Wednesday, February 15, 2012

နှင်းဆီ

ရုံးခန်းကျဉ်းလေးထဲ ၀င်လိုက်တာနဲ့ နှင်းဆီပွင့်လေးတစ်ပွင့်က ကြိုနေသည်။ လာရင်းကိစ္စ ပြောပြီးသောအခါ ပိုင်ရှင်ထံမှ နှင်းဆီပွင့်လေးတစ်ပွင့်ကို တောင်းယူခဲ့သည်။ အခန်းပြန်ရောက်တော့ မှောင်နေပြီ။ ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်လေးထဲက လမ်းမတွေမှာ ဆူညံလွန်းသည်။ အခန်းလေးကတော့ တိတ်ဆိတ်ခြောက်ကပ်နေခဲ့သည်။ လုပ်စရာရှိတာတွေက ပုံနေသည်။ ဘယ်အရာကို ဘယ်လို စရမလဲလို့ စဉ်းစားနေမိရင်းက လွယ်အိတ်ထဲက နှင်းဆီပွင့်လေးကို သတိရသွားသည်။

နှင်းဆီပွင့်လေးကို လွယ်အိတ်ထဲက ထုတ်ယူဖို့ လက်နှိုက်လိုက်သောအခါ ကံ့ကော်ပွင့်လေးကို စမ်းမိသည်။ ကံ့ကော်ပွင့်လေးက ခြောက်ကပ်နေပြီ။ လွန်ခဲ့သည့်ရက်က နယ်မြို့လေးတစ်မြို့ သွားစဉ်က ပင်လုံးကျွတ်ပွင့်နေသော ကံ့ကော်ပင်ကြီးပေါ် ကံ့ကော်ပန်းတွေ တက်ခူးနေသော ကိုရင်လေးဆီကနေ တောင်းယူခဲ့ခြင်း ဖြစ်သည်။ ကံ့ကော်ပွင့်လေးက သွေ့ခြောက်နေပေမယ့် သင်းပျံ့သောရနံ့က မွှေးကြူနေဆဲပင် ရှိသေးသည်။ ဘာအလှမှမရှိတော့ပေမယ့် သူ့ဆီက နောင်ပွင့်မယ့် အရိမေတ္တေယျဘုရားရှင်၏ သန္တရသကို ခံစားရသလို ရှိသည်။

လွယ်အိတ်ထဲ ဆက်နှိုက်ကြည့်တော့ ပွင့်ဖတ်အချို့ ကွာကျနေသော စကားဝါပန်းပွင့်လေးကို တွေ့ရသည်။ ကိုရင်ငယ်ဘ၀က နေခဲ့သော စာသင်တိုက်သို့ သွားလည်စဉ်က ကောက်ယူထည့်ခဲ့မိသော ပန်းပွင့်လေးဖြစ်သည်။ ငယ်စဉ်က ထိုစကားဝါပင်ကြောင့် ဆရာသမား၏ အရိုက်အနှက်၊ အဆူအပူကို ခံရသည်။ ငယ်ငယ်က မိုးလင်းလို့ ဆရာသမားလစ်တာနှင့် စကားဝါပင်ပေါ်တက်၊ စကားဝါပန်းတွေ ခူးပြီး ဘုရားစင်မှာ တင်သည်။

ထိုစဉ်က စကားဝါပန်းလေးတွေကို တစ်ကြိမ်တစ်ခါမျှ နမ်းရှိုက်ခဲ့၊ မနမ်းရှိုက်ခဲ့ဆိုသည်ကိုပင် စဉ်းစားမရပါ။ စဉ်းစားလို့ရသည်မှာ စကားပင်ကြီးပေါ် ကြောက်ကြောက်လန့်လန့်နှင့် တက်၊ စကားပန်းတွေ ခူး၊ ဘုရားစင်ပေါ် တင်ခဲ့ကြသည်ကိုသာ အမှတ်ရသည်။ အခုတစ်ကြိမ် ထိုစကားဝါပန်းပင်ကြီးအောက် ရောက်သည့်အခါ စကားပန်းလေးမြင်သည်နှင့် ကောက်ယူမွှေးကြူပြီး လွယ်အိတ်ထဲပင် ထည့်ခဲ့မိသည်။ အခု အခန်းကျဉ်းလေးထဲတွင် စကားဝါပန်းခြောက်လေးကို ကြည့်ရင်း ဘ၀တစ်ခု၏ ကာလသုံးပါးအပြောင်းအလဲတို့က ရုပ်လုံးကြွနေခဲ့သည်။

အပြောကောင်းသော ငယ်ငယ်က ဆရာသမားနှင့် စကားတွေ တစ်လှေကြီး ပြောဖြစ်ခဲ့သည်။ “အခြေအနေတွေ အများကြီး ပြောင်းလဲသွားပေမယ့် မင်းက စိတ်ဓာတ်ကတော့ ဘာမှ မပြောင်းလဲပါလားဟေ”။ ငယ်ငယ်က သူငယ်ချင်းများနှင့်အတူ သရက်ပင်ပေါ်တက်ပြီး သရက်ကင်းလေးတွေ ခူးကြစဉ်က ဆရာသမားက မိမိကို စာတော်လို့ဆိုပြီး မရိုက်ဘဲ ကျန်တဲ့သူငယ်ချင်းအားလုံးကို ကြိမ်ဖြင့်ရိုက်နှက်ခဲ့သည်။ ထိုစဉ်က “တပည့်တော်လည်း သရက်ကင်း ခိုးစားတာပဲ ဘာလို့ မရိုက်တာလဲ”ဟု မေးခဲ့သည်။ ထိုမေးခွန်းကို ဆရာသမားက သူ့ဘ၀တစ်လျှောက်လုံး မမေ့ခဲ့ဟု ဆိုသည်။

လောက၏ အကြောင်းအရာများသည် ခက်ခဲနက်နဲသည်ဆိုသောစကားလုံးထက် ပိုမိုခက်ခဲနေတတ်သည်။ စကားလုံးတစ်လုံး၊ ၀ါကျတစ်ကြောင်း၏ ဘက်စုံမြင်ကွင်းများကလည်း ကြည့်လေ၊ မြင်လေ၊ မြင်လေ ကွဲလေ … အဆုံးအစပင် မဲ့နေတတ်သည်။ ဘ၀တစ်ခုရလာပြီဆိုသည်နှင့် နေ့စဉ်နှင့်အမျှ ၀ါကျပေါင်းများစွာကို စီကုံးနေရသည်။ သတ်ပုံမှားသောဝါကျ၊ အဓိပ္ပာယ်မှားသောဝါကျ၊ ရည်ရွယ်ချက်ပြည့်ဝသောဝါကျ၊ ရည်ရွယ်ချက်ကင်းမဲ့သောဝါကျ၊ ရိုးသားသောဝါကျ၊ မရိုးသားသောဝါကျ၊ လှသောဝါကျ၊ မလှသောဝါကျ၊ …. ၀ါကျပေါင်းများစွာကို ရေးသားနေကြရသည်။ ထိုအထဲတွင်မှ သတ်ပုံမှားသော်လည်း အဓိပ္ပာယ်မမှားသောဝါကျ၊ သတ်ပုံမမှားသော်လည်း အဓိပ္ပာယ်မှားသောဝါကျ၊ ၀ါကျက လှသော်လည်း မရိုးသားသောဝါကျ၊ ၀ါကျက မလှသော်လည်း ရိုးသားသောဝါကျ …. စသည်ဖြင့် မြောက်မြားစွာ ကွဲပြားနေနိုင်ပြန်သည်။ ခွဲခြမ်းစိတ်ဖြာကြည့်သောအခါ ၀ါကျတစ်ခုတွင် ရှုထောင့်အမျိုးမျိုး ကွဲပြားနေတတ်သည်များလည်း ရှိပြန်သည်။

ငယ်စဉ်ကတည်းက အနှိမ်ခံများဘက်က အမြဲတမ်း ရပ်တည်ခဲ့သဖြင့် အခွင့်အရေးများစွာ လက်လွှတ်ခဲ့ရဖူးသည်။ အထောက်အပံ့ပေးသူများနှင့် အခြေအတင် ဖြစ်ဖူးသည်။ ဆရာသမားများနှင့် သဘောထားကွဲလွဲခဲ့ဖူးသည်။ အဖိနှိပ်ခံလူတန်းစားဘက်မှ အမြဲတမ်း ရပ်တည်ခဲ့သဖြင့် အာဏာရှိသူတို့၏ မျက်နှာသာအပေးမခံရ။ ဖိနှိပ်တတ်သူများ၊ အာဏာရှင်လူတန်းစားများနှင့် အပေါင်းအပါဖြစ်သူတို့၏ ဥပေက္ခာပြုမှုများကို ခံရဖူးသည်။ ဖြစ်လာခဲ့သော ဘ၀အခြေအနေအရ သာရာကိုသာ စားခဲ့လျှင် ဘ၀ကို အလိုက်သင့်လေး စီးမျောနေခဲ့လျှင် ဘ၀ကို သက်တောင့်သက်သာ (ရုပ်ပိုင်းဆိုင်ရာ) အဆင့်မြင့်မြင့် အနေအထားဖြင့် နေနိုင်ဖို့ အလွန့်ကို လွယ်ပါသည်။ ကိုယ့်ဘ၀အဆင်ပြေစေရေးအတွက် မတရားမှုများ၊ အဓမ္မမှုများ၊ ဖိနှိပ်ချုပ်ခြယ်မှုများကို အားပေးသူ၊ သို့မဟုတ် မသိလိုက်မသိဖာသာ နေတတ်သူ ….. မည်သူမဆို … မည်သူ့ကိုမျှ မချစ်မနှစ်သက်ခဲ့ပါ။ ငယ်စဉ်ဘ၀ကတည်းက ရပ်တည်လာခဲ့သော မူဝါဒကို ယခုအချိန်အထိ ကိုင်စွဲထားပါသည်။

ဝါကျများ မလှမပရှိခဲ့နိုင်သော်လည်း
အဓိပ္ပာယ်ကတော့
မည်သည့်အခါမျှ
မလွဲမှားခဲ့ပါ။

လက်က စူးကနဲ နာကျင်သွားသဖြင့် ကြည့်လိုက်သောအခါ နှင်းဆီပွင့်လေးကို ပြန်သတိရသွားသည်။ စာရွက်စာတမ်းများ၊ စာအုပ်အချို့၊ မုတ်ဆိတ်ရိတ်ဓား၊ လက်ကိုင်ဖုန်း၊ ဘောပင်၊ …. တိုလီမိုလီများနှင့် ရောထွေးနေသော နှင်းဆီပွင့်လေးကို ဆွဲထုတ်လိုက်သည်။ နှင်းဆီပွင့်လေးထဲမှာ တစ်ခုခု ရှိလိမ့်နိုးနိုးနှင့် ငေးကြည့်မိသည်။ ညှိုးရော်နေသည်။ အနံ့အသက်အချို့တော့ ရှိနေသေးသည်။ ပွင့်ဖတ်လေးတွေက နီရဲနေသည်။ ဆူးခြောက်ချောင်းက စူးထက်နေသည်။

သူ့မှာ နီရဲနေသော ပွင့်ဖတ်များရှိသည်။ စူးထက်နေသော ဆူးခြောက်ချောင်း ရှိသည်။ နှင်းဆီပွင့်လေးမှ ရဲရင့်မှုကို ရသည်။ မနက်ဖြန်တိုင်းမှာ နှင်းဆီပွင့် အသစ်လေး တစ်ပွင့်လို နိုးထလိုပါသည်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails