Tuesday, September 20, 2011

ရိုးရှင်းမှုမှာ ဂုဏ်သတ္တိအပြည့်ရှိတယ်



(၁)
မေဂျီခေတ်ရဲ့ ကြီးကျယ်တဲ့ ဇင်မာစတာတစ်ပါးဖြစ်တဲ့ ကိုင်ချူးဟာ တိုဖုကုကျောင်းထိုင်ဘုန်းကြီး ဖြစ်တယ်။ ကျိုတိုမြို့မှာတော့ အဓိက ကျောင်းတော်ကြီးပေါ့။ တစ်နေ့မှာ ကျိုတိုမြို့ အုပ်ချုပ်ရေးမှူးဟာ ပထမဆုံးအကြိမ် သူ့ကို ဆင့်ခေါ် (ပင့်)ပါတယ်။ ကိုင်ချူးရဲ့တပည့်က အုပ်ချုပ်ရေးမှူးရဲ့ ပင့်စာရွက်ကို ဖတ်ပါတယ်။ ပင့်စာရွက် အောက်ဆုံးမှာ --

ပုံ/
ကိတဂါကိ
ကျိုတိုမြို့ အုပ်ချုပ်ရေးမှူး 

- လို့ ရေးထားတယ်။ ကိုင်ချူးဟာ အဲဒီအသံ ကြားတာနဲ့ “ဒီကောင်နဲ့ ငါနဲ့ ဘာကိစ္စမှ ပြောစရာမရှိဘူး၊ သွား .. ဒီကောင်ကို ဒီကနေ ထွက်သွားလို့ သွားပြောလိုက်”လို့ မာန်လွှတ်လိုက်တယ်။ တပည့်လုပ်သူက ပင့်စာရွက်လေးကို ယူပြီး အုပ်ချုပ်ရေးမှူးကို တောင်းပန်လိုက်တယ်။

“မဟုတ်ဘူး၊ ဒါ ငါ့ အမှားပဲ”လို့ ပြောပြီး ပင့်စာရွက်ပေါ်က “ကျိုတိုမြို့ အုပ်ချုပ်ရေးမှူး”ဆိုတဲ့ စာလုံးကို ဘောပင်နဲ့ ဖျက်လိုက်တယ်။ ပြီးမှ “သင့်ဆရာကို ထပ်ပြီး သွားပင့်ချေ”လို့ ပြောလိုက်တယ်။ ဒီအခါကျမှ ကိုင်ချူးက ပင့်စာရွက်ကို ကြည့်လိုက်တယ်။ (“အုပ်ချုပ်ရေးမှူးဆိုတဲ့ ဂုဏ်ပုဒ်ပြ၊ ရားထူးအာဏာပြ စာလုံးမပါတော့ဘူး)။ “အော် ကိတဂါကိ လားဟ၊ သူ့ကို ခေါ်လိုက်၊ ငါတွေ့ချင်တယ်”လို့ ရုတ်တရက် ထပြောလိုက်ပါတော့တယ်။

(၂)
အထက်ပါ ဇင်ဇာတ်လမ်းလေးကို ဖတ်ပြီး သဘောကျမိပါတယ်။ မိမိတို့ ပတ်ဝန်းကျင်မှာလည်း အဆောင်အယောင်တွေ၊ ဟိတ်ကြီးဟန်ကြီးတွေကို သဘောမကျသူတွေ အများကြီး တွေ့ဖူးပါတယ်။ ဇင်ဇာတ်လမ်းထဲမှာ ဇင်ဘုန်းကြီးဟာ နာမည်နောက်မှာ မြို့နယ်အုပ်ချုပ်ရေးမှူးဆိုတဲ့ ရာထူးပြပုဒ်ပါတဲ့အခါမှာ လက်မခံခဲ့ဘူး။ ရာထူးပြပုဒ်ကို ဖြုတ်လိုက်မှ တွေ့ဖို့ လက်ခံတယ်။ အချို့က ရာထူးရှိသူ၊ အာဏာရှိသူတွေဆိုရင် အငန်းမရ တွေ့ချင်ကြတယ်။ သူတို့နဲ့ ရင်းနှီးရဖို့ အမျိုးမျိုး ကြိုးစားကြတယ်။ အချို့ကတော့ ရာထူးရှိရင်၊ အာဏာရှိရင် (ရာထူးအာဏာကြီး တ၀င့်ဝင့်လုပ်နေရင်) အဲ့ဒီလိုလူမျိုးကို မတွေ့ချင်ကြဘူး။

(၃)
တစ်ခါတစ်ရံ ဒကာဒကာမတွေ ကျောင်းကို ရောက်လာတတ်ကြတယ်။ ကျောင်းမှာ တည်းခိုဖို့ လာလျှောက်ကြတယ်။ ပီနန်ကျောင်းဆိုတာ တည်းခိုဖို့က ဧည့်သည်လည်း မများဘူး။ အခန်းလွတ်လည်းရှိတယ်ဆိုရင် တည်းခိုခွင့်ရဖို့က သေချာသလောက်ရှိပါတယ်။ ဒါပေမယ့် အချို့က တပည့်တော်က မြန်မာနိုင်ငံမှာ ဘာရာထူးရှိတာ၊ ဘယ်အကောင်ကြီးတွေနဲ့ သိတယ်။ ဘယ်လို လုပ်ပိုင်ခွင့်တွေ ရှိတာ။ ဘယ်လို ချမ်းသာတာ။ သူ့ကိုယ်သူ ခေသူမဟုတ်ကြောင်းတွေ အရမ်းပြောပြီး လက်ခံအောင် ပြောကြတယ်။ တစ်ခါတစ်ခါ စကားပြောပုံ ပုံမကျလို့ လက်မခံလိုက်တာတွေ ဖြစ်သွားတာတွေ ရှိပါတယ်။ အချို့ကတော့ ရိုးရိုးသားသားနဲ့ ကျောင်းမှာ တည်းချင်လို့ ဘာအပိုအလိုမှ မပြောဘဲ လျှောက်ထားတော့ အခန်းလွတ်လည်း ရှိနေရင် လက်ခံလိုက်တာ များပါတယ်။

(၄)
ရာထူးလေး၊ ငွေကြေးလေး၊ ပိုင်ဆိုင်မှုလေးတွေ ကြွားလိုက်ရရင် လူတွေ လက်ခံလိမ့်မယ်၊ အထင်ကြီးကြလိမ့်မယ်လို့ ထင်သူတွေရှိတယ်။ အမှားတော့လည်း မဆိုသာပါဘူး။ များသောအားဖြင့် လူတွေကလည်း ရာထူး၊ အာဏာနဲ့ ငွေရှိသူတွေကို ပိုပြီး မျက်နှာသာပေးတတ်ကြတယ်မလား။ ဒါပေမယ့် အဲဒီလို ဂုဏ်ဖော်စကားတွေ၊ ကြွားလုံးတွေဟာ ရိုးသားမှုကို မြတ်နိုးသူတွေအတွက် နားခါးစရာတွေ ဖြစ်နေတတ်တာကိုတော့ သတိပြုသင့်ပါတယ်။

အကြွားကောင်းကောင်းနဲ့ ဘယ်လို ချမ်းသာတာ၊ ဘယ်လောက်ချမ်းသာတယ်စတာတွေကို ပြောသူက ပြော။ သူ့အပြောကို အထင်ကြီးလို့ ၀ိုင်းနားထောင်သူက ထောင်နဲ့ တစ်ခါတစ်ရံ ကျောင်းမှာ တွေ့တတ်ပါတယ်။ လူတွေကလည်း ဒါမျိုးဆို သိပ်အထင်ကြီးတတ်ကြတယ်။ ဦးဇင်းကတော့ ဒီလို လူမျိုးဆို ရှောင်တတ်ပါတယ်။

ပိုဆိုးတာက အချို့က မိမိမှာရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေးကို ကြွားပြီး လိုချင်တာ၊ ဖြစ်ချင်တာကို ရအောင်လုပ်တယ်။ အချို့ကတော့ မိမိမှာ ဘာမှ မရှိတဲ့ ရာထူး၊ အာဏာ၊ ငွေကြေးကို အရှိလုပ်ပြီး လိမ်ညာတတ်ကြတယ်။

(၅)
လူတိုင်းလူတိုင်းဟာ ကိုယ်ရည်ရွယ်ရာ ပန်းတိုင်ကို နည်းအမျိုးမျိုးနဲ့ တက်လှမ်းနေကြသူတွေချည်းပါပဲ။ ဒီလို တက်လှမ်းတဲ့နေရာမှာ ရိုးရိုးသားသား မှန်မှန်ကန်ကန် နည်းလမ်းမျိုးကို အသုံးပြုမှသာ ကိုယ်မျှော်လင့်တဲ့ ပျော်ရွှင်ဖွယ်အိပ်မက်ကို ရရှိနိုင်ပါလိမ့်မယ်။ အရှိကိုအရှိအတိုင်း ဖော်ပြနေတဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာရှိနေဖို့ သိပ်ကို လိုအပ်ပါတယ်။ တစ်ခါတစ်ရံ အမှန်အတိုင်းပြောလို့ လူအထင်ကြီးမခံရတာတွေ ရှိနိုင်ပါလိမ့်မယ်။

ဒါပေမယ့် …..
ရိုးသားမှုက အရှိန်တက်လာရင် ဂုဏ်သတင်းက အလိုလို အပြေးရောက်လာပါလိမ့်မယ်။ အဲဒီလိုလေး ယုံကြည်နေမိပါတယ်။

1 comment:

တောက်ပကြယ်စင် said...

"ရိုးသားမှုက အရှိန်တက်လာရင် ဂုဏ်သတင်းက အလိုလို အပြေးရောက်လာပါလိမ့်မယ်" ဟုတ်တာပေါ့ဘုရား။ တပည့်တော်လည်း ထိုနည်းအတိုင်းပဲဘုရား။ ကျန်းမာပျော်ရွှင်ပါစေ အရှင်ဘုရား။

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails