Saturday, March 19, 2011

ကမ္ဘာကြီးက ရက်စက်တယ်တဲ့လား


အလွန်ပူနေသော တစ်ရက်က ဖြစ်ပါသည်။ အခန်းအပြင်ထွက်လို့ မနေနိုင်အောင် ပူသည်။ ခန်းစီးလိုက်ကာကို မကြည့်လိုက်တော့ ပြီးလုဆဲဆဲ ကျောင်းဆောင်သစ်ကြီးပေါ်တွင် အလုပ်လုပ်နေကြသူများကိုလည်း တွေ့နေရသည်။ ပူပြင်းလှသော နေရောင်အောက်တွင် ပင်ပင်ပန်းပန်း လုပ်နေကြတာကို တွေ့ရတော့ စိတ်ထဲမှာ မကောင်း။ သို့ရာတွင် သူတို့မှာ အပေါ်က နေရောင်နဲ့ ပင်ပန်းနေပေမယ့် ကိုယ့်မှာလည်း နေပူသာ မခံရတယ်၊ ဂုတ်ကြောတွေ၊ ခါးတွေလည်း ညောင်းကိုက်နေပါသည်။ လူတိုင်းလူတိုင်းမှာ အပူတွေ ဒုက္ခတွေ ရှိနေတတ်ကြတာပဲဟု ဖြည့်တွေးမိသည်။
ကွန်ပြူတာရှေ့တွင် တကုပ်ကုပ် အလုပ်ရှုပ်နေစဉ် ကျောင်းသားတစ်ယောက် ပြေးလာသည်။ “ဦးဇင်း ဂျပန်မှာ ဆူနာမီ ၀င်နေတယ်”ဟု အမောတကော ဆိုသည်။ ရင်ထဲမှာ ထင့်ခနဲ ဖြစ်သွားသည်။ အင်တာနက်ကနေ ဘီဘီစီ ၀က်ဘဆိုက်ကို ဖွင့်ကြည့်လိုက်သည်။ ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးကြီးများက ဖူကူရှီးမားမြို့ကလေး တရကြမ်း ၀ါးမြိုနေသည်။ သင်္ဘောကြီးများပင် မြို့ထဲကို ဒလိမ့်ခေါက်ကွေး မျောပါနေသည်။ တံတားတွေ ပြိုသည်။ အိမ်တွေ ပျက်သည်။ လူတွေ သေသည်။ လူတွေ ငိုသည်။ သတင်းတွေ ကြည့်ရင်း ၀မ်းတွေ နည်းနေမိသည်။

သဘာဝဘေးအန္တရာယ်ကို မည်သူတွေ အန်တုနိုင်ပါမည်နည်း။ ယနေ့ခေတ်ကို သိပ္ပံပညာခေတ်ဟု လူတွေ တင်စားပြောဆိုနေကြသည်။ အမှန်တကယ် တင်စားလောက်အောင်ပဲ သိပ္ပံပညာတွေ ထွန်းကားသည်။ ပူပြင်းသည့်နေရောင်အောက်တွင် အေးအေးလူလူနေလို့ ရအောင် အဲယားကွန်းတွေ ထွင်သည်။ ချမ်းအေးလွန်းသည့် အအေးဓာတ်ကို အန်တုဖို့ ဟိတာ(အပူပေးစက်)တွေ ဖန်တီးသည်။ နေရာတကာ စက်ပစ္စည်းတွေ ထွင်ပြီး လူတွေကို ကူညီသည်။ အချို့နေရာများတွင် လူအစား စက်ရုပ်(ရိုဘော့)များကိုပင် တီထွင်ခိုင်းစားနေကြသည်ကို တွေ့နိုင်သည်။ 

ခရီးသွားလာရေး အဆင်ပြေဖို့အတွက် လေယာဉ်ကြီးတွေ ဖန်ဆင်းသည်။ သင်္ဘောကြီးတွေ ဖန်တီးသည်။ ဇိမ်ခံကားတွေ ထုတ်လုပ်သည်။ လျှပ်စစ်ပစ္စည်းမျိုးစုံကို ကမ္ဘာ့နေရာအနှံ့အပြားတွင် တွေ့နေရသည်။ ခေတ်ပေါ်အသုံးအဆောင်များဖြင့် လူသားသည် လှပခန့်ငြား တင့်တယ်လှသည်။ သိပ္ပံပညာက ဖန်ဆင်းပေးလိုက်သည့်အရာများဖြင့် လူသားများ ၀င့်ဝါလို့ မဆုံး၊ ဂုဏ်ယူလို့ မကုန်၊ ၂၁-ရာစုမှာ လူဖြစ်ရတာ နတ်ပြည်မှာ နတ်သားပဲ ဖြစ်နေရသလိုလို ပျော်နေကြပုံရသည်။

စက်မှုပစ္စည်းများကို ဘိန်းစွဲသလို စွဲနေသော လူသားများကြောင့် စက်မှုပစ္စည်းတွေ တစ်နေ့တစ်မျိုး မရိုးရအောင် ထုတ်သူက ထုတ်သည်။ ဖြန့်သူက ဖြန့်သည်။ တဖြည်းဖြည်းနှင့် လူသားသည် စက်မှုပစ္စည်းများ၏ ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။ ၀ယ်လိုအားများလာသောကြောင့် စက်မှုပစ္စည်းများသည် တစ်နေ့တစ်ခြား အမျိုးမျိုး တိုးလာရသည်။ စက်မှုပစ္စည်းတွေ တိုးလာခြင်းသည် လူသားများအတွက် ကောင်းပါသည်။ သို့ရာတွင် စက်မှုပစ္စည်းတွေ တိုးလာလေလေ ကမ္ဘာကြီးမှာ အန္တရာယ်အတွင်းသို့ သက်ဆင်းနေလေလေ ဖြစ်နေသည်ကို လူသားများ သတိမမူနိုင် (သတိမူမိသော်လည်း အရေးမစိုက်နိုင်)ဖြစ်ခဲ့ကြသည်။

လူသားတို့ သုံးစွဲနေကြသော ကြွပ်ကြွပ်အိတ်များ၊ သိန်းသန်းချီနေသော ကားများမှ ထုတ်လွှတ်လိုက်သော လောင်စာဆီ အငွေ့များ၊ အဲယားကွန်းပေါင်းများစွာမှ ထုတ်လွှတ်လိုက်သော အပူငွေ့များ၊ လူတို့ စားကုန်သုံးကုန်များ ထုတ်လုပ်ပေးနေသော စက်ရုံပေါင်းများစွာမှ အခိုးအငွေ့များ…..ထိုအရာများသည် လူသားတို့အတွက် အဆင်ပြေကောင်းအဆင်ပြေနေနိုင်သော်လည်း ကမ္ဘာမြေကြီးကို စိတ်ပျက်စေပါလိမ့်မည်။ သို့ဖြစ်၍ ကမ္ဘာမြေကြီးက ပြန်လည် ဒဏ်ခတ်သည်။ သဘာဝဘေးအန္တရာယ်များမှာ ကမ္ဘာမြေကြီးက ဒဏ်ခတ်လိုက်ခြင်းပင် ဖြစ်သည်။

လူသားတို့သည် နေ့စဉ်နေ့တိုင်း အချိန်ရှိသရွေ့ ကမ္ဘာမြေကြီးနှင့် ကမ္ဘာ့လေထုကို နှိပ်စက်သည်။ ရက်ရက်စက်စက် ပြုမူသည်။ ကမ္ဘာမြေကြီး မကြိုက်သော အငွေ့များကို ထုတ်လွှတ်သည်။ ကမ္ဘာမြေကြီး ရွံရှာသော ကြွပ်ကြွပ်အိတ်များကို စည်းမဲ့ကမ်းမဲ့ စွန့်ပစ်သည်။ လူသားတို့ တီထွင်ဖန်တီးလိုက်သော စက်ပစ္စည်းများမှ ထုတ်လွှတ်သော အငွေ့များနှင့် နေ့စဉ်နေ့တိုင်း အသက်ရှူကြပ်စွာ ရပ်တည်နေရသည်။ အိုဇုန်းလွှာလည်း ပေါက်ပြဲနေပြီ။ ကမ္ဘာမြေကြီးအနေဖြင့် လူသားများကို အသိဉာဏ်ရှိအောင် နိမိတ်အမျိုးမျိုး ပြသည်။ အယ်လ်နီညို၊ လာနီညာနှင့် ရာသီဥတုများ ပြောင်းလဲဖြစ်ပေါ်ပေးခြင်းဖြင့် လူသားကို အသိဉာဏ်ရှိအောင် ပြောပြသည်။ သို့ရာတွင် လူသားက အသိဉာဏ်ကင်းမဲ့လျှက်ပင် ရှိလေသည်။ လူသားများ၏ ရက်စက်သော ဒဏ်ကို ကမ္ဘာမြေကြီးခမျာ ကြည်ရှည် သီးခံနိုင်စွမ်းမရှိ ဖြစ်လာခဲ့သည်။

အမှန်အားဖြင့် သဘာဝလောက ဤမြေကမ္ဘာသည် လူသားတို့အတွက် သူ့မှာရှိသမျှ အားအင်များဖြင့် ပြုစုစောင့်ရှောက်ထားသည်။ သို့ရာတွင် လူသားတို့ကား ကျေးဇူးတင်ရမှန်း မသိ။ ကမ္ဘာပေါ်တွင် နေထိုင်ပြီး ကမ္ဘာကြီးကို လျစ်လျူရှုသည်။ နှစ်ကာလပေါင်း ထောင်သောင်းချီပြီး လူသားတို့သည် ကမ္ဘာကြီးအပေါ်တွင် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့ကြသည်။ လူသားများအတွက်ရော၊ ကမ္ဘာကြီးအတွက်ပါ အန္တရာယ်အလွန်များလှသော အနုမြူများကိုပင် သူ့ထက်ငါ ဦးအောင် သာအောင် တီထွင်ဖန်တီးကြသည်။ ကမ္ဘာကြီးက ပညာအမျိုးမျိုး ပြသည်။ ထိုအခါ လူသားက ငိုကြွေးမြည်တမ်းသည်။ “ရက်စက်လိုက်တာ ကမ္ဘာကြီးရယ်”ဟူ၍။ ထိုအသံကို ကမ္ဘာကြီးက ကြားသောအခါ “တော်တော် တရားမျှတတဲ့ လူတွေပဲ”ဟုပြောရင်း ဟားတိုက်ရယ်မောနေခဲ့လေသည်။

4 comments:

Crystal said...

ရယ် ပြီး မောရသော အဖြစ်များရလ်ပါ...

မိုးယံ said...

ဖြစ်လာမှတော့ ရင်ဆိုင်ရတော့မှာပေါ့လေ... စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ...သမုဒယ ကြောင့်မဟုတ်ပေမယ့် ကိုယ်ချင်းစာစိတ်ကြောင့် စိတ်မချမ်းမြေ့ဖြစ်မိတာ အမှန်ပါပဲ အရှင်ဘုရားရယ်..

Network For Green Myanmar said...

ဒီဆောင်းပါး ကိုတပည့်တော် သဘာဝ ပတ်ဝန်း ကျင် နဲ့ ပတ်သက်လို့ ဒီမှာ http://www.net4greenmyanmar.com ပြန်ဖော်ပြလိုက်ပါတယ် ဘုန်းဘုန်း

Han Kyi said...

မှန်ပါတယ်ဘုရား...ဒါပေမယ့် ကမ္ဘာကြီးက ရက်စက်တယ်ဆိုတာထက် ငါးစာပဲမြင်ပြီး ငါးမျှားချိတ်ကိုမမြင်တဲ့ လူတွေရဲ့သဘာဝကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်ဘုရား...လူတွေအချင်းချင်း မေတ္တာတရားတွေ ခေါင်းပါးကုန်ကြတာလဲ ဘေးဆိုးကပ်ဆိုးတွေကျရောက်ခြင်းရဲ့ အဓိကအကြောင်းဖြစ်မယ်ထင်ပါတယ်ဘုရား...ဇနိတံ ပါကံ ဇနေတိ မို့ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေရတုန်းပါဘုရား...အရှင်ဘုရားရဲ့ ဆိုဒ်ကို တပည့်တော် လင့်ခ်ယူသွားဖို့ ခွင့်ပြုပါဘုရား...

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails