Sunday, January 19, 2014

မျိုးစောင့်ဥပဒေနှင့်လူ့အခွင့်အရေး


ဒီအကြောင်းကို ရေးဖို့ စိတ်ထဲမှာ ရှိနေခဲ့တာ ကြာပြီ။ ဒါပေမဲ့ မရေးဖြစ်ခဲ့ဘူး။ ရေးမယ်လုပ်လိုက်၊ မရေးတော့ဘူးဖြစ်လိုက်နဲ့ အချိန်အတော်ကြာသွားခဲ့တယ်။ အရင်တုန်းကတော့ အကြောင်းအရာတစ်ခုခုကို ချရေးတော့မယ်ဆိုရင် ရှေ့မကြည့်၊ နောက်မကြည့်၊ ရေးပစ်လိုက်တာပဲ။ မရေးဖြစ်တဲ့အကြောင်းတွေထဲမှာ တစ်ခုကတော့ နောင်တော်ကြီးအချို့ရဲ့ မှတ်ချက်တွေကြောင့်လည်း ပါသလို ကိုယ်ကိုယ်တိုင်ကလည်း ဂဃနဏ မသိသေးတာကြောင့်လည်း ပါပါတယ်။ နောင်တော်ကြီးတစ်ပါးက ပြောတယ်။ “မအောင်မြင်သေးခင်မှာ ရန်သူမများစေနဲ့”တဲ့။ သူဆိုရင် “သူတစ်ပါး စိတ်အနှောက်အယှက်ဖြစ်မှာ၊ အချို့သူတွေ ဝမ်းသာမှာဖြစ်ပေမဲ့ အချို့သူတွေ ငြိုငြင်မယ့်စာမျိုးကို မရေးသေးဘူး။ အောင်မြင်တဲ့တစ်ချိန်ကျမှ ပြောမယ်”လို့ တေးထားတာတဲ့။ ဘာပဲဖြစ်ဖြစ် အခုတော့ ရေးဖြစ်သွားခဲ့ပြန်ပြီ။

မျိုးစောင့်ဥပဒေဆိုပြီး ဆရာတော်ဦးဆေကိန္ဒကျောင်း၊ သံဃာ့ညီလာခံကနေ စတင်ကြားခဲ့ရတယ်။ သူငယ်ချင်းတွေနဲ့ ပြောဖြစ်ကြတော့ “ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးအတွက် လုပ်တာတော့ ဟုတ်ပါတယ်၊ လုပ်ငန်းစဉ်(procedure)ကတော့ မှားနေတယ်၊ ဘုန်းကြီးတွေဆီကနေ မထွက်ဘဲ အမျိုးသမီးအသင်းအဖွဲ့တွေကနေ ဒီကိစ္စအရင် ထွက်လာရင် သိပ်ကောင်းမှာပဲ”စသဖြင့် တစ်ဦးက ဝေဖန်တယ်။ လုပ်ငန်းစဉ်အဆင့်ဆင့် မှားခဲ့တယ်။ ထင်တဲ့အတိုင်းပဲ အသံတွေ မျိုးစုံ ထွက်လာခဲ့တယ်။ ဒေါ်ဇင်မာအောင် စတဲ့ အမျိုးသမီးတွေကရော၊ အခြားအမျိုးသမီးအဖွဲ့အစည်းတွေကပါ ဝေဖန်လာကြတယ်။ ဝေဖန်တာရိုးရိုးဆိုရင်၊ အချက်အလက်နဲ့ သေချာဝေဖန်ထောက်ပြရင် ကိစ္စမရှိဘူး၊ အခုဟာက ဘုန်းကြီးတွေ ဘာမှ နားမလည်ဘဲ လူကိစ္စတွေကို မဆီမဆိုင် လာလုပ်နေတယ်ဆိုတဲ့ သဘောမျိုးထိ ဝေဖန်ပြောဆိုလာကြတယ်။ ဒီကြားထဲ အများလေးစားရတဲ့ ဒေါ်ဇီးကွက်လိုပုဂ္ဂိုလ်မျိုးကလည်း အကျိုးအကြောင်းကို သေချာမလေ့လာဘဲ၊ ဆရာတော်များရဲ့စေတနာနဲ့ ရည်ရွယ်ချက်ကို ထည့်သွင်းမစဉ်းစားဘဲနဲ့ ပြစ်တင်ပြောဆိုလာပြန်တော့ ဇာတ်ရှိန်က ပိုမြင့်သွားခဲ့တယ်။

ဇာတ်ရှိန်မြင့်လာတဲ့အချိန်မှာ လေးစားရတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကပါ လူ့အခွင့်အရေးနဲ့ကိုင်ပြီး ပြောဆိုလာတယ်။ အဲဒီမှာ အသံတွေက ဆူညံလာတော့တယ်။ သံဃာတွေနဲ့အမျိုးဘာသာအရေး အလေးထားတဲ့သူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ပြလာတဲ့အခါ မြန်မာနိုင်ငံဟာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုက ကြီးမားကျယ်ပြန့်လေတော့ တိုက်ပွဲက ပြင်းထန်သွားတော့တယ်။ အကြောင်းအရာနဲ့အနှစ်သာရအပေါ် ငြင်းခုံဆွေးနွေးခြင်း မဟုတ်တော့ဘဲ ပုဂ္ဂိုလ်ရေးအားပြိုင်မှု၊ အဖွဲ့အစည်းအားပြိုင်မှုအခြေအနေတွေထိ ဖြစ်လာခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ဘင်္ဂါလီအရေးနဲ့အစ္စလာမ်ဘာသာနဲ့ ပတ်သက်ရင် ပြတ်သားမှု မရှိဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်လာခဲ့တယ်။

ပိုဆိုးတာက ဒေါ်အောင်ဆန်းစုကြည် ပြောတာကနည်းနည်းရယ်၊ သူ့နောက်က သံယောင်လိုက်သူတွေက ရိုင်းရိုင်းစိုင်းစိုင်းတွေပါ ပြောလာကြတယ်။ နီးစပ်ရာလည်း ပြောဆိုဝေဖန်ကြ၊ စာနယ်ဇင်းတွေကလည်း ဝေဖန်ရေးသားကြ၊ အခမ်းအနားတွေကနေလည်း ပြောကြတဲ့အထိ ဖြစ်လာတယ်။ အခမ်းအနားတစ်ခုမှာ တော်ဝင်နှင်းဆီဦးစိုးညွန့်ကဆိုရင် “ခွေးက ခွေးအလုပ်လုပ်၊ နွားက နွားအလုပ်လုပ်၊ လူက လူအလုပ်လုပ်၊ ကိုယ့်အလုပ်ကို မလုပ်ရင် ဘာဖြစ်သွားမလဲ”စသဖြင့် ရိုင်းရိုင်းစိုင်းစိုင်းကို စော်ကားပြောဆိုရဲတဲ့အထိ ဖြစ်လာတယ်။ ဒီလောက်ထိ သံဃာတော်တွေ၊ ဆရာတော်တွေကိုတောင် ပစ်မှားတဲ့စကားတွေ ပြောတာကို အောက်က လူ့အခွင့်အရေးသမားဆိုသူတွေက လက်ခုပ်တဖြောင်းဖြောင်းနဲ့ သဘောကို ကျလို့။ ဘုရား … ဘုရား …။ ဘုရား တမိပါရဲ့။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း “လူ့အခွင့်အရေး”ဆိုတဲ့စကားနဲ့ “နိုင်ငံတကာ”ဆိုတဲ့စကားလုံးနှစ်လုံးကို တွင်တွင်သုံးပြီး ခုခံကာကွယ်တယ်။ တစ်ဖက်က ဝေဖန်သူတွေကလည်း စာရွက်ထဲက လူ့အခွင့်အရေးနဲ့ ကမ္ဘာမှာကျင့်သုံးနေတဲ့ လူ့အခွင့်အရေးကို နှိုင်းယှဉ်ထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ဝေဖန်ပြတယ်။ “လူ့အခွင့်အရေးကြေညာစာတမ်းအတိုင်း နိုင်ငံတကာက လက်ခံကျင့်သုံးကြပါသလား၊ နိုင်ငံတကာဆိုတာ ဘယ်နိုင်ငံတွေကို ပြောတာလဲ”လို့လည်း မေးခွန်းထုတ်ကြတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် စာရေးသူ မျက်စိလည်ခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ မညီဘူးလို့ လေးစားရတဲ့ ခေါင်းဆောင်က ပြောလိုက်တော့ စိတ်ထဲမှာ ပိုရှုပ်ထွေးသွားရတယ်။ “ဆရာတော်တွေက ဘယ်သူ့အခွင့်အရေးကို ပိတ်ပင်နေလို့လဲ၊ ဘယ်သူ့ကို အကြမ်းဖက်စော်ကားနေလို့လဲ”။ မေးခွန်းတွေက တစ်သီတစ်တန်းကြီး ထွက်လာတယ်။ ဒါနဲ့ အမေရိကန်၊ နော်ဝေ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ စတဲ့ နိုင်ငံတွေက အခြေခံဥပဒေတွေကို လေ့လာကြည့်မိတယ်။ မြန်မာနိုင်ငံက ဘာသာရေးဆိုင်ရာ ဥပဒေတွေကို လက်လှမ်းမီသလောက် လေ့လာကြည့်တယ်။

အဲဒီလို လေ့လာလိုက်တဲ့အခါမှာတော့ ရှုပ်ထွေးနေတာတွေ ရှင်းလင်းသွားခဲ့တယ်။ ဥပမာလေးနဲ့ ပြောချင်တယ်။ ဒေသတစ်ခုမှာ ရွာ(၄)ရွာ ရှိတယ်။ အဲဒီထဲက ရွာ(၃)ရွာကတော့ သူတို့ရပ်ရွာတည်ငြိမ်ရေး၊ တည်တံ့ရေးအတွက် စည်းမျဉ်းဥပဒေသတွေ ချမှတ်ထားကြတယ်။ ရွာ(၁)ရွာမှာတော့ အဲဒီစည်းမျဉ်းဥပဒေသမျိုး မရှိဘူး။ ဒီလိုပဲ နှစ်ပေါင်းကြာလာတဲ့အခါမှာ စည်းမျဉ်းမရှိတဲ့ရွာဟာ အသိအမြင်တွေ ပွင့်လာပြီး နစ်နာမှုတွေ များလာတာတွေ့တော့ အခြားရွာ(၃)ရွာလို စည်းမျဉ်းဥပဒေရှိချင်လာတယ်။ ဒီလိုနဲ့ အခြားရွာတွေလိုပဲ စည်းမျဉ်းရေးဆွဲဖို့ အကြံပြုလာကြတယ်။ ဒါကို အခြားရွာ(၃)ရွာက အချို့ပုဂ္ဂိုလ်တွေက “ဒီစည်းမျဉ်းမရှိသေးတဲ့ရွာသာ သူတို့လို စည်းမျဉ်းဥပဒေရှိလာရင် ……”လို့ သူတို့နစ်နာနိုင်တာကို တွေးမိပြီး စည်းမျဉ်းဥပဒေပေါ်ပေါက်မလာရေး အမျိုးမျိုးလုပ်ဆောင်ကြတယ်။ ဒီဥပမာကို ကြည့်မယ်။ စည်းမျဉ်းဥပဒေမရှိသေးတဲ့ ရွာမှာ အပြစ်ရှိပါသလား။ သူတို့ရွာတွေမှာတော့ စည်းမျဉ်းဥပဒေ ထားရှိပြီး အခြားသူတွေ လုပ်လာတော့ “မတရားဘူး၊ မမျှတဘူး”လို့ ပြောတာ လက်ခံနိုင်စရာ ဖြစ်ပါသလား။ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့ စွပ်စွဲလို့ ရနိုင်ပါသလား။

မျိုးစောင့်ဥပဒေကို အကောင်အထည်ပေါ်စေချင်တဲ့ ဆရာတော်များမှာလည်း ဥပဒေမရှိလို့ ထိခိုက်နစ်နာရတဲ့ အဖြစ်အပျက်တွေ မြောက်မြားစွာ ရှိနေပါတယ်။ ဒီလို ထိခိုက်နစ်နာမှုတွေ နောင်မဖြစ်ရလေအောင်ဆိုတဲ့ စေတနာရည်ရွယ်ချက်နဲ့ ကိုယ့်ဘာသာကို ကာကွယ်တဲ့ဥပဒေ ပြဋ္ဌာန်းပေးဖို့ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ ဟိန္ဒူဘာသာဝင်တစ်ဦးဟာ အခြားဘာသာနဲ့ တရားဝင်လက်ထပ်လို့ မရနိုင်ဘူး။ မွတ်စလင်ကလည်း မွတ်စလင်ဖြစ်မှ လက်ထပ်နိုင်တယ်။ ခရစ်ယာန်ကလည်း ခရစ်ယာန်ထုံးတမ်းစဉ်လာနဲ့ပဲ လက်ထပ်နိုင်တယ်။ ဒီဘာသာကြီးသုံးခုရဲ့ဥပဒေတွေဟာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၁၆)က အရွယ်ရောက်တဲ့သူတိုင်း ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ လွတ်လပ်စွာ ပေါင်းသင်းနေထိုင်ခွင့်ရှိသည် …. ဆိုတဲ့အချက်ကို ဖောက်ဖျက်လွန်ကျူးထားကြတယ်။ အဲဒီဥပဒေတွေကိုတော့ လူ့အခွင့်အရေးနဲ့မညီဘူး၊ ဘာညာ မပြောဘဲ ဆရာတော်တွေက ဗုဒ္ဓဘာသာမှာလည်း အဲဒီလို ဥပဒေရှိဖို့သင့်တယ်ဆိုတော့ ဘာသာရေးအစွန်းရောက်တွေ၊ အကြမ်းဖက်အားပေးတွေလို့ လူ့အခွင့်အရေးသမားတွေက စွပ်စွဲနေကြပါရောလား။ ဆရာတော်တွေနဲ့အမျိုးဘာသာကို တန်ဖိုးထားတဲ့သူတွေကလည်း အခြားဘာသာတွေ အဲဒီလို ဥပဒေရှိသလို ကိုယ့်ဘာသာမှာလည်း ရှိစေချင်ရုံသက်သက်ပါ။ ဘာအကြမ်းဖက်မှု၊ ဘာလူမျိုးရေးပြဿနာတွေကိုမှ ဖန်တီးနေတာ မဟုတ်ဘူး။

ဆရာတော်တွေနဲ့အမျိုးဘာသာကို တန်ဖိုးထားတဲ့သူတွေ လုပ်နေတာ “လူ့အခွင့်အရေး”နဲ့ မညီဘူးလား။ ဒါဆိုရင် အဲဒီလို ပြဋ္ဌာန်းထားတဲ့ အခြားဘာသာတွေရဲ့ ဥပဒေတွေကရော ညီနေပါသလားလို့ မေးခွန်းထုတ်ဖို့ မသင့်ဘူးလား။ ဆရာတော်ဒေါက်တာဓမ္မပိယ မိန့်ကြားတဲ့ “အခြားဘာသာတွေရဲ့ ရှိပြီးသား ဥပဒေတွေ ပယ်ဖျက်ပေးမလား၊ ကိုယ့်ဗုဒ္ဓဘာသာအတွက် ထပ်မံပြဋ္ဌာန်းပေးမလား၊ ဒီမေးခွန်းနှစ်ခုအနက် တစ်ခုခုကို လုပ်ရမှာပဲ။ ဒါ မညီမျှဘူး၊ မမျှတဘူး ဖြစ်နေတယ်လေ။ လူ့အခွင့်အရေး ရှုထောင့်ကပဲ ကြည့်စမ်းပါ။ လူ့အခွင့်အရေးဆိုတာ တရားမျှတမှု၊ ညီမျှမှုကို အလေးထားရမယ်”ဆိုတဲ့ စကားက မှတ်သားသင့်ပါတယ်။

စာရေးသူလည်း လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်အလက်တွေကို သဘောကျပါတယ်။ ဒါပေမဲ့ ဒီလို သဘောကျစရာကောင်းတဲ့ အချက်အလက်တွေကို ဘယ်နိုင်ငံတွေက တစ်ထပ်တည်းကျအောင် အသုံးပြုပါသလဲ။ ဘယ်နိုင်ငံမှာမှ တစ်ထပ်တည်းကျအောင် အသုံးပြုလို့ မရပါဘူး။ လူ့အခွင့်အရေးကို လူကြားကောင်းအောင် အော်နေတဲ့ နိုင်ငံကြီးတွေကိုယ်တိုင် ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး၊ ပေါ်ပေါ်တင်တင်တစ်မျိုး၊ လျှို့ဝှက်နည်းနဲ့တစ်သွယ် ချိုးဖောက်နေကြတာပဲ မဟုတ်လား။ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး အကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် လူ့အခွင့်အရေးဆိုတဲ့ နှုန်းစံကို လက်ကိုင်ပြုကြသေးပါရဲ့လား။ တကယ့်တော့ ပြောမယ့်သာပြောရတာ ကိုယ့်အကျိုးစီးပွား မထိခိုက်ဘဲနဲ့ကို ချိုးဖောက်နေကြတာပါ။ လူ့အခွင့်အရေးဆိုတာကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီစံတစ်ခုတည်းနဲ့ မှတ်ကျောက်တင်ပြီး အလုပ်လုပ်လို့ မရဘူးဆိုတာနဲ့ကိစ္စရပ်တိုင်းမှာ “လူ့အခွင့်အရေး”ဆိုတာကို အော်လို့ မရဘူးဆိုတာ ပြောချင်တာ။

အခြားနိုင်ငံတွေက အခြေခံဥပဒေတွေ လေ့လာကြည့်တယ်။ နော်ဝေနိုင်ငံဆိုရင် ခရစ်ယာန်လူဦးရေ ၇၇% ရာခိုင်နှုန်း။ ဒါပေမဲ့ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းပြီး ခရစ်ယာန်ဘာသာအသားပေးတဲ့ အခြေခံဥပဒေ ရေးဆွဲထားတယ်။ အဲဒီနားက ဒိန်းမတ်စတဲ့နိုင်ငံတွေလည်း ထူးမခြားနားပဲ။

မလေးရှားနိုင်ငံဆိုရင် မွတ်စလင်လူဦးရေ ၆၁% ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ မွတ်စလင်အသားပေးတဲ့ အခြေခံဥပဒေ ရေးဆွဲထားတယ်။ အစ္စလာမ်ဘာသာကို ကာကွယ်ပေးတဲ့ ပုဒ်မတွေ အများကြီး ထည့်သွင်းထားတယ်။ ဘယ်ဒေသ၊ ဘယ်ဒေသတွေမှာ အစ္စလာမ်မှလွဲပြီး အခြားဘာသာတွေ ပြန့်ပွားရေး မလုပ်ဖို့ ကန့်သတ်ချက်တွေလည်း ထည့်သွင်းထားတယ်။ အစ္စလာမ်ကို ဦးစားပေးထားတာကို နမူနာတစ်ခု ပြောရင် Article 12 မှာ “…………………… it is lawful for Federation or a State to establish or maintain or assist in establishing or maintaining Islamic Institutions or provide or assist in providing institutions in the religion of Islam and incur such expenditure as may be necessary for the purpose”လို့ ပါရှိတယ်။ နောက်ပြီး Article 11 မှာ “…………….., Federation Law may control or restrict the propagation of any religious doctrine or belief among persons professing the religion of Islam”လို့ ပြဋ္ဌာန်းထားတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ ကျမ်းသစ္စာကျိန်ဆိုတဲ့အခါမှာလည်း “ …….. we shall at all times protect the religion of Islam and ……”ဆိုတဲ့စကားကို ထည့်သွင်းသစ္စာပြုရတယ်။

နောက် အင်ဒိုနီးရှားနိုင်ငံဟာ မွတ်စလင်လူဦးရေ ၈၇%ရာခိုင်နှုန်းရှိတယ်။ အစ္စလာဟ်အသားပေးတဲ့ အခြေခံဥပဒေရေးဆွဲထားတယ်။ အခြေခံဥပဒေ Article 29 မှာ “……. The independence of Indonisia shall be formulated into a constitution of Republic of Indonisia which will be built into a soverign state based on a belief in the One and Only God”လို့ ထည့်သွင်းထားတယ်။
နောက် ဘရာဇီးနိုင်ငံမှာ ခရစ်ယာန်လူဦးရေ ၆၄%ရာခိုင်နှုန်းပဲ ရှိတယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာအသားပေးပြီး အခြေခံဥပဒေကို ရေးဆွဲထားတယ်။

ဒါက နမူနာပဲ ပြထားတာပါ။ ပြောချင်တာက ဘယ်နိုင်ငံမှာမဆို ကိုယ့်အမျိုးဘာသာသာသနာကို ရှေ့တန်းတင်ပြီး ဥပဒေတွေ ရေးဆွဲထားတယ်ဆိုတာ သိရလိမ့်မယ်။ လေးစားရတဲ့ မြန်မာ့ခေါင်းဆောင်တွေကတော့ တစ်ခါလာလည်း “လူနည်းစုကို လေးစားရမယ်”။ တစ်ခါလာလည်း “လူနည်းစုကို လူများစုက အနိုင်မကျင့်ရဘူး”။ မှန်ပါတယ်။ လေးစားရမယ်။ အနိုင်မကျင့်ရဘူး။ ဒါပေမဲ့ လူနည်းစုကလည်း လူများစုကို လေးစားဖို့ လိုပါတယ်။ လူနည်းစုရဲ့ဆန္ဒကို ဦးစားပေးပြီး လူများစုကို ဥပေက္ခာပြုတာကျတော့ကော တရားပါ့မလား။ စဉ်းစားဖို့ လိုပါတယ်။

အထက်မှာ ဆိုခဲ့တဲ့နိုင်ငံတွေ စတဲ့ ကမ္ဘာ့နိုင်ငံတွေက အခြေခံဥပဒေတွေကို ဘယ်လို ပြောကြမလဲ။ သူတို့တွေဟာ လူနည်းစုတွေရဲ့ ခံစားမှုကို မလေးစားတဲ့နိုင်ငံတွေလား။ လူနည်းစုတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြုတဲ့ နိုင်ငံတွေလား။ အခုဖြစ်နေတာက ဗုဒ္ဓဘာသာကို ဦးစားပေးရင်ပဲ လူမဟုတ်တော့သလိုလို။ လူ့အဆင့်အတန်းမရှိတော့သလိုလို။ တစ်ကိုယ်ကောင်းပဲ ဆံနေသလိုလို။ ကမ္ဘာ့ရေးရာတွေကို ဘာမှ မသိတဲ့သူတွေလိုလို။ မြန်မာနိုင်ငံဆိုတာ ဗုဒ္ဓဘာသာဝင် ၈ဝ%ရာခိုင်နှုန်းခန့်ရှိတဲ့နိုင်ငံတစ်ခုပါ။ (အထက်မှာဆိုခဲ့သလို) နော်ဝေမှာ ခရစ်ယာန်က ၇၇%ရာခိုင်နှုန်းတည်းရယ်ပါ။ မလေးရှားက မွတ်စလင် ၆၁%ရာခိုင်နှုန်းတည်းရယ်ပါ။ ဘရာဇီးက ခရစ်ယာန် ၆၄%ရာခိုင်နှုန်းတည်းရယ်ပါ။ ဘာဖြစ်လို့ သူတို့တွေ လူနည်းစုရဲ့ဆန္ဒကို လျစ်လျူရှုပြီး လူများစုကိုးကွယ်ရာလိုက်ပြီး အခြေခံဥပဒေတွေ ရေးဆွဲကြပါသလဲ။ နိုင်ငံတကာမှာ အခြေခံဥပဒေတွေ ရေးဆွဲတဲ့အခါ မိမိတို့ရဲ့အမျိုးဘာသာကို ပုံစံတစ်မျိုးမျိုးနဲ့ ကာကွယ်ထားတဲ့အချက်တွေ အများကြီး ထည့်သွင်းလေ့ရှိကြပါတယ်။ ကိုယ့်နိုင်ငံမှာ ကိုယ့်အမျိုးဘာသာကို ကာကွယ်တဲ့ဥပဒေများ ဘယ်လောက်ထိ ရှိပါသလဲ။ စဉ်းစားကြဖို့ပါ။

ဒါတွေကို ပြောပြရတဲ့အကြောင်းက အခု မိမိတို့ ဗုဒ္ဓဘာသာဝင်များရဲ့ နစ်နာမှုတွေ၊ အနာဂတ်မှာ စိုးရိမ်ဖွယ်ဖြစ်နေတဲ့အနေအထားတွေကို မြော်မြင်ပြီး လုပ်ဆောင်နေကြတဲ့ ဆရာတော်တွေကို မပြစ်မှားစေချင်လို့ပါ။ အခုဟာက ဆရာတော်တွေက ဘာပြောပြော “ဒီဘုန်းကြီးတွေ ကြံဖွတ်ဘုန်းကြီးတွေ၊ စစ်တပ်က မြှောက်ပေးတိုင်း လိုက်လုပ်နေတာ၊ နောက်ကြောင်းပြန်လှည့်လို့ကတော့ ဒီဘုန်းကြီးတွေ တရားခံပဲ”စသဖြင့် စော်ကားနေကြတာကို ရပ်စေချင်တယ်။ အခုဟာက ဗုဒ္ဓဘာသာတည်တံ့ပြန့်ပွားရေး ကြွေးကြော်တာဟာ ဦးသိန်းစိန်ကို ထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တာလို့ ယူဆနေကြတယ်။

တစ်နေ့က အတိုက်အခံပါတီကြီးရဲ့ ဦးဆောင်သူတစ်ဦးကဆိုရင် “အဲဒီ ၉၆၉ ဘုန်းကြီးတွေပေါ့။ သူတို့ကြောင့် အဓိကရုဏ်းတွေ ဖြစ်တာ။ ဒါဟာ သူတို့နဲ့ လုံးဝဆက်စပ်နေတယ်”လို့ ဆိုတယ်။ နောက်ပြီး “ဦးဇင်းစဉ်းစားကြည့်ပေါ့။ OIC ကို ကန့်ကွက်ကြတယ်။ တပည့်တော်တို့ကတော့ ဒါ လုံးဝ မလုပ်သင့်တဲ့ကိစ္စပဲ။ သူတို့က လူသားချင်းစာနာပြီး အကူအညီပေးတဲ့ အဖွဲ့ပဲ၊ ဘုန်းကြီးတွေက နေရင်းထိုင်ရင်း မွတ်စလင်တွေအပေါ် စိုးရိမ်မှု လွန်ကဲနေတယ်”လို့ ဆိုပြန်တယ်။ အတော်ပဲ စိုးရိမ်မိပါတယ်။
ဆရာတော်တွေနဲ့ဗုဒ္ဓဘာသာကို အလေးထားတဲ့ လူတွေမှာ စိုးရိမ်ရတဲ့ အကြောင်းတရားတွေ များစွာရှိပါတယ်။ နမူနာတစ်ခု ထုတ်ပြချင်တယ်။ မောင်တောမြို့နယ်မှာ ၁၉၂၁ ခုနှစ်က ဘင်္ဂါလီ ၆ သောင်းခန့်၊ ၁၉၈၆ ခုနှစ်ရောက်တော့ ၃ သိန်းနီးပါးဖြစ်လာတယ်။ ဘူးသီးတောင်မြို့နယ်မှာ ၁၉၄၂ ခုနှစ်က ဘင်္ဂါလီ ၁ဝဝ ကျော်၊ ၂ဝဝ၉ ခုနှစ်ရောက်တော့ ၃ သိန်းနီးပါး ဖြစ်လာတယ်။ ဒါ နမူနာပဲ ရှိသေးတယ်။ ကမ္ဘာ့နမူနာတွေလည်း အများကြီး ရှိပါတယ်။ ပြည်မမှာလည်း လူဦးရေတိုးပွားနှုန်းက အဆမတန် တိုးလာနေတယ်။

ဒါတွေ ပြောလာရင် ခေါင်းဆောင်စကားနောက် သံယောင်လိုက်တဲ့ အချို့ပုဂ္ဂိုလ်တွေ ပြောလေ့ရှိတာက “ဟာ ဒါတော့ စစ်အစိုးရကြောင့် ခိုးဝင်လာကြတာ၊ စစ်အစိုးရရဲ့အပြစ်ပဲ”လို့ ပြောတတ်ကြတယ်။ ဟုတ်ပါတယ်။ စစ်အစိုးရလက်ထပ်မှာ ဝန်ထမ်းတွေ လာဘ်စားမှုကြောင့်၊ ခြံစည်းရိုးမလုံလို့ပါ။ (အခြားအကြောင်းတရားတွေလည်း အများကြီး ရှိပါတယ်)။ ဒါ လူတိုင်းသိနေတာပဲ။ ဘယ်သူမှ မငြင်းဘူး။ ဒါပေမဲ့ စစ်အစိုးရကို အပြစ်တင်နေလို့ကော ဒီပြဿနာက ပြေလည်သွားမှာလား။ ပြေလည်မသွားနိုင်ပါဘူး။ သီပေါဘုရင် အမြော်အမြင်မရှိလို့ တိုင်းပြည်သူ့ကျွန်ဘဝရောက်ရတာဆိုပြီး သီပေါဘုရင်ကို အပြစ်တင်နေရုံနဲ့ သူ့ကျွန်ဘဝက လွတ်မြောက်နိုင်ပါ့မလား။ ဒီပြဿနာဟာ ဦးသန်းရွှေကို အပြစ်တင်နေရုံနဲ့ ဘာမှ ဖြစ်မလာနိုင်ဘူးဆိုတာကို သိစေချင်တာပါ။ ဆိုတော့ ဒီပြဿနာတွေ မဖြစ်ပွားအောင် အထက်မှာဆိုခဲ့တဲ့နိုင်ငံတွေ သူတို့ဘာသာကို ဥပဒေနဲ့ ကာကွယ်ကြသလို ကာကွယ်နိုင်ကြဖို့ ဆရာတော်တွေ ဆော်သြနေကြတာပါ။

လူ့အခွင့်အရေးသမားတွေ ပြောပြောနေတဲ့ လူနည်းစုတို့၊ လူများစုတို့၊ လူ့အခွင့်အရေးတို့၊ နိုင်ငံတကာတို့ ဆိုတဲ့ စကားတွေရဲ့ အနှစ်သာရနဲ့အဓိပ္ပာယ်ကို သေသေချာချာ လေ့လာဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအခြေခံဥပဒေတွေဟာ လူများစုရဲ့ဆန္ဒကို အဓိကထား ရေးဆွဲကြတာကို တွေ့ရပါလိမ့်မယ်။ ဆရာတော်တွေနဲ့အမျိုးဘာသာ သာသနာကို တန်ဖိုးထားသူတွေကလည်း ဗုဒ္ဓဘာသာလူများစုဆန္ဒအတိုင်းချည်း တဖက်သက်ရေးဆွဲပေးဖို့ တောင်းဆိုနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အမျိုးဘာသာကို ကာကွယ်ပေးနိုင်မယ့် ဥပဒေတစ်ခုမျှကိုသာ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။ ဒီတော့ အစ္စလာမ်ကို ထိရင် ဆတ်ဆတ်ထိမခံဖြစ်ဖြစ်နေတဲ့ လူ့အခွင့်အရေးသမားများ သုံးသပ်နိုင်ကြဖို့ပါ။

ပြောစရာတွေတော့ အများသား။ ပြောချင်တာတွေကလည်း အများကြီး။ စာကလည်း ရှည်သွားပြီ။ ဆောင်းပါးကို ပြန်ဖတ်ကြည့်တော့ မပြည့်စုံတဲ့၊ ဟာနေတဲ့ ကွက်လပ်လေးတွေလည်း ရှိပါတယ်။ ဟိုပါတီ၊ ဒီပါတီ စွပ်စွဲနိုင်စရာတွေလည်း တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် စာရေးသူကတော့ ဆောင်းပါးကနေ တစ်စုံတစ်ရာ စဉ်းစားစရာ၊ သုံးသပ်စရာတစ်ခုခု ရသွားတယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်။ ကိုယ့်လိပ်ပြာကိုယ် လုံပါတယ်။

ဒီဆောင်းပါးကို စာရေးသူ ဖတ်ခဲ့ဖူးတဲ့ အမေရိကန်သမ္မတနဲ့ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်လာအောင် စွမ်းဆောင်ပေးခဲ့တဲ့ စင်္ကာပူခေါင်းဆောင်ကြီး လီကွမ်းယုတို့ တွေ့ချိန်က ပြောကြတာလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်။ ကျန်တာတွေ မမှတ်မိတော့ပေမဲ့ စိတ်ထဲမှာ စွဲနေတဲ့ စကားလေးတစ်ခွန်းရှိတယ်။ လီကွမ်းယုက “ကျုပ်က စင်္ကာပူနိုင်ငံသူ/နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အလေးထားပါတယ်။ ဒါပေမဲ့ ခင်များတို့ အမေရိကန်မှာလို သေနတ်တွေ လမ်းဘေးချရောင်းတဲ့အထိတော့ လွတ်လပ်ခွင့် မပေးနိုင်ဘူး”တဲ့။ သူများနိုင်ငံစံတွေကိုချည်း အားမကိုးဘဲ ကိုယ့်နိုင်ငံကိုယ့်စံကို ရဲရဲဝံ့ဝံ့ ပြောဆိုကျင့်သုံးရဲတဲ့ခေါင်းဆောင်လို့ အသိအမှတ်ပြုမိတယ်။ လူ့အခွင့်အရေးဆိုတာကို သုံးသပ်နိုင်ဖို့ပါ။
အားလုံး ချမ်းမြေ့ကြပါစေ

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails