Monday, May 10, 2010

မြင်းကို အတင်းရေသောက်ခိုင်း၍ မရ သို့မဟုတ် သုနက္ခတ်


ဆရာမြသန်းတင့်၏ လမင်းကို ထရံပေါက်မှ ချောင်းကြည့်ခြင်း စာအုပ်တွင် အထက်ပါ “မြင်းကို အတင်းရေသောက်ခိုင်း၍ မရ”ဆိုသော စကားကို တွေ့ခဲ့ရသည်။ အခြား စာရေးဆရာအတော်များများလည်း ကိုးကားအသုံးပြုကြသည်။ စာဖတ်ဝါသနာမပါသူကို အတင်းစာဖတ်ခိုင်း၍ မရ၊ ဘာသာရေး စိတ်မ၀င်စားသူကို ဘုရားတရားအကြောင်း အတင်းနှလုံးသွင်းခိုင်း၍ မရ…စသော အဓိပ္ပာယ်များကို ယူဆနိုင်သည်။

လူဆိုသည်မှာ သံသရာနှင့်ချီပြီး ခရီးသွားနေရသူများဖြစ်၍ ဤဘ၀၊ ဤခန္ဓာနှင့်အတူ ဖြစ်ပေါ်လာသော စိတ်ဓာတ်၊ ဗီဇ၊ အတွေးအခေါ်အခြေခံတို့ကို တစ်ဘ၀စာအခြေအနေများဟု သုံးသပ်၍ မဖြစ်။ လူတို့၏စိတ်ဓာတ်သည် ဘ၀ပေါင်းများစွာတွင် ကိုယ်တိုင်ဖြည့်ဆီးလုပ်ဆောင်ခဲ့သော အခြေအနေအရပ်ရပ်ပေါ်တွင်လည်း များစွာ အခြေတည်နေခဲ့လေသည်။ လူတစ်ဦးတစ်ယောက်၏ စိတ်ဓာတ်တွင် မကောင်းသောအကျင့်စရိုက်အလွှာများ သံသရာနှင့်ချီပြီး ထူထပ်ပိတ်သည်းနေလျှင် ရှင်းလင်းဖို့ ခက်သည်။ ပြုပြင်ဖို့ ခက်သည်။

လောကတွင် တစ်ယူသန်၊ တဇွတ်ထိုးဟု သမုတ်ခံရသူများ ရှိသည်။ ထိုသူတို့သည် သူတို့ ၀ါသနာပါရာ၊ ယုံကြည်ရာအလုပ်များကို မည်သည့်အရာကိုမျှ ဂရုမစိုက်၊ အလေးမထား၊ သူတို့အလေးထားသည်မှာ သူတို့ယုံကြည်စွာ လုပ်ဆောင်နေသောအရာ အကောင်အထည်ပေါ်ဖို့ပင် ဖြစ်လေသည်။ ထိုစိတ်ဓာတ်မှာ ကောင်းသည့်နေရာဖြစ်နေလျှင် သူ့အတွက် အောင်မြင်ဖို့ရာ သေချာသလောက် ရှိသည်။ မကောင်းသည့်ဘက်တွင် တစ်ယူသန်တဇွတ်ထိုးနေလျှင်ကား ပျက်စီးဖို့ရာသာ ရှိလေသည်။ သို့ဖြစ်၍ တစ်ယူသန်ပုဂ္ဂိုလ်ဖြစ်လျှင်သော်မှ အကောင်းဘက်တွင် သန်နေဖို့ လိုအပ်လှသည်။ တစ်နည်းအားဖြင့် တစ်ယူသန်နေခြင်းက အပြစ်မဟုတ် တဇောက်ကန်းမဖြစ်ဖို့သာ အရေးကြီးလေသည်။

မြတ်စွာဘုရားရှင်လက်ထက်က လိစ္ဆ၀ီမင်းသားတစ်ဖြစ်လဲ သုနက္ခတ်ရဟန်းသည် မကောင်းသည့်ဘက်တွင် တစ်ယူသန်တဇောက်ကန်းနေသူ ဖြစ်သည်။ သူသည် ဘုရားရှင်လက်ထက်တွင် လူဖြစ်လာရသည်။ လူဖြစ်လာရရုံမက မြတ်စွာဘုရားအနီးတွင် ရဟန်းဖြစ်ခွင့်ရသည်။ သို့သော်လည်း သူ့ကို ဘုရားပင် ချွတ်၍မရခဲ့။
တစ်နေ့တွင် မြတ်စွာဘုရားရှင်သည် နံနက်စောစော သင်္ကန်းရုံပြီး အနုပိယနိဂုံးသို့ ဆွမ်းခံဝင်ခဲ့လေသည်။ လမ်းရောက်မှ “အော် ဆွမ်းခံချိန်က စောနေသေးတယ်၊ အချိန်ရတုန်း ဘဂ္ဂ၀ပရိဗိုဇ်ရဲ့ကျောင်းသွားပြီး စကားလေးဘာလေး သွားပြောအုံးမှ”ဟု စဉ်းစားမိခဲ့သည်။ ဘဂ္ဂ၀ပရိဗိုဇ်လည်း မြတ်စွာဘုရား ကျောင်းတွင်းဝင်လာသည်ကို တွေ့သောအခါ “အော် အရှင်ဂေါတမ… ဒီကို မလာတာလည်း ကြာလှပေါ့၊ အခုမှပဲ လာတော့တယ်နော်၊ ထိုင်ပါအုံး”ဟု နှုတ်ဆက်သည်။

နှုတ်ဆက်စကားများပြောပြီးသောအခါ “ဒါနဲ့ အရှင်ဘုရားတပည့် သုနက္ခတ် ရဟန်း ကျွန်ုပ်ဆီ လာလည်သွားပြီး သူက အရှင်ဘုရားဆီမှာ တပည့်မလုပ်တော့ဘူး၊ အရှင်ဘုရားကို စွန့်ခဲ့ပြီလို့ ပြောပါတယ်၊ အဲဒါ ဟုတ်သလား”ဟု မေးလေသည်။

“ဟုတ်ပါတယ် ဘဂ္ဂ၀”

“အော်…ဘယ်လို ဖြစ်တာလဲ၊ ရှင်းပါအုံး”

ထိုအခါ မြတ်စွာဘုရားသည် သုနက္ခတ်ရဟန်းနှင့် အပြန်အလှန် ပြောဖြစ်ခဲ့ပုံများကို ပြန်လည်ဖောက်သည်ချလေသည်။
တစ်နေ့သောအခါ သုနက္ခတ်ရဟန်းသည် မြတ်စွာဘုရားထံ သွားရောက်ပြီး “အရှင်ဂေါတမ…သင့်ကို ကျွန်ုပ် စွန့်လိုက်ပြီ၊ သင့်ကို ကျွန်ုပ်ဆရာလို့ မသတ်မှတ်တော့ပါ”ဟု ဆိုလေသည်။

ထိုအခါ မြတ်စွာဘုရားက “သုနက္ခတ် သင် ငါ့ဆီကို လာတုန်းက …သုနက္ခတ် လာခဲ့၊ ငါ့ကို ဆရာလို့ သတ်မှတ်ပါ…လို့ ပြောဖူးလို့လား”ဟု မေးသည်။

“မဆိုဖူးပါ”

“ဒီလိုဖြင့် သင် လာတုန်းကလည်း …မြတ်စွာဘုရား အရှင်ဘုရားကို ဆရာအဖြစ် သတ်မှတ်ပါတယ်..လို့ သင် ဆိုခဲ့လို့လား”

“မဆိုခဲ့ပါ”

“ဒီလိုဆိုရင် ငါကလည်း သင့်ကို ငါ့တပည့်လုပ်ပါလို့ မပြောခဲ့ဘူး၊ သင်ကလည်း ငါ့ကို ဆရာအဖြစ် မရည်ညွှန်းခဲ့ဖူးလျှင် သင်က ဘာကို စွန့်မှာလဲ၊ အလကား သုနက္ခတ်၊ သင် ဘယ်လောက် မိုက်မဲသလဲဆိုတာ ကြည့်စမ်း”

ထိုအခါ သုနက္ခတ်သည် “အရှင်က ကျွန်ုပ်ကို တန်ခိုးပြာဋိဟာမှ မပြဘဲ”ဟု အထွန့်တက်လေသည်။ မြတ်စွာဘုရားက “သုနက္ခတ် သင့်ကို …သုနက္ခတ် လာခဲ့၊ ငါ့ကို ဆရာလို့ သတ်မှတ်၊ သင့်ကို တန်ခိုးပြာဋိဟာပြမယ်..လို့ ကတိပေးဖူးသလား”ဟု မေးသည်။

“မပေးဖူးပါဘူး”

“တန်ခိုးပြာဋိဟာ ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ငါဟောထားတဲ့တရားတွေကို အသေအချာကျင့်တဲ့သူတွေဟာ ဆင်းရဲဒုက္ခတွေ ကုန်ဆုံးစေနိုင်တယ် မဟုတ်လား”

“ဟုတ်ပါတယ်”

ထိုအခါ သုနက္ခတ်သည် “သင်က ကျွန်ုပ်ကို လောကရဲ့အစ အဂ္ဂညတရားကို ဘာဖြစ်လို့ မဟောတာလဲ”ဟု အထွန့်တက်ပြန်သည်။
“အော် သုနက္ခတ်….အရင်တုန်းက ..သုနက္ခတ် လာခဲ့၊ သင့်ကို လောကရဲ့အစ အဂ္ဂညတရားကို ငါဟောမယ်..လို့ ပြောဖူးသလား”

“မပြောဖူးပါဘူး”

“အလကား သုနက္ခတ်…အဲဒီလို မပြောဖူးဘူးဆိုရင် အခုမှလာပြီး အဂ္ဂညတရားကို မဟောလို့ ငါ့ကို စွန့်ခွါမယ်လို့ ပြောတာဟာ မဖြစ်သင့်ဘူး၊ လောကရဲ့အစကို သိသိ မသိသိ ငါဟောထားတဲ့တရားကို သေချာကျင့်သူတွေဟာ လောကဆင်းရဲ့တွေရဲ့ ကုန်ဆုံးရာကို ရောက်စေနိုင်တယ် မဟုတ်လား”

“ရောက်စေနိုင်ပါတယ်”

အထက်ပါအတိုင်း မြတ်စွာဘုရားနှင့် စကားအခြေအတင် ပြောပြီးသောအခါ သုနက္ခတ်သည် မြတ်စွာဘုရားကို စွန့်ခွါသွားခဲ့လေသည်။
ဘဂ္ဂ၀ပရိဗိုဇ်လည်း မြတ်စွာဘုရား ပြန်ပြောနေပုံကို အသေအချာ နားထောင်နေခဲ့လေသည်။ မြတ်စွာဘုရားရှင်က “ဘဂ္ဂ၀ပရိဗိုဇ်…အရင်က ဒီ သုနက္ခတ်ရဟန်းဟာ ငါဘုရား၊ ငါဟောတဲ့တရားနဲ့ ငါ့တပည့်သံဃာများအကြောင်း နေရာအနှံ့ ချီးမွှမ်းခဲ့ဖူးတယ်။ အခုမှသာ မိုက်မဲတဲ့စကားတွေ ငါ့ကို လာပြောနေခဲ့တာ၊ ဒီလိုပါပဲ ငရဲသွားဖို့ ဆုံးဖြတ်ထားတဲ့သူကို ငါလည်း တားလို့ မရပါဘူး”ဟု မိန့်တော်မူခဲ့လေသည်။

မြတ်စွာဘုရားနှင့် သုနက္ခတ်တို့၏ ဒိုင်ယာလော့ဂ်ျမှာ စိတ်ဝင်စားဖွယ်ရာ များစွာမရှိသော်လည်း ဗုဒ္ဓဘာသာ၏သဘောထား၊ ခံယူချက်၊ လူတို့၏ အကျင့်စရိုက်၊ သမိုင်းထဲက ဗုဒ္ဓဘာသာ၏ အနေအထား၊ မြတ်ဗုဒ္ဓနှင့် သူ၏ခေတ်ပြိုင်ဆရာများ ဆက်ဆံရေး စသော တန်ဖိုးများကို ကောက်ချက်ဆွဲ သိရှိနိုင်လေသည်။

အနီးစပ်ဆုံးအနေဖြင့် ဤဇာတ်လမ်းကို ဖတ်ရှုပြီး သင်္ခန်းစာတော့ ထုတ်ယူနိုင်သည်။ သုနက္ခတ်သည် အမှန်တရားကို မျက်ကွယ်ပြုကာ ထွက်ခွါသွားခဲ့သည်။ လောကတွင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကျွန်ုပ်တို့အနေဖြင့် အကြောင်းပြချက်လေးတော့ ရှိသင့်ပါသည်။ ကောင်းသည့်အရာလုပ်လျှင်လည်း အကြောင်းပြချက် ရှိရမည်။ အခြေအနေတစ်ခုကြောင့် မကောင်းသည့်အရာလုပ်လျှင်သော်မှ အကြောင်းပြချက်ရှိမှ အဓိပ္ပာယ်တစ်စုံတရာ ရှိနိုင်လေသည်။ ကောင်းကောင်းမကောင်းကောင်း လုပ်မယ်ဟု ဆုံးဖြတ်လုပ်ဆောင်သူကို တစ်ယူသန်တဇွတ်ထိုးသမားဟု ခေါ်ပြီး မည်သည့်အကြောင်းမှ မရှိဘဲ (အကြောင်း၊ အကျိုး ဘာကိုမျှ မသိဘဲ) မကောင်းသည့်အရာကို ဇွတ်လုပ်နေသူကိုကား တဇောက်ကန်းသမားဟု သမုတ်နိုင်လိမ့်မည်ဟု ထင်သည်။

သုနက္ခတ်သည်လည်း မည်သည့်အကြောင်းပြချက်ကိုမျှ ရေရေရာရာ မပြဘဲ မြတ်စွာဘုရားကို စွန့်ပြီး လမ်းမှားကို ဆက်လက်လျှောက်လှမ်းသွားခဲ့လေသည်။ မြင်းကို အတင်းရေသောက်ဆင်းခိုင်း၍ မရသလို သုနက္ခတ်ကိုလည်း အမှန်မြင်အောင် အတင်းတိုက်တွန်း၍ မရခဲ့ပါလေ။

ဤဇာတ်လမ်းကို ဖတ်ပြီးသောအခါ “ငရဲသွားဖို့ ဆုံးဖြတ်ထားသူကို ငါလည်း တားလို့ မရပါဘူး”ဆိုသော မြတ်စွာဘုရားရှင်၏ နှုတ်ထွက်စကားလေးမှာ နားထဲတွင် ပဲ့တင်ထပ်နေခဲ့လေသည်။

Tuesday, May 4, 2010

သစ်ပင်ဘ၀၊ ဘ၀သစ်ပင်နှင့် အမြစ်များ


တစ်နေ့က လေအရမ်းတိုက်သည်။ မိုးကြိုးများပင် ပစ်လိုက်သေးသည်။ သစ်ပင်တွေအားလုံး ဟိုယိမ်းသည်ယိမ်းဖြင့် ထောက်တည်ရာမရ ဖြစ်နေကြသည်။ လေက ၁-နာရီကျော်လောက် ကြာအောင်တိုက်သည်။ အခန်းရှေ့မှာ အမှိုက်သရိုက်များ ပြန့်ကျဲရှုပ်ထွေးလို့နေသည်။ လေက တိုက်သည့်အထဲ မိုးကလဲ ဖွဲနေခဲ့သည်။ လမ်းပေါ်ကို လှမ်းကြည့်တော့ ကောင်မလေးတစ်ယောက် ပါလာသောထီးကို ဖွင့်နေသည်။ လေက အရမ်းတိုက်သဖြင့် မနိုင့်တနိုင် ထီးကို ပြန်ရုပ်နေသည်။ ခဏအကြာမှာ အခန်းရှေ့က သစ်ပင်ကြီးမှ အကိုင်းအခက်အချို့ ကျိုးကျလာသည်။ မရှေးမနှောင်းမှာပင် သရက်ပင်တစ်ပင်က ပြိုလဲသွားသည်။ လှမ်းကြည့်လိုက်တော့ အမြစ်များပါ ပြုတ်ထွက်နေသည်။ လေငြိမ်သွားတော့ အခန်းရှေ့ မြတ်ခင်းပြင်လေးမှာ စိမ်းစိုးလန်းဆန်းနေတော့သည်။

ထိုခဏအတွင်း ၀င်လာတဲ့အတွေးများထဲတွင် အမြစ်လေးတွေမှာ မျက်စိထဲက မထွက်နိုင်ခဲ့ပါလေ။ ခိုင်ခိုင်မာမာ အမြစ်တွယ်နေမိသော အပင်များမှာ လေကြောင့်ရေကြောင့်မိုးကြောင့် ပျက်စီးဖို့ ခက်ခဲလေသည်။ သစ်ပင်တို့၏ ဘ၀တည်မြဲရေးအတွက် အမြစ်သည် အရေးကြီးသည်။ တည်ငြိမ်သောဘ၀တစ်ခု ဖြစ်နေဖို့အတွက် အမြစ် သေသေချာချာတွယ်နေဖို့ အရေးကြီးသည်။ တွေးရင်းတွေးရင်း သစ်ပင်တို့၏ ဘ၀လေးများကို နက်နက်နဲနဲ တွေးနေမိသည်။ သစ်ပင်ဆိုပြီး ဖြစ်လာကတည်းက သူတို့လည်း ကြာရှည်တည်မြဲရေးကို အလိုရှိသည်။ ဘ၀တည်မြဲရေးအတွက် ရုန်းကန်ရသည်။ ရေခံမြေခံ ကောင်းသောနေရာများတွင် မွေးဖွားရှင်သန်ခွင့်ရသော အပင်များအတွက် အမြစ်တွယ်ဖို့ရာ လွယ်ကူသည်။

ရရှိလာသော ရေခံမြေခံက ကောင်းမွန်နေသော်လည်း ကံမကောင်းအကြောင်းမလှလို့ ကျောက်ဖျာပေါ်တွင် ရှင်သန်ကြရသော အပင်များလည်း ရှိသည်။ သူတို့သည် ပကတိမြေပြင်တွင် မွေးဖွားသောအပင်များကဲ့သို့ သက်တောင့်သက်သာ ရုန်းကန်ခွင့်မရ၊ ခက်ခက်ခဲခဲ အသက်ရှင်ရပ်တည်ရေး လှုပ်ရှားရသည်။ မည်သို့ဖြစ်စေ သစ်ပင်ဟု မွေးဖွားခဲ့ရပြီဖြစ်၍ သစ်ပင်အဖြစ်ကို မစွန့်ပယ်နိုင်တော့။ ရပ်တည်ရေးအတွက် ကျောက်ဖျာပေါ်တွင် ဘ၀ကို အခြေချပြီး ကျောက်ဖျာဘေးမှ မြေဆီလွှာကို ခက်ခက်ခဲခဲ ရယူရသည်။ သို့ရာတွင် ဘ၀ကိုက အခြေမခိုင်ခဲ့သဖြင့် မိုးဒဏ်လေဒဏ်ကို ခံနိုင်ဖို့အတွက် ခက်ခဲသည်။

အချို့သစ်ပင်များမှာ သစ်ပင်ဟု မွေးဖွားရှင်သန်ချိန်က မြေဆီလွှာမကောင်းသော်လည်း ၀ီရိယစိုက်ထုတ်မှုနဲ့ နည်းအမျိုးမျိုးဖြင့် မြေဆီလွှာဆီသို့ ရောက်အောင် ဉာဏ်ကူနိုင်သောကြောင့် ရှင်သန်တည်မြဲသောဘ၀ကို ပိုင်ဆိုင်ကြလေသည်။ အချို့မှာ ရေခံမြေခံက မကောင်းသည့်အထဲ မြေဆီလွှာဆီသို့ရောက်အောင် အားလည်း မထုတ်၊ ပျင်းရိနေသောကြောင့် ဘ၀ရပ်တည်မှုမှာ အဆင့်မမြင့်၊ ခဏတာ အသက်ရှင်ပြီး ပြိုလဲကြရလေသည်။ အချို့သစ်ပင်များမှာ ရေခံမြေခံကောင်းကောင်းတွင် မွေးဖွားလာကြရသဖြင့် ဘ၀ကို သက်တောင့်သက်သာ ရပ်တည်နိုင်ကြသည်။ ရေခံမြေခံကောင်းတွင် မွေးဖွားရသော်လည်း ပျင်းရိစွာဖြင့် အမြစ်ကို သေသေချာချာ တွယ်မိအောင် အားမထုတ်နိုင်ကြသဖြင့် ခဏတာ ဝေဆာစည်ပင်ခဲ့သော်လည်း အဆင့်အတန်းမြင့်သော သစ်ပင်ဘ၀ကို မဆုတ်ကိုင်နိုင်ဘဲ သေဆုံးလွင့်မျောသွားခဲ့ကြရသည်။

သစ်ပင်များ၏ဘ၀သည်လည်း လူတို့ဘ၀များကဲ့သို့ ရှုပ်ထွေးဆန်းပြားလှသည်။ လူ့ဘ၀အထွေထွေကို ပြော၍မကုန် ရေး၍မခန်းဟု ဆိုကြသလို သစ်ပင်တို့ဘ၀အထွေထွေသည်လည်း လူ့ဘ၀အကြောင်းအရာများအလား ရေး၍မကုန် ပြောမခန်းပင် ဖြစ်လေသည်။ လူတို့သည် ဘ၀ပေးအခြေအနေအရ အသက်ရှင်ရပ်တည်နေရသည်။ သစ်ပင်တို့၏ဘ၀များသည်လည်း ထိုနည်း နှင်နှင်ပင် ဖြစ်ပါသည်။
လူတို့တွင် အချို့က ချမ်းသာကြွယ်ဝစွာဖြင့် လူဖြစ်လာခဲ့ကြရသည်။ အချို့ ဆင်းရဲမွဲတေစွာဖြင့် လူ့အဖြစ်ကို ရခဲ့ကြသည်။

မူလဖြစ်လာရင်းအခြေအနေများ ကွဲပြားသကဲ့သို့ သူတို့၏ ဘ၀အခြေအနေများ၊ ဘ၀ကို ရင်ဆိုင်ဖြတ်သန်းနေရပုံများ၊ ဘ၀တိုက်ပွဲ၏ အရှိန်ဒီဂရီ အနိမ့်အမြင့်များ စသော ဘ၀ပုံရိပ်များမှာ ကွဲပြားနေရပေလိမ့်မည်။ ထိုကွဲပြားမှုများအလိုက် အသက်ရှုနှုန်းများလည်း ကွဲပြားလေမည်။ ရင်ခုန်သံအနိမ့်အမြင့်များလည်း ကွဲပြားပေမည်။ မည်သို့မည်ပုံ ကွဲပြားနေစေကာမှု ရည်ရွယ်သည်က တစ်ခုသာ ရှိသည်။ ယင်းမှာ မိမိယုံကြည်ရာ အနေအထားတစ်ခုတွင် အမြစ်တွယ်မိဖို့ပင် ဖြစ်ပါသည်။

သစ်ပင်များအကြောင်း၊ သစ်ပင်တို့ဘ၀နှင့်မခြား လူသားတို့၏ ဘ၀သစ်ပင်များအကြောင်း စဉ်းစားရင်း အတွေးစိတ်က အမြစ်များဆီ ရောက်သွားသည်။ အမြစ်များ…….။ ကိုယ်တွယ်နှောင်မိသောအမြစ်များကိုလည်း မြင်နိုင်သရွေ့ လှမ်းနှိုက်ကြည့်နေမိသည်။ “အော်…ငါ့ဘ၀သစ်ပင်မှာလည်း အမြစ်တွေ များစွာ ရှိနေပါလား”ဟု သိလိုက်ရသည်။ တစ်ချို့အမြစ်များက ဘ၀တိုးတက်ဖို့၊ ဘ၀မြင့်မြတ်ဖို့၊ ဘ၀အထက်တန်းကျဖို့ တွယ်နှောင်ရစ်ပတ်နေကြသည်။ တစ်ချို့အမြစ်များက ဘ၀ကို တူးဖြို့ဖို့၊ ဘ၀အဆင့်အနိမ့်ကျဖို့အတွက် ရစ်ပတ်တိုးဝင်နေကြသည်။ ဘ၀သစ်ပင်တွင် ကပ်ပါးညောင်ပင်ပမာ တွယ်နေသော အမြစ်များက ရှိသေးသည်။ ထိုအမြစ်များကလည်း ဘ၀သစ်ပင်၏ ပုံရိပ်ကိုေ၀၀ါးသွားစေဖို့ အားကြိုးမာန်တက် ရစ်ပတ်တုပ်နှောင်နေသည်။

တစ်ချို့အမြစ်များဆိုလျှင် ဘ၀သစ်ပင်၏ မူလရေသောက်မြစ်ထက်ကို ပိုမိုအားကောင်းစွာ တိုးဝင်ရစ်ပတ်နေကြသည်။
သစ်ပင်သည် တစ်ပင်တည်း ရှင်သန်၍ မရသဖြင့် အခြားသစ်ပင်တို့၏ အမြစ်များ တိုးဝင်ပူးကပ်ရှင်သန်နေကြမည်မှာ သေချာသည်။ သို့ရာတွင် မည်သည်က ဘ၀ကို တည်ငြိမ်မှု၊ ရှင်သန်မှု ပေးစွမ်းနိုင်သော အမြစ်များ ဖြစ်သနည်း….ထိုအရာကို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့တော့ လိုပါသည်။

စာစကားအရ ပြောရလျှင် လောဘမူလ(တွယ်တာမှုအမြစ်)၊ ဒေါသမူလ (ခက်ထန်မှုအမြစ်)၊ မောဟမူလ(မဆုံးဖြတ်နိုင်မှုအမြစ်)၊ အလောဘမူလ(အနှောင်အဖွဲ့ကင်းမှုအမြစ်)၊ အဒေါသမူလ(မေတ္တာအမြစ်)နှင့် အမောဟမူလ(ပညာအမြစ်)ဟူသော အမြစ်များတွင် မည်သည့်အမြစ်ကို ရှင်သန်စေပြီး မည်သည့်အမြစ်ကို ဖြတ်တောက်ကြမည်နည်း…ထိုအရာကို မှန်ကန်စွာ သုံးသပ်လေ့ကျင့်နိုင်ဖို့ လိုပါသည်။

ရှုပ်ထွေးပွေလီနေသော အခန်းရှေ့က ညောင်ပင်ကြီး၏ အမြစ်များအကြောင်း စဉ်းစားရင်း ထို့ထက်မက ရှုပ်ထွေးပွေလီစွာ ၀န်းရံရစ်ပတ်တုပ်နှောင်ထားသော ကိုယ့်ဘ၀သစ်ပင်၏ အမြစ်များကို ခပ်မောမောဖြင့် ငေးမောနေမိတော့သည်။

Saturday, May 1, 2010

ရောင်စုံ ခြေလှမ်းများ



လူဟာ အခြားသူတစ်ဦးတစ်ယောက်နဲ့ ခိုင်းနှိုင်းပြီး တုပထွင်းထုနေရင် ဒါဟာ ရူးသွပ်မှုပဲ ဖြစ်ပါလိမ့်မယ်။ လူဟာ အနှောင်အဖွဲ့ကင်းတယ်။ သီးသန့်အမြင်ရှိတယ်။ လွတ်လပ်တယ်။ လွတ်လပ်တဲ့အလျှောက် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ်တွေးနိုင်ရမယ်။ ကွဲကွဲပြားပြား လုပ်ဆောင်နိုင်ရမယ်။ ပြီးတော့ ကိုယ့်လုပ်ဆောင်တွေးကြံမှုအလျှောက် ရလာတဲ့အသီးအပွင့်အတွက် တာဝန်ယူနိုင်ရမယ်။ ယန်းပေးဆက်တို့ရဲ့ ဖြစ်တည်မှုပဓာန၀ါဒကြီး လွှမ်းမိုးနေတယ်လို့ ဆိုကောင်းဆိုမယ်။ ဒါပေမယ့် ဒါဟာ အမှန်တရားရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရခြင်းပင် ဖြစ်ပါတယ်။


လူဟာ လွတ်လပ်ပေမယ့် (လွတ်လပ်စွာ တွေးခေါ်ကြံဆလုပ်ဆောင်နိုင်ပေမယ့်) အသိဉာဏ်မဖွံ့ဖြိုးခင်က လွှမ်းမိုးမှုအချို့တော့ ရှိတတ်ကြတယ်။ အသိဉာဏ်တွေ ရင့်ကျက်လာတဲ့အချိန်မှာ ကျွန်တော်တို့ ဒါကို တိုက်ဖျက်ရမယ်။ သို့မဟုတ် ကိုယ်ပိုင်ဟန်ဖြစ်အောင် လုပ်ဆောင်ရမယ်။ “အတ္တာဟိ အတ္တနော နာထော”ဆိုတာ ကိုယ်ပိုင်ဟန်တွေနဲ့ ဘ၀ကို တည်ဆောက်နိုင်အောင်၊ လွှမ်းမိုးမှုတွေ ပပျောက်အောင် လုပ်ဖို့ တိုက်တွန်းတဲ့ ဒေသနာပဲ။ ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် လေးစားရမယ်။ တန်ဖိုးထားရပါမယ်။ ဘာကြောင့်လဲဆိုတော့ လူသားတိုင်းဟာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် စီရင်ရမှာမိုလို့ပါပဲ။

ကျွန်တော်တို့ဟာ ကိုယ့်ဘ၀ကို ကိုယ်တိုင်မှ တန်ဖိုးမထားရင် ဘယ်သူကလာပြီး တန်ဖိုးထားပါတော့မလဲ။ တန်ဖိုးရှိတဲ့ဘ၀ကို ဘယ်လို တည်ဆောက်နိုင်စွမ်း ရှိတော့မလဲ။

ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်။ ဗျိုင်းနားလို့ ကိုင်းရတယ်။ ကျွန်တော်တို့ ပြောနေခဲ့ကြတယ်။ တကယ်တော့ လောကဆိုတာ မြေနိမ့်ရာ လှံစိုက်ကြတာပဲ။ ပေါက်ပင်ဟာ ရေပြင်ဘက်ပဲ ကိုင်းတယ်။ သူနိုင်တဲ့ဘက် သူကိုင်းတယ်။ ကုန်းမြေဘက်ကိုင်းဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ဘူး။ ရေပြင်ဘက်က နိမ့်လို့၊ ပျော့လို့ပါပဲ။ ဒါဟာ လောကရဲ့ သဘာဝပဲ။ ကျွန်တော်တို့ဟာ နိမ့်ပြီဆိုရင် အနှိမ်ခံဘ၀၊ အဖိအနှိပ်ခံဘ၀ ရောက်ရတော့တာပဲ။

“ငါသည် မုချသေရမည်”။ “ဘာလုပ်မှာလဲကွာ…မျိုးချစ်တာတို့ ဘာတို့”ဆိုတာ ဗုဒ္ဓတရားတော်ကို သေချာနားမလည်သေးလို့ပါ။ ကျွန်တော်တို့ဟာ ဗုဒ္ဓကို နားမလည်ကြသေးပါဘူး။ ဗုဒ္ဓကို နားလည်ရင် အကြောက်တရားတွေ ကင်းနေရမယ်။ လုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်စွမ်း ရှိလာရမယ်။ ကျွန်တော်တို့ဟာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာကို လုပ်နိုင်စွမ်းလည်း ရှိတယ်။ လုပ်ဖို့လည်း သင့်တယ်။ ဒါပေမယ့် ကြောက်ရွံ့မှုတွေနဲ့အတူ တုံ့ဆိုင်းကုန်စေခဲ့ကြတယ်။

“ကျွန်တော့်အဘိုး ဘယ်သူဆိုတာ အရေးမကြီးပါဘူး။ ကျွန်တော့်မြေး ဘာလဲဆိုတာပဲ အရေးကြီးတယ်”လို့ လင်ကွန်းပြောတဲ့စကားက အလွန်မှတ်သားသင့်ပါတယ်။ ကျွန်တော်တို့ဟာ ငယ်ငယ်ကတည်းက ကြောက်ကြောက်လန့်လန့်ဖြင့် ကြီးပြင်းခဲ့ရတယ်။ မိဘကို ကြောက်ရတယ်။ ဆရာ၊ ဆရာမတွေကို ကြောက်ရတယ်။ ကျောင်းသားငယ်ဆိုရင် ကျောင်းသားကြီးကို ကြောက်ရတယ်။ လူငယ်တွေက လူကြီးတွေကို ကြောက်ရတယ်။ ဘုန်းကြီးကျောင်းသွားတော့လည်း ကျောင်းထိုင်ဆရာတော် ကြိမ်တုတ်ကို ကြောက်ရတယ်။ ဘုန်းကြီးကျောင်းသားတစ်ယောက်ဟာ ဘုန်းကြီးကို ကြောက်ရတယ်။ ကိုရင်ကြီးတွေလည်း ကြောက်ရတယ်။ ကျောင်းသားကြီးတွေကို ကြောက်ရတယ်။ ကပ္ပိယတွေကို ကြောက်ရတယ်။ အရာရှိငယ်က အရာရှိကြီးကို ကြောက်ရတယ်။ နေရာတကာမှာ အကြောက်တရားတွေနဲ့ ရှင်သန်ကြီးပြင်းခဲ့ကြရတယ်။

ဗုဒ္ဓဘာသာမှာ အရှက်တရား၊ အကြောက်တရားဆိုတာ ရှိပါတယ်။ အဲဒီထဲက အရှက်တရားကိုတော့ ဒီနေရာမှာ မပြောလိုပါ။ ဗုဒ္ဓဘာသာအရ အကြောက်တရားဆိုတာ မကြံသင့် မကြံထိုက်၊ မပြောသင့် မပြောထိုက်၊ မလုပ်သင့် မလုပ်ထိုက်တာကို ကြံရမှာ၊ ပြောရမှာ၊ လုပ်ရမှာကို ကြောက်ခြင်းပါပဲ။ ဆိုတော့ ဘာတွေက မကြံသင့်၊ မပြောသင့်၊ မလုပ်သင့်တဲ့အရာတွေ ဖြစ်ပါသလဲလို့ မေးစရာ ရှိပါတယ်။ “မိမိ၊ သူတစ်ပါး ဘယ်သူ့အတွက် ဘယ်အရာအတွက်မှ ကောင်းကျိုးမပေးဘူးဆိုရင် ဒါဟာ မကြံသင့်၊ မပြောသင့်၊ မလုပ်သင့်တဲ့အရာပါပဲ”လို့ ကောက်ချက်ဆွဲနိုင်ပါတယ်။

ဒီနေရာမှာ အဖြစ်အပျက်အချို့ကို ထောက်ပြပြီး ငြင်းခုန်ကြတာလေးတွေလည်း ရှိတတ်ပါတယ်။ အလုပ်တစ်ခုဟာ မိမိနဲ့မိမိပတ်ဝန်းကျင် သို့မဟုတ် လောကအတွက် ကောင်းကျိုးတော့ ဖြစ်ထွန်းပါရဲ့။ ထိပ်တိုက်တွေ့ဆုံလိုက်ရတဲ့ တစ်စုံတစ်ယောက်အတွက် နာကျင်စရာဖြစ်သွားတာလေးတွေလည်း ရှိနေတတ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ပုထုဇဉ်လူသားများသာ ဖြစ်တဲ့အတွက် လုပ်လိုက်တဲ့လုပ်ရပ်တိုင်းဟာ ကောင်းကျိုးချည်းသာ ဖြစ်ရမယ်လို့ အာမမခံနိုင်ကြပါဘူး။ များသောအားဖြင့်တော့ လောက၊ မိမိနဲ့ သူတစ်ပါးသုံးမျိုးထဲက တစ်စုံတစ်ရာအတွက်သာ အကျိုးဖြစ်ထွန်းပြီး တစ်စုံတစ်ရာအတွက် နစ်နာစေတဲ့အလုပ်တွေကို လုပ်ဖြစ်နေကြတာ များပါတယ်။ အဲဒီလို အဖြစ်အပျက်တွေနဲ့ေ၀၀ါးလာတဲ့အခါ လူသားဟာ အကြောင်းပြချက်တစ်ခု ထုတ်လာတယ်။ “ကိုယ့်သမိုင်း ကိုယ်ရေးတာပါကွာ”တဲ့။

ဘယ်အရာမဆို ကျွန်တော်တို့အနေနဲ့ လုပ်ချင်တဲ့အရာနဲ့ လုပ်သင့်တဲ့အရာလို့ ခံစားနားလည်မိရင် ကျွန်တော်တို့ နောက်မဆုတ်သင့်တော့ဘူး။ ကိုယ့်မှာရှိတဲ့အစွမ်းအစနဲ့ ချိန်ညှိဖို့တော့ လိုအပ်တယ်။ “လူအများစုဟာ ကိုယ့်မှာရှိခြင်းအပေါ်မှာ အာရုံစိုက်ရမယ့်အစား လိုချင်တဲ့အပေါ်မှာပဲ အာရုံစိုက်နေကြတယ်”လို ဒေါ်ခင်စောတင့် ပြောတဲ့စကားကလည်း မှတ်သားစရာပါ။ ဆိုတော့ ကိုယ်လုပ်နိုင်စွမ်းရှိခြင်း၊ လုပ်ချင်သောဆန္ဒနဲ့ လုပ်သင့်သောအရာတို့ ပေါင်းဆုံမိလျှင် အကြောက်တရား၊ အရွံ့တရားတို့ရဲ့ နှောက်ယှက်ဟန့်တားမှုကို ကျွန်တော်တို့ ဂရုမစိုက်သင့်တောဘူးလို့ ထင်ပါတယ်။

ဟုတ်ပါတယ်။ ဘယ်အလုပ်ဖြစ်ဖြစ် လုပ်ပြီးရင် နောင်တကင်းကင်း လိပ်ပြာသန့်သန့်နဲ့ ဘ၀ကို ဆက်လက်ချီတက်နိုင်ဖို့ ဖြစ်စေအောင် အားထုတ်သင့်တယ်လို့ ထင်ပါတယ်။

Tuesday, April 27, 2010

သုနက္ခတ်ရဟန်း ဝတ္ထု


(အသစ်ရေးထားတာတွေ မကြိုက်သေးတာရယ်၊ ဒီသုနက္ခတ်နဲ့ပတ်သက်ပြီး မြတ်စွာဘုရား ပြောသွားပုံတွေက သဘာကျနေလို့ သိသင့်တယ်ထင်တာရယ်ကြောင့် ဒီပါဠိတော် မြန်မာပြန်လေး လာရောက်ဖတ်ရှုသူတွေအတွက် တင်ပေးလိုက်ပါတယ်။ ပါဠိတော်မြန်မာပြန်ဆိုတော့ တစ်ချို့နေရာတွေမှာ သတိထားဖတ်မှ နားလည်ပါတယ်။ တကယ်နားလည်လျှင် စကားအသွားအလာမှအစ စကားအနှစ်သာရအထိ အလွန် အဓိပ္ပာယ်ရှိတဲ့ သုတ်တစ်ခု ဖြစ်ပါတယ်။ ဖတ်ရှုကြစေခလို)

အခါတစ်ပါး၌ မြတ်စွာဘုရားသည် မလ္လတိုင်း မလ္လမင်းတို့၏ အနုပိယမည်သော နိဂုံး၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ အနုပိယနိဂုံးသို့ ဆွမ်းအလို့ငှါ ဝင်တော်မူ၏၊ ထိုအခါ မြတ်စွာဘုရားအား ''အနုပိယနိဂုံး၌ ဆွမ်းခံလှည့်လည်ရန် စောလွန်းသေး၏၊ ငါသည် ဘဂ္ဂဝအနွယ်ဖြစ်သော ဘဂ္ဂဝပရိဗိုဇ်၏အရံ ဘဂ္ဂဝပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်ရမူ ကောင်းလေစွ''ဟု (အကြံဖြစ်၏)။

ထို့နောက် မြတ်စွာဘုရားသည် ဘဂ္ဂဝအနွယ်ဖြစ်သော ဘဂ္ဂဝပရိဗိုဇ်၏ အရံဘဂ္ဂဝပရိဗိုဇ်ရှိရာသို့ ချဉ်းကပ်တော်မူ၏။ ထိုအခါ ဘဂ္ဂဝပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -
''အရှင် မရောက်တာလည်း ကြာလှပေါ့။ အခုလို ရောက်လာတာ ၀မ်းသာပါတယ်။ ထိုင်ပါအုံး''ဟု ဆို၏။


မြတ်စွာဘုရားသည် ခင်းထားသောနေရာ၌ ထိုင်တော်မူ၏။ ဘဂ္ဂဝပရိဗိုဇ်သည်လည်း နိမ့်သော ထိုင်စရာတစ်ခုကိုယူ၍ တစ်ခုသောနေရာ၌ ထိုင်၏၊ တစ်ခုသောနေရာ၌ ထိုင်လျက် ဘဂ္ဂဝပရိဗိုဇ်သည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -
''မြတ်စွာဘုရား ယခင့်ယခင်နေ့တို့၌ လိစ္ဆဝီမင်းသား သုနက္ခတ်သည် အကျွန်ုပ်ထံသို့ ချဉ်းကပ်ပြီးလျှင် 'ဘဂ္ဂဝ ယခု ငါသည် မြတ်စွာဘုရားကို စွန့်လိုက်ပြီ၊ ယခု ငါသည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ မနေတော့ပါ'ဟု အကျွန်ုပ်အား ဤစကားကို ဆိုပါ၏၊ မြတ်စွာဘုရား လိစ္ဆဝီမင်းသား သုနက္ခတ်ဆိုသည့်အတိုင်း ဤစကားသည် မှန်ပါသလော''ဟု (လျှောက်၏)။
ဘဂ္ဂဝ လိစ္ဆဝီမင်းသား သုနက္ခတ်ဆိုသည့်အတိုင်း ဤစကားသည် မှန်၏။
ဘဂ္ဂဝ ယခင့် ယခင်နေ့တို့၌ လိစ္ဆဝီမင်းသား သုနက္ခတ်သည် ငါ့ထံသို့ ချဉ်းကပ်ပြီးလျှင် ငါ့ကို ရှိခိုး၍ တစ်ခုသောနေရာ၌ ထိုင်လျက် ''မြတ်စွာဘုရား ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို စွန့်ပါအံ့၊ ယခု အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေတော့မည် မဟုတ်ပါ''ဟု ငါ့အား ဤစကားကို ဆို၏။
ဘဂ္ဂဝ ဤသို့ဆိုသော် ငါသည် လိစ္ဆဝီမင်းသား သုနက္ခတ်အား ဤစကားကို ဆို၏။
''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့ဟု သင့်ကို ငါ ဆိုဖူးသလော''ဟု (ဆို၏)။
မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။
''မြတ်စွာဘုရား မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ အကျွန်ုပ်နေပါအံ့''ဟု သင်ကလည်း ငါ့ကို ဆိုဖူးသလောဟု (ဆို၏)။
မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။
သုနက္ခတ် ငါကလည်း သင့်ကို ''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့''ဟု မဆိုစဖူး၊ သင်ကလည်း ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ အကျွန်ုပ် နေပါအံ့''ဟု မဆိုစဖူး၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူဖြစ်၍ အဘယ်သူကို စွန့်သနည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟု (ဆို၏)။
မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြတော်မမူပါဟု (လျှောက်၏)။
''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ သင့်ကို ငါသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြမည်''ဟု ငါသည် သင့်ကို ဆိုဖူးသလောဟု (ဆို၏)။
မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။
''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့''ဟု သင်ကလည်း ငါ့အား ဆိုဖူးသလောဟု (ဆို၏)။
မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။
သုနက္ခတ် ငါကလည်း သင့်ကို ''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ သင့်ကို ငါသည် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုး ပြာဋိဟာကို ပြမည်''ဟု မဆိုစဖူး၊ သင်ကလည်း ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ် အား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့''ဟု မဆိုစဖူး၊ (မဂ်ဖိုလ်မှ) အချည်း နှီးဖြစ်သောယောက်ျား ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူ ဖြစ်၍ အဘယ်သူကို စွန့်သနည်း။ သုနက္ခတ် ထိုအရာကို အဘယ်သို့ ထင်သနည်း၊ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါ ဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်း အကျိုးငှါ ဖြစ်သည် မဟုတ်လောဟု (ဆို၏)။
မြတ်စွာဘုရား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ မြတ်စွာဘုရားဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်ပါ၏ဟု (လျှောက်၏)။
သုနက္ခတ် လူတို့၏ ကုသိုလ်ကမ္မပထတရားဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်၏။ သုနက္ခတ် ဤသို့ဖြစ်သော် လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော တန်ခိုးပြာဋိဟာကို ပြခြင်းသည် အဘယ်ပြုအံ့နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့ဟု (ဆို၏)။
မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောတော်မမူပါဟု (လျှောက်၏)။
''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောမည်''ဟု ငါသည် သင့်အား ဆိုဖူးသလော (ဟု ဆို၏)။
မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။
''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လောက၏ အစဟု သိအပ်သော အဂ္ဂညတရား ကို ဟောတော်မူမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့''ဟု သင်ကလည်း ငါ့အား ဆိုဖူးသလောဟု (ဆို၏)။
မဆိုဖူးပါ မြတ်စွာဘုရား (ဟု လျှောက်၏)။
သုနက္ခတ် ငါကလည်း သင့်ကို ''သုနက္ခတ် သင်လာလော့၊ ငါ့ကို (ဆရာဟု) ရည်ညွှန်း၍ နေလော့၊ ငါသည် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောမည်''ဟု သင့်အား မဆိုစဖူး၊ သင်ကလည်း ငါ့ကို ''မြတ်စွာဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်အား လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောမည်ဆိုလျှင် အကျွန်ုပ်သည် မြတ်စွာဘုရားကို (ဆရာဟု) ရည်ညွှန်း၍ နေပါအံ့''ဟု မဆိုစဖူး၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား ဤသို့ဖြစ်လျှင် သင်သည် အဘယ်သူဖြစ်၍ အဘယ်သူကို စွန့်သနည်း။ သုနက္ခတ် ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောသည်ဖြစ်စေ၊ မဟောသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ် သည် မဟုတ်လောဟု (ဆို၏)။
မြတ်စွာဘုရား လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောသည်ဖြစ်စေ၊ မဟောသည် ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ မြတ်စွာဘုရားဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်ပါ၏ဟု (လျှောက်၏)။
သုနက္ခတ် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောသည်ဖြစ်စေ၊ မဟောသည်ဖြစ်စေ ဆင်းရဲကုန်ခြင်းအကျိုးငှါ ငါဟောအပ်သော ထိုတရားသည် ထိုဟောသည့်အတိုင်း ကျင့်သူ၏ အလုံးစုံသော ဆင်းရဲကုန်ခြင်းအကျိုးငှါ ဖြစ်၏။ သုနက္ခတ် ဤသို့ဖြစ်သော် လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောခြင်းသည် အဘယ်ပြုအံ့နည်း၊ (မဂ်ဖိုလ်မှ) အချည်းနှီးဖြစ်သောယောက်ျား သင်အဘယ်မျှ လွန်ကျူးပြစ်မှားသည်ကို ရှုဘိလော့။
သုနက္ခတ် အကြောင်းအမျိုးမျိုးဖြင့် ငါ၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆိုချီးကျူးဖူး၏ -
''ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သော အကြောင်းကြောင့်လည်း 'အရဟံ' မည်တော်မူပါပေ၏၊ (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော အကြောင်းကြောင့်လည်း 'သမ္မာသမ္ဗုဒ္ဓ' မည်တော်မူပါပေ၏၊ အသိÓဏ် 'ဝိဇ္ဇာ' အကျင့် 'စရဏ'နှင့် ပြည့်စုံတော်မူသော အကြောင်းကြောင့်လည်း 'ဝိဇ္ဇာစရဏသမ္ပန္န' မည်တော်မူပါပေ၏၊ ကောင်းသောစကားကို ဆိုတော်မူတတ်သော အကြောင်းကြောင့်လည်း 'သုဂတ' မည်တော်မူပါပေ၏၊ လောကကို သိတော်မူသော အကြောင်းကြောင့်လည်း 'လောကဝိဒူ' မည်တော်မူပါပေ၏၊ ဆုံးမထိုက်သူကို ဆုံးမတတ်သည့် အတုမဲ့ပုဂ္ဂိုလ်ဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'အနုတ္တရောပုရိသ ဒမ္မသာရထိ' မည်တော်မူပါပေ၏၊ နတ်လူတို့၏ ဆရာဖြစ်တော်မူသော အကြောင်းကြောင့်လည်း 'သတ္ထာ ဒေဝမနုဿာနံ' မည်တော်မူပါပေ၏၊ (သစ္စာလေးပါးတရားတို့ကို) သိစေတော်မူသော အကြောင်းကြောင့်လည်း 'ဗုဒ္ဓ' မည်တော်မူပါပေ၏၊ ဘုန်းတန်ခိုးကြီးတော်မူသော အကြောင်းကြောင့်လည်း 'ဘဂဝါ' မည်တော်မူပါပေ၏''ဟု (သင်ပြောဆိုချီးကျူးဖူး၏)။
သုနက္ခတ် ဤသို့လျှင် အကြောင်းအမျိုးမျိုးဖြင့် ငါ၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏။
သုနက္ခတ် အကြောင်းအမျိုးမျိုးဖြင့် တရားတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏ -
''မြတ်စွာဘုရား ဟောအပ်သော တရားတော်သည် ကောင်းစွာဟောအပ်သော တရားတော်ပါပေတည်း၊ ကိုယ်တိုင် သိမြင်နိုင်သော တရားတော်ပါပေတည်း၊ အခါမလင့် အကျိုးပေးတတ်သော တရားတော်ပါပေတည်း၊ လာလှည့် ရှုလှည့်ဟု ပြထိုက်သော တရားတော်ပါပေတည်း၊ မိမိ၏ ကိုယ်ထဲ စိတ်ထဲ၌ ဆောင်ယူထားထိုက်သော တရားတော်ပါပေတည်း။ (အရိယာ) ပညာရှိတို့သာ ကိုယ်စီ ကိုယ်င သိနိုင် ခံစားနိုင်သော တရားတော်ပါပေတည်း''ဟု (သင်ပြောဆိုချီးကျူးဖူး၏)။
သုနက္ခတ် ဤသို့လျှင် အကြောင်းအမျိုးမျိုးဖြင့် တရားတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏။
သုနက္ခတ် အကြောင်းအမျိုးမျိုးဖြင့် သံဃာတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆို ချီးကျူးဖူး၏ -
''မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် ကောင်းသော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် ဖြောင့်မတ်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် မှန်သော အကျင့်ရှိတော်မူပါပေ၏၊ မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် လျော်ကန်သော အကျင့်ရှိတော် မူပါပေ၏၊ အစုံအားဖြင့် လေးစုံ ပုဂ္ဂိုလ်အားဖြင့် ရှစ်ပါးအရေအတွက်ရှိသော မြတ်စွာဘုရား၏ တပည့်သား 'သာဝက' သံဃာတော်သည် (အရပ်ဝေးမှ) ဆောင်လာ၍သော်လည်း ပေးလှူပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ ဧည့်သည်တို့အလို့ငှါ စီမံထားသော ပစ္စည်းဝတ္ထုကိုသော်လည်း ပေးလှူ ပူဇော်ရန် ထိုက်တန်တော်မူပါပေ၏၊ တမလွန်အတွက် ရည်ညွှန်းသော အလှူကို ခံတော်မူထိုက် ပါပေ၏၊ လက်အုပ်ချီခြင်းကို ခံတော်မူထိုက်ပါပေ၏၊ သတ္တဝါအပေါင်း၏ ကောင်းမှုပြုရန် အမြတ်ဆုံးလယ်မြေ ဖြစ်တော်မူပါပေ၏''ဟု (သင်ပြောဆိုချီးကျူးဖူး၏)။
သုနက္ခတ် ဤသို့လျှင် အကြောင်းအမျိုးမျိုးဖြင့် သံဃာတော်၏ ဂုဏ်ကို ဝဇ္ဇီမင်းတို့၏ ရွာ၌ သင်ပြောဆိုချီးကျူးဖူး၏။
သုနက္ခတ် သင့်ကို ငါ ပြောကြားအံ့၊ သုနက္ခတ် သင့်ကို ငါ သိစေအံ့၊ သုနက္ခတ် ''လိစ္ဆဝီမင်းသား သုနက္ခတ်သည် ရဟန်းဂေါတမထံ၌ မြတ်သော အကျင့်ကို ကျင့်ရန် မစွမ်းနိုင်သဖြင့် သိက္ခာချ၍ လူ ထွက်၏''ဟု သင့်ကို ကဲ့ရဲ့ကုန်လတ္တံ့။ သုနက္ခတ် ဤသို့လျှင် သင့်ကို ကဲ့ရဲ့ကုန်လတ္တံ့ဟု သုနက္ခတ်အား ငါပြော၏၊
ဘဂ္ဂဝ ဤသို့ ငါပြောသော်လည်း အပါယ်ငရဲလားထိုက်သူသည် ဖဲသွားသကဲ့သို့ ဤလိစ္ဆဝီ မင်းသား သုနက္ခတ်သည် ဤသာသနာတော်မှ ဖဲသွားသည်သာလျှင်တည်း။

Monday, April 19, 2010

ဟိုပင်ညက လက်ခုပ်သံ


(Copyright နဲ့ ငြိမှာစိုးလို့ ပုံအသစ်ပြောင်းထား)

လွန်ခဲ့သော လေးငါးခြောက်နှစ်က ဖြစ်သည်။ မေခ၊ မလိခသို့ ဦးတည်ခရီးထွက်ခဲ့သည်။ “ဟိုပင်”ဟူသော မြို့ကလေးတွင် သူငယ်ချင်း ဦးဇင်းက သာသနာပြုနေသည်။ ထိုမြို့ကလေးသို့ ရထားဖြင့် ရောက်ခဲ့သည်။ မြို့ကလေး၏အမည် ဟိုပင်ဆိုသည်မှာ ရှမ်းနာမည် ဖြစ်သည်။ “လွင်ပြင်ကျယ်”ဟု အဓိပ္ပာယ်ရသည်။ အရှေ့ဘက်တွင် တောင်တန်းကြီးရှိသည်။ အနောက်ဘက်တွင် တောင်တန်းလေးများ ရှိသည်။ အလယ်တွင် လွင်ပြင်ကျယ်၊ ကွင်းပြင်ကျယ်ကြီးဖြစ်သည်။ မြို့လေးမှာ အလွန်အေးချမ်းသော အသွင်ကို ဆောင်သည်။

သူငယ်ချင်းနေသော ကျောင်းမှာ မြို့နှင့် အတော်လှမ်းသည်။ လမ်းလျှောက်သွားရသည်။ ရောက်ရောက်ချင်း ကျောင်းအခြေအနေကို ဘာမျှ မသိရသေးမီ မြို့ထဲသို့ အလည်သွားဖြင်း ဖြစ်သည်။ သူရဲကြောက်တတ်သော သူငယ်ချင်းပါလာ၍ ရယ်နေရသည်။ ညဖက် လမ်းလျှောက်လျှင် သူက အစွန်ကနေ မသွားရဲပါ။ ညပိုင်းမြို့ထဲက ပြန်လာသောအခါ သူ့ကို စနောက်သဖြင့် သူ စိတ်ဆိုးခဲ့သည်။ သူစိတ်ဆိုးလျှင် မခေါ်မပြောနေတတ်သည်။ သူစိတ်ဆိုးနေ၍ ဘာစကားမှ မပြောဘဲ တိတ်ဆိတ်စွာ ကျောင်းကလေးသို့ ဦးတည်ခဲ့ကြသည်။


ကျောင်းပေါက်ဝရောက်သည်နှင့် အလွန်တရာ တိတ်ဆိတ်လှသော ကျောင်းကလေးသည် ဆူညံနေသည်။ တံခါးများကို ၀ုန်းခနဲ ၀ုန်းခနဲ ရိုက်ပုတ်သံကြားရသည်။ တစ်ချက်တစ်ချက် ငြီးသံကြီးများ ထွက်လာလိုက်၊ စူးစူးရှရှ အော်သံကြီးများ ထွက်လာလိုက်၊ အသဲထိတ်စရာ ကောင်းလှသည်။ သူရဲကြောက်သော သူငယ်ချင်း ပို၍ ကြောက်နေပုံရသည်။ စောစောက စိတ်ဆိုးနေသော်လည်း အခု စကားပြန်ပြောလာသည်။ ကိုယ်က အင်တင်တင် အိုက်တင်လုပ်လိုက်သည်။ “ဟေ့ မောင်ကု၊ ရော့ 92 နဲ့ ကွမ်းလေး စားလိုက်ပါအုံးကွ”ဟု ဆိုသည်။ “လူတို့သည် ကြောက်လျှင် ဒီလို ဖြစ်တတ်ပါလား”ဟု ပြုံးပြုံးလေး သဘောပေါက်တတ်ခဲ့ပါသည်။

“ဟေ့ဟေ့….မောင်ရင်တို့ လာတာနဲ့ အတော်ပဲ၊ ဟိုကောင် သောင်းကျန်းနေတယ်၊ ဘိန်းပြတ်နေလို့” ကျောင်းထိုင်ဆရာတော်က လှမ်းပြောသည်။ နောက်မှ သဘောပေါက်လိုက်သည်။ နာနာဘာဝများ သောင်းကျန်းနေခြင်း မဟုတ်၊ မြို့ထဲမှ ဘိန်းအလွန်စွဲနေသော လူငယ်တစ်ဦးကို ဘိန်းပြတ်စေရန် သင်္ကန်းဝတ်ပြီး ကျောင်းပို့ထားခြင်း ဖြစ်သည်။ “မကောင်း ကျောင်းပို့”ဟူသောစကား မှန်နေသလားဟု တွေးမိသည်။ တံခါးများလည်း ပဲ့ကုန်ပြီဖြစ်၍ မတတ်သာတော့။ ကြိုးဖြင့် တုတ်ထားလိုက်ရသည်။ အော်ဟစ်ငိုယိုနေသည်ကို ကြည့်ရသည်မှာ စိတ်မသက်သာစရာ အလွန်ကောင်းသည်။

လူငယ်လေးမှာ အသက် ၁၉-နှစ်သာ ရှိသေးသည်။ ဘိန်းစွဲပြီး ၁၀-တန်းပင် မအောင်၊ စိတ်ကောင်းလေးတော့ အတော်ရှိပုံရသည်။ သူ့မိဘများမှာ အရင်က တောထဲမှာ အစိုးရကို တော်လှန်နေသူများ ဖြစ်သည်။ အခုအခါတွင် အစိုးရနှင့် အပေးအယူလုပ်ထားပြီးဖြစ်၍ ဘိန်းခင်းများ စိုက်ပြီး ဟိုပင်မြို့ပေါ်တွင် လူကြီးလူကောင်းများပမာ အဆင့်အတန်းမြင့်မြင့်နေနိုင်ပြီ ဖြစ်သည်။ ဟိုပင်မြို့သည် ထိုကဲ့သို့ အစိုးရနှင့်အပေးအယူရှိသူများ နေထိုင်ရာ မြို့လေးဖြစ်သဖြင့် ဘိန်းစားများ အလွန်ပေါပါသည်။ တစ်ချို့ဆို အသက် ၁၂၊ ၁၃ ကျောင်းစိမ်းလေးများဖြင့် လူငယ်လေးများမှာ ဘိန်းစားများ ဖြစ်နေသည်။ သွားကြည့်လျှင် သူတို့လက်အကြောများတွင် အပ်စိုက်ရာများ ရှိနေတတ်သည်။

ဘိန်းရှူဖို့ရန် အခြားနေရာများတွင် အခက်အခဲ ရှိနိုင်သော်လည်း ဟိုပင်မြို့တွင် အလွယ်တကူ ရနိုင်ပါသည်။ ပိုက်ဆံ ၅၀-ရှိသော လူငယ်သည် ဘိန်း ၅၀-ဖိုး ရှူရှိုက်နိုင်သည်။ အတော်ဝမ်းနည်းဖို့ ကောင်းပါသည်။ အတော်စိတ်ပျက်ဖို့ ကောင်းပါသည်။
ကျောင်းရောက်နေသော လူငယ်၏ လက်မောင်း၊ လက်ဖမိုး….အကြောရှိရာနေရာတိုင်းတွင် အဖုလေးများ ရှိသည်။ ဆေးထိုးအပ်ဖြင့် ဘိန်းထိုးထားခြင်း ဖြစ်သည်။ လက်တွင် ဆေးထိုးဖို့ နေရာမကျန်တော့ပေ။ သို့ရာတွင် လူငယ်သည် အားမလျှော့ ခြေထောက်အကြောများတွင် ဆက်ထိုးသည်။ “မင်းတော်တော် မိုက်တဲ့ကောင်ပဲကွာ”ဟု သူ့ကို ပြောသည့်အခါ “တပည့်တော်တစ်ယောက်ထဲမဟုတ်ဘူး၊ မြို့ထဲမှာ တပည့်တော်လိုကောင်တွေ အများကြီးပဲ၊ ဟိုပင်မြို့က လူငယ်တိုင်းဟာ အပ်မသုံးရင်တောင် အနည်းဆုံးတော့ တစ်ကြိမ်တစ်ခါ ဘိန်းတော့ ရှူဖူးကြတာပဲ”ဟု ပြောသည်။ အပိုပြောတာလည်း ဖြစ်နိုင်သည်၊ သို့ရာတွင် ဘိန်းစား၊ ဘိန်းထိုးသူ များစွာရှိကြောင်းကိုတော့ လက်တွေ့သိခဲ့သည်။

မိဘက သားသမီးများ ချမ်းသာရေးအတွက် (သားသမီးများ ရှေ့ရေးအတွက်) ချမ်းသာအောင် ပိုက်ဆံရှာသည်။ ပိုပြီး ချမ်းသာအောင် ပိုက်ဆံများများ ရစေနိုင်သော ဘိန်းစိုက်ခင်းလုပ်သည်။ သားသမီးသည် ပိုက်ဆံချမ်းသာသော်လည်း ဘိန်းစားဖြစ်သည်၊ အေကိုက်သည်။ သားသမီးရှေ့ရေးတွေးပုံ အတုယူဖို့ ကောင်းသည်။

ဟိုပင် ညတာသည် ရှည်လျားလွန်းသည်။ အိပ်ယာထဲတွင် ဒေါသအငွေ့လေးများဖြင့် လူးလှိမ့်နေဖြစ်ခဲ့သည်။ သူငယ်ချင်း၏ ဟောက်သံက ဒီနေ့မှ အလွန်ကျယ်သည်ဟု ထင်ခဲ့သည်။ အိပ်မပျော်၊ အပြင်ကို ထွက်ကြည့်တော့ တောင်ကြားထဲက လွင်ပြင်၊ လွင်ပြင်ပေါ်က လပြည့်ဝန်း၊ သာသာယာယာ ရှိလွန်းသည်။ ခေါင်းစဉ်မဲ့သော ကဗျာစာသားလေးများလည်း ရင်ဘက်ထဲ အပြေးအလွှား ၀င်လာကြသည်။ ဟိုပင်သည် အရမ်းလှသော်လည်း အရမ်းဆိုးသွမ်းသော မိန်းကလေးတစ်ယောက်နှင့်တူသည်ဟု ထင်သည်။ ဟိုပင်သည် လှသည်၊ သာယာသည်၊ သို့ရာတွင် ဘိန်းစားလေးများ၊ ဘိန်းစားကြီးများ ထွန်းကားသည်။ (ဟိုပင်က ဒေါ်မမလေးနှင့် မိငယ်တို့ သိရင်တော့ ရန်တွေ့တော့မှာပဲ….)

ဘိန်းပန်းလေးများသည် အလွန် ကြည့်လို့ကောင်းသည်။ အလွန်ချစ်စဖွယ် ကောင်းသည်။ ထိုသို့ လှလွန်း၍လား မသိ၊ စွဲမိသူအတွက် တစ်ဘ၀လုံး သူ့အတွက် ပေးဆပ်လိုက်ရသည်က များလေသည်။ ဘိန်းသည်လည်း နေရင်းထိုင်ရင်း လူကို ဒုက္ခမပေး၊ သို့သော် သူ့ကို ထိမိလျှင် တစ်ဘ၀စာ အသံတွေ ကျယ်လောင်သည်။ သူ့အတွက်သာ တစ်ဘ၀လုံး အော်ဟစ်မြည်တမ်းနေရလိမ့်မည်။

လူငယ်လေးတစ်ဦးက ဘိန်းပန်းလေး တစ်ပွင့် ယူလာပြီး ပြသည်။ “ဦးဇင်းကို ပေးလိုက်ကွာ”ဆိုတော့ “ဟာ ဦးဇင်းတို့ကို ပြဖို့၊ ပေးဖို့ ယူလာတာ”ဟု ပြောသည်။ သူငယ်ချင်းက ကင်မရာထုတ်ပြီး ဘိန်းပန်းလေးကို ဓာတ်ပုံရိုက်ရင်း “ဒီပန်းလေးက ဘာဖြစ်လို့ ဒီလောက် လှနေရတာလဲကွာ”ဟု ပြောသည်။ အခြားသူငယ်ချင်းက “ဟာ..ကိုယ်တော်အမြင်ကတော့ ဒုက္ခရောက်အုံးမှာပဲ”ဟု ဆိုသည်။ “ဘာဖြစ်လို့လဲကွာ၊ လှလို့ လှတယ်ပြောတာကို”ဟု တုန့်ပြန်သည်။ “အော်…ဘိန်းပန်း၊ လှတယ်….ဟုတ်တယ်။ အခြားတစ်ဖက်မှာ လူကို အကြီးအကျယ် ဒုက္ခပေးတယ်၊ အဲဒါကို ငါ့လူက လှတာကိုပဲ အရေးတယူ ပြောတယ်၊ ဒုက္ခပေးတာကို ထည့်မပြောဘူး၊ ဒါကြောင့် ဒုက္ခရောက်မယ်လို့ ပြောတာပါ”ဟု ရှင်းပြသည်။

“လက်ခုပ်တီးသံ”ဟုဆိုလျှင် လက်ခုပ်နှစ်ဖက်ကို တီးမှ အသံထွက်မည်။ သဘာဝကျသည်။ သို့ရာတွင် ဈာန်ဗုဒ္ဓဘာသာ ဒဿနတွင် နာမည်ကြီး စာသားတစ်ခု ရှိသည်။ “လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို နားဆင်ကြည့်ပါ”ဟူ၍ ဖြစ်သည်။ ဖတ်စတွင် အဓိပ္ပာယ်မရှိဟု ထင်ရသော်လည်း သေသေချာချာတွေးလေ အဓိပ္ပာယ်လေးနက်လေ ဖြစ်သည်ဟု ခံစားမိသည်။ ဤဒဿန ဖော်ထုတ်သူ၏ ရည်ရွယ်ချက်အတိအကျကို မည်သူမျှ မသိသော်လည်း ခံစားသူအလိုက် အဓိပ္ပာယ်တွေ များစွာပေးနေသည်။

မည်သည့်နေရာရောက်ရောက် ဤစကားလေးကို ရေရွတ်နေမိခဲ့သည်။ ဤစကားလေး ရေရွတ်မိတိုင်း အဖြေတစ်ခုခုကို ရှာတွေ့လိုက်သလိုမျိုး အေးမြသွားခဲ့ရသည်။

လောကတွင် ပြုသူ+အပြုခံ+ပြုခြင်း+ရလဒ်ဟူသော အခြင်းအရာလေးမျိုးနှင့် လက်တစ်ဖက်+အခြားလက်တစ်ဖက်+တီးခြင်း+လက်ခုပ်သံဟူသော အခြင်းအရာလေးမျိုးကို ကိုယ်စားပြု၍ ရနိုင်မည် ထင်သည်။ တစ်ခုခု ချို့တဲ့နေလျှင် အသံဖြစ်မလာနိုင်။ ထို့အတူပင် အာရုံ+အာရမ္မဏိက+သက်ရောက်မှုတို့လည်း အကျုံးဝင်နေလိမ့်မည်။ ပြုသူ၊ အာရုံ၊ လက်တစ်ဖက်ဟူသော သုံးမျိုးသည် သူတို့ကို ချိတ်ဆက်ပေးသော ကိရိယာ(verb)မပါသေးသ၍ ပြဿနာမရှိ။ ရလဒ်(ကောင်းကျိုး၊ မကောင်းကျိုး)၊ သက်ရောက်မှုနှင့် လက်ခုပ်သံတို့လည်း ပေါ်ထွက်လာလိမ့်အုံးမည် မဟုတ်ပေ။

သို့ရာတွင် ဈာန်ဒဿနက လက်ခုပ်တစ်ဖက်တည်း တီးသောအသံကို နားထောင်ခိုင်းနေသည်။ မည်သို့နည်း…။

တရားထိုင်နေသည်။ သူသည် တရားနည်းလမ်းဖြင့် အာရုံတို့ကို တိုက်ခိုက်နေသည်။ လိုချင်ခြင်း၊ မလိုချင်ခြင်း၊ မနာလိုခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းစသော လောကဓံများကို တိုက်နေသည်။ လက်ခုပ်သံတွေ တဖြောင်းဖြောင်း ကြားနေရလိမ့်မည်။

တိုက်ပွဲက အရှိန်ရပြီး အနိုင်ရလုနီးပါး ဖြစ်လာသောအခါ မည်သည့်အသံကို ကြားရမည်နည်း။
အေးချမ်းတိတ်ဆိတ်ခြင်းအသံကို အနည်းငယ် ကြားလာပေလိမ့်မည်။

တိုက်ပွဲကို အပြီးသတ်အနိုင်ရလိုက်သောအခါ အပြီးသတ်ငြိမ်းချမ်းသောအသံကို ကြားရလိမ့်မည်။ အာရုံနှင့် အာရမ္မဏိကတို့ ထိခတ်တိုးဝှေ့ကြသောအခါ ရလဒ်(ကောင်းကျိုး၊ မကောင်းကျိုး)တို့အသံသည် ဆူညံနေလိမ့်မည်။ ပဲ့တင်ထပ်နေလိမ့်မည်။ အာရုံသည် ထိခတ်တိုးဝှေ့စရာမရှိတော့လျှင် ငြိမ်သက်သွားလိမ့်မည်။

ငြိမ်သက်ခြင်းသည် လက်ခုပ်တစ်ဖက်တည်း တီးခတ်ရာမှ ဖြစ်ပေါ်လာပေလိမ့်မည်။ လက်ခုပ်တစ်ဖက်တည်းတီးသောအသံသည် သာယာအေးမြမည်မှာ သေချာသည်ဟု ခံစားနားလည်မိသည်။

ကျွန်ုပ်တို့သည် လူဖြစ်လာကတည်းက ရွေးချယ်စရာ အမှိုက်ပုံကြီးပေါ်တွင် ပစ်ချခံရသည်။ ရွေးချယ်စရာ အာရုံများ ရှိခဲ့သည်။ လူဖြစ်ခဲ့ခြင်းသည်ပင် အာရုံရှိနေသေး၍ မဟုတ်ပါလော။ အာရုံရှိနေ၍ ခံစားချင်သည်။ ခံစားချင်၍ ခံစားမှုကို ရှာသည်။ တွေ့ကြသည်။ အာရုံအသစ်အသစ်တို့ တိုးသည်။ တိုးပြီးရင်း တိုးခဲ့ကြသည်။ ရှုပ်ထွေးသွားသည်။ လက်ခုပ်တီးသံများ တဖြောင်းဖြောင်း ကြားလာရသည်။
လက်ခုပ်တစ်ဖက်တည်းတီးသောအသံကို နားမဆင်နိုင်သေး၍ လက်ခုပ်နှစ်ဖက်တီးကြလျှင်သော်မှ လက်နှစ်ဖက်စလုံး သန့်စင်နေဖို့ ကြိုးစားသင့်သည်။ လူ့ဘ၀အသက်တာကို တိုတောင်းစေသော ခံစားမှုလေးများနှင့် မတီးခတ်မိကြဖို့ ဖြစ်ပါသည်။

အတွေးထဲမှ ခုန်ထွက်မိတော့ တိတ်ဆိတ်ငြိမ်သက်မှုကို ပြန်တွေ့ရသည်။ ဟိုပင်ည ကောင်းကင်သည် ကြည်လင်တောက်ပနေသည်။ တိမ်လိပ်ဖြူဖြူလေးများ ဥဒဟို ပြေးလွှားနေကြသည်။ အိပ်ဖို့ လုံးဝ အာရုံမရ။ လက်ခုပ်သံများ တဖြောင်းဖြောင်းကြားနေရသော လောကကြီးတွင် လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို တစ်ခါတစ်လေဖြစ်ဖြစ် နားဆင်အုံးမှလို့ အတွေးပေါက်မိခဲ့ပါသည်။

ဟိုပင်က မိဘများ၏ အော်ဟစ်ငြီးတွားသံ၊ မျိုးဆက်လေးများ၏ နာကျင်မှု၊ ထိုမှတစ်ဆင့် တိုတောင်းလှသော ဘ၀အသက်တာတွင် ကျခဲ့ရသော ငိုရှိုက်သံများ….လက်ခုပ်သံများက နားမဆံ့ကြားလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ တိတ်တဆိတ် လှပစွာ ကြေကွဲစရာကောင်းနေသော ရှည်လျားလှသော ဟိုပင်ညတွင် လက်ခုပ်တစ်ဖက်တည်း တီးသောအသံကို နားစွင့်ခဲ့ဖူးပါသည်။ အမှန်တော့ လက်ခုပ်နှစ်ဖက်တီးသောအသံထက် တစ်ဖက်တည်း တီးသောအသံက ပို၍ ချိုမြိန်အေးမြနေမည်ဟုကား သဘောပေါက်သလိုလို ရှိခဲ့ပါသည်။

Friday, April 16, 2010

သီရိလင်္ကာက ဘုန်းဘုန်းတို့ရဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲ

လူမျိုးတိုင်း လူမျိုးတိုင်းက သူတို့ နှစ်သစ်ရောက်ရင် ပျော်ကြတယ်။ သီရိလင်္ကာရောက် မြန်မာရဟန်းတော်များ လည်း ပျော်ကြတယ်။ နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ မုန့်လုံးရေပေါ်တွေ လုပ်စားကြတယ်။ ဘူးသီးကြော်တွေ ကြော်ကြ၊ စားကြ၊ ပျော်ပျော်ပါးပါး နှစ်သစ်ကို ကြိုဆိုလိုက်ကြတယ်။

အလှူရှင်ရယ်လို့တော့ မရှိဘူး။ သံဃာတော်တွေ တစ်ပါးကို ငါးရာ၊ တစ်ထောင်စသည် ထည့်ဝင်ကြပြီး နှစ်သစ် ကူးပွဲလေး ဖြစ်မြောက်အောင် ဆောင်ရွက်ကြတာ ဖြစ်တယ်။ ဆိုင်ဆိုင် မဆိုင်ဆိုင် မြန်မာ့ရိုးရာ သင်္ကြန် သီချင်းတွေ ဖွင့်တယ်။ ရေတွေလောင်း၊ အိုးမဲတွေ သုတ်ကြတယ်။ မြန်မာမှာလို ဗုံးဖောက်မှာတော့ မကြောက်ရ ဘူး။ မုန့်လုံးရေပေါ်မှာ ငရုတ်သီးဗုံးတော့ ထိကြဖို့ များတယ်။

သီရိလင်္ကာက နှစ်သစ်ကူးပုံရိပ်လေးတွေကို တင်ပြပေးလိုက်ပါတယ်။ (မြတ်ရောင်နီကတော့ ဓာတ်ပုံတွေ တင်ချင်တာ ဂျာမန်ဥပဒေနဲ့ ငြိနေလို့ မတင်လိုက်ဘူးတဲ့)။ ဒီက သူငယ်ချင်းတွေတော့ ခွင့်ပြုမယ် ထင်တာပဲ။










မော်ဒန်ဘုန်းဘုန်းတွေဆိုတော့ မော်ဒန်လှူဖွယ်ပစ္စည်းတွေ ကံစမ်းမဲ ဖောက်ကြတယ်..









ခပ်တည်တည်နဲ့ ကြော်နေတာ (တကယ်တော့ လုပ်တတ်ဘူးဗျ)



ဒါကတော့ တကယ့်အကြော်ဆရာ



သူတို့က တကယ့်အကြော်ဆရာတွေပေါ့



သူကတော့ အကြော်မှူးကြီးပါ




သတိသာထား ငရုတ်သီးတွေနော်




အိုးမည်းသုတ်တာ သူက တော်တော်ပျော်ပုံရတယ်




Wednesday, April 14, 2010

ပိတောက်နှင့်ငါ ထွေရာလေးပါး စကားပြောခဲ့တယ်



ပုံပြောသူ

ပျဉ်းမပွင့်ပြီ သခွက်ပွင့်ပြီ
ကသစ်ပွင့်ပြီ ပိတောက်ပွင့်ပြီ
သင်္ကြန်လာပြီ ဒိုးသံလာပြီ
မိုးရွာတော့မယ် သူငယ်ချင်းတို့

(အောင်ချိမ့်)



ကဗျာဆရာ ကိုအောင်ချိမ့်ကတော့ ပိတောက်ပွင့်ပြီ၊ သင်္ကြန်လာပြီ…ဆိုပြီး ပုံပြောသူတဲ့။ ကိုအောင်ချိမ့်ကတော့ ဟိုနေ့နိုးနိုး ဒီနေ့နိုးနိုး အိပ်မက်တွေ ပေးတတ်သူကို တင်စားထားသည် ထင်ပါရဲ့။ ကိုအောင်ချိမ့်အတွက်တော့ ပုံပြောသူ ဖြစ်ကောင်းဖြစ်ပေမယ့် ပျဉ်းမပွင့်ချိန်မှာ၊ သခွက်တွေ ပွင့်ချိန်မှာ၊ ကသစ်တွေ ပွင့်ချိန်မှာ၊ ပိတောက်တွေ ပွင့်ချိန်မှာ၊ သင်္ကြန်ကျပြီးလို့ မိုးတွေ ရွာလာတဲ့အချိန်မှာ အိပ်မက်တွေ အမှန်တကယ် ဖြစ်ကြသူတွေလည်း ရှိမှာ အသေအချာပဲ။ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာကြသလား၊ မဖြစ်လာကြသလားတော့ မသိဘူး။ သင်္ကြန်ကျလို့ မိုးတွေ ရွာချလိုက်ပြီ။



တစ်နှစ်ကို ကူးသွားပြီ။

ကျန်ခဲ့တဲ့ နှစ်တွေမှာ ပုံပြင်တွေ ဘယ်လောက်များ ပြောခဲ့ကြသလဲ၊

ပုံပြင်တွေ ဘယ်လောက်များ အပြောခံခဲ့ကြရသလဲ။

အိပ်မက်တွေ ဘယ်လောက်များ ဖွဲ့တည်နိုင်ခဲ့ကြသလဲ။

အိပ်မက်တွေ ဘယ်လောက်များ ဖဲ့ချွေခံခဲ့ကြရသလဲ။

ပိတောက်တွေနဲ့အတူ အပြုံးတွေ မြင်နေရသူလည်း ရှိလိမ့်မယ်။

ပိတောက်တွေကို ခါးခါးသီးသီး အကြည့်တွေနဲ့ ငေးမှိုင်နေသူတွေလည်း ရှိလိမ့်မယ်။

ပိတောက်တွေနဲ့အတူ ကခုန်မြူးတူးသူတွေလည်း ရှိလိမ့်မယ်။

ပိတောက်တွေနဲ့အတူ တောက်ခေါက်သံကျယ်လောင်နေသူတွေလည်း ရှိလိမ့်မယ်။

ပိတောက်တွေကို ဘ၀ရဲ့ တောက်ပမှုနဲ့ တင်စားနေသူလည်း ရှိလိမ့်မယ်။

ပိတောက်တွေ ဖူးပွင့်လာတိုင်း ဖူးလ်(fool) ဖြစ်နေသူတွေလည်း ရှိလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ပိတောက်က ရောက်လာခဲ့လေပြီ။




ပိတောက်ကို ကြိုမှာလား၊
ပိတောက်ကို ငြင်းမလား။

ကြိုသည်ဖြစ်စေ၊ ငြင်းသည်ဖြစ်စေ…
ပိတောက်က ပြောနေပြီ။


“မင်းရဲ့
လူ့ဘ၀မှာ နေထိုင်ခွင့်

ငါ


တစ်နှစ် နှုတ်လိုက်ပြီ”။

Monday, April 12, 2010

မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်



နေရာ။ ။ ရတနာစက္ကမြန်မာဗုဒ္ဓဘာသာစင်တာ၊
အမှတ်၊ 18၊ Jalan Mohkota,
Taman Iskandar, 80050 Johor Bahru,
Johor, Malaysia

နေ့ရက်။ ။ ၁၇-ရက်၊ ဧပြီလ၊ ၂၀၁၀

အချိန်။ ။ နံနက် (၆)နာရီမှာ နေ့လည် (၁)နာရီအထိ
ဆက်သွယ်ရန်။ HP/ ၀၁၆၄၃၈၀၆၁၇
Tel. ၀၇၃၃၂၁၀၁၆

Friday, April 9, 2010

ချစ်ခြင်းတရား၊ အမှားအမှန်နဲ့ သောက



အခုတလော ဖြစ်ပျက်နေပုံများ ဖြစ်ပါသည်။ မိုးတွေက အရမ်းရွာသည်။ အပြောင်းအလဲတွေ အရမ်းမြန်သည်။ အခန်းထဲတွင် တစ်ယောက်တည်း အမောဖောက်နေသည်။ စိတ်တွေက ဟိုပြေးသည်ပြေး ဖြစ်နေသည်။ ထိန်းချုပ်ဖို့လည်း မကြိုးစားမိ။ မျက်နှာကို သုန်မှုန်စွာ ထားလိုက်သည်။ ဒေါသကို ချုပ်တည်းဖို့ နှုတ်ခမ်းကိုသာ ကိုက်နေသည်။ ၀မ်းနည်းစိတ်တွေကို ဖြေလွင့်ဖို့ နှုတ်ဆိတ်နေသည်။

စိတ်ပြေလက်ပျောက် အင်တာနက်စာမျက်နှာများဆီ သွားတော့လည်း ရိုးအီနေသော သတင်းများသာ နေရာယူသည်။ ကဗျာတွေ ကောက်ဖတ်တော့လည်း နာကျည်းနေသော ကဗျာများသာ အရသာရှိသည်။ တော်လှန်သောကဗျာများသာ အရသာရှိနေသည်။ ၂၀၁၀-ရွေးကောက်ပွဲ၊ NLD အစည်းအဝေးပွဲ၊ တူညီသော အမြင်များ၊ မတူညီသောအမြင်များ၊ ဆဲသံဆိုသံ၊ ညည်းသံ ငြူသံ။ အသံမျိုးစုံ ကြားနေရသည်။ အချို့များကျတော့ ရယ်သံများတောင် လွင်နေကြသည်။

နောင်တော်ကြီး ဦးတေဇော (မြတ်ရောင်နီ)က မလွမ်းဘူးလား ပို့စ်ကို တင်သည်။ လွမ်းပါသည်။ လွမ်းနေပါသည်။ သို့ရာတွင် မည်သို့ဘယ်ဆီ လွမ်းနေသည်ကား မသိ။ သို့ရာတွင် အမေ့ကို တွေ့ချင်နေသည်။ စကားပြောချင် နေသည်။ လက်တလော ခံစားနေရသောအကြောင်းများကို ပြောချင်နေသည်။ အကောင်းအဆိုးတွေ ရင်ဖွင့်နေကျ ညီမငယ်ကိုလည်း လွမ်းသည်။ မြန်မာ့ဒီမိုကရေစီအရေးကိုလည်း လွမ်းသည်။ မြန်မာ့အနာဂတ် ကိုလည်း လွမ်းသည်။ မွေးရပ်မြေလေးကိုလည်း လွမ်းသည်။ မွေးရပ်မြေ ရွာဦးထိပ်က ဘုရားကြီးကိုလည်း လွမ်းပါသည်။


မြတ်စွာဘုရားရှင်က ပစ္စုပ္ပန်မှာ နေတတ်အောင် ကြိုးစားခိုင်းသည်။ “အတိတ်ကိုလည်း ဆွေးမနေနဲ့၊ အနာဂတ်ကိုလည်း ကြိုမပူနဲ့”ဟု မှာတမ်းခြွေသည်။ အတိတ်က နာကျည်းစရာတွေ၊ စိတ်ညစ်စရာတွေ၊ ခံစားခဲ့ရတာတွေကို မေ့ပစ်လိုက်ဖို့ လိုသည်။ အနာဂတ်အတွက် သောကကင်းကင်းဖြင့် စီမံဖန်တီးတတ်ဖို့လိုသည်။ နောင်တော်ကြီး မြတ်ရောင်နီကို ပြောဖူးသည်။ “ဟိုတုန်းက တည်ငြိမ်မှုလေးတွေ ပျောက်နေတယ်”ဟု ပြောလိုက်သည်။ သူက ပြောသည်။ “ငါ့ညီရေ…ဈာန်ရပုဂ္ဂိုလ်တောင် ဈာန်လျှောသေးတာ ငါတို့က ဈာန်တောင် မရခဲ့ပါဘူးကွာ”ဟူ၍။ ကာလအတိုင်းအတာတစ်ခုအထိတော့ “ပုထုဇ္ဇနော ဥမ္မတ္တကော = ပုထုဇဉ်ဆိုတာ အရူးတွေ”ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောနေရလိမ့်ဦးမည်။

အမှားများလုပ်မိလျှင် “ပုထုဇဉ်ပဲကွာ၊ အမှားနဲ့ ဘယ်ကင်းမလဲ”ဟု ပြောတတ်ကြသည်။ ပြောခဲ့ဖူးသည်။ ရှေ့ဆက်ပြောဖို့လည်း အလားအလာရှိနေသေးသည်။ အများအားဖြင့် ယုံကြည်မှုမှားယွင်းခဲ့လျှင် (မှားယွင်းစွာ ယုံကြည်ခဲ့လျှင်) အမှားအယွင်းများ ဖြစ်လာသည်။ မည်သည့်အရာဖြစ်ဖြစ် မှားယွင်းစွာ မယုံကြည်မိလိုက်ဖို့ ဂရုပြုရန်လိုသည်ဟု အတွေ့အကြုံများက စကားပြန်သည်။ မှားခြင်းသည် သူ့သဘာဝအတိုင်း မှားခြင်းအဖြစ် တည်ရှိနေမည်။ အန္တရာယ်မရှိသေး။ သို့ရာတွင် ထိုအမှားကို အမှန်ဟု ယုံကြည်မိလျှင် ယုံကြည်မှုဒီဂရီအလျှောက် ခံစားရဖို့ ရှိသည်။ မှားယွင်းခဲ့ခြင်း၏ အကျိုးဆက်အန္တရာယ်များ ကြုံလာရဖို့ ရှိသည်။ အန္တရာယ်ကြုံပြီဆိုလျှင် ကြောက်ခြင်းနှင့်မုန်းတီးနာကျည်းခြင်းတို့ မလွဲမသွေ ပေါ်လာတတ်သည်။

လူတို့သည် လူဖြစ်၍ မှားခဲ့ကြလိမ့်မည်။ မှားယွင်းခဲ့ကြလိမ့်မည်။ မှားယွင်းစွာ ယူဆခဲ့ကြလိမ့်မည်။ မှားယွင်းစွာ ပြောဆိုခဲ့ကြလိမ့်မည်။ မှားယွင်းစွာ လုပ်ဆောင်ခဲ့ကြလိမ့်မည်။ သို့ဖြစ်၍ မှားယွင်းမှု၏ အကျိုးဆက် အကြောက်တရား၊ မုန်းတီးနာကျည်းမှုများ၊ ကျိတ်မနိုင်ခဲမရ ဒေါသအာဃာတများ လောင်မြိုက်ခဲ့ကြလိမ့်မည်။ သင်္ခန်းစာသည် အကောင်းဆုံး အပြောင်းအလဲသို့ ဦးတည်နိုင်သည်။ သင်္ခန်းစာမယူဘဲ ရှေ့ဆက်လောင်မြိုက်ခြင်းများဖြင့် ချီတတ်လျှင် အောင်ပွဲသည် ဝေးမည်။

အိန္ဒိယခေါင်းဆောင်ကြီး နေရူးနှင့် ဗြိသျှဝန်ကြီးချုပ် ချာချီတို့ ပြောစကားများကို သတိရသည်။
“ဗြိသျှထောင်မှာ ခင်ဗျား ဘယ်လောက်ကြာခဲ့သလဲ”
“၁၀-နှစ်”
“အော် အကြာကြီးပဲ။ ဒီလောက်အကြာကြီး ခင်ဗျားကို ထောင်ချတာ ဗြိသျှကို ဘာကြောင့်မမုန်းသလဲ”
“ကျုပ်တို့ ခေါင်းဆောင်ကြီး(ဂန္ဒီ)ပြောခဲ့တဲ့ အချက်နှစ်ချက် ရှိတယ်ဗျ၊ နံပါတ် (၁) ဘယ်သူ့မှ မကြောက်ရ၊ နံပါတ် (၂) ဘယ်သူ့မှ မမုန်းရ”

မှားယွင်းစွာ ဘ၀ကို မြင်ထားသ၍ စိတ်ချမ်းချမ်းသာသာ မနေရမှာ ကြောက်သည်။ တစ်စုံတစ်ယောက်က သူ့ကို မချစ်မှာ ကြောက်သည်။ မုန်းမှာကြောက်သည်။ မေ့ပစ်မှာ ကြောက်သည်။ ကိုယ့်စိတ်တိုင်းကျဖြစ်နေလျှင် ချစ်သည်။ ကိုယ့်စိတ်နှင့်မတွေ့လျှင် မုန်းကြသည်။ ကြောက်ခြင်းနှင့်မုန်းခြင်းကို ဘ၀ခရီးမှာ ချန်ထားခဲ့ဖို့ မစွမ်းနိုင်လျှင်သော်မှ (အရိယာတွေဖြစ်မှ ထားခဲ့နိုင်မှာ) သံသေတ္တာထဲ လုံခြုံစွာ သော့ခတ်ထားဖို့တော့ လိုမည်။ ခဏခဏ ဖွင့်မကြည့်ရ။ လုံးဝမဖွင့်ဘဲထားလျှင်တော့ ပိုကောင်းမည်။

အမှားများသည် စိတ်ကို မထိန်းချုပ်မိခြင်း သို့မဟုတ် မထိန်းချုပ်နိုင်ခြင်းတို့မှ မြစ်ဖျားခံသည်။ လူငယ်တစ်ယောက်က ပြောသည်။ သူတို့ရပ်ကွက်ထဲတွင် မိန်းကလေးတစ်ယောက်ရှိသည်။ ထိုမိန်းကလေးကို တမ်းတမ်းစွဲချစ်မိခဲ့သည်ဟု ဆိုသည်။ ထိုမိန်းကလေးသည် ရည်းစားများသည်။ လွယ်လွယ်ချစ်ပြီး လွယ်လွယ် မေ့သည်။ သူ သိသည်။ သို့သော် သူချစ်မိသည်။ အခု သူအသည်းကွဲသည်။ နာကျည်းသည်။ လောင်မြိုက်နေသည်။ မဲပြာပုဆိုးလို ရိုးအီနေသော စကားလုံးများဖြင့် သူ့ကို ဖြေသိမ့်ခဲ့ရသည်။

ဘ၀တွင် အသိစိတ်ဓာတ်နှင့် ခံစားချက်တို့သည် တစ်ခါတစ်ရံ တပူးပူး တတွဲတွဲ ရှိနေတတ်သော်လည်း တစ်ခါတစ်ရံတွင် အလဲလဲ အပြိုပြို တစ်လမ်းစီ သွားသည်။ အသိစိတ်ဓာတ်နှင့်ခံစားချက်တို့ တပူးပူး တတွဲတွဲ ရှိနေသာအခါ သူတို့သည် မိတ်ဆွေများ ဖြစ်ကြသည်။ သူတို့ တစ်လမ်းစီ သွားဖြစ်ကြသောအခါ ရန်သူများ ဖြစ်ကြသည်။ အချင်းချင်း တိုက်ခိုက်သည်။ တစ်ခါတစ်ရံ အသိစိတ်က အနိုင်ရသည်။ တစ်ခါတစ်ရံ ခံစားချက်က အနိုင်ရသည်။ သူတို့နှစ်ဦး အချင်းချင်း တိုက်ခိုက်နေကြသောအခါ လူသည် ပင်ပန်းသည်။ မောဟိုက်သည်။ တွေတွေဝေေ၀ဖြစ်သည်။ ခံနိုင်ရည်မရှိသူအတွက် ပြိုလဲသွားသည်။ သူတို့နှစ်ဦး အချင်းချင်း လိုက်ဖက်ညီအောင် ညှိပေးနိုင်မှ လူသည် သက်သာရာရနိုင်သည်။

ပေါက်ပေါက်ကွဲကွဲဖြင့် မထိန်းချုပ်နိုင်ခဲ့သော အိန္ဒိယမျိုးချစ်ခေါင်းဆောင် အိရွှရကျန္ဒရ၏ အမှားကတော့ ရယ်ရမလို ငိုရမလို ရှိသည်။ တစ်နေ့ ဇာတ်ပွဲတစ်ခုကို သွားကြည့်သည်။ ရှေ့ဆုံးတန်းမှာ ထိုင်သည်။ ပြဇာတ်က အတော်ကောင်းနေသည်။ သူ့စိတ်က ပြဇာတ်ထဲ ၀င်ပူးသွားသည်။ ပြဇာတ်နှင့် သရုပ်ဆောင်သူများက ကောင်းလွန်း၍ သူကိုယ်တိုင် ပြဇာတ်ထဲက လူလို ဖြစ်သွားသည်။ အခန်းတစ်ခန်းမှာ လူဆိုးလုပ်သူက ပီပီပြင်ပြင် သရုပ်ဆောင်လိုက်သောအခါ ဇာတ်စင်ပေါ်ပြေးတတ်ပြီး ဖိနပ်နှင့် ရိုက်လေတော့သည်ဟူ၏။ လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ခေါင်းဆောင်ကြီးက သူစိတ်မထိန်း၍ဖြစ်ကြောင်း၊ မှားပါကြောင်းတောင်းပန်၏။ အရိုက်ခံရသူ လူဆိုးပြောလိုက်သောစကားမှာ အံ့သြစရာ ဖြစ်၏။ “ဆရာကြီးဖိနပ်ကို ပြန်မပေးတော့ဘူး။ အမှတ်တရ သိမ်းထားပါရစေ။ ဒါမျိုး အညှို့ခံရပြီး သရုပ်ဆောင်နေတယ်ဆိုတာကို မေ့သွားတာမျိုး မရှိခဲ့ဖူးဘူး၊ ဆရာကြီးကို ကျေးဇူးတင်ပါတယ်”ဟူ၏။ အမှားအယွင်းတွင် တစ်ခါတစ်ရံ ချွင်းချက်လေးများ ရှိနေမည်မှာ သေချာသည်။

လက်ဝှေ့ပွဲတစ်ခုတွင် နည်းပြဖြစ်သူက တပည့်လက်ဝှေ့သမားကို မှာကြားသည်။ ပြိုင်ဘက်၏ ဘယ်ဘက်မျက်နှာဘက်တွင် ဟာကွက်ရှိနေသည်။ ထိုဟာကွက်ကို အမိအရ ထိုးသတ်ဖို့ ပြောသည်။ တပည့်လက်ဝှေ့သမားကလည်း ထိုဟာကွက်ကို သေချာအောင် စောင့်ကြည့်သည်။ နည်းပြပြောသည့်အတိုင်း အရှိန်ပြင်းပြင်းဖြင့် ထိုဟာကွက်ကို မိမိရရ ထိုးထည့်လိုက်သည်။ ထိုလက်ဝှေ့သမားအတွက် သူ့လုပ်ရပ်သည် မှန်သည်။ ပြိုင်ဘက်လက်ဝှေ့သမား ကြိုးဝိုင်းထောင့်တွင် ခွေကျသွားသည်။ နည်းပြဖြစ်သူနှင့် သူ့ပရိသတ်များမှာ လက်ခုပ်တစ်ဖြောင်းဖြောင်းဖြင့် အားပေးလိုက်ကြသည်။ အမှတ်စဉ် ရေတွက်စဉ် ၁၀-မပြည့်ခင် ပြန်ထလာသည်။ မလျှော့တမ်း ပြန်ထိုးမည်ဟု အားခဲထားပုံရသော်လည်း သူ့ခန္ဓာကိုယ်က ယိုင်နဲ့နဲ့ ဖြစ်နေသည်။ ခံနိုင်ရည် သိပ်ရှိတော့သည့်ပုံစံ မဟုတ်တော့။

မရှေးမနှောင်းမှာပဲ အစီအစဉ်ကြေငြာသူမှ “အထိုးခံရသူ ပြိုင်ဘက်လက်ဝှေ့သမား အနိုင်ရရှိကြောင်း” အားပါးတရ ကြေငြာလိုက်သည်။ ပရိသတ်များမှာ ဟာခနဲ ဟင်ခနဲ ဖြစ်ကုန်သည်။ အစီအစဉ်ကြေငြာသူမှ “ထိုးလိုက်သော လက်ဝှေ့သမားမှာ လက်ချောင်းရိုးကျိုးသွားပါသဖြင့် ဆက်လက် မထိုးသတ်နိုင်တော့ကြောင်း” တစ်ဆက်တည်း ဆက်ကြေငြာသည်။ လောကဇာတ်ခုံပေါ်က တစ်ချို့သော အဖြစ်အပျက်များသည် ကိုယ်က မှန်သည်ထင်ပြီး ကုန်းရုန်းကြိုးစားလိုက်သော်လည်း တစ်ဖက်လူကို အနိုင်ပေးလိုက်သလို ဖြစ်နေတတ်သည်။

အမှားအတွက် အချင့်အချိန်လေးများ လိုအပ်သလို အမှန်အတွက်လည်း အချင့်အချိန် အတိုင်းအဆလေးများ လိုအပ်နေမလားဟု တွေးမိပါသည်။

ဟိုတုန်းက မြန်မာအကြောင်း၊ မြန်မာနိုင်ငံရှေ့ရေးအကြောင်းများကို ပြောကြလျှင် အားပါးတရ ၀င်ပြောဖြစ်သည်။ လိုအပ်သလောက် ၀င်ပြောဖြစ်သည်မှအပ အခုအခါ အားပါးတရ မပြောဖြစ်တော့။ ရင်ထဲတွင် ကြိတ်ခဲနေသည်။ လမ်းစဉ်၊ ရည်ရွယ်ချက်၊ လူများနှင့် အမှားအမှန်များသာ ရင်ထဲတွင် လုံးထွေးနေကြသည်။ စိတ်ညစ်လာသောအခါ အမေ့ကို သတိတွေ ရသည်။ “မြန်မာ့ကို ချစ်လို့ ဒီလို ဖြစ်တာလား”ဟု သုံးသပ်သည်။

“ပီယတော ဇာယတီ သောကော = ချစ်ရင်တော့ ၀မ်းနည်းဖို့ ပြင်ထား”ဟု မြတ်စွာဘုရားက သတိပေးသည်။ မြတ်စွာဘုရားရှင်အား ရိုသေသမှုဖြင့် ကျေးဇူးတင်ရသော်လည်း ဤငမိုက်သားအတွက် အချစ်တွေက တိုးလို့သာ နေပါတော့သည်။

ဝိပဿနာရှုနည်းများ

အထက်တွင်ပြဆိုခဲ့သည့်အတိုင်း အာနာပါန သမထယာနိက၊ အာရဒ္ဓ၀ိပဿက ယောဂီအပေါင်းတို့သည် မိမိရအပ် ၀င်စားခဲ့သော ငြိမ်းစေဘိ သို့မဟုတ် ရုပ်ဥပစာ၊ နာမ်ဥပစာတည်းဟူသော အကြည်တုံး၊ အကြည်ခဲ၊ မှန်ရွဲဖန်ရွဲဟုဆိုအပ်သော ဥပစာရသမာဓိအဆင့်ကို ရခဲ့ပေမည်။ ထိုအကြည်ဓာတ်တည်းဟူသော သမာဓိမှန်ပြောင်းဖြင့် ရုပ်နာမ်အပေါင်းတို့၏ သဘောလက္ခဏာတို့ကို ၀ိပဿနာဉာဏ်မျက်စိဖြင့် ရှုမှတ်လိုက်လျှင် အရှိန်မစဲ၊ တသဲသဲ၊ တဖွဲဖွဲ ဧကန်မမြဲသော ရုပ်ကလာပ်တို့ ဖြစ်ပျက်နေပုံများကို တွေ့လာရပေလိမ့်မည်။
ဤနေရာတွင် သန္ဓိရှုနည်း၊ ပဗ္ဗရှုနည်းနှင့် သြဓိရှုနည်းဟု ၀ိပဿနာဉာဏ်အာရုံလိုက်ရာ ဌာနသုံးမျိုး ရှိပါသည်။ ထိုသုံးမျိုးတို့တွင် ပြဆိုခဲ့ပြီးသော အာလောကသမာဓိအလင်းဖြင့် ခန္ဓာကိုယ်ကြီး၏ ခြေဖျားအရပ်မှ တဖြေးဖြေး ပရမတ်ရုပ်၊ ဓာတ်ရုပ်၊ ကလာပ်ရုပ်တို့၏ သဘောကို တစ်ကိုယ်လုံး အကြားမလပ်စေဘဲ ရုပ်၊ ရုပ်ဟု ရှုမှတ်ရမည်။ မိမိ၏ ၀ိပဿနာအာရုံရောက်ရာ ရောက်ရာ ဌာနတိုင်း ဌာနတိုင်းမှ မီးသတ်ပိုက်လုံးကြီးများနှင့် တဲ့တဲ့ထိုးလိုက်သောအခါ ဖွားခနဲ ဖွားခနဲ လွင့်စဉ်နေသည်ကို တွေ့မြင်ရသကဲ့သို့ ရုပ်ပျက်နေပုံကို တွေ့မြင်ရပေလိမ့်မည်။ ထုံးပုံကြီးကို လေဗွေရမ်းသောအခါ တဖွားဖွား ဖြစ်နေပုံနှင့်လည်း ဥပမာနှိုင်းကြသည်။ ဤနည်းအားဖြင့် ငယ်ထိပ်မှ ခြေဖျား၊ ခြေဖျားမှ ငယ်ထိပ် စပ်မိအောင် ရှုမှတ်ရသောနည်းဖြစ်၍ သန္ဓိရှုနည်းဟု ခေါ်ဆိုရလေသည်။


ခြေဖျားမှ ချက်အထိ အောက်တစ်ပိုင်း၌သာ (ဟေဋ္ဌိမကာယ) အပြန်ပြန်အလှန်လှန် ရှုမှတ်ရခြင်း၊ သို့မဟုတ် ချက်မှ လည်မျိုတိုင်အောင်သော အလယ်တစ်ပိုင်း၌သာ (မဇ္ဈိမကာယ) အပြန်ပြန်အလှန်လှန် ရှုမှတ်ရခြင်း၊ သို့မဟုတ် လည်မျိုမှ ငယ်ထိပ်ထိတိုင်အောင်သော အထက်တစ်ပိုင်း၌သာ (ဥပရိမကာယ) အပြန်ပြန်အလှန်လှန် ရှုမှတ်ရခြင်းအားဖြင့် သုံးပိုင်းပိုင်းကာ ရှုမှတ်ရသောနည်းကို ပဗ္ဗရှုနည်းဟု ခေါ်ဆိုရပေသည်။
တစ်တောင်ခန့်၊ တစ်ထွာခန့်၊ လက်တစ်ဝါးခန့်၊ လက်လေးသစ်ခန့်၊ ရင်ဝ၊ ငယ်ထိပ်စသော မိမိဉာဏ်အာရုံသန်ရာ အာရုံကျရောက်ရာ ဌာနတို့၌သာ အာရုံစိုက်၍ ရှုမှတ်ရသောနည်းကို သြဓိရှုနည်းဟု ခေါ်သည်။ ထိုဝိပဿနာရှုနည်းသုံးမျိုးတို့တွင် ကလာပ၊ သမနအစွမ်းအားဖြင့် တဖွဲဖွဲ တရိပ်ရိပ် ပျက်ကုန်ပျက်ကုန်သော ၀တ္ထုရုပ်ကလာပ်တို့ကိုလည်းကောင်း၊ ထပ်ခါထပ်ခါ အသစ်အသစ်ဖြစ်ပေါ်ဖြစ်ပေါ်၍ လာကြကုန်သော ၀တ္ထုရုပ်ကလာပ်တို့ကိုလည်းကောင်း တဖွားဖွားဖြစ်နေသည်ဟု ယောဂီ၏ ဉာဏ်ဝ၌ ထင်မြင်လာလျှင် တရားလမ်းစတွေ့ပြီဟု မှတ်နိုင်ကြပါသည်။
ဝိပဿနာရှုရာအစွန်း (၃)ပါး
ဝိပဿနာအာရုံထားရာဌာန သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ….
၁။ အန္တရစွန်းမှ ရှုနည်း
၂။ ဗန္တရစွန်းမှ ရှုနည်း
၃။ ဗဟန္တရစွန်းမှ ရှုနည်းတို့ ဖြစ်ပါသည်။
ခန္ဓာတစ်ကိုယ်လုံးတစ်ခုလုံး၏ ဗဟိုချက်မဖြစ်သော နှလုံးသား ဟဒယသွေးပြင်တွင် တရစပ် ဖြစ်ပျက်နေကြပုံများကို အဖန်ဖန်အထပ်ထပ် ရှုမှတ်နေခြင်းကို အန္တရစွန်းမှ ရှုမှတ်ခြင်းဟု ခေါ်သည်။ ရင်ဝ၊ ငယ်ထိပ်၊ ခြေ၊ လက်စသော ခန္ဓာကိုယ်တစ်နေရာရာတွင် ဖြစ်ပျက်နေကြသော ရုပ်တို့၏ သဘောကို မပျက်သတိကပ်ကာ ရှုမှတ်နေခြင်းကို အတွင်းလည်းမကျ အပြင်လည်း မကျသော ဗန္တရစွန်းမှ ရှုနည်းဟု ခေါ်သည်။ ဗဟိဒ္ဓဖြစ်သောရုပ်ကို မြင်ရာ၌ မြင်သည်၊ ကြားရာ၌ ကြားသည်၊ အနံ့နံရာ၌ နံသည်၊ စားရာ ၀ါးရာ သောက်ရာတို့၌ စားသည် ၀ါးသည် သောက်သည်၊ အပူအအေး၊ အကြမ်းအနုစသည်တို့နှင့် ထိတွေ့ရာ၌ ပူသည် အေးသည် ကြမ်းသည် နုသည်…..စသည်တို့ကို အသိမလပ်စေဘဲ အထပ်ထပ် အခါခါ ၀ိပဿနာရှုမှတ်နေရခြင်းသည် ဗဟိဒ္ဓအပြင်အပ ကျလွန်းသည့်အတွက် ဗဟန္တရစွန်းမှ ရှုမှတ်နည်းဟု ခေါ်ဆိုရလေသည်။ (အကျယ်ကို သိလိုလျှင် ယောဂိပါရဂူ၊ သစ္စပါရဂူ၊ ၀ဋ္ဋပါရဂူ၊ အာနာပါနပါရဂူနှင့် ယောဂီပါရဂူကျင့်စဉ်တို့မှ ယူကြပါကုန်)။

Sunday, April 4, 2010

ရဟန်းတော်များ၏ အမွေအနှစ် အခန်း (၂) အဆက်

အခန်း (၂) အဆက်

မြတ်စွာဘုရားရှင်သည် ရဟန်းသံဃာတော်များကို စုဝေးစေပြီး မူလဥပဒေသကို ``ရဟန်းတို့ အခု ဥပဒေအသစ်တွေကို အ၀န္တိတိုင်းမှာသာမက အခြားတိုင်းပြည်ဒေသအားလုံးတို့မှာလည်း အကျုံးဝင်စေ၊ ဤအလယ်ပိုင်းဒေသမှာတော့ အရင်အတိုင်းသာ တည်စေ´´ဟု ပြောင်းလဲပြင်ဆင်ပေးခဲ့ပါ၏။ ထို့ကြောင့် ယနေ့အခါတွင် ရဟန်းခံသောအခါ သံဃာငါးပါးရှိလျှင် ရဟန်းခံနိုင်၏။ ထိုငါးပါးအနက် အနည်းဆုံး တစ်ပါးက ၀ိနည်းကျွမ်းကျင်လျှင် ပြီးမြောက်နိုင်၏။ အထပ်များစွာပါသော ဖိနပ်စီးခွင့်၊ မကြာခဏရေချိုးခွင့်နှင့် သားရေနယ်အခင်းအသုံးပြုနိုင်ခွင့်များ ရရှိနေပြီ ဖြစ်ပါသည်။ (မှတ်ချက်…..အ၀န္တိတိုင်းမှာ ရဟန်းသံဃာရှားပါးသောကြောင့် မြတ်စွာဘုရားက ငါးပါးဆို ရပြီဟု ခွင့်ပြုလိုက်၏။ ရဟန်းသံဃာများ များပြားလှသော မြန်မာနိုင်ငံဆိုလျှင် ငါးပါးနှင့်ရဟန်းခံခွင့် မြတ်စွာဘုရား မပေးခဲ့လောက်သည်မှာ ထင်ရှား၏။ သေသေချာချာလေ့လာလေ `ဥပဒေဟာ ဥပဒေထက် မပို´ဆိုသော စကားမှာ ထင်ရှားလာ၏)။

အစားအသောက်နှင့်စပ်လျဉ်းသော ဥပဒေသများကို ငတ်မွတ်ခေါင်းပါးသောကာလများတွင် ရဟန်းတော်များ အဆင်ပြေစေရေးအတွက် လျှော့ပေါ့ပြင်ဆင်၊ ပြောင်းလဲပေးခဲ့သည်များကို မဟာဝဂ္ဂ၊ ဘေသဇ္ဇခန္ဓကတွင် ထင်ရှားစွာ တွေ့ရ၏။ ကနဦးပိုင်းတွင် မြတ်စွာဘုရားသည် ကျောင်းအတွင်း အစားအသောက်များ သိမ်းဆည်းခွင့်နှင့် ကျောင်းဝင်းအတွင်း ချက်ပြုတ်ခွင့်ကို ဥပဒေပညတ်ထားပြီး ပိတ်ပင်ခဲ့သည်။

ရာဇဂြိုဟ်တွင် အငတ်ဘေးဆိုက်ရောက်သောအခါ ဘုရားရှင်ကိုယ်တိုင် ပြန်လည်ပြင်ဆင်ပေးခဲ့သည်။ ငတ်မွတ်ခေါင်းပါးဘေးကျရောက်စဉ်အတွင်း ဒါယိကာ၊ ဒါယိကာမများသည် ဆန်၊ ဆီ၊ ဆားကဲ့သို့သော အစားအသောက်များ ကျောင်းသို့ ယူဆောင်းပေးကြသည်။ ထိုအခါ ရဟန်းတော်များသည် `ကျောင်းအတွင်း မသိမ်းရ၊ မချက်ရ´ဟု ဥပဒေရှိသောကြောင့် ကျောင်းအပြင်တွင် သိမ်းဆည်းပြီး ချက်ပြုတ်စားသောက်ကြသည်။ ကြွက်များ၊ ကြောင်များနှင့် အခြားသောတိရစ္ဆာန်များက လာရောက်စားသောက်ပစ်ကြခြင်း၊ ငတ်မွတ်သောလူများနှင့် သူခိုးများက ခိုးယူသွားကြခြင်းများနှင့် ကြုံခဲ့ကြရသည်။ မြတ်စွာဘုရားသည် ဤအခြေအနေကို သိရှိသောအခါ ကျောင်းဝင်းအတွင်း သိမ်းဆည်းခွင့် ပေးခဲ့သည်။ ရဟန်းတော်များလည်း ခွင့်ပြုချက်အတိုင်း လုပ်ဆောင်ကြသည်။ သို့သော်လည်း ကျောင်းအပြင်ပတွင် ချက်ပြုတ်ကြသဖြင့် ဆာလောင်နေသောလူများ လာရောက်ကြည့်ရှုနေကြသောကြောင့် အမြင်မတော်၍ ရဟန်းတော်များမှာ စိတ်ချမ်းချမ်းသာသာဖြင့် မစားမသောက်နိုင် ဖြစ်နေကြရပြန်ပါ၏။

နောက်ပိုင်းတွင် မြတ်စွာဘုရားသည် ကျောင်းဝင်းအတွင်းမှာပင် ချက်ပြုတ်ဖို့ ပြင်ဆင်ခွင့်ပြုပေးခဲ့သည်။
တစ်ဖန် ငတ်မွတ်ခေါင်းပါးဘေးကျရောက်စဉ်အတွင်း အလှူခံရရှိလာသော အစားအသောက်များကို စီမံစောင့်ရှောက်သူများက အလွဲသုံးစား ပြုလုပ်ကြပြန်သဖြင့် ရဟန်းတော်များမှာ စားသောက်စရာ အနည်းငယ်မျှသာ ရရှိနေကြပါသည်။ (မှတ်ချက်…..မြတ်စွာဘုရားရှင်ကိုယ်တိုင် ကျောင်းပေါ်မှာ သက်တော်ထင်ရှားရှိနေပါလျှက် အလွဲသုံးစားပြုရဲသူရှိလျှင် ဘုရားနှင့်ဝေးပြီဖြစ်သော နှစ်ပေါင်း ၂၅၀၀-ကျော်က လူတွေ နာဂစ်မှာ ဖြတ်ရိတ်တာ အပြစ်မဆိုသင့်ပါချေ၊ ဒီခေတ်ဂေါပကများနှင့် ဘုရားတည်ပြီး ဘိုးတော်ယောင် ဘာယောင်ယောင် ဘုန်းကြီးများကိုလဲ ခွင့်လွှတ်သင့်ပါ၏)

ထိုအကြောင်းစုံကို သိရှိလာသောအခါ မြတ်စွာဘုရားသည် `ကိုယ့်အစားအသောက် ကိုယ့်ဟာကို ကျောင်းထဲမှာ ချက်ကြ´ဟု ခွင့်ပြုတော်မူခဲ့ရပြန်ပါသည်။ ထိုနည်းတူစွာ အစားအသောက်နှင့်ပတ်သက်သော အခြားဥပဒေသအနည်းငယ်ကိုလည်း အဆိုပါကာလအတွင်းမှာ လျှော့ပေါ့ပေးခဲ့ပါသည်။ ၀ိနည်းပိဋကကို စေ့ငုသေချာစွာ ဖတ်ရှုကြည့်လျှင် စည်းမျဉ်းဥပဒေများကို အချိန်အခါနှင့်နေရာဒေသအားလျော်စွာ စီးပွားရေးနှင့် လူမှုရေးအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ပြဓာန်းပေးခဲ့၊ ပြင်ဆင်ပြောင်းလဲပေးခဲ့ကြောင်း ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါသည်။

မြတ်စွာဘုရား ရဟန်းတော်များကို ထိန်းချုပ်ဖို့အသုံးပြုခဲ့သော နည်းစနစ်သည် လုံးဝ ဒီမိုကရေစီနည်းကျပါ၏။ မြတ်စွာဘုရားသည် ရဟန်းတော်များအတွက် လုံးဝအငြင်းပွားစရာမရှိသော ဆရာအရှင်တစ်ဆူဖြစ်သော်လည်း ရဟန်းတော်များအပေါ်တွင် ပြင်းထန်သောအာဏာဖြင့် ချုပ်ကိုင်ထားဖို့ ဘယ်သောအခါမှ ဆန္ဒမရှိခဲ့ပါချေ။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံခင် လအနည်းငယ်အလိုလောက်တွင် အရှင်အာနန္ဒာကို မိန့်တော်မူခဲ့ဖူးသည်။ `အာနန္ဒာ..ငါဘုရားဟာ သံဃာ့အဖွဲ့အစည်းကြီးကို ဦးဆောင်ဖို့ ဆန္ဒမရှိဘူး၊ သံဃာ့အဖွဲ့အစည်းကြီးကလည်း ငါဘုရားကို မှီခိုနေရတာကိုလည်း မလိုလားဘူး´ဟု မိန့်တော်မူခဲ့သည်။

ထို့အပြင် တရားကိုသာ ကိုးကွယ်ရာအဖြစ်ထားရှိဖို့၊ ကိုယ့်အားကိုယ် ကိုးကြဖို့၊ အခြားတွင် ကိုးကွယ်ရာ မရှာဖို့ သြ၀ါဒပေးတော်မူခဲ့သည်။

ထိုကဲ့သို့ ဆုံးမသြ၀ါဒပေးတော်မူခဲ့ခြင်းမှာ ဒီမိုကရေစီနည်းအရ ဖွဲ့စည်းထားသော ဖွဲ့စည်းပုံကို သဘောကျနှစ်ခြိုက်သော မျိုးနွယ်စုဝင် တစ်ဦးဖြစ်သည့်အတိုင်း မြတ်စွာဘုရားရှင်သည် ဒီမိုကရေစီနည်းကျသော အတွေးအခေါ်အယူအဆများကို စိတ်ဝင်တစား ရှိခဲ့ပုံရလေသည်။ မြတ်စွာဘုရားရှင်သည် သူ၏ သံဃာ့အဖွဲ့အစည်းကို လွတ်လပ်ပြီးတရားမျှတစွာ ထွန်းကားနေသည်ကို တွေ့မြင်လိုခဲ့သည်။ အခြေအနေနှင့် အချိန်အခါအားလျှော်စွာ စည်းမျဉ်းဥပဒေများ အံဝင်ခွင်ကျဖြစ်နေသည်ကို တွေ့မြင်လိုခဲ့သည်။

ဝိနည်းကို အမှန်တရားဟု မည်သူ ပြောနိုင်သနည်း။ အမှန်မှာ ၀ိနည်းဟူသည် အမှန်တရားမဟုတ်၊ လောကလူ့အဖွဲ့အစည်း၊ ရဟန်းအဖွဲ့အစည်းတွင် အစီအစဉ်တကျ၊ အဆင်ပြေချောမွေ့စေရန်အတွက် သဘောတူသက်မှတ်ထားသော (ချမှတ်ထားသော) ပညတ်ချက်တစ်ရပ်မျှသာ ဖြစ်ပါသည်။ အမှန်တရားမဟုတ်၍သာ မြတ်စွာဘုရားရှင်သည် အခြေအနေနှင့် နေရာဒေသအားလျော်စွာ လူမှုရေး၊ စီးပွားရေးအပြောင်းအလဲများအရ ဆောင်ရွက်သင့်သည့်အခါများတွင် သင့်လျော်သော ၀ိနည်းဥပဒေများကို ပညတ်ခဲ့သည်၊ ပြောင်းလဲမှုများလည်း ပြုခဲ့သည်၊ ဖြည့်စွက်သင့်သည်များကိုလည်း ဖြည့်စွက်ခဲ့သည်။

သို့ဖြစ်၍ မြတ်စွာဘုရားရှင်သည် အနီးကပ်ပြုစုစောင့်ရှောက်သူ အရှင်အာနန္ဒာကို “သံဃာတော်များကသာ ဆန္ဒရှိလျှင် အသေးအမွှား ဥပဒေများကို ပယ်နိုင်၊ ဖြုတ်နိုင်ကြောင်း” ဘ၀ခရီးအဆုံးသတ်ခါနီးတွင် မိန့်တော်မူသွားခဲ့သည်။

Friday, April 2, 2010

ရဟန်းတော်များ၏ အမွေအနှစ် (အခန်း ၂)



အခန်း (၂)

ဝိနည်းပိဋကတ်ကို ဖတ်ရှုလေ့လာကြည့်လျှင် ရဟန်းတော်များ၏ ဘ၀လမ်း ကြောင်းအခြေအနေသည် တသမတ်တည်း တည်တံ့နေသည် မဟုတ်။ အချိန်အခါနှင့် နေရာဒေသအားလျော်စွာ ပြောင်းလဲလာခဲ့ရ ခြင်းဖြစ်သည်။ တိုင်းပြည်၏ စီးပွားရေး၊ လူမှုရေးအခြေအနေတို့နှင့် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲပြင်ဆင်ခြင်းလုပ်ငန်းမှာ မြတ်စွာဘုရားရှင်လက်ထက်တော်ကပင် ရှိခဲ့ပါသည်။ အဆိုပါ အခြေအနေအရပ်ရပ်ကို ၀ိနည်းပိဋကတ်တွင်ပင် သိသာထင်ရှားစွာ တွေ့ရှိနိုင်ပါသည်။

အစဦးပိုင်းတွင် ရဟန်းတော်များသည် သင်္ချိုင်းများနှင့် နေရာအနှံ့အပြားတွင် လူတို့ စွန့်ပစ်ထားသော အ၀တ်အပိုင်းအစများကို ချုပ်စပ်ထားသော သင်္ကန်းကိုသာ အသုံးပြုကြရသည်။ နောက်ပိုင်းတွင် ဆေးဆရာကြီး ဇီဝက၏ လျှောက်ထားတောင်းပန်မှုအရ ကြည်ညိုလေးစားသော ဒါယိကာ၊ ဒါယိကာမများက လှူဒါန်းလာသော အခြားသင်္ကန်းများကို အလှူခံ၊ အသုံးပြုခွင့် ပေးတော်မူခဲ့ ပါသည်။ အစဦးပိုင်းအကျင့်များ၏ ပြောင်းလဲမှုနှင့်အတူ လူပုဂ္ဂိုလ်များကလည်း ရဟန်းတော်များကို သင်္ကန်းလှူဒါန်းကြတော့သည်။

တစ်ခါတလေ သင်္ကန်းလှူရန်အတွက် ကျောင်းသို့လာရောက်ကြသော ဘာသာတရားကိုင်းရှိုင်းသော ဒါယကာ၊ ဒါယိကာမများသည် သင်္ကန်းကို အလှူခံသောရဟန်းမရှိသောကြောင့် မိမိတို့၏ သင်္ကန်းကို ယူပြီး အိမ်ပြန်ကြရသည်များလည်း ရှိပါသည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်သည် ထိုသို့သင်္ကန်းလာရောက်လှူဒါန်းမှုအတွက်အဆင်ပြေစေရန် `သင်္ကန်းအလှူခံရဟန်းတစ်ပါး´ကို ခန့်ထားပေးတော်မူခဲ့သည်။ သို့ရာတွင် ထိုရဟန်းများသည် အလှူခံရရှိထားသောသင်္ကန်းများကို တရိုတသေ သိမ်းဆည်းထားမှုမရှိသည့်အတွက် သင်္ကန်းများမှာ ပျက်စီးကုန်သည်။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်သည် အလှူခံရရှိသောသင်္ကန်းများကို လုံခြုံစွာသိမ်းဆည်းပေးရသော `သင်္ကန်းသိမ်းရဟန်းတစ်ပါး´ကို ခန့်အပ်ခဲ့ရပြန်သည်။

သို့သော်လည်း သင်္ကန်းများကို သိမ်းဆည်းဖို့ သင့်တော်သောနေရာမရှိ ဖြစ်ရပြန်သည်။ ထို့ကြောင့် သင်္ကန်းများမှာ ကြွက်များ၊ ခြများစသော ပိုးကောင်များ၏ ဖျက်ဆီးမှုကြောင့် ပျက်စီးကြရပြန်ပါသည်။ နောက်ပိုင်းတွင် မြတ်စွာဘုရားရှင်သည် သင်္ကန်းသိမ်းရန် ကျောင်းဆောင်ဆောက်ခွင့်ပေးပြီး ထိုကျောင်းဆောင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် `ထိန်းသိမ်းရေးတာဝန်ခံ ရဟန်းတစ်ပါး ကိုလည်း ခန့်အပ်ပေးခဲ့သည်။ တစ်ဖန် အလှူခံရရှိလာသောသင်္ကန်းများကို ခွဲဝေရာတွင် ရဟန်းများအကြား သဘောထား မတိုက် ဆိုင်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် အလှူခံရရှိထားသောသင်္ကန်းများကို အညီအမျှ ခွဲဝေပေးရန် `သင်္ကန်းခွဲဝေပေးရေး တာဝန်ခံရဟန်းတစ်ပါး´ကိုလည်း ထပ်မံ ခန့်အပ်ခဲ့ရသည်။ ဤသို့ဖြင့် သင်္ကန်းနှင့်ပတ်သက်သော ၀ိနည်းဥပဒေသများ ပိုပိုပြီး တိုးပွားဝင်ရောက်လာခဲ့ရသည်။

အစဦးပိုင်းကာလများတွင် ရဟန်းတော်များမှာ ဖုန်မှုန့်အလိမ်းလိမ်းကပ်နေသော သင်္ကန်းဆွေးများကိုသာ အသုံးပြုခဲ့ကြရသည်။ နောက်ပိုင်းတဖြည်းဖြည်းချင်း ဒါယကာ၊ ဒါယိကာမများလှူဒါန်းသောသင်္ကန်းကို အလှူခံခွင့်ပြုသည်အထိ တိုးတက်ပြောင်းလဲ လာခဲ့သည်။ သင်္ကန်းအသုံးပြုမှုနှင့်စပ်လျဉ်း၍ မြတ်စွာဘုရားရှင်သည် အဘယ့်ကြောင့် စည်းမျဉ်းအသစ်များကို အချိန်အခါ အားလျော်စွာ ထည့်သွင်းပညတ်ခဲ့ရပါသနည်းဆိုသည်မှာ လူတိုင်းစဉ်းစားသိရှိနိုင်သောအချက် ဖြစ်ပါသည်။

အခြေအနေနှင့်အချိန်အခါအားလျော်စွာ ၀ိနည်းဥပဒေအချို့ကို အနုပညတ်များ(ခြွင်းချက်များ)ထည့်သွင်းခြင်းအားဖြင့် ပြင်ဆင်ခြင်းများကို ၀ိနည်းပိဋကတ်နေရာများစွာတွင် တွေ့မြင်နိုင်ပါသည်။ ဥပမာအားဖြင့် `စုပေါင်းပြီးမှသာ စားသုံးရမယ်လို့ ပညတ်ထားတဲ့ ၀ိနည်းသိက္ခာပုဒ်´ကို ညွှန်ပြနိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် အခြေအနေအားလျော်စွာ အဆိုပါဝိနည်းဥပဒေကို (၇)ကြိမ်တိုင်တိုင် ပြင်ဆင်ဖြည့်စွက်ခဲ့သည်။ အချို့ဝိနည်းဥပဒေများကိုကား နေရာဒေသအားလျော်စွာ ပြောင်းလဲပေးခဲ့ရသည်။

မူလ၀ိနည်းဥပဒေအရ
၁။ သာမဏေတစ်ပါးကို ရဟန်းခံပေးလိုလျှင် မျက်မှောက်သံဃာ (၁၀)ပါး ရှိဖို့လိုသည်။
၂။ သားရေလွှာတစ်ထပ်ထက်ပိုသော ဖိနပ်ကို မစီးရ။
၃။ နှစ်ပတ်မှာ တစ်ကြိမ်သာ ရေချိုးရမည်။
၎။ သားရေနယ်အခင်းကို မသုံးစွဲရ ဟူသော ဥပဒေသများ ရှိပါသည်။

အ၀န္တိတိုင်းမှာ သောဏဟူသော ရဟန်းတစ်ပါးရှိပါသည်။ သူ၏ဆရာ အရှင်မဟာကစ္စာယန၏ကိုယ်စား မြတ်စွာဘုရားရှင်ကို အဆိုပါ ပညတ်ချက်များနှင့်စပ်လျဉ်း၍ တိုက်တွန်းလျှောက်ထားခဲ့သည်။

`အရှင်ဘုရား… (၁) အ၀န္တိတိုင်းနိုင်ငံမှာ ဘုန်းကြီးအလွန်းရှားပါတယ်၊ ဒါကြောင့် ရဟန်းခံတဲ့နေရာမှာ လိုအပ်တဲ့ ရဟန်းအရေအတွက် ၁၀-ပါးကို ပြန်လည်လျှော့ချပေးပါ။
(၂) နောက်ပြီး အ၀န္တိတိုင်းက မြေပြင်ဟာ အလွန်းကြမ်းတမ်းပါတယ်၊ ဒါကြောင့် သားရေလွှာတစ်ထပ်ထက်ပိုသော ဖိနပ်ကို မစီးရဟူသော ပညတ်ချက်ကို ပြင်ပြီး သားရေနယ်တစ်ထက်ပိုသောဖိနပ်ကို စီးခွင့်ပြုပေးပါ။
(၃) အ၀န္တိတိုင်းသားတွေဟာ ရေမကြာမကြာချိုးမှ သဘောကျကြပါတယ်၊ ဒါကြောင့် နှစ်ပတ်မှာ တစ်ကြိမ်သာ ရေချိုးရမည်ဟူသော ပညတ်ချက်ကို ပြင်ပြီး အ၀န္တိတိုင်းမှာ ရေမကြာခဏချိုးခွင့် ပြုပေးပါ။
(၄) အလယ်ပိုင်းပြည်နယ်များမှာ ထိုင်တဲ့အခါ ဖျာခင်းထိုင်ကြသလို အ၀န္တိတိုင်းမှာတော့ သားရေအခင်းကို အသုံးပြုကြပါတယ်၊ ဒါကြောင့် မြတ်စွာဘုရားအနေနဲ့ အ၀န္တိတိုင်းမှာ သားရေနယ်အခင်းကို ထိုင်စရာအဖြစ်အသုံးပြုခွင့်ပေးပါဘုရား´ဟု လျှောက်ထားခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်....

ဝိပဿနာအခန်း

“သမုဒယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ၊ ၀ယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ၊ သမုဒယ၀ယဓမ္မာနုပဿီ ၀ါ ကာယသ္မိံ ၀ိဟရတိ”ဟု မြတ်စွာဘုရား ဟောတော်မူသည်။ အဓိပ္ပာယ်မှာ “ထွက်လေ၀င်လေတို့၏ မှီရာတည်ရာ မိမိ၏ ကိုယ်ကာယ၌ မိမိ၏ ဥပစာရသမာဓိအာရုံဖြစ်သော အကြည်သဘောဟူသော အာလောကသညာဖြင့် တသဲသဲဖြစ်လာကြသော ၀တ္ထုရုပ်တို့ကိုလည်းကောင်း၊ တစီစီတဖြုတ်ဖြုတ် ချုပ်ပျက်ကြကုန်သော ၀တ္ထုရုပ်တို့ကိုလည်းကောင်း၊ ထိုဥဒယဗ္ဗယအစွန်းနှစ်ပါးကို ကောင်းစွာထိမိ သိရှိနိုင်သော ဥဒယဗ္ဗယဉာဏ်အခြေခံဖြစ်သော ၀ိပဿနာတရားကို ကိုယ်တွေ့ဒိဋ္ဌ မဂ်ဖိုလ်ရအောင် အားထုတ်ကြကုန်ရာသည်”ဟု အဓိပ္ပာယ်ရပါသည်။

ဝိပဿနာဟူသည်မှာ ၀ိနှင့်ပဿနာကို ပေါင်းစပ်ထားသောပုဒ်ဖြစ်သည်။ ၀ိ-အထူး၊ ပဿနာ-အမြင်။ ၀ိပဿနာ = အထူးမြင်ခြင်း၊ အထူးသိခြင်းဟု ဆိုလိုသည်။ မည်သည့်အရာများကို အထူးမြင်၊ အထူးသိပါသနည်း။ ပညတ်တရားများ အထပ်ထပ် ဖုံးအုပ်နေသော ပရမတ်တို့ အမြဲမတည် ဖြစ်ချည်ပျက်ချည်သာ ရှိကုန်သဖြင့် အနိစ္စဧကန်အမှန်၊ ဒုက္ခဧကန်အမှန်၊ အနှစ်သာရ တစ်ခုမျှမရှိသော အနတ္တဧကန်အမှန်ဟု သစ္စဉာဏ်ဖြင့် အမှန်ကို အထူးမြင်၊ အထူးသိခြင်းပင် ဖြစ်ပါတော့သည်။ ဥပမာအားဖြင့် ကျွဲ၊ နွား၊ မြင်းစသော သတ္တ၀ါတို့သည် အဆီအနှစ်မရှိသော မြက်ခြောက်၊ မြက်ကြမ်း၊ မြက်ဆွေးတို့ကို စားဖို့ဝေးစွ နမ်းပင် နမ်းမကြည့်လိုကြပေ။ သို့ရာတွင် မြက်ရှားပါးသော အာဖရိကဒေသများတွင် ကျွဲ၊ နွား၊ မြင်းစသော သတ္တ၀ါတို့သည် အိန္ဒိယစသော နိုင်ငံခြားမှ တင်ပို့သော မြက်ခြောက်၊ မြက်ကြမ်း၊ မြက်ဆွေးများကို ရေစိုပက်ဖြန်းပြီး မျက်မှန်စိမ်းတပ်ပေးလိုက်သောအခါ စားလိုစိတ်များ တဖွားဖွား ဖြစ်ပေါ်လာတတ်ကြသည်ဟု ဆိုပါသည်။
ထိုဥပမာကဲ့သို့ပင် သတ္တ၀ါအပေါင်းတို့သည်လည်း တဏှာ၊ မာန၊ ဒိဋ္ဌိတို့နှင့် နိစ္စ၊ သုခ၊ သုဘ၊ အတ္တတည်းဟူသော အဆီအနှစ်တွေက တရွဲရွဲ အခဲလိုက်အခဲလိုက်နေသည်ဟု ထင်ရလောက်အောင် လှည့်ဖျားကာကွယ်၍ပေးနေသော ၀ိပလ္လာသ ၁၂-ပါး မျက်မှန်စိမ်းကြီးများကြောင့် အမှန်ကို မသိနိုင်ဘဲ အထင်အမြင်များ လွဲနေကြရလေသည်။
ဝိပဿနာဉာဏ်အမြင်သန်တော့မှ မျက်မှန်စိမ်းကြီးများ ပြုတ်နိုင်သည်။ မျက်မှန်စိမ်းပြုတ်မှ ငါတို့ ထင်ခဲ့သော မြင်ခဲ့သောအရာများသည် ငါတို့ ထင်သလို မမြဲဘူး၊ မချမ်းသာဘူး၊ ငါတို့ အလိုသို့ ဘာမျှ မလိုက်ဘူး၊ တင့်တယ်မှုလည်း မရှိဘူးဟု ဟုတ်တိုင်းမှန်ရာ ယထာဘူးတဉာဏ်ဖြစ်လာကြခြင်းဖြင့် ထူးသောအမြင်၊ ထူးသော အသိမျိုးကို ၀ိပဿနာဉာဏ်ဟု ဆိုရပါတော့သည်။
အိမ်သာပေါ်တွင် အချိန်တော်တော်ကြာ နေလိုက်လျှင် အိမ်သာနံ့နံမှန်း မသိတော့သလို သက္ကာယဒိဋ္ဌိစွဲက မြဲပြီး ကြာရှည်နေသောကြောင့် လွဲနေသည်၊ မှားနေသည်ဟု မသိနိုင်တော့ပေ။ အလွဲကြာလာသောကြောင့် အာရုံခြောက်ပါး၊ ဒွါရခြောက်ပါး မှားချင်တိုင်း မှားကြပြီး အောက်လမ်းသံသရာမှာ လူးလာခေါက်ပြန် စုံဆန်မြောမေ့ ထွက်လမ်းမတွေ့ ဖြစ်နေကြတော့သည်။
“အန္တော ဇဋာ ဗဟိ ဇဋာ၊ ဇဋာယ ဇဋိတာ ပဇာ။
တံ တံ ဂေါတမ ပုစ္ဆာမိ၊ ကော ဣမံ ၀ိဇဋယေ ဇဋံ။
“ဂေါတမနွယ်ဖွား အို ရှင်တော်မြတ်ဘုရား၊ သတ္တ၀ါအပေါင်းတို့သည် စာပေါင်းသိုက်ကဲ့သို့ အတွင်း၌လည်း ရှုပ်ပွေ၍ နေကြပါကုန်၏၊ ကောက်ရိုးဆွေးကဲ့သို့ အပြင်မှာလည်း ရှုပ်ပွေ၍ နေကြပါကုန်၏၊ သတ္တ၀ါအပေါင်းတို့သည် တဏှာတည်းဟူသော အမြှေးဖြင့် ခေါင်းမြီးခြုံမြှေးယှက်၍ နေကြပါကုန်၏၊ ထိုအရှုပ်အထွေးကို မည်သို့ ဖြေရှင်းရပါမည်နည်း မြတ်စွာဘုရား”ဟု နတ်သားတစ်ပါးက မြတ်စွာဘုရားကို မေးလျှောက်သည်။
ထိုအခါ မြတ်စွာဘုရားက “သီလေ ပတိဋ္ဌာယ နရော သပညော - အဓိသီလ၊ အဓိစိတ္တ၊ အဓိပညာတည်းဟူသော သိက္ခာသုံးရပ်ဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း” စသည်ဖြင့် ဖြေကြားတော်မူခဲ့သည်။
ထိုသိက္ခာသုံးပါး အကျင့်တရားတို့တွင် အဓိသီလအပြီး အဓိစိတ္တသိက္ခာကို ပေါင်းပြီး ရုပ်ပုံပေါင်း ၄၀-ကျော်တို့ဖြင့် ပြခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် အဓိပညာကို ဖြည့်ဆီးဖို့ရန် ၀ိပဿနာကမ္မဋ္ဌာန်း စီးဖြန်းပွားများရပုံများကို ရုပ်ပုံများနှင့်တကွ ပြဆိုပါအုံးမည်။
အဓိပညာသိက္ခာဖြစ်သော ၀ိပဿနာအားထုတ်ခြင်းအမှုသည် လွယ်ကူသည်တော့ မဟုတ်ပေ။ ရှေ့အဓိစိတ္တကို အားထုတ်ရာတွင် ဥပစာရသမာဓိ၊ အပ္ပနာသမာဓိမျိုး ဖြစ်ခဲ့အံ့။ မြန်မြန်ခရီးရောက်လွယ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အတွင်းကျကျ ရှုမှတ်နိုင်စွမ်းရှိသော သမထယာနိကလမ်းစဉ်ဖြင့် အားထုတ်ခဲ့သော ယောဂီပုဂ္ဂိုလ်အား ရရှိခဲ့သော အဓိစိတ္တသိက္ခာသည် ၀ိပဿနာရှုမှတ်ဖို့ရန် အလွန်အကျိုးများသောကြောင့် ဖြစ်ပါသည်။