Saturday, October 30, 2010

ခပ်ညံ့ညံ့လူများ၏ မုန်းတီးမှုကို ကျွန်တော်ကြိုက်၏

(1)
လောကတွင် အလွယ်ကူဆုံးသောအလုပ်မှာ လူအထင်ကြီးအောင် လုပ်ရခြင်းပင် ဖြစ်သည်။ လူတွေက ဘောင်းဘီဝတ်လျှင်လည်း အထင်ကြီးပါသည်။ ကြိုးတန်းပေါ် လမ်းလျှောက်လျှင်လည်း အထင်ကြီးပါသည်။ အမွေးပွပွ ခွေးတစ်ကောင် မွေးထားလျှင်လည်း အထင်ကြီးပါသည်။ ထက်ထက်မိုးဦးကို ကြော်ငြာခိုင်းလျှင်လည်း အထင်ကြီးပါသည်။ …..ကျွန်တော်သည် ကျွန်တော့်အကြိုက်သာ နေထိုင်ခဲ့သူဖြစ်ခြင်းအတွက် နောင်တတစ်စုံတစ်ရာ ဖြစ်ပေါ်လာစရာ မရှိပါ။

(၂)
ကိုယ်လည်း မာနကြီးခဲ့ဖူးပါတယ်။ ဘယ်လောက်တောင် ကြီးခဲ့သလဲဆိုရင် ကိုယ့်အရိပ်ကိုတောင် သူများ အနင်းမခံရအောင် မာနကြီးခဲ့ဖူးတယ်။ လမ်းပေါ်မှာ လူချင်းဆုံရင် ကိုယ်ကသာ သူများအရိပ်ကို နင်းရအောင် ရှောင်ကွင်းလျှောက်ခဲ့တယ်။ ပြန်တွေးကြည့်တော့လည်း ဒါဟာ ရူးသွပ်မှုတစ်ခုပါပဲ။ ကိုယ် လယ်တီဆရာတော်ဘုရားရဲ့ စာတစ်ပုဒ် သွားဖတ်မိတယ်။ လူဆိုတာ ကမ္ဘာကြီးရဲ့ အဆင်တန်ဆာသာ ဖြစ်တယ်တဲ့။ မြေစောင့်မျှသာ ဖြစ်တယ်တဲ့။ ကိုယ့်ရင်ထဲမှာ မာနတွေလည်း တစ်ဝက်လွင့်စဉ်သွားတော့တယ်။

(3)
သင် ဒီနေ့ သွားကိုက်မနေဘူး မဟုတ်လား။ တော်တော် ပျော်စရာ ကောင်းပါသည်။ ရေချိုးပြီးရောပေါ့။ တိမ်ဖြူဖြူတွေကိုလည်း မော့ကြည့်ပါဦး။ သင် ဘယ်နေရာပဲ ရောက်နေနေ သင့်နားတွင် ပန်းလေးတစ်ပွင့်တော့ ရှိနေနိုင်ပါသည်။ သင်က ဂရုစိုက် ရှာဖွေဖို့ပဲ လိုပါသည်။ ကမ္ဘာကြီးမှာ ပန်းတွေ အလွန်ပေါပါသည်။ ….ခင်ဗျားလည်း လူတစ်ယောက်ပါပဲ။ လေကို ၀အောင် ရှူပါ။ ပိုက်ဆံမကုန်ဘဲ သင့်သွေးဟာ သန့်စင်ပြီး သင့်ခေါင်းဟာ ကြည်လင်လာနိုင်တယ်။ ခင်ဗျားဆီမှာ ဝေဘူဆရာတော်ဘုရားရဲ့ အာနာပါနစာအုပ်တစ်အုပ်သာ ရှိနေရင် ပိုပျော်ဖို့ကောင်းမယ်။

(၄)
အချစ်ရယ် …. ဘ၀ဒုက္ခဆိုတာ လမ်းထွက်ခါနီး ဒေါက်ဖိနပ်အရောင်ရွေးရတာ၊ အိပ်ခန်းထဲမှာ တပ်ဆင်ထားတဲ့ လေအေးစက် ခဏပျက်နေတာ၊ ဈေးဝယ်ရင်း ရုတ်တရက် ၇၅-ကျပ်တန်ကို မဖြတ်နိုင်တဲ့ ဈေးသည်နဲ့ ကြုံရတာ ဆိုတာမျိုးလောက်သာ သိတဲ့ မင်းကို ကိုယ်ချစ်မိတာဟာ မှားယွင်းမှုတွေနဲ့ အသားကျနေတဲ့ ဒီလောကကြီးထဲမှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စငယ်တစ်ခုလို့ပဲ ဆိုပါတော့။
အချစ်ဆိုတာကလည်း အရာရာ ဖြစ်နိုင်တာပဲ မဟုတ်လား။ ဗေလုဝရဲ့ စောင်းသံလည်း ဖြစ်နိုင်တယ်။ မာယုကာရဲ့ လေးဆယ့်တစ်တောင့်မြောက် ကျည်ဆံလည်း ဖြစ်နိုင်တယ်။ လမ်းထိပ်ကုန်စုံဆိုင်မှာ ရောင်းတဲ့ အပေါစား ကြည့်မှန်တစ်ချပ်လည်း ဖြစ်နိုင်တယ်။ ဟင်ကလေရဲ့ တိပ်ခွေလည်း ဖြစ်နိုင်တယ်။ ပန်းနုရောင်တောင် မသမ်းတဲ့ မင်းရဲ့ တံတွေးစက်လည်း ဖြစ်နိုင်တာပဲ မဟုတ်လား။

(5)
ကျောင်းကပြန်လာမည့် အကျွန်ုပ်၏ ချစ်သူလေး ဖြတ်သန်းမသွားသေးပါ။ ကော်ဖီတစ်ခွက်။ ကျွန်ုပ်၏ ချစ်သူအတွက် မဟုတ်ပါ။ ကျွန်ုပ်၏ ချစ်သူမှာ လက်ဖက်ရည်ကြိုက်သူ ဖြစ်ပါသည်။ ….ကိုယ့်ချစ်သူမှာ ကောင်မလေးတစ်ယောက် ဖြစ်ပါသည်။ သူမသည် ကမ္ဘာပေါ်တွင် ကိုယ်အရှုံးပေးလေ့ရှိသည့် တစ်ဦးတည်းသော လူသားလည်း ဖြစ်၏။ …..ကိုယ့်သံသရာ၏ အတောင်ပံလည်း ဖြစ်လေသည်။

(၆)
ကျွန်တော်သည် အဖြေတစ်ခု ထွက်ရမည့် သင်္ချာတစ်ပုဒ် မဟုတ်ပါ။ လူတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်သည် ပြဋ္ဌာန်းခံ အရာဝတ္ထု မဟုတ်ပါ။ လူတစ်ယောက် ဖြစ်ပါသည်။ ကျွန်တော်သည် မိုးကျလျှင် ပွင့်ရမည့် စံပယ်တစ်ပွင့် မဟုတ်ပါ။ လူတစ်ယောက် ဖြစ်ပါသည်။

(7)
လူတွေဆိုတာ ယုန်အုပ်တစ်အုပ်ထဲက ယုန်တွေလိုပါပဲ။ အတူတူပဲဟု သူမြင်သည်။ အားလုံးမှာ သူလိုကိုယ်လိုသာ။ သူ အမှတ်မထင် ပြောခဲ့သော ဘာမှ မဖြစ်ချင်ဘူးဆိုသော စကားမှာ သူ၏ လိုအင်ဆန္ဒ အစစ်အမှန်ဖြစ်ကြောင်း တစ်နေ့တစ်ခြား သူ သဘောပေါက်လာခဲ့သည်။ သူ့အတွက် အရေးကြီးတာ ဘာမှ မရှိ။ နောက်ဆုံး အချစ်အမုန်းဆိုတာပင် အရေးမကြီး။ သူသည် သဘာဝအတိုင်းပင် တချို့ကို ချစ်၍၊ တချို့ကို မုန်းခဲ့သည်။ သို့သော် သူ့ဘ၀တစ်ခုလုံးလိုပင် သူ့အချစ်နှင့် သူ့အမုန်းသည်လည်း ပေါ့ရွှတ်ရွှတ်သာဖြစ်ကြောင်း သိနေခဲ့၏။ ……..အချိန်တန်တော့ ဘ၀ဟာ သူ့ဘာသာ အလိုလို ပြီးပြည့်စုံသွားတာပါပဲ။

(၈)
…လောကတွင် ကိုယ်အကြောက်ဆုံးအရာမှာ ခေါ်သံများ ဖြစ်သည်။ ကိုယ်ကတော့ ဘ၀တစ်လျှောက်လုံးမှာ ဘယ်သူ့ကိုမှလည်း မခေါ်ဘဲ၊ ဘယ်သူ့ခေါ်သံကိုမှလည်း မကြားလိုဘဲ တတ်နိုင်သမျှ နေချင်သူသာ ဖြစ်သည်။ သို့သော် လောကဆိုတာ ခေါ်သံများနှင့် ဆူညံနေသောအရပ် ဖြစ်၏။ …. လူတိုင်းဟာ ကိုယ့်ဘ၀ကို ရွေးချယ်ခဲ့ပြီးရင် အဲဒီဘ၀ကို ရဲရင့်စွာ တာဝန်ယူဖို့ သင့်သည်။ ဂျာမန်ဝတ္ထုတိုတစ်ပုဒ်ထဲမှ ကိုယ်ပိုင်လက်နဲ့ မကုတ်ချင်တဲ့လူတွေ တစ်လောကလုံး ပြည့်နေတာ တွေ့ရတော့ အော့အန်ချင်စရာပေ။ သူတို့ခေါ်သံများမှာ အကျယ်ဆုံးဟု ထင်၏။

(9)
အထက်ပါ အဖြစ်အပျက်များသည် မှောင်မဲနေသော အခန်းကျဉ်းလေးထဲတွင် ဖြစ်ပျက်ခဲ့ပါသည်။ မှောင်နေသဖြင့် တိတိကျကျ မပြောနိုင်ပါသော်လည်း “သစ္စာနီ၏ အဇ္ဈတ္တပြခန်း” ဖြစ်ပုံရ၏။ သူ့အခန်းထဲမှ ဆေးစက်အချို့ကို အလစ်သုတ်လာခဲ့ခြင်း ဖြစ်ပါသည်။ အခုတလော အခန်းထဲမှာ ဆေးရောင်စုံ ပန်းချီကားများ ပြည့်ကျပ်နေပါသည်။

(၁၀)
ခပ်ညံ့ညံ့လူများ၏ မုန်းတီးမှုကို ကျွန်တော်ကြိုက်၏။

Ref; သစ္စာနီ၊ ၀တ္ထုတို ၆၀

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails