ္စတွေ အခြေစိုက်ရာ တော်ဝင်စစ်သူကြီးတစ်ဦးရဲ့မြို့ ဖြစ်တယ်။ ရွာလေးကို သူရောက်သွားတော့ ညနေခင်းအချိန် ဖြစ်တယ်။ မိုးက သည်းကြီးမဲကြီးရှာချလိုက်တယ်။ ဂူဒိုကတော့ တစ်ကိုယ်လုံး စိုလို့ရွှဲလို့ပေါ့။ သူ့ရဲ့ ကြိုးသိုင်းဖိနပ်လေးလည်း ပြတ်သွားတယ်။ ရွာနားက လယ်သမားအိမ်မှာ ကြိုးသိုင်းဖိနပ်လေးငါးရံလောက် ရှိနေတာကို တွေ့လိုက်တော့ သွားဝယ်ဖို့ ဆုံးဖြတ်ခဲ့တယ်။

တစ်ကိုယ်လုံး စိုရွှဲနေတာကို တွေ့လိုက်တော့ အိမ်ရှင်မလေးက ဖိနပ်တစ်ရံလှူလိုက်တယ်။ အိမ်ထဲကို ၀င်ဖို့လည်း ဖိတ်လိုက်တယ်။ တစ်ညလောက် သူ့အိမ်မှာ တည်းခိုဖို့လည်း ပြောလိုက်တယ်။ ဂူဒိုကလည်း လက်ခံတယ်။ ကျေးဇူးတင်စကားလည်း ပြောလိုက်တယ်။ ဂူဒိုက အိမ်ထဲကို ၀င်တယ်။ ဘုရားစင်ရှေ့မှာ သုတ်တော်တွေကို ရွတ်ဖတ်နေခဲ့တယ်။ အဲဒီအခါမှာ ဂူဒို့ကို သူ့အမေနဲ့ကလေးတွေနဲ့ မိတ်ဆက်ပေးလိုက်တယ်။

ဂူဒို သေချာကြည့်လိုက်တော့ တစ်မိသားစုလုံးက စိတ်ဓာတ်ကျ၊ စိတ်ဆင်းရဲနေကြပါလားဆိုတာ သိလိုက်တယ်။ “ဘာဖြစ်ကြတာလဲ”လို့ ဂူဒိုက မေးတယ်။ “ကျွန်မယောက်ျားပေါ့၊ သူက လောင်းကစားသမား၊ အရက်သမားလေ၊ လောင်းကစားလို့နိုင်ရင် အရက်သောက်တယ်၊ မကြားဝံ့မနာသာစကားတွေ ပြောတယ်၊ သူရှုံးပြီဆိုရင်တော့ သူတစ်ပါးဆီက ငွေတွေ ချေးတော့တာပဲ၊ တစ်ခါတစ်ရံ သူ တအားမူးလာရင် အိမ်ကို ပြန်မလာတော့ဘူး၊ ကျွန်မ ဘယ်လိုများ လုပ်ရပါ့မလဲ”လို့ အားကိုးတကြီးနဲ့ ပြောရှာတယ်။

“ကျွန်ုပ် ကူညီပါ့မယ်”လို့ ဂူဒိုက ပြောလိုက်တယ်။ တစ်ဆက်တည်းမှာ “ရော့.. ဒီမှာ ငွေ၊ ၀ိုင်တစ်ဂါလံဝယ်ခဲ့၊ စားကောင်းမယ့်ဟာလေးတွေလဲ ၀ယ်ခဲ့၊ ပြီးရင် မင်းဟာမင်း အနားယူလိုက်၊ ကျွန်ုပ်ကတော့ ဘုရားစင်ရှေ့ တရားထိုင်လိုက်အုံးမယ်”လို့ ပြောလိုက်တယ်။ ညသန်းခေါင်ကျတော့ ကိုအမူးသမား ရောက်လာပြီ။ သူက လုံးဝကို မူးနေပြီ။ ရောက်လာတာနဲ့ “ဟေ့… မိန်းမ၊ ငါ ပြန်ရောက်ပြီ၊ ဘာစားစရာ ရှိလဲကွ”ဆိုပြီး အော်ဟစ်ကြိမ်းမောင်းနေပါတယ်။ ဒီအချိန်မှာ ဂူဒိုက “ငါ့မှာ စားစရာ ပါတယ်ဟေ့”လို့ လှမ်းပြောလိုက်တယ်။ ပြီးတော့ “ကျွန်ုပ် မိုးမိလာလို့ ခင်ဗျားမိန်းမက ကြင်ကြင်နာနာနဲ့ ဒီအိမ်မှာ တစ်ညတည်းဖို့ ဖိတ်တယ်၊ ဒါကြောင့် ကျွန်ုပ် ဒီည ဒီမှာ တည်းနေတာဖြစ်တယ်”လို့ ရှင်းပြပါတယ်။

“ကျေးဇူးဆပ်တဲ့အနေနဲ့ ကျွန်ုပ်က ၀ိုင်နဲ့ငါးတွေ ၀ယ်ပေးတာ၊ ကဲ…သင်လည်း စားလိုက်သောက်လိုက်ပါအုံး”လို့ ဆက်ပြောတယ်။ အမူးသမား ပျော်သွားတယ်။ သူက ၀ိုင်သောက်ပြီး ကြမ်းပြင်ပေါ်မှာ လှဲအိပ်သွားတော့တယ်။ ဂူဒိုကတော့ သူ့ဘေးမှာပဲ တရားထိုင်နေတယ်။ မိုးလင်းတော့ အမူးသမား နိုးလာတယ်။ ညက ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ သူ ဘာမှ မသိတော့ဘူး။ ဒါနဲ့ ဂူဒိုဘက်လှည့်ပြီး “မင်း ဘယ်သူလဲ၊ ဘယ်ကလာတာလဲ”လို့ မေးလိုက်တယ်။ ဂူဒိုကတော့ တရားထိုင်ဆဲပဲ။ “အော်… ကျွန်ုပ်လား၊ ကျိုတိုရဲ့ ဂူဒိုပဲ (ကျိုတိုမြို့က ကျော်ကြားတဲ့ ဂူဒိုပဲ)၊ ကျွန်ုပ် အီဒိုမြို့ကို သွားမလို့”လို့ ဖြေလိုက်တယ်။ အမူးသမား သူ့ကိုယ်သူ ရှက်သွားတယ်။ အင်ပါယာအရှင်သခင်ရဲ့ဆရာ ဂူဒို့ကို ရွှန်းရွှန်းဝေအောင် တောင်းပန်တယ်။

ဂူဒိုက ပြုံးပြုံးလေးနဲ့ ဆက်ပြောနေတယ်။ “ဘ၀မှာ ဘယ်အရာမှ အမြဲမတည်ဘူး၊ ဘ၀ဆိုတာ ခဏလေး၊ မင်းက လောင်းကစားတွေ လုပ်တယ်၊ အရက်တွေ သောက်တယ်။ မင်းမှာ ဘာကိုမှ ပြီးပြည့်စုံအောင်လုပ်ဖို့ အချိန်မရှိတော့ဘူး၊ မင်းမိသားစုတွေလည်း မင်းကြောင့် ဒုက္ခပင်လယ်ဝေနေရတယ်”လို့ ပြောလိုက်တယ်။ အမူးသမားဟာ အိပ်မက်က နိုးလာသူလို အသိဉာဏ်တွေ ချက်ချင်းဆိုသလို နိုးကြားလာတယ်။ “မှန်လိုက်လေ”လို့လည်း ကြွေးကြော်လိုက်တယ်။ “အရှင် ဒီလို ဟောပြပေးတဲ့ ကျေးဇူးတွေကို ဘယ်လိုများ ပြန်ဆပ်ရမလဲ”လို့ ပြောပြီး ခပ်လှမ်းလှမ်းထိ လိုက်ပို့တယ်။

၃-မိုင်လောက်ရောက်တော့ ဂူဒိုက “မင်းပြန်တော့”လို့ ပြောတယ်။ “၅-မိုင်လောက်ထိတော့ လိုက်ပို့ပါရစေ”လို့ ပြောတယ်။ ၅-မိုင်လောက်ရှိတော့ ဂူဒိုက ပြန်ဖို့ပြောတယ်။ နောက်ထပ် ၁၀-မိုင်လောက် လိုက်ပါရစေပြောပြီး ဆက်လိုက်လာပြန်တယ်။ ၁၀-မိုင်တော့ ကျော်လာခဲ့ပြီ။ ဂူဒိုက ပြန်ဖို့ပြောတော့ “တစ်သက်လုံး အရှင့်နောက် လိုက်နေပါရစေ”လို့ တောင်းပန်တယ်။

ယနေ့ခေတ် ဇင်ဘုန်းကြီးတွေဟာ ကျော်ကြားလှတဲ့ ဂူဒိုရဲ့ အဆက်အနွယ်တွေကနေ ဆင်းသက်လာတာဖြစ်တယ်။ အမူးသမားတစ်ဖြစ်လဲ ဇင်ဘုန်းကြီးရဲ့ အမည်ကတော့ ဘယ်တော့မှ နောက်ပြန်မလှည့်တော့တဲ့ “မုနန် (Mu-nan)”ဖြစ်ပါတယ်။

(၂)

အထက်ပါ ဇင်ဝတ္ထုလေးကို သူငယ်ချင်းတွေ စုဖတ်နေဖြစ်ခဲ့ကြတယ်။ အမျိုးမျိုး ဝေဖန်ကြတယ်။ ၀တ္ထုလေးက ရိုးရိုးစင်းစင်းလေးပဲ။ ဒါပေမယ့် အမြင်တွေက ကွဲတယ်။ စာဖတ်သူရဲ့ ဆဋ္ဌမအာရုံကို ထိခတ်လာခဲ့တာက တူညီတဲ့ဇာတ်လေး ဖြစ်တယ်။ တူညီတဲ့ဇာတ်လမ်းလေးကို နှလုံးသားနဲ့ ပုတ်နှိုးကြည့်တဲ့အခါ မတူညီတဲ့ ခံစားချက်လေးတွေ ဖြစ်လာတယ်။ ဇာတ်လမ်းကို ဖတ်ပြီးတာနဲ့ အချို့က မုနန်တရားရသွားတာကို အားကျမယ်။ အချို့က မိသားစုလေး အထီးကျန် ကျန်ခဲ့မှာကို သနားတယ်။ ဒီဝတ္ထုလေးဖတ်ပြီး ဘာမဆိုင်ညာမဆိုင် ယသော်ဓရာကို ထားခဲ့တဲ့ သိဒ္ဓတ္ထကို အပြစ်တင်တယ်။ ဒီဝတ္ထုလေးအကြောင်း ဆွေးနွေးချက်အချို့ကို ဖောက်သည်ချချင်တယ်။

(၃)

ဇင်ဝတ္ထုလေးအကြောင်း သူငယ်ချင်းတွေနဲ့ ဆွေးနွေးကြည့်တော့ “မုနန် တရားရသွားတာ၊ အေးချမ်းသွားတာတော့ ဟုတ်ပါတယ်၊ ငါကတော့ ကျန်ခဲ့တဲ့ မိသားစုလေး စောင့်ရှောက်သူမဲ့နေမှာကို ပိုတွေးမိတယ်ကွာ”လို့ တစ်ယောက်က တွေးတွေးဆဆနဲ့ ပြောပါတယ်။ “ဒါဆို မုနန် မိသားစုကို စွန့်ခွါခဲ့တာဟာ မတရားဘူးလို့ ဆိုချင်တာလား”လို့မေးတော့ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ခေါင်းညိမ့်ပါတယ်။ အဲဒီအခါ တစ်ယောက်က သဘောတူပုံတော့ မရပါဘူး။ “လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုကိုယ် မြုပ်နှံနိုင်မယ့် ၀ပ်ကျင်းလေးကို ရှာနေကြတာပဲ၊ အိမ်ထောင်ပြုတယ်ဆိုတာကလည်း အဓိကက ကိုယ်ဆန္ဒကို ဖြည့်ဆည်းဖို့ပဲ၊ ကိုယ်မှအပ အခြားသူဆိုတာ ဒုတိယနေရာမှာပဲ ရှိတယ်။ ဘုရားဟောပါဠိတစ်ပုဒ်ကြားဖူးတယ်။ အဖော်ဆိုတာကို ဒုတိယ-တဲ့။ နှစ်ယောက်မြောက်ပေါ့။ အခု မုနန်ဟာ မိုက်ခဲ့တယ်။ ဆိုးသွမ်းခဲ့တယ်။ ဂူဒိုနဲ့တွေ့တော့ သူမြှုပ်နှံရမယ့် သူ့ဝပ်ကျင်းလေးကို သူတွေ့သွားတာ။ ယောက်ျားဖြစ်သူ မုနန်မှ မဟုတ်ဘူး၊ သူ့မိန်းမလည်း ဒီထက်အေးချမ်းတဲ့ရိပ်မြုံလေးကိုသာတွေ့ရင် မုနန်ကို ထားခဲ့မှာပဲ။ လူဆိုတာ အစားထိုးမရခင်အချိန်မှာ ဒါမရှိရင် မဖြစ်ဘူးဆိုတဲ့စိတ်ရှိတယ်။ အစားထိုးစရာရသွားလို့ကတော့ မရှိမဖြစ်ဆိုတာလည်း မရှိတော့ဘူး။ ငါတို့အနေနဲ့ လူသားတစ်ယောက် (ဘယ်သူဖြစ်ဖြစ် လူကြီး၊ လူငယ်၊ အပျို၊ အအို၊ အိမ်ထောင်ရှိ၊ မရှိ) အေးငြိမ်းရာလေးကို ရှာတွေ့သွားနိုင်တယ်ဆိုရင် ငါတို့အနေနဲ့ ၀မ်းသာသင့်တယ်။ ဘာကြောင့်လဲဆိုတော့ အေးငြိမ်းမှုဆိုတာ အလွန်ရှားပါးပြီး အဖိုးတန်တဲ့ပစ္စည်းတစ်ခု ဖြစ်လို့ပဲ”လို့ တရစပ် ပြောနေပါတယ်။

(၄)

“မင်းကရော ဘယ်လို တွေးမိသလဲ”လို့ ဘေးနားမှာ တည်တည်ငြိမ်ငြိမ် ဖြစ်နေတဲ့ သူကို လှမ်းမေးလိုက်တယ်။ “ငါ တွေးနေမိတယ်ကွ”လို့ဆိုတော့ “အေးလေ… မင်းတွေးနေတာ ငါတို့လည်း သိတာပေါ့၊ ဘာတွေ တွေးနေတာလဲ”လို့ ပြောတာလေ။ “အေးကွာ… မင်းတို့ ပြောတာတွေကို ငါ သူ့အပိုင်းနဲ့သူ လက်ခံပါတယ်၊ ဒါပေမယ့် ငါ စိတ်ဝင်အစားဆုံး အကြောင်းတော့ မဟုတ်ဘူး၊ မင်းတို့ပြောတဲ့အတိုင်း မိသားစုအတွင်းကနေ ရုန်းထွက်သွားခဲ့တဲ့ မုနန်ကို မိသားစုတာဝန်မကျေပွန်သူလို့ ယူဆနေတယ်၊ ဟုတ်တယ်နော်၊ ငါတွေးနေတာက မုနန်ကို နှစ်ဘ၀ မြင်ကြည့်တယ်၊ မိသားစုကို စိတ်ဆင်းရဲအောင် လုပ်နေတဲ့ မုနန်ရယ်၊ တည်ငြိမ်အေးချမ်းတဲ့ဘ၀မှာ လူအများကို တည်ငြိမ်အေးချမ်းအောင် လုပ်ပေးနေတဲ့ မုနန်ရယ်…အဲဒီနှစ်ဘ၀ကို မင်းတို့ မြင်ကြည့်စမ်းပါ၊ သာမန်လေးပဲကြည့်၊ ဘယ်ဘ၀က အများကောင်းကျိုး ဖြစ်စေနေသလဲဆိုတာကိုလေ၊ တချို့က ပြောချင်ပြောမှာပေါ့၊ အရက်မသောက်၊ လောင်းကစားမလုပ်ဘဲ မိသားစုကို ကောင်းကောင်းမွန်မွန် ပြုစုကျွေးမွေးနေတဲ့ မုနန်ဘ၀ ဖြစ်လို့ရသားပဲလို့။ ဒါပေမယ့် ငါတို့က မုနန်မှ မဟုတ်တာ၊ အဲဒီတော့ ငါတွေးနေမိတာက မင်းတို့အနေနဲ့ တည်ငြိမ်အေးချမ်းသွားတဲ့ မုနန်ကို အပြစ်မတင်သင့်ဘူးလို့ ထင်တာပဲ”လို့ စကားတွေ တရစပ်ပြောပြီး ငြိမ်နေပြန်ပါတယ်။

(၅)

“ကိုယ်ကတော့ မုနန်တရားရသွားတာတွေ၊ မိသားစုကို စွန့်ခွါထားခဲ့တာတွေ၊ ဘာကိုမှ စိတ်မ၀င်စားဘူး၊ ကိုယ်စိတ်ဝင်စားတာက လူတွေရဲ့ အတွင်းအဇ္ဈတ္တပဲကွ၊ မင်းတို့ကြည့်လေ၊ မုနန်ဟာ လူ့ဘ၀အမြင်နဲ့ဆိုရင် လူကောင်းတစ်ယောက်မဟုတ်ဘူး၊ မိသားစုအပေါ် တာဝန်ကျေအောင် ကျွေးမွေးသူ မဟုတ်ဘူး၊ ဆူပူသောင်းကျန်းတတ်တယ်၊ မိန်းမကို အနိုင်ကျင့်တယ်၊ အရက်သောက်တယ်၊ လောင်းကစားလုပ်တယ်၊ ဒီလိုလူတစ်ယောက်ရဲ့ ရင်ထဲမှာ တည်ငြိမ်အေးချမ်းတဲ့ စိတ်သန္ဓေ ပါလာခဲ့တယ်လို့ ဘယ်သူ ပြောနိုင်သလဲ၊ အဲဒီအခါက မုနန်တစ်ယောက် ဒီလို အေးချမ်းသွားလိမ့်မယ်လို့ ဘယ်သူမှ မထင်မှာ သေချာတယ်၊ အဲဒီတော့ ကိုယ်ပြောချင်တာက လူတစ်ယောက်ရဲ့ အတွင်းအဇ္ဈတ္တဆိုတာ မြင်နိုင်ခဲတယ်”လို့ ပြောနေတယ်။

“ဒီနေ့ကစပြီး - ဒီလူ တော်တော်ဆိုးတဲ့ကောင်ကွာ၊ ဘယ်တော့မှ လူပီသမယ့်ကောင် မဟုတ်ဘူး၊ ဘယ်တော့မှ လူမွေးပြောင်မယ့်ကောင် မဟုတ်ဘူးဆိုပြီး ငါ ဘယ်သူ့ကိုမှ အထင်မသေးတော့ဘူး။ လူတိုင်းမှာ မြင်နိုင်ခဲတဲ့ အဇ္ဈတ္တတွေ ရှိတယ်။ အမြင်ရခက်တဲ့ နှလုံးသားခံစားချက်တွေ ရှိနေတယ်။ မမြင်နိုင်တဲ့ ပါရမီဓာတ်ခံတွေ ရှိနေတယ်။ ဒီနေ့ လူပွေ လူရှုပ်တစ်ယောက်ဟာ နောက်တစ်နေ့မှာ သူတော်စဉ်တစ်ယောက်ဖြစ်နိုင်တယ်။ နောက်ပြီး အရေးအကြီးဆုံးလို့ ငါထင်တဲ့ လောကအမြင်တစ်ရပ်ကိုလည်း ရလိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ဘယ်လောက် တန်ခိုးကြီးတဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ ဘယ်လောက်ဘုန်းကြီးတဲ့ ပုဂ္ဂိုလ်ကြီးပဲဖြစ်ဖြစ် ငါ အထင်မကြီးတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေမှာ မြင်နိုင်ခဲတဲ့ အဇ္ဈတ္တတွေ ရှိတယ်။ ဒီနေ့ သူတော်စင်ဟာ နောက်တစ်နေ့ သူယုတ်မာတစ်ယောက်ဖြစ်သွားနိုင်လို့ပဲ” ခိုင်ခိုင်မာမာ လေးလေးနက်နက် ဆိုနေပါတော့တယ်။

(၆)

စကားဝိုင်းလေးပြီးတော့ အေးချမ်းတိတ်ဆိတ်နေသော ညောင်ပင်ကြီးအောက်တွင် မုနန်၏ အေးချမ်းမှုကို ဓာတ်ကူးနေခဲ့တယ်။ ကျီးကန်းတစ်ကောင်က စူးစူးဝါးဝါး ထအော်တယ်။ နံရံတစ်ဖက်ခြမ်းတိုက်ခန်းက တီးတိုးသံနဲ့ ချောင်းဆိုးသံသဲ့သဲ့ကို ကြားရတယ်။ သူ့အဇ္ဈတ္တထဲကို သူ နှိုက်ကြည့်တယ်။ “သူများ အဇ္ဈတ္တမပြောနဲ့ ငါ့အဇ္ဈတ္တတောင် ငါ မမြင်နိုင်သေးပါလား”လို့ ငြီးတွားနေတော့တယ်။

Saturday, September 18, 2010

စစ်တပ်နှင့် ပါဏာတိပါတကံ



မေး။ ။ တပည့်တော် တစ်ခု မေးလျှောက်ပါရစေ..... ဗုဒ္ဓဘာသာတွင် ပါဏာတိပါတံ မကျူးလွန်ရဘူးလို့ နားလည်ထားပါတယ်... ဘယ်လိုနည်းလမ်းနှင့်မဆို ကျူးလွန်ခွင့်မရှိပါ...... ယနေ့ ကမ္ဘာစစ်တပ်များ၊ မြန်မာပြည်မှ စစ်တပ်များမှ စစ်သားများမည်သို့ ပြရပါမည်နည်း။ တိုင်းပြည်ကို မည်သို့ ကာကွယ်ရပါတော့မည်နည်း။ ဘာအရေးကိစ္စကိုမှ ဦးတည်ခြင်းမဟုတ်ပါ။ ဒီပုံစံအတိုင်းဆိုလျင် ဗုဒ္ဓဘာသာနိုင်ငံများ စစ်တပ်ထားခြင်းသည် ခုခံကာကွယ်သည်ပင် ဖြစ်စေကာမူ ဘုရားဟောနှင့် မညီဟု နားလည်မိပါသည်ဘုရား။ ကျေးဇူးပြု၍ မည်သို့ ဖြစ်ရမည်၊ ဘုရားဟောအမှန်ဖြင့် မိန့်ကြားတော်မူပါရန် လေးစားစွာဖြင့် တင်လျှောက်အပ်ပါသည် ဘုရား.....
(အမှန်တကယ်သိလိုသူ)

မှတ်ချက်…..
မေးခွန်းမေးသူက ဤအမေး၊ အဖြေကို အင်တာနက်စာမျက်နှာပေါ်တွင် တင်ဖို့ မေးထားတာ မဟုတ်ပါ။ ဒါပေမယ့် မေးသူကိုယ်တိုင်ရဲ့ နာမည်လည်း အသုံးမပြုထားသည်ကတစ်ကြောင်း၊ ဦးဇင်းအနေနဲ့ အခြားဗုဒ္ဓဘာသာဝင်များအတွက်လည်း သိသင့်သိထိုက်တဲ့အရာတစ်ခု ဖြစ်နေတယ်လို့ ယူဆတာကတစ်ကြောင်းကြောင့် တင်ပေးလိုက်ပါတယ်….

ဖြေ။ ။ ဒီမေးခွန်းကို လေ့လာကြည့်ရင် အဓိက ပြဿနာက စစ်တပ်တည်ရှိခြင်းနဲ့ ပါဏာတိပါတကံ ဆန့်ကျင်မှုဖြစ်နေသယောင် ထင်မြင်စရာရှိနေတဲ့ အချက်ပါ။ ဗုဒ္ဓဘာသာဆိုရင် စစ်တပ်ဆိုတာ မရှိရဘူးလို့ ပြောချင်သလား။ သို့မဟုတ် စစ်တပ်ရှိနေခြင်းဟာ ဗုဒ္ဓတရားတော်နဲ့ ဆန့်ကျင်နေတယ်လို့ ဆိုချင်သလား။ ဗုဒ္ဓဘာသာက သူ့အသက်မသတ်ရဘူးလို့ ပြောပြီး စစ်တပ်ရှိမှုကိုတော့ မငြင်းပယ်ထားဘူး၊ ဒါဟာ ရှေ့နောက်မညီဖြစ်နေတယ်လို့ ဆိုချင်သလား။ ဒီလို အတွေးမျိုးက ယေဘုယျ ကြည့်ရင် ဖြစ်သင့်တယ်။ မေးသင့်မေးထိုက်တယ်လို့ ဆိုရမှာပါ။ ဒါကို နားလည်ဖို့အတွက်ဆိုရင် သိထားသင့်တဲ့အကြောင်းအရာတွေက အများကြီး ရှိနေပါတယ်။ အဲဒီအထဲက အချို့ကို ဆွေးနွေးတင်ပြသွားပါမယ်။

ပထမဆုံး မေးခွန်းထဲက မေးသူရဲ့ စကားရပ်လေးတွေကို အရင်ဆုံး ပြောကြည့်ရအောင်….
“ဗုဒ္ဓဘာသာတွင် ပါဏာတိပါတကံ မကျူးလွန်ရဘူးလို့ နားလည်ထားပါတယ်”တဲ့။ သာမန်ကြည့်ရင် ရှင်းရှင်းလေးပါ။ ဒါပေမယ့် သူရဲ့ (အဲဒီစကားရပ်)ရဲ့ concept ကို သိဖို့ လိုပါတယ်။ Concept အရ ဆိုလိုချက်တွေ အများကြီး ကွဲသွားနိုင်ပါတယ်။ အဲဒီလို မကွဲပြားဘဲ၊ ဗုဒ္ဓဘာသာအလိုအရ အတိအကျဖြစ်အောင် ပြောရရင် “ဗုဒ္ဓဘာသာတွင် ပါဏာတိပါတကံကို ကျူးလွန်လျှင် ရရှိလာနိုင်သောအပြစ်တို့ကို အကြောင်း+အကျိုးပြလျှက် မကျူးလွန်သင့်ကြောင်း ညွှန်ပြထားတယ်လို့ နားလည်ထားပါတယ်”လို့ ဆိုမှသာ ဗုဒ္ဓဘာသာကို အတိအကျ ထင်ဟပ်မိပါလိမ့်မယ်။ အောက်မှာ ထပ်ရှင်းပြပါမယ်။

“သူ့အသတ်ကို မသတ်နဲ့”

ဒီစကားလေးကို စဉ်းစားကြည့်ရအောင်။ ခရစ်ယာန်ကျမ်းစာမှာ ပညတ်တော် (၁၀)ပါး ရှိတယ်။ အခြားဘာသာတွေမှာလည်း များသောအားဖြင့် အသက်မသတ်ရဆိုတာတွေ ပါတယ်။ လူ့(တိရစ္ဆာန်များ မပါ) အသတ်ကို မသတ်ရဘူးလို့ တားမြစ်ထားကြပါတယ်။ ဘာဖြစ်လို့ မသတ်ရတာလဲ။ သူတစ်ပါးအသတ်ကို ဘာကြောင့် မသတ်နဲ့လို့ ပြောတာလဲ။ လေ့လာကြည့်လိုက်ရင် ယေဘုယျအကြောင်း (၂)ချက်ကို တွေ့ရတယ်။ နံပါတ် (၁)က ထာဝရဘုရားရဲ့ နှုတ်မြွတ်စကားဖြစ်လို့။ နံပါတ် (၂)က ကိုယ်ချင်းစာတရားထားရှိခြင်းအားဖြင့် မသတ်သင့်ကြောင်း တွေ့ရတယ်။ သတ်ရင် ဘာဖြစ်သလဲ။ ထာဝရဘုရားရဲ့ ပညတ်တော်ကို ချိုးဖောက်လို့ အပြစ်ကြီးတယ်။ ယေဘုယျတော့ ဒီအဓိပ္ပာယ်ပဲ ထွက်ပါတယ်။ ထာဝရစကားကို ချိုးဖောက်ခြင်းဟာ ခရစ်ယာန်ဘာသာကို ဆန့်ကျင်ရာ ရောက်တယ်။ သက်ဆိုင်ရာ ဘာသာတရားကို ဆန့်ကျင်ရာကျတယ်။

ဗုဒ္ဓဘာသာအလိုအရ စဉ်းစားကြည့်ရအောင်။ သူ့အသတ်ကို မသတ်ရ..လို့ ဂေါတမဗုဒ္ဓက ပညတ်ထားသလား။ အဖြေကတော့ “မဟုတ်ဘူး”။ ဂေါတမမြတ်စွာဘုရားက သူ့အသတ်မသတ်ရလို့ မပညတ်ထားဘူး။ ဒီလိုပြောလိုက်လို့ နည်းနည်းထူးဆန်းသွားမယ်ထင်တယ်။ ဦးဇင်းဆိုလိုတာကို အောက်မှာ ရှင်းသွားပါလိမ့်မယ်။ မြတ်စွာဘုရားက သူ့အသတ်(အသက်ရှိသတ္တ၀ါအားလုံး)ကို သတ်ရင် ဘာတွေ ဖြစ်တတ်တယ်၊ ဘာတွေ ခံစားရတတ်တယ်။ မသတ်ရင် ဘယ်လို အကျိုးထူးတွေ ရနိုင်တယ်။ ဒီလိုပဲ ပြောတယ်။

“သူတစ်ပါး(သက်ရှိသတ္တ၀ါအားလုံး)ရဲ့ အသက်ကို သတ်ဖြတ်ရင် အသက်တိုခြင်း၊ အနာရောဂါများခြင်း၊ ကိုယ်လက်အင်္ဂါချို့တဲ့ခြင်း၊ အားအင်ချိနဲ့ခြင်း၊ အကြောက်တရား အားကြီးခြင်း၊ မိတ်ဆွေ နည်းခြင်း၊ သူတစ်ပါးသတ်တာ ခံရခြင်း…..စတဲ့အကျိုးတရားတွေကို ခံစားရမယ်၊ ဒါကြောင့် သူတစ်ပါးအသက်ကို သတ်ဖြတ်ခြင်းဟာ မကောင်းတဲ့အကုသိုလ်ပဲ၊ အကုသိုလ်ဆိုတာ ပဟာတဗ္ဗ-ပယ်သင့်တဲ့အရာ၊ အကတ္တဗ္ဗ- မပြုသင့်တဲ့အရာဖြစ်တယ်”
လို့ ဟောပါတယ်။ “ပဟာတဗ္ဗ၊ အကတ္တဗ္ဗ”ဆိုတဲ့ ပါဠိလေးက “should eradicate, should not do” ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ အထက်ပါ အကျိုးတရားတွေကို မကြောက်ရင် မိမိဆန္ဒအရ လုပ်ချင်လည်း လုပ်ပေါ့ဆိုတဲ့ သဘောပါ။ ဒါက အရေးကြီးတယ်နော်။

ဂေါတမမြတ်စွာဘုရားက သူ့အသတ်မသတ်ရလို့ မပညတ်ထားဘူး။ ဗုဒ္ဓမြတ်စွာအလိုအရ သူပြောလိုက်တဲ့အတွက်ကြောင့် မှန်နေတဲ့အမှန်တရားဆိုတာ မရှိဘူး။ ဖန်ဆင်းရှင်ဝါဒတွေမှာတော့ ထာဝရက မှန်တယ်လို့ ပညတ်ထားလိုက်လို့ မှန်နေတဲ့အရာတွေ ရှိတယ်။ ဗုဒ္ဓဘာသာမှာ အဲ့ဒီလိုမျိုး မဟုတ်ဘူး။ ဂေါတမမြတ်စွာက မှန်တယ်လို့ ပြောလို့ မှန်တယ်ဆိုတာမျိုး မရှိဘူး။ သဘာဝအရကိုက မှန်နေလို့ မှန်နေတာ။ ဆိုလိုတာက အကြောင်း+အကျိုးကို ချပြတယ်။ အကြောင်း+အကျိုးကို သရုပ်ခွဲပြတယ်။ လုပ်သင့်မလုပ်သင့်က ကာယကံရှင်ရဲ့ တာဝန်ပါ။ ဒီကွဲပြားချက်ကို အသေအချာ စဉ်းစားစေလိုပါတယ်။

ပညတ်ပေးတယ်၊ သတ်မှတ်ပေးတယ်ဆိုတာမျိုးဟာ “မလုပ်နဲ့၊ လုပ်ရင် ပညတ်သူကို ဆန့်ကျင်တာပဲ”လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဥပမာတစ်ခု ပြောကြည့်ရအောင်။ အထက်လူကြီးတစ်ယောက်က “ဟေ့ကောင် ဒါကို လုပ်လိုက်စမ်း သို့မဟုတ် ဒါကို လုံးဝမလုပ်ပါနဲ့”လို့ ပြောတာဟာ လုပ်ကို လုပ်ရမယ်နဲ့ လုံးဝမလုပ်ရဆိုတဲ့ အမိန့်အာဏာသံ ရှိပါတယ်။ ပုံသေသတ်မှတ်ချက် အဓိပ္ပာယ်ရှိတယ်။ “မလုပ်ရင်တော့ မင်း အပြစ်ကျူးလွန်ရာ ရောက်ပါတယ် သို့မဟုတ် လုပ်ရင်တော့ မင်း ငါ့ကို ဆန့်ကျင်တာပဲ”လို့ သက်မှတ်ပေးရာကျပါတယ်။

ဒီလို မဟုတ်ဘဲ “ဒါလေးလုပ်ရင်တော့ ဒီလို အကျိုးတရားတွေ ရှိတယ်။ ဒါကို လုပ်ရင်တော့ မင်းလည်း မကောင်းဘူး၊ မင်းမိသားစုအတွက်လည်း မကောင်းဘူး။ မင်းပတ်ဝန်းကျင်လည်း မကောင်းဘူး၊ အဲဒီ မကောင်းတာတွေ မဖြစ်စေချင်ဘူးဆိုရင်တော့ အဲဒါကို မလုပ်ပါနဲ့လား။ မလုပ်စေချင်ဘူး”။ ဒါကျတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ တစ်ဦးချင်းပုဂ္ဂလိက လွတ်လပ်မှုကို ဦးစားပေးရာ ကျတယ်။ “မင်း ဒါကို မလုပ်သင့်ဘူး”လို့ ငါပြောတယ်။ လုပ်ရင်တော့ မင်းကို ငါကတော့ ဘာအရေးယူမှုမှ လုပ်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းလုပ်တဲ့အလုပ်ရဲ့ အကျိုးသက်ရောက်မှုကိုတော့ မင်းပဲ ခံစားရမယ်။ ဒါက ဗုဒ္ဓ၀ါဒရဲ့ အကြောင်း+အကျိုးနိယာမနဲ့ လူသားအပေါ် ပေးတဲ့အကြံဉာဏ်ပဲ။ ဗုဒ္ဓ၀ါဒက လူသားကို အမိန့်မပေးပါဘူး။

ဗုဒ္ဓ၀ါဒက “လုပ်ခြင်းနဲ့ မလုပ်ခြင်း” နှစ်ခုစလုံးအတွက် ၀င်ရောက်ခြယ်လှယ်မှုမရှိဘူးဆိုတာကို အရင်ဆုံး နားလည်ထားရမယ်။ လုပ်သင့်ခြင်းနဲ့ မလုပ်သင့်ခြင်းဆိုတဲ့ ဒဿန၊ အမြင်၊ အတွေးအခေါ်တွေကိုပဲ လမ်းကြောင်းပေးပါတယ်။ လုပ်သင့်ရင် လုပ်သင့်တဲ့အကြောင်း၊ မလုပ်သင့်ရင်လည်း မလုပ်သင့်ကြောင်းကို အကျိုးနဲ့အကြောင်းကို ချပြရုံသာချပြပြီး လုပ်ဖို့၊ မလုပ်ဖို့ ဆုံးဖြတ်ရမယ့်တာဝန်ကိုတော့ ကာယကံရှင်ကိုပဲ အာဏာကုန် လွှဲအပ်ထားပါတယ်။ ဒီအချက်က ဖန်ဆင်းရှင်ဝါဒတွေနဲ့ ကွာဟနေတဲ့ အဓိကအချက်ပဲ။

“ကြိုက်ရာရွေး”

ဒီတော့ မေးခွန်းမေးသူရဲ့ “ဘယ်လိုနည်းလမ်းနှင့်မဆို ကျူးလွန်ခွင့်မရှိပါ”ဆိုတဲ့စကားကလည်း အရာမထင်တော့ဘူးပေါ့။ ကျူးလွန်ခွင့်ရှိပါတယ်။ ကျူးလွန်ချင် ကျူးလွန်ပေါ့။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ။ အထက်မှာပြောခဲ့သလိုပဲ “အကောင်း+အဆိုး လုပ်ပိုင်ခွင့်”အားလုံး လူသားမှာ အပြည့်ရှိပါတယ်။ ဒီတော့ “ကျူးလွန်ခွင့်၊ ထိန်းသိမ်းစောင့်ရှောက်ခွင့်”ဆိုတဲ့ ဘက်နှစ်ခုလည်း အပြည့်ရှိနေတာပဲပေါ့။ ဒါပေမယ့် အကောင်းအဆိုး လုပ်ရပ်တွေရဲ့ ကောင်းကျိုးဆိုးကျိုးကိုတော့ သင် တာဝန်ယူရမယ်။ ဘယ်ထာဝရ၊ ဘယ်ဖန်ဆင်းရှင်ကမှ ဥုံဖွဆိုပြီး လုပ်ပေးလိုက်လို့ မရဘူး။ ဒါက ဗုဒ္ဓ၀ါဒရဲ့ အဓိက သော့ချက်ပဲ။

“ဘုရားဟောနဲ့ ညီမညီ”

နောက်ပြီး မေးခွန်းရှင်က “တိုင်းပြည်ကို မည်သို့ ကာကွယ်ရပါတော့မည်နည်း။ ဗုဒ္ဓဘာသာနိုင်ငံများ စစ်တပ်ထားခြင်းသည် ခုခံကာကွယ်သည်ပင် ဖြစ်စေကာမူ ဘုရားဟောနှင့် မညီဟု နားလည်မိပါသည်ဘုရား”
အထက်မှာ ပြောခဲ့တဲ့ ဗုဒ္ဓမြတ်စွာပေးခဲ့တဲ့ ဟောကြားချက် သို့မဟုတ် ဗုဒ္ဓ၀ါဒသော့ချက်ကို နားလည်ပြီဆိုရင်တော့ “ဘုရားဟောနှင့် မညီဟု နားလည်မိပါသည်ဘုရား”လို့ မေးနေစရာပြောနေစရာလည်း မရှိတော့ပါ။ အခုပြောတဲ့အထိ နားလည်မိပြီလို့ ထင်ပါတယ်။ ဗုဒ္ဓ၀ါဒက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ဘုရားဟောနှင့် ညီခြင်းမညီခြင်းကို အဓိက မထားပါ။ လူတိုင်းလူတိုင်း ဗုဒ္ဓ၀ါဒက ညွှန်ပြတဲ့ ကောင်းမှု၊ မကောင်းမှုလုပ်ရပ်တွေရဲ့ အကျိုးအကြောင်းရှင်းပြချက်တွေကို ရှင်းလင်းသေချာစွာ နားလည်ပြီး မိမိတို့ရဲ့ ကိုယ်ပိုင်အသိဉာဏ်ဖြင့် အကောင်းဆုံး ဆုံးဖြတ်နိုင်အောင် ပံ့ပိုးပေးရေးကိုသာ ဂရုစိုက်ပါတယ်။

“လောကအရေး၊ ဓမ္မအရေး”

တစ်ခါ နောက်ထပ်သိသင့်တာ၊ သတိပြုစရာတစ်ခု ရှိသေးတယ်။ ဗုဒ္ဓ၀ါဒဆိုတာ လောကုတ္တရာရေးကိုသာ အဓိက ဟောကြားညွှန်ပြတဲ့ ဘာသာမဟုတ်ဘူး၊ လောကရေးကိုလည်း အဓိကအစိတ်အပိုင်းတစ်ရပ်အနေနဲ့ လက်ခံထားတယ်ဆိုတာပါပဲ။ လောကရေးက လောကရေးသက်သက်၊ ဘ၀လွတ်မြောက်ရေးက ဘ၀လွတ်မြောက်ရေး သီးသန့်ခွဲခြားထားပါတယ်။ ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိစဉ်ကလဲ “အရှင်မင်းကြီး… တိုင်းပြည်ကာကွယ်တဲ့စစ်တပ်မထားနဲ့၊ စစ်တပ်ဆိုတာ ငါနဲ့ ဆန့်ကျင်တယ်”လို့ မပြောခဲ့ပါဘူး။ စစ်တပ်ရှိမှုကို လက်ခံခဲ့တဲ့ သာဓကတွေ ဟောကြားချက်တွေ အများကြီးပါပဲ။ စစ်တိုက်တဲ့ ကောသလဘုရင်စတဲ့ ဘုရင်တွေ၊ စစ်သူကြီးတွေနဲ့ တွေ့ရင်လည်း စစ်တပ်မရှိသင့်ကြောင်း မဟောကြားပါဘူး။ ဘာဖြစ်လို့ မဟောတာလဲ။ လောကအရေးဆိုတာကို သို့မဟုတ် လောကနိယာမကို သိမြင်သဘောပေါက်ထားလို့ပါပဲ။

နောက်ပြီး စေတနာကိုလည်း ထည့်တွက်ရပါမယ်။ စစ်သားတစ်ယောက်ကို “မင်း ဘာဖြစ်လို့ စစ်သား လုပ်ချင်လဲ”လို့ မေးရင် (ယေဘုယျအားဖြင့်) “ငါ လူသတ်ချင်လို့ စစ်သားလုပ်တာ”လို့တော့ ဘယ်စစ်သားမှ ဖြေမယ်မထင်ပါဘူး။ ပါဏာတိပါတကံကို ကျူးလွန်ချင်တဲ့ စေတနာနဲ့ စစ်သားလုပ်သူရယ်လို့ မရှိပါဘူး။ ယေဘုယျလို့ ထပ်ဖြည့်ပါအုံးမယ်။ ဘာဖြစ်လို့ စစ်သားလုပ်သလဲဆိုတော့ မိမိနေထိုင်ရာ တိုင်းပြည်ကို ကာကွယ်ချင်လို့ပါ။ အမျိုးဘာသာသာသနာကို ကာကွယ်ချင်တဲ့ စေတနာ၊ စောင့်ရှောက်ချင်တဲ့ စေတနာက အရင်းခံပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အမျိုးမျိုးတော့ စေတနာတွေက ကွဲပြားနေမှာပဲ။ အဓိက ပြောချင်တာက စစ်သားလုပ်ခြင်းဟာ ပါဏာတိပါတကံကို ကျူးလွန်ဖို့ဆိုတဲ့ ရည်ရွယ်ချက် မဟုတ်တာကိုပါပဲ။

ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှား ရှိစဉ်က ဗိမ္ဗိသာရလို သောတာပန်ဘုရင်တွေ၊ အဇာတသတ်တို့လို ဘုရားရှင်အပေါ်မှာ လေးစားယုံကြည်သူဘုရင်တွေ အများကြီးပါပဲ။ သောတာပန်ဘုရင်တွေဟာ ဘုရားအပေါ်မှာ အကြွင်းမဲ့ ယုံကြည်တာကြောင့် ဘုရားခိုင်းတာ အကုန်လုပ်မယ့်သူတွေပါ။ ဒါပေမယ့် သူတို့ကို စစ်တပ်ဆိုတာ မရှိသင့်ကြောင်း၊ စစ်တပ်ကို ဖျက်သိမ်းသင့်ကြောင်း မဟောပြောခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖြေက ရှင်းပါတယ်။ လောကသဘာဝဓမ္မအရ လူဆိုးလူကောင်းဆိုတာ ရောနေတဲ့အတွက် အာဏာကို အသုံးပြုရတဲ့အခါ စစ်တပ်ဆိုတာ ရှိနေရမှာ ဖြစ်လို့ပါပဲ။ လောကရေးရာကို ခွဲခြားနားလည်တော်မူလို့ပါပဲ။

ဒီနေရာမှာ အများကောင်းကျိုးအတွက်ဆိုတဲ့ စေတနာနဲ့ ပတ်သက်ပြီး စတုတ္ထနိပါတ်၊ စူဠကာလိင်္ဂဇာတ်မှာ လာတဲ့ ဖြစ်ရပ်လေးကို အတိုချုံးပြောချင်ပါတယ်။ ကာလိင်္ဂတိုင်း၊ ဒန္တပူရမြို့က ဘုရင်ကာလိင်္ဂမင်းဟာ ဒဿကတိုင်း၊ ပါဋလိမြို့ကို လာရောက်တိုက်ခိုက်ပါတယ်။ အဲဒီအခါမှာ ဘုရားအလောင်း နန္ဒိသေနအမတ်ဟာ အဿကဘုရင်နဲ့ စစ်တပ်ကို ဦးဆောင်ပြီး ကာလိင်္ဂမင်းရဲ့ စစ်တပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုမျိုး အများစုကောင်းကျိုးအတွက် စစ်တိုက်ရတဲ့၊ သို့မဟုတ် အသက်သေမှုမျိုးတွေ ဖြစ်ပေါ်စေတဲ့ တိုက်ပွဲတွေ ဆင်နွှဲခဲ့တာကို တွေ့နိုင်ပါတယ်။ တစ်ဖက်လူတွေကို နေရင်းထိုင်ရင်း သေကြေကြပါစေ၊ နာကျင်ကြပါစေ၊ ပျက်စီးကြပါစေဆိုတဲ့ စေတနာထက် လောကလူသားများ ငြိမ်းချမ်းပါစေ၊ ချမ်းသာပါစေဆိုတဲ့ စေတနာက လွန်ကဲနေကြောင်း သတိပြုနိုင်ပါတယ်။ ဒီလိုပြောလိုက်လို့ စစ်ပွဲမှာ လူသတ်တာ အပြစ်မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ အပြစ်တော့ရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဘက်ရန်သူကို သတ်ဆဲအခါမှာ သေစေချင်စိတ်တော့ ရှိနေမှာပဲ။ ဒါပေမယ့် မူလစေတနာဖြစ်တဲ့ အများပြည်သူ အေးချမ်းပါစေ၊ ငြိမ်းချမ်းပါစေ၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပါစေဆိုတဲ့ စေတနာက လွန်ကဲခဲ့တော့ သာမန်ဒေါသအလျှောက်သတ်တဲ့ အမှုလောက်တော့ အပြစ်မကြီးနိုင်ဘူးလို့ ပြောနိုင်ပါတယ်။ (ဒါကလည်း လူအားလုံး(စစ်သားအားလုံး)ရဲ့ အဇ္ဈတ္တကို အကုန်ပြောလို့တော့ မဖြစ်နိုင်တဲ့အတွက် ယေဘုယျဆိုတဲ့စကားလုံးကိုပဲ ထပ်ပြောရအုံးမယ်။) အထက်ပါအကြောင်းအရာတွေက ဘုရားအလောင်းတော်ဘ၀က ဖြစ်ရပ်တွေပါ။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်က အဖြစ်အပျက်လေးတစ်ခုကိုလည်း ဆက်ပြောပါမယ်။ ဗိမ္ဗိသာရမင်း လက်ထက်မှာ ဖြစ်ပါတယ်။ တစ်နေ့မှာ မင်းကြီးက “တိုင်းပြည်အစွန်အဖျားမှာ လူအများ ဒုက္ခရောက်အောင် သောင်းကျန်းနေသူတွေ ရှိနေတယ်၊ အချင်းတို့ သွားကြပါ၊ အဲဒီဒေသကို စည်ပင်ဝပြောအောင် လုပ်ကြပါ”လို့ အမိန့်ရှိလိုက်ပါတယ်။ (ဒီနေရာမှာ စည်ပင်ဝပြောအောင် လုပ်ကြ၊ တိုးတက်အောင် လုပ်ကြ-ဆိုတဲ့ စကားကို သတိပြုစေချင်ပါတယ်။ သူပုန်ပြဿနာကို ရှင်းခိုင်းတာဖြစ်ပေမယ့် သူပုန်ကို သတ်ချင်တဲ့စေတနာ မပါဘူး။ သူပုန်ပြဿနာရှင်းခိုင်းတယ်ဆိုတော့ အသက်တွေ သေကြမှာဆိုတာ သိတာပေါ့။ ဒါပေမယ့် သူတို့တွေ သေပါစေဆိုတဲ့ စိတ်စေတနာကို ပြဓာန်းမထားဘူး။ အဲဒီဒေသမှာ တိုးတက်မှု၊ အေးချမ်းတည်ငြိမ်မှု ရစေလိုတဲ့ ကောင်းမွန်တဲ့စေတနာ၊ အများကောင်းကျိုးဖြစ်ထွန်းစေချင်တဲ့စေတနာက လွန်ကဲနေပါတယ်)။

အဲဒီအခါမှာ စစ်သားတွေက စဉ်းစားပါတယ်။ “စစ်တိုက်သွားရမှာဆိုတော့ ငါတို့ မကောင်းမှုအကုသိုလ်တွေ အများကြီး ဖြစ်တော့မယ်။ ဒီအကုသိုလ်တွေ မဖြစ်အောင် ငါတို့ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ”လို့ စဉ်းစားကြပါတယ်။ စဉ်းစားကြရင်းနဲ့ နောက်ဆုံးမှာ အဖြေတစ်ခု ရသွားကြတယ်။ “အချင်းတို့ သာကီဝင်မင်းသား ဘုရားသားတော်တွေဖြစ်တဲ့ ရဟန်းတွေဟာ သီလ၊ သမာဓိ၊ ပညာတွေကို ပွားစီးနေကြတယ်။ ငါတို့လည်း ရဟန်းဝတ်လိုက်ရင် အကုသိုလ်တွေ ရှောင်ပြီးသား ဖြစ်သလို ကောင်းမှုကုသိုလ်တွေလည်း ပြုနိုင်ပါလိမ့်မယ်”လို့ဆိုပြီး ရဟန်းဝတ်သွားခဲ့ကြပါတယ်။

တစ်နေ့တော့ စစ်သူကြီးချုပ်တွေက “ဟ…စစ်သားတွေ ဘယ်ရောက်ကုန်ပြီလဲ”လို့ မေးပါတယ်။ ရဟန်းဝတ်သွားကြကြောင်း သိသွားကြတော့ ဘုရင်ဗိမ္ဗိသာရကို သွားပြောကြတယ်။ အဲဒီအခါ ဘုရင်က တရားသူကြီးအမတ်တွေကို “မင်းခစားတွေကို ရဟန်းဝတ်ပေးရင် ဘယ်လို အပြစ်ဒဏ်ပေးသင့်လဲ”လို့ မေးလိုက်ပါတယ်။ အဲဒီအခါ တရားသူကြီးအချို့က “ရဟန်းခံပေးတဲ့ ကိုယ်တော်ကို ခေါင်းဖြတ်သတ်သင့်တယ်”လို့ ဖြေကြတယ်။ အချို့က “ကမ္မ၀ါစာဖတ်တဲ့ကိုယ်တော်တွေကို လျှာဖြတ်သင့်တယ်”လို့ ဖြေကြတယ်။ အချို့က “ရဟန်းခံတာမှာ ပါတဲ့ကိုယ်တော်တွေရဲ့ နံရိုးတွေကို ရိုက်ချိုးသင့်တယ်”လို့ ဖြေကြတယ်။

ဒါနဲ့ မင်းကြီးဟာ စိတ်မကောင်းဖြစ်ပြီး မြတ်စွာဘုရားထံ ရောက်သွားပါတယ်။ သဒ္ဓါတရားမရှိသူ၊ မြတ်စွာဘုရားကို မကိုးကွယ်မဆည်းကပ်သူတွေဟာ အရှင်ကောင်းအရှင်မြတ်တွေကို ပြစ်မှားနိုင်စရာရှိတဲ့အတွက် မင်းခစားများကို ရဟန်းပြုမပေးဖို့ လျှောက်ထားခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကလည်း “အရှင်မင်းကြီး စစ်တပ်ဆိုတာ သူများအသတ်ကို သတ်ဖြတ်နေရတာ၊ အကုသိုလ်ဖြစ်တယ်၊ သူပုန်တွေ သောင်းကျန်းပါစေ၊ ထားလိုက်၊ စစ်တပ်ကိုလည်း ထားမနေနဲ့၊ ဖျက်သိမ်းလိုက်”လို့ မိန့်တော်မမူခဲ့ပါဘူး။
မြတ်စွာဘုရား မိန့်တော်မူလိုက်တာက “ရဟန်းတို့ မင်းခစားများကို ရှင်ရဟန်းမပြုပေးရ၊ ပြုလျှင် ဒုက္ကဋ်အာပတ်သင့်စေ”လို့သာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ဗုဒ္ဓ၀ါဒဟာ လောကအရေးကို မျက်ကွယ်မပြုဘူး၊ ရှဥ့်လည်းလျှောက်သာ ပျားလဲစွဲသာဆိုတဲ့ လောက၊ ဓမ္မ နှစ်ဘက်လုံးကို မျှတစွာ လက်ခံစဉ်းစားကြောင်း ထင်ရှားလောက်ပြီ ထင်ပါတယ်။

ဦးဇင်းရဲ့ အဖြေကို ဒီမှာပဲ နိဂုံးချုပ်ပါတယ်။ မရှင်းတာရှိရင် ထပ်မေးလို့ ရပါတယ်။ မည်သည့်ဘာသာကိုမှ ထိခိုက်နစ်နာစေလိုတဲ့ စိတ်မရှိပါ။ လက်ရှိအနေအထားကို ပိုမိုထင်ဟပ်စေလိုတဲ့အတွက် အခြားဘာသာများနဲ့ နှိုင်းယှဉ်ပြလိုက်ခြင်းသာ ဖြစ်ပါတယ်။

Tuesday, September 14, 2010

တစ်ခါက....


(၁)
တစ်ခါက ဂျပန်နိုင်ငံ၊ မေဂျီ (Meiji)ခေတ်မှာ နန်အင်း (Nan-in)လို့ ခေါ်တဲ့ ဇင်းဘုန်းကြီးတစ်ပါး ရှိတယ်။ တစ်နေ့မှာ တက္ကသိုလ်ပါမောက္ခတစ်ဦး ဇင်အကြောင်းလေ့လာဖို့ သူ့ဆီ ရောက်လာတယ်။ ဘုန်းကြီးက လဘက်ရည်နဲ့ ဧည့်ဝတ်ပြုတယ်။ သူက လဘက်ရည်ကို ပါမောက္ခကြီးရဲ့ ခွက်ထဲကို ပြည့်သွားအောင် ထည့်ပေးတယ်။ အပြည့်ထည့်ပြီးတာတောင် သူက ဆက်ထည့်ပေးနေတယ်။ ပါမောက္ခကြီးက လဘက်ရည်တွေ လျှံကျနေတာကို ကြည့်နေတယ်။ နောက် သည်းမခံနိုင်တော့တာနဲ့ “ပြည့်လျှံနေပြီလေ၊ လဘက်ရည်က ခွက်ထဲ ဘယ်လိုလုပ် ရောက်တော့မလဲ”လို့ ပြောလိုက်တယ်။ ဒီတော့ ဘုန်းကြီးက “ဒီခွက်လိုပဲ၊ သင့်မှာ သင့်ရဲ့ကိုယ်ပိုင် ယူဆချက်တွေ၊ ကြိုတင်တွေးဆချက်တွေနဲ့ ပြည့်နေပြီ။ ဒီတော့ သင့်ခွက်ကို ဗလာဖြစ်အောင် မလုပ်ဘဲ ဇင်းအကြောင်းကို ကျွန်ုပ်က ဘယ်လို ပြောလို့ ရတော့မလဲ”လို့ ပြောလိုက်တယ်။

(၂)
တစ်ခါက သိပ်မရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် အခန်းထဲ ရောက်လာတယ်။ စာမေးချင်လို့ပါတဲ့။ အင်္ဂလိပ်စာဝါကျလေး ရှင်းပြခိုင်းတာပါ။ သူက နားမလည်တာကို နားမလည်ဘူးလို့ မပြောပါဘူး။ သိတာတော့ အများကြီး သိပါတယ်၊ ဒါပေမယ့် ဒါလေးကိုပဲ မသိတာဆိုတဲ့ ဂိုက်မျိုးနဲ့ လာမေးတာပါ။ ဒီက သိသလောက်လေးရှင်းပြတော့ သူက ပြန်ပြန်ငြင်းချက်တွေ ထုတ်ပါတယ်။ တကယ်တော့ ကိုယ်ပြောလိုက်တာက အမှန်ဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် လက်ဆုပ်လက်ကိုင် ပြစရာစာအုပ်က ရှာမတွေ့ဖြစ်နေခဲ့တာ။ နောက်ဆုံးတော့ ကိုယ့်တို့ ငြင်းခုန်လိုက်ရတာပဲ အဖတ်တင်ခဲ့ပါတယ်။ အဲဒီလိုအဖြစ်တွေ များလာတော့ “စာသင်ချင်တယ်ဆိုရင် ဒီဥပမာလေးအတိုင်း လုပ်တာပဲ ကောင်းမယ်”လို့ တွေးတတ်လာခဲ့ပါတယ်။

(၃)
တစ်ခါက ဘာသာခြားတစ်ယောက် ရောက်လာတယ်။ ဖန်ဆင်းခြင်းအကြောင်းကို လာဆွေးနွေးတာ။ သူက “ဗုဒ္ဓက ဖန်ဆင်းမှုကို ပယ်တယ်ဆိုတာဟာ တကယ်လား”တဲ့။ “ဟုတ်တယ်၊ ပယ်တယ်။ ဒါပေမယ့် စကားအကျကောက်မှာစိုးလို့ ပြောရအုံးမယ်၊ ဖန်ဆင်းမှုကို ပယ်တယ်ဆိုတာဟာ ကမ္ဘာလောကကြီး(စကြာဝဠာကြီး)နဲ့ သက်ရှိသက်မဲ့တွေ၊ အဲဒီသက်ရှိသက်မဲ့တွေရဲ့ အကောင်း၊ အဆိုးအားလုံးကို ထာဝရဘုရားက ဖန်ဆင်းတာကို ပယ်တာ၊ တစ်ဦးတစ်ယောက်ရဲ့ လုပ်အားကနေ အကျိုးတရားတစ်ခုကို ဖန်ဆင်းတာကျတော့ ဖန်ဆင်းတာလို့ မသက်မှတ်ဘူး၊ ဖန်တီးတာလို့ပဲ ခေါ်တယ်”လို့ ခပ်ရှည်ရှည် ရှင်းပြလိုက်တယ်။ အဲဒီလို ပြောလိုက်တော့ သူက ဟားတိုက်ရယ်ပါတယ်။ ကိုယ်လည်း အံ့သြသွားပါတယ်။ ကြောင်သွားတယ်။ “ဘာဖြစ်လို့ ရယ်တာလဲ”ဆိုတော့ သူက “ဂေါတမဘုရားကိုယ်တိုင် အ၀ိဇ္ဇာဖုံးနေတော့ အရှင်တို့ ဘယ်လိုလုပ် အ၀ိဇ္ဇာက လွတ်မလဲ”တဲ့။ “ဘယ်လိုလဲ ရှင်းပါအုံး”ဆိုတော့ “ဒီလိုလေ တကယ်တော့ ဂေါတမဆိုတာကလည်း ထာဝရဘုရားသခင်က ဖန်ဆင်းထားတာ၊ ဂေါတမဟာ သူ့ကိုဖန်ဆင်းတဲ့ အရှင်ကိုတောင် မမှတ်မိမသိရှိလောက်အောင် အ၀ိဇ္ဇာဖုံးနေတယ်”လို့ ဆိုပါတယ်။ “အော်…ဆွေးနွေးမှု၊ သင်ကြားမှုများအတွက် ကော်ဖီခွက်ကို အရင်ဆေးကြောရှင်းလင်းဖို့ တကယ်လိုအပ်လှပါလား”လို့ တွေးမိလိုက်ပါတယ်။

(၄)
တစ်ခါက ဒကာမတစ်ယောက်က “တရားအားထုတ်ချင်လို့ ဦးဇင်းသိတဲ့ နည်းလေးရှိရင် ပြောပါအုံး”တဲ့။ ကိုယ်ကလည်း ပြောပြလိုက်ပါတယ်။ ဒါပေမယ့် အဆင်တပြေ ပြီးသွားတာတော့ မဟုတ်ဘူး။ သူက သူသိသမျှလေး၊ သူအားထုတ်ဖူးသမျှလေးတွေနဲ့ ဆရာပြန်လုပ်သွားပါတယ်။ သဘောရိုးနဲ့ သိချင်တာကို အေးအေးဆေးဆေး ဆွေးနွေးပြောဆိုရတာကို သဘောကျပါတယ်။ ဒါပေမယ့် သူက ဆွေးနွေးတဲ့ပုံစံ မဟုတ်ဘဲ “ဦးဇင်းပြောတာတွေက သိပ်မဟုတ်သေးဘူး၊ တပည့်တော် သိထားတာကမှ တကယ့် တရားအတွေ့အကြုံ”လို့ မပြောသော်လည်း ပြောနေသလို ဖြစ်နေခဲ့တာကို သတိထားမိပါတယ်။ ပြောရင်းပြောရင်း သိလာရတာက သူဟာ ကိုယ့်ဆီက တရားအားထုတ်နည်းကို တကယ်သိချင်လို့ မဟုတ်ဘဲ ဆရာလုပ်ချင်လို့ ကြွားချင်လို့ မေးနေတာပါလားလို့ သိလိုက်ရတယ်။ “အော်… တရားအားထုတ်တာလည်း ကော်ဖီခွက်လေးကို အရင်သန့်စင်ဆေးကြောထားမှ အသိထူးနိုင်မည် မဟုတ်ပါလား”လို့ တွေးမိလိုက်ပါတယ်။

(၅)
တစ်ခါက မြတ်စွာဘုရားက ထိုနည်းနှင်နှင် ဥပမာလေးတွေ ပေးပြီးဟောထားတဲ့ ဗုဒ္ဓစာပေတွေအချို့ကို အမှတ်ရမိပါတယ်။ “အမှန်တကယ် ကောင်းမွန်တဲ့ အရသာရှိတဲ့ စတုမဓူကို ရယူစားသုံးချင်ရင် ထည့်တဲ့ခွက်ကို အရင်ဆုံး ဆေးကြောသန့်စင်ရမယ်၊ ခွက်က မသန့်ရှင်းရင် စတုမဓူကလည်း ပျက်စီးသွားမယ်၊ ခွက်က အထူးသန့်ရှင်းနေမှ ထည့်လိုက်တဲ့ စတုမဓူကလည်း သန့်စင်ပြီး စားလို့ကောင်းမယ်…”လို့ ဟောကြားထားချက်တွေ ရှိနေပါတယ်။ “ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တာလေးတွေ ရှိခဲ့ရင် ထည့်စရာခွက်လေးကို သန့်သန့်ရှင်းရှင်းနဲ့ ဗလာဖြစ်သွားအောင် အရင်ကြိုးစားသင့်ပါလား”လို့ အတွေးအိမ် ယှက်ဖွဲ့နေမိပါတယ်။

Sunday, September 12, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (နိဂုံး)


အရှင်ကုမာရကဿပ၏ ဥပမာ (၁၄)

အရှင်ကုမာရကဿပက နောက်ထပ် ဥပမာတစ်ခုဖြင့် ထပ်မံပြောကြားခဲ့ပါသည်။ ထိုဥပမာသည် ယနေ့ခေတ်ကာလ အများသိဥပမာတစ်ခု ဖြစ်ပါသည်။

“တစ်ခါက သူငယ်ချင်းနှစ်ယောက် စီးပွားရှာထွက်ကြတယ်။ လမ်းမှာ ပိုက်ဆံလျှော်ထုပ်တွေကို တွေ့လို့ တစ်ထုပ်စီ ထမ်းခဲ့ကြတယ်။ နောက်တစ်နေရာမှာ ပိုက်ဆံလျှော်ချည်ထုပ်တွေ့တယ်။ အဲဒီအခါ တစ်ဦးက “သူငယ်ချင်း ဒီမှာ ပိုက်ဆံလျှော်ချည်ထုပ်ကို တွေ့နေပြီဆိုတော့ ပိုက်ဆံလျှော်ထုပ်ကြီးကို ပစ်ထားခဲ့ပြီး ပိုက်ဆံလျှော်ချည်ထုပ်ကို သယ်သွားကြရအောင်”လို့ ပြောတယ်။ အခြားသူငယ်ချင်းက “ဒီပိုက်ဆံလျှော်ထုပ်ကြီးကို အဝေးကြီးကတည်းက သယ်လာရတာ၊ လွှင့်ပစ်ရမှာ နှမြောစရာကြီး”လို့ဆိုကာ ပိုက်ဆံလျှော်ထုပ်ကိုသာ ထမ်းခဲ့လေတယ်။ တစ်နေရာမှာ ဂုံလျှော်ထုပ်ကို တွေ့ပြန်တယ်။ တစ်ဦးက ပိုက်ဆံလျှော်ချည်ကို ထားခဲ့ပြီး ဂုံလျှော်ထုပ်ကို ယူတယ်။ တစ်ဦးက မူလပိုက်ဆံလျှော်ထုပ်ကိုသာ ဆက်လက်သယ်ခဲ့တယ်။ အစဉ်အတိုင်း ဂုံလျှော်ချည်ထုပ်၊ ဂုံလျှော်ချည်အ၀တ်ထုပ်၊ ၀ါဂွမ်း၊ ၀ါချည်၊ ၀ါချည်အ၀တ်၊ သံ၊ ခဲပုပ်၊ ဘင်၊ ငွေ၊ ရွှေ…တို့ကို တွေ့ခဲ့ရာ တစ်ဦးက တန်ဖိုးနည်းရာကို စွန့်ပစ်ပြီး တန်းဖိုးကြီးရာကို ယူခဲ့တယ်။ အခြားတစ်ဦးက မူလတန်ဖိုးနည်း ပိုက်ဆံလျှော်ထုပ်ကြီးသာ သိမ်းပိုက်လာခဲ့တယ်။ ဉာဏ်ပညာရှိတဲ့၊ ဆင်ခြင်ဉာဏ်ရှိတဲ့ သူကတော့ အဟောင်းကြီးကို အမြတ်တနိုး မထားတော့ဘူး။ ပိုကောင်းတဲ့အရာကို တွေ့ရင် စွန့်ပစ်နိုင်တယ်။ အသိဉာဏ်ကင်းမဲ့တဲ့သူကတော့ ကောင်းမွန်မြင့်မြတ်တဲ့အသစ်ကို တွေ့နေတာတောင် အဟောင်းကြီးကို မစွန့်ပစ်နိုင်ကြဘူး။

မြို့စားကြီး သင်ဟာလည်း ဆင်ခြင်ဉာဏ်ကင်းမဲ့တဲ့ သူလိုပဲ။ အခု ကောင်းမွန်မြင့်မြတ်တဲ့အရာတွေဖြစ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ တရားဓမ္မအယူအဆတွေကို တွေ့လာရပြီ။ ဒါပေမယ့် သင်က သင့်ရဲ့ အယူဝါဒအဟောင်းကြီးကို မစွန့်ပစ်နိုင်သေးဘူး။ အသိတရားရှိလာပါတော့ မြို့စားကြီး၊ သင့်အယူအဆတွေကို ပြောင်းလိုက်ပါ”

မြို့စားကြီး ၀န်ခံပြီ
ထိုအခါ မြို့စားကြီးထံမှ ရယ်ရခက်ခက်၊ ငိုရခက်ခက် စကားကို ကြားလိုက်ရလေသည်။ သူတို့ အပြန်အလှန် ပြောလိုက်ပုံကြပုံက
“အရှင်ကုမာရကဿပ… ရှေ့မှာ သင်ပြောခဲ့တဲ့ စကားတွေ၊ ဥပမာတွေကို ကြားရကတည်းက အရှင်ပြောတာတွေကို သဘောကျနေတာ”ဟူ၍။

ထိုအခါ အရှင်ကုမာရကဿပက
“အော်… ဒါနဲ့များ စကားတွေ ရှည်ရှည်ဝေးဝေး ပြောနေရသလား၊ စောစောကတည်းက အယူဝါဒဟောင်းကို စွန့်လိုက်ပါပြီ၊ အရှင်အယူအဆတွေကို လက်ခံလိုက်ပါပြီလို့ ပြောလိုက်ပါလား (အခုတော့ စာဖတ်သူတွေ မျက်စိညောင်းကုန်ကြပြီ…း)း)း)”ဟု အားမလိုအားမရ ဆိုလိုက်သည်။ ထိုအခါ မြို့စားကြီးက
“ကျွန်ုပ်က စောစောစီးစီး အရှင်ပြောတာကို လက်ခံလိုက်ရင် အရှင့်ဆီက အခုလို ထူးထူးဆန်းဆန်း တရားစကားတွေ ဘယ်လိုလုပ် ကြားရတော့မလဲ၊ အရှင့်အနေနဲ့ တပည့်တော် ကန့်လန့်တိုက်နေတာတွေကို ဘယ်လိုများ တုန့်ပြန်မလဲလို့ သိချင်တာကြောင့် ပေတေပြီး ငြင်းနေရတာပါ (သူပြောလိုက်တော့လည်း အဟုတ်သား၊ မြို့စားကြီးသာ ပေတေပြီး ငြင်းမနေခဲ့ဘူးဆိုရင် စာရေးသူတို့ ဒီလောက်ဗဟုသုတတွေ ဘယ်တိုးမလဲ)”ဟု ပြောလိုက်သည်။

မြို့စားကြီးထံမှ အဆိုပါစကားကို ကြားရသောအခါ အရှင်ကုမာရကဿပက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပြီး တရားဓမ္မများ ဆက်လက်ဟောကြားခဲ့လေသည်။ ဤမျှလောက် ကပ်သီးကပ်သပ် ဆိုတတ်သော မြို့စားကြီးကို မည်သို့သောတရားများ ဟောလေသနည်း။ မြတ်ဗုဒ္ဓ၏ တရားဓမ္မက ထူးခြားမှုတော့ မရှိပါ။ အကျဉ်းချုပ်လိုက်လျှင် ဒါန၊ သီလနှင့် ဘာဝနာသာ ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတရားတော်သည် မည်၍မည်မျှ ကျယ်ကျယ်ဝန်းဝန်း ဟောနေသည်ဖြစ်စေ လိုရင်းက ဤသုံးမျိုးသာ ဖြစ်ပါသည်။ သို့ရာတွင် ထိုသုံးမျိုးသို့ သတ္တ၀ါများ၏ ဓလေ့စရိုက်များအရ ချဉ်းကပ်ပုံ အမျိုးမျိုး ကွဲပြားသဖြင့် သူ့နည်း၊ ကိုယ်နည်းများအဖြစ် တွေ့မြင်နေရခြင်း ဖြစ်ပါသည်။ အရှင်ကုမာရကဿပ ဟောကြားခဲ့သောတရားများက ဤသုတ်တော်တွင် ရှည်လျားစွာ ပါဝင်နေပါသည်။ ထိုတရားများကို မဖော်ပြတော့ပါ။ အကျယ်ဖတ်ရှုလိုပါက ဒီဃနိကာယ်၊ မဟာဝဂ်၊ ပါယာသိသုတ်ကို ကြည့်ရှုနိုင်ပါသည်။

စာဖတ်သူများ ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ဗဟုသုတ၊ မြတ်စွာဘုရားခေတ် အိန္ဒိယတွင် ဗုဒ္ဓဘာသာ လှုပ်ရှားခဲ့ပုံများ၊ သာသနာပြုခဲ့ကြပုံများ…စသော သုတများကို ရရှိကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

မြို့စားကြီး ပါယာသိနှင့် တမလွန်ဘ၀ပြဿနာ….ဤနေရာတွင် ပြီးပါပြီ…

Tuesday, September 7, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၆)


အရှင်ကုမာရကဿပ၏ ဥပမာ (၁၁)

ထိုကဲ့သို့ မြို့စားကြီး၏ မထင်မှတ်သောစကားကို ကြားလိုက်ရသောအခါ အရှင်ကုမာရကဿပက အောက်ပါဥပမာဖြင့် ခပ်နာနာ နှိပ်ကွပ်လိုက်သည်။

“မြို့စားကြီး သင် လှည်းသမားနှစ်ဦး ပုံပြင်ကို ကြားဖူးသလား။ လှည်းသမားခေါင်းဆောင်နှစ်ဦး ရှိတယ်။ တစ်ဦးစီမှာ နောက်လိုက်လှည်းသမား ၅၀၀-စီ ရှိကြတယ်။ တစ်ဦးက ဆင်ခြင်ဉာဏ်ရှိတယ်။ ပါးပါးနပ်နပ် လုပ်ဆောင်တတ်တယ်။ အခြားတစ်ဦးကတော့ ဆင်ခြင်ဉာဏ်မရှိဘူး၊ မိုက်မိုက်မဲမဲ လုပ်ဆောင်တတ်တယ်။ တစ်နေ့မှာ တစ်ရက်တည်း ခရီးအတူသွားရဖို့ ဖြစ်လာတယ်။ အဲဒီတော့ ပထမလှည်းသမားက စဉ်းစားတယ်။ “လှည်းအစီး ၁၀၀၀-လုံး ခရီးအတူ သွားလို့တော့ မဖြစ်နိုင်ဘူး။ အစားအသောက်၊ ရေ…စတဲ့ အခက်အခဲတွေ ဖြစ်နိုင်တယ်”ပေါ့။ အဲဒီတော့ သူတို့ နှစ်ဦး ညှိနှိုင်းကြတယ်။ ဘယ်သူအရင် ခရီးထွက်မလဲပေါ့။ အဲဒီတော့ ဆင်ခြင်ဉာဏ်နည်းတဲ့ ဒုတိယလှည်းသမားက “ငါ အရင်သွားရင် သူများ မစားရသေးတဲ့ ဟင်းသီးဟင်းရွက်တွေ စားရမယ်။ ငါတို့ နွားတွေကလည်း သူများနွားတွေ မစားရသေးတဲ့ ကောင်းပေ့ဆိုတဲ့ ဦးဦးဖျားဖျား မြတ်တွေကို စားရမယ်။ မပျက်မစီးဖြစ်နေတဲ့ လမ်းတွေနဲ့လည်း သွားရမယ်။ ဟိုရောက်ရင်လည်း အခြားကုန်သည်တွေ မရှိသေးတဲ့အတွက် ကုန်ပစ္စည်းတွေကို စိတ်ကြိုက်ဈေးခေါ်နိုင်တယ်”လို့ စဉ်းစားပြီး “ကျွန်ုပ်အရင် သွားမယ်”လို့ ပြောလိုက်တယ်။

ဒီတော့ ပထမလှည်းသမားက စိတ်ထဲမှာ အတော်ကျေနပ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတွေးတာက “ဒုတိယအဖွဲ့အနေနဲ့ သွားလို့ရှိရင် ပထမသွားထားတဲ့ လှည်းသမားတွေ ခူးစားထားတဲ့ ဟင်းသီးဟင်းရွက်ပင်တွေက တို့သွားချိန်ရောက်ရင် အညွန့်လေးတွေ ပေါက်နေမယ်။ တို့က ဟင်းသီးဟင်းရွက် အညွန့်လေးတွေသာ စားရမယ်။ ငါတို့ နွားတွေလည်း ပထမနွားတွေ စားထားတဲ့မြတ်ပင်ကပေါက်လာတဲ့ မြတ်နုလေးတွေကို စားရမယ်။ ပထမသွားသူတွေက ရေမရှိတဲ့အရပ်မှာ ရေကန်တွေ တူးထားခဲ့မှာဖြစ်လို့ ရေအတွက် ပူစရာမလိုဘူး။ ပျက်စီးနေတဲ့ လမ်းတွေကို ဖို့သွားကြမယ်၊ ပြင်သွားကြမယ်။ ဒီတော့ လမ်းတွေကလည်း ညီညာနေလိမ့်မယ်။ နောက်ပြီး ကုန်သည်တွေနဲ့ ဈေးစကားပြောရတယ်ဆိုတာ လွယ်တာမဟုတ်ဘူး။ အခုတော့ ပထမလှည်းသမားတွေ ထားသွားခဲ့တဲ့ ဈေးနှုန်းအတိုင်း ငါတို့ ရောင်းနိုင်ကြလိမ့်မယ်”လို့ တွေးထားတာမို့လို့ပါ။

တစ်နေ့တော့ ဆင်ခြင်ဉာဏ်မရှိတဲ့ လှည်းသမားက အရင်ခရီးစသွားတယ်။ ကန္တာရအလယ်ကို ရောက်တော့ ဘီလူးတွေက လှည်းသမားဟန်ဆောင်၊ မိုးရေတွေ စိုရွှဲနေတဲ့ပုံ ဖန်ဆင်းပြီး လှည်းသမားတွေကို ရေတွေ သွန်ပစ်ဖို့ ရှေ့မှာ မိုးတွေ ရွာနေလို့ ရေတွေပေါကြောင်း ဖြားယောင်းကြပါတယ်။ ဆင်ခြင်ဉာဏ်မရှိတဲ့ လှည်းသမားဟာ တပည့်တွေကို ရေတွေသွန်ပစ်ဖို့ ပြောလိုက်ပါတယ်။ ရှေ့ကို သွားရင်းနဲ့ ရေပြတ်လပ်ပြီး ဘီလူးတွေက အလွယ်တကူ စားသောက်လိုက်ကြပါတယ်။

ဒုတိယသွားတဲ့ ဆင်ခြင်ဉာဏ်ရှိတဲ့လှည်းသမားကတော့ ရက်အနည်းငယ် ခွာပြီး နောက်ကနေ ခရီးထွက်ပါတယ်။ ကန္တာရအလယ်ရောက်တော့ ဘီလူးတွေက အထက်ပါနည်းအတိုင်း ဖြားယောင်းကြပါတယ်။ ဒီတော့ လှည်းမှူးက စဉ်းစားပါတယ်။ ကန္တာရအလယ်မှာ မိုးရွာတယ်၊ ရေရှိတယ်ဆိုတာ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။ အရိပ်လည်း မထွက်ကြဘူး။ ဧကန္တ ဒီလူတွေဟာ လူစင်စစ်မဟုတ်ဘဲ ဘီလူးတွေပဲ ဖြစ်ရမယ်လို့ ကောက်ချက်ချလိုက်ပါတယ်။ ပြီးတော့ “ရေတွေကို သူ့အမိန့်မရဘဲ သွန်မပစ်ရ”လို့လည်း အမိန့်ထုတ်လိုက်ပါတယ်။ ဒီတော့ တပည့်လှည်းသမားတွေက စောဒက တက်ကြတယ်။ “ရေအိုးတွေ သယ်ပြီး ခရီးသွားရတာ ပင်ပန်းတယ်။ သူတို့ကြည့်ရတာ ရှေ့မှာ တကယ်ပဲ ရေရှိပုံရတယ်။ အ၀တ်တွေကလည်း စိုနေတယ်။ လှည်းဘီးတွေမှာလည်း ရွှံ့တွေ ပေကျံနေတယ်။ ကြာပန်းတွေတောင် ကိုင်လို့။ ဒီတော့ ရေတွေကို သွန်ပစ်သင့်တယ်”လို့ လှည်းမှူးကို ပြောပါတယ်။ ဒီတော့ လှည်းမှူးက အစည်းအဝေးတစ်ခု လုပ်ပါတယ်။

“ကန္တာရအလယ်မှာ မိုးရွာတယ်လို့ ကြားဖူးတဲ့သူ ဘယ်သူ ရှိသလဲ”

“ဘယ်သူမှ မကြားဖူးကြပါ”

“မိုးသက်လေပြင်းအနံ့ကို ဘယ်အရပ်လောက်ကနေ မြင်ရတယ်လို့ ကြားဖူးသလဲ”

“တစ်ယူဇနာလောက်နေ မြင်ရပါတယ်”

“ကဲ အခု မိုးသားတိမ်လိပ်တွေကို ဘယ်သူမြင်ရသလဲ”

“ဘယ်သူမှ မမြင်ပါ”

“နောက်ပြီး လျှပ်စီးလျပ်တာကို ဘယ်အရပ်လောက်ကနေ မြင်ရသလဲ”

“၄ ယူဇနာ၊ ၅ ယူဇနာလောက်နေ မြင်ရပါတယ်”

“အခု လျှပ်စီးလျပ်တာကို မြင်တဲ့သူရှိလား”

“မရှိပါဘူး”

“နောက် မိုးကြိုးပစ်သံကို ဘယ်အရပ်လောက်ကနေ ကြားရတတ်သလဲ”

“၃ ယူဇနာ၊ ၄ ယူဇနာလောက်ကနေ ကြားရတတ်ပါတယ်”

“ကဲ အခု မိုးကြိုးပစ်သံကို ကြားမိတဲ့သူ ဘယ်နှစ်ယောက်ရှိသလဲ”

“တစ်ယောက်မှ မရှိပါ လှည်းမှူးကြီး”

အထက်ပါအတိုင်း ယုတ္တိကျကျ ဉာဏ်ပညာပါပါနဲ့ သုံးသပ်ပြောဆိုပြပြီး ရေတွေကို သွန်မပစ်ဖို့ စည်းရုံးနိုင်ခဲ့တယ်။ ဒီတော့ ဘီလူးတွေ စားတာကို မခံခဲ့ကြရဘူး။

ဒီတော့ မြို့စားကြီး လမ်းမှန်ပေါ်ကို ဉာဏ်ပညာရှိရှိနဲ့ လျှောက်လှမ်းတဲ့သူဟာ သူကိုယ်တိုင်လည်း ချမ်းသာရတယ်၊ သူ့ကို မှီခိုနေတဲ့သူတွေကို ချမ်းသာစေတယ်။ သင်ကတော့ အဆင်ဉာဏ်ကင်းမဲ့ပြီး လမ်းမှားကို ဆက်လျှောက်နေရင် ပထမသွားတဲ့ ဆင်ခြင်မဲ့တဲ့ လှည်းသမားလိုပဲ ဖြစ်တော့မယ်။ သင်ကိုယ်တိုင်အတွက်လည်း မကောင်းဘူး။ သင့်ကို မှီခိုကိုးစားနေသူတွေလည်း မကောင်းဘူး။ အဲဒီတော့ သင့်ရဲ့ မိုက်မဲတဲ့ အယူအဆကြီးတွေကို ပြောင်းလိုက်ပါတော့လား”

ထိုကဲ့သို့ အရှင်ကုမာရကဿပက ခပ်ပြင်းပြင်း စကားလုံးများဖြင့် ပြောလိုက်သော်လည်း မြို့စားကြီးက သူ့အယူအဆကို မပြောင်းနိုင်ကြောင်း၊ အထက်တွင် ဆိုခဲ့သောအကြောင်းပြချက်များဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။ ဥပမာအသစ်၊ သုတေသနအသစ်များဖြင့် ပြန်လှန်ငြင်းခုံခြင်းကား မပြုလုပ်တော့ပေ။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၂)

ထိုကဲ့သို့ ညင်ညင်သာသာဆိုလိုက်၊ ပြင်းပြင်းထန်ထန်ပြောလိုက်ဖြင့် မည်သို့မျှ ပြောမရသောအခါ အရှင်ကုမာရကဿပက ထိုဥပမာများထက် ပိုမိုပြင်းထန်သော ဥပမာဖြင့် ထပ်မံပြောဆိုခဲ့သည်။

“မြို့စားကြီး သင်လုပ်ပုံက မစင်ထုပ်သယ်သူလို ဖြစ်နေပြီ”

“ဘယ်လိုကြောင့် ကျွန်ုပ်က မစင်ထုပ်သယ်သူနဲ့ တူရမှာလဲ”

“ပြောပြမယ် မြို့စားကြီး နားထောင်၊ တစ်ခါက အမျိုးသားတစ်ဦးဟာ ၀က်တွေကို မွေးပြီး စီးပွားလုပ်တယ်။ တစ်နေ့တော့ အခြားမြို့ကို ခရီးသွားတယ်။ တစ်နေရာရောက်တော့ နေရာအနှံ့အပြားမှာ မစင်ခြောက်တွေကို တွေ့ရတယ်။ ဒါနဲ့ ဒီမစင်ခြောက်တွေကို ငါ ၀က်စာလုပ်ရရင်ကောင်းမှာပဲလို့ တွေးပြီး အပေါ်ရုံအ၀တ်ကိုဖြန့်ပြီး မစင်ခြောက်တွေကို သယ်သွားသွားပါတယ်။
တစ်နေရာရောက်တော့ မထင်မှတ်ဘဲ မိုးကြီးသည်းထန်စွာ ရွာချလိုက်ပါတယ်။ ဒီတော့ ထိုအမျိုးသားခေါင်းပေါ်မှာ ရွက်ထားတဲ့ မစင်တွေက အရည်ပျော်ပြီး တစ်ကိုယ်လုံးကို မစင်တွေ ပေလူးကုန်ပါတယ်။ လမ်းမှာတွေ့တဲ့ အခြားသူတွေက -ဒီလူ ရူးများနေရော့သလား၊ မစင်ထုပ်ကြီးကို ညစ်ပတ်ပေရေစွာနဲ့ ထမ်းလာတယ်-လို့ ပြောကြတယ်။ အဲဒီအခါ ထိုအမျိုးသားက - ငါက ရူးနေတာ မဟုတ်ဘူး။ သင်တို့ကသာ ရူးနေတာ။ ငါက ဒီမစင်ခြောက်တွေကို ၀က်စာလုပ်မလို့ သယ်လာတာ-လို့ ပြောပါတယ်။
မြို့စားကြီး သင်ဟာလည်း ဒီအမျိုးသားလိုပဲ။ ကိုယ့်အတွက် ဘာအကျိုးမှ မရှိနိုင်တဲ့ ဒီအယူအဆမှားတွေကို အရှက်မရှိ သယ်လာနေသေးတယ်”ဟု နှိပ်ကွပ်လေသည်။

ထိုဥပမာဖြင့် ပြောသော်လည်း အထက်တွင် ဆိုခဲ့သောအကြောင်းပြချက်များ (သူများတွေ ကဲ့ရဲ့မှာစိုးလို့၊ အရှင့်ကို အရှုံးမပေးချင်လို့ စသည်)ဖြင့် သူ့အယူအဆများကို မပြောင်းနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၃)

အရှင်ကုမာရကဿပသည် နောက်ထပ် ဥပမာတစ်ခုဖြင့် မြို့စားကြီးကို ဆိုပြန်လေသည်။

“မြို့စားကြီး သင်ဟာ မသမာနည်းနဲ့ ကစားတဲ့ ညစ်ပတ်တဲ့ အန်ကစားသမားနဲ့ တူနေပြီ”

“ဘယ်လိုဖြစ်လို့လဲ”

“ပြောပြမယ် နားထောင်၊ တစ်ခါက အန်ကစားပွဲကြီးတစ်ခုရှိတယ်။ အန်ကစားသမားတွေထဲမှာ ကစားသမားတစ်ဦးဟာ ရှုံးနိုင်တဲ့အန်ကို ပါးစပ်ထဲ မျိုမျိုပြီး ကစားတယ်။ အဲဒီလို ညစ်ပတ်ပြီးကစားတော့ သူကချည်းပဲ နိုင်နေတယ်။ ဒါကို ရိပ်မိတဲ့သူတစ်ဦးက သူ ပါးစပ်ထဲမျိုတာကို တွေ့သွားတယ်။ အဲဒီတော့ အန်တွေကို အဆိပ်လိမ်းပြီးတော့ ကစားတယ်။ ဒီအခါမှာ ညစ်ပတ်တဲ့အန်သမားဟာ အန်တွေကို မျိုပြန်တယ်။ ထိုအခါ အဆိပ်သုတ်လိမ်းသူ အန်သမားက - အဆွေ သင်ဟာ ရှုံးမည့်အန်ကို မျိုမျိုပြီး ကစားတယ်။ အဲဒီအန်တွေမှာ အဆိပ်တွေ လိမ်းထားတာကို သင်က မသိဘူး။ ယုတ်မာညစ်ပတ်တဲ့အန်သမား အန်တွေကို မျိုပါအုံး၊ ထပ်ထပ်မျိုပါအုံး၊ သင်ဟာ အဆိပ်ဒဏ်ရာနဲ့ ပြင်းပြင်းထန်ထန် ခံစားရလိမ့်မယ်-လို့ ပြောပါတယ်။

မြို့စားကြီး သင်ဟာလည်း အဲဒီညစ်ပတ်တဲ့ အန်သမားလိုပဲ မကောင်းတဲ့အယူအဆတွေကို မျိုမိနေပြီ။ သင့်အယူအဆတွေကို ပြောင်းလိုက်ပါတော့လား”ဟု တိုက်တွန်းပြန်လေသည်။

ထိုကဲ့သို့ ခပ်နာနာ ခပ်ပြင်းပြင်း ဥပမာများဖြင့် နှိပ်ကွပ်ပါသော်လည်း မြို့စားကြီးမှာ အပြုံးမပျက်။ မပြောင်းလဲနိုင်ကြောင်းသာ ထပ်ပြောဆိုနေခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်....

Friday, September 3, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၅)


အရှင်ကုမာရကဿပ၏ ဥပမာ (၈)

“မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ထင်လွယ်မြင်လွယ်တဲ့ ဥပမာတစ်ခု ပြောပြမယ်။ အေးနေတဲ့ သံခဲနဲ့ ရဲရဲတောက်နေအောင် ပူနေတဲ့ သံခဲ … ဘယ်ဟာက ပိုလေးသလဲ”

“အေးနေတဲ့ သံခဲက လေးပါတယ်”

“ဟုတ်တယ်။ သံခဲဟာ အပူဓာတ်နဲ့လေဓာတ် ပေါင်းလိုက်ရင် ပေါ့တယ်။ အပူဓာတ်၊ လေဓာတ်မရှိတော့ရင် အလေးချိန်က များသွားတယ်။ ဒီသဘောတရားလိုပဲ သက်ရှိ ခန္ဓာကိုယ်ဟာ အသက်၊ ကိုယ်ငွေ့နဲ့ ၀ိညာဏ်(စိတ်)ပေါင်းလိုက်ရင် ပေါ့နေတယ်။ အဲဒါတွေ မရှိတော့ရင် လေးသွားတယ်။ အသက်မရှိလို့ လေးသွားတာနဲ့ နောက်ဘ၀မရှိတာ ဘယ်လိုမှ မဆက်စပ်ဘူး မြို့စားကြီး။ ဒီတော့ သင့်အယူအဆတွေကို ပြောင်းလိုက်ပါတော့”

“မပြောင်းနိုင်ပါဘူး အရှင်၊ ကျွန်ုပ်မှာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

မြို့စားကြီး၏ သုတေသန (၆)

“ရှေ့တုန်းကလိုပဲ။ သေဒဏ်အပြစ်ပေးခံရတဲ့ သူခိုးကို အသား၊ အရိုး၊ အကြော၊ ရိုးတွင်းချဉ်ဆီ တစ်ခုမှ မပျက်စီးအောင် သတ်ဖို့ ပြောလိုက်တယ်။ သေတော့မယ့်ဆဲဆဲဖြစ်တဲ့အခါမှာ လေးဘက်လေးတန် ၀ိုင်းကြည့်တယ်။ အသက်ထွက်တာကိုများ မြင်ရမလားလို့၊ အသက်ထွက်တာကို မတွေ့ရပါဘူး။ ဒါနဲ့ ပက်လက်လှန်ခိုင်းတယ်၊ ဘယ်ညာလှည့်ခိုင်းတယ်၊ မျိုးစုံ လှည့်ထားပြီး စောင့်ကြည့်ပါတယ်။ အသက်ထွက်သွားတာကိုတော့ မမြင်ရပါဘူး။ ဒါနဲ့ တုတ်နဲ့ ရိုက်ခိုင်းတယ်၊ ထုခိုင်းတယ်။ မတွေ့ဘူး။ နောက်ပြီး သူ့မှာက မျက်စိလည်း ရှိနေပါလျှက် မမြင်တော့ဘူး၊ နားလည်းရှိပါလျှက် မကြားတော့ဘူး။ …. သူ့ရဲ့ အာရုံငါးပါးက ပသာဒတွေ ရှိနေပါလျှက် ဘာမှ အလုပ်မလုပ်တော့ဘူး။ ဆိုလိုတာက သူအသက်ထွက်တာကို လုံးဝမတွေ့ရတာပါပဲ။ ဒါကြောင့် ရှေ့နောက်ဘ၀တွေမှာ ပြေးလွှားကျင်လည်တတ်တဲ့ အသက်ဆိုတာ မရှိဘူး။ ဒီတော့ နောက်ဘ၀ဆိုတာလည်း မရှိတော့ဘူးပေါ့”

အရှင်ကုမာရကဿပ၏ ဥပမာ (၉)

“မြို့စားကြီး သင့်သုတေသနကလည်း နားလည်တဲ့သူတွေအတွက် ရယ်စရာ ဖြစ်နေပြီ။ သင့်အဖြစ်က ခရုသင်းအသံကို လိုက်ရှာနေတဲ့သူတွေနဲ့ တူနေပြီ”

“ဘယ်လိုများလဲ အရှင်၊ ခရုသင်းအသံကို ဘယ်လို ရှာတာလဲ”

“သင့်ကို ပြောပြမယ်။ ပညာရှိတဲ့သူတွေဟာ ဥပမာနဲ့ ပြောရင် နားလည်ကြတယ်”

“ဟုတ်ပါပြီ အရှင်၊ ပြောမှာသာ ပြောပါ”

ဤနေရာတွင် “ပညာရှိတဲ့သူတွေဟာ ဥပမာနဲ့ ပြောရင် နားလည်ကြတယ်”ဟူသော စကားမှာ မြို့စားကြီးကို အနည်းငယ် ထည့်သောစကားဟု နားလည်မိသည်။ ယနေ့ခေတ် စကားပြောရာတွင် “မင်းကို ဒီလောက်ပြောနေတာ နားလည်သင့်တယ်။ အသိဉာဏ်ရှိသူတွေဟာ ဒီလောက်ပြောရင် သဘောပေါက်တယ်”ဆိုသော လေသံမျိုး ဖြစ်သည်ဟု ထင်သည်။ အရှင်ကုမာရကဿပသည် ဤစကားမျိုးကို နေရာတိုင်းတွင် ထည့်မပြောဘဲ အချို့နေရာများတွင်သာ ထည့်သုံးသွားသည်ကို တွေ့ရသည်။

“တစ်ခါက အမျိုးသားတစ်ဦးဟာ တောရွာတစ်ခုကို ရောက်သွားတယ်။ သူနဲ့အတူ ခရုသင်းလေးလဲ ပါသွားတယ်။ ခရုသင်းမှုတ်တော့ ရွာသားတွေ ၀ိုင်းနားထောင်ကြတယ်။ တစ်နေ့ကျတော့ ခရုသင်းကို ဘေးမှာ ချထားတယ်။ ရွာသားတွေက စဉ်းစားတယ်။ ဒီလောက် အသံသာယာနေတာ ဘာလေးဘာလိမ့်။ အဲဒီတော့ မေးတယ်။ ဒါ ဘာလေးလဲပေါ့။ အမျိုးသားကလည်း ဒါ ခရုသင်းခေါ်တယ်။ အသံသာသာလေး ထွက်နေတာလည်း ဒီခရုသင်းပဲလို့ ပြောလိုက်တယ်။ အဲဒီအခါမှာ ရွာသားတွေဟာ ခရုသင်းကို ပက်လက်ချထားကြည့်တယ်၊ မှောက်ခုံထားကြည့်တယ်၊ ဘယ်ညာစောင်းကြည့်တယ်၊ တုတ်နဲ့ရိုက်ကြည့်တယ်၊ ဓားနဲ့ခုတ်ကြည့်တယ်၊ ..အို ခရုသင်း အသံထွက်ပါလော့၊ အသံထွက်ပါလော့-လို့ ပြောကြည့်တယ်။ အသံက ထွက်မလာဘူး…
အဲဒီတော့ အမျိုးသားက စဉ်းစားတယ် - ဒီရွာသားတွေဟာ တော်တော်မိုက်မဲကြပါလား၊ ခရုသင်းအသံကိုများ ဘာဖြစ်လို့ လိုက်ရှာနေကြပါလိမ့်-လို့ပေါ့။ အဲဒီလို စဉ်းစားပြီး ခရုသင်းကို ကောက်ယူ၊ မှုတ်ပြလိုက်ပြီး ထွက်သွားခဲ့တယ်။

နောက်ပိုင်းတော့ ရွာသားတွေဟာ -အော် ခရုသင်းဆိုတာ မှုတ်သူရယ်၊ မှုတ်ခြင်းရယ်၊ လေရယ် သုံးမျိုးပေါင်းမှ အသံမြည်တာပါလား-လို့ သဘောပေါက်လာခဲ့ကြတယ်။ မြို့စားကြီး သင်ဟာလည်း ဒီရွာသားတွေလိုပါပဲလား။ ခန္ဓာကိုယ်ဆိုတာ အသက်၊ ကိုယ်ငွေ့နဲ့ ၀ိညာဏ်တို့ပေါင်းတဲ့အခါ အာရုံငါးပါးက အသက်ဝင်လာတယ်။ လှုပ်ရှားလာတယ်။ အဲဒီသုံးခု မရှိတော့ဘူးဆိုရင် ဘာအသက်ဝင်မှု၊ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး။ ဒီတော့ သင့်အယူအဆတွေကို ပြောင်းလိုက်ပါတော့”

“မပြောင်းနိုင်ပါဘူး အရှင်။ ကျွန်ုပ် သုတေသနတွေ လုပ်ထားတာ ရှိပါသေးတယ်”

“ကဲ ရှိသေးရင်လည်း ပြောပါ”

မြို့စားကြီး၏ သုတေသန (၇)

“အထက်မှာ ဆိုခဲ့သလိုပဲ။ သေဒဏ်ပေးခံရတဲ့ သူခိုးကို အရေထူတွေ ခွါတယ်၊ အသက်ဆိုတဲ့ကောင်ကို မတွေ့ဘူး။ အရေပါးတွေ ခွါတယ်၊ မတွေ့၊ အသားတွေ လှီးတယ်၊ မတွေ့၊ အရိုးတွေကို တစ်စစီ ပိုင်းကြည့်တယ်၊ ချဉ်ဆီတွေ ထုတ်ကြည့်တယ်၊ ဘာအသက်မှ မတွေ့ဘူး။ ဒီလောက်ရှာနေတာတောင် မတွေ့မှတော့ မရှိလို့ပေါ့”

မြို့စားကြီး လက်ထက် သေဒဏ်အပေးခံရသူများမှာ မသက်သာလှပါ။ မြို့စားကြီး၏ သုတေသနခန်းထဲ ရောက်သွားရသည်ချည်း ဖြစ်ပေလိမ့်မည်။ ကြံကြံဖန်ဖန်လည်း လုပ်တတ်ပါပေတယ်ဟု တွေးမိပါသည်။ ဤနေရာတွင် အရေးကြီးသောအရာတစ်ခု ရှိပါသည်။ မြို့စားကြီးလုပ်နေသည့်ပုံမှာ ဟိန္ဒူဝါဒအဆိုများကို ကန့်ကွက်ဖို့ ဖြစ်ပုံရပါတယ်။ ဟိန္ဒူဝါဒအရ “လူ့ခန္ဓာကိုယ်ထဲတွင် ဟိုဘ၀သည်ဘ၀ ပြေးသွားတတ်သော အတ္တ-၀ိညာဏ်-အသက်ကောင်ကလေး ရှိနေသည်၊ ခန္ဓာကိုယ် ပျက်စီးသော်လည်း ထိုအကောင်ကလေးက မပျက်မစီး အမြဲတည်နေသည်”ဟု ဆိုသည်။ ထိုအဆိုကို မှားကြောင်း သက်သေပြနေသည်ဟု ထင်မိသည်။ ဗုဒ္ဓ၀ါဒအရကား အသက်ကောင်လေးကြောင့် နောက်ဘ၀စသည် ပြေးလွှားနေခြင်း မဟုတ်ပေ။ သတ္တ၀ါတို့ ပြုခဲ့သမျှ အကောင်းအဆိုးကံများ၏ သတ္တိ(အဟုန်)အတိုင်း သံသရာတွင် ပြေးလွှားကျင်လည်နေကြရခြင်း ဖြစ်သည်။ ထိုကဲ့သို့ မတူညီသော်လည်း ဗုဒ္ဓ၀ါဒက နောက်ဘ၀စသည်ကို လက်ခံထားသည်ဖြစ်ရာ သွယ်ဝိုက်ပြီး ဆက်စပ်သကဲ့သို့ ဖြစ်နေရလေသည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၀)

“မြို့စားကြီး သင် ဘယ်လောက် အဆင်အခြင် မဲ့တယ်ဆိုတာကို သဘောပေါက်ပါတော့။ သင်ဟာ မီးလုပ်ကျွေးတဲ့ရသေ့ရဲ့ မွေးစားသားလိုပဲ မိုက်မဲလိုက်တာ”

“ဘယ်လို မီးလုပ်ကျွေးတဲ့ရသေ့လဲ”

“တောအုပ်တစ်ခုမှာ မီးလုပ်ကျွေးတဲ့ ရသေ့တစ်ပါးရှိတယ်။ တစ်နေ့မှာ တောထဲမှာ စွန့်ပစ်ခံရတဲ့ ကလေးတစ်ယောက်ကို ကောက်ယူမွေးစားလိုက်တယ်။ တစ်နေ့မှာ မြို့ကို တက်ပြီး လုပ်စရာကိစ္စပေါ်လာတယ်။ ဒီတော့ သူ့သားကို - ချစ်သား…ဖခင်မြို့ကို သွားစရာရှိတယ်။ ဒီတော့ မီးကို မငြိမ်းအောင် လုပ်ထားပါ။ ရော့ ဒီမှာ ပဲခွပ်(ပုဆိန်ကဲ့သို့ ထင်းခွဲစရာလက်နက်)၊ ဒီမှာ ထင်း၊ ဒီမှာ မီးပွတ်ခုံ…ဒါတွေနဲ့ မီးကို မငြိမ်းအောင် စောင့်ရှောက်ပါ-ဆိုပြီး ထားခဲ့ပါတယ်။ ရသေ့ကြီးသွားပြီးနောက်မှာ ကလေးက ဆော့ကစားရင်း မီးက ငြိမ်းသွားတယ်။ ဒါနဲ့ မီးမွှေးမယ်ဆိုတော့ မီးက ရှာလို့ မတွေ့ဘူး။ ဒီတော့ ကလေးက စဉ်းစားတယ်။ - ရသေ့ကြီးက မီးမငြိမ်းအောင် ဒါတွေကို ပေးခဲ့တယ်၊ ဒါတွေထဲမှာ မီးရှိမှာ သေချာတယ်-လို့ တွေးပြီး မီးပွတ်ခုံကို ပဲခွပ်နဲ့ အစိတ်စိတ်အမွှာမွှာ ခွဲပါတယ်၊ နောက်ဆုံးမရတော့ မီးပွတ်ခုံကို အမှုန့်ဖြစ်အောင် ထောင်းပါတော့တယ်။ ဘယ်လို ခွဲခွဲ မီးကိုတော့ မရခဲ့ပါဘူး။ ရသေ့ကြီး ပြန်ရောက်လာတော့ မီးကလည်း ငြိမ်းနေပြီ။ မီးပွတ်အစုံကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီ။ -တော်တော် မိုက်မဲတဲ့ ကလေးပါလား၊ မသိတတ်လေတကား -လို့ ရသေ့ကြီးက စဉ်းစားပါတယ်။

စဉ်းစားပြီး - ချစ်သား မသိတတ်၊ မလိမ္မာသော လူမိုက်တွေဟာ မီးကို ရှာကြတယ်။ ပညာရှိပြီး တတ်သိနားလည်သူတွေကတော့ မီးကို မရှာကြဘူး-လို့ ဆိုပါတယ်။

မြို့စားကြီး ဒီဥပမာလိုပဲ သင့်အနေနဲ့လည်း အဆင်ခြင်ကင်းမဲ့စွာ အသက်ကို ရှာနေလိုက်တာ။ သင့်အယူအဆတွေကို စွန့်လွှတ်လိုက်ပါတော့”

အထက်ပါ စကားရပ်များတွင် မီးကိုလုပ်ကျွေးသော ရသေ့ဆိုသည်မှာ ထိုခေတ်အခါက အိန္ဒိယတွင် မီးကို တစ်သက်တာလုံး မငြိမ်းအောင် လေ့ကျင့်အားထုတ်ကြသော ရသေ့များ ဖြစ်ပါသည်။ သူတို့သည် မီးကို တစ်သက်လုံး မငြိမ်းစေဘဲ မီးနတ်ကို ပူဇော်ကြခြင်း ဖြစ်သည်။ တစ်ဖန် အရှင်ကုမာရကဿပစကားတွင် မြို့စားကြီးကို ခပ်နာနာပြောလိုက်သော စကားများကိုလည်း တွေ့လာရသည်။

အရှင်ကုမာရကဿပက အထက်ပါအတိုင်း ပြောလိုက်သောအခါ မြို့စားကြီးက သူ့တွင် သုတေသနတွေ လုပ်ထားကြောင်း၊ ထိုသုတေသနတွေကြောင့် သူ့အယူအဆကို မပြောင်းနိုင်ကြောင်းကား မပြောတော့ပါ။ သို့ရာတွင် မြို့စားကြီးက….
“အရှင်ကုမာရကဿပ … သင် ဘယ်လိုပြောပြော ကျွန်ုပ်ကတော့ ဒီအယူအဆကို မစွန့်နိုင်ပါဘူး”

“ဘယ်လို ဖြစ်လို့လဲ မြို့စားကြီး”

“ကျွန်ုပ် တမလွန်ဘ၀မရှိဘူးလို့ ယူဆတာ၊ ကုသိုလ်အကုသိုလ် အကျိုးမရှိလို့ ယူဆတာတွေကို ပသေနဒီကောသလမင်းကြီးလည်း သိတယ်။ အခြားတိုင်းတစ်ပါး မင်းတွေလည်း သိတယ်။ ဒါကြောင့် ဒီအယူကို မစွန့်နိုင်ပါဘူး။ နောက်ပြီးတော့ ကျွန်ုပ်ယူဆသလို ယူဆနေသူတွေ အများကြီးရှိတယ်။ ကျွန်ုပ်က ဒီအယူကို စွန့်လိုက်ရင် -မြို့စားကြီးတော့ အယူပြောင်းသွားပြီ၊ မှားနေတဲ့အယူကို ယူမိသွားပြီ-လို့ အပြစ်တင်ကြလိမ့်မယ်။ ဒါကြောင့်လည်း ကျွန်ုပ်အယူအဆကို မပြောင်းနိုင်ပါဘူး။

နောက်ပြီး အရှင့်စကားတွေကို အန်တုချင်သေးတယ်၊ အရှင်နဲ့ ပြိုင်ဘက်ဖြစ်ချင်သေးတယ်။ ဒါကြောင့်လည်း ကျွန်ုပ်အယူအဆတွေကို မစွန့်နိုင်ပါဘူး”ဟု ဆိုလေသည်။

မြို့စားကြီး ပြောလိုက်သော ဤစကားများကို သဘောကျမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ခေတ် လူ့ပတ်ဝန်းကျင်တွင်လည်းကောင်း၊ ကျွန်ုပ်တို့ ကိုယ်တိုင်သော်လည်းကောင်း ထိုကဲ့သို့ သဘောထားလေးများ ရှိနေတတ်သောကြောင့် ဖြစ်ပါသည်။ တခါတရံ တစ်ဖက်လူ ပြောလိုက်သောစကားများမှာ သဘာဝကျသည်၊ မှန်သည်။ သို့ရာတွင် အများအလယ်တွင် လွယ်လွယ်အရှုံးပေးလိုက်သူဟု ကင်ပွန်းတပ်ခံရမှာ ကြောက်သဖြင့် ပေခံနေတတ်ကြပါသည်။ တစ်ဖက်လူကို အရှုံးမပေးချင်သဖြင့်လည်း မျက်စိမှတ်ငြင်းဆိုနေတတ်ကြပါသည်။ ဤသည်မှာ လူ့သဘာဝတစ်မျိုးဖြစ်သည်ဟု ဆိုနိုင်သော်လည်း အလွန်အကျွံ “ဘူး”ခံနေလျှင်ကား ကောင်းသည့်သဘောထားတော့ မဟုတ်ပါလေ။

ဆက်လက်ဖော်ပြပါမည်....

Monday, August 30, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၄)



မြို့စားကြီး၏ သုတေသန (၄)

သေတဗျမြို့သူမြို့သားများ တဖြည်းဖြည်း ပိုမို စည်ကားလာသည်။ မြို့စားကြီးနှင့်အရှင်ကုမာရကဿပတို့ အယူအဆရေးရာများ အပြိုင်အဆိုင် ပြောဆိုနေကြောင်း သေတဗျမြို့နယ်တစ်ဝိုက်ကို တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။ များပြားလှသော ပရိသတ်များမှာ ဆူညံမှုမရှိဘဲ တိတ်ဆိတ်စွာ နားစိုက်နေခဲ့ကြလေသည်။ တိတ်ဆိတ်မှုများထဲမှ ပါယာသိမြို့စားကြီး၏ သြဇာပြည့်ဝသော အသံက ပေါ်ထွက်လာခဲ့ပြန်သည်။

“အရှင်..ကျွန်ုပ်အယူအဆကို မပြောင်းနိုင်သေးပါ။ ကျွန်ုပ်လေ့လာထားသည်များ ရှိပါသေးတယ်။ တစ်ခါက သေဒဏ်အပေးခံရတဲ့ သူခိုးတစ်ယောက်ကို စဉ်းအိုးထဲမှာ ထည့်၊ စဉ်းအိုးကို အလုံပိတ်ပြီး အပြင်ကနေ မီးတိုက်ခိုင်းပါတယ်။ မီးတိုက်နေတဲ့အချိန်မှာ ကျွန်ုပ်က အပြင်ကနေ စောင့်ကြည့်နေပါတယ်။ အဲဒီစဉ်းအိုးထဲကနေ အသက်ဆိုတဲ့ အကောင် ထွက်သွားတာကို မမြင်မတွေ့ရပါဘူး။ ဒါကြောင့် တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ ပြနေတာပါပဲ”

ဤနေရာတွင် အသက်ဆိုတဲ့အကောင် ထွက်သွားတာကို မတွေ့ရဘူးဆိုသော စကားသည် ထိုခေတ်အခါက လူအများစု ယုံကြည်နေသော အတ္တ၀ါဒ အငွေ့အသက်ပင် ဖြစ်သည်ဟု ထင်ပါသည်။ အတ္တ၀ါဒအရ အတ္တဟူသော အကောင်ကလေး၊ ၀ိညာဏ်ကလေးသည် သတ္တ၀ါသေသည့်အခါ တစ်ဘ၀မှ တစ်ဘ၀သို့ ကူးပြောင်းကျင်လည်နေသည်ဟု ယုံကြည်ကြသည်။ ထိုအတ္တဟူသောအကောင်ကို တွေ့လျှင် “နောက်ဘ၀ရှိတယ်၊ နောက်ဘ၀ကို ကူးတယ်”ဟု ယုံကြည်နိုင်စရာ ရှိပါသည်။ ထို့ကြောင့် မြို့စားကြီးအနေဖြင့် “အတ္တ၊ အသက်၊ ၀ိညာဏ်ဟူသော ကူးတတ်သောအရာမရှိလျှင် အကူးခံရနိုင်သော တမလွန်ဘ၀မရှိ”ဟု ဆုံးဖြတ်ကောက်ချက်ချလိုက်ပုံ ရပါသည်။

သို့ရာတွင် အရှင်ကုမာရကဿပကား ဤပွိုင့်(ပါယာသိမြို့စားကြီး၏အားနည်းချက်)ကို ထောက်ပြဝေဖန်ခြင်း မပြုခဲ့ပါ။ အခြားဥပမာတစ်မျိုးဖြင့် ပြောပြခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၇)

“မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောအုံးမယ်။ သင် ကြိုက်သလို ဖြေပါ”

“ကောင်းပါပြီ၊ မေးပါ”

“သင် အိပ်တဲ့အခါ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဥယျာဉ်တွေ၊ ရေကန်တွေနဲ့ အခြားကြည်နူးစရာလေးတွေကို အိပ်မက်ဖူးသလား”
“မက်ဖူးပါတယ်၊ တစ်နေ့က ဥယျာဉ်ထဲမှာ မောင်းမမိဿံအခြွေအရံတွေနဲ့ ဥယျာဉ်ထဲမှာ နေတုန်း အိပ်မက်မက်တာကို အမှတ်ရပါတယ်”

“သင် အိပ်မက်နေတဲ့အချိန်မှာ အခြွေအရံတွေဟာ သင့်ဘေးမှာ ရှိနေသလား”

“ရှိပါတယ်”

“သင့်ဘေးမှာ ရှိနေတဲ့ အခြွေအရံတွေဟာ သင့် အသက်ထွက်သွားတာ၊ ၀င်သွားတာကို မြင်ရသလား”

“မမြင်ရပါဘူး”

“ဒီလိုဆိုရင် သင်ပြောတဲ့ သူခိုးအသက်ထွက်တာကိုလည်း ဘယ်လိုလုပ် မြင်နိုင်ပါ့မလဲ၊ မြို့စားကြီး … သင့်အယူအဆကို ပြောင်းပါတော့”

“မပြောင်းနိုင်ပါဘူး။ ဒီဥပမာလောက်နဲ့ ကျွန်ုပ်အယူအဆကြီးကို ပြောင်းလဲမပစ်နိုင်ပါဘူး။ ကျွန်ုပ်မှာ ပြောစရာအကြောင်းတွေ ရှိပါသေးတယ်”

အရှင်ကုမာရကဿပ၏ ဤဥပမာသည်လည်း မြို့စားကြီးကို မဆွဲဆောင်နိုင်ခဲ့ပါ။ အမှန်အားဖြင့်လည်း အလွန်လေးနက်သော ဥပမာမဟုတ်သေးဟု ထင်မိသည်။ အရှင်ကုမာရကဿပအနေဖြင့် “အိပ်မက်မက်ခြင်းဟူသည် အသက်က အပြင်သို့ ထွက်ပြီး အိပ်မက်နယ်ထဲသို့ သွားရောက်ခြင်းဟု ဆိုလိုနေရော့သလား”ဟုပင် သံသယဖြစ်မိပါသည်။ အမှန်အားဖြင့် အိပ်မက်မက်ခြင်းဟူသည်မှာ အသက်က အပြင်သို့ ထွက်သည် မဟုတ်ပါ။ အိပ်မက်မက်သူ၏ စိတ်အစဉ်တွင် ထင်မြင်မိခြင်းပင် ဖြစ်ပါသည်။

အိပ်မက်ခြင်းအကြောင်းများ

ဤနေရာ၌ သမ္မောဟ၀ိနောဒနီအဋ္ဌကထာနှင့် မဟာနိဒ္ဒေသပါဠိတော် လာ အိပ်မက်မက်ခြင်း အကြောင်း ၆-ပါးကို ဗဟုသုတအဖြစ် ဖော်ပြလိုသည်။ ၎င်းတို့မှာ
(၁) လေဓါတ်ပျက်၍ မက်ခြင်း (၀ါတိက)
(၂) သည်းခြေပျက်၍မက်ခြင်း (ပိတ္တိက)
(၃) သလိပ်ပျက်၍မက်ခြင်း (သေမှိက)
(၄) နတ်တို့ လှည့်ပတ်၍မက်ခြင်း (ဒေ၀တူပ သံဟရတ)
(၅) လေ့ကျက်သုံးဆောင်ဖူး၍ မက်ခြင်း (သမုဒါစိဏ္ဏတ)
(၆) ပုဗ္ဗနိမိတ်ဖြစ်လတ္တံ့ကိုမြင်မက်ခြင်း (ပုဗ္ဗနိမိတ္တ) တို့ဖြစ်ပါသည်။ မိမိတို့ မြင်မက်တတ်သောအိပ်မက်များကို ဂရုစိုက်ကြည့်နိုင်ပါသည်။
အိပ်မက်ကိုလည်း ရဟန္တာများ မမြင်မက်ကြတော့ပါ။ သမ္မောဟ၀ိနောဒနီအဋ္ဌကထာတွင် အိပ်မက်သောအချိန်ကို စိတ်ဝင်စားဖွယ်ရာ တင်ပြထားသည်။

အိပ်မက်မက်ချိန်

အများအားဖြင့် “အိပ်မက် ဘယ်အချိန်မှာ မက်သလဲ”ဟု မေးလျှင် “အိပ်မက်ပါဆို အိပ်နေတဲ့အချိန်မှာ မက်တာပေါ့”ဟု ဖြေကြပေလိမ့်မည်။ အထက်ပါ ကျမ်းဂန်အဆိုအရ မဟုတ်ပါ။ အိပ်နေသောအချိန်မှာ အိပ်မက်မက်သည် မဟုတ်။ ပျော်တစ်ဝက် နိုးတစ်ဝက်၊ သို့မဟုတ် အိပ်မပျော်တပျော် အချိန်တွင် အိပ်မက်ပါသည်။ “မျောက်အိပ်ခြင်းနှင့်တူသော အိပ်ခြင်းမျိုး ရှိနေချိန်တွင် အိပ်မက်သည်”ဟု ဆိုထားသည်။ ခေတ်သစ်သုတေသနသမားများ လေ့လာကြည့်ကြပါကုန်။ ဤနေရာတွင်ကား အိပ်မက်အကြောင်း အဓိက ပြောလိုရင်းမဟုတ်၍ ဤမျှသာ။ ဆိုလိုသည်မှာ အိပ်မက်သည် အရှင်ကုမာရကဿပပြောသကဲ့သို့ အသက်က ၀င်လိုက်ထွက်လိုက် မဟုတ်သည်ကို ဝေဖန်တင်ပြလိုရင်း ဖြစ်ပါသည်။

မြို့စားကြီး၏ သုတေသန (၅)

“အရှင်… အကျွန်ုပ် သုတေသနလုပ်ကြည့်ထားတာ ရှိပါသေးတယ်။ သေဒဏ်ပေးခံရတဲ့ သူခိုးကို ခန္ဓာကိုယ်ကို တစ်ခုမှ အပျက်အစီး မဖြစ်စေဘဲ၊ နည်းနည်းမှ မပွန်းမပဲ့စေဘဲ သတ်ခိုင်းပါတယ်။ ပြီးတော့ အလေးချိန်ကို ချိန်ကြည့်ပါတယ်။ အဲဒီလို ချိန်ကြည့်တော့ မသေခင် (အသက်မထွက်ခင်)က ခန္ဓာကိုယ်က သေပြီးနောက် (အသက်ထွက်ပြီးနောက်) ခန္ဓာကိုယ်ထက် ပိုပေါ့နေတယ်။ သေပြီး(အသက်ထွက်ပြီး)ခန္ဓာကိုယ်က အလေးချိန် အများကြီး ဖြစ်နေတယ်။ ဒါကြောင့်မို့ တမလွန်ဘ၀ဆိုတာ မရှိဘူး”

သာမန်ဖတ်ကြည့်ရင် နားမလည်နိုင်စရာ ဖြစ်နေသည်။ ခန္ဓာကိုယ်အလေးချိန် များသွားခြင်းနှင့် ပေါ့နေခြင်းဖြင့် အဘယ့်ကြောင့် တမလွန်ဘ၀မရှိဟု ယူဆလိုက်ရသနည်း။ မြို့စားကြီး ယူဆပုံမှာ ဤသို့ ဖြစ်ပါသည်။

“မသေခင်က လူ့ခန္ဓာသည် ခန္ဓာကိုယ်နှင့်အသက် နှစ်မျိုးတွဲနေသည်။ သေသောအခါ ခန္ဓာကိုယ် တစ်မျိုးသာရှိပြီး အသက်က မရှိတော့ပါ။ သို့ဖြစ်၍ လေးမည့်လေးလျှင် ခန္ဓာကိုယ်နှင့်အသက် နှစ်မျိုးတွဲနေသော အနေအထားက လေးရပေမည်။ အသက်မရှိတော့သော ခန္ဓာကိုယ်က အလေးချိန် ပိုများစရာ အကြောင်းမရှိချေ။ သို့ဖြစ်၍ ဟိုဘ၀ သည်ဘ၀ ပြေးလွှားကျင်လည်တတ်သော အသက်ကောင်ဟူ၍ မရှိ။ ဟိုဘ၀ သည်ဘ၀ပြေးသွားတတ်သော အသက်ကောင်ဟူ၍ မရှိလျှင် ရှေ့ဘ၀၊ နောက်ဘ၀ဟူ၍လည်း ရှိမည်မဟုတ်”ဟု ကောက်ချက်ချလိုက်ပုံ ရပါသည်။

မြို့စားကြီး၏အတွေးအခေါ်များမှာ ဗုဒ္ဓ၀ါဒသဘောတရားနှင့် အလွန်းဝေးနေပြီး မိမိ ထင်ရာမြင်ရာ တွေးခေါ်ထားချက်များပေါ်တွင် အခြေခံနေသည်ဟု ဆိုရပေမည်။ မည်သို့ဆိုစေ မြို့စားကြီး၏ သူများပြောတိုင်း မယုံတတ်သော စရိုက်နှင့် လက်တွေ့ကျမှ ယုံကြည်တတ်သောစိတ်ဓာတ်မျိုးကိုကား ချီးကျူးရမည်သာ ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်....

Wednesday, August 25, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၃)



အရှင်ကုမာရကဿပ၏ ဥပမာ (၃)

“ကဲ…မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောမယ်၊ ပညာရှိဆိုတာ ဥပမာတွေနဲ့ပြောတဲ့စကားကို သဘောပေါက်ကြတယ်”
ဤတွင် “ပညာရှိဆိုတာ ဥပမာတွေနဲ့ပြောတဲ့စကားကို သဘောပေါက်ကြတယ်”ဟူသော စကားကို သတိပြုစေချင်ပါသည်။ ရှေ့က ဥပမာပေးတော့မည့်အခါမျိုးတွင် ဤစကားရပ်မပါခဲ့ပါ။ တစ်နည်းအားဖြင့် အနည်းငယ် မခံချင်အောင် ထည့်လိုက်သောစကားဖြစ်သည်ဟု ထင်သည်။

“အမိန့်ရှိပါ”

“ယောက်ျားတစ်ယောက်ဟာ မစင်တွင်းထဲကို ကျသွားခဲ့တယ် ဆိုပါစို့။ သူ့ကို မစင်တွင်းကနေ ထုတ်ပြီး အကြိမ်ကြိမ် အထပ်ထပ် ရေချိုးပေးမယ်။ အမွှေးနံ့သာတွေနဲ့ လိမ်းကျံပေးမယ်။ ၀တ်ကောင်းစားလှတွေ ဆင်ယင်ပေးမယ်။ ပြီးတာနဲ့ ပြသာဒ်ကြီးအထက်မှာ စားကောင်းသောက်ဖွယ်တွေ၊ လောကီစည်းစိမ်တွေ ခံစားဖို့ အဆင်သင့်လုပ်ထားတဲ့ဆီကို ခေါ်သွားပြီး ကာမဂုဏ်တွေ ခံစားစေမယ်။ အဲဒီအချိန်မှာ အဲဒီယောက်ျားဟာ မစင်တွင်းကို ပြန်သွားလိုတဲ့ စိတ်ဆန္ဒ ရှိအုံးမလား”

“မစင်တွင်းဆိုတာ ညစ်ပတ်စုတ်ပဲ့တဲ့နေရာပဲ။ အခုနေနေရတာက စင်ကြယ်သန့်ရှင်းပြီး ခံစားစရာ ကာမဂုဏ်အာရုံတွေ ပြည့်နေတဲ့နေရာဖြစ်တော့ မစင်တွင်း ပြန်သွားချင်တဲ့စိတ် ဘယ်လိုလုပ် ရှိတော့မလဲ”

“ဟုတ်တယ်၊ မြို့စားကြီး..ဒီဥပမာလိုပဲ ကောင်းရာကောင်းကျိုးတွေ လုပ်ဆောင်ပြီး နတ်ပြည်ရောက်သွားတဲ့သူဆိုတာလည်း ဒီလိုပဲပေါ့။ လူ့အဖြစ်ဆိုတာ နတ်တွေအတွက်တော့ ရွံရှာဖွယ်ဖြစ်တယ်၊ ညစ်ညမ်းတယ်။ ဒါကြောင့် နတ်ပြည်ကနေ သင့်ဆီလာပြီး ဘယ်လိုလုပ် ပြန်လာပြောချင်စိတ် ရှိပါတော့မလဲ၊ ဒါကြောင့် သင့်အယူအဆကို ပြောင်းလိုက်ပါတော့။ တမလွန်ဘ၀ရှိတယ်လို့ ယုံကြည်လိုက်စမ်းပါ”
“တမလွန်ဘ၀ရှိတယ်လို့ မယုံကြည်နိုင်ပါ။ ကျွန်ုပ်မှာ အကြောင်းပြစရာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

မြို့စားကြီး၏ သုတေသန (၃)

ဤနေရာတွင် ပြောကြားသော မြို့စားကြီး၏စကားမှာ ရှေ့တွင် ဆိုခဲ့သောစကားနှင့် သိပ်မထူးခြားလှပါ။ ရှေ့စကားရပ်တွင် ကောင်းမှုကုသိုလ်များ လုပ်ဆောင်ပြီး သေသူသည် နတ်ပြည်သို့ ရောက်နိုင်သည်ဟု ဆိုသော်လည်း သူနတ်ပြည်ရောက်ကြောင်း သတင်းစကား ပြန်မပြောလာသည်ကို ပြောခဲ့သည်။ ဤတွင်ကား ကောင်းမှုကုသိုလ်များ လုပ်လျှင် အချို့ရဟန်းများက တာဝတိံသာနတ်ပြည်သို့ ရောက်သည်ဟု ဆိုသည်။ နတ်ပြည်ဟူသော သာမညစကားရပ်နှင့် တာဝတိံသာဟူသော ၀ိသေသစကားရပ်သာ ကွာခြားပါသည်။ ထုံးစံအတိုင်း ထို့ကြောင့် တမလွန်ဘ၀မရှိဟု ယူဆကြောင်း အရှင်ကုမာရကဿပကို ပြောခဲ့သည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၄)

ယင်းသို့ ပြောကြားချက်ကို အရှင်ကုမာရကဿပက အောက်ပါအတိုင်း ဆက်လက်ရှင်းပြသည်။ ဆွေးနွေးချက်များက တဖြည်းဖြည်း လေးလေးနက်နက် ဖြစ်လာခဲ့သည်။

“မြို့စားကြီး… ဒီလိုဆိုရင် သင်နားလည်အောင် ပြောပြမယ်။ တာဝတိံသာနတ်ပြည်အကြောင်းကို သင် ဘယ်လောက် သိသလဲ”

“မသိပါဘူး”

“သင် မသိရင် ပြောပြမယ်။ တာဝတိံသာနတ်ပြည်ဆိုတာ အဲဒီမှာ ၁-ရက်က လူ့ပြည်သက်တမ်းနဲ့ဆိုရင် နှစ် ၁၀၀-ရှိတယ်။ အဲဒီတော့ တာဝတိံသာကို ရောက်သွားတဲ့သူဟာ ငါတော့ ၂-ရက်၊ ၃-ရက်လောက် နတ်စည်းစိမ်ခံစားလိုက်အုံးမယ်။ ပြီးမှ လူ့ပြည်က ပါယာသိမြို့စားကြီးဆီ သွားပြီး အကြောင်းကြားလိုက်မယ်လို့ စိတ်ကူးပြီး ၂-ရက်၊ ၃-ရက် စည်းစိမ်ခံစားပြီး သင့်ဆီ လာပြောလို့ ဖြစ်ပါ့မလား”

“မဖြစ်ပါဘူး။ သူ ၁-ရက်လောက် နတ်စည်းစိမ်ခံစားလိုက်ရင် ကျွန်ုပ်က သေလွန်ပြီး ဖြစ်နေပါလိမ့်မယ်”

“ဒီလို သိရင် တမလွန်ဘ၀မရှိဆိုတဲ့ အယူအဆကို စွန့်လွှတ်လိုက်ပါတော့”

“မစွန့်လွှတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရှင်က တာဝတိံသာနတ်တွေရဲ့ ၁-ရက်က လူ့ပြည်သက်တမ်းနဲ့ နှစ် ၁၀၀-ရှိတယ်လို့ ပြောနေတယ်။ အဲဒါလို ရှိတယ်လို့ ဘယ်သူက ပြောတာလဲ။ သူများပြောတိုင်း မယုံတတ်ပါ။ လက်တွေ့ဖြစ်မှသာ ယုံပါမယ်”

အရှင်ကုမာရကဿပ၏ ဥပမာ (၅)

“အော် သင်က လက်တွေ့ပြမှ လက်တွေ့သိမှသာ အရှိတရားကို လက်ခံမယ်ဆိုတဲ့သဘောလား”

“ဟုတ်ပါတယ်… ကျွန်ုပ်က ကိုယ်တိုင် ယုံကြည်နိုင်လောက်တဲ့ အတွေ့အကြုံမျိုးရှိမှ လက်ခံတတ်ပါတယ်”

“ဒါဆိုရင် သင့်ကို ဥပမာတစ်ခု ပြောပြမယ်။ အမိဝမ်းထဲမှာကတည်းက ကန်းနေတဲ့ သူတစ်ယောက်ရှိတယ်ဆိုပါစို့။ သူဟာ လောကကြီးထဲရောက်လာတော့ အဖြူ၊ အနီ၊ အစိမ်း…စသည်ကို ဘာမှန်း မသိနိုင်တော့ဘူး။ မြင်နိုင်စွမ်းကလည်း သူ့မှာ မရှိဘူး။ တစ်နေ့တော့ တစ်ယောက်ယောက် ဒါက အနီရောင်၊ ဒါက အပြာရောင်လို့ လာပြောမယ်။ အဲဒီအချိန်မှာ သူက အနီဆိုတာ မရှိပါဘူး၊ အပြာဆိုတာ မရှိပါဘူးလို့ ပြောမယ်။ သင်လက်ခံမလား”

“လက်မခံပါဘူး။ အနီ..အပြာအရောင်တွေဟာ တကယ်ရှိနေတာပဲ”

“အေး…ဒီလိုဆိုရင် သင်ဟာ ၀မ်းတွင်းကန်းပဲ။ သင်ဟာ သင့်မျက်စိနဲ့ မမြင်ရတိုင်း မရှိဘူးလို့ ပြောနေတယ်။ ဒါဟာ ၀မ်းတွင်းကန်းသူနဲ့ ဘာမှ မထူးခြားဘူး။ နတ်ပြည်ဗြဟ္မာ့ပြည်ဆိုတာတွေဟာ မံသစက္ခုဆိုတဲ့ သာမန်မျက်စိနဲ့ မြင်ရတာတွေ မဟုတ်ဘူး။ ထိုက်သင့်တဲ့ အကျင့်တွေကို ကျင့်ပြီး ဒိဗ္ဗစက္ခုလို့ဆိုတဲ့ အရာအားလုံးကို အတားအဆီးမရှိ မြင်နိုင်တဲ့ မျက်စိနဲ့မှသာ တွေ့မြင်နိုင်တာ ဖြစ်တယ်။ သင်ဟာ ၀မ်းတွင်းကန်းလို မပြောပါနဲ့လား။ သင့်အယူအဆကို ပြောင်းလိုက်ပါတော့”

တမလွန်ဘ၀ပြဿနာစကားဝိုင်းက အနည်းငယ် ပြင်းပြင်းထန်ထန် ဖြစ်လာခဲ့သည်။ အရှင်ကုမာရကဿပကလည်း စကားလုံးခပ်ပြင်းပြင်းများဖြင့် ဥပမာများ တန်ဆာဆင်ကာ ပြောသည်။ မြို့စားကြီးကလည်း အားမနာတမ်း တုန့်ပြန်ပြောဆိုသည်။ အရှင်ကုမာရက အထက်ပါအတိုင်း ပြောကြားသည့်အခါ မြို့စားကြီးက အောက်ပါအတိုင်း ဆက်လက် ချေပသည်။

မြို့စားကြီး၏ ချေပချက်

“အရှင်က ဒီလိုပြောရင် ကျွန်ုပ်ကလည်း ပြောစရာ ရှိပါတယ်။ အရှင်တို့ ရဟန်းတွေ အကျင့်သီလတွေကို စောင့်ထိန်းကြတယ်။ ကောင်းမှုတွေ အများကြီး ပြုကြတယ်။ သေလို့ ရှိရင် ဒီဘ၀ထက် အစစအရာရာ သာလွန်တဲ့ နတ်ပြည်ဗြဟ္မာ့ပြည်ကို ရောက်နိုင်တယ်ပေါ့။ အဲဒီလို ရောက်ပြီး နတ်စည်းစိမ်ဗြဟ္မာမင်းစည်းစိမ်တွေ ခံစားလို့ ရတယ်ပေါ့။ ဒီလို ပိုမိုကောင်းမြတ်တဲ့ နတ်စည်းစိမ်ဗြဟ္မာ့စည်းစိမ်တွေ ခံစားရမယ်မှန်း ကျိန်းသေ သိတယ်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေလိုက်ကြပါလား။ အရှင်တို့ ဒီလောက် သေချာနေမှတော့ လူ့ဘ၀ရဲ့ ခက်ခက်ခဲခဲ ရုန်းကန်လှုပ်ရှားနေရတာတွေကို စွန့်လိုက်ကြပါလား၊ မသေချာလို့ ကိုယ်ကိုကိုယ် သတ်မသေရဲကြတာပေါ့။ ကိုယ့်ကိုကိုယ် သတ်သေတယ်ဆိုတာ လွယ်လွယ်လေးပါ။ အဆိပ်သောက်ပြီးလည်း သေနိုင်တယ်။ ဓားနဲ့ကိုယ့်ကိုကိုယ် ခုတ်ပြီးတော့လည်း သေနိုင်တယ်၊ ကြိုးဆွဲချပြီးလည်း သေနိုင်တယ်။ ချောက်ကမ်းပါးကနေ ခုန်ချပြီးတော့လည်း သေနိုင်တာပဲ။ အခု အရှင်တို့ သမဏတွေထဲက ဘယ်သူတွေ အဲဒီလို သတ်မသေကြတာလဲ။ နတ်ပြည်ဗြဟ္မာ့ပြည်ရောက် မရောက် သေသေချာချာ မသိလို့သာ မသေကြတာပေါ့။ ဒါကြောင့်ပဲ ကျွန်ုပ်က တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ ယုံကြည်နေတာပါ”

မြို့စားကြီး၏ ဤသို့သော ပြောဆိုချက်နှင့် ခပ်ဆင်ဆင် စကားမျိုးကို ရှရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းလ်ကလည်း ပြောဆိုဖူးလေသည်။ သူက “ဂေါတမဗုဒ္ဓဟာ လောကကြီးဟာ ဒုက္ခသစ္စာအတုံးအခဲကြီးလို့လည်း ပြောသေးတယ်။ ကိုယ့်ကိုကိုယ်ကျတော့ သတ်မသေဘူး”ဟု ဆိုသည်။ သူ့စကားအတိုင်းပင် တော်လ်စတွိုင်းသည် နောင်အခါ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့လေသည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၆)

“သင်က ဒီပြောတော့ ဥပမာတစ်ခု ထပ်ပြောရတာပေါ့။ ယောက်ျားတစ်ဦးမှာ မယား ၂-ယောက်ရှိတယ်။ မယားတစ်ယောက်မှာက ၁၀-နှစ်၊ ၁၂-နှစ်အရွယ် သားတစ်ယောက်ရှိတယ်။ နောက်မယားတစ်ယောက်မှာက ကိုယ်ဝန်လွယ်ထားရတယ်။ တစ်နေ့မှာ သားလေးက အမွေပေးဖို့ ပြောလာတယ်။ သားလေးကို အမွေပေးလိုက်ရင် ကိုယ်ဝန်သည်မိခင်မှာ ဘာခံစားခွင့်မှ မရှိတော့ဘူး။ သားရဲ့ မိခင်တစ်ယောက်ပဲ ခံစားခွင့်ရှိတယ်။ အဲဒီတော့ ကိုယ်ဝန်သည်မိခင်က -သူ ကလေးမွေးပြီးတဲ့အထိ စောင့်ပါအုံး၊ သားလေးမွေးရင် အမွေကို တစ်ယောက်တစ်ဝက်စီ ခွဲယူရမယ်။ သမီးမွေးခဲ့ရင် သားလေးရဲ့ အခိုင်းအစေအဖြစ် ပေးမယ်-လို့ ဆိုပါတယ်။ ဒါပေမယ့် သားဖြစ်သူက အမွေကို အခုပဲ ပေးဖို့ အတင်းပြောနေတယ်။ ဒါနဲ့ ကိုယ်ဝန်သည်မိခင်ဟာ ဓားနဲ့မိမိဗိုက်ကို ခွဲပြီးတော့ သားလေးလား၊ သမီးလေးလား ကြည့်တယ်။ ဒါပေမယ့် မွေးဖွားချိန်ကို မစောင့်နိုင်ဘဲ ဒီလိုလုပ်လိုက်တော့ ဒီဓားဒဏ်ရာနဲ့ပဲ သေဆုံးသွားရတယ်”

“တော်တော်အသိဉာဏ်မရှိတဲ့ အမျိုးသမီးလို့ ဆိုရမှာပေါ့”

“ဟုတ်တယ်။ အသိဉာဏ်မရှိတဲ့ အမျိုးသမီးပဲ။ ဒါပေမယ့် ငါတို့ ရဟန်းတွေဟာ နောက်ဘ၀မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့အခြေအနေရှိနေတာကို သိပေမယ့် အချိန်အခါကို သိလို့ ကိုယ့်ကိုကိုယ် သတ်မသေကြဘူး။ မိမိတို့ ရရှိထားတဲ့ အသိဉာဏ်ပညာနဲ့ လူ့လောကကောင်းကျိုးတွေ အများကြီး သယ်ပိုးပေးတယ်။ အချိန်အခါစေ့လို့ (သေချိန်တန်လို့) သေရတဲ့အခြေအနေ၊ အချိန်အခါအထိ စောင့်ကြတယ်။ ဒါကြောင့် သတ်မသေကြတာပါ။ အခုတော့ သင်က အချိန်မစေ့သေးဘဲ ဗိုက်ခွဲတဲ့ အမျိုးသမီးလိုပဲ မိုက်မဲတဲ့အတွေးမျိုးကို တွေးနေတယ်။ မြို့စားကြီး သင့်အယူအဆကို ပြောင်းလိုက်ပါတော့”

အရှင်ကုမာရကဿပက ထိုကဲ့သို့ ပြောသော်လည်း မြို့စားကြီး ပါယာသိမှာ နည်းနည်းမှ ဖြုံပုံမရဘဲ သူစမ်းသပ်ခဲ့သော သုတေသနများကို ဆက်လက်ပြောကြားခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်.....

Saturday, August 21, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၂)



အရှင်ကုမာရကဿပ၏ ဥပမာ (၁)

“ကဲ…မြို့စားကြီး…ဒါဆိုရင် သင့်ကို ဥပမာတစ်ခု ပြောမယ်။ လ၊ နေတွေဟာ တကယ်ရှိသလား”

“ရှိတာပေါ့”

“ဒီလောကမှာ ရှိတာလား။ တခြားလောကမှာ ရှိတာလား”

“တခြားလောကမှာ ရှိတာပေါ့”

“လ၊ နေတွေဟာ လူတွေလား၊ နတ်တွေလား”

“လူတွေ မဟုတ်ပါဘူး၊ နတ်တွေပါ”

“ဒါဆိုရင် တမလွန်ဘ၀ဆိုတာ မရှိဘူးလို့ မယူဆလိုက်ပါနဲ့၊ ရှိတယ်လို့ ယူလိုက်ပါ”

“ဒီဥပမာလေးနဲ့ ကျွန်ုပ်အယူအဆတွေကို မပြောင်းနိုင်ပါဘူး။ အသင် ဒီလို ပြောလည်း ကျွန်ုပ်အယူအဆကတော့ မပြောင်းပါဘူး။ အရင်အတိုင်းပဲ ယူဆနေဆဲပါ”

ဤဥပမာတွင် စဉ်းစားစရာ အချို့ ရှိပါသည်။ အရှင်ကုမာရကဿပအနေဖြင့် ပါယာသိလို ပညာရှင်မြို့စားကြီးကို မပြောပလောက်သော ဥပမာလေးဖြင့် အယူဝါဒကြီးတစ်ခုလုံးကို အဘယ့်ကြောင့် ပြောင်းခိုင်းပါသနည်း။ နောက်ထပ် တင်ပြလာသော စကားအခြေအတင်ပြောပုံများကို ကြည့်၍ အရှင့်အနေဖြင့် အလွယ်မှ အခက် တဖြည်းဖြည်း ပြောပြသွားလိုပုံရသည်ဟု ယူဆမိပေသည်။

တစ်ဖန် လ၊ နေ တို့သည် အာရုံငါးပါးတွင် စက္ခု(မျက်စိ)ဖြင့် မြင်တွေ့နိုင်သောအရာများသာ ဖြစ်နေသည်။ သို့ဖြင့်၍ အာရုံငါးပါးနဲ့ ထိတွေ့လို့ရမှ အမှန်ဟု ယူဆထားသော ပါယာသိအတွက် မဖြုံလောက်သော ဥပမာတစ်ရပ်ပင် ဖြစ်နေပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လ၊နေတို့သည် အာရုံငါးပါးတွင် ရူပါရုံစက်ကွင်းမှ မလွတ်နိုင်သေးသောကြောင့် ဖြစ်ပါသည်။ စကားကို ကပ်သီးကပ်သပ် တွေးပြီး ပြောတတ်သော ပါယာသိသည် ဤအချက်ကို အဘယ့်ကြောင့် မထောက်ပြခဲ့သလဲဆိုသည်ကို စဉ်းစားမရနိုင် ဖြစ်မိပါသည်။

တစ်ဖန် “လ၊ နေတို့ကို လူတွေ မဟုတ်ပါဘူး၊ နတ်တွေပါ”ဟု ပြောသော ပါယာသိစကားကိုလည်း အရှင်ကုမာရက မည်သို့မျှ ပြန်မပြောခဲ့ပါ။ စာရေးသူ တို့ပြခဲ့သော ဤအချက်များမှာ သူတို့ဆိုလိုသော ပွိုင့်(အကြောင်းအရာ)မဟုတ်သဖြင့် မေးခွန်းထုတ်ခြင်း၊ ထပ်မံရှင်းပြခြင်း မပြုလုပ်ခဲ့ဟု ဆိုလျှင် ရနိုင်ကောင်းပါသည်။ အမှန်မှာ လ၊ နေတို့သည် နတ်များလည်း မဟုတ်ကြပါ။ စကြာဝဠာအနန္တအတွင်းမှ ကမ္ဘာတစ်ခုစီသာ ဖြစ်ကြပါသည်။

ပါယာသိ မြို့စားကြီး၏ လက်တွေ့ သုတေသန (၁)

“ကျွန်ုပ်အနေနဲ့ တမလွန်ဘ၀ မရှိဘူးလို့ ယူဆရတဲ့အကြောင်းတွေထဲက လက်တွေ့ သုတေသနလုပ်ထားတာလေးကို အရှင့်ကို ပြောပြမယ်”

“ထူးဆန်းလှချည်လား ပါယာသိ….၊ ဘယ်လိုများ သုတေသနတွေ လုပ်ထားလဲ…၊ ပြောပါ”

“ငါးပါးသီလလေးကိုမှ မစောင့်ထိန်းနိုင်ရင်၊ စိတ်ဓာတ်ကောင်းတွေ မမွေးမြူနိုင်ရင်၊ အယူမှားရင် နောက်ဘ၀မှာ အပါယ်ငရဲ ကျမယ်လို့ အရှင်တို့ ဟောကြတယ် မဟုတ်လား”

“ဟုတ်ပါတယ်၊ ဟောပါတယ်”

“ကျွန်ုပ် သုတေသနအရတော့ ငရဲကို မကျပါဘူး”

“ဘယ်လို” အရှင်ကုမာရ အာမေဋိတ်သံထွက်လာသည်။

“ဒီလိုပါ…၊ ကျွန်ုပ်ဆွေးမျိုးတွေထဲမှာ ငါးပါးသီလကိုလည်း ချိုးဖျက်တယ်၊ စိတ်ဓာတ်ကလည်း ဆိုးမှဆိုး၊ အယူအဆတွေကလည်း မှားနေတဲ့သူ ရှိတယ်။ တစ်နေ့မှာ သူဟာ အပြင်းအထန် ရောဂါဖြစ်တယ်။ သူ တကယ်သေတော့မယ်ဆိုတာကို သိတာနဲ့ ကျွန်ုပ်က သူ့ကို သွားပြောလိုက်တယ်”

“ဘယ်လိုများ သွားပြောလိုက်သလဲ”

“သင် ငရဲရောက်တယ်ဆိုရင် ငရဲမှာ တကယ်ရောက်တဲ့အကြောင်း ကျွန်ုပ်ဆီကို ပြန်လာပြီး အကြောင်းကြားပါလို့ မှာလိုက်ပါတယ်။ သူဟာ ဒီနေ့ထိ ကျွန်ုပ်ဆီကို လာအကြောင်းမကြားပါဘူး”

“ဒါနဲ့ပဲ သင်ဟာ တမလွန်ဘ၀မရှိဘူး၊ ကောင်းဆိုးကံတွေရဲ့ အကျိုးမရှိဘူးလို့ ယူဆလိုက်တာပေါ့”

“ဟုတ်ပါတယ်”

အရှင်ကုမာရကဿပ၏ ဥပမာ (၂)

“ဒီလိုဆိုရင် သင့်ကို ဥပမာတစ်ခု ပြောပြမယ်။ သင့်မြို့နယ်မှာ ပြစ်မှု ထင်ရှားလို့ သေဒဏ်အပေးခံရတော့မယ့် သူခိုးတစ်ယောက်ရှိတယ်ဆိုပါစို့။ သူ့ကို ကြိုးတွေ တုပ်ထားပြီပြီ။ ခေါင်းဖြတ်ပြီး သတ်တော့မယ်။ အဲဒီအချိန်မှာ သေဒဏ်ပေးခံရတဲ့ သူခိုးက တောင်းဆိုတယ် ဆိုပါစို့”

“ဘယ်လို တောင်းဆိုတာလဲ”

“အချင်း သူသတ်ယောက်ျားတို့… ကျွန်ုပ်မှာ ဆွေးမျိုးသားချင်းတွေ ရှိပါတယ်။ ဘယ်လောက် ချမ်းသာပါတယ်။ ပိုက်ဆံရှိပါတယ်။ ဆွေမျိုးသားချင်းတွေနဲ့အတူတကွ သွားနေပြီးမှ ပြန်လာပါ့မယ်။ ပြန်လာမှ သတ်ကြပါလို့ တောင်းဆိုလို့ ရမလား”

“မရပါဘူး။ သူပြောနေတုန်းမှာပဲ သူ့ခေါင်းက ပြတ်ပြီးသွားလောက်ပါပြီ”

“အေး…အဲဒီလိုပဲပေါ့။ သင် မြို့စားကြီးရဲ့ ဆွေမျိုးဟာ ငရဲပြည်ရောက်ပြီး ငရဲသားတွေက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ကြတော့မယ်။ အဲဒီအခါမှာ အချင်း…ငရဲသားတို့ ခဏစောင့်ပါအုံး။ ကျွန်ုပ်မှာ ပါယာသိမြို့စားကြီးဆိုတဲ့ ဆွေမျိုးတစ်ယောက်ရှိပါတယ်။ သူ့ကို စကားအနည်းငယ် သွားပြောချင်ပါတယ်။ ကျွန်ုပ်ပြန်လာမှ ဆက်လက် ညှင်းပန်းနှိပ်စက်ကြပါလို့ ဘယ်လိုလုပ် ခွင့်တောင်းလို့ ရပါ့မလဲ။ ဒါကြောင့် သင့်အယူဝါဒကို ပြောင်းပါလာလော့”

“မပြောင်းနိုင်ပါဘူး”

“ဘာဖြစ်လို့လဲ”

“ကျွန်ုပ်မှာ အခြားပြစရာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

ပါယာသိမြို့စားကြီး၏ သုတေသန (၂)

“အရှင်…ကျွန်ုပ်မှာ နောက်ထပ်ပြစရာ အကြောင်းတွေ ရှိတယ်။ အရှင်တို့ တရားတွေ ဟောတယ်မလား။ ငါးပါးသီလလုံရင် စိတ်ကောင်းရှိရင် နတ်ပြည်တွေ ရောက်တယ်လို့။ ကျွန်ုပ်ဆွေမျိုးတွေထဲမှာ ငါးပါးသီလလည်း လုံတယ်။ စိတ်ကောင်းလည်း ရှိတယ်။ အဲဒီလူဟာ သေလောက်အောင် ရောဂါဖြစ်တယ်။ သူ အသက်မရှင်နိုင်တော့ဘူးဆိုတာ သိတော့ “အမောင်… မင်းနတ်ပြည်ရောက်ရင် နတ်ပြည်ရောက်တဲ့အကြောင်း ငါ့ကို လာပြောပါအုံး”လို့ မှာလိုက်ပါတယ်။ သူဟာ သေပြီးတဲ့နောက်ပိုင်း ကျွန်ုပ်ဆီ ပြန်လာပြီး ဘာမှ အကြောင်းမပြန်ပါဘူး။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ နတ်ပြည်ဆိုတဲ့ တမလွန်ဘ၀ဆိုတာ မရှိလို့ပေါ့။ ကျွန်ုပ်က ဒီတမလွန်ဘ၀မရှိ၊ ကောင်းမှုမကောင်းမှု အကျိုးမရှိဆိုတဲ့အယူကို အရမ်းကာရော လက်ခံယုံကြည်နေတယ်လို့များ ထင်သလား။ ဒီလို အကြောင်းပြချက်တွေနဲ့မို့ ဒီလို အယူအဆ ရှိနေတာပါ”

ဆက်လက်ဖော်ပြပါမည်....

Tuesday, August 17, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ



အမှာစကား အနည်းငယ်….

ပိဋကတ်ကျမ်းစာများကို အခုလို ဟန်ဖြင့် ရေးသားနေခြင်းနှင့် ပတ်သက်ပြီး ကြားရသောအသံလေးများအတွက် စကားအနည်းငယ် ပြောကြားလိုပါသည်။ အခုဆိုရင် ပိဋကတ်ထဲမှ စာရေးသူအကြိုက်လည်းဖြစ်၊ အားလုံးအတွက်လည်း မှတ်သားစရာ၊ သင်္ခန်းစာယူစရာဖြစ်သော သုတ်(၀တ္ထု)အချို့ကို အများနားလည်လွယ်အောင်နှင့် သင်္ခန်းစာယူစရာဖြစ်အောင် ခံစားရေးဖွဲ့လာသည်မှာ အတော်များပါပြီ။ အချို့ဝတ္ထုများက ဆောင်းပါးတစ်ပုဒ်စာနှင့် အဆင်ပြေသော်လည်း အချို့ဝတ္ထုများက အခန်းဆက်နှင့်ရေးမှ ခြုံမိနိုင်ပါသည်။

“ဘုရားဟောပါဠိတော်များကို ဘာသာပြန်ထားသော မြန်မာပြန်ကျမ်းစာများ ရှိပြီးပြီပဲ။ ဒါမျိုးလိုသေးလို့လား”ဟု မေးစရာရှိပါသည်။ “လိုအပ်ပါတယ်”ဟုသာ မြင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ပါဠိတော်ဘာသာပြန်များသည် (မြန်မာလို ရေးထားတာဖြစ်ပေသော်လည်း) စာရေးသူလို ရဟန်းတစ်ပါးတောင် နားမလည်နိုင်သောနေရာများစွာ ရှိပါသည်။ “ဘာဆိုလိုတာလဲ။ ဘာပြောချင်တာလဲ” မသိသောနေရာများ အများကြီး ရှိနေသည်ကို မြန်မာပြန်များ ဖတ်သူတိုင်း သိပါသည်။ ထိုသို့သော နေရာများတွင် မူရင်းပါဠိတော်နှင့် တိုက်ဆိုင်ဖတ်ရှုရသည်။ မူရင်းပါဠိတော်နှင့် မရသေးလျှင် အဋ္ဌကထာကို လှန်ရပါသည်။ ထိုကဲ့သို့ ဖတ်ပါမှ အဓိပ္ပာယ်က ပေါ်လွင်ပါသည်။

တစ်ဖန် ဘုရားဟောကျမ်းစာများကို အများနားလည်အောင် လုပ်ရသောအလုပ်ကလည်း မလွယ်ကူလှပါ။ အကျယ်ကြီးဖြစ်နေသည်ကို ချုံးရသည့်အတွက် လိုရင်းဆိုလိုချက်များ ကျန်ခဲ့တတ်ခြင်း၊ ဆိုလိုချက်များ ပြုတ်နေခဲ့ခြင်းမျိုးများလည်း ဖြစ်တတ်ပါသည်။ တစ်ဖန် ခေတ်ဝေါဟာရ၊ ခေတ်အသုံးအနှုန်းဖြင့် ဖလှယ်တဲ့နေရာမှာလည်း သတိထားရပါသည်။

မည်သည့်နေရာမျိုးတွင်ဖြစ်စေ တိုက်ရိုက်ဖလှယ်ခြင်းနှင့် သွယ်ဝိုက်အနက်ကို ယူ၍ ဖလှယ်ခြင်း (၂) မျိုး ရှိပါသည်။ အချို့နေရာတွင် တိုက်ရိုက်ဖလှယ်မှ အဆင်ပြေနိုင်သော်လည်း အချို့နေရာများတွင် သွယ်ဝိုက်ပြီး ဆိုလိုချက်ပေါက်အောင်၊ အများနားလည်အောင်၊ ရသမြောက်အောင် ဖလှယ်ပစ်ရတာမျိုးများလည်း ရှိပါသည်။ ဆာအက်ဒွင်အာနိုး(Sir Edwin Arnold) ရေးထားသော “အာရှတိုက်ရဲ့ အလင်းရောင် (Light Of Asia)”စာအုပ်တွင် ဒုတိယဖလှယ်နည်းဖြစ်သော သွယ်ဝိုက်အဓိပ္ပာယ် သို့မဟုတ် ဂယက်အနက်ကို ယူပြီး သုံးနှုန်းထားသည်များကို နေရာများစွာတွင် တွေ့ရမည်ဖြစ်သည်။ တစ်ချို့ဝါကျများသည် ဘုရားရှင် တိုက်ရိုက်ဟောထားသည်များ မဟုတ်ကြပါ။ ဤသို့ ရေးထားသည်ကိုပဲ “ဘုရားက ဘယ်နေရာမှာမှ ဒီလို ဟောထားတာ မရှိပါဘူး”ဟု သွားပြောနေရင် ပြောသူဟာ ဗဟုသုတမရှိလို့ပဲ ဖြစ်ပါလိမ့်မည်။

ဆိုလိုသည်မှာ အခု ဤစာကို ရေးသူသည် အချို့နေရာများတွင် တိုက်ရိုက်မပြော၊ မဟောသော်လည်း ပြောထားသကဲ့သို့ တင်ပြထားပါသည်။ ပို့စ်မော်ဒန်ကဗျာတွေအကြောင်း အငြင်းပွားကြစဉ်က ဆရာဒဂုန်တာရာ၏ လူသိများသော စကားတစ်ခွန်း ရှိပါသည်။ “ကာရံမဲ့ချင်မဲ့ပါစေ၊ အဘိဓမ္မာ မမဲ့စေနဲ့”ဟူ၍။ “အနှစ်သာရကို စာဖတ်သူ ထိတွေ့နိုင်ဖို့က လိုရင်း”ဟု ခံယူထားပါကြောင်း။ ဗုဒ္ဓ၀ါဒအမှန်နှင့် ဆန့်ကျင်နေသည့် အပြောအဆို၊ အယူအဆများ ပါနေသည်ဟု ယူဆပြီး အကြံပြုဝေဖန်လာလျှင် ၀မ်းမြောက်စွာ ခံယူပါမည့်အကြောင်း ပြောကြားလိုက်ပါသည်။)

သေတဗျမြို့လေးမှာ အုတ်အုတ်ကျက်ကျက်

ကောသလတိုင်းက သေတဗျမြို့ငယ်လေးတွင် လူတွေ အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ ဟိုနား စုစု၊ ဒီနား စုစုဖြင့် တစ်နေရာရာသို့ သွားဖို့ ပြင်နေကြဟန်ရှိသည်။ အချို့က ငါးယောက်တစ်ဖွဲ့၊ အချို့က ဆယ်ယောက်အဖွဲ့၊ အချို့က မိသားစုအလိုက်၊ အချို့မှာတော့ တစ်ယောက်တည်း၊ တစ်နေရာသို့ ဆူဆူညံညံ သွားနေကြလေသည်။ အချိုက ပန်း၊ ဆီမီးထုတ်တွေ ကိုင်ဆောင်ထားသည်။ အချို့က မိမိတို့ အသုံးအဆောင်များကို ကိုင်ဆောင်လျှက် သွားနေကြလေသည်။ သေတဗျမြို့ဆိုသည်မှာ ကောသလတိုင်း၏အရှင်သခင် ပသေနဒီကောသလမင်းကြီးက ပါယာသိအား အပိုင်စားပေးထားသော မြို့ငယ်တစ်ခု ဖြစ်သည်။

အိန္ဒိယသည် ထိုခေတ်အခါက အယူအဆအမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုးကို မိမိတို့ ထင်မြင်ယူဆသည့်အတိုင်း လှည့်လည်ဟောပြောနေကြသူ ဆရာကြီးများ များစွာရှိကြလေသည်။ မိမိတို့၏ အတွေးအခေါ်၊ အယူအဆများကို လွတ်လပ်စွာ ပြောဟောစည်းရုံးနိုင်ခွင့် အပြည့်အ၀ရှိသော ဒေသကြီး ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နာမည်ကြီးလာလျှင် စောင့်ကြည့်လေ့လာသူများလည်း ပေါများသည်။ ဆရာကြီးတစ်ယောက် မိမိတို့နေထိုင်ရာ မြို့၊ ရွာအနီးရောက်လာပြီဆိုလျှင် သွားရောက် အကဲဖြတ်တတ်ကြသည်။ သို့ဖြစ်၍ အခုလည်း အရှင်ကုမာရကဿပ သေတဗျမြို့ကို ရောက်နေပြီဟု ကြားသိရသောကြောင့် ဆူဆူညံညံ အုတ်အုတ်ကျက်ကျက် သွားရောက်တွေ့ဖို့ ပြင်ဆင်နေကြခြင်း ဖြစ်ပေသည်။
ထိုအချိန်သည် ပါယာသိမြို့စားကြီးအတွက် စည်းစိမ်ခံစားနေချိန် ဖြစ်သည်။

“အမတ်ကြီး… ဆူဆူညံညံနဲ့ ဘာဖြစ်နေတာလဲ”

“မှန်လှပါ… အရှင်ကုမာရကဿပ ဆိုတဲ့ ရဟန်းတစ်ပါးဟာ နောက်လိုက်နောက်ပါတွေနဲ့ မြို့နားကို ရောက်နေပါတယ်။ သူ့ဆီကို သွားနေကြတာပါ”

“ဟေ… ဒီရဟန်းတွေက နောက်ဘ၀ရှိတယ်၊ ဘာညာနဲ့ မဟုတ်မတရားတွေ လျှောက်ဟောနေကြတာ မဟုတ်လား၊ ဒီလို လက်တွေ့ပြလို့လည်း မရ၊ အဓိပ္ပာယ်လည်းမရှိတဲ့တရားတွေ ဟောနေသူတွေကို ဘာဖြစ်လို့များ အလုပ်ရှုပ်ခံ သွားတွေ့နေကြတာလဲ၊ ကဲ ကဲ… ဒီရဟန်းတော့ ငါနဲ့ တွေ့တော့မှာပဲ။ အမတ်ကြီး… အဲဒီကိုယ်တော်ဆီ သွားနေတဲ့သူတွေကို ပြောလိုက်”

“မှန်ပါ့”

“သင်တို့ မတွေ့ခင် အဲဒီရဟန်းကို ငါ အရင်တွေ့မယ်၊ ငါတွေ့ပြီးမှ တွေ့ကြလို့၊ ငါတို့ ဆွေးနွေးတာကို စောင့်နေကြပါလို့ ပြောလိုက်”

“မှန်ပါ”

အမတ်ကြီးလည်း မြင်းစီးပြီး လူစုလူဝေးများသို့ သွားရောက်ပြောကြားခဲ့လေသည်။ မြို့သူမြို့သားတို့မှာ အံ့သြကုန်သည်။ အမှန်အားဖြင့် သူတို့ မြို့စားကြီးမှာ ရှေ့ဘ၀၊ နောက်ဘ၀များကို ယုံကြည်သူမဟုတ်။ အယူအဆရေးရာများကို ပြောဆိုဆွေးနွေးကြလျှင်လည်း အတော်လက်ပေါက်ကပ်သူတစ်ယောက်ဟု သိထားကြသည်။ သူနှင့်ဆွေးနွေးသူများမှာ အများအားဖြင့် လန့်ပြေးရသည်က များလေသည်။ ပညာလည်း တတ်သည်။ အတွေးအခေါ်ကလည်း ကောင်းသည်။ စကားပြောကလည်း ထူးချွန်သည်။ သူ့ကိုဘက်ပြိုင်ပြီး ယှဉ်ပြိုင်ဆွေးနွေးနိုင်သူဟု မကြားဖူးချေ။ အခု မြို့စားကြီး အရှင်ကုမာရကဿပဆီ သွားမည်ဟု ကြားသိရသောအခါ စိတ်ဝင်တစား ဖြစ်ကုန်ကြသည်။

သူနှင့်တွေ့ရမည့် အရှင်ကုမာရကဿပကလည်း ခေသူ မဟုတ်ပါ။ ဗဟုသုတ ကြွယ်သည်။ အပြောကောင်းသည်။ စကားပြောသည့်အခါတိုင်း ဥပမာဥပမေယျများဖြင့် တစ်ဖက်လူ ကျအောင် ပြောနိုင်စွမ်းရှိသည်။ တစ်ဖန် နယ်တကာသို့ လှည့်လည်သာသနာပြုနေသူတစ်ဦး ဖြစ်သည်နှင့်အညီ ကျမ်းဂန်ဗဟုသုတ၊ ဒေသန္တရဗဟုသုတနှင့် အယူအဆရေးရာတိုက်ပွဲများကို အကြိမ်ကြိမ် နွှဲခဲ့ဖူးသော အတွေ့အကြုံရင် ရဟန်းတစ်ပါး ဖြစ်ပါသည်။

သေတဗျမြို့သူမြို့သားများ ပွဲကြီးပွဲကောင်း ကြည့်ရတော့မည်။ တမလွန်ဘ၀မရှိ၊ အကောင်းအဆိုး သတ်မှတ်ထားချက်များသည် အဓိပ္ပာယ်မရှိဟု ယုံကြည်သူ မြို့စားကြီးနှင့် ၃၁-ဘုံရှိကြောင်း ယုံကြည်သူ အရှင်ကုမာရကဿပတို့ စကားနိုင်လုပွဲကြီး၊ အယူအဆရေးရာပြိုင်ပွဲကြီး ဖြစ်တော့မည်ဆိုတာကို တွက်ဆမိသော မြို့သူမြို့သားများမှာ အတွေးကိုယ်စီ၊ ခန့်မှန်းချက်ကိုယ်စီဖြင့် ပြောဆိုငြင်းခုံနေကြလေသည်။ အစက အရှင်ကုမာရကဿပကို ကြည်ညိုသူတို့သာ အုတ်အုတ်ကျက်ကျက် ဖြစ်နေခဲ့သော်လည်း အခုအခါမှာတော့ မြို့စားကြီး၏ အယူအဆ၀ါဒကို ကြိုက်နှစ်သက်သူများလည်း အရှင်ကုမာရကဿပရှိရာသို့ ဦးတည်နေခဲ့ကြလေသည်။ သေတဗျမြို့လေးသည် တစ်ခဏအတွင်းမှာ ဖုန်တစ်ထောင်းထောင်း ထနေခဲ့လေသည်။ ထိုနေ့က ရာသီဥတု သာသာယာယာ ရှိလှသည်။

ပညာရှင်နှစ်ဦး တွေ့ဆုံခြင်း

ရဟန်းတစ်ပါးက သူ့ဆရာကို ပြောနေသည်။
“ဆရာအရှင် ကုမာရကဿပ… ပါယာသိမြို့စားကြီးက အရှင်နဲ့ တရားဆွေးနွေးလိုပါသတဲ့”

“ကောင်းပြီလေ”

မြို့စားကြီးနှင့် အရှင်ကုမာရကဿပတို့က အနည်းငယ်မြင့်သော နေရာများတွင် အသီးသီး နေရာယူထားကြသည်။ အရှင်ကုမာရကဿပ၏ တပည့် ၅၀၀ တို့က ဆရာအရှင်၏ နောက်တွင် ငြိမ်ငြိမ်ဆိတ်ဆိတ် နေနေကြသည်။ အရှင်၏ရှေ့တွင် ပါယာသိမြို့စားကြီး နေရာယူထားသည်။ သူ၏ ဘေးဘက်ဝဲယာတွင် သူ၏ နောက်လိုက်တပည့်များ၊ အစောင့်အရှောက်များ၊ ထို့နောက်တွင် ကျေးကျွန်များ။ ထို့နောက်တွင် မြို့သူမြို့သားများ။ အသီးသီး နေရာယူထားကြသည်။

မြို့စားကြီးနှင့်အရှင်တို့မှာ ၀မ်းမြောက်ဖွယ်စကားများ ပြောကြသည်။ ယနေ့ခေတ် လူကို တွေ့သည်နှင့် “နေကောင်းလား၊ မတွေ့ရတာ ကြာပြီ၊ စားရသောက်ရ အဆင်ပြေလား”စသည် မေးသကဲ့သို့ပင် ဖြစ်ပါသည်။ ထိုသို့ ပြောပြီးသောအခါ မြို့စားကြီးနှင့်အရှင်တို့သည် အယူဝါဒဆိုင်ရာများကို စတင် ပြောခဲ့ကြသည်။

“ပါယာသိ… သင်က ဘယ်လို အယူဝါဒ ရှိသလဲ”

“ကျွန်ုပ် အယူဝါဒမှာ နောက်ဘ၀ဆိုတာ မရှိဘူး။ သတ္တ၀ါသေရင် ပြန်ဖြစ်တယ်ဆိုတာ မရှိဘူး။ အကောင်း၊ အဆိုးကံတွေရဲ့ အကျိုးဆိုတာလည်း မရှိဘူး”

“အော်… ဒီလို အယူအဆမျိုး သင့်မှာ ရှိသလား။ ဒီလို အယူအဆမျိုး ရှိသူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး။ ဘာဖြစ်လို့ ဒီလို ယူဆရတာလဲ”

ဤနေရာတွင် “ဒီလို အယူအဆမျိုး ရှိသူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ ကြားလည်း မကြားဖူးဘူး”ဟုဆိုသော စကားမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ထင်သည်။ အရှင်ကုမာရကဿပခေတ်က ထိုကဲ့သို့ ယူဆသူများ များစွာရှိကြောင်း ပိဋကတ်စာပေလာ အဖြစ်အပျက်များအရ သိရပါသည်။ သို့ဖြစ်၍ “မမြင်ဖူးဘူး၊ မကြားဖူးဘူး”ဟု အဘယ့်ကြောင့် ပြောသနည်းဆိုသည်ကို နားမလည်နိုင်ခဲ့ပါ။

ပါယာသိမြို့စားကြီးက ဆက်ပြောသည်။
“မရှိလို့ မရှိဘူးလို့ ယူဆတာပေါ့။ ဘယ်အရာပဲဖြစ်ဖြစ် အာရုံငါးပါး (အမှန်က ပသာဒငါးခု = စက္ခု (မျက်စိ)၊ သောတ (နား)၊ ဃာန (နှာခေါင်း)၊ ဇိဝှါ (လျှာ)၊ ကာယ (ခန္ဓာကိုယ်))နဲ့ ထိတွေ့လို့ ရတဲ့ အရာတွေကိုပဲ အရှိတရားအဖြစ် ကျွန်ုပ် ယူဆပါတယ်။ အာရုံငါးပါးနဲ့ ထိတွေ့လို့ မရတဲ့ အတိတ်ဘ၀၊ အနာဂတ်ဘ၀နဲ့ နတ်ပြည်ဗြဟ္မာ့ပြည်တွေဟာ စိတ်ကူးထဲမှာပဲ ရှိတာပါ။ ဒါကြောင့် ဒီလို ယူရတာပါ”

ဆက်လက်ဖော်ပြသွားပါမည်.....
ဇာတ်လမ်းက အခုမှ စတာ..:) :)

Friday, August 13, 2010

အရူးလွယ်အိတ်



တစ်ချိန်က မှော်ပီ ဆရာသိန်းကြီး၏ အရူးလွယ်အိတ် ဆိုသော စာအုပ်ကို ဖတ်ရသည်။ ဆရာကြီးက သူဖတ်ဖူးသော စာအုပ်များနှင့် သူ့အတွေ့အကြုံများကို မှတ်စုသဖွယ် ရေးထားခြင်း ဖြစ်သည်။ ရှေးခေတ်ကဗျာအတိုအစများက များသည်ဖြစ်၍ မိမိအကြိုက်နှင့် သိပ်တော့ အံဝင်ဂွင်ကျ မဖြစ်ခဲ့ပါ။ မည်သို့ဆိုစေ အခု ဆရာကြီး၏ ခေါင်းစဉ်ကို အသုံးပြုဖို့ စိတ်ကူးရလာသည်။ ဆရာကြီး၏ အရူးလွယ်အိတ်သည် စာကောင်းပေကောင်းများ၊ အမှားအမှန် မသေချာသော အတိုအစများ…စသည်တို့ကို စုပေါင်းထည့်ထားခြင်းကို တင်စားထားသော စာအုပ်ဖြစ်သည်။

မြတ်စွာဘုရားရှင်လက်ထက်က တိတ္ထိဆရာကြီး ခြောက်ဦးအကြောင်းကို ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဖူးကြသည်။ ဗုဒ္ဓစာပေနေရာအတော်များများတွင် သူတို့အကြောင်းကို တွေ့ရသည်။ အဋ္ဌကထာဆရာများကလည်း အမျိုးမျိုးအဖုံဖုံ ချဲ့ကားဖွင့်ဆို ဝေဖန်ခဲ့ကြသည်။ ထိုဆရာကြီးတို့မှာ နာမည်ကျော်ကြားသော ဆရာကြီးများ၊ တပည့်နောက်လိုက်ပုဂ္ဂိုလ်များစွာ ရှိသူများ ဖြစ်ကြသည်။ သို့ရာတွင် ဗုဒ္ဓစာပေကို ဖွင့်ဆိုရေးသားကြသော အဋ္ဌကထာဆရာများအလိုအရ ဘာမှ အဆင့်မရှိ၊ ပေါက်တတ်ကရပုဂ္ဂိုလ်ကြီးများသဖွယ် ဖြစ်နေလေသည်။

မည်သို့ပင် ဖြစ်စေ အဋ္ဌကထာလာ စကားတစ်ရပ်ကိုတော့ အလွန်သဘောကျမိပေသည်။ ထိုဆရာကြီးများအနက် နိဂဏ္ဍနာဋပုတ္တအကြောင်း ဖွင့်ဆိုချက်တွင် အဋ္ဌကထာဆရာက “ဖွဲပုံပေါ်၌ စိုက်ထားသော သစ်ငုတ်ကဲ့သို့ (သူတို့အယူသည်) မခိုင်မြဲ။ လှုပ်ရှား၏။ မုန့်ပဲ သရေစာ၊ မစင်၊ နွားချေး…စသည်တို့ ရောထွေးပြီး ကောင်းသောအရာများ၊ မကောင်းသောအရာများ အစုံထည့်ထားသော အရူး၏ တောင်း(အိတ်)ကဲ့သို့ သူတို့အယူသည်လည်း တခါတရံ ကောင်းသောအရာများ၊ တခါတရံ မကောင်းသောအရာများ ပါရှိနေပေသည်”ဟု ဆိုသည်။ မှန်ပါသည်။ ယနေ့ခေတ် အရူးများသည်လည်း သူတို့၏ လွယ်အိတ်ထဲတွင် ကောင်းသောပစ္စည်း၊ မကောင်းသောပစ္စည်း အစုံ ထည့်ထားတတ်ကြလေသည်။

ဗဟန်းမှာ နေစဉ်က ကျောင်းအနီးက ဇရပ်တစ်ခုတွင် နေသောအရူးတစ်ယောက်ရှိသည်။ သူသည် မည်သည့်နေရာသွားသွား လွယ်အိတ်အစုတ်ကြီးကြီးတစ်လုံးကို လွယ်သွားလေ့ရှိသည်။ သူသည် အချိန်မှန် ရေချိုး၊ အချိန်မှန် စားသည်။ စကားပြောသည်ကိုကား မတွေ့ရ။ သူ့ကို စကားသွားပြောလျှင် ပြုံးပြီး စိုက်ကြည့်နေတတ်သည်။ သာမန်ကြည့်လျှင် အရူးတစ်ယောက်၏ပုံစံမျိုးလုံး မရှိပေ။ သို့ရာတွင် သူသည် အမှိုက်ပုံများ၊ လမ်းဘေးစသည်တို့တွင် စက်ပစ္စည်းအပိုင်းအစများ၊ မိုးကာ အပိုင်းအစများ တွေ့လျှင် သူ့လွယ်အိတ်ကြီးထဲထည့်ပြီး သူနေထိုင်ရာ ဇရပ်သို့ သယ်ဆောင်သွားသည်။

သူသည် ထိုပစ္စည်းအစုတ်များဖြင့် ကားများကို တစ်စီးပြီးတစ်စီး တီထွင်နေခြင်း ဖြစ်သည်။ ထိုကားများပေါ်တွင် ပါးစပ်က တ၀ှီးဝှီး တ၀ူးဝူးအော်လျှက် မောင်းနေတတ်သည်။ ပြောချင်သည်မှာ အရူးလွယ်အိတ်ဆိုတော့ ထိုအရူး၏ လွယ်အိတ်ကြီးကိုလည်း သတိရနေမိပါသည်။

အထက်တွင် ဆိုခဲ့သောစကားကို အဋ္ဌကထာက ဆက်လက်သုံးသပ်ပြသည်။ “ကောင်းတာလေးတွေ ပါနေရင် သူတို့အယူဝါဒကို အဘယ့်ကြောင့် မိစ္ဆာဒိဋ္ဌိလို့ ဆိုရသလဲ”ဟု သူကိုယ်တိုင် မေးခွန်းထုတ်သည်။ “ဒို့ ဗုဒ္ဓ၀ါဒနဲ့ ကိုက်ညီတာ အချို့တော့ ပါပါတယ်၊ ဒါပေမယ့် ကောင်းတာတွေ၊ မကောင်းတာတွေ ရောထွေးပါဝင်နေတာကိုက မစင်ကြယ်တဲ့အတွက် သူ့တို့ဝါဒ အကုန်လုံးက မိစ္ဆာဒိဋ္ဌိအယူတွေ ဖြစ်ပါတယ်”ဟု သူကိုယ်တိုင် အဖြေထုတ်သည်။

အခြား ယနေ့ခေတ် အယူဝါဒများကိုလည်း အထက်ပါ သုံးသပ်ချက်အတိုင်း သုံးသပ်နိုင်လိမ့်မည် ထင်သည်။ ခရစ်ယာန်အချို့နှင့် အယူဝါဒဆိုင်ရာ ဆွေးနွေးမိခဲ့စဉ်က ထာဝရဘုရားသခင်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် သခင်ယေရှုတို့၏ မေတ္တာတရား ကြီးမားပုံတို့ကို ပြောဆိုဖြစ်ကြသည်။ ထာဝရဘုရားက ဂျူးလူမျိုးများ (သမ္မာကျမ်းအဆို ဣသရေလ)ကောင်းစားရေးအတွက် အခြားလူမျိုးများ (သူ့ကို မကိုးကွယ်သူများ)ကို မညှာမတာ ရက်စက်သတ်ဖြတ်သည်။ သခင်ယေရှု၏ လမ်းစဉ်တွင်ကား သတ်ဖြတ်ရေးလမ်းစဉ်များ မပါ။ သမ္မာကျမ်းစာ(ဟောင်း)တွင် မကိုးကွယ်သူ၊ ဘာသာခြားလူမျိုးခြား ထောင်သောင်းများစွာကို ရက်ရက်စက်စက် သတ်ဖြတ်မှုများနှင့် ပြည့်နှက်နေသည်။

အနောက်တိုင်း ပညာရှင်တစ်ဦးကလည်း “ကမ္ဘာ့အရက်စက်ဆုံး လူသတ်ပွဲကြီးများကို အတွေ့မြင်နိုင်ဆုံးသော နေရာသည် သမ္မာကျမ်းစာ(ဟောင်း)ဖြစ်သည်”ဟု ဆိုခဲ့သည်။ “ထိုကဲ့သို့ ရက်စက်မှုများသာ ပါဝင်သလော၊ ကောင်းတာလေးတွေ မပါတော့ဘူးလား”။ ပါပါသည်။ “သင်၏ အိမ်နီးနားချင်းများကို သင်နှင့် ထပ်တူ ချစ်မြတ်နိုးလော့”ဟူသော စကားမှာ ကမ္ဘာကျော်သည်။ ကောင်းလည်း ကောင်းသည်။ သို့ရာတွင် ဘာသာခြားလူမျိုးခြားတို့ကို သတ်ဖြတ်နေခြင်းနှင့် အချို့ကျမ်းချက်များကို ထောက်ရှု၍ “အိမ်နီးနားချင်း”ဟူသည်မှာ အကန့်အသတ်မဲ့ ဝေါဟာရ မဟုတ်။ “ဘာသာတူ၊ လူမျိုးတူ အိမ်နီးနားချင်း”ဟုသာ အဓိပ္ပာယ်ထွက်လေသည်။

ထာဝရဘုရားက သူ၏ ဗိမာန်အနီးသို့ အနာကြီးရောဂါသည်(အနူများ) မလာရဟု ပြင်းပြင်းထန်ထန် အမိန့်ထုတ်သည်။ သူ၏ သားတော်ယေရှုက အနာကြီးရောဂါသည်ကို သေသေချာချာ လက်ကိုကိုင်ပြီး ပြုစုပေးသည်။ ထာဝရဘုရားက “eye for an eye”ဟူသော ဂလဲ့စားချေဝါဒကို ဟောသည်။ သားတော်ယေရှုက ညာဘက်မျက်စိကို ယူသောသူအား ဘယ်ဘက်မျက်စိကိုပါ ပေးလိုက်၊ ……….စသည်ဖြင့် ခွင့်လွှတ်ခြင်း၊ စွန့်လွှတ်ခြင်း၊ အနစ်နာခံခြင်းဝါဒကို ဟောကြားသည်။ ထိုအကြောင်းအရာများကို ခရစ်ယာန်မိတ်ဆွေနှင့် ဆွေးနွေးဖြစ်သောအခါ “ကျုပ်က အရိုးဖယ်ပြီး အသားစားတာပါဗျာ”ဟု ပြောသည်။ အထက်ပါ အဋ္ဌကထာဆရာ သုံးသပ်သကဲ့သို့ သုံးသပ်လိုက်လျှင်……..။

အရူးလွယ်အိတ်အကြောင်းကို ညအခါ တစ်ယောက်ထဲ တွေးနေမိခဲ့သည်။ ပထမ အရူးလွယ်အိတ်နှင့် တူနေသော အယူဝါဒများကို မျက်စိထဲ မြင်နေခဲ့သည်။ ထို့ထက်…ထို့ထက် နက်နက်နဲနဲ တွေးမိလာသောအခါ မြားဦးက မိမိရင်ဘတ်ဆီသို့ တည့်တည့်လှည့်လာနေခဲ့သည်ကို တွေ့လိုက်ရသည်။ “ငါ့ ရင်ဘတ်ကရော….”။ အရူးလွယ်အိတ်ကြီးပါတကား။

“ပုထုဇ္ဇနော ဥမ္မတ္တကော = ပုထုဇဉ်ဆိုတာ ဥမ္မာ..အရူးတွေ”။ အဘယ့်ကြောင့်နည်း။ အရူးတစ်ယောက်သည် မူမမှန်။ တခါတရံ ကောင်းချင်ကောင်းသည်။ တခါတရံ ကြောက်မက်ဖွယ် ဆိုးသွမ်းသည်။ တခါတရံ ….. တခါတရံ။ အရူးတို့အတွက် ကောင်းခြင်းနှင့်ဆိုးခြင်းသည် တခါတရံဟူသော ရှေ့ဆက်စကားဖြင့် ကာရံပေးထားရလေသည်။

“ငါ အမြဲကောင်းခဲ့သလား”။
တခါတရံ နှလုံးသားထဲတွင် စိတ်ကောင်းစိတ်မြတ်ကလေးများ ထည့်ထားသည်။ တခါတရံ စိတ်ဆိုးစိတ်ညစ်များ ထည့်ထားသည်။ တခါတရံ တကယ့်ရဟန်းတော်တစ်ပါးလို နေချင်သည်။ နေသည်။ တခါတရံ လူစိတ်ပေါက်သည်။ လူအလုပ်တွေ လုပ်ချင်သည်။ တခါတရံ ဣနြေ္ဒရရ ယဉ်ယဉ်ကျေးကျေး၊ တခါတရံ မိုက်မိုက်ရိုင်းရိုင်း။ တခါတရံ အများအကျိုးပြု၊ ကိုယ်ကျိုးစွန့်ချင်သည်။ တခါတရံ အတ္တဆန်သည်။ တခါတရံ…. တခါတရံ…။ ပုထုဇဉ်တို့၏ နှလုံးသားသည် အမြဲတမ်း ဖြူစင်မြင့်မြတ်နေသည်ဟု မရှိပါလေ။ “တခါတရံ”ဟူသော ရှေ့ဆက်စကားဖြင့် အစဉ်အမြဲ ဒွန်တွဲနေကြရလေသည်။

အရူးလွယ်အိတ်ကဲ့သို့ အကောင်းအဆိုး ရောနေသော နှလုံးသားများကို ဆေးကြောပစ်ဖို့ဆိုလျှင် သမထ၊ ဘာဝနာအလုပ်မှတစ်ပါး အခြားမရှိပါလေ။ အဆုံးစွန် သန့်စင်သွားအောင် မဆေးကြောနိုင်ကြသေးဘူးဆိုလျှင်တောင်မှ စုဆောင်းမိသော အဆိပ်အတောက်များကို မစားမိဖို့ ကူညီပေးနိုင်ပါလိမ့်မည်။ တစ်နေ့နည်းနည်း၊ တစ်နေ့နည်းနည်း သိမ်းဆည်းထားမိသော အမှိုက်များကို မိမိတို့ ရင်ဘတ်အတွင်းမှ ဖယ်ရှားနိုင်အောင်တော့ ကြိုးစားနေသင့်ကြပါသည်။

“အရူးလွယ်အိတ်”အကြောင်းကို တမျှော်တခေါ် စဉ်းစားရင်း ပြုံးမိသောအရာလေးတစ်ခု ပြောချင်သည်။ ယခု ဤစာရေးသူသည် အရူးလွယ်အိတ်ကြီးကို လွယ်ထားရင်း ရေးလိုက်သည်။ အရူးလွယ်အိတ်ကြီးထဲက ထွက်ကျလာသော ဤစာကို အရူးလွယ်အိတ်များ ကိုယ်စီပိုက်လျှက် လာရောက်ဖတ်ရှုကြပေအုံးတော့မည်။ ပြုံးမိသည်။

ပြုံးနေရင်း ပီတိကလေးဖြစ်လာသောအခါ တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။ လွယ်အိတ်ထဲမှာ ထွေးလိမ်နေသောအရာများအားလုံးကို ရှေ့မှာ သွန်ချလိုက်သည်။ ငြိမ်းအေးသွားသော စိတ်အစဉ်ကို ခံစားလိုက်ရသည်။ အခိုက်အတံ့သာ ဖြစ်လိမ့်မည်။ မနက်ဖြန်မှာ ပန်းတွေ ပွင့်အုံးမလား။ မသေချာ။

Tuesday, August 10, 2010

အခွင့်အရေး


(၁)
“အခွင့်အရေး”ဆိုသော ဝေါဟာရကို နေ့စဉ်ဘ၀၊ နေ့စဉ်အသုံးများတွင် အဓိပ္ပာယ်အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးဖြင့် ပြောဆိုလေ့ရှိကြသည်။ အသုံးများသလောက် အမှန်တကယ် နက်နက်နဲနဲ စဉ်းစားလေလေ သိမ်မွေ့သော၊ လေးနက်သော အဓိပ္ပာယ်လေးများရှိနေသည်ကို တွေ့ရသည်။ စကားလုံးက တစ်လုံးတည်းပင် ဖြစ်သော်လည်း နေရာဌာနအားလျှော်စွာ ကောင်းသောဆိုလိုချက်နှင့် ဆိုးသောဆိုလိုချက် နှစ်ခုစလုံးကို သယ်ဆောင်ပေးနိုင်သည်။ “အခွင့်အရေး”ဟူသည် “အခွင့်အရေးယူတယ်၊ အခွင့်အရေးသမား”လို့ သုံးနှုန်းလိုက်လျှင် မကောင်းသောအဓိပ္ပာယ်ထွက်ပြီး “အခွင့်အရေးကို အမိအရ အသုံးချလိုက်တယ်”လို့ဆိုလျှင် ကောင်းသောအဓိပ္ပာယ်ဖြစ်ဖို့ များလေသည်။

(၂)
ဗုဒ္ဓ၀ါဒက လူ့အဖြစ်ကို “တကယ့်မဟာ အခွင့်အရေးကြီး”အဖြစ် ဖော်ပြသတ်မှတ်ပေးထားသည်။ အဘယ့်ကြောင့်ဆိုသော် ဗုဒ္ဓ၀ါဒသည် ၃၁-ဘုံဝါဒနှင့်ဘ၀လွတ်မြောက်ရာ နိဗ္ဗာန်ကို တည်ခင်းထားသည်ဖြစ်ရာ မည်သည့်နေရာ၊ မည်သည့်ပန်းတိုင်သို့မဆို လူ့ဘ၀ကနေ သွားရမည်ဖြစ်သောကြောင့် ဖြစ်လေသည်။ (ခြွင်းချက်….သုဒ္ဓါဝါသဘုံမှလည်း ဘ၀လွတ်မြောက်ရာသို့ သွားနိုင်သည်။ သို့ရာတွင် ထိုဘုံရောက်ဖို့အတွက် လူ့ဘ၀က အားထုတ်မှုများ ရှိဖို့တော့ လိုအပ်သည်)။ လူ့အဖြစ်ကိုသာ မရခဲ့လျှင် အထက်အထက်လွတ်မြောက်ရာနှင့် မြင့်မြတ်ရာ ဘ၀များသို့ မရောက်နိုင်ပေ။ သို့အတွက်ကြောင့် လူ့ဘ၀၊ လူ့အဖြစ်ကို မဟာအခွင့်အရေးကြီးအဖြစ် သတ်မှတ်ပြီး ထိုအခွင့်အရေးကို လက်လွှတ်မခံကြဖို့ ပြောထားခြင်းဖြစ်သည်။

(၃)
နယ်မြေဒေသတစ်ခုသို့ စီးပွားရှာထွက်သောအခါ၊ အဆင့်မြင့်နိုင်ငံကြီးများသို့ သွားရောက်ပြီး ပညာသင်ခွင့်၊ စီးပွားရှာခွင့် ရသောအခါ….. စသော ကောင်းမွန်ကြီးကျယ်သောအရပ်သို့ ထွက်ခွာမည့်သူများကို လူကြီးမိဘ၊ ဆရာသမားများနှင့် မိတ်ဆွေများက ပြောတတ်ကြသည်။ “အခွင့်အရေးကို ရအောင် ယူခဲ့”။ “ရလာတဲ့အခွင့်အရေးကို လက်လွှတ်မခံနဲ့”။
စီးပွားရေးသမားများကလည်း မိမိတို့လုပ်ငန်းအတွက် ငွေကြေးအမြတ်များများ ရနိုင်သောလုပ်ငန်းခွင်များ ပေါ်ပေါက်လာလျှင် “ဒါက ငါတို့အတွက် မဟာအခွင့်အရေးကြီးပဲ၊ လက်လွတ်ခံလို့ မဖြစ်ဘူး”ဟု ပြောတတ်ကြသည်။ တိုင်းတစ်ပါးလက်အောက်ခံ ဖြစ်နေရသော တိုင်းပြည်ခေါင်းဆောင်တို့သည်လည်း အခြားတိုင်းပြည်က စစ်အကူအညီများ ပေးဖို့ ကမ်းလှမ်းခံရလျှင် “ဒါက ဒို့နိုင်ငံ လွတ်လပ်ရေးအတွက် အခွင့်အရေးပဲ”ဟု ဆိုတတ်ကြသည်။

သို့ဆိုလျှင်….. အခွင့်အရေးကို မည်သို့ ကောက်ချက်ချကြမည်နည်း။ “အခွင့်အရေး”ဟူသည် မိမိ၏ ပုဂ္ဂလိကကောင်းကျိုးနှင့် ပတ်ဝန်းကျင် သို့မဟုတ် မိမိတိုင်းပြည်နှင့်လူမျိုး ကောင်းကျိုးအတွက် ဇွဲသတ္တိအပြည့်ဖြင့် ဆောက်ရွက်လိုသောစိတ်ဓာတ်ကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်ပါလိမ့်မည်။ ဤအဓိပ္ပာယ်က မိမိ၊ အများကောင်းကျိုးအတွက် မိမိ၏ ဇွဲလုံ့လ၊ အသိပညာများကို အသုံးချသူ၊ ပေးဆပ်သူများကို ရည်ညွှန်းနိုင်ပါလိမ့်မည်။

(၄)
“အခွင့်အရေး”ဟူသော ဝေါဟာရသည် ထိုမျှနှင့် မရပ်သေးပါ။ တစ်နေ့က မြန်မာနိုင်ငံက ဗိုလ်ချုပ်တစ်ယောက်အကြောင်း ပြောဖြစ်ကြသောအခါ သူငယ်ချင်းက “ဒီလူကို ကိုယ် သိပါတယ်၊ ဒီလူက အခွင့်အရေးသမားပါကွာ”ဟု ဆိုသည်။
နောက်ပြီး အဖွဲ့အစည်းကြီးတစ်ခုက ခေါင်းဆောင်ဖြစ်နေသူတစ်ယောက်အကြောင်း ပြောသံကြားရသည်။ သူသည် ထိုအဖွဲ့အစည်းအတွက် ခေါင်းဆောင်ဖြစ်ထိုက်သူ အရည်အချင်း မရှိသည်ကို လူတိုင်း သိမြင်ထားသည်။ မည်သို့ပင်ဖြစ်စေ သူသည် လက်ရှိခေါင်းဆောင်ဖြစ်နေသည်။ ထိုအထဲမှ တစ်ဦး၏ကောက်ချက်တွင် “ဒီလူက အခွင့်အရေးကို ချောင်းနေတဲ့သူပါကွာ၊ သူ ဒီရာထူးရဖို့ အမျိုးမျိုး ကြံစည်နေခဲ့တာ”ဟု ကြားလိုက်ရသည်။ ထိုကဲ့သို့ “ဒီလူက အခွင့်အရေးသမားကွာ”ဆိုသော စကားမျိုးကို နေ့စဉ်ရက်ဆက်ဆိုသလို ကြားသိနေရလေသည်။

သို့ဆိုလျှင် “အခွင့်အရေး”ဟူသော ဝေါဟာရကို မည်ကဲ့သို့ ကောက်ချက်ချကြအုံးမည်နည်း။ “အခွင့်အရေး”ဟူသည် မိမိ၏ပုဂ္ဂလိကချမ်းသာအဆင်ပြေရေးအတွက် (ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများကို လျစ်လျူရှုပြီး) အတ္တကို ရှေ့တန်းတင်ကာ သူတစ်ပါးအပေါ် အမြတ်ထုတ်ချင်သော စိတ်ဓာတ်ကို ကိုယ်စားပြုနေသည်ဟု ဆိုနိုင်လိမ့်မည်ဟု ယူဆမိပြန်သည်။ ဤအဓိပ္ပာယ်က မိမိ၏ တစ်ကိုယ်ရေချမ်းသာပြည့်စုံမှု၊ အာဏာရှိမှုအတွက် အများကို အသုံးချတတ်သော ကလိမ်ကကျစ် အချောင်သမားများကို ရည်ညွှန်းနိုင်ပါလိမ့်မည်။

(၅)
“ပေးဆပ်သူ”တို့၏ စိတ်ဓာတ်က မိမိလိုချင်တာကို ဇွဲလုံ့လအပြည့်ဖြင့် ရအောင်ကြိုးစားသည်။ ပြီးလျှင် ထိုဇွဲ့လုံလ၏အကျိုးရလဒ်ကို မျှဝေစိတ်ဖြင့် ခံစားသည်။ “အချောင်သမား”တို့၏ စိတ်ဓာတ်သည်လည်း မိမိလိုချင်တာကို စိတ်ရှည်ရှည်ဖြင့် ရအောင်ကြိုးစားသည်။
သူတို့နှစ်ဦး ကွာဟနေသည့်အချက်မှာ ပေးဆပ်သူက သူ၏ လုပ်ရပ်များအတွက် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများဖြင့် ထိန်းကွပ်ပေးထားသည်။ အချောင်သမားက မိမိလိုချင်သည့်အရာအတွက် ကိုယ်ကျင့်တရားဘောင်တွေကို မထား၊ “မရရသည့်နည်းဖြင့်၊ မဖြစ်ရင် ဖြစ်သည့်နည်းဖြင့်”ဟူသော မူကို လက်ကိုင်ထားသည်။

ထို့အပြင် ပေးဆပ်သူက မိမိနှင့်ထိုက်တန်သမျှကိုသာ ဆုပ်ကိုင်သည်။ အချောင်သမားက အကုန် မောင်ပိုင်စီးချင်သည်။ မည်သည့်အရာကိုပဲလုပ်လုပ် သူ့လက်သူ့ခြေ ဖြစ်ချင်သည်။ ပေးဆပ်သူက အာဏာရခဲ့လျှင်သော်မှ ငါမှငါဟူသော စိတ်ဓာတ်ကို မကျင့်သုံး။ အချောင်သမားက အာဏာရသည်ကို ဘီလူးခေါင်းတပ်ဆင်လိုက်ရသလို ထင်မှတ်သည်။

ပေးဆပ်သူက အဖွဲ့အစည်း၏စုပေါင်းအားနှင့် တစ်ဦးချင်းအရည်အချင်းကို အသိအမှတ်ပြုသည်။ အချောင်သမားက ငါပြီးမှပြီးသည်ဟု ထင်သည်။ ပေးဆပ်သူက လဲနေသူကို တွေ့လျှင် ထူပေးချင်သည်။ အချောင်သမားက လဲနေသူကို တက်နင်းသွားချင်သည်။

(၆)
လူဆိုသည်မှာ တပ်မက်မှု၊ ဆာလောင်မှုတစ်မျိုးစီဖြစ်ရာ မိမိတို့ တပ်မက်ရာပန်းတိုင်ကို အရောက်လှမ်းနေရပေမည်။ လိုရာပန်းတိုင်ရောက်ဖို့အတွက် မည်သို့မည်ပုံ အားထုတ်ကျင့်သုံးရမည်နည်း။ မိမိတို့ဘ၀ခရီးလျှောက်လှမ်းကြရာတွင် အခွင့်အရေးကို မိမိနှင့်အများကောင်းကျိုးအတွက် အမိအရအသုံးချသူတစ်ယောက်ဖြစ်ဖို့ အလွန်ပင် အရေးပါလှပေသည်။
အချောင်သမားအခွင့်အရေးသမား မဖြစ်ဖို့အတွက် ကိုယ့်ကျင့်တရား၊ သို့မဟုတ် လူ့ကျင့်ဝတ်တရားဟူသော ၀တ်စုံကို ၀တ်ဆင်သွားရပေမည်။ အချောင်းသမားတို့သည်ကား ဘ၀ခရီးကို ဇွဲနပဲနှင့်တော့ လျှောက်လှမ်းနေကြပါ၏။ သို့ရာတွင် ကိုယ့်ကျင့်တရားဟူသော ၀တ်စုံကို ဆင်မြန်းထားခြင်း မရှိသည့်အတွက် ကိုယ်လုံးတီးလမ်းလျှောက်နေသူကဲ့သို့ ရှက်စရာပင် ဖြစ်နေပါလိမ့်မည်။

(၇)
အခွင့်အရေးကို အသုံးချဖို့အတွက် ပန်းတိုင်ထားရှိရမည်။ ထိုပန်းတိုင်သို့ ရောက်ရှိရေးအတွက် ထိုက်သင့်သော (ထိုပန်းတိုင်သို့ ရောက်စေနိုင်သော) လုပ်ဆောင်ချက်ရှိရမည်။ ထိုလုပ်ဆောင်ချက်ကို ကိုယ့်ကျင့်တရားများနှင့် ၀န်းရံထားရမည်။ ထိုအချက်ပြည့်စုံလျှင် မည်သည့်ခရီးကိုမဆို လျှောက်လှမ်းသင့်သည်သာ ဖြစ်ပါသည်။

မြတ်စွာဘုရားရှင်က “သင်တို့ သူဌေးကြီး ဖြစ်ချင်သလား။ သူဌေးကြီးဖြစ်ချင်ရင် သူဌေးကြီးတစ်ဦး ဖြစ်စေနိုင်တဲ့ (၁) ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှု (၂) ကိုယ်ကျင့်သီလဖြည့်ဆည်းမှု (၃) သူဌေးကြီးဖြစ်ကြောင်း နည်းလမ်းကောင်းများကို သိရှိထားမှု (ဗဟုသုတ) (၄) မျှဝေသုံးစွဲမှု (ရဲဘော်စိတ်ထားရှိမှု) နှင့် (၅) သူဌေးကြီးဖြစ်ကြောင်း အတတ်ပညာတို့ကို ပြည့်စုံအောင် ဖြည့်ဆည်းကျင့်သုံးကြပါ။ ပြီးလျှင် မိမိ၏စိတ်ကို သူဌေးကြီးဖြစ်ရမယ်လို့ အမြဲတမ်း နှလုံးသွင်းပါ။ ဒါဆိုလျှင် မလွဲမသွေ သူဌေးကြီး ဖြစ်လာပါလိမ့်မယ်”ဟု မိန့်တော်မူသည်။ (မှတ်ချက်…လိုသမျှလေးကိုသာ ယူထားသည်။ အကျယ်ကြည့်လိုက ဥပရိပဏ္ဏာသပါဠိတော်၊ သင်္ခါရုပပတ္တိသုတ်ကို ရှုတော်မူ)။

ထို့အပြင် နတ်သားဖြစ်လိုလျှင်၊ ဗြဟ္မာဖြစ်လိုလျှင်၊ မည်သည့်ဘ၀မှာမှ မဖြစ်လိုတော့လျှင်….(မိမိတို့ ကြိုက်နှစ်သက်ရာပန်းတိုင်သို့ ရောက်လိုလျှင်) အထက်ပါ အချက်ငါးချက်ကို ကျင့်သုံးလိုက်နာပြီး အမြဲမပြတ် ဖြစ်ကိုဖြစ်ရမည်ဟု နှလုံးသွင်းထားနိုင်လျှင် လိုရာဆန္ဒအတိုင်း ဖြစ်လာလိမ့်မည်ဟု ဆက်လက်ဟောကြားထားသည်။

အထက်ပါ ဟောကြားချက်ကို လေ့လာကြည့်လျှင် မြတ်စွာဘုရားရှင်သည် လူတို့၏ ဖြစ်လိုမှု၊ ရလိုမှုကို ပိတ်ပင်ထားခြင်း မရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ပန်းတိုင်ကို မိမိတို့ စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့် အပြည့်ရှိသည်။ သို့ရာတွင် ထိုပန်းတိုင်ကို အချောင်သွားလို့ မရ။ ထိုက်သင့်သော အမူအကျင့်၊ အတွေးအခေါ်၊ စွန့်လွှတ်မှုနှင့်အတတ်ပညာများဖြင့်သာ သွားရောက်နိုင်မည်ဖြစ်သည်။ ထိုငါးချက်တွင် လုပ်ဆောင်ချက်ကို လုပ်ဆောင်ချက်အတိုင်း မထားဘဲ လူတစ်ဦး၏ ကိုယ်ကျင့်သီလနှင့်အသိပညာများ ပါဝင်နေသည်ကို သတိပြုသင့်သည်။

(၈)
အချောင်သမားအတွက် ခဏတာ အောင်မြင်မှုသာရှိသည်။ ဆန္ဒတစ်ခုအတွက် ကိုယ်ကျင့်တရားနှင့်အလုပ်ကို တွဲစပ်ချည်နှောင်ပေးထားနိုင်သူများအတွက်မူကား တိကျခိုင်မာတည်တံ့သောအောင်မြင်မှုက သူ့အလိုအတိုင်းဖြည်းဆည်းပေးဖို့ အဆင်သင့်နေပါလားဆိုတာကို တွေးမိသောအခါ “အခွင့်အရေး”ဟူသော ဝေါဟာရလေးက ရင်ထဲတွင် လင်းလက်လာနေခဲ့ပါသည်။