Friday, February 18, 2011

၂၁၂၁ ပုံပြင်


စာဖတ်သူတွေ အပျင်းပြေအောင် ပုံပြင်လေးတစ်ပုဒ် ပြောပြဖို့ စိတ်ကူးမိတယ်။ ပုံပြင်ကို ဘယ်လို ခေါင်းစဉ်တပ်ရမယ်မှန်း မသိတာနဲ့ “ပုံပြင်”လို့ပဲ နာမည်ပေးလိုက်တယ်။ ပုံပြင်လေးက ဒီလိုပါ။

ဟိုးရှေးရှေးတုန်းက မြန်မာဆိုတဲ့နိုင်ငံတစ်ခု ရှိခဲ့ဖူးသတဲ့။ မြန်မာတွေဟာ အတော်ဆင်းရဲကြသတဲ့။ ဆင်းရဲတော့ အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံတို့၊ မလေးရှားတို့၊ စင်္ကာပူတို့ … စတဲ့နိုင်ငံတွေမှာ ဆင်းဆင်းရဲရဲနဲ့ အလုပ်သွားလုပ်ရှာကြရတာပေါ့ကွယ်။ သူတို့တွေဟာ ကံကောင်းတာနဲ့ ကံဆိုးတာ နှစ်မျိုး ရှိသတဲ့။ ကံကောင်းတာက သူတို့ ဆင်းဆင်းရဲရဲ နိုင်ငံခြားမှာ လုပ်ကိုင်နေရပေမယ့် ကျန်ခဲ့တဲ့ မြန်မာကလူတွေက နိုင်ငံခြားထွက် အလုပ်လုပ်သူဆိုပြီး အထင်ကြီးကြတာပါပဲတဲ့။ ကံဆိုးတာကတော့ နိုင်ငံခြားဆိုတာ တစ်သက်လုံးနေလို့ မရဆိုတော့ ပြန်လာတဲ့အခါ ဘာမှ မလုပ်တတ်မကိုင်တတ်ဖြစ်ကုန်ကြတာပဲပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့တွေဟာ ကိုယ့်နေရပ်မှာ အဆင်မပြေတော့ ပြေတဲ့အရပ်ကို လာပြီး အလုပ်တွေ လုပ်နေခဲ့ကြရတယ်။

အဲ့ဒီလို အဆင်မပြေကြတဲ့အထဲမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေဟာ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း လုပ်ကြတယ်တဲ့။ အဲဒီခေတ်က နာမည်အကြီးဆုံးကတော့ ဒမိဠ ဆိုတဲ့ ဘုန်းကြီး ဖြစ်ပါတယ်တဲ့။ သူက စာကလည်း တတ်တယ်။ အပြောကလည်း ကောင်းတယ်။ မဟုတ်တာ၊ မမှန်တာ အကုန်ပြောတတ်တော့ မြန်မာနိုင်ငံမှာ ကြည်ညိုသူ အတော်ပေါသတဲ့။ သူက နိုင်ငံခြားကို လာ၊ လူပေါင်းဆံ့တဲ့သူတွေကို လိုက်ရှာ။ အဲဒီလိုလူတွေကို လိုက်ပေါင်း။ တရားပွဲတွေ ကျင်းပ။ မြန်မာလူမျိုးဆိုတာ အဲ့ဒီအခါက ဗုဒ္ဓဘာသာကို အသည်းစွဲ ကြည်ညိုထောက်ပံ့ကြတယ်တဲ့။ အဲဒီလိုဆိုတော့ မြန်မာလူမျိုးတွေရဲ့ သဒ္ဓါအားကောင်းမှုကို အသုံးချတာပေါ့ကွယ်။ ဒမိဠကို အားကျပြီး စားပေါက်စားလမ်း ထွင်တဲ့ဘုန်းကြီးတွေလည်း ပေါလာတာပေါ့ကွယ်။ ဒါကလည်း ဒို့ဘာသာ လွှမ်းမိုးဖို့ အခွင့်ကောင်းပေါ့ကွယ်။

အဲဒီခေတ်က ဗုဒ္ဓဘာသာဖြစ်တဲ့ မြန်မာတွေဟာ အလုပ်တွေ အပျက်ခံ၊ ကျောင်းတွေ အပျက်ခံပြီး တရားတွေနာ၊ အလှူတွေလုပ်…စတာတွေနဲ့ အချိန်ကုန်ကြတယ်တဲ့။ စီးပွားရေးသမားကလည်း စီးပွားရေးတွေအပျက်ခံပြီး တရားတွေ နာ၊ တရားတွေ ထိုင်၊ ကျောင်းသားကလည်း ကျောင်းစာမကျက်၊ တရားတွေ ကျက်၊ တရားတွေ နာ။ ဘုန်းကြီး ဝေယျာဝစ္စတွေနဲ့ အချိန်ကုန်။ သူတို့ ဂေါတမဘုရားက လောကီလောကုတ်မျှအောင် အားထုတ်ကြိုးစားဖို့ ဟောထားပေမယ့် ဘုန်းကြီးတွေရဲ့ မြှောက်လုံးပင့်လုံးတွေနဲ့ မြန်မာတွေကလည်း အမြှောက်ကြိုက်၊ အကြွားသန်လူမျိုးဆိုတော့ လူတွေဟာ လောကီကို စိတ်မ၀င်စားဘဲ လောကုတ်ကိုပဲ စိတ်ဝင်စားလာတော့တာပေါ့ကွယ်။

အဲဒီခေတ်အခါက သနားစရာကောင်းတဲ့ မြန်မာတွေဟာ (တစ်နိုင်ငံလုံး အတိုင်းအတာနဲ့) စုတ်ပြတ်သတ်ပြီး စားဝတ်နေရေးက အဆင်မပြေ၊ စာလည်း ကောင်းကောင်းမသင်ရ၊ လူ့အဆင့်အတန်းလည်း မမီ၊ ပိုက်ဆံကလည်း မွဲ၊ အခြေခံရုပ်ဝတ္ထုလေးတောင် မပြည့်စုံတဲ့ မြန်မာတွေဟာ စိတ်ဓာတ်တွေကလည်း ဘယ်မှာ လူဝင်ဆန့်တော့မလဲ။ ဒါပေမယ့် သူတို့ဟာ ဒီအခြေအနေဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာ လူဖြစ်ရတာ ကံကောင်းတယ်လို့ သနားစဖွယ် ပြောနေခဲ့ကြသတဲ့ကွယ်။

ဒီတော့ မွဲနေတဲ့ မြန်မာတွေဟာ မွဲပြီးရင်း မွဲကြတယ်တဲ့။ မွဲတော့ ပညာသင်ခွင့်တွေ ဆုံးရှုံး၊ ပညာမတတ်တော့ စိတ်ဓာတ်တွေက အောက်တန်းကျ၊ စိတ်ဓာတ်တွေ အောက်တန်းကျတော့ မွဲ၊ …… ဒီလိုနဲ့ပဲ သံသရာ လည်လာလိုက်တာ။ နောက်ဆုံး ဗုဒ္ဓဘာသာလည်း မြန်မာနိုင်ငံက ကွယ်ပျောက်ခဲ့ရသတဲ့။ မြန်မာနိုင်ငံဆိုတာ အာဖဂန်တို့၊ ပါကစ္စတန်တို့၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့လို ဗုဒ္ဓဘာသာ အကြီးအကျယ် ထွန်းကားခဲ့ဖူးတာပေါ့။

“အမှန်တရားဆိုတာ ကြာကြာ ဖုံးကွယ်ထားလို့ မရ”ဆိုတဲ့ စကားလိုပေါ့၊ ဒို့ရဲ့ မြင့်မြတ်မှန်ကန်တဲ့ ဘုရားသခင်ရဲ့ တရားတော်တွေဟာ အခု ဗုဒ္ဓဘာသာအမှောင်ကို ထွင်းဖောက်ပြီး အလင်းရောင်အောက်မှာ ထွန်းတောက်ခဲ့ရတာပေါ့ကွယ်။ ဒို့ဘုရားသခင့်သာသနာ မြန်မာမှာ လွှမ်းအောင် ဘိုးဘွားတွေ ဘယ်လောက်အားထုတ်ခဲ့ရမလဲဆိုတာ အခု တွေ့နေရတဲ့ ရွှေတိဂုံပြတိုက်ကို ကြည့်ရင် သိမှာပေါ့။ အဲဒီခေတ်က ဗုဒ္ဓဘာသာတွေဟာ အဲဒီရွှေတိဂုံပြတိုက်ကြီးကို နေ့စဉ်လာပြီး ဦးတိုက်ကြသတဲ့။ သမိုင်းအချက်အလက်တွေအရ ဗုဒ္ဓဘာသာ အတော်ထွန်းကားခဲ့တယ်လို့ သိရတယ်။ အခု ရွှေတိဂုံရှေးဟောင်းပြတိုက်ကြီးဟာ အဲဒီခေတ်အခါက ဗုဒ္ဓ္ဓဘာသာကိုးကွယ်သူတွေနဲ့ နေ့စဉ်စည်ကားခဲ့တယ်တဲ့။ 

အာဖဂန်မှာ၊ ပါကစ္စတန်မှာ ဗုဒ္ဓဘာသာဝင်ဆိုတာ ရှာလို့ မရတော့သလိုမျိုး အခုတော့ မြန်မာမှာလည်း ဗုဒ္ဓဘာသာဝင်ဆိုတာ ရှာလို့ မရတော့ဘူးပေါ့ကွယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ ပုံပြင်လေး ပေါ်ပေါက်တဲ့ ခေတ်ကာလကို သမိုင်းပညာရှင်တွေက ခရစ်နှစ် ၂၁၂၁-ခုနှစ်လို့ မှတ်တမ်းပြုထားပါတယ်။ သမိုင်းဆိုတာ တစ်ယောက်အမြင် တစ်ယောက်မတူတော့ ဒီပုံပြင်လေးကို ၂၁၂၁ လူသားတွေထဲမှာ သဘောမကျသူတွေလည်း ရှိကောင်းရှိပါမယ်။ အမှန်ပြောတာ မကြိုက်တဲ့ လူမျိုးထဲမှာ မြန်မာက ထိပ်ဆုံးမှာ ပါသတဲ့ကွယ်ဆိုတဲ့ စကားလေး ပုံပြောသူက ထည့်မသွားခဲ့ဘူး။

9 comments:

ကျော်သုည said...

၂၁၂၁ ပုံပြင် နားထောင်လို့ ကောင်းလိုက်တာ၊
အရှိကို အရှိအတိုင် ယထာဘူတကျကျ မြင်တတ် ရေးတတ်တတ်လွန်းလို့ ကြိုက်နေမိတာပါ ဆရာတော်ဘုရား
ehipepsi လေး၊

သွန်းဆစ်အိမ် said...

အမြဲလာဖတ်ပါတယ်ဘုရား
အမြင်သစ်နဲ့ ဝေဖန်သုံးသပ်ပြသွားတာလေး
သဘောကျ လေးစားမိပါတယ်..။
စာရေးသက် ရင့်ကျက်သူ ရဟန်းစာဆိုတစ်ပါးအနေနဲ့ ပုံပြင်အစမှာ ဆင်းရဲနုံချာတဲ့ နိုင်ငံကို အသာမြှုပ်ကွက်ချန်ခဲ့ပြီး အဆုံးသတ်ကျမှ အဲဒီနိုင်ငံဟာ မြန်မာပါတဲ့ကွယ်ဆိုတာမျိုး တင်ဆက်နိုင်ရင်
သိပ်ကို အလင်္ကာမြောက်သွားမှာလို့ စာဖတ်သူတစ်ဦးအနေဖြင့် မြင်တတ်သလို ဝေဖန်သွားပါတယ်ဘုရား..။ ဦးတင်လျှက်...

ashin kusalasami said...

ဟုတ်ပါတယ်။ သွန်းဆစ်အိမ်။ အခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ်။ ဦးဇင်းလည်း အခုတလော စာရေးဖို့ အချိန်လုနေရတာ။ စိတ်ထဲမှာ အလိုမကျတာတွေ များနေလို့ ခဏလေးနဲ့ ရေးလိုက်တာ။ ၁၅ မိနစ်လောက်ပဲ ကြာမယ်။ ရေးတင်လိုက်တာ။ ဒါနဲ့ သွန်းဆစ်အိမ်ဆိုက်ကို သွားလို့မရဘူးနော်...။ တစ်ခါမှ မရောက်ဖူးဘူး။

zue said...

ပုံပြင်လေးထဲက အသိတရားတွေ တော်တော်ရလိုက်ပါတယ်ဘုရား..

မိုးယံ said...

အများကြီး အများကြီး စဉ်းစားမိပါတယ်။

kokozin said...

ဦးဇင်းဘုရား.........ဟားဟား.........ဦးဇင်းရေးထားတဲ့အတိုင်းပါပဲ တပည့်တော် တို့ ဦးဇင်းရဲ့ ၂၁၂၁ပုံပြင်ကိုရှယ်လိုက်တာ အဆဲပါခံလိုက်ရတယ်..မိန်ရေရှက်ရေပဲဘုရား.......................
ကိုဇင်

ashin kusalasami said...

မြန်မာပဲဗျာ...ဘာတဲ့ဆို။ ဆဲဖို့လောက် တတ်ကြတာ မဟုတ်လား။ မဆဲဘူးဆိုရင် မြန်မာ ဘယ်ပီသတော့မလဲ။ မြန်မာဗုဒ္ဓဘာသာလည်း အဆဲပုတ်တာပဲ။ မြန်မာခရစ်ယာန်လည်း အဆဲပုတ်တာပဲ။ မြန်မာအစ္စလာဟ်လည်း အဆဲပုတ်တာပဲ။ တစ်ယောက်တစ်လဲ ဆဲနေကြတာပဲ မဟုတ်လား။ ဗုဒ္ဓဘာသာက အများစုဆိုတော့ နောက်ပြီး သူတို့က နိဗ္ဗာန်ရည်မှန်းထားသူများဆိုတော့ သူတို့ဆဲသံက ပိုကျယ်တာပေါ့ ကိုဇင်ရယ်...
ဒီခေတ်မှာ နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကြီးက အကြီးကြီး ထားထားပြီး အိမ်မှာက စားစရာ မရှိတော့
ကမောက်ကမတွေ ဖြစ်နေကြတာ မဆန်းပါဘူးလေ။

ashin kusalasami said...

မြန်မာပဲဗျာ...ဘာတဲ့ဆို။ ဆဲဖို့လောက် တတ်ကြတာ မဟုတ်လား။ မဆဲဘူးဆိုရင် မြန်မာ ဘယ်ပီသတော့မလဲ။ မြန်မာဗုဒ္ဓဘာသာလည်း အဆဲပုတ်တာပဲ။ မြန်မာခရစ်ယာန်လည်း အဆဲပုတ်တာပဲ။ မြန်မာအစ္စလာဟ်လည်း အဆဲပုတ်တာပဲ။ တစ်ယောက်တစ်လဲ ဆဲနေကြတာပဲ မဟုတ်လား။ ဗုဒ္ဓဘာသာက အများစုဆိုတော့ နောက်ပြီး သူတို့က နိဗ္ဗာန်ရည်မှန်းထားသူများဆိုတော့ သူတို့ဆဲသံက ပိုကျယ်တာပေါ့ ကိုဇင်ရယ်...
ဒီခေတ်မှာ နိဗ္ဗာန်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကြီးက အကြီးကြီး ထားထားပြီး အိမ်မှာက စားစရာ မရှိတော့
ကမောက်ကမတွေ ဖြစ်နေကြတာ မဆန်းပါဘူးလေ။

chitmay said...

အဲလိုဖြစ်မှာ ကြောက်လှပါတယ်ဘုရား။။။ အာဖဂန်တို့လို၊ မလေးရှားတို့လို ဗုဒ္ဓဘာသာဝင် မရှိသလောက်ရှားသွားမှဖြင့် မတွေးချင်တော့ပါ ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails