Saturday, November 12, 2011

ရန်ကုန်သွား တောလား

(အရင် ၂၀၀၉-ခုနှစ် မြန်မာကို ပြန်တုန်းက ရန်ကုန်သွားတောလားဆိုပြီး အခန်းဆက်ရေးခဲ့တယ်။ အခု ၂၀၁၁-ခုနှစ်မှာ တစ်ခေါက်ပြန်တော့ ဆက်ရေးမိတယ်။ ပြည်ပတုန်းကလို ရေးရတာနဲ့တော့ နည်းနည်းကွဲတယ်။ ပြန်ဖတ်ကြည့်တော့ ရေးဟန်းပါ ပြောင်းလာတာ တွေ့ရတယ်။ ဒါကလည်း အပြောင်းအလဲများထဲက အပြောင်းအလဲတစ်ခုရဲ့ သရုပ်သကန်တစ်ခုလို့ပဲ ဆိုရမယ် ထင်တယ်။ ဘာပဲဖြစ်ဖြစ် စာရေးသူရဲ့ ခရီးစဉ်လေးကို ဖတ်ကြည့်ကြပေါ့။ တစ်ခုခုတော့ ရသွားမယ်ထင်လို့ တင်လိုက်ပါတယ်)

အချိန်နာရီ၊ စက္ကန့်တို့ တရွေ့ရွေ့ ပြောင်းလဲလာကြသလို စိတ်နေစိတ်ထား၊ အတွေးအခေါ်တွေ၊ ခံစားချက်တွေကလည်း အချိန်နဲ့တစ်ပြေးညီ လိုက်ပြောင်းလဲနေတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း တစ်နည်းပြောရရင် ဘ၀တစ်ခုလုံးရဲ့ အပြောင်းအလဲတွေဆိုတာ ဂရပ်ဖ်မျဉ်းလိုင်းလေးတွေလို အတက်အကျ အနိမ့်အမြင့်လေးတွေ ရှိနေကြတယ်။ တစ်ခါတစ်ရံ အတက်ဘက်ပြလိုက်၊ တစ်ခါတစ်ရံ အကျဘက်ပြလိုက်။ ဘ၀ဆိုတာ ငှက်ခါးငှက်လေးတွေ ပျံသန်းသလို အတက်အကျ အနိမ့်အမြင့်လေးတွေနဲ့ ရင်ခုန်စရာ ကောင်းနေတယ်လို့ ဆိုရမယ်ထင်တယ်။ ခံစားချက်၊ ခံယူချက်နဲ့ ဘ၀မှာ ပြောင်းလဲမှုအထူးလေးတွေ ကြုံလာရပြီဆိုရင် ကိုယ်လျှောက်လှမ်းခဲ့ရာ ဘ၀လမ်းခရီးတွေကို ပြန်လည်ငဲ့စောင်း ကြည့်မိတတ်ကြတယ်။

၂၀၀၉-ခုနှစ်က ရန်ကုန်ကို အလည်တစ်ခေါက်ပြန်ရောက်တယ်။ အဲဒီအချိန်တုန်းက သီရိလင်္ကာနိုင်ငံကနေ ပြန်လာခဲ့တာ။ သီရိလင်္ကာဆိုတာ (စာရေးသူအမြင်) မြန်မာ့အရိပ်၊ မြန်မာ့အငွေ့အသက်နဲ့ သိပ်ကွာတယ်လို့ မယူဆဘူး။ ဒါကြောင့် သီရိလင်္ကာကနေ သယ်ယူလာခဲ့တဲ့ ဘ၀အတွေ့အကြုံ၊ အတွေးအမြင်အသစ်တို့ဟာ မြန်မာ့မြေပေါ်မှာ ခြေချလိုက်တာနဲ့ ထူးထူးခြားခြား ဘာမှ မခံစားခဲ့မိဘူး။ ပျော်ရွှင်မှုလည်း အထူးတလည် မခံစားမိဘူး။ အခု မလေးရှားနိုင်ငံ၊ ပီနန်မှာ တစ်နှစ်နီးပါး နေလာခဲ့ရာက ပြန်လာခဲ့တော့ စိတ်က တစ်မျိုးပဲ။ ရောက်ရောက်ချင်း စာရေးချင်ပေမယ့် ဘယ်လို ဖော်ပြရမယ်မှန်း မသိဘူး။ ပျော်နေတာလား။ ပျော်နေတယ်ဆိုတာထက် လွတ်လပ်ပေါ့ပါးနေတယ်လို့ ဆိုရမယ်။

မလေးရှားနိုင်ငံကနေ ည ၇-နာရီခွဲခန့်မှာ လေယာဉ်ထွက်ခွါခဲ့တယ်။ မြန်မာ့လေကြောင်းဆိုတာ ဆေ့ဗ်မဖြစ်ဘူး.. ဘာဘာညာညာ အသံတွေကြောင့် အရင်က တစ်ခါမှ မြန်မာ့လေကြောင်းနဲ့ သွားဖို့ စိတ်ကူးမရှိခဲ့ဘူး။ ဒီတစ်ခါတော့ သူငယ်ချင်းက သယ်စရာပစ္စည်းတွေ များလို့ မြန်မာ့လေကြောင်း လက်မှတ်ဖြတ်ထားတယ်။ ဦးဇင်းဆီက ကီလိုလည်း တပည့်တော် ရချင်တယ်။ ဒီတော့ တပည့်တော်နဲ့အတူ မြန်မာ့လေကြောင်း ဖြတ်ပါ။ အတူပြန်ရအောင်လို့ ဆိုပါတယ်။ ဒီလို ၁၀-ရက်နေ့ ညနေ ၃-နာရီလေယာဉ်လက်မှတ် ဖြတ်ခိုင်းလိုက်တယ်။ ၉-ရက်နေ့ ညမှာ မြန်မာ့လေကြောင်း ဇာတိပြတယ်ဆိုရမလား မသိ။ ၃-နာရီလေယာဉ်က ည ၆-နာရီသို့ ပြောင်းလဲလိုက်ပြီလို့ ဆိုတယ်။ ကြိုတင် မသိသူများ စောင့်ဖို့သာပြင်။ ဦးဇင်းတို့က ကြိုတင်သိလိုက်တော့ ပြဿနာတော့ မရှိပါ။

လေဆိပ်ကို ညနေ ၄-နာရီလောက်မှာ ရောက်တယ်။ နိုင်ငံခြားသားရယ်လို့လည်း တစ်ယောက်မှ မပါဘူး။ အကုန်လုံး ကိုရွှေမြန်မာများသာ ဖြစ်နေတယ်။ ကိုရွှေမြန်မာတွေက ဇာတိပြနေတာလား၊ ဘာလားတော့ မသိဘူး။ ကောင်တာ တန်းစီတာ ကို့ရို့ကားယား၊ တန်းစီတာတောင် စနစ်တကျ မစီကြဘူး။ တန်းစီသူတွေကြားထဲလည်း တိုးဝင်သူက ၀င်။ လသားအရွယ်ကလေးလေးတွေ ပွေ့ထားတဲ့ သူတွေကလည်း ပါသေးတယ်။ ဒီလိုနဲ့ အင်မီဂရေ့ရှင်းဖြတ်ပြီးတော့ ရထားစီးပြီး လေယာဉ်ထွက်ခွါရာနေရာကို သွားကြတယ်။ အားလုံးက တောကနေ အလုပ်လာလုပ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ပြန်ကြသူတွေများတော့ တော်တော်များက ယောင်လည်လည်နဲ့ ဖြစ်နေကြတာ များတယ်။ မလေးရှားနိုင်ငံ၊ လေဆိပ်ကြီး လုပ်ထားပုံတွေကလည်း အံ့သြစရာတွေနဲ့ဆိုတော့ ကြည့်စရာ၊ ငေးစရာ၊ တွေးစရာ၊ ပြောစရာတွေက တယ်များသကိုး။

လေဆိပ်ထဲမှာ အချိန်ရတာနဲ့ ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်း DUTY FREE ဆိုင်ထဲမှာ လျှောက်ကြည့်တယ်။ ချောကလက်မျိုးစုံ၊ စီးကရက်မျိုးစုံ၊ အရက်ပုလင်းမျိုးစုံ . ဗဟုသုတအနေနဲ့ ဈေးနှုန်းတွေ လိုက်ကြည့်ဖြစ်တော့ များသောအားဖြင့် အရက်ပုလင်းတွေက ရင်းဂစ် ၅၀၀၊ ၁၀၀၀- စသဖြင့် ရေးထားတာတွေ့တော့ မျက်လုံးပြူးမိပါတယ်။ မြန်မာပီပီ မြန်မာငွေနဲ့ လိုက်တွက်ကြည့်တော့ အားပါးပါး။ အရက်တစ်ပုလင်းကို ငွေ နှစ်သိန်းခန့်၊ ၄-သိန်းခန့်။ ဒါတောင် ဈေးလျှော့ထားတာတဲ့။ ဒီပုလင်းလေးတစ်ပုလင်းကို ဒီလို ငွေတွေ ဒီလောက်ပေးဝယ်ပြီး သောက်ကြတယ်။ ဘယ်လိုပါလိမ့် အော် . ဦးဇင်း ဉာဏ်မမီခဲ့ပါဘူး။

ဆိုင်ထဲမှာ ပြုံးမိတဲ့ စကားတစ်ခွန်းလည်း ရခဲ့ပါတယ်။ လေဆိပ်ထဲက ဒီဆိုင်တွေဟာ ပစ္စည်းတစ်ခုဝယ်ရင် ပတ်စပို့ထ် ပြရပါတယ်။ တစ်ယောက်ကို အကန့်အသတ်နဲ့သာ ၀ယ်ခွင့်ရှိလို့ပါ။ ခက်တာက ရွှေမြန်မာတွေထဲမှာ ပတ်စပို့ထ် မပါဘဲ မြန်မာသံရုံးက စာရွက်နဲ့ ပြန်လာသူတွေကလည်း ပါနေတယ်။ သူတို့မှာ သံရုံးက ပေးလိုက်တဲ့ စာရွက်ရယ်၊ လက်ဗွေနှိပ်ထားတဲ့ စာရွက်ရယ်၊ လေယာဉ်လက်မှတ်ရယ်ပဲ ပါပါတယ်။ ဒီတော့ ပတ်စပိုထ် မပါတဲ့ မြန်မာလူငယ်လေး နှစ်ယောက်က အရက်ပုလင်းတွေ ကိုင်ပြီး ငွေရှင်းကောင်တာမှာ ၀င်တန်းတယ်။ သူတို့ ဘယ်လို ဖြစ်ပျက်ခဲ့သလဲဆိုတာကို ဆက်မကြည့်ဖြစ်ခဲ့ဘူး။ ဆိုင်ထဲက ထွက်လာတာပဲ တွေ့လိုက်တယ်။ တစ်ယောက်က ဒေါကန်ကန် အမူအယာနဲ့ သောက်ရေးမပါတာကွာ၊ သူ့ဆိုင်က ပစ္စည်းလည်း ၀ယ်ရသေးတယ်၊ ပတ်စပို့ထ် ပြခိုင်းနေတယ်တဲ့။

၆-နာရီ မထိုးခင်မှာ နောက်ဆုံး လက်ဆွဲအိတ်တွေ လူတွေကို အစစ်ခံပြီး Waiting Room ထဲကို ၀င်ပါတယ်။ စိတ်ထဲမှာ ခဏနေရင် လေယာဉ်တက်ရတော့မယ်၊ တက်ရတော့မယ်နဲ့ စောင့်လိုက်တာ ၆-နာရီ လေယာဉ်က ၆-နာရီ ၄၅-မိနစ်ကျမှ လေယာဉ်ပေါ်ကို တက်ရပါတယ်။ စောင့်ရင်းစောင့်ရင်းနဲ့ ၇-နာရီ ၄၅-မိနစ်ကျလောက်မှ လေယာဉ်ဘီး စလိမ့်ပါတယ်။ သူငယ်ချင်းတစ်ပါးတုန်းကလို နောက်ရက်အထိ မရွှေ့ဆိုင်းလိုက်တာ၊ နောက်ရက်ကျတော့ လက်မှတ်ဒိတ်မပြောင်းလို့ဆိုပြီး အသစ်ဝယ်လိုက်ရတာမျိုး မဟုတ်တာပဲ ကံကောင်းလှချည်ရဲ့လို့ တွေးမိပါတယ်။

လေယာဉ်ပေါ်ရောက်တော့ ကလေးငယ်ပါတဲ့ မိသားစုကို ရှေ့ဆုံးခုံမှာ နေရာပေးထားတယ်။ ဒီတော့ သံဃာတွေအတွက် ထားတဲ့ခုံနဲ့ ကပ်လျှက်ပေါ့။ ကလေးကလည်း တစ်လမ်းလုံး ငိုလာတယ်။ နောက်က ကိုရွှေမြန်မာတွေကလည်း စကားပြောကြတာ ဆူညံနေတာပဲ။ အော် ဒုက္ခ ဒုက္ခလို့ ညည်းမိပါတယ်။ ပိုပြီး ကံဆိုးချင်တော့ ကလေးက အီးအီးပါလို့ နံစော်နေတာ နှာခေါင်းပိတ်လည်း မရ။ အောင့်အီးပြီး ရှူရှိုက်ခဲ့ရတယ်။ အော် ဒုက္ခ ဒုက္ခ .။

ရန်ကုန်လေဆိပ်မှာ ပစ္စည်းတွေများတော့ တော်တော်ကြာတယ်။ ပြူးတူးပြဲတဲကြည့်တတ်တဲ့ လေဆိပ်လုံခြုံရေးဝန်ထမ်းတွေရဲ့ ဟန်ကတော့ အရင်အတိုင်း မပြောင်းလဲသေးပါလားလို့ အောက်မေ့မိတယ်။ စစ်သားယူနီဖောင်းမြင်တိုင်း ၂၀၀၇-စက်တင်ဘာပုံရိပ်တွေက လျှပ်တပြတ်ဝင်ရောက် လာကြသေးတယ်။ ၂၀၀၉-မှာ တစ်ခေါက်ပြန်တုန်းက စစ်သားတွေက အိတ်တွေကို ကြက်ခြေခတ်ပြီး သူတို့ကိုယ်တိုင် လိုက်ပို့ကြတာလေ။

လေဆိပ်တက္ကစီတွေလည်း အကုန်သိမ်းပြီဆိုတော့ အပြင်တက္ကစီသမားတွေ တ၀ုန်းဝုန်းနဲ့ ဈေးခေါ်နေကြတယ်။ သူငယ်ချင်းကျောင်းက တာမွေမှာဆိုတော့ တာမွေထိ ကားခ ၄၀၀၀ ထောင်နဲ့ အဆင်ပြေတယ်။ အဝေးပြေးကနေ မန္တလေးကို သွားမယ့် အတူပါလာတဲ့ ကောင်လေးကို တက္ကစီခ ၃၀၀၀ ပေးပြီး ကျောင်းကို ရောက်ခဲ့တယ်။ ပိုက်ဆံဂဏန်းကြီးတွေအရ စိတ်က တွန့်တွန့်သွားပေမယ့် ရင်းဂစ်နဲ့ပြန်တွက်လိုက်ရင်တော့ မဆိုးဘူးလို့ ဆိုရမယ်။

၂-နှစ်လောက် ခွဲခွါခဲ့ရတဲ့ ရန်ကုန်ဟာ နွေးနေဆဲပါပဲ။ ကိုယ့်မှာတော့ ဘာတွေများ ပြောင်းလဲကုန်ပြီလဲဆိုတဲ့စိတ်နဲ့ ခပ်အန်းအန်း လိုက်ကြည့်နေဖြစ်တယ်။ ည ၁၀-နာရီခွဲခန့်ဆိုတော့ လမ်းဘေးဈေးဆိုင်တွေလည်း ခပ်ကျဲကျဲပဲ ကျန်တော့တယ်။ လမ်းဘေးဈေးဆိုင်တွေ သိမ်းလိုက်တော့ လမ်းမ၀ဲယာမှာ အမှိုက်ပုံကြီး ကျန်နေခဲ့တယ်။ ကျောင်းရောက်ပြီး ခဏနေတော့ သူငယ်ချင်းရာ တာမွေလမ်းမပေါ်ထွက်ပြီး လမ်းလျှောက်ချင်တယ်လို့ ပြောလိုက်တယ်။ အမှိုက်တွေကို ကျော်ရင်းခွရင်း နန္ဒ၀န်စေတီလေးကနေ တာမွေအ၀ိုင်းပတ်လည် လမ်းလျှောက်ဖြစ်တယ်။ ကိုယ့်လူရေ ပတ်ဝန်းကျင်က အမှိုက်သရိုက်တွေနဲ့ နံစော်နေတယ်။ ရှုပ်ထွေးနေတယ်။ ဒါပေမယ့် ငါ ဘယ်လိုလေးမှန်း မသိဘူး။ ပျော်နေတယ်လို့ ပြောခဲ့မိလိုက်တယ်။

1 comment:

kotwo said...

အရှင်ဘုရား...ဇင်ဇာတ်လမ်းကောင်းလေးတွေနဲ့  သူတို့ ရဲ့ အတွေးစလေးတွေကိုထည့်ရေးပေးပါအုံး။ အထူးစောင့်မျှော်နေပါသည်ဘုရား...

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails