Friday, August 8, 2014

ဘာလင်မှ ဘယ်သို့ ဘယ်ဆီလဲ (အပိုင်း ၂)


(၉)

အမြန်ရထားပေါ်က ဆင်းလိုက်သည်နှင့် ဂျာမနီနိုင်ငံက မြန်မာသံအမတ်ကြီးနှင့်သားငယ်တို့ လာကြိုနေသည်ကို တွေ့ရသည်။ ရင်းနှီးဖော်ရွေစွာ၊ ရိုသေစွာဖြင့် ခရီးဦးကြိုပြုကြသည်။ ဘူတာကြီးတွင် မှတ်တမ်းဓာတ်ပုံရိုက်ပြီး သံအမတ်ကြီးနေအိမ်သို့ သွားခဲ့ကြသည်။ သံအမတ်ကတော်၊ သမီးနှင့်အခြားဧည့်သည်အချို့ကိုလည်း တွေ့ရသည်။

ဆရာတော်ကို စုပေါင်းကန်တော့ကာ နှုတ်ဆက်စကားပြောကြသည်။ ကျောင်းအမှတ်ဖြင့် သီတင်းသုံးဖို့၊ စိတ်အေးချမ်းသာစွာ နေဖို့ ပြောကြသည်။ နေရာထိုင်ခင်းအပြင်အဆင်စသည်ကအစ အစစအရာရာ လိုလေသေးမရှိ၊ ပြုစုကြပါပေသည်။ စကားအပြောအဆို၊ အနေအထိုင်အရ ယဉ်ကျေးသိမ်မွေ့ပြီး ဘာသာတရားကိုင်းရှိုင်းသောမိသားစုတစ်ခုဟု ကောက်ချက်ချမိသည်။

သံအမတ်ကြီးက ဒကာမကြီးအပေါ်မှာ ချစ်သည့်အချစ်ကြောင့် ဒကာမကြီးကို မခွဲနိုင်တာတစ်ခုနှင့်ပင် သူ့အနေနှင့်ရဟန်းပြုဖို့ မလွယ်ကူကြောင်း၊ သံယောဇဉ်များ ဖြတ်ဖို့ မရနိုင်သေးကြောင်း၊ လူအဖြစ်နှင့်သာ ကုသိုလ်ကောင်းမှုများ တတ်နိုင်သလောက် လုပ်မည်ဖြစ်ကြောင်း ရဝေနွယ်ဆရာတော်ကို လျှောက်သည်။

ဒကာကြီးက ထိုသို့ပွင့်ပွင့်လင်းလင်း လျှောက်သည့်အခါ ဒကာမကြီးက “လူငယ်တစ်ဦးလို ဆရာတော်ရှေ့မှာ ရှင်ဘာတွေ ပြောနေတာလဲ”ဟု ရှက်ရှက်အမူအရာနှင့် ဆိုလေသည်။ ဆရာတော်ကလည်း အတော်သဘောကျနေပုံရပြီး ပြုံးကာသာ နေတော့သည်။ ဒကာကြီးပြောတာ မလွန်သလို ဒကာမကြီးပြောတာလည်း မမှားပါ။ မိသားစုတစ်ခုတွင် ရေရှည်တည်တံ့ခိုင်မြဲစေသော မေတ္တာကြိုးလေးများက အလွန်ကို အရေးကြီးပါသည်။

ပဋ္ဌာန်းတရားတော်တွင် ဟောကြားထားသည့်အတိုင်း တဏှာရာဂ(ချစ်ခြင်းမေတ္တာ)ကိုအကြောင်းပြ၍ ဒါန၊ သီလ၊ ဘာဝနာများ ပြုလုပ်နိုင်ကြပါသည်၊ တရားရနိုင်သည့်အဆင့်အထိပင် ရောက်နိုင်ပါသည်ဟု ဟောထားသည် မဟုတ်ပါလော။

(၁ဝ)

သံအမတ်ကတော် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာပုံမှာ စိတ်ဝင်စားဖွယ် ကောင်းသဖြင့် အနည်းငယ် ပြောပြလိုပါသည်။ သူသည် ကနဦးက ဗုဒ္ဓဘာသာဝင်တစ်ဦး မဟုတ်ပါ။ လက်ထပ်သည်အထိ ဗုဒ္ဓဘာသာဝင်မဟုတ်သေးပါ။ ပါရမီအလျောက်ဟု ဆိုလျှင် ဆိုနိုင်သလို ဒကာကြီးအပေါ်ထားသောမေတ္တာတရားကြောင့်ဟုဆိုလျှင်လည်း မမှားနိုင်ပေ။

ဒကာကြီး ရှေ့တန်းထွက်၊ အန္တရာယ်များ ကြုံသည့်အခါ ဒကာမကြီးလည်း အခြားစစ်သားမိန်းမများနည်းတူ စိတ်ပူသည်။ အခြားစစ်သားမိန်းမများက ဗုဒ္ဓဘာသာများဖြစ်သည့်အတွက် မိမိတို့ခင်ပွန်းအသက်အန္တရာယ်ကင်းဝေးအောင်၊ ဘေးဒုက္ခများ မကြုံတွေ့ရအောင် လောကီလောကုတ္တရာနည်းစုံသုံးကာ နောက်တန်းမှနေ၍ ပြုလုပ်ပေးကြလေ့ရှိသည်။

ဒကာမကြီးသည် ဗုဒ္ဓဘာသာဝင်မဟုတ်သော်လည်း မိမိအမျိုးသား ဘေးအန္တရာယ်ကင်းအောင် ပရိတ်ရွတ်ဖတ်ခြင်း၊ ပဋ္ဌာန်းရွတ်ဖတ်ခြင်းစသော အန္တရာယ်ကင်းနည်းအမျိုးမျိုး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထိုကဲ့သို့ပြုလုပ်ရင်း ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးလုပ်ငန်းများ လုပ်ဖြစ်လာခဲ့သည်ဟု ဆိုသည်။ သူ့သဒ္ဓါဆန္ဒအလျောက် ဘုရားဟောင်းပြုပြင်ခြင်းလုပ်ငန်းကိုပါ ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့လုပ်ဆောင်လာရင်း တဖြည်းဖြည်းနှင့် ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်လာခဲ့သည်။ ယခုအခါ ဆရာတော်ဒေါက်တာနန္ဒမာလာ၏ အဘိဓမ္မာ၊ ပဋ္ဌာန်းတရားတော်များကို နာကြားရင်း အဆင့်မြင့်ဗုဒ္ဓဘာသာဝင်တစ်ဦးအနေအထားအထိ ဖြစ်လာခဲ့ပါပြီ။

“အခြားစိတ်ဝင်စားစရာတွေ အများကြီး ရှိသေးတယ်”ဟု ဒကာမကြီးက ပြောသော်လည်း အခြေအနေအချိန်အခါအရ ထပ်မံမမေးမြန်းဖြစ်ခဲ့ပါ။ နောက်များ ကြုံကြိုက်သည့်အခါ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာခဲ့ပုံအကြောင်း အသေးစိတ်ကို မေးမြန်းရပေဦးမည်။

(၁၁)

နေ့ခင်းတွင် သံအမတ်ကြီးမိသားစုနှင့်အတူ Postdam သို့ သွားကြသည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ကမ္ဘာ့သမိုင်းဆိုင်ရာ အရေးကြီးသောနေရာတစ်ခု ဖြစ်သည်။ ဘာလင်မြို့မှ ၂၄ ကီလိုမီတာ ကွာဝေးသည်။ ပရပ်ရှားဘုရင်များနှင့် ဂျာမန်ဘုရင် ကိုင်ဇာတို့၏ နန်းတော်များတည်ရှိသည်။ နန်းတော်ဟောင်းကြီးများမှာ ခမ်းနားကြီးကျယ်လှသည်။

ဒုတိယကမ္ဘာစစ်တွင် စစ်အောင်နိုင်သော မဟာမိတ်များကွန်ဖရင့်ကို အောင်မြင်စွာ ကျင်းပခဲ့သည့်ဒေသလည်း ဖြစ်သည်။

ဂျာမနီနိုင်ငံတွင် ထူးခြားသည့်အချက်တစ်ခုမှာ ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ တည်ရှိရာအရပ်တွင် ကောလိပ်များ၊ တက္ကသိုလ်များဖွင့်လှစ်ထားခြင်း ဖြစ်သည်။ Postdam မြို့တွင် University of Postdam နှင့် သုတေသနဌာန (Research Institutes)ပေါင်း ၃ဝ ကျော် ရှိသည်။

မိမိတို့နိုင်ငံ၏ ရှေးဟောင်းသမိုင်းဝင်နေရာများ၊ သမိုင်းဝင်အဖြစ်အပျက်များနှင့် အနာဂတ်လူငယ်များကို တစ်သီးတစ်သန့် မိတ်ဆက်စရာမလိုအောင် စီမံပုံတစ်မျိုးဖြစ်သည်ဟု ဂျာမန်တစ်ဦးပြောစကားအရ သိရသည်။ အတုယူစရာပင် ဖြစ်ပါသည်။

(၁၂)

နာဇီစစ်အာဏာရှင်များ ကျဆုံးပြီးနောက် ၁၉၄၅ ခုနှစ်တွင် Postdam ရှိ ဘုရင့်နန်းတော်တွင် အမေရိကန်သမ္မတ ထရူးမင်း၊ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ နှင့် သူ့ကို ဆက်ခံသူ ကလီးမန့်အက်တလီ၊ ဆိုဗီယက်ပြည်ထောင်စုမှ စတာလင် တို့သည် ဂျာမနီနိုင်ငံကို မည်သို့မည်ပုံ ဆက်လက်စီမံကြမည်ဖြစ်ကြောင်း စည်းဝေးခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် ဂျာမနီနိုင်ငံကို အသီးအသီး ခွဲဝေစီမံအုပ်ချုပ်ကြဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။

ထိုသမိုင်းအဖြစ်အပျက်ကို လေ့လာမိတိုင်း ထူးဆန်းသလိုလို၊ အံ့သြသလိုလို၊ ပြုံးချင်သလိုလို ခံစားမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ထူးဆန်းအံ့သြသည့်ခံစားမှုက မထူးဆန်းသော်လည်း ပြုံးချင်သလိုလိုဖြစ်တာကတော့ မျိုးစိတ်မျိုးမာန်ပြင်းထန်သော ဂျာမန်များ တိုင်းတစ်ပါးသားတို့ ပြုသမျှနုခဲ့ရပုံကို တွေးမိခြင်းကြောင့် ဖြစ်သည်။

လက်ရှိအချိန်တွင် ဂျာမနီအစိုးရက အဆိုပါ ရှေးဟောင်းဘုရင့်နန်းတော်များနှင့် ကွန်ဖရင့်ကျင်းပရာ Postdam ကို ဥယျာဉ်ပန်းခြံကြီးများအသွင် ပြောင်းလဲပြီး ကမ္ဘာလှည့်ခရီးသွားများနှင့် မိမိတို့နိုင်ငံ အနာဂတ်လူငယ်များ လေ့လာနိုင်ရန်၊ သမိုင်းသင်္ခန်းစာများ ရယူနိုင်ကြစေရန် စီမံပြုလုပ်ထားသည်ကို တွေ့ရသည်။

(၁၃)

Postdam တွင် နေရာအနှံ့ လျှောက်လည်၊ အမှတ်တရဓာတ်ပုံများ ရိုက်ပြီး ပြန်ခဲ့သည်။ အပြန်လမ်းတွင် ခမ်းနားကြီးကျယ်လှသောဘုရင့်နန်းတော်ကြီးများက မျက်စိထဲ စွဲနေသည်။ အထူးသဖြင့် နန်းတော်ကြီးများအဝင်ဝတွင်ရှိသော ခန့်ငြားသည့် တိုင်လုံးကြီးများကို မြင်ယောင်သည်။

တိုင်လုံးကြီးများကို ဘက်စုံမှ ဓာတ်ပုံရိုက်ပြီး “ဦးဇင်းတက္ကသိုလ်တည်ထောင်ရင် ဒါမျိုး တိုင်လုံးကြီးတွေ လုပ်မှာ”ဟု သံအမတ်ကြီးကို စနောက်စကားဆိုခဲ့သည်။ “ဦးဇင်းက လုပ်မယ်ဆိုရင် အကြီးကြီး လုပ်ချင်တယ်။ မလုပ်ဘူးဆိုရင်တော့ တဲကုပ်လေးနဲ့ပဲနေတော့မယ်”ဟုလည်း ရင်ထဲရှိတာ ပြောမိသည်။

နန်းတော်ကြီးများ၏ ခမ်းနားမှုနှင့် နက်ရှိုင်းသော သမိုင်းဆိုင်ရာအဖြစ်အပျက်များကလည်း အတွေးထဲတွင် မေးခွန်းများစွာ၊ သိလိုစိတ်များစွာဖြင့် တဝဲလည်လည် ရစ်ရစ်သီသီ တွဲခိုလာခဲ့ကြသည်။
နာဇီစစ်ဘီလူးကြီးကို ဦးချိုးပြီး ဇာတိသွေး၊ ဇာတိမာန်ထက်သန်လှပါသည်ဆိုသော ဂျာမန်တို့၏ မြေပေါ်တွင် ခပ်တည်တည်ဖြင့် စီးစီးနင်းနင်း ခွဲဝေယူကြသော အမေရိကန်၊ ဗြိတိန်နှင့် ဆိုဗီယက်ခေါင်းဆောင်ကြီးများ၏ ဝင့်ကြွားမှုပုံရိပ်များကလည်း မနေ့တစ်နေ့ကလို ရုပ်လုံးကြွလာနေခဲ့သည်။

ထိုနေ့ ရာသီဥတုက ပထမ အတော်လေး အေးသည်။ နောက် နေက ပူလာခဲ့သည်။ ထို့နောက် မိုးက တဖြိုက်နှစ်ဖြိုက် ရွာချလိုက်သေးသည်။ ခြုံကြည့်လိုက်ရင်တော့ ရာသီဥတုက သာယာပါသည်။ အတွေးတွေက ရာသီဥတုလို အပြောင်းအလဲ မြန်နေသည်။ ပျော်လိုက်၊ အံ့သြလိုက်၊ ချီးကျူးလိုက်၊ ကျေနပ်လိုက်၊ မကျေနပ်လိုက်၊ တစ်ခါတစ်ခါ သံဝေဂတွေ ဖြစ်လိုက် … ခြုံကြည့်လိုက်ရင်တော့ အတွေးများ သာယာပါသည်။

(၁၄)

Postdam က ပြန်လာတော့ တစ်နေရာရာကို ဆက်သွားလိုသေးလားဟု ရဝေနွယ်ဆရာတော်ကို သံအမတ်ကြီးက လျှောက်သည်။ ဆရာတော်ပင်ပန်းနေပြီဖြစ်သဖြင့် တစ်နေ့တာ နားလိုက်သည်။ သံအမတ်ကြီးအိမ်တွင် ရဝေနွယ်ဆရာတော်နှင့်စကားပြောရင်း ဆရာတော်ထံမှ စိတ်ထားနည်းပညာများ ရလိုက်သည်။

ဆရာတော်၏ စိတ်ထားနည်းပညာမှာ အထူးအဆန်း မဟုတ်၊ ကုသိုလ်ဖြစ်အောင်၊ စိတ်ချမ်းသာအောင် နေထိုင်နည်းပင် ဖြစ်တော့သည်။ ဆရာတော်ပြောလေ့ပြောထရှိသောစကားမှာ ဘာပဲလုပ်လုပ် ပါရမီဖြစ်အောင်လုပ်ဆိုသော စကားပင်ဖြစ်သည်။ တစ်စုံတစ်ရာကို ပါရမီမြောက်အောင် လုပ်လိုက်လျှင် ကုသိုလ်တရားနှင့်စိတ်ချမ်းသာမှုက အလိုလို ပါဝင်လာသည်ကို တွေ့ရမည် ဖြစ်သည်။
.............................................................
..........................
ဆက်ပါဦးမည် ......................
.........................................

အရှင်ကုသလသာမိ (အတည်မဲ့)
ဝ၆၊ ဝ၈၊ ၂ဝ၁၄

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails