Monday, September 26, 2011

လေပြေလေညှင်းက ရင်ခုန်သံကို နားလည်ပါတယ်



(၁)
“စုဘုတိ”ဆိုတာ မြတ်စွာဘုရားရှင်ရဲ့ တပည့်ရဟန်းတစ်ပါး ဖြစ်ပါတယ်။ သူဟာ ပြုသူနဲ့အပြုခံတို့ရဲ့ ဆက်သွယ်မှုကြားမှာ ခြွင်းချက်အနေနဲ့ တစ်ခုမှ မရှိတဲ့အမြင် သို့မဟုတ် လေဟာနယ်သဘောကို နားလည်သဘောပေါက်နိုင်စွမ်းရှိပါတယ်။ တစ်နေ့မှာ စုဘုတိဟာ သစ်ပင်တစ်ပင်အောက်မှာ ဘာမှမရှိတဲ့လေဟာနယ်သဘောကို စိတ်ထဲမှာ ဆင်ခြင်ရင်း ထိုင်နေခဲ့ပါတယ်။ ထိုအခါမှာ သစ်ပင်ပေါ်က ပန်းပွင့်လေးတွေ ကြွေကျလာခဲ့တယ်။ သစ်ပင်စောင့်နတ်က “ဘာမှမရှိတဲ့လေဟာနယ်သဘောတရားကို ဟောကြားတဲ့အတွက် သင့်ကို ကောင်းချီးပေးကြတာပါ”လို့ ဆိုပါတယ်။ ထိုအခါ စုဘုတိက “ငါ ဘာမှ မဟောရသေးပါဘူး”လို့ ပြောလိုက်တယ်။ “ဟုတ်ပါတယ်၊ သင်ကလည်း ဘာမှ မဟောပါဘူး၊ ကျွန်ုပ်တို့ကလည်း ဘာမှ မကြားမိပါဘူး၊ ဒါဟာ တကယ့် လေဟာနယ်သဘောပဲပေါ့”လို့ နတ်တွေက ပြန်ပြောလိုက်တယ်။ သစ်ပင်ပေါ်က ပန်းပွင့်လေးတွေဟာ စုဘုတိပေါ်ကို မိုးရွာသလို ရွာချနေခဲ့ပါတော့တယ်။

(၂)
တစ်နှစ်က မြန်မာပြည်ကို ပြန်တော့ သူငယ်ချင်းဆီမှာ ကပ်နေခဲ့တယ်။ သူက ဒီနေ့ စာပေလောကမှာ တဖြည်းဖြည်းချင်း နာမည်တက်လာနေတဲ့ စာရေးဆရာ၊ ကဗျာဆရာ။ ကိုယ်က စာရေးဆရာတွေ၊ ကဗျာဆရာတွေကို ချစ်တတ်တော့ သူ့ဆီမှာ နေရတာ သဘောကျတယ်။ မိုးလင်းတာနဲ့ လက်ဘက်ရည်ဆိုင် သွားမယ်။ လက်ဘက်ရည်ဆိုင်သွား အတူသွားဖို့ဆိုတာလည်း စကားတွေ အများကြီး မပြောပါဘူး။ သွားကြမယ်ဆိုတဲ့ စကားတစ်ခွန်းလောက်သာ ပြောဖြစ်တာပါ။ လက်ဘက်ရည်ဆိုင်မှာ စူပါပလိမ်းကော်ဖီတစ်ခွက်မှာမယ်။ သူက ပေါ့ဆိမ့်ကိုပဲ အမြဲသောက်တယ်။ ပြီးရင် လက်ဘက်ရည်ခွက်ကို အားမနာဘဲ လမ်းမကြီးကို ငေးမယ်။ နှစ်ယောက်အတူထိုင်ပေမယ့် တစ်ယောက်တည်းထိုင်နေရသလား အောက်မေ့ရအောင် တိတ်ဆိတ်နေတယ်။ သူလည်း သူ့အတွေးနဲ့သူ၊ ကိုယ်လည်း ကိုယ့်အတွေးနဲ့ကိုယ်။ ဘာလောကွက်မှ မရှိတဲ့ ကမ္ဘာ့အပြင်က ကမ္ဘာလေးတစ်ခုအလား ထင်မှားရတယ်။ သူဘာစကားမှ မပြောပေမယ့် သူ့စိတ်ထဲမှာ လမ်းပေါ်က သွားနေတဲ့ လူတွေရဲ့ စိတ်တွေကို လိုက်ဖမ်းနေမယ်။ လမ်းပေါ်က သွားနေသူတွေရဲ့ဘ၀အကြောင်းကို တွေးနေမယ်။ လမ်းပေါ်က လူတွေရဲ့ ဘ၀ကနေ လမ်းပေါ်က လူတွေနေတဲ့နေရာအကြောင်းကိုပါ ဆက်တွေးမယ်။ နောက်ပြီး လမ်းပေါ်ကလူတွေကနေ ကိုယ်ဖင်ခုထိုင်ထားရာ မြန်မာ့မြေကျဉ်းကျဉ်းလေးအကြောင်းလည်း ဖြစ်ချင်ဖြစ်နေမယ်။ နောက်ဆုံးမှာ သူဟာ အနာဂတ်မဲ့နေတဲ့ လမ်းကလေးတွေအတွက် ရင်နာမယ်။ ဒီလိုနဲ့ သူဟာ အခန်းရောက်တာနဲ့ ကဗျာတစ်ပုဒ်ကို ကောက်ရေးလိမ့်မယ်။

ပြောချင်တာက သူနဲ့ကိုယ်နဲ့ကြား ဘာစကားမှ မပြောပေမယ့် သူထိုင်နေကတည်းက သူ့အာရုံတွေကို သိနေပြီ။ သူ့ရင်ထဲက ပေါက်ကွဲသံစဉ်တွေကို ကိုယ် ကြားမိပြီ။ ကိုယ်က တိတ်တိတ်လေး ပန်းပွင့်တွေ ခြွေချပေးနေရုံပေါ့။

(၃)
ဇင်ဇာတ်လမ်းလေးက ဘာပြောသလဲ။ ဇင်ဘုန်းကြီးက သစ်ပင်အောက်မှာ မရှိတရားကို စိတ်ထဲမှာ ဆင်ခြင်နေတယ်။ နတ်က တရားက ကောင်းလွန်းလို့ ပန်းပွင့်တွေ ခြွေချပေးတယ်။ ဘာမှ မဟောရသေးဘူးပြောတော့ “အဲဒီလို ဘာမှ မဟောဘဲနေတာကိုက အလွန်တရာ ကောင်းမြတ်တဲ့တရားပါ”တဲ့။ ဒီလိုပါပဲ။ တစ်ခါတစ်ရံမှာ ဘာမှ မပြောဘဲ ငြိမ်နေတာက ပြဿနာတွေကို အေးချမ်းသွားစေတယ်။ ပိုပြီးတော့ ဣနြေ္ဒရတယ်။

(၄)
ငြိမ်သက်တည်ကြည်ခြင်းရဲ့ စွမ်းပကားက ဆူဝေနေတဲ့ နှလုံးသားတွေကို အသံမဲ့စေတယ်။ သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ သူ့ဆရာသမားဟာ စကားနည်းတယ်။ တော်ရုံတန်ရုံ စကားပြောခဲတယ်။ ပြဿနာတစ်ခုခုဖြစ်လို့ သူ့ဆရာရှေ့ ရောက်သွားကြတယ်။ တစ်ခါတလေတော့ ပြေလည်အောင် ပြောပြပေးတယ်။ တစ်ခါတလေတော့ ပြောသမျှစကားတွေကို နားထောင်ပြီး ပြုံးပြုံးလေးပဲ ကြည့်နေတတ်တယ်တဲ့။ အဲဒီလို ပြုံးပြုံးလေး ငြိမ်ငြိမ်လေး တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်ပြီး “ကဲ … အေးအေးဆေးဆေး ပြန်ကြတော့”လို့ တစ်ခွန်းပဲ ပြောလိုက်တယ်တဲ့။ ဒီလိုနည်းနဲ့ ပြေလည်သွားကြ၊ ချစ်ခင်သွားကြတဲ့ အဖြစ်တွေ အများကြီးပဲတဲ့။

(၅)
တစ်နေ့က ဇင်ဇာတ်လေးဖတ်ပြီး အခန်းပြင်ထွက်လိုက်တော့ အနောက်တိုင်းသားတွေ ရွှေစေတီကျောင်းတော်ကြီးရှေ့ မြတ်ခင်းပြင်မှာ ကျောင်းကြီး ငေးနေကြတာ တွေ့ရတယ်။ သူတို့မျက်နှာမှာ ကျေနပ်မှု၊ အံ့သြမှု၊ ၀မ်းသာမှုတွေ ပြည့်နေပုံပေါ်တယ်။ “အော် ကျောင်းကြီးက သူ့ရဲ့ တည်ကြည်ခန့်ငြားမှုနဲ့ အနောက်တိုင်းသားတွေကို စကားပြောနေဟန်တူတယ်”လို့ စိတ်ထဲမှာ တွေးမိပါတယ်။

(၆)
စာဖတ်သူတွေလည်း တွေ့ကြုံခံစားဖူးကြမယ်ထင်တယ်။ စိတ်ထဲ အေးချမ်းတည်ကြည်နေချိန်မှာ လေပြေလေညှင်းလေးတွေက တိုက်ခတ်လာတတ်ပြီး ရင်ထဲမှာ ဗလောင်ဆူ ပြာယာခတ်နေချိန်မှာတော့ လောကက မုန်တိုင်းထန်နေတတ်တာကိုပေါ့။ ဇင်ဇာတ်လမ်းလေးကနေ ရလိုက်တာကတော့ “ကိုယ်ကိုယ်တိုင် အေးချမ်းတည်ကြည်နေပါ။ ပန်းပွင့်လေးတွေ မိုးလို ရွာလာလိမ့်မယ်”။

(၇)
လေပြေလေညှင်းက ရင်ခုန်သံကို နားလည်ပါတယ်။

2 comments:

နန်း ရှင် said...

တပည့်တော်လည်း ဦးဇင်းလို ဝါသနာတူ ခံစားမှုတူ ရင်ခုန်သံတူတဲ့ မိတ်ဆွေဟောင်းတစ်ယောက်ယောက်နဲ့
ပြန်ဆုံမဲ့နေ့ကိုမျှော်လင့်မိတယ်ဘုရား။ဒါပေမဲ့ တပည့်တော်ကတော့ ဦးဇင်းတို့လိုရမှာမဟုတ်ဘူး။အသားကုန်လွှတ်ပွားမိမှာဘုရား.။အော်.............ပြီးတော့ စကားမဆက်...တပည့်တော် ဟိုတလောက ဦးဇင်းတွေနဲ့လူတွေနဲ့ဘာဖြစ်လို့တန်းတူထိုင်တာလဲ ဆိုတာ တပည့်တော်မှာသံသယရှိလို့မဟုတ်ပါဘုရား...ဦးဇင်းအကြောင်းကိုတပည့်တော်က မိတ်ဆွေတစ်ဦးကို မိတ်ဆက်တယ်။ဦးဇင်းရဲ့မိတ်ဆွေဟောင်း ဖြစ်ခဲ့ဘူးတယ်ဆိုပြီး ဂုဏ်ယူဝန့်ကြွားစွာစကားပြောဖြစ်ခဲ့တယ်။ဒါပေမဲ့သူက အဲ့ဒိဓါတ်ပုံကို စောဒကတတ်တယ်။တပည့်တော်ကလည်း စောင့်ကြည့်ဆိုပြီးတော့ စီဘောက်စ် မှာ ဝင်ရေးပြလိုက်တယ်။ ဦးဇင်းရဲ့အဖြေကြောင့် ဦးဇင်းရဲ့စာဖတ်ပရိတ်သက်တစ်ယောက်ဖြစ်သွားပြီး။ ဦးဇင်းရဲ့ သာသနာရေးရာ ဆောင်ရွက်ချက်များကို အာရကျေနပ်လျှက်..........။

aye said...

ဦးဇင်း တပည့်တော် အသစ်အသစ်တွေ လာလာဖတ်တယ်။ အသစ်တင်မထားရင် ဖတ်ပြိးတာ ပြန်ဖတ်သွားတယ်။ တပည့်တော် အတွေးအခေါ်မပါတဲ့ စာမဖတ်ချင်ဘူး၊ ဖေမြင့်လို စာရေးဆရာမျိုးလည်း ဖတ်မ၀ဘူး။ ပီနမ်ကျောင်းကိုလည်း မေ့မရဘူး ခံ့ငြားလွန်းလို့ပါ။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails