Friday, August 6, 2010

ဘာသာရေး အမေးအဖြေ


မေး။ ။ အမိဝမ်းထဲမှာ သန္ဓေတည်နေတဲ့ကလေးက မမွေးဖွားလာဘဲ ၀မ်းထဲမှာတင် သေတယ်။ အဲဒီသတ္တဝါက
စုတိစိတ်ကျတဲ့အခါ အခြားသတ္တဝါတွေနဲ့တူတူဘဲလား။ ဘယ်လိုကုသိုလ်ကံကြောင့် လူမဖြစ်ရတာလဲ။

ဖြေ။ ။ ပဋိသန္ဓေအကြောင်းကို နားလည်လိုက်တာနဲ့ “အမိဝမ်းထဲမှာ သန္ဓေတည်နေတဲ့ကလေးက မမွေးဖွားလာဘဲ အမိဝမ်းထဲမှာပဲ သေတယ်”ဆိုတဲ့အကြောင်းက ရှင်းသွားပါလိမ့်မယ်။ ဒါက တိုက်ရိုက်ကြီး “ဟုတ်တယ်၊ မဟုတ်ဘူး (yes or no)”နဲ့ ဖြေလို့ မရတော့ ပဋိသန္ဓေအကြောင်း၊ သေဆုံးခြင်းအကြောင်းတွေကိုလည်း ပြောမှဖြစ်မယ် ထင်ပါတယ်။

ဗုဒ္ဓ၀ါဒအရ ပဋိသန္ဓေတည်ပုံ

ပဋိသန္ဓေတည်တာနဲ့ ပတ်သက်လို့ ဦးဇင်းရှေ့က ဆောင်းပါးတစ်ပုဒ်မှာလည်း ပြောခဲ့ဖူးပါတယ်။ ဒီမှာနည်းနည်း ထပ်ပြောပါအုံးမယ်။ သန္ဓေသားလောင်း (လူဖြစ်လာမည့်သူ)တစ်ယောက်ဖြစ်လာဖို့အတွက်
၁။ မိဘဖြစ်မည့်သူနှစ်ဦး ကာမစပ်ယှက်ခြင်း၊
၂။ မိခင်ဖြစ်မည့်သူ ဥတုလာပြီးစ ဖြစ်ခြင်း၊
၃။ ပဋိသန္ဓေနေမည့်သူက အဆင်သင့်ဖြစ်ခြင်း ဟူသော အကြောင်းသုံးချက် ပြည့်စုံဖို့ လိုပါတယ်။ (မဟာတဏှာသင်္ခယသုတ်) များသောအားဖြင့် မိဘတို့ရဲ့ သွေးသားကို အခြေခံတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ များသောအားဖြင့်ဆိုတာက တစ်ခါတစ်ရံ မိဘတို့သွေးသားမပါဘဲ ဖြစ်တတ်လို့ပါပဲ။

ဒီပဋိသန္ဓေအကြောင်းတွေနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားဟောကြားတာတွေကို သိလိုက်ရရင် တော်တော်အံ့သြစရာ ကောင်းပါတယ်။ ပဋိသန္ဓေတည်နေပုံကို ခေတ်သစ်ဆေးပညာရှင်တွေက အသေးစိတ်ရှင်းပြတယ်။ သူတို့ရှင်းပြနိုင်တာက ခန္ဓာကိုယ်ထဲကို ခေတ်သစ်နည်းပညာတွေ အကူအညီနဲ့ ကြည့်ရှုပြီးမှ ရှင်းပြနိုင်တာဖြစ်တယ်။ မြတ်စွာဘုရားရှင်ကတော့ ဘာနည်းပညာအကူအညီမှ မပါဘဲနဲ့ ခရေစေ့တွင်းကျ အသေးစိတ် ဟောကြားထားနိုင်ပါတယ်။

အဲဒီသုံးချက်လုံး ပြည့်စုံပြီဆိုပါတော့ သန္ဓေသား(ကလေး)က ဘယ်လို ဖြစ်တည်လာသလဲ။
ပဋိသန္ဓေစတည်သူလေးမှာ
-ကာယဒသကကလာပ် (ကိုယ်ကာယဆိုင်ရာ ရုပ်များအစုအဝေး)
-၀တ္ထုဒသကကလာပ် (ဟဒယ၀တ္ထု သို့မဟုတ် စိတ်တည်ရာ နှလုံးအိမ်ဆိုင်ရာ ရုပ်အစုအဝေး)
-ဘာဝ (မိန်းမ၊ ယောက်ျား လိင်အင်္ဂါ သို့မဟုတ် ယောက်ျား၊ မိန်းမ အင်္ဂါနှစ်မျိုးလုံး)
ဒီသုံးခု စဖြစ်တယ်။ စဖြစ်တယ်ဆိုတော့ တစ်ပြိုင်နက်တည်း တန်းဖြစ်တာ မဟုတ်ဘူး။ မရှေးမနှောင်း ဖြစ်ဖြစ်လာကြတာ။

ဘယ်လို ဖြစ်လာသလဲဆိုတော့
မြတ်စွာဘုရားရှင်က
“ပထမဆုံး ကလလမည်သော ရေကြည်ဖြစ်၏။
ရေကြည်ကလေးမှ အမြှပ်ဖြစ်၏။
အမြှပ်မှ သားတစ်(အသားတုံး)လေး ဖြစ်လာ၏။
သားတစ်လေးမှ အစိုင်အခဲလေး (အစုအပုံလေး) ဖြစ်လာ၏။
အစိုင်အခဲလေးမှ ခက်မငါးဖြာ (ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းနှင့် ဦးခေါင်း)တို့ ဖြစ်လာပြီး
ဆံပင်၊ မွှေးညှင်း၊ ခြေသည်းလက်သည်းတို့လည်း ဖြစ်ပေါ်လာကြ၏။
မိခင်စားသော အစာနှင့် မိခင်သောက်သောအရည်တို့ဖြင့် အမိဝမ်းတွင်းမှ သန္ဓေသားလေးက မျှတရ၏”
လို့ ဟောကြားထားပါတယ်။ (သဂါထာဝဂ္ဂ၊ ယက္ခသံယုတ်၊ ဣန္ဒကသုတ်)

ဒီရုပ်တွေ ဘာကြောင့်၊ ဘယ်လိုဘယ်ပုံ ဖြစ်လာနေကြရတာလဲ။
အဲဒါလေးတွေ ဖြစ်တည်လာရတဲ့ အခြံအရံ အထောက်အပံ့က လေးမျိုးရှိတယ်။
၁။ ကမ္မဇရုပ် (ကံကြောင့် ရုပ်လေးတွေ ဖြစ်လာတယ်)
၂။ စိတ္တဇရုပ် (စိတ်ကြောင့် ရုပ်လေးတွေ ဖြစ်လာတယ်)
၃။ ဥတုဇရုပ် (ဥတုကြောင့်လည်း ရုပ်လေးတွေ ဖြစ်လာတယ်)
၎။ အာဟာရဇရုပ် (အာဟာရကြောင့်လည်း ရုပ်လေးတွေ ဖြစ်လာတယ်)။

ဒီလေးမျိုးကို အခြေခံပြီး သန္ဓေသားလေးက ကြီးထွားလာတာဖြစ်တယ်။ ထွားထွားကြိုင်းကြိုင်း၊ သန်သန်မာမာဖြစ်ဖို့ ကံပါသူက ထွားထွားကြိုင်းကြိုင်း ဖြစ်တည်လာတယ်။ ခြေထောက်မပါစေတဲ့ ကံလုပ်ထားသူက ခြေထောက်က ဖြစ်တည်မလာတော့ဘူး။ မျက်စိအားနည်းဖို့ ကံပါလာသူက မျက်စိအားနည်းနည်းနဲ့ ဖြစ်တည်လာတယ်။ သန္ဓေသားလေးရဲ့ ကံအားလျှော်စွာ ရုပ်တွေက ဖြစ်တည်လာတာ ဖြစ်တယ်။ ရှေးကံက ကောင်းရင်ကောင်းသလို ရုပ်လေးတွေက ကောင်းကောင်းလာတယ်။ အဲဒီမှာလည်း ဖြစ်ပျက်ရှိတယ်။ ပျက်တဲ့ဟာတွေက ပျက်ပြီး ဖြစ်တဲ့ဟာတွေ ဆက်ဖြစ်တယ်။ ပွားပွားလာတယ်။ ကံကြောင့် ဖြစ်လာကြတာပေါ့။ ကမ္မဇရုပ်တွေ ဖြစ်တယ်။

ဒါဆိုရင် အရာအားလုံးအတွက် ကံကိုပဲ ပုံချသလား၊ ကံကြောင့်ပဲ ရုပ်တွေက ဖြစ်ကြတာလားဆိုတော့….။ မဟုတ်ဘူး။ စိတ္ထဇရုပ်တဲ့။ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏကနေ စပြီးတော့ စိတ်တွေ စဖြစ်တယ်။ (ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏ…စတာတွေက အဘိဓမ္မာကို သင်ဖူးမှသာ သေချာသိပါလိမ့်မယ်။ ဒီနေရာမှာတော့ အဲဒါတွေ အကုန်ရှင်းလို့ မဖြစ်နိုင်ပါ)။ အဲဒီစိတ်တွေ စဖြစ်ကတည်းက ရုပ်ကို ဆိုင်ရာဆိုင်ရာ ဖြစ်စေပါတယ်။ ဒါကို စိတ္တဇရုပ်လို့ ခေါ်တယ်။

နောက်ပြီး ဥတုဇရုပ်တွေ ဖြစ်တယ်။ ဥတုဇရုပ်ဆိုတာ အငွေ့ကြောင့်ဖြစ်တဲ့ ရုပ်ကို ပြောတာဖြစ်ပါတယ်။ အမိဝမ်းရဲ့ အပူ၊ အအေး…စတာတွေကြောင့် ရုပ်တွေ ဖြစ်တယ်။ ရုပ်တွေ ပျက်တယ်။ ဒါကို ဥတုဇရုပ်လို့ ခေါ်ပါတယ်။ ဒီအချိန်က အပျက်ထက် အဖြစ်တွေကများတော့ တဖြည်းဖြည်း ပွားလာတယ်။ ကြီးလာပါတယ်။
ပထမ ၇-ရက်မှာ မိခင်စားတဲ့အစာက ကလေးကို မထိသေးဘူး။ ဒုတိယ ၇-ရက်လွန်တဲ့အခါမှာတော့ အဆီ၊ သြဇာတွေက ချက်ကြိုးက တစ်ဆင့် ၀င်လာပြီ။ အာဟာရဇရုပ်တွေ ဖြစ်လာပါပြီ။

ဒါဆိုရင် ပဋိသန္ဓေအကြောင်းတော့ သိတန်သလောက် သိပြီပေါ့။ ဒီနေရာမှာ စုတိ-ဆိုတာလေးကို နည်းနည်း သိထားသင့်ပါတယ်။ စုတိ-ဆိုတာ အလွယ်ပြောရရင် သေဆုံးခြင်းပေါ့။ ဗုဒ္ဓ၀ါဒက ပဋိသန္ဓေအခါ၊ ပ၀တ္တိအခါနဲ့ စုတိ တို့ကို သေချာခွဲပြထားတယ်။ ပဋိသန္ဓေအခါဆိုတာ အမိဝမ်းမှာ ကံအဟုန်ကြောင့်ရောက်လာရတဲ့ ပဋိသန္ဓေစိတ်၊ အဲဒီပဋိသန္ဓေစိတ်ကလေးရဲ့ စဖြစ်ရာ ဥပါဒ်ခဏဟာ ပဋိသန္ဓေအခါ ဖြစ်ပါတယ်။ အဲဒီပဋိသန္ဓေခဏကနေ စုတိစိတ်ကျတဲ့(သေဆုံးတဲ့)အခါအထိက ပ၀တ္တိအခါ ဖြစ်ပါတယ်။

ကဲ…ဒါဆိုရင် အမိဝမ်းတွင်းက ကလေး သေဆုံးတာနဲ့ အပြင်ကလူတွေ သေဆုံးတာ အတူတူလားဆိုတော့ သေခြင်းလေးမျိုးကို သိဖို့ လိုပြန်တယ်။
၁။ သက်တမ်းကုန်လို့ သေခြင်း
၂။ ကံကုန်လို့ သေခြင်း
၃။ သက်တမ်းရော၊ ကံရော နှစ်ခုလုံးကုန်လို့ သေခြင်းနဲ့
၎။ ရုတ်တရက်သေခြင်း…လို့ လေးမျိုးရှိတယ်။

သက်တမ်းကုန်လို့ သေတယ်ဆိုတာ လူ့သက်တမ်းဆိုတာ အပိုင်းအခြားရှိတယ်။ အနှစ်တစ်သောင်း သက်တမ်းမှာ လူဖြစ်တဲ့သူက အဲဒီသက်တမ်းကုန်ရင် သေရတယ်။ အနှစ် ၁၀၀ သက်တမ်းမှာ လူဖြစ်သူက အနှစ် ၁၀၀ ပြည့်လို့ သေတယ်။ ဒါက သက်တမ်းကုန်လို့ သေရခြင်းပေါ့။

နောက် ကံကုန်လို့ သေရတယ်။ သက်တမ်းက အလွန်ရှည်တဲ့ကာလမှာ ဖြစ်လာရပေမယ့် သူ့မှာ ပါလာတဲ့ကံက မရှိတော့ရင် သေရတဲ့သဘောပါ။ နောက် သက်တမ်း၊ ကံ (နှစ်ပါးစုံ)ကုန်လို့ သေရတယ်။ နောက်ဆုံး ရုတ်တရက်သေဆုံးရခြင်းဆိုတာကတော့ ကားတိုက်လို့ သေတာ၊ ရထားတိုက်လို့…စတဲ့ ရုတ်တရက်သေဆုံးခြင်းကို ဆိုလိုပါတယ်။

ဆိုတော့ အမိဝမ်းတွင်းက ကလေးသေဆုံးတာနဲ့ အပြင်ကလူတွေ သေဆုံးတာဟာ တူပါတယ်လို့ အဖြေထွက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပ၀တ္တိအခါမှာ ရုပ်တွေဟာ ဖြစ်လာတယ်။ ပျက်သွားတယ်။ ဖြစ်လာတယ်။ ပျက်သွားတယ်။ ဒီလိုနဲ့ လည်ပတ်နေရင်း ဖောက်ပြန်ပြောင်းလဲနေရင်း အထက်ပါ သေခြင်းလေးမျိုးထဲက တစ်မျိုးမျိုးနဲ့ သေဆုံးသွားကြရတယ်။

ဒီလိုဆိုရင် အမိဝမ်းထဲက ကလေးက ဘယ်လို သေခြင်းမျိုးနဲ့ သေမလဲ။ သက်တမ်းကုန်ဖို့ မပြောနဲ့ လူ့ဘ၀ကိုတောင် မစရသေးဘူး။ ဒီတော့ သက်တမ်းနဲ့ကံ နှစ်မျိုးလုံး ကုန်လို့ သေခြင်းမျိုးလည်း မဖြစ်နိုင်တော့ဘူး။ ဒီကလေး သေဆုံးရဖို့အတွက် နှစ်မျိုးပဲ ကျန်ပါတယ်။ ကံကုန်လို့ သေတာဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ရုတ်တရက်သေဆုံးတာမျိုး ဖြစ်ပါလိမ့်မယ်။ ကံကုန်လို့ဆိုတာတော့ ဟုတ်ပါပြီ။ ဘယ်လိုလုပ် ရုတ်တရက်သေဆုံးရမလဲ….။ မိခင်ဖြစ်သူက ကလေးသေစေနိုင်လောက်တဲ့ မတည့်တဲ့ဆေးဝါးကို စားလိုက်တာဟာ အပြင်မှာ အဆိပ်သောက်လို့ သေတာနဲ့ အတူတူလို့ပဲ ဆိုနိုင်ပါတယ်။ အခြားပုံစံအမျိုးမျိုးလည်း ရှိနိုင်ပါသေးတယ်။ ချဲ့တွေးကြည့်လို့ ရမယ် ထင်ပါတယ်။

မေးခွန်းရဲ့ ဒုတိယအချက်ဖြစ်တဲ့ ဘယ်ကံကြောင့် လူမဖြစ်တာလဲဆိုတာကို ကြည့်ရအောင်။ ဗုဒ္ဓ၀ါဒအရတော့ အမိဝမ်းတွင်းကလေးကလည်း လူဖြစ်သွားပါပြီ။ ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ်ခဏကနေ စပြီး လူဖြစ်ခဲ့တာပါ။ ဒကာဆိုလိုချင်တာက အမိဝမ်းတွင်းကနေ ဘယ်ကံကြောင့် လူ့အဖြစ်ကို ရောက်မလာတာလဲလို့ ဆိုချင်ပုံရပါတယ်။ ဘယ်ကံရယ်လို့ တိတိပပ ပြောလို့ ရမယ် မထင်ပါ။ အသက်တိုစေတတ်တဲ့ ကံအသီးသီးကြောင့်လို့ပဲ ဆိုရမှာပါ။ ဒီလိုဆိုတော့ အထက်မှာ ပြောခဲ့တဲ့ သေခြင်းနှစ်မျိုးနဲ့ သေဆုံးသွားလို့ လူ့အဖြစ်ကို ရောက်မလာတာလို့ပဲ ပြောရမှာပါ။

ဦးဇင်းရဲ့ အဖြေက ဒီလောက်ပါပဲ။ မရှင်းတာရှိရင် ထပ်မေးလို့ ရပါတယ်။ ဒီကိစ္စက အလွန်ကို ကျယ်ပြန့်တဲ့ကိစ္စ ဖြစ်ပါတယ်။

Tuesday, August 3, 2010

ကံများနှင့်စကားပြောခြင်း


အချိန်ကာလကို ပိုင်းခြားသတ်မှတ်ခေါ်ဝေါ်ပြောဆိုဖို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ရယ်လို့ ကာလသုံးပါး သတ်မှတ်ထားကြတယ်။ အတိတ်ပြုမူချက်များက ပစ္စုပ္ပန်ကို မွေးဖွားပေးသလို ပစ္စုပ္ပန်ပြုမူချက်များက အနာဂတ်ကို မွေးဖွားပေးတယ်။ အတိတ်နဲ့ကင်းတဲ့ ပစ္စုပ္ပန်မရှိသလို ပစ္စုပ္ပန်မရှိရင်လဲ အနာဂတ်ဆိုတာ မရှိနိုင်တော့ပါဘူး။ ကာလသုံးပါးဟာ အချင်းချင်း ဆက်စပ်မှီခိုနေရပါတယ်။

လောကမှာ တစ်ချို့က `ပစ္စုပ္ပန်ဆိုတာ အတိတ်က ပြုမူလုပ်ဆောင်ချက်များရဲ့ အသီးအပွင့်ဖြစ်တယ်´လို့ တရားသေမှတ်ယူထားတတ်ကြတယ်။ ပစ္စုပ္ပန်အခြေအနေမှာ ဘာပဲဖြစ်ဖြစ် အတိတ်ကိုသာ လွှဲဖယ်ပုံချတတ်ကြတယ်။ ဒါဟာ ပစ္စုပ္ပန်လုပ်ဆောင်ချက်များက အနာဂတ်ကိုပုံဖော်တယ်ဆိုတဲ့သဘောတရားကို မျက်ကွယ်ပြုလိုက်တာပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာအလိုအရ ကာလသုံးပါးနဲ့ သူတို့ရဲ့ဖြစ်စဉ်ဟာ အကြောင်းအကျိုးခွဲခြားလို့ မရဘူး။ အများအားဖြင့် မြန်မာလူမျိုးမှာ ဖြစ်နေတာက ပစ္စုပ္ပန်အဆင်မပြေမှုကျတော့ အတိတ်ကံ မကောင်းလို့ဟု ယူဆကြပြီး ပစ္စုပ္ပန်ကောင်းရင် အနာဂတ်ကောင်းနိုင်တယ်ဆိုတဲ့သဘောတရားကို ရေငုံနှုတ်ပိတ်နေကြတယ်။ `ဖြစ်သမျှအကြောင်းအကောင်းချည်းပဲ၊ အတိတ်က မကောင်းခဲ့လို့ ဒို့ဒီလို ဖြစ်နေရတာ´၊ အဲဒီလို တရားသေ ယူဆနေသ၍တော့ ဗုဒ္ဓဘာသာလို့ အမည်ခံထားပေမယ့် ဗုဒ္ဓဘာသာမဟုတ်ပါဘူး။ ပုဗ္ဗေကတဟေတုဒိဋ္ဌိဆိုတဲ့ ဖြစ်သမျှအကြောင်း ရှေးကံအဟောင်းချည်းပဲလို့ ဆိုတဲ့ မိစ္ဆာဒိဋ္ဌိစာရင်း ၀င်သွားပါပြီ။ ဖြစ်သမျှအကြောင်း အကောင်း၊ အဆိုးအားလုံးကို အတိတ်ကို ပုံချလိုက်တဲ့သဘောပါ။

ဗုဒ္ဓဘာသာမှာ အဓိက ပြောပြောနေတတ်တဲ့ `သဗ္ဗေ သတ္တာ ကမ္မဿကာ၊ ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ - သတ္တ၀ါတွေဟာ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိကြတယ်၊ သတ္တ၀ါတွေကို ကံက ဝေဖန်ပိုင်းခြားပေးတယ်´ဆိုတဲ့စကားထဲက `ကံ´ဆိုတဲ့စကားကို နားမလည်ကြလို့ပဲ ဖြစ်တယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ `လှံထမ်းလာတာပဲ မြင်ရတယ်၊ ကံထမ်းလာတာ မမြင်ရ´စသော စကားများဖြင့်လဲ ကံကို အဓိပ္ပာယ်အကောက်အယူ မှားနေကြပါတယ်။ `ကံ´ဆိုတာ မမြင်ရတဲ့၊ မိမိတို့လက်လှမ်းမမီနိုင်တဲ့ မိမိတို့ဘ၀ အကောင်းအဆိုးကို ပြုပြင်ဖန်တီးပေးနေတဲ့ ဖန်ဆင်းရှင်ဘုရားတစ်ဆူလိုဖြစ်တယ်ဆိုတဲ့အမြင်အထိ လွဲမှားယူဆနေမိကြတယ်။ ဒီလိုသာ ယူဆမိရင် ဖန်ဆင်းရှင်က အရာရာကို ဖန်တီးပေးတယ်ဆိုတဲ့ ဖန်ဆင်းရှင်ဝါဒနဲ့ ဘာမှထူးမှာ မဟုတ်တော့ဘူး။ ဖန်ဆင်းရှင်ဝါဒက ဖန်ဆင်းရှင်၊ ဗုဒ္ဓ၀ါဒက `ကံ´။ ဒီလောက်ပဲ ထူးခြားနေပါလိမ့်မယ်။

ဖန်ဆင်းရှင်ဝါဒမှာ `ဖြစ်ပေါ်ခြင်း၊ တည်ရှိခြင်း၊ ချုပ်ပျောက်ခြင်း´အားလုံးဟာ ဖန်ဆင်းရှင်ပြဋ္ဌာန်းလိုက်တဲ့အတိုင်း ဖြစ်ပေါ်နေရတယ်။ အကောင်းအဆိုးသတ်မှတ်ချက်ဟာ ဖန်ဆင်းရှင်သာလျှင် အဓိက ခွဲခြားဝေဖန်နိုင်တယ်။ ဖန်ဆင်းရှင်က ကောင်းဆိုလျှင်ကောင်း၊ မကောင်းဆိုလျှင် မကောင်းပဲ။ လူသားအနေနဲ့ ထူးခြားပြီး စဉ်းစားစရာမလိုဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအတွက် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘာမှ စောဒကတက်ခွင့်မရှိဘူး။ ဖန်ဆင်းရှင်ပြဋ္ဌာန်းထားတဲ့ ပုံစံကွက်ထဲမှာ အလိုက်သင့် စီးမျောလိုက်ရုံပဲ။ အချို့ဗုဒ္ဓဘာသာတွေဟာလဲ မိမိတို့ဘ၀ကို `မကောင်းလဲ ကံ၊ ကောင်းလဲ ကံ´လို့သဘောထားပြီး `ကံ´ကိုပဲ ၀ကွက်အပ်ထားကြတယ်။ `ကံ´ဆိုတဲ့ ပုံစံခွက်ထဲမှာ ရေစုန်မျှော စီးဆင်းလွင့်ပါနေကြတယ်။

လောကမှာ အခက်အခဲအကျပ်အတည်းတွေဟာ တစ်ချိန်မဟုတ်တစ်ချိန် ကြုံတွေ့နေကြရတယ်။ နိုင်ငံတစ်ခုအတိုင်းအတာ၊ ကုမ္ပဏီစတဲ့အဖွဲ့အစည်းအတိုင်းအတာ၊ မိသားစုအတိုင်းအတာ စသည်အလျောက် အကျပ်အတည်းတွေက မိမိတို့ အသက်ရှင်စဉ်ကာလမှာ တွေ့နေရမှာပဲ။ အဲဒီလို အခက်အခဲတွေ တွေ့ကြုံရတဲ့အခါ ဖောက်ထွက်ကျော်လွှား လွန်မြောက်သွားသူတွေရှိသလို `ကံပေါ့ကွာ´ဆိုပြီး ရေစုန်မျှောကာ `ကံ´ကို `၀´ကွက် လက်ပိုက်ကြည့်နေသူတွေလဲ အများကြီးရှိနေပါတယ်။ အဲဒီလို လူမျိုးတွေဟာ အရှုံးသံသရာထဲမှာ ရှုံးပြီးရင်းရှုံး၊ နစ်ပြီးရင်းနစ် ဒုက္ခပင်လယ်ဝေနေကြရတော့တာပဲ။

လူတွေ ပြောနေကြတာပဲ။ `ကိုယ်လုပ်မှ ကိုယ်စားတာ´တဲ့။ မှန်ပါတယ်။ ဒီသဘောတရားကို ချဲ့ထွင်သွားကြဖို့ပဲ ရှိပါတယ်။ ကိုယ်လုပ်မှ ကိုယ်စားရတာ၊ ကိုယ်လုပ်တာ ကိုယ်ခံရတာ၊ ကိုယ်တိုက်ပွဲဝင်မှ ကိုယ်အောင်ပွဲရတာ၊ ကိုယ်တောင်းဆိုမှ ကိုယ်ရတာ၊ ကိုယ်တိုက်ထုတ်မှ ကိုယ်နိုင်တာ၊ အရာရာမှာ ကိုယ်ဆိုတဲ့ မိမိအပေါ်မှာ မူတည်နေတာချည်းပဲ။ ကောင်းကျိုးခံစားရတာပဲဖြစ်ဖြစ်၊ ဆိုးကျိုးခံရတာဖြစ်ဖြစ် အဓိကလက်သည်တရားခံက ကိုယ်မှတစ်ပါး အခြားသူမရှိဘူး။ ကိုယ့်ဘ၀ကို ပုံဖော်နေတဲ့ ဖန်ဆင်းရှင်ဆိုတာလဲ မရှိဘူး။ အတ္တာဟိ အတ္တနော နာထောပဲ။ ကိုယ့်အားကို ကိုယ်ပဲ ကိုးစားရမှာ။ မမြင်ရတဲ့ ကံဆိုတဲ့ အခြားအရာလဲ မရှိဘူး။

`ကံ´ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ လိုအပ်ပါတယ်။ `ကံ´ဆိုတာ `ကမ္မ´ဆိုတဲ့ ပါဠိစကားကို ပါဠိသက်မြန်မာစကားပြေအဖြစ် ပြောင်းလဲသုံးစွဲထားတာ ဖြစ်တယ်။ လိုရင်းဆိုရလျှင် `အလုပ်´၊ `အပြုအမူ´၊ `လုပ်ဆောင်ချက်´လို့ အဓိပ္ပာယ်ရပါတယ်။ အပြုခံသတ္တိ သို့မဟုတ် Passive Type သဘောရှိပါတယ်။ Active Type သဘောရှိသူတွေ သို့မဟုတ် သတ္တ၀ါတွေ ပြုသမျှ၊ ပြောသမျှ၊ ကြံစည်သမျှအရာတွေဟာ `ကံ´တွေပါပဲ။ ကံဆိုတာ မမြင်ရတဲ့ ခုန်ပျံကျော်လွှားပြီး လူတွေရဲ့ဘ၀ထဲ ရောက်လာတဲ့ သဘောတရားမဟုတ်ပါဘူး။ ခေတ်စကားနဲ့ပြောရရင် ဘလိုင်းကြီးလာရောက်ကြိုးကိုင် ခြယ်လှယ်နေတဲ့အရာ မဟုတ်ပါဘူး။ စိတ်ပါလို့ဖြစ်စေ၊ မပါဘဲဖြစ်စေ တစ်နည်းနည်းနဲ့ ကိုယ်ကိုယ်တိုင် ပြုမူ၊ ပြောဆို၊ ကြံစည်ခဲ့တဲ့ `ကံ´က မိမိတို့ရဲ့ ဖြစ်တည်မှုကို အကောင်းအဆိုးစီမံပေးနေတာပါ။

မွေးရပ်မြေက အသိမိတ်ဆွေထဲမှာ `ကံပေါ့လေ´လို့ အမြဲပြောတတ်တဲ့ အဒေါ်ကြီးတစ်ယောက်ရှိပါတယ်။ သူကဆိုရင် အမြဲတမ်း ဘာတွေပဲ ကြုံတွေ့တွေ့ ကံပဲ။ သူ့ဟာသူ ရေချိုးမှားလို့ ဖျားနေသူကို တွေ့ရင်လဲ `အော် သူခမျာ ကံမကောင်းရှာဘူး´။ ကြီးပွားနေသူတစ်ယောက် သူ့ဟာသူ အရက်သောက် မျာပွေပြီး လုပ်ပုံလုပ်နည်းမမှန်လို့ ဆင်းရဲသားဘ၀ရောက်သူကိုတွေ့လဲ ကံပဲ။ အရက်အလွန်အကျွံသောက်ပြီး ရမ်းကားလို့ ဆေးရုံတက်နေရသူကိုကြည့်ပြီးတော့လဲ ကံပဲ။ အဒေါ်ကြီးပြောတာ မဟုတ်ဘူးလား။ ဟုတ်ပါတယ်။ ဒါပေမယ့် ပြောပြောနေတဲ့ ကံက အဓိပ္ပာယ်အကောက်အယူလွဲနေတယ်။ `ကံမကောင်းဘူး´လို့ ပြောတာဟာ `လုပ်ပုံလုပ်နည်း မမှန်ဘူး´လို့ ပြောမှ ဗုဒ္ဓဘာသာရဲ့ ကံကို ထင်ဟပ်မိစေလိမ့်မယ်။ အများစု ရည်ညွှန်းတဲ့ကံဆိုတာ လက်ရှိပြုမူချက်တွေကို မရည်ညွှန်းဘဲ အတိတ်ကံကိုပဲ ရည်ညွှန်းတတ်ကြတယ်။ ဒါကြောင့် မှန်တော့ မှန်တယ်။ ဒါပေမယ့် မှားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တစ်ချို့က လက်ရှိကိုယ့်လုပ်ရပ်တွေ အသုံးမကျလို့ အမှားအယွင်းတွေဖြစ်၊ ဆိုးကျိုးတွေ ခံစားနေရတာကို မမြင်ရတဲ့ကံကို သွားပြီးလွှဲချနေတတ်ကြတယ်။ အမှားအယွင်းတစ်ခု၊ ဆုံးရှုံးမှုတစ်ခုနဲ့ ကြုံတွေ့လာရပြီိဆိုရင် အမှန်တကယ် စဉ်းစားသင့်တာက `ငါလုပ်တာ ဘာတွေ မှားနေလဲ၊ ဘာတွေ လိုအပ်နေခဲ့သလဲ´ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ အဲဒီလို ကိုယ့်လက်ရှိလုပ်ရပ်ရဲ့ အမှားအယွင်း၊ လိုအပ်ချက်တွေကိုမြင်မှ ကောင်းမွန်တဲ့ သစ်လွင်တဲ့ အကျိုးကြီးတဲ့ လုပ်ရပ်တွေအဖြစ် ပေါ်ထွက်လာမှာပါ။ `ငါကတော့ အကောင်းဆုံးလုပ်တာပဲ၊ ဒါပေမယ့် ကံမကောင်းလို့ ဘာမှဖြစ်မလာခဲ့ဘူး´လို့ ဆိုတာဟာ ရှေ့စကားနောက်စကား မညီပါဘူး။ ကိုယ့်အမြင်နဲ့ကိုယ်တော့ အကောင်းဆုံးဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်တကယ်မှာ လိုအပ်ချက်တစ်ခုမဟုတ်တစ်ခုရှိနေလို့ မအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်။ ရည်မှန်းချက်အောင်မြင်ချင်ရင် အဲဒီလိုအပ်ချက်တွေကို တွေ့အောင်ရှာရပါလိမ့်မယ်။ လိုအပ်ချက်ကို မရှာဘဲ `ကံမကောင်းလို့´ဆိုပြီး ယူဆနေသမျှ လမ်းကြောင်းမှန်ကို ဘယ်တော့မှ တွေ့မှာ မဟုတ်ပါဘူး။

လောကမှာ ပြောပြောနေတတ်ကြပါတယ်။ `ဒီကောင်က ဘာလုပ်လုပ် သိပ်အားမထုတ်ရဘူး၊ အကုန်အောင်မြင်တာချည်းပဲ´လို့။ အဲဒီလို လူမျိုးကို သေချာလေ့လာကြည့်ရင် အောင်မြင်မှုအတွက် အားသာချက်တစ်ခုမဟုတ်တစ်ခု ရှိနေလို့ပါ။ အပြောကောင်းခြင်း၊ စိတ်ရှည်ခြင်း၊ စေတနာထားခြင်း စတဲ့ လက်ရှိကောင်းကွက်လေးတွေက သူ့ကိုအောင်မြင်အောင် စွမ်းဆောင်ပေးနေတတ်ပါတယ်။ `သူက အတိတ်က ဘာကံတွေများ လုပ်ခဲ့သလဲမသိ၊ အများမြင်ချစ်ခင်နေတာပဲ´လို့လဲ ဆိုတတ်ကြတယ်။ တကယ်တော့ အတိတ်ကံဆိုတာထက် လက်ရှိသူရဲ့ ပြောပုံဆိုပုံ၊ လုပ်ပုံကိုင်ပုံ ဆက်ဆံပုံတွေကိုက ချစ်ခင်စရာ ဖြစ်နေတတ်ပါတယ်။ အခုတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပုံက လူတစ်ယောက်ဟာ အောင်မြင်မှုတွေ ရယူနေရသူတွေကို တွေ့တိုင်း `ဒီလူက တော်တော် အတိတ်ကံကောင်းခဲ့တာနော်´။ အဲဒီလိုချည်းပဲ ပြောပြောနေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာလို့ အမည်ခံထားပေမယ့် မိစ္ဆာဒိဋ္ဌိဘ၀ရောက်နေရတဲ့သူတွေ အများကြီးပဲ။

အများသိ ပုံပြင်လေးနဲ့ ပြောချင်ပါတယ်။ ကုန်သည်နှစ်ဦး ကန္တာရခရီးကို ဖြတ်ကျော်သွားကြတဲ့ ပုံပြင်ပါ။ တစ်ဦးက နောက်လိုက် လှည်းငါးရာနဲ့ ကန္တာရခရီးကို အရင် သွားနှင့်တယ်။ ကန္တာရထဲရောက်တော့ ဘီလူးတွေက ရှေ့မှာမိုးတွေ ရွာနေတဲ့အကြောင်း၊ ရေတွေကို အပင်ပန်းခံ သယ်စရာမလိုကြောင်း…ပြောပါတယ်။ သူတို့ကိုယ်တွေမှာလဲ ရေတွေရွှဲနေတဲ့ဟန်၊ ကြာဖူးကြာစွယ်တွေ စားနေဟန် သရုပ်ဆောင်ပြီး ပြောတာဆိုတော့ အဆိုပါ ကုန်သည်ခေါင်းဆောင်က ဘီလူးတွေရဲ့ စကားကို နားယောင်မိသွားတယ်။ ယုံကြည်သွားခဲ့တယ်။ ဒါနဲ့ သူ့နောက်လိုက် ခရီးသည်လှည်းသမားတွေကို ရှိသမျှရေတွေ အကုန်သွန်ချထားခဲ့ဖို့ ပြောလိုက်တယ်။ ဒီလိုနဲ့ သွားရင်းသွားရင်း ကန္တာရက ခြောက်သွေ့၊ ရေကလဲ မတွေ့နဲ့ လှည်းသမားတွေအားလုံး ပင်ပန်းကုန်တော့တာပဲ။ ဒါကြောင့် ဘီလူးတွေက အလွယ်တကူပဲ လှည်းကုန်သည်တွေကို စားပစ်လိုက်ကြတယ်။ ဒုတိယအဖွဲ့လာတော့လဲ ဘီလူးတွေက ရှေးနည်းတူ ဖြားယောင်းကြတယ်။ ဒါပေမယ့် ဒီကုန်သည်က အမြော်အမြင်ကြီးတယ်။ ဉာဏ်ရှိတယ်။ နှိုင်းနှိုင်းချိန်ချိန် လုပ်ဆောင်တတ်တယ်။ ရှေ့မှာ မိုးရွာနေတယ်ဆိုရင် မိုးရိပ်တော့ တွေ့ရမှာပဲ။ မိုးနံ့တော့ ရမှာပဲ။ ဒီလူတွေကြည့်ရတာ အရိပ်လဲ မထွက်ဘူး။ မျက်တောင်လဲ မခတ်ဘူး။ လူမဖြစ်နိုင်ဘူး။ ဘီလူးတွေပဲ ဖြစ်ရမယ်လို့ ယုံကြည်လိုက်ပါတယ်။ ဒါနဲ့ သူ့နောက်လိုက် လှည်းသမားတွေကို ရေတွေ သွန်မပစ်ကြဖို့၊ ဘီလူးတွေရဲ့စကားကို နားမယောင်ကြဖို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယကုန်သည်ဟာ ပထမလှည်းကုန်သည်ရဲ့ ကုန်ပစ္စည်းတွေရော၊ ဈေးနှုန်းအမြတ်အစွန်းတွေပါရပြီး အိမ်ပြန်ခရီးလှခဲ့ကြပါတယ်။

ဒီပုံပြင်မှာ ပြောချင်တာက ပထမကုန်သည်နဲ့အဖွဲ့ ဘီလူးတွေအစားခံရတာ၊ ကုန်တွေ ဆုံးရှုံးရတာ၊ ကျန်ခဲ့တဲ့ ဇနီးသားသမီးတွေ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခရောက်ကြရတာဟာ `အော်… သူတို့ခမျာ ကံမကောင်းရှာကြဘူးနော်´လို့ ဆိုမလား။ ဒုတိယကုန်သည်နဲ့အဖွဲ့ကိုရော `အော်… သူတို့ဖြင့် ကံကောင်းလိုက်ကြတာ´လို့ ဆိုမလား။ လုပ်ရပ်ဟာ ကံလို့ သဘောပေါက်ထားသူတွေအတွက်ဆိုရင်တော့ ပထမအဖွဲ့ဟာ `ကံဆိုးတယ်´။ ဒုတိယအဖွဲ့က `ကံကောင်းတယ်´လို့ပြောနိုင်ပါတယ်။ အသက်ပါ ဆုံးရှုံးပြီး မကောင်းတဲ့အကျိုးဆက်တွေ ခံစားသွားရတဲ့ ပထမအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ မကောင်းခဲ့ပါဘူး။ ဆုံးဖြတ်ချက်တွေ၊ စဉ်းစားဆင်ခြင်ပုံတွေက မမှန်ခဲ့ပါဘူး။ ဒါကြောင့် သူတို့ဟာ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြရတာပါ။ ဒီလိုမှ မဟုတ်ဘဲ သူတို့လုပ်ရပ်တွေကို မျက်ကွယ်ပြုပြီး `မမြင်ရတဲ့ ကံ´ကို လွှဲချနေပြီဆိုရင်တော့ အဲဒီအယူအဆဟာ မှားယွင်းသွားပါပြီ။ ပထမအဖွဲ့ဟာ ဉာဏ်ပညာနဲ့ နှိုင်းနှိုင်းချိန်ချိန် မလုပ်ဆောင်ဘဲ မှားယွင်းဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။ ဒုတိယအဖွဲ့တော့ မိမိရဲ့ စဉ်းစားဆင်ခြင်ဉာဏ်၊ ဆည်းပူးထားတဲ့ ဗဟုသုတတွေနဲ့ မှန်ကန်စွာ လုပ်ဆောင်ခဲ့ကြတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ အကျိုးရလာဒ်တွေ ခြားနားသွားခဲ့ရခြင်း ဖြစ်ပါတယ်။

ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ် အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းနှစ်ခုလုံးမှာ လျှို့ဝှက်ချက်လေးတွေ တစ်ခုမဟုတ်တစ်ခု ရှိနေတတ်ပါတယ်။ တပြိုင်နက်တည်းမှာပဲ အဲဒီ လျှို့ဝှက်ချက်လေးက အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းရဲ့ အဓိကအကြောင်းတရား ဖြစ်နေတတ်ပြန်ပါတယ်။ အောင်မြင်မှုရဖို့ရန်အတွက် ဗုဒ္ဓဘာသာက ကံ၊ ဉာဏ်၊ ၀ီရိယ သုံးခုညီဖို့ ပြောပါတယ်။ အတိတ်ကာလက ပြီးပြက်ခဲ့တဲ့ မိမိတို့ရဲ့ ကောင်းကံ၊ ဆိုးကံတွေကို ဘာမှ ပြုပြင်လို့ မရတော့ပါဘူး။ ပြီးခဲ့တဲ့အရာတွေက ပြီးသွားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပစ္စုပ္ပန်လုပ်ဆောင်ချက်(ကံ)ကို ဉာဏ်၊ ၀ီရိယနဲ့ သဟဇာတဖြစ်အောင် မျှမျှတတ လုပ်ဆောင်နိုင်ခြင်းအားဖြင့် အတိတ်ဘ၀က ဆိုးကံတွေကို အကောင်းဘက်ရောက်အောင် လမ်းကြောင်းလွှဲပစ်နိုင်ပါတယ်။

အတိတ်ကံဆိုတာ ပယ်ဖို့မဟုတ်၊ လက်တွေ့ဘ၀လုပ်ငန်းစဉ်မှာ မေ့ထားလိုက်ဖို့ပါ။ ပစ္စုပ္ပန်လုပ်ငန်းတွေမှာ ပစ္စုပ္ပန်ကျကျ တွေးခေါ်မြော်မြင်ပြီး အနာဂတ်အတွက် မျှော်လင့်ချက်အသစ်တွေကို ရဲရဲတင်းတင်း ထားရှိလိုက်ကြဖို့ပါ။ `ငါတို့ကိုယ်က ကံဆိုးတာပါကွာ´ဆိုတာတွေကို မေ့ဖျောက်ပြီး ကိလေသာတိုက်ပွဲ၊ ဘ၀တိုက်ပွဲ၊ အမှန်တရားတိုက်ပွဲနဲ့ တိုက်ပွဲပေါင်းများစွာကို ဇွဲမလျှော့တမ်း၊ နောက်မဆုတ်တမ်း ဆက်လှမ်းကြပါစို့….။

Saturday, July 31, 2010

လူသား၊ နှုန်းစံများနှင့် တာဝန်


ဗုဒ္ဓစာပေများတွင် လူကို “မနုဿ”ဟု အသုံးများသည်။ မနုဿ-ဟူသော ပါဠိကို ပါဠိဆရာများက အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ထိုဖွင့်ဆိုချက်များအရ “အကောင်း၊ အဆိုးကို သိတတ်နားလည်တတ်သောကြောင့် လူ၊ တဖြည်းဖြည်း တိုးတက်နေသော စိတ်ဓာတ်ရှိသောကြောင့် လူ…”စသည်ဖြင့် အမျိုးမျိုး တွေ့ရသည်။ သို့ဖြစ်၍ “လူဆိုသည်မှာ လုပ်သင့်၊ မလုပ်သင့်၊ ပြောသင့်၊ မပြောသင့်၊ ကြံစည်သင့်၊ မကြံစည်သင့်…စသည်တို့ကို သိနားလည်ပြီး မိမိတို့၏ စိတ်ကို အမြင့်မြတ်ဆုံးအခြေအနေရောက်အောင် ပြုတတ်သူများ”ဟု ဆိုနိုင်လိမ့်မည်ဟု ထင်သည်။

ဖန်ဆင်းရှင်ဝါဒများက လူကို ဘုရားသခင်များက ဖန်တီးသည်ဟု ဆိုသည်။ ခရစ်ယာန်အဆိုအရ လူ (အမျိုးသား)သည် ထာဝရဘုရားအကူအညီဖြင့် မြေကြီးက ဖြစ်လာသည်။ လူ (အမျိုးသမီး)က အမျိုးသား၏ နံရိုးတစ်ချောင်းမှ ဖြစ်လာသည်။ အစ္စလာဟ်ဘာသာအလိုအရလည်း ထိုအဆိုနှင့် တူသလောက်ပင် ဖြစ်သည်။ အခြားသော ဖန်ဆင်းရှင်ဝါဒများသည်လည်း ဤနည်းနှင်နှင် ယူဆပြောဟောကြပေသည်။ ရုပ်ဝါဒသမားများကမူ လူသည် မည်သူဖန်ဆင်း၍ ဖြစ်လာသည်လည်း မဟုတ်၊ လူတွင် မမြင်နိုင်သောအကြောင်းတရား ဘာမှ မရှိ။ လက်တွေ့မျက်တွေ့ မိဘနှစ်ပါးတို့ စပ်ယှက်မှုကြောင့် လူဖြစ်လာသည်ဟု ဆိုကြသည်။

ဗုဒ္ဓ၀ါဒက ဖန်ဆင်းမှုအယူအဆကို လုံးဝပယ်သည်။ ရုပ်ဝါဒအဆိုကို တစိတ်တဒေသအားဖြင့် လက်ခံသည်။ ဗုဒ္ဓ၀ါဒအရ လူတစ်ယောက်ဖြစ်လာဖို့အတွက်…
၁။ မိဘဖြစ်မည့်သူနှစ်ဦး ကာမစပ်ယှက်ခြင်း၊
၂။ မိခင်ဖြစ်မည့်သူ ဥတုလာပြီးစ ဖြစ်ခြင်း၊
၃။ ပဋိသန္ဓေနေမည့်သူက အဆင်သင့်ဖြစ်ခြင်း ဟူသော အကြောင်းသုံးချက် ပြည့်စုံဖို့ လိုသည်။ (မဟာတဏှာသင်္ခယသုတ်) ဗုဒ္ဓဘာသာတစ်ဦးဖြစ်နေ၍လား မသိ၊ အလွန်သဘာဝကျသော အဆိုတစ်ခုဟု ယူဆမိသည်။ ဟုတ်ပါပြီ။ မည်သို့သောအကြောင်းနှင့်ဖြစ်နေပါစေ.. သေချာသည်က ယခု ကျွန်ုပ်တို့ လူဖြစ်လာကြပေပြီ။

လူဆိုသည်မှာ သက်မဲ့အရာဝတ္ထုများကဲ့သို့ မဟုတ်၊ သူ့တွင် ခံစားတတ်သော၊ တွေးကြံတတ်သော၊ ဆုံးဖြတ်တတ်သော စိတ်..ဆိုသောအရာ ပါရှိသည်။ စိတ်ဟူသည် ပြောလိုက်သည်က တစ်လုံးတည်းဖြစ်သော်လည်း ဗီဇနှင့် ပတ်ဝန်းကျင်ကိုလိုက်၍ အမျိုးမျိုး ကွဲပြားသည်။ စိတ်ကွဲပြားသဖြင့် ခံစားချက်တွေ ကွဲပြားသွားသည်။ ခံစားချက်များ ကွဲပြားသွားသဖြင့် ခံယူချက်တွေ ကွဲပြားသွားသည်။ ခံယူချက်တွေ ကွဲပြားသွားသဖြင့် ပြုမှုလုပ်ဆောင်ချက်တွေ ကွဲပြားသွားသည်။ ပြုမူလုပ်ဆောင်ချက်များ ကွဲပြားသွားသဖြင့် ပန်းတိုင်များ သို့မဟုတ် ဆိုက်ရောက်ရာ ဘ၀အခြေအနေများလည်း ကွဲပြားသွားလေတော့သည်။

ထိုထို ကွဲပြားချက်များရှိနေလင့်ကစား လူသည် တစ်ဦးနှင့်တစ်ဦး ကင်းကင်းကွာကွာ မနေတတ်ကြ။ အခြေခံအားဖြင့် ပေါင်းစည်းညီညွတ်စွာ နေလိုကြသည်။ တစ်ဦးနှင့်တစ်ဦး ပုံစံအမျိုးမျိုးဖြင့် ပေါင်းသင်းဆက်ဆံကြသည်။ မတူညီသောစိတ်၊ ကွဲပြားသောခံစားချက်နှင့် ခြားနားသောပန်းတိုင်တို့အကြား ညီညွတ်စွာပေါင်းစည်းရေးအတွက် တာဝန်များ ချမှတ်လိုက်ကြသည်။

“ဒါက မင်းတာဝန်၊ ဒါက ငါ့တာဝန်၊ ဒါက ဆရာ့တာဝန်၊ ဒါက တပည့်တာဝန်၊ ဒါက မိဘတာဝန်၊ ဒါက သားသမီးတာဝန်၊ ဒါက လင့်တာဝန်၊ ဒါက မယားတာဝန်၊ ဒါက ဆရာ့ (ကြည်ညိုခံဆရာ) တာဝန်၊ ဒါက ဒကာ့တာဝန်…..”

လူဆိုသည်မှာ မွေးလာပြီဆိုကတည်းက သားသမီးဟူ၍ ဖြစ်လာသဖြင့် သားသမီးတာဝန်က ပါလာသည်။ သားသမီးမှသည် တပည့်ဖြစ်လာမည်၊ တပည့်တာဝန်။ ထိုမှ ဆရာဖြစ်လာမည်၊ ဆရာ့တာဝန်။ ထိုမှ မိဘဖြစ်လာမည်၊ မိဘတာဝန်။ ထိုမှ ဒကာဖြစ်လာမည်၊ ဒကာ့တာဝန်။ ဆိုတော့…. တာဝန်နှင့်လူသားကို မည်သူက ခွဲခြားပေးနိုင်ပါမည်လဲ။ မည်သည့်တန်ခိုးရှင်ကမှ ခွဲခြားပစ်၍ မရ။ တာဝန်နှင့်လူသားသည် ခေါင်းနှင့်ပန်းပမာ တပူးတွဲတွဲ ဖြစ်တည်နေရလေသည်။

တာဝန်နှင့်လူသား ခွဲခြားမရတာတော့ ဟုတ်ပါပြီ။ “တာဝန်ဆိုတာ ဘာလဲ”။ တာဝန်ဆိုသည်ကို မည်သူက ပညတ်ပေးသနည်း။ သတ်မှတ်ပေးသနည်း။ မည်သူသတ်မှတ်ပေးသော တာဝန်ကသာ တကယ်ထမ်းဆောင်ရမည့်တာဝန်ဖြစ်ပြီး မည်သူသတ်မှတ်ပေးသောတာဝန်က မထမ်းဆောင်သင့်သောတာဝန် ဖြစ်နေသနည်း။ ဥပမာအားဖြင့် လူ့တာဝန်။ လူသားတစ်ယောက်အနေဖြင့် မည်သို့သောတာဝန်တွေကို ထမ်းဆောင်မှ လူ့တာဝန်ကျေပွန်သည်ဟု ဆိုနိုင်မည်နည်း။ ဥပမာ မိဘနှစ်ပါး။ မည်သို့သောတာဝန်များကို ကျေပွန်မှ မိဘတာဝန်ကျေပွန်မည်နည်း။

တစ်ဖန် စဉ်းစားစရာ ရှိသည်မှာ… တာဝန်ဟူသည် အရှိတရားလော သို့မဟုတ် ဖန်တီးထည့်သွင်းထားရသော ပညတ်တရားတစ်ခုလော။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာက သိင်္ဂါလောဝါဒစသောာ သုတ်တို့ဖြင့် မကောင်းမြစ်တား၊ ကောင်းရာညွှန်လစ်…စသော မိဘတာဝန်များကို ဖော်ပြပေးသည်။ ထိုသို့ မြတ်စွာဘုရားက သတ်မှတ်ပေးသဖြင့် မိဘများတွင် တာဝန်ရှိလာသလော။ သို့မဟုတ် မြတ်စွာဘုရားဟောသည်ဖြစ်စေ၊ မဟောသည်ဖြစ်စေ… ထိုတရားငါးပါးကိုသည် မဖြစ်မနေ ထမ်းဆောင်သင့်သောတာဝန်များ ဖြစ်သလော။ အမြင်အမျိုးတော့ ဖြစ်နေပါလိမ့်မည်။

ခရစ်ယာန်ကလည်း ခရစ်တော်ညွှန်ပြသော မိဘတာဝန်၊ အစ္စလာဟ်ဘာသာကလည်း မိုဟာမက်ဟောကြားသော မိဘတာဝန်၊ ကွန်ဖြူးရှပ်ဘာသာကလည်း ကွန်ဖြူးရှပ်ညွှန်ပြသော မိဘတာဝန်။ ဘာသာမဲ့ကလည်း သူကိုယ်တိုင် သတ်မှတ်ထားတဲ့ မိဘတာဝန်…..။ အသီးအသီး ပညတ်ထားကြလိမ့်မည်။ သို့ဆိုလျှင် တာဝန်ဟူသည် အရှိတရားမဟုတ်။ သတ်မှတ်ပညတ်ထားချက်တစ်ခုသာ ဖြစ်သည်ဟု ဆိုရပေမည်။

သို့ရာတွင် ဤနေရာတွင် တာဝန်များကို မည်သို့သောစံနှုန်းများဖြင့် သတ်မှတ်ထားကြသနည်း။ ဒဿနပညာရှင်များက တာဝန်များသတ်မှတ်မှုတွင် အကြောင်းတရားအခြေခံနှစ်ရပ်ကို ဆွဲထုတ်ပြသည်။
၁။ အပြုအမူတစ်ခု၏ အကျိုးဆက်ကို ကြည့်ခြင်း၊
၂။ အခြားစံနှုန်းတစ်ခုခုကို ကြည့်ခြင်း။
တာဝန်တွေကို အဘယ့်ကြောင့် ပညတ်ပေးထားသနည်း။ လောကကောင်းကျိုး၊ ပတ်ဝန်းကျင်ကောင်းကျိုး၊ မိမိကောင်းကျိုးဟူသော အကျိုးဆက်များကို ကြည့်၍ သတ်မှတ်ပေးထားသည်ဟု ဆိုသည်။ နောက်တစ်မျိုးက အကျိုးဆက်ကို ပဓာနမထား။ လက်ရှိအခြေအနေနှင့်အချိန်အခါကို မိမိဉာဏ်ဖြင့် စဉ်းစားဆင်ခြင်သည်။ “ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်။ ဒါကိုလုပ်မှ ဒီကိစ္စက ပြီးမြောက်မယ်”စသည်ဖြင့် မိမိယူဆသတ်မှတ်ထားချက်အရ တာဝန်တွေကို ပညတ်လိုက်သည်။

လူနာငါးယောက်နှင့် ဒေါက်တာတစ်ဦးကို ဥပမာအဖြစ် ပြသည်။ ဆေးခန်းတစ်ခုတွင် လူနာငါးယောက်ရောက်လာသည်ဆိုပါစို့။ ငါးယောက်တွင် လေးယောက်က ကျောက်ကပ်၊ နှလုံးစသည့် အစားထိုးကုသမှုများ ပြုလုပ်ဖို့ လိုအပ်နေသည်။ တစ်ယောက်ကတော့ ဒဏ်ရာအနာတရ အကြီးအကျယ်မဖြစ်၊ အကောင်းပကတိနီးပါး ဖြစ်သည်။ ဆရာဝန်၏တာဝန်သည် တတ်နိုင်သမျှ လူနာများကို အသက်ရှင်အောင် ကုသပေးဖို့ ဖြစ်သည်။ ဤကိစ္စတွင် ဆရာဝန်အနေဖြင့် သက်သာနေသူ၏ ကျောက်ကပ်၊ နှလုံးစသည်တို့ဖြင့် လူနာလေးယောက်တို့၏ အသက်ကို ကယ်တင်နိုင်သည်။ သို့ဖြစ်၍ “လေးယောက်ကို အသေခံမလား၊ သက်သာနေသူကို အသေခံမလား”ဆိုသော ပြဿနာဝင်လာသည်။ အခြားနည်းလမ်းက ရွေးစရာမရှိ။ သက်သာနေသူကို အသက်ရှင်ခွင့်ပေးလိုက်လျှင် ကျန်လေးယောက်က သေမည်။ လေးယောက်နှင့်တစ်ယောက် သို့မဟုတ် အသက်လေးချောင်းနှင့် အသက်တစ်ချောင်း….မည်သည်ကို ရွေးရပါအံ့နည်း။

နံပါတ် ၁-အကျိုးဆက်ကိုသာ ကြည့်သူက လူလေးယောက်၏ အသက်သည် လူတစ်ယောက်၏အသက်ထက် ပိုတန်ဖိုးကြီးသည်။ သို့မဟုတ် အသက်လေးချောင်းသည် အသက်တစ်ချောင်းထက် ပို၍ လူ့လောကအကျိုးကို သယ်ပိုးနိုင်သည်။ လူတစ်ယောက်၏လုပ်နိုင်စွမ်းအားနှင့် အကျိုးစီးပွားထက် လူလေးယောက်၏ လုပ်ဆောင်နိုင်စွမ်းနှင့် အကျိုးစီးပွားက ပို၍ သာလွန်သည်။ ထို့ကြောင့် လေးယောက်ကို အသက်ရှင်အောင်ကုသပြီး တစ်ယောက်ကိုတော့ အဆုံးရှုံးခံလိုက်ဖို့ ပြောလိုက်မှာ သေချာသည်။

နံပါတ် ၂- အခြားစံနှုန်းတစ်ခုခုကို မူတည်ပြီး လုပ်ဆောင်ချက်ကို ဆုံးဖြတ်သူကတော့ ဤအမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အသက်ရှင်ခွင့်ရှိနေသောလူတွင် လူသားတစ်ယောက်၏ ကိုယ်ပိုင်အခွင့်အရေး ရှိနေသည်။ သူသည် ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာ အကြီးအကျယ်မရခဲ့။ လူလေးယောက်၏စွမ်းအားလောက် ကြီးမားမှုမရှိနိုင်သော်လည်း သူ့တွင် ကိုယ်ပိုင်အသက်ရှင်ခွင့်က ရှိနေသည်။ ဆရာဝန်သည် အထက်ပါ အချက် ၂-ချက်အနက် မည်သည့်အချက်ဖြင့် ဆုံးဖြတ်မည်နည်း။

အကျိုးဆက်ကိုသာ ကြည့်ပါက လေးယောက်ကို အသက်ရှင်စေပြီး တစ်ယောက်ကို လက်လွှတ်ပစ်လိုက်မိမည်ဖြစ်သည်။ သို့ရာတွင် အမှတ် ၂-အချက်ဖြင့် စဉ်းစားလိုက်ပြန်လျှင် ဆရာဝန်တစ်ယောက်၏ တာဝန်၊ အကျင့်…စသည့် စံနှုန်းများက သူ့ကို တိုက်ခိုက်ကြတော့မည်။ လောကပြဿနာများတွင်လည်း ထိုကဲ့သို့ ဘေးကျပ်နံကျပ်ဖြစ်စေသော ကိစ္စရပ်များစွာ ရှိလေသည်။
ဆရာဝန်၏ ကိုယ်ကျင့်နှင့်တာဝန်ကို မည်ကဲ့သို့ သတ်မှတ်ပေးမည်နည်း။ သူလေးစားအားကျရာ၊ သူတိမ်းညွတ်ရာ ပတ်ဝန်းကျင်လွှမ်းမိုးမှုများ၊ သူကိုးကွယ်ရာ ဘာသာတရား…..စသော အရာများက သတ်မှတ်ပြဓာန်းပေးလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ တာဝန်နှင့်လူ၏ ပြုမှုချက်ဆိုင်ရာ ကိုယ်ကျင့်တရားက တရားသေမပြောနိုင်သော ပညတ်တရားတစ်ခုသာ ဖြစ်နေပြန်ပါသည်။ ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများအပေါ်မူတည်၍ လူတို့၏ တာဝန်သတ်မှတ်ချက်များကလည်း ကွဲပြားနေပါလိမ့်မည် ဖြစ်လေသည်။ သို့ဆိုလျှင် လူတို့၏ တာဝန်ဆိုသည်ကို မည်သို့ ပုံသေကားချမှတ်ယူနိုင်သော စံတစ်ခုမျှ မရှိတော့ပြီလော။

ပြင်သစ်နိုင်ငံကို ဂျာမန်က အသဲအသန် ထိုးစစ်ဆင်နေချိန်က ဖြစ်ပျက်ခဲ့သော အကြောင်းလေးကလည်း စဉ်းစားစရာတစ်ခု ဖြစ်သည်။ ထိုစဉ်က လူငယ်တိုင်း လက်နက်ကိုင်ပြီး စစ်ထဲဝင်သည်။ တိုင်းပြည်ကို ကာကွယ်ရန်အတွက် လူတိုင်းစစ်မြေပြင်သို့ သွားရောက်ကြသည်။ သို့ရာတွင် လူငယ်တစ်ယောက်က စစ်ထဲဝင်ပြီး စစ်မြေပြင်သို့ သွားသင့်၊ မသင့် အကြီးအကျယ် ဆုံးဖြတ်ရခက်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့တွင် ရောဂါအသဲအသန်ဖြစ်နေသော မိခင်အိုကြီးက ရှိနေသည်။ ပြုစုမည့်သူက မရှိ။ သူသာ စစ်မြေပြင်သွားပြီး မိခင်အိုကြီးကို မပြုစုလျှင် မိခင်အိုကြီးခမျာ သေဖို့သာ ရှိလေသည်။ တစ်ဖက်တွင် သူ့လိုပဲ လူငယ်တွေက အကြောင်းပြချက်တွေ အမျိုးမျိုးပေးပြီး စစ်ထဲမသွားကြလျှင် အမိနိုင်ငံတော်ကြီးမှာ တိုင်းတစ်ပါးလက်အောက်တွင် ကျရှုံးရပေတော့မည်။ မိဘအပေါ်ပြုစုရမည့် သားသမီးတာဝန်နှင့် တိုင်းသူပြည်သားတိုင်း ပြုသင့်သော တိုင်းပြည်တာဝန်။ မည်သည်ကို ရွေးရပါအံ့နည်း။

ဗုဒ္ဓမြတ်စွာနှင့်သူတော်စင်တို့ လမ်းညွှန်ချက်များအရ ပေးအပ်လာသော တာဝန်အသီးသီးနှင့် မိမိသူတစ်ပါးချမ်းသာခြင်းဟူသော အကျိုးဆက်တို့ကို မိမိအသိဉာဏ်ဖြင့် နှိုင်းယှဉ်ရင်း လူသားပီသအောင် တစ်ဆင့်ချင်း တိုးပွားအောင် အားထုတ်နိုင်လျှင် ကွဲပြားနေသောစံနှုန်းများကို ဂရုမစိုက်ဘဲ ဆက်လက်လျှောက်လှမ်းသွားနိုင်မည်ဟု ထင်မြင်နေမိသည်။ ကိုယ်ရွေးလိုက်သော စံနှုန်းများနှင့် တာဝန်များအတွက် နောင်တမရဖို့တော့ လိုအပ်နေပါလိမ့်အုံးမည်။

အထက်ပါအကြောင်းများကို သူငယ်ချင်းကို ပြောပြတော့ သူငယ်ချင်းက “တာဝန်နဲ့ပတ်သက်ပြီး ပြတ်သားတဲ့ အမြင်တွေ မပါဘူး”ဟု ဆိုသည်။ မိမိကလည်း “တာဝန်ဆိုတာ နေထိုင်ရာဝန်းကျင်နဲ့ ကြိုတင်သိရှိမှုများအရ ကွဲပြားနေတတ်ပုံကို မီးမောင်းထိုးပြချင်ရုံသက်သက်ပါ။ မြင်ချင်သလို မြင်၊ တွေးချင်သလို တွေးလို့ ရတာပေါ့”ဟု ပြန်ပြောလိုက်ရပါသည်။ ဘာပဲဖြစ်ဖြစ် တာဝန်ဆိုင်ရာ အမြင်တွေကတော့ ရှုပ်ထွေးစွာ ကွဲပြားနေပါလိမ့်အုံးမည်။

Tuesday, July 27, 2010

ဘူတန်နိုင်ငံက ဘာသာကူးပြောင်းမှု ဆန့်ကျင်ရေး ဥပဒေ


ဇူလိုင်လမှာ ဘူတန်နိုင်ငံဟာ ဥပဒေတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ခရစ်ယာန်တွေက သူတို့ရဲ့ ခရစ်ယာန် ဘာသာဝင်တွေ တိုးတက်မှုကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး အဲဒီဥပဒေကို ထုတ်ပြန်လိုက်တာပါလို့ ငြီးတွားနေ ကြပါတယ်။ “ဘူတန်ဟာ ခရစ်ယာန်ကိုဖိနှိပ်နေပါတယ်”လို့လည်း ခရစ်ယာန်တွေက စွပ်စွဲပါတယ်။ အဲဒီဥပဒေ ကတော့ “ဘာသာပြောင်းမှု တားဆီးဆန့်ကျင်ရေး ဥပဒေ (Anti-Conversion Law) ပဲဖြစ်ပါတယ်။

ဘူတန်ကတော့ သူ့အကြောင်းပြချက်နဲ့သူ ထုတ်ပြန်လိုက်တာပါ။ ဒီအကြောင်းပြချက်တွေကိုလည်း ခရစ်ယာန် တွေက မူမမှန်တဲ့အကြောင်းပြချက်တွေလို့ ဝေဖန်ကြပြန်ပါတယ်။ ဘူတန်က ခရစ်ယာန်တွေကို “ဘာသာရေး အတင်းအကျပ် သိမ်းသွင်းသူများ”လို့ စွပ်စွဲကြောင်းလည်း သတင်းလွှင့်နေကြပါတယ်။

“ဒီဥပဒေက ဘာသာသိမ်းသွင်းခြင်း သို့မဟုတ် စည်းရုံးခြင်းသဘောဆောင်တဲ့ ပုံစံတစ်ခုခုကို လုပ်ဆောင်တဲ့သူ ကို အပြစ်ပေးမယ်လို့သာ ခပ်ဖြန်းဖြန်း (ခပ်ဝါးဝါး)ဆိုထားတော့ ဆင်းရဲသားတွေကို စားစရာပေးခြင်း၊ အ၀တ်ပေး ခြင်းစတဲ့ ကူညီမှုတစ်စုံတစ်ရာ လုပ်နေတဲ့ ခရစ်ယာန်စေတနာ့ဝန်ထမ်းတွေကို ထောင်ထဲပို့လိုက်မှာကို စိုးရိမ်ပါ တယ်”လို့ ခရစ်ယာန်တွေက ဆိုနေကြပါတယ်။

ဥပဒေရဲ့ ဆိုလိုချက်အပြည့်အစုံကတော့ “ဘူတန်နိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေ၊ အပိုဒ် ၄၆၃ အရ တစ်စုံတစ် ယောက်ဟာ တစ်စုံတစ်ယောက်ကို ဘာသာရေးအရ ဆွဲဆောင်သိမ်းသွင်းခြင်း သို့မဟုတ် သိမ်းသွင်းသည့် ပုံစံ တစ်မျိုးမျိုးဖြင့် ဘာသာတစ်ခုမှ ဘာသာတစ်ခုသို့ ပြောင်းလဲအောင် အားထုတ်လျှင် ဘာသာရေး ဆွဲဆောင် သိမ်းသွင်းမှု အပြစ်ဒဏ်သက်ရောက်စေရမည်”လို့ ဖြစ်ပါတယ်။

မြို့တော်သင်းဘူး (Thimphu)က အမည်မဖော်လိုတဲ့ သင်းအုပ်ဆရာတစ်ဦးက “ဒီ ဘာသာကူးပြောင်းမှု ဆန့် ကျင်ရေး ဥပဒေက အတည်ပြုလုနီးနီး ဖြစ်နေပါပြီ၊ ဒါပေမယ့် အခုချိန်မှာ လက်တွေ့အကောင်အထည်ဖော်မှု တော့ မရှိသေးပါဘူး၊ ဒီဥပဒေက ခရစ်ယာန်ဘာသာဝင် တိုးပွားမှုကို ဦးတည်တိုက်ခိုက်တာ ဖြစ်ပုံရပါတယ်”ဟု ဆိုပါတယ်။

ဘူတန်၊ ပါလီမန်တစ်ယောက်ဖြစ်တဲ့ ကူအင်လေး ရှာရင်း (Kuenlay Tshering)ကတော့ “ဒီဥပဒေဟာ ဘူတန် ဘုရင့်နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ ကိုက်ညီတယ်၊ ဖွဲ့စည်းပုံဥပဒေမှာ - ဘူတန်နိုင်ငံသားတိုင်းဟာ လွတ်လပ် စွာတွေးခေါ်ခွင့်၊ ဘာသာရေးလွတ်လပ်ခွင့် ရှိပါတယ်၊ ဘယ်သူကမှ ဘာသာရေးဆွဲဆောင်သိမ်းသွင်းမှုနည်းနဲ့ အခြားဘာသာအတွင်းကို မသွတ်သွင်းစေရ-လို့ ပါရှိပါတယ်”လို့ တုန့်ပြန်ပါတယ်။ “နိုင်ငံတော်က ဒီဥပဒေကို ဖောက်ဖျက်သူကို သုံးနှစ်ထက်လျော့နည်းတဲ့ ထောင်ဒဏ်အပြစ်ပေးနိုင်တဲ့ အသေးအဖွဲကိစ္စတစ်ရပ်အနေနဲ့ပဲ သုံးသပ်ထားပါတယ်”လို့လည်း ဆိုပါတယ်။

“ဒီလို ဥပဒေမျိုးကို အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာလည်း ပြဓာန်းထားတာပဲ။ ဒါပေမယ့် သူတို့ကတော့ ဘာသာရေး သိမ်းသွင်းမှုဆိုတဲ့ဝေါဟာရကို မရေမရာလုပ်ထားပြီး ခရစ်ယာန်တွေကို ခြိမ်းခြောက်ဖို့အတွက် မှားယွင်းစွာ အသုံးပြုနေကြပါတယ်၊ ဒါကို ကျွန်တော်တို့ သတိထားပါတယ်၊ ကျွန်တော်တို့ကတော့ အဲဒီလို မဖြစ်စေရပါ ဘူး”လို့လည်း ဖြည့်စွက်ပြောကြားပါတယ်။

ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦးကတော့ “အာဏာပိုင်တွေဟာ ခရစ်ယာန်ဆန့်ကျင်သူတွေက တိုင်ကြားချက် တွေကို အရေးယူပေးလေ့ရှိတဲ့အတွက် ခရစ်ယာန်တွေဟာ မကြာခဏ အဖမ်းခံရနိုင်ပါတယ်”လို့ ဆိုပါတယ်။

ဘူတန်နိုင်ငံဟာ လူဦးရေ ၆၈၃၄၀၇ ရှိတဲ့အနက် ၇၅ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက နိုင်ငံရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်ခြမ်းတွေမှာ အဓိက နေကြပါတယ်။ နီပေါလ်လူမျိုးစုဝင်တွေ ဖြစ်တဲ့ ခန့်မှန်းခြေ ၂၂ ရာခိုင်နှုန်းလောက်ရှိတဲ့ ဟိန္ဒူဘာသာဝင်တွေကတော့ နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ နေထိုင်ကြပါတယ်။

ခရစ်ယာန်တွေကတော့ ၆၀၀၀-လောက်သာ ရှိပါတယ်။ အများစုကတော့ နီပေါလ်လူမျိုးစုတွေ ဖြစ်ပါတယ်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ တရားဝင်စာသင်ကျောင်းတော့ တစ်ခုမှ မရှိပါဘူး။ သမ္မာကျမ်းစာကိုတော့ ဘူတန်ဘာသာစကားနဲ့ နီပေါလ်ဘာသာစကားတွေနဲ့ ဘာသာပြန်ထားတာ ရှိပါတယ်။ ဘူတန်ဖွဲ့စည်းပုံဥပဒေက ဘာသာရေးလွတ်လပ်ခွင့်ကို အာမခံပေးထားပေမယ့် အစိုးရကတော့ ခရစ်ယာန်တွေရှိနေတာကို တရားဝင် အသိအမှတ် မပြုပါဘူး။ ခရစ်ယာန်တွေဟာ သူတို့အိမ်တွေမှာပဲ ဘာသာရေးအလုပ်တွေကို လုပ်နေရပါတယ်။

ဘူတန်နိုင်ငံရဲ့ တရားဝင်ဝက်ဘဆိုက်မှာ “မဟာယာန်ဗုဒ္ဓဘာသာရဲ့ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဒရုပ်ပ ကတ်ဂျူးဂိုဏ်း (Drukpa Kagyue school)ဟာ နိုင်ငံတော်ဘာသာ ဖြစ်ပါတယ်။ တောင်ပိုင်းကတော့ ဟိန္ဒူဘာသာလွှမ်းမိုးမှု ရှိပါတယ်။ နိုင်ငံရဲ့ အချို့ဒေသတွေမှာတော့ သေလွန်သူကို ကိုးကွယ်မှု၊ တိရစ္ဆာန်ကိုးကွယ်မှုနဲ့ နတ်ကိုးကွယ်မှု အကြွင်းအကျန်တွေ တည်ရှိနေဆဲ ဖြစ်ပါတယ်”လို့ တွေ့ရပါတယ်။ ဒါပေမယ့် ခရစ်ယာန်ဘာသာနဲ့ ပတ်သက်တာ ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ (နေရာအနှံ့ ပြန့်နေတဲ့ ခရစ်ယာန်ဘာသာဝင် ၆၀၀၀-လောက်ကလေးကို ဘယ်အစိုးရက ရေးကြီးခွင်ကျယ် ထည့်ရေးနေမလဲ)။

“နှစ်ပေါင်း ၁၀၀-ကျော်သက်တမ်းရှိတဲ့ ဘုရင်စနစ်ကို လိုက်နာလျှက် ဘူတန်နိုင်ငံဟာ ၂၀၀၈-ခုနှစ်၊ ပထမဦးဆုံး ရွေးကောက်ပွဲပြီးကတည်းက ဒီမိုကရေစီနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဘူတန်ဟာ ဘာသာရေး လွတ်လပ်ခွင့်အပါအ၀င် လွတ်လပ်စွာ လုပ်ဆောင်လာခဲ့ကြပါတယ်။ ဒါဆိုရင် နောက်ထပ် ဘာသာရေးတွေ ဘာဖြစ်လို့ လိုအပ်နေအုံးမလဲ”လို့ ပြည်ထဲရေးနဲ့ယဉ်ကျေးမှုဝန်ကြီး ဒေါ်ဂျိက ပြောပါတယ်။

“ဘူတန်ဟာ ခရစ်ယာန်ဘာသာတင် မဟုတ်ပါဘူး၊ ဘယ်ဘာသာရေးယုံကြည်မှုတွေနဲ့မှ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် ခင်ဗျားတို့ သိထားရမှာက ဘူတန်ဆိုတာ လူဦးရေ ၆၀၀၀၀၀ ကျော်လောက်သာ ရှိတဲ့ နိုင်ငံသေးသေး လေးတစ်ခုပါ။ ကျွန်တော်တို့ အများစုဟာ ဗုဒ္ဓဘာသာတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဟိန္ဒူရှိတယ်၊ ခရစ်ယာန် ရှိတယ်။ ကဲ… ဒါဆိုရင် ကျွန်တော်တို့ နောက်ထပ်ဘာသာရေးတွေ ထပ်ပြီး လိုသေးလို့ လား”လို့လည်း ဆက်ပြော သွားပါတယ်။

ဘူတန်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေးအခြေအနေအရပ်ရပ်ဟာ ဗုဒ္ဓဘာသာနဲ့ နီးနီးကပ်ကပ် ဆက်သွယ်မှု ရှိနေပါ တယ်။ ဒေါ်ဂျိဦးဆောင်တဲ့ ပြည်ထဲရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက မြို့တော် သင်းဘူးမှာ ရှိပ်ချိုဒဇောင်း (Tashichho Dzong)လို့ ကျော်ကြားတဲ့ ဧရာမဘုန်းတော်ကြီးကျောင်းအတွက် ၀င်ရောက်လုပ်ကိုင်ပေးပါသေး တယ်။ “ဗုဒ္ဓဘာသာဟာ ဘူတန်ပြည်သူတွေကို အတူတကွ ရှင်သန်စေပြီး ညီညွတ်စေပါတယ်။ ဘူတန်လူမျိုး တွေရဲ့ လူမှုဘ၀ဟာ ဒဇောင်းဘုန်းတော်ကြီးကျောင်းမှာ ဗဟိုပြုနေပါတယ်”လို့ ဒေါ်ဂျိက ရှင်းပြပါတယ်။

“ခင်ဗျားတို့ အိန္ဒိယကို ကြည့်လိုက်ပါ၊ ဘာသာရေးပေါင်းစုံပူးတွဲနေတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် တင်းမာမှုတွေ၊ သွေးချောင်းစီးမှုတွေ မကြာခဏ ဖြစ်နေတာကို တွေ့ပါလိမ့်မယ်။ ဘူတန်ကို အဲဒီလို မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဟာ အိန္ဒိယနဲ့ တရုတ်ဆိုတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ရပ်တည်နေရတာပါ။ ဘူတန်လူမျိုးတွေဟာ ဘယ်တုန်းကမှ ကိုလိုနီနိုင်ငံ မဖြစ်ခဲ့ပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ဘူတန်ဆိုတာ သမိုင်း ကြောင်းအရ သူ့ အသက်ရှင်ရပ်တည်ရေးအတွက်သာ စိတ်ဝင်စားပါတယ်။ ဘူတန်လူမျိုးတွေဟာ စစ်တိုက်ဖို့ထက် သူတို့ရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုနဲ့ အချုပ်အခြာအာဏာကိုသာ မက်မောကြပါတယ်”လို့လည်း ရှင်းပြပါ တယ်။ ၂၀၀၈-ခုနှစ်မှာ ထုတ်ပြန်တဲ့ အခြေခံဥပဒေကလည်း ဘူတန်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်ဖို့နဲ့ ဗုဒ္ဓဘာသာဟာ နိုင်ငံတော်ရဲ့ အမွေအနှစ်တစ်ခုဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။

အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတစ်ဦးကလည်း “ခင်ဗျားတို့ ကြည့်လေ၊ တိဗက်ကို တရုတ်တွေက သူတို့ပြည် နယ်လုပ်ပစ်တယ်၊ ဆစ်ကင်းနိုင်ငံကို အိန္ဒိယက သူတို့ပြည်နယ် လုပ်ပစ်တယ်။ ဒီတော့ ဒီနိုင်ငံကြီး နှစ်နိုင်ငံထဲက ဘယ်နိုင်ငံက ကျုပ်တို့ကို သိမ်းသွားမလဲ။ ဒီကိစ္စကို ဘူတန်ပြည်သူတိုင်းက စိုးရိမ်နေကြတာပါ”လို့ ပြောပါတယ်။

“ခင်ဗျားတို့ သိတဲ့အတိုင်းပဲ၊ ဆစ်ကင်းနိုင်ငံဆိုတာ အိန္ဒိယရဲ့ အရှေ့မြောက်ခြမ်းမှာ တည်ရှိတာပါ။ အခုတော့ အိန္ဒိယရဲ့ ပြည်နယ်တစ်ခုပေါ့။ တကယ်တော့ ဆစ်ကင်းဆိုတာ ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံတစ်ခုလေ။ ဗုဒ္ဓ ဘာသာနိုင်ငံတစ်ခုလေ။ အဓိကလူမျိုးတွေက ဘောတိယနဲ့ လက်ပ်ချားလူမျိုးတွေ ဖြစ်ပါတယ်။ နောက်ပိုင်း နီပေါလ်တွေက ၀င်လာတယ်။ သူတို့က ဟိန္ဒူဘာသာဝင်တွေ ဖြစ်တယ်။ (ဘူတန်ပုံစံနဲ့ အလွန်တူနေတယ်)။ နောက်ပိုင်းမှာ ဒေသခံလူမျိုးတွေထက် နီပေါလ်တွေက အင်အားသာသွားတယ်။ ၁၉၇၅-ခုနှစ်၊ ဆန္ဒခံယူပွဲအရ ဆစ်ကင်းကို အိန္ဒိယရဲ့ ပြည်နယ်တစ်ခုအဖြစ် သက်မှတ်လိုက်ကြတယ်။ ဆစ်ကင်းရဲ့ ၇၅-ရာခိုင်နှုန်းသော ပြည်သူတွေဟာ နီပေါလ်တွေပါ။ သူတို့တွေဟာ အိန္ဒိယနဲ့ မပေါင်းချင်ပါဘူးလို့ မဲပေးခဲ့ကြတာပါ။ ဒီမိုကရေစီ ဆိုတာ မဲများတာကို ကိုယ်စားပြုတယ်ဆို။ ကဲ….. ဘာလဲ ဒီမိုကရေစီဆိုတာ….”လို့လည်း ဆက်ရင်ဖွင့်ပါတယ်။

ဘူတန်နဲ့ အခြားသော အိန္ဒိယရဲ့ အိမ်နီးချင်းနိုင်ငံငယ်လေးတွေဟာ အရှက်မရှိ၊ မျက်နှာပြောင်တိုက် သိမ်းယူ တတ်တဲ့ အိန္ဒိယရဲ့ အကျင့်ကို သိနေကြပါပြီ။ ဆစ်ကင်းနိုင်ငံလေးရဲ့ အဖြစ်အပျက်တွေက ဘူတန်ကို အိန္ဒိယပြည် နယ်မဖြစ်စေဖို့ သတိပေးနေပါတယ်။

“၁၉၈၀-နှစ်များတုန်းက ဘူတန်ဘုရင်ဟာ နိုင်ငံရဲ့အချုပ်အခြာအာဏာတည်မြဲရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ် များကို ကာကွယ်ဖို့အတွက် “နိုင်ငံတစ်ခု လူမျိုတစ်မျိုး အစီအစဉ် (one-nation-one-people campaign)”ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအစီအစဉ်က တော်လှန်တဲ့ နီပေါလ်လူမျိုးတွေကို မျက်နှာသာ မပေးခဲ့ပါဘူး။ တော်လှန်တဲ့ နီပေါလ်တွေနဲ့ အာဏာပိုင်တွေဟာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတယ်။ တကယ်တော့ ဒီနီပေါလ်လူမျိုး တွေဟာ သူတို့ဆန္ဒအလျောက် ကျွန်တော်တို့ ဘူတန်နယ်မြေထဲကို ကျူးကျော်ဝင်လာပြီး နေထိုင်နေကြတာ ဖြစ် တယ်။ ကျွန်တော်တို့နယ်မြေကို တစ်နည်းတစ်ဖုံ ကျူးကျော်နေထိုင်နေကြတာပဲ။ ဘယ်ဘူတန်လူမျိုးကမှ ဖိတ်ခေါ်လို့ လာကြတာ မဟုတ်ပါဘူး။ သူတို့က လူဦးရေ ၁-သိန်းခန့် ရှိပါတယ်။ သူတို့ကို တိုင်းပြည်ကနေ နှင်ထုတ်ခဲ့ကြရပါတယ်။ သူတို့အများစုက ခရစ်ယာန်တွေ ဖြစ်ပါတယ်”လို့လည်း ဆိုပါတယ်။

အစိုးရဟာ တော်လှန်သူတွေအပေါ် ဘာကြောင့် မငဲ့ညှာရသလဲလို့ ပြည်သူတစ်ယောက်ကို မေးကြည့်တော့ “ကျွန်တော်တို့ ဘူတန်ဟာ နောက်ထပ် ဆစ်ကင်းပြည်နယ် မဖြစ်ချင်ပါဘူး”လို့ ရိုးရိုးရှင်းရှင်းလေးပဲ ဖြေပါတယ်။

ဘူတန်နိုင်ငံဟာ သူတို့ဘာသာစကား၊ သူတို့ရိုးရာဝတ်စုံတွေကိုပဲ အသုံးပြု၊ ၀တ်ဆင်ကြဖို့ တင်းတင်းကျပ်ကျပ် စည်းကမ်းသက်မှတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ တိုးတက် ပြန့်ပွားစေဖို့ ဖြစ်ပါတယ်။ ဘူတန် အမျိုးသားတွေဟာ သူတို့အလုပ်သွားတဲ့အခါ သို့မဟုတ် လူထုအစုအဝေးတွေ ကို သွားတဲ့အခါတွေမှာ ဂို (Gho) လို့ခေါ်တဲ့ ဒူးထိရှည်တဲ့ ၀တ်ရုံကြီးကို ၀တ်ရပါတယ်။ ပြီးရင် ခါးမှာ အ၀တ်စနဲ့ လုပ်တဲ့ ခါးပတ်စီးရပါတယ်။ အမျိုးသမီးတွေကတော့ ကိရာ (kira)လို့ ခေါ်တဲ့ ပုခုံးတစ်ဖက်ပေါ် ခြေချင်းဝတ်ထိ ရှည်တဲ့ ခါးမှာခါးပတ်ပတ်ထားရတဲ့ ၀တ်ရုံကြီးကို ၀တ်ရပါတယ်။ မလိုက်နာသူတွေကို ဒဏ်ငွေဆောင်ရခြင်း သို့မဟုတ် ထောင်ဒဏ်အပြစ်ပေး ခံရနိုင်ပါတယ်။

“အစိုးရအနေနဲ့ မဝေးတော့တဲ့ အနာဂတ်မှာ ဘူတန်မှာ ခရစ်ယာန်တွေရှိတယ်ဆိုတာကို တရားဝင် အသိအမှတ် ပြုပေးဖို့ မျှော်လင့်ပါတယ်။ ဘာသာရေးလွတ်လပ်ခွင့်ဆိုတာ ခရစ်ယာန်အတွက်ရော၊ အစိုးရအတွက်ပါ ကောင်း ကျိုးဖြစ်လာပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင် ဘာသာရေးအဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်အစိုးရက ပြီးမြောက်အောင် လုပ်ဆောင်နိုင်တော့မလဲ”လို့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်က ပြောပါတယ်။ ဇန်န၀ါရီလတုန်းက ပုနခါး (Punakha)မှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို သူ အမှတ်ရနေပါတယ်။ အဲဒီမှာ တည်ဆောက်နေဆဲ အိမ်တစ်လုံးကို ခရစ်ယာန်ဘုရားရှိခိုးကျောင်းဆောက်နေတယ်ဆိုတဲ့ ကောလာ ဟလကြောင့် ဖျက်ဆီးခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ အိမ်ရှင်ဟာ ဘုရင့်ထံတော်ကို သွားရောက်ပြီး ဘုရားကျောင်းဆောက်ဖို့ မဟုတ်ကြောင်း၊ ဒါပေမယ့် ထာဝရဘုရားကို ၀တ်ပြုဖို့ ဆောက်တာ ဖြစ်ကြောင်း လျှောက်ထားခဲ့လို့ ဘုရင်က ခွင့်ပြုပေးခဲ့ပါတယ်။

“၀န်ကြီးချုပ်ကတော့ နောက်ဆိုရင် လွတ်လပ်ခွင့် ပိုပေးမယ်လို့ ကတိပြုထားပါတယ်။ အခုဆိုရင် ခရစ်ယာန် ဘာသာဝင်တွေဟာ တဖြည်းဖြည်း တိုးပွားလာနေပါတယ်။ ခရစ်ယာန်ဘာသာက လူနာတွေကို သက်သာ ပျောက်ကင်းစေတယ်ဆိုတာကို တစ်ဆင့်စကားနဲ့ သိလာကြပါပြီ။ တရားဝင် ဆွဲဆောင်သိမ်းသွင်းဖို့ ဟောကြား ခွင့်တော့ မရသေးပါဘူး။ ခရစ်ယာန်တွေအနေနဲ့ အခြေအနေကို နားလည်ထားရမယ်၊ ပြီးတော့ အစိုးရအပေါ်မှာ စိတ်ရှည်ရှည်ထားရမယ်။ နေ့ချင်းညချင်း လွတ်လပ်ရေး ဘယ်လိုလုပ် ရနိုင်မလဲ”လို့လည်း ခရစ်ယာန်သင်းအုပ် ဆရာက ဆက်ပြောသွားပါတယ်။


ဘာသာပြန်သူ၏ သုံးသပ်ချက်

ဒလိုင်းလားမာ အတ္ထုပ္ပတ္တိဇာတ်ကားကို ကြည့်တုန်းက ဒလိုင်းလားမားကို မော်စီတုန်းက “Religion is poison = ဘာသာရေးဆိုတာ အဆိပ်”လို့ ပြောတဲ့စကားကို အမှတ်ရနေပါတယ်။ နောက်ပြီး “ဘာသာဆိုတာ ဘိန်းနဲ့တူ တယ်”ဆိုတဲ့စကားလည်း ရှိပါတယ်။ ဘာသာရေးသမားတွေကတော့ ကန့်ကွက်ကြတာပဲ။ ဘယ်လိုပင် ကန့်ကွက် ကန့်ကွက် အနေအထားမကျရင် အဲဒီစကားတွေက မှန်နေတတ်ပြန်ပါတယ်။ နေရာတိုင်းကိုတော့ မဆိုလိုပါဘူး။ အနေအထားမကျရင်ဆိုတဲ့ စကားက ကျယ်ပြန့်ပါတယ်။

စာလေးတစ်ပုဒ် ဖတ်ဖူးတယ်။ ကျွန်းလေးတစ်ကျွန်းမှာ သူတို့ ယုံကြည်မှုနဲ့သူ အေးချမ်းပျော်ရွှင်နေတဲ့ လူမျိုးစု လေးတွေ ရှိတယ်။ နောက်ပိုင်းမှာ ခရစ်ယာန် စေတနာကြီးရှင်တွေ၊ အလ္လာဟ်ယုံကြည်သူတွေ…. ရောက်သွား တယ်။ အေးချမ်းနေတဲ့ လူမျိုးစုလေးဟာ စိတ်ဝမ်းတွေ ကွဲကုန်တယ်။ အချင်းချင်း မညီညွတ်မှုတွေ ဖြစ်သွားတယ်။ ဆိုတော့ “ဘာသာရေးဆိုတာ ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးလား”။

ကမ္ဘာ့နိုင်ငံကြီးတွေက “မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် မရှိဘူး။ ခရစ်ယာန်တွေ၊ မူစလင်တွေကို နှိပ်ကွပ်တယ်”လို့ ပြောရင် မခံချင်ပါဘူး။ မကျေနပ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ “မြန်မာဆိုတာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်လို့ပါ”။ ဗုဒ္ဓဘာသာနိုင်ငံဟာ ဗုဒ္ဓဘာသာကို ဦးစားပေးမယ်။ ခရစ်ယာန်နိုင်ငံဟာ ခရစ်ယာန်ကို ဦးစား ပေးမယ်။ မူစလင်နိုင်ငံဟာ မူစလင်ကို ဦးစားပေးမယ်။ ဒါ ထုံးစံပဲ။

ဥရောပနိုင်ငံကြီးတွေ၊ တခြားမူစလင်နိုင်ငံတွေဟာ သူတို့ မြေပေါ်မှာ တရားဝင် ဗုဒ္ဓဘာသာကျောင်းတွေ ဘယ်နှစ်ကျောင်းများ ဆောက်ခွင့်ပြုပါသလဲ။ ဘာသာရေးအခမ်းအနားတွေကို ဘယ်လောက်ထိ လွတ်လပ်စွာ လုပ်ခွင့်ပြုပါသလဲ။ မနှစ်က မလေးရှားရောက်တော့လည်း ပိုသိခဲ့ရတယ်။ ဗုဒ္ဓဘာသာတွေအပေါ်မှာ မူစလင်တွေ ဘယ်လို သဘောထားသလဲ။ ဒါကို နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မလေးရှားဆိုတာ မူစလင်နိုင်ငံလေ။ မူစလင်နိုင်ငံဖြစ်လို့ မူစလင်ဘာသာကို ဦးစားပေးတယ်။ ဘာမှ ပြောစရာ မရှိပါဘူး။ သူတို့ကို မူစလင်ဘာသာ ကိုတော့ ဦးစားပေးမယ်။ ဗုဒ္ဓဘာသာကို ဦးစားမပေးဘူး၊ ခရစ်ယာန်ဘာသာကို ဦးစားမပေးဘူးလို့ ဘယ်တော့မှ ဝေဖန်မိမှာ မဟုတ်ပါဘူး။

အခု ဘူတန်ကိစ္စလေးကို ဖတ်ရတော့ ဒီဘာသာဟာ ဘူတန်ရဲ့ အေးချမ်းမှု။ တည်ငြိမ်မှုကို ဘာကြောင့်များ ဖျက်ဆီးချင်နေရတာလဲလို့ မေးခွန်းထုတ်မိပါတယ်။ ကျုပ်တို့နိုင်ငံက တောင်တန်းဒေသတွေမှာ အဓိကရုဏ်းတွေ ဖြစ်တယ်၊ မညီညွတ်မှုတွေ ဖြစ်တယ်ဆိုတာလည်း ဒီစေတနာကြီးရှင်ကြောင့်လည်း အများကြီးပါပါတယ်။ ဘယ်လောက်ညီညွတ်တဲ့ အေးချမ်းတဲ့နေရာဖြစ်ဖြစ် ဘာသာကြီးတွေ တစ်ခုထက် ပိုရောက်သွားပြီဆိုရင် ပျက်စီးဖို့အခြေအနေ ပိုများသွားပါပြီ။ မညီမညွတ်တွေ ဖြစ်ဖို့အခြေအနေ တော်တော်များသွားပါပြီ။

စာရေးသူမှာ ဘာသာခြား အသိမိတ်ဆွေတွေ ရှိပါတယ်။ အွန်လိုင်းမှာတွေ့တော့ သူ့ကို ပြောလိုက်ပါတယ်။ “ခင်ဗျားတို့ စေတနာရှိတယ်ဆိုရင် အဲဒီစေတနာတွေကို ဖြူဖြူစင်စင် ရှိနေဖို့ ကောင်းတယ်။ ထာဝရဘုရားကို ယုံကြည်စေဖို့နဲ့ ခရစ်တော်ကို အားကိုးစေဖို့ သို့မဟုတ် ခရစ်ယာန်ဖြစ်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ မလုပ် ကြပါနဲ့။ အထူးသဖြင့် ဘာသာတစ်ခုခု အခြေတည်နေတဲ့ ဒေသမှာ ပိုပြီး မလုပ်သင့်ဘူး”လို့ ပြောလိုက်ပါတယ်။

တစ်နိုင်ငံလုံး မူစလင်ဖြစ်နေတဲ့ နိုင်ငံမှာ တစ်ခြားဘာသာတစ်ခုခုက ၀င်ရောက်ဆွဲဆောင် သိမ်းသွင်းနေပြီဆိုရင် ဒေသခံ မူစလင်တွေ စိတ်ဆင်းရဲတော့မယ်။ ဒါ ထုံးစံပဲ။ ခရစ်ယာန်ကြီးစိုးတဲ့ နိုင်ငံမှာလည်း ထို့အတူပဲပေါ့။ “ဒါ ဒီမိုကရေစီခေတ်ကွ၊ လူတိုင်းလူတိုင်းဟာ လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်ရှိတယ်”လို့ ဆိုပြီး အကုန်လိုက်ရမ်းနေ ရင်တော့ ဒါ နည်းလမ်းမကျသေးဘူးလို့ ထင်ပါတယ်။ ဒီမိုကရေစီဆိုတာ အချင်းချင်း လေးစားတန်ဖိုးထားစိတ် အပေါ်မှာ အခြေတည်မှ ဒီမိုကရေစီ စစ်တာပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဗရမ်းဗတာ(လွတ်လွတ်လပ်လပ်) တိုက်ခိုက်နေ ကြတာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တန်ဖိုးထားစိတ်နဲ့ အချင်းချင်းနားလည်မှုထားပြီး လုပ် ဆောင်ကြမှသာ ဒီမိုကရေစီ ဖြစ်တာပါ။

လူသားရဲ့ လွတ်လပ်ခွင့်ကို အကြောင်းပြပြီး ဗရမ်းဗတာ ပြော၊ ဗရမ်းဗတာ လုပ်လို့ မရပါဘူး။ အခြေအနေနဲ့ အချိန်အခါကိုလည်း ကြည့်ရပါအုံးမယ်။ “လူပျိုပဲကွ၊ အပျိုကို ရည်းစားစကားပြောတာ ဘာဖြစ်လဲ”ဆိုပြီး အခြေ အနေနဲ့ အချိန်အခါကို မကြည့်ဘဲ လိုက်ပြောနေလို့ မရပါဘူး။ အဲဒီလိုပါပဲ “လူသားတိုင်းမှာ လွတ်လပ်ခွင့် အပြည့် ရှိတယ်ကွ”ဆိုပြီး သူ့ဓလေ့၊ သူ့ဘာသာနဲ့သူ ငြိမ်းချမ်းတည်ငြိမ်နေတဲ့ နေရာဒေသကို သွားရောက် မဖျက်ဆီး သင့်ပါဘူး။

ဗုဒ္ဓဘာသာဝင်တွေကလည်း ဗုဒ္ဓဘုရားရှင်ရှိမှ လောကကြီး ငြိမ်းချမ်းမယ်လို့ အယူမသီးသင့်ပေဘူး။ ခရစ်ယာန်ကလည်း ယေရှုကို မယုံကြည်ရင် ကမ္ဘာကြီးမနက်ဖြန်ပဲ ဆုတ်ယုတ်သွားတော့မလို၊ မူစလင်ကလည်း အလ္လာဟ်သာမရှိရင် လောကကြီး မသာယာနိုင်ဘူး၊ ဟိန္ဒူကလည်း ရှီဝ ဖန်တီးပေးမှ လောကကြီးသာယာနိုင်တာ….စသည်ဖြင့် ကိုယ့်ဘာသာ ကို အမွှမ်းတင်ပြီး အယူတွေ မသီးသင့်ကြဘူး။ ဘာသာဆိုတာ ငြိမ်းချမ်းရေးအတွက် ဆေးခွက်တွေပဲ ဖြစ်နေသင့်တယ်။ အဆိပ်ခွက်တွေ ဖြစ်မနေသင့်ဘူး။


စာဖတ်သူတွေတော့ မသိပါဘူး။ ဘူတန်ရဲ့ လုပ်ရပ်ကို ထောက်ခံပါတယ်။ ဒါပေမယ့် ခြွင်းချက်မဲ့တော့လည်း မဟုတ်ပါဘူး။ ဒီဥပဒေကို ခရစ်ယာန်အသိုင်းအ၀ိုင်း သတင်းတွေက တော်တော်အသားယူ ရေးနေကြတာ တွေ့ရတယ်။ ဘူတန်ရဲ့ ယဉ်ကျေးမှုတွေကို ထိပါးပုတ်ခတ်တဲ့ အမနာပတွေကလည်း အများကြီးပဲ။

သူတို့ရည်ရွယ်ချက်ကတော့ ဘူတန်တွေဟာ ခရစ်ယာန်တွေကို နှိမ်နေပါတယ်။ ဘူတန်ယဉ်ကျေးမှုဆိုတာ ကလည်း ရှေးဦး မယဉ်ကျေးမီခေတ်က ပုံစံတွေလို ဖြစ်နေတဲ့အကြောင်းလည်း ပုတ်ခတ်ရေးသားကြပါတယ်။ ဒါနဲ့ ဆက်စပ်တဲ့ သတင်းတွေ အကုန်လုံးကိုတော့ မတင်ပြနိုင်ပါဘူး။ အခု တင်ပြလိုက်တာကတော့ အဲဒီအကြောင်း တွေထဲက အစိတ်အပိုင်းတစ်ရပ်ပဲ ရှိပါသေးတယ်။ ကဲ…စာဖတ်သူတို့လည်း ဖတ်ရှုဝေဖန်ပြီး သင်္ခန်းစာတွေ ယူလိုက်ကြပေါ့။ မူရင်းကတော့ ဒီမှာပါ။ စိတ်ဝင်စားရင် ဒီထက်ပိုပြီး လေ့လာနိုင်စရာတွေ ရှိပါတယ်။

စာရေးသူ သုံးသပ်ခဲ့တာတွေကို အဓိပ္ပာယ်ကောက် မမှားကြဖို့တော့ မျှော်လင့်ပါတယ်။ ဘယ်ဘာသာကိုမှ ထိပါး ပုတ်ခတ်လိုတဲ့စိတ် မရှိပါဘူး။ အေးချမ်းတည်ငြိမ်နေတဲ့အရပ်မှာ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး ဘာသာရေး ဆွဲဆောင်သိမ်းသွင်းမှုတွေ၊ မွန်မြတ်တဲ့ဘာသာတရားကြောင့် ပြိုကွဲမှုတွေ မဖြစ်စေချင်ပါဘူး။ ဒါကို ရည်ရွယ်ပြီး ပြောခဲ့ခြင်း ဖြစ်ပါတယ်။


Friday, July 23, 2010

ရေချိုးကြရအောင်



“အရှင်ဘုရား… ဗဟုကာမြစ်ကို ရေးသွားချိုးသလား”

“အော်…. ရေချိုးတာပဲ ဒီနားက ရေတွင်းထဲမှာ ချိုးလည်း ရတာပဲ။ ဘာဖြစ်လို့ ဗဟုကာမြစ်ကို သွားချိုးရမှာလဲ”

“အော်… အရှင်ဘုရားကလည်း ဗဟုကာမြစ်ထဲမှာ အကုသိုလ်တွေကို မျောလို့ ရတယ်လေ၊ အဲဒီမှာ ရေချိုးရင် ကိလေသာတွေ စင်ကြယ်တယ်တဲ့”

“သူများတွေ ပြောတိုင်း မယုံပါနဲ့ ဘာရဒွါဇပုဏ္ဏားရယ်….၊ ဗဟုကာမြစ်မကလို့ အဓိကက္ကရေချိုးဆိပ်၊ ဂယာရေ ချိုးဆိပ်၊ သုန္ဒရိကာမြစ်၊ သူရဿတီမြစ်၊ ပယာဂရေချိုးဆိပ်၊ ဗဟုမတီမြစ်၊ ဘယ်နေရာမှာ ချိုးချိုး ကိလေသာတွေ ကတော့ မစင်ကြယ်နိုင်ပါဘူး”

“ပုဏ္ဏား ရေချိုးချင်ရင် ဒီသာသနာမှာ ရေလာချိုးစမ်းပါ၊ ဒီသာသနာမှာ ရေချိုးမှ သင့်ရင်တွင်းမှာ ရှိနေတဲ့ ကိလေသာတွေ စင်ကြယ်နိုင်တယ်၊ သူ့အသတ်ကို မသတ်သူဖြစ်ရင်၊ သူ့ဥစ္စာကို မခိုးသူဖြစ်ရင်၊ မနာလိုဝန်တိုမှု တွေ မရှိရင် ဂယာရေချိုးဆိပ်ကို ဘာလို့ သွားနေစရာ လိုအုံးမလဲ၊ ဟိုနားက ရေတွင်းကလည်း သင့်အတွက် ရေချိုးဆိပ်ပါပဲ”

“အရှင်ဘုရားပြောတာ သဘာဝကျလိုက်တာနော်၊ တပည့်တော် သဘောကျလိုက်တာ။ အရှင်ဘုရား အရှင် ဘုရားရဲ့ သာသနာမှာ ရေချိုးချင်ပါတယ်၊ ခွင့်ပြုပါဘုရား”

“အေး…. ငါ ခွင့်ပြုတယ်၊ ချိုးချိုး၊ ကြိုက်သလောက်ချိုး၊ ကိလေသာတွေ စင်ကြယ်တဲ့အထိ ချိုးပေတော့ ပုဏ္ဏားရေ”

မြတ်စွာဘုရားရှင်နှင့် ဘာရဒွါဇပုဏ္ဏားတို့၏ ရေချိုးခြင်းအမြင်လေးကို ကြည့်ပြီး သဘောအကျကြီး ကျနေခဲ့သည်။ အိန္ဒိယနိုင်ငံတွင် အစဉ်အလာဖြစ်နေသော သို့မဟုတ် အယူတစ်ခုဖြစ်သော မြစ်ဆိပ်သွားပြီး ရေချိုးလျှင် ကိလေသာတွေ မျောလို့ရသည်ဟူသော အမြင်မှာ မြတ်စွာဘုရားရှင်လက်ထက်ကတည်းက ရှိနေခဲ့သည်။ မြစ်ထဲ သွားပြီး ရေချိုး၍ ကိလေသာစင်ကြယ်သည်၊ မစင်ကြယ်သည်ဟူသော သဘောထားမှာ သူတို့ အယူအဆ၊ သူတို့ အမြင်ဖြစ်၍ မှားသည်မှန်သည် မပြောလိုသော်လည်း မြတ်စွာဘုရားရှင်၏ ဒဿနအရကား အဓိပ္ပာယ်မရှိသော အယူအဆအမြင်တစ်ရပ်ပင် ဖြစ်လေသည်။

မြတ်စွာဘုရားရှင်က ယင်းသဘောကို အ၀တ်ဥပမာဖြင့် မိန့်တော်မူသည်။ အ၀တ်စတစ်ထည်သည် မူလက တည်းက ညစ်နွမ်းနေလျှင် မည်သည့် ဆေးကို ဆိုးသည်ဖြစ်စေ ညစ်နွမ်းမှုက မပျောက်နိုင် သို့မဟုတ် ဆိုးလိုက် သည့်အရောင်သည် ပီပီပြင်ပြင် မပေါ်ထွက်လာနိုင်ပေ။ ထို့အတူပင် မိမိတို့၏ ရင်တွင်းက စင်ကြယ်မှုမရှိလျှင် နောက်ထပ် မည်သည့်စိတ်ဓာတ်အရောင်များဆိုးဆိုး မူလမစင်ကြယ်မှုက မပျောက်နိုင်ပေ။ ဖြူဖွေးစင်ကြယ် နေသောအ၀တ်တစ်ခုကိုကား မည်သည့်အရောင်များဆိုးဆိုး မိမိစိတ်ကြိုက်အရောင်ကို ရနိုင်လေသည်။

ဗုဒ္ဓစာပေတွင် လူ့စိတ်အကြောင်းကို “ဆန်းကြယ်မှု”ဟု အဓိပ္ပာယ်ဖွင့်သည်။ ပန်းချီတို့နှင့် ခိုင်းနှိုင်းပြသည်။ ပန်းချီကားတို့တွင် တကယ့်သစ်ပင် မဟုတ်ပါဘဲလျက် တကယ့်သစ်ပင်နှင့်တူအောင်၊ တကယ့်တိမ်တိုက်မဟုတ် သော်လည်း တကယ့်တိမ်တိုက်များနှင့် မခြား လူ့စိတ်မှာ ထင်မြင်စေသည်။ ထို့အတူပင် လူ့စိတ်ကလည်း ဆန်းကြယ်လှသည်။ အဘိဓမ္မာတွင် “သဘာဝအားဖြင့် စိတ်သည် ဖြူစင်သည်၊ နောက်ပိုင်း ဆိုးလိုက်သော အရောင်များအတိုင်း ညစ်နွမ်းခြင်းများ ဖြစ်သွားရသည်”ဟု ဆိုသည်။

လူတိုင်းလူတိုင်းတွင် ပကတိဖြူစင်နေသောစိတ်ကို တွေ့ရခဲသည်။ မိမိ၏ စိတ်ကလေးကိုပင် ဖြူစင်နေသော အခိုက်အတံ့ကို ရှာတွေ့ခဲသည်။ အဘယ့်ကြောင့်ဆိုသော် နေ့စဉ်နှင့်အမျှ အရောင်များ ဆိုးနေကြခြင်းကြောင့် ဖြစ်လေသည်။ ပုထုဇဉ်တို့သဘာဝအရ အချိန်နဲ့အမျှ အရောင်တစ်ခုခု မဆိုးရလျှင် မနေနိုင်ဖြစ်လေရာ သန့်စင်ကြည်လင်ပြီး မိမိသူတစ်ပါး ရှုချင်စဖွယ်အရောင်ဖြစ်ဖို့တော့ လိုအပ်ပါလိမ့်မည်။ အနီရောင်ကို ကြိုက်လို့ အနီ ရောင်ဆိုးခြင်းသည် ပြဿနာမဟုတ်သော်လည်း မိမိစိတ်တွင်တည်ကပ်နေသော အရောင်က မည်သည့် အရောင်ဖြစ်သနည်း စူးစမ်းကြည့်ဖို့ လိုအပ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိက အနီရောင်လိုချင်၍ အနီဆိုး လိုက်သော်လည်း မူလအရောင်နှင့်သဟဇာတ မဖြစ်သဖြင့် ကြည့်မကောင်းရှုမကောင်းသော အရောင် ဖြစ်လာ တတ်ပါသည်။

ဆရာကြီး နန္ဒာသိန်းဇံ၏ သင်တန်းများ တက်ရောက်စဉ်က Reconstructive Theory အကြောင်းကို နှစ်သက် ခဲ့ဖူးသည်။ ပြဿနာတစ်ခု၏ အဖြေ သို့မဟုတ် ဘ၀လွတ်မြောက်ရာ သီဝရီတစ်ခုကို ဖော်ထုတ်ဖို့ ကြိုးစားပြီ ဆိုလျှင် မူလအစွဲ (preperception) များနှင့် ရှေးရိုးစွဲ အယူသီးမှုများကို အရင် ဖယ်ထုတ်ရမည်။ ဥပမာအားဖြင့် ရှုပ်နေသောစားပွဲတစ်လုံးကို ရှင်းလင်းဖို့ရန်အတွက် ပထမဆုံး စားပွဲပေါ်ရှိ အရာအားလုံးကို ဖယ်ထုတ်လိုက်၊ ပြီးမှ တစ်ခုချင်းစီ ပြန်လည်ထားလိုက်လျှင် ရှင်းလင်းသောစားပွဲအသွင်သစ်ကို တွေ့ရမည်ဖြစ်သည်။ လူသားအနေဖြင့် ပြဿနာ၏အဖြေတစ်ရပ်ကို စဉ်းစားကြရာတွင် များသောအားဖြင့် မူလအစွဲများကို အခြေခံပြီး အဖြေရှာတတ် ကြလေသည်။ ပြဿနာ၏ရိုက်ခတ်မှုနှင့် မူလအစွဲတို့ ပေါင်းစပ်သွားသောအခါ ရှင်းလေရှုပ်လေ ဖြစ်သွားတတ် ပါသည်။

အရာရာကို Reconstructive Theory အမြင်ဖြင့် ကြည့်တတ်ဖို့ အလွန်လိုအပ်ပါသည်။ လောကရေးရာ ပြဿနာများကို သာမက ဘ၀လွတ်မြောက်ရေး တရားအားထုတ်ခြင်းကိစ္စတွင်လည်း Reconstructive Theory က အရေးကြီးပါသည်။ တရားအားမထုတ်ခင် မိမိတွင် စွဲနေသော အကောင်း၊ အဆိုး အမြင်အားလုံးကို အရင် ရှင်းထုတ်ပစ်ဖို့ လိုအပ်ပါသည်။ ပြီးမှ မိမိ အားထုတ်မည့် တရားနည်း(တစ်ခုတည်းကို) စူးစူးစိုက်စိုက် အားထုတ် ပစ်လိုက်ဖို့ လိုသည်။

ဥပမာအားဖြင့် မဟာစည်တွင် တရားထိုင်ဖူးသော ယောဂီပုဂ္ဂိုလ်အနေဖြင့် အခြားရိပ်သာများ (စိတ်ကို နှာသီး ဖျားတွင် ထားရသော နည်း၊ ငယ်ထိပ်တွင် ထား၍ ရှုမှတ်ရသောနည်း၊ နှလုံးအိမ်တွင် ထား၍ အားထုတ်ရ သောနည်း..စသည့်နည်းများကို အသုံးပြုသောရိပ်သာများ)တွင် သွားရောက်အားထုတ်လျှင် မူလအားထုတ်နည်း များကို ရှင်းလင်းသုတ်သင်ပစ်ရမည် ဖြစ်သည်။ ပြီးမှ ဖောင်း၊ ပိန်အာရုံကို ရှုမှတ်ရမည် ဖြစ်သည်။ မူလအခံကို မပယ်ရှားနိုင်သေးလျှင် ရောထွေးပြီး အားထုတ်၍ အဆင်ပြေနိုင်လိမ့်မည် မဟုတ်ပေ။

သို့ဖြစ်၍ ဘ၀လွတ်မြောက်ရေး တရားအားထုတ်လျှင်သော်မှ Reconstructive Theory ကို ကျင့်သုံးဖို့ လိုအပ် နေပါသည်။ တရားအားထုတ်ဖို့ အာရုံစယူလိုက်ပြီဆိုကတည်းက မိမိစိတ်တွင် လွှမ်းမိုးနေရာယူထားသော အရာ များကို အရင်ဦးဆုံး သတိကလေးဖြင့် ဂရုတစိုက် ဖယ်ရှားပေးရမည်။ ပြီးမှ ကိုယ်အားထုတ်မည့်နည်းအတိုင်း ဆက်လက်ရှုမှတ်ရမည် ဖြစ်သည်။ ထို့အတူပင် မိမိတို့၏ နေ့စဉ်ဘ၀တွင်း ပြဿနာတစ်ခုခုကို ဖြေရှင်းတော့ မည်ဆိုလျှင် မိမိတို့၏ မူလအစွဲ (preperception) များကို အရင်ဦးဆုံး ဖယ်ရှားပြီးမှ စဉ်းစားသုံးသပ်ရ ပေလိမ့်မည်။ သို့မှသာ ပြဿနာ၏ဇာစ်မြစ်ကို ရှာတွေ့ပေလိမ့်မည်။

ဤအကြောင်းနှင့် စပ်လျဉ်းသော ဇင်းဗုဒ္ဓဘာသာ (Zen Buddhism) က စတိုရီတစ်ခုမှာ မှတ်သားစရာ ကောင်း သည်။ တစ်နေ့တွင် တက္ကသိုလ်ပါမောက္ခဆရာကြီးတစ်ဦးက ဇင်းဆရာကြီးထံသို့ ရောက်လာသည်။ ဇင်း အကြောင်းကို လေ့လာသင်ယူရန် ဖြစ်သည်။ ပါမောက္ခကြီး ရောက်လာသောအခါ ဇင်းဆရာကြီးက လဘက်ရည် ဖြင့် ဧည့်ခံသည်။ ပါမောက္ခကြီး လဘက်ရည်ခွက်ကို လဘက်ရည်ထည့်ပေးသောအခါ ပြည့်လျှံကျနေသည်အထိ ထည့်ပေးနေသည်။ နောက်ပိုင်း ထိုသို့ ထည့်ပေးနေသည်ကို စောင့်ကြည့်နေသော ပါမောက္ခကြီးက မနေနိုင် တော့သဖြင့် “အရှင်…ခွက်က ပြည့်နေပြီ၊ အရှင် ထည့်တာတွေ ခွက်ထဲကို မရောက်တော့ဘူး၊ လျှံကျနေပြီ”ဟု စိတ်မရှည်နိုင်စွာဖြင့် ပြောလိုက်သည်။

ထိုအခါ ဇင်းဆရာကြီးက “အေး…ဟုတ်တယ်၊ မင်းလည်းပဲ ဒီခွက်လိုပဲ၊ မင်းရင်ထဲမှာ ထည့်ထားတဲ့ ကြိုတင် ယူဆထားမှုတွေက ပြည့်နေပြီ၊ ဆိုတော့ မင်းရင်ထဲကို မရှင်းလင်းထားမချင်း ဇင်းအကြောင်းတွေကို ဘယ်လိုလုပ် သင်ယူလို့ ရမလဲ”ဟု ဆိုလိုက်သည်။ အကြောင်းအရာက ထိုမျှသာ ဖြစ်သည်။ သို့ဖြစ်၍ အဖြေတစ်ခုခုကို ရ အောင် ကြိုးစားတော့မည်ဆိုလျှင် ပထမဦးဆုံး မိမိရင်ထဲတွင် သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ကိန်းဝပ် နေသော ကြိုတင်ယူဆမှုများ သို့မဟုတ် အမှိုက်သရိုက်များကို အရင်ရှင်းလင်းထားရပေမည်။

အထက်တွင် ဖော်ပြခဲ့သော မြတ်ဗုဒ္ဓနှင့် ဘာရဒွါဇပုဏ္ဏားကြီးတို့ စကားအရ အိန္ဒိယတစ်ဝှမ်းတွင် ဗဟုကာမြစ် စသော မြစ်များအတွင်း ရေချိုးလျှင် ကိလေသာအညစ်အကြေးများ သို့မဟုတ် မိမိတို့ ပြုလုပ်ထားခဲ့မိသော မကောင်းမှုအကုသိုလ်များ ပျောက်ကင်းလွင့်မျောနိုင်သည်ဟူသော အယူအဆမှာ အတော်ပင် စိမ့်ဝင်ပျံ့နှံ့နေ သည်ဟု ဆိုရမည် ဖြစ်သည်။ ယင်းအယူအဆမှာ မူလအစွဲ (preperception) သို့မဟုတ် ရှေးရိုးစွဲအယူသီးမှု (Superstitious beliefs) များပင် ဖြစ်သည်။ မြတ်ဗုဒ္ဓက ယင်းအစွဲများ၊ အယူအဆများကို အရင် ဖယ်ရှားခိုင်း သည်။ ထို့နောက်မှ နှောင်းခေတ်ကဗျာဆန်ဆန် “ငါ၏ သာသနာတွင် ရေးချိုးပါလား”ဟု မိန့်သည်။

မည်ကဲ့သို့ ရေချိုးရမည်နည်း။ “သင့်ရင်ထဲမှာ သူ့အသတ်ကို သတ်ချင်တဲ့ စိတ်အညစ်အကြေးဆိုတာ ရှိတယ်၊ အဲဒီအညစ်အကြေးတွေကို ကွာကျသွားအောင် ကြိုးစားလိုက်၊ သူတစ်ပါး ပစ္စည်းဥစ္စာတွေကို မတရားယူချင်တဲ့ အညစ်အကြေးဆိုတာ ရှိတယ်၊ အဲဒီအညစ်အကြေးတွေကိုလည်း ကွာကျသွားအောင် လုပ်လိုက်၊ သူတစ်ပါးတွေ ကောင်းစားနေတာကို မနာလိုတဲ့စိတ်အညစ်အကြေးတွေဆိုတာ ရှိတယ်၊ အဲဒါတွေကိုလည်း ၀ိပဿနာဆိုတဲ့ စောင့်ကြည့်တိုက်ဖျက်ခြင်းအလုပ်နဲ့ ပြောင်သွားစင်သွားအောင် လုပ်လိုက်၊ ဒါဟာ ငါ့သာသနာမှာ ရေချိုးတာပဲ ပေါ့”။ ပုဏ္ဏားကြီးလည်း ဘုရားရှင်ပြောပြသောနည်းအတိုင်း ရေချိုးလိုက်တာ ကိလေသာအညစ်အကြေးများ ကင်းစင်သွားခဲ့သည်ဟု ဆိုသည်။

ဘုရားရှင်ပေးလိုက်သောနည်းအတိုင်း ပုဏ္ဏားကြီးရေချိုးတာကို ကြည့်ပြီးသောအခါ ရင်ထဲသို့ မေးခွန်းလေးတွေ တသီတတန်းကြီး လွင့်လာသည်။ မိမိကိုယ်တိုင်ကော ရေချိုးပြီးပြီလား။ စာဖတ်သူတွေကော ရေချိုးပြီးပြီလား။ စာဖတ်သူတို့တော့ မသိပါ။ မိမိရင်ထဲသို့ ကြည့်လိုက်သောအခါ မပြီးဆုံးနိုင်သေးသော ပုစ္ဆာများက ပွစာကျဲ နေသည်ကို စိတ်ပျက်ဖွယ် တွေ့လိုက်ရလေသည်။ ပြီးမှ ဖြည့်တွေးလေးတစ်ခုက ၀င်လာသည်။ “ငါ ရေမချိုးရ သေးဘူးဆိုရင်တောင်မှ ရေချိုးနေတယ်ဆိုရင် ကျေနပ်စရာ တစ်ခုပဲ မဟုတ်ပါလား”။

ကဲ… စာဖတ်သူ…
သင်ကော
ရေချိုးပြီးပြီလား
သို့မဟုတ် ရေချိုးနေသလား
သို့မဟုတ် အမှိုက်သရိုက်များနှင့် ပျော်မွေ့နေဆဲလား။
တစ်ခုခုတော့ တစ်ခုခု ဖြစ်နေပါလိမ့်မည်။

Tuesday, July 20, 2010

ခေါင်းမြီးခြုံဝတ်ရေး၊ ချွတ်ရေး


(တစ်လောက မဗေဒါရဲ့ ဆိုက်မှာ Burkur အသုံးပြုခြင်းအကြောင်း ဆိုပြီး စာတစ်ပုဒ်ဖတ်လိုက်ရတယ်။ အံ့သြသွားတယ်။ အခု ဒီသတင်းလေးကို ဖတ်လိုက်တော့ ပိုအံ့သြသွားတယ်။ စာဖတ်သူတွေလည်း အံ့သြစရာ ဟုတ်၊ မဟုတ် ဖတ်ကြည့်လိုက်ပေါ့။ တတ်သလောက်မှတ်သလောက်လေး ဆီလျော်အောင် ဘာသာပြန်ထားပါ တယ်။ မူရင်းကတော့ ဒီမှာပါ။)

ဆီးရီးယားပညာရေးဝန်ကြီးဌာနက အလွန်ဂယက်ရိုက်စေတဲ့ ဥပဒေတစ်ရပ်ကို ထုတ်ပြန်လိုက်ပါတယ်။ ဒါကတော့ “တက္ကသိုလ် ပရိဝုဏ်ထဲမှာ အမျိုးသမီးများ ခေါင်းမြီးခြုံမ၀တ်ရ”ဆိုတဲ့ ဥပဒေပါပဲ။ ခေါင်းမြီးခြုံဆိုပေမယ့် မျက်နှာတစ်ခုလုံးကိုပါ ဖုံးလွှမ်းထားတဲ့ ၀တ်စုံပါ။

ဘယ်လောက်တောင် အံ့သြစရာကောင်းသလဲ။ မလေးရှားတို့၊ အင်ဒိုနီးရှားတို့လို အလယ်အလတ် သဘောထား ရှိတဲ့ မွတ်စလင်နိုင်ငံတွေဆိုရင်တော့ တစ်မျိုးပေါ့။ အခုဟာက တကယ့်မွတ်စလင်နိုင်ငံတစ်ခုဖြစ်တဲ့ ဆီးရီးယား နိုင်ငံမှာ ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဆုံးဖြတ်ချက်ဟာ တစ်ဖက်က အပြင်းအထန် ဝေဖန်ရှုတ်ချမှုတွေနဲ့ တစ်ဖက်က အားပေးမှုတွေကြားထဲကနေ ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီးကတော့ ပြောပါတယ်။ ဒီလို ဥပဒေထုတ်ပြီး တားမြစ်လိုက်ရတာဟာ သူတို့ဌာနတစ်ခုတည်းရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ မိဘတွေက တောင်းဆိုလို့ ထုတ်ပြန်ရတာလို့ ဆိုပါတယ်။ ကျောင်းသားတွေရဲ့ မိဘတွေက သူတို့ သားသမီးတွေကို “ဘာသာရေး အစွန်းရောက်တွေရှိတဲ့ ၀န်းကျင်”မှာ ပညာသင်နေတာကို မတွေ့ချင်ကြပါဘူး။

ဒီဥပဒေကြောင့် လွန်ခဲ့တဲ့လက ဆီးရီးယားနိုင်ငံတစ်ဝှမ်းက အတန်းထဲမှာ မျက်နှာတစ်ခုလုံးဖုံးနေအောင် ခြုံရတဲ့ ခေါင်းမြီးခြုံ ၀တ်ဆင်သူ ဆရာမပေါင်း ၁၂၀၀ ကျောင်းဆရာမအဖြစ်ကနေ နှုတ်ထွက်လိုက်ရတယ်။ တစ်ချိန် ထဲမှာ ပညာရေးဌာနကလည်း “ဆီးရီးယားနိုင်ငံဆိုတာ သီးသန့်လူ့အဖွဲ့အစည်းတစ်ခု ဖြစ်တယ်၊ အစွန်းရောက် ၀ါဒကို လက်မခံပါဘူး”လို့ ဆိုပါတယ်။ အယ်လ် အာရဘီးယား တီဗွီကလည်း “ခေါင်းမြီးခြုံကိစ္စကို အငြင်းပွား အောင်လုပ်တဲ့ ပညာရေးဝန်ကြီးဌာနဟာ ပညာရေးမှုများနှင့် တက္ကသိုလ်လုပ်ထုံးလုပ်နည်းများကို ဆန့်ကျင်နေ တယ်”လို့ ကြေညာသွားပါတယ်။ ဒါ့အပြင် “အတွေးအမြင်အယူအဆဆိုင်ရာ ၀င်ရောက်ကျူးကျော် ခြင်း”လို့ တောင် အမည်တပ်လိုက်ပါသေးတယ်။ ဆီးရီးယားအာဏာရ ဘာသ်ပါတီကလည်း မကြာသေးခင်က ကျင်းပသွား တဲ့ ညီလာခံမှာ ခေါင်းမြီးခြုံချွတ်ရေးကိစ္စကို အပြင်းအထန် ရှုတ်ချသွားပါတယ်။

ဒမက်စကတ်မြို့က ခရိုက်စစ်စ်အဖွဲ့က ပီတာဟာလင်းက “ဆီးရီးယားနိုင်ငံဟာ သီးသန့်ဆန်တဲ့ ကိုယ်ပိုင် ဓလေ့ ထုံးတမ်းများနဲ့ မွတ်စလင်ရှေးရိုးစွဲဝါဒီတွေရဲ့ကြားမှာ ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ ဆီးရီးယားမှာ ဖြစ်နေတဲ့ ပုံစံဟာ အလွန်ကို အခြေခံကျတဲ့ ထိပ်တိုက်တွေ့မှုကြီးတစ်ခု ဖြစ်တယ်လို့ ထင်ပါတယ်။ တစ်ဖက်က အလွန်ကို လေးနက်ပြီး သီးသန့်ဆံတဲ့ ကိုယ်ပိုင်အမှတ်အသားတွေနဲ့ ဖြစ်နေတယ်။ အခြားတစ်ဖက်က အစ္စလာဟ်ရဲ့ မြင့်မြတ်တဲ့ အမြင်သဘောထားတွေကို မကြာခဏ အရှက်ရစေတဲ့ အစွန်းရောက်အဖွဲ့တွေကို ထောက်ပံ့ပေးနေ တဲ့နေရာမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာပါပဲ”လို့ သုံးသပ်ပြပါတယ်။

ဆီးရီးယားမှာ ဖြစ်ပျက်နေတဲ့ ဒီခေါင်းမြီးခြုံဝတ်ရေး၊ ချွတ်ရေးပြဿနာက “တိုင်းပြည်အတွင်းမှာရှိတဲ့ အစ္စလာဟ် အစွန်းရောက်ပုံသဏ္ဍာန်ကို နောက်မကျခင် ဆန့်ကျင်တွန်းလှန်ကြဖို့ အချိန်ကျပါပြီ” ပြောပြနေပါတယ်။

ဆီးရီးယားနိုင်ငံအနှံမှာ ကျိုးတို့ကျဲတဲ လူနည်းစု အယ်လ်ဝီတီဂိုဏ်းက အနောက်တိုင်းပုံစံ ပိုပေါက်ပါတယ်။ အဓိက လွှမ်းမိုးထားတဲ့ ဆွန်နီဂိုဏ်းထက် ရိုးရာအစ္စလာဟ်ဓလေ့တွေကို ကျင့်သုံးမှု သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် ဆီးရီးယားနိုင်ငံရဲ့ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ အီရန်၊ လေဘနွန်က ဟဇ်ဘိုလာဟ်၊ ပါလက်စတိုင်းက ဟားမက်စ် လှုပ်ရှားမှုတွေကတော့ အကြမ်းဖက်မှုဆန်တဲ့ အလားအလာတွေ ရှိနေကြပါတယ်။

ဆီးရီးယားမှာ မွေးဖွားတဲ့ အာမေးနီးယန်းနွယ်ဖွား မာရယ်လ် ဟိုင်ဒို့ရှန်ကတော့ “ဆီးရီးယားနိုင်ငံက လူနည်းစု လောက်ကပဲ ခေါင်းမြီးခြုံချွတ်ရေးဥပဒေကို ထောက်ခံပါလိမ့်မယ်၊ ရှေးရိုးစွဲဝါဒီ မွတ်စလင်တွေကတော့ ဒီဥပဒေ ကို ကန့်ကွက်ကြပါလိမ့်မယ်”လို့ ထောက်ပြပါတယ်။ “အမျိုးသမီးထုတစ်ရပ်လုံးအတွက်တော့ ဒါဟာ အပြု သဘောဆောင်တဲ့အမြင်တစ်ရပ် ဖြစ်ပါတယ်၊ ဒါပေမယ့် မွတ်စလင်အမျိုးသမီးတွေအတွက်တော့ ဘယ်လို နေမလဲဆိုတာ ကျွန်တော် မသိပါဘူး။

ကျွန်တော်ထင်ပါတယ်။ ဗဟုသုတကြွယ်ဝတဲ့ အမျိုးအသီးတွေကတော့ ကြိုဆိုကြလိမ့်မယ်၊ ရှေးရိုးစွဲဝါဒီ အမျိုးသမီးတွေအနေနဲ့ကတော့ ဒီဥပဒေကို လက်ခံဖို့က အတော်ခက်ခဲနေပါလိမ့်မယ်။ ကျောင်းသားမိဘတွေ အနေနဲ့ သူတို့သမီးတွေကို ခေါင်းမြီးမခြုံစေဘဲ ကျောင်းသွားဖို့ ခွင့်ပြုမလား၊ ခွင့်မပြုဘူးလားဆိုတာလည်း ကျွန်တော် မပြောတတ်ပါဘူး။ ဒီဥပဒေဟာ အမျိုးသမီးတွေအတွက် ကြီးမားတဲ့အပြောင်းအလဲတစ်ခု ဖြစ်မှာတော့ အသေအချာပါပဲ”လို့ ဆက်ပြောပါတယ်။

ခေါင်းမြီးခြုံထားတဲ့ မွတ်စလင်အမျိုးသမီးဝတ်စုံကို လွန်ခံတဲ့ ဆယ်စုနှစ်များကတည်းက ဆီးရီးယားနိုင်ငံမှာ သိသိသာသာ ၀တ်ဆင်လာခဲ့ကြတာပါ။ “ဒီ ခေါင်းမြီးခြုံချွတ်ထားရမယ့် အကျင့်က ရှေးရိုးစွဲ ပင်လယ်ကွေ့ အစ္စလာမ်နိုင်ငံတွေမှာ နေထိုင် အလုပ်လုပ်နေကြတဲ့ ဆီးရီးယားအမျိုးသမီးတွေအထိ သက်ရောက်မှုရှိမလား ဆိုတာကို လေ့လာသူတွေ အငြင်းပွားနေကြဆဲပါ။

Sunday, July 18, 2010

ငြိမ့်..ငြိမ်..ငြိမ်း


(၁)
စင်္ကာပူ၏ ညက်ညောသော လမ်းမထက်တွင် တက္ကစီကားလေးက ငြိမ့်ငြိမ့်ကလေး ပြေးနေသည်။ ခံစားချက်လေး တွေကလည်း ငြိမ့်ကနဲ ငြိမ့်ကနဲ ဖြစ်လို့ နေခဲ့သည်။ ကားပေါ်မှာ လိုက်ပါရသည်မှာ ငြိမ်လှသည်။ ရာသီဥတုက လည်း မအေးလွန်း၊ မပူလွန်း၊ အတော်ပင် သာယာနေခဲ့သဖြင့် ငြိမ်းချမ်းသော နေ့တစ်နေ့ဟု သင်္ကေတပြု လိုက်သည်။

(၂)
“လာ….လာ…လာကြ…သမီးတို့၊ အမေပြောပြောနေတဲ့ ဦးကု ဦးကုဆိုတာ ဒီဦးဇင်းပဲ”
ဧည့်ခန်းထဲ ထိုင်လိုက်ပြီးမကြာခင် ဒကာမကြီးက သူ့သမီးသုံးယောက်ကို လှမ်းခေါ်ပြီး ပြောသည်။ ခါးအောက် ၁-ထွာသာသာမျှသာရှည်သော အ၀တ်စားလေးတွေသာ ၀တ်ထားသော ဒကာမကြီး၏သမီးသုံးယောက် ကန်တော့ကြသည်။

“ဦးကုရယ်… ဒီသမီးသုံးယောက် ၀တ်တာစားတာနေတာထိုင်တာ တစ်စက်ကလေးမှ ကြည့်မရဘူး၊ ဆုံးမပါအုံး”
ဒကာမကြီးဆိုသူသည် ရန်ကုန်မှာရှိစဉ်က သားအမိလို ရင်းနှီးနေသော သူတစ်ယောက်ဖြစ်သည်။ စင်္ကာပူမှာ ကျောင်းတက်အလုပ်လုပ်နေသော သူ့သမီးများထံ အလည်သွားခိုက်၊ ကိုယ်ကလည်း စင်္ကာပူအလည်သွားခိုက် ကြုံနေ၍ အလည်ခေါ်ရာမှ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ သူ့သမီးတွေအကြောင်း ကြားသာကြားဖူးနေခဲ့ သော်လည်း ယခုမှ တွေ့ဖြစ်သည်။

“ကဲ…ဦးဇင်း ဒါက သမီးကြီး ငြိမ်းငြိမ်းအောင်၊ ဒါက အလတ်မ တည်ငြိမ်အေး၊ ဒါက အငယ်မ ငြိမ်းသီတာ”
“ဟ…ငြိမ်တွေ၊ ငြိမ်းတွေချည်းပါလား ဒကာမကြီး”

“တင်ပါ..တပည့်တော်က ဒေါ်သော်တာငြိမ်းဆိုတော့ တပည့်တော် နာမည်လည်း ပါအောင်၊ တည်တည်ငြိမ်ငြိမ် လေးတွေလဲ ဖြစ်စေချင်လို့ အဲဒီလို ပေးထားတာ၊ တစ်ခုတော့ ကောင်းတယ်ဘုရား၊ သူတို့ သုံးယောက်ကို ခေါ်ချင် ရင် -ဟေ့…ငြိမ့်..ငြိမ်..ငြိမ်းဆိုပြီး အော်ခေါ်လိုက်တာပဲဘုရား၊ အဲဒီလို ခေါ်လိုက်ရင် သုံးယောက်လုံးကို ခေါ်တယ် ဆိုတာ သိနေကြတယ်၊ အခုတော့ဘုရား..နာမည်နဲ့ တစ်ယောက်မှကို မလိုက်ဘူး…”

ဒကာမကြီးပြောတာကို သဘောကျလို့ လိုက်ရယ်နေမိခဲ့ကြသည်။ ကျောင်းရောက်သည်အထိ ရင်ထဲမှာ ငြိလာခဲ့ သည်က “ငြိမ့်..ငြိမ်..ငြိမ်း”ဟူသော ဝေါဟာရသုံးခု။ (မှတ်ချက်…ဝေါဟာရသုံးခုမျှသာ ဖြစ်သည်....း) ....း) .....း)

(၃)
တစ်နေ့က သူငယ်ချင်းတစ်ပါး ရောက်လာမည်ဆို၍ သီရိလင်္ကာ၊ ကိုလံဘိုမြို့ရှိ ဘန်ဒရာနိုက်ကေးလေဆိပ်သို့ ဘင်န်ကားလေးဖြင့် ထွက်ခွာလာခဲ့ကြသည်။ သူငယ်ချင်း တောက်ပကြယ်စင်က ဘေးကနေ ပြောသည်။ “အခုလို ကားလေးနဲ့ သွားရတာ အတွေးတွေ တအားရတာပဲနော်၊ စာရေးစရာတွေ အများကြီး ထွက်လာတယ်၊ ဒါပေမယ့် ကျောင်းရောက်တာနဲ့ အဲဒီအတွေးတွေက ပျောက်ပျောက်သွားတာပဲ”ဟူ၍။ ဟုတ်ပါသည်။ ဘာကြောင့်မှန်းတော့ မသိ။ ကားဖြင့် ခရီးသွားတိုင်း အတွေးများက လွင့်ကနဲ ၀ဲကနဲ ရင်ထဲတွင် လာဟပ်လေ့ရှိသည်။

ဘေးက သူငယ်ချင်းက ကားဆရာကို “သုဒတ်…ဘုရမာ မြူးဇ် (မြန်မာသီချင်း)”ဟု လှမ်းအော်လိုက်တော့ ကားဆရာကလည်း အလိုက်တသိ မြန်မာသီချင်းစီဒီကို ထည့်ဖွင့်လိုက်သည်။ ထူးအိမ်သင်၏ သီချင်းလေးက စတင်လွင့်လာသည်။ သီချင်းထဲမှ “အေးအေးလေးနဲ့..ငြိမ့်ငြိမ့်လေး..ကွယ်”ဆိုသော စာသားလေးက ရင်ဘတ်ကို လာငြိပြန်သည်။

(၄)
“ဟေ့..ဟေ့….မိုးတွေက အရမ်းရွာနေတယ်ဟ၊ ဆုဒတ်ကို ဖြည်းဖြည်းမောင်း”လို့ ပြောပါအုံး”ဟု နောက်ဆုံး တန်းက ကိုယ်တော်က လှမ်းအော်သည်။ ကားဆရာကို ပြောလိုက်တော့ အေးဆေးပါဆိုတဲ့ အမူအရာနှင့် ခေါင်းတစ်ချက်သာ ငြိမ့်ပြီး ပုံမှန်အတိုင်း ဆက်မောင်းနေသည်။ ရင်ထဲမှာတော့ “ငြိမ့်၊ ငြိမ်၊ ငြိမ်း”ဝေါဟာရသုံးခုက ၀င်ပူးလာခဲ့ပြန်သဖြင့် ကားထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း လိုက်ပါလာနေခဲ့သည်။ ထိုစဉ် “ကျွိ..ကျွီ…”ကားဘရိတ် အုပ်သံကြားမှ ရှေ့ကို ကြည့်လိုက်တော့ သုံးဘီးကားတစ်စီးက ရှေ့ကနေ ဖြတ်ကွေ့သွားခဲ့သည်ကို တွေ့လိုက်ရ သည်။ “ဟာ..ဟင်”၊ “တော်သေးတာပေါ့၊ ဆုဒတ် လျှင်လို့သာပေါ့”၊ အာမေဋိတ်သံတွေ ဆူညံနေသည်။ ကိုယ့်ရင်ထဲမှာတော့ ….

ကိုယ့်ရင်ထဲမှာတော့…“ငြိမ့်..ငြိမ်..ငြိမ်း”က ပိုမို နီးနီးကပ်ကပ် လေးလေးနက်နက် တွေးဖြစ်လာသည်။ ကားကိုသာ မငြိမ့်လိုက်လျှင်၊ ကားက ငြိမ်သွားမှာ မဟုတ်ဘူး၊ ကားက မငြိမ်သွားရင်တော့ သုံးဘီးကားနဲ့ ၀ရုန်းသုန်းကား ဖြစ်တော့မည်။ အပူမီးတွေ ငြိမ်းတော့မှာ မဟုတ်…။

(၅)
ငြိမ့်လိုက်လို့ ငြိမ်သွားခဲ့သည်။ ငြိမ်သွားလို့ ငြိမ်းသွားခဲ့သည်။

(၆)
“ငြိမ့်၊ ငြိမ်၊ ငြိမ်း”မှ မငြိမ်းမချမ်းဖြစ်နေခဲ့သော စိတ်အခြေအနေကို မျှော်လှမ်းကြည့်သည်။ ဘ၀ကိုလည်း အရှိန်နှင့်ပြေးလွှားနေသော ကားကလေးနှင့် တူလေမလားဟု ပုံဖမ်းကြည့်သည်။ လမ်းကလည်း ဖြောင့်ဖြူးညက် ညောနေလျှင်၊ ကားကလည်း ချွတ်ယွင်းချက်မရှိ ကောင်းမွန်နေလျှင်၊ အတားအဆီး တစ်စုံတစ်ရာ မရှိလျှင် ကားလေးက သူ့လမ်းသူ ဖြောင့်ဖြောင့်ဖြူးဖြူး၊ သာသာယာယာ၊ ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးချမ်းချမ်း ခရီးနှင်နိုင်နေလိမ့်မည်။ ဘ၀ဟူသည်လည်း ထို့အတူသာပင် ဖြစ်သည်။

အလုပ်အကိုင်၊ မိသားစုဘ၀၊ မိမိပတ်ဝန်းကျင်ဟူသော ဘ၀လမ်းခရီးလေးက ဖြောင့်ဖြူးနေလျှင်၊ ကိုယ်တိုင်က လည်း အဆင်သင့်ဖြစ်နေလျှင်၊ အတားအဆီး အနှောက်အယှက်များလည်း မရှိလျှင် ဘ၀လေးက ဖြောင့်ဖြောင့် ဖြူးဖြူး၊ သာသာယာယာ၊ ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးချမ်းချမ်း ခရီးဆက်နေပါလိမ့်မည်။

(၆)
“တပည့်တော်… အခုတလော တည်ငြိမ်မှုကို မရဘူးဘုရား၊ ကူညီပါအုံး၊ စိတ်ငြိမ်တဲ့နည်းလေးရှိရင် ပေးပါအုံး ဘုရား”

“ဘ၀ဆိုတာ ကားလေးတစ်စီးလိုပဲ၊ ကိုယ့်ဘ၀လက်ရှိအခြေအနေကို အဲဒီလို မြင်ကြည့်လိုက်၊ ကားလေးကို လိုရာ အရောက် မောင်းနှင်ဖို့အတွက် မျက်စိရှင်ရှင်ထားရတယ်၊ ဒီနေရာက အရှိန်အဟုန်နဲ့ မောင်းနှင်သင့်သလား၊ အချိုးအကွေ့လေးတွေကျရင် ၀ဲယာဆီက ကားတွေများ ဗြုန်းဆို ၀င်လာမလား၊ ဘယ်နေရာမှာ ချိုင့်ခွက်တွေ ရှိနေသလဲ၊ ဘယ်နေရာမှာ ကျောက်ခဲတုန်းတွေ ရှိနေမလဲ၊ ဒါတွေကို ဂရုတစိုက် ကြည့်နေသင့်တယ်။

အဲဒီလိုပဲ ကိုယ့်ရဲ့ လက်ရှိဘ၀လေးကို အဲဒီလို မောင်းနှင်လိုက်။ ကိုယ့်အသိဉာဏ်နဲ့ အရှိန်တင်သင့်တဲ့နေရာမှာ အရှိန်တင်လိုက်၊ အရှိန်လျှော့မောင်းသင့်တဲ့နေရာမှာ လျှော့လိုက်၊ ဘယ်နေရာကနေ အတားအဆီး အနှောက် အယှက်တွေ ၀င်လာမလဲ၊ …စသဖြင့် ဒါတွေကို ဂရုထားရမယ်၊ ကိုယ့်ရှေ့မှာ အပိတ်အပင် အတားအဆီး တွေ့ပြီ ဆိုတာနဲ့ ဇွတ်တိုးမ၀င်နဲ့၊ ……….ငြိမ့်လိုက်…….။ အဲဒီလို ငြိမ့်လိုက်ပြီးကာမှ ဖြည်းဖြည်းချင်း ငြိမ်ငြိမ်လေးကွေ့ မောင်းသွားလိုက်ရင် ဘ၀မှာ ကြုံတွေ့ရမယ့် စီးပွားပျက်မှုတွေ၊ စိတ်ဆင်းရဲမှုတွေကနေ ငြိမ်းအေးတဲ့ အခြေအနေ တစ်ခုကို ရသွားပါလိမ့်မယ်”

(၇)
“တရားထိုင်တာ ဘယ်လိုနေလဲ” “ဘယ်လိုနည်းနဲ့ ထိုင်တာလဲ”။ အတူနေ သူငယ်ချင်းက စူးစမ်းသည်။
“ရိုးရိုးလေးပါပဲ၊ ထိုင်လိုက်တယ်ပေါ့ကွာ၊ ထိုင်ပြီးပြီဆိုတာနဲ့ ကိုယ့်စိတ်လေးကို ကြည့်လိုက်တယ်၊ စိတ်သွားနေ တာကို လိုက်ကြည့်တယ်၊ မြင်ပြီဆိုတာနဲ့ သေချာကြည့်လိုက် စိတ်လေးက အရှိန်အဟုန်ပြင်းစွာနဲ့ လှည့်လည် ပြေးလွှားနေတာကို တွေ့လိမ့်မယ်၊ ပြေးနေတဲ့စိတ်ကို ဖမ်းဆီးချုပ်နှောင်လိုက်ရမလား၊
မဟုတ်ဘူး၊ သေသေချာချာ ဆက်ကြည့်နေလိုက်၊

စိတ်ကလေးပြေးနေတဲ့လမ်းမှာ အနှောက်အယှက် သို့မဟုတ် သောကဖြစ်စရာအာရုံ သို့မဟုတ် အတားအဆီး တွေ တွေ့လာလိမ့်မယ်၊ တွေ့ပြီဆိုတာနဲ့ စိတ်ရဲ့ပြေးနေတဲ့အဟုန်ကို ခဏဖြစ်ဖြစ် ငြိမ့်ပေးလိုက်၊ ငြိမ်သွားလိမ့် မယ်၊ ပြီးမှ စိတ်ရဲ့အလိုအတိုင်း ပြန်ထားလိုက်၊ အတားအဆီးတွေက သူ့ကို တွေ့တာနဲ့ အရှိန်မလျှော့လိုက်ရင်၊ ကိုယ်က ဉာဏ်ပညာနဲ့ ငြိမ့်မပေးလိုက်ဘူးဆိုရင် ၀ရုန်းသုန်းကား ဖြစ်ကုန်တတ်တယ်။ ဒီတော့ သူ့ကို တွေ့တာနဲ့ စိတ်အဟုန်ကို ငြိမ့်လိုက်ရတယ်၊ ဒါဆိုရင် ငြိမ်းချမ်းသွားတဲ့စိတ်ကို တွေ့ရလိမ့်မယ်”

(၈)
“ဒါဆိုရင် ငြိမ့်၊ ငြိမ်၊ ငြိမ်းက တော်တော် အစွမ်းထက်ပါလားနော်”

ဒီအကြောင်းတွေကို သူငယ်ချင်းကို ရင်ဖွင့်ပြတော့ ငြိမ်ငြိမ်လေး နားထောင်နေတဲ့ သူငယ်ချင်းက ထပြောသည်။
“ဟုတ်တယ်။ ဒါက တရားထိုင်နေတဲ့ အချိန်မှာပဲ အသုံးကျတာ မဟုတ်ဘူး။ နေ့စဉ်ဘ၀၊ နေ့စဉ်အလုပ်၊ နေ့စဉ် အပြော၊ နေ့စဉ်အတွေး …..စတာတွေထဲက ကာလတို အခိုက်အတန့်လေးကို ကြည့်လိုက်စမ်းပါ။ တစ်ခါတစ်လေ တစ်ခုခုကြောင့် အရမ်းဝမ်းနည်းသွားတာမျိုး၊ စိတ်အရမ်းညစ်သွားတာမျိုး၊ …..၊ စသည် ဖြစ်သွားလိမ့်မယ်။ အဲဒီလို စိတ်တွေ ဖြစ်လာပြီဆိုရင် ဖျက်ကနဲ အဲဒီစိတ်ကို မြင်အောင်ကြည့်လိုက်၊ ရင်ထဲမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ နှလုံးတွေဘာတွေတောင် အခုန်မြန်လို့ ပြေးနေလိုက်တာကို တွေ့ရမယ်၊ အဲဒီအချိန်မှာ အဲဒီစိတ်လမ်းကြောင်း အဟုန်ကို ငြိမ့်ပေးလိုက်ကြည့်စမ်းပါ၊ ငြိမ်မသွားဘူးဆိုရင် ငါ့ကို လာပြော၊ သေချာပေါက် ငြိမ်သွားလိမ့်မယ်၊ ဒါကို အကျင့်တစ်ခု ဖြစ်သွားအောင် လုပ်၊ ငြိမ်းအေးမှုကို မကြာခဏ ခံစားရလိမ့်မယ်”

(၉)
သူငယ်ချင်းတို့နှင့် စကားပြောပြီး အခန်းပြင် ထွက်လိုက်တော့ မိုးသားတိမ်လိပ်တွေကို အေးချမ်းသာယာဖွယ် တွေ့ခဲ့ရလေသည်။