Wednesday, March 9, 2011

ပီနန်က ကလေးမလေးများနှင့် စကားစမြည်

မလေးရှားနိုင်ငံ၊ ပီနန်မြို့၊ မန်ဒရိန်းအထက်တန်းကျောင်းက ကျောင်းသူလေးတွေပါ။ သူတို့က ဓမ္မိကာရာမမြန်မာကျောင်းသမိုင်း၊ ဘုန်းကြီးဝတ်ကြခြင်းအကြောင်း၊ ဗုဒ္ဓဘာသာအကြောင်း ဆိုတဲ့ အချက်အလက်သုံးခုကို အခြေတည်ပြီး မေးခွန်းလေးတွေ မေးကြတယ်။ သူတို့လေးတွေက အသက် ၁၅-နှစ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် သူတို့ သိတဲ့အသိက ဦးဇင်းတို့ မြန်မာတွေနဲ့စာရင် အတော်ကို သိနေကြတယ်လို့ သုံးသပ်မိတယ်။ အင်တာဗျူးကိုလည်း အင်တာဗျူးနဲ့တူအောင် မေးကြတယ်။ ဥပမာ ဘုန်းကြီးဝတ်တာ ငြိမ်းချမ်းမှုရချင်လို့လို့ ပြောလိုက်တော့ “ဒါဆိုရင် လူတွေက မငြိမ်းချမ်းနိုင်တော့ဘူးလား”တဲ့။ 

နောက်ပြီး ဓမ္မိကာရာမမြန်မာသမိုင်းကြောင်း ပြောတဲ့အခါ “ဒီမြန်မာကျောင်းကြီးက နှစ်ပေါင်း ၂၀၀-ကျော်နေပြီ”လို့ ပြောတော့ “အဲဒီအချိန်က မင်း ဘယ်ရောက်နေပါသလဲ”တဲ့။ ဦးဇင်းကလည်း “ငါက နတ်ပြည်မှာ”လို့ ပြောလိုက်တယ်။ နှစ်ပေါင်း ၂၀၀-ကျော်နေပြီပြောတော့ အထောက်အထား ရှိပါသလားလို့ ပြောပါသေးတယ်။ “ဟိုမှာ ကျောက်စာရှိတယ်၊ သွားကြည့်ကြစို့”ဆိုတော့ သူတို့ ကျောက်စာကို အသေအချာ ဖတ်ကြတယ်။ ပြီးတော့ သူတို့ မေးလိုက်တဲ့ မေးခွန်းအတွက် အဖြေမပေးနိုင်ခဲ့ဘူး။ “ဒီကျောက်စာကို ဘယ်ခုနှစ်က ဘယ်သူက ရေးတာလဲ”တဲ့။ “ငါ မသိဘူး”လို့ပဲ ဖြေလိုက်ပါတယ်။ တစ်ယောက်က လာသေးတယ်... “ဒီကျောက်စာကို လွန်ခဲ့တဲ့ ၁၀-နှစ်လောက်က ရေးတယ်ဆိုရင် သမိုင်းကြောင်း မှန်ကန်မှုကို ဘယ်သူက ဘယ်လို အကဲဖြတ်ပေးနိုင်မလဲ”တဲ့။ 

ကျောက်စာကို ဘယ်အချိန်က ရေးတယ်ဆိုတာ အရေးမကြီးပါဘူး။ မင်းတို့ သိချင်တာက ဒီကျောင်းကြီး ဒီနေရာမှာ နှစ်ပေါင်း ၂၀၀-ကတည်းက ရှိခဲ့တယ်ဆိုတာကို မင်းတို့ သက်သေလိုချင်တာ မဟုတ်လားလို့ မေးလိုက်မှ ဟုတ်တယ်လို့ ပြောကြပါတယ်။ “ဒါဆိုရင် မင်းတို့ ကွာလာလမ်ပူက ရှေးဟောင်းသမိုင်းပြတိုက်ကို သွား၊ အဲဒီမှာ ဒို့ကျောင်းနဲ့ ပတ်သက်တဲ့ ဓာတ်ပုံမှတ်တမ်းရှိတယ်၊ သွားကြည့်လို့ ပြောလိုက်တယ်”။ ဝေးလွန်းတယ် မသွားနိုင်ဘူး၊ အဲဒါကို ဓာတ်ပုံရိုက်ထားတာ မရှိဘူးလားဆိုတော့ ဓာတ်ပုံကို ရှာပြီး ပြလိုက်ရသေးတယ်။ ဓာတ်ပုံထဲမှာ ခရစ်နှစ် ၁၈၀၅-ခုနှစ်လို့ ရေးထားတာ ပြလိုက်မှ “အိုး...”တဲ့။ ကလေးမလေးတွေ တအံ့တသြ ဖြစ်သွားကြတယ်။ 

ဟိုပြောဒီပြောတွေကတော့ အများကြီးပဲ။ ပြောချင်တာက “ဒို့ နိုင်ငံက ဒို့ လူမျိုးတွေ ဒီလိုအနေအထားလေးတွေ ဖြစ်လာရင် ဘယ်လောက်ကောင်းမလဲ”ဆိုတဲ့ အတွေးလေးပါ။ အခုတော့ ၁၀-တန်းအောင် ဘွဲ့ရလို့မှ မြန်မာစာ မရေးတတ် (စာနဲ့တူအောင် ရေးတာ ပြောတာ၊ မြန်မာ ၁၀-ယောက် စာရေးတတ်လား လိုက်မေး၊ ရေးတတ်တဲ့သူ တစ်ယောက်လောက်တွေ့တယ်ဆိုရင်ကို အတော်ကံကောင်းလှပြီ)၊ အင်္ဂလိပ်စာဆို ဝေးရော။  ပညာရေးစနစ်က လူနေမှုစနစ်နဲ့ ပျော်ရွှင်ကျေနပ်ဖွယ်ဘ၀ကို အများကြီး ပြောင်းလဲပေးနိုင်ပါလားလို့ တွေးစရာလေးတွေ ရခဲ့ပါတယ်။



No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails