Sunday, October 24, 2010

လှည့်ကွက်


(၁)

ဇင်းဘုန်းကြီး ဘန်ကိုင်ရဲ့ ဟောကြားချက်တွေက လူအများကို စိတ်ဝင်စားစေတယ်။ သူ့ဟောပြောပွဲတွေကို ဇင်းကျောင်းသားတပည့်တွေသာမက ဂိုဏ်းအသီးသီး၊ လူတန်းစားအသီးသီးက လူတွေကလည်း စိတ်ဝင်တစား တက်ရောက်နာယူကြတယ်။ ဘန်ကိုင်က သူ့ဟောပြောချက်တွေထဲမှာ သုတ္တန်အကိုးအကားတွေ မသုံးဘူး။ ပညာရှင်ဆန်တဲ့လေ့လာချက်တွေလည်း မပါစေရဘူး။ နားထောင်သူတွေရဲ့ နှလုံးသားကို သူ့နှလုံးသားက ပြောတဲ့အသံတွေနဲ့ပဲ ပြောပါတယ်။ (သူ့နှလုံးသားမှာ ခံစားရတဲ့အတိုင်းပဲ နားထောင်သူတွေရဲ့ နှလုံးသားကို ခံစားရအောင် လုပ်ပါတယ်။)

သူ့တရားနာယူတဲ့ ပရိသတ်များက နိချိရန်ဂိုဏ်းဘုန်းကြီးကို မကျေနပ်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိချိန်ရန်ဂိုဏ်းသားတွေက ဇင်းအကြောင်းတွေကို ထိန်ချန်ပြောဟောတတ်ကြလို့ပါပဲ။ တစ်နေ့တော့ တစ်ကိုယ်ကောင်းဆန်စိတ်ရှိတဲ့ နိချိရန်ဂိုဏ်းဘုန်းကြီးတစ်ပါးဟာ ဘန်ကိုင်ကို နှိပ်ကွပ်မယ်ဆိုပြီး ဘန်ကိုင်ရှိရာကျောင်းတော်ကို ရောက်လာခဲ့တယ်။

အဲဒီအချိန်မှာ ဘန်ကိုင်က ပရိသတ်များကို တရားဟောနေချိန်ဖြစ်တယ်။ ရောက်တာနဲ့ “ဟေ့..ဇင်းဆရာကြီး…ခဏနေအုံး”လို့ အော်လိုက်တယ်။ ပြီးမှ “ခင်ဗျားကို လေးစားတဲ့သူတိုင်းက ခင်ဗျားပြောသမျှကို လိုက်နာကြလိမ့်မယ်၊ နာခံကြလိမ့်မယ်၊ ကျုပ်လိုလူကတော့ ခင်ဗျားကို မလေးစားဘူး၊ ခင်ဗျားပြောတာတွေကိုလည်း လိုက်နာမှာ မဟုတ်ဘူး၊ ခင်ဗျား ကျုပ်ကို ခင်ဗျားပြောသမျှ နာခံတဲ့သူဖြစ်အောင် လုပ်နိုင်သလား”လို့ မေးလိုက်ပါတယ်။

ဒီတော့ ဘန်ကိုင်က “ဆရာကြီး…နိချိရန်ဂိုဏ်းက ဆရာကြီး..ကျုပ်ဘေးမှာ လာပြောပါ၊ ကျုပ် လုပ်ပြပါ့မယ်”ဟု ပြောလိုက်တယ်။ နိချိရန်ဂိုဏ်းဘုန်းကြီးလည်း ခပ်ကြွကြွဖြစ်သွားပြီး ပရိသတ်ထဲကနေ ဘန်ကိုင်ဆီကို တိုးထွက်လာခဲ့ပါတယ်။ ဒါကို ဘန်ကိုင်က ကြည့်ပြီး ပြုံးလိုက်တယ်။ “နိချိရန်ဂိုဏ်းက ဆရာကြီး ကျုပ်ရဲ့ ဘယ်ဘက်ဘေးမှာ လာထိုင်ပါလား”လို့ ပြောလိုက်တော့ သူ့ဘေးကို ရောက်လာတယ်။ ပြီးမှ ဘန်ကိုင်က “ဟာ မဟုတ်သေးပါဘူး၊ ဂိုဏ်းဆရာကြီးက ကျုပ်ညာဘက်ဘေးမှာ ထိုင်မှ စကားပြောလို့ ကောင်းမှာပေါ့၊ ညာဘက်ကို လာလိုက်ပါ”လို့ ဆိုလိုက်တယ်။ နိချိရန်ဂိုဏ်းဆရာကြီးလည်း ညာဘက်ကို ရွှေ့လိုက်တယ်။ ဒီတော့မှ ဘန်ကိုင်က “ကဲ … ကြည့်လေ၊ ခင်ဗျား ကျုပ်ခိုင်းသမျှကို လိုက်နာနေပြီ၊ ခင်ဗျားဟာ တော်တော်သိမ်မွေ့တဲ့သူတစ်ယောက်ပါ၊ (လူတော်လေးပါ)။ ကဲ… ထိုင်ပြီး ကျုပ်ပြောတာ နားထောင်တော့”လို့ ဆိုလိုက်ပါတော့တယ်။

(၂)

“လှည့်ကွက်”လို့ ခေါင်းစဉ်ပေးထားတဲ့ ဇင်းစတိုရီလေး ရေးထားပြီး ဖတ်ကြည့်နေတယ်။ အနားရောက်လာတဲ့ သူငယ်ချင်းက “ဘာရေးနေတာလဲ၊ ပြစမ်းပါ”ဆိုပြီး ပြောပြောဆိုဆို ၀င်ဖတ်နေတယ်။ ဖတ်ပြီးတော့ သူက ရယ်တယ်။ “ဘာဖြစ်လို့ ရယ်တာလဲ”ဆိုတော့ “ရယ်စရာမို့ ရယ်တာပေါ့၊ ဟို နိချိရန်ဂိုဏ်းဘုန်းကြီးလေ…ငါ သူ့ဟန်အမူအရာကို မျက်စိထဲ မြင်နေတယ်၊ ပုံစံက မြောက်ကြွမြောက်ကြွနဲ့၊ တစ်ဖက်သားကို ပရိသတ်ရှေ့မှာ နှိပ်ကွပ်မယ်ဆိုတဲ့ ဂိုက်မျိုး၊ နောက်ဆုံးတော့ လူကြားထဲမှာ အရှက်ကို ကွဲရော”လို့ ပြောပြီး ဆက်ရယ်နေပါတယ်။

(၃)

သူနဲ့ စကားပြောပြီးတော့ ဘန်ကိုင်ရဲ့ လှည့်ကွက်အောက်မှာ အရှက်ကွဲနေတဲ့ နိချိရန်ဘုန်းကြီးကို မြင်ယောင်လာတယ်။ ဇာတ်လမ်းလေးက ဘန်ကိုင်ပြောပြီးတာနဲ့ ရပ်ထားတယ်။ နိချိရန်ဘုန်းကြီးက ဘာတွေ ပြန်ပြောတယ်၊ ပရိသတ်ထဲမှာ ဘယ်လိုတွေ ထပ်ဖြစ်တယ်ဆိုတာ မပါတော့ဘူး။

လောကမှာ တစ်ခါတစ်ရံ ကြုံရတတ်ပါတယ်။ တစ်ဖက်သားကို နှိပ်ကွပ်မယ်၊ ဆုံးမမယ်ဆိုပြီးမှ ကိုယ့်ကို ပြန်နှိပ်ကွပ်ခံလိုက်ရတာလေ။ လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ အတွေး၊ စိတ်ကူး၊ အိပ်မက်တွေ ကိုယ်စီရှိနေကြတာပဲ။ ကိုယ့်ကောင်းကင်အောက်မှာတော့ ကိုယ်ဟာ အရှင်သခင်ပါပဲ။ သူများကောင်းကင်အောက်မှာ ၀င်ရောက်ခြယ်လှယ်ချင်နေရင် တစ်နည်းနည်းနဲ့ ကိုယ့်အပေါ် ပြန်ပက်လာမယ့် မိုးရေတွေနဲ့ စိုရွှဲသွားနိုင်ပါတယ်။ တိုက်ပွဲတစ်ခုအတွက် စစ်မြေပြင်ကလည်း အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်တယ်။ ဘယ်လောက်ပဲ တိုက်ရည်ခိုက်ရည် ကြွယ်ဝတယ်ပြောပြော ကိုယ်မကျွမ်းတဲ့မြေမှာ တိုက်ပွဲက အောင်မြင်ဖို့ မလွယ်ပါဘူး။

(၄)

အတွေးလေးတွေ အမျှင်တန်းနေဆဲမှာ အနားကတစ်ယောက်က ထပြောတယ်။ “ငါ ဒီဇာတ်လမ်းလေးဖတ်လိုက်တော့ မဟော်သဓာနဲ့ ကေ၀ဋ်ပုဏ္ဏားကြီးတို့ အဖြစ်အပျက်ကို သတိရမိတယ်။ တကယ်တော့ လောက၀တ်စကားတွေနဲ့ ဘန်ကိုင်က နိချိရန်ဘုန်းကြီးကို လှည့်ကွက်ဆင်ပြီး အနိုင်ယူလိုက်တာပဲ။ ဘာပညာသားမှတော့ မပါပါဘူး။ ကိုယ့်အမြင်ပေါ့လေ။ မဟော်သဓာလည်း လူလည်ကျခဲ့တာပဲလေ။ ကေ၀ဋ်နဲ့ဆွေးနွေးမယ်ဆိုပြီး ကေ၀ဋ်ရှေ့မှာ အဖိုးတန်ပတ္တမြားကို လက်ထဲက လွတ်ကျသယောင် လွှတ်ချထားတယ်။ ဒါကို ကေ၀ဋ်က ကုန်းကောက်တယ်။ ကေ၀ဋ်ပုဏ္ဏား ကုန်းနေတဲ့ အချိန်မှာ မဟော်သဓာက ခေါင်းကို အတင်းနှိပ်ထားပြီး အနိုင်ယူလိုက်တယ်။ ကေ၀ဋ်က မဟော်သဓာရှေ့မှာ ဒူးလေးထောက်လို့ပေါ့။ ပရိသတ်ကြားထဲမှာဆိုတော့ ကေ၀ဋ်ပုဏ္ဏားကြီး မဟော်သဓာကို ဦးတိုက်နေပြီပေါ့။ အခုလည်း ဒီလိုပဲ၊ ဘာပညာမှ မဆွေးနွေးရသေးဘူး၊ လောက၀တ်စကားတွေနဲ့ ဘန်ကိုင်က အနိုင်ယူသွားတာပါပဲ”လို့ ပြောပါတယ်။

(၅)

တကယ်တော့ သေသေချာချာ သုံးသပ်ကြည့်မယ်ဆိုရင် “လှည့်ပတ်ခြင်းနဲ့ လှည့်ပတ်ခံရခြင်း”နှစ်မျိုးလုံးကို စဉ်းစားကြည့်။ နှစ်ဘက်စလုံးမှာ အားနည်းချက်တွေ ရှိနေတာပဲ။ ဥပမာ အခု ဘန်ကိုင်က လှည့်ကွက်လေး အသုံးချပြီး အနိုင်ယူတယ်။ နိချိရန်ဂိုဏ်းဘုန်းကြီး အလှည့်ခံလိုက်ရတယ်။ ဒါပေမယ့် အလှည့်ခံလိုက်ရတဲ့ နိချိရန်ဂိုဏ်းဘုန်းကြီးကလည်း မရိုးသားဘူးလေ။ သူ့ဟာသူ သူ့လမ်းကြောင်းသူ သွားနေတဲ့ ဘန်ကိုင်ကို နှိပ်ကွပ်ချင်စိတ်က ဖြစ်နေတာကိုး။ နောက်ပြီး မဟောသဓာနဲ့ ကေ၀ဋ်ပုဏ္ဏားတို့လည်း ဘာထူးမှာလဲ။ မဟောသဓာက လှည့်ကွက်ကို အသုံးပြုပြီး ကေ၀ဋ်ကို နှိပ်ကွပ်တယ်။ ကေ၀ဋ်မှာလည်း ပတ္တမြားမြင်တာနဲ့ ရွရွတက်လာတဲ့ လောဘရှိနေတယ်။ ဒါက အားနည်းချက်ပဲ။ ဒီတော့ “လှည့်ပတ်ခြင်းနဲ့ လှည့်ပတ်ခံရခြင်း”နှစ်ဘက်လုံးမှာ မရိုးသားမှုကိုယ်စီတော့ ရှိနေကြတယ်လို့ သုံးသပ်မိတယ်။

(၆)

ဟုတ်တယ်။ အဲဒီအကြောင်းတွေ ပြောတော့ ကိုယ်က မြန်မာနိုင်ငံက ဘိုးတော်လိမ်တွေနဲ့ ရွှေငွေစသည် အလိမ်ခံရတဲ့သူတွေကို သွားမြင်မိတယ်။ ဘိုးတော်ကလည်း လိမ်တာပဲ။ ဒါပေမယ့် တစ်ဖက် အလိမ်ခံရသူဘက်မှာ စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်း ညံ့ဖျင်းသွားလောက်အောင် လောဘတက်နေတာကလည်း အားနည်းချက်တစ်ခုပဲလေ။

(၇)

ဘာပဲဖြစ်ဖြစ် တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ လောကမှာ လှည့်ကွက်ဆိုတာတွေကတော့ ရှိနေအုံးမှာပါပဲ။ ကိုယ့်အနေနဲ့ လှည့်ကွက်တွေကို သတိထားဖို့ပဲ လိုတာပေါ့။ တတ်နိုင်ရင်တော့ ကိုယ်တိုင်ကလည်း သူများကို လှည့်ကွက်အသုံးပြုပြီး အနိုင်မယူသင့်ပါဘူး။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြဖို့ကတော့ မတော်လောဘနဲ့ အချင်းချင်း နားလည်မှုလေးတွေ ရှိဖို့က အရေးအကြီးဆုံး ဖြစ်နေပါလိမ့်မယ်။ ဒါကလည်း ကိုယ့်တို့ရဲ့ စိတ်လေးကို မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားလေးအပေါ်မှာ တည်နေစေမှလည်း ဖြစ်နိုင်မှာပေါ့လေ။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails