Monday, April 19, 2010

ဟိုပင်ညက လက်ခုပ်သံ


လွန်ခဲ့သော လေးငါးခြောက်နှစ်က ဖြစ်သည်။ မေခ၊ မလိခသို့ ဦးတည်ခရီးထွက်ခဲ့သည်။ “ဟိုပင်”ဟူသော မြို့ကလေးတွင် သူငယ်ချင်း ဦးဇင်းက သာသနာပြုနေသည်။ ထိုမြို့ကလေးသို့ ရထားဖြင့် ရောက်ခဲ့သည်။ မြို့ကလေး၏အမည် ဟိုပင်ဆိုသည်မှာ ရှမ်းနာမည် ဖြစ်သည်။ “လွင်ပြင်ကျယ်”ဟု အဓိပ္ပာယ်ရသည်။ အရှေ့ဘက်တွင် တောင်တန်းကြီးရှိသည်။ အနောက်ဘက်တွင် တောင်တန်းလေးများ ရှိသည်။ အလယ်တွင် လွင်ပြင်ကျယ်၊ ကွင်းပြင်ကျယ်ကြီးဖြစ်သည်။ မြို့လေးမှာ အလွန်အေးချမ်းသော အသွင်ကို ဆောင်သည်။

သူငယ်ချင်းနေသော ကျောင်းမှာ မြို့နှင့် အတော်လှမ်းသည်။ လမ်းလျှောက်သွားရသည်။ ရောက်ရောက်ချင်း ကျောင်းအခြေအနေကို ဘာမျှ မသိရသေးမီ မြို့ထဲသို့ အလည်သွားဖြင်း ဖြစ်သည်။ သူရဲကြောက်တတ်သော သူငယ်ချင်းပါလာ၍ ရယ်နေရသည်။ ညဖက် လမ်းလျှောက်လျှင် သူက အစွန်ကနေ မသွားရဲပါ။ ညပိုင်းမြို့ထဲက ပြန်လာသောအခါ သူ့ကို စနောက်သဖြင့် သူ စိတ်ဆိုးခဲ့သည်။ သူစိတ်ဆိုးလျှင် မခေါ်မပြောနေတတ်သည်။ သူစိတ်ဆိုးနေ၍ ဘာစကားမှ မပြောဘဲ တိတ်ဆိတ်စွာ ကျောင်းကလေးသို့ ဦးတည်ခဲ့ကြသည်။


ကျောင်းပေါက်ဝရောက်သည်နှင့် အလွန်တရာ တိတ်ဆိတ်လှသော ကျောင်းကလေးသည် ဆူညံနေသည်။ တံခါးများကို ၀ုန်းခနဲ ၀ုန်းခနဲ ရိုက်ပုတ်သံကြားရသည်။ တစ်ချက်တစ်ချက် ငြီးသံကြီးများ ထွက်လာလိုက်၊ စူးစူးရှရှ အော်သံကြီးများ ထွက်လာလိုက်၊ အသဲထိတ်စရာ ကောင်းလှသည်။ သူရဲကြောက်သော သူငယ်ချင်း ပို၍ ကြောက်နေပုံရသည်။ စောစောက စိတ်ဆိုးနေသော်လည်း အခု စကားပြန်ပြောလာသည်။ ကိုယ်က အင်တင်တင် အိုက်တင်လုပ်လိုက်သည်။ “ဟေ့ မောင်ကု၊ ရော့ 92 နဲ့ ကွမ်းလေး စားလိုက်ပါအုံးကွ”ဟု ဆိုသည်။ “လူတို့သည် ကြောက်လျှင် ဒီလို ဖြစ်တတ်ပါလား”ဟု ပြုံးပြုံးလေး သဘောပေါက်တတ်ခဲ့ပါသည်။

“ဟေ့ဟေ့….မောင်ရင်တို့ လာတာနဲ့ အတော်ပဲ၊ ဟိုကောင် သောင်းကျန်းနေတယ်၊ ဘိန်းပြတ်နေလို့” ကျောင်းထိုင်ဆရာတော်က လှမ်းပြောသည်။ နောက်မှ သဘောပေါက်လိုက်သည်။ နာနာဘာဝများ သောင်းကျန်းနေခြင်း မဟုတ်၊ မြို့ထဲမှ ဘိန်းအလွန်စွဲနေသော လူငယ်တစ်ဦးကို ဘိန်းပြတ်စေရန် သင်္ကန်းဝတ်ပြီး ကျောင်းပို့ထားခြင်း ဖြစ်သည်။ “မကောင်း ကျောင်းပို့”ဟူသောစကား မှန်နေသလားဟု တွေးမိသည်။ တံခါးများလည်း ပဲ့ကုန်ပြီဖြစ်၍ မတတ်သာတော့။ ကြိုးဖြင့် တုတ်ထားလိုက်ရသည်။ အော်ဟစ်ငိုယိုနေသည်ကို ကြည့်ရသည်မှာ စိတ်မသက်သာစရာ အလွန်ကောင်းသည်။

လူငယ်လေးမှာ အသက် ၁၉-နှစ်သာ ရှိသေးသည်။ ဘိန်းစွဲပြီး ၁၀-တန်းပင် မအောင်၊ စိတ်ကောင်းလေးတော့ အတော်ရှိပုံရသည်။ သူ့မိဘများမှာ အရင်က တောထဲမှာ အစိုးရကို တော်လှန်နေသူများ ဖြစ်သည်။ အခုအခါတွင် အစိုးရနှင့် အပေးအယူလုပ်ထားပြီးဖြစ်၍ ဘိန်းခင်းများ စိုက်ပြီး ဟိုပင်မြို့ပေါ်တွင် လူကြီးလူကောင်းများပမာ အဆင့်အတန်းမြင့်မြင့်နေနိုင်ပြီ ဖြစ်သည်။ ဟိုပင်မြို့သည် ထိုကဲ့သို့ အစိုးရနှင့်အပေးအယူရှိသူများ နေထိုင်ရာ မြို့လေးဖြစ်သဖြင့် ဘိန်းစားများ အလွန်ပေါပါသည်။ တစ်ချို့ဆို အသက် ၁၂၊ ၁၃ ကျောင်းစိမ်းလေးများဖြင့် လူငယ်လေးများမှာ ဘိန်းစားများ ဖြစ်နေသည်။ သွားကြည့်လျှင် သူတို့လက်အကြောများတွင် အပ်စိုက်ရာများ ရှိနေတတ်သည်။

ဘိန်းရှူဖို့ရန် အခြားနေရာများတွင် အခက်အခဲ ရှိနိုင်သော်လည်း ဟိုပင်မြို့တွင် အလွယ်တကူ ရနိုင်ပါသည်။ ပိုက်ဆံ ၅၀-ရှိသော လူငယ်သည် ဘိန်း ၅၀-ဖိုး ရှူရှိုက်နိုင်သည်။ အတော်ဝမ်းနည်းဖို့ ကောင်းပါသည်။ အတော်စိတ်ပျက်ဖို့ ကောင်းပါသည်။
ကျောင်းရောက်နေသော လူငယ်၏ လက်မောင်း၊ လက်ဖမိုး….အကြောရှိရာနေရာတိုင်းတွင် အဖုလေးများ ရှိသည်။ ဆေးထိုးအပ်ဖြင့် ဘိန်းထိုးထားခြင်း ဖြစ်သည်။ လက်တွင် ဆေးထိုးဖို့ နေရာမကျန်တော့ပေ။ သို့ရာတွင် လူငယ်သည် အားမလျှော့ ခြေထောက်အကြောများတွင် ဆက်ထိုးသည်။ “မင်းတော်တော် မိုက်တဲ့ကောင်ပဲကွာ”ဟု သူ့ကို ပြောသည့်အခါ “တပည့်တော်တစ်ယောက်ထဲမဟုတ်ဘူး၊ မြို့ထဲမှာ တပည့်တော်လိုကောင်တွေ အများကြီးပဲ၊ ဟိုပင်မြို့က လူငယ်တိုင်းဟာ အပ်မသုံးရင်တောင် အနည်းဆုံးတော့ တစ်ကြိမ်တစ်ခါ ဘိန်းတော့ ရှူဖူးကြတာပဲ”ဟု ပြောသည်။ အပိုပြောတာလည်း ဖြစ်နိုင်သည်၊ သို့ရာတွင် ဘိန်းစား၊ ဘိန်းထိုးသူ များစွာရှိကြောင်းကိုတော့ လက်တွေ့သိခဲ့သည်။

မိဘက သားသမီးများ ချမ်းသာရေးအတွက် (သားသမီးများ ရှေ့ရေးအတွက်) ချမ်းသာအောင် ပိုက်ဆံရှာသည်။ ပိုပြီး ချမ်းသာအောင် ပိုက်ဆံများများ ရစေနိုင်သော ဘိန်းစိုက်ခင်းလုပ်သည်။ သားသမီးသည် ပိုက်ဆံချမ်းသာသော်လည်း ဘိန်းစားဖြစ်သည်၊ အေကိုက်သည်။ သားသမီးရှေ့ရေးတွေးပုံ အတုယူဖို့ ကောင်းသည်။

ဟိုပင် ညတာသည် ရှည်လျားလွန်းသည်။ အိပ်ယာထဲတွင် ဒေါသအငွေ့လေးများဖြင့် လူးလှိမ့်နေဖြစ်ခဲ့သည်။ သူငယ်ချင်း၏ ဟောက်သံက ဒီနေ့မှ အလွန်ကျယ်သည်ဟု ထင်ခဲ့သည်။ အိပ်မပျော်၊ အပြင်ကို ထွက်ကြည့်တော့ တောင်ကြားထဲက လွင်ပြင်၊ လွင်ပြင်ပေါ်က လပြည့်ဝန်း၊ သာသာယာယာ ရှိလွန်းသည်။ ခေါင်းစဉ်မဲ့သော ကဗျာစာသားလေးများလည်း ရင်ဘက်ထဲ အပြေးအလွှား ၀င်လာကြသည်။ ဟိုပင်သည် အရမ်းလှသော်လည်း အရမ်းဆိုးသွမ်းသော မိန်းကလေးတစ်ယောက်နှင့်တူသည်ဟု ထင်သည်။ ဟိုပင်သည် လှသည်၊ သာယာသည်၊ သို့ရာတွင် ဘိန်းစားလေးများ၊ ဘိန်းစားကြီးများ ထွန်းကားသည်။ (ဟိုပင်က ဒေါ်မမလေးနှင့် မိငယ်တို့ သိရင်တော့ ရန်တွေ့တော့မှာပဲ….)

ဘိန်းပန်းလေးများသည် အလွန် ကြည့်လို့ကောင်းသည်။ အလွန်ချစ်စဖွယ် ကောင်းသည်။ ထိုသို့ လှလွန်း၍လား မသိ၊ စွဲမိသူအတွက် တစ်ဘ၀လုံး သူ့အတွက် ပေးဆပ်လိုက်ရသည်က များလေသည်။ ဘိန်းသည်လည်း နေရင်းထိုင်ရင်း လူကို ဒုက္ခမပေး၊ သို့သော် သူ့ကို ထိမိလျှင် တစ်ဘ၀စာ အသံတွေ ကျယ်လောင်သည်။ သူ့အတွက်သာ တစ်ဘ၀လုံး အော်ဟစ်မြည်တမ်းနေရလိမ့်မည်။

လူငယ်လေးတစ်ဦးက ဘိန်းပန်းလေး တစ်ပွင့် ယူလာပြီး ပြသည်။ “ဦးဇင်းကို ပေးလိုက်ကွာ”ဆိုတော့ “ဟာ ဦးဇင်းတို့ကို ပြဖို့၊ ပေးဖို့ ယူလာတာ”ဟု ပြောသည်။ သူငယ်ချင်းက ကင်မရာထုတ်ပြီး ဘိန်းပန်းလေးကို ဓာတ်ပုံရိုက်ရင်း “ဒီပန်းလေးက ဘာဖြစ်လို့ ဒီလောက် လှနေရတာလဲကွာ”ဟု ပြောသည်။ အခြားသူငယ်ချင်းက “ဟာ..ကိုယ်တော်အမြင်ကတော့ ဒုက္ခရောက်အုံးမှာပဲ”ဟု ဆိုသည်။ “ဘာဖြစ်လို့လဲကွာ၊ လှလို့ လှတယ်ပြောတာကို”ဟု တုန့်ပြန်သည်။ “အော်…ဘိန်းပန်း၊ လှတယ်….ဟုတ်တယ်။ အခြားတစ်ဖက်မှာ လူကို အကြီးအကျယ် ဒုက္ခပေးတယ်၊ အဲဒါကို ငါ့လူက လှတာကိုပဲ အရေးတယူ ပြောတယ်၊ ဒုက္ခပေးတာကို ထည့်မပြောဘူး၊ ဒါကြောင့် ဒုက္ခရောက်မယ်လို့ ပြောတာပါ”ဟု ရှင်းပြသည်။

“လက်ခုပ်တီးသံ”ဟုဆိုလျှင် လက်ခုပ်နှစ်ဖက်ကို တီးမှ အသံထွက်မည်။ သဘာဝကျသည်။ သို့ရာတွင် ဈာန်ဗုဒ္ဓဘာသာ ဒဿနတွင် နာမည်ကြီး စာသားတစ်ခု ရှိသည်။ “လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို နားဆင်ကြည့်ပါ”ဟူ၍ ဖြစ်သည်။ ဖတ်စတွင် အဓိပ္ပာယ်မရှိဟု ထင်ရသော်လည်း သေသေချာချာတွေးလေ အဓိပ္ပာယ်လေးနက်လေ ဖြစ်သည်ဟု ခံစားမိသည်။ ဤဒဿန ဖော်ထုတ်သူ၏ ရည်ရွယ်ချက်အတိအကျကို မည်သူမျှ မသိသော်လည်း ခံစားသူအလိုက် အဓိပ္ပာယ်တွေ များစွာပေးနေသည်။

မည်သည့်နေရာရောက်ရောက် ဤစကားလေးကို ရေရွတ်နေမိခဲ့သည်။ ဤစကားလေး ရေရွတ်မိတိုင်း အဖြေတစ်ခုခုကို ရှာတွေ့လိုက်သလိုမျိုး အေးမြသွားခဲ့ရသည်။

လောကတွင် ပြုသူ+အပြုခံ+ပြုခြင်း+ရလဒ်ဟူသော အခြင်းအရာလေးမျိုးနှင့် လက်တစ်ဖက်+အခြားလက်တစ်ဖက်+တီးခြင်း+လက်ခုပ်သံဟူသော အခြင်းအရာလေးမျိုးကို ကိုယ်စားပြု၍ ရနိုင်မည် ထင်သည်။ တစ်ခုခု ချို့တဲ့နေလျှင် အသံဖြစ်မလာနိုင်။ ထို့အတူပင် အာရုံ+အာရမ္မဏိက+သက်ရောက်မှုတို့လည်း အကျုံးဝင်နေလိမ့်မည်။ ပြုသူ၊ အာရုံ၊ လက်တစ်ဖက်ဟူသော သုံးမျိုးသည် သူတို့ကို ချိတ်ဆက်ပေးသော ကိရိယာ(verb)မပါသေးသ၍ ပြဿနာမရှိ။ ရလဒ်(ကောင်းကျိုး၊ မကောင်းကျိုး)၊ သက်ရောက်မှုနှင့် လက်ခုပ်သံတို့လည်း ပေါ်ထွက်လာလိမ့်အုံးမည် မဟုတ်ပေ။

သို့ရာတွင် ဈာန်ဒဿနက လက်ခုပ်တစ်ဖက်တည်း တီးသောအသံကို နားထောင်ခိုင်းနေသည်။ မည်သို့နည်း…။

တရားထိုင်နေသည်။ သူသည် တရားနည်းလမ်းဖြင့် အာရုံတို့ကို တိုက်ခိုက်နေသည်။ လိုချင်ခြင်း၊ မလိုချင်ခြင်း၊ မနာလိုခြင်း၊ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းစသော လောကဓံများကို တိုက်နေသည်။ လက်ခုပ်သံတွေ တဖြောင်းဖြောင်း ကြားနေရလိမ့်မည်။

တိုက်ပွဲက အရှိန်ရပြီး အနိုင်ရလုနီးပါး ဖြစ်လာသောအခါ မည်သည့်အသံကို ကြားရမည်နည်း။
အေးချမ်းတိတ်ဆိတ်ခြင်းအသံကို အနည်းငယ် ကြားလာပေလိမ့်မည်။

တိုက်ပွဲကို အပြီးသတ်အနိုင်ရလိုက်သောအခါ အပြီးသတ်ငြိမ်းချမ်းသောအသံကို ကြားရလိမ့်မည်။ အာရုံနှင့် အာရမ္မဏိကတို့ ထိခတ်တိုးဝှေ့ကြသောအခါ ရလဒ်(ကောင်းကျိုး၊ မကောင်းကျိုး)တို့အသံသည် ဆူညံနေလိမ့်မည်။ ပဲ့တင်ထပ်နေလိမ့်မည်။ အာရုံသည် ထိခတ်တိုးဝှေ့စရာမရှိတော့လျှင် ငြိမ်သက်သွားလိမ့်မည်။

ငြိမ်သက်ခြင်းသည် လက်ခုပ်တစ်ဖက်တည်း တီးခတ်ရာမှ ဖြစ်ပေါ်လာပေလိမ့်မည်။ လက်ခုပ်တစ်ဖက်တည်းတီးသောအသံသည် သာယာအေးမြမည်မှာ သေချာသည်ဟု ခံစားနားလည်မိသည်။

ကျွန်ုပ်တို့သည် လူဖြစ်လာကတည်းက ရွေးချယ်စရာ အမှိုက်ပုံကြီးပေါ်တွင် ပစ်ချခံရသည်။ ရွေးချယ်စရာ အာရုံများ ရှိခဲ့သည်။ လူဖြစ်ခဲ့ခြင်းသည်ပင် အာရုံရှိနေသေး၍ မဟုတ်ပါလော။ အာရုံရှိနေ၍ ခံစားချင်သည်။ ခံစားချင်၍ ခံစားမှုကို ရှာသည်။ တွေ့ကြသည်။ အာရုံအသစ်အသစ်တို့ တိုးသည်။ တိုးပြီးရင်း တိုးခဲ့ကြသည်။ ရှုပ်ထွေးသွားသည်။ လက်ခုပ်တီးသံများ တဖြောင်းဖြောင်း ကြားလာရသည်။
လက်ခုပ်တစ်ဖက်တည်းတီးသောအသံကို နားမဆင်နိုင်သေး၍ လက်ခုပ်နှစ်ဖက်တီးကြလျှင်သော်မှ လက်နှစ်ဖက်စလုံး သန့်စင်နေဖို့ ကြိုးစားသင့်သည်။ လူ့ဘ၀အသက်တာကို တိုတောင်းစေသော ခံစားမှုလေးများနှင့် မတီးခတ်မိကြဖို့ ဖြစ်ပါသည်။

အတွေးထဲမှ ခုန်ထွက်မိတော့ တိတ်ဆိတ်ငြိမ်သက်မှုကို ပြန်တွေ့ရသည်။ ဟိုပင်ည ကောင်းကင်သည် ကြည်လင်တောက်ပနေသည်။ တိမ်လိပ်ဖြူဖြူလေးများ ဥဒဟို ပြေးလွှားနေကြသည်။ အိပ်ဖို့ လုံးဝ အာရုံမရ။ လက်ခုပ်သံများ တဖြောင်းဖြောင်းကြားနေရသော လောကကြီးတွင် လက်ခုပ်တစ်ဖက်တည်း တီးတဲ့အသံကို တစ်ခါတစ်လေဖြစ်ဖြစ် နားဆင်အုံးမှလို့ အတွေးပေါက်မိခဲ့ပါသည်။

ဟိုပင်က မိဘများ၏ အော်ဟစ်ငြီးတွားသံ၊ မျိုးဆက်လေးများ၏ နာကျင်မှု၊ ထိုမှတစ်ဆင့် တိုတောင်းလှသော ဘ၀အသက်တာတွင် ကျခဲ့ရသော ငိုရှိုက်သံများ….လက်ခုပ်သံများက နားမဆံ့ကြားလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ တိတ်တဆိတ် လှပစွာ ကြေကွဲစရာကောင်းနေသော ရှည်လျားလှသော ဟိုပင်ညတွင် လက်ခုပ်တစ်ဖက်တည်း တီးသောအသံကို နားစွင့်ခဲ့ဖူးပါသည်။ အမှန်တော့ လက်ခုပ်နှစ်ဖက်တီးသောအသံထက် တစ်ဖက်တည်း တီးသောအသံက ပို၍ ချိုမြိန်အေးမြနေမည်ဟုကား သဘောပေါက်သလိုလို ရှိခဲ့ပါသည်။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails