Thursday, June 23, 2011

ရတနာရာမသို့ ရောက်ခဲ့ရာဝယ် …


(၁)
၂၀၀၉-ခုနှစ်က စာရေးသူသည် သီရိလင်္ကာမှာ စာသင်နေရာက M A စာမေးပွဲလည်း ပြီးပြီဖြစ်၍ မြန်မာနိုင်ငံသို့ အလည်တစ်ခေါက် ပြန်ခဲ့သည်။ မြန်မာနိုင်ငံမှအပြန်တွင် မလေးရှားနိုင်ငံသို့ သူငယ်ချင်းတစ်ပါးနှင့်အတူ အလည်သွားရောက်ခဲ့သည်။ မြို့လည်က ဗုဒ္ဓ၀ိဟာရကျောင်းတွင် တည်းခိုခဲ့ပါသည်။ ထိုစဉ်က လင်္ကာတမန် မဂ္ဂဇင်းတာဝန်ကလည်း ပါရှိနေရာ မြို့လည်ကျောင်းက အဆင်အပြေဆုံးဟု ယူဆသည်ကတစ်ကြောင်း၊ မြို့လည်ကျောင်း ဆရာတော်ကလည်း ဧည်သည်များအပေါ်တွင် ဖော်ရွေသည်ကတစ်ကြောင်းကြောင့် တည်းဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။

လင်္ကာတမန် မဂ္ဂဇင်းကိစ္စ၀ိစ္စများ ဆောင်ရွက်ပြီးသောအခါ သီရိလင်္ကာက သူငယ်ချင်းက လှမ်းမေးပါသည်။ “ပီနန်ဆရာတော်ကြီးကိုယ်တိုင် ၀ယ်ယူ တည်ထောင်ထားတဲ့ ကျောင်းသားကျောင်းမှာ မတည်းဘူးလား”ဟု မေးပါသည်။ များသောအားဖြင့် ရတနာရာမကျောင်းကို “ကျောင်းသားကျောင်း”ဟုပင် ခေါ်ကြပါသည်။

“ဆရာတော်ကြီးက သီရိလင်္ကာ၊ အိန္ဒိယ စတဲ့ စာသင်သား ရဟန်းတော်တွေ မလေးရှားကို လာလည်ရင် တည်းစရာ အဆင်ပြေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ထောင်ထားတာလေ”ဟုလည်း ဆက်ပြောပါသည်။ ထိုစဉ်က အာဂန္တုများ စကားအရ ရတနာရာမကျောင်းကို သွားတည်းဖို့ တွန့်ဆုတ်နေပါသည်။ သွားသမျှ သူငယ်ချင်းများလည်း ဆရာတော်ကြီးက မည်သို့ပင် ရည်ရွယ်တည်ထောင်ထားစေကာမူ မသွားဖြစ်ကြသည်က များပါသည်။

သို့ရာတွင် သူငယ်ချင်းတစ်ပါးက “ဟာ ဦးကုသလသာမိ၊ ဘာဖြစ်လို့ ရတနာရာမကို သွားမတည်းတာလဲ၊ တစ်ခြားသူ စကားတွေ နားထောင်မနေနဲ့၊ ဆရာတော်ကြီးက တပည့်တော်တို့လို စာသင်သားတွေ တည်းဖို့ တည်ထောင်ထားတာ၊ ကိုယ်တော် သွားသင့်တယ်”ဟု အကြံပေးပါသည်။ ထိုစကားဖြင့်ပင် ရတနာရာမကျောင်းသို့ သွားရောက်တည်းခိုခဲ့ပါသည်။ ထိုစဉ်က တာဝန်ခံဆရာတော်များမှာ ဦးစရိယနှင့် ဦးအဂ္ဂဓမ္မ တို့ ဖြစ်ပါသည်။
(၂)
တာဝန်ခံဆရာတော်များဖြစ်သော ဦးစရိယနှင့် ဦးအဂ္ဂဓမ္မတို့ ဆိုသည်မှာ ၂၀၀၇-စက်တင်ဘာအရေးအခင်းကာလတွင် သီရိလင်္ကာစာသင်သားများဖြင့် တည်ထောင်ဖွဲ့စည်းခဲ့သော သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (MSMA)တွင် တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့ကြသော ရဟန်းတော်များ ဖြစ်ပါသည်။

စာရေးသူသည် ၂၀၀၈-ခုနှစ်တွင် သီရိလင်္ကာနိုင်ငံသို့ စာသင်သွားရာ စာရေးသူ သီရိလင်္ကာသို့ ရောက်ရောက်ချင်း MSMA အဖွဲ့သားများ မလေးရှားက ဆရာတော်ဘုရားကြီး တည်ထောင်ထားသော ရတနာရာမကျောင်း တာဝန်ခံဆရာတော် ခန့်အပ်ရေးအစည်းအဝေးကို တက်ရောက်ခွင့် ရခဲ့ပါသည်။

ထိုအစည်းအဝေးကျင်းပသည့်အချိန်တွင် ဦးစရိယနှင့် ဦးအဂ္ဂဓမ္မတို့မှာ မလေးရှားတွင် အလည်အပတ်ရောက်ရှိနေကြပါသည်။ သို့ဖြစ်၍ ဥက္ကဋ္ဌဆရာတော်က အစည်းအဝေးတက်ရောက်သူများကို အကျိုးအကြောင်းရှင်းပြပြီး မလေးရှားတွင် ရောက်ရှိနေသော ဦးစရိယနှင့် ဦးအဂ္ဂဓမ္မတို့ကို ဆရာတော်ဘုရားကြီး၏ ရတနာရာမကျောင်း တာဝန်ခံဆရာတော်များအဖြစ် ခန့်အပ်လျှင် သဘောတူ၊ မတူ သဘောထား ခံယူခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်လာသူ ရဟန်းတော်များက “သာဓု၊ သာဓု၊ သာဓု”ဟု သာဓုသုံးကြိမ် ခေါ်အပြီးတွင် ဦးစရိယနှင့် ဦးအဂ္ဂဓမ္မတို့မှာ မလေးရှားနိုင်ငံ၊ ရတနာရာမကျောင်း တာဝန်ခံဆရာတော်များအဖြစ် အတည်ပြုနိုင်ခဲ့ကြပါသည်။ ဦးအဂ္ဂဓမ္မမှာ လူပြန်တော် ဖြစ်သွားသဖြင့် ရတနာရာမကျောင်းတွင် ဦးစရိယတစ်ပါးသာ ကျန်ရှိနေခဲ့သည်။

(၃)
တစ်နေ့က ရတနာရာမကျောင်းကိစ္စအကြောင်း ဆရာတော်နှင့် ပြောဖြစ်ကြသောအခါ ဆရာတော်ကြီးက ရတနာရာမကျောင်း တည်ထောင်ခဲ့ရပုံနှင့် တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များကို အမိန့်ရှိခဲ့ပါသည်။

“အိန္ဒိယတို့၊ သီရိလင်္ကာတို့မှာ စာသင်နေကြတဲ့ ကိုယ်တော်လေးတွေ မလေးရှားကို အလည်ရောက်လာရင် တည်းဖို့ခိုဖို့ အခက်အခဲ ရှိနေတယ်ဆိုတာကို ငါ သိတယ်။ ဒါနဲ့ ကွာလာလမ်ပူမှာ ကျောင်းတည်ထောင်ဖို့ ငါကိုယ်တိုင် ဆန်းဒေးစကူးကျောင်းသားဟောင်း ဒေးဗစ်(David)နဲ့ လေးဘိန်း (Lay Beng)တို့ကို ခေါ်ပြီး နေရာရှာဖို့ ပြောလိုက်တယ်။ တကယ်တော့ ဒီ ရတနာရာမကျောင်းဆိုတာ ပထမဆုံးနေရာ မဟုတ်ဘူး၊ အရင် နေရာတစ်ခု ၀ယ်သေးတယ်။ နောက်ပိုင်းမှာ အခြေအနေအကြောင်းကြောင်းကြောင့် အခု လက်ရှိနေရာကို ရွေးဖြစ်ပြီး အတည်ဖြစ်သွားတာ”

စသည်ဖြင့် ကျောင်းတိုက်၏သမိုင်း၊ ကျောင်းတိုက်တည်ထောင်ရခြင်း၏ ရည်ရွယ်ချက် စသည်များကို စိတ်ရှည်လက်ရှည် ရှင်းလင်းမိန့်ကြားခဲ့ပါသည်။

(၄)
ဆရာတော်ဘုရားကြီးက စာရေးသူတို့နှင့် စကားပြောတိုင်း “ကေအယ်ကကျောင်း (ရတနာရာမကျောင်း) အာဂန္တုတွေ လာသလား”ဟု အမြဲမေးပါသည်။ နိုင်ငံတကာမှ စာသင်သားအတွက် ရည်ရွယ်တည်ထောင်ထားသော ရတနာရာမကျောင်းသည် ဆရာတော်ဘုရားကြီး၏ ဆန္ဒကို မဖြည့်ဆီးပေးနိုင်ဖြစ်နေသည့်အတွက် ဆရာတော်ကြီး သဘောမတွေ့ ဖြစ်နေခဲ့ရပါသည်။ ရည်ရွယ်ချက်ကောင်းများဖြင့် တည်ထောင်လိုက်သော ကျောင်းတိုက်က အဆင်မပြေမှုများ၊ ပြဿနာများ၊ စိတ်ကသိကအောက်ဖြစ်စရာများ စသည့် သတင်းတို့ကိုသာ ရရှိနေသည့်အတွက် ဆရာတော်ကြီးအနေဖြင့် စိတ်မချမ်းမမြေ့ ဖြစ်နေခဲ့ရပုံ ရပါသည်။

သို့ရာတွင် ဆရာတော်ဘုရားကြီး၏ လေးစားကြည်ညိုဖွယ်ရာများအနက် လေးစားစရာကောင်းသော အချက်တစ်ခု ရှိပါသည်။ “ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တာဝန်တစ်ခု ပေးမိလျှင် အမှားများ ကျူးလွန်နေသည်ကို ထင်ထင်ရှားရှား တွေ့မြင်နေရစေကာမူ လွယ်လွယ်ကူကူဖြင့် မဖယ်ရှားလို”ဟူသော အချက်ဖြစ်ပါသည်။ ဆုံးဖြတ်ချက်တစ်ခုကြောင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် နစ်နာသွားမှာကို အထူး စိုးရိမ်တော်မူပါသည်။

“စောင့်ကြည့်သေးတာပေါ့၊ စောင့်ကြည့်သေးတာပေါ့၊ သူ့ခမျာ ငါ လုပ်လိုက်ရင် နစ်နာသွားလိမ့်မယ်”ဟု မကြာခဏ အမိန့်ရှိပါသည်။ ဆရာတော်ဘုရားကြီးက သနားကရုဏာစိတ်ဖြင့် အချိန်အများကြီးပေးကာ စောင့်ကြည့်ပေးခဲ့ပါသည်။

နောက်ပိုင်း ဆရာတော်ဘုရားကြီးကို တပည့်ဒကာ၊ ဒကာမများနှင့် ဆရာတော်များက ရတနာရာမကျောင်းတိုက်တွင် တာဝန်ခံဆရာတော် တစ်ပါးတည်း မထားသင့်ကြောင်း၊ နောက်ထပ် တာဝန်ခံဆရာတော်များ ရွေးချယ်စေလွှတ်သင့်ကြောင်း အကျိုးအကြောင်း၊ သာဓကများပြပြီး တောင်းပန်လာကြသည်။

စာရေးသူတို့နှင့် စကားပြောဖြစ်သည့်အခါတိုင်း
“ဧကော အလဇ္ဇီ အလဇ္ဇီသတမ္ပိ ကရောတိ = ယုတ်မာတဲ့သူတစ်ယောက်ဟာ ယုတ်မာသူတစ်ရာကိုလည်း ဖြစ်စေနိုင်တယ်၊ An evil increases thousands of evil”
ဟူသော ၀ိနည်းအဋ္ဌကထာလာ စကားကို ထည့်သွင်းပြီး ရတနာရာမကျောင်းကိစ္စကို မကြာခဏ အမိန့်ရှိပါတော့သည်။ ထိုသို့အမိန့်ရှိရင်း တာဝန်ခံဆရာတော် ဦးဝိစိတ္တနှင့် စာရေးသူတို့ကို ရတနာရာမကျောင်းတွင် တာဝန်ခံဆရာတော် ၂-ပါး ထပ်မံခန့်အပ်ဖို့ ဦးဇင်း ၂-ပါးလောက် ရှာထားဖို့ အမိန့်ရှိခဲ့ပါသည်။

(၅)
၂၀၁၁-ခုနှစ်၊ ဇွန်လ၊ ၈-ရက်နေ့တွင် ဆရာတော်ဘုရားကြီး စင်္ကာပူ ကြွဖို့ စီစဉ်ထားခဲ့သည်။ ၈-ရက်နေ့၊ နေ့ဆွမ်းစားအပြီးတွင် “ကိုယ်တော်တို့ ရတနာရာမကျောင်းအတွက် တာဝန်ခံဆရာတော်အဖြစ် သွားမယ့် ကိုယ်တော် ၂-ပါးဆိုတာ ရှာပြီးပြီလား”ဟု မေးပါသည်။ စာရေးသူတို့က ရှာပြီးပြီဖြစ်ကြောင်း လျှောက်ထားသောအခါ “ဒါဆို ဘာလုပ်နေကြတာလဲ၊ သွားထားလိုက်တော့လေ၊ အချိန်မရှိတော့ဘူး၊ ငါလည်း စင်္ကာပူ သွားတော့မယ်၊ ဒီကိစ္စကို ပြီးအောင် လုပ်ထားကြ”ဟု အမိန့်ရှိခဲ့ပါသည်။
ထိုအခါ စာရေးသူတို့က “ဆရာတော် … အခု ဦးစရိယက ခရီးထွက်နေတယ်၊ ကျောင်းမှာ မရှိဘူး”လျှောက်ထားသောအခါ “သူ ခရီးထွက်နေတော့ကော ဘာဖြစ်လဲ၊ ငါ လွှတ်လိုက်တယ်ဆိုရင် ပြီးရောပေါ့”ဟု အမိန်ရှိခဲ့ပါသည်။

ပြီးလျှင် ဆရာတော်ဘုရားကြီးက “ငါ စာတစ်စောင်လည်း ရေးပေးလိုက်မယ်”ဟု ပြောပြီး ညနေ ၃-နာရီခန့်တွင် ဆရာတော်ဘုရားကြီးကိုယ်တိုင် လက်မှတ်ရေးထိုးပြီး စာရေးသူတို့လက်ထဲ စာကို ပေးထားခဲ့ပါသည်။

(၆)
၉-ရက်နေ့တွင် ကွာလာလမ်ပူရှိ ရတနာရာမကျောင်းကို ဖုန်းဆက်သည်။ ကျောင်းတွင် ရှိနေသော ဦးဇင်းတစ်ပါးက ဦးစရိယ ထိုင်းကို အလည်သွားနေကြောင်း ပြောပြသည်။ “ဘယ်နေ့ ပြန်ရောက်မလဲ”ဟု မေးသောအခါ “မသိပါ”ဟု ဖြေသည်။ ဦးစရိယ၏ ယာယီ ထိုင်းဖုန်းနံပါတ် သိပါရစေဟု မေးသောအခါ “မသိပါ”ဟု အကြောင်းပြန်သည်။

နောက်ဆုံး သတိရမိသည်မှာ ဦးစရိယ၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သော၊ စာရေးသူနှင့် အလွန်ရင်းနှီးသော ကျောင်းထိုင်ဘုန်းကြီးတစ်ပါးထံကို အကူအညီတောင်းကြည့်ဖို့ ဖြစ်သည်။ “ဦးစရိယ ထိုင်းကို အလည်ကြွသွားတယ်၊ ထိုင်းဖုန်းနံပါတ်လည်း မသိပါ”ဟု အမိန့်ရှိသည်။ နောက်ပိုင်းတွင် ဦးစရိယသည် ထိုင်းတွင် မရှိတော့ကြောင်း၊ မြန်မာနိုင်ငံသို့ အလည်ရောက်သွားကြောင်း အကြောင်းပြန်သည်။ “ဦးစရိယကို ဘယ်လို ဆက်သွယ်လို့ ရမလဲ၊ သူ့ကို ဆက်သွယ်လို့ ရမယ့် ဖုန်းနံပါတ် ရနိုင်မလား”ဟု မေးကြည့်သောအခါ “မသိပါ”ဟု အဖြေရသည်။

နောက်ပိုင်းတွင် ဦးစရိယ ဇွန်လ၊ ၁၈-ရက်နေ့ ပြန်ရောက်မည်ဖြစ်ကြောင်း သိရသည်။ စာရေးသူတို့လည်း ဦးစရိယပြန်လာမှ ဆရာတော်ဘုရားကြီး ရေးပေးလိုက်သော စာနှင့်အတူ လုပ်စရာရှိသည်များ လုပ်ဆောင်ကြဖို့ စိတ်ကူးထားခဲ့ကြသည်။

(၇)
၁၁-ရက်နေ့တွင် တာဝန်ခံဆရာတော် ဦးဝိစိတ္တ (ပီနန်ကျောင်း)နှင့် စင်္ကာပူတွင် ရောက်ရှိနေသော ဆရာတော်ဘုရားကြီးတို့ ဖုန်းပြောဖြစ်သောအခါ ဆရာတော်ကြီးက “ကိုယ်တော်တို့ ရတနာရာမကျောင်း မသွားကြသေးဘူးလား၊ ဘာလုပ်နေကြတာလဲ”ဟု အမိန့်ရှိလိုက်ပါသည်။ ဤသို့ဖြင့် တာဝန်ခံဆရာတော် ဦးဝိစိတ္တ၊ စာရေးသူ၊ ကပ္ပိယမောင်နိုင်တို့နှင့်အတူ ရတနာရာမကျောင်း နောက်ထပ် တာဝန်ခံအသစ်ဖြစ်သော ဦးစန္ဒာသီရိ၊ ဦးဇာဂရတို့ ကွာလာလမ်ပူမြို့ရှိ ရတနာရာမကျောင်းသို့ ဇွန်လ၊ ၁၃-ရက်နေ့ မနက်တွင် ထွက်ခွါခဲ့ကြပါသည်။

(၈)
စာရေးသူလည်း ပီနန်ကျောင်းကြီးသို့ ရောက်လာကတည်းက ကွာလာလမ်ပူသို့ တစ်ခေါက်မှ မသွားနိုင်ခဲ့ပါ။ အမှန်အားဖြင့် ကျောင်းကနေ အလည်အပတ်သွားရောက်ဖို့ကို အချိန်မရခဲ့ပါ။ အခု ခရီးထွက်လိုက်ရသဖြင့် စိတ်ထဲတွင် ပေါ့ပါးနေသလို ခံစားရပါသည်။ ပီနန်ဆရာတော်ဘုရားကြီးက ပေးအပ်လိုက်သော တာဝန်အတွက်လည်း မည်သည့်ဖိအားမျှ မထားမိပါ။ အဘယ်ကြောင့်ဆိုသော် ဆရာတော်ဘုရားကိုယ်တိုင် လုပ်စရာရှိသည်များကို ခရေစေ့တွင်းကျ မှာထားပြီးဖြစ်သောကြောင့် ဖြစ်ပါသည်။

“ကိုယ်တော် အခု ဦးစရိယက ကျောင်းမှာ မရှိဘူး၊ လှမ်းပြီး အသိပေးဖို့လည်း ဖုန်းနံပါတ်က မေးလို့ မရဘူး၊ ဒီတော့ တပည့်တော်တို့ကို အာဏာသိမ်းတယ်၊ မတရားလုပ်တယ် ဘာညာနဲ့ သွားပုတ်လေလွင့် ပြောမှာ သေချာတယ်၊ သူက အာဏာအတွက်ဆို အောက်လမ်းနည်း၊ အထက်လမ်းနည်း နည်းမျိုးစုံ သုံးတတ်တယ်”

“ကိုယ်တော်ရာ သိပ်ပူမနေပါနဲ့၊ ဆရာတော်ကြီးလည်း ဒီလို လုပ်မှာကို ကြိုသိနေတာပဲလေ။ ဟိုနေ့က ပြောတယ်မလား၊ ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက်တဲ့ကွ၊ ဘယ်သူတွေ ကဲ့ရဲ့ကဲ့ရဲ့၊ ကိုယ်တော်တို့ ဘာမှ ဂရုစိုက်မနေနဲ့၊ ငါ့ ဆန္ဒကလည်း ရှင်းရှင်းလေး၊ သုံးပါးလုံး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်ငန်းတွေ လုပ်၊ ဒီထဲက မကျေနပ်တဲ့သူက ကျောင်းက ထွက်ပေါ့၊ ရှင်းရှင်းလေးပဲလို့ ဆရာတော် အမိန့်ရှိထားတာပဲလေ”

စကားတပြောပြောဖြင့် နေ့လည် ၁၁-ခွဲခန့်အချိန်တွင် ကွာလာလမ်ပူသို့ ရောက်ရှိခဲ့ကြသည်။ မြတ်သုခစားသောက်ဆိုင်တွင် ဆွမ်းစားပြီး အခြားလုပ်စရာရှိသည်များ လုပ်ဆောင်ကြသည်။ ကျောင်းကော်မတီများဖြစ်သော ဒေးဗစ်နှင့် လေးဘိန်းတို့ကို ပီနန်ဆရာတော်ဘုရားကြီး၏ စာနှင့်အတူ ဦးဇင်းတို့ ကေအယ်သို့ ရောက်လာကြပြီဖြစ်ကြောင်း၊ အချိန်အားလျှင် ကျောင်းကို လာခဲ့ပြီး ဆွေးနွေးဖို့ အကြောင်းများကို ဖုန်းဆက်ပြောသည်။ တနင်္လာနေ့ဖြစ်၍ အလုပ်ရှုပ်နေသဖြင့် ည အလုပ်ပြီးချိန်မှသာ လာနိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်ကြသည်။

အမှန်အားဖြင့် ဒေးဗစ်နှင့် လေးဘိန်းတို့မှာ စာရေးသူတို့လာသောကိစ္စကို ကြိုတင်သိရှိနေပြီး ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆရာတော်ဘုရားကြီးကိုယ်တိုင် ဒေးဗစ်တို့ထံ ဖုန်းဆက်ထားသောကြောင့် ဖြစ်ပါသည်။

(၉)
ညနေ ၃-နာရီတွင် ရတနာရာမကျောင်းသို့ ရောက်ရှိခဲ့ကြသည်။ စာရေးသူတို့ ရောက်သွားချိန်၊ ရတနာရာမကျောင်းတွင် အာဂန္တု ၂-ပါး၊ ကိုရင်ငယ် ၁-ပါး၊ ကျောင်းသား ၂-ယောက်နှင့် ဧည့်သည်အချို့ ရှိနေကြသည်။ အချို့ကလည်း ကျောင်းမှာ တစ်ခုခု ဖြစ်နေကြောင်း၊ သွားကြည့်ကြဖို့ အချို့က ပြောသဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ပြောကြသည်။ ခဏတစ်ဖြုတ် နားနေပြီးသောအခါ အာဂန္တုကိုယ်တော်များအပါအ၀င် ကျောင်းရှိပုဂ္ဂိုလ်အားလုံးတို့ကို အစည်းအဝေးတစ်ခု ပြုလုပ်ဖို့ ဦးဝိစိတ္တက ညွှန်ကြားသဖြင့် အစည်းအဝေးတစ်ခု ပြုလုပ်ပြီး လာရောက်ရခြင်းအကြောင်းတရားနှင့် ဆရာတော်ဘုရားကြီး ဖြစ်စေချင်သော ရည်ရွယ်ချက်များကို ဦးဝိစိတ္တက ရှင်းလင်းပြောကြားသည်။

ဆရာတော်ဘုရားကြီး၏ စာကိုလည်း ဖတ်စေသည်။ အာဂန္တုကိုယ်တော်များကလည်း သူတို့သည် ဤကျောင်းတွင် ဧည့်သည်မျှသာဖြစ်ကြောင်း၊ ရေရှည်နေဖို့ အစီအစဉ်မရှိကြောင်း ပြောကြသည်။ အာဂန္တုကိုယ်တော်များ စိတ်ထဲတွင် ပြောစရာရှိပါက ပွင့်ပွင့်လင်းလင်း ပြောကြားနိုင်ကြောင်း မေးမြန်းရာ ဘာမျှ ပြောစရာမရှိကြောင်းဆိုသဖြင့် အစည်းအဝေးက အေးအေးဆေးဆေးပင် ပြီးဆုံးသွားခဲ့သည်။

(၁၀)
ညနေပိုင်းတွင် ကျောင်းကော်မတီအဖွဲ့ဝင်များဖြစ်သော မစ္စတာဒေးဗစ်နှင့် မစ္စ်လေးဘိန်းတို့ထံမှ ဖုန်းမက်ဆေ့ ရသည်။ ည ၈-နာရီခွဲခန့်တွင် ကျောင်းသို့ လာကြမည်ဖြစ်ကြောင်း အကြောင်းပြန်ကြခြင်း ဖြစ်သည်။ ည ၈-နာရီခွဲခန့်တွင် မစ္စတာဒေးဗစ်၊ မစ္စ်လေးဘိန်းတို့နှင့်အတူ ဒကာကြီးသိန်းရွှေတို့ ရတနာရာမကျောင်းသို့ ရောက်လာကြသည်။ ကျောင်းရောက်ပြီး ဘုရားဝတ်ပြုပြီးသောအခါ ပီနန်ကျောင်း တာဝန်ခံဆရာတော် ဦးဝိစိတ္တ၊ စာရေးသူနှင့် ရတနာရာမကျောင်း နောက်ထပ် တာဝန်ခံအသစ်ဖြစ်သော ဦးစန္ဒာသီရိ၊ ဦးဇာဂရ၊ ပီနန်ဆရာတော်ကြီး ထည့်လိုက်သော ကပ္ပိယမောင်နိုင်၊ မွှားကျောင်းဆရာတော် ဦးဇဋိလတို့နှင့် အစည်းအဝေးကို စတင်လိုက်ကြသည်။

အစည်းအဝေးတွင် အချင်းချင်း မိတ်ဆက်ပေးပြီး စာရေးသူက ရတနာရာမကျောင်းသို့ လာရောက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြသည်။ ပြီးလျှင် ဆရာတော်ဘုရားကြီး ပေးလိုက်သော စာအိတ်များကို မစ္စတာဒေးဗစ်နှင့် မစ္စ်လေးဘိန်းတို့ကို ပေးလိုက်သည်။ စာရေးသူက “ဆရာတော်ဘုရားကြီး၏ စာကို အေးအေးဆေးဆေး ဖတ်ပါ၊ ပြီးလျှင် မေးစရာရှိသည်များကို မေးနိုင်ပါတယ်”ဟု ပြောသည်။ မစ္စတာဒေးဗစ်က “ဆရာတော်ဘုရားကြီး ခိုင်းလိုက်တာပဲ၊ တပည့်တော်တို့ အကုန်ဖြစ်အောင် လုပ်ရမှာပေါ့၊ ဘာမျှ မေးခွန်းထုတ်စရာ မရှိပါဘူး”ဟု ဆိုပါသည်။

ထိုအခါ စာရေးသူက စာထဲမှာ ပါသောအကြောင်းအရာဖြစ်ဖြစ်၊ အခြားအကြောင်းအရာတစ်ခုခုပဲဖြစ်ဖြစ် ရင်ထဲရှိသမျှ ပြောဆိုကြဖို့၊ အစကတည်းက အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းတိုင်ပင်ကြဖို့ ပြောပါသည်။ ပြီးသောအခါ “ဦးဇင်းတို့ ဘယ်မှာ အိပ်မလဲ”ဟု မေးသောအခါ ညအိပ်သည့်ကိစ္စမပူကြဖို့၊ ဦးဇင်းတို့အားလုံးဟာ သံဃာတော်များဖြစ်လို့ အချင်းချင်း ညှိနှိုင်းပြီး အိပ်ကြမည်ဖြစ်ကြောင်း ပြောလိုက်သည်။

လက်ရှိအချိန်တွင် ရတနာရာမကျောင်း၌ တာဝန်ခံဆရာတော်မရှိဘဲ အာဂန္တုကိုယ်တော်များသာ ရှိနေသဖြင့် ယခု လက်ရှိတာဝန်ခံဆရာတော်များမှာ ကျောင်းဝင်းတံခါးသော့နှင့် အခြားအရေးကြီးသော သော့များ ရှိထားဖို့ လိုအပ်ပါကြောင်း၊ သို့အတွက်ကြောင့် မစ္စ်လေးဘိန်းအနေဖြင့် သော့များကို ပေးအပ်စေလိုကြောင်း စာရေးသူက ပြောသောအခါ မစ္စ်လေးဘိန်းက သော့များကို ယူပြီး တစ်ခန်းချင်း လိုက်ဖွင့်ပေးပါသည်။

စာရေးသူတို့အား အပုတ်ချရေးထားသော စာများထဲကကဲ့သို့ တာဝန်ခံဆရာတော်ဟောင်း ဦးစရိယ၏ အခန်းသော့ကို ထိုနေ့က မပြောနှင့် ယနေ့ စာရေးချိန် (ဇွန်လ၊ ၂၃-ရက်နေ့)အထိ ရယူခြင်း မရှိပါ။

(၁၁)
မစ္စတာဒေးဗစ်တို့ ပြန်သွားအပြီး ည ၁၀-နာရီခန့်တွင် ဦးဝိစိတ္တနှင့်အတူ စာရေးသူတို့က ကျောင်းရောက်လာသော ဒကာကိုဆန်းဝင်း၊ အခြားကျောင်းဒကာတစ်ဦးတို့နှင့် စကားပြောနေခဲ့သည်။ ကျောင်းအခန်းများတွင် အာဂန္တုကိုယ်တော် နေသည်ဆို၍ စာရေးသူက “တပည့်တော်တို့ အပြင်မှာ အိပ်လိုက်မယ်၊ သူတို့ အခန်းထဲမှာပဲ အိပ်ပါစေ”ဟု ပြောလိုက်သည်။ အိပ်စရာနေရာအတွက် ဘုရားရှေ့တွင် ဖျာတစ်ချပ်ခင်းပြီး အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။

ထိုစဉ် ကျောင်းတွင် နေပုံရသော ကျောင်းသားတစ်ယောက်က အထုပ်အပိုးများ ပြင်ဆင်နေခဲ့သည်။ ထို့ကြောင့် ဦးဝိစိတ္တနှင့် စာရေးသူတို့က ကျောင်းသားလေးကို ခေါ်လိုက်သည်။ ဒကာကိုဆန်းဝင်းတို့ ရှေ့မှောက်တွင်ပင် “ဟာ .. ဒကာလေး၊ ဘယ်လို ဖြစ်တာလဲ၊ သွားတော့မလို့လား၊ အေးအေးဆေးဆေးနေပါ၊ ရပါတယ်”ဟု ပြောသော်လည်း “ရပါတယ်ဘုရား၊ တပည့်တော် အိမ်က ဒီနားမှာပါ၊ တပည့်တော် သွားတော့မယ်”ဟုဆိုကာ ထွက်ခွါသွားခဲ့သည်။ 

ထိုအခါ စာရေးသူတို့က “စိတ်မကောင်းပါဘူး၊ ဒကာကြီးရာ၊ တော်ကြာ ဦးဇင်းတို့ကပဲ ရောက်ရောက်ချင်း ကျောင်းရှိပုဂ္ဂိုလ်တွေကို မောင်းချတယ် ဖြစ်နေပါအုံးမယ်”ဟု ပြောပြခဲ့ကြပါသေးသည်။ မနက်မိုးလင်းသောအခါ ရတနာရာမကျောင်းတွင် အာဂန္တုကိုယ်တော်များ၊ ကျောင်းသားများ အားလုံး မည်သူမျှ မကျန်ရှိတော့ဘဲ စာရေးသူတို့အဖွဲ့ သံဃာလေးပါးနှင့် ကပ္ပိယမောင်နိုင်တို့သာ ကျန်ရှိနေခဲ့ပါသည်။

စင်္ကာပူတွင် ရောက်ရှိနေသော ဆရာတော်ဘုရားကြီးကလည်း ဖုန်းမှတစ်ဆင့် “အဆင်ပြေလား၊ အခြေအနေ ဘယ်လို ရှိလဲ” စသည်ဖြင့် လှမ်းမေးခဲ့သဖြင့် အဆင်ပြေကြောင်း၊ လုပ်ဆောင်စရာရှိသည်များကို လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း လျှောက်ထားခဲ့ကြပါသည်။ “အေးအေး ကောင်းတယ်၊ ကောင်းတယ်၊ အချို့ကိစ္စတွေ ကိုယ်တော်တို့နဲ့အဆင်မပြေရင် ဆရာတော်ကြီးနဲ့သာ ပြော၊ ဆရာတော်ကြီးနဲ့ ရှင်းလို့သာ ပြောလိုက်”ဟုလည်း မှာတော်မူပါသည်။

ဆရာတော်ဘုရားကြီး မိန့်မှာသည့်အတိုင်း လုပ်ဆောင်စရာများကို လုပ်ဆောင်ပြီးပြီဖြစ်၍ ပီနန်ကျောင်း တာဝန်ခံဆရာတော် ဦးဝိစိတ္တနှင့်အတူ စာရေးသူတို့ ၁၄-ရက်နေ့တွင် ပီနန်ကျွန်းသို့ ပြန်ကြွလာခဲ့ကြပါသည်။

(၁၂)
အခြေအနေအရပ်ရပ်က ဆရာတော်ဘုရားကြီး စီစဉ်ထားသည့်အတိုင်း အေးအေးဆေးဆေး ပြီးဆုံးသွားသော်လည်း ၂၁-ရက်နေ့တွင် တာဝန်ခံဆရာတော်ဟောင်း ဦးစရိယကိုယ်တိုင် လက်မှတ်ရေးထိုးထားသော စာတစ်စောင်ကို ဖတ်ရသည်။ ဖတ်ရှုရသူ ဒကာဒကာမအပေါင်း စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ကြရသည်။ အထင်အမြင်လွဲမှားစရာများလည်း ဖြစ်ပေါ်လာနိုင်သဖြင့် စာရေးသူနှင့် ဆက်စပ်ခဲ့သော ရတနာရာမကျောင်း အတွေ့အကြုံများကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

စာရေးသူ တင်ပြခဲ့သမျှအကြောင်းအရာများမှာ ချဲ့ကားခြင်း၊ ကွယ်ဝှက်ထားခြင်း အလျဉ်းမရှိခဲ့ကြောင်းကို သစ္စာဆိုပါသည်။ ဆက်စပ်ပတ်သက်ခဲ့သော သူများကိုလည်း မေးမြန်းနိုင်ပါသည်။ လူ့ကျင့်ဝတ်သိက္ခာတရားကို ပိုင်ဆိုင်ထားသူများဖြစ်လျှင် အမှန်စကားကို ဖြေကြားကြပါလိမ့်မည်။

အမှန်အားဖြင့် ဤဖြစ်စဉ်အားလုံးသည် ကျေးဇူးတော်ရှင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ပီနန်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် လက်မှတ်ရေးထိုးထားသော အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ စာနှစ်စောင်ဖြင့်ပင် အေးဆေးစွာ၊ ငြိမ်းချမ်းစွာ ပြီးဆုံးသွားခဲ့ခြင်းပင် ဖြစ်ပါသည်။

မှန်ကန်သော အသိ၊ ဖြောင့်မတ်သော ကိုယ်ကျင့်တရားများဖြင့် အမျိုး၊ ဘာသာ၊ သာသနာအကျိုးကို သည်ပိုးထမ်းဆောင်နိုင်ကြပါစေသတည်း။   ။

အရှင်ကုသလသာမိ (ပျော်ဘွယ်)
www.ashinkusala.com



No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails