Wednesday, June 29, 2011

အဖြူထဲက အမည်း



(၁)
လယ်သမားတစ်ယောက်ဟာ တန်ဒိုင်းဘုန်းကြီးတစ်ပါးကို ကွယ်လွန်သွားတဲ့ သူ့မိန်းမအတွက် ရည်စူးပြီး သုတ္တန်အချို့ကို ရွတ်ဖတ်ပေးဖို့ တောင်းပန်ခဲ့တယ်။ သုတ္တန်ရွတ်ဖတ်လို့ ပြီးတဲ့အခါ လယ်သမားက “ဒီရွတ်ဖတ်လိုက်တဲ့ ကုသိုလ်အကျိုးကို ကျွန်ုပ်မိန်းမက ရတယ်လို့ အရှင် ယူဆပါသလား”လို့ မေးလိုက်ပါတယ်။ ထိုအခါ ဘုန်းကြီးက “သင့် မိန်းမတင် ဘယ်ကမလဲ၊ အားလုံးသော ဝေနေယျသတ္တ၀ါတွေဟာ ဒီသုတ္တန်ရွတ်ဖတ်လိုက်တဲ့အကျိုးကို ရကြပါတယ်”လို့ ဖြေလိုက်တယ်။

“အော် … အခုလို ကုသိုလ်အကျိုးကို သတ္တ၀ါအားလုံးကို ညီတူမျှတူ ခွဲဝေပေးလိုက်ရတော့ ကျွန်ုပ်မိန်းမရနိုင်မယ့် ကုသိုလ်ဝေစုက နည်းသွားမှာပေါ့၊ ဒီတော့ အရှင့်အနေနဲ့ ကျွန်ုပ်မိန်းမတစ်ယောက်အတွက်ပဲ သုတ္တန်ကို ရွတ်ဖတ်ပေးပါ”လို့ လယ်သမားက ပြောလိုက်တယ်။ ထိုအခါ ဘုန်းကြီးက ကုသိုလ်တစ်ခုပြုတဲ့အခါ ကုသိုလ်ကောင်းမှုအကျိုးကို သတ္တ၀ါအားလုံးကို မျှဝေပေးဖို့ဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ ဆန္ဒဖြစ်ကြောင်း ရှင်းပြလိုက်တယ်။

ထိုအခါ လယ်သမားက ပြောပြန်တယ်။ “အော် … ဒီလိုလား၊ ဒါဆိုရင် ခြွင်းချက်အနေနဲ့ တစ်ယောက်ကိုတော့ ထားပေးပါ။ ကျွန်ုပ်ရဲ့ အိမ်နီးနားချင်းတစ်ယောက်ဟာ ကြမ်းလည်း ကြမ်းတမ်းတယ်၊ ကျွန်ုပ်အပေါ်လည်း ရက်စက်တယ်၊ ဒါကြောင့် သူတစ်ယောက်ကိုတော့ ချန်ထားပေးပါ၊ ကျန်တဲ့သတ္တ၀ါအားလုံးကိုတော့ မျှဝေပေးလို့ ရပါတယ်”လို့ ပြောလိုက်ပါတယ်။

(၂)
ဒီဇာတ်လမ်းလေးကို ဖတ်ကြည့်မိတော့ ပြုံးမိတယ်။ တစ်ဖက်ကလည်း အတွေးလေးတွေ ဆင့်ပွားနေမိတယ်။
ပြုံးမိတာက ကြံကြံဖန်ဖန် အမျှဝေတာကို အိမ်နီးနားချင်းတစ်ယောက်ကို ထားခဲ့ချင်တဲ့ လယ်သမားရဲ့ စိတ်ကူးကြောင့်ပါ။ တွေးမိတဲ့အကြောင်းကတော့ အများကြီးပေါ့။

(၃)
စာရေးသူတို့ ၀န်းကျင်တွေမှာလည်း တွေ့ဖူးကြမှာပါ။ “ငါ အားလုံးနဲ့ ချစ်ချစ်ခင်ခင် နေလို့ ရပါတယ်ကွာ၊ ဒီကောင့်ကိုတော့ ကြည့်လို့ကို မရဘူး”။ “တပည့်တော် ကျန်တဲ့လူအားလုံးကို ပြုံးပြုံးရွှင်ရွှင် ဆက်ဆံလို့ ရပါတယ်၊ သူ့ကိုတော့ ဘယ်လို ကြိုးစားကြိုးစား၊ မေတ္တာထားလို့ကို မရဘူး” … စသည်ဖြင့် ပြောဆိုကြတာကို လူတိုင်း ကြုံဖူးမှာပါ။ ကိုယ်တိုင်လည်း ပြောဖြစ်ဖူးကြမှာပါ။

(၄)
နောက်တစ်ချက်က ဇာတ်လမ်းလေးအဆုံးမှာ လယ်သမားကြီးရဲ့ မျက်နှာ၊ ဟန်ပန်အမူအရာနဲ့ စိတ်နေစိတ်ထားတွေက မျက်စိထဲ ကွင်းကွင်းကွက်ကွက် မြင်လာခဲ့တယ်။ သူက ရိုးသားပြီး အသိဉာဏ်နည်းရှာတယ်။ နေရာအတော်များများမှာ သူ့လို လူတွေ အများကြီး ကြုံဖူးကြမှာပါ။ သူတို့ဟာ ရိုးသားတယ်၊ ဖြူစင်တယ်၊ ချစ်စရာကောင်းတယ်၊ ဒါပေမယ့် အသိဉာဏ်အားနည်းတော့ သူ့အထက်မှာ ရှိတယ်လို့ သက်မှတ်ထားတဲ့ သူတွေ (ဘုန်းကြီးတို့၊ ဆရာတို့၊ ဆေးဆရာတို့)ပြောသမျှကို အကုန်ယုံတတ်တယ်။ မြန်မာနိုင်ငံက ရွာတွေမှာ အများဆုံး တွေ့ရတတ်တာပဲ။

(၅)
မြန်မာမှာ နာမည်ကြီး ဆရာကြီးတစ်ဦး ရှိခဲ့ဖူးတယ်။ သူ့ကိုယ်သူ နောက်ဆုံးပွင့်တဲ့ ဘုရားလို့ လိုက်ဟောနေခဲ့တာ။ နောက်လိုက် တပည့်တွေကလည်း အများကြီးပဲ။ သူ့တရားတွေထဲက တစ်ခု ပြောရရင် တရားအားထုတ်တယ်ဆိုတာ လောဘတဏှာကို ပယ်သတ်ရတာ၊ အတော်အတန် သူ့တရားနာ၊ အားထုတ်လို့ပြီးရင် အမျိုးသမီးတွေကို တစ်ဦးချင်း အခန်းပိတ်ပြီး တရားစစ်တယ်။ ဟိုနေရာ ဒီနေရာတွေကို ထိပြီးတော့ ဟိုစိတ်ဒီစိတ် ဖြစ်သေးလားလို့ မေးတယ်။ ဖြစ်သေးတယ်ဆိုရင် တဏှာ မကုန်သေးဘူးပေါ့။ ဒါက အမျိုးသမီးတွေကို တရားစစ်တာ၊ အမျိုးသားတွေကို တရားစစ်တာကတော့ တစ်မျိုး၊ မင်း တရားပေါက်ပြီလို့ ထင်နေလား။ ဒါဆိုရင် မင်း မိန်းမကို ရေစက်ချပြီး ငါ့ကို လှူကြည့်။ မင်းစိတ်ထဲမှာ ဘာသံယောဇဉ်မှ မရှိတော့ဘူးဆိုရင် မင်း တရားရပြီပဲလို့ ပြောတယ်။ ဆိုတော့ ယောဂီတွေကလည်း သူတို့ တရားရကြောင်း ပြချင်တာနဲ့ ဆရာကြီးကို မိန်းမတွေ လှူပစ်လိုက်ကြတယ်။

ဒါက တကယ်ရှိခဲ့တဲ့ အဖြစ်အပျက်ပါ။ သူ့ကို တရားစီရင်ဖို့အတွက် သက်ဆိုင်ရာတွေဟာ မနည်းကို ကြိုးစားခဲ့ကြရတယ်။ ဘာကြောင့်လဲဆိုတော့ သူ့တပည့်တွေ မြောက်များစွာဟာ သူ့ဘက်ကနေ လိုက်ထောက်ခံပေးခဲ့ကြလို့ ဖြစ်ပါတယ်။ အသိဉာဏ်ပညာနည်းတဲ့ ရလဒ်တွေလို့ ဆိုရမှာပါ။

(၆)
ဘာရယ်တော့ မဟုတ်ပါဘူး။ ဟာသဆန်ဆန် (လက်တွေ့လည်း ဆန်ပါတယ်) ဇင်ဇာတ်လမ်းလေးကို ဖတ်ပြီး ရလာတဲ့အတွေးအချို့ကို ကောက်ခြစ်ကြည့်တာပါ။ လယ်သမားကြီးရဲ့ ရိုးသားတဲ့ ပကတိရင်ထဲက လူသားတွေရဲ့ သဘာဝကို လှစ်ဟပြနေတာကတော့ ဇာတ်လမ်းလေးရဲ့ အလှပဆုံး အကွက်တစ်ခုလို့ ထင်ပါတယ်။ နောက်ဆုံးတော့လည်း “ဖြူစင်မှုထဲမှာ အမည်းစက်လေးတွေရှိနေတတ်တာဟာ လူ့သဘာဝပဲ”လို့ လက်ခံလိုက်ရတော့မလိုပါပဲ။

1 comment:

သဒ္ဓါလှိုင်း said...

ဖြူစင်မှုတွေရှိပါတယ်ဆိုပေမယ့် ဖြစ်လာတတ်တဲ့ အမဲစက်လေးကို အတတ်နိုင်ဆုံး ဖယ်ရှားနိုင်အောင်၊ ကြိုးစားနေထိုင်ဖို့ အရေးကြီးတယ်ဆိုတာ သတိရသွားမိပါတယ်ဘုရား။
ရိုသေလေးစားလျက်
သဒ္ဓါ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails