Wednesday, October 12, 2011

တစ်ဝါကျွတ်ပြန်ပြီ



သီတင်းကျွတ်ပြန်ပြီ။ တစ်ဝါတိုးသွားပြီ။ တစ်နှစ်တိုးသွားပြီ။ တစ်နှစ် အသက်ကြီးသွားပြီ။ အသက် ၃၀။ ၁၀-၀ါ။ ကလေးစိတ်ကုန်ရမယ့်အရွယ် ရောက်ပြီ။ ဟိုစာမေးပွဲ၊ ဒီစာမေးပွဲ အောင်တယ်။ ဟိုနေရာဒီနေရာ သွားတယ်။ ဟိုလုပ်ဒီလုပ် လုပ်တယ်။ ပြန်ကြည့်တော့ ကိုယ့်အတွက်တွေပဲ များတယ်။ အများအကျိုးလုပ်နေသူတွေကို အားကျရင်းနဲ့ ကုန်လာတဲ့အချိန်တွေ များပြီ။ လက်တွေ့လုပ်ဆောင်ဖို့ သင့်ပြီ။ လုပ်သင့်လုပ်ထိုက်တယ်လို့ ယူဆတဲ့ အများအကျိုး အနည်းငယ်စီ အနည်းငယ်စီတော့ လုပ်ခဲ့ဖူးပါရဲ့။ နှလုံးသားမှာ ပြည့်လျှံလောက်စေတဲ့ လုပ်ဆောင်ချက်မျိုးတော့ ဘာမှ မလုပ်ရသေးဘူး။

သီတင်းကျွတ်လပြည့်နေ့၊ ပ၀ါရဏာနေ့၊ အဘိဓမ္မာအခါတော်နေ့။ ဆောင်းပါးလေး ရေးပါအုံးတဲ့။ တိုက်တွန်းကြတယ်။ လတ်တလော စိတ်ဓာတ်က အမိမြေဆီ ရောက်နေတယ်။ တရိပ်ရိပ်နဲ့ တအိအိနဲ့ ရွေ့လျားနေတဲ့ အမိမြေရဲ့ နှလုံးခုန်သံတွေပဲ အာရုံကျနေတယ်။ အမိနိုင်ငံရဲ့ သတင်းတွေ စောင့်ကြည့်ရင်း ရင်ခုန်သံတွေက အချိန်နဲ့အမျှ။ လူမှန်းသိတတ်စအရွယ်ကတည်းက တမ်းတလာခဲ့တဲ့ ပြောဆိုလာခဲ့ကြတဲ့ လွတ်လပ်ရေး သို့မဟုတ် လွတ်လပ်မှုအရိပ်အယောင်လေး ရလာသလိုလို ခံစားရလိုက်။ အကြိမ်ကြိမ် အလိမ်အညာခံခဲ့ရတဲ့ ဘိုးဘွားတွေကို သတိရလိုက်နဲ့။ ရယ်သံတွေက ၀ါးလုံးကွဲ ထွက်မလာသေးဘူး။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ် ကန်နေတာကို ကြည့်နေရသလိုမျိုး။

သူတို့အကြောင်းတွေးလိုက်တိုင်း၊ သူတို့အကြောင်း ပြောလိုက်တိုင်း မျက်ရည်ဝဲနေခဲ့ရဖူးတယ်။ သံတိုင်တွေကြားမှာ၊ သံခြေကျင်းတွေကြားမှာ၊ လက်သီးတွေကြားမှာ၊ စစ်ဖိနပ်တွေအောက်မှာ၊ သွေးအလိမ်းလိမ်းကပ်၊ ယုံကြည်ချက်နဲ့ ဖြူစင်မြင့်မြတ်တဲ့ မဟာနှလုံးသားပိုင်ရှင်တွေကိုတောင် လွှတ်ပေးတော့မတဲ့။ အများပြည်သူရဲ့ ဆန္ဒနဲ့မညီလို့ဆိုပြီး မြစ်ဆုံစီမံကိန်းလည်း ရပ်လိုက်ပြီတဲ့။ နားရှိလို့သာ။ အသံလေးကြားရုံနဲ့ ပျော်နေရတယ်။ လူငယ်ပေမယ့် နှလုံးသားမငယ်တဲ့ ဇေယျာသော်တို့ရဲ့ တစ်လျှောက်လုံး လျို့ဝှက်လုပ်လာခဲ့တဲ့ GW လည်း ဘုန်းကြီးကျောင်းထဲမှာ လေးနှစ်မြောက် အထိမ်းအမှတ်ပွဲကို ပေါ်ပေါ်ထင်ထင် လုပ်လာခဲ့တယ်။ ဇေယျာသော်တို့ အဖွဲ့ဝင်လူငယ်လေးတွေသာမက ကျင်းပခွင့်ပေးတဲ့ ကျောင်းထိုင်ဆရာတော်ကိုလည်း အကြိမ်ကြိမ် ဦးတိုက်မိပါရဲ့။ ပြည်တွင်းမပြောနဲ့ နိုင်ငံခြားမှာတောင် စစ်အစိုးရကို ဖော်လံဖား၊ ဘုန်းမကြီးမှာကြောက်တတ်တဲ့ ဘုန်းဘုန်းတွေကြားမှာ သူ့ကိုတော့ သူရဲကောင်းလို့ ပြောကောင်းရဲ့။

ဒီနေ့ ပီနန်ကျောင်းမှာလည်း လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့၊ အလုပ်ပိတ်လို့လားဆိုတော့ သူဌေးကို အတင်းပြောပြီး ထွက်လာကြတာဘုရား။ အလုပ်ဖြုတ်လည်း မတတ်နိုင်ဘူးတဲ့။ ဒီနေ့က သီတင်းကျွတ်လပြည့်နေ့ဆိုတော့ ကုသိုလ်ကောင်းမှုလုပ်ရအောင် ကျောင်းလာကြတာတဲ့။ သူတို့ အမျိုးသားနေ့ကျတော့ ပိတ်ပြီးတော့ တပည့်တော်တို့ နေ့ထူးနေ့မြတ်ကျတော့ ပိတ်မပေးဘူး၊ ဘယ်ရမလဲ၊ အတင်းပြောပြီး ထွက်လာကြတာလို့ ပြောပါတယ်။ မြန်မာလေးတွေ ကြည့်ရတာ ကရုဏာသက်စရာ။ မုန့်ဖိုးလစာလေးနဲ့ တိုင်းတစ်ပါးမှာ မိဝေးဖဝေး နေနေကြရတယ်။ ဘာကြောင့်လဲ၊ ဘာကြောင့်လဲ။ ဒါပေမယ့် သူတို့လေးတွေ ဘာသာရေးနဲ့မဝေးအောင် နေနေကြတာကိုက ချစ်စရာ။

တစ်ယောက်ကတော့ မြန်မာက မွတ်စလင်မလေး။ ဘုန်းကြီးရှေ့မှာဒူးတုပ်။ ပရိတ်ကြိုး တောင်းရှာတယ်။ မွတ်စလင်ဆိုပြီး ဘာလို့ ဘုန်းကြီးကျောင်းက ဘုန်းကြီးရှေ့လာတာလဲဆိုတော့ မြန်မာကို လွမ်းလို့၊ ဒီကျောင်းရောက်ရင် မြန်မာကို အလွမ်းပြေတယ်တဲ့။ အေး … မွတ်စလင်က အရေးမကြီးပါဘူးလို့၊ ဒီပရိတ်ကြိုးရဲ့ အဓိပ္ပာယ်က မင်းလက်မှာ အမြဲဝတ်ထားရင် မင်းကို အမြဲတမ်း သတိပေးနေလိမ့်မယ်။ သူတစ်ပါးအသက်ကို ရန်ရှာချင်တဲ့အခါ၊ သူတစ်ပါးဥစ္စာခိုးချင်နေတဲ့အခါ၊ သူတစ်ပါးသားမယား ပြစ်မှားချင်တဲ့အခါ၊ လိမ်ပြောချင်တဲ့အခါ၊ အရက်၊ မူးယဇ်သုံးချင်တဲ့အခါ ပရိတ်ကြိုးလေးက မြင့်မြတ်မှုကို ကိုယ်စားပြုထားတာဆိုတော့ “မလုပ်နဲ့။ မလုပ်နဲ့၊ မကောင်းဘူး၊ မကောင်းဘူး”လို့ တားမြစ်လိမ့်မယ်။ သူက စကားပြောလိမ့်မယ်လို့ သူနဲ့ဆီလျော်အောင် ပြောလိုက်ရတယ်။

မြင့်မြတ်ထူးခြားတဲ့ အဘိဓမ္မာအခါတော်နေ့မှာ ဖြစ်လာတဲ့ စိတ်ကူးတွေက အဘိဓမ္မာ ၇-ကျမ်းအကြောင်းတော့ မဟုတ်ခဲ့လေဘူး။ လူသားတွေရဲ့ ပုဂ္ဂလိကတွေးခေါ်မြော်မြင်မှု၊ ပုဂ္ဂလိက လွတ်လပ်ခွင့်နဲ့ ကိုယ်ရည်ကိုယ်သွေးများမှ ဖြာကျလာသော ပရဟိတသွေးစက်များ၊ မရေရာမှု အံ့သြမှုများနှင့် ရောထွေးနေသော အသံတိတ်မျှော်လင့်ကြည်နူးမှု … ပေါင်းချုပ်ကြည့်လိုက်သောအခါ လူသား၏ အဘိဓမ္မာကို တွေ့လိုက်ရတယ်။

အဘိဓမ္မာအခါတော်နေ့မှာ ဘာသာရေးအကြောင်း ဆောင်းပါးကောင်းကောင်းလေး ရေးပါအုံးလို့ ဆိုလာသူကိုတော့ အားနာပါတယ်။ တပည့်တော်က ဘာသာရေးပဲ စိတ်ဝင်စားတာ၊ အရှင်ဘုရားဆိုက်ကိုလည်း ဘာသာရေး သီးသန့်လေးပဲ ဖြစ်စေချင်တယ်၊ အရှင်ဘုရားဆောင်းပါးတွေထဲက အချို့ဟာ နိုင်ငံရေးတွေ ဖြစ်နေလို့ တပည့်တော် စိတ်မကောင်းဘူး။ အခြားအကြောင်းအရာတွေ ရေးရင် တပည့်တော် လာမဖတ်ချင်တော့ဘူးဆိုတဲ့ သူကိုလည်း အားနာပါတယ်။

စာရေးသူကတော့ လူမှုရေး၊ လောကရေးနဲ့ ဝေးလွန်းတဲ့ ယောင်တောင်တောင် ဘာသာရေးကိုတော့ စိတ်မ၀င်စားနိုင်ပါဘူး။ စိတ်ကူးယဉ်ဘာသာရေးနဲ့ ၀ိုင်းတုတ်ဘာသာရေးနှစ်မျိုးဟာ ၂၁-ရာစုမှာ သေဆုံးသင့်ပါပြီ။ ဘုရားရှေ့မှာ ရောက်နေတဲ့ ကြာပန်းထက် ညစ်ပတ်ပေရေနေတဲ့ ရွံ့ညွန်ထဲမှာ ငွါးငွါးစွင့်စွင့် ပွင့်နေတဲ့ သန့်ရှင်းစင်ကြယ်နေတဲ့ ကြာပန်းလေးကို ကြည့်ရတာ ပိုပြီး ရသမြောက်ပါတယ်။ ညွှန်ထဲက ကြာကမှ တကယ့်ဘ၀ဆိုတာ သူတော်ကောင်းတွေက သက်သေပြခဲ့ပြီ မဟုတ်လား။ အဘိဓမ္မာအခါတော်နေ့မှာ ငြိမ်းချမ်းသာယာရှိတော်မူနိုင်ကြပါစေ …..။

3 comments:

aye said...

ဦးဇင်း တပည့်တော် ဖတ်ပြီးတိုင်း ကောင်းတယ် သဘောကျတယ်၊ အတွေးလေးက အတုယူစရာပါ..ဘာဘာ ညာညာ စိတ်ထဲရှိတာတွေ ရေးရရင် တပည့်တော်ရဲ့ comments တွေကပေါ့သွားမှာ စိုးလို့ ရံဖန်ရံခါ ပဲရေးလိုက်တယ်။ ဦးဇင်းကျမ္မာ ချမ်းသာပါစေ။ တကာမကြီး ခင်သက်တင်။

နန်း ရှင် said...

ပြည်တွင်းမပြောနဲ့ နိုင်ငံခြားမှာတောင် စစ်အစိုးရကို ဖော်လံဖား၊ ဘုန်းမကြီးမှာကြောက်တတ်တဲ့ ဘုန်းဘုန်းတွေကြားမှာ သူ့ကိုတော့ သူရဲကောင်းလို့ ပြောကောင်းရဲ့။ ဒီလိုရေးသားဝေဖန်ရဲတဲ့ဦးဇင်းရဲ့သတ္တိကိုချီးကျူးတယ်ဘုရား။ပြီးတော့ ဦးဇင်းရဲ့ ဆန္ဒတွေကို ဦးဇင်းကိုယ်တိုင် အကောင်ထည်ဖော်လာနိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ဘုရား.......။

A SHIN THU said...

ဖတ်မှာတ်သွားပါတယ် အရှင်ဘုရား။ အတွေးအခေါ်အယူအဆလေးတွေ ရဲရင့်ပါပေတယ်။ တပည့်တောက်ကတော့..အမြဲအားပေးလျက်ပါ။ ကိုယ်စိတ်ငြိမ်းချမ်းပါစေဘုရား

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails