Friday, June 26, 2009

နေ့တစ်နေ့ကို ဖြတ်သန်းခြင်း

(စာတွေရေးထားပြီးတော့ ပြန်စစ်ဖို့ အချိန်မရဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ဖတ်မိသူတွေ၊ ကြည့်မိသူတွေ အေးမြသော တောရနံ့လေးတွေနဲ့ အေးမြမှုလေးတွေ ရရှိပါစေဆိုတဲ့ စေတနာနဲ့ ဖြစ်သလို ရေးထားတဲ့ ဆောင်းပါးလေးတွေ တင်လိုက်ပါတယ်။ အမှားများပါခဲ့ရင် ခွင့်လွှတ်ပေးကြဖို့ ဖြစ်ပါတယ်)


တရားပြဆရာတော် ဒေါက်တာအရှင်ဇနိတနှင့် စာရေးသူတို့အဖွဲ့


ဒေါက်တာအရှင်ဇနိတ (သြစတေးလျ)မှ စာရေးသူတို့အား တရားစစ်မေးနေစဉ်

စိတ္တလတောင်ရဲ့ အရှေ့ဘက်တောင်ခြေမှာ သဘာဝရေကန်ကြီးတစ်ခု ရှိတယ်။ အဲဒီရေကန်ကြီးကနေ သောက်ရေသုံးရေကို ယူကြရတာ။ ညနေဆိုရင် အဲဒီရေကန်ဘေးက သစ်ပင်တွေမှာ ငှက်ကြီးတွေ ရောက်ရောက်လာပြီး တစ်ညတာ ခိုနားလေ့ရှိကြတယ်။ စာရေးသူတို့ရဲ့ နေ့ခင်းတရားအားထုတ်ချိန်က ညနေ ခြောက်နာရီဆို ပြီးပါတယ်။ စာရေးသူတို့မှာ ညနေဆိုရင် နာရီမလိုဘူး။ တရားထိုင်ရင်း အဲဒီငှက်ကြီးတွေ အရပ်လေးမျက်နှာ မိမိတို့ကျက်စားရာအရပ်မှ ပြန်လာပြီး အော်မြည်နေတဲ့အသံကြားရင် ခြောက်နာရီထိုးတော့မယ်ဆိုတာ သေချာသိရတယ်။ အကောင်ရေကလဲ မနည်းဘူး။ အနည်းဆုံး အကောင်တစ်ရာဝန်းကျင်တော့ ရှိမယ်။ အကောင်ကကြီးလို့လားတော့ မသိဘူး။ အော်မြည်တဲ့အသံကလဲ အကျယ်ကြီးပဲ။ များသောအားဖြင့် အိပ်တန်းကို ပြန်လာကြတာကတော့ အုပ်စုလိုက်အုပ်စုလိုက်တွေပဲ။ ဒါပေမယ့် သစ်ပင်ပေါ်နားကြပြီဆိုရင်တော့ နှစ်ကောင်တစ်တွဲတွေ များတယ်။ သူတို့က အချိန်မှန်တယ်။ မနက်ဆိုရင်လဲ ငါးနာရီဝန်းကျင်လောက် အိပ်ယာထ အသံတွေပေးပြီး ခြောက်နာရီလောက်ဆိုရင် အရပ်မျက်နှာအသီးသီးကို အုပ်စုဖွဲ့ ပျံသန်းသွားလေ့ရှိကြတယ်။ သူတို့တွေ မနက်ခြောက်နာရီကနေ ညနေခြောက်နာရီအတွင်း ဘယ်ကို သွားလို့၊ ဘာတွေ လုပ်နေကြသလဲ။ နေ့တစ်နေ့စာမှာ ဘာတွေ ရသွားခဲ့ကြသလဲ။
စိတ္တလတောင်ဟာ သားရဲတိရစ္ဆာန်မျိုးစုံ ကျက်စားတဲ့တောကြီး ဖြစ်ပါတယ်။ သီရိလင်္ကာမှာလဲ အကြီးဆုံးတောကြီးပေါ့။ အဲဒီသတ္တ၀ါတွေထဲမှာမှ လူနဲ့အနီးဆုံး ကျက်စားတဲ့ သတ္တ၀ါကတော့ မျောက်တွေပဲ ဖြစ်ပါတယ်။ မျောက်တွေက မနက်ဆိုရင် ငါးနာရီခွဲလောက်စပြီး အိပ်ယာထကြတယ်။ နေတော့လဲ သူ့အုပ်စုနဲ့သူ နေကြတာ။ အိပ်ယာထတာနဲ့ အဲဒီအထဲက မျောက်အထီးကြီးတွေက ကြောက်စရာအသံတွေနဲ့ အော်ဟစ်ပြီး နီးရာ သစ်ပင်၊ ကျောက်ဆောင်တွေပေါ်ကို အားရပါးရ ခုန်ပေါက်ပြေးလွှားလေ့ ရှိပါတယ်။ ငယ်ရွယ်တဲ့မျောက်လေးလေးတွေကလဲ အကြီးဆုံးမျောက်ကြီး လုပ်သလို တတ်နိုင်သလောက် လိုက်လုပ်လေ့ရှိတယ်။ မျောက်ကြီးတွေလောက် ခုန်လဲ မခုန်နိုင်၊ အော်လဲ မအော်နိုင်ဘူးပေါ့။


ရဟန္တာများစွာ သီတင်းသုံးခဲ့သည်ဆိုသော ကျောက်ဂူများအနီး အမှတ်တရ


နောင်တော်ကြီး အရှင်စန္ဒောဘာသ ကျောက်ဂူအတွင်းအိပ်ယာပေါ် တရားရှုမှတ်နေစဉ်


စင်္ကာပူရောက်နေသော နောင်တော်ကြီး အရှင်တိက္ခဉာဏာလင်္ကာရ တရားထိုင်ခဲ့သော နေရာ


နောင်တော်ကြီး ဦးတေဇောဘာသ (ဂျာမဏီ) နေ့စဉ် တစ်ရေးတမော မှေးစက်ခဲ့တဲ့ နေရာ

အဲဒီလို အော်နေကြ၊ ခုန်ပျံကျော်လွှားလုပ်နေကြတာဟာ အကြောင်းမသိသူဆိုရင် အတော်ခြောက်ခြားစရာကောင်းပါတယ်။ ရောက်စကဆိုရင် အဲဒါကို အထူးအဆန်းလုပ်ပြီး လိုက်ကြည့်ဖြစ်ပါတယ်။ အကြီးဆုံးမျောက်ကြီးတွေဟာ ငယ်တဲ့မျောက်တွေကို ခုန်ပျံကျော်လွှားနည်းပညာပဲ သင်ပြနေသလား၊ သို့မဟုတ် အင်အားပဲ ပြနေသလားတော့ မသိနိုင်ဘူး။ ပထမဆုံး မျောက်ကြီးတွေက သစ်ပင်ဆိုရင် အမြင့်ဆုံးကိုင်းဖျား၊ အမြင့်ဆုံးကျောက်တောင်အစွန်းတွေရဲ့ အထက်ကို တက်၊ ပြီးရင် အောက်ပိုင်းတော်တော်ဝေးတဲ့ သစ်ကိုင်း၊ ကျောက်ဖျာတွေပေါ်ကို ခုန်ဆင်းပြတာတွေဟာ ကြည့်လို့တော့ အတော်ကောင်းပါတယ်။ အဲဒီလို အချိန်ဆိုရင် အဲဒီဝန်းကျင်ကတော့ ဆူညံပွက်နေတော့တာပဲ။ အဲဒါဟာ မျောက်တွေရဲ့ နေ့တစ်နေ့ အစ။
ပြီးရင် သူတို့တစ်နေ့တာ နေထိုင်ကျက်စားမယ့်နေရာကို အကြီးဆုံမျောက်ကြီးက ဦးဆောင်ပြီး သွားတော့တာပဲ။ ငယ်တဲ့မျောက်တွေ၊ မျောက်မတွေက နောက်ကလိုက်လို့ပေါ့။ စားကျက်ကို သွားရင်လဲ မျောက်တွေဟာ ဟိုခုန်၊ ဒီကူးနဲ့ ရှုပ်ယှက်ခတ်နေတာပဲ။ တစ်ခါတစ်လေ ဓာတ်ကြိုးတန်းပေါ်ကနေ မျောက်အုပ်ကြီးအစဉ်အတိုင်း ကျော်ဖြတ်သွားနေတာကို တွေ့ရတယ်။


တောရဆောက်တည်နေသော ဆင်ဟာလရဟန်းတော်လေးနဲ့ အမှတ်တရ


ဒီသမင်လေးကို ၀ိုင်းချစ်ကြတယ်


တရားထိုင်ခဲ့ကြတဲ့ ကျောက်ဂူကြီး

အဲဒီအခါမျိုးမှာ ဇာတကမှာလာတဲ့ ကပိဇာတ်ကို သွားသွားအမှတ်ရတတ်ပါတယ်။ ကပိဇာတ်ထဲမှာ ဘုရားလောင်းဦးဆောင်တဲ့ မျောက်အုပ်ကြီးဟာ ချောင်းတစ်ခုကို နွယ်ကြိုးလေးနဲ့ ဖြတ်ကျော်ခဲ့ရတယ်။ အဲဒီအခါ ဘုရားလောင်းမျောက်မင်းက ခေါင်းဆောင်ပီပီ နောက်ဆုံးမှ ဖြတ်ကူးဖို့ ဆုံးဖြတ်ပြီး ငယ်ရွယ်တဲ့မျောက်တွေနဲ့ သားသည်မိခင်မျောက်တွေကို အရင် ကူးစေပါတယ်။ နောက်ဆုံးမှာ ဒေ၀ဒတ်လောင်းမျောက်ရဲ့ အကြံပက်စက်မှုကြောင့် ဘုရားလောင်းဟာ ဘုရင်ရဲ့အဖမ်းအဆီးခံခဲ့ရပါတယ်။
ဒီမျောက်အုပ်တွေမှာလဲ အကြီးဆုံး မျောက်ခေါင်းဆောင်ကြီးတွေ ရှိပါတယ်။ စာရေးသူတွေ့ရတဲ့ မျောက်ခေါင်းဆောင်ကြီးတွေကတော့ တော်တော်အတ္တဆန်ကြတာတွေ့ရတယ်။ ကောင်းမွန်တဲ့အစားအသောက်ဆိုရင် သူချည်းပဲ အရင်စားပါတယ်။ သူစားလို့ မကုန်မှ ကျန်တဲ့မျောက်တွေကို မျှဝေပါတယ်။ ကာမဂုဏ်အရာမှာလဲ ငယ်တဲ့မျောက်ထီးတွေဆိုရင် အလစ်မပေးပါဘူး။ ရက်ရက်စက်စက် ကိုက်လေ့ရှိပါတယ်။ သူ့ဆီမှာ စားစရာတစ်ခုခုရပြီဆိုရင် မျောက်မတွေကလွဲပြီး အောက်လက်ငယ်သားမျောက်တွေကို အနားကပ်ခွင့်မပေးပါဘူး။
ဒါပေမယ့် လေးစားစရာကောင်းတဲ့မျောက်ခေါင်းဆောင်တစ်ကောင်ကိုလဲ တွေ့ခဲ့ရတယ်။ တစ်နေ့ မျောက်တွေ ကျောင်းဆောင်နားမှာ သောင်းကျန်းကြလို့ ကျောင်းသားတွေက ခဲနဲ့ထုပြီး မောင်းထုတ်ကြပါတယ်။ အဲဒါအခါ မျောက်တွေဟာ ကြောက်အားလန့်အား ပြေးကြပါတယ်။ အန္တရာယ်ကြားနေ သူ့တပ်ဖွဲ့တွေ ပြေးနေကြတာကို ခေါင်းဆောင်လုပ်သူမျောက်ကြီးက ဓာတ်ကြိုးလေးကို အကာအကွယ်ယူပြီး ကြည့်နေပါတယ်။ သူ့ဘေးနားမှာ ခဲလုံးတွေ ပလူပျံနေတာကိုလဲ သူ့မှာ ဂရုမစိုက်နိုင်အားဘူး။ သူများတွေ ကြောက်အားလန့်အားပြေးနေကြပေမယ့် သူ့စိတ်ထဲမှာ ငယ်သားတွေအတွက် စိတ်ပူနေတာ အထင်းသားတွေ့ရတယ်။ ငယ်သားမျောက်တွေအားလုံး ဘေးလွတ်ရာကို ရောက်သွားတော့မှ သူ့လဲနောက်ကနေလိုက်ပြီး ပြေးပါတော့တယ်။


ဝါး....အိပ်ချင်လိုက်တာ


မိခင်ရင်ခွင်လောက် လုံခြုံတာ ဘယ်မှာမှ မရှိဘူး

ဒီနေရာမှာ ခေါင်းဆောင်ကောင်းကိစ္စကို ပြောချင်တာ မဟုတ်ဘူး။ မျောက်တွေရဲ့တစ်နေ့တာ လှုပ်ရှားရုန်းကန်ရပုံကို ပြောချင်တာ။ မျောက်တွေမှာ နေ့စဉ်တစ်အုပ်စုနဲ့တစ်အုပ်စု စားကျက်လုရင်း တိုက်ခိုက်ကြ၊ ခြိမ်းခြောက်ကြတာဟာလဲ သံဝေဂယူမယ်ဆို ယူစရာပဲ။ တောအုပ် ဒီလောက်အကျယ်ကြီးထဲမှာ စားစရာသစ်ပင်တွေက အများကြီး။ ဒါပေမယ့် သူတို့မှာ တစ်စုနဲ့တစ်စု သစ်ပင်လုကြရတယ်။ သစ်ပင်လုပြီး အားရပါးရစားသောက်ကြ။ ကာမဂုဏ်မှီဝဲကြ။ နေ့ခင်း နေပူပြီဆိုရင် သစ်ပင်ရိပ်တွေမှာ ကိုယ့်အုပ်စုနဲ့ကိုယ် အနားယူကြတယ်။ တစ်ကောင်နဲ့တစ်ကောင် သန်းရှာပေးသူပေးကြနဲ့ပေါ့။ ညနေ နေအေးပြီဆိုရင်တော့ တစ်ညတာမှာ မဆာဖို့အတွက် သစ်ပင်တွေပေါ်ကို ပြန်တက်၊ အလုအယက် စားသောက်ကြပြန်တာပေါ့။ ဒီလိုနဲ့ တစ်နေ့တာ ရုန်းကန်လှုပ်ရှားရင်း နေစောင်းတာနဲ့ နေ့စဉ်အိပ်နေကြ အိပ်တန်းကို အုပ်စုလိုက် ပြန်ကြတော့တာပဲ။ သူတို့ရဲ့ တစ်နေ့တာမှာ ဘာတွေများ ရသွားခဲ့ကြပါလိမ့်။
စိတ္တတောင်ဘေးက ကျောင်းမှာ ကပ္ပိယကြီးတစ်ယောက်ရှိတယ်။ ကပ္ပိယကြီးကြည့်လိုက်ရင် အားတယ်ကို မရှိဘူး။ လူက သန့်သန့်ပြန်ပြန့်နေရင် ဥပဓိ ဒီလောက်မဆိုးလောက်ဘူး။ အခုဟာက အ၀တ်စားနဲ့တစ်ကိုယ်လုံးက ညစ်ပေနေတယ်။ မီးဖိုချောင်မှာချည်း တစ်နေကုန် နေရတာလဲ ပါမှာပေါ့။ ရဟန်းတော်တွေနဲ့ ဧည့်သည်တွေ စားဖို့သောက်ဖို့ ချက်ပြုတ်ပြင်ဆင်နေရတာနဲ့ မီးဖိုက ထွက်ရတယ်ကို မရှိဘူး။ သူ့အလုပ်နဲ့သူတော့ ပျော်နေပုံရပါတယ်။ သူ့ကြည့်လိုက်ရင် အမြဲတမ်းပြုံးနေတာပဲ။ သူ့ရဲ့တစ်နေ့တာဟာ ဒီမီးဖိုချောင်လေးမှာပဲ လူးလားခေါက်တုန့် သွားလာရင်း အချိန်ကုန်သွားတော့တာပဲ။ သူ့မှာ အသက်ကြီးမှ ယူထားတဲ့ ဇနီးငယ်တစ်ယောက်နဲ့ သားသမီးတွေ ရှိတယ်လို့ ဆိုပါတယ်။ မီးဖိုချောင်လေးမှာ ပေပေရေရေ လုပ်ကိုင်ရင် ရတဲ့လခလေးနဲ့ မိသားစုကို အချိန်တန်ရင် လခပေး၊ သားသမီးတွေကို ကျောင်းထားရတယ်လို့ ဆိုပါတယ်။ သူ့မှာ အိမ်ထောင်ပြုထားပေမယ့် ဒီလိုတောကြီးထဲက ဘုန်းကြီးကျောင်းမှာ ကပ္ပိယအလုပ်လာလုပ်ရတာဆိုတော့ မိသားစုနဲ့ နွေးနွေးထွေးထွေးနေချိန်ဆိုတာလဲ ဘယ်မှာရှိနိုင်တော့မလဲ။


စစ်ထွက်ပြီး မြန်မာမှာ ဘုန်းကြီးဝတ်ချင်တယ်ဆိုတဲ့ စိတ်ကောင်းရှိတဲ့ စစ်ဗိုလ်


သမင်းလေးကို ကျားဆွဲသွားသတဲ့

သတ္တလောကသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ တွေးကြည့်ရင် ရင်သပ်ရှုမောဖွယ်ရာကောင်းသလို သာမန်ကြည့်ရင်လဲ မထူးခြားတဲ့ ဇာတ်လမ်းတွေပါပဲ။ တကယ်တော့ လူဆိုတာ အနှစ်သာရတွေအကြောင်း သိပ်ပြောလွန်းတဲ့ အမျိုးအစားတွေ ဖြစ်ပေမယ့် လက်တွေ့ဘ၀တွေမှာတော့ အနှစ်သာရနဲ့ဝေးလွန်းနေကြပါတယ်။ အနှစ်သာရကို ဘာပေတံနဲ့ တိုင်းတာမလဲလို့ မေးလာရင်တောင် နှုန်းစံ(Ideal)တွေက တစ်ဦးနဲ့တစ်ဦး ကွဲပြားနေပါအုံးမယ်။
တစ်နေ့က သူငယ်ချင်းက ရင်လာဖွင့်တယ်။ “အသက်တွေက ကြီးလာပြီကွာ။ လောက ကောင်းကျိုးအတွက် ငါဘာတွေလုပ်ပြီးပြီလဲလို့ စဉ်းစားကြည့်တော့ ငါ တစ်ခါတစ်လေ အိပ်လို့တောင်မရဘူး”တဲ့။ သူကတော့ ဘ၀ရဲ့ နှုန်းစံကို လောကကောင်းကျိုးအတွက် တစ်စုံတစ်ရာ ပြုလုပ်ပေးခြင်း၊ မပေးခြင်းနဲ့ တိုင်းတာပုံရပါတယ်။ “သူငယ်ချင်းက အဲဒီလို စဉ်းစားဖော်ရသေးတယ်။ တစ်ချို့အတွက် အဲဒီလို စဉ်းစားဖို့ကို အချိန်မပေးနိုင်ကြဘူး”လို့ ပြောလိုက်တော့ တစ်စုံတစ်ရာကို နက်နက်နဲနဲ တွေးသွားပုံရပါတယ်။
လူသားတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေဟာ ခေတ်ကာလရဲ့ အဖြစ်အပျက်မြန်နှုန်းတွေကြားမှာ မရူနိုင်မကယ်နိုင်နဲ့ ဖြစ်နေကြသလိုပဲ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ကိုယ်လုပ်လိုက်တဲ့အလုပ်တစ်ခုအတွက် အနှစ်သာရရှိမရှိလဲ အချိန်ယူ စဉ်းစားမပေးနိုင်။ ဒီလိုနဲ့ပဲ ကျင်လည်ရာရပ်ဝန်းမှာ ရုန်းကန်လှုပ်ရှားရင်း ဘ၀တစ်ခုကို မယောင်မလည်နဲ့ လက်စသိမ်းလိုက်ကြရတာက များပါတယ်။


ရေအိုင်ရှိရင် မိကျောင်းရှိတယ်


လှပတဲ့ ကိုရွှေဥဒေါင်း

တစ်နေ့တာ လှုပ်ရှားမှုတွေအကြောင်းတွေးရင် ဗုဒ္ဓမြတ်စွာရဲ့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို သွားသတိရမိပါတယ်။ မိုးမလင်းခင် မနက် နှစ်နာရီလောက်ကတည်းက အိပ်ယာကထ၊ အိပ်ယာထပြီးတာနဲ့ “ငါ့အတွက် ဘာလုပ်ရမလဲ”လို့ မစဉ်းစားဘူး။ “ဒီနေ့ ဘယ်သူ့ကို ထာဝရချမ်းမြေ့ပျော်ရွှင်ခြင်း အမြိုက်အရသာကို ပေးရပါ့မလဲ”လို့ စဉ်းစားပါတယ်။ တွေးသမျှလုပ်သမျှဟာ အတ္တမပါတော့ဘူး။ ကိုယ်ကျိုးအတွက် တစ်ခုမှ မပါတော့ဘူး။ အများအကျိုးကိုပဲ ရှေ့တန်းတင်လုပ်ဆောင်ခြင်းအားဖြင့် တစ်နည်းတစ်ဖုံ ကိုယ်တိုင်ချမ်းမြေ့ရခြင်းဆိုတဲ့ ကိုယ့်ကျိုးတွေ ပြည့်စုံနေတတ်တာကတော့ ဓမ္မရဲ့ သဘာဝပါပဲ။ ဒီလိုနဲ့ တစ်နေကုန် သတ္တလောကရဲ့ ကောင်းရာမွန်ရာတွေကိုလမ်းညွှန်ပြသရင်း တစ်နေ့တာ ကုန်လွန်သွားတော့တာပဲ။ အားကျလေးစားမိပါတယ်။
လူတွေက သမိုင်းအကြောင်း သိပ်ပြောကြတယ်။ ကိုယ့်သမိုင်းကိုယ်ရေးတာ ဘာညာနဲ့ပေါ့။ သမိုင်းအကြောင်းပြောကြတာဟာ သူများအတင်းပြောမှ ထွက်လာကြတာများပါတယ်။ “အေးကွာ..သူများအကြောင်းတွေ ပြောမနေပါနဲ့၊ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာ”လို့ ဆိုတတ်ကြတယ်။ အမှန်တကယ် ပြောသူကိုယ်တိုင်ကတော့ သမိုင်းတွင်ရစ်စရာ ဘာမှ လုပ်ဆောင်ခြင်းမရှိ ဖြစ်နေတာကိုလဲ မိမိတို့ ပတ်ဝန်းကျင်မှာ မကြာခဏ တွေ့နေကြရတာပဲ။ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းဆိုတဲ့ ဧရာမအရာကြီးနှစ်ခုရဲ့အလယ် မယောင်မလယ် ရပ်တည်နေကြရတဲ့ သတ္တလောကသားတွေအတွက် သမိုင်းတွေအကြီးအကျယ်မရေးထိုးနိုင်ကြရင်တောင်မှ မိမိတို့ရဲ့ တစ်နေ့တာလုပ်ငန်းမှာ အတ္တ၊ ပရမျှတအောင် လုပ်ဆောင်ဖို့ လိုအပ်လှပါတယ်။
တိရစ္ဆာန်တွေရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ထူးမခြားနားဖြစ်တဲ့ ကိုယ့်ဝမ်းကိုယ့်ခါးလှဖို့၊ ကိုယ့်မိသားစု ကောင်းစားဖို့ စတဲ့ ကိုယ့်ဖို့တွေအကြောင်းပဲ ခေါင်းထဲမှာထားပြီး လောကကြီးကို လည်သူစားလောင်းကစားဝိုင်းလို သတ်မှတ်လိုက်ကြတော့မလား။ မိမိတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေကို အိပ်ယာဝင်ခါနီးတိုင်း စဉ်းစားကြဖို့မသင့်ပေဘူးလား။

နေ့တစ်နေ့ကို အဓိပ္ပာယ်ရှိစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ....

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails