Thursday, September 24, 2009

ရန်ကုန်သွားတောလား (၄)

စကားများများ မပြောချင်လို့ မြို့ထဲလမ်းဘေးအဟောင်းဆိုင်များသို့ သွားရင်းငေးရင်းဖြင့်သာ အချိန်တွေ ကုန်နေတော့သည်။ တွေ့သင့်တဲ့သူတွေကိုလဲ တွေ့ဖို့ ပျက်ကွက်နေခဲ့လေသည်။ သူငယ်ချင်းများ ပါးလိုက်သော လက်ဆောင်များလဲ အကုန်ပေးပြီးဖြစ်၍ စိတ်ငြိမ်းအေးမှုတစ်ခုကို ခံစားလာရသည်။ နေ့စဉ်နေ့တိုင်းတွေ့နေခဲ့ရသော နိစ္စဓူဝ ရုန်းကန်နေပုံများကို ကြည့်ရင်း ရင်တွေ မောပြီးရင်း မောနေခဲ့သည်။ တွေ့နေရတဲ့ဘ၀တွေက နိုင်ငံခြားသွားပြီး ဒေါက်တာဘွဲ့ဆိုတာကို မလုပ်သင့်ဘူးလို့ တားမြစ်နေကြသလို ခံစားနေရသည်။

နာဂစ်ရဲ့ခေါ်ဆောင်ရာနောက်သို့ တိမ်တွေလို လွင့်ပါသွားရသူများကိုလဲ တွေ့ရသည်။ “တပည့်တော်ကတော့ နာဂစ်ကြောင့် နယ်ကို မိသားစုလိုက် ပြေးခဲ့ရတာဘုရား၊ အဲဒီတုန်းက ဒုက္ခတွေ ရောက်လိုက်တာဘုရား၊ စားစရာမရှိ၊ နေစရာ မရှိ”။ ဒကာကြီးက စကားကို ရပ်ပြီး ငေးနေခဲ့လေသည်။ သူ့မျက်နှာမှာ မျက်ရည်တွေ ဝေ့၀ဲလို့။ “တပည့်တော်ရဲ့ ငါးနှစ်အရွယ်သမီးလေးက သေသွားသလား၊ အသက်ရှင်နေသေးလား တပည့်တော် အခုထိ မသိရဘူးဘုရား”။ “အကူအညီတွေ မပေးကြဘူးလား”ဆိုတော့ “အလကားပါဘုရား၊ ဂိုထောင်ထဲထည့်ခိုင်းလို့ ပြန်လှည့်သွားကြတဲ့ အလှူရှင်တွေက မနည်းဘူး”။ အဖြစ်အပျက်တွေက ခန့်မှန်းပြီးသားဖြစ်နေခဲ့သော်လည်း လက်တွေ့ကြုံခဲ့သူတစ်ဦးက ပြောဆိုခြင်းဖြစ်၍ ရင်ခုန်သံတွေက သစ်နေခဲ့လေသည်။
“တပည့်တော်တို့အိမ်ဆိုရင် သစ်ပင်က ပိသွားတော့ အိမ်ရော၊ ပရိဘောဂတွေကော အားလုံး ရစရာကို မရှိတော့ဘူး။ လယ်ထဲက စပါးတွေအားလုံး ပျက်စီးသွားတော့ အခြေအနေက တော်တော်ဆိုးခဲ့တယ်ဘုရား၊ အသက်မသေတာပဲ ကံကောင်းတယ်”။ ဧရာဝတီမြို့တစ်မြို့က ကရင်ဒကာကြီးက ရင်ဖွင့်ပြတယ်။


ရန်ကုန်မြို့ထဲ လျှောက်သွားရင်း လမ်းဘေးမှာ တောင်းစားနေရသော ကလေးငယ်များကိုတွေ့တိုင်း နာဂစ်ရဲ့သားကောင်လေးတွေလားလို့ စိတ်ထဲမှာ တွေးထင်နေခဲ့သည်။ ပိုက်ဆံတွေ ချမ်းသာလို့ မဟုတ်သော်လဲ တတ်နိုင်သရွေ့ပေးကမ်းနေဖြစ်ခဲ့သည်။ “ငါသာ ပိုက်ဆံရှိရင် ဒီကလေးလေးတွေကို ကျောင်းထားပေးချင်တယ်”။ သီရိလင်္ကာက အခမဲ့ပညာရေးစနစ်ကိုလဲ လွမ်းနေမိပါသည်။
ကရင်ပြည်နယ်က ကျောက်တစ်လုံးဆရာတော်ရဲ့ သတင်းကြားရတာတော့ ၀မ်းသာစရာ အလွန်ကောင်းပါသည်။ ကျောင်းသားပေါင်း ၅၀၀၀-ကျော်ကို အခမဲ့ပညာသင်ကြားပေးနေသည်။ အ၀တ်အစားအနေအထိုင်မှစပြီး အစစအရာရာ အဆင့်မီမီ သင်ကြားပေသည်ဟု သိရသည်။ ကျောင်းထဲမှာ ကျောင်းသား၊ ကျောင်းသူလေးများကို အင်တာနက် စိတ်ကြိုက်သုံးခွင့်ပေးထားသည်ဟု ဆိုသည်။ “တိုင်းပြည်အနှံ့ ငါတို့ဘုန်းကြီးတွေက အဲဒီလို လုပ်ပေးနေရင် ဘယ်လောက်ကောင်းမလဲ”။ အခုတော့ ဗုဒ္ဓဘာသာဘုန်းကြီးတွေက နာမည်ကြီးဖို့၊ ဘဏ်မှာ ပိုက်ဆံများများ အပ်နိုင်ဖို့လောက်ကိုသာ အာရုံကျနေခဲ့ကြလေသည်။

“ထမင်းငတ်နေသူအတွက် ထမင်းကျွေးသောသူဟာ ကျေးဇူးရှင်ဖြစ်သည်၊ ထမင်းကျွေးသော ဘာသာဟာ သူတို့အတွက် မှီခိုရာဖြစ်သည့်အတွက် ကိုယ့်ဗုဒ္ဓဘာသာဝင်တွေ ပျက်စီးတိမ်းပါးနေကြသည်”ကို လစ်လျူမရှုသင့်တော့။ အမေရိကန်သမ္မတအိုဘားက Change ဟု အော်နေသလို မြန်မာက ဘုန်းကြီးများ (နိုင်ငံဆိုတာကိုတော့ မပြောတော့ဘူး) အတွက်လဲ အဲဒီစကားလုံးက အရမ်းကို လိုအပ်နေပါပြီ။ ရန်ကုန်က မိုးနည်းလာလို့ သွားရလာရ အိုက်စပ်နေခဲ့သည်။

တစ်နေ့က သူငယ်ချင်းစာရေးဆရာတစ်ဦးဆီ ရောက်ခဲ့သည်။ “ကိုယ့်လူ ကျောင်းလေးဘာလေး မထိုင်သေးဘူးလား” မေးတော့ “အေး…ကျောင်းထိုင်မယ်ဆိုရင်တော့ ထိုင်သင့်နေပြီ။ အခုလောက် အလုပ်တွင်ကျယ်အောင် မလုပ်နိုင်ဖြစ်နေမှာစိုးလို့ မထိုင်ချင်သေးဘူး၊ အရင်ကတော့ ရန်ကုန်မှာ ကျောင်းလေးဘာလေး ရအောင်ဖန်တီးပြီး နေမလို့ပဲ။ အခုတော့ အဲဒီစိတ်ကူးတွေ တစ်ခုမှ မရှိတော့ဘူး၊ အရင်က ရအောင်ဆိုပြီး စိတ်ကူးခဲ့တာ၊ အခု စိတ်ကူးတွေက တစ်မျိုး ဖြစ်ကုန်ပြီ၊ ငါ ဘယ်လို ပေးဆပ်ရမလဲ၊ အဲဒီလိုပဲ စိတ်ကူးရှိတော့တယ်၊ ဘုန်းကြီးတစ်ပါးအနေနဲ့ နေရာဆိုတာကြီးကို ကြောင့်ကြစိုက်နေကတည်းက ပုံစံမကျတော့ဘူး၊ အဲဒီလိုပဲ မြင်လာခဲ့ပြီ”။ သူငယ်ချင်းက သောက်လက်စ ပရီမီယာကော်ဖီခွက်ကို ကြိုက်ချလိုက်သည်။ ပြီးမှ `လူရှေ့သူရှေ့မှာ ကုတ်ချောင်းကုတ်ချောင်းနဲ့ ၀ိနည်းလေးစားသလိုလို၊ တရားကျင့်သလိုလို၊ တစ်လောကလုံးကောင်းစားရေးအတွက် စိတ်ကူးရှိသလိုလိုနဲ့ ဘဏ်အကောင့်မှာ ငွေတွေ ဖြည့်နေတဲ့ ဘုန်းကြီးတွေ၊ ကျောင်းကြီးတွေ ဟိန်းနေအောင်ဆောက်ပြီး မရှိဆင်းရဲသားတွေကို ကူညီဖော်မရဘဲ စည်းစိမ်ယဇ်နေတဲ့ ဘုန်းကြီးတွေ…အဲဒီဘုန်းကြီးတွေကို ငါသိပ်မုန်းလာပြီကွာ´။ ပြောရင်းနဲ့ သူငယ်ချင်းက လမ်းဘေးက သစ်ငုတ်တိုကြီးကို လှမ်းမျှော်ငေးနေခဲ့လေသည်။

နေရာတိုင်းမှာ စုတ်ပြတ်သတ်နေအောင် တစ်ဝမ်းတစ်ခါးလှဖို့ ရုန်းကန်နေသူ လူငယ်လေးတွေ၊ လူကြီးတွေ အများကြီး တွေ့နေရတယ်။ စာသင်ရမယ့်အရွယ်တွေ၊ တောရွာတွေမှာလဲ တချို့ကလေးတွေဟာ ဉာဏ်ကောင်းပါလျက်နဲ့ လေးတန်းလောက်အဆင့်မှာ ကျောင်းထွက်၊ အလုပ်ကြမ်းတွေ လုပ်နေကြရတယ်။ အချို့က ရန်ကုန်တက် လက်ဖက်ရည်မှာ စားပွဲထိုးလုပ်။ သူတို့ဘ၀တွေရဲ့ ရှေ့ရေး ဘယ်လို ဆက်တွေးရမလဲ။ ဒီလို လူငယ်တွေဟာ နိုင်ငံနဲ့အ၀ှမ်း။ ကြေတော့ ကြေငြာပါတယ်။ “မြန်မာနိုင်ငံဟာ စာတတ်မြောက်မှုနှုန်း ၉၀ ဆိုလား၊ ၉၅ ဆိုလား”။ ဘယ်လိုပေတံနဲ့ တိုင်းပါလိမ့်။ မတွေးတောဘဲ သိနေခဲ့လေသည်။ အဘယ့်ကြောင့် ဆိုသော မေးခွန်းအတွက် စာကြည့်တိုက်များ တစ်ရွာတစ်ခုရှိသည်ဆိုသော အဖြေသာ ဖြစ်ပါသည်။ အမှန်တကယ် လက်တွေ့မှာတော့ ၁၀-ရွာတွင် ၅-ရွာမှာ စာကြည့်တိုက်ရှိသည်ဟု ဆိုလျှင် လွန်ကောင်းလွန်သွားနိုင်ပါသည်။ ထို ၅-ရွာမှာ စာကြည့်တိုက် ၅-တိုက်တွင် တာဝန်သိ စာရေးဆရာဦးဇင်းများ ဆောက်လုပ်သော စာကြည့်တိုက်မှာ ၃-တိုက်လောက် ပါဝင်နေပါလိမ့်မည်။
ထိုမျှ များပြားနေသော စာကြည့်တိုက်ကြီးများဖြင့် စာတတ်မြောက်မှုနှုန်းထားကို တွက်ချက်ပြနေသော်လည်း “မြန်မာနိုင်ငံမှာ စာအုပ်တစ်အုပ်ထုတ်ရင် အုပ်ရေဘယ်လောက် ရိုက်လေ့ရှိပါသလဲ”။ “အုပ်ရေ ငါးရာ၊ တစ်ထောင် ရိုက်နှိပ်ပါတယ်”။ “အဲဒီအုပ်ရေ ၅၀၀-ကို ဘယ်နှစ်ရက်ရောင်းရပါသလဲခင်မျာ”။ ဒီတစ်ခါတွင် အဖြေရကျပ်သွားသည်။ အမေးရှိသော်လည်း အဖြေကား ရှိမနေခဲ့ပါ။

ခက်မောမောဖြင့် ဆက်လက်ဖော်ပြပါအုံးမည်…..

Friday, September 18, 2009

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ (နိဂုံး)

(နည်းနည်းတော့ ရှည်လျားတယ်၊ အင်တာနက်က အမြဲသုံးလို့ မလွယ်ဘူး။ လွယ်တော့တော့လဲ လွယ်ပါတယ်လေ။ အီးမေးလ်ပဲ သုံးလို့ရတယ်။ ပို့စ်တင်ဖို့က မလွယ်ဘူး။ ဒါကြောင့် တစ်ခါတည်း အရှည်ကြီးကို တင်လိုက်တယ်။ ရန်ကုန်သွားတောလားကလဲ တန်းလန်း၊ ရဟန်းတော်များရဲ့ အမွေအနှစ်ကလဲ တန်းလန်း။ တန်းလန်းတွေက များနေတယ်။ နောက်ပြီး ကိုယ်ကလဲ ခရီးသွားရင်း တန်းလန်းဆိုတော့......အစစ ကြည့်လုပ်နေရတယ်။

ရေးထားတဲ့သူက တော်တော်ကောင်းတယ်။ တစ်နေ့က တက္ကသိုလ်ထဲရောက်သွားတော့ ဒီဆောင်းပါးကို စာအုပ်ငယ်လေးလုပ်ပြီး လိုက်ဖြန့်နေတယ်တဲ့။ ကျောင်းသားတွေကို အခမဲ့ ဝေပေးနေတယ်။ ပြန်ပွားအောင်လုပ်နေတာတွေ့တော့ ၀မ်းသာမိပါတယ်။ သူနဲ့ကိုယ်နဲ့လဲ မသိဖူးပါဘူး။ ထားပါတော့၊ ခင်ဗျားတို့လဲ ဖတ်ကြည့်လိုက်အုံးပေါ့ဗျာ)

ဒီမှာ လွဲမှားနေတဲ့ အရာတစ်ခု ရှိပါတယ်။ အချို့ဗုဒ္ဓဘာသာဝင်တွေဟာ ခရစ်ယာန်တွေနဲ့၊ မွတ်စလင်တွေနဲ့ အမည်ခံတွေ့ဆုံးစည်းဝေးပြောဆိုမှုတွေကို မြှင့်တင်လုပ်ဆောင်နေကြခြင်းအားဖြင့် သူတို့ကိုယ်သူတို့ ဟုတ်လှပြီဆိုပြီး ဂုဏ်ယူနေကြပါတယ်။ ထေရ၀ါဒနဲ့မဟာယာန၊ မဟာယာနနဲ့တိဗက်…….အဲဒီလို အဲဒီလို ဗုဒ္ဓဘာသာဝင်အချင်းချင်းတွေ့ဆုံဖို့ကျတော့ အတော်ကို ခေါင်းမာနေကြဆဲပါ။

ဒီအဓိက ဗုဒ္ဓဘာသာအဖွဲ့အစည်းကြီးသုံးခုကြားမှာ ထိရောက်တဲ့ အကျိုးသက်ရောက်မှုရှိတဲ့ တွေ့ဆုံမှု နည်းနည်းလေးမှ မရှိတာဟာ အတော့်ကို ၀မ်းနည်းဖို့ ကောင်းပါတယ်။ စီးပွားရေးအရ အင်အားနည်းတဲ့ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ကျောင်းတွေနဲ့ ဘုန်းကြီးတွေဟာ အနောက်နိုင်ငံမှာရောက်ရှိနေတဲ့ သူတို့နိုင်ငံဖွားဗုဒ္ဓဘာသာတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ အတော်လေး ရုန်းကန်နေရပါတယ်။ အဲဒီလိုပဲ စီးပွားရေးအရ အင်အားကောင်းတဲ့ တရုတ်၊ ထိုင်ဝမ်၊ ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေက ကျောင်းတွေနဲ့ရဟန်းတွေဟာလည်း ချမ်းသာတဲ့အနောက်နိုင်ငံတစ်လွှား သူတို့ရဲ့ သြဇာအာဏာကို ဖြန့်ကျက်ဖို့ ရုန်းကန်နေကြရပြန်တယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတွေနဲ့ တက္ကသိုလ်တွေ အဲဒီမှာ ဆောက်လုပ်ဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျ ခံနေလင့်ကစား တိဗက်ရဟန်းတော်တွေကတော့ တိဗက်ဗုဒ္ဓဘာသာကို ကမ္ဘာက အာရုံကျစေဖို့ ကျော်ကြားလူသိများအောင် လုပ်ဆောင်တဲ့နေရာမှာ အခက်အခဲတွေနဲ့ နပန်းလုံးနေကြရပြန်ပါတယ်။

ဒီအခြေအနေ အချိုးအကွေ့တွေအားလုံးက အမေ့လျော့ခံ၊ မသိကျိုးကျွန်အပြုခံထားရတဲ့ ဗုဒ္ဓဘာသာဝင်သန်းပေါင်းများစွာကို သိသိသာသာပဲ ချန်ထားရစ်စေခဲ့ပါတယ်။ မထင်ရှားတဲ့ သူတို့ရဲ့ ဒေသတွေက ဗုဒ္ဓဘာသာဝင်တွေဟာ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ဖန်တီးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်မှုနဲ့ လူမှုရေးတိုက်ပွဲတွေမှာ အနောက်ကမ္ဘာမှာထက် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အလူးအလဲ လိုအပ်နေကြပါတယ်။

အနောက်ကမ္ဘာမှာလည်း အလားအလာကောင်းတဲ့ ဘုန်းကြီးတွေ၊ ဗုဒ္ဓဘာသာခေါင်းဆောင်တွေကို တစ်ယောက်ထက်မနည်း လိုအပ်နေတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အနောက်ကမ္ဘာက လူတွေဟာ ပညာတတ်တယ်၊ ကြွယ်ဝတယ်၊ ဒါပေမယ့် သူတို့ကို တရားဟောတာကတော့ ကျွန်ုပ်တို့ အာရှသားတွေပါပဲ။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ကန့်သတ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာ အာရှအရင်းအမြစ်တွေနဲ့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ ကြိုးစားဆဲအခါမှာလည်း အထက်ပါ မထင်မရှား ဗုဒ္ဓဘာသာနယ်မြေတွေက ဗုဒ္ဓဘာသာတွေကို လုံးဝ လုံးဝ မေ့မထားသင့်ကြပါဘူး။

သူတို့တွေဟာ နှစ်ပေါင်းများစွာတိုင်တိုင် ကျွန်ုပ်တို့ရဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ခဲ့ကြပါတယ်၊ အခုထိလည်း ဗုဒ္ဓဘာသာဝင်တွေအဖြစ် သူတို့ကိုယ်သူတို့ ထိန်းထားကြဆဲပါ။ ဆိုတော့ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို သူတို့ကို မျှဝေပေးရပါမယ်။ ဒါပေမယ့် ကျွန်ုပ်တို့ဟာ ပိုပြီးသက်တောင့်သက်သာရှိတဲ့ ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာဝင်တွေဆီက ပံ့ပိုးမှုတွေကို မရရှိကြပါဘူး။

ကဲ …အခြေအနေတွေက အဲဒီလို ဖြစ်နေခဲ့ရင်…
ဗုဒ္ဓဘာသာကမ္ဘာက ကျွန်ုပ်တို့ ကျဉ်ဖယ်ထားတဲ့၊ ဗုဒ္ဓဘာသာလူမျိုးတွေနဲ့ အတူနေဖို့ ကြိုးစားနေတဲ့၊ သူတို့ကို လက်တွေ့ကျကျ ကူညီနေတဲ့၊ ပံ့ပိုးပေးဖို့ အဆင်သင့်သွားရောက်နေကြတဲ့ သူတွေ (ခရစ်ယာန်တွေ)ကို ကျွန်ုပ်တို့က ဆန့်ကျင်ပြီး ကဖျက်ကယက်လုပ်နေတယ်ဆိုရင် လူ့ကျင့်ဝတ်သိက္ခာအရ ကျွန်ုပ်တို့ဟာ ဘယ်လိုနည်းနဲ့မှ မှန်ကန်တဲ့ လူမျိုးဖြစ်နိုင်တော့မလဲ။
ကဲ… အဲဒီလို ကူညီနေမှုကို ဆိုးရွားတဲ့လုပ်ရပ်လို့ ဆုံးဖြတ်ပြောကြားဖို့ ကျွန်ုပ်တို့ လက်ခံထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဘယ်တရားဓမ္မကရော အဲဒီလို ပြောကြားဖို့ ဖြစ်နိုင်ပါသလဲ။ (အဲဒီလို သူတို့ ကူညီနေကြတာဟာ ဗုဒ္ဓတရားတော်အရ မှန်ကန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။)

ဘယ်လိုပဲဖြစ်ဖြစ် သိုသိုသိပ်သိပ်လုပ်ရှားနေတဲ့ ခရစ်ယာန်တွေက ကျွန်ုပ်တို့ရဲ့ အမေ့လျော့ခံ၊ ကျဉ်ဖယ်ခံထားရတဲ့ ဗုဒ္ဓဘာသာတွေအတွက် ကူညီနေတာတွေကို မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကျွန်ုပ်တို့တွေထဲက ဗုဒ္ဓဘာသာကို အရူးအမူး ယုံကြည်ကိုးကွယ်သူအများစုတောင်မှ လက်ခံကြပါတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ မွေးရာပါကောင်းမြတ်ခြင်းတရားများ ဖြစ်တယ်ဆိုတာ ဘယ်နည်းနဲ့မှ ငြင်းပယ်လို့ မရတဲ့၊ ဘေးချိတ်ထားလို့ မရတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။
ဒီအချက်တွေကပဲ ကျွန်ုပ်တို့ရဲ့ ဗုဒ္ဓဘာသာတွေကို ကူညီဖို့ စွမ်းအားချို့တဲ့ခြင်းနဲ့ စိတ်အားမထက်သန်ခြင်းကို မေးခွန်းထုတ်နေပါတယ်။

ဟုတ်ပါတယ်။ ခရစ်ယာန်တွေဟာ ``ယေရှုကို ယုံကြည်လိုက်ပါ၊ သူဟာ မင်းတို့နဲ့အတူ အမြဲရှိနေပါလိမ့်မယ် (believe in Jesus, he will be always with you)´´ဆိုတဲ့ သူတို့ရဲ့ ကြွေးကြော်သံဆောင်ပုဒ်နဲ့အညီ အရမ်းကို အောင်မြင်နေကြပါတယ်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ``ကျွန်ုပ်တို့ဟာ သင်တို့ရဲ့ လိုအပ်နေတဲ့ မိတ်ဆွေများ ဖြစ်ပါတယ်´´ဆိုတဲ့ ကြွေးကြော်သံတစ်ခုကို လေ့လာသင်ယူပြီး တက်ကြွတဲ့ လူမှုရေးအကူအညီတွေကို လက်တွေ့ကျကျ လုပ်ပြပြီး သက်သေပြနိုင်ရင် အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်လာပါလိမ့်မယ်။ ဆန်းသစ်တဲ့အတွေးအမြင်ရှိတဲ့၊ တိုးတက်တဲ့ဗုဒ္ဓဘာသာဝင်တွေက အဆင့်မြှင့်တင်ထားတဲ့ လူသားဝါဒတစ်ခုဖြစ်တဲ့ ဗုဒ္ဓဘာသာဟာ နာမည်နဲ့လိုက်အောင် လူသားတွေအတွက် လုံလောက်တဲ့ ပူးပေါင်းပါဝင်မှု မရှိသေးပါဘူး။

ဘာကြောင့်လဲဆိုတော့ ယခုအခါ ခရစ်ယာန်တွေရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရတဲ့ ကျွန်ုပ်တို့ရဲ့ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိုးရိမ်ရေမှတ်ရောက်နေတဲ့ လိုအပ်ချက်တွေကို တုံ့ပြန်ရင်ဆိုင်ပေးဖို့ သိသိသာသာ ပျက်ကွက်နေကြလို့ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာထဲမှာကို ဂိုဏ်းစွဲ၊ ဂဏစွဲနဲ့ အဖွဲ့အစည်းကွဲတွေ၊ (ကိုယ့်အကျိုးစီးပွားကို ရှေ့တန်းတင် ငါတကောကော ဖွဲ့စည်းတည်ထောင်မှုတွေ)က အများကြီး ဖြစ်နေပါတယ်။ သူတို့လိုက်နာတဲ့ ဗုဒ္ဓဘာသာပုံစံကို မလိုက်နာတဲ့သူတွေကို ကူညီဖို့ စိတ်ဆန္ဒမရှိကြဘူး။ (ထေရ၀ါဒက မဟာယာနဗုဒ္ဓဘာသာဆိုရင် မကူညီချင်ဘူး…စသည်)။ ကူညီဖို့ တွန့်ဆုတ်နေကြပါတယ်။ ဒါဟာ အကြီးမားဆုံး စိန်ခေါ်ချက်တစ်ခုဖြစ်ပါတယ်။

သူတို့ (ခရစ်ယာန်စည်းရုံးရေးသမား)တွေဟာ သင့်လျော်တဲ့ အကူအညီပေးဖို့ မစဉ်းစားမီ အမျိုးမျိုးသော ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေကြားမှာ သွားရောက်နေတဲ့ ခရစ်ယာန်စည်းရုံးရေးသမားက တောင်းဆိုမှုများ ရှိပုံရပါတယ်။ ဥပမာအားဖြင့် ကိုရီးယားနဲ့ထိုင်ဝမ်တို့မှာရှိတဲ့ ချမ်းသာကြွယ်ဝတဲ့ မဟာယာနဗုဒ္ဓဘာသာဝင်တွေဟာ ထိုင်း၊ မြန်မာ၊ ဘင်္ဂလားဒေရှ်နဲ့ အိန္ဒိယနိုင်ငံနယ်စပ်တွေမှာ ပြန့်ကျဲနေတဲ့ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင် လူမျိုးစုတွေဆီကို သွားပြီး အကူအညီတွေ ပေးဖို့ ဆန္ဒရှိကြပုံ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ထေရ၀ါဒဗုဒ္ဓဘာသာဂိုဏ်းက ဖြစ်နေလို့ပါပဲ။ ထို့အတူပဲ စွမ်းနိုင်တဲ့ ထိုင်း၊ သီရီလင်္ကာနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာတွေဟာလည်း ဟိမလေယျ(ဟိမ၀န္တာ)ဒေသမှာရှိတဲ့ လူနည်းစုဗုဒ္ဓဘာသာဝင်လူမျိုးစုတွေကို သွားရောက်ကူညီဖို့ ဆန္ဒမရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ တိဗက်ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေလို့ပါ။

ဒါဟာ ဗုဒ္ဓမြတ်စွာက သူ့ရဲ့နောက်ပါတွေကို ဖြစ်စေချင်တဲ့ စိတ်ဓာတ်အခြေအနေ လုံးဝ မဟုတ်ပါဘူး။ ဘုရားရှင် နှစ်သက်တဲ့အနေအထားလည်း မဟုတ်ပါဘူး။ ဒါဟာ အမျိုးမျိုးသော ဗုဒ္ဓဘာသာဂိုဏ်းကွဲတွေအကြားမှာ အပြန်ပြန်အလှန်လှန် တုံ့ပြန်ချက်တွေကို တားဆီးထားကြခြင်းရဲ့ သိသာထင်ရှားတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။

ဗုဒ္ဓမြတ်စွာဟာ ဒီကမ္ဘာမြေပေါ်မှာ ခရစ်ဆိုတဲ့အနံ့မရခင်အချိန်ကတည်းက ထောင်ပေါင်းများစွာသော သာသနာပြုလုပ်ငန်းတွေရဲ့ ပထမဆုံးနဲ့ အအောင်မြင်ဆုံး ခေါင်းဆောင်တစ်ဆူဖြစ်တယ်ဆိုတဲ့ သမိုင်းကြောင်းဆိုင်ရာ အမှန်တရားကို လက်ခံလိုက်ကြပါ။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ နောက်ပါပုဂ္ဂိုလ်တွေကို ဘာမှ ပြောင်းလဲမပေးနိုင်ဘူးဆိုတာကို ဟန်မဆောင်ဘဲ လက်ခံလိုက်ကြပါ။ ကျွန်ုပ်တို့ရင်ထဲမှာ ကွဲပြားနေတဲ့ အယူအဆတစ်ခုက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ ဆင်းရဲမွဲတေမှုနဲ့ ပညာမတတ်သူတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးဖို့ထက် ကမ္ဘာမှာ ပညာအတတ်ဆုံး၊ ချမ်းသာကြွယ်ဝဆုံးနဲ့ အသိဉာဏ်ပညာအပြည့်စုံဆုံ ပဏ္ဍိတ်ကြီးတွေကို ပစ်မှတ်ထားဖို့ ခုံမင်နေကြခြင်းပါပဲ။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ လူသားတွေရဲ့ အသိဉာဏ်နဲ့ အတတ်ပညာတွေကို ကျွန်ုပ်တို့ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေကြတယ်။ ဒါက ဗုဒ္ဓဘာသာစည်းရုံးရေးသမားတွေရဲ့ အထွဋ်အမြတ်တစ်ခုလို ဖြစ်နေပါတယ်။

ဒီအလားအလာဟာ အခြားအကျိုးမဲ့ကိစ္စတွေဆီကို ကျွန်ုပ်တို့ကို ပို့ဆောင်ပေးနိုင်ပါတယ်။ အခြားအကျိုးမဲ့ကိစ္စဆိုတာက တစ်ခြားတော့ မဟုတ်ပါဘူး၊ ဆင်းရဲနုံချာလှတဲ့ မသိနားမလည်တဲ့ စာပေမတတ်မြောက်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဆုံးရှုံးသွားခြင်းပါပဲ။ ဒီအခြေအနေတွေက ကျွန်ုပ်တို့ အများကြီး ချီးကျူးထောမနာပြုနေတဲ့ အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပဒါရဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုတွေကို တောင်းဆိုနေခြင်းမျှသာ ဖြစ်ပါတယ်။

ထင်ရှားတဲ့ ဗုဒ္ဓဘာသာကမ္ဘာက ကြီးမားခိုင်ခံ့စွာ ဖွဲ့စည်းထားတဲ့ သံဃာ့အဖွဲ့အစည်းတွေ၊ ဗုဒ္ဓဘာသာအသင်းအဖွဲ့တွေဟာ သူတို့ ပါးစပ်ကပြောထားတဲ့ တာဝန်တွေကို လုပ်ဆောင်ဖို့ ပြောင်ပြောင်တင်းတင်းကို ပျက်ကွက်နေကြပါတယ်။ အဲဒီအဖွဲ့အစည်း၊ အသင်းအဖွဲ့တွေအတွင်းမှာကိုပဲ ကျွမ်းကျင်မှုမရှိခြင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ လွဲမှားသောအပြုအမူများနဲ့ အကျင့်စာရိတ္တဖောက်ပြားမှုတွေရဲ့ သိက္ခာစောင့်စည်းမှုမရှိတဲ့ အကြွင်းအကျန်တွေကို အဲဒီအရာတွေက မီးမောင်းထိုးပြနေပါတယ်။
ခေတ်သစ်စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်အောင် သံဃာအဖွဲ့အစည်းတွေအနေနဲ့ အတွင်းကျကျ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်နေပါတယ်။ အသိဉာဏ်ပညာလည်းမြင့်မား၊ ပညာလည်းတတ်၊ ကြိုးစားမှုလည်းရှိ၊ အလားအလာလည်းကောင်းတဲ့ ရဟန်းငယ်တွေ လူထွက်နှုန်းမြင့်မားလာနေတာဟာလည်း ကျွန်ုပ်တို့အတွက် တကယ့် ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်ပါတယ်။

အဲဒီအားနည်းချက်တွေ၊ ချွတ်ယွင်းချက်တွေအများကြီးရှိနေပေမယ့်…..
ကျွန်ုပ်တို့မှာ ဆန္ဒလေးများ ရှိခဲ့ရင်….
တကယ့်ကို တစ်ကိုယ်ကောင်းဆန်မှုတွေ ကင်းနေခဲ့ရင်…..
``သတ္တ၀ါအများ ကောင်းကျိုးချမ်းသာအတွက်´´ဆိုတဲ့ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် အသုံးပြုခဲ့တဲ့ ကြွေးကြော်သံဆောင်ပုဒ်ကို လက်ကိုင်ထားခဲ့ရင်….
ကျွန်ုပ်တို့ လုပ်နိုင်တာတွေ အများကြီး ရှိနေပါသေးတယ်။

ကဲ…ဒီလိုဆိုရင် ၂၃၈-ခုသော ကမ္ဘာ့ဗုဒ္ဓဘာသာလူမျိုးစုတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေရဲ့ သားကောင်အဖြစ် ဘယ်အချိန်မှာ ဘယ်လိုကျရောက်သွားနိုင်တော့မလဲ။ ကျွန်ုပ်တို့လို အသိပညာကြွယ်ဝတဲ့ ဗုဒ္ဓဘာသာတွေ လုပ်နိုင်တဲ့ အရာတစ်ခုခုများ ရှိသလား။ ဆင်းရဲသားတွေကို လက်ပိုက်ကြည့်နေပြီး အကူအညီပေးနေတဲ့ ခရစ်ယာန်စည်းရုံးရေးသမားတွေကို ``မကောင်းဆိုးဝါးများ´´လို့ အာပေါင်အာရင်းသန်သန် ရေရွတ်နေသင့်ပါသလား။

ကျွန်ုပ်တို့ဗုဒ္ဓဘာသာတွေအနေနဲ့ အတူတကွ လက်တွဲဆောင်ရွက်ဖို့ အချိန်ကျပါပြီ။
တစ်ဦးနဲ့တစ်ဦး ကြည့်ရှုစောင့်ရှောက်ဖို့ အချိန်ကျပါပြီ။

``သတ္တလောကကောင်းကျိုးအတွက် လှည့်လည်တရားဟောကြ၊ အများကောင်းကျိုးအတွက် လှည့်လည်တရားဟောကြ၊ သတ္တလောက အကျိုးစီးပွား ဖြစ်ထွန်းဖို့အတွက် လှည့်လည်တရားဟောကြ´´ဆိုတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ တောင်းဆိုတိုက်တွန်းမှုကို လိုက်နာဆောင်ရွက်ခြင်းအားဖြင့် အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်များအပေါ် ကျွန်ုပ်တို့ တင်ရှိနေသော အကြွေးတွေကို ပြန်လည်ပေးဆပ်ဖို့ အချိန်တန်ပါပြီ။

အဲဒါတွေကို လုပ်ဆောင်ဖို့ ပျက်ကွက်နေဦးမယ်ဆိုရင်တော့ ``မညီညွတ်သော ဗုဒ္ဓဘာသာဝင်များ၊ ပျင်းရိထုံထိုင်းသော ဗုဒ္ဓဘာသာဝင်များ၊ ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေသော ဗုဒ္ဓဘာသာဝင်များ၊ နွားခြေရာခွက်ထဲက ဖားလို ဗုဒ္ဓဘာသာဝင်များ´´ရယ်လို့ အပြစ်တင်မှုတွေသာ ကျွန်ုပ်တို့ဆီ ရောက်လာပါလိမ့်မယ်။ ။

(ပြီးပါပြီ)

Friday, September 4, 2009

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ (၂)

(Bhikkhu K. Tanchangya ရဲ့ Buddhism under siege from within ဆိုတဲ့စာကို ဘာသာပြန်တယ်။ ဘာသာပြန်ဖို့ တိုက်တွန်းပေးတဲ့ အရှင်တေဇောဘာသ (ဂျာမဏီ)ကို ကျေးဇူးတင်ပါတယ်။ မြန်မာမှာ နေရင်း ဟိုသွားဒီသွား မအားမလပ်တဲ့ကြားက (စိတ်အားထက်သန်လွန်းလို့) ဖြစ်သလို ဘာသာပြန်လိုက်ရတဲ့အတွက် အမှားအယွင်းများ ပါရှိခဲ့ရင် ခွင့်လွှတ်ကြပါ။ လေးလေးနက်နက် ဖတ်ရှုနိုင်ကြပါစေ၊ ဖတ်ရှုရုံမက စာရေးသူပေးလိုက်သော မက်ဆေ့အစစ်ကို ရရှိသွားနိုင်ကြပါစေလို့ ကျိတ်ကျိတ်လေး ဆုတောင်းနေပါတယ်။ ဒီပို့စ်က အရမ်းကို ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံ ဖတ်သင့်တယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။)

.....ဗုဒ္ဓဘာသာနိုင်ငံတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာ အစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားနိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။ မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။ ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ့်လမ်းကိုယ်လျှောက်´ဆိုပြီး ထားရစ်ခဲ့ကြပါတယ်။ ဥပေက္ခာတရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။

သေးငယ်ပြီး အလှမ်းဝေးတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေ ဥပမာအားဖြင့် မြန်မာနိုင်ငံက ချောင်းသာ၊ အိန္ဒိယက ခမိယန်း၊ ထိုင်းက ဟွေ၊ နီပေါလ်က ကူတန်း၊ တိဗက်က ဂစောင်၊ ဘူတန်က ဘရုတ်ကတ်စ်ဆိုတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေရဲ့ လက်ရှိဖြစ်ပျက်နေပုံကို ``ပညာတွေ အထူးတလည်တတ်မြောက်ပါတယ်၊ ချမ်းသာကြွယ်ဝပါတယ်´´ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ မသိကြပါဘူး။ အခု ဥပမာအဖြစ် ပေးလိုက်တဲ့ နာမည်တွေဟာ နည်းနည်းလေးပဲ ရှိပါသေးတယ်။


အဲဒီဒေသတွေမှာရှိတဲ့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ ကြမ်းတမ်းပြင်းထန်တဲ့ လက်ရှိအစစ်အမှန် ဖြစ်တည်မှုတွေနဲ့ အသက်ဆက်နိုင်အောင် သူတို့ရဲ့ ဗုဒ္ဓဘာသာ ကိုယ်ပိုင်အမှတ်လက္ခဏာတွေကို ကိုင်စွဲပြီး ခက်ခက်ခဲခဲ စီမံနေကြရပါတယ်။ ဒါကိုလဲ ဖိနှိပ်တဲ့ တရားမမျှတတဲ့ အစိုးရတွေရဲ့လက်အောက်မှာ လုပ်နေကြရတာပါ။

``ဒါ….သူတို့ရဲ့….ကံပဲလေ´´။
အဲဒီလို ပြောလိုက်ကြမလား…….။

နေစဉ်အဖြစ်မှန်တွေနဲ့ ရင်ဆိုင်နေရတဲ့ အဲဒီလူမျိုးတွေကို ဗုဒ္ဓဘာသာဆိုတဲ့ အဖွဲ့အစည်းကြီးအောက်မှာ ဆက်လက်တည်ရှိဖို့ ကျွန်ုပ်တို့အနေနဲ့ ဘယ်လောက်ကြာကြာ ထပ်စောင့်ကြရအုံးမှာလဲ။

ဗုဒ္ဓဘာသာဟာ သူတို့ရဲ့ ကံကြမ္မာကို ပြောင်းမပေးနိုင်ဘူးလားဗျာ။ သူတို့တစ်တွေ ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့ ဗုဒ္ဓမြတ်စွာကို ကိုးကွယ်ဆည်းကပ်မှုက မျှော်လင့်ချက်နဲ့အခွင့်အရေးတွေ မပေးနိုင်ကြတော့ဘူးလား။ ``ဒို့မြတ်စွာဘုရားတောင်မှ လူသားတွေရဲ့ ဘ၀အဆင့်အတန်းကို ပြောင်းလဲပေးနိုင်စွမ်း မရှိဘူး´´လို့ ပြောနေ ဟောနေတဲ့သူတွေ ရှိတယ်။ အဲဒီလို ပြောကြားချက်တွေဟာ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။ ဒီကိစ္စမှာ မြတ်စွာဘုရားရှင်ဟာ ပိုမိုကောင်းမွန်တဲ့ဘ၀နဲ့ အပြောင်းအလဲကို တမ်းတမ်းတတဖြစ်နေတဲ့ ခွဲခြားခံနေရတဲ့ လူသားတွေကို ကူညီဖို့ ကတိမပေးခဲ့ဘူးဆိုရင် ``ချက်ချင်းလက်ငင်း စည်းစိမ်ဥစ္စာကို ပေးမယ်၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် လုပ်ပေးမယ်၊ နောက်ဘ၀မှာလဲ ကောင်းကင်ဘုံကို ပို့ပေးမယ်´´လို့ ကတိပေးတဲ့ နိုင်ငံခြားက ထာဝရဘုရားကို ဘာဖြစ်လို့ မကိုးကွယ်သင့်ရမှာလဲ။ မကိုးကွယ်သင့်စရာ အကြောင်းမရှိလှဘူး။

ဟုတ်ပါတယ်။ ``ဘုရားအသစ်၊ တိုင်းပြည်အသစ်´´ဆိုတဲ့ စကားတစ်ခွန်းရှိပါတယ်။ ဒီစကားက ခေတ်သစ်ကိုရီးယားကို ခရစ်ယာန်ဘာသာရဲ့ အောက်ကို ဆွဲသွင်းဖို့ ခရစ်ယာန်ဆရာတွေ မကြာခဏ အသုံးပြုခဲ့တဲ့ စကားတစ်ခွန်း ဖြစ်ပါတယ်။ အဲဒီစကားဟာ အခုအချိန်အထိ ခရစ်ယာန်ဆရာတွေ သယ်ဆောင်လာပေးတဲ့ အပြောင်းအလဲပြယုဂ်ကို ဆွဲဆောင်သိမ်းသွင်းနေဆဲ၊ မျက်စိကျစရာ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

တိုးတက်တဲ့အမြင်ရှိတဲ့ ဗုဒ္ဓဘာသာတိုင်းအတွက် ဒီအချက်ကို အာရုံစူးစိုက်ဖို့ အချိန်ကျရောက်နေပါပြီ။
မှန်ပါတယ်။ ဒီဗုဒ္ဓဘာသာအဖွဲ့အစည်းတွေဟာ ဆင်းရဲနုံချာလှပြီး ပညာလည်း မတတ်ကြပါဘူး။ ခရစ်ယာန်စည်းရုံးရေးသမားတွေအတွက်တော့ ဒီအခြေအနေဟာ အလွန်လွယ်ကူတဲ့ ပစ်မှတ်များ ဖြစ်နေပါတယ်။ ဒါပေမယ့် ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ (သူတို့)ဘာသာရေးအကြောင်းကို နည်းနည်းမှ မပြောသေးခင်မှာပဲ ပညာရေးနဲ့ ရုပ်ဝတ္တုပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးကြပါတယ်။ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ အဲဒီလို အလုပ်တွေ လုပ်နေကြပါတယ်။

ဒီလိုအမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ နစ်နာချက်တွေကို လေ့လာစုံစမ်းပြီး အလည်အပတ်သွားရောက်ဖို့အတွက် အချမ်းသာဆုံးဆိုတဲ့ ဘုန်းကြီးတွေ၊ အချမ်းသာဆုံးဆိုတဲ့ ကျောင်းတော်ကြီးတွေနဲ့ ချမ်းသာကြွယ်ဝတဲ့ ကမ္ဘာက အချမ်းသာဆုံးဆိုတဲ့ အဖွဲ့အစည်းကြီးတွေဟာ တကယ်အလုပ်လုပ်တဲ့ အသင်းအဖွဲ့တွေကို ဘာကြောင့်များ စည်းရုံးလှုံ့ဆော်မပေးနိုင်ကြရတာလဲ။

ကိုယ်ကိုယ်တိုင်ကတော့ ဘာမှ စွမ်းဆောင်မပေးဘဲ အဲဒီလို အကူအညီတွေ ပေးနေတဲ့ ခရစ်ယာန်တွေကို ကျွန်ုပ်တို့အနေနဲ့ ဘာကြောင့်များ အော်ဟစ်ရုံသာ အော်ဟစ်နေကြရတာလဲ။

ကံတရား၊ ဘ၀သစ်ဖြစ်ပေါ်ခြင်း၊ ဆင်းရဲဒုက္ခ၊ တစ်ကိုယ်ကောင်းမဆန်ခြင်းနဲ့ တင်းတိမ်ရောင့်ရဲမှုစတဲ့ ဗုဒ္ဓဟောကြားချက်တွေဟာ ပညာအတတ်ဆုံး၊ ကြွယ်ဝပြီး ယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာတွေကြားထဲမှာတောင်မှ နက်နက်နဲနဲကို နားလည်မှုလွဲမှားတဲ့ အခြေအနေရဲ့ အစိတ်အပိုင်းများ ဖြစ်နေဆဲပါပဲ။ ဒီနားလည်မှုလွဲမှားနေတဲ့ တရားတော်တွေဟာ ၀ိသမလောဘသမား သာသနာပြုတွေအတွက်တော့ ကိုယ့်အကျိုးစီးပွား တိုးပွားစေဖို့ အမြတ်ထုတ်စရာ သို့မဟုတ် ဘုန်းကြီးတွေရဲ့ ရိုက်စားလုပ်ဖို့ကောင်းတဲ့ ဟောကြားချက်တွေ ဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ ကံမကောင်းအကြောင်းမလှခဲ့လို့ သူဟာ ဆင်းရဲချို့ငဲ့စွာ မွေးဖွားခဲ့ရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးတော့ သင့်လျော်တဲ့ ဆေးကုသမှုမရှိဘဲ ဆင်းရဲဒုက္ခတွေကို ခံစားရင်း သေဆုံးနေကြရတယ်။
အဲဒါ ဘာဖြစ်လို့လဲ။

သူဟာ နောက်လာမယ့်ဘ၀များ မွေးဖွားရအုံးမှာပါ။ တစ်စုံတစ်ယောက်ဟာ ဆင်းရဲပေမယ့် အဆင့်အတန်းမြင့်တဲ့ဘ၀ကို ပိုင်ဆိုင်ချင်ပါတယ်။ (ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ) ကျွမ်းကျင်မှုနဲ့ အခွင့်အရေးတွေကို ဖြည့်ဆီးထောက်ပံ့ပေးရမယ့်အစား တင်းတိမ်ရောင့်ရဲတတ်ဖို့ ညွှန်ကြားနေကြပါတယ်။ ဒီလိုမျိုး ဟောပြောချက်တွေဟာ လူ့အဖွဲ့အစည်းရဲ့အောက်ခြေမှာ ရှိနေကြတဲ့ ဗုဒ္ဓဘာသာတွေအတွက်တော့ ဆိုးရွားလှတဲ့ စိတ်နေသဘောထားတစ်ရပ် ဖြစ်တယ်လို့ ဆိုရပါမယ်။

ဘယ်လောက်ပဲ ပွင့်ပွင့်လင်းလင်း ငြင်းဆန်နေကြပါစေ ဒီကိစ္စဟာ ဆက်လက်ပြီး ဖြစ်ပေါ်နေဦးမယ့် ၀မ်းနည်းစွာ တည်ရှိနေဆဲ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ အဆင့်အတန်း အလွန့်အလွန် မြင့်မားတဲ့ ဘုန်းကြီးများနဲ့ ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်မှုကို ဆက်လက်ပြီး မျက်ကွယ်ပြုနေကြဦးမယ့် အနေအထားပါပဲ။

ဒီနေရာမှာ အဲဒီဗုဒ္ဓဘာသာဝင်ဆိုသူတွေ မေ့နေတဲ့အချက် ရှိပါတယ်။ အဲဒါကတော့ ဆင်းရဲမှုတွေနဲ့နပန်းလုံးနေရပြီး ငတ်မွတ်ခေါင်းပါးနေတဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ဒေသမှာ စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်မြင့်မြတ်တဲ့တရားတွေကို ဟောနေပါစေ ဘယ်သူမှ လက်ခံနိုင်ကြလိမ့်မယ် မဟုတ်ဘူးဆိုတာပါပဲ။ ဒါ့အပြင် အယူသီးမှု၊ မသိနားမလည်မှုနဲ့ စာပေမတတ်မြောက်တဲ့သူတွေ ပြည့်နှက်နေတဲ့ဒေသမှာ ခိုင်မာတဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေများ မတည်ရှိနိုင်ပါဘူး။

ကြွယ်ဝတဲ့ ဗုဒ္ဓဘာသာကမ္ဘာက လူတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေနဲ့အပြိုင် ကျောင်းတွေ၊ ကောလိပ်တွေ၊ ဆေးရုံဆေးခန်းတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ရိပ်သာတွေကို ဆောက်လုပ်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ အောက်ခြေမှာ ရှိတဲ့ဗုဒ္ဓဘာသာဝင်တွေအတွက် အသက်ရှူပေါက်ဖြစ်တဲ့ အေးငြိမ်းချမ်းသာရာအလုပ်တွေကို ပြုလုပ်ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ ဒါတွေကနေ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့ ကြီးမားတဲ့လိုအပ်ချက်တွေကို ညွန်ပြနေပါတယ်။ မထင်ရှားတဲ့ ကမ္ဘာ့အစိတ်အပိုင်းက အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင် သန်းပေါင်းများကို အကျိုးသက်ရောက်မှု မရှိသေးတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။

ပြီးတော့ စုစည်းညီညွတ်တဲ့၊ ရံပုံငွေအားကောင်းတဲ့၊ စွဲစွဲမြဲမြဲရှိတဲ့၊ စိတ်ကူးစိတ်သန်းလည်း ကောင်းမွန်တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းကြီးတွေ တည်ထောင်ဖို့ အရမ်းကို လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါမှသာ အဆိုပါ အမေ့လျော့ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အနေအထားတွေကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးခြင်းအားဖြင့် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် အပြောလွယ်သလောက် တကယ်လုပ်တော့ ခက်နေပါလိမ့်မယ်။

ယုံချင်ယုံ မယုံချင်နေ၊ ဗုဒ္ဓဘာသာတွေဟာ စိတ်ကြီးဝင်ပြီး ကိုယ့်လုပ်ဖော်ကိုင်ဖက် ဗုဒ္ဓဘာသာဝင်အချင်းချင်းမှာတောင် သံသယတွေ ပွားနေကြပါဦးမယ်။ ပြောရမယ်ဆိုရင် ထိုင်းဗုဒ္ဓဘာသာသံဃာ့အဖွဲ့အစည်းဟာ သူတို့ရဲ့ မြေပေါ်မှာ အခြားဗုဒ္ဓဘာသာနိုင်ငံ ဘုန်းကြီးကျောင်းတွေကို ဆောက်ခွင့်မပေးပါဘူး။ ကိုရီယားနိုင်ငံမြေပေါ်မှာတော့ ထေရ၀ါဒကျောင်းတွေ ဆောက်လို့ရပါတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ ရည်ရွယ်ချက် တာ့ဂတ်က မဟာယာနဗုဒ္ဓဘာသာဝင်တွေကို ထေရ၀ါဒဇာတ်သွင်းဖို့ ဖြစ်နေပါတယ်။ ဒါတွေဟာ ဗုဒ္ဓဘာသာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာတွေအတွင်းမှာကို လွဲမှားတဲ့ သံသယတွေနဲ့ စိတ်ကြီးဝင်မှုတွေပါပဲ။

ဆက်လက်ဖော်ပြပါမည်....

Sunday, August 23, 2009

လုပ်ကြံမှုများကြားက ဗုဒ္ဓဘာသာ

(Bhikkhu K. Tanchangya ရဲ့ Buddhism under siege from within ဆိုတဲ့စာကို ဘာသာပြန်တယ်။ ဘာသာပြန်ဖို့ တိုက်တွန်းပေးတဲ့ အရှင်တေဇောဘာသ (ဂျာမဏီ)ကို ကျေးဇူးတင်ပါတယ်။ မြန်မာမှာ နေရင်း ဟိုသွားဒီသွား မအားမလပ်တဲ့ကြားက (စိတ်အားထက်သန်လွန်းလို့) ဖြစ်သလို ဘာသာပြန်လိုက်ရတဲ့အတွက် အမှားအယွင်းများ ပါရှိခဲ့ရင် ခွင့်လွှတ်ကြပါ။ လေးလေးနက်နက် ဖတ်ရှုနိုင်ကြပါစေ၊ ဖတ်ရှုရုံမက စာရေးသူပေးလိုက်သော မက်ဆေ့အစစ်ကို ရရှိသွားနိုင်ကြပါစေလို့ ကျိတ်ကျိတ်လေး ဆုတောင်းနေပါတယ်။ ဒီပို့စ်က အရမ်းကို ကောင်းပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအားလုံ ဖတ်သင့်တယ်လို့ ထင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။)

ဘိက္ခု ကေ တန်ချန်ဂျ၊ ဗုဒ္ဓဘာသာချန်နယ်လ်၊ ဇူလိုင် ၁၇

ဗုဒ္ဓဘာသာကမ္ဘာကို ဆွဲဆောင်စည်းရုံးဖို့ ကြိုးစားမှုအနေနဲ့ နောက်ဆုံးပေါ်ပေါက်လာတဲ့ စာအုပ်တစ်အုပ် ရှိပါတယ်။ အဲဒီစာအုပ်ကတော့ ဟက်ဝေး ပေါလ်ဆိုသူ ရေးတဲ့ ``ဗုဒ္ဓဘာသာကမ္ဘာမှ လူများ´´ဆိုတဲ့ စာအုပ်ပါပဲ။ ``ခရစ်ယာန်ဘုရားရှိခိုးလမ်းညွှန်စာအုပ်´´လို့လဲ ဆိုပါတယ်။

မနုဿဗေဒအားဖြင့်ဆိုရလျှင် ဒီစာအုပ်ဟာ ပြောင်မြောက်တဲ့ သုတေသနပြုမှုတွေနဲ့ အလွန်ဂုဏ်ယူစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ဝေးလံလှတဲ့ အရပ်ဒေသက ၂၃၈-မျိုးသော လူမျိုးစုတွေရဲ့ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ၊ ဗုဒ္ဓဘာသာကမ္ဘာရဲ့ မြေပုံလမ်းညွှန်တွေ ပါဝင်အောင် ရေးထားပါတယ်။ အဲဒီအထဲက အကြောင်းအရာအချို့တင်ပြချက်တွေဟာ ဗုဒ္ဓဘာသာတွေအနေနဲ့ လုပ်နိုင်စွမ်းရှိပေမယ့် လုပ်ဖို့ပျင်းရိနေတဲ့အချက်တွေ ဖြစ်နေပါတယ်။

ဆွဲဆောင်မှုရှိလှတဲ့ ဒီစာအုပ်ဟာ အမှားအယွင်းမရှိဘဲ စွန့်စွန့်စားစား ထုတ်ဝေပြီးစီးသွားပါပြီ။ ဒါပေမယ့် ဒီစာအုပ်မှာ ကွယ်ဝှက်နေတဲ့ လုပ်ငန်းစဉ်တွေ ပါနေတယ်။ ဒီစာအုပ်က တရားဟောစည်းရုံးရန် စိတ်ဝင်စားပြီး စိတ်အားထက်သန်လှသော ခရစ်ယာန်စည်းရုံးရေးသမားတွေအတွက် လုပ်ငန်းစဉ်နှင့် လုပ်ရမယ့် အခန်းကဏ္ဍတစ်ခုအနေနဲ့ အထောက်အကူ ပြုနေတဲ့စာအုပ်ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေကို ကလိမ်ကကျစ်နည်းတွေနဲ့ တိုက်ခိုက်ဖို့ ရေးဆွဲထားတဲ့ တိုက်ပွဲဝင် အစီအစဉ်တစ်ခု သို့မဟုတ် တိကျခိုင်မာတဲ့ လမ်းပြမြေပုံတစ်ခုလဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာတတ်၊ ချမ်းသာတဲ့ ဗုဒ္ဓဘာသာတွေအတွက်တော့ တက်ကြွတဲ့ တရားဟောဆရာ၊ စာရေးဆရာကို ကျေးဇူးတင်စရာ အတော်ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတင်ပြထားတဲ့ ၂၃၈-ခုသော လူမျိုးစုများနှင့်ပတ်သက်ပြီး အများစုက မသိကြသေးလို့ပါပဲ။


မှန်ပါတယ်။ ဗုဒ္ဓဘာသာအဖွဲ့အစည်းအများစုဟာ ဒီအကြောင်းအရာတွေကို မသိကြသလို ကြာမြင့်စွာကတည်းက မေ့လျော့ထားကြပါတယ်။ ဗုဒ္ဓဘာသာဆိုတာ ကမ္ဘာမှာ ပေါတီးပေါ့ဆနေတတ်ဆုံး လူမျိုးတွေထဲမှာ ပါပါတယ်။ ဆိုးရွားတဲ့ ရည်ရွယ်ချက်တွေနဲ့ ခရစ်ယာန်စည်းရုံးရေးသမားတွေဟာ ဆုတောင်းခြင်းအားဖြင့် သာမန်ပြည်သူတွေရဲ့ ၀ိညာဏ်ကို ထိတွေ့ဖို့၊ ကောင်းကင်ဘုံသခင်၊ ဖန်ဆင်းရှင်ထာဝရဘုရားရဲ့ သနားကရုဏာနဲ့ ကယ်တင်မှုရအောင် အများစုကို ဆွဲဆောင်စည်းရုံးကြလေ့ရှိပါတယ်။

ဒီနေရာမှာ ကျွန်ုပ်ဟာ ဒီစာအုပ်ကို ဗုဒ္ဓဘာသာဆန့်ကျင်ရေးစာအုပ်ဖြစ်တယ်ဆိုပြီး အပြစ်တင်ဝေဖန်ဖို့ မရည်ရွယ်ပါဘူး။ လောဘအားကြီးတဲ့ ခရစ်ယာန်ဓမ္မဆရာသာသနာပြုအဖွဲ့ကိုလဲ အဲဒီလို တံဆိပ်တပ်ပြီး သံယောင်လိုက်စွပ်စွဲဖို့လဲ ရည်ရွယ်ချက် မရှိပါဘူး။ ကျွန်ုပ်ရည်ရွယ်တာက ပညာတတ်ပြီး ဥစ္စာကြွယ်ဝတဲ့ ယဉ်ကျေးကမ္ဘာမှာ ရှိနေတဲ့ ဗုဒ္ဓဘာသာ ညီအစ်ကိုမောင်နှမများကို တိုက်တွန်းချင်တာပါ။ ဗုဒ္ဓဘာသာကမ္ဘာကို မတရားဆွဲဆောင်သိမ်းသွင်းနေမှုများကို လိမ္မာပါးနပ်လှတဲ့ အဖြေတစ်ခုခု ရှာဖွေသင့်တယ်ဆိုတာကို နားလည်သွားစေချင်တာပါ။

ဒီလို လုပ်ဆောင်ချက်တွေကို ယုတ္တိရှိရှိ ယုံယုံကြည်ကြည်နဲ့ ဘယ်လို ဝေဖန်ကြမလဲဆိုတာနဲ့ ဘာသာကူးပြောင်းမှုကို ဆန့်ကျင်တဲ့ ဥပဒေတွေကို ဘယ်လောက်များများ ပြဓာန်းဖို့ လိုအပ်သလဲဆိုတဲ့အပေါ်မှာလဲ ဦးတည်ချက် ထားမနေပါဘူး။ ကျွန်ုပ်အဓိက ရည်ရွယ်တာက ကျွန်ုပ်တို့ ဗုဒ္ဓဘာသာအဖွဲ့အစည်းအတွင်းမှာကိုပဲ ရိုးသားပြီး ပန်းတိုင်ရှိတဲ့ ပြန်လည်စစ်ကြောရေးတွေကို လုပ်ဆောင်နိုင်ကြဖို့ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာများအနေနဲ့ ``ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဟာ ကရုဏာတရား၊ အခြေအနေအရပ်ရပ်အတွက် ပြောင်းလဲနိုင်စွမ်း၊ သည်းခံခြင်းတရားနဲ့ အကြမ်းမဖက်လမ်းစဉ်တွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာလက်နက်တွေကို တပ်ဆင်ပြီး နှစ်ပေါင်း ၂၅၅၀-တိုင်တိုင် အသက်ရှင်ရပ်တည်ခဲ့တဲ့ ဘာသာတရားတရားတစ်ခု ဖြစ်တယ်´´လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်ပါတယ်။
အိန္ဒိယတိုက်ကြီးတစ်ခုလုံး ဗုဒ္ဓဘာသာမြေအဖြစ်ကနေ ကျဆုံးသွားခဲ့တာကိုတောင်မှ ကျွန်တော်တို့ မေ့ဖျောက်ထားနိုင်ခဲ့ကြတဲ့အထိ သဘောထားကြီးတဲ့ ဘာသာလည်း ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဗုဒ္ဓဘာသာတွေဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတွေကို မွတ်စလင်ကျူးကျော်သူတွေ လက်ထဲ ထိုးအပ်ခဲ့ရပါတယ်။ အိန္ဒိယနဲ့ နီပေါလ်တို့ကိုတော့ ဟိန္ဒူတွေရဲ့လက်အောက်မှာ ကျရှုံးခဲ့ရပြီးပါပြီ။ အရှေ့အလယ်ပိုင်းဒေသရဲ့ ဝေးလံတဲ့ အနောက်ဘက်ပိုင်းဒေသတွေကိုလဲ ညှိနှိုင်းလို့ မရနိုင်တတ်တဲ့ မွတ်စလင်တွေလက်အောက် အရှုံးပေးခဲ့ရပြီးပါပြီ။ ဒီလို ဆုံးရှုံးမှုကြီးကြီးမားမားတွေ ကြုံခဲ့ရပြီးဖြစ်လို့ ကျွန်ုပ်တို့ဗုဒ္ဓဘာသာတွေဟာ နောက်ထပ် ဘယ်လောက်များများ ထပ်မံဆုံးရှုံးဖို့ စောင့်နေရတော့မလဲ။ ဒီထက်ပိုပြီး အဆုံးရှုံးခံဖို့ မျှော်လင့်နေကြတာလား။ ဒီမေးခွန်းဟာ တိုးတက်တဲ့ ဗုဒ္ဓဘာသာဝင်တွေ ဖြေဖို့လိုအပ်နေတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒီလို သမိုင်းဝင် အကြမ်းဖက်မွတ်စလင်ကျူးကျော်သူတွေရဲ့ လက်အောက်ကနေ အသက်ဆက်ခဲ့ရပေမယ့် ဒီမထင်ရှားတဲ့ ဗုဒ္ဓဘာသာနယ်မြေတွေဟာ ခရစ်ယာန်စည်းရုံးရေးသမားတွေရဲ့ အကြမ်းဖက်မှုဆန်ဆန် စည်းရုံးမှုတွေကြောင့် သူတို့ရဲ့ လူမှုအဖွဲ့အစည်းတွေကို ဆုံးရှုံးနေရတဲ့ အနေအထားတွေ ဖြစ်နေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ အဲဒီလို အလွန်စိတ်ဓာတ်ကျစရာ အရှိတရားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သမိုင်းကြောင်းနဲ့ချီပြီး ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာတိုးတက်မှုဖြစ်စဉ်ရဲ့ အင်အားဟာ သံဃာ့အဖွဲ့အစည်းအပေါ်မှာ အခြေစိုက်ပါတယ်။ ထေရ၀ါဒပဲဖြစ်ဖြစ်၊ မဟာယာနပဲဖြစ်ဖြစ်၊ တိဗတ်တန်ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းမှာမဆို သံဃာ့အဖွဲ့အစည်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၅၀ တစ်လျှောက်လုံး ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ရပ်လုံးရဲ့ အဓိကကြောရိုးအဖြစ် တည်ရှိလာခဲ့ပါတယ်။

ဗုဒ္ဓဘာသာရဲ့ အောင်မြင်မှုကို သံဃာ့အဖွဲ့အစည်းရဲ့ အင်အားနဲ့ မကြာခဏ တိုင်းတာသတ်မှတ်လေ့ရှိပါတယ်။ ဗုဒ္ဓဘာသာကို အစဉ်အလာအားဖြင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြတဲ့သူတွေဟာ ရဟန်းတော်တွေ၊ ဘိက္ခုနီတွေနဲ့ သီလရှင်များ ဖြစ်ခဲ့ပါတယ်။ ယနေ့အချိန်အထိလဲ စောင့်ရှောက်နေကြဆဲပါပဲ။ သဘာဝအကျိုးဆက်အနေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ သူတို့ရဲ့ လမ်းညွှန်မှုအတွက် သံဃာ့အဖွဲ့အစည်းကိုပဲ မှီခိုဖို့ အလားအလာရှိပါတယ်။
ကံမကောင်းအကြောင်းမလှစွာနဲ့ပဲ အဲဒီမှီခိုအားထားမှုတွေဟာ မှုန့်မှုန့်ညက်ညက်ပျက်စီးနေတဲ့ သွတ်ချာပါဒလိုက်မှုတွေကိုပဲ သယ်ဆောင်လာခဲ့ပါတယ်။ အထူးသဖြင့်တော့ ဘာသာရေးခေါင်းဆောင်ပိုင်းတွေမှာ သူတို့ရဲ့ စစ်မှန်မှုတွေ ပျောက်ဆုံးသွားတဲ့အခါမျိုးမှာ၊ အကျင့်စာရိတ္တစံနှုန်းလို စိတ်ဓာတ်ပိုင်းဆိုင်ရာ အဆင့်အတန်းတွေ လျော့ပါးလာတဲ့အခါမျိုးမှာ၊ မေတ္တာ၊ ကရုဏာနဲ့ ပညာတွေ အားနည်းလာတဲ့အခါမျိုးတွေမှာ ဖြစ်တတ်တာပါပဲ။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတိုင်းမှာရှိတဲ့ ဗုဒ္ဓသံဃာ့အဖွဲ့အစည်းတွေဟာ ဘာသာကူးပြောင်းသူတွေကို ဆွဲဆောင်ဖို့၊ နောက်လိုက်ပုဂ္ဂိုလ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လုံလောက်တဲ့ ဆက်ဆံမှုမျိုးတွေ မရှိခဲ့ပါဘူး။ အချို့ရဟန်းတော်တွေဟာ သူတို့ကောင်းစားရေး၊ သူတို့တိုးတက်ကြီးပွားရေးအတွက် သူတို့ ပိုက်ဆံအိတ်တွေကို ဖြည့်ဆီးပြီး ရိုက်စားတွေလုပ်နေတာနဲ့ အလုပ်တွေ ရှုပ်နေကြပါတယ်။ အချို့ရဟန်းတွေ ခမျာတော့ ခေတ်ပေါ်စိန်ခေါ်မှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းဖို့ လေ့ကျင့်သင်ကြားပေးမှု မရှိဖြစ်နေရပါတယ်။ အဲဒီ အချို့ရဟန်းတွေဟာ သူတို့ရဲ့ ၀န်းကျင်လေးအတွင်းမှာပဲ အာဏာတွေ၊ အဆင့်အတန်းတွေ တိုးတက်ဖို့ ဖိုက်တင်ချနေကြပါတယ်။
အဲဒီလို မသတီစရာ အပြုအမှုတွေဟာ ကြီးမားတဲ့ ဟာကွက်ကြီးတွေ ဖြစ်စေခဲ့ပါတယ်။ ဗုဒ္ဓဘာသာစက်ဝိုင်းအတွင်းမှာ ဘာသာရေးခေါင်းဆောင်မှု၊ သစ်လွင်တဲ့ လူမှုရေးခေါင်းဆောင်မှုနဲ့ တိုးတက်မှုအလားအလာတွေကို မျက်ကွယ်ပြုမှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ ခရစ်ယာန်စည်းရုံးရေးသမားတွေက သံဃာနဲ့ဒါယကာဒါယိကာမများရဲ့ လစ်ဟာနေတဲ့ ဒီကွက်လပ်ကြီးကို အလျင်အမြန်ပဲ ဖြည့်ဆီးပေးလိုက်ပါတယ်။

ဗုဒ္ဓဘာသာနိုင်ငံတိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတွေ ပိုင်ဆိုင်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုတွေဟာ အစိုးရပိုင်ဆိုင်မှုထက် ကောင်းကောင်းကြီး ကျော်လွန်သွားနိုင်စရာရှိတယ်လို့ ယုံကြည်ရပါတယ်။ မြောက်မြားလှစွာသော အလှူကြီးတွေက အချမ်းသာဆုံး ဆရာတော်တွေကို မွေးထုတ်ပေးပါတယ်။ ဗုဒ္ဓဘာသာသမိုင်းမှာ တစ်ခါမှ မရှိဖူးသေးတဲ့ကျောင်းတော်ကြီးတွေ မွေးထုတ်ပေးပါတယ်။ ကျွန်ုပ်တို့လို မထင်မရှား ဗုဒ္ဓဘာသာတွေကိုတော့ `ကိုယ့်လမ်းကိုယ်လျှောက်၊ ကိုယ့်အားကိုယ် ကိုးကြ´ဆိုပြီး ထားရစ်ခဲ့ကြပါတယ်။ ဥပေက္ခာတရားတွေ ထွန်းကားပြီး မေ့ထားလိုက်ကြပါတယ်။

ဆက်လက်ဖော်ပြပါမည်......

Thursday, August 20, 2009

ရန်ကုန်သွားတောလား (၃)

တောထဲ လျှောက်သွားရင်းနဲ့ လူငယ်လေးတစ်ယောက် (သူငယ်ချင်းတွေ ကြားမှာ ဘုန်းကြီးစိတ်ပေါက်နေသူလို့ အသိများသူ)က မေးခွန်းလေး မေးခဲ့တယ်။ ဒီမေးခွန်းကို မြန်မာပြန်ရောက်ကတည်းက ကိုယ့်ကိုယ်ကို ပြန်မေးပြီး စဉ်းစားနေတာ။ သူမေးလာတော့ ချက်ချင်းပဲ ဖြေလိုက်ခဲ့ပါတယ်။

လူငယ်။ ။ အရှင်ဘုရား တစ်နေ့တစ်ခြား တပည့်တော်တို့ ရွှေတိဂုံတို့ ဘာတို့ ၀န်းကျင်မှာ အတွဲတွေ တအားတိုးပွားလာနေတယ်။ ကိုးတန်းအရွယ်လောက် ကောင်လေး၊ ကောင်မလေးတွေက အစ ရည်းစားတွေ ပလူပျံအောင် ထားနေကြတာ ဘာကြောင့်လို့ ထင်လဲ..။ ဘာကြောင့်မို့ မြန်မာနိုင်ငံကြီးမှာ ရည်းစားတိုးပွားနှုန်းတွေ မြင့်တက်နေရတာလဲဘုရား။ ရည်းစားတိုးပွားနှုန်းနဲ့အတူ လူငယ်အေအိုင်ဒီအက်စ်သမားတွေ (အထူးသဖြင့် နယ်တွေက လူငယ်တွေမှာ လိင်ဆက်ဆံမှုနဲ့ မူးယဇ်ဆေးဝါး ထိုးသွင်းမှုတွေကြောင့် အေကိုက်သူတွေ) တိုးပွားနှုန်းကလဲ ကြောက်စရာကောင်းလောက်အောင် တွေ့နေရတယ်။ အဲဒါတွေက ရည်းစားတွေ ထည်လဲတွဲပြီး မစောင့်စည်းကြတော့လို့ အေလူငယ်တွေ တိုးပွားလာနေရတယ်လို့ ထင်ပါတယ်။ အရှင်ဘုရား အမြင်ကို ပြောပါအုံးဘုရား။

ဦးဇင်း။ ။ လူငယ်ဆိုတာ မျှော်လင့်ချက်မဲ့ရင် အလေလိုက်ကြတာပဲ။ မျှော်လင့်ချက်တွေနဲ့ ပြည့်နေတဲ့ လူငယ်ကတော့ အဲဒါတွေအတွက် အချိန်မရှိကြဘူး။

Sunday, August 16, 2009

ရန်ကုန်သွား တောလား (၂)

အလုပ်ကိစ္စတွေ မပြတ်သေးတာနဲ့ အမေ့ဆီလည်း မသွားဖြစ်သေးဘူး။ အမေ့ကို လွမ်းတယ်။ ``ရန်ကုန်မှာ အစစအရာရာ ဂရုစိုက်ပါ´´တဲ့ မှာရှာတယ်။ အမေတို့ဆီမှာ မိုးမရွာတာ နှစ်လကျော်ပြီတဲ့။ ``မိုး..မိုး ဘာကြောင့်ရွာ၊ ဖားအော်လို့ ရွာ´´ဆိုလား ဘာဆိုလား ဆိုနေကြတာ ရှိတယ်။ အခုလဲ ပြောင်းပြန်ကြည့်တော့ ဖားမအော်လို့ မိုးမရွာတာလားလို့ ကြံကြံဖန်ဖန် တွေးနေပါတယ်။

ရန်ကုန်က ဒကာတစ်ယောက်ကတော့ ပြောတယ်။ ``သစ်တော ထိန်းသိမ်းရေ အသိပညာတွေ ဦးဇင်းတို့ဆီကို ပြောပြပါအုံး´´တဲ့။ အော်…ခက်ပ…။ ဥတုရာသီ တောကို မှီ။ တောရှိမှ မိုးရွာမယ်။ ရာသီဥတုကောင်းမယ်။ သူတို့လည်း သိကြသပေါ့။ သိပေမယ့် ချက်ပြုတ်ရေးအတွက် လျှစ်စစ်မီးက မရှိ၊ ဘာက မရှိ။ ထမင်းချက်ဖို့ သစ်ပင်တော့ ခုတ်မှ ရပေမပေါ့။ သစ်ပင်မခုတ်ရင်တော့ အစိမ်းစားကြရုံပဲရှိမပေါ့။ အခု ပိုဆိုးတာက မိုးမကောင်းတော့ သီးနှံက မရ၊ သီးနှံမရတော့ စားစရာက မရှိ၊ စားစရာ မရှိတော့ ရှိအောင် ရှာကြံတဲ့အနေနဲ့ ရှိတဲ့သစ်ပင်လေးတွေကို မီးသွေးဖုတ်ကြသတဲ့။ အစစမပြည့်စုံတဲ့ဘ၀တွေကို ဟိုဟာမလုပ်သင့်၊ ဒီဟာ မလုပ်သင့်ဆိုပြီး ဆရာသွားလုပ်ဖို့ကလဲ အရမ်းခက်ပါတယ်။ ဟိုဟာ မလုပ်သင့်ဘူးပြောပြီးရင် ဒါလုပ်သင့်တယ်ဆိုတာကို ပြောပြနိုင်မှ ဖြစ်မယ်လေ။ ရန်ကုန်မှာလဲ ပြောနေကြတယ်။ ``တောင်သာမီးသွေးက သိပ်ကောင်းတယ်´´ဆိုပဲ။ မကောင်းဘဲနေမလား။ ကန္နားပင်(ကန္တာရပင်)တွေကို မီးသွေးဖုတ်ထားတာလေ။ မာတောင်နေတာပဲ၊ အသုံးခံတယ်တဲ့။

သီရိလင်္ကာကို အမှတ်ရတယ်။ ``အိမ်ရှိရင် လျှပ်စစ်မီး ရှိရမယ်´´တဲ့။ သစ်တောတွေ ထိန်းသိမ်းထားလိုက်တာ ကြည်နူးစရာ သိပ်ကောင်းတာပဲ။ နေရာတိုင်းလိုလိုမှာ တောတောင်တွေ၊ စိမ့်စမ်းတွေ၊ ကျေးငှက်သာရကာတွေ၊ သားကောင်တွေ။ အဲဒီလို စိမ်းစိုနေတဲ့ တောလေးတွေ၊ ရွာလေးတွေ မြင်ချင်လိုက်တာ။ တရားခံက ထင်ရှားနေတာတောင် တရားသူကြီးက အခုထိ ရောက်မလာသေးဘူး။


အွန်လိုင်းတက်တိုင်း သူငယ်ချင်းတွေက ပြည်ပကနေပြီး မေးကြတယ်။ ``ဘယ်လိုလဲ အခြေအနေ ဘာထူးလဲ´´တဲ့။ ဒီကို ပြန်လာတော့ ထိုင်းထရန်စစ်နဲ့ ပြန်လာခဲ့ရတယ်။ ထိုင်းလေဆိပ်မှာ သင်္ဘောသားလူငယ်တစ်သိုက်ပြောနေတဲ့ စကားတွေထဲက တစ်ခုကို သတိထားမိခဲ့တယ်။ ``ငါသွားတဲ့ သုံးလေးနှစ်အတွင်း ထိုင်းက အရမ်းကို ပြောင်းလဲသွားပြီကွာ´´။ ဒီလိုနဲ့ မင်္ဂလာဒုံလေဆိပ်ကို ဆင်းမယ်အလုပ်မှာ သူ့ဆီက စကားတစ်ခွန်းကို ကြားလိုက်မိပြန်တယ်။ ``ငါ ရိုးတယ်မှပဲ။ ငါသွားတုန်းကလဲ ဒီအတိုင်းပဲ၊ ပြန်လာတော့လဲ ဒီအတိုင်းပဲ´´တဲ့။ သူငယ်ချင်းတွေကိုလဲ အဲဒီအတိုင်း ဖြေလိုက်ချင်ပါတယ်။

ရန်ကုန်မှာ ထူးတာတွေလဲ အများကြီးပါပဲ။ စူပါမားကတ်တွေ အများကြီးပေါလာတယ်။ တိုက်အသစ်တွေလဲ အများကြီး ပေါလာတယ်။ နောက်ပြီး ကြွယ်ဝသူတွေက နောက်ဆုံးပေါ်ကားကြီးတွေ စီးလို့၊ အနောက်တိုင်းဆန်ဆန် တိုက်ကြီးတွေ ဆောက်လို့။ သားသမီးတွေကို ပညာရေးအဆင့်မြင့်အောင် နိုင်ငံခြားကို လွှတ်၊ ကျောင်းတွေ ထားလို့။ တိုးတက်နေကြတာလား။ အခြားတစ်ဖက်ကို ငဲ့ကြည့်လိုက်မယ်။
အိမ်အပိုင်မပြောနဲ့၊ အိမ်လခ မှန်အောင် မနည်းပေးနေကြရတယ်။ နေစရာ အိမ်မရှိလို့ ဟိုပြေးဒီကပ်နဲ့ ဘ၀တွေကို ဖြတ်သန်းနေရတယ်။ နိုင်ငံလူဦးရေရဲ့ အများစုက ကျောင်းမနေကြရဘူး။ မူလတန်းအဆင့်လောက်နဲ့ ကျောင်းထွက်လိုက်ပြီး အလုပ်ကြမ်းတွေ လုပ်နေရတယ်။ တောင်သူလယ်သမားတွေရဲ့ သားသမီးတွေဟာ တရားမ၀င်အလုပ်သမားတွေအဖြစ် နိုင်ငံခြားမှာ သွားနေရတယ်။ မွန်ပြည်နယ်ရဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တွေ ဘယ်ရောက်နေလဲ။ တိုင်းပြည်ကောင်းစားရေးအတွက် ခေတ်နဲ့ရင်ဘောင်တန်းနိုင်အောင် ပညာတွေ သင်နေကြပါသလား။ အလုပ်ကြီးအကိုင်ကြီးတွေ လုပ်နေကြပါသလား။ ထိုင်းနယ်စပ်မှာ မိန်းကလေး၊ ယောက်ျားလေး အများကြီး ဒုက္ခသုက္ခတွေနဲ့ မိသားစုဝမ်းရေးကို ဖြေရှင်းနေကြရတယ်။

တိုင်းတစ်ပါးမှာ အနှိမ်ခံဘ၀ သွားနေရတဲ့ မွန်ပြည်နယ်ရဲ့ ကရင်၊ မွန်၊ ဗမာလူငယ်လေးတွေရဲ့ အနာဂတ်ဟာ တွေးကြည့်တိုင်း ရင်မောစရာပါ။ အဲဒီက ပြန်လာတဲ့လူငယ်တွေဟာ မိန်းကလေး၊ ယောက်ျားလေးအားလုံးနီးပါးဟာ မိမိတို့ရဲ့ အမျိုးသားရေး ကိုယ်ပိုင်လက္ခဏာတွေ ဆုံးရှုံးကုန်ပါတယ်။ ပြန်ရောက်လာတာနဲ့ ဘာမလုပ်တတ်၊ ညာမလုပ်တတ်။ ပျက်စီးကုန်တော့တာပဲ။ ဒါဆိုရင် မသွားဖို့ တားမြစ်ကြပါလား။ မတားမြစ်နိုင်ပါဘူး။ သတင်းစာတွေကနေ ဘယ်လောက်ပဲ မသွားနဲ့ ရေးနေရေးနေ၊ အဲဒီကို သွားမှ သူတို့ရဲ့ဘ၀ အဆင်ပြေနေတာကို လက်တွေ့ကြုံနေကြရတော့ ဘယ်မှာလာလို့ တားရလိမ့်မလဲ။ ဘွဲ့ရပြီး ထိုင်းနယ်စပ်သွား ခြံထဲဆင်းအလုပ်လုပ်နေရအောင် သူရတဲ့ဘွဲ့နဲ့ သူ့နိုင်ငံပညာရေးက ဘာလဲ။ ဘယ်လဲ။

ဝင်ဒါမီဒီယာထဲမှာတောင် မီးအားက အရမ်းနည်းနေတယ်။ ကျောင်းမှာ ကိုရင်တွေ ရေချိုးစရာ ရေမရှိဘူး။ အိမ်သာတက်စရာ ရေမရှိဘူး။ ဘေးကအိမ်တွေကတော့ မီးအားမြှင့်စက် သုံးနေကြတယ် ထင်ပါရဲ့။ မီးတွေ ထိန်လင်းနေပါတယ်။ မီးတွေ ချွေတာသုံးကြနော်၊ မီတာစောင့်ရှောက်ခဆိုပြီး သုံးထောင်ထပ်ပေးဖို့ မနက်က ပြောသွားတယ်တဲ့။ ဆရာတော်က အမိန့်ရှိတယ်။ ``မီတာက ငါ့ကျောင်းမှာ ဒီအတိုင်းထားတာပါကွာ၊ သူတို့လဲ စောင့်ရှောက်တာ မဟုတ်ဘူး´´ ဆရာတော်က ရေရွတ်နေပါတယ်။ မိုးသားတွေတက်လာလို့ မော့ကြည့်လိုက်တယ်။ တိမ်တွေရဲ့ တောက်ပမှုက အရောင်တွေ ကွဲနေတယ်။

အခုတလော မိုးတိမ်တွေ ပြန်ကြည်လင်လာတယ်။ သွားရလာရ အဆင်ပြေလာတယ်။ ကျန်းမာရေးစောင့်ရှောက်ချင်လို့ဆိုပြီး မကြာခဏ လာကြည့်ပေးနေတဲ့ သူတွေက လွဲရင်ပေါ့။ ကိုယ်သွားတဲ့နေရာကို လိုက်စောင့်ရှောက်နေတယ်။ ကျေးဇူးတင်ရမလား။ ကျောင်းတစ်ကျောင်းမှာ စစ်သူနာပြုတစ်ယောက် ထားချင်တယ်ဆိုလား။ အခုလို မကြာခဏ လာနေရတော့ လမ်းစရိတ်ကုန်လို့ ထင်ပါတယ်။ ကျောင်းနားက အိမ်တွေကိုလည်း ည ၁၂-နာရီကျော် အချိန်မတော် ဧည့်စာရင်းလာစစ်လိုစစ်။ တော်တော် ဂရုစိုက်ကြတယ်။
``အရှင်ဘုရား သီရိလင်္ကာကပြန်လာတဲ့ ကိုယ်တော်လား´´။ ဟုတ်ပါတယ်။ မိုးလင်းလို့ အိပ်ယာက ထာတာနဲ့ စစ်သားသုံးယောက်နဲ့ သူနာပြုတစ်ယောက် ကျောင်းရောက်လာတယ်။ နေ့စဉ်လာကြည့်မယ်တဲ့။ အရှင်ဘုရားကျန်းမာရေးအတွက်ပါတဲ့။ ကျေးဇူးတင်ဖို့ အလွန်ကောင်းပါတယ်။ ကိုယ့်ကျန်းမာရေး ကိုယ်က ဂရုစိုက်စရာ မလိုဘူး။ သူတို့က သိပ်အလိုက်သိကြတယ်။ တစ်နေ့ကလဲ မယကလူကြီးဆိုလား ဘာဆိုလား၊ အရှင်ဘုရား ဘွဲ့အမည်လေး ပေးပါအုံးဆိုလို့ ပေးလိုက်ရတယ်။ ``ငါ့သား အစစအရာရာ ဂရုစိုက်ပါ´´ဆိုတဲ့ အမေ့စကား ဒါတွေကို ရည်ညွှန်းသလား မပြောတတ်ပါဘူး။ ဂရုစိုက်လွန်းသူတွေရဲ့ ကြားမှာ မနေတတ်တော့ဘူး၊ အမေ့ဆီ ပြန်တာပဲ ကောင်းတယ်။

လွယ်နေတဲ့ ပြဿနာတွေ
ခက်ခက်သွားတာအတွက်
ဆုတောင်းမနေချင်တော့ဘူး။
ခဏခဏ စီးဆင်းလာနေတဲ့ မျက်ရည်တွေ
ခမ်းခြောက်သွားဖို့တော့
တမ်းတနေမိပါတယ်။

Sunday, August 9, 2009

ရန်ကုန်သွား တောလား

ရန်ကုန်က စိမ်းနေသလား၊ ရန်ကုန်ကိုပဲ စိမ်းနေသလား။ မပြောတတ်။ ရန်ကုန်မြေပေါ်မှာ အစိမ်းရောင်တွေ လွှမ်းနေခဲ့တယ်။ မတွေ့ခင်က တွေ့ချင်မြင်ချင်လှသော အရာများကလဲ ခပ်အမ်းအမ်း ဖြစ်နေခဲ့တယ်။ နှုတ်ဆက်ဖို့ စကားလုံးတွေ ရှာမတွေ့ခဲ့။ လွမ်းနေခဲ့သော ရွှေတိဂုံကို အသွား။ ခြေလှမ်းတွေက အလယ်ပစ္စယံမှာ တန့်နေခဲ့တယ်။ ရှေ့ဆက်လှမ်းလိုစိတ် မရှိတော့။ ရင်မခုန်တာ ကြာခဲ့ပြီဖြစ်သော ထူထဲနေခဲ့တဲ့ ရင်ဘတ်ပြင်တစ်ခုလုံး ဘယ်ညာလား၊ အထက်အောက်လား ခွဲခြားမသိနိုင်လောက်အောင် ခုန်လှုပ်လာခဲ့တယ်။ ရန်ကုန်ကို ရောက်တာ တစ်ပတ်ရှိပြီ။ ရွှေတိဂုံပေါ်ကို

မရောက်သေး။
မေတ္တာမဲ့နေသော
ခပ်စိုက်စိုက်အကြည့်တွေအောက်မှာ
ကိုယ့်ကိုယ်ကိုယ်
သားကောင်များလေလော
ဝေခွဲမရ ဖြစ်နေခဲ့တယ်။

အေးမြတဲ့ သိင်္ဂုတ္တရ၀န်းကျင်မှာ
မုဆိုးတွေ ၀န်းရံခနေခဲ့လို့
ရင်ဘတ်ဖိပြီး လှည့်ပြန်နေရတယ်။


မနေ့က စာအုပ်ဝယ်ဖို့ ၆-မိုးလောက် ကျင်လည်ခဲ့ဖူးတဲ့ ကမ္ဘာအေးကို သွားခဲ့တယ်။ သုံးလမ်းမှတ်တိုင်က ၄၃-ဘတ်စ်ကားပေါ်ကို တက်လိုက်တယ်။ ခပ်ချောင်ချောင် ကားပေါ်မှာ သံဃာခုံပေါ်က ထမပေးနိုင်တဲ့ တိုးတက်နေတဲ့ မြန်မာဗုဒ္ဓဘာသာတွေကို ယောနိသောနဲ့ မေတ္တာပို့ပေးခဲ့တယ်။ ဝေးကွာခဲ့တာ တစ်နှစ်၊ ပြောင်းလဲလာတာက အများကြီး။ ပြောင်းလဲမှုတွေက ရှေ့သို့ဆိုတာ မရှိ။ တဖြည်းဖြည်းနဲ့ အမိမြန်မာပြည် ကျောက်ခေတ်သို့ ပြန်သွားနေခဲ့တယ်။ စီးပွားရေးတွေ မကောင်းဘူး၊ အမြင်တွေ မကျယ်ဘူး။ အကျင့်တွေ ပျက်လာတယ်။ လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်။ ဒီမှာတော့ လူငယ်တွေ လေနေကြတယ်။ လဘက်ရည်ဆိုင်ထိုင်မယ်။ ရည်းစားရှာမယ်၊ ရည်းစားထားမယ်။ အမေ့ဆီက ပိုက်ဆံတောင်းပြီး ပန်းခြံသွားမယ်။

ရွှေတိဂုံအရှေ့ဘက်မုခ် ကျောင်းဆောင်ပြတင်းကနေ လောကခြင်းရာတွေကို မျက်စိတစ်ဆုံး ငေးနေမိတယ်။ အားတက်စရာတွေ ရှာမရ။ အဖြစ်အပျက်တွေရဲ့ ကွင်းဆက်တွေက နီးလွန်းလို့ ၀ါးဝါးသွားနေခဲ့တယ်။

ကောင်မလေးငယ်ငယ်လေးနဲ့ ဘဘကြီး၊ ဦးဦးကြီးတို့ စုံတွဲများ၊ ကောင်မလေးတွေနောက် တကောက်ကောက်လိုက်နေခဲ့သော ကိုယ်တော်ချောများ၊ အချစ်အတွက်လား၊ အနှစ်အတွက်လား ခွဲခြားမရအောင်ပဲ ဘုန်းဘုန်းနှင့် ကောင်မလေးစုံတွဲများ၊ လိုင်းကားခ တစ်ရာထိ တိုးသွားခြင်းနဲ့ ချစ်လှစွာသော မြန်မာများရဲ့ ရွှေမျက်နှာသုန်မှုန်ခြင်းများ…ထိုအရာများနှင့်…..လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ လူသားဆန်ခြင်း၊ လက်ဝါးကြီးအုပ်ဝါဒ လွှမ်းမိုးခြင်း၊ ငွေများတရားနိုင်ဖြစ်နေခြင်း၊ တစ်ဦးနဲ့တစ်ဦး ခွက်စောင်းခုတ်ခြင်း၊ တစ်ဖွဲ့ကို တစ်ဖွဲ့က ပြန်ဖားနေကြခြင်း (ရဟန်းယုတ်တွေကို နအဖက ဖား၊ နအဖကို ရဟန်းယုတ်တွေက ပြန်ဖားနေကြခြင်း)၊ …….ထိုအရာများ အဘယ်မျှ ဆက်စပ်နေကြသလဲ တွေးတောရင်း ကမ္ဘာအေးကို ရောက်ခဲ့ပါတယ်။ မိုးတွေရွာပြီးရင်းရွာ တိမ်တိုက်တွေ ရွေ့တာ မြန်လွန်းတယ်။

မြန်မာမှာ သာသနာတိုးတက်နေပါတယ်ဆိုသော အသံကုန်ဟစ်နေမှုများကို ရင်ခုန်သံ တဒုတ်ဒုတ်ဖြင့် တွေးနေခဲ့ပါတယ်။ ၄၃-ကားလေးပေါ်ကနေ ဆင်းလိုက်တယ်ဆိုရင်ပဲ ထူးခြားတဲ့ ရှုခင်းတွေကို သတိထားမိတယ်။ နာဂစ်က ရန်ကုန်ကို ခေါင်းရိတ်ပေးလိုက်ခဲ့တာပါလား။ ကမ္ဘာအေးကုန်းမြေကြီးက သစ်ပင်ကြီးတွေ မရှိတော့ဘူး။ ၀ိသာခါစစ်တပ်အဆောက်အအုံကြီးလဲ သင်တန်းခန်းမကြီး ဖြစ်နေတယ်။ စစ်သားတွေ တစ်ယောက်မှ မရှိတော့ဘူး။ သာသနာ့တက္ကသိုလ် မုခ်ဦးကလဲ သပ်ရပ်နေတယ်။ အရင်က အတွဲတွေ ဖြတ်လျှောက်နေတဲ့ တက္ကသိုလ်အဓိပတိလမ်းမကြီးဘေးမှာတော့ ``………မဆိုင်သူများ ဖြတ်သန်းသွားလာခွင့် မပြု´´တဲ့။ ဆိုင်းဘုတ်လေး တပ်ထားတယ်။ တံခါးဝကို ၀င်ပြီးကာမှ ``ငါကကော ဆိုင်သူလား၊ မဆိုင်သူလား´´ စဉ်းစားမိခဲ့တယ်။
အဆောင်ကို ရောက်တော့ သူငယ်ချင်းတွေ အားလုံး ၀မ်းသာအားရ၊ နှုတ်ဆက်ကြ၊ ပြောကြဆိုကြ၊ အတွေ့အကြုံလေးတွေ ပြောဖြစ်ခဲ့တယ်။ သူငယ်ချင်းတွေက ဖော်ရွေနေသလောက် အမိတက္ကသိုလ်ကြီးကတော့ မျက်လုံးစိမ်းနဲ့ ကြည့်နေသလို ခံစားခဲ့ရတယ်။ လျှောက်နေခဲ့တဲ့ ခြေလှမ်းတွေက မြေကြီးကို ထိခဲ့ရလား။ အတူတက်ခဲ့တဲ့ သူငယ်ချင်းတွေလဲ အားလုံးနီးပါးလောက် အရှင်းခံခဲ့ရတယ်။ အတန်းဖော် သူငယ်ချင်း ၇၀-ခန့်ထဲက ၃-ပါးသာ အထဲမှာ ရှိတော့တယ်။

စက်တင်ဘာ….မင်းဟာ မုန်တိုင်းတစ်ခု ပါလားကွယ်…။

မသောက်ရတာ ကြာပြီဖြစ်တဲ့ စူပါကော်ဖီမစ်နဲ့ သူငယ်ချင်းက ဧည့်ခံတယ်။ မီးပျက်နေလို့ ရေနွေးနဲ့ပဲ သောက်ခဲ့ရတယ်။ (ရေပူမဟုတ်ဘူး)။ ၆-နှစ်တာ ကျင်လည်ခဲ့ရတဲ့ ရပ်ဝန်းမှာ သူငယ်ချင်း လေးငါးပါးပဲ ရှိတော့တာ….. ၀မ်းနည်းရမှာလား၊ ၀မ်းသာရမှာလား…အမျိုးအမည်မသိတဲ့ ခံစားချက်တို့က ရင်ထဲမှာ လွန်းထိုးလာခဲ့တယ်။ ``တက္ကသိုလ်မှာ အသက်ရှည်ဖို့ စာတတ်တာ မတတ်တာ၊ တော်တာ မတော်တာ၊ ဗဟုသုတကြွယ်တာ မကြွယ်တာ….ဒါတွေက အရေးမကြီးဘူး၊ ခပ်အေးအေး နေတတ်တာကမှ အရေးအကြီးဆုံး´´တဲ့လေ။ ရှက်တတ်ရင်တော့ လဲသေဖို့ ကောင်းပါတယ် မေမေရယ်။
ရာထူး၊ အာဏာ၊ လုပ်ပိုင်ခွင့်….. သင်္ကန်းဝတ်ပြီးတော့ မလုပ်ကြပါနဲ့ဗျာ။ ရင်ထဲမှာ အေးကျင်လာတယ်။ နာကျင်စရာတွေက များလွန်းတော့ ခံစားမှုရေချိန်က အဆုံးထိ တက်မလာခဲ့ဘူး။ အပြန်မှာ အင်တာနက်ဆိုင် ၀င်ထိုင်ခဲ့တယ်။ ဘလော့မပြောနဲ့၊ ၀က်ဘ်ဆိုက်တောင် ဖွင့်မရခဲ့ဘူး။ မေမေရယ်…အမိမြေမှာ ``Access has been denied´´တဲ့။ အဲဒီစာသားလေးအစား ``Evil has been denied´´ဆိုတဲ့စာသားလေးများ ဖြစ်လိုက်ပါတော့လားလို့ တိုးတိုးလေး ရေရွတ်မိခဲ့တယ်။

မျှော်လင့်ချက်မဲ့နေတဲ့ ကောင်းကင်အောက်မှာ အားလုံးဟာ မှုန်ဝါးနေခဲ့ကြတယ်။ မိုးတွေ တသဲသဲ ရွာသွန်းတော့ ရန်ကုန်က မကြည်မလင်၊ အဆင်မပြေမှုတွေသာ ရွာသွန်းနေခဲ့တော့ လမ်းမထက်မှာ ရွှေမျက်နှာများလဲ သုန်မှုန်နေခဲ့ကြတယ်။ လက်သီးဆုပ်ဖို့ ပြင်ကာရှိသေးတယ်၊ ရန်သူရဲ့ မြှားချက်က ရင်ဝမှာ လာစူးဝင်ခဲ့တယ်။ အခုထိ ရာသီဥတုက ကိုယ့်ဘက်လှည့်မယ့်ပုံ မပေါ်သေးဘူး။

Tuesday, July 28, 2009

ရပ်နေမလား၊ ဆက်မလား၊ ဆုတ်မလား

“လူ”ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပာယ်ကို အမျိုးမျိုး ဖွင့်ဆိုပြကြတယ်။ ကျောင်းတုန်းက ဆရာကြီးဦးစံတင်က “အညွန့်တလူလူ တက်နေတာကို လူ”လို့ ဖွင့်ပြပါတယ်။ သူဆိုလိုတာကတော့ ရှင်းပါတယ်။ လူဆိုတာ အမြဲတမ်း ရှေ့သို့ ဆိုတာပဲ ဖြစ်နေရမယ်ပေါ့။ သစ်ပင်မှာ အညွန့်လေးတွေ ဝေနေရင် တော်တော်ကြည့်လို့ ကောင်းပါတယ်။ ဆရာကြီးရဲ့ ဖွင့်ဆိုချက်ကို သဘောကျပြီးနောက်ပိုင်း ကိုယ့်ကိုကိုယ်လဲ အညွန့်ဝေနေတဲ့သစ်ပင်လေးအဖြစ် ဖန်တီးနေကြည့်တတ်ပါတယ်။ အခြားလူတွေ(အထူးသဖြင့် လူငယ်လေးတွေ)ကိုလဲ အညွန့်တွေ ဝေဆာနေတဲ့သစ်ပင်လေးတွေအဖြစ် မြင်ယောင်ကြည့်နေတတ်တယ်။ ဒီလူငယ်လေးကတော့ အညွန့်တွေ ဝေနေတာပဲ။ ဒီလူငယ်လေးကတော့ အညွန့်လေးတွေက တုံးနေတယ်။ စသဖြင့်ပေါ့။



စာသင်တိုက်မှာ စာသင်စဉ်က ၀ိဂ္ဂဟတွေ ကျက်တော့ လူလို့ အဓိပ္ပာယ်ရတဲ့ “မနုဿ”ဆိုတဲ့ ပုဒ်လေးကို စိတ်ဝင်စားမိတယ်။ သူ့ကို ဋီကာကျော်ဆရာက “မနော ဥဿန္နံ ယေသန္တိ မနုဿာ”လို့ ဖွင့်ပြပါတယ်။ ပြန့်ပွားနေတဲ့စိတ်၊ တိုးပွားနေတဲ့စိတ်ရှိသူကို လူလို့ ဆိုပါတယ်။ ဒါကလဲ အနှစ်သာရအားဖြင့်တော့ အညွန့်တလူလူတက်နေတဲ့အဓိပ္ပာယ်နဲ့ ခပ်ဆင်ဆင်ပါပဲ။ ပြန့်ပွားနေတဲ့စိတ်ရှိသူဆိုတော့ စိတ်က ဘယ်လိုစိတ်လဲလို့ မေးစရာက ရှိလာပြန်တယ်။ မကောင်းတဲ့စိတ်တွေ ပြန့်ပွားနေရင်ကော လူလို့ ဆိုရမလား။ ဓမ္မဓိဋ္ဌာန်ကျကျဆိုရရင်တော့ ဆိုနိုင်တယ်လို့ ပြောရပါမယ်။ စာကလဲ မနုဿဆိုတဲ့ ပုဒ်လေးကို အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ ရဲရင့်ခြင်းနဲ့ပြည့်စုံသူ၊ သတိတရားရှိသူ၊ မြင့်မြတ်သောစိတ်ဓာတ်ရှိသူကို မနုဿ=လူလို့ ခေါ်ပါတယ်။ နောက်တစ်ခုရှိတာက ဥက္ကဋ္ဌဂုဏစိတ္တာ=မြင့်မြတ်သောဂုဏ်ရှိတဲ့ စိတ်ဓာတ်ရှိသူကိုမှ လူလို့ ခေါ်ပါတယ်။ ဒီဖွင့်ဆိုချက်တွေ အလိုအရဆိုရင်တော့ မြင့်မြတ်တဲ့စိတ်ဓာတ်၊ မွန်မြတ်တဲ့စိတ်ဓာတ်ရှိတဲ့သူတွေသာ လူလို့ ဆိုနိုင်ပါတယ်။


ဖွင့်ဆိုချက်တွေက ဒီလောက်နဲ့ မရပ်သေးဘူး။ လောဘအစရှိတဲ့ မကောင်းမွန်၊ မမြင့်မြတ်တဲ့စိတ်ဓာတ်တို့နဲ့သာမက ကောင်းမွန်မြင့်မြတ်သောစိတ်ဓာတ်များနဲ့ နပန်းလုံးနေရတဲ့သူကို လူလို့ ခေါ်နိုင်ကြောင်း ထပ်မံဖွင့်ဆိုထားတယ်။ မကောင်းသောစိတ်များ၊ ကောင်းသောစိတ်များဆိုတဲ့ အကောင်း၊ အဆိုးစိတ်ဓာတ်နှစ်မျိုးလုံး စက္ကန့်မလပ်တိုးပွားအောင် လုပ်ဆောင်နေတာဟာ လူ။ ဒါဆိုရင် သဘောတရားအားဖြင့်တော့ အမေမွေးပြီဆိုကတည်းက အားလုံးဟာ လူဖြစ်ကြပြီပေါ့။ (ပါထိက၀ဂ္ဂဋီကာ၊ လက္ခဏသုတ္တ၀ဏ္ဏနာ)

ပြီးတော့ လောကမှာ ယောက်ျားပီသတယ်၊ မိန်းမပီသတယ်စသဖြင့် ဆိုနေကြသလို လူပီသရမယ်လို့ ဆိုတဲ့သူလဲ ရှိပါတယ်။ လူသားဆန်ရမယ်လို့လဲ သုံးကြတယ်။ ပြောကြတယ်။ ဒါက ဘာကို မီးမောင်းထိုးပြနေပြန်သလဲဆိုတော့ လူမပီသသူတွေလဲ ရှိနေတယ်လို့ ဆိုရာကျပါတယ်။ လူသားမဆန်သူတွေလဲ ရှိနေတယ်လို့ ဆိုရာကျပါတယ်။ ဒါဆိုရင် အမေမွေးကတည်းက လူဖြစ်ပြီဆိုတဲ့စကားလုံးကလဲ ထာဝရမမှန်ပေဘူးပေါ့။ ဆိုတော့ လူ သတ်မှတ်ချက်၊ လူ့စံနှုန်းတွေ အများကြီး ပေါ်ထွက်လာရတယ်။ အဲဒီကနေမှ လူ့ကျင့်ဝတ်တွေဆိုတာလဲ ပေါ်လာရသပေါ့။

လူ့ကျင့်ဝတ်စံနှုန်းတွေက ဘာသာအလိုက်၊ လူမျိုးအလိုက် အမျိုးမျိုး ကွဲပြားနေပေမယ့် (ယေဘုယျအနေအားဖြင့်) မကွဲပြားတဲ့၊ တူညီတဲ့ စံနှုန်းကတော့ ရှိနေပါတယ်။ အဲဒါကတော့ အကောင်းနဲ့အဆိုးပါပဲ။ ဒါတောင်မှ အကောင်းနဲ့အဆိုးမှာ စံနှုန်းတွေက အမျိုးမျိုးရှိနေသေးတာ။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာမှာဆို လူ့ကျင့်ဝတ်အတွက် အခြေခံစံနှုန်းအနေနဲ့ ငါးပါးသီလကို ပြောထားတယ်။ ဒါပေမယ့် အချို့ဘာသာတွေက “သူ့အသက်”ဆိုတာကို လူ့အသက်လို့ အဓိပ္ပာယ်ဖွင့်ပြီး တိရစ္ဆာန်တွေကို သတ်ခွင့်ပြုထားတယ်။ စသဖြင့်ပေါ့။
ယေဘုယျအမြင်အားဖြင့်တော့ အတားအဆီးတွေ တဖြည်းဖြည်းပြိုကျလာနေတဲ့ ယနေ့ကမ္ဘာမှာ ကောင်းတာနဲ့ဆိုးတာဟာ ဘာမှ ဖွင့်ဆိုစရာမလိုအောင်ကို နားလည်နိုင်စရာ ဖြစ်ပါတယ်။ ဟုတ်ပြီ၊ ဒါဆိုရင် အညွန့်တလူလူတက်နေတယ်ဆိုတာဟာ ကောင်းမွန်ခြင်းတရားတွေ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း တိုးတက်နေမှသာ လူပီသတယ်၊ လူသားဆန်တယ်လို့ ဆိုရပါလိမ့်မယ်။ ဆိုးယုတ်တဲ့စိတ်ထားတွေ တလူလူတက်နေတဲ့သူကိုတော့ လူမပီသသူ၊ လူသားမဆန်သူလို့ ဆိုရတော့မှာပေါ့။ အဲဒီလို လူမျိုးကို လူ့ညွန့်တုံးတယ်လို့ ပြောတတ်ကြတယ်။

ဒီတော့ လူပီသဖို့အတွက် မိမိတို့ဟာ နေ့စဉ်နဲ့အမျှ မြင့်မြတ်တဲ့ စိတ်ဓာတ်အဆောက်အအုံကြီးကို တည်ဆောက်ဖို့ လိုအပ်လှပါတယ်။ ဗုဒ္ဓဘာသာအလိုအရဆိုလျှင် မြင့်မြတ်သောစိတ်ဓာတ်များ တစ်ဆင့်ချင်း တည်ဆောက်ခြင်းအားဖြင့် နောက်ဆုံး သတ္တ၀ါအားလုံးတို့ရဲ့ ကိုးကွယ်ရာ ဘုရားအထိ ဖြစ်နိုင်စွမ်းရှိပါတယ်။ လူတိုင်းလူတိုင်းကတော့ အနည်းနဲ့အများ စိတ်ကောင်းရှိပြီး တည်ငြိမ်တဲ့ဘ၀တစ်ခုကို ရလိုကြပါတယ်။ ဒါပေမယ့် ဗီဇနဲ့ပတ်ဝန်းကျင်အရ စိတ်ဓာတ်အဆောက်အအုံတွေ ပြိုလဲသွားတတ်ကြပြန်ပါတယ်။
စိတ်ဓာတ်အဆောက်အအုံ တည်ဆောက်ရာမှာ အချို့က ဘ၀တစ်သက်စာလုံး ကောင်းမြတ်ခြင်းတရားတွေကို ရင်ဝယ်ပိုက်သွားကြတယ်။ အချို့က နည်းနည်းလေး တည်ဆောက်ပြီး ဒုံရင်းဒုံရင်း မကောင်းဘက်ကို ပြန်ရောက်သွားတယ်။ အချို့က အစကတည်းက ကောင်းမြတ်ခြင်းဆိုလို့ ဘာကိုမှ မလုပ်ချင်သူများ ဖြစ်တယ်။

စိတ္တလတောင်မှာ ကန္နီနည်းနဲ့တရားအားထုတ်စဉ်က ကန္နီဆရာတော်ကြီးပြုစုတဲ့ ယောဂိပါရဂူကျမ်းကို ဖတ်ရတယ်။ အဲဒီမှာ ဘာတွေ့သလဲဆိုတော့ ပုဂ္ဂိုလ်သုံးမျိုးကို ရှင်းပြထားတာ တွေ့ရတယ်။ တရားထိုင်တဲ့အခါမှာ ကွဲပြားလာတတ်တဲ့သုံးမျိုးပါ။
၁။ နောက်ဆုတ်ထိုင်
၂။ ရှေ့တိုးထိုင်
၃။ ငုတ်တုတ်ထိုင် ဆိုပြီး ယောဂီသုံးမျိုး ရှိတတ်ပုံကို ပြောပြထားတာပါ။ အချို့ယောဂီတွေဟာ မိမိက တရားအဆင့်မြင့်တက်ပြီး ကြည်လင်သော နိမိတ်အလင်းများ ရနေသော်လည်း ရှေ့ဆက် အားထုတ်မှုမရှိဘဲ မကြည်လင်သော အဆင့်မမြင့်သော အာရုံများကို ပြန်၍ ရှုမှတ်နေတတ်ပါတယ်။ အထက်တန်းရောက်ပြီးမှ အောက်တန်းသို့ ပြန်ဆင်းသွားသောသူကို ဆိုလိုပါတယ်။

နောက် ယောဂီတစ်မျိုးလဲ ရှိသေးတယ်။ သူကတော့ သူ ရထားတဲ့ တရားအဆင့်က နိမ့်နိမ့်လေးပဲ ရှိသေးတယ်။ ဒါပေမယ့် သူစိတ်ထဲမှာ အဆင့်အမြင့်ကြီးတွေကို မှန်းပြီး အားထုတ်နေတတ်တယ်။ သူ့ကိုတော့ ၀မရှိဘဲ ၀ိလုပ်သူလို့ ဆိုရမှာပေါ့။

နောက်တစ်ယောက်က ငုတ်တုတ်ထိုင်လို့ ဆိုပါတယ်။ သူကတော့ အစကလဲ အဆင့်မမြင့်ဘူး၊ အထက်တန်းမကျဘူး။ အဆင့်မြင့်အောင်၊ အထက်တန်းကျအောင်လဲ အားထုတ်ကြိုးပမ်းလိုစိတ် မရှိဘူး။ ဒါကြောင့် သူ့ကို ငုတ်တုတ်ထိုင်လို့ ဆိုရတာပေါ့။ တရားအားထုတ်တဲ့အခါမှာ ဒီပုဂ္ဂိုလ်သုံးမျိုးထဲမပါအောင် အားထုတ်ရမယ်လို့ ဆိုပါတယ်။

လူပီသအောင်၊ လူ့စံနှုန်းမီအောင် အားထုတ်လိုတဲ့သူဟာလဲ ဒီပုဂ္ဂိုလ်သုံးမျိုးလို မဖြစ်ဖို့ လိုပါတယ်။ ရှေ့မှာဆိုခဲ့သလို လူဆိုတာ ကောင်းမြတ်ခြင်းတရားတွေနဲ့ အညွန့်တလူလူဖြစ်နေရမှာပါ။ လောကမှာလဲ အချို့ ရှိတတ်ပါတယ်။ အစကတော့ ဟုတ်မလိုလိုနဲ့ ကောင်းရာမွန်ရာတွေ လုပ်လို့ပေါ့။ နောက်တော့လဲ ဒုန်းရင်းဒုန်းရင်း မကောင်းတာလုပ်တဲ့ အနေအထား ပြန်ဖြစ်သွားတာပဲ။ သူ့ကိုတော့ နောက်ဆုတ်သူ အရှုံးပေးသမားလို့ ဆိုရမယ်။ တချို့ကျတော့ ကောင်းတာလုပ်တာက မဖြစ်စလောက်၊ ဒါပေမယ့် သူ့ကိုယ်သူ တကယ့်သူတော်ကောင်းကြီး ဖြစ်နေသလိုမျိုး ထင်နေတတ်ကြပြန်တယ်။ သူ့အတွက်ကျတော့လဲ ဘ၀အထက်တန်းကျဖို့ မလွယ်ပြန်ပါဘူး။ အဆိုးဆုံးကတော့ ငုတ်တုတ်ထိုင်သူပေါ့။ သူကတော့ အစကတည်းက အဆင့်မမြင့်၊ အထက်တန်းမကျဘူး။ အဆင့်မြင်လာအောင် အထက်တန်းကျအောင် တည်ဆောက်ရကောင်းမှန်းလဲ မသိဘူး။ အဆင့်မမြင့်တဲ့အတိုင်း၊ အထက်တန်းမကျတဲ့အတိုင်း သူ့ဘ၀သူ ကျေနပ်နေတယ်။

မိမိတို့ရဲ့ နေ့စဉ်ပတ်ဝန်းကျင်မှာ အထက်ပါ ပုဂ္ဂိုလ်သုံးမျိုးလုံးကို တွေ့နိုင်ပါတယ်။ မိမိကိုယ်ကိုလဲ မေးကြည့်ကြပေါ့။ ငါဟာ ဘယ်ပုဂ္ဂိုလ်အဆင့်ထဲမှာ ပါသလဲ။ တရားအားထုတ်မှုပိုင်းမှာတော့ အထက်ပါ သုံးမျိုးလုံးမဖြစ်အောင် ကြိုစားဖို့ တိုက်တွန်းထားပါတယ်။ လူ့လောက ကျင်လည်ရာ ရပ်ဝန်းမှာလဲ ကိုယ့်ကိုကိုယ် နောက်ဆုတ်သူလဲ မဖြစ်ရအောင်၊ မရှိတာကို အရှိထင်သူလဲ မဖြစ်ရအောင်၊ ငုတ်တုတ်ထိုင်သူလဲ မဖြစ်ရအောင် ကြိုးစားသင့်ကြပါတယ်။

Friday, July 24, 2009

သေဒကသုတ္တန်

(အရင်က ဒီသုတ္တန်ကို အကျယ်ချဲ့ပြီး ဆောင်းပါးရေးဖို့ စိတ်ကူးထားတာ။ ဒါပေမယ့် အခုတလော စာရေးချိန်မရလောက်အောင် အလုပ်ရှုပ်နေလို့ မရေးဖြစ်ခဲ့ဘူး။ ဒါကြောင့် အလွန်မှတ်သားစရာ ကောင်းတဲ့ ဒီသုတ္တန်ကို သူ့အရှိအတိုင်းပဲ တင်ပေးလိုက်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ထားခြင်းဖြစ်တဲ့အတွက် သေသေချာချာ ဖတ်ရှုဖို့တော့ လိုပါလိမ့်မယ်။

ကိုယ်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းဟာ သူတစ်ပါးတာဝန်ကို ထမ်းရွက်ပေးခြင်း ဖြစ်တယ်ဆိုတာ ဒီသုတ်က မီးမောင်းထိုးပြနေပါတယ်။

ဒီသုတ်ကို ဖတ်ပြီးတာနဲ့ အပြင်ဘက်ကို ငေါထွက်နေတတ်တဲ့ လက်ညှိုးတွေ ကိုယ့်မျက်နှာတည့်တည့်ကို ပြန်လာလိမ့်မယ်။)



အခါတစ်ပါး၌ မြတ်စွာဘုရားသည် သု မ္ဘတိုင်း သေဒကမည်သော သုမ္ဘတိုင်းသူတို့၏ နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို မိန့်တော်မူ၏- ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား စဏ္ဍာလ (မည်သော) ဝါးတိုင်ကို တက်တတ်သော ဆရာသည် စဏ္ဍာလဝါးကိုစိုက်ထူစေ၍ မေဒကထာလိက မည်သော တပည့်အား ''အမောင်မေဒကထာလိက လာလော့၊ သင်သည် စဏ္ဍာလဝါးတိုင်သို့ တက်၍ ငါ၏ ပခုံးထက်၌ ရပ်လော့''ဟု ပြော၏။

ရဟန်းတို့ ''ဆရာကောင်းပါပြီ''ဟု တပည့်မေဒက ထာလိကသည် စဏ္ဍာလဝါးတိုင် တက်တတ်သော ဆရာအားဝန်ခံပြောကြားပြီးလျှင် စဏ္ဍာလဝါးတိုင်ထက်သို့ တက်၍ ဆရာ၏ ပခုံးထက်၌ ရပ်၏။ ရဟန်းတို့ ထိုအခါစဏ္ဍာလဝါးတိုင် တက်တတ်သော ဆရာသည် တပည့်မေဒကထာလိကအား ''အမောင်မေဒကထာလိက သင်သည် အကျွန်ုပ်ကို စောင့်ရှောက်ပါ၊ အကျွန်ုပ်သည် သင့်ကို စောင့်ရှောက်ပါအံ့၊ ဤသို့ ငါတို့အချင်းချင်း လုံခြုံအောင် စောင့်ရှောက်ကြကာ အတတ် (ပညာ) တို့ကိုလည်း ပြကုန်အံ့၊ လာဘ်ကိုလည်းရကုန်အံ့၊ စဏ္ဍာလဝါးတိုင်မှလည်း ချမ်းသာစွာ ဆင်းနိုင် ကြကုန်အံ့''ဟု ပြောဆို၏။

ရဟန်းတို့ ဤသို့ပြောဆိုလတ်သော် မေဒကထာလိကသည် စဏ္ဍာလဝါးတိုင် တက်တတ်သည့် ဆရာအား ''ဆရာဤစကားသည် မသင့်ပါ၊ ဤသို့ ဖြစ်ပါအံ့၊ ဆရာ သင်သည်လည်း မိမိကိုယ်ကို စောင့်ရှောက်ပါ၊ အကျွန်ုပ်သည်လည်း မိမိကိုယ်ကို စောင့်ရှောက်ပါအံ့၊ ဤသို့ အကျွန်ုပ်တို့ သည် မိမိကိုယ်ကိုသာလုံခြုံအောင် စောင့်ရှောက်ကြကာ အတတ်ပညာတို့ကိုလည်း ပြပါကုန်အံ့၊ လာဘ်ကိုလည်း ရပါကုန်အံ့၊ စဏ္ဍာလဝါးတိုင်မှလည်း ချမ်းသာစွာ ဆင်းနိုင်ကြရပါကုန်အံ့''ဟု ပြောဆို၏။

''ထို (ဆရာတပည့်နှစ်ဦးတို့၏) စကားတို့တွင် ထိုတပည့်၏ စကားသည် သင့်မြတ်သောအကြောင်းဖြစ်ပေ၏''ဟု မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ရဟန်းတို့ တပည့်မေဒကထာလိကသည်ဆရာကို ပြောသကဲ့သို့ ''မိမိကိုယ်ကို စောင့်ရှောက်အံ့''ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏၊ ''သူတစ်ပါးကိုစောင့် ရှောက်အံ့''ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏။ ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော်သူတစ်ပါး ကိုလည်း စောင့်ရှောက်ရာ ရောက်၏၊ သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော်မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်၏။

ရဟန်းတို့ အဘယ်သို့လျှင် မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကို စောင့်ရှောက်ရာရောက်သနည်း။ အဖန်ဖန် မှီဝဲခြင်း ပွါးများခြင်း ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းဖြင့် မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏။ ရဟန်းတို့ အဘယ်သို့လျှင် သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကို စောင့်ရှောက်ရာ ရောက်သနည်း။ သည်းခံခြင်း မညှဉ်းဆဲခြင်း မေတ္တာစိတ်ရှိခြင်း အစဉ်သနားခြင်းဖြင့် သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်ပေ၏။

''ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်အံ့''ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏၊ ''သူတစ်ပါးကို စောင့်ရှောက်အံ့''ဟု သတိပဋ္ဌာန်ကို မှီဝဲအပ်၏။ ရဟန်းတို့ မိမိကိုယ်ကို စောင့်ရှောက်သည်ရှိသော် သူတစ်ပါးကိုလည်း စောင့်ရှောက်ရာ ရောက်၏၊ သူတစ်ပါးကို စောင့်ရှောက်သည်ရှိသော် မိမိကိုယ်ကိုလည်း စောင့်ရှောက်ရာ ရောက်၏ဟု (မိန့်တော်မူ၏)။

Monday, July 20, 2009

ရဟန်းတော်များ၏ အမွေအနှစ် အခန်း (၁)

(တကယ်တော့ မိတ်ဆက်အမှာကို ခပ်ရှည်ရှည် ရေးသင့်တာပါ။ ဒါပေမယ့် မရေးတော့ပါဘူး။ အခု..Dr. Wapola Rahula မထေရ်မြတ်ရဲ့ The Heritage of Bikkhu ဆိုတဲ့ စာအုပ်ကို ၈၀%ရာခိုင်နှုန်း မြန်မာပြန်ပြီး ကျန်တဲ့ ၂၀%ရာခိုင်နှုန်းကို ဦးဇင်းရဲ့ အိုင်ဒီယာနဲ့ ပေါင်းစပ်ပြီး "ရဟန်းတော်များ၏ အမွေအနှစ်"ဆိုပြီး အခန်းဆက် တင်ဆက်ပါတော့မယ်။ အခြေအနေအရ တစ်ခန်းနဲ့တစ်ခန်း ကြန့်ကြာနေတာများလဲ ရှိလာမယ့်အနေအထားရှိပါတယ်။ အရမ်းကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ အဓိကအားဖြင့် မြန်မာဗုဒ္ဓဘာသာဝင်တွေ သိသင့်သိထိုက်ပါတယ်။ ဒေါက်တာဝါပိုလ်လာရာဟုလာမထေရ်ဟာ သီရိလင်္ကာသမိုင်းမှာတော့ အင်မတန်ကို ကျော်ကြားတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ယနေ့ သီရိလင်္ကာဗုဒ္ဓဘာသာနဲ့ ပညာရေးအခင်းအကျင်းဟာ ဒေါက်တာဝါပိုလ်လာရာဟုလာနဲ့ ဘယ်လိုမှ ခွဲခြားလို့ မရစကောင်းပါဘူး။ ဒီစာအုပ်ကို မရေးခင်အချိန်က သီရိလင်္ကာဗုဒ္ဓဘာသာတွေဟာလဲ မြန်မာဗုဒ္ဓဘာသာဝင်တွေလို စိတ်ဓာတ်မျိုးတွေ ရှိနေကြပါတယ်။ ဆရာတော်က ဒီစာအုပ်ကို ပြုစုပြီးတဲ့နောက်ပိုင်းမှာကျမှ သီရိလင်္ကာဗုဒ္ဓဘာသာဝင်တွေ မျက်စိပွင့်နားပွင့် ဖြစ်ကုန်ကြတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟောကြားသော ပိဋကတ်တော်များနှင့်အညီ မျက်မှောက်ခေတ်မှာ ရဟန်းတော်များအတွက် ရှိသင့်ရှိထိုက်သော နေရာကို သတ်မှတ်ပေးလိုက်သလိုလဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ဒီစာအုပ်ကနေ တစ်စုံတစ်ရာ ရရှိကြမယ်ဆိုရင် ဒီစာအုပ်ကို မြန်မာပြန်ရကျိုး နပ်ပါပြီ။ အားလုံးကို ကျေးဇူးတင်ပါတယ်။)


ဗုဒ္ဓဘာသာနှင့် လူမှုရေးလုပ်ငန်းများ




ဗုဒ္ဓဘာသာသည် အများကောင်းကျိုး ဆောင်ရွက်ပေးခြင်းအပေါ်တွင် အခြေခံထားသော ဘာသာတစ်ရပ် ဖြစ်သည်။ ဂေါတမမြတ်စွာဘုရားအလောင်းတော် သုမေဓရသေ့ဟာ ဒီပင်္ကရာမြတ်စွာလက်ထက်က သူကိုယ်တိုင် လက်လှမ်းမီတဲ့ နိဗ္ဗာန်ချမ်းသာမြတ်ကို ရရှိနိုင်သော်လည်း လောကကောင်းကျိုး သယ်ပိုးဆောင်ရွက်ချင်သောကြောင့် သံသရာမှာ ဆက်လက်ကျင်လည်ပြီး ပါရမီများ ဖြည့်ဆီးခဲ့ပါသည်။ စစ်မှန်သော ဗုဒ္ဓဘာသာဝင်ဟု မိမိကိုယ်ကို လက်ခံယုံကြည်ထားလျှင် သတ္တ၀ါအများကောင်းကျိုးအတွက် မိမိ၏ အမြိုက်နိဗ္ဗာန်ချမ်းသာကို စွန့်လွှတ်နိုင်စွမ်းရှိသင့်ပါ၏။

မြတ်စွာဘုရားရှင်သည် သူ၏ တပည့်ရဟန်းတော်များကို တစ်နေရာတည်းတွင် မနေကြဖို့ တစ်ရွာမှ တစ်ရွာ၊ တစ်နေရာမှ တစ်နေရာ လှည့်လည်ပြီး လောကလူသားတို့ကောင်းကျိုးအတွက် တရားတော်များကို ဟောကြားပေးဖို့ တိုက်တွန်းဟောကြားခဲ့၏။ အခြေအနေနှင့် အချိန်အခါအားလျှော်စွာ မြတ်စွာဘုရားရှင်နှင့် တပည့်သံဃာတော်များသည် ၀ါတွင်းကာလမှတစ်ပါး ခရီးလှည့်လည်ခဲ့ကြပါသည်။ လောကလူသားတို့၏ ပစ္စုပ္ပန်ဘ၀ကောင်းကျိုး၊ တမလွန်ဘ၀ကောင်းကျိုးများ ဖြစ်ထွန်းပေါ်ပေါက်စေနိုင်သော အတွေးအမြင်များ ရရှိကြစေရန် တရားဓမ္မများ ဟောကြားဖြန့်ဖြူးခဲ့ကြသည်။

အိန္ဒိယရဟန်းတော်များ လှည့်လည်ဟောကြားခဲ့သော အတွေးအမြင်များကို လေ့လာဆန်းစစ်ကြည့်လျှင် အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။ ယေဘုယျအားဖြင့် ရွာသူရွာသားများ၏ လူနေမှုအဆင့်အတန်းမှာ နိမ့်ကျလှပါသည်။ စည်းစိမ်ဥစ္စာလည်း မရှိ၊ စာကလည်း မတတ်၊ သန့်ရှင်းသပ်ရပ်မှုက မရှိ၊ ကျန်းမာရေးကလည်း ချူခြာလှကြပါသည်။ သူတို့အတွက် အဘိဓမ္မာတွင် ဟောကြားထားသော နက်နဲပြီး ထူးခြားလေးနက်သော ဒဿနသဘောတရားများ၊ ရုပ်လွန်တရားများ၊ စိတ်ပညာဆိုင်ရာ တရားများပါဝင်သော တရားဓမ္မများကို ဟောကြားလေ့မရှိခဲ့ပေ။ သူတို့နှင့် နီးစပ်သော လက်လှမ်းမီနိုင်သော ရိုးရှင်းသော တရားတော်များကိုသာ ကောင်းကျိုးရည်မြော်၍ ဟောကြားခဲ့ပါသည်။ အဆိုပါ ရိုးရိုးရှင်းရှင်း ဟောကြားချက်များကို ပိဋကတ်တော်နေရာအနှံ့အပြားတွင် တွေ့မြင်သိရှိနိုင်ပါသည်။


ဒီဃနိကာယ်တွင် ပါဝင်သော စက္က၀တ္တိသီဟနာဒသုတ်သည် တိုင်းသူပြည်သားများ ဆင်းရဲ့ရခြင်းအကြောင်းတရားနှင့် တိုင်းပြည်တွင်း ရာဇ၀တ်မှုထူပြောရခြင်းအကြောင်းများကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြထားသည်။ မြတ်ဗုဒ္ဓသည် ဤအကြောင်းတရားများကို သိမြင်သဘောပေါက်ထားသည့်အတိုင်း သူကိုယ်တိုင် ဟောပြောပြရုံသာမက သူ၏ သာဝကများကိုလည်း လူသားတို့၏ ကောင်းကျိုးနှင့်ချမ်းသာသုခရရှိရေးအတွက် စီးပွားဥစ္စာရှာခြင်း၏ တန်ဖိုးနှင့် စီးပွားရေးတိုးတက်မှု၏ အရေးပါမှုတို့ကို ဟောပြောစေခဲ့ပါသည်။ ထို့အပြင် ကူဋဒန္တသုတ်တွင်လည်း `ခိုးဆိုးလုယက်မှုစသော ရာဇ၀တ်မှုများကို နှိပ်ကွပ်ခြင်းအားဖြင့် ရပ်တန့်အောင်လုပ်၍ မရနိုင်။ ထိုကဲ့သို့သော ရာဇ၀တ်မှုများကို သင့်တင့်လျောက်ပတ်စွာ အပြည့်အ၀ထိန်းချုပ်နိုင်ဖို့နှင့် ရပ်တန့်စေဖို့အတွက်ဆိုလျှင် ပြည်သူပြည်သားတွေအတွက် သက်တောင့်သက်သာ ဘ၀များကို တည်ဆောက်နိုင်သော ပျော်ရွှင်စွာလုပ်ကိုင်နိုင်သော အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးပေးရပါမည်´ဟု အတိအလင်း မိန့်တော်မူထားပါသည်။

`စီးပွားရေးလုပ်ငန်းများတွင် ကြီးပွားတိုးတက်လိုသော ကုန်သည်သည် တစ်နေ့လုံး အဆက်မပြတ် လုံ့လ၀ီရိယ ထားရှိရပါမည်။ အရောင်းအ၀ယ်ဖြစ်မည့် ကုန်ပစ္စည်းတွေကိုလည်း ရွေးချယ်နိုင်စွမ်း ရှိရပါမည်။ မိမိ ၀ယ်ယူရသည့်ဈေးနှုန်းနှင့် ပြန်လည်ရောင်းချရမည့် ဈေးနှုန်းတို့ကို ချင့်ချိန်ဆုံးဖြတ်နိုင်ရပါမည်။ ကုန်ပစ္စည်းများကို ပေါများသည့်ဒေသတွင် ၀ယ်ယူပြီး ရှားပါးသောဒေသတွင် ပြန်လည်ရောင်းချရန် စီမံနိုင်ရမည်။ အလေးခိုးခြင်းစသော မသမာမှုများဖြင့်လည်း မိမိ၏ ဖောက်သည်ကို မလိမ်ညာသင့်ပါ။ မိမိကိုယ်ကို မမျှတသော ကုန်သည်အဖြစ် မခံသင့်…´စသော စိတ်ဝင်စားဖွယ်ကောင်းသော တွေးခေါ်ညွှန်ကြားချက်များမှာ အင်္ဂုတ္တရနိကာယ်တွင် ပါဝင်သော သုတ်အတော်များများတွင် တွေ့နိုင်ပါသည်။

စီးပွားရေးကုံလုံကြွယ်ဝမှု (အတ္ထိသုခ)၊ ကြွယ်ဝချမ်းသာမှု (ဘောဂသုခ)၊ ကြွေးမြီကင်းရှင်းခြင်း (အနဏသုခ)နှင့် အပြစ်ကင်းသောဘ၀မှာ နေထိုင်ခြင်း (အန၀ဇ္ဇသုခ)တို့သည် လူသားများအတွက် ပျော်ရွှင်နည်းလေးမျိုး ဖြစ်ပါသည်။ မိမိ၏ လုပ်ငန်းဆောင်တာများတွင် ထကြွလုံ့လ၀ီရိယရှိခြင်း (ဥဋ္ဌာနသမ္ပဒါ၊ ရရှိထားသော စည်းစိမ်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း (အာရက္ခသမ္ပဒါ)၊ မိတ်ကောင်းဆွေကောင်းရှိခြင်း (ကလျာဏမိတ္တသမ္ပဒါ)နှင့် ၀င်ငွေအားလျော်စွာ သုံးစွဲခြင်း (သမ္မာဇီဝိတာ)တို့သည် လောကလူသားများအားလုံး၏ ကောင်းကျိုးချမ်းသာကို ဖြစ်စေနိုင်သည်ဟု ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူသည်။
နေ့စဉ်အသုံးစရိတ်အတွက် မိမိတို့ ရရှိလာသော စည်းစိမ်ဥစ္စာ၏ လေးပုံတစ်ပုံကိုသာ အသုံးပြုဖို့ မြတ်ဗုဒ္ဓသည် လူသားများကို ညွှန်ကြားခဲ့သည်။ ကျန်သုံးပုံတွင် နှစ်ပုံကို အရင်းအနှီးအဖြစ် သုံးစွဲရခြင်း၊ တစ်ပုံကို ရေးပေါ်ကိစ္စအတွက် သိမ်းထားရခြင်းအားဖြင့် လေးပုံထားရှိပြီး စီမံသုံးစွဲဖို့ ရှင်းလင်းတိကျစွာ ညွှန်ကြားထားသည်။

ချမ်းသာကြွယ်ဝလာသော မိသားစုတစ်စုအနေဖြင့် လက်ရှိအခြေအနေမှ ပြန်လည်လျှောကျမသွားဘဲ ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘ၀ကို ပိုင်ဆိုင်လိုလျှင် ပျောက်ဆုံးသွားသော ပစ္စည်းဥစ္စာများကို ပြန်လည်ရရှိအောင် ကြိုးစားခြင်း၊ ပျက်စီးနေသောပစ္စည်းဥစ္စာများကို ပြန်လည်ပြင်ဆင်ခြင်း၊ အစားအသောက်ကိစ္စများတွင် အလွန်အကျွံမဖြစ်စေခြင်းဟူသော အချက်တို့ကို ဖြည့်ဆီးပေးရန် လိုအပ်ပါသည်။ ထို့အပြင် မိသားစုအကြီးအကဲဖြစ်သောပုဂ္ဂိုလ် သို့မဟုတ် အိမ်ထောင်ဦးစီးအနေဖြင့် အကျင့်စာရိတ္တကောင်းများ ထားရှိရန်လည်း လိုအပ်ပါသည်။

အလုပ်လုပ်ရာတွင် ပျင်းရိဖင့်နွဲ့ခြင်းမရှိဘဲ မိမိစွမ်းအားရှိသမျှ အားကြိုးမာန်တက် ဆောင်ရွက်သင့်ကြောင်းကို ပါဠိတော်နေရာအတော်များများတွင် ဟောကြားထားပါသည်။ ကျန်းမာခြင်းသည် အမြင့်မားဆုံး အဖိုးတန်အရည်အချင်းတစ်ရပ် ဖြစ်ပါသည်။ လူတိုင်းလူတိုင်း ကျန်းမာရေးကောင်းမွန်ဖို့ အစွမ်းကုန် ကြိုးစားသင့်ကြပါသည်။

ဗုဒ္ဓတရားတော်များတွင် လူ့လောကအဖွဲ့အစည်းကောင်းစားရေးအတွက် မရေမတွက်နိုင်သော နည်းစနစ်၊ အတွေးအခေါ်များကို မကြာမကြာ ထုတ်ဖော်ဟောကြားခဲ့ပါ၏။ ပေးကမ်းလှူဒါန်းခြင်း (ဒါန)၊ ချိုသာစွာ ပြောဆိုခြင်း (ဝေယျာဝေစ္စ)၊ အများကောင်းကျိုးဆောင်ရွက်ပေးခြင်း (အတ္ထစရိယ)၊ သာတူညီမျှသဘောထားရှိခြင်း (သမာနတ္တတာ)ဟူသော အချက်လေးချက် သို့မဟုတ် သင်္ဂဟ၀တ္ထုလေးပါးသည် ဗုဒ္ဓမြတ်စွာ၏ လောကကောင်းစားရေးအခြေခံ လုပ်ဆောင်ချက်များဟု ထင်ရှားပါသည်။ မိမိ၏ မိသားစုသာမက လူ့အဖွဲ့အစည်းတစ်ရပ်လုံး စည်ပင်တိုးတက်ရေး၊ အပြန်ပြန်အလှန်လှန် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ညွှန်ကြားထားသော ဟောကြားချက်များကို သိင်္ဂါလသုတ်၊ ပရာဘ၀သုတ်နှင့် ၀သလသုတ်ကဲ့သို့သော သုတ္တန်များစွာတို့တွင် ဖော်ပြထားပါသည်။ သိင်္ဂါလသုတ်တော်မှာဆိုလျှင် ခင်ပွန်းသည်သည် မိမိ၏ ဇနီးမယားကို လှပသောအ၀တ်အစားများနှင့် လက်ဝတ်ရတနာများ ဆင်ယင်ပေးခြင်းအားဖြင့် ကျေနပ်နှစ်သိမ့်ဖို့ရန်ကိုပင် ဖော်ပြထားပါသည်။

မြတ်စွာဘုရားလက်ထက်တော်အခါက အချို့သော ဘုရင်များသည် ပြည်သူပြည်သားများကို နှိပ်ကွပ်လေ့ရှိကြသည်။ အဆိုပါ အကြောင်းအရာများကို ဓမ္မပဒဋ္ဌကထာတွင် ထင်ထင်ရှားရှား တွေ့နိုင်သည်။ တိုင်းပြည်အုပ်ချုပ်သူတို့၏ အရေးကြီးသော ပြဿနာရပ်များကိုပင် မဟာကရုဏာတော်ဖြင့် တိုက်ရိုက်အသားပေး ညွှန်ကြားခဲ့ပါ၏။ မြတ်စွာဘုရားရှင်၏ နိုင်ငံရေးအမြင်မှာ တိုင်းပြည်အုပ်ချုပ်သူတို့အနေဖြင့် တိုင်းသူပြည်သားများကို အန္တရာယ်မဖြစ်စေရခြင်း၊ ထိခိုက်နာကျင်အောင် မပြုလုပ်ရခြင်းဟူသော တရားမျှတသော အစိုးရမူဝါဒအခင်းအကျင်းပင် ဖြစ်ပါ၏။ တရားမမျှတသော အုပ်ချုပ်သူများ၏ မတရားအခွန်ကောက်ခံခြင်း၊ မင်းဆိုးမင်းညစ်တို့၏ လက်အောက်တွင် ဒုက္ခအသွယ်သွယ် ခံစားနေရခြင်းဟူသော အနေအထားများကို ကောင်းမွန်သင့်လျော်သော ပြောင်းလဲမှုဆီ ဦးတည်ဖို့ မကြာခဏ ဟောကြားခဲ့ပါသည်။

ဗုဒ္ဓဘာသာက တိုင်းပြည်အုပ်ချုပ်သူများကို အောက်ပါ တာဝန် (၁၀)ခု သို့မဟုတ် မင်းကျင့်တရား (၁၀)ပါးနှင့်အညီ အုပ်ချုပ်ဖို့ ညွှန်ကြားထားပါသည်။ ၎င်းတို့မှာ -
(၁) လှူဒါန်းပေးကမ်းခြင်း
(၂) သီလစောင့်ထိန်းခြင်း
(၃) စွန့်လွှတ်အနစ်နာခံခြင်း
(၄) ရိုးသားဖြောင့်မတ်ခြင်း
(၅) နူးညံ့သိမ်မွေ့ခြင်း
(၆) ကျင့်ကြံအားထုတ်ခြင်း
(၇) အမျက်ဒေါသမထားရခြင်း
(၈) အကြမ်းမဖက်ခြင်း
(၉) သီးခံခြင်းနှင့်
(၁၀) တိုင်းသူပြည်သားတို့နှင့် ဆန့်ကျင်ဘက်မပြုရခြင်း တို့ဖြစ်ပါသည်။ လိစ္ဆ၀ီပြည်ထောင်စုကို စစ်ပွဲဆင်နွှဲဖို့ ပြင်ဆင်သော မာဂဓဘုရင်သည် ကိုယ်စားလှယ်တစ်ဦးကို ဤစစ်ပွဲကို အောင်မြင်နိုင်မှု အလားအလာရှိမရှိ စုံစမ်းမေးမြန်းရန် မြတ်စွာဘုရားထံသို့ စေလွှတ်ခဲ့သည်။ ထိုအခါ မြတ်စွာဘုရားရှင်က လိစ္ဆ၀ီမင်းတို့မှာ အပရိဟာနိယတရား (၇)ပါး လက်ကိုင်ထားသောကြောင့် ဤစစ်ပွဲကို မအောင်မြင်နိုင်ကြောင်း မိန့်တော်မူခဲ့ပါ၏။
ထို့ကြောင့် မြတ်စွာဘုရားရှင်နှင့် သူ၏ တပည့်သာဝကများသည် လူသားထုတစ်ရပ်လုံး၏ ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်မှုရှိရေး၊ စီးပွားဥစ္စာရှာဖွေရေး၊ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိရေးစသော လူမှုရေးလုပ်ငန်းများနှင့် ပြည်သူပြည်သားများ ကောင်းကျိုးအတွက် စစ်မှန်၍ တရားမျှတသော အစိုးရပေါ်ပေါက်ရေးတို့ကို လမ်းညွှန်ပြသခဲ့ပါသည်။

မြတ်စွာဘုရားရှင်သည် သူ၏ လုပ်ငန်းဆောင်တာများကို အိန္ဒိယနိုင်ငံဟူသော အဓိကဒေသဖြင့် ကန့်သတ်မထားပေ။ ကျမ်းဂန်အထောက်အထားများအရ လူမျိုးရေးပဋိပက္ခများကို ဖြေရှင်းပေးရန်အတွက် သီရိလင်္ကာနိုင်ငံသို့ပင် ကြွရောက်၍ တရားရေအေး တိုက်ကျွေးတော်မူခဲ့ပါ၏။ ထို့အပြင် သမန္တပါသာဒိကာမည်သော ၀ိနည်းအဋ္ဌကထာကျမ်းတွင် နာမကျန်းသူတို့နှင့် လူသားတို့၏ ကောင်းကျိုးများ ဆောင်ရွက်ရန်၊ ခိုက်ရန်အငြင်းပွားခြင်းများကို ဖြေရှင်းပေးရန် ကြွရောက်တော်မူခဲ့ကြောင်း ပြဆိုထားသည်။ သီရိလင်္ကာနိုင်ငံတွင် အဖျားရောဂါဘေးကြီး ကျရောက်စဉ်က ကကုသန်မြတ်စွာဘုရားရှင်သည် နောက်ပါ တပည့်သာဝကများစွာဖြင့် ကြွရောက်ပြီး သေကျေပျက်စီးရသော ကပ်ရောဂါဘေးကြီးမှ ကယ်တင်ခဲ့ပါ၏။ ကောဏာဂုမ်မြတ်စွာဘုရားရှင်လက်ထက်တွင် သီရိလင်္ကာနိုင်ငံသည် အလွန်ပြင်းထန်သော မိုးခေါင်ရေရှားသောဘေးကြီး ကျရောက်ခဲ့၍ ကောဏာဂုမ်ဘုရားရှင်ကိုယ်တော်တိုင် ကြွရောက်ပြီး ကယ်တင်ခဲ့ရသည်။ ကဿပမြတ်စွာဘုရားရှင်သည်လည်း သီရိလင်္ကာသို့ ကြွရောက်ပြီး အလွန်ခါးသီးသော စစ်ပွဲပဋိပက္ခများကို အေးငြိမ်းစေပြီး သီရိလင်္ကာကျွန်းသူကျွန်းသားအတွက် ငြိမ်းချမ်းမှုနှင့် တိုးတက်မှုရရှိစေရန် တရားရေအေးတိုက်ကျွေးခြင်းအားဖြင့် ဖြေရှင်းပေးတော်မူခဲ့ပါသည်။

ဆက်ရန်ရှိပါသည်…….

Saturday, July 18, 2009

သြော်…အာဇာနည်…အာဇာနည်….


(ဓာတ်ပုံ ...ခေတ်ပြိုင်)

အာဇာနည်နေ့ ရောက်ခဲ့ပြန်ပြီ။ လွတ်လပ်ရေးနေ့၊ အာဇာနည်နေ့၊ ၈၈-နှစ်ပတ်လည်နေ့၊ ၇-ဇူလိုင်၊ စက်တင်ဘာနှစ်ပတ်လည်နေ့…ဘယ်နေ့မှာမှ တက်တက်ကြွကြွ မရှိကြတော့ဘူး။ အားလုံးက မေ့နေကြပြီ။ မမေ့နိုင်ဘဲ ရင်ထဲအသည်းထဲကနေ အမှတ်ရအောက်မေ့နေသူတွေကတော့ လှိုက်လှိုက်လှဲလှဲ သတိရအောက်မေ့နေဆဲ။ အဲဒီနေ့တွေ ရောက်တိုင်း မျက်ရည်ဝဲ။ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ ချန်မထားသင့်တဲ့ အဖြစ်အပျက်တွေ။ လုပ်သမျှ အရာမထင်လို့လား မသိ။ အာဇာနည်နေ့ လှုပ်ရှားမှုတွေက အားရစရာ မရှိ။ လူငယ်တွေကလဲ ခေတ်ပျက်ခေတ်ထဲမှာ စီးပွားရှာရင်း။ အလေလိုက်ရင်း ပေါ့ပေါ့ပါးပါး။ တစ်ချို့ကျတော့လဲ တရားသမားလိုလို ဘာလိုလိုနဲ့ သမိုင်းကို မျက်ကွယ်ပြု။ အာဏာရှင်ကို အဖေခေါ်နေသူတွေက ခေါ်လိုခေါ်။ အာဏာရှင်လက်သစ်တွေကို မြှောက်စားသူတွေ မြှောက်စား။

သြော်…အာဇာနည်…အာဇာနည်….မြန်မာမှာ ဖြစ်လာရတဲ့ အာဇာနည်များ သင်တို့အတွက် အာဇာနည်ဖြစ်လာရကျိုး မနပ်ပါတကား။

တရားသမားလိုလို ဘာလိုလို ညာလိုလိုနဲ့ ငါကောင်းစားရေးသာ အာရုံထားနေတဲ့ ဘုန်းကြီးလိုလို မဘုန်းကြီးလိုလို ပုဂ္ဂိုလ်တွေကလဲ ပေါပြီးရင်း ပေါလာနေတယ်။ `ဥပေက္ခာဝိဟာရပတိရူပကေန ကုသလေသု ဓမ္မေသု နိက္ခိတ္တဆန္ဒတာ ၀ဉ္စေတိ´။ ဗြဟ္မ၀ိဟာရတရားလေးပါးကို ဖွင့်ပြတဲ့ နေတ္တိအဋ္ဌကထာစကားတွေက ကောက်နှုတ်လိုက်တာပါ။ အဓိပ္ပာယ်က `ကောင်းမွန်မြင့်မြတ်သောတရားတွေကို ပြုလုပ်လိုသော ဆန္ဒမရှိတော့ခြင်းဟာ ဗြဟ္မ၀ိဟာရတရားဖြင့် နေနေသလို ဟန်ဆောင်လှည့်ဖြားတတ်သည်´တဲ့။ အဲ့လိုလူတွေ အဲ့လို ဘုန်းကြီးတွေက သိပ်များလာနေတယ်။ စိတ်ပျက်စရာ အတော်ကောင်းပါတယ်။ `ဟေ့ အာဇာနည်နေ့ရောက်ရင် ဒို့ ဘာလုပ်ကြမလဲ´အဲဒီလို မေးလိုက်တိုင်း…ဘာမှလဲ ဖြစ်မလာဘူး၊ လုပ်မနေတော့ပါဘူးကွာ..အဲဒီလိုပဲ ပြောနေကြတယ်။ စာရေးသူအမြင်အရတော့ အဲဒီလို မဟုတ်ဘူး။ ဘာမှ ဖြစ်လာအောင် လုပ်တာ မဟုတ်ဘူး။ ကျေးဇူးတင်သင့်၊ အလေးအမြတ်ပြုသင့်တဲ့ နိုင်ငံ့ခေါင်းဆောင်၊ မြန်မာတစ်မျိုးသားလုံးရဲ့ ကျေးဇူးရှင်တွေကို အောက်မေ့တသအမှတ်တရလုပ်တယ်ဆိုတာ ဗုဒ္ဓတရားတော်နဲ့လဲ ညီပါတယ်။ ဒါ မလုပ်သင့်တာကို လုပ်နေတာ မဟုတ်ဘူး။ အဲဒီလောက်လေးမှ ခွဲခြားမသိတတရင် ဗုဒ္ဓဘာသာလို့ ခေါ်နေတာကိုက ပုံစံမကျသေးဘူး။


သူများတွေက လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်။ ကျေးဇူးတင့်သင့်တဲ့သူတွေကို ကျေးဇူးတင်တယ်။ အလေးအမြတ်ပြုတယ်။ အဲဒီလို လုပ်နေကြတာကိုပဲ ဘေးကနေ `ကွိကွိ ကွက်ကွက်´လျှောက်ပြော။ မလုပ်သင့် မလုပ်ထိုက်တာကိုပဲ လုပ်နေကြသလိုလို။ ဒါကိုပဲ တကယ့်နိုင်ငံရေးကြီး လုပ်နေကြသလိုလို ထင်နေကြတယ်။ ကိုယ့်နိုင်ငံက လွတ်လပ်ရေးဖခင်တွေနဲ့ နိုင်ငံ့ကျေးဇူးရှင်၊ တစ်မျိုးသားလုံးရဲ့ ကျေးဇူးရှင်တွေကို အမှတ်တရ လုပ်တာဟာ နိုင်ငံရေးလုပ်တာမှ မဟုတ်တာပဲ။ ဒါ ဘာသာရေးလုပ်တာ။ (နိုင်ငံရေးနဲ့ဘာသာရေးဆိုတာ အတိုင်းအတာတစ်ခုအထိ ထပ်တူကျပါတယ်။) မင်္ဂလာရှိတဲ့အလုပ်တစ်ခုကို လုပ်တာပဲ။ ဆိုးရွားတဲ့ အုပ်ချုပ်မှုစနစ်ဆိုးအောက်ကနေ ထွက်လာတဲ့ ညစ်ပတ်စုတ်ပဲ့တဲ့အတွေးအခေါ်တွေက ဗုဒ္ဓဘာသာတွေကြားမှာ တိုးပွားလာနေတယ်။ အဲဒီလို ကျေးဇူးတင်အမှတ်တရ မလုပ်တာကိုပဲ သူတို့ကိုယ်သူတို့ သူတော်ကောင်းကြီးတွေလို လက်ပိုက်ပြုံးကြည့်နေတတ်ကြတယ်။ သူတို့ကပဲ တရားဓမ္မကို သိနေသလိုလို။ ချီးကျူးဂုဏ်ပြုသင့်သူကို ချီးကျူးဂုဏ်ပြုခြင်း၊ အောက်မေ့အမှတ်တရ ဖြစ်သင့်သူကို အောက်မေ့အမှတ်တရ ဖြစ်နေခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အမှတ်သင်္ကေတပဲ။
ဆန့်ကျင်ဘက်အနေနဲ့ အဲဒီလို စိတ်ထားမျိုး မရှိတဲ့သူဟာ အောက်တန်းစားစိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူပဲ။ တစ်နည်းအားဖြင့် ကြောင်သူတော်တွေပဲ။ ကိုယ်ချမ်းသာရင် ပြီးရော၊ ကိုယ်ဘုန်းကြီးရင်ပြီးရော…ကျန်တာတွေ စိတ်မ၀င်စားဘူး။ အဲဒီလို ပုဂ္ဂိုလ်တွေ အတော်စိတ်ပျက်စရာ ကောင်းတယ်။ အဲဒီပုဂ္ဂိုလ်တွေက သာသနာ့ဝန်ထမ်းတွေ ဖြစ်နေပြီဆိုရင် ပို့လို့တောင် ရွံစရာကောင်းတယ်။ ကိုယ်လူမျိုးအရေးကို ကိုယ်နဲ့မဆိုင်သလို နေတဲ့သူတွေဟာ စောစောက ပြောခဲ့သလို ဥပေက္ခာအတုနဲ့ စိတ်ဓာတ်ဗရမ်းဗတာ ဖြစ်နေသူများသာ ဖြစ်ပါတယ်။ မသိလိုက် မသိဖာသာလုပ်နေသူတွေကို ပြောမယ်။ ဘုရားဟောတဲ့ ဥပေက္ခာဟာ အဲဒီရဲ့ အဓိပ္ပာယ်မဟုတ်ဘူး။

ပါလက်စတိုင်းရဲ့ အာရာဖတ် ကွယ်လွန်သွားတော့ ကဗျာဆရာ မောင်ရင့်မာက ကဗျာတစ်ပုဒ် စပ်သွားတယ်။
……………
မစိုးရိမ်ပါနဲ့
မေ့သွားကြမှာပါ
နောင် အနှစ်သုံးဆယ် လေးဆယ်
သို့မဟုတ် ငါးဆယ် တစ်ရာ
သူတို့ မေ့သွားကြမှာပါ
သေသူတွေဟာ
မေ့လျော့ခံနေကြရတာပဲ မဟုတ်လား။ ။
ကဗျာဆရာက အာရာဖက်ကို ဦးတည်ထားတယ်။ ဒါပေမယ့် အမေ့လျော့ခံဘ၀ရောက်နေရတဲ့ မြန်မာ့သူရဲကောင်းတွေကို ရည်ညွှန်းနေတဲ့ ကဗျာဆရာရဲ့ ၀ိညာဏ်ကို မြင်နေရပါတယ်။ မမေ့အပ်တဲ့ အာဇာနည်တွေကို မေ့နေကြတာကို ကဗျာဆရာက မနေနိုင်လို့ အရွဲ့တိုက် ရေးဖွဲ့လိုက်ပုံရပါတယ်။ စိတ်မကောင်းဖြစ်စရာ အတော်ကောင်းပါတယ်။ ဘယ်ခေတ်ဘယ်တိုင်းပြည်မှာမှ ကိုယ်နိုင်ငံသူရဲကောင်းတွေကို မှေးမှိန်အောင် မလုပ်ကြပါဘူး။ ဒါပေမယ့်….စာရေးသူတို့နိုင်ငံမှာ မလုပ်သင့်…မလုပ်ထိုက်တာတွေကို တွေ့နေရပါပြီ။


(ဓာတ်ပုံ...မိုးသီးဇွန်)

ဘလော့တွေ၊ ၀က်ဘဆိုက်တွေ လိုက်ကြည့်တော့ ကိုယ်နဲ့မဆိုင်သလို လုပ်နေသူတွေက များတယ်။ အပြင်လောကမှာလဲ ကြည့်…မဆိုင်သလို မသိသလို လုပ်နေသူတွေက များတယ်။ ကိုယ့်တိုင်းပြည်က ကိုယ့်အာဇာနည်တွေကို မေ့နေတဲ့ လူမျိုးဟာ ဘယ်မှာ ကြီးပွားတိုးတက်တော့မလဲ။ အချုပ်တန်းဆရာဖေ ပြောသလို `ခွကောင်တွေ ခွေးဖြစ်ပေါ့ရိုး´လို့ ဆိုရမလိုပါပဲ။

ခပ်ကြမ်းကြမ်းတွေ ရေးတယ်လို့ ပြောချင်ပြော။ အာဇာနည်နေ့ကို ဒီစာနဲ့ ဖွင့်တယ်။ ဒီစာနဲ့ ဂုဏ်ပြုတယ်။ အာဇာနည်နေ့အတွက် အမှတ်တရရေးကြတဲ့ ဘလော့ဂါတွေ၊ စာရေးဆရာတွေအားလုံးကိုလဲ ဒီစာနဲ့ ဂုဏ်ပြုအပ်ပါတယ်။

Friday, July 17, 2009

ဒါန၏ အရေးပါမှု

(၂၀၀၉-ခုနှစ်၊ ဇူလိုင်လ၊ ၇-ရက်နေ့က သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းမှာ မြန်မာရဟန်းတော်များအား နေ့ဆွမ်းဒါနပြုလုပ်သော ဒါယကာများအား ဟောကြားခဲ့သော အနုမောဒနာတရားကို ကောက်နှုတ်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။ သုမနာမင်းသမီးမေးမြန်းလျှောက်ထားခဲ့တဲ့ ဒါနနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက အတော်မှတ်သားစရာ ဖြစ်ပါတယ်။)



ဒါနဆိုတာ ပေးလှူခြင်းပေါ့။ `ပေးလှူတယ်´လို့ စကားအရ လွယ်လွယ်လေး ပြောနိုင်ပေမယ့် တကယ်တော့ ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုခုကို စွန့်လွှတ်ရတယ်ဆိုတာ နည်းတဲ့သတ္တိမဟုတ်ပါဘူး။ ဒါနပြုသူတွေ အများကြီးတွေ့နေလို့ ဒါနပြုတယ်ဆိုတာ သိပ်ခက်တဲ့အရာမဟုတ်ဘူးလို့ ထင်နေကြပါတယ်။ အမှန်က ကိုယ်တိုင်စွန့်လွှတ်ပေးကမ်းကြည့်မှ နှမြောတွန့်တိုတဲ့ မစ္ဆရိယစိတ်ကို တိုက်ထုတ်ပြီးမှ စင်ကြယ်တဲ့ အလှူဒါနဆိုတာ ဖြစ်ပေါ်လာတာပါ။ ဒီနေ့ ဒကာတို့ အလှူဒါနဟာလဲ သိပ်ကို မွန်မြတ်တယ်၊ အနှောင်အဖွဲ့သိပ်ကို ကင်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ချို့က အားနာလို့ လှူတယ်၊ တစ်ချို့က ရင်းနှီးလို့ လှူလိုက်ရတယ်။ စတဲ့အကြောင်းတွေ တစ်ခုမှ ငြိမနေပါဘူး။ အလှူခံဖြစ်တဲ့ သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များနဲ့ ဒကာတို့ဟာ အဝေးတစ်နေရာစီမှာ နေနေကြရတာဖြစ်လို့ ဒီဒကာတို့ အလှူဟာ စေတနာကို အရင်းခံတဲ့ မွန်မြတ်တဲ့အလှူဆိုတာ ငြင်းစရာ မရှိပါဘူး။

ပေးကမ်းလှူဒါန်းခြင်းဆိုတာ ဗုဒ္ဓဘာသာရဲ့ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ အနှစ်အချုပ်သုံးခုမှာ ပထမဆုံးအချက်အနေနဲ့ ပါဝင်ပါတယ်။ ပေးကမ်းခြင်းဟာ လောကုတ္တရာအထက်တန်းကို လှမ်းဖို့အတွက် ပထမဆုံး ခြေလှမ်းပါ။ ပထမဆုံးခြေလှမ်းက သိပ်အရေးကြီးပါတယ်။ ပေးကမ်းလှူဒါန်းခြင်းအလုပ်ဟာ ဘယ်လောက်ထိ အကျိုးကြီးတယ်ဆိုတာကို ဒကာကြီးတို့ နေ့စဉ်ပတ်ဝန်းကျင်မှာလဲ တွေ့နိုင်ပါတယ်။ ပေးတတ်ကမ်းတတ်တဲ့သူဟာ လူချစ်လူခင်ပေါများပါတယ်။ စီးပွားရေးလောကမှာ ပေးကမ်းသင့်သူ၊ ချီးမြှောက်သင့်သူများကို ပေးကမ်းချီမြှောက်တဲ့သူဟာ အောင်မြင်တတ်တယ်ဆိုတာ ဒကာကြီးတို့ အသိဆုံး ဖြစ်ပါတယ်။ လောကီအကျိုးမှာ ဒီလောက်အကျိုးများရင် လောကုတ္တရာပိုင်းအတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိစေမလဲဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။


ဒါနနဲ့ပတ်သက်တဲ့ မြတ်စွာဘုရားလက်ထက်က ဇာတ်ကြောင်းလေးတစ်ခုကို အင်္ဂုတ္တရနိကာယ်မှာ လာရှိတဲ့ သုမနသုတ်ကို အခြေခံပြီး အနည်းငယ် ပြောပြပါမယ်။ အခါတစ်ပါး မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ(သီတင်းသုံး) နေတော်မူတုန်းက သုမနာမင်းသမီးဟာ မြတ်စွာဘုရားထံ ချဉ်းကပ်ပြီး မြတ်စွာဘုရားကို အခုလို လျှောက်ထားပါတယ်။

''အရှင်ဘုရား ဒီသာသနာတော်မှာ မြတ်စွာဘုရား၏ တပည့် 'သာဝက' နှစ်ဦးတို့သည် သဒ္ဓါတရားလဲ တူကြတယ်၊ သီလတရားလဲ တူကြတယ်၊ ပညာလဲ တူကြတယ်။ ဒါပေမယ့် တစ်ဦးက ပေးလှူတတ်၍၊ တစ်ဦးကား မပေးလှူတတ်ပါ။ ထိုနှစ်ဦးတို့ သေသွားလျှင် ကောင်းသောလားရာနတ်ပြည်လောကသို့ ရောက်ကုန်ရာ၏။ အရှင်ဘုရား…ထိုပုဂ္ဂိုလ်နှစ်ဦးတို့ရဲ့ နတ်စည်းစိမ်က အတူတူ ဖြစ်နိုင်ပါသလော ဒါမှမဟုတ် ကွဲပြားနိုင်ပါသလော''ဟု လျှောက်ပါတယ်။

ဒီတော့ မြတ်စွာဘုရားက `ချစ်သမီး သုမနာ…မတူနိုင်ဘူး။ ကွဲပြားတာပေါ့´လို့ မိန့်တော်မူပါတယ်။ ဘယ်လိုမတူသလဲဆိုတော့ `နတ်တို့ရဲ့ အသက်။ နတ်တို့ရဲ့ အဆင်း၊ နတ်တို့ရဲ့ ချမ်းသာ၊ နတ်တို့ရဲ့ အခြံအရံ၊ နတ်တို့ရဲ့ အာဏာ´တွေမှာ မတူနိုင်ဘူး´လို့ မိန့်ပါတယ်။ ဒါနပြုသူက မပြုသူထက် အဲဒီအကျိုးတရားတွေ သာလွန်နိုင်ပါတယ်။

ဒါနဲ့ သုမနာက မကျေနပ်သေးဘဲ ဆက်လက်မေးလျှောက်ပါတယ်။ `အရှင်ဘုရား…အဲဒီပုဂ္ဂိုလ်နှစ်ဦးလုံး နတ်အဖြစ်က သေလွန်ပြီး လူ့ပြည်ပြန်ရောက်လာတယ်ဆိုပါတော့..။ အဲဒီအထိ သူတို့မှာ ကွဲပြားမှုရှိနိုင်သေးပါသလား´
အဲဒီတော့ မြတ်စွာဘုရားက `ရှိသေးတာပေါ့။ စောစောကလိုပဲ အသက်တိုရှည်၊ အဆင်းလှမလှ၊ ချမ်းသာဆင်းရဲ၊ အခြံအရံများမများ၊ အာဏာရှိမရှိ ကွဲပြားပါလိမ့်မယ်´လို့ မိန့်တော်မူပါတယ်။

သုမနာမင်းသမီးက ဒီလောက်နဲ့ မရပ်သေးပါဘူး။ သူသိချင်တာကို ဆက်မေးပြန်ပါတယ်။ `ဟုတ်ပါပြီဘုရား၊ အဲဒီပုဂ္ဂိုလ်နှစ်ယောက်က လူဘ၀မှာ မပျော်လို့ ရဟန်းဝတ်သွားကြတယ်ဆိုပါစို့၊ အဲဒီတော့ကော သူတို့မှာ ကွဲပြားနိုင်ပါသေးသလားဘုရား´
ဒီတော့ မြတ်စွာဘုရားက `ဒါနပြုမပြု ကွဲပြားခဲ့လို့ ရဟန်းဖြစ်တာတောင်မှ သူတို့အနေအထားက ဘယ်လိုမှ မတူနိုင်ပါဘူး သုမနာ၊ ဘယ်လို မတူနိုင်သလဲဆိုတော့ ပေးလှူတတ်တဲ့ရဟန်းဟာ သင်္ကန်းဆိုရင်လဲ မတောင်းဘဲ၊ အလှူခံစရာ မလိုဘဲ ရတတ်တယ်၊ ဆွမ်းကိုလဲ တကူးတက အလှူခံစရာ မလိုဘူး၊ ကျောင်းတိုက်တွေလဲ မတောင်းဘဲ ရတတ်တယ်၊ ဆေးပစ္စည်းဆိုရင်လဲ သူများဆီ လက်မဖြန့်ရဘဲ ရလာတတ်တယ်။ ဒါတင်မကသေးဘူး သုမနာ။ ကိုယ့်မှာရှိတဲ့ ပစ္စည်းဝတ္ထုကို အခြားပုဂ္ဂိုလ်တွေကို ပေးလှူတတ်လို့ သူ့ကို အခြားရဟန်းတွေက ၀ိုင်းချစ်ကြတယ်။ သူ့လိုပုဂ္ဂိုလ်ကို မချစ်တဲ့သူဆိုတာ နည်းတယ်။ သူ့ကို စကားပြောရင်လဲ အားလုံးက ချစ်စဖွယ်အမူအရာနဲ့ပဲ ပြောကြတယ်။ မုန်းတဲ့အမူအရာနဲ့ ပြောသူဆိုတာ ရှားပါတယ်။ ဒီလို အကျိုးထူးတွေ ရှိပါတယ် သုမနာ´လို့ မိန့်တော်မူလိုက်ပါတယ်။

သုမနာဆိုတဲ့ အမျိုးသမီးကလဲ ဒီအဖြေလောက်နဲ့ မကျေနပ်သေးဘူး။ အမေးအမြန်းထူပါတယ်။ သူ အမေးအမြန်းထူတာက ဦးဇင်းတို့အတွက်တော့ ပိုကောင်းတယ်လို့ ဆိုရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သုမနာမင်းသမီးလေးသာ ဘုရားရှင်ကို မမေးမြန်းခဲ့ဘူးဆိုရင် ဦးဇင်းတို့ ဒကာကြီးတို့ ဘယ်လိုလုပ် သိနိုင်တော့မလဲ။ ဟုတ်ဘူးလား။ ကဲ…စောစောက ဇာတ်လမ်း ပြန်ဆက်ရအောင်…
`ကောင်းပါတယ်ဘုရား။ တပည့်တော် ထက်သိချင်ပါသေးတယ်။ အဲဒီရဟန်းနှစ်ပါးစလုံး ရဟန္တာဖြစ်သွားကြပြီ ဆိုပါစို့။ သူတို့နှစ်ပါး အခြေအနေချင်း ကွဲပြားသေးလားဘုရား´

`သုမနာမင်းသမီး….တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှုဟာ အခြားတစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှုနဲ့ ကွဲပြားတယ်လို့ ငါမဟောပါ´လို့ မိန့်တော်မူလိုက်ပါတယ်။ ဒီနေရာမှာ အခြားအခြားသော အခြေအနေတွေမှာ ကွဲပြားခဲ့ပေမယ့် ရဟန္တာဖြစ်မှု သို့မဟုတ် ဘ၀လွတ်မြောက်မှုပိုင်းမှာတော့ အားလုံးဟာ အတူတူပါပဲ။ ဒါကို မှတ်သားသင့်ပါတယ်။ သူကတော့ ကိလေသာနည်းနည်းလေး ပယ်ပြီး ရဟန္တာဖြစ်တာ၊ သူကတော့ ကိလေသာတွေ အများကြီးပယ်ပြီး ရဟန္တာဖြစ်တာလို့ မဆိုနိုင်ပါဘူး။ ရဟန္တာဖြစ်ပြီဆိုကတည်းက ဘ၀လွတ်မြောက်မှုကတော့ အတူတူပါပဲ။ အထက်ပါအတိုင်း အပြန်အလှန် မေးမြန်းဖြေဆိုကြပြီးတော့ သုမနာမင်းသမီးဟာ အောက်ပါအတိုင်း မြတ်စွာဘုရားရှင်ကို လျှောက်ပါတယ်။

`အရှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အရှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အလွန်လျှင် ဤအလှူဒါနတို့ကိုပေးလှူရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့ကို ပြုရန် သင့်လျော်လှသည်သာတည်း၊ ကောင်းမှုတို့သည် နတ်ဖြစ်သူအားလည်း ကျေးဇူးပြုတတ် လူဖြစ်သူအားလည်း ကျေးဇူးပြုတတ် ရဟန်းဖြစ်သူအားလည်း ကျေးဇူးပြုတတ်ပါပေကုန်၏´
အဲဒီအခါမှာ မြတ်စွာဘုရားကလဲ အောက်ပါအတိုင်း ဟောတော်မူပါတယ်။

''လောက၌ ကောင်းကင်ခရီးဖြင့် သွားသော၊ အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသောကြယ် (တာရာ) အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့။ ထို့အတူပင် လောက၌ သီလနှင့် ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှမြောဝန်တိုခြင်းရှိသူအားလုံးကို စွန့်ကြဲခြင်းဖြင့် သာလွန်တင့်တယ်၏။ လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့်ပြည့်စုံသော မိုးသည်ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း ထစ်ချုန်းရွာသွန်းလျက် ပြည့်စေသကဲ့သို့။ ဤအတူသာလျှင် (သောတာပတ္တိ) ဉာဏ်အမြင်နှင့် ပြည့်စုံသော၊ မြတ်စွာဘုရား၏တပည့် 'သာဝက' ဖြစ်သည့် ပညာရှိသည် နှမြောဝန်တိုသူကို အကြောင်းငါးမျိုး တို့ဖြင့် လွှမ်းမိုးနိုင်၏။ ထိုသူသည် စင်စစ် (ပေးလှူအပ်သော) စည်းစိမ်ဥစ္စာတို့က တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ (အကျော်အစော) ဖြင့်လည်းကောင်း၊ ရုပ်အဆင်း ဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း တမလွန် လောကဝယ် နတ်ပြည်၌ ဝမ်းမြောက်ရလေသတည်း''။

အဲဒီတော့ ဒါနရဲ့ အကျိုးကျေးဇူးကြီးမားပုံကို ဒကာကြီးတို့ အထိုက်အလျောက် သိသွားပြီပေါ့။ ဒါနအလှူပေးခြင်းက လောကီလူ့ဘ၀သာမက လောကုတ္တရာရဟန်းဘ၀မှာတောင် အကျိုးပေးပုံချင်း ကွဲပြားပါတယ်။ ဒီတော့ ယနေ့ဆွမ်းလှူဒါန်းကြတဲ့ ဒကာကြီးတို့အနေနဲ့ အထက်ပါ ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရရှိမှာ မလွဲပါဘူး။ လောကီအနေနဲ့ ဒီအကျိုးကျေးဇူးတွေက လိုအပ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဦးဇင်းတိုက်တွန်းချင်တာက နောက်ဆုံးဟောကြားချက်အတိုင်း ဆင်းရဲချမ်းသာ၊ ဆူကြုံနိမ့်မြင့်ဆိုတဲ့ လောကရဲ့ ကွဲပြားမှုတွေနဲ့ ဝေးရာ ကိလေသာကုန်ခမ်းရာ နိဗ္ဗာန်ရောက်ကြောင်းတွေကို ကျင့်ဖို့ လိုပါသေးတယ်။ အဲဒီလို အခြေအနေတွေကို ရောက်ရှိခဲ့ရင် အားလုံးဟာ တန်းတူညီတူပဲ ဖြစ်သွားပါလိမ့်မယ်။ ဦးဇင်းတို့၊ ဒကာကြီးတို့အနေနဲ့ ဆင်းရဲချမ်းသာ၊ ရုပ်ချောမချော၊ အသက်တိုရှည်၊ အာဏာပါဝါနည်းမှုများမှုစတဲ့ လူ့လောကရဲ့ အနိမ့်အမြင့်တွေကနေ လွတ်မြောက်ချင်ရင် ရဟန္တာဖြစ်အောင် အားထုတ်ကြဖို့ပဲ ရှိပါတယ်။

ဒီနေ့ လှူဒါန်းရတဲ့ ဆွမ်းအလှူဒါနကြောင့် လူ၊ နတ်တို့မှာဖြစ်တဲ့ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကျန်းမာခြင်း၊ ဘုန်းတန်ခိုးကြီးခြင်းစသော အကျိုးတရားများ ရရှိပိုင်ဆိုင်သူများ ဖြစ်ကြပါစေ။ အဆိုပါ လောကီအကျိုးတရားများအပြင် ဒါနဆိုတဲ့ အခြေခံအဆင့်မှသည် ရုပ်ချော၊ ရုပ်ဆိုး၊ ဆင်းရဲ၊ ချမ်းသာစတဲ့ အဆင့်အတန်းတွေ ကင်းဝေးရာ နိဗ္ဗာန်ရောက်ကြောင်း ၀ိပဿနာအကျင့်တရားများကို ကျင့်ကြံနိုင်ကြပါစေလို့ ဆုတောင်းရင်း ဦးဇင်းရဲ့ အနုမောဒနာကို နိဂုံးချုပ်လိုက်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ

Sunday, July 12, 2009

ဗဟိုချက်ပျောက်ဆုံးခြင်း



သြစတေးလျမှာ ရောက်ရှိသတင်းသုံးနေတဲ့ ဘုန်းကြီးဦးဇနိတရဲ့ ကျေးဇူးနဲ့ ကန္နီကမ္မဋ္ဌာန်းအားထုတ်နည်းကို လက်တွေ့လေ့လာအားထုတ်ခွင့်ရခဲ့ပါတယ်။ သမထပြီးမှ ၀ိပဿနာကို ရှုမှတ်ပွားများရတဲ့ သမထယာနိကလမ်းစဉ်ဖြစ်ပါတယ်။ စာရေးသူ သမထပိုင်းပြီးအောင် အားထုတ်ပြီးတဲ့အခါ ၀ိပဿနာကို ကူးရပါတယ်။ ၀ိပဿနာရှုမှတ်တဲ့အခါမှာ ကန္နီနည်းက နှလုံးအိမ်ကို အာရုံပြုရှုမှတ်ရပါတယ်။ ၀ိပဿနာရှုစ နှစ်ရက်လောက်ထိ အချိန်သာ ကုန်သွားတယ်။ သမာဓိက တည်လို့မရဘူး။ နှလုံးအိမ်ကို ရှုမှတ်လို့ မရခဲ့ဘူး။ အဲဒီအခါတုန်းက စိတ်တွေလဲ အတော်ပင်ပန်းခဲ့ရတယ်။

ဘုန်းကြီးဦးဇနိတကလဲ “စိတ်မပျက်နဲ့၊ ၀ီရိယထက်တင်ပြီး ရှုမှတ်လိုက်စမ်းပါ၊ ဒါက ဗဟိုချက်ဖြစ်နေလို့၊ အစတော့ ခက်မှာပဲ၊ ကိုယ်တော် အခက်ဆုံးအပိုင်းကို အောင်မြင်အောင် ရှုမှတ်နိုင်ပြီဆိုရင် ကျန်တဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လိုသလို ရှုမှတ်နိုင်သွားလိမ့်မယ်”လို့ အားပေးလမ်းညွှန်မှုပေးပါတယ်။ သုံးရက်မြောက်နေ့မှာမှ နှလုံးအိမ်မှာ တရိပ်ရိပ်၊ တသဲသဲ၊ တဖွဲဖွဲ ဖြစ်ပျက်နေတဲ့ ရုပ်နာမ်တရားတွေရဲ့ ဖြစ်ပျက်သဘောကို တွေ့ခဲ့ရပါတယ်။ အဲဒီအခါကျမှ ဘုန်းကြီးပြောတဲ့အတိုင်း နှလုံးအိမ်ကို ဗဟိုပြုပြီး ဖောက်ပြန်ပြောင်းလဲနေတဲ့ ရုပ်နာမ်တရားတွေရဲ့ တရိပ်ရိပ် ဖြစ်ပျက်နေပုံများကို လက်တွေ့၊ ဉာဏ်တွေ့ သဘောပေါက်ခဲ့ရပါတယ်။ ဒါက ဘာကို ပြသလဲဆိုတော့ ဗဟိုချက်ပျောက်ဆုံးလို့ ဒုက္ခရောက်ပြီး၊ ဗဟိုချက်ကို တွေ့လို့ ပြဿနာပြေလည်သွားခဲ့တာပါ။

လောကမှာရှိတဲ့ ရှိရှိသမျှ ပြဿနာတွေမှာလဲ ဒီသဘောပါပဲ။ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာရဲ့ အစမှာရှိတဲ့ ဂါထာတစ်ပုဒ်ရှိပါတယ်။ “အန္တော ဇဋာ ဗဟိ ဇဋာ၊ ဇဋာယ ဇဋိတာ ပဇာ”အစရှိတဲ့ ဂါထာလေးပါ။ အဓိပ္ပာယ်က မြတ်စွာဘုရား…လောကရှိ သတ္တ၀ါအပေါင်းတို့ဟာ သပွတ်အူကဲ့သို့ အတွင်းမှာလဲ ရှုပ်ထွေးပွေလီနေပါတယ်။ ကြွက်ကိုက်ထားတဲ့ ချည်ထွေး၊ ကောက်ရိုးဆွေးပုံကဲ့သို့ အပြင်မှာလဲ ရှုပ်ထွေးပွေလီနေပါတယ်။ ဒီအရှုပ်တော်ပုံတွေကို ဘာနဲ့ရှင်းရပါ့မလဲဘုရားလို့ နတ်သားတစ်ပါး မေးလျှောက်တာပါ။ အဲဒီအခါ ဗုဒ္ဓမြတ်စွာဖြေကြားချက်အကျဉ်းကတော့ သီလ၊ သမာဓိ၊ ပညာနဲ့ ရှင်းပါလို့ မိန့်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဟာ ပိဋကတ်သုံးပုံရဲ့ အဓိကအနှစ်သာရပါပဲ။ ဒါက ဓမ္မသဘောနဲ့ ပြောပြခြင်းဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ တရားသုံးပါးနဲ့ဖြေရှင်းရင် အရှုပ်အထွေးပြဿနာတွေ ပြေလည်နိုင်ပါတယ်။


ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ဗဟိုချက်ကို သိဖို့လိုပါတယ်။ ဗဟိုချက်ဖြစ်တဲ့ အဓိကအပိုင်း ပျောက်ဆုံးသွားတာနဲ့ ပြဿနာကလဲ ရှင်းလို့မပြီးတော့ပါဘူး။ လောကမှာလဲပဲ ရှင်းမရတဲ့အရှုပ်အထွေးတွေ ဖြစ်လာပြီဆိုရင် သပွတ်အူတို့၊ ချည်ထွေးတို့နဲ့ တင်စားပြောပြတတ်ကြပါတယ်။ သပွတ်အူတွေမှာ အမျှင်တွေက များပြားပြီး ရှုပ်ထွေးနေတော့ ဘယ်ကအစ၊ ဘယ်ကအဆုံး ပြောဖို့ခက်ပါတယ်။ ချည်ထွေးတွေမှာလဲ ဒီအတိုင်းပါပဲ။ ချည်ခင်ရဲ့အစကို မတွေ့မချင်း ရှင်းလို့ မရနိုင်ပါဘူး။ လမ်းက တစ်နည်းပဲ ရှိပါတယ်။ ဗဟိုချက်ဖြစ်တဲ့ အစကို ရှာပါ။ အစကိုတွေ့ပြီဆိုရင်တော့ ရှင်းဖို့ သိပ်ကို လွယ်သွားပါပြီ။

လောကမှာရှိတဲ့ ပြဿနာတွေမှာလဲ ဒီသဘောပါပဲ။ တစ်ခါတလေ ပြဿနာက သိပ်ကြီးကြီးမားမားမဟုတ်ဘူး။ ဒါပေမယ့် ပြဿနာရဲ့ ဗဟိုချက်ကို မတွေ့လို့ ရှင်းရတာ ခက်နေတတ်ပါတယ်။ ပြဿနာတွေရဲ့ ဇာစ်မြစ်က တစ်ခါတလေ ပျောက်ဆုံးနေတတ်တယ်။ ဗဟိုချက်ပျောက်ဆုံးနေတဲ့ပြဿနာက သပွတ်အူလိုပဲ ဖြစ်နေတတ်ပါတယ်။ ကျွမ်းကျင်တဲ့သူ၊ အထာနပ်တဲ့သူတစ်ယောက်က ပြဿနာရဲ့ ဗဟိုချက်ကို သိမြင်ပြီး ဖြေရှင်းပေးလိုက်တော့ ချက်ချင်း ပြေလည်သွားတော့တာပဲ။

ကွန်ပြူတာပြင်တဲ့ လူငယ်တစ်ယောက်က ပြောပါတယ်။ “ကွန်ပြူတာပျက်လို့ဆိုပြီး လာခေါ်ရင် တပည့်တော်တို့ ပထမဆုံး လုပ်ရတာက ဘယ်ကောင်က ပြဿနာပေးနေတာလဲဆိုတာကို အရင်ကြည့်ရတယ်”လို့ ဆိုပါတယ်။ တစ်ခါက စာရေးသူမှာ ကွန်ပြူတာအလုပ်မလုပ်တော့လို့ ဆရာခေါ်ရပါတယ်။ ဆရာလဲ ရောက်လာရော ခဏလေး ဟိုဟာကြည့်၊ ဒီဟာကြည့်လုပ်ပြီး ကီးဘုတ်ပေါ်မှာ တစ်ချက်နှစ်ချက်နှိပ်လိုက်တာနဲ့ ကွန်ပြူတာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ ပြဿနာရဲ့ အဓိက ဗဟိုချက်ကိုသိတော့ ဖြေရှင်းရတာ လွယ်သွားပါတယ်။ စာရေးသူမှာ တစ်ရက်နှစ်ရက်လောက် မဖြေရှင်းနိုင်ခဲ့ပါဘူး။ သူ့အတွက်တော့ ငါးမိနစ်လောက်ပဲ ကြာလိုက်ပါတယ်။

သီရိလင်္ကာဘုန်းကြီးတစ်ပါးအကူအညီနဲ့ တောရွာတွေကို ရောက်သွားဖြစ်ပါတယ်။ သွားတဲ့အကြောင်းကတော့ သူ့ရဲ့တပည့်ကိုရင်လေးတွေကို စာသင်တိုက်ပိတ်တုန်း သူတို့မိဘတွေနဲ့ ပေးတွေ့ဖို့ သွားကြတာပါ။ ဒီနိုင်ငံက ဓလေ့ထုံစံက မြန်မာနဲ့မတူပါဘူး။ မြန်မာမှာက ကိုရင်ဝတ်ပေးပြီးတာနဲ့ မိဘတွေက အဓိကထောက်ပံ့ရတာ။ စာမေးပွဲတွေပြီးရင်လဲ မိဘရပ်ထံ ပြန်ကြရတာ။ ဒီမှာက အဲ့လို မဟုတ်ဘူး။ ကိုရင်ဝတ်ပေးပြီးတာနဲ့ ဆရာသမားဘုန်းကြီးက အစစအရာရာ၊ နောင်ကြီးတဲ့အခါ ကျောင်းလိုအပ်ရင်၊ အဆင်သင့်လဲ ရှိခဲ့ရင် ကျောင်းကအစ တာဝန်ယူပေးအပ်ရတာ။ စာသင်တိုက်မှာ ကုန်ကျသမျှကလဲ ဆရာသမားပဲ။
နောက်ပြီး ကိုရင်တွေကို မိဘတွေဆီ ကိုယ်တိုင်သွားခွင့်မပေးကြဘူး။ လူထွက်ကုန်မှာစိုးလို့လို့ ဆိုပါတယ်။ တစ်နှစ်မှာ တစ်ခါ မိဘတွေနေအိမ်ဆီကို မျက်နှာသွားပြရတာ။ အဲဒီအခါမှာ သူတို့ပြောတာတွေကို အကုန်တော့ နားမလည်ဘူး။ ဒါပေမယ့် မှန်းပြီး သိလိုက်တာကတော့ ဒကာကြီးတို့ရဲ့သားကို ကိုယ့်သားအရင်းလို စောင့်ရှောက်ကြောင်း၊ လိုအပ်တာတွေကို ဘုန်းကြီးက အကုန်ထောက်ပံ့ပေးထားကြောင်းစတဲ့ အကြောင်းအရာတွေပါပဲ။ မိဘ၊ ဆွေမျိုးတွေနဲ့တွေ့တဲ့အချိန်ဟာ နာရီဝက်လောက်ပဲ ရှိပါတယ်။ အဲဒီအခါမျိုးတွေမှာ မိဘတွေက တစ်ရက်လောက် သားလေးနဲ့အတူနေချင်လို့ ထားခဲ့ဖို့ အသနားခံကြတယ်။ တစ်ရက်မရရင်လဲ နာရီအနည်းငယ်လောက် ထပ်နေပေးဖို့ မျက်ရည်တွေနဲ့ တောင်းပန်ကြတယ်။ ဒါပေမယ့် ဘုန်းကြီးက လက်မခံပါဘူး။ ပြောချင်တာက ဒီအကြောင်းမဟုတ်ပါဘူး။ စကားစပ်လို့ ပြောဖြစ်တာ။

ပြောချင်တာက အဲဒီအရပ်ဒေသမှာနေတဲ့ လူထုတွေက ဆန္ဒပြပွဲတွေ ခဏခဏလုပ်ကြတယ်တဲ့။ ထစ်ခနဲဆိုရင် အစိုးရကို မကျေနပ်ကြောင်း ဆန္ဒပြကြတော့တာပဲ။ အစိုးရကလဲ အဲဒီဒေသခံတွေ ကျေနပ်အောင် အဲဒီဒေသသွားပြီး ကုသိုလ်ကောင်းမှုတွေလုပ်၊ ကျောင်းတွေဆောက်စတဲ့ အကျိုးပြုလုပ်ငန်းတွေ အကုန်လုပ်ပေးတာပဲ။ ဒါပေမယ့် ကိစ္စတစ်ခုရှိလိုက် ဆန္ဒပြပွဲတွေက ဖြစ်မြဲပဲတဲ့။ ပါလာတဲ့ဘုန်းကြီးအပြောအရတော့ ဒေသခံတွေကိုယ်တိုင် ဘာဖြစ်လို့ အစိုးရကို မကျေမနပ်ဖြစ်ရတယ်ဆိုတာကိုတောင် ခွဲခြားလို့ မရဘူးတဲ့။

အဲဒီလိုအချိန်မျိုးမှာ အစိုးရက လူတစ်ယောက်ကို အဲဒီဒေသကို လွှတ်၊ ကြာရှည်နေခိုင်းပြီး လူတွေ ဘာလို့မကျေနပ်ကြသလဲဆိုတာကို လေ့လာခိုင်းတယ်တဲ့။ အဲဒီလူက အဆိုပါဒေသမှာ တစ်နှစ်လောက်နေမှ ပြဿနာရဲ့ ဇာတ်မြစ်ကို သိရတယ်တဲ့။ ဒေသခံတွေဟာ ခရီးသွားကြတော့ သီရိလင်္ကာနိုင်ငံရဲ့ လမ်းတွေဟာ သူတို့ဒေသထက်စာရင် အရမ်းကို ကောင်းလွန်းနေတာကို တွေ့ကြရတယ်တဲ့။ သူတို့ဒေသက လမ်းတွေကတော့ အရမ်းကိုဆိုးဝါးလွန်းနေတယ်။ ပြဿနာက လမ်းမကောင်းတာကြောင့်လို့ ဆိုပါတယ်။ ဒါနဲ့ အစိုးရက ချက်ချင်းပဲ အဲဒီဒေသတစ်ခုလုံးကို ကတ္တရာထူထူကြီးတွေနဲ့ ခင်းပေးလိုက်တော့မှ သမ္မတမဟိန္ဒကို သဘောတော်ကျကုန်တယ်လို့ ဆိုပါတယ်။ ဆိုတော့ ပြဿနာတွေဟာ ဘယ်လောက်ပဲ ကြီးမားပါစေ။ သူ့ရဲ့ ဇာစ်မြစ်ကိုသိရင် အတော်ဖြေရှင်းရတာ လွယ်တယ်လို့ ဆိုရပါမယ်။ အခုဆိုရင် ဒေသခံတွေဟာ ငြိမ့်နေတဲ့ လမ်းမတွေထက်မှာ မော်ကြွားလို့ပေါ့။ ရွေးကောက်ပွဲရောက်တိုင်း မဟိန္ဒမှ မဟိန္ဒဖြစ်ကုန်တယ်လို့ ဆိုပါတယ်။

တစ်ခါတလေ လောကလူ့ဇာတ်ခုံပေါ်မှာ အမှိုက်ကစ၊ ပြာသာဒ်မီးလောင်ဆိုသလို ပြဿနာအသေးအဖွားလေးတွေကစပြီး ပြဿနာအကြီးကြီးတွေဖြစ်ပြီး ဖြေရှင်းလို့မရ ဖြစ်နေတတ်ပါတယ်။ တစ်ခါတရံ သားသမီးငယ်တွေ ဆော့ကစားရင်း ရန်ဖြစ်ကြရာကနေ မိသားစုလိုက် ရန်ပွဲကြီးတွေဖြစ်၊ အမုန်းတရားတွေ များနေတဲ့အဖြစ်တွေများစွာကို မိမိတို့ နေ့စဉ်ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ်။ အိမ်နီးနားချင်း ချစ်ချစ်ခင်ခင် နေလာခဲ့ကြရာမှ အိမ်မှာမွေးထားတဲ့ အလှခွေးလေးကို တစ်ဖက်အိမ်က ခွေးက ကိုက်လို့ဆိုပြီး ရန်သူပမာဖြစ်သွားခဲ့တဲ့ မိသားစုနှစ်စုကိုလဲ တွေ့ဖူးပါတယ်။ ဒါတွေဟာ ပြဿနာရဲ့ ဗဟိုချက်ကို လိုက်မရှာဘဲ အတ္တကို ရှေ့တန်းတင် စဉ်းစားဆုံးဖြတ်ကြလို့ ဖြေရှင်းမရ ဖြစ်ခဲ့ကြရတာပါ။

နှလုံးအိမ်ဆိုတဲ့ ဗဟိုချက်ကို အားစိုက်ရှုမှတ်စဉ်က ဖြစ်ပေါ်လာခဲ့တဲ့ အတွေးအမြင်တွေက မနည်းပါဘူး။ အဓိကကတော့ လူ့လောကမှာဖြစ်ပျက်နေတဲ့ ပြဿနာတွေကို သွားသွားအမှတ်ရနေတတ်ပါတယ်။ ဘာမှ မဖြစ်စလောက်တဲ့ ပြဿနာလေးကနေ အဓိကဖြေရှင်းရမှာကို မဖြေရှင်းလို့ သို့မဟုတ် မသိလို့ ပြဿနာအသေးလေးတွေကနေ အကြီးကြီး ဖြစ်ကုန်ကြတာ။ ပြဿနာကြီးကြီးတွေ ဖြစ်တိုင်း စာရေးသူကတော့ ဗဟိုချက်ကိုပဲ လိုက်ရှာနေမိပါတယ်။ တကယ်တော့ အောင်မြင်မှုလမ်း လျှောက်လှမ်းနေတဲ့သူတွေဟာလဲ အဓိကအချက်ကို ကိုင်မိရင် အောင်မြင်မှုက မဝေးတတ်ပါဘူး။

ဒီနေရာမှာ စဉ်းစားမိတာလေး တစ်ခုပါ။ `အောင်မြင်ချင်လို့ အလုပ်လုပ်တာနဲ့ အလုပ်လုပ်လို့ အောင်မြင်တာ´ဆိုတဲ့ တူသလိုလိုနဲ့ မတူတဲ့အချက်လေးပါ။ မှန်ကန်တည့်မတ်ပြီး လူ့လောကအတွက် အမှန်တကယ် စေတနာထားသူတွေမှာတော့ အလုပ်လုပ်တာက သူ့အတွက် အဓိက(မိန်း တာ့ဂတ်)ရည်ရွယ်ချက် ဖြစ်ပါတယ်။ အချို့တော့ အောင်မြင်မှုနောက်ကို အသည်းအသန်လိုက်ရင်း အလုပ်လုပ်နေကြတာပါ။ အောင်မြင်မှုကို တန်ဖိုးထားပြီး အလုပ်လုပ်နေသူတွေဟာ ပထမကိုင်စွဲထားတဲ့ အရာက `အတ္တ´ဖြစ်ပါတယ်။ ကိုယ်ကိုင်စွဲထားတဲ့ `အတ္တ´ကလေး အားကောင်းဖို့အတွက်က အဓိကပါပဲ။ အဲဒီအတ္တလေးနဲ့ ကင်းကွာနေတဲ့ အလုပ်ဆိုရင် ဘယ်လောက်ပဲ မြင့်မြတ်နေပါစေ သူ စိတ်မ၀င်စားပါဘူး။ `အတ္တ´လေးကို ရေသွန်းပေးသလို ဖြစ်နေတဲ့ လုပ်ငန်းမှန်သမျှကို လုပ်နေတော့ အကောင်းရော၊ အဆိုးရော ပါနေမှာပဲ။ အလွန်ဆိုးဝါးတဲ့အလုပ်ကို မလုပ်ဖြစ်သေးသမျှ သူဟာ ကောင်းတဲ့အစိတ်အပိုင်းထဲမှာ ရှိနေပါလိမ့်မယ်။

နောက်ပိုင်း အတ္တကို ပံ့ပိုးပေးမှုမရှိတဲ့ ကောင်းမွန်တဲ့အရာများကို လျစ်လျုရှုလာတဲ့အခါ မကောင်းသတင်းက ထွက်လာတော့တာပဲ။ ဒါက လောကရဲ့ ဓမ္မတာပါ။

ဗုဒ္ဓမြတ်စွာကတော့ အောင်မြင်မှုအတွက် အလုပ်လုပ်တာ မဟုတ်ဘူး။ လောကကောင်းကျိုးအတွက် အလုပ်လုပ်ခဲ့လို့ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အောင်မြင်ချင်လို့ အလုပ်လုပ်သူနဲ့ အလုပ်လုပ်လို့ အောင်မြင်သူတွေဟာ သမိုင်းမော်ကွန်းမှာ တန်းတူရှိမနေပါဘူး။

ငွေကြေး၊ ရာထူး၊ အာဏာ၊ ကျော်ကြားမှုစတာတွေကို မဏ္ဍိုင်ပြုပြီး အောင်မြင်မှုကို ဗဟိုချက်အဖြစ် ထားရှိနေသူ မဖြစ်ဖို့ သိပ်ကို အရေးကြီးပါတယ်။ အောင်မြင်ချင်လို့ အလုပ်လုပ်တော့ တစ်နေ့ ကိုယ်မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုက မရတော့ဘူးဆိုရင် မူလရည်ရွယ်ရင်း ကောင်းတဲ့အချက်လေးတွေပါ မကောင်းမှုနဲ့ ရောထွေးသွားတတ်ပါတယ်။ တကယ့်သမိုင်းမှာ တွင်တွင်ကျယ်ကျယ် နေရာယူခဲ့သူတွေဟာ အောင်မြင်မှု၊ ရှုံးနိမ့်မှုအတွက် အာရုံမထားပါဘူး။ သူတို့အာရုံထားတာက `သူတို့အလုပ် ဘယ်လောက်လုပ်နိုင်သလဲ´ဆိုတာကိုပါပဲ။ အဲဒီတော့ အောင်မြင်မှုဆိုတာကို ဗဟိုချက်အနေနဲ့ မထားဘဲ အလုပ်ကိုသာ ဗဟိုချက်နေရာမှာ ထားခဲ့မယ်ဆိုရင် သူဟာ သမိုင်းမှာ အကြီးအကျယ် မတင်ကျန်ခဲ့ရင်တောင်မှ သူ့သမိုင်းက `မရိုင်း´ပါဘူး။

ဗဟိုချက်ပျောက်လို့ တရားအဆင့် မတက်နိုင်ဖြစ်ခဲ့ရတဲ့ စာရေးသူရဲ့ အတွေးစလေးတွေပါ။ ဒီအတွေးလေးတွေကနေ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မိပါတယ်။ `ငါ့အလုပ်တွေကရော ဘာကို ဗဟိုပြုနေမိသလဲ´။