Saturday, September 27, 2014

စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၊ နိဒါန်း)



(၁)

“ဘဝမှာ အမြဲတမ်း လုပ်ချင်တဲ့အရာဘာလဲ”ဟု မေးလာလျှင် စာဖတ်ခြင်းနှင့်ခရီးသွားခြင်းဟု ဖြေပါမည်။ အသက် ၁၅ နှစ်အရွယ် တောင်ငူမှာ နေစဉ်ကတည်းက ဘုမသိ ဘမသိဖြင့် ရန်ကုန်ကို ယောင်ချာချာခရီးထွက်ဖူးသည်။

သင်္ဃန်းကျွန်းဘက်တွင် ပြေးဆွဲသော ဘတ်စကားခ ငါးမူးခေတ်ဖြစ်သည်။ တာမွေ ဝေဠုမာရကျောင်းမှ လင်းစဒေါင်းသို့ ဘတ်စကားခ ငါးမူးသာ ပေးရသည်ကို မှတ်မိသည်။ ဘတ်စ်ကားခများ တက်သွားသည်နှင့်လမ်းများ အနည်းငယ်ပိုကောင်းလာသည်ကလွဲ၍ အပြောင်းအလဲ မရှိ။ ငယ်ငယ်ကတည်းက ခရီးသွား ဇ ရှိခြင်းကို နိဒါန်းချီလိုရင်း ဖြစ်သည်။

နွေရာသီစာမေးပွဲဖြေပြီးလို့ ကျောင်းပိတ်သည်နှင့် အမေဆီသို့ တန်းတန်းမတ်မတ် ဘယ်တော့မှ မပြန်။ အဖော်ကောင်းရာဆီသို့ ဟိုရွာဒီရွာ ခရီးထွက်တတ်သည်။ ပြီးမှ အမေ့ဆီ ပြန်သည်။ မြန်မာပြည်အောက်ပိုင်းဆိုလျှင် ကိုကိုးကျွန်းထိ သင်္ဘောကြီးစီးကာ သွားဖူးသည်။ မှတ်မှတ်ရရ ဟားခါးသင်္ဘောကြီးဖြစ်မည်ဟု ထင်သည်။ လူပေါင်း ၉ဝဝ ကျော်၊ ကားများပါ တင်ဆောင်သည့် ၃ ထပ်ခန့် သင်္ဘောကြီးဖြစ်သဖြင့် ထိုအချိန်က မမြင်ဖူးလို့ မူးကို မြစ်ထင်ခဲ့ဖူးသည်။

ထိုမှတစ်ဖန် မြန်မာပြည်အထက်ပိုင်း မေခ၊ မလိခမြစ်ဆုံသို့လည်း အဖော်များနှင့် ခရီးဆန့်ဖူးသည်။ လှပသာယာလှသော မြစ်ဆုံက ကျောက်ခဲလှလှလေးများကို တယုတယကိုင်ကြည့်ဖူးသည်။ အမှတ်တရအဖြစ် ကချင်လွယ်အိတ်အသစ်လေးထဲ ထည့်ကာ သယ်ယူခဲ့ဖူးသည်။ မြစ်ကြီးနား၊ ဟိုပင်၊ ထိုမှ သံတွဲ၊ ငပလီ၊ တောင်ကြီး၊ ဟိုပုန်း၊ ပင်းတယဝန်းကျင်၊ အင်းလေး … ခြေဆန့်ခဲ့ဖူးသည်။ ပဲခူးရိုးမတောထဲက ရွာအချို့သို့လည်း တစ်နေကုန် လမ်းလျှောက်ကာ သွားဖူးသည်။ ဤသို့ဤနှယ် ခရီးသွားရတာ ဝါသနာပါလှသည်။

(၂)

စာဖတ်ခြင်းဝါသနာကိုကား ဘယ်အချိန်က စတင် ပါလာခဲ့မှန်း ကိုယ့်ကိုယ်ကို ခြေရာကောက်မရပါ။ တစ်ခုသတိရမိသည်ကတော့ ပခုက္ကူဦးအုံးဖေအကြောင်း သတင်းစာမှာ ပါလာသည်ဟု ထင်သည်။ သူ့ဘဝအကြောင်း အတိုအစမှာ စာဖတ်ဖို့အကြောင်း တိုက်တွန်းထားသည်ဟု ထင်သည်။ သူက ငယ်ငယ်က အလွန်ဆိုးသည်။ အရက်သောက်၊ ဖဲရိုက် မတော်တရော်များ အတော်လုပ်သည်ဟု ဆိုသည်။ ထိုသို့ဆိုးရင်းတေရင်း ချစ်ကွဲညားဝတ္ထုများ ဖတ်သည်။ ထိုသို့ဖတ်ရာတဖြည်းဖြည်း အဆင့်မြင့်စာပေများ ဖတ်တတ်လာသည်။ ထိုမှတစ်ဆင့် သူ့ဘဝ၊ သူ့အတွေးအခေါ်များ ပြောင်းလဲသွားသည်ဟု ဆိုသည်။

ထိုလွှမ်းမိုးမှုလေးကိုတော့ အနည်းငယ် အမှတ်ရနေသည်။ သတင်းစာ၊ ဂျာနယ်များကို မကြာခဏ ဝယ်ခိုင်းတတ်သော ငယ်ငယ်က ဆရာသမားကြောင့်လည်း ဖြစ်ပုံရသည်။

ပထမတော့ အားကစားဂျာနယ်များ မပြတ်ဖတ်ဖြစ်သည်။ ထိုစဉ်က အင်အားဂျာနယ်နှင့်တံခွန်ဂျာနယ်သာ အထင်ကရရှိသည်ဟု ထင်သည်။ ချစ်စံဝင်း၊ ချစ်နိုင်(စိတ်ပညာ)၊ ဖေမြင့်၊ ဆရာတော်ဦးဇောတိက၊ အရှင်ဉာဏ၊ အရှင်ဥက္ကဋ္ဌတို့၏ စာအုပ်များကို အဓိကမှတ်မိနေသည်။ တောင်ငူမြို့က 7 Store စာအုပ်ဆိုင်ဝန်ထမ်းများက စာအုပ်ကြီးများကို ပြူးတူးပြဲတဲကြည့်တတ်သော ကိုရင်ပေါက်စကို ပြုံးစစဖြင့် စနောက်ကြသည်ကိုလည်း အမှတ်ရနေသည်။

အရှင်ဉာဏနှင့်အရှင်ဥက္ကဋ္ဌတို့ စာအုပ်များကို အဘယ့်ကြောင့် ဖတ်ဖြစ်သည်ကို ဆက်စပ်စဉ်းစားမရသေးပါ။ ဖတ်သည်ဟုသာ မှတ်မိနေသည်။ ဟုတ်တိပတ်တိ ဘာမျှ နားလည်ခဲ့ဟန် မတူပါ။

ချစ်နိုင်(စိတ်ပညာ)၏ “ချစ်လို့ပြောတာ မှတ်ပါ”စာအုပ်နှင့် ဖေမြင့်၏ “မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား”စာအုပ်နှစ်အုပ်ကတော့ စာရေးသူကိုရင်ပေါက်စကို အတော်လေး စိတ်အာဟာရနှင့်စိတ်အင်အားများ ပေးခဲ့ဖူးသည်။

ယခုအချိန်အထိ ခေတ်မကုန်သေးသော စာအုပ်များလည်း ဖြစ်သည်။ ထူးဆန်းသည်မှာ အခုဖတ်ကြည့်တော့ အရသာ သိပ်မတွေ့တော့ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် အသက် ၂ဝ ဝန်းကျင်ရောက်သည့်အခါ အရှေ့က နေဝန်းထွက်သည့်ပမာ စသည့် သိန်းဖေမြင့်၏စာအုပ်များ၊ မြသန်းစံ၊ မောင်ပေါ်ထွန်း၊ မောင်ထွန်းသူ၊ မြသန်းတင့်၊ နတ်နွယ်၊ ထင်လင်း၊ မောင်ဝံသ၊ ရွှေဥဒေါင်း … စသဖြင့် ဖတ်ဖြစ်လာခဲ့သည်။

စာဖတ်ဝါသနာကိစ္စ ဤမျှနှင့် ရပ်ပါရစေ။ ပြောလိုရင်းမှာ စာဖတ်ဝါသနာနှင့် ခရီးသွားရခြင်း၌ မွေ့လျော်တတ်သော စာရေးသူ၏ ဗီဇကို ဖော်ပြလိုရင်း ဖြစ်ပါသည်။

(၃)

၂ဝ၁၄ ခုနှစ်၊ သြဂုတ်လ၊ ၁ ရက်နေ့တွင် ရွှေညဝါဆရာတော် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့သို့ ကြွရောက်လာခဲ့သည်။ ဂျာမနီမှ ကားငှါးကာ ဥရောပတစ်ခွင် ခရီးလှည့်လည်မည်ဟု ဆိုသည်။ စာရေးသူ၏ ဝါသနာဗီဇက နိုးကြွလာသည်။ “စိတ်လှုပ်ရှားစရာခရီးစဉ်ကြီးကို လိုက်ပါချင်လိုက်တာ”။ ဆွစ်ဇာလန်၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင် … ကိုယ်ရောက်ဖူးချင်သည့်နေရာများ။ ကိုယ်အစီအစဉ်ဖြင့်ကိုယ်သွားရလျှင်လည်း လမ်းစရိတ်မတတ်နိုင်သည့်ခရီးစဉ်။

(၄)

စာရေးသူအတွက် ကံဆိုးချင်တော့ ရွှေညဝါဆရာတော်ခရီးစဉ်ကို ကြိုတင်မသိရခြင်း ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်ခရီးလှည့်လည်မည့်အချိန်နှင့် အချိန်ကိုက် ဒုလ္လဘကိုရင် ၃ ပါး လက်ခံထားခြင်း၊ ကလေးငယ်များအတွက် ယဉ်ကျေးလိမ္မာသင်တန်းနှင့် လူကြီးများအတွက် အဘိဓမ္မာသင်တန်း ရှိနေခြင်းဖြစ်သည်။ ကိုရင်လေးများ ခဏဝတ်သည့်အခိုက် အတူတူနေပြီး သင်သင့်သည်များကို သင်ပေးလိုသည်။

နိုင်ငံရပ်ခြားတွင် ကိုရင်ဝတ်ဖို့ကလည်း ကျောင်းနှင့်ကန်နှင့်မဖြစ်သေးသည့်အတွက် အလွန်တရာ မလွယ်ကူပါ။ မိဘများ၏ ဖြစ်စေလိုသော ပြင်းပြသောဆန္ဒနှင့် ဗုဒ္ဓဘာသာအခြေခံများကို ကိုရင်ဝတ်မည့်သားငယ်များ သိသွားပါစေဟူသော မိမိ၏ဆန္ဒကြောင့်လည်းကောင်း ရွှေညဝါဆရာတော်နှင့်အတူလိုက်ပါလိုသည့် ဆန္ဒကို ချိုးနှိမ်ပစ်လိုက်သည်။

စာရေးသူမကြာခဏ ပြောလေ့ရှိသော စကားက ရင်ထဲမှာ ခိုင်ခိုင်မာမာရှိနေသည်။ ဒုတိယမျိုးဆက် အလွန်အရေးကြီးပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာရသော ပထမမျိုးဆက်သည် ဘာသာစကား၊ ယဉ်ကျေးမှု၊ အလုပ်အကိုင်၊ ပညာရေး၊ စားရေးသောက်ရေးတို့ အစစအရာရာ အသားကျဖို့ ခက်သည်။ မိမိနေရာဟူသော ခံစားချက်၊ မိမိတိုင်းပြည်ဟူသော တွယ်နှောင်မှုမရှိ။ အစစအရာရာ ရုန်းကန်ရသည်။ ကြိုးစားရသည်။ တနည်းအားဖြင့် မယောင်မလည်ဖြင့် ပတ်ဝန်းကျင်အသစ်မှာ သေသွားရမည့်သူက များသည်ဟု ဆိုချင်သည်။

သူတို့က မွေးဖွားလာတဲ့ ဒုတိယမျိုးဆက်ကျတော့ လုံးဝပြောင်းလဲသွားပြီ။ ဂျာမနီမှာမွေးသည့်ကလေးက ဂျာမနီသားလို နေတတ်လာပြီ။ ဂျာမနီသားတို့၏ အခွင့်အရေးများလည်း ရလာပြီ။ ဒေသခံတို့နှင့် တစ်သားတည်း ခံစားတတ်လာပြီ။ ဒေသခံတို့၏ ဘဝအမြင်၊ နေမှုထိုင်မှု၊ အစားအသောက်ကအစ (မတူသော်လည်း) အလွန်တရာ ကွဲပြားခြားနားလွန်းသည်ဟူသော အမြင်မျိုးမရှိတော့။ ထို့ပြင် ဘဝရပ်တည်မှုကလည်း ခိုင်မာလာကြပြီ။

ဤဒုတိယမျိုးဆက်တွင် ဘာသာရေးခိုင်မာမှု မရှိလျှင် မိမိတို့၏ လက်ရင်းလက်ငုပ် ဘာသာတရား၊ မြန်မာ့အတွေးအခေါ်၊ ယဉ်ကျေးမှု စသည်တို့ ပျောက်ကွယ်သွားမည်။ မြန်မာစိတ်၊ ဘာသာချစ်စိတ်ကင်းမဲ့သွားသော မျိုးဆက်ဖြစ်သွားလျှင် ဗုဒ္ဓဘာသာ၊ မြန်မာ့ယဉ်ကျေးမှုအတွက် အားကိုး၍ ရနိုင်တော့မည် မဟုတ်ပေ။ ဒုတိယမျိုးဆက်တွင် ဘာသာချစ်စိတ်၊ မြန်မာ့ယဉ်ကျေးမှုအပေါ် တန်ဖိုးထားစိတ်များ ကိန်းဝပ်နေသေးလျှင် ဤနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကားတိုးတက်ဖို့ အလားအလာ များစွာရှိသည်။ ထို့ကြောင့် ကိုရင်လေးများနှင့် ကလေးငယ်များကို မိမိစွမ်းနိုင်သလောက် ဘာသာရေးအသိစိတ်ဓာတ်များ ပေးဝေငှလိုသည်။ အလွန်တရာ အရေးကြီးသည်ဟုလည်း ယုံကြည်သည်။

(၄)

ရွှေညဝါဆရာတော်၊ တပည့်ဦးသူရိယ၊ အမေရိကန်မှ ရောက်လာသည့် ကိုမောင်မောင်သိန်းနှင့် ဇနီးမစန္ဒာတို့ကား ဆွစ်ဇာလန်သို့ စတင်ထွက်ခွါသွားလေပြီ။ ကိုမောင်မောင်သိန်း ခေါ် ကပ္ပိယထိပ်ပြောင်သည် ကားမောင်းအလွန်ကျွမ်းကျင်သည်။ အင်တာနေရှင်နယ်လိုင်စင်ရှိထားသဖြင့် ဂျာမနီမှ ကားတစ်စီး ငှါးသည်။ ကိုယ်တိုင်မောင်းသည်။ ဆွစ်ဇာလန်၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန် တစ်နိုင်ငံပြီးတစ်နိုင်ငံ၊ တစ်မြို့ပြီးတစ်မြို့ ခရီးနှင်နေကြသည်။ ဓာတ်ပုံများကြည့်ပြီး အားကျနေခဲ့သည်။ ရွှေညဝါဆရာတော်တို့ နယ်သာလန်ရောက်သည့်အခါ ကိုရင်သုံးပါးလည်း လူထွက်သွားပြီ။

သြဂုတ်လ ၁၅ ရက်နေ့ဆို ဒိန်းမတ်နိုင်ငံသို့ ရောက်မည်ဟု ဆိုသည်။ ယဉ်ကျေးလိမ္မာသင်တန်းလည်း မပျက်ရအောင်၊ အဘိဓမ္မာသင်တန်းလည်း မပျက်ရအောင် အကြံတစ်ခု ရသည်။ ၁၇ ရက်နေ့ တနင်္ဂနွေနေ့သင်တန်းများကို စနေနေ့သို့ ရွှေ့လိုက်မည်။ စနေနေ့ည ရထားဖြင့် ဒိန်းမတ်နိုင်ငံသို့ လိုက်မည်။

ခရီးက လကုန်မှ ရောက်မည်ဖြစ်သဖြင့် သင်တန်းများ တစ်ပတ်ရပ်နားမည်။ ရွှေညဝါဆရာတော်နှင့်အခြားကြိုတင်အသိပေးသင့်သူများကို အသိပေးပြီး ဆုံးဖြတ်လိုက်သည်။ ဒိန်းမတ်က ကိုစိုးစိုးမောင်ကလည်း ရထားဘူတာတွင် လာကြိုမည်ဟု ပြောသည်။

၁၅ ရက်နေ့မှာပဲ ရထားလက်မှတ်ဖြတ်လိုက်သည်။ အမှန်တကယ်ပင် စိတ်လှုပ်ရှားပါသည်။ ၁၆ ရက်နေ့ ည ၁ဝ နာရီမှ စတင်ထွက်ခွါပြီး ဒိန်းမတ်နိုင်ငံ၊ အော့လ်ဘော့မြို့သို့ ၁၇ ရက်နေ့ နေ့လည် ၂ နာရီခန့်မှ ရောက်မည့်ခရီးစဉ်ဖြစ်သည်။

ငယ်စဉ် သိတတ်စအရွယ်ကတည်းက ဥရောပယဉ်ကျေးမှု၊ ဥရောပယဉ်ကျေးမှုဟု မြန်မာတွေ နှာခေါင်းရှုံ့ကြသည်။ ဥရောပယဉ်ကျေးမှုများ မလွှမ်းမိုးလာအောင်ဆိုသောစကားကို ယနေ့အချိန်အထိ တွင်တွင်ကြီး သုံးနေကြဆဲဖြစ်သည်။

မြန်မာတို့ နှုတ်ဖျားမှာ ဥရောပသည် နဂ္ဂတစ်ပြကွက်များသာ ကဲနေသည်။ တကယ်ပင် ဥရောပယဉ်ကျေးမှုသည် နဂ္ဂတစ်ဆန်နေပါသလော၊ မြန်မာ့လူ့ဘောင်အတွက် အန္တရာယ်ထူပြောလှသော ဆန့်ကျင်ဘက် ယဉ်ကျေးမှုဖြစ်နေပါသလော၊ မြန်မာ့လူ့ဘောင်မှာ အများပြောနေသလို ကြောက်မက်ဖွယ် ယဉ်ကျေးမှုကြီး ဖြစ်နေပါသလော။

ဤခရီးသွားဆောင်းပါးတွင် တွေ့မြင်လာရသော မြင်ကွင်းများ၊ လူပုဂ္ဂိုလ်များ၊ သိရှိလိုက်ရသော အသိအမြင် ဗဟုသုတများ၊ တွေ့ကြုံခံစားလိုက်ရသော ရသစုံလင်နေသောခံစားချက်များ … စသည်တို့ကို စာရေးသူစွမ်းနိုင်သလောက် ဖော်ပြလိုပါသည်။ မျှဝေစိတ်ဖြင့် ရိုးသားစွာ တင်ပြရန်သာ ဆန္ဒရှိပါသည်။ ပထမ လူကိုယ်တိုင် သွားခဲ့သည်။ ယခု ဤဆောင်းပါးရေးခြင်းကတော့ စာရေးသူအနေဖြင့် စိတ်ကူးဖြင့် ဒုတိယအကြိမ် သွားခြင်းဟု ဆိုနိုင်သည်။

စာဖတ်သူများလည်း ဆောင်းပါးဖတ်ရင်း ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများဖြစ်သော စကန်ဒီနေဗီယားနိုင်ငံများသို့ စာရေးသူနှင့်အတူ ပျော်ပျော်ပါးပါး သွားလိုက်ကြရအောင်ပါ။
....................................
....................................
ဆက်ပါဦးမည် .....

အရှင်ကုသလသာမိ (အတည်မဲ့)
၁၉၊ ဝ၉၊ ၂ဝ၁၄

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails