Thursday, January 20, 2011

ဆွန်ကိုင်


(အရင်ကတော့ ဇင်စတိုရီလေးတွေကို အတွေးလေးတွေနဲ့ ဆွေးနွေးခန်းပုံစံ ရေးဖွဲ့ခဲ့ပါတယ်။ ဒီပုံပြင်လေးကိုတော့ ဘာအတွေးမှ ထည့်မရေးတော့ဘူး။ စာရေးဖို့ ဘယ်လိုမှ အချိန်မရနိုင် ဖြစ်နေပါတယ်။ စာဖတ်သူများ ကိုယ်တိုင် စဉ်းစားသုံးသပ်နိုင်ကြပါတယ်။ တစ်ခု သတိထားရမှာကတော့ ဇင်စတိုရီလေးတွေဟာ ပုံမှန်အတွေးအမြင်တွေတော့ မဟုတ်ကြပါဘူး။ သူတို့အယူအဆတွေက လောကလူသားတွေ သာမန် တွေးခေါ်၊ ယူဆထားတာတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း ကွဲလွဲနေတတ်ပါတယ်။ သိမ်လည်းသိမ်မွေ့ပါတယ်။ များသောအားဖြင့် လက်တွေ့ကျတဲ့ အတွေးအခေါ်တွေအပေါ်မှာ အခြေခံထားတာ များပါတယ်။ “ပုံပြင်ထဲက ဆွန်ကိုင်ဆိုတဲ့ ကောင်မလေးကို  သင် ဘယ်လိုများ နားလည်လိုက်သလဲ”။ ဒီမေးခွန်းက ထွက်လာမယ့်အဖြေတွေက ဒီဇင်ပုံပြင်လေးရဲ့ အနှစ်သာရလို့ ဆိုနိုင်ကောင်းပါရဲ့)

သူမနာမည်ကို ဆွန်ကိုင်လို့ ခေါ်ပါတယ်။ သူမရဲ့ နောက်နာမည်တစ်မျိုးကတော့ ဆုဇု ဖြစ်ပါတယ်။ အရမ်းကို လှပသိမ်မွေ့တဲ့ နာမည်လေးပေါ့။ သူမ အလွန်ငယ်ရွယ်စဉ်ကတည်းက သူမဆန္ဒမပါဘဲ အတင်းအကျပ် လက်ထပ်ခဲ့ရပါတယ်။ လက်ထပ်ပြီး နောက်ပိုင်းမှာ သူမလေးဟာ တက္ကသိုလ်က ဒဿနိကဗေဒမှာ ကျောင်းတက်ခဲ့ပါတယ်။ မြင်ရသူတိုင်းက သူမကို ချစ်ကြိုက်သွားကြတာပါပဲ။ ဒါ့ထက် သူမသွားတဲ့နေရာတိုင်း အခြားသူတွေနဲ့ ချစ်မိသွားခဲ့တာပါပဲ။ တက္ကသိုလ်တက်စဉ်မှာ သူမမှာ အချစ်တွေ ၀န်းရံနေခဲ့တာပေါ့။

နောက်ပိုင်းတော့ သူမလေးဟာ တက္ကသိုလ်က သင်ပေးတဲ့ ဒဿနိကဗေဒကို ကျေနပ်အားရမှု မရှိတော့ပြန်ဘူး။ ဒါနဲ့ ဘုန်းကြီးကျောင်းသွားပြီး ဇင်ဗုဒ္ဓဘာသာကို သွားသင်ပြန်တယ်။ ဘုန်းကြီးကျောင်းရောက်တော့လည်း ဇင်ဗုဒ္ဓဘာသာသင်ကြားတဲ့ ကျောင်းသားတွေနဲ့ ချစ်ကြိုက်လိုက်ပြန်တာပဲ။ ဆိုတော့ ဆွန်ကိုင်ရဲ့ တစ်ဘ၀လုံးဟာ အချစ်တွေနဲ့သာ ပြည့်လျှမ်းနေတော့တယ်။
နောက်ဆုံး ကျိုတိုရောက်တော့မှ သူမဟာ တကယ့် ဇင်ဗုဒ္ဓဘာသာလေ့လာသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ကင်နင်က ကျောင်းခွဲတစ်ခုမှာရှိတဲ့ သူမရဲ့အစ်ကိုတွေ (အတန်းဖော်ကျောင်းသားများ)က သူမရဲ့ ရိုးသားမှုအတွက် ချီးမွှမ်းကြပါတယ်။ သူတို့ထဲက တစ်ယောက်က သူမကို လိုက်ဖတ်ညီသူတစ်ယောက်အနေနဲ့ သက်သေပြုပြီးဇင်မာစတာကြီးထံရောက်အောင် ကူညီပေးခဲ့ပါတယ်။ 

တိတ်ဆိတ်နေသော မိုးကြိုးလို့ အဓိပ္ပာယ်ရတဲ့ ကင်နင်က ကျောင်းထိုင်ဆရာတော် မိုကူရ်ရိုင်းအကျင့်က အလွန်ပြင်းထန်ပါတယ်။ သူကိုယ်တိုင်လည်း သီလတွေ ဖြည့်ကျင့်ပြီး သူ့ကျောင်းမှာနေတဲ့ဘုန်းကြီးတွေကိုလည်း သူ့လိုပဲ ကျင့်ခိုင်းပါတယ်။ ဒီနေ့ခေတ်ဂျပန်နိုင်ငံမှာတော့ ဘယ်လောက်ပဲ စိတ်အားထက်သန်သူ ဖြစ်နေပါစေ ဘုန်းကြီးတွေဟာ ဗုဒ္ဓဘာသာအကျင့်တွေ ပျက်ယွင်းနေပါပြီ။ သူတို့ဟာ သူတို့ ယူထားတဲ့ မိန်းမတွေအတွက်ပဲ စီးပွားရှာနေကြတဲ့ပုံပါပဲ။ ဆရာတော်မိုကူရ်ရိုင်းဟာ သူ့ကျောင်းထဲမှာ မိန်းကလေးတွေ တွေ့လို့ကတော့ တံမြတ်စည်းတစ်ချောင်းကိုင်ပြီး လိုက်မောင်းထုတ်ပစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မိန်းမတွေဟာ မောင်းထုတ်လေလေ သူ့ကျောင်းထဲမှာ မိန်းမတွေ ပိုများလာလေလေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒီလို ထူးခြားချက်တွေ ရှိနေတဲ့ကျောင်းမှာ ခေါင်းဆောင်ဘုန်းကြီးတစ်ပါးရဲ့ မိန်းမက ဆွန်ကိုင်ရဲ့ စိတ်အားထက်သန်မှုနဲ့ လှပကြော့ရှင်းမှုကို မနာလို ဖြစ်လာခဲ့တယ်။ သူမဟာ ဇင်အပေါ်မှာ ဘယ်လောက်ထူးချွန်ကြောင်း ချီးမွမ်းကြတဲ့ ကျောင်းသားတွေ အသံကြားတိုင်း သူမ (ခေါင်းဆောင်ဘုန်းကြီးတစ်ပါးရဲ့ မိန်းမ)ဟာ တရွရွနဲ့ နေမထိ ထိုင်မသာ ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး ကြံရာမရတော့ ဆွန်ကိုင်နဲ့ သူမသူငယ်ချင်းကို သမုတ်ပြီး မဟုတ်သတင်း လွှင့်ပါတော့တယ်။ ရလဒ်ကတော့ သတင်းလွှင့်ခံရတဲ့ သူငယ်ချင်းရော ဆွန်ကိုင်ပါ နှစ်ယောက်လုံး ကျောင်းကနေ နှင့်ချခံလိုက်ကြရတယ်။

“ငါ မှားချစ်မိတယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဘုန်းကြီးမိန်းမအနေနဲ့ ငါ့သူငယ်ချင်းကို မမျှမတ ဆက်ဆံခဲ့တယ်ဆိုရင်တော့ သူမလည်း ကျောင်းမှာ မနေနိုင်စေရဘူး”လို့ ဆွန်ကိုင် တွေးမိပါတယ်။ ဒါနဲ့ အဲဒီညမှာပဲ မီးပုံးတစ်ခုကို ယူပြီး နှစ်ပေါင်း ၆၀-သက်တမ်းရှိတဲ့ ကျောင်းတော်ကြီးကို မီးပုံရှို့ပစ်လိုက်ပါတယ်။ မိုးလင်းတော့ သူမကို ရဲတွေက ဖမ်းလိုက်ပါတယ်။ ရှေ့နေငယ်လေးက သူမကို စိတ်ဝင်စားသွားပြီး သူမ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီအခါ သူမက “မင်း ငါ့ကို မကူညီပါနဲ့၊ မင်းကူညီရင် နောက်ထပ်ထောင်ထဲရောက်မယ့် ပြစ်မှုတစ်ခုခုကို ငါထပ်လုပ်အုံးမှာပဲ”လို့ ပြောလိုက်ပါတယ်။

ဒီလိုနဲ့ပဲ ဆွန်ကိုင်ဟာ ထောင် ၇-နှစ် ကျသွားခဲ့ပါတယ်။ ၇-နှစ်ပြည့်ပြီးတဲ့နောက် ထောင်က ထွက်လာတော့ အသက် ၆၀-ရှိတဲ့ ထောင်ဝါဒကြီးက သူမကို စွဲလန်းချစ်ခင် သွားခဲ့တယ်။ ဒါပေမယ့် အခုအခါမှာ လူတိုင်းက သူမကို ထောင်ထွက်တစ်ယောက်အနေနဲ့ပဲ ကြည့်ကြပါတယ်။ ဘယ်သူမှလည်း အပေါင်းအသင်း မလုပ်ကြဘူး။ ဒီဘ၀၊ ဒီခန္ဓာနဲ့ ဉာဏ်အလင်း ရရှိပြီးသူများလို့ သက်မှတ်ထားတဲ့သူတွေကတောင် သူမကို ရှောင်ဖယ်နေကြပါတယ်။ တကယ်တော့ ဆွန်ကိုင် တွေ့ရှိထားတဲ့ ဇင်ဆိုတာက တစ်မျိုး၊ ဇင်ဂိုဏ်းသားတွေ လက်ခံထားတဲ့ ဇင်ဆိုတာက တစ်မျိုးတစ်ဘာသာ ဖြစ်နေပါတယ်။ သူမရဲ့ ဆွေမျိုးတွေကတောင် သူမကို အဆက်အသွယ်ဖြတ်လိုက်ကြပါတယ်။ ဒီလို ဆင်းဆင်းရဲရဲ နေလာရတော့ သူမဟာ နေမကောင်းဖြစ်ပြီး အားနည်းလာခဲ့ပါတယ်။

သူမဟာ ရှင်ရှုဆိုတဲ့ ဘုန်းကြီးနဲ့ တွေ့ပါတယ်။ သူက မြတ်စွာဘုရားရှင်ရဲ့ မေတ္တာတရားအကြောင်းကို သင်ပေးပါတယ်။ သူ့ဆီမှာ နှစ်သိမ့်စရာနဲ့ စိတ်ငြိမ်းချမ်းမှုတွေ ရှာတွေ့ခဲ့ပါတယ်။ သူမဟာ အသက် ၃၀-မပြည့်သေးခင် အလှသွေးတွေ ကြွယ်နေစဉ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ သူမကိုယ်သူမ ကာကွယ်ဖို့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေ ရေးခဲ့ပါတယ်။ ဒါပေမယ့် အားထုတ်မှုတွေက အချည်းနှီးသာ ဖြစ်ခဲ့ပါတယ်။ အချို့အရာတွေကတော့ အမျိုးသမီးစာရေးဆရာတစ်ဦးကို ရေးခိုင်းတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့ ဂျပန်ပြည်သူတွေ လက်ထဲကို သူမစာပေတွေ ရောက်လာခဲ့ပါတယ်။ အခုတော့ ဆွန်ကိုင်ကို ငြင်းပယ်ခဲ့တဲ့သူတွေ၊ ဆွန်ကိုင်ကို အမနာပပြောသူတွေ၊ ဆွန်ကိုင်ကို မုန်းတီးသူတွေဟာ နောင်တမျက်ရည်တွေနဲ့ သူမအတ္ထုပ္ပတ္တိကို ဖတ်ရှုနေကြရပါတော့တယ်။

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails