Sunday, April 10, 2011

မိုးရွာတော့မယ် တိမ်များ



ကုသုဒလို့ ခေါ်တဲ့ တိုကျိုက ဆေးဆရာလေးဟာ ဇင်တရားတွေ သင်ယူနေတဲ့ ကောလိပ်ကျောင်းသားနဲ့ တွေ့တယ်။ ဆေးဆရာလေးက “ဇင်တရားဆိုတာ ဘာလဲ”လို့ မေးလိုက်တယ်။ ကောလိပ်ကျောင်းသားက “ငါ မပြောနိုင်ဘူး၊ ဒါပေမယ့် တစ်ခုတော့ ပြောနိုင်တယ်။ အဲဒါကတော့ မင်းအနေနဲ့ ဇင်တရားကို သဘောပေါက်ရင် သေရမှာ မကြောက်တော့ဘူး”လို့ ဖြေတယ်။ ဒီတော့ “အို… ဒါဆို သိပ်ကောင်းတာပေါ့”လို့ ပြောလိုက်တယ်။ “ဒီလိုဆို ငါ ဇင်တရားတွေ သင်ချင်တယ်။ ဆရာကို ဘယ်လို ရှာရမလဲ”လို့ ဆက်မေးတော့ “နန်အင်လို့ ခေါ်တဲ့ ဆရာဆီကို သွား”လို့ ပြောလိုက်တယ်။ ဆေးဆရာလေးဟာ ၉-လက်မခွဲရှိတဲ့ ဓားမြှောင်တစ်ချောင်းကို ယူသွားတယ်။ “ဒီဆရာ သေရမှာ ကြောက်သလား၊ မကြောက်ဘူးလား” ဆိုတာကို စုံစမ်းဖို့ စမ်းသပ်ဖို့ပေါ့။
နန်အင်ဆိုတဲ့ ဇင်ဆရာဟာ ကုသုဒကို တွေ့လိုက်တာနဲ့ “အိုအဆွေ… နေကောင်းလား။ ဒို့ မတွေ့တာတောင် အတော်ကြာပေါ့”လို့ နှုတ်ဆက်လိုက်တယ်။ ဆေးဆရာလေး ခေါင်းရှုပ်သွားတယ်။ ဒီတော့ “ကျုပ်တို့ တစ်ခါမှလည်း မတွေ့ဖူးဘဲနဲ့”လို့ တအံ့တသြ ပြောလိုက်တယ်။ “အင်း.. ဟုတ်တယ်၊ တစ်ခါမှ မတွေ့ဖူးပါဘူး၊ ငါ့ဆီမှာ ဇင်တရားတွေ လာသင်သွားတဲ့ ဆေးဆရာလေးတစ်ယောက်နဲ့ မှားသွားတာပါ”လို့ နန်အင်က ပြောတယ်။ ကုသုဒဟာ မမျှော်လင့်တဲ့ အဖြစ်အပျက်လေးကြောင့် ဇင်ဆရာကို စမ်းသပ်ဖို့ အစီအစဉ် ပျက်သွားပြီး ဇင်တရား သင်လို့ ရနိုင်မရနိုင် မေးလိုက်တယ်။

 “အို ဇင်တရားဆိုတာ မခက်ပါဘူး၊ မင်းက ဆေးဆရာ၊ ဒီတော့ လူနာတွေကို ကြင်ကြင်နာနာနဲ့ ကုသပေးလိုက်၊ ဒါဆို မင်းဟာ ဇင်တရား ကျင့်သုံးနေတာပေါ့”လို့ ပြောလိုက်တယ်။ ကုသုဒဟာ နန်အင်ဆီကို သုံးကြိမ်တိုင်တိုင် သွားလည်တယ်။ ရောက်လာတိုင်း နန်အင်က ပြောလွှတ်တယ်။ “ဆေးဆရာလေး မင်းလို လူမျိုးက ဒီလိုနေရာမျိုးမှာ အချိန်မဖြုန်းသင့်ဘူး၊ လူနာအိမ်တွေကို သွားပါ၊ လူနာတွေကို ဂရုစိုက်ပါ”လို့ချည်း ပြောလွှတ်တယ်။

ဒါပေမယ့် ကုသုဒဆိုတဲ့ ဆေးဆရာလေးဟာ အခုချိန်ထိ ဇင်တရားက လူကို သေရမှာ မကြောက်အောင် လုပ်ပေးနိုင်သလဲဆိုတာ နားမလည်သေးဘူး။ လေးကြိမ်မြောက်မှာတော့ ဆေးဆရာလေးဟာ မနေသာတော့ဘူး။ “ငါ့သူငယ်ချင်းက ဇင်တရားဟာ သေရမှာ မကြောက်အောင် စွမ်းနိုင်တယ်လို့ ပြောတယ်။ ဒါကြောင့် ငါ ဒီကို လာနေတာ။ ဒါပေမယ့် ငါလာတိုင်း မင်းက လူနာတွေကို ဂရုစိုက်ဖို့ပဲ ပြောနေတယ်။ လူနာတွေကို ဂရုစိုက်တာ ဇင်တရားလို့ ဆိုရင် ငါ ဒီကို နောက်ထပ် မလာတော့ဘူး”လို့ စိတ်မရှည်တဲ့လေသံနဲ့ ပြောလိုက်တယ်။

နန်အင်ဟာ ပြုံးလိုက်ပြီး ဆေးဆရာလေးကို နှစ်သိမ့်လိုက်တယ်။ “မင်းနားမလည်အောင်လုပ်သလို ဖြစ်နေပြီ။ ငါ မင်းကို အိုအန်(koan) တစ်ခု ပေးလိုက်မယ်”လို့ ဆိုပြီး ဂျိုရှုရဲ့ မု လို့ ခေါ်တဲ့ ကိုအန်ကို ပေးလိုက်တယ်။ စိတ်ထဲမှာ ပြဿနာကို သိမြင်နားလည်တဲ့ ပထမဆုံးစိတ်လို့ ခေါ်တယ်။ တံခါးမဲ့ တံခါးလို့ ခေါ်တဲ့ စာအုပ်ထဲမှာ ပါတယ်။ အနတ္တ-ဘာမှ မဟုတ်ဘူး၊ ဘာမှ မရှိဘူးဆိုတဲ့ ကျင့်စဉ်။ သူဟာ ဒီကျင့်စဉ်ကို ၂-နှစ်လောက် ကျင့်ခဲ့တယ်။ နောက်ဆုံးမှာ ဆေးဆရာလေးဟာ အနတ္တတရားကို သဘောပေါက်ပြီလို့ ယူဆခဲ့တယ်။ ဒါပေမယ့် နန်အင်က “မင်း လိုသေးတယ်”လို့ ပြောတယ်။

ကုသုဒဆိုတဲ့ ဆေးဆရာလေးဟာ နောက်ထပ် ၁-နှစ်ခွဲ ထပ်ကျင့်တယ်။ သူ့စိတ်တွေဟာ အလွန်ကို အေးချမ်းတည်ငြိမ်သွားပြီ။ ပြဿနာမှန်သမျှကိုလည်း ပြေလည်အောင် ဖြေရှင်းတတ်သွားပြီ။ အနတ္တတရားကို အမှန်တရားအနေနဲ့ သဘောပေါက်သွားခဲ့တယ်။ ဒီတော့မှ သူဟာ လူနာတွေကို ကောင်းကောင်းမွန်မွန် ကြင်ကြင်နာနာနဲ့ ပြုစုစောင့်ရှောက်တယ်။ ဒါပေမယ့် သူစိတ်ဟာ နေခြင်းနဲ့ သေခြင်းကို (ဂရုစိုက်နေခြင်းကနေ) ကင်းလွတ်နေပြီဆိုတာကို သူ့ကိုယ်သူ မသိပါဘူး။ အဲဒီအခါ သူ့ဆရာ နန်အင်ဆီကို သွားလည်တော့ ဇင်ဆရာအိုကြီးက ပြုံးရုံးလေး ပြုံးနေတော့တယ်။

(၂)

တစ်နေ့က အနောက်တိုင်းသားလင်မယားနှစ်ယောက်နဲ့ စကားအနည်းငယ် ပြောဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ ဘာလဲဆိုတဲ့ မေးခွန်းကို “တစ်လောကလုံးဟာ အတည်မဲ့နေတယ်ဆိုတာကို သိရှိရေး ဖြစ်တယ်”လို့ ဖြေမိပါတယ်။ ဒီတော့ “ဟ.. ဒါ ဘာထူးဆန်းလို့လဲ၊ ဒါ လောကကြီးအမြဲမရှိဘူးလို့ ပြောတာ ဗုဒ္ဓဘာသာတရားဆိုရင် ဘာများ ထူးဆန်းအုံးမှာလဲ၊ ဘာမှ အမြဲမရှိတာ လူတိုင်း သိနေတာပဲ။ ဆင်းရဲတာ လူတိုင်း သိနေတာပဲ။ အစိုးမရတာ လူတိုင်း သိနေတာပဲ။ နောက်ပြီး မင်း ပြောခဲ့တဲ့ ချစ်တဲ့သူနဲ့ ကွေကွင်းခြင်းဆိုတာ ဒုက္ခဆိုတာ လူတိုင်း သိနေတာပဲ။ ကိုယ်မုန်းတဲ့သူနဲ့ အတူနေတာလည်း ဒုက္ခပဲဆိုတာ သိနေတာပဲ။ ဒါ တရားမှ မဟုတ်တာ၊ အိုတာ၊ နာတာ၊ သေတာ ဆင်းရဲဆိုတာ မင်းတို့ ဗုဒ္ဓဘာသာ ဟောမှ မဟုတ်ဘူး၊ အားလုံး သိနေတဲ့ဟာပဲကို …… ”။ သူ အများကြီး ပြောနေတော့ ပြုံးပြီး နားထောင်နေလိုက်ရတယ်။

“မင်း အကြီးအကျယ် ရန်ဖြစ်ဖူးလား” “ဖြစ်ဖူးတာပေါ့၊ ၃ ခါ ၄ ခါကို ဖြစ်ဖူးတာ” “ဒါဆို ရန်ဖြစ်ရင် ဆင်းရဲလား၊ ချမ်းသာလား” “သူ့ကို လုပ်လိုက်ရရင် ကိုယ်စိတ်ချမ်းသာမယ်လို့ ထင်ခဲ့တာချည်းပဲ၊ ဒါပေမယ့် ရလဒ်က စိတ်ဆင်းရဲစရာတွေပဲ ရခဲ့တယ်” “ဟုတ်ပြီ… ဒါဆိုရင် မင်း ရန်ဖြစ်တာ ဆင်းရဲတယ်ဆိုတာကို ကြိုတင် သိနေတာပဲ၊ ဒါပေမယ့် မင်း ရန်ခဏခဏ ဖြစ်ခဲ့တယ်၊ ဘာကြောင့်လဲ” ဒီတော့မှ “မင်း ပြောတာ ငါနည်းနည်း စိတ်ဝင်စားသွားပြီ”လို့ ပြောပါတယ်။ “ငါတို့ ဗုဒ္ဓဘာသာတရားက အို၊ နာ၊ သေ ကိစ္စတွေဟာ ဆင်းရဲတယ်ဆိုတာကို ပထမ စိတ်ထဲမှာ မှတ်ရတယ်။ ဒါက လူတိုင်း သိတဲ့အပိုင်း၊ ဒီအသိ အရင်ရှိထားမှ အဲဒီဆင်းရဲတာကို ဘယ်လို တားဆီးနိုင်မလဲဆိုတာကို သုံးသပ်ပြတာ၊ အိုနာသေ ဆင်းရဲတာ တစ်ကမ္ဘာလုံး သိပေမယ့် အခု မင်းကိုယ်တိုင် အဲဒီ ဆင်းရဲတာကို ဘယ်လို ရပ်တန့်အောင် လုပ်ရမလဲ မင်းမသိဘူး။ အဲဒီလိုပဲပေါ့၊ ရန်ဖြစ်တာ ဆင်းရဲတယ်ဆိုတာ မင်းအနေနဲ့ အရင်ကလည်း သိတယ်၊ အခုလည်း သိနေတယ်၊ ဒါပေမယ့် မင်း ရန်ဖြစ်ဆဲပဲ။ အဲဒီတော့ မင်း သိနေတယ်ဆိုတာ တစ်ခုတည်းနဲ့ ဂုဏ်ယူမနေပါနဲ့၊ အဲဒီ အသိက မင်းဘ၀တစ်ခုလုံးအတွက် ဘယ်လောက်ထိ သက်ရောက်မှုရှိစေသလဲဆိုတာကို သေချာ ဆန်းစစ်နိုင်မှ သိရကျိုး နပ်လိမ့်မယ်”လို့ ဆိုလိုက်တော့ သူ ကျေနပ်သွားတယ် (လို့ ထင်ပါတယ်)။

(၃)

“ဘာ ၀ိပဿနာလဲ၊ အလကား ငပျင်းတစ်ယောက်လို ကုပ်နေတာကိုများ တရားရနေတယ်တဲ့၊ ဗုဒ္ဓဘာသာတွေ အသုံးမကျတာ အဲဒါပဲ၊ ဘုရားကိုပဲ ကြည့်ပါလား၊ ၄၅-၀ါပတ်လုံး လျှောက်သွားနေတာ၊ တစ်စက္ကန့်မှ ကုပ်ချောင်းချောင်း လုပ်မနေဘူး။ ဘယ်ကလာ၊ ၀ိပဿနာဆိုတဲ့သူတွေလို အခန်းကုပ်ပြီး ကုပ်ချောင်းချောင်း လုပ်နေတာ တစ်စက္ကန့်မှ မရှိဘူး။ ဘုရားဘ၀ကို နမူနာ ယူကြစမ်းပါ၊ ၀ိပဿနာဆိုပြီး ကုပ်ချောင်းချောင်း လုပ်မနေကြနဲ့၊ ဒီလိုသာ လုပ်နေရင် ဗုဒ္ဓဘာသာရောက်တဲ့ နိုင်ငံတွေ ကုပ်ချောင်းချောင်း ဖြစ်နေမှာပဲ။ ဘယ်နှယ့်ကွာ၊ ဘာသာရေး လိုက်စားတယ်ဆိုတဲ့ သူတွေ ကြည့်လိုက်။ ကုပ်ချောင်းချောင်းနဲ့။ စီးပွားရေး တိုးတက်မယ်ရှိသေး၊ ဘုန်းကြီးတွေက သူဌေးလေးဆိုပြီး ဟိုနားကဖဲ့။ ဒီနားက ဖဲ့နဲ့ ကုန်ရော။ ဒို့ ဗုဒ္ဓဘာသာတွေ အလုပ်ကို မနေမနား လုပ်တဲ့၊ ကုပ်ချောင်းချောင်း လုပ်မနေတဲ့ ဘုရားကို အတုယူကြစမ်းပါ။ ဒို့ ဗုဒ္ဓဘာသာ ဒကာ၊ ဒကာမတွေကလည်း ခက်တယ်။ ကုပ်ချောင်းချောင်းနဲ့၊ ဘာအလုပ်မှ မလုပ်တတ်လို့၊ လုပ်ရမှာ ပျင်းလို့ ငြိမ်ကုပ်နေတဲ့ဘုန်းကြီးဆို အောင်မာ သူတို့က “အယ် ဒီဘုန်းကြီး အေးဆေးလိုက်တာ၊ ကြည်ညိုစရာကြီး”ဆိုပြီး ကိုးကွယ်နေကြတာ။ ခက်ပါ့ကွာ၊ ခက်ပ”

ဆရာတော်ကြီးတစ်ပါးနဲ့ ဆုံတွေ့စဉ် သူက အပီအပြင် ဖဲ့လိုက်တာပါ။ ဆရာတော်ကြီးက ပြောပြီး အတန်ကြာ ငြိမ်နေပြီးမှ

“အေး အေး ၀ိပဿနာ လုပ်တာ ကောင်းပါတယ်ကွ၊ ဒါပေမယ့် အေး အခု ဘုန်းကြီးတွေ၊ လူတွေ ထင်နေ၊ ယူဆနေတဲ့ ၀ိပဿနာမျိုးတော့ မဟုတ်ဘူး၊ ငါ့ ၀ိပဿနာက …. နောက်မှ ပြောမယ်ကွာ”ဆိုပြီး စကားကို ရပ်သွားခဲ့တယ်။

(၄)

မတူညီတဲ့ အဖြစ်အပျက် သုံးခုမှာ တူညီတဲ့ တွေးစရာ ရှုထောင့်လေးတွေ ပါနေတယ်လို့ ထင်တယ်။ အတ္တ၊ ပရ၊ လောကီ၊ လောကုတ္တရာ ဆိုတဲ့ စကားလုံးလေးတွေကို အခြေခံပြီး တွေးဆကြည့်ဖို့ပါ။ အယူအဆ၊ အတွေးအမြင်တွေ ပြောမိတိုင်း “လူတွေ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကမ္ဘာကြီးက သူ့ထုံးစံအတိုင်း လည်ပတ်နေမှာပါကွာ”လို့ ခဏခဏပြောတတ်တဲ့ သူငယ်ချင်းကို သွားသွား သတိရနေတတ်ပါတယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails