Thursday, December 17, 2009

သတိမြဲစွာ ပထမာ (၂)



ဤနံပါတ်(၃)ပုံသည် ဂဏန(ရေတွက်ခြင်း)အစွမ်းအားဖြင့် ဌာနမှတ်၊ ၀ါရတင်၍ မမှတ်နိုင်သော ယောဂီများအတွက်သာ အားထုတ်နည်းကို ညွှန်ပြထားခြင်း ဖြစ်ပါသည်။ ဤနည်းမှာ မိမိ၏ ညာလက်ဖမိုးကို နှာခေါင်းအ၀နှင့် လက်တစ်သစ်၊ နှစ်သစ်အကွာတွင် ပုံတွင်ပြထားသည့်အတိုင်း ခွါထားပြီး နှာခေါင်းဝမှ တိုးထွက်လာသောလေ၊ လက်ဖမိုးကိုထိပြီး အတွင်းသို့ပြန်ဝင်လာသောလေတို့ကို ရှုမှတ်အားထုတ်ရသည်။ ထိုသို့အားထုတ်ရင်း မိမိ၏စိတ်က အနှစ်သက်ဆုံး သို့မဟုတ် အစွဲအမြဲထားနိုင်ဆုံးဖြစ်သော အဖြူရောင်၊ အပြာရင့်ရောင်၊ အပြာနု၊ အ၀ါ၊ အစိမ်း၊ အနီစသော အရောင်တန်းကလေး၊ သက်တန့်၊ မီးတန်း၊ ရွှေချောင်း၊ ငွေချောင်း၊ ရွှေမှုံမွှားစသည်ဖြင့် အချောင်းတန်းကလေး သို့မဟုတ် ပုလဲလုံးခန့် အလုံးလေးတစ်ခုခုကို စိတ်နှင့်ဥပါဒ်လျှက် မထင်မမြင်မချင်း ထင်အောင်စွဲကိုင်၍ အားထုတ်ရပါမည်။

ဤအရာ၌ အချို့ဆရာများက စိတ်နှင့်ဥပါဒ်မထားရ၊ မမှန်းထားရဟု ပြောဆိုရေးသားတတ်ကြကုန်သည်။ သို့သော် လက်တွေ့အားထုတ်သောယောဂီများ၏ အတွေ့အကြုံအရ အကောင်းဆုံးသောနည်းတစ်ခုဖြစ်ကြောင်း မှတ်ယူနိုင်ပါသည်။ လွယ်လှပေ၏။ မရမချင်း မဖြစ်မနေ ဤနည်းဖြင့် နှစ်နာရီခန့် ကြိုးစားပြီး လက်တွေ့အားထုတ်ကြစေချင်ပါသည်။

ကသိုဏ်းရှုမှတ်ရာတွင် နည်းသုံးမျိုးရှိပါသည်။
(၁) ကသိုဏ်းအဓိက-အာရုံသာမည ဖမ်းယူနည်း
(၂) အာရုံအဓိက-ကသိုဏ်းသာမည ဖမ်းယူနည်း
(၃) အာရုံနှင့်ကသိုဏ်း အညီအမျှထားကာ ဖမ်းယူနည်းဟု သုံးမျိုးရှိပါသည်။ ဤသုံးမျိုးတို့တွင် ယခုရှုမှတ်နည်းမှာ ဒုတိယမြောက်နည်းဖြစ်သည်။ အာရုံဖမ်းဖို့အဓိက ထွက်လေ၀င်လေဟူသော ကသိုဏ်းက သာမညဖြစ်သည်။ ၇-နှစ်၊ ၈-နှစ်အရွယ်ကလေးများကို ဤနည်းအတိုင်း အားထုတ်စေရာ အလွန်ရလွယ်ကြသည်ကို တွေ့ရသည်။
အထက်ပါအတိုင်း စိတ်ဖြင့် ဥပါဒ်ပေးရာ၌ စိတ်အာရုံကောင်းစွာပိုင်နိုင်စေရန် မီးခြစ်ဆံခန့်၊ ပဲနောက်စေ့ခန့်ထက် ပိုလွန်၍ မကြီးစေရအောင် အထူးသတိပြုသင့်ပါသည်။

ထိုကဲ့သို့ အားထုတ်ဖန်များလာသောအခါ မိမိဥပါဒ်၍ထားသော တစ်နည်းအားဖြင့် စိတ်နှင့်လုပ်ပေးထားသော အချောင်း၊ အလုံးကလေး ထွက်ချည်တစ်ခါ၊ ၀င်ချည်တစ်လှည့်၊ မထင်တစ်ချက်၊ ထင်တစ်ချက် ဖြစ်လာပေလိမ့်မည်။



ထိုသို့ဆက်လက်၍အားထုတ်သောအခါ နံပါတ် ၄-ပုံအတိုင်း အမှန်တကယ်ပင် ထင်ရှားပြတ်သားစွာ အဿာသပဿာသဥဂ္ဂဟနိမိတ်ထူးကို တွေ့မြင်လာပေလိမ့်မည်။

ဤနည်းသည် အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်ကြရာတွင် အလွန်လွယ်ကူသောနည်းဖြစ်သည်ကို လက်တွေ့အားထုတ်ကြသူယောဂီအပေါင်းက သက်သေခံလျှက်ရှိပါသည်။ အထူးမှတ်သားသင့်သည်မှာ ထိုသို့အားထုတ်၍ ဥဂ္ဂဟနိမိတ်ရသောအခါ အစပထမက မိမိစိတ်ဖြင့် ဖန်ဆင်းပေးထားသော အရောင်အဆင်း၊ ပုံသဏ္ဍာန်အတိုင်းလည်း ပေါ်လာတတ်ကြသည်။ အခြားအရောင်၊ ပုံသဏ္ဍာန်များလည်း ထင်လာတတ်ကြသည်။ ပိုးချည်မျှင်၊ အုံးဆံမျှင်၊ သက်တန့်ရောင်၊ ၀ါဂွမ်းစိုင်ကြီး၊ ရွှေချည်၊ ရွှေမှုံကလေးများ၊ ပုလံလုံး၊ ပုလဲသွယ်စသော ပြောပြ၍မကုန်နိုင်လောက်အောင် ထူးထူးခြားခြား ဆန်းဆန်းကြယ်ကြယ် ထင်မြင်လာတတ်ကြသည်။

မည်သည့်အရောင်၊ မည်သည့်ပုံသဏ္ဍာန်ဖြစ်စေ ထွက်လေ၀င်လေတို့နှင့် တစ်သားတည်း၊ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဖြစ်စေအောင် အားထုတ်ရမည်။ ရှင်းအောင်ဆိုရလျှင် ထွက်လေထွက်သောအခါ နိမိတ်ကိုလည်း တစ်ပြိုင်တည်းထွက်စေ၊ ၀င်လေ၀င်သောအခါ နိမိတ်ကိုလည်း တစ်ပြိုင်တည်း ၀င်စေရန် အားထုတ်ရမည်။
စင်စစ်အားဖြင့် နှာသီးဝနှင့်လက်ဖမိုး ကြားအရပ်သည် ကသိုဏ်းဌာန၊ ဥပါဒ်ပေးထားသော(စိတ်က ဖန်တီးပေးထားသော)အရောင်တန်း၏ ထွက်ဝင်ထွက်ဝင် တရိပ်ရိပ်တလှုပ်လှုပ်သည် လေအာရုံပင်ဖြစ်၍ အာရုံနှင့်ကသိုဏ်း ထပ်မိစပ်မိသည်ဟု ဆိုနိုင်ပါသည်။ အဋ္ဌကထာ၌လည်း သွားခေါသောယောဂီ၏ အဿာသပဿာသကသိဏ-နိမိတ္တကို အထက်နှုတ်ခမ်းသာ ဖြစ်ရမည်ဟု ပြဆိုထားသည်။

အဆိုပါစကားရပ်ကိုထောက်ဆ၍ နှာသီးဝနှင့်လက်ဖမိုးကြားအရပ်သည် အမှန်စင်စစ် ကသိုဏ်းဖြစ်သောကြောင့် ရလွယ်လှသည်ဟူ၍ ဆိုလိုရင်းဖြစ်ပါသည်။

1 comment:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails