Friday, September 3, 2010

မြို့စားကြီးပါယာသိနှင့် တမလွန်ဘ၀ပြဿနာ (၅)


အရှင်ကုမာရကဿပ၏ ဥပမာ (၈)

“မြို့စားကြီး ဒီလိုဆိုရင် သင့်ကို ထင်လွယ်မြင်လွယ်တဲ့ ဥပမာတစ်ခု ပြောပြမယ်။ အေးနေတဲ့ သံခဲနဲ့ ရဲရဲတောက်နေအောင် ပူနေတဲ့ သံခဲ … ဘယ်ဟာက ပိုလေးသလဲ”

“အေးနေတဲ့ သံခဲက လေးပါတယ်”

“ဟုတ်တယ်။ သံခဲဟာ အပူဓာတ်နဲ့လေဓာတ် ပေါင်းလိုက်ရင် ပေါ့တယ်။ အပူဓာတ်၊ လေဓာတ်မရှိတော့ရင် အလေးချိန်က များသွားတယ်။ ဒီသဘောတရားလိုပဲ သက်ရှိ ခန္ဓာကိုယ်ဟာ အသက်၊ ကိုယ်ငွေ့နဲ့ ၀ိညာဏ်(စိတ်)ပေါင်းလိုက်ရင် ပေါ့နေတယ်။ အဲဒါတွေ မရှိတော့ရင် လေးသွားတယ်။ အသက်မရှိလို့ လေးသွားတာနဲ့ နောက်ဘ၀မရှိတာ ဘယ်လိုမှ မဆက်စပ်ဘူး မြို့စားကြီး။ ဒီတော့ သင့်အယူအဆတွေကို ပြောင်းလိုက်ပါတော့”

“မပြောင်းနိုင်ပါဘူး အရှင်၊ ကျွန်ုပ်မှာ သုတေသနလုပ်ထားတာတွေ ရှိပါသေးတယ်”

မြို့စားကြီး၏ သုတေသန (၆)

“ရှေ့တုန်းကလိုပဲ။ သေဒဏ်အပြစ်ပေးခံရတဲ့ သူခိုးကို အသား၊ အရိုး၊ အကြော၊ ရိုးတွင်းချဉ်ဆီ တစ်ခုမှ မပျက်စီးအောင် သတ်ဖို့ ပြောလိုက်တယ်။ သေတော့မယ့်ဆဲဆဲဖြစ်တဲ့အခါမှာ လေးဘက်လေးတန် ၀ိုင်းကြည့်တယ်။ အသက်ထွက်တာကိုများ မြင်ရမလားလို့၊ အသက်ထွက်တာကို မတွေ့ရပါဘူး။ ဒါနဲ့ ပက်လက်လှန်ခိုင်းတယ်၊ ဘယ်ညာလှည့်ခိုင်းတယ်၊ မျိုးစုံ လှည့်ထားပြီး စောင့်ကြည့်ပါတယ်။ အသက်ထွက်သွားတာကိုတော့ မမြင်ရပါဘူး။ ဒါနဲ့ တုတ်နဲ့ ရိုက်ခိုင်းတယ်၊ ထုခိုင်းတယ်။ မတွေ့ဘူး။ နောက်ပြီး သူ့မှာက မျက်စိလည်း ရှိနေပါလျှက် မမြင်တော့ဘူး၊ နားလည်းရှိပါလျှက် မကြားတော့ဘူး။ …. သူ့ရဲ့ အာရုံငါးပါးက ပသာဒတွေ ရှိနေပါလျှက် ဘာမှ အလုပ်မလုပ်တော့ဘူး။ ဆိုလိုတာက သူအသက်ထွက်တာကို လုံးဝမတွေ့ရတာပါပဲ။ ဒါကြောင့် ရှေ့နောက်ဘ၀တွေမှာ ပြေးလွှားကျင်လည်တတ်တဲ့ အသက်ဆိုတာ မရှိဘူး။ ဒီတော့ နောက်ဘ၀ဆိုတာလည်း မရှိတော့ဘူးပေါ့”

အရှင်ကုမာရကဿပ၏ ဥပမာ (၉)

“မြို့စားကြီး သင့်သုတေသနကလည်း နားလည်တဲ့သူတွေအတွက် ရယ်စရာ ဖြစ်နေပြီ။ သင့်အဖြစ်က ခရုသင်းအသံကို လိုက်ရှာနေတဲ့သူတွေနဲ့ တူနေပြီ”

“ဘယ်လိုများလဲ အရှင်၊ ခရုသင်းအသံကို ဘယ်လို ရှာတာလဲ”

“သင့်ကို ပြောပြမယ်။ ပညာရှိတဲ့သူတွေဟာ ဥပမာနဲ့ ပြောရင် နားလည်ကြတယ်”

“ဟုတ်ပါပြီ အရှင်၊ ပြောမှာသာ ပြောပါ”

ဤနေရာတွင် “ပညာရှိတဲ့သူတွေဟာ ဥပမာနဲ့ ပြောရင် နားလည်ကြတယ်”ဟူသော စကားမှာ မြို့စားကြီးကို အနည်းငယ် ထည့်သောစကားဟု နားလည်မိသည်။ ယနေ့ခေတ် စကားပြောရာတွင် “မင်းကို ဒီလောက်ပြောနေတာ နားလည်သင့်တယ်။ အသိဉာဏ်ရှိသူတွေဟာ ဒီလောက်ပြောရင် သဘောပေါက်တယ်”ဆိုသော လေသံမျိုး ဖြစ်သည်ဟု ထင်သည်။ အရှင်ကုမာရကဿပသည် ဤစကားမျိုးကို နေရာတိုင်းတွင် ထည့်မပြောဘဲ အချို့နေရာများတွင်သာ ထည့်သုံးသွားသည်ကို တွေ့ရသည်။

“တစ်ခါက အမျိုးသားတစ်ဦးဟာ တောရွာတစ်ခုကို ရောက်သွားတယ်။ သူနဲ့အတူ ခရုသင်းလေးလဲ ပါသွားတယ်။ ခရုသင်းမှုတ်တော့ ရွာသားတွေ ၀ိုင်းနားထောင်ကြတယ်။ တစ်နေ့ကျတော့ ခရုသင်းကို ဘေးမှာ ချထားတယ်။ ရွာသားတွေက စဉ်းစားတယ်။ ဒီလောက် အသံသာယာနေတာ ဘာလေးဘာလိမ့်။ အဲဒီတော့ မေးတယ်။ ဒါ ဘာလေးလဲပေါ့။ အမျိုးသားကလည်း ဒါ ခရုသင်းခေါ်တယ်။ အသံသာသာလေး ထွက်နေတာလည်း ဒီခရုသင်းပဲလို့ ပြောလိုက်တယ်။ အဲဒီအခါမှာ ရွာသားတွေဟာ ခရုသင်းကို ပက်လက်ချထားကြည့်တယ်၊ မှောက်ခုံထားကြည့်တယ်၊ ဘယ်ညာစောင်းကြည့်တယ်၊ တုတ်နဲ့ရိုက်ကြည့်တယ်၊ ဓားနဲ့ခုတ်ကြည့်တယ်၊ ..အို ခရုသင်း အသံထွက်ပါလော့၊ အသံထွက်ပါလော့-လို့ ပြောကြည့်တယ်။ အသံက ထွက်မလာဘူး…
အဲဒီတော့ အမျိုးသားက စဉ်းစားတယ် - ဒီရွာသားတွေဟာ တော်တော်မိုက်မဲကြပါလား၊ ခရုသင်းအသံကိုများ ဘာဖြစ်လို့ လိုက်ရှာနေကြပါလိမ့်-လို့ပေါ့။ အဲဒီလို စဉ်းစားပြီး ခရုသင်းကို ကောက်ယူ၊ မှုတ်ပြလိုက်ပြီး ထွက်သွားခဲ့တယ်။

နောက်ပိုင်းတော့ ရွာသားတွေဟာ -အော် ခရုသင်းဆိုတာ မှုတ်သူရယ်၊ မှုတ်ခြင်းရယ်၊ လေရယ် သုံးမျိုးပေါင်းမှ အသံမြည်တာပါလား-လို့ သဘောပေါက်လာခဲ့ကြတယ်။ မြို့စားကြီး သင်ဟာလည်း ဒီရွာသားတွေလိုပါပဲလား။ ခန္ဓာကိုယ်ဆိုတာ အသက်၊ ကိုယ်ငွေ့နဲ့ ၀ိညာဏ်တို့ပေါင်းတဲ့အခါ အာရုံငါးပါးက အသက်ဝင်လာတယ်။ လှုပ်ရှားလာတယ်။ အဲဒီသုံးခု မရှိတော့ဘူးဆိုရင် ဘာအသက်ဝင်မှု၊ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး။ ဒီတော့ သင့်အယူအဆတွေကို ပြောင်းလိုက်ပါတော့”

“မပြောင်းနိုင်ပါဘူး အရှင်။ ကျွန်ုပ် သုတေသနတွေ လုပ်ထားတာ ရှိပါသေးတယ်”

“ကဲ ရှိသေးရင်လည်း ပြောပါ”

မြို့စားကြီး၏ သုတေသန (၇)

“အထက်မှာ ဆိုခဲ့သလိုပဲ။ သေဒဏ်ပေးခံရတဲ့ သူခိုးကို အရေထူတွေ ခွါတယ်၊ အသက်ဆိုတဲ့ကောင်ကို မတွေ့ဘူး။ အရေပါးတွေ ခွါတယ်၊ မတွေ့၊ အသားတွေ လှီးတယ်၊ မတွေ့၊ အရိုးတွေကို တစ်စစီ ပိုင်းကြည့်တယ်၊ ချဉ်ဆီတွေ ထုတ်ကြည့်တယ်၊ ဘာအသက်မှ မတွေ့ဘူး။ ဒီလောက်ရှာနေတာတောင် မတွေ့မှတော့ မရှိလို့ပေါ့”

မြို့စားကြီး လက်ထက် သေဒဏ်အပေးခံရသူများမှာ မသက်သာလှပါ။ မြို့စားကြီး၏ သုတေသနခန်းထဲ ရောက်သွားရသည်ချည်း ဖြစ်ပေလိမ့်မည်။ ကြံကြံဖန်ဖန်လည်း လုပ်တတ်ပါပေတယ်ဟု တွေးမိပါသည်။ ဤနေရာတွင် အရေးကြီးသောအရာတစ်ခု ရှိပါသည်။ မြို့စားကြီးလုပ်နေသည့်ပုံမှာ ဟိန္ဒူဝါဒအဆိုများကို ကန့်ကွက်ဖို့ ဖြစ်ပုံရပါတယ်။ ဟိန္ဒူဝါဒအရ “လူ့ခန္ဓာကိုယ်ထဲတွင် ဟိုဘ၀သည်ဘ၀ ပြေးသွားတတ်သော အတ္တ-၀ိညာဏ်-အသက်ကောင်ကလေး ရှိနေသည်၊ ခန္ဓာကိုယ် ပျက်စီးသော်လည်း ထိုအကောင်ကလေးက မပျက်မစီး အမြဲတည်နေသည်”ဟု ဆိုသည်။ ထိုအဆိုကို မှားကြောင်း သက်သေပြနေသည်ဟု ထင်မိသည်။ ဗုဒ္ဓ၀ါဒအရကား အသက်ကောင်လေးကြောင့် နောက်ဘ၀စသည် ပြေးလွှားနေခြင်း မဟုတ်ပေ။ သတ္တ၀ါတို့ ပြုခဲ့သမျှ အကောင်းအဆိုးကံများ၏ သတ္တိ(အဟုန်)အတိုင်း သံသရာတွင် ပြေးလွှားကျင်လည်နေကြရခြင်း ဖြစ်သည်။ ထိုကဲ့သို့ မတူညီသော်လည်း ဗုဒ္ဓ၀ါဒက နောက်ဘ၀စသည်ကို လက်ခံထားသည်ဖြစ်ရာ သွယ်ဝိုက်ပြီး ဆက်စပ်သကဲ့သို့ ဖြစ်နေရလေသည်။

အရှင်ကုမာရကဿပ၏ ဥပမာ (၁၀)

“မြို့စားကြီး သင် ဘယ်လောက် အဆင်အခြင် မဲ့တယ်ဆိုတာကို သဘောပေါက်ပါတော့။ သင်ဟာ မီးလုပ်ကျွေးတဲ့ရသေ့ရဲ့ မွေးစားသားလိုပဲ မိုက်မဲလိုက်တာ”

“ဘယ်လို မီးလုပ်ကျွေးတဲ့ရသေ့လဲ”

“တောအုပ်တစ်ခုမှာ မီးလုပ်ကျွေးတဲ့ ရသေ့တစ်ပါးရှိတယ်။ တစ်နေ့မှာ တောထဲမှာ စွန့်ပစ်ခံရတဲ့ ကလေးတစ်ယောက်ကို ကောက်ယူမွေးစားလိုက်တယ်။ တစ်နေ့မှာ မြို့ကို တက်ပြီး လုပ်စရာကိစ္စပေါ်လာတယ်။ ဒီတော့ သူ့သားကို - ချစ်သား…ဖခင်မြို့ကို သွားစရာရှိတယ်။ ဒီတော့ မီးကို မငြိမ်းအောင် လုပ်ထားပါ။ ရော့ ဒီမှာ ပဲခွပ်(ပုဆိန်ကဲ့သို့ ထင်းခွဲစရာလက်နက်)၊ ဒီမှာ ထင်း၊ ဒီမှာ မီးပွတ်ခုံ…ဒါတွေနဲ့ မီးကို မငြိမ်းအောင် စောင့်ရှောက်ပါ-ဆိုပြီး ထားခဲ့ပါတယ်။ ရသေ့ကြီးသွားပြီးနောက်မှာ ကလေးက ဆော့ကစားရင်း မီးက ငြိမ်းသွားတယ်။ ဒါနဲ့ မီးမွှေးမယ်ဆိုတော့ မီးက ရှာလို့ မတွေ့ဘူး။ ဒီတော့ ကလေးက စဉ်းစားတယ်။ - ရသေ့ကြီးက မီးမငြိမ်းအောင် ဒါတွေကို ပေးခဲ့တယ်၊ ဒါတွေထဲမှာ မီးရှိမှာ သေချာတယ်-လို့ တွေးပြီး မီးပွတ်ခုံကို ပဲခွပ်နဲ့ အစိတ်စိတ်အမွှာမွှာ ခွဲပါတယ်၊ နောက်ဆုံးမရတော့ မီးပွတ်ခုံကို အမှုန့်ဖြစ်အောင် ထောင်းပါတော့တယ်။ ဘယ်လို ခွဲခွဲ မီးကိုတော့ မရခဲ့ပါဘူး။ ရသေ့ကြီး ပြန်ရောက်လာတော့ မီးကလည်း ငြိမ်းနေပြီ။ မီးပွတ်အစုံကလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီ။ -တော်တော် မိုက်မဲတဲ့ ကလေးပါလား၊ မသိတတ်လေတကား -လို့ ရသေ့ကြီးက စဉ်းစားပါတယ်။

စဉ်းစားပြီး - ချစ်သား မသိတတ်၊ မလိမ္မာသော လူမိုက်တွေဟာ မီးကို ရှာကြတယ်။ ပညာရှိပြီး တတ်သိနားလည်သူတွေကတော့ မီးကို မရှာကြဘူး-လို့ ဆိုပါတယ်။

မြို့စားကြီး ဒီဥပမာလိုပဲ သင့်အနေနဲ့လည်း အဆင်ခြင်ကင်းမဲ့စွာ အသက်ကို ရှာနေလိုက်တာ။ သင့်အယူအဆတွေကို စွန့်လွှတ်လိုက်ပါတော့”

အထက်ပါ စကားရပ်များတွင် မီးကိုလုပ်ကျွေးသော ရသေ့ဆိုသည်မှာ ထိုခေတ်အခါက အိန္ဒိယတွင် မီးကို တစ်သက်တာလုံး မငြိမ်းအောင် လေ့ကျင့်အားထုတ်ကြသော ရသေ့များ ဖြစ်ပါသည်။ သူတို့သည် မီးကို တစ်သက်လုံး မငြိမ်းစေဘဲ မီးနတ်ကို ပူဇော်ကြခြင်း ဖြစ်သည်။ တစ်ဖန် အရှင်ကုမာရကဿပစကားတွင် မြို့စားကြီးကို ခပ်နာနာပြောလိုက်သော စကားများကိုလည်း တွေ့လာရသည်။

အရှင်ကုမာရကဿပက အထက်ပါအတိုင်း ပြောလိုက်သောအခါ မြို့စားကြီးက သူ့တွင် သုတေသနတွေ လုပ်ထားကြောင်း၊ ထိုသုတေသနတွေကြောင့် သူ့အယူအဆကို မပြောင်းနိုင်ကြောင်းကား မပြောတော့ပါ။ သို့ရာတွင် မြို့စားကြီးက….
“အရှင်ကုမာရကဿပ … သင် ဘယ်လိုပြောပြော ကျွန်ုပ်ကတော့ ဒီအယူအဆကို မစွန့်နိုင်ပါဘူး”

“ဘယ်လို ဖြစ်လို့လဲ မြို့စားကြီး”

“ကျွန်ုပ် တမလွန်ဘ၀မရှိဘူးလို့ ယူဆတာ၊ ကုသိုလ်အကုသိုလ် အကျိုးမရှိလို့ ယူဆတာတွေကို ပသေနဒီကောသလမင်းကြီးလည်း သိတယ်။ အခြားတိုင်းတစ်ပါး မင်းတွေလည်း သိတယ်။ ဒါကြောင့် ဒီအယူကို မစွန့်နိုင်ပါဘူး။ နောက်ပြီးတော့ ကျွန်ုပ်ယူဆသလို ယူဆနေသူတွေ အများကြီးရှိတယ်။ ကျွန်ုပ်က ဒီအယူကို စွန့်လိုက်ရင် -မြို့စားကြီးတော့ အယူပြောင်းသွားပြီ၊ မှားနေတဲ့အယူကို ယူမိသွားပြီ-လို့ အပြစ်တင်ကြလိမ့်မယ်။ ဒါကြောင့်လည်း ကျွန်ုပ်အယူအဆကို မပြောင်းနိုင်ပါဘူး။

နောက်ပြီး အရှင့်စကားတွေကို အန်တုချင်သေးတယ်၊ အရှင်နဲ့ ပြိုင်ဘက်ဖြစ်ချင်သေးတယ်။ ဒါကြောင့်လည်း ကျွန်ုပ်အယူအဆတွေကို မစွန့်နိုင်ပါဘူး”ဟု ဆိုလေသည်။

မြို့စားကြီး ပြောလိုက်သော ဤစကားများကို သဘောကျမိပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ခေတ် လူ့ပတ်ဝန်းကျင်တွင်လည်းကောင်း၊ ကျွန်ုပ်တို့ ကိုယ်တိုင်သော်လည်းကောင်း ထိုကဲ့သို့ သဘောထားလေးများ ရှိနေတတ်သောကြောင့် ဖြစ်ပါသည်။ တခါတရံ တစ်ဖက်လူ ပြောလိုက်သောစကားများမှာ သဘာဝကျသည်၊ မှန်သည်။ သို့ရာတွင် အများအလယ်တွင် လွယ်လွယ်အရှုံးပေးလိုက်သူဟု ကင်ပွန်းတပ်ခံရမှာ ကြောက်သဖြင့် ပေခံနေတတ်ကြပါသည်။ တစ်ဖက်လူကို အရှုံးမပေးချင်သဖြင့်လည်း မျက်စိမှတ်ငြင်းဆိုနေတတ်ကြပါသည်။ ဤသည်မှာ လူ့သဘာဝတစ်မျိုးဖြစ်သည်ဟု ဆိုနိုင်သော်လည်း အလွန်အကျွံ “ဘူး”ခံနေလျှင်ကား ကောင်းသည့်သဘောထားတော့ မဟုတ်ပါလေ။

ဆက်လက်ဖော်ပြပါမည်....

No comments:

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

LinkWithin

Related Posts with Thumbnails